← Chapters

Chapter 1381 - 1382

Vol. 93 Ch. 1381 - 1382

Chapter 1381 - 1382

Vol. 93 Ch. 1381 - 1382

Chapter 1381 ငါနဲ့ဆိုရင် မင်းဘဝမှာ ဘယ်တော့မှ ဒုက္ခတွေနဲ့ ကြုံရမှာ မဟုတ်ဘူး

“မဖြစ်နိုင်ဘူး၊ ငါက ဒီမိစ္ဆာမျှော်စင်မှာ အသန်မာဆုံးပဲ၊ ဘယ်လိုလုပ် ငါက ရှုံးနိုင်မှာလဲ၊ ဘယ်လိုလုပ် ငါက ရှုံးမှာလဲ”

ဒုတိယဘိုးဘေးက လက်မခံနိုင်သဖြင့် ကျယ်လောင်စွာ အော်ဟစ်လေသည်။ ဤလက်သီး ချက်က အရာအားလုံးကို ဖြတ်တောက်နိုင်သည်ဟု ထင်မှတ်ရပြီး အစွမ်းက ကြောက်စရာ ကောင်းလှသည်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော မိစ္ဆာမျှော်စင်တောင်မှ ပြိုကျလုနီးပါး တုန်ခါလာ၏။

ဤလက်သီးချက် အစွမ်းကို တားဆီးနိုင်သည့် မိစ္ဆာမျှော်စင် ရှိနေသေး၍ တော်သေးသည်။ သို့မဟုတ်ပါက ဖြစ်လာမည့်အကျိုးဆက်က မြို့တစ်ခုကို ပျက်စီးစေလောက်သည်။

ဒုတိယဘိုးဘေးသည် သူ့နယ်မြေတွင်း၌ ရှိနေသော်လည်း ယဲ့ဖန်ကို မဖိနှိပ်နိုင်သဖြင့် ဒေါသ ထွက်နေ၏။

တစ်ခဏအတွင်းမှာပင် သူ၏ မျက်လုံးများ ရဲရဲနီလာပြီး မိစ္ဆာမျှော်စင်တွင်းမှ မိစ္ဆာများ၏ ဝိညာဉ်စွမ်းအင်ကို အရူးအမူး ဝါးမျိုလေတော့သည်။ သူ့ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲ လာသည်။ အရိုးများက ခန္ဓာကိုယ် အပြင်သို့ ဖောက်ထွက်လာပြီး ရုပ်ခန္ဓာက သိသိသာသာ ကြီးမားလာကာ တုတ်ခိုင်သော လူ့ဘီလူးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလာ၏။

ပြတ်သွားသော လက်တစ်ဖက်သည်လည်း ပြန်ပေါက်လာသည်။ ယဲ့ဖန်နှင့် တိုက်ခိုက်ရန်အတွက် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသည်းအသန် စုပ်ယူသောကြောင့် သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်သဖြင့် ဤအခြေအနေသို့ ပြောင်းလဲလာခြင်း ဖြစ်လေသည်။

“သောက်ကောင် သေပေတော့”

ဒုတိယဘိုးဘေးသည် ဟစ်ကြွေး၍ ယဲ့ဖန်ထံသို့ ဒုံးပျံသဖွယ် ပြေးဝင်လာပြီး တိုက်ခိုက် လေသည်။ ကြောက်စရာကောင်းသော အဖျက်စွမ်းအင်က လေဟာနယ်ကိုပင် ပျက်စီးစေသည်။

သူ ဒေါသတကြီး တိုက်ခိုက်နေပြီး စွမ်းအင်ကို အလွန်အမင်း သုံးစွဲနေသည်။ သူ့၌ မတွေးဝံ့နိုင်သော စွမ်းအင် ရှိနေသဖြင့် ယဲ့ဖန်အား ပွဲချင်းပြီး သေသွားစေချင်နေသည်။

သူ စိတ်ကြီးမဝင်ရဲပါ။ သူ့ရှေ့မှလူသည် မတွေးတတ်လောက်အောင် ဆန်းကြယ်သော လူဖြစ်သဖြင့် သူ ဆုံးဖြတ်ချက် မြန်မြန်ချရသည်။ သို့မဟုတ်ပါက မတော်တဆမှု ဖြစ်လာ နိုင်သည်။

ယဲ့ဖန်ထံမှ ဒီရေလှိုင်းတက်သံကဲ့သို့သော အသံ ထွက်ပေါ်လာပြီး သွေးများက သမုဒ္ဒရာထဲမှ လှိုင်းလုံး များကဲ့သို့ ပွက်ပွက်ဆူလာကာ ချွေးပေါက်တိုင်းမှ မျက်စိကျိန်းလောက်သည့် အလင်း တစ်ခု ထွက်လာသည်။

လက်ရှိအချိန်တွင် သူ၏ လူသတ်ချင်စိတ်ကို ဆက်၍ ဖုံးကွယ်မထားတော့ဘဲ လက်သီးတစ်လုံး ပစ်သွင်းကာ ခွန်းလွန်အား ထပ်မံ၍ တုန်ခါစေပြန်သည်။

ဒုတိယဘိုးဘေးက သူ့အမျိုးသမီးကို ထိခိုက်အောင် ပြုလုပ်ခဲ့သည်။ ၎င်းမှာ ကြီးမားသော ပြစ်မှုကြီးပင် ဖြစ်သည်။ သူ ဒုတိယဘိုးဘေးအား သတ်ခြင်းကို မည်သူမှ တားဆီးခွင့် မရနိုင်စေရပါ။ ယနေ့ ဤနေရာမှ လူတစ်ယောက်သာလျင် အသက်ရှင်လျက် ထွက်လာ နိုင်ရမည်။

မိစ္ဆာမျှော်စင်ထဲမှ မိစ္ဆာများ တုန်လှုပ်သွားကြသည်။ သူတို့အရှေ့မှ လူနှစ်ယောက်သည် အခြားသော သူများထက် ပိုရက်စက်ကြမ်းကြုတ်ပြီး သူတို့၏ အရှိန်အဝါတစ်ခုတည်းကပင် သူတို့အား ခွန်အားမဲ့သလို ခံစားရစေပြီး မိစ္ဆာက သူတို့မဟုတ်ဘဲ ထိုလူနှစ်ယောက်ဟုပင် ထင်မှတ်ရသည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယဲ့ဖန်၏ လက်သီးချက်က ဒုတိယဘိုးဘေး၏ တိုက်စစ်ကို တားဆီးလိုက်သည်။

“ဟမ် ထပ်တားနိုင်ပြန်ပြီလား၊ ဒီကောင့်ရဲ့ ဇစ်မြစ်က ဘာလဲ၊ ဘယ်လိုလုပ် သူက ငါနဲ့ လိုက်ယှဉ်နိုင်ရတာလဲ”

မိစ္ဆာမျှော်စင်ထဲမှ မိစ္ဆာများ အားကျဟန်ဖြင့် ပြောလာကြသည်။ ထိုစွမ်းအင်ကို သူတို့ပါ ခံစားမိသဖြင့် ထိတ်လန့်နေကြလေသည်။ နှစ်ပေါင်းများစွာအတွင်း ဒုတိယဘိုးဘေး ဤသို့သော ရန်သူနှင့် တွေ့ရခြင်းကို သူတို့ ယခုမှ မြင်ဖူးခြင်းပင်။

ချက်ချင်းဆိုသလိုပင် မိစ္ဆာမျှော်စင်တွင်းမှ အော်သံများ ထွက်ပေါ်လာသလို တာအိုစွမ်းအင် များလည်း ဆက်လက် ပျံ့နှံ့လာ၏။ ယဲ့ဖန်နှင့် ဒုတိယဘိုးဘေးတို့သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အသည်းအသန် တိုက်ခိုက်နေကြသည်။

ထိုတာအိုစွမ်းအင်နှင့် အသံလှိုင်းများက သူတို့၏ နားစည်ကို ထိုးဖောက်နေသည်။ သို့သော် သူတို့သည် ဤမိစ္ဆာမျှော်စင်မှ ထွက်မပြေးနိုင်ဖြင့် ထိုဒဏ်ကို ခံစားနေရလေသည်။

“ယဲ့ဖန် မင်း ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူးကွ၊ သေလိုက်တော့”

ဒုတိယဘိုးဘေးက ကြမ်းကြုတ်သော မျက်နှာထားနှင့် သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသော ပိုကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို ထုတ်ဖော်လေသည်။ သွေးရောင်ရှိသော အရိုးလှံရှည်က ပုံထပ်ပြောင်းလာပြီး သူ၏ ချီစွမ်းအင်နှင့် ပေါင်းစပ်ကာ ယဲ့ဖန်အား တိုက်ခိုက် လာသည်။

“အဘိုးကြီး ပါးစပ်ပိတ်ပြီး သေလိုက်”

ယဲ့ဖန်၏ မျက်နှာသည်လည်း သူ့နည်းတူ ကြောက်စရာကောင်းနေပြီး ခြေထောက်ဆောင့် လိုက်သောအခါ ငရဲပွင့်လာပြီး အထဲမှ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ထောင်ချီသော သံကြိုးများ ထွက်ပေါ်လာသည်။

လက်ရှိတွင် နှစ်ဖက်လုံးက စကားအပိုမပြောဘဲ အရူးအမူး မရပ်မနား တိုက်ခိုက်နေကြသည်။ သူတို့ပုံစံက မတူညီသော မိစ္ဆာနှစ်ကောင် တိုက်ခိုက်နေကြသလိုပင်။

မိစ္ဆာမျှော်စင်သည် ဆက်တိုက် တုန်ခါနေပြီး တာအိုစွမ်းအင်များ ပျံ့လွင့်နေသောကြောင့် ဆယ်မိုင်အတွင်းမှ လူတိုင်းကို ထိတ်လန့်သွားစေသည်။

“ဘယ်သူလဲ၊ ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး မိစ္ဆာမျှော်စင်ထမှာ မျှော်စင်သခင်ကို သွားစိန်ခေါ်ရဲတာလဲ”

“သေတွင်းတူတာပဲ၊ ဒါ လုံးဝကို သေတွင်းတူးတာ၊ မျှော်စင်သခင်က မျှော်စင်ထဲမှာဆို ပြိုင်ဘက်ကင်းပဲ၊ သူ ဟိုးခေတ်ကတည်းက တစ်ခါမှ မရှုံးဖူးဘူး၊ အဲ့လူက ဘယ်သူပဲဖြစ်ဖြစ် သူတော့ ဇာတ်သိမ်းပြီပဲ”

အနီးဝန်းကျင်မှ ဒေသခံများ ထိတ်လန့်နေကြသည်။ တစ်စုံတစ်ယောက်က သေတွင်းတူးနေပြီ မဟုတ်ပါလော။

“မဟုတ်သေးဘူး၊ ဘာလို့ ဒီအရှိန်အဝါက မျှော်စင်သခင်ထက် မနိမ့်ကျဘူးလို့ ငါ ခံစားမိနေတာလဲ၊ အဲ့ဒါက ပိုပြီးတော့တောင် နတ်ဆိုးဆန်သေးတယ်၊ လူတွေကို စိတ်ဝိညာဉ် အထိပါ ကြောက်လန့်စေအောင် လုပ်နေတယ်၊ မိစ္ဆာမျှော်စင်ထဲမှာ ဘယ်တုန်းက အဲ့လို နတ်ဆိုးမျိုး ရှိနေတာလဲ”

“မယုံနိုင်စရာပဲ”

မျှော်စင်သခင် အလွန် ဒေါသထွက်နေခြင်းအား နှစ်ပေါင်းများစွာကြာအောင် သူတို့ မမြင်ဖူးခဲ့ပါ။ သူသည် ဒေါသထွက်လွန်းသဖြင့် မိစ္ဆာမျှော်စင်ပင် တုန်ခါနေသည် မဟုတ်ပါလော။

တစ်စုံတစ်ယောက်က အဆုံးစွန်အထိ ဖိအားပေးနေပုံရသည်။ အဘယ် နတ်ဆိုးမိစ္ဆာ၌ ထိုသို့သော အစွမ်းမျိုး ရှိနေသနည်း။

“သွားကြ”

ဒုတိယဘိုးဘေးသည် ကိုယ်ပွားနှစ်ခုကို ဖန်တီး၍ ယဲ့ဖန်အား ဘယ်တစ်ယောက်၊ ညာတစ်ယောက် ညှပ်တိုက်လေသည်။

သို့သော် ယင်းတိုက်ကွက် အချည်းနှီးပင်။ ယဲ့ဖန်က လက်သီးတစ်လုံးဖြင့် ကိုယ်ပွား တစ်ယောက်ကို ပျက်စီးစေပြီး နောက်တစ်ယောက်အား နံရံဖြင့် ဝင်တိုက်သွားစေသည်။ ရက်စက် ပြတ်သားလွန်းပေ၏။

ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ယန်စွမ်းအင်များ အပြင်းအထန် ထွက်ပေါ်နေပြီး အရှိန်အဝါက ရုတ်တရက် တိုးမြင့်လာသည်။ ငရဲမှ ထောင်ချီသော သံကြိုးများကလည်း ပြိုင်တူ ထွက်ပေါ်လာပြီး သူမတူသော စွမ်းအင်က လွှမ်းမိုးလာလေသည်။

ထောင်ချီသော သံကြိုးများက သွေးရောင် အရိုးလှံရှည်၏ ခံစစ်ကို ထိုးဖောက်ကာ ဒုတိယ ဘိုးဘေးထံ တိုးဝင်သွားပြီး သူ့ခန္ဓာကိုယ်အား ထိုးဖောက်လာ၏။ ဒုတိယဘိုးဘေးပုံစံက ပျားတူအုံနှင့် တူလာသည်။

“အဟွတ် အဟွတ်”

သူ သွေးများအန်လာပြီး မျက်လုံးများက ရီဝေလာလေသည်။ သူ မယုံနိုင်သလို လက်လည်း မခံနိုင်ချေ။

သူ ကျင့်ကြံထားသမျှကို အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်ပါသော်လည်း အဘယ်ကြောင့် ဤလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်ရသေးသနည်း။ သူ လက်မခံနိုင်ပါ။ သူ ပိုမို၍သာ မုန်းတီးလာသည်။

*ဘာလို့ ဒီကောင်က မသေရတာလဲ*

ထိုစဉ် ထန်ပုခူနှင့် အခြားသူများလည်း ထိုနေရာသို့ ရောက်လာကြပြီး မိစ္ဆာမျှော်စင်တွင်းမှ ပေါက်ကွဲမှုကို မြင်ပြီး အံ့ဩသွားကြသည်။

“ယဲ့ဖန်က အထဲမှာ ဒုတိယဘိုးဘေးနဲ့ တိုက်ခိုက်နေတာလား”

ထန်ပုခူ တဒင်္ဂမျှ မှင်တက်သွားရသည်။ သူမအကြောင်းကို နားထောင်ပြီးသည်နှင့် ယဲ့ဖန်က ဤသို့သော ရန်သူကြီးကို သတ်ချင်စိတ် ရှိလိမ့်မည်ဟု သူမ မယုံနိုင်ပါ။

*ဒီလူ ရူးနေပြီလား*

“ငါတို့ အချိန်တစ်ခုလောက်အထိ အထဲဝင်မသွားတာ ပိုကောင်းမယ်ထင်တယ်”

တစ္ဆေဖန်ချီ၏ မျက်နှာသည်လည်း လေးနက်နေ၏။ အထဲမှ နှိုင်းယှဉ်ရမသော အရှိန်အဝါကို သူ ရှင်းလင်းစွာ ခံစားမိနေသည်။ ထိုအရှိန်အဝါအား သူတောင်မှ မယှဉ်နိုင်ဘဲ နောက်ဆုတ်ရုံသာ တတ်နိုင်ပေသည်။

ထန်ပုခူ ပြောစရာ စကားမဲ့နေပြီး သူမရင်ထဲ၌ ခါးသီးမှုများ ဖြစ်ပေါ်နေသည်ကို ခံစားမိသည်။

*လတ်စသတ်တော့ ဒုတိယဘိုးဘေးက ဒီလောက် ကြောက်ဖို့ကောင်းတာကိုး၊ သူ့ကို ငါ မဆင်မခြင် သတ်ချင်နေခဲ့တာက ဟာသ ဖြစ်နေပါလား*

လက်ရှိတွင် သူမသည် ယဲ့ဖန်အား စိုးရိမ်စပြုလာသည်။ ယဲ့ဖန်က ဤသို့ ကြောက်စရာ ကောင်းသော နတ်ဆိုးနှင့် ရင်ဆိုင်နိုင်ပါမည်လော။

ထိုအခိုက်တွင် တစ္ဆေဖန်ချီသည် တစ်စုံတစ်ရာကို သတိပြုမိသွားပြီး ကောင်းကင်ကို မော့ကြည့်ကာ မျက်နှာပျက်လာသည်။

“အဘိုးကြီး ခင်ဗျား ဇာတ်သိမ်းပြီ”

ယဲ့ဖန် ကြမ်းတမ်းစွာ မာန်မဲလိုက်ပီး ရှေ့သို့ တစ်လှမ်းချင်း တိုးလာသည်။ ဖန့်ယင်း၏ ဘဝကို ခက်ခဲအောင် လုပ်ခဲ့သည့်အပြင် ဖန့်ယင်းကို သရဲတစ္ဆေသဖွယ် ဖြစ်အောင် လုပ်ခဲ့သည့် ဒုတိယ ဘိုးဘေးအား သူ ခွင့်မလွှတ်နိုင်ပါ။

“မင်း ငါ့ကို ဖိအားပေးတာပဲ”

ဒုတိယဘိုးဘေး၏ မျက်နှာတွင် အာဃာတတို့ဖြင့် ပြည့်နှက်လာပြီး လေသံက အလွန်အမင်း ကြမ်းကြုတ်လာသည်။

“မင်းက ငါ့ကို မရှင်စေချင်မှတော့ မင်းကိုလည်း ငါ အသက်ရှင်ခွင့် မပေးဘူးကွ”

ဒုတိယဘိုးဘေး၏ ခန္ဓာကိုယ်မှ အနက်ရောင်သွေးစက်များ ထွက်ပေါ်လာပြီး မိစ္ဆာမျှော်စင် တစ်ခုလုံး တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“စုပ်ယူစမ်း စုပ်ယူလိုက်စမ်း”

သူ ကြုံးဝါး၍ မိစ္ဆာများ၏ စိတ်ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသောကြောင့် သူ့အရိုးများ အက်ကွဲကာ အသွင်ပြောင်းလာပြန်သည်။

လက်ရှိအချိန်၌ သူသည် ယဲ့ဖန်ကို သတ်ချင်ဇောဖြင့် ရူးသွပ်နေကာ သူ့အသက်ကိုပါ စတေးနေ၏။

သူ့ခန္ဓာကိုယ်က မသတီစရာ အသွင်အဖြစ် ပြောင်းလဲလာပြီး‌ ခြေလက်များ ပုံပန်းပျက်ကာ လူ့အသွင်ပျောက်၍ ထူးဆန်းသော မိစ္ဆာကောင်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

မိစ္ဆာမျှော်စင်ထဲမှ မိစ္ဆာထက်ဝက်ကျော်မျှ စိတ်ဝိညာဉ် စွမ်းအင် စုပ်ယူခံလိုက်ရသဖြင့် ငယ်သံ ပါအောင် အော်ဟစ်ရင်း ပြာဖြစ်ကာ သေဆုံးသွားကြလေသည်။

ဒုတိယဘိုးဘေးသည် သူ့ကိုယ်သူ စတေးနေပြီး လက်ရှိအချိန်က သူ့ဘဝ၌ အသန်မာဆုံး အချိန်ဖြစ်ပြီး နတ်ဘုရင်အဆင့်ပင် သူ့ကို စိန်ခေါ်ရဲမည် မဟုတ်ပါ။

သူ့အနောက်မှ မတူသော ဥပဒေသများ ပျံ့လွင့်နေပြီး တာအိုစွမ်းအင်နှင့် ချိတ်ဆက်ကာ မိုးမြေကို ဖျက်ဆီးနိုင်လောက်သည် တာအိုဥပဒေသ ဖြစ်ပေါ်လာ၏။

ဤသည်မှာ ယဲ့ဖန်ကို သေတွင်းထဲဆွဲချနိုင်မည့် သူ၏ နောက်ဆုံး ဝှက်ဖဲ ဖြစ်သည်။ ယဲ့ဖန်ကို သတ်ပြီးလျင် သူ့ဘဝ၏ လက်ကျန်သက်တမ်းကို ဆွဲဆန့်၍ ဟွမ်ယွီလင်းအပါအဝင် ယဲ့ဖန်နှင့် ပတ်သတ်သူတိုင်းကို သတ်ပစ်မည်။ သူ သေရမည်ဆိုလျင်တောင်မှ စိတ်ကျေနပ်သည်အထိ သတ်ဖြတ်ပစ်မည်။

“အဆုံးသတ်ချိန်တန်ပြီ”

ယဲ့ဖန်ကလည်း တီးတိုးပြောလာသည်။ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ စွမ်းအင်များ ထွက်ပေါ် လာသည်။ သူ့အသား၊ အရိုးနှင့် ဆံပင်များသည် ကြယ်တာရာများအဖြစ် ပြောင်းလဲသွားပြီး နဂါးငွေ့တန်းအတွင်း၌ တလက်လက်တောက်နေသော ကြယ်တာရာများနှင့် အသွင်တူလာ၏။

သူသည် နဂါးငွေ့တန်းအတွင်း၌ လျှောက်လှမ်းနေသကဲ့သို့ မိစ္ဆာအသွင်ပြောင်းနေသော ဒုတိယဘိုးဘေးထံ လျှောက်လှမ်းသွားသည်။

ယဲ့ဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး အတွင်း၌ နေနှင့်လတို့ လည်ပတ် နေသည်ဟုပင် ထင်မှတ်ရကာ ထည်ဝါသော အငွေ့အသက်နှင့် စွမ်းအင်လှိုင်းများ ပျံ့လွင့်နေ၏။

သေချာကြည့်မည်ဆိုလျင် ဒုတိယဘိုးဘေးနီးနီး လူသတ်ချင်စိတ်များ အထိန်းအကွပ်မဲ့ ထွက်ပေါ် နေသည်ကို မြင်ရပေမည်။ နှစ်ယောက်လုံး ဒေါသထွက်ကာ ရူးသွပ်နေကြသည်။

“သေပေတော့”

နှစ်ယောက်လုံးထံမှ တူညီသော စကားက ပြိုင်တူ ထွက်ပေါ်လာပြီး ချက်ချင်း တိုက်ခိုက်လေ တော့သည်။

ဤသည်မှာ ကပ်ဆိုက်ခြင်းပင်။ ဤစွမ်းအင်လှိုင်းကို မခံနိုင်သဖြင့် မရေတွက်နိုင်သော မိစ္ဆာများ သေဆုံးသွားကြသည်။

ဤသို့သော စွမ်းအင်သည် အလွန် ပြင်းထန်ပြီး ပျံ့လွင့်နေသော အရှိန်အဝါကပင် ထောင်သောင်း ချီသော သက်ရှိများကို ပြာဖြစ်စေနိုင်သည်။

ထိုအခိုက်တွင် မိစ္ဆာမျှော်စင် ပျက်စီးသွားလေသည်။ ပြင်းထန်သော ဤစွမ်းအင်ကို ၎င်း တောင့်မခံနိုင်တော့ပါ။ များစွာသော ဥပဒေသများက မိုးမြေကိုပင် ဖျက်ဆီးနိုင်လောက်သည်။ ယင်းစွမ်းအင်က အရာရာတိုင်းကို ဖျက်ဆီးလေတော့သည်။

“ဘာ … မိစ္ဆာမျှော်စင် ပြိုကျတာလား”

အနီးဝန်းကျင်မှ ဒေသခံများ မယုံနိုင်စွာ ထအော်မိသည်။ ယခုအဖြစ်က ကြောက်စရာ ကောင်းလွန်းလှသည်။

“မျှော်စင်သခင် ရှုံးသွားတာများလား”

မိစ္ဆာမျှော်စင်က မျှော်စင်သခင်၏ သင်္ကေတမှန်း သူတို့ သိကြသည်။ မျှော်စင်သခင်သည် မသေဆုးနိုင်သဖြင့် မိစ္ဆာမျှော်စင်က ယခုထက်ထိ မပြိုကျခြင်း ဖြစ်သည်။ သို့သော် ယခု ဝုန်းခနဲ ပြိုကျလာသဖြင့် ထိတ်လန့်ဖွယ် ကောင်းပေ၏။

ထို့နောက် နဂါးငွေ့တန်း ထိုးထွက်လာပီး တာအိုစည်းတံဆိပ်များ ပေါ်ပေါက်လာပြီး မြေကြီးမှ နဂါးတိုင်လုံးများ မြင့်တက်လာပြီး မြင်ကွင်းများစွာ ဖြစ်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

လူတိုင်း ခြောက်ခြားသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ပိုင်အတွင်းမှ အရာအားလုံး ပျက်စီးသွားပြီး တောတောင်များ ပြိုကျကာ ကွင်းပြင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

မြေအနေအထား ပြောင်းလဲသွားလေသည်။ အချိန်အတော်ကြသည်အထိ အရာအားလုံး တိတ်ဆိတ်နေ၏။ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် တိုက်ပွဲ အဆုံးသတ်သွားလေပြီ။

လူတိုင်း စိတ်တည်ငြိမ်သွားပြီးနောက် အပျက်အစီးပုံအား စိတ်လှုပ်ရှားစွာ ကြည့်လာကြသည်။ ထန်ပုခူလည်း ထိုနည်းတူပင်။ သူမမျက်ဝန်းတွင်း၌ စိုးရိမ်စိတ်များ ပြည့်နှက်နေကာ ယဲ့ဖန် ထိခိုက်မည်ကို စိုးရွံ့နေ၏။

ထို့ကြောင့် သူမ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် အပျက်အစီးပုံကိုသာ ကြည့်နေမိသည်။ လေတိုက်လာသောအခါ ဖုန်မှုန့်များ လွင့်ပြယ်သွားပြီး အပျက်အစီးထဲမှ လူတစ်ယောက် ထွက်လာသည်။

သူသည် လက်ကိုနောက်ပစ်၍ တစ်လောကလုံးအား အထင်သေးဟန်ဖြင့် မားမားမတ်မတ် ရပ်ကာ ဖော်မပြတတ်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

သူသည် အရပ်မျက်နှာတိုင်းကို ကြည့်နေသည့် ဘုရင်တစ်ပါးနှင့် တူနေကာ အလွန်အမင်း ဖိနှိပ် နိုင်စွမ်း ရှိလေသည်။

ထိုစဉ် သူသည် ထန်ပုခူကို စိုက်ကြည့်လာပြီးနောက် သုန်မှုန်နေသော မျက်နှာတွင် ကြည်လင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“ငါနဲ့ဆိုရင် မင်းဘဝမှာ ဘယ်တော့မှ ဒုက္ခတွေနဲ့ ကြုံတော့မှာ မဟုတ်ဘူး”

 

Chapter 1382 နှလုံးသား နာကျင်၍ ကျယ်လောင်စွာ ငိုကြွေးခြင်း

ထိုစကားကိုကြားသော် ထန်ပုခူ တစ်ကိုယ်လုံး သိမ့်ခနဲ တုန်သွားပြီး မျက်ရည်များ ကျဆင်း လာသည်။ သူမ နားမလည်နိုင်သလို လက်သင့်လည်း မခံနိုင်ချေ။

“ရှင် ရူးနေလား”

ထန်ပုခူက ယဲ့ဖန်ကို ချက်ချင်း အော်ဟစ်လိုက်သည်။

*ဘာလို့လဲ၊ ဘာလို့ ကျွန်မ မျှော်လင့်ချက် မဲ့နေတုန်း ကျွန်မကို မျှော်လင့်ချက် ပေးရတာလဲ၊ ဘယ်လိုလုပ် ကျွန်မကို သေချင်စိတ် ပျောက်သွားအောင် လုပ်ရတာလဲ*

ယဲ့ဖန်က အဘယ်ကြောင့် သူမအပေါ် အလွန် ကြင်နာနေမှန်း သူမ နားမလည်နိုင်ပါ။ သူမဘဝ အကြောင်း ကြားလိုက်ရလို့လား။ မဖြစ်နိုင်ပါ။

သူမ နားလည်ထားပုံအရဆိုလျင် ယဲ့ဖန်သည် သနားကြင်နာမှုများ ပြည့်လျှံနေသည့် ကြင်နာ တတ်သော လူတစ်ယောက် မဟုတ်ပါ။ သူမစကားကြောင့် ဘယ်လိုလုပ် သူက အသက်ကိုရင်း၍ တိုက်ခိုက်ရသနည်း။ သူ ရူးမနေမှသာ ထိုသို့လုပ်လောက်သည်။

သူမ ငိုနေသည်ကိုမြင်သော် ယဲ့ဖန် ကူကယ်ရာမဲ့စွာ ရယ်လိုက်မိသည်။ ထန်ပုခူ စိတ်ထဲရှိသမျှ ဖွင့်ထုတ်လိုက်ရန် လိုအပ်နေကြောင်း သူ သိပါသည်။ သူမ၏ မျက်ရည်၊ ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျမှုနှင့် အရာအားလုံးကို ဖွင့်ထုတ်ချလိုက်ရန် လိုနေသည်။

သူမ အရာအားလုံး ဖွင့်ထုတ်လိုက်လျင် ဘယ်သောအခါမှ သေချင်စိတ် ထပ်ပေါ်တော့မည် မဟုတ်ပါ။

“ထန်ပုခူ မင်း ပြောတာမှန်တယ်၊ တကယ်တော့ ငါ မင်းကို ပထမဆုံး တွေ့တဲ့အချိန်ကစပြီး ငါ မင်းနဲ့ တွဲချင်နေတာ”

ယဲ့ဖန်က သူမကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“အခု ငါ မင်းနဲ့ တွဲချင်နေသေးတုန်းပဲ”

ထန်ပုခူ တစ်မိနစ်ကျော်မျှ ကြက်သေ သေနေမိသည်။ ထို့နောက် သူမသည် ထိန်းချုပ် ထားသမျှကို ဖွင့်ချကာ အသံပျောက်မတတ် ငိုကြွေးလေတော့သည်။ ဤအပြုအမူအား ဟစ်ကြွေး ငိုယိုခြင်းဟုသာ ဆိုရပေတော့မည်။

သူမသည် မြေကြီးပေါ် ဒူးထောက်၍ ကောင်းကင်ကို မော့ကြည့်ကာ လည်ချောင်းကွဲမတတ် မောကြီးပန်းကြီး ငိုကြွေးနေပုံက သားရဲတစ်ချို့၏ အော်သံနှင့်ပင် တူနေလေသည်။

ရင်ထဲ၌ မည်မျှ နာကျင်ခံစားနေရ၍ ကျယ်လောင်စွာ အော်ငိုနေရသနည်း။ ထို့နောက် သူမ၏ ပုံပန်းကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့သော ထန်ပုခူသည် သူမမျက်နှာကို အလျင်အမြန် ဖုံးအုပ်လေသည်။

“ကျွန်မကို သဘောမကျပါနဲ့၊ ကျွန်မက အရမ်း ရုပ်ဆိုးတယ်၊ ရှင် ကျွန်မကို ထပ်ပြီး သဘော မကျတော့နဲ့”

သူမသည် အလွန် ရုပ်ဆိုးပြီး သရဲလည်းမဟုတ်၊ လူလည်းမဟုတ်သော အသွင် ရှိနေသည့်အပြင် ကြာကြာနေရမည်လည်း မဟုတ်ပါ။ အဘယ်ကြောင့် ယဲ့ဖန်က သူမကို သဘောကျရသနည်း။ သူမသည် ယဲ့ဖန်နှင့် လုံးဝ မထိုက်တန်ပါ။

“ကျေးဇူးပြုပြီး ကျွန်မကို သဘောမကျပါနဲ့၊ အဲ့လို လုပ်နိုင်မလား”

ထိုသို့ပြောနေချိန်တွင် ထန်ပုခူ၏ အသံက တုန်ယင်နေ၏။ “ရှင် ကျွန်မကို သဘောကျတယ်ဆိုရင် ကျွန်မ မိန်းမကောင်းလေး တစ်ယောက် ဖြစ်စေရပါမယ်၊ ကျွန်မက လှပတယ်၊ နူးညံ့တယ်၊ ရှင့်အတွက် ပိကောင်းလာမှာပါ”ဟု ပြောချင်ပါသည်။ သို့သော် သူမက ထိုစကားကဲ့သို့ ဟုတ်မနေ သောကြောင့် ထိုသို့ မပြောနိုင်ပါ။

တကယ်တမ်း၌ သူမသည် ရုပ်ဆိုးသော မိစ္ဆာ ဖြစ်နေသည်။ သူမကိုယ်တိုင်ပင် မနှစ်မြို့ရသည့် မိစ္ဆာတစ်ကောင်ပင်။

သူမမျက်နှာအား သူမကိုယ်တိုင်ပင် စိတ်ပျက်မိရသည်။ သူမကဲ့သို့သော လူမျိုးက တပါးသူအား ချစ်ရန် မထိုက်တန်သလို အချစ်ခံရရန်လည်း မထိုက်တန်ပေ။ မကောင်းမြင်စိတ်နှင့် မျှော်လင့်ချက်မဲ့သော စိတ်တို့က အရိုးထဲ၌ ကင်ဆာသဖွယ် ပျံ့နှံ့လာပြီး ထန်ပုခူအား အတွေးနွံ ထဲမှ ရုန်းမထွက်နိုင်အောင် ပြုလုပ်နေ၏။

သူမ အခြားသူများအပေါ် ကောင်းမပြရဲသလို အခြားသူများက သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံလာမည်ဟုလည်း မမျှော်လင့်ရဲပေ။

သူမ အခြားသူများကို မနာကျင်စေချင်သလို သူမကိုယ်တိုင်လည်း နာကျင်ရမည်ကို ကြောက်ပါသည်။ သူမသည် အကြိမ်ကြိမ် ရုန်းကန်ခဲ့ရပြီး ထိခိုက်နစ်နာခဲ့ရသည်။ ဤသည်မှာ သူမ၏ အတွင်းစိတ် ဒဏ်ရာပင်။

သူမရှေ့မှ ယဲ့ဖန်ကို ချစ်မိနေလေသည်။ သူ့ကိုမြင်နေရသဖြင့် ထန်ပုခူ ရင်ကွဲကာ အလျင်အမြန် နောက်လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်၌ သန်မာသော လက်တစ်စုံက သူမကို တင်းကြပ်စွာ ဖမ်းကိုင်လာပြီး ရင်ခွင် တွင်း၌ ထွေးပွေ့လာသည်။

“ငါ မင်းကို တစ်ခါ ဆုံးရှုံးရပြီးပြီ၊ ငါ မင်းကို နောက်တစ်ခါ ထွက်ပြေးခွင့်ပေးမယ် ထင်နေ တာလား”

နတ်ဆိုးဆန်၍ ဖိနှိပ်တတ်သော လူသည် ယခုအချိန်၌ အသံက တုန်ယင်နေပုံ ပေါက်နေသည်။ ထန်ပုခူ ကြက်သေ သေသွားရသည်။ ယဲ့ဖန် ပြောသော စကားကို သူမ သေချာ မကြားနိုင် တော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းကာ အတွေးထဲ ဗလာဖြစ်သွားရသည်။

ယခင်ကဆိုလျင် လူအများသည် သူမကို မြင်သည်နှင့် အဝေးသို့ ရှောင်ထွက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမအသွင်အပြင်က အလွန် စက်ဆုပ်ဖွယ်ကောင်းနေပြီး ပင်ကိုစရိုက် ကလည်း အေးစက်သောကြောင့် အများက မနှစ်သက်ကြချေ။

သို့သော် ယဲ့ဖန်နှင့်ဆိုလျင် သူ၏ နွေးထွေးသော ရင်ခွင်က သူမ၏ အေးစက်သော ခန္ဓာကိုယ်နှင့် စိတ်သဘောထားကိုပါ နွေးထွေးလာစေ၏။

*ကျွန်မအပေါ် သိပ်မကောင်းပါနဲ့၊ ရှင် ဒီလိုဖြစ်နေရင် ကျွန် ရှင်ဆီက ခွာဖို့ တကယ် ခက်သွား လိမ့်မယ်*

ဘာကြောင့်မှန်း မသိသော်လည်း သူစိတ်ထဲတွင် ယဲ့ဖန်အပေါ် အလွန် တွယ်တာသလို ခံစားနေရသည်။ သူမ ဤလူကို သိပ်မကြာခင်ကမှ သိခဲ့သော်လည်း သူမတို့က မွေးကတည်းက ချစ်သူများ ဖြစ်နေသလို ခံစားချက်မျိုး ရနေသည်။

သူမ ဤလူနှင့် လက်ထပ်သင့်သည်ဟုပင် ခံစားနေရလေသည်။ ဤသည်က မြင်မြင်ချင်း အချစ် လေလော။

“မတွေးနဲ့ မစဉ်းစားနဲ့ ဂရုမစိုက်နဲ့”

ယဲ့ဖန်၏ လေးနက်၍ ဆွဲဆောင်မှုရှိသော အသံက သူမနားထဲ ဝင်ရောက်လာသည်။

“ငါ့ကိုပဲ ယုံပါ၊ ငါ မင်းကို တစ်သက်လုံး နာကျင်မှုတွေထဲမှာ မနေခိုင်းပါဘူး”

ထန်ပုခူ ထိုင်းမှိုင်းတွေဝေသွားသည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ ဆိုးရွားသော အသွင်အပြင်ကို လျစ်လျူရှုကာ လေးကန်စွာ ခေါင်းညိတ်လိုက်သည်။

လက်ရှိအချိန်၌ ယဲ့ဖန်က သူမအား သူမသည်လည်း အချစ်ခံရန် ထိုက်တန်သည်ဟု ပြောနေသလိုပင်။

ပထမဆုံးအကြိမ်အဖြစ် သူမနှလုံးသားတံခါးကိုဖွင့်ကာ ယုံကြည်ရန် ကြိုးစားမည်ဟု ဆုံးဖြတ် လိုက်သည်။

“ယဲ့ဖန်”

ထိုသို့သောအချိန်၌ အပျက်အစီးများကြားတွင် မသတီစရာ အသွင်နှင့် လဲနေသော ဒုတိယ ဘိုးဘေး ဟစ်အော်လာသည်။

သူ့တစ်ကိုယ်လုံး ကြေမွကာ သွေးအလိမ်းလိမ်း ဖြစ်နေပြီး ခြေလက်များ ကျိုးကြေ၍ တစ်ကိုယ်လုံး အဝတ်စုတ်သဖွယ် စုတ်ပြတ်နေ၏။ သူ့မျက်လုံးများမှာမူ ကြမ်းကြုတ်ခက်ထန် နေပြီး ယဲ့ဖန်အား နုတ်နုတ်စင်းချင်နေလေသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ကို ဒီလိုဖြစ်အောင် လုပ်ပြီးတော့ ငါ့ရှေ့မှာ မိန်းကလေးနဲ့ ကြည်နူး နေတယ်ပေါ့လေ*

*ဒီထက် ပိုဆိုးတဲ့ စော်ကားခံရမှုမျိုး ရှိသေးလား*

ရန်သူကို ကျိုးကန်းသော အခြေအနေအထိ ရိုက်နှက်ပြီးနောက် တမလွန်သို့ ပို့ရမည့်အစား သူ့ရှေ့၌ အရှက်မရှိ ချစ်ကြည်နူးပြနေ၏။ စက်ဆုပ်ဖွယ် ကောင်းလှလေသည်။

ယဲ့ဖန်က သူ့အား သုန်မှုန်စွာကြည့်၍ ထန်ပုခူအား ပြောလိုက်သည်။

“ဒါက မင်းမိသားစု ပျက်စီးရတဲ့ လက်သည်တရားခံပဲ”

ထန်ပုခူက ဒုတိယဘိုးဘေးကို မာမာထန်ထန် ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ ကြာသွား သော်လည်း သူမ ဤခွေးသူခိုးအိုကြီးအား အရှင်လတ်လတ် ဝါးစား၍ သူ့အသားနှင့် သွေးတို့အား သောက်ရန် မစောင့်နိုင်ခဲ့ပါ။

“ဟားဟားဟား ယဲ့ဖန် မင်း ကန်းနေလား၊ မင်းက ဒီလို ရုပ်ဆိုးတဲ့ မိစ္ဆာမကို သဘောကျတယ် ပေါ့လေ၊ မင်းအကြိုက်က သူမတူဘူးလို့ ပြောရမှာလဲ၊ ဒီလို လူမဟုတ်ဘဲ သရဲဆန်တဲ့ဟာမကို ငါ့ မပေးချင်ဘူးလား”

ဒုတိယဘိုးဘေးက ဟားတိုက် ရယ်မောလေသည်။ သူ့စကား၌ အထင်သေးမှုများနှင့် ပြည့်နှက် နေ၏။ ဤသို့သော ရုပ်အဆင်းမလှမှုအား ရုပ်ဆိုးသည်ဟု ပြောရမှာကိုပင် သနရသည်။

“နင့်ကြောင့် ငါ ဒီလို ဖြစ်လာတာလေ”

ထန်ပုခူက ဒုတိယဘိုးဘေးကို စူးစူးရဲရဲ စိုက်ကြည့်၍ ဓားကိုမြှောက်ကာ သူ့လက်မောင်း တစ်ဖက်အား ဖြတ်ရန် ပြင်လေသည်။

“အာ … မင်းက အဲ့ခွေးမကိုး၊ ငါ မင်းကိုပါ အသုံးတော်ခံအဖြစ် မဖမ်းနိုင်ခဲ့လို့ တကယ် နောင်တရခဲ့တာ၊ ဒီလိုနေ့မျိုး ရှိလာမယ်မှန်း သိရင် မင်းအမေကို ငါ နောက်ရက်အချို့အထိ ပိုပြီး နှိပ်စက်တယ်”

ဒုတိယဘိုးဘေးက ဒေါသတကြီး ကြုံးဝါးလာသည်။

“ခွေးသူခိုးကြီး ငါ နင့်ကို သတ်မယ်”

ထန်ပုခူ အလွန် ဒေါသထွက်သွားလေသည်။ တစ်ဖက်လူက သူမတို့ မိသားစုအား ဤသို့ ထိခိုက် ပျက်စီးအောင် လုပ်ခဲ့သော်လည်း နောင်တရစိတ်ပင် မရှိချေ။

ထန်ပုခူက သူ့အား နုတ်နုတ်စင်းရန် ဓားကိုဆွဲ၍ ရှေ့တိုးသွားသည်။ သို့သော် ထိုအချိန်၌ ယဲ့ဖန်က ညစ်ကျယ်ကျယ် ရယ်လာသည်။

“သူ့ကို ဒီလိုသတ်လိုက်တာက ပေါပေါပဲပဲ ဖြစ်မနေဘူးလား”

ထန်ပုခူ မှင်တက်သွားပြီးနောက် ရယ်လိုက်သည်။

“ရှင့်မှာ ပိုကောင်းတဲ့အကြံ ရှိတာလား”

“ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်”

ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။ နတ်ဆိုးဧကရာဇ်ဖြစ်ပြီး ခေတ်ကိုးခေတ်စာအထိ နေထိုင်ခဲ့သော သူ့၌ အခြားသူအား ထိထိရောက်ရောက် နှိပ်စက်နိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။

“သူ့ကို သေတာထက် ဆိုးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ အခုတစ်ရာလောက် ရှိတယ်”

“ဒါပေမဲ့ အပြစ်ပေးတဲ့ နည်းလမ်းနဲ့ပတ်သက်ရင် ဒီနယ်ပယ်ကို ပိုကျွမ်းကျင်တဲ့ ညီအစ်ကို တစ်ယောက် ငါ့မှာ ရှိတယ်၊ သူက ဘဝကို သေတာထက် ဆိုးအောင် လုပ်နိုင်သလို လူတွေကို အသက်ဆက်မရှင်တော့အောင်လည်း လုပ်နိုင်တယ်”

ယဲ့ဖန် ပြောနေသောသူမှာ နတ်ဆိုးနဂါးဖုရှန်ပင်။ ထို့နောက် ယဲ့ဖန်က ဒုတိယဘိုးဘေးအား ထူးဆန်းသော မျက်နှာထားနှင့် ကြည့်လိုက်သည်။

“ဒီလိုဆိုရင် မင်း သူ့ကို နေ့နေ့ညည မတူတဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်လို့ရပြီး၊ မင်း မပျင်းခင်အထိ စိတ်ကြိုက် နှိပ်စက်လို့ရတယ်”

ထိုစကားကိုကြားသော် ထန်ပုခူ ကျေကျေနပ်နပ် ပြုံးလိုက်သည်။ သူ့ကို ဤသို့ သတ်လိုက်ခြင်းက ဤနှစ်များအတွင်း သူမ ခံစားရသော အရာများထက်စာလျင် သက်ညှာရာ ရောက်နေသေးသည်။

သူ့အား သေထက်ထက်ဆိုးသော ခံစားချက်မျိုးအား သူမ ခံစားကြည့်စေချင်သည်။

“မင်းကများ ငါ့ကို ခြံမွေးတိရစ္ဆာန်လို သဘောထားချင်တယ်ပေါ့လေ”

ဒုတိယဘိုးဘေး မျက်လုံးပြူးကာ ဒေါပွလာ၏။ အခြားသူများကို နှိပ်စက်သူမှာ သူသာလျင် ဖြစ်ခဲ့သော်လည်း ယခု သူက အကျဉ်းသားတစ်ယောက် ဖြစ်လာသည်တဲ့လား။

သူ့ဘဝက အကျဉ်းသားများကဲ့သို့ ဖြစ်လာပြီး ခြံမွေးတိရစ္ဆာန်သဖွယ် ယဲ့ဖန် သတ်ချင်သည့် အချိန် အသတ်ခံရတော့မည်ကို တွေးမိပြီး သူ ရူးမတတ် ဖြစ်လာရသည်။

ထို့အပြင် သူတို့နှစ်ယောက်၏ အပြုံးများကိုမြင်ပြီး ဒုတိယဘိုးဘေးသည် သူ့ဘဝက ပိုမဆိုး နိုင်တော့ဟု သိလိုက်လေသည်။

*ဒီခွေးထီးနဲ့ခွေးမကို ငါ့ကို ဘယ်တော့မှ လွယ်လွယ်သေခိုင်းမှာ မဟုတ်ဘူး*

*မဟုတ်ဘူး*

*ငါ သူတို့လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး*

ထိုသို့တွေးမိပြီးနောက် ဒုတိယဘိုးဘေးသည် အံကြိတ်၍ ယန်စွမ်းအင်အားလုံးကို ထုတ်ဖော်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်လေသည်။

“ကျုပ် ခင်ဗျားကို ခင်ဗျား ဖြစ်စေချင်သလို ဖြစ်ခွင့်ပေးမယ် ထင်နေလား”

ထိုစဉ် အေးစက်ကြမ်းကြုတ်သော အသံတစ်သံက သူ့နားစည်ထဲသို့ ဝင်ရောက်လာသည်။ ဒုတိယဘိုးဘေး ခေါင်းမွေးထောင်သွားသည်။ သူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် သူ့လည်ပင်း၌ နာကျင်သလို ခံစားလိုက်ရပြီး သူ စုစည်းနေသော ယန်စွမ်းအင်များ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။

ထို့နောက် သူ့တစ်ကိုယ်လုံး အအေးလှိုင်း ဖြတ်သွားသလို ခံစားလိုက်ရပြီးနောက် အမူအရာ အေးစက် တောင့်တင်းသွားသည်။

“မင်း … မင်း ငါ့ကျင့်ကြံခြင်းကို ဖျက်ဆီးတာလား”

သူ့ကိုယ်ထဲမှ ယန်စွမ်းအင်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူ ခံစားမိနေ၏။ နှစ်တစ်သောင်းတိတိ ကျင့်ကြံထားသည့် ကျင့်ကြံခြင်းက တစ်နေ့တည်းနှင့် ပျောက်ကွယ် သွားလေသည်။ မည်မျှ စိတ်ဓာတ်ကျစရာ ကောင်းလိုက်သနည်း။

ယဲ့ဖန်က ရယ်၍ ပြောလိုက်သည်။

“အခု မင်းက ငါ့အကျဉ်းသားပဲ၊ ငါ မင်းကို မသတ်သေးဘူး၊ ငါ မင်းကို ပျော်အောင် လုပ်ပေး ရမလား”

သူ ဤသို့လုပ်ရသည့် အကြောင်းရင်းမှာ ထန်ပုခူ ဒုတိယဘိုးဘေးအား နှိပ်စက်နေစဉ်အတွင်း တစ်ခုခု မဖြစ်စေလိုသောကြောင့်ပင်။

“ခွပ်”

ထို့နောက် ယဲ့ဖန်က သူ့ပါးစပ်ကို ပိတ်ထိုးလိုက်သဖြင့် သွေးနှင့်အတူ သွားအချို့ ကျွတ်ထွက် လာ၏။

“ခွပ် ခွပ် ခွပ်”

သို့သော် ယဲ့ဖန်သည် ရူးနေပုံရပြီး သူ့ပါးစပ်အား ဆက်တိုက် ထိုးသဖြင့် သွားများအကုန် ကျွတ်သွားလေသည်။

*နာလိုက်တာ*

ဒုတိယဘိုးဘေး မျက်ရည်ကျလာသည်။ သူ့နှုတ်ခမ်းကွဲနေပြီး သွားများကျွတ်ကုန်ကာ သွားဖုံး ကွဲနေသလို ပါးစပ်တစ်ခုလုံး သွေးများနှင့် ပြည့်နေ၏။

“ဒီလိုဆိုရင် ခင်ဗျား လျှာကိုက်ပြီး သတ်သေမှာကို စိုးရိမ်စရာ မလိုတော့ဘူး”

ယဲ့ဖန် ပြုံးလိုက်သည်။ ဒုတိယဘိုးဘေး ထိတ်လန့်သွားပြီး ယဲ့ဖန်အား သွေးပျက်စွာ ကြည့်လေသည်။ တစ်ဖက်လူက သူ့သွားအကုန် ကျွတ်အောင် လုပ်ရသည့် အကြောင်းရင်းက သူ လျှာကိုက်ပြီး သတ်သေမည်ကို စိုးရိမ်၍တဲ့လား။

*ဒီနတ်ဆိုးက ငါ့ကို မသေစေချင်ဘူးပဲ*

“အချစ်ကလေး အခု မင်း ကြိုက်သလိုလုပ်၊ မင်း သဘောပဲ”

ယဲ့ဖန်က ပြုံး၍ ထန်ပုခူ၏ ပခုံးကို ဖက်လိုက်သည်။

“ဟင့်အင်း … ကျွန်မကို အဲ့လိုမခေါ်နဲ့”

ထန်ပုခူ မသိမသာ ရှက်ရွံ့သွားသည်။ ရင်းနှီးသော အသုံးအနှုန်းက အသည်းယားစရာ ကောင်းနေသဖြင့် သူမ မနေတတ်တော့ပါ။

ဤသည်မှာ သူမ တစ်ခါမှ အချစ်ကလေးဟု အခေါ်မခံရဖူးသောကြောင့်ပင်။ ထို့ကြောင့် သူမ ထိုနာမည်နှင့် အသားမကျသေးပေ။

သူမသည် ဒုတိယဘိုးဘေးအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ထိုအကြည့်က ဆာလောင်နေသော သားရဲက သားကောင်ကို အငမ်းမရ စားချင်နေသော အကြည့်နှင့် တူနေ၏။

ဤသည်ကိုမြင်သော် ဒုတိယဘိုးဘေး မျက်နှာပျက်ယွင်းသွားပြီး မျက်နှာတစ်ပြင်လုံး ပြာနှမ်း လာသည်။

“ယဲ့ဖန် ငါတို့ မျိုးနွယ်တစ်ခုတည်းက လူတွေဖြစ်နေတာကို ထောက်ထားပြီး ငါ့ကို ညှာတာပေးပါ၊ ငါ့ကို အရှက်မခွဲပါနဲ့”

သူ့ကို သေသည်ထက်ဆိုးအောင် လုပ်ရန် နည်းလမ်း တစ်ရာရှိသည်ဟု ပြောသော ယဲ့ဖန်၏ စကားကို သူ အကြွင်းမဲ့ ယုံကြည်သည်။

သူ၏ အနာဂတ် နေ့ရက်များ၌ အချိန်တိုင်း နာကျင်၍ မျှော်လင့်ချက်မဲ့စွာ ရှင်သန်ရမည်ကို တွေးမိပြီး ကြက်သီးထကာ တစ်ကိုယ်လုံး အေးစိမ့်လာရသည်။ သို့သော် ယဲ့ဖန်က သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ငြိမ်သက်မြဲ ငြိမ်သက်နေ၏။

All Chapters