Chapter 1376 - 1377
Vol. 92 Ch. 1376 - 1377
Chapter 1376 မင်း … သေသင့်တယ်
“ဒီရွှေရောင်မြွေကြီးက နှစ်တစ်သိန်းတိတိ ယန်စွမ်းအင်နဲ့ အာဟာရပြုလာတဲ့ နတ်သားရဲကွ၊ သူ့တစ်ကိုယ်လုံးကို ယန်စွမ်းအင်နဲ့ မွမ်းမံထားတာ၊ ဓားတွေလှံတွေလည်း မတိုးသလို ဘာတိုက်ကွက်ကိုမှ မမှုဘူးကွ၊ သူက ဘုရင်တွေကို ဝါးမျိုသလို သူတော်စင်သခင် အဆင့်တွေ ကိုလည်း သတ်ဖြတ်နိုင်တယ်ကွ”
“နေဘုရင်တောင်မှ သူ့ကို သတိနဲ့ပြောရတာ၊ ပြဿနာ မရှာရဲဘူး”
“ဒီရွှေရောင်မြွေက တာအိုသဘောတရားကို သဘောပေါက်သွားပြီး နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းဖို့ သိပ်မလိုတော့ဘူးလို့ ပြောကြတယ်”
ဤရွှေရောင်မြွေကြီး၏ ပုံစံအစစ်အမှန်ကို သိနေသောကြောင့် လူတိုင်း ကြောက်လန့် သွားကြသည်။ ဘုရင်အဆင့်များကို စားသုံး၍ သူတော်စင်သခင်ဆင့်များကို သတ်နိုင်ခြင်းကပင် ယင်းမြွေကြီး မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြနေ၏။
လေ့ယန် မြက်ခင်းလွင်ပြင် ဒေသကဲ့သို့သော နိုင်ငံငယ်လေး နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည့် ကြီးမားသော အကြောင်းရင်းတစ်ခုက ဤရွှေရောင်မြွေကြောင့် ဖြစ်သည်။
လေ့ယန် မြက်ခင်းလွင်ပြင်ဒေသ၏ သမိုင်း၌ နယ်မြေကျူးကျော်သော စစ်ပွဲများစွာ ရှိခဲ့သည်။ ဤရွှေရောင်မြွေ၏ တိုက်ခိုက်ပေးမှုကြောင့် သူတို့သည် တစ်ဖက်ရန်သူအား အန္တရာယ် ပေးနိုင်ခဲ့ပြီး လေ့ယန် ပြည်သူများအား အခြားနိုင်ငံ၏ လက်အောက်ခံ မဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။
လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၌ ရှင်ဘုရင် ခုနစ်ယောက်၊ ရှစ်ယောက် တက်လာခဲ့ပြီး ဖြစ်သော်လည်း ဤရွှေရောင်မြွေက ရှိနေဆဲပင်။
လက်ရှိနေဘုရင်တောင်မှ သူ့အား စီနီယာသဖွယ် လေးစားလေသည်။ ၎င်းသည် အသက် တစ်ကြိမ် ရှူစာအတွင်း ထောင်သောင်းချီသော စစ်သည်တော်များအား ရှင်းလင်း နိုင်သည်။ ၎င်း၏ ပါးစပ်က မြစ်တစ်စင်းလုံးမှ ရေကို ကုန်ခမ်းအောင် သောက်နိုင်၏။ ၎င်း အမြီးတစ်ချက် ယမ်းလိုက်သည်နှင့် တောင်တန်းအား ပြိုကျစေနိုင်သည်။
ထို့ကြောင့် ၎င်း ပေါ်လာသည်နှင့် လူတိုင်း ကြောက်လန့်ကာ ကြက်သီးထသလို ခံစားလိုက် ရသည်။ သူတို့ အလွန်အမင်း ကြောက်လန့်နေကြသည်။
ဤသည်မှာ လောကကို ဖျက်ဆီးနိုင်သည့် သက်ရှိတစ်ကောင် ဖြစ်ပြီး ပို၍ ကြောက်စရာ ကောင်းသည်မှာ ဓားနှင့် သေနတ်တို့က ယင်းကိုယ်ကို မဖောက်နိုင်သဖြင့် သတ်ရန် ခက်ခဲခြင်းပင်။
နေဘုရင်က ကျုံးကျိုး အင်ပါယာတွင်းသို့ ဤသို့သော သက်ရှိတစ်ကောင်အား ခေါ်လာ လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
သူ ယဲ့ဖန်ကို တကယ် သတ်ချင်နေပုံရသည်။ ဤသို့သော ပြောင်းလဲမှု ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားမိချေ။
*ဒီတစ်ခေါက်တော့ ဒီလူ သေမယ့်ပုံပဲ*
ဤရွှေရောင်မြွေသည် ဆုမူကဲထက် အဆပေါင်းများစွာ သန်မာပြီး နေဘုရင်တောင်မှ လေ့ယန် နိုင်ငံ၏ အတော်ဆုံးသူ မပါလျင် ဤရွှေရောင်မြွေ၏ ပြိုင်ဘက် မဟုတ်ချေ။
၎င်း၏ အော်သံနှင့်ပင် လူတိုင်း ကြောက်ရွံ့သွားကြသည်။ သူတို့ရှေ့မှ ရွှေရောင်မြွေကြီးက သူတို့ကို အချိန်မရွေး ဝါးမျိုတော့မည့်ပုံပင်။ လူတိုင်း ပြိုင်တူ ဒူးထောက်သွားကြပြီး မလွန်ဆန် ရဲကြပေ။ ဤရှေးသားရဲတစ်ကောင်၏ အရှိန်အဝါက ပို၍ ကြောက်စရာကောင်းနေသည်။
“သူ့ကိုသတ်၊ အဲ့မျိုးမစစ်ကောင်ကိုသတ်”
ရဲ့ရှောင်ရှောင်က သူမ သေစရာမလိုတော့သဖြင့် အားပါးတရ ရယ်မောလေသည်။ တစ်ဖက် ရန်သူသည် လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၏ စောင့်ရှောက်သူ ရွှေရောင်မြွေကြီး ဖြစ်သည်။ ၎င်း၌ သဘာဝလွန် စွန်းအားများ ရှိပြီး လေ့ယန်၏ သင်္ကေတဟု သတ်မှတ်ခံထားရသည့် သတ္တဝါ ဖြစ်လေသည်။
*အဲ့ကောင် သေချာပေါက် သေမှာပဲ*
*သေချာပေါက်*
*အခြား ဘာနည်းလမ်းမှ မရှိဘူး*
ထို့နောက် သူမက အဖွဲ့ဝင်များကို မကျေမချမ်း ကြည့်လိုက်သည်။
“အရူးတွေ မြင်ပြီလား၊ အဲ့ကောင် သေပြီ၊ အခုကစပြီး ငါ့ဆံပင်တစ်ချောင်းတောင် ထိရဲရင် ထိကြည့်လိုက်၊ ငါ့အစ်ကိုကြီးက နင်တို့ကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
အဖွဲ့ဝင်များက သူမကို ဆောက်တည်ရာမရဟန်ဖြင့် ကြည့်လာကြသည်။ အရာအားလုံး ကသောင်းကနင်း ဖြစ်သွားလေပြီ။ ဤသို့သော အကြီးအကျယ် ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
“ဟေ့ကောင် ကြံရာမရ ဖြစ်နေပြီလား၊ တုန်နေပြီလား၊ အဲ့ဒါဆိုလည်း သေလိုက်တော့”
ဆုမူကဲသည် အားပါးတရ ရယ်မောနေပြီး ယဲ့ဖန်၏ ကြောက်ရွံ့နေသော အမူအရာကို မြင်ရရန် မစောင့်နိုင်တော့ချေ။ သို့သော် မကြာခင်မှာပင် သူ စိတ်ပျက်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ပြတ်သားသော အမူအရာနှင့် ရွှေရောင်မြွေအား ခံစားချက် ကင်းမဲ့စွာ ကြည့်နေပြီး အထင်သေးသော အပြုံးပင် ပြုံးနေလိုက်သေးသည်။
ဆုမူကဲသည် သူများ အမြင်မှားလေသလားဟုပင် သံသယဝင်သွားမိသည်။
*ဒီကောင်က တကယ်ကြီး ရွှေရောင်မြွေကို အထင်သေးနေတာလား*
*သူ ရူးနေတာလား*
*သူ ဒီယုံကြည်မှုကို ဘယ်ကနေ ရလာတာလဲ၊ သူတော်စင်သခင်အဆင့်ကိုတောင် စိတ်ရှိသလို သတ်နိုင်တဲ့ သားရဲကို လျစ်လျူရှုရဲတယ်ပေါ့လေ*
ယဲ့ဖန် ခေါင်းခါလေသည်။
“ဒီတီကောင်ကြီးက မင်းရဲ့ အကူအညီလား”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်း ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးနေကာ ယဲ့ဖန်ကို အလန့်တကြား ကြည့်နေ ကြသည်။
*တီကောင်ကြီး ဟုတ်လား*
*ယဲ့ဖန်က ဒီရွှေရောင်မြွေကို တီကောင်နဲ့ နှိုင်းနေတာလား*
*အရူးပဲ*
*ဒီလူ ဦးနှောက်ချောင်နေတာလား၊ သူတော်စင်သခင်အဆင့် ဖြစ်နေတာနဲ့ပဲ ဒီရွှေရောင်မြွေကို အထင်သေးလို့ ရမယ် ထင်နေတာလား*
*ဒါ နှစ်တစ်သိန်းလောက် ရှိနေတဲ့ သားရဲကောင်ကြီးနော်၊ နေနဲ့လကိုတောင် ဝါးမျိုနိုင် လောက်တာကို၊ ဒီလူ သေတွင်းတူးနေတာပဲ*
“ဂါး”
ထိုစကားကို ကြားသော် ရွှေရောင်မြွေသည်လည်း ဒေါပွကာ ယဲ့ဖန်အား အော်ဟစ်လာသည်။ ဖိအားတစ်ခု ပျံ့လွင့်လာပြီး ဖုန်းချီတောင်တစ်ခုလုံး ပြိုလဲကာ ဤဖိအားဒဏ်ကို တောင့်မခံနိုင် သကဲ့သို့ တောင်၏ အစိတ်အပိုင်းတစ်ခု ပြိုကျလာ၏။
လူတိုင်း ယဲ့ဖန်ကို ကရုဏာသက်သလို ကြည့်လာ၏။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က သေချာပေါက် ရွှေရောင်မြွေ၏ အစာဖြစ်သွားမည်ဟု ထင်နေကြသည်။
ထိုစဉ် ယဲ့ဖန်က နှာခေါင်းနှင့် ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်၍ ကျန်လက်တစ်ဖက်အား ခါယမ်းကာ ရွံသလို မျက်နှာပေးနှင့် ပြောလိုက်သည်။
“မင်းကို အာပုပ်စော်နံတယ်လို့ ဘယ်သူမှ မပြောဖူးဘူးလား”
အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
*ဒီကောင် တကယ် အသက် မရှင်ချင်တော့ဘူးပဲ*
“ငါ မင်းကို အရှင်လတ်လတ် စုတ်ဖြဲပစ်မယ်ကွ”
ရွှေရောင်မြွေက ဒေါသတကြီး လူစကားကို ပြောလာပြီး ယဲ့ဖန်ထံသို့ ငုံ့ဆင်းလာသည်။
“မင်း သူနဲ့ ကစားမှာလား”
ယဲ့ဖန်က တစ်ဖက်လှည့်၍ မေးလာသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ ပခုံးနားမှ အနီရောင် မြွေပေါက်လေးတစ်ကောင် ထွက်လာပြီး ခေါင်းညိတ်ပြလေသည်။ ထို့နောက် သူသည် အပြင်သို့ ခုန်ထွက်၍ ရွှေရောင်မြွေထံသို့ ပျံသန်းသွားသည်။
“ဘာလဲဟ ဒီကောင်က ဒီမြွေလေးကို ရွှေရောင်မြွေနဲ့ တကယ်ကြီး ယှဉ်ခိုင်းမလို့လား”
“ဒါ ဟာသ ဖြစ်မနေဘူးလား၊ နှစ်ကောင်ကြားမှာ ရုပ်ခန္ဓာ ကွာခြားမှုက ကြီးနေတာကို၊ ဒီမြွေလေး ကိုက်တာက ရွှေရောင်မြွေအတွက် ခြင်ကိုက်သလောက်ပဲ ရှိနေရင် ဘယ်လိုလုပ်မလဲ”
‘ဘယ်သူသိမလဲ သူက နည်းနည်းလောက် လွင့်သွားအောင် လုပ်မလို့ နေမှာပေါ့”
ရဲ့ရှောင်ရှောင်က အထင်သေးစွာ ရယ်လေသည်။ သို့သော် ထိုစဉ် မူမမှန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
ကောင်းကင်ယံ၌ သွေးရောင်လျှပ်စီးများ လက်လာပြီး အတုမရှိသော စွမ်းအင်များ ထွက်ပေါ် လာသည်။
“ဂါး”
ထို့နောက် ဧရာမ အနီရောင်ကိုယ်လုံး တစ်ခုက လူတိုင်းရှေ့၌ ပေါ်ထွက်လာသည်။ ၎င်းသည် ကီလိုမီတာများစွာ ရှည်လျား၍ ဦးခေါင်း၌ ဦးချိုတစ်ခုတည်းသာ ရှိပြီး ထူထဲသော ကြေးခွံများ ရှိကာ ခြေလက်လေးဘက်သာ ရှိသည်။
“န … နဂါးပါလား”
အောက်ဘက်မှ လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်၏ အိမ်မွေးတိရစ္ဆာန် တစ်ကောင်က နဂါးတစ်ကောင် ဖြစ်နေသည်တဲ့လား။ သို့သော် ပိုထိတ်လန့်စရာ ကောင်းသည့်အချက် ကျန်နေသေးသည်။
“ဒါ တစ္ဆေ ဖန်ချီမဟုတ်လား၊ လောကထဲ လျှောက်သွားနေတဲ့ သူတော်စင်သခင်အဆင့် လူအိုကြီးလေ၊ သူက ဒီလူရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်နေတာလား”
“ဘာ … ဒါ တစ္ဆေဖန်ချီလား”
ထိုစကားကိုကြားသော် လူတိုင်း မှင်တက်သွားကြသည်။ လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။ တစ္ဆေဖန်ချီက ပြိုင်ဘက်ကင်းသော မိစ္ဆာဘုရင် ဖြစ်သည်။ အသက်နှင့် ကျော်ကြားမှု၌ ရွှေရောင်မြွေထက် ပို၍ သန်မာလေသည်။
အရေးပါသော အချက်မှာ သူသည် နဂါးသွေးတစ်ဝက်ပါသူ ဖြစ်ပြီး နဂါးအသွင် ပြောင်းချင် နေသည့် ရွှေရောင်မြွေထက် သိသိသာသာ ကွာခြားပေသည်။
နဂါးသွေးတစ်ဝက်ပါသူ ဖြစ်သဖြင့် ကပ်ဘေးကို ဖြတ်ကျော်နိုင်ပါက နဂါးတစ်ကောင် ဖြစ်လာနိုင်၏။ နဂါးတွင် ထည်ဝါသော နတ်စွမ်းအင်များ ရှိပြီး ပင်လယ်လေးခုကို စိုးမိုးနိုင်သည့် အစွမ်းရှိကာ ကောင်းကင်ကို ထိုးဖောက်၍ ကောင်းကင်ဘုံကိုးလွှာသို့ တိုးဝင်နိုင်သည်။
တစ္ဆေဖန်းချီသည် ငရဲပင်လယ်တွင်း၌ ကြီးပြင်းလာပြီး မိစ္ဆာယင်ဓာတ်များကို ကလေးဘဝ ကတည်းက စုပ်ယူခဲ့သောကြောင့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံကာ ကြောက်စရာကောင်းသည့် မိစ္ဆာ နဂါး တစ်ကောင် ဖြစ်လာလေသည်။
သာမန်လူများက ငရဲမိစ္ဆာပင်လယ်ထဲသို့ မဖြတ်ရဲဘဲ ဘုရင်များသာလျင် ဖြတ်နိုင်ပေသည်။ အကယ်၍ သင်္ဘောများ ဖြတ်သန်းလိုလျင် သူတို့ ဆက်ကြေးပေးရပေမည်။ နိုင်ငံ့အုပ်ချုပ်သူ များတောင်မှ ထိုသို့ လက်ဆောင်ပဏ္ဏာ ပေးကြရသည်။ သို့မဟုတ်ပါက သင်္ဘော ပျက်စီး ပေမည်။
တစ်ချိန်က အင်ပါယာတစ်ခုက သူ့ကို ဆက်ပြေး ပေးခဲ့သော်လည်း စစ်သူကြီးတစ်ယောက်က မကျေနပ်ခဲ့ချေ။ ထို့ကြောင့် သူသည် စစ်သည်များ စုစည်း၍ တစ္ဆေဖန်ချီကို တိုက်ခိုက်ခဲ့သည်။ ရလဒ်မှာမူ ရာချီသော ဘုရင်အဆင့်များနှင့် သူတော်စင်သခင်အဆင့် သုံးယောက် ပါဝင်သော စစ်သည် ငါးသောင်း၌ မည်သူမှ အသက်မရှင်ချေ။
ဆုံးရှုံးမှုက ကြီးမားလွန်းသည်။ ထိုတိုက်ပွဲက တစ္ဆေဖန်ချီအား ကျော်ကြားသွားစေပြီး တစ်လောကလုံး ထိတ်လန့်ကာ သူ့အား ထပ်မလှောင်ရဲတော့ပေ။
သူသည် အလွန် မောက်မာသော နဂါးတစ်ကောင် ဖြစ်သည်။ သို့သော် ယခုအခါ၌ သူ့ရှေ့မှ လူ၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သူတို့ တွေးမကြည့်နိုင်တော့ပါ။ တစ္ဆေဖန်ချီသည် ရွှေရောင်မြွေနှင့် အဆင့်တူပြီး နေဘုရင်တောင်မှ သူ့ကိုမြင်လျင် ရိုကျိုးစွာ ဆက်ဆံရပေမည်။
သို့သော် ယဲ့ဖန်က သူ့ကို ကျေးကျွန်တစ်ယောက်သဖွယ် သတ်မှတ်နေ၏။ ရုတ်တရက် လူတိုင်း ကြက်သီးထလာပြီး ယဲ့ဖန်အား မယုံနိုင်စွာ ကြည့်နေကြသည်။
*ဒီလူက ဘာကြီးလဲ*
*သူတော်စင်သခင်အဆင့်ကို ကျေးကျွန်အဖြစ် လက်ခံထားတာလား*
*ဒီလူက နတ်ဘုရင်အဆင့်လား*
ရွှေရောင်မြွေသည် သတ်ဖြတ်ရန် ဆင်းလာသော်လည်း အရှိန်အဝါတစ်ခုကို ခံစားမိကာ ကြောက်လန့်၍ တုန်လှုပ်သွားသည်။ ထို့နောက် သူ့ထက် အဆပေါင်းများစွာ ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံး၌ သွေးပျက်ဟန် ပေါ်လာ၏။ သူသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလုနီးပါးသို့ ရောက်နေသော်လည်း တစ်ဖက်မှာမူ နဂါးသွေးတစ်ဝက်ပါသော နဂါးမျိုးနွယ်ဝင် ဖြစ်နေ၏။ တော်ဝင်မျိုးနွယ်ကို မြင်လိုက်ရသော သာမန်လူတစ်ယောက်ကဲ့သို့ ကြောက်လန့်လာသည်။
“ပိုးကောင်တစ်ကောင်က ငါ့သခင်ကို စိန်ခေါ်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာပဲ”
တစ္ဆေဖန်ချီက ကြမ်းကြုတ်သော မျက်နှာထားနှင့် ချွန်ထက်သော အစွယ်များ ပြည့်နေသည့် ပါးစပ်ကိုဟကာ ရွှေရောင်မြွေအား ကိုက်ဖြတ်လေသည်။
*သခင်ကြီး*
*တစ္ဆေဖန်ချီက တကယ် ကျေးကျွန် ဖြစ်နေတာပဲ*
မူလက စိတ်ကူးယဉ်နေသော ရဲ့ရှောင်ရှောင် ကြံရာမရ ဖြစ်သွားသည်။ သူတော်စင်သခင် အဆင့်ကိုတောင်မှ ကျေးကျွန်လုပ်ထားသည့် ယဲ့ဖန်အား သူမ မည်သို့ တိုက်ခိုက်ရ တော့မည်နည်း။
သူမအစ်ကို ပေါ်မလာရသည့် အကြောင်းရင်းကို သူမ နားလည်သွားလေပြီ။ သူက သူမကို စွန့်ပစ်လိုက်ခြင်းပင်။
သူမ၏ အစ်ကိုက သူမ သေကံပါနေကြောင်း ရိပ်မိနေပြီး သူမကြောင့် ဆွဲထည့်မခံလိုသဖြင့် စောစီးစွာ ထွက်သွားခြင်း ဖြစ်သည်။
ရွှေရောင်မြွေသည် ထွက်ပြေးရန် ကြိုးစားပါသော်လည်း နောက်ကျသွားချေပြီ။ ၎င်း၏ လည်ပင်းအား တစ္ဆေဖန်ချီက ကိုက်ဖဲ့လာပြီး ချွန်ထက်သော သွားများက ၎င်းလည်ပင်းထဲသို့ ဖောက်ဝင်လာသဖြင့် သွေးများ ပန်းထွက်လာသည်။
“ဂါး”
ရွှေရောင်မြွေသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး တွန့်လိမ်နေကာ အမြီးကို တဖုန်းဖုန်းရိုက်၍ ရုန်းကန်ရန် ကြိုးစားလေသည်။ သို့သော် အားလုံးက အချည်းနှီးပင်။
တစ္ဆေဖန်ချီ၌ ခြေလက် လေးဘက်နှင့် ချွန်ထက်သော သွားများ ရှိသည်။ နဂါးလက်သည်းများက ရွှေရောင်မြွေ၏ ကိုယ်ကို ချုပ်နှောင်ထားပြီး မလှုပ်နိုင်အောင် တားဆီးထားလေသည်။
ရုပ်ပိုင်းကွာခြားမှုအရ ဤ ရွှေရောင်မြွေသည် တစ္ဆေဖန်ချီ၏ မျက်လုံးထဲ၌ ကလေးသဖွယ် ဖြစ်နေပြီး သူ စိတ်ကြိုက်လုပ်နိုင်နေ၏။
“ဘုန်း ဘုန်း ဘုန်း”
ရွှေရောင်မြွေ၏ အမြီးက ဖုန်းချီတောင်ကို ဆက်တိုက် ရိုက်နေသဖြင့် ဖုန်းချီတောင်တစ်ခုလုံး ပြိုကျလာသည်။ ကျောင်ဆောင်များ လွင့်စဉ်နေပြီး ဖုန်တထောင်းထောင်းထကာ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
လက်ရှိတွင် တစ္ဆေဖုန်းချီ၏ ကိုက်ဖဲ့သတ်ဖြတ်ခြင်း ခံနေရသည့် ရွှေရောင်မြွေ၏ ဝေဒနာနှင့် ဆောက်တည်ရာမရစိတ်ကို လူတိုင်း ခံစားမိသည်။
၎င်း၏ လည်ပင်းမှ သွေးများ ဆက်တိုက် ပန်းထွက်နေပြီး အသားက စုတ်ပြတ်လာသည်။
“အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”
ရွှေရောင်မြွေသည် ရင်ထဲ၌ ပြောမပြတတ်လောက်အောင် ကြောက်ရွံ့ကာ အော်ဟစ်တောင်းပန် လေတော့သည်။
တစ်ဖက်လူသည် နဂါးမျိုးနွယ်ဝင်ဖြစ်ပြီး အသက်နှင့် တာအိုစွမ်းအင်က သူ့ထက် အဆများစွာ ပြင်းထန် သန်မာသဖြင့် သူ လုံးဝ မနိုင်နိုင်ပါ။ မြွေတစ်ကောင်က နဂါးတစ်ကောင်ကို အဘယ် တုန်းက နိုင်ဖူးသနည်း။
“ငါ့သခင်ကို မလေးမစားလုပ်ရင် သေဒဏ်ပဲ၊ မင်း … သေသင့်တယ်”
Chapter 1377 ဆောက်တည်ရာမရ ဖြစ်ခြင်း
“မဖြစ်ဘူး ငါ့ရဲ့ နှစ်တစ်သိန်းကြာအောင် ကျင့်ကြံခဲ့ရတဲ့ တာအိုစွမ်းအင်တွေ၊ ငါ နဂါးဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တာလေ”
ရွှေရောင်မြွေက ကြောက်စိတ်ပြည့်နေသော အကြည့်နှင့်အတူ မလိုလားစွာ အော်ဟစ် လေသည်။
သို့သော် တစ္ဆေဖန်ချီ၏ မျက်လုံးများက ခက်ထန်နေပြီး ပါးစပ်ကို ခပ်ကျယ်ကျယ်ဟ၍ နောက်တစ်ကြိမ် ထပ်ကိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်မှ ဒေါသငွေ့ပါ ပေါက်ကွဲ ထွက်လာသည်။
“ဂါး”
ရွှေရောင်မြွေသည် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျိုခံ လိုက် ရလေသည်။ တစ္ဆေဖန်ချီ၏ မျက်လုံးထဲတွင် သူ့ခန္ဓာကိုယ်က အရသာရှိသော ဟင်းမယ် ဖြစ်နေလေသည်။
ဆုမူကဲ လိပ်ပြာလွင့်မတတ် တုန်ယင်သွားရသည်။ လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၏ စောင့်ရှောက်သူ နတ်သားရဲက ဤသို့ လွယ်လင့်တကူ သေဆုံးသွားရသည်တဲ့လား။
သူ့အရှေ့မှလူအား အမာရွတ် အနည်းငယ်ပင် ထင်ကျန်အောင် မလုပ်နိုင်သလို သူ့နိုင်ငံ၏ စောင့်ရှောက်သူကလည်း တစ်ဖက်လူ၏ အိမ်မွေးတိရစ္ဆာန်ကြောင့် အသတ်ခံလိုက်ရလေသည်။
“ဘုန်း”
ရွှေရောင်မြွေ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာပြီးနောက် ငလျင်လှုပ်သကဲ့သို့ မြေဆီလွှာ တုန်ခါလာ၏။
ထိုအသံကျယ် ထွက်ပေါ်လာသောအခါ လူတိုင်း မိမိနှလုံးသားအား ပြုတ်တူဖြင့် အထုခံလိုက် ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ခဏမျှ ကြက်သေ သေနေမိသည်။
*သေသွားပြီ*
သူတို့ ပြိုင်စံရှားဟု သတ်မှတ်ထားသော သားရဲက ဤသို့ သေသွားသည်တဲ့လား။ အဓိက အချက်မှာ ယဲ့ဖန် တစ်ချက်ကလေးမှ မလှုပ်ရှားရသေးခြင်းပင်။
ထိုအခိုက်တွင် သူတို့အရှေ့မှလူ၏ မျက်နှာက သူတို့စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ် လာသည်။
ယဲ့ဖန်က လက်ပိုက်၍ ဆုမူကဲအား ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်းကို ကူညီမယ့်သူတော့ မရှိတော့ဘူး”
“မင်းက ဘာလဲ”
ဆုမူကဲ သောကရောက်ကာ မေးလိုက်မိသည်။ ကျုံးကျိုး အင်ပါယာ၌ အဘယ်ကြောင့် ဤသို့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ် ရှိနေရသနည်း။
သူသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက် အဆတစ်ထောင်မက ပိုကြောက်စရာ ကောင်းနေ၏။ ယဲ့ဖန်က ဆုမူကဲ၏ နားထံသို့ အသံလှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။
ယဲ့ဖန်၏ စကားကို ကြားသောအခါ ဆုမူကဲ ထိတ်လန့်သွားပြီး ဆောက်တည်ရာမရ အော်ဟစ်လိုက်သည်။
“ကောင်းကင်ဘုံက ငါ့မိသားစုကို သတ်တော့မှာပဲ”
“အရှင်မင်းမြတ် ခင်ဗျား မှားခဲ့တယ်၊ ကျုပ်တို့ အားလုံး မှားခဲ့တယ်၊ ကျုံးကျိုး အင်ပါယာက ကျုပ်တို့ရဲ့ သင်္ချိုင်းမြေ ဖြစ်လာတော့မှာ”
လူတိုင်း အံ့ဩသွားပြီး ဆုမူကဲအား နားမလည်နိုင်စွာ ကြည့်နေကြသည်။ ယဲ့ဖန်က သူ့ကို ဘာပြောလိုက်၍ သူ ဤမျှ ရူးမတတ် ဖြစ်သွားရသနည်း။ တကယ်တမ်း၌ ယဲ့ဖန်သည် စကား နှစ်ခွန်းကိုသာ ပြောခဲ့လေသည်။ ထိုစကားမှာ ယဲ့ဘုရင်ပင်။
တစ်ဖက်လူက ယဲ့ဘုရင် ဖြစ်နေလိမ့်မည်ဟု ဆုမူကဲ ထင်မထားမိပါ။ ထို့ကြောင့် သူတို့၏ စစ်ကြောင်းက ဘယ်သောအခါမှ အိမ်မပြန်နိုင်တော့မှန်း သိလိုက်လေသည်။ သူသည်သာမက နေဘုရင်တောင်မှ ဤနိုင်ငံတွင်း၌ သေရပေလိမ့်မည်။
ဆုမူကဲက သေရန် ဆုံးဖြတ်ချက်ချထားလေသည်။ လေ့ယန်လူမျိုးများသည် သေရမည်ကို မကြောက်ပါ။ သူတို့အတွက် ရှုံးနိမ့်ခြင်းဟူသည် မရှိဘဲ သေခြင်းတရားကိုသာ လက်ခံတတ် ကြသည်။
ယဲ့ဖန်က လက်ကိုအသာဆန့်၍ ဆုမူကဲ၏ ဦးခေါင်းကို တင်းကြပ်စွာ ဖမ်းကိုင်လိုက်သည်။
“နှုတ်ဆက်ပါတယ်”
ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်ပြီးနောက် လက်နှစ်ဖက်ကြားမှ အနက်ရောင် မြူခိုးများ ထွက်လာပြီး ဆုမူကဲအား ရစ်ပတ်သွားသည်။
“အား….”
ဆုမူကဲထံမှ နာကျင်စွာ အော်ဟစ်သံ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်သွေ့လာပြီး မမ်မီအလောင်းသဖွယ် ဖြစ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ လူတိုင်း ကြက်သေ သေသွားလေသည်။
*ဒါ ဘယ်လိုမိစ္ဆာပညာမျိုးလဲ၊ သူတော်စင်သခင်အဆင့်ကိုတောင် ဝါးမျိုနိုင်တာလား*
*ဒီကောင် ဒီလောက် ကြောက်ဖို့ကောင်းနေတာ မဆန်းပါဘူး၊ ဒီလို မိစ္ဆာပညာမျိုးနဲ့ဆို သူ အားလုံးကို ဝါးမျိုနိုင်တာပဲ၊ သူ လူတစ်ယောက်သတ်တိုင်း ပိုသန်မာလာတာ၊ ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်နိုင်ဦးမှာလဲ”
ထို့နောက် ယဲ့ဖန်သည် ရွှေရောင်မြွေထံ လျှောက်သွားပြီး လက်တစ်ဖက်ကို ဆန့်လိုက်ပြန်သည်။ ငရဲမှ ထွက်သာသည်ဟု ထင်ရသော အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြန်၏။ ရုတ်ချည်းဆိုသလိုပင် ရွှေရောင်မြွေ၏ အလောင်းက ခမ်းခြောက်ကာ အမှုန့်ဖြစ်သွားသည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် အရှိန်အဝါ အပြည့်နှင့် ဖြစ်နေပြီး သူ့ကိုယ်မှ အရှိန်အဝါက ပိုမို၍ တည်ငြိမ်လာကာ သာမန်လူတစ်ယောက်ဟု ထင်မှတ်မှားရသည်။
လက်ရှိတွင် ယဲ့ဖန်၏ ကြောက်စရာကောင်းပုံကို လူတိုင်း သတိထားမိလာသည်။ မူလအတိုင်း ပြန်ဖြစ်သွားခြင်း။ ဤသည်မှာ စစ်မှန်သော လမ်းစဉ်ပင်။ လောက၌ ထိုသို့ ရင်သက် ရှုမောဖွယ်ရာ ဖြစ်စဉ် ရှိနေသေးပါရောလား။
“နှစ်တစ်သိန်း ကျင့်ကြံခဲ့တာက မဆိုးဘူးပဲ”
ယဲ့ဖန်က အသာပြုံးလိုက်သည်။ သူ့အတွက် ကြီးမားသော အာဟာရဟု မဆိုသာသော်လည်း ဤလောကသို့ ရောက်လာပြီးကတည်းက သူ ဝါးမျိုခဲ့သည့် လူဖျင်းများထက်ဆာလျင် ပိုသာပါ သေးသည်။
ရွှေရောင်သံချပ်ကာ စစ်သည်တော်များအားလုံး သုတ်သင်ခံခဲ့ရသည်။ ထို့အပြင် လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၏ အသန်မာဆုံးသော စစ်သည်တော်များထဲမှ တစ်ယောက် ဖြစ်သော ဆုမူကဲ သေဆုံးသွားရသလို နှစ်တစ်သိန်းကြာ တည်ရှိခဲ့သည့် ရွှေရောင်မြွေသားရဲလည်း အသတ်ခံ လိုက်ရလေပြီ။
ဤအခြင်းအရာအားလုံးကို လူတစ်ယောက်တည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း ကြောက်လန့်ကာ တဆတ်ဆတ် တုန်ယင်လာကြသည်။ သူတို့အရှေ့မှလူသည် မယုံနိုင်စရာ ကောင်းလှသည်။
ကယူးရှူ ကိုးပြည်နယ်၏ သမိုင်းတစ်လျှောက်၌ ဤသို့သော အရည်အချင်းရှိသည့် လူမည်မျှ များများ ပေါ်ထွက်လာဖူးသနည်း။
တောင်တစ္ဆေသည်လည်း ကြက်သေ သေနေ၏။ ယဲ့ဖန်က ဤမျှ သန်မာလိမ့်မည်ဟု သူ ထင်မထားမိပါ။
သူ ယဲ့ဖန်ကို သေချာ သိနားလည်ပြီဟု ထင်ထားခဲ့သော်လည်း လက်ရှိအနေအထားရ သူ ယဲ့ဖန်ကို အထင်သေးနေခဲ့မိသည့်ပုံပင်။
ယဲ့ဖန်သည် မမြင်နိုင်သော မြူခိုးလိုပင်။ သူ့အကြောင်း သိနားလည်ပြီဟု တွေးမိသည့် အချိန်တိုင်း သူသည် မထင်မှတ်ထားလောက်အောင် ထိတ်လန့်အောင် ပြုလုပ်လေသည်။
တောင်တစ္ဆေသည် သူ့သိုင်းအဆင့်က ယဲ့ဖန်မျှ မကောင်းမွန်ဟု ခံစားမိလိုက်သည်။ တစ်ချိန်က နှစ်ယောက်လုံးက သိုင်းအဆင့် တူသော်လည်း မည်သူက ပိုသန်မာပြီး မည်သူက အားနည်းကြောင်း ပြောရခက်သည်ဟု ထင်ခဲ့မိသည်။
သို့သော် ယနေ့ ယဲ့ဖန်၏ အပြုအမူက သူ့ရင်ထဲမှ မရေရာစိတ်ကို ပျက်စီးသွားစေသည်။ ပါရမီရှင် တဲ့လား။ ဤမိစ္ဆာကောင်နှင့် ယှဉ်လိုက်လျင် သူ့ကိုယ်သူ ပါရမီရှင်ဟု ခေါ်ထိုက်သည့် အရည်အချင်း ရှိပါသေးသလော။
ယဲ့ဖန်ရှေ့တွင် ပါရမီရှင်ဟူသော စကားလုံးက အားနည်းနေသလိုပင်။
“သခင် ကျုပ် သူတို့အားလုံးကို သတ်လိုက်ရမလား”
တစ္ဆေဖန်ချီက အောက်ဘက်မှ လူအုပ်ကြီးက ခက်ထန်သော မျက်လုံးများဖြင့် ကြည့်လေသည်။ ယခင်က ဤပုရွက်ဆိတ်များက ယဲ့ဖန်ကို ပုတ်ခတ် စော်ကားခဲ့သဖြင့် သူ သည်းမခံနိုင်ခဲ့ပါ။ ယခုအခါ၌ သူ၏ လူသတ်ချင်စိတ်က ထိန်းချုပ်မရနိုင်သော အဆင့်အထိ ရောက်ရှိနေပြီး ဤလူအားလုံးကို သတ်ချင်စိတ် ပေါက်နေသည်။
ယဲ့ဖန်က အားလုံးကို ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။
“ဒူးထောက်ပြီး ငါ့ကို မော်ကြည့်”
“ဒုန်း ဒုန်း ဒုန်း”
သိုင်းပညာရှင်တစ်စုသည် ယဲ့ဖန်အား မျက်နှာချင်းဆိုင်၍ အသည်းအသန် ဒူးထောက်ကြသည်။ သူတို့၏ အမူအရာက ရီဝေနေပြီး မျက်လုံး၌ ကြောက်ရွံ့ဟန်များ အထင်းသား ပေါ်နေ၏။ သူတို့ပုံစံက ကြောက်လန့်နေသော ယုန်သူငယ်များလိုပင်။
သူတို့ ခွန်အားမရှိတော့သလို ခံစားနေကြရသည်။ ဤလူသည် သူတို့ မော်ကြည့်ရမည့် လူဖြစ်သည်။ တောင်တစ္ဆေသည်လည်း ဒူးထောက်ရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့ကို တားလိုက်သည်။
“မင်း ဒူးထောက်စရာ မလိုဘူး”
တောင်တစ္ဆေ အံ့ဩသွားပြီးနောက် မတတ်သာသော အမူအရာ ဖြစ်ပေါ်လာသည်။ ယနေ့ သူ ယဲ့ဖန်ထံမှ အလင်းရောင်ကို တွေ့သွားသလို ခံစားလိုက်ရသည်။
“မင်း ခုနက ငါ့ကို သတ်မယ်လို့ ပြောခဲ့တယ်မလား”
“ယဲ့ဖန်က တုန်းချမ်ချိုးကို လှည့်ကြည့်လိုက်သည်။ တုန်းချမ်ချိုး ရုတ်တရက် တုန်လှုပ်သွားပြီး မျက်နှာ ပြာနှမ်းလာ၏။ သူ၏ အမူအရာက မတုန်မလှုပ် ဖြစ်နေပြီး ယခင်က ယဲ့ဖန်စိတ်ထဲ၌ သူသည် ဟာသတစ်ပုဒ်သဖွယ် ဖြစ်နေခဲ့ကြောင်း အမှတ်ရလိုက်သည်။ တစ်ဖက်လူရှေ့၌ သူသည် မည်သို့မှ အရေးမပါချေ။
“အခု သူက မင်းအပိုင်ပဲ”
ယဲ့ဖန်က တစ္ဆေဖန်ချီ၏ ကိုယ်ကို ပုတ်၍ သရော်ဟန်ဖြင့် ပြောလိုက်သည်။ တုန်းချမ်ချိုး ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လိုက်မိသည်။ ဤနတ်ဆိုးက အလွန် သွေးအေးလိမ့်မည်ဟု သူ ထင်မထားမိပါ။ တစ်ဖက်လူသည် တွေဝေခြင်းမရှိဘဲ သူ့ကိုသတ်ရန် ပြောနေ၏။ တစ်ချက် ကလေးမှ ရှင်းပြခွင့် မပေးချေ။
တစ္ဆေဖန်ချီက တုန်းချမ်ချိုးထံသို့ ကြမ်းကြုတ်သော မျက်လုံးများနှင့်အတူ ပျံသန်းသွားသည်။
“ငါ့သခင်ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ ငါ မင်းကို တစ်စစီ ဖြစ်အောင် ကိုက်ပစ်မယ်”
တစ္ဆေဖန်ချီက ထူးဆန်း၍ သွေးဆာသော လေသံဖြင့် ရယ်မောလေသည်။ သူသည် တုန်းချမ်ချိုးက လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သပြီး တောင်ပေါ်မှ ကျောက်ဆောင်ဖြင့် ဝင်ဆောင့်သွားသည်။
“ဝေါ့”
တုန်းချမ်ချိုး ခေါင်းမော့လာချိန်တွင် သွေးတစ်လုပ် အန်လိုက်မိသည်။ နှစ်ဖက်က အရည်အချင်း မတူသဖြင့် သူ့ဘက်မှ ချက်ချင်း ရှုံးမည့် အရိပ်အယောင်ပြလာသည်။ တန်း၍ အသတ်ခံရ လုနီးပါး ဖြစ်သွားရသည်။
ဤသည်ကိုမြင်ပြီး တုန်းချမ်ချိုးအတွက် အသတ်ခံရရန် သိပ်မလိုတော့ကြောင်း လူတိုင်း ရိပ်မိသွားသည်။ ဤသည်မှာ ဤနတ်ဆိုးနှင့် ရန်သူ ဖြစ်လျင် ကြုံတွေ့ရမည့် ကံတရားပင်။
“မင်းအလှည့်ပဲ”
ယဲ့ဖန်က ရဲ့ရှောင်ရှောင်ကို မချိုမချဉ် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့ပုံစံက ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်နှင့် တူနေပြီး မျက်လုံး၌ အထင်သေးဟန်များ ပြည့်နှက် နေသည်။
ရဲ့ရှောင်ရှောင်၏ မျက်နှာက ဖြူရော်သွားပြီး ဆောက်တည်ရာမရစိတ်က သူမကို ခြောက်လှန့် လာသည်။
“ကျွန်မကို မသတ်ဖို့ တောင်းပန်ပါတယ်”
ချက်ချင်းဆိုသလိုပင် သူမ မျက်ရည်လည်ရွဲ ဖြစ်ကာ နောင်တရစ ပြုလာသည်။ သူမ ဖိနှိပ်ရန် စိတ်အား မထက်သန်ခဲ့လျင် သူမ အတ္တမကြီးခဲ့လျင် အဆုံးသတ်က ပြောင်းလဲနိုင်လေသလော။
သေမင်းထံသို့ တွန်းပို့မိသူက သူမကိုယ်တိုင်ပင် ဖြစ်နေ၏။ ယနေ့ သူမ အဆုံးသတ် ရပေတော့မည်။
“ငါ မင်းကို မသတ်ဘဲနေပြီးတော့ မင်း ငါ့ကို ဆက်တိုက် ပြဿနာရှာနေတာကို ကြည့်နေရ မှာလား၊ ငါ မင်းကို တစ်ကြိမ် သက်ညှာခဲ့ပင်မယ့် မင်းက ငါ့ကို ထပ်သတ်ချင်ခဲ့တာပဲ မဟုတ်လား”
ယဲ့ဖန် ဒေါသဖြင့် ရယ်မောလိုက်မိသည်။
*ဒီမိန်းမက တော်တော် အရှက်မဲ့တာပဲ*
“ငါ အစကတည်းက အမြစ်ကနေ ဆွဲလှန်ပြီး ရှင်းခဲ့သင့်တာ”
“ဘုန်း”
ချက်ချင်းဆိုသလိုပင် ရဲ့ရှောင်ရှောင် ဖင်ထိုင်လျက်သား လဲကျသွားသည်။ သူမ တစ်ကိုယ်လုံး ပျော့ခွေလာပြီး စကပ်အောက်မှ ဝါကျင့်ကျင့် အရည် စီးကျလာ၏။
“စီနီယာ ကျုပ် အရဲတင်းပြီး ကျုပ်ညီမရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါရစေ”
ထိုအခိုက်တွင် အမှောင်ထဲ၌ ပုန်းနေသော ရဲ့ဝူထျန်း ပေါ်လာသည်။ ဤသည်ကိုမြင်သော် ယင်းလုံ အဖွဲ့အစည်းမှ လူတိုင်း မှင်တက်သွားကြသည်။ ရဲ့ဝူထျန်း ပေါ်လာလိမ့်မည်ဟု သူတို့ ထင်မထား မိပါ။
ထိုသို့ဆိုလျင် အဘယ်ကြောင့် အစကတည်းက ရှေ့ထွက်၍ သူ့ညီမကို မတားခဲ့သနည်း။ သူ့ညီမ အန္တရာယ်ထဲ ဖြည်းဖြည်းချင်း ကျလာသည်ကို အဘယ်ကြောင့် ကြည့်နေခဲ့လေသလဲ။
“အစ်ကိုကြီး ကယ်ပါဦး”
ရဲ့ဝူထျန်းကိုမြင်သော် ရဲ့ရှောင်ရှောင်သည် အသက်ကယ် ကောက်ရိုးမျှင်ကို ဖမ်းမိသကဲ့သို့ အော်ငိုလေ တော့သည်။
ယဲ့ဖန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်၍ သရော်ပြုံး ပြုံးလိုက်သည်။
“မင်းမှာ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင် ထပ်ရှိသေးလို့လား”
အပေးအယူ လုပ်ရန် ပြောနေခြင်းပင်။ ရဲ့ဝူထျန်း ချက်ချင်း တောင့်တင်းသွားပြီးနောက် လေးတိ လေးကန် ခေါင်းညိတ်လေသည်။
“တစ်ခု ထပ်ရှိပါသေးတယ်”
သူ မွဲတေလေပြီ။ ရှိသမျှ ဆုံးရှုံးရပေတော့မည်။ သို့သော် သူ လူ့အသက်ကိုကယ်ရန် ရှေ့ထွက်ကို ထွက်ရမည် ဖြစ်သည်။ ယင်းလုံ အဖွဲ့အစည်း၏ ခေါင်းဆောင် တစ်ယောက်အနေနှင့် ညီမဖြစ်သူနှင့် အဖွဲ့ဝင်များကို ပစ်၍ ကိုယ်လွတ်ရုန်း မပြေးနိုင်ပါ။ ထိုသို့လုပ်ခဲ့ပါက နောင်၌ သူ လူရှေ့သူရှေ့တွင် မည်သို့ မျက်နှာ ပြဝံ့မည်နည်း။
ရဲ့ဝူထျန်းက နာခံစွာဖြင့် သူ၏ နှစ်တစ်သောင်း ဂျင်ဆင်းကို ကမ်းလှမ်းလေသည်။ ယဲ့ဖန်ကလည်း အေးအေးလူလူ လက်ခံလိုက်သည်။
ယဲ့ဖန် လက်ခံလိုက်သည်ကိုမြင်မှ ရဲ့ဝူထျန်း စိတ်အေးကာ သက်ပြင်းချ၍ ပြောလိုက်သည်။
“စီနီယာ အခု ကျုပ်ညီမကို အသက်ချမ်းသာ ပေးနိုင်မလား”
ရဲ့ရှောင်ရှောင်ကလည်း ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေ၏။ သူမ တကယ် မသေချင်သေးပါ။ သူမ နောက်ထပ် အခွင့်အရေးသာ ရခဲ့လျင် ဤနတ်ဆိုးကို ထပ်ဆန့်ကျင်ရဲမည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး၊ မရဘူး”
*ဘာ*
“စီနီယာ ဘယ်လိုလုပ် ကတိမတည်ဘဲ ပြောရတာလဲ”
ရဲ့ဝူထျန်း အံ့ဩကာ ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်လေသည်။
“မင်းတို့နှစ်ယောက်လုံး အရင်က မှားပါတယ်၊ ငါ့ကို ဘယ်တော့မှ ထပ်ရန်မလုပ်ပါဘူးလို့ ပြောခဲ့တယ်၊ ဒါပေမဲ့ မင်းတို့ ပြောတဲ့အတိုင်း မလုပ်ဘူးလေ၊ ဟုတ်တယ်မလား”
ယဲ့ဖန် အထင်သေးစွာ လှောင်ရယ်လေသည်။
“ပြီးတော့ မင်း ငါ့ကို နှစ်တစ်သောင်း ဂျင်ဆင်းပေးရင်တောင်မှ ငါ လူသတ်ပြီး လုနိုင်တယ်လို့ ငါ ပြောခဲ့သားပဲ၊ အရင်က ငါ မျက်နှာပျက်မှာစိုးလို့ မလုပ်ခဲ့ဘူး၊ ဒါပေမဲ့ မင်းတို့က ငါ့ကို အရှက် မဲ့အောင် ဖိအားပေးခဲ့တာပဲ”
ထိုစကားကိုကြားသော် ရဲ့မောင်နှမ နှစ်ယောက်လုံး မျက်နှာ ပြာနှမ်းသွားသည်။ သူတို့ကိုယ် သူတို့သာ အပြစ်တင်ရပေမည်။ ဤသည်မှာ သူတို့၏ အမှားပင်။
ယဲ့ဖန် လူသတ်ပြီး ပစ္စည်းလုသည်က ပထမဆုံးအကြိမ်ပင်။ သို့သော် သူ ဤသို့ မလုပ်ဘဲ သူတို့ကို အသက်ချမ်းသာပေး၍ မဖြစ်နိုင်ပေ။
သူ တစ်ကြိမ် ခွင့်လွှတ်ခဲ့သော်လည်း ရဲ့ရှောင်ရှောင်က အမှားအမှန် မသိဘဲ သူ့အသက်ကို နုတ်ယူ ချင်ခဲ့သေးသည်။ ထို့ကြောင့် နတ်ဆိုးဖြစ်သောသူသည် ရဲ့ရှောင်ရှောင်အား နောက်တစ်ကြိမ် ခွင့်မလွှတ်နိုင်ပါ။ ယနေ့ ရဲ့ရှောင်ရှောင် သေကိုသေရပေမည်။