Chapter 1383 - 1384
Vol. 93 Ch. 1383 - 1384
Chapter 1383 လေး၏စွမ်းအား
ယဲ့ဖန်၏ အကြည့်ကိုမြင်ပြီး သူ့စိတ်ထဲ အေးခဲသွားလေသည်။
“ကျုပ်တို့ သားအမိအပေါ် ခင်ဗျားတို့ မိသားစု လုပ်ခဲ့သမျှကြောင့် ကျုပ် ခင်ဗျားရဲ့ ယဲ့မိသားစုဝင် တစ်ယောက် ချင်းစီကို အလွတ်ပေးမှာ မဟုတ်ဘူး
ယဲ့ဖန်က ပြုံး၍ သူ့အား အေးစက်စွာ ကြည့်လေသည်။
“ဒီနေ့ကိစ္စကိုလည်း ကျုပ် တစ်လောကလုံး သိအောင် ဖြန့်ဦးမှာ၊ ခင်ဗျားက ကျုပ်လက်ထဲမှာ သေသွားခဲ့တာဆိုတဲ့ သတင်းကိုလေ၊ ခင်ဗျားညီအစ်ကိုနှစ်ယောက်က ခင်ဗျားအတွက် လက်စား ပြန်ချေမှာကိုလည်း ကျုပ် မျှော်နေပါတယ်”
“ခင်ဗျား ဒီလိုအခြေအနေဆိုးမျိုး ဖြစ်နေတာကို သိရင် သူတို့ ဘာလုပ်မယ်လို့ ခင်ဗျား ထင်လဲ”
“မင်း တော်တော် အဆိပ်ပြင်းတာပဲ”
“ဒုတိယဘိုးဘေး၏ မျက်နှာတွင် မကျေနပ်ချက်များနှင့် ပြည့်နှက်နေပြီး သူ့သတင်းအား တစ်လောကလုံး သိအောင် ဖြန့်ခြင်းက သူ့အရှက်ကို ခွဲလိုက်သလိုပင်။ ထိုသို့ဆိုလျင် သူသည် လူရယ်စရာ ဖြစ်လာပေတော့မည်။
“အဆိပ်အပြင်းဆုံးလူတွေက အခုထိ နောက်ကွယ်မှာပဲ ရှိနေသေးတာပါ၊ ခင်ဗျားတင်မကဘူး၊ ယဲ့မိသားစုက လူတိုင်း အဆိပ်ပြင်းတာလေ”
ယဲ့ဖန် အေးစက်စက် ခနဲ့လိုက်ပြီးနောက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထိုအခါ အနက်ရောင် အဆောင်တစ်ခု လွင့်ပျံလာပြီး ဒုတိယဘိုးဘေး၌ သွားကပ်ကာ တစ်ကိုယ်လုံးကို စုပ်ယူသွားသည်။
ထို့နောက်တွင်မူ ယဲ့ဖန်က အနက်ရောင် အဆောင်ကိုပြန်သိမ်း၍ ထန်ပုခူကို မေးလိုက်သည်။
“တစ္ဆေဖန်ချီ ဘယ်ရောက်သွားတာလဲ”
“ကျွန်မ မသိဘူး၊ သူ တစ်ခုခုကို သတိထားမိပြီး ထွက်ပြေးသွားတဲ့ပုံပဲ”
“ဂါး”
ထိုသို့သောအချိန်၌ အဝေးမှ တစ္ဆေဖန်ချီ၏ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဒဏ်ရာ အပြင်းအထန် ရနေပြီး ဝေဒနာက သည်းမခံနိုင်လောက်အောင် နာကျင်လွန်းသဖြင့် အော်ဟစ် နေပုံရသည်။
*ဟမ်*
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ အရှေ့သို့ ပျံသန်းသွားသည်။ မကြာခင်မှာပင် ကောင်းကင်ယံရှိ အဝေးတစ်နေရာ၌ စစ်ရထားလုံးပျံများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုရထားလုံးပျံ များမှ ရွှေရောင် အလင်းများ တောက်ပနေပုံက နေရောင်ခြည် ဖြာထွက်နေသလိုပင်။
လက်ရှိတွင် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံပင်များ ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နတ်လေးကို ကိုင်ဆွဲကာ တစ္ဆေဖန်ချီအား မြားဖြင့် ပစ်ခတ်နေ၏။
ထိုနတ်လေးသည် အလွန် တမူထူးခြားလှပြီး တောက်ပကာ ရတနာမျိုးစုံ စီခြယ်ထားသည်ဟု ထင်မှတ်ရပြီး စကြဝဠာထဲမှ ကြယ်တာရာတစ်သောင်းအား သန့်စင်၍ ယင်းစွမ်းအင်ကို ထည့်မြှုပ်နှံထားသည်ဟုပင် ထင်မှတ်ရသည်။
တကယ့်မြားများ မလိုအပ်ပဲ လောကစွမ်းအင်ကို စုစည်း၍ မြားအသွင်ပြောင်းကာ လေးဖြင့် ပစ်ခတ်၍ ရလေသည်။ ယင်းမြားစွမ်းအင်က ဥက္ကာခဲသဖွယ် အဖျက်စွမ်းအင် ကြီးမားလှသည်။
“ဝုန်း”
သူသည် တစ္ဆေဖန်ချီ၏ ရင်ဘတ်ကို မြားဖြင့်ပစ်ခွင်းလိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။ အရေပြား ပွင့်ထွက်ကာ အသားစများပင် လန်နေပြီး ဒဏ်ရာက တော်တော်လေး နက်သွားသည်။
တစ္ဆေဖန်ချီ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် တောင်တစ်လုံးပေါ် ပြုတ်ကျသွားပြီး ဤလေးအစွမ်းကို မခံနိုင်သဖြင့် လူးလွန့်နေ၏။
“နေဘုရင်က ထူးချွန်လိုက်တာ”
ရဲ့ဝူထျန်းက တအံ့တဩ ရေရွတ်လေသည်။ နေဘုရင်သည် ဤသို့ ရောက်လာပြီးသည်နှင့် တစ္ဆေဖန်ချီကို တန်း၍ ဖိနှိပ်ခဲ့သည်။ သူ့လက်အောက်၌ တစ္ဆေဖန်ချီကဲ့သို့ သူတော်စင်သခင် အဆင့် လူအိုကြီးပင်လျင် မတွန်းလှန်နိုင်ခဲ့ပါ။
*ဒီလိုလူမျိုးက အဲ့ကောင်ကို သေချာပေါက် သတ်နိုင်မှာ*
ထိုသို့တွေးမိပြီးနောက် သူ စိတ်လှုပ်ရှားကာ တုန်ယင်လာ၏။ နောက်ဆုံးတွင် သူ ပြန်လက်တုံ့ပြန် နိုင်ပေတော့မည်။
သူ့အပေါ် ယဲ့ဖန် လုပ်ခဲ့သည့်ကိစ္စများကို ပြန်တွေးမိလျင် အလွန် မုန်းတီးလွန်း၍ နုတ်နုတ်စင်း ချင်လှသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူ ဤကဲ့သို့ ကြီးကြီးမားမား ဆုံးရှုံးရမည် မဟုတ်ပါ။ နှစ်တစ်သောင်း ဂျင်ဆင်းဘုရင်နှစ်ခုကိုသာမက သူ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့သော အဖွဲ့အစည်း သည်လည်း ပြိုလဲခဲ့ရသည်။
ယခု သူသည် တစ်ကိုယ်တည်း ဖြစ်နေလေသည်။ နေဘုရင်ထံ၌ လေးဖြင့် အပစ်ခံရပြီး ချက်ချင်း အဆုံးသတ်ရတော့မည့် ယဲ့ဖန်ကို တွေးမိတိုင်း သူ စိတ်လှုပ်ရှားကာ တုန်ယင်လာရသည်။
“ငါ မင်းကို အခွင့်အရေး တစ်ခါ ထပ်ပေးမယ်၊ ငါ့ဆီမှာ အညံ့ခံပြီး အမှိုက်ကောင် ယဲ့ဖန် ရှိတဲ့နေရာကို ပြောရင် ငါ မင်းကို အသက် ချမ်းသာပေးမယ်”
နေဘုရင်က နတ်လေးကို ကိုင်ဆွဲကာ ရွှေရောင်သံချပ်ကာကို ဝတ်ဆင်၍ တာအိုစွမ်းအင်များ စီးဆင်းနေသော သူ့ဟန်ပန်က စစ်နတ်ဘုရားနှင့် သဏ္ဌာန်တူနေလေသည်။
“ထွီ အိပ်မက်မက်နေလိုက်”
တစ္ဆေဖန်ချီသည် အကြိမ်များစွာ အပစ်ခံရ၍ သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း မောက်မာမြဲ မောက်မာပြီး အပြုံးနှင့် သရော်လိုက်သည်။
“ခေါင်းမာတဲ့ကောင်ပဲ၊ မင်းကို သတ်လာအောင် ငါ့ကို ဖိအားပေးနေတာလား”
နေဘုရင်က ခက်ထန်သော မျက်နှာထားနှင့် ကြည့်နေပြီးနောက် အေးစက်စွာ ပြောလေသည်။
“မင်း ငါ့လေ့ယန်နိုင်ငံရဲ့ စောင့်ရှောက်သူ သားရဲကို သတ်ခဲ့တယ်၊ အဲ့တော့ သူ့ကိုယ်စား မင်း ငါတို့ လေ့ယန်ကို ကာကွယ်ပေးရမယ်”
သူသည် ရွှေရောင်မြွေထက် ပိုသန်မာသော နဂါးမျိုးနွယ်မှလူ ဖြစ်သည်။ သူ့ကိုသာ အသုံးချနိုင်ပါက လေ့ယန် မြက်ခင်းလွင်ပြင်ဒေသသည် နှစ်ထောင်ချီ၍ ပြိုင်ဘက်ကင်းနေမည် ဖြစ်ကြောင်း အာမခံနိုင်၏။
“အရှက်မရှိတဲ့ကောင် ဒီနတ်လေးကြောင့်သာ မဟုတ်ရင် ငါ မင်းကို ခွေးသတ်သလို သတ်နိုင် တယ်ကွ”
တစ္ဆေဖန်ချီ အေးစက်စွာ ခနဲ့လိုက်ပြီး မကျေမချမ်း ဖြစ်နေသည်။ သူ့သိုင်းအဆင့်က နေဘုရင်ထက် ပိုမို၍ သန်မာသော်လည်း ဤနတ်လေးကြောင့် သူ ဆက်တိုက် ရှုံးနိမ့်နေရသည်။
ယင်းအား မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်း မသိသော်လည်း နတ်စွမ်းအင်နှင့် နတ်ဆိုး စွမ်းအင်များ ပါဝင်နေသည်။ သူ နည်းလမ်းပေါင်းစုံသုံး၍ ခုခံပါသော်လည်း အပြင်းအထန် ဒဏ်ရာ ရခဲ့ရသည်။
နေဘုရင်သည် လက်ထဲ၌ ဤနတ်လေး ရှိနေခြင်းက နတ်ဘုရားများ၏ အကူအညီ ရထားသလို ဖြစ်နေ၏။
ဤနတ်လေးသည် လေ့ယန် မြက်ခင်းလွင်ပြင်ဒေသ၏ တော်ဝင်မျိုးနွယ်များ အမွေဆက်ခံ ရသည့် အရာဖြစ်ပြီး ခေတ်အဆက်ဆက် နေဘုရင်သာလျင် ထိန်းချုပ်နိုင်သည့် အရည်အချင်း ရှိပေသည်။
“မင်း ငါ့ကို လက်ခံလာအောင် လုပ်ချင်တယ်ဆိုရင် ငါ့သခင်လို ငါနဲ့ မျှမျှတတ တိုက်ခိုက်လေ၊ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ မင်းကျွန် လုပ်ပေးမယ်၊ မဟုတ်လို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး”
တစ္ဆေဖန်ချီက မခိုးမခန့် ပြောလိုက်သည်။ နေဘုရင်က သူမတူသောလူဖြစ်သော်လည်း သူ့အား လက်ခံလာအောင် မလုပ်နိုင်ပါ။
ယဲ့ဖန်နှင့်ယှဉ်လျင် သူ၏ စိတ်ဓာတ်နှင့် ခွန်အားသာမက ခေါင်းဆောင် အရည်အချင်းကလည်း ဆိုးရွားလေသည်။
နေဘုရင်က အေးတိအေးစက် ခနဲ့လိုက်သည်။
“မင်းက ခေါင်းမာနေမှတော့ သေလိုက်တော့”
သူသည် နတ်လေးကို ဘေးဖယ်ထားရလောက်သည်အထိ တုံးအသူ မဟုတ်ပါ။ ယင်းသည် သူ ရန်သူကို ဖိနှိပ်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်လေသည်။ အကယ်၍ သူ နတ်လေးကို ဘေးပို့ထားလိုက်ပါက တစ္ဆေဖန်ချီကို သူ လုံးဝ မယှဉ်နိုင်ပေ။
ထို့နောက် သူသည် လေးကြိုးကို ပြန်ဆွဲလိုက်သည်။ ထို့နောက် သူသည် စွမ်းအင်များကို စုစည်း၍ မြားအသွင် ဖန်တီးလေသည်။ ချက်ချင်းဆိုသလိုပင် နေဘုရင်၏ လက်ထဲ၌ အလင်း မြားတစ်စင်း ပေါ်လာ၏။
အလင်းမြားထံမှ ကြောက်မက်ဖွယ် အသံ ထွက်ပေါ်လာပြီး လေဟုန်ကိုခွင်း၍ အရှေ့မှ တစ္ဆေ ဖန်ချီထံသို့ တိုးဝင်သွားသည်။
ယင်းမြားသည် ပြင်းထန်ကြမ်းကြုတ်သော စွမ်းအင်များနှင့်အတူ တစ္ဆေဖန်ချီ၏ ဦးခေါင်း တည့်တည့်သို့ ဦးတည်နေသည်။
ဤသည်ကိုမြင်သော် တစ္ဆေဖန်ချီ၏ မျက်လုံးတွင် ကြောက်လန့်ဟန်များ ပေါ်လာသည်။ ဤတိုက်ခိုက်မှုကို သူ ခုခံနိုင်စွမ်း မရှိမှန်း သူ သိနေ၏။
“သခင် ကျုပ် သူ့ကို သတ်ပစ်မယ်၊ ကျုပ် သူတို့ တစ်ယောက်မှမကျန်အောင် သတ်ပစ်မယ်”
တစ္ဆေဖန်ချီ ကျယ်လောင်စွာ ဟစ်ကြွေးလေသည်။ သူ သေရမည်ဖြစ်သော်လည်း လေ့ယန်မှ လူများကိုပါ သူနှင့်အတူ တမလွန်သို့ အပါခေါ်သွားမှ ရမည်။
“သေလိုက်တော့”
နေဘုရင်က ခက်ထန်သော မျက်လုံးများဖြင့် ဒေါသတကြီး ကြုံးဝါးလေသည်။ သို့သော် ထိုအချိန်၌ လက်တစ်ဖက်က အလင်းမြားကို ဖမ်းကိုင်၍ တားဆီးမရနိုင်သော စွမ်းအင်အား အတိအလင်း ပိတ်ဆို့ တားဆီးလာသည်။ ထိုအခါ လူတိုင်း ကြက်သေ သေသွားကြသည်။
*ဒီနတ်လေးရဲ့ အစွမ်းအောက်မှာ ဘယ်သူမှ အသက်မရှင်နိုင်တာ၊ တားနိုင်ဖို့ဆိုတာ ဝေးရော*
*ဒါပေမဲ့ လူတစ်ယောက်က ဒီနတ်လေးရဲ့ မြားကို လက်တစ်ဖက်နဲ့ တားလိုက်တယ်လား၊ ကောင်းကင်ရဲ့ အစွမ်းကနေ ဖန်တီးထားတဲ့ မြားကိုလေ*
*အံ့ဩစရာပဲ*
လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ လူများအားလုံး နားဝေတိမ်တောင်ဖြင့် ကြည့်နေကြသည်။ သူတို့အရှေ့မှလူက မည်သူနည်း။ အဘယ်ကြောင့် သူ့၌ ဤသို့သော အစွမ်းမျိုး ရှိနေရသလဲ။
လေ့ယန်နိုင်ငံ၏ မင်းဆရာ မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးတွင် ဉာဏ်အလင်း တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူသည် တစ်စုံတစ်ရာကို သတိထားမိသွားပုံရပြီး ချက်ချင်း မျက်နှာထား သုန်မှုန်လာ၏။
နေဘုရင်သည်လည်း မျက်မှောင်ကြုတ်နေ၏။ သူ့မျက်လုံးတွင် အများနည်းတူ ကြောက်လန့် စိတ်များ ရှိနေသည်။
ဤသို့သော အဖြစ်မျိုးက သမိုင်း၌ တစ်ခဏမှ မဖြစ်ဖူးပါ။ နတ်လေး၏ မြားကို လက်ချည်းသက်သက်ဖြင့် တားနိုင်သူ တစ်ယောက်မှ မရှိခဲ့ပါ။
*ဒီလူရဲ့ နောက်ခံက ဘာလဲ*
“သခင်”
ယဲ့ဖန် ရောက်လာသည်ကိုမြင်သော် တစ္ဆေဖန်ချီ ဝမ်းသာပျော်မြူးသွားသည်။ ထို့ောနက် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် အလင်းမြားအား ကိုင်ထားသည်ကိုမြင်သော် သူ ကြောက်လန့်ကာ ပင့်သက်ရှိုက်မိသွားသည်။
ဤမြင်ကွင်းက အလွန် ကျောချမ်းဖွယ်ကောင်းလှသည်။ ဤအလင်းမြား၏ အစွမ်းက မည်မျှ ပြင်းထန်ကြောင်းကို ခံရသူကလွဲ၍ မည်သူမှ ပိုမသိနိုင်ပါ။
နဂါးခန္ဓာကိုယ်သည် ရွှေရောင်မြွေထက် ဆယ်ဆကျော် ပိုမာကျောသော်လည်း ဤမြားဒဏ်ကို တောင့်မခံနိုင်ချေ။
ထို့အပြင် ဤအလင်းမြား၏ အစွမ်းက သန်မာရုံသာကမ အလွန်အမင်း မြန်ဆန်သေးသည်။ ဤသို့သော အခြေအနေမျိုး၌ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်တဲ့လား။ စစ်နတ်ဘုရား ပြန်ဝင်စားသည်ဟုပင် ထင်မှတ်မှားရသည်။
“သခင် ဟုတ်လား၊ မင်းက ငါ့စောင့်ရှောက်သူမြွေကို သတ်လိုက်တဲ့ တစ်ယောက်လား”
နေဘုရင်၏ အမူအရာက ခက်ထန်လာသည်။ တစ်ဖက်လူသည် လက်တစ်ဖက်ဖြင့် အလင်းမြားကို ဖမ်းနိုင်နေသဖြင့် သူသည် သာမန်လူမဟုတ်ဘဲ လူကောင်းတစ်ယောက် မဖြစ်နိုင်ကြောင်း သက်သေပြနေ၏။
“ငါ မင်းမြွေကို သတ်မယ့်သူတင် မဟုတ်ဘူး၊ မင်းနိုင်ငံကို ဖျက်ဆီးမယ့်သူ ဖြစ်လာတော့မှာ”
ယဲ့ဖန်က ခက်ထန်စွာ ပြောလိုက်ပြီးနောက် လက်ချောင်းများကို ဖျစ်ညှစ်လိုက်သောအခါ သူ့လက်ထဲမှ အလင်းမြားက တစ်စစီ ဖြစ်သွားလေသည်။
သူသည် အေးစက်ခက်ထန်သော မျက်လုံးများဖြင့် နေဘုရင်နှင့် အခြားသူများကို စိုက်ကြည့်လေသည်။
“ငါ့လက်အောက်ငယ်သားကို ဒဏ်ရာရအောင် လုပ်တယ်ပေါ့၊ မင်း သေသင့်တယ်”
လူသတ်ချင်စိတ်က ပွက်ပွက်ဆူလာသည်။ အရိုးကွဲမတတ် အေးစိမ့်သော လေ တိုက်ခတ် လာသည်ကို ခံစားမိပြီး လူတိုင်း မျက်နှာအမူအရာ ပျက်ယွင်းသွားကြသည်။
“ဒီလူက ဘယ်သူလဲ၊ ဘာလို့ သူ့မှာ ဒီလို ပြင်းထန်ပြီး ဖိနှိပ်နိုင်တဲ့ အရှိန်အဝါ ရှိနေတာလဲ၊ တာအိုစွမ်းအင်နဲ့ မိုးမြေကိုတောင် သူ့ခြေထောက်အောက်မှာ နင်းချေနိုင်တယ်လို့ ထင်ရတယ်”
လေ့ယန်ဘက်မှလူများတွင် အချို့ဆိုလျင် ကြောက်လွန်း၍ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ တစ်ဖက်လူ၏ လူသတ်ချင်သော အငွေ့အသက်က အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။
သူ့စကားကို ကြားသော် နေဘုရင် ပို၍ မျက်မှောင်ကြုတ်ကာ တင်းမာလာသည်။
*ငါ့နိုင်ငံကို ဖျက်ဆီးမယ် ဟုတ်လား၊ တော်တော် လေကျယ်ပါလား*
“အရှင် ကြည့်ပါဦး၊ ကျွန်တော် ပြောတာ မှန်တယ်မလား၊ အဲ့လူက မောက်မာပြီး အထက်စီး ဆန်လွန်းတယ်၊ သူက လေ့ယန်နိုင်ငံကို ဆက်တိုက် မလေးမစား လုပ်နေတာ၊ တကယ် သေသင့်တယ်”
ရဲ့ဝူထျန်းက အေးစက်စွာ ခနဲ့လိုက်ပြီး နေဘုရင် ပို၍ မျက်စိစပါးမွေးစူးအောင် ပြောလေသည်။
“ဪ မင်းပါလား”
ယဲ့ဖန်က အေးစက်သော အကြည့်များဖြင့် သူ့ဘက် လှည့်ကြည့်လာသည်။
“မင်းနဲ့ မင်းညီမက တူညီတဲ့ ရွေးချယ်မှုကို လုပ်တတ်တဲ့ပုံပဲ၊ နှစ်ယောက်လုံး တုံးအလွန်းတယ်”
မျိုးမစစ်ကောင် နေဘုရင်ရှေ့မှာတောင် မင်းက ရူးမိုက်တဲ့ စကားတွေ ပြောရဲတယ်ပေါ့လေ မင်းကို ဘယ်သူမှ မဖိနှိပ်နိုင်ဘူးလို့ ထင်နေတာလား”
ရဲ့ဝူထျန်း ချက်ချင်း ဒေါသထွက်ကာ ပြန်ခွန်းတုံ့ပြန်လိုက်သည်။ ယခု သူ့ဘက်၌ ကူညီမည့် နေဘုရင် ရှိနေပြီ ဖြစ်သဖြင့် သူ မည်သူ့ကိုမှ အလေးအနက် မထားတော့ပါ။
ယဲ့ဖန်ကမူ သရော်ဟန်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။
“ငါ သူတို့အားလုံးကို သတ်ပြီးရင် အလှည့်ကျလာမယ့်လူက မင်းပဲ၊ မင်းညီမလို ဒူးထောက်ပြီး မတောင်းပန်ဖို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားသော် ရဲ့ဝူထျန်း၏ မျက်နှာထား ပြောင်းလဲသွားပြီး အထင်သေး ရွံရှာဟန် ပေါ်လာကာ ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
သူ့အမြင်တွင် ယဲ့ဖန်သည် သေပြီးသားလသူ ဖြစ်သည်။ သေလူတစ်ယောက်၏ ခြိမ်းခြောက်မှုကို သူ အရေးလုပ်မည် မဟုတ်ပါ။
နတ်လေးက မည်မျှ အစွမ်းထက်ကြောင်း သူ တွေ့မြင်ထားပြီးပြီ ဖြစ်သည်။ နဂါးမျိုးနွယ်ဝင် တစ္ဆေဖန်ခှိတောင်မှ ခုခံနိုင်စွမ်း မရှိဘဲ ထိခိုက်ခဲ့ရသည်။ ယဲ့ဖန် ရောက်လာလျင်တောင်မှ သေရမည် ဖြစ်သဖြင့် အဘယ်ကြောင့် သူ ကြောက်နေဦးမည်နည်း။
“ဟဲဟဲ မင်းက သိပ်သန်မာနေတယ်ပေါ့လေ၊ ငါ့ကို သေလူများ မှတ်နေလား”
နေဘုရင်သည် ဒေါသပေါက်ကွဲလာပြီး တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းတန်းများ ဖြာထွက် လာပုံက နတ်ဘုရားတစ်ပါး ပြန်လည် ရှင်သန်လာသလိုပင်။ ထို့အတူ သူ့အရှိန်အဝါ ကလည်း သန်မာလွန်းလှသည်။
ယဲ့ဖန်က သူ့အား တည်ငြိမ်စွာသာ ကြည့်နေပြီးနောက် လှောင်ရယ်လေသည်။
“အခုတော့ မင်း မသေသေးဘူးပေါ့၊ မကြာခင် မင်း သေလိမ့်မယ်လို့ ငါ အာမခံတယ်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် လေဟာနယ်တွင်း၌ တစ်ချက်တည်း ပျံတက်လာသည်။ သူ့ပုံရိပ်က ဥက္ကာခဲသဖွယ် လျင်မြန်နေသဖြင့် လေထုတွင်း၌ အရိပ်ကိုသာ ဖျတ်ခနဲ မြင်လိုက်ရသည်။
*သေချင်နေတာပဲ*
တစ်ဖက်လူက သူ့ကို အလွန် အထင်သေးနေသဖြင့် နေဘုရင် ဒေါသထွက်သွားလေသည်။ ထို့နောက် ချက်ချင်း လေးကြိုးကိုဆွဲ၍ မြားကို ပစ်ခွင်းလိုက်သည်။
“သေပေတော့”
Chapter 1384 ဖန်တီးရှင်
“သေပေတော့”
မြားအား ပစ်ခွင်းလိုက်သောအခါ တောင်တန်း ပြိုကျလာသည်။ လူသတ်ချင်စိတ် အဆမတန် မြင့်တက်နေသည်။
လက်ရှိတွင် ယင်းမြားသည် ယှဉ်မရသော သားရဲတစ်ကောင်သဖွယ် ပြေးလာနေသည်ဟု ထင်မှတ်ရပြီး ပြင်းထန်သော စွမ်းအင်လှိုင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ကာ ယဲ့ဖန်ထံ အရှိန်ဖြင့် တိုးဝင်လာ၏။
လူတိုင်း စိတ်လှုပ်ရှားနေပြီး ဤမြင်ကွင်းအား စိုးရိမ်တကြီး အာရုံစိုက်၍ ကြည့်နေသည်။ နေဘုရင်က နတ်လေးကို ကိုင်ကာ ထူးခြား၍ ခန့်မှန်းမရနိုင်သော သိုင်းပညာရှင်နှင့် ရင်ဆိုင် နေသည်။ မည်သူက သန်မာ၍ မည်သူက အားနည်းသနည်း။
“မင်းဆရာ ကျုပ်တို့ ဝင်ပါမှာလား”
စစ်သူကြီးက ရှေ့တိုး၍ မေးလိုက်သည်။
“စောင့်ကြည့်ရသေးတာပေါ့”
မင်းဆရာ ငြိမ်၍ စောင့်ကြည့်နေသည်။ ယဲ့ဖန်က သူ့အား အံ့ဩအောင် လုပ်နိုင်သော်လည်း နေဘုရင် နိုင်လိမ့်မည်ဟု သူ ခံစားမိနေသေးသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ နေဘုရင်က နတ်လေးကို ကိုင်ဆွဲထားသောကြောင့် ဖြစ်သည်။ ရှေးခေတ်ကတည်းက နတ်လေးကို ကိုင်ဆွဲထားသည့် နေဘုရင်တိုင်း မရှုံးနိမ့်ဘူးချေ။ ယနေ့သည်လည်း ချွင်းချက် မဟုတ်ချေ။
မျိုးဆက်တိုင်းအတွက် ထိုအချက်က ချွင်းချက်မရှိ မှန်ကန်ပေသည်။ သူတို့ နေဘုရင်အပေါ် ယုံကြည်ကြသည်။
*အဲ့မျိုးမစစ်ကောင်ကို ပစ်လိုက်စမ်းပါ*
ရဲ့ဝူထျန်းသည် ယဲ့ဖန်အား မကျေမချမ်း မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲ၌ ကျိတ်၍ ကြုံးဝါး နေ၏။
ယဲ့ဖန်သည် နဂါးငွေ့တန်းအတွင်း၌ သွားလာနေသကဲ့သို့ ပြေးလာပြီး အလင်းမြားအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ကြောက်စရာကောင်းသော မြားနှင့် လက်သီးတို့ ထိပ်တိုက် တွေ့လေတော့သည်။
“ဘာလဲဟ ဒီမြားကို လက်သီးနဲ့ ထိုးချင်တာလား၊ မင်း ရူးနေတာလား”
“ဒီနတ်လေးက ရင်ဆိုင်ရလွယ်လိမ့်မယ်လို့ သူ ထင်နေတာလား၊ သူ ဆက်တိုက် အထင်သေး နေတာပဲ၊ ဒီကောင် ကြီးကြီးမားမား ပြန်ပေးဆပ်ရမှာပဲ”
လူတိုင်း လှောင်ရယ်ကြလေသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က အစောပိုင်းက မြားချက်ကို တားဆီးထားရသဖြင့် ယန်စွမ်းအင် အတော်လေး ကုန်ဆုံးနေလောက်ပြီဟု ထင်နေကြသည်။ ယခုလည်း လက်ချည်းဗလာဖြင့် ပြန်တိုက်နေသဖြင့် သေတွင်းတူးနေသည်ဟုသာ သတ်မှတ် ထားလေသည်။
သို့သော် ရှေ့ဆက် ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် သူတို့၏ အမူအရာများ အေးခဲ တောင့်တင်း သွားရသည်။ ယဲ့ဖန်က လက်သီးဖြင့် အလင်းမြားကို ဒေါသတကြီး ဖျက်ဆီး လိုက်လေသည်။
“ဝုန်း”
အလင်းမြား ပေါက်ကွဲသွားပြီး ကြယ်ကြွေသကဲ့သို့ ဖြာထွက်ကာ ပျောက်ကွယ်သွားသည်။
“ဒါက”
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*တားလိုက်တယ်၊ တားလိုက်ပြန်ပြီ*
ယင်းမှာ သူတို့မျိုးနွယ်၏ ရတနာဖြစ်ပြီး ဘိုးဘေးဘီဘင်များ ပြုလုပ်ခဲ့သော ရတနာဖြစ်သည်။ နတ်ဘုရင်အဆင့်များပင်လျင် အသတ်ခံရနိုင်သော အရာအား ယဲ့ဖန်က လက်သီး တစ်ချက် တည်းဖြင့် ဖျက်ဆီးခဲ့သည်တဲ့လား။
“ဒါ စစ်နတ်ဘုရား ပြန်ရှင်သန်လာတာပဲ ဖြစ်မယ်၊ နတ်လေးကနေ ပစ်လိုက်တဲ့ အလင်းမြားကို လက်သီးနဲ့ ဖျက်ဆီးတယ်တဲ့လား၊ ဒီလူက တော်တော် သန်မာတာပဲ”
“မင်းဆရာ ထပ်တုံ့ဆိုင်းနေလို့ မဖြစ်ဘူး၊ ဒီလူက လူမဟုတ်ဘူး”
စစ်သူကြီးက ပျက်ယွင်းနေသော မျက်နှာထားနှင့် ပြောလိုက်သည်။ ဤသို့သာ ဆက်ဖြစ်နေပါက သူတို့ဘုရင်၌ အန္တရာယ် ရှိလာနိုင်သည်။
မင်းဆရာ ကြောက်လန့်နေပြီး နေရာမှာတင် ငြိမ်၍ ရပ်နေကာ ဘာကိုမှ မကြားချေ။ ဤနတ်လေး၏ အစွမ်းကို သူ့လောက် မည်သူမှ ပိုမသိနိုင်ပါ။ ယင်းက နေ၊ လနှင့် ကြယ်တာရာ များကိုပင် ပစ်ခွင်းနိုင်၏။ လေးကြိုး တုန်ခါသွားလျင် အရပ်ဆယ်မျက်နှာလုံး တိတ်ကျ သွားရသည်။ ဤသို့သော နတ်လက်နက်သည် ပြိုင်စံရှား၍ ဘာကမှ မတားဆီးနိုင်ပါ။
သို့သော် သူ့အရှေ့မှမြင်ကွင်းက သူ့အား မယုံနိုင်အောင် လုပ်နေ၏။
*မဖြစ်သေးဘူး နေဘုရင် ရှုံးတော့မှာလား*
ရဲ့ဝူထျန်း၏ အမူအရာသည်လည်း မသိမသာ တောင့်တင်းလာပြီး စိတ်ထဲ၌ အနည်းငယ် နေရခက်သလို ခံစားလိုက်ရသည်။
“မင်း”
နေဘုရင်သည်လည်း ဒေါသထွက်နေသော မျက်နှာဖြစ်နေသည်။ သူ၏ နောက်မြားတစ်စင်း ထပ်မံ၍ တားဆီးခံလိုက်ရသည် မဟုတ်ပါလော။ ဤသည်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက် သလိုပင်။ မြားနှစ်စင်းကို ဆက်တိုက် တားဆီးသည့် ရန်သူမျိုးနှင့် သူ မကြုံဖူးပါ။
*ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ အမြဲ ပြိုင်ဘက်ကင်းခဲ့တဲ့ နတ်လေးက ဒီနေ့ အလုပ် မဖြစ်ဘူးလား*
လေးကြိုး သုံးကြိမ်ဆက်တိုက် တုန်ခါသွားသလို အလင်းမြားသုံးစင်းက ယဲ့ဖန်ထံသို့ သတ်ဖြတ် လိုသည့် အရှိန်ဖြင့် ပြေးဝင်သွားသည်။
လက်ရှိတွင် နေဘုရင်၏ လက်မောင်းသည် တုန်ယင်၍နေသည်။ မြားတစ်စင်းချင်းစီတိုင်းအား ပစ်ခတ်ရန် ယန်စွမ်းအင်ကို အများအပြား သုံးစွဲရသည်။
သူ့မျက်လုံး၌ မုန်းတီးစိတ်များနှင့် ပြည့်နေ၏။ လက်ရှိတွင် သူ မနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ အကယ်၍ ဤတိုက်ကွက်က အလုပ်မဖြစ်လျင် သူ ကြံရာမရသော အခြေအနေနှင့် တိုးပေတော့မည်။
သူသည်သာမက စစ်သည်တော်များအားလုံးလည်း စိုးရိမ်တကြီး ကြည့်နေကြကာ အသက်ပင် မရှူရဲကြချေ။
ဤနတ်လေးက သူတို့လူမျိုး၏ မြင့်မြတ်ထည်ဝါမှုကို ကိုယ်စားပြုသည်။ အကယ်၍ ယခု မအောင်မြင်ပါက သူတို့အားလုံးကို မျက်နှာဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်။
“ဟားဟား”
ယဲ့ဖန် ရယ်လိုက်သည်။ ထို့နောက် သူသည် နေဘုရင်၏ အစွမ်းကို သရော်သကဲ့သို့ အထင်သေးစွာ ပြုံးလာသည်။ နေဘုရင် မျက်နှာမည်းမှောင်သွားပြီးနောက် ကြောက်လန့်သော အမူအရာ ဖြစ်လာလေသည်။
*မဟုတ်မှလွဲရော ဒီကောင် လုပ်ချင်တာက …”
“ဝုန်း ဝုန်း ဝုန်း”
ယဲ့ဖန်က လက်သီးသုံးလုံး ပစ်သွင်းလိုက်သည်။ ထိုအခါ အရပ်မျက်နှာအားလုံး တုန်ခါသွားပြီး တုန်ဟီသံ ထွက်ပေါ်လာ၏။ သူ၏ လက်သီးသုံးချက်က အလင်းမြားသုံးချက်အား အသာလေး ဖျက်ဆီးသွားသည်။
“လက်ချည်းသက်သက်နဲ့တင် ကောင်းကင်ကို တုန်လှုပ်စေနိုင်တာပဲ၊ ငါတို့အားလုံးက ဒီလူရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ မြန်မြန်ပြေးကြ”
ထိုအခိုက်တွင် မင်းဆရာသည် အရာအားလုံးကို နားလည်သွားပြီး ကြောက်လန့်တကြား အော်ပြောလိုက်သည်။
“ဘာ … လက်ချည်းသက်သက်နဲ့ ကောင်းကင်ကို တုန်လှုပ်နိုင်စေတယ်လား”
စစ်သည်တော်များအားလုံး မှင်တက်သွားကြသည်.
*ဒါ ဒဏ္ဍာရီလာ နတ်ဘုရင်အဆင့်ရဲ့ နည်းလမ်း မဟုတ်ဘူးလား*
*ငါတို့ရှေ့ကလူက နတ်ဘုရင်အဆင့်လား*
မင်းဆရာ၏ အော်သံအဆုံး၌ ရဲ့ဝူထျန်း မျက်နှာပြာနှမ်းသွားပြီး မျက်လုံးများ ထုံထိုင်း ရီဝေ လာ၏။
*မယုံနိုင်စရာပဲ မဟုတ်သေးဘူး မယုံနိုင်တာ*
လက်ရှိတွင် နေဘုရင်သည်လည်း အခြေအနေ မကောင်းပါ။ သူ၏ ထည်ဝါသော အလင်းမြားက သူ့ရှေ့မှလူထံ၌ အားနည်းလှကာ တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်နေ၏။
သူ့အဖြစ်က ရယ်ချင်စရာ ကောင်းနေသည့်ပုံပင်။ ယခုအချိန်၌ သူသည် ခွန်အားမဲ့ကာ ဆောက်တည်ရာမရ ဖြစ်နေလေသည်။
ယဲ့ဖန်ရှေ့၌ သူသည် လူပြက်သဖွယ် ဖြစ်နေသည်။ သူ လေကြီးလေကျယ် ပြောခဲ့သော်လည်း အဆုံး၌ တစ်ဖက်လူ၏ ဆံပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါ။
“ငါ့သခင်က နတ်ဘုရင်အဆင့်လား”
တစ္ဆေဖန်ချီ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပြီး မျက်ရည်ကျလာသည်။ ဤသို့ အရှိန်အဝါ ကြီး၍ လွှမ်းမိုးနိုင်သော ပုံစံက သူ့စိတ်ထဲ၌ စွဲထင်နေပြီး တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။
တစ္ဆေဖန်ချီသည် သေသည်အထိ ယဲ့ဖန်အပေါ် သစ္စာစောင့်သိမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။
“အရှင်မင်းကြီး ထွက်ပြေးပါတော့”
တဖြည်းဖြည်း နီးလာသည့် ယဲ့ဖန်ကိုကြည့်ပြီး မင်းဆရာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ နေဘုရင် ထွက်ပြေးချင်ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ရခက်နေပြီး တစ်ဖက် လူ၏ ချီစွမ်းအင်က သူ့ကို ချုပ်နှောင်ထားကြောင်း ခံစားလိုက်ရသည်။
ယဲ့ဖန် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်သည် ဧရာမလက်ဝါးတစ်ခုသဖွယ် ကောင်းကင်ကို ဖုံးအုပ်လာသဖြင့် လူတိုင်း သွေးပျက်လာကြသည်။
နေဘုရင် တိတ်ဆိတ်စွာ မျက်လုံးမှိတ်လိုက်သည်။ သူ သေရတော့မည်မှန်း သိလိုက်လေသည်။ ဤသို့သော လူအား သူ လုံးဝ မယှဉ်နိုင်ပေ။ သို့သော် ထိုအခါ၌ ယဲ့ဖန်က သူ့နတ်လေးကို လုယူ၍ လှောင်လာသည်။
“အမှိုက်ကောင်”
နေဘုရင် မချိပြုံး ပြုံးလိုက်မိသည်။ ယခု သူ ရှုံးသွားပြီ ဖြစ်သောကြောင့် အလှောင်ခံရမည်က သဘာဝပင်။ အရှုံးသမား၌ မည်သို့သော တောင်းပန်ခွင့်မှ ရှိမည်မဟုတ်ပါ။
“ဒီနတ်လေးက အနှိုင်းမဲ့လောက်အောင် အစွမ်းထက်တယ်၊ ဒါက နတ်ဘုရားတွေနဲ့ နတ်ဆိုး တွေကို သတ်နိုင်တာ၊ နောက်ဆုံးတော့ မင်းလက်ထဲ ရောက်သွားပြီး အမှိုက် ဖြစ်သွားတာပဲ”
ယဲ့ဖန်က အထင်သေး စက်ဆုပ်စွာ ပြောလိုက်သည်။ အလှောင်ခံနေရသဖြင့် နေဘုရင် အောင့်သက်သက်သာ ပြုံးနေရသည်။
“မင်း ယူသွားမယ်ဆိုလည်း အလကားပဲ၊ ဒီနတ်လေးက လေ့ယန် မြက်ခင်းလွင်ပြင်ဒေသက ငါ့မျိုးဆက်ကပဲ လေးကို ဆွဲနိုင်မှာ၊ အခြားသူလက်ထဲ ရောက်သွားရင် သုံးစားမရတဲ့ အရာ ဖြစ်သွားပြီ”
“တကယ်လား ငါတော့ အဲ့လိုမထင်ဘူး ဟုတ်တယ်မလား”
ယဲ့ဖန် သရော်လိုက်သည်။ ထို့နောက် သူ့အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာကာ လေးကြိုးအား လက်ချောင်းဖြင့် အသာဆွဲလိုက်သည်။
လူတိုင်း ကြက်သေ သေသွားကြသည်။
*ဒီလူက နတ်လေးကို တကယ် ဆွဲချင်နေတာလား*
တစ်ဖက်တွင်မူ နေဘုရင်က ယဲ့ဖန်၏ မရဲဘဲ ကျွဲပြဲစီးသော အပြုအမူအား လှောင်နေသကဲ့သို့ အထင်သေးသော အပြုံးမျိုး ပြုံးနေ၏။ ဤလေးကို ဆွဲရန် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့သော လူများက သမိုင်းတစ်လျောက် အရေအတွက် မည်မျှ ရှိနေသနည်း။
လေ့ယန် မြက်ခင်းလွင်ပြင်ဒေသ၏ တော်ဝင်မျိုးနွယ် သွေးစစ်စစ်သာလျင် ဤနတ်လေး၏ အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်သည်။
ဆုမူကဲသို့သော စစ်သည်တော်ပင် လေးကြိုးကို မဆွဲနိုင်သဖြင့် အပြင်လူဖြစ်သော ယဲ့ဖန်က မည်သို့ လုပ်နိုင်ပါမည်နည်း။
ထိုစဉ် ထူးဆန်းသော တစ်စုံတစ်ရာ ဖြစ်ပေါ်လာ၏။ လေးကြိုးသည် ယဲ့ဖန် ဆွဲလိုက်သည့် အတိုင်း ပါလာပြီး လပြည့်ပုံ ဖြစ်လာသည်။ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
အချိန်တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြိုင်တူ အော်ဟစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အလန့်တကြား အော်ဟစ်လာပြီး သက်တောင့်သက်သာ ဖြစ်နေသော ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။
*နတ်လေးရဲ့ လေးကြိုးကို ဒီလို အလွယ်တကူ အေးအေးဆေးဆေး ဆွဲနိုင်တာလား*
*ဆွဲလို့ရတယ်*
*တကယ် ဆွဲလို့ရတယ်ဟ*
*ဒီလူက ငါတို့လူမျိုးရဲ့ ဘုရင့်သွေးသားလား*
“မင်းက ဘယ်သူလဲ”
နေဘုရင်တောင်မှ ကြောက်လန့်တကြား အော်ဟစ်မေးမြန်းလာသည်။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဘုရင့်မျိုးနွယ်ကလွဲရင် ဘယ်သူမှ ဒီလေးကြိုးကို မဆွဲနိုင်ဘူးလေ၊ သူက ဘယ်လို လုပ်လိုက်တာလဲ*
ယဲ့ဖန် ရယ်လိုက်ပြီး သူ့အမေးအား ပြန်မဖြေဘဲ ပြောလိုက်သည်။
“မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့်ထား၊ ဒီနေခွင်းနတ်လေးက တကယ် အစွမ်းထက်တယ်”
*နေခွင်းနတ်လေး ဟုတ်လား*
*ဒီနတ်လေးရဲ့ နာမည်က နေခွင်းနတ်လေးလား*
လေ့ယန်နိုင်ငံသားများ အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။ ဤနာမည်ကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
*ဒါပေမဲ့ ဒီလူက ဘာလို့ သိနေတာလဲ*
*သူက ဘယ်သူလဲ*
မင်းဆရာနှင့် နေဘုရင်တို့ နှစ်ယောက်လုံး ယဲ့ဖန်ကို အံ့ဩသော အကြည့်များဖြင့် ကြည့်နေကြပြီး ရုတ်တရက် ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် လောကအမြင် ပြောင်းလဲသွားသည်။ တိမ်တိုက်များ ချက်ချင်း ပရမ်းပတာ ဖြစ်လာသည်။ တောတောင်များနှင့် မြစ်ချောင်းများသည် စက္ကူစသဖွယ် ပျက်စီးလာပြီး ၎င်းတို့၏ အသက်ဓာတ်များသည် ယဲ့ဖန်၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
မြစ်ရေများ ခမ်းခြောက်ကာ တောင်များ ပြိုကျလာပြီး သစ်ပင်ပန်းမန်များ ခြောက်သွေ့ကာ ကျောက်ဆောင်များ လွင့်စဉ်လကာ ကြယ်တာရာများပင် လွင့်မျောနေ၏။
လူတိုင်း ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာကြသည်။
*သူ ဖန်တီးလိုက်တဲ့ မြားရဲ့အစွမ်းက လောကရဲ့ စွမ်းအင်တွေအားလုံးကို စုပ်ယူနိုင် လောက်တဲ့ အထိ ကြောက်ဖို့ကောင်းတာပဲ*
နေဘုရင် ကြက်သေ သေသွားသည်။ နေခွင်းနတ်လေးက စွမ်းအင်ကို ဤမျှအထိ စုပ်ယူနိုင် လိမ့်မည်ဟု သူ ထင်မထားမိပါ။
ထို့နောက် ယဲ့ဖန်၏ ခြေဖဝါးအောက်၌ ဟင်းလင်းပြင် တံခါးတစ်ချက် ပွင့်လာပြီး အထဲမှ ဟင်းလင်းပြင် နယ်မြေကို တွေ့လိုက်ရသည်။ အထဲတွင် နဂါးငွေ့တန်းများ ပြည့်နှက်စွာ တည်ရှိနေပြီး ကြယ်တာရာများလည်း တောက်ပနေသည်။
*ဟင်းလင်းပြင်ကို ခွဲတာလား*
*ဒီလူက တကယ် နတ်ဘုရင်အဆင့်ပေါ့*
နေဘုရင်နှင့် အခြားသူများ၏ မျက်နှာတွင် ခါးသီးမှုများ ပိုမိုပေါ်လွင်လာပြီး ခွန်အားမဲ့သလို ခံစားလိုက်ရသည်။
ထိုစဉ် လေးကြိုး တုန်ခါသွားပြီး အလင်းမြားက ဟင်းလင်းပြင် တံခါးချက်ထဲသို့ ဝင်ရောက်သွားပြီး ကြယ်တာရာများထဲတွင် ငုပ်လျှိုးသွားလေသည်။ သို့သော် ဘာအသံမှ ထွက်မလာဘဲ တိတ်ဆိတ်နေ၏။
*ဒါပဲလား*
လူတိုင်း ကြက်သေ သေသွားကြသည်။
*ပျောက်သွားတာလား*
ယဲ့ဖန်က ထူးဆန်းသော အရာတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့သော်လည်း မြားသည် ဟင်းလင်းပြင်ထဲသို့ ရောက်သွားပြီးနောက် ဘာလှုပ်ရှားမှုမှ ရှိမလာချေ။
“ဝုန်း”
သူတို့ ပဟေဠိ ဖြစ်နေစဉ်မှာပင် ဟင်းလင်းပြင်တံခါးမှ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ် လာ၏။
ထောင်ချီသော ကြယ်တာရာများ ချက်ချင်း ပျက်စီးလာပြီး ဆက်တိုက် ပေါက်ကွဲမှုကြောင့် မိုင်ပေါင်းများစွာသို့ ပျံ့နှံ့နေသည့် မီးပင်လယ်တစ်ခုပင် ဖြစ်လာရသည်။ ဟင်းလင်းပြင် တစ်ခုလုံး ပျက်စီးကာ တွင်းနက်များ ဆက်တိုက် ပေါ်လာပုံက အလွန် အံ့ဩစရာ ကောင်းလှသည်။
*မြားတစ်စင်းက ထောင်ချီတဲ့ ကြယ်တာရာတွေကို ဖျက်ဆီးနိုင်တယ်လား*
“လတ်စသက်တော့ ဒါက နေခွင်းလေးနဲ့ တကယ့် အစွမ်းကိုး”
နေဘုရင်၏ အမူအရာက ထိုင်းမှိုင်းနေသည်။ ယခင်က သူ ပစ်ခဲ့သော မြားချက်များနှင့် ယှဉ်လျင် တကယ်ပင် လနှင့် ပိုးစုန်းကြူးကဲ့သို့ ဖြစ်နေ၏။ အမှိုက်တကာ့အမှိုက်ထွတ်ခေါင် ဖြစ်ခဲ့သည်။
မြားတစ်စင်းက ထောင်ချီသော ကြယ်တာရာများကို ဖျက်ဆီးနိုင်သလို နတ်ဘုရားများကိုလည်း သတ်နိုင်၏။
“မင်း ... မင်းက”
နေဘုရင်သည် တစ်စုံတစ်ရာကို သိသွားဟန်ဖြင့် ယဲ့ဖန်အား အလန့်တကြား ကြည့်လာသည်။
“ဒုန်း”
ထို့နောက် သူသည် ဒူးထောက်ဝပ်တွား၍ မျက်ရည်ကျကာ စိတ်လှုပ်ရှားမှုကြောင့် တုန်တုန် ယင်ယင်ဖြင့် အရိုအသေပေးလေသည်။
“မူ ... မူလဖန်တီးရှင် ဒီမြေးက သေသင့်တဲ့အပြစ်ကို ကျူးလွန်ခဲ့ပါတယ်”