← Chapters

အဖွဲ့မှူးရွေးချယ်ခြင်း

Vol. 58 Ch. 802

အဖွဲ့မှူးရွေးချယ်ခြင်း

Vol. 58 Ch. 802

နန်းဆောင်လေးခုမှာ ဇူယွမ်အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်ပါသော်လည်း ဇူယွမ်မှာမူ တိတ်တဆိတ်သာ နေထိုင်လျက် လေလိပ်ပြာမျှော်စင်ထံသွားကာ မူလအမှတ်အသားများကို စုဆောင်းနေခဲ့သည်။

ကျန်သောအချိန်များကိုမူ တိုက်ပွဲစွမ်းရည် တိုးတက်စေရန်အတွက် ကျင့်ကြံခြင်းများပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

ဤသို့ဖြင့် ဇူယွမ်အကြောင်း ပြောဆိုမှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ လက်ထောက်ခေါင်းဆောင် အသစ်တစ်ယောက်သာဖြစ်ပြီး ချန်းပိုင်ဖန်း၏ အဖွဲ့မှူး သုံးဦးကိုသာ ရာထူးမှ မထုတ်ပယ်ခဲ့ပါက မည်သူကမှ သူ့အကြောင်းကို အရေးတယူ ပြောဆိုနေကြမည်ပင် မဟုတ်ပေ။

ထိုသို့နှင့်ပင် ဇူယွမ်အား ဝေဖန်လေကန်မှုများ တိတ်ဆိတ်သွားရသည်။

ဇူယွမ်မှာ ထိုသို့ငြိမ်သက်သွားရခြင်းအပေါ် ကျေနပ်နေခဲ့သည်။ ကျင်းထျန်းတို့သာ သူ့အပေါ် မလုပ်ကြံခဲ့ပါက ကိစ္စများမှာ ထိုသို့ဖြစ်လာလိမ့်မည်ပင် မဟုတ်ချေ။ ယခုဆိုလျှင် စိတ်အေးလက်အေးဖြင့် ကျင့်ကြံခြင်းအပေါ် အပြည့်အဝ အာရုံစိုက်နိုင်လေပြီ။

ဇူယွမ်မှာ လေလိပ်ပြာမျှော်စင်သို့ နေ့စဉ်နေ့တိုင်း သွားရောက်ကျင့်ကြံနေပါသော်လည်း လေနန်းဆောင်၏ အခြေအနေမှာ ငြိမ်သက်မနေခဲ့ပေ။

ရဲ့ပင်းလင်နှင့် ဇူယွမ်တို့မှ အဖွဲ့မှူးအသစ် ခန့်အပ်ရန် လုပ်ဆောင်နေသည်ဟူသော သတင်းကြောင့် လေနန်းဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြရသည်။ ထူးချွန်သော အဖွဲ့ဝင် အများစုမှာလည်း အဖွဲ့မှူးရာထူးကို တိတ်တဆိတ် လိုချင်မက်မောနေကြသည်။ အဖွဲ့မှူးရာထူးသည် သာမန်အဖွဲ့ဝင်တစ်ယောက်အတွက် ရရှိရန် ခက်ခဲလွန်းလှပေသည်။

ကျင်းထျန်းတို့သုံးဦး ရာထူးမှ ဖယ်ရှားခံလိုက်ရသောကြောင့်သာ အဖွဲ့မှူးနေရာ သုံးခု လစ်လပ်သွားခဲ့ခြင်း ဖြစ်သည်။

ပထမ၌ လူအများမှာ ထိုရာထူးအပေါ် တပ်မက်ကြပါသော်လည်း ချန်းပိုင်ဖန်း ခေါင်းဆောင်ဖြစ်သွားသည်နှင့် ပြန်လည်ဖယ်ရှားခံရမည်ကို တွေးတောမိကြသောကြောင့် ငေးကြည့်နေရုံမှအပ မလှုပ်ရှားရဲကြတော့ပေ။

သို့သော် လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်နှင့် ဇူယွမ်တို့နှစ်ဦးမှာ အဖွဲ့မှူးရာထူးများ ခန့်အပ်မည်ဟု ကြေညာလာခဲ့သည်။

ထို့ကြောင့် လောဘများကို ထိန်းချုပ်ထားရသော အဖွဲ့ဝင် အများအပြားသည် ရာထူးအပေါ် ပြန်လည်တပ်မက်လာကြသည်။

ထူးချွန်ထက်မြက်သော အဖွဲ့ဝင်များမှာ အဖွဲ့မှူး ရာထူးအတွက် ရဲ့ပင်းလင်နှင့် ဇူယွမ်တို့ထံ လာရောက်စာရင်းပေးကြသည်။ ဇူယွမ်မှာ ထိုအရေးကိစ္စများကို ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ထံ လွှဲအပ်ထားလိုက်သည်။

ချန်းပိုင်ဖန်းမှ ထိုသတင်းများကို ကြားသိရသောအခါ အလွန်ဒေါသဖြစ်ရသည်။ သူသည် ထိုရာထူးသုံးခုလုံးအား ပြန်လည်ရယူမည်ကို လူတိုင်းသိရှိထားကြပါသော်လည်း ရဲ့ပင်းလင်နှင့် ဇူယွမ်တို့မှာ ရဲတင်းစွာဖြင့် အဖွဲ့မှူးရာထူးအား အသုံးချကာ လူများစွာကို စည်းရုံးရဲသည်။

ထို့ကြောင့် ချန်းပိုင်ဖန်းမှာ ဒေါသတကြီးဖြင့် ရဲ့ပင်းလင်နှင့် ဇူယွမ်တို့ထံ သွားရောက်ပြောဆိုခဲ့ပါသော်လည်း လေနန်းဆောင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေသောကြောင့် မည်သို့မျှ လုပ်မရခဲ့ပေ။

ချန်းပိုင်ဖန်းမှာ ခေါင်းဆောင်ဖြစ်လာသည်နှင့် ထိုအဖွဲ့မှူးများကို ရာထူးမှ ဖယ်ရှားပစ်မည်ဖြစ်ကြောင်းသာ ကြေညာနိုင်ခဲ့သည်။

ဤသို့ဖြင့် လေနန်းဆောင်၏ အခြေအနေမှာ ဆူညံပွက်လောရိုက်နေရသည်။

အဖွဲ့မှူးရာထူးအား လိုချင်တောင့်တနေသော ထူးချွန်သည့် အဖွဲ့ဝင်များစွာမှာလည်း ချန်းပိုင်ဖန်း၏ ကြေညာချက်ကြောင့် မချိတင်ကဲ ဖြစ်ကုန်ကြသည်။

ချန်းပိုင်ဖန်းအား ကြောက်ရွံ့ကြသူ အဖွဲ့ဝင်များမှာ လက်လျှော့လိုက်ကြပါသော်လည်း အချို့သော လူနည်းစုမှာ သတ္တိရှိစွာ စာရင်းပေးနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ရဲ့ပင်းလင်နှင့် ဇူယွမ်တို့မှာ လဝက်အတွင်း အဖွဲ့မှူးအသစ် ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့အပြင် ရိချိုးရွှယ်၏ စည်းရုံးမှုများကြောင့် လေနန်းဆောင်မှ အဖွဲ့ဝင် အချို့မှာလည်း လက်ထောက်ခေါင်းဆောင်အသစ်ဖြစ်သူ ဇူယွမ်အပေါ် ထောက်ခံအားပေးလာကြလေပြီ။

ယခုဆိုလျှင် ဇူယွမ်မှာ လေနန်းဆောင်အတွင်း စတင်အခြေခိုင်လာပြီ ဖြစ်သည်။

လဝက်မျှသော အချိန်ကာလမှာ လေညင်းများနှင့်အတူ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

...........

မိုးပြာရောင် ကျောက်သားများ ခင်းကျင်းထားသော ကွင်းပြင်ကြီးမှာ ပုံရိပ်များစွာဖြင့် အသက်ဝင်နေလျက် ရှိသည်။

ကွင်းပြင်အတွင်း လေနန်းဆောင်၏ အဖွဲ့ဝင်များအားလုံး စုဝေးနေကြလေသည်။

ကွင်းပြင်ရှေ့ရှိ စင်မြင့်ထက်တွင်မူ လက်ထောက်ခေါင်းဆောင်များ ဖြစ်ကြသော ဇူယွမ်၊ ရဲ့ပင်းလင်နှင့် ချန်းပိုင်ဖန်းတို့ ထိုင်နေကြသည်။

ချန်းပိုင်ဖန်း၏ အမူအရာမှာ အတော်ပင် ဒေါသထွက်နေဟန် ရှိသည်။

အဖွဲ့မှူး ရွေးချယ်ပွဲမှာ စတင်ခဲ့ပြီပင်။

ဇူယွမ်တို့မှာ တိတ်ဆိတ်စွာဖြင့် ကွင်းပြင်အတွင်းရှိ ယှဉ်ပြိုင်ပွဲများကို ကြည့်ရှုနေကြသည်။ အထူးချွန်ဆုံး အဖွဲ့ဝင် သုံးဦးမှာ အဖွဲ့မှူး နေရာအား ရရှိကြပေလိမ့်မည်။

ချန်းပိုင်ဖန်းမှာ လက်ကိုတင်းတင်းဆုပ်ထားလျက် ရှိသည်။ ယနေ့တွင် သူသည် အဆင်တန်ဆာ တစ်ခုမျှသာ။ စည်းမျဉ်းစည်းကမ်းများအရ သူလာရောက်ခြင်း မရှိလျှင်ပင် ရဲ့ပင်းလင်နှင့် ဇူယွမ်နှစ်ဦးတည်းဖြင့် အဖွဲ့မှူး ရာထူးအား ဆုံးဖြတ်၍ရနေပြီ ဖြစ်သည်။

"ဒီသူတောင်းစားကတော့....."

ချန်းပိုင်ဖန်းမှာ ဇူယွမ်အား စိတ်ထဲမှ အကြိမ်ကြိမ်အခါခါ ကျိန်ဆဲနေမိသည်။ သူသည်  ဇူယွမ်အား အနည်းငယ်မျှပင် အလေးမထားခဲ့ပါသော်လည်း တိုတောင်းလှသော အချိန်အတွင်း ကြီးမားသော ဖိအားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် ချန်းပိုင်ဖန်းမှာ ရဲ့ပင်လင်းထက်ပင် ဇူယွမ်အား မုန်းတီးရွံရှာလာမိသည်။

အဖွဲ့မှူး ရွေးချယ်ပွဲမှာ နေ့တဝက်မျှ ကြာမြင့်ပြီးနောက် ပြီးဆုံးသွားခဲ့လေပြီ။

အနိုင်ရရှိသူ သုံးဦးမှာ ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ပင်။

ရှောင်ဟုန်၊ လီဖနှင့် လုမင်ရွယ်.....

၎င်းတို့သုံးဦးမှာ ယခင်က လက်ထောက်အဖွဲ့မှူးများ ဖြစ်ကြပြီး အလွန်ထူးချွန်ကြပါသော်လည်း အဖွဲ့မှူးရာထူး အကန့်အသတ်ကြောင့် ရာထူးတက်ခွင့် မရရှိခဲ့သူများ ဖြစ်သည်။

အားကျမနာလိုနေကြသော အကြည့်များစွာ၏အောက်၌ပင် ယင်းတို့သုံးဦးမှာ လက်ထောက်ခေါင်းဆောင်များအား အရိုအသေပြုလိုက်ကြသည်။

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "မင်းတို့တွေက ဒီနေရာကို ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ကြတာဆိုတော့ အဖွဲ့မှူး ရာထူးနဲ့ ကောင်းကောင်းကြီး ထိုက်တန်တယ်။"

"ကျေးဇူးတင်ပါတယ် လက်ထောက်ခေါင်းဆောင် ဇူယွမ်။" ရှောင်ဟုန်တို့မှ အရိုအသေပြု ကျေးဇူးတင်လိုက်ကြသည်။

ရဲ့ပင်းလင်မှာလည်း ပြုံးကာထောက်ခံလိုက်သည်။

ချန်းပိုင်ဖန်းမှာမူ စကားတစ်လုံးမှ ပြောဆိုခြင်းမရှိပေ။

အခြေအနေမှာ အနည်းငယ် တင်းမာနေသည်။

ရှောင်ဟုန်တို့သုံးဦးမှာ ဒေါသဖြစ်သွားကြပါသော်လည်း မည်သည့်စကားမှ မပြောရဲကြပေ။

ဇူယွမ်မှ ဝင်ရောက်ပြောဆိုလိုက်သည်။ "အခုမင်းတို့က လက်ထောက်ခေါင်းဆောင် သုံးယောက်ထဲက နှစ်ယောက်ရဲ့ ထောက်ခံချက်ကို ရသွားပြီမို့လို့ မင်းတို့သုံးယောက်လုံး အဖွဲ့မှူး ရာထူးကို ရသွားကြပြီ။"

ရှောင်ဟုန်တို့မှ အလျင်အမြန် ဂါရဝပြုကာ ရာထူးအား လက်ခံလိုက်ကြသည်။ ဇူယွမ်နှင့် ရဲ့ပင်းလင်တို့ကြောင့်သာ မဟုတ်လျှင် ၎င်းတို့အနေဖြင့် အဖွဲ့မှူး ရာထူးအား ရရှိနိုင်တော့မည် မဟုတ်ပေ။

ချန်းပိုင်ဖန်းမှာ ခေါင်းဆောင်နေရာ ရရှိရန် အသေချာဆုံး ဖြစ်ပါသော်လည်း လူတစ်ဦး၏ တက်လမ်းကို ပိတ်ပင်သည်မှာ ထိုသူ၏ မိဘများကို သတ်ဖြတ်ပစ်သကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်နေရာအား ရဲ့ပင်းလင်မှလည်း ရရှိသွားနိုင်ပေသည်။

ဇူယွမ်၏ကြေညာချက်အပြီးတွင် ကွင်းပြင်မှာ တစ်ဖန်ပြန်လည် ဆူညံသွားရသည်။ အဖွဲ့မှူး သုံးဦးကိုသာ ခန့်အပ်လိုက်ခြင်း ဖြစ်ပါသော်လည်း လူများစွာမှာ ထိုလုပ်ရပ်အပေါ် သဘောကျ နှစ်ခြိုက်ကြမည်မှာ သေချာလှသည်။

ချန်းပိုင်ဖန်းမှာ မတ်တပ်ရပ်လိုက်ပြီးနောက် ဇူယွမ်တို့အားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်လုံး အချိန်တွေဖြုန်းနေတာကို ရပ်တန်းက ရပ်လိုက်တော့။ ဒီလောက်လေးနဲ့ ငါ့ကိုဒုက္ခပေးနိုင်မယ်များ ထင်နေလား။"

"ငါခေါင်းဆောင်ဖြစ်လာတာနဲ့ အခုမင်းတို့ရဲ့ လုပ်ရပ်တွေက ဘာမှအသုံးမဝင်ဘူးဆိုတာ သိလာလိမ့်မယ်။"

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ "ကြည့်ရတာမင်းက လေနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာကို မင်းအပိုင်ဖြစ်နေပြီလို့ တွက်ထားတဲ့ပုံပဲ။"

ချန်းပိုင်ဖန်းမှ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ "ရဲ့ပင်းလင်သာမရှိရင် မင်းကဘာမှမဟုတ်ပါဘူး။"

ရဲ့ပင်းလင်မှ ဝင်ရောက်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် ချန်းပိုင်ဖန်းမှာ ထွက်ခွာသွားတော့သည်။

"ခေါင်းဆောင်နေရာရွေးပွဲရောက်ဖို့ အချိန်တစ်လကျော်လောက် လိုသေးတယ်။ အဲ့အချိန်ကြရင် ဘယ်သူရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့။"

ချန်းပိုင်ဖန်း၏အသံမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်။

ဇူယွမ်မှာမူ အနည်းငယ်မျှပင် ဒေါသမထွက်သည့်အလား တည်ငြိမ်နေသည်။ ရဲ့ပင်းလင်မှ စကားဆိုလိုက်သည်။ "ကြည့်ရတာ ချန်းပိုင်ဖန်းရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က ပိုပြီးတိုးတက်လာသလိုပဲ။ ငါလည်း ကျင့်ကြံရေးမှာ ပိုပြီးအားစိုက်ရမယ်။"

ထို့နောက် မည်သည့်စကားမှ ထပ်၍မဆိုတော့ပဲ ထွက်ခွာသွားသည်။

ရဲ့ပင်းလင် ထွက်ခွာသွားပြီးနောက် ဇူယွမ်မှာ သူ၏ပြီးပြည့်စုံခြင်း မရှိသော လေလိပ်ပြာမှော်စာလုံးအား ကြည့်ရှုလိုက်သည်။

လဝက်မျှ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် သူ၏လေလိပ်ပြာမှော်စာလုံးမှာ သုံးဆယ်ရာခိုင်နှုန်းမျှ ပြီးစီးနေခဲ့လေပြီ။

"ခေါင်းဆောင်နေရာကို ဆုံးရှုံးလိုက်ရရင်ရော မင်းအခုလို မာနကြီးနေနိုင်ဦးမှာလား။"

ဇူယွမ်မှာ ချန်းပိုင်ဖန်း ထွက်ခွာသွားရာအရပ်သို့ကြည့်ကာ ရေရွတ်လိုက်သည်။ သူသည် ချန်းပိုင်ဖန်းထက်စာလျှင် မူလအကြွေစေ့ မလောက်မငဖြစ်နေသည်ကို ပိုမိုစိုးရိမ်မိသည်။

လေလိပ်ပြာမှော်စာလုံး လျင်မြန်စွာ ပြီးစီးလာသည်နှင့်အတူ မူလအကြွေစေ့ ကုန်ဆုံးမှုမှာလည်း မြင့်တက်လာရသည်။

ကျင်းထျန်းတို့ထံမှ ရရှိထားသော မူလအကြွေစေ့များမှာလည်း ကုန်ဆုံးတော့မည်ဖြစ်ပြီး ဇူယွမ်မှာလည်း မူလအမှတ်အသားများ စုဆောင်းရာတွင် အနည်းငယ်မျှဖြင့် မတင်းတိမ်နိုင်တော့ပေ။

နောက်လ လက်ထောက်ခေါင်းဆောင် လစာ ရရှိမည့်အချိန်ထိ လောက်ငရန်သာ ဆုတောင်းနေမိသည်။ ထိုသို့မဟုတ်ပါက ရဲ့ပင်းလင်ထံမှ အရှက်ကင်းမဲ့စွာ သွားရောက်ချေးငှားနေရလိမ့်မည်။

"ကြည့်ရတာ မူလအကြွေစေ့ရဖို့ နည်းလမ်းရှာရဦးမယ် ထင်တယ်။"

ဇူယွမ်မှ သက်ပြင်းချကာ ရေရွတ်လိုက်မိလေတော့သတည်း.....

All Chapters