Chapter 1372 - 1373
Vol. 92 Ch. 1372 - 1373
Chapter 1372 ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
“ငရဲကို သွားလိုက်တော့”
လေသံက ခံစားချက်ကင်းမဲ့ကာ ရက်စက်လွန်းပြီး အထက်စီးဆန်သော ဟန်များ ပေါ်လွင် နေသည်။ သို့သော် ထိုစကားသံကို ကြားလိုက်ရသည်နှင့် သိုင်းပညာရှင်တစ်ယောက်သည် သူ့လည်ပင်အား မမြင်ရသော လက်တစ်ဖက်က လာညှစ်သည်ဟု ခံစားလိုက်မိသည်။
အသာညှစ်လိုက်သည်နှင့် သူ့လည်ပင်းရိုးကျိုးကာ နေရာမှာတင် သေသွားလောက်သည်။ သူ နောက်ဆုတ်ချင်နေ၏။ သို့သော် ခြေထောက်က မြေကြီးနှင့် အမြစ်တွယ်နေသကဲ့သို့ လေးလံကာ လှုပ်၍မရပေ။
“ရွှစ်”
ထိုစဉ် အေးစက်စက် အလင်းဖျော့တစ်ခုက သူ့လည်ပင်းနားမှ ဖြတ်ပြေးသွားသည်။ သတိထား၍ မကြည့်မိပါက မြင်လိုက်မိမည် မဟုတ်ပါ။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
“အား…”
ဘုရင်အဆင့် သိုင်းပညာရှင် ရုတ်တရက် ထအော်လိုက်ပြီး သူ့လည်ပင်းကို ပြန်ကိုင်ကြည့် လိုက်မိသည်။ သို့သော် ဘာမှမဖြစ်သည်ကိုသာ သူ တွေ့လိုက်ရသည်။
“ဟေ့ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
အခြားဘုရင်အဆင့်များက ယင်းအဖြစ်ကို မြင်သောအခါ ချွေးပြန်သွားကြသည်။ အေးစက်စက် အလင်းဖျော့တစ်ခုက သေချာပေါက် ထိုသိုင်းပညာရှင်၏ လည်ပင်းအား ဖြတ်သွားသည်ကို သူတို့ တွေ့လိုက်ရပါသည်။ သို့သော် အဘယ်ကြောင့် ထိုလူက အဆင်ပြေနေရသနည်း။
ထိုသိုင်းပညာရှင်က စိတ်အေးကာ သက်ပြင်းချသွားပြီး အထင်သေးစွာ ပြုံးလိုက်သည်။
“ငါ အဆင်ပြေတယ်၊ ကြည့်ရတာက ဒါက ဟန်လုပ်တဲ့ တိုက်ကွက်ပဲ ထင်တယ်၊ ငါ့ခန္ဓာကိုယ် အကာအကွယ်ကိုတောင် မထိုးဖောက်နိုင်ဘူး၊ ဒီကောင်က အမှိုက် …”
အမှိုက်ဟူသော စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် သူ့လည်ပင်း၌ အစင်းကြောင်းတစ်ခု ပေါ်လာပြီး ထိုအစင်းကြောင်းက ဘေးသို့ ပျံ့နှံ့သွားသည်။ ထို့နောက်တွင်မူ သူ့ဦးခေါင်းက မြေကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။
ပွဲချင်းပြီး အသတ်ခံလိုက်ရလေပြီ။ လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားကြသည်။ သူ၏ တိုက်ကွက်က လွဲချော်သွားခြင်း မဟုတ်လဲ ဒဏ်ရာက သေးလွန်းသဖြင့် ချက်ချင်း ပေါ်မလာခြင်း ဖြစ်လေသည်။
ထိုဘုရင်အဆင့်များ ချက်ချင်း ခေါင်းမွေးထောင်သွားပြီး ကြောက်လန့်တကြား ဝိုင်းကြည့် လာသည်။
*ဘုရင်အဆင့်တစ်ယောက်ကိုတောင် ချက်ချင်း သတ်နိုင်တာလား*
*ဒါက*
“မင်းတို့ကို ရှေ့မတက်ဖို့ သတိပေးခဲ့သားပဲ”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ပုံစံက ပုရွက်ဆိတ် တစ်ကောင်ကို ဖိသတ်လိုက် သကဲ့သို့ အေးဆေး တည်ငြိမ်လွန်းသည်။
“ကျုပ် နောက်ဆုတ်တယ်”
ထိုစဉ် အိုမင်းနေသော ဂိုဏ်းချုပ်တစ်ယောက်က ယဲ့ဖန်အား လက်သီးဆုပ် အရိုအသေပေးကာ ထပ်မတိုက်ချင်တော့သဖြင့် နောက်ဆုတ်လေသည်။
“ဂိုဏ်းချုပ်ကျန်း ခင်ဗျား ဒါ ဘာသဘောလဲ”
ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့် သိုင်းပညာရှင်များ မကျေနပ် ဖြစ်သွားကြသည်။ သူတို့ ကြောက်လန့်ပါသော်လည်း တစ်ဖက်၌ အင်အားက တစ်ယောက်တည်းသာ ရှိသည်။ ဤမျှ ကြောက်ရွံ့ရန် လိုအပ်ပါသလော။
ချက်ချင်းဆိုသလိုပင် လူတိုင်းက သူ့ကို အထင်သေးသလို ကြည့်လာကြသည်။ သူတို့အားလုံး နှစ်ထောင်ချီ သက်တမ်းရှိသော လူအိုကြီးများ ဖြစ်ပြီး လူတိုင်းအား ကြောက်ရွံ့စေသူ ဖြစ်သည်။
ဂိုဏ်းချုပ်ကျန်းက ပုံမှန်အတိုင်း ပြန်ကြည့်၍ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ငါ့အသက်ကို အလကားသက်သက် မဆုံးရှုံးချင်ဘူး၊ အဲ့တော့ မင်းတို့ဘာသာ ကြိုက်သလို လုပ်ကြ”
သူ တစ်စုံတစ်ရာကို သတိထားခဲ့မိပုံ ရသည်။ သို့သော် လူတိုင်းက သူ့စကားကို ကြားသောအခါ သွေးကြောင်လွန်းသည်ဟု ပိုထင်သွားကြပြီး သူ့အား ခနိုးခနဲ့ ပြောကြလေတော့သည်။
“ခင်ဗျား ဒီလိုသတ္တိလေးနဲ့ လေ့ယန် မြက်ခင်းလွင်ပြင်ဒေသက လူတွေကို တိုက်ချင်သေးတာလား၊ ခင်ဗျား အိမ်ပြန်ပြီး ကလေးပဲ ထိန်းနေလိုက်လေ၊ ဒီနေရာမှာ အရှက်တကွဲ ဖြစ်အောင် နေမနေနဲ့”
ထိုဂိုဏ်းချုပ်၏ မိသားစုဝင်များနှင့် နောက်လိုက်များတောင်မှ အရှက်ရသွားကြသည်။
“အဖေ ဒါ အရမ်း ရှက်စရာ ကောင်းနေဘူးလား”
“ဟုတ်တယ် ဂိုဏ်းချုပ် စစ်မရောက်ခင် မြားကုန်နေတာကြီးက မဟုတ်သေးဘူးနော်၊ ဒီသတင်းသာ ပျံ့သွားရင် ဘယ်သူက ကျုပ်တို့ကို အထင်ကြီးတော့မှာလဲ”
“ဒီကောင်လေးက အပြင်ပန်းအရ သန်မာတယ်ဆိုပင်မယ့် ပြိုင်ဘက်ကင်းနေတာမျိုး မဟုတ်ဘူးလေ၊ ကိုယ့်သိက္ခာကို ဖျက်ဆီးပြီး အခြားသူတွေကို စိတ်အားတက်အောင် လုပ်မလို့လား”
“မင်းတို့ ဘာသိလို့လဲ”
ဂိုဏ်းချုပ်က ရုတ်တရက် ခနဲ့ပြော ပြောလိုက်သည်။
“မင်းတို့က အပေါ်ယံ တစ်ဖက်သက် အမြင်ကိုပဲ မြင်ကြတာ၊ ဒါနဲ့ပဲ မင်းတို့ ကောက်ချက်ချ လိုက်ရောလား၊ အဲ့မိစ္ဆာကောင်တစ်ယောက်တည်းနဲ့ ဒီမှာရှိတဲ့ ဘုရင်အဆင့်အားလုံးကို သတ်နိုင် တယ်ဆိုတာ မင်းတို့ သိရဲ့လား”
“ဘာ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အဖေ ဘယ်လိုလုပ် သတိထားမိတာလဲ”
ထိုလူများ တအံ့တဩ ပြန်မေးလာသည်။
“အနံ့”
“အနံ့ ဟုတ်လား”
လူတိုင်း အံ့ဩသွားကြပြီး ဂိုဏ်းချုပ် ပြောသည့် အရသာ ဟူသော စကားကို နားမလည်ကြချေ။
“ဟုတ်တယ် အဲ့မိစ္ဆာကောင်ရဲ့ ကိုယ်မှာ စိတ်အနှောင့်အယှက် ပေးတဲ့ အနံ့တစ်ခု ရှိတယ်၊ လူသတ်သမားတစ်ယောက်ရဲ့ ကိုယ်မှာ သွေးနံ့တွေ ပြည့်နေသလိုပေါ့၊ ဒါပေမဲ့ သူ့ဆီက အနံ့က ပိုပြင်းပြီး ကြောက်စရာကောင်းတယ်”
ဤဂိုဏ်းချုပ်သည် အသိအမြင်ကောင်းလေသည်။ ယဲ့ဖန်၏ လှုပ်ရှားမှု အနည်းငယ်ကို မြင်သည်နှင့် ချက်ချင်း တစ်စုံတစ်ရာကို ခံစားမိသွားသည်။ သူသည် ယဲ့ဖန်အား အလွန် ကြောက်စရာကောင်းသော လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ လေးနက်၍ ကြောက်ရွံ့သော အကြည့်ဖြင့် ကြည့်နေသည်။
“ဒီလူက အဆုံးမရှိတဲ့ အမှောင်ထုလိုပဲ၊ မင်း သူ့ကို စိုက်ကြည့်နေပင်မယ့် သူက မင်းကို အချိန်မရွေး ချောက်နက်ထဲ ဆွဲချသွားမယ့်ပုံပဲ၊ မင်း ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ဒီလူက အဲ့လောက် ကြောက်ဖို့ကောင်းတာလား”
လူတိုင်း ယဲ့ဖန်ကို သံသယဝင်သော အကြည့်မျိုးဖြင့် မကြည့်ဘဲ မနေနိုင်တော့ပါ။ ဤဂိုဏ်းချုပ်က ယဲ့ဖန်ကို ဤမျှ အထင်ကြီးလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“အခု မင်းတို့စိတ်ထဲမှာ ငါ့ဆုံးဖြတ်ချက်က သွေးကြောင်ပြီး အသုံးမကျဘူးလို့ ထင်လောက်တယ်၊ ဒါပေမဲ့ ခဏနေရင် ငါ့ဆုံးဖြတ်ချက်က ဘယ်လောက် ကောင်းခဲ့သလဲ မင်းတို့ သိလာလိမ့်မယ်”
ဂိုဏ်းချုပ်က အသာပြောလိုက်သည်။
“ငါ သေရမှာကို မကြောက်ဘူး၊ ဒါပေမဲ့ အလကားသက်သက် သေရမှာကိုတော့ ကြောက်တယ်၊ ဘာလို့လဲဆိုတော့ ဒါက မနိုင်နိုင်တဲ့ စစ်ပွဲပဲ”
“လုပ်ကြ၊ တက်ကြလေ မင်းတို့တွေ ဘာလုပ်နေသေးတာလဲ၊ ငကြောက်လို လုပ်မနေနဲ့၊ မင်းတို့က လူ ဒီလောက်များတာ ဘာကို ကြောက်နေမှာလဲ”
သခင်လေးနဉ်က သုန်မှုန်နေသော မျက်နှာနှင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
ဘုရင်အဆင့်များ မသိမသာ မျက်နှာပျက်သွားကြသည်။ သူတို့သည် ဘုရင်အဆင့်များ ဖြစ်ပြီး အရေးပါသော အဆင့်အတန်းတစ်ခု ရှိသူများ ဖြစ်ကြလေသည်။ သို့သော် သခင်လေးနဉ်က သူတို့အား ကျေးကျွန်သဖွယ် ငေါက်ငမ်းနေ၏။
တုန်းချမ်ချိုးတောင်မှ ဤမျှ မရိုင်းပျရဲပါ။ သို့သော် တုန်းချမ်ချိုး၏ မျက်နှာကြောင့် သူတို့ သူ့ကို ရန်မမူဘဲ ယဲ့ဖန်ထံသို့ လျှောက်သွားသည်။ ဘုရင်အဆင့် အယောက်နှစ်ဆယ်ကျော်က ယဲ့ဖန်ကို ဝိုင်းလာ၏။
“ဟားဟားဟား ဟဲ့ကောင် နင် မြင်လား၊ ဒါ သခင်လေးနဉ်ရဲ့ အာဏာပဲ၊ နင် အခု ကြောက်နေ ပြီလား၊ ကြောက်နေပြီလား ဟမ်၊ သောက်ကောင်စုတ် နင် အခု ဇာတ်သိမ်းပြီပဲ”
ရဲ့ရှောင်ရှောင် အားပါးတရ ရယ်မောနေပြီး စိတ်ထဲ၌ အလျင်လိုစိတ် မရှိတော့ချေ။ ယဲ့ဖန် လက်သီးကို မြှောက်ပြ၍ စူးရဲသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။
“သူတို့ကို လက်သီးတစ်လုံးတည်းနဲ့ ငါ အနိုင်ယူနိုင်တယ်”
“လက်သီးတစ်လုံးတည်းနဲ့ မင်းကို သတ်နိုင်တယ်”
ဘုရင်အဆင့်များ ချက်ချင်း မျက်နှာ သုန်မှုန်သွားကြသည်။
*သေချင်နေတာပဲ*
“ဟေ့ကောင် မင်း တော်တော် လေကျယ်တာပဲ၊ ဒီအဘိုးကြီး တော်တော် မပျော်ရွှင် ဖြစ်မိတယ်၊ အဲ့တော့ ဒီအဘိုးကြီးက မင်းခေါင်းကို ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“မြန်မြန်တိုက်ကြ၊ ငါတို့ တော်လှန်ရေး စစ်တပ်ရဲ့ ကိစ္စရပ်တွေကို အမှိုက်ကောင် တစ်ကောင်ကြောင့် မနှောင့်နှေးစေနဲ့”
သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်က လျှပ်စီးသဖွယ် လျင်မြန်စွာ လှုပ်ရှားလာကြပြီး သူတို့၏ ကိုယ်မှ ယန်စွမ်းအင်များ ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။ လူသတ်ချင်စိတ်နှင့် ဒေါသစိတ်တို့ ရောထွေးနေသည်။
“သေလိုက်တော့”
ဤဘုရင်အဆင့်များသည် သူတို့၏ အကောင်းဆုံး တိုက်ကွက်များကို ထုတ်သုံးကာ တစ်ခါတည်း သတ်ဖြတ်ရန် ရည်ရွယ်ထားကြသည်။
လူတိုင်း ကြောက်စရာကောင်းသော အရှိန်အဝါကို ခံစားမိသည်။ ၎င်းက တောင်တစ်လုံး ပိကျလာသလိုပင်။ လူအများအား ခုခံချင်သည့် သတ္တိကို ပျောက်ဆုံးစေသည်။ ထိုသို့သော အရှိန်အဝါက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။
လက်ရှိတွင် လူတိုင်းသည် ယဲ့ဖန် အသတ်ခံရတော့မည့် မြင်ကွင်းကို မြင်နေရပြီဟု ထင်မှတ်ကာ ယဲ့ဖန်၌ ဘာတွေ ဖြစ်လာလေမလဲဟု ခန့်မှန်းလာကြသည်။ ဤသည်ကိုမြင်သော် ရဲ့ရှောင်ရှောင် စိတ်ထဲ၌ ကျိတ်၍ အော်ဟစ်နေမိသည်။
*သေ သေ၊ မျိုးမစစ်ကောင် ငရဲကို သွားလိုက်တော့*
ဓားရောင်များနှင့် လူရိပ်များက ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်လောက်သည်။
“ဟေ့ကောင် မင်း အသက်ကို ငါ့ပေးစမ်း”
အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက ဦးဆောင်၍ ဧရာမ လက်ဝါးတစ်ဖက်ဖြင့် လေကိုခွင်းကာ ယဲ့ဖန်၏ ဦးခေါင်းကို ဖမ်းချုပ်လေသည်။
“နှလုံးခွင်း ဓားတစ်သောင်း”
တစ်ခြားတစ်ဖက်တွင်မူ ဆံပင်များ ဖြူဖွေးနေသော အဘွားအိုတစ်ယောက်က အပြုံးကြီး ပြုံး၍ သူမဓားအား ဓားအလက်တစ်သောင်းအဖြစ် ပြောင်းလဲ၍ ယဲ့ဖန်အား ထိုးနှက်လာသည်။ သူတို့သည် ဒေါသဖြင့် အပြတ်သုတ်သင်ချင်နေကြသည်။
ပြင်းထန်သော တိုက်စစ်များက ယဲ့ဖန်အပေါ် ဆက်တိုက် ကျရောက်နေပြီး ယန်စွမ်းအင်များက အတောမသတ်အောင် ထွက်ပေါ်နေသည်။
ဤသည်ကိုမြင်သော် ယဲ့ဖန်က မျက်မှောင်ကြုတ်၍ လေးနက်သော အမူအရာဖြင့် ကြည့်လေသည်။
“ပြင်းထန်သော လက်သီး”
ယဲ့ဖနက် ထိုသို့ရေရွတ်ပြီးနောက် သူရှေ့မှ လူအယောက်နှစ်ဆယ်အား လက်သီးဖြင့် ထိုးခွင်း လေသည်။
*ပြင်းထန်သော လက်သီး ဟုတ်လား*
*မင်း အတည်လုပ်နေတာလား*
လူတိုင်း အံ့ဩသွားကြသည်။
*အခြားဘယ်သူက သူတို့ တိုက်ကွက်ကို အရေးမပါတဲ့ နာမည် ပေးလို့လဲ*
*မင်းဟာက ပုံမှန် ဖြစ်မနေလွန်းဘူးလား၊ ဒါ ဘာကြီးလဲ*
ထို့နောက် သူတို့အားလုံး အနည်းငယ် မှင်တက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဘုရင်အဆင့် နှစ်ဆယ်ကျော်၏ တိုက်ခိုက်မှုကို လက်သီးဖြင့်သာ ခုခံချင်နေကြောင်း သိလိုက်ရ သောကြောင့်ပင်။
*သူ ရူးနေတာလား*
“သေချင်နေတာပဲ၊ ဟားဟားဟား ဒီအရူးက သေချင်နေတာပဲ၊ ဘုရင်အဆင့် ဖြစ်နေတာနဲ့ ဘုရင်အဆင့် နှစ်ဆယ်ကျော်ရဲ့ တိုက်ခိုက်မှုကို တားနိုင်မယ် ထင်နေတာလား၊ သူ ရူးနေပြီပဲ”
သခင်လေးနဉ်က ယဲ့ဖန်၏ ဆိုးရွားသော သေဆုံးမှုကို ကြိုမြင်နေရသကဲ့သို့ အားပါးတရ ရယ်မောလိုက်သည်။ ထို့နောက် သူသည် ရဲ့ရှောင်ရှောင်အား ပွေ့ဖက်လိုက်သည်။
“အလှလေး ဒီည မင်းက ငါ့အပိုင်ပဲ”
“မုန်းစရာကြီး”
ရဲ့ရှောင်ရှောင်က ပြုံး၍ တစ်ဖက်လူ၏ ရင်ခွင်တိုင်း၌ နာခံစွာ မှီနေပြီး ယဲ့ဖန်အား အလွန် မကျေနပ်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယဲ့ဖန် တစ်စစီ ဖြစ်သွားတော့မည်ကို သူမ မျှော်လင့်နေ၏။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်၏ လက်သီးချက်မှ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။
ထိုစွမ်းအင်က အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားပြီး တောတောင်များ ပြိုလဲကာ မြေဆီလွှာ အက်ကွဲလာသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအင်က သမုဒ္ဒရာလှိုင်းထန်သကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးသို့ လှိုင်းထန်စေပြီး ဘုရင်အဆင့် အယောက်နှစ်ဆယ်ကျော်ကို ထိုစွမ်းအင်များ လွှမ်းခြုံသွားသည်။
“ဒုန်း ဒုန်း”
ဤစွမ်းအင်အောက်၌ သိုင်းပညာရှင်များ ဒူးထောက်ကျသွားပြီး တစ်ကိုယ်လုံး တုန်ယင် လာကြသည်။ ဤစွမ်းအင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၌ ခုခံနိုင်စွမ်း မရှိတော့ပါ။
*ဒါ ဘယ်လိုအရှိန်အဝါလဲ၊ ဘယ်လိုလုပ် နတ်ဆိုးတစ်ကောင် ရောက်လာသလို ဆောက်တည်ရာ မရ ဖြစ်ရတာလဲ*
ယဲ့ဖန်က လက်သီးဖြင့်သာ ထိုးလိုက်သော်လည်း ထိုလက်သီးချက်က ကောင်းကင်ကို တုန်လှုပ် စေကာ သူ့ရှေ့မှ အရာအားလုံးကို ပျက်စီးစေပြီး ကြယ်တစ်လုံး ကြွေလာသလို ခံစားရစေသည်။
ယဲ့ဖန်၏ လက်သီးမှ စွမ်းအင်ကို ခံစားမိပြီး လူတိုင်း တွေဝေကာ မယုံနိုင် ဖြစ်သွားကြသည်။ သူတို့၏ အမူအရာများ တောင့်တင်းနေပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။
“ဂျွတ်”
လေဟာနယ် အက်ကွဲလာပြီး ကပ်ဆိုးတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်စရာကောင်း လောက်အောင် နာကျင်စွာ အော်ဟစ်သံများက ဘုရင်အဆင့်များထံမှ ထွက်ပေါ်လာသည်။ လေဟာနယ် အက်ကွဲမှုနှင့်အတူ သူတို့လည်း လွင့်ထွက်သွားကြသည်။
လက်သီးတစ်လုံး၏ စွမ်းအင်ကို ဘုရင်အဆင့် အယောက်နှစ်ဆယ်ကျော်က မတားဆီးနိုင်ပါ။ သူတို့အားလုံး ဒဏ်ရာရသွားကြသည်။ ကြွက်သားများ ပျက်စီး၍ အရိုးများ ကြေမွသွားသည်။ အချို့ဆိုလျင် ပေါက်ကွဲလွင့်စဉ်သွားလေသည်။
ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသည်။ ဘုရင်အဆင့် အယောက် နှစ်ဆယ်ကျော်က သည်းကြီးမည်းကြီး တိုက်ခိုက်ကြသဖြင့် မူလက ယဲ့ဖန်ကို သတ်နိုင်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် တစ်ဖက်လူက လက်သီးတစ်ချက်တည်းဖြင့် အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာသူများကို ချေမှုန်းခဲ့ပြီး သူတို့အား အတုံးအရုံး လဲကျစေပြီး အရှက်ရစေခဲ့သည်။
အားလုံး အသတ်ခံရလုနီးပါး ဖြစ်သွားကြသည်။
ထိုအခိုက်တွင် သူတို့အားလုံး နာကျင်မှုကို မေ့လျော့သွားပြီး ယဲ့ဖန်အား ကြောက်လန့် ချောက်ချားစွာ ကြည့်နေကြကာ အမှန်တရားကို မယုံနိုင် ဖြစ်နေသည့်ပုံပင်။
တစ်ဖက်လူက သူတို့အားလုံးကို လက်သီးတစ်ချက်တည်းနှင့် နှိပ်ကွက်ခဲ့သည်တဲ့လား။ ထိုလက်သီးချက်က လေဟာနယ်ကိုပင် အက်ကွဲစေသဖြင့် နတ်ဘုရားများ တိုက်ခိုက် လာသည် ဟုပင် ထင်မှတ်မှားရသည်။ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေပြီး ရထားနှင့် တိုက်ခိုက်ခံ ရသကဲ့သို့ ခံစားရကာ ကိုယ်တွင်းအင်္ဂါများ အပြင်းအထန် ပျက်စီးနေ၏။ သို့သော် မည်သူမှ သွေးမအန်ကြချေ။
*သူက ဘုရင်အဆင့် မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အင်အားမျိုး ရှိနေ ရတာလဲ*
ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်များအားလုံး ပြိုင်တူ ထအော်လိုက်သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
Chapter 1373 မင်း ဘာလို့ ဒူးမထောက်တာလဲ
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကာ အိုးပူထဲကျသွားသော ပုရွက်ဆိတ်များသဖွယ် နေမထိထိုင်မသာ ဖြစ်ကာ ချွေးပြန်လာကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဘုရင်အဆင့် အယောက် နှစ်ဆယ်ကျော်နဲ့ ရင်ဆိုင်နေရတာတောင် လူတစ်ယောက်က ပြိုင်ဘက်ကင်းနေတုန်းပဲလား*
*ကြောက်စရာကောင်းလိုက်တာ*
လူတိုင်း စိတ်ထဲ၌ တုန်လှုပ်နေပြီး ချွေးစေးပြန်နေကြသည်။
*ကြောက်စရာကောင်းလိုက်တဲ့လူပါလား*
*ပြင်းထန်သော လက်သီးက တကယ်ကြီး ပြင်းထန်တာပဲ*
လက်ရှိတွင် မည်သူမှ ယဲ့ဖန်ကို ထပ်မရယ်ရဲတော့ချေ၊ အားလုံး ကြောက်လန့်နေကြသည်။ ယဲ့ဖန် ပေါ်လာခဲ့သောအချိန်က ယဲ့ဖန်သည် တောင်တစ္ဆေ၏ အကူအညီဖြင့် ရောက်လာသူဟု သူတို့ အားလုံး ထင်ခဲ့မိကြသည်။ ထို့ကြောင့်သာ သူတို့ နိုင်ထက်စီးနင်း လုပ်ရဲခြင်း ဖြစ်သည်။
ယခုအခါတွင်မူ တကယ်တမ်း ပုန်းကွယ်နေသည့် အရှင်သခင်က ယဲ့ဖန် ဖြစ်နေပုံရသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အထူးသဖြင့် တစ်ယောက်ကို တစ်ယောက် မှီခိုပူးကပ်နေသည့် သခင်လေးနဉ်နှင့် ရဲ့ရှောင်ရှောင် တို့ပင်။ လက်ရှိတွင် သူတို့၏ မျက်နှာများ ပြာနှမ်းနေပြီး ဤရလဒ်အား လက်မခံနိုင်သည့်ပုံပင်။
*လက်သီးတစ်ချက်တည်းနဲ့ ဘုရင်အဆင့်တွေကို အနိုင်ယူတယ်တဲ့လား*
*ကြောက်ဖို့ကောင်းလိုက်တာ*
*ဒီလူက တော်တော် ကြောက်ဖို့ကောင်းတာပဲ*
ယဲ့ဖန်၏ အနက်ရောင်ဆံပင်များက ရေတံခွန်သဖွယ် လေနှင့်အတူ မျောလွင့်နေပြီး ဟန်ပန် အနေအထားက တစ်မူထူးနေသည်။ လက်ရှိတွင် သူသည် နတ်ဘုရားနှင့် တူနေသလို နတ်ဆိုး နှင့်လည်း တူနေ၏။ တစ်ကိုယ်လုံး၌ တောက်ပသော ကြယ်တာရာ စွမ်းအင်များ စီးဆင်းနေပြီး နဂါးငွေ့တန်းနှင့် ခန္ဓာကိုယ်အား ဆေးကြောထားသလိုပင်။
ထိုအခိုက်တွင် သူသည် သခင်လေးနဉ်အား အေးစက်သော အကြည့်များဖြင့် ကြည့်လာသည်။
“အခု မင်းအလှည့်ပဲ”
“လက်သီးတစ်ချက်နဲ့ သူတို့ကို အနိုင်ယူနိုင်သလို လက်သီးတစ်ချက်တည်းနဲ့ မင်းကို သတ်နိုင်တယ်”
“အခု မင်းကို သတ်မယ့် အချိန်ကျပြီ”
လူတိုင်း ကြောက်လန့်သွားကြသည်။
*ဒီလူက လက်မလျှော့ဘဲ ထပ်သတ်ချင်နေပါလား*
*မကောင်းတော့ဘူး*
ချက်ချင်းဆိုသလိုပင် သခင်လေးနဉ်သည် အလွန် ကြောက်လန့်သွားပြီး မျက်လုံး အရောင် တောက်ကာ ကြောက်စိတ်နှင့် မယုံနိုင်ဟန်များ ပြည့်နှက်လာသည်။
ထိုလက်ဝါး ရှေ့သို့ ဆန့်လာသည်ကို မြင်သောအခါ သူ ကြောက်လွန်းသဖြင့် လှုပ်တောင် မလှုပ်နိုင်ပေ။ ဤအရှိန်အဝါက သူ့အား ခုခံရန်ပင် မေ့သွားစေသည်။
ရှေးဟောင်းသားရဲတစ်ကောင် ရှေ့၌ ရပ်နေရသလို သူ ခံစားမိနေသည်။ ၎င်းသားရဲသည် စကြာဝဋ္ဌာ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီး ခန္ဓာကိုယ်ကို ဆန့်လိုက်လျင် မိုင်ထောင်ချီ ရှည်လျားကာ သွေးစွန်းသော ပါးစပ်ကြီးကိုဟ၍ ဝါးမျိုတော့မည်ဟု ထင်မှတ်မှားရသည်။
သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ လက်ရှိတွင် အချိန်က အေးစက် ရပ်တန့်နေပြီး သခင်လေးနဉ်၏ ကြောက်စိတ်ကို လူတိုင်း ခံစားမိလာ၏။ သူတို့ အသက်ရှူရန်ပင် မေ့လျော့ သွားပုံရသည်။ သူ ကြောက်လန့်သွားသည့်ပုံပင်။
“ရပ်စမ်း”
ချက်ချင်းဆိုသလိုပင် တုန်းချမ်ချိုးက ဒေါသတကြီး ထအော်လာပြီး ယန်စွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်က ပြင်းထန်လွှမ်းမိုးနိုင်ပြီး တစ်လောကလုံးအား သူ့ခြေဖဝါး အောက်၌ နင်းချေနိုင်ပုံရသည်။
ထိုစဉ် ယဲ့ဖန်သည် ဆန့်ထားသော လက်ကို ရုတ်တရက် ရပ်လိုက်သည်။ ထိုအခါတွင်မှ သခင်လေးနဉ်သည် အသက်ရှူပေါက် ရသွားသလို ခံစားလိုက်ရသည်။
သူ ကြောက်လန့်နေသည်။ အလွန် ကြောက်စရာကောင်းသော လူတစ်ယောက်ကို သူ ရန်စလိုက် မိပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။
တစ်ဖက်လူ၏ အရှိန်အဝါအောက်၌ သူ တစ်စက်ကလေးပင် ခုခံနိုင်စွမ်း မရှိတော့ပါ။ ဤနေရာ၌ သူ့ဆရာ ရှိနေ၍ တော်သေးသည်။ သူ့ဆရာက သူတော်စင်သခင်အဆင့် ဖြစ်သောကြောင့် သူ ဤလူကို သေချာပေါက် ဖိနှိပ်နိုင်စွမ်း ရှိပေမည်။
“မင်း သူ့ကို သတ်မယ်ဆိုရင် ငါ မင်းကို အသာမထားဘူး”
တုန်းချမ်ချိုးက အေးစက်စွာဖြင့် လက်နောက်ပစ်ကာ အထက်စီးဖြင့် ပြောလိုက်သည်။ ထို့အပြင် ယဲ့ဖန်အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေသေးသည်။
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”
ယဲ့ဖန် ရယ်လိုက်သည်။ ဤဆရာတပည့် နှစ်ယောက်က တစ်မိသားစုတည်း မဟုတ်သလိုဘဲ မောက်မာ၍ အထက်စီးဆန်နေပုံက တစ်ထေရာတည်းပင်။ သေလမ်းရှာသည်ကလည်း တစ်ထပ်တည်းပင်။
“မင်း အဲ့လိုနားလည်ချင်လည်း ရတယ်၊ ခြိမ်းခြောက်တာ မဟုတ်ဘူးလို့လည်း သဘောထား လို့ရတယ်”
တုန်းချမ်ချိုးက အေးစက်စွာပြုံး၍ ပြောလေသည်။ သို့သော် သူ့ခန္ဓာကိုယ်မှ တာအိုစွမ်းအင် အငွေ့အသက်များက ဆက်လက်၍ ထွက်ပေါ်နေဆဲ ဖြစ်သည်။ သူ့ပုံစံက ခြိမ်းခြောက်ခြင်း မဟုတ်လျင် သတ်ပစ်မည်ဟု ပြောနေသလိုပင်။
လက်ရှိတွင် အခြေအနေက တင်းမာလျက် ရှိသည်။ တုန်းချမ်ချိုးကိုယ်တိုင် လှုပ်ရှားလာ လိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။
*ဒီတစ်ခါတော့ ဒီကောင် တောင်ပံပေါက်နေရင်တောင် ပြေးမလွတ်လောက်တော့ဘူး*
သူတော်စင်သခင်အဆင့်သည် ဘုရင်အဆင့်နှင့် အတော်လေး ကွာခြားလှသည်။ သူတို့သည် ပြောမပြတတ်လောက်အောင် ရဲရင့်ပြီး တာအိုသဘောတရားနှင့် ပေါင်းစည်းထားမိသူ ဖြစ်သည်။
သူတော်စင်သခင်အဆင့်သည် ဘုရင်အဆင့်အား အသက်တစ်ကြိမ် ရှူစာအတွင်း သတ်နိုင်သည်။ ဤအဆင့်နှစ်ခုအား မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပါ။
ထို့ကြောင့် တုန်းချမ်ချိုး၏ စကားထဲမှ လူသတ်လိုစိတ်ကို လူတိုင်း ခံစားမိသည်။ အကယ်၍ ယဲ့ဖန်သာ သူ့စကားကို မလိုက်နာပါက ယဲ့ဖန် သေရပေလိမ့်မည်။
လက်ရှိတွင် လူတိုင်းသည် ယဲ့ဖန်သည် ပူးပေါင်းလုပ်ဆောင်လိမ့်မည်ဟု လူတိုင်း ထင်နေ ကြသည်။ တစ်ဖက်လူက သူတော်စင်သခင်အဆင့် ဖြစ်သဖြင့် ယဲ့ဖန် သူ့ဆန္ဒအတိုင်း လိုက်လုပ်ရုံသာ တတ်နိုင်ပေမည်။
သူတော်စင်သခင်အဆင့်ကို အာခံပါက သေလမ်းသာ ရှိပေမည်။ ဤလူငယ် ဦးနှောက် ချောင်နေမှသာ အာခံမိလောက်သည်။
ထိုစဉ် သခင်လေးနဉ်က မောက်မာစွာ ခနဲ့လေသည်။
“ဟေ့ကောင် မင်းအတွက် စိတ်မကောင်းဘူးကွာ၊ မင်း ငါ့ကို မသတ်နိုင်ဘူးကွ၊ ဘာလို့လဲဆိုတော့ ငါ့ဆရာက တုန်းချမ်ချိုးလေ၊ မင်း ဒေါသထွက်နေတယ်ဆိုတာ ငါ သိပင်မယ့် ဒါက အမှန်တရား ပဲလေ၊ မင်းကံတရားကို မင်း လက်ခံသင့်တယ်ကွ၊ ဟားဟားဟား”
သခင်လေးနဉ်က ယဲ့ဖန် သူ့ကို မသတ်ရဲလောက်ဟု ကျိန်းသေပေါက် ယုံကြည်နေပြီး ယဲ့ဖန်သာ သူ့ကို သတ်ပါက ယဲ့ဖန် သေရပေလိမ့်မည်။ ယဲ့ဖန် အသတ်မရှင်ချင်လောက်မှသာ သူ့ကို သတ်ရဲ ပေမည်။
“မင်း မှန်တယ် ငါက ခြိမ်းခြောက်ခံရမယ့်လူစား မဟုတ်ဘူး”
သို့သော် ထိုစဉ် ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။
*ဘာ*
ထိုစကားထွက်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
“မင်း”
ထိုအခိုက်တွင် သခင်လေးနဉ်ကလည်း ယဲ့ဖန် ဘာလုပ်ချင်သလဲဆိုသည်ကို ရိပ်မိသွားပြီး သူ့မျက်နှာတွင် အလွန် ကြောက်လန့်စိတ် ပေါ်လာသည်။ ထိုစဉ် သူ့ပေါ်သို့ လက်ဝါးတစ်ဖက် ကျရောက်လာသည်။
“ဖြောင်း”
သခင်လေးနဉ်၏ ခန္ဓာကိုယ်က ထိုပြင်းထန်သော စွမ်းအင်ကို မခုခံနိုင်ဘဲ ပေါက်ကွဲ သွားလေသည်။
“သတ်လိုက်တယ်၊ ဒီကောင်က တကယ်ကြီး သခင်လေးနဉ်ကို သတ်လိုက်တယ်”
“မြတ်စွာဘုရား သူက တုန်းချမ်ချိုးနဲ့ ချတော့မလို့လား၊ ဒီလူ ရူးနေပြီလား”
“…”
လူတိုင်း မယုံနိုင်သော အမူအရာများ ပြလာကြသည်။
*ဒီလူက တော်တော် ရူးနေတာပဲ၊ သူ သခင်လေးနဉ်ကို မဖြစ်မနေ သတ်ချင်နေမှတော့ တုန်းချမ်ချိုးကို ဒေါသထွက်အောင် လုပ်သွားပြီပဲ*
ထိုအချိန်တွင် လူတိုင်း နောက်ဆုတ်နေပြီး ယဲ့ဖန်နှင့် ဝေးရာသို့ အမြန်ဆုံးနှုန်းနှင့် ရှောင်ကြ လေသည်။ အဘယ်ကြောင့်ဆိုသော် ကပ်ဆိုးတစ်ခု ဖြစ်လာတော့မည်ကို သိနေသော ကြောင့်ပင်။
*ဒီကောင်လေးတော့ အမှားလုပ်လိုက်ပြီ*
“မင်း ငါ့တပည့်ကို သတ်ရဲတယ်လား၊ မင်း သေသင့်တယ်၊ သောက်ကောင်”
တုန်းချမ်ချိုး အလွန် ဒေါသထွက်ကာ ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။ မည်သူမှ ဤသို့ သူ့စကားကို မလွန်ဆန်ရဲကြချေ။ တစ်ဖက်လူ၏ လုပ်ရပ်က သူ့မျက်နှာအား ဖြတ်ရိုက် လိုက်သလိုပင်။ ခွင့်မလွှတ်နိုင်စရာပင်။
“ခြိမ်းခြောက်မှုကနေ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်လို့ မင်း မပြောခဲ့ဘူးလား”
ယဲ့ဖန်က သရော်သံနှင့်အတူ ပြန်မေးလိုက်သည်။
“မင်း လျှာစောင်းထက်မယ့်အချိန် သိပ်မရှိတော့ပါဘူး၊ ငါ မင်းရဲ့ အရိုးတိုင်းကို ချိုးပစ်ပြီး တုန်းချမ်ချိုးဆိုတဲ့ ငါ့ကို အာခံရင် ဘာဖြစ်မလဲ သိလာစေရမယ်”
သူ၏ ပုံစံအရ ဤကိစ္စကို ဤမျှနှင့် ရပ်မည့်ပုံ မပေါ်ချေ။ ယဲ့ဖန် သေရပေလိမ့်မည်။ သေသည်ထက် ဆိုးသော ဘဝသို့လည်း ရောက်နိုင်၏။
သို့သော် ထိုအချိန်တွင် အဝေးမှ အော်သံနှင့် သတ်ဖြတ်သံများထွက်ပေါ်လာ၏။ အားလုံး လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာ ဖြူရော်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံ၌ တိမ်ပျံစစ်သင်္ဘောတစ်စီး ပျံသန်းနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ၎င်းက ကြီးမားလွန်းသဖြင့် နေလုံးကိုပင် ကွယ်ထားနိုင်လေသည်။
ရှေးခေတ်သားရဲတစ်ကောင် တိုက်ခိုက်လာတော့မယောင် ထင်မှတ်ရသည်။ ထိုစစ်သင်္ဘော၌ ရွှေရောင် စစ်သည်တော်များက အပြည့် နေရာယူထားသည်။
“ရန်သူ တိုက်ခိုက်တယ်၊ လေ့ယန် မြက်ခင်းလွင်ပြင် ဒေသက စစ်သည်တော်တွေ ရောက်လာပြီ”
ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က အော်ဟစ် ပြောကြားလာ၏။ ထိုစကားအဆုံး၌ ရွှေရောင် သံချပ်ကာများနှင့် စစ်သည်တော်များက ကောင်းကင်ယံမှနေ၍ ခုန်ဆင်းလာကြသည်။ အောက်သို့ ရောက်လာသည်နှင့် ချက်ချင်း သတ်ဖြတ်တိုက်ခိုက်လာသည်။
“သေစမ်း ရန်သူ ရောက်လာရတယ်လို့ကွာ”
လက်ရှိတွင် တုန်းချမ်ချိုးသ်ည ယဲ့ဖန်အား ဂရုစိုက်ချိန် မရတော့ဘဲ ချက်ချင်း ဟစ်ကြွေးကာ အရင်ဆုံး ပြေးတက်သွားသည်။
လေ့ယန် မြက်ခင်းလွင်ပြင်ဒေသသည် ရွှေရောင် သံချပ်ကာ စစ်သည်တော်များ တစ်သောင်း ကိုသာ စေလွှတ်ပြီး သံမဏိ စစ်သည်တော်များကို စေလွှတ်ခြင်း မပြုချေ။ သို့သော် ဘာမဟုတ်သော ရွှေရောင်သံချပ်ကာ စစ်သည်တော်များကပင် ဤသိုင်းပညာရှင်များကို အနိုင်ယူ လေတော့သည်။
တစ်ယောက်ချင်းစီ ယှဉ်လျင် နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသော မည်သူမဆိုက ဤရွှေရောင်သံချပ်ကာ စစ်သည်တော်များထက် သာပေသည်။ သို့သော် စစ်မက်ရေးရာ၌ သူတို့ဘက်က လူသာသော်လည်း သူတို့သည် အတွေ့အကြုံရင့် စစ်သားများ၏ ပြိုင်ဘက် မဟုတ်ချေ။
ထိပ်တိုက် တိုက်ခိုက်ရသောအခါ သိုင်းပညာရှင် နှစ်ထောင်ကျော် အတုံးအရုံး ကျဆုံးသွားပြီး တိုက်ပွဲက သိသာလာသည်။
“သေစမ်း”
တုန်းချမ်ချိုး အလွန်အမင်း မျက်နှာပျက်ယွင်းလာသည်။ ယဲ့ဖန်သာ ဘုရင်အဆင့် အယောက် နှစ်ဆယ်ကျော်ကို မတိုက်ခိုက်လျင် သူတို့ ဤမျှ အထိနာမည် မဟုတ်ပါ။
*သူက ငါတို့ကို မသိမသာ လှည့်စားခဲ့တာပဲ*
လူဟူသည်မှာ တစ်ကိုယ်ကောင်း ဆန်တတ်ကြစမြဲပင်။ သူတို့သည် အခြားသူကိုသာ အပြစ်မြင် တတ်ကြပြီး သူတို့ဘက်က ယဲ့ဖန်ကို အရင် ဘာလုပ်ခဲ့ကြသလဲကို မတွေးကြချေ။
ဘုရင်အဆင့် အယောက်နှစ်ဆယ်ကျော်က အပြင်းအထန် ဒဏ်ရာရထားချိန်တွင် လေ့ယန် မြက်ခင်းလွင်ပြင် ဒေသမှ ရုတ်တရက် တိုက်ခိုက်လာသဖြင့် သူတို့ဘက်မှ တစ်ခဏအတွင်း တစ်ဝက်ကျော် ထိခိုက်နစ်နာလာ၏။
“ဟားဟားဟား မင်းတို့လို ငပျော့တွေက ငါတို့ တိုက်ခိုက်တာနဲ့ပဲ ထိုက်တန်တယ်၊ သူတို့အားလုံးကို သတ်ကြ”
ထိုအခိုက်တွင် ရွှေရောင်ရင့်ရင့်ဒိုင်းကို ဘယ်လက်၌ ကိုင်ဆွဲ၍ ညာလက်၌ ရွှေရောင်လှံတံကို ကိုင်ထားသော လူတစ်ယောက် ထွက်လာသည်။
သူ၏ ကိုယ်အပေါ်ပိုင်းက နီရွှေရောင်သတ္တုနှင့် ပြုလုပ်ထားသကဲ့သို့ ကြံ့ခိုင်ပြီး အရှိန်အဝါ တစ်ခုတည်းကပင် ရပ်တန့်နိုင်စွမ်း မရှိသလို ခံစားရသည်။ သူ့ပုံစံက စစ်နတ်ဘုရား ရောက်လာ သလိုပင်။
“ဆုမူကဲပါလား”
ထိုသူကိုမြင်သော် တုန်းချမ်ချိုး၏ မျက်နှာက လေးနက်သွားသည်။ ထိုသူသည် နေဘုရင်၏ နံပါတ်တစ် စစ်သည်တော် ဖြစ်ပြီး လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ နာမည်ကြီး စစ်သူကြီး ဆုမူကဲ ဖြစ်ပေသည်။
သူ၏ သိုင်းအဆင့်သည်လည်း သူတော်စင်သခင်အဆင့် ဖြစ်၏။ တကယ့် ရန်သူကြီးပင်။ ထိုအခါ တုန်းချမ်ချိုးသည် ဆက်တိုက်ရမလား၊ ထွက်သွားမရလား ချီတုံချတုံ ဖြစ်လာလေသည်။
ဤတော်လှန်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းရသည့် အကြောင်းရင်းမှာ သာမန်လူများကို သူ ကယ်ချင်၍ မဟုတ်ပါ။ ရှုကျိုးကို စိုးမိုး၍ သူ့လက်ခုပ်ထဲမှရေလို အသုံးချချင်သောကြောင့်သာ ဖြစ်သည်။
သို့သော် ယခု သူ့စိတ်ကူးက ပျက်စီးသွားပြီဖြစ်ကြောင်း ခံစားလိုက်မိသည်။ လေ့ယန်မှ စစ်သည်တော်များ၏ ရဲရင့်မှုက သူ ထင်ထားသည်ထက် ပိုလွန်နေသည်။ မူလက သူတို့ဘက်၌ လူများလျင် သိုင်းအဆင့် ကွာခြားမှုအပေါ် ဖိနင်း၍ အသာစီး ရလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ ဤလေ့ယန် စစ်သည်တော်များက မွေးကတည်းက စစ်သားဖြစ်ရန် မွေးဖွားလာသူများ ဖြစ်ကြသည်။
“ရွှစ် ရွှစ်”
ရွှေရောင် စစ်သည်တော်များ၏ လှံတံများ ဝှေ့ယမ်းလိုက်သည့် နေရာတိုင်း၌ သွေးများ စီးဆင်း၍ ကျန်ရစ်ခဲ့သည်။
တောင်ထိပ်တစ်ခုလုံး၌ သွေးများက မြစ်သဖွယ် စီးဆင်းနေပြီး မြေကြီးပင် သွေးရောင် ပြောင်းနေ၏။
နာရီဝက်အတွင်းမှာပင် သူတို့ဘက်မှ ရှစ်ဆယ်ရာခိုင်နှုန်းကျော် သေဆုံးနေပြီး ရွှေရောင် စစ်သည်တော်များဘက်မှ လူတစ်ထောင်လောက်သာ အထိနာသေးသည်။
လူတစ်ထောင်နှင့် လူကိုးထောင်။ ဤတိုက်ပွဲ၏ အဆုံးသတ်က သိသာနေလေပြီ။ ဤသည်မှာ တိုက်ပွဲ မဟုတ်တော့ဘဲ သတ်ဖြတ်ပွဲနှင့် တူနေ၏။
ဆုမူကဲ အားပါးတရ ရယ်မောနေ၏။ မျက်စိရှေ့မှ မြင်ကွင်းက သူ့အား စိတ်လှုပ်ရှားကာ တုန်ယင်စေသည်။
“မင်းတို့တွေ အသက်ရှင်ချင်လား”
ဖုန်တထောင်းထောင်း ထနေခြင်းမှ ငြိမ်သက်သွားချိန်တွင် ဆုမူကဲက ကြောက်လန့်နေသော သိုင်းပညာရှင်များကို သရော်ကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ကျုပ် … ကျုပ် အသက်ရှင်ချင်တယ်”
ဤသိုင်းပညာရှင်များသည် ကြောက်လန့်နေပြီး ဖြစ်သောကြောင့် ထိုစကားကို ကြားသည်နှင့် ဦးညွှတ်လာကြသည်။ သူတို့မျက်လုံးတွင် တစ်ဖက်လူအား အသက်ချမ်းသာပေးရန် တောင်းပန် တိုးလျှိုး၍ မျှော်လင့်နေသော အကြည့်များနှင့် ပြည့်နှက်နေသည်။
“အင်း …”
ဆုမူကဲ၏ မျက်နှာတွင် ခခိုးခနဲ့ဟန် ပေါ်လာပြီး ဆက်ပြောလိုက်သည်။
“ဒူးထောက်ကြ၊ ငါ့ရှေ့ ဒူးထောက်ရင် မင်းတို့ကို အသက် ချမ်းသာပေးမယ်”
သိုင်းပညာရှင်များအားလုံး မှင်တက်သွားသည်။ သိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် သူတို့အားလုံး၌ ကိုယ်စီ မာနတရားများ ရှိကြသည်။ ဒူးထောက်လိုက်ပါက သူတို့၏ မာနနှင့် ဂုဏ်သိက္ခာကို စွန့်ပစ်သလို ဖြစ်သွားမည် မဟုတ်ပါလော။
ဤသည်ကို သူတို့ မည်သို့ လက်ခံနိုင်ပါမည်နည်း။
“ဝှီး”
ထိုစဉ် ဆုမူကဲက ဘုရင်အဆင့်တစ်ယောက်အား လှံတံဖြင့် ထိုးခွင်းလိုက်သဖြင့် လှံက ထိုလူ၏ ကိုယ်ကို ဖောက်ကာ နံရံ၌ သွားစိုက်လေသည်။ ထို့နောက် သူက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။
“ဒုန်း ဒုန်း”
ထိုအခါတွင်မှ လူတိုင်း ပြိုင်တူ ဒူးထောက်လာ၏။ တုန်းချမ်ချိုးတောင်မှ ခြွင်းချက် မဟုတ်ပေ။ သို့သော် တောင်တစ်လုံးသဖွယ် မားမားမတ်မတ် ရပ်တည်၍ အထက်စီးဆန်သော မျက်နှာထားနှင့် မတ်တပ်ရပ်နေသူ တစ်ယောက် ရှိနေလေသည်။
ဤသည်ကို မြင်သော် ဆုမူကဲ မျက်နှာ မည်းမှောင်သွားပြီး အော်ဟစ်လိုက်သည်။
“မင်း ဘာလို့ ဒူးမထောက်တာလဲ”