← Chapters

Chapter 1387 - 1388

Vol. 93 Ch. 1387 - 1388

Chapter 1387 - 1388

Vol. 93 Ch. 1387 - 1388

Chapter 1387 ငါ နတ်ဆိုးနဂါး ဖုရှန် သဘောမတူဘူး

*ကျောင်းထုတ်မယ်*

ထိုစကားသံ ထွက်လာသောအခါ လူအုပ်ထဲ၌ ပွက်လောရိုက်သွားသည်။

“ဟုတ်တယ် ထုတ်ပစ်၊ သူ့လို သတ္တိမရှိတဲ့ အရိုင်းအစိုင်းကောင်က ကျုပ်တို့နဲ့ အတူတူ ရှိဖို့ မထိုက်တန်ဘူး”

ချက်ချင်းဆိုသလိုပင် ဝမ်ကျင်း၏ စီနီယာအစ်ကိုများက သံယောင်လိုက် ပြောလာသဖြင့် အခြေအနေက သွေးဆူလာသည်။

“ဟုတ်တယ် ဟုတ်တယ် ဖုန်းယဲ့ကို ထုတ်ပစ်၊ ဝမ်ကောဖူက ပါရမီရှင်တွေ စုဝေးတဲ့နေရာ၊ ငကြောက်တွေ နေတဲ့နေရာ မဟုတ်ဘူး၊ သူ့မှာ နေခွင့်မရှိဘူး”

“အဲ့လိုလူဖျင်းမျိုးကို တန်းသတ်လိုက်သင့်တာ၊ အခု သူ့ကို ဘာလို့ မထုတ်ဘဲ ထားရမှာလဲ”

လူတိုင်း တစ်နေကုန် အလကားသက်သက် စောင့်နေရသဖြင့် ဒေါသကို ထိန်းနေရသည်။ သို့သော် ဝမ်ကျင်းထံမှ စိတ်ကိုဆွသော စကားမျိုး ကြားလိုက်ရသောအခါ ပို၍ ဒေါသထွက် လာကြသည်။

ထိပ်တန်းစာရင်း၌ ရှိနေသော ပါရမီရှင်များလည်း စိတ်ပျက်လက်ပျက် ခေါင်းခါလာကြသည်။ အစက ဖုန်းယဲ့ကို သူတို့ စောင့်ကြည့်ထိုက်သည့် ပြိုင်ဘက်တစ်ယောက်ဟု တွေးထားခဲ့ သော်လည်း တကယ်တမ်း၌ သူရဲဘောကြောင်သော လူမိုက်ကောင် ဖြစ်နေခဲ့သည်။

ဤသည်ကိုမြင်သော် ဝမ်ကျင်း၏ ညစ်ကျယ်ကျယ် အပြုံးက ပိုမိုပီပြင်လာပြီး တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ ကြီးကြပ်ရေးမှူးလီက ပိုင်ရွှယ်နှင့် အခြားမိန်းကလေးများအား ကွင်းပြင်ထဲသို့ တွန်းပို့ လေသည်။ လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

*ဒါ ဖုန်းယဲ့ရဲ့ မိန်းကလေး မဟုတ်လား*

ထောင်ချီသော လူများက သူတို့ကို တိရစ္ဆာန်ပြပွဲထဲက တိရစ္ဆာန်များသဖွယ် ကြည့်နေသည်ကို မြင်ပြီး ပိုင်ရွှယ်နှင့် အခြားမိန်းကလေးများ၏ မျက်နှာက သုန်မှုန်လာသည်။

ဤမိန်းကလေးများကလည်း ယဲ့ဖန်ကဲ့သို့ ထွက်ပြေးမည်ကို ကြီးကြပ်ရေးမှူးလီ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူသည် သူမတို့အိမ်သို့ မနက်စောစောကတည်းက သွားရောက်၍ သူတို့ကို ဖမ်းဆီးခဲ့သည်။

“ဖုန်းယဲ့က ငါ့ညီလေးကို သတ်လိုက်တဲ့ကိစ္စကို မင်းတို့အားလုံး သိကြမှာပါ၊ အဲ့ဒါကြောင့် ငါ့ညီအတွက် လက်စားချေချင်တဲ့အတွက် သူနဲ့ တိုက်ခိုက်တာ၊ ဒါပေမဲ့ သူက မတိုက်ဘဲ အရင် ထွက်ပြေးသွားတယ်လေ၊ သူ့မိန်းမတွေကို ငါ သိမ်းပိုက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့၊ ဒီနေ့ကစပြီး သူ ပေါ်မလာမချင်း သူ့မိန်းမတွေကို ငါ ကစားမယ်”

ဤနည်းအားဖြင့် ယဲ့ဖန်၏ အမျိုးသမီးများကို သူ ပေါ်တင် သိမ်းပိုက်အသုံးချနိုင်ပေမည်။

“အဓိပ္ပာယ်မရှိလိုက်တာ၊ ငါ့အစ်ကိုယဲ့က ဘယ်တော့မှ မတိုက်ဘဲ ထွက်မပြေးတတ်ဘူး၊ နင် သူတို့ကို လွှတ်လိုက်”

ထိုစဉ် ဟွမ်ယွီလင်း သတင်းကြားပြီး အပြေးအလွှား ရောက်လာ၏။ သူမမျက်နှာတွင် စိုးရိမ်စိတ်နှင့် ဒေါသစိတ်များ သန်းနေ၏။

ဤအမှိုက်ကောင်များသည် ယဲ့ဖန် မရှိသည်ကို အခွင့်ကောင်းယူ၍ သူ့အမျိုးသမီးများကို သိမ်းပိုက်ချင်နေသည်က အလွန်အမင်း အရှက်မဲ့လွန်းလှသည်။

“မဟုတ်ဘူးလား၊ ဒါဆို ငါ့ကိုပြောလေ အခု မင်းရဲ့အစ်ကိုယဲ့က ဘယ်မှာလဲ”

ဝမ်ကျင်းက အထင်သေးသောဟန်ပန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ကျွန် … ကျွန်မ မသိဘူး၊ ဒါပေမဲ့ သူ သေချာပေါက် ပြန်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”

ဟွမ်ယွီလင်း အခိုင်အမာ ပြောလိုက်သည်။ သူ့စကားက ရယ်စရာကောင်းလှသည်။ ယဲ့ဖန် မည်မျှ သန်မာသလဲ သူ မသိလေသလော။

သူသည် ဤအရူးကောင် ဝမ်ကျင်းအား လက်တစ်ချောင်းတည်းဖြင့် သတ်နိုင်ပေသည်။ အဘယ်ကြောင့် သတ္တိမရှိစွာ ထွက်ပြေးရန် လိုအပ်မည်နည်း။

“ဟားဟားဟား ညီမလေး မင်း အဲ့လိုပြောလိုက်ရင် ဘာမှမပြောင်းလဲနိုင်ဘူး၊ သူ လာမယ်လို့ မင်း ပြောတယ်မလား၊ ဒါဆို သူ့ကို ခေါ်လိုက်လေ၊ သူ လာရဲလို့လား၊ အဲ့ငကြောက်က ထွက်လာ ရဲလား”

ဝမ်ကျင်း အားပါးတရ ရယ်မောနေပြီး ယဲ့ဖန် မျက်နှာထွက်မပြရဲဟု အခိုင်အမာ ယုံကြည်နေ၏။

“ဂျူနီယာညီမဟွမ် မင်း တော်တော ရိုးတာပဲ၊ ဒီစီနီယာအစ်ကိုက မင်းကို အမှိုက်ကောင်ရဲ့ စိတ်ရင်းကို မင်း မြင်အောင် ကူညီပြီး ပြလိုက်တာလေ၊ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်၊ ဟားဟားဟား”

“ပါးစပ်ပိတ်ထား၊ ရှင် သူ့ကို ဒီလိုစော်ကားခွင့် မပေးနိုင်ဘူး”

ဟွမ်ယွီလင်း အံကြိတ်ထားပြီး ဝမ်ကျင်းအား နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။ သူမ၏ အစ်ကိုယဲ့သည် သူမရင်ထဲ၌ နတ်ဘုရားသဖွယ် ဖြစ်သည်။ ထို့ကြောင့် သူ့အား တစ်ပါးသူက စော်ကားလာသည်ကို သူမ မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ဖုန်းယဲ့က ငကြောက်ပဲ၊ အမှိုက်ကောင်၊ သူ့မိန်းမကိုတောင် မကာကွယ်နိုင်တဲ့ ငကြောက်ကောင်”

သို့သော် ဝမ်ကျင်းက သည်းမခံဘဲ ဓားသွားသဖွယ် ထက်ရှသော စကားများကို အရှိန်တင်၍ ထပ်ပြောလေသည်။

ထိုစကားကိုကြားသော် ပိုင်ရွှယ်နှင့် အခြားသူများသည် သူ့အား မမုန်းတီးဘဲ မနေနိုင်တော့ချေ။ ဝမ်ကျင်းသည် သရော်မှုများ ပြည့်နေသော မျက်နှာနှင့် ဟွမ်ယွီလင်းအား မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲဟူသော အကြည့်ဖြင့် ရန်စသလို ကြည့်လိုက်သည်။

ယနေ့ ဟွမ်ယွီလင်း ဘာပြောပြော ဤမိန်းမများအားလုံးက သူ့အပိုင် ဖြစ်ကိုဖြစ်ရမည်။ ရုတ်တရက် ဟွမ်ယွီလင်းထံမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။

“ဟားဟား…”

သူမမျက်နှာတွင် အထင်သေးမှုများနှင့် ပြည့်နှက်နေလေသည်။ လက်ရှိတွင် သူမသည် တည်ငြိမ် သွားပြီး သရော်ဟန်များ ပေါ်လွင်လာသည်။

“မင်း ဘာရယ်တာလဲ”

ဝမ်ကျင်းတောင်မှ ဒေါသထွက်သွားလေသည်။ ဟွမ်ယွီလင်း၏ အပြုအမူက သူ့ကို အထင်သေးကြောင်း သိသာနေကာ သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည် မဟုတ်ပါလော။

*ငါ့ကို အရူးလို့ ထင်နေတာလား*

*ဟာသပဲ*

“နင်က ဝက်လိုတုံးအလို့ ရယ်တာလေ၊ နင် မသေမချင်း နောင်တရမှာ မဟုတ်ဘူး”

ဟွမ်ယွီလင်းက သူ့အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အေးစက်စွာ ကြည့်နေ၏။

“ငါ့အစ်ကိုယဲ့က နင့်ကို အရင်ကတည်းက အခွင့်အရေး ပေးခဲ့တာ၊ အဲ့ဒါကြောင့် သုံးရက်နေမှ တိုက်မယ်လို့ ပြောခဲ့တာလေ၊ ဒါပေမဲ့ နင်က သေတွင်းတူးနေတာကိုး၊ သူ ရောက်လာရင် နင် နောင်တရလည်း နောက်ကျသွားပြီဆိုတာကို သိလာလိမ့်မယ်”

သူမ ထင်ထားသလိုပင် ဝမ်ကျင်းက အရူးတစ်ယောက် ဖြစ်နေကာ ယဲ့ဖန်က သူ့ကို ပေးသော အခွင့်အရေးကိုပင် သတိမထားမိဘဲ သေခြင်းတရားကိုသာ လိုက်ရှာနေခဲ့သည်။

ဝမ်ကျင်းသည် မထင်မှတ်ဘဲ ထိုသို့‌သော စကားမျိုး ကြားလိုက်ရသဖြင့် ပထမ အံ့ဩနေ သေးသည်။ ထို့နောက် ဟားတိုက်ရယ်ချလေသည်။

“ဟားဟားဟား ငါ့ကို အခွင့်အရေး ပေးတယ်ဟုတ်လား၊ မင်း နောက်နေတာလား၊ ငါက ဘုရင်အဆင့်ကွ၊ ဈာန်ဝင်စားခြင်းအဆင့်လေးက ငါ့ကို အခွင့်အရေးပေးဖို့ လိုလား”

“ဟားဟားဟား ဟွမ်ယွီလင်း တုံးအတာ ငါ မဟုတ်ဘဲ မင်း ထင်တယ်၊ မင်းကို သူ ဘယ်လို ဦးနှောက်ဆေးလိုက်လဲ ငါ မသိဘူး၊ မင်းက ဒီလိုအရူးကိစ္စမျိုးကို ယုံကြတယ်တယ်ပေါ့လေ”

ထိုစကားကိုကြားသော် လူတိုင်း ခေါင်းတခါခါ ဖြစ်သွားကြပြီး ဟွမ်ယွီလင်းတစ်ယောက် ယဲ့ဖန်၏ လှည့်စားခြင်း ခံနေရပြီဟု ထင်သွားကြသည်.။

*ဖုန်းယဲ့က ဒီလောက် သန်မာတယ်ဆိုရင် ဘာလို့ မတိုက်ရဲရတာလဲ*

*ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားနဲ့ ဟွမ်ယွီလင်းလို မိန်းကလေးကို လှည့်စားတာလား*

ထို့နောက် ဝမ်ကျင်းက ဟွမ်ယွီလင်းကို အထင်သေးသော အပြုံးနှင့် ပြုံးကာ ငုံ့ကြည့်လေသည်။

“ငါ စိတ်မကောင်းပါဘူး ဖုန်းယဲ့ရဲ့ မိန်းမကို ငါ သိမ်းမှာ”

သူသည် ထိုသို့ပြောပြီးနောက် အနီးဆုံး၌ ရှိနေသော ကျုံးဝမ်ကို လှမ်းဆွဲကာ အလွန် မောက်မာ၍ တပ်မက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“နင် လုပ်ရဲလား”

ဟွမ်ယွီလင်း၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ယဲ့ဖန် ဤနေရာ၌ မရှိသဖြင့် ယဲ့ဖန်၏ အမျိုးသမီးများကို သူမ ကာကွယ်မှ ဖြစ်မည်။ ထို့နောက် ဟွမ်ယွီလင်းက သူမဘေးနားမှ လူတစ်ယောက်ကိုဆွဲ၍ ပြောလိုက်သည်။

“စီနီယာအစ်ကိုလင်း ကျွန်မကို ကူညီတဲ့အနေနဲ့ သူတို့ကို တားပေးပါ”

လူတိုင်း ထိုအစ်ကိုလင်းကို အားကျသော အကြည့်များဖြင့် ပြိုင်တူ ကြည့်လာကြသည်။ လင်းဝူယာသည် ထိပ်တန်းစာရင်း၌ နံပါတ်သုံးဆယ့်ခုနစ် ချိတ်သူ ဖြစ်ပြီး ထုံတောင် သိုင်းအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ဝမ်ကောဖူ၌ ကျောင်းသားများအား ကိုယ်ပိုင် အဖွဲ့အစည်း ဖွဲ့ခွင့်ပေးထားသည်။ ထိုသို့ ဖွဲ့စည်းသည့် ခေါင်းဆောင်၌ လုံလောက်သော ခွန်အား ရှိရပေမည်။ သို့မဟုတ်ပါက မည်သူမှ ဝင်မည် မဟုတ်ပါ။ ထို့အပြင် အဖွဲ့မှလည်း နှင်ထုတ်ခံရနိုင်၏။

လက်ရှိတွင် ဟွမ်ယွီလင်းသည် ထိုထုံတောင် သိုင်းအဖွဲ့အစည်း၏ အဖွဲ့တင် ဖြစ်သည်။ လင်းဝူယာက သူမကို တစ်ချက်ကြည့်၍ မတုန်မလှုပ် ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး ငါ မကူညီနိုင်ဘူး”

“ဘာလို့လဲ”

ဟွမ်ယွီလင်း၏ အမူအရာ တောင့်တင်းသွာသည်။ လင်းဝူယာသာ လှုပ်ရှားပါက ဝမ်ကျင်းကို သေချာပေါက် တားနိုင်မည် ဖြစ်သည်။

“မင်းအစ်ကိုယဲ့က မသန်မာလို့ ဝမ်ကျင်းကို ရှုံးရင် ငါ ဝင်ပါပေးလို့ အဆင်ပြေတယ်၊ ဒါပေမဲ့ သူက မတိုက်ဘဲ ထွက်ပြေးတာလေ၊ ဒီလိုအမှိုက်မျိုးက ငါ သူ့အတွက် ဝင်ပါမပေးဖို့ မထိုက်တန်ဘူး”

လင်းဝူယာက မောက်မာသော မျက်နှာနှင့် အသာပြောလိုက်သည်။

“စီနီယာအစ်ကိုလင်း ရှင် အထင်လွဲနေပြီ၊ အစ်ကိုယဲ့က အဲ့လိုလူစားမျိုး မဟုတ်ဘူး၊ သူ သေချာပေါက် လာမှာ၊ ရှင် ကျွန်မကို ယုံပါ”

ဟွမ်ယွီလင်း စိုးရိမ်လာသည်။ သူမ၏ လက်ရှိခွန်အားအရ သူမ ဝမ်ကျင်းကို မတားနိုင်ပါ။ ထို့အပြင် ယဲ့ဖန် ဘယ်အချိန် ပြန်လာမလဲကိုလည်း သူမ မသိချေ။ အကယ်၍ ဝမ်ကျင်းကို ဤသို့ လုပ်ခွင့်ပေးလိုက်ပါက ယဲ့ဖန်၏ အမျိုးသမီးများ ထိခိုက်နစ်နာရပေတော့မည်။

“မင်းရှေ့က မြင်ကွင်းက သက်သေပဲလေ”

လင်းဝူယာက အေးစက်၍ မောက်မာသော မျက်နှာထားဖြင့် ရှိနေသေးသည်။ ဟွမ်ယွီလင်း ဘာပြောပြော ယဲ့ဖန်က သွေးကြောင်သူ ဖြစ်သည်။ ဤသည်က လက်တွေ့သက်သေပင်။

“စီနီယာအစ်ကိုလင်း ကျွန်မကို တစ်ကြိမ်ပဲ ယုံပေးပါ၊ အစ်ကိုယဲ့က အဲ့လိုလူစားမျိုး မဟုတ်ဘူး၊ သူက သိပ်သန်မာတာ၊ ရှင်သာ သူ့ကို ကူညီရင် သူ ပြန်လာတဲ့အခါကျ သူ့ကို ထုံတောင် သိုင်းအဖွဲ့ထဲ ဝင်အောင် ကျွန်မ ပြောပေးပါ့မယ်၊ သူက လူတွေကို မလှည့်စားတတ်ပါဘူး”

သို့သော် လင်းဝူယာက ခေါင်းခါမြဲ ခါနေပြီး အပြုအမူက အလွန် ပြတ်သားနေ၏။

“မလိုဘူး၊ ဒီလိုအမှိုက်မျိုးက ငါ့အဖွဲ့ထဲ ဝင်ဖို့ မထိုက်တန်ဘူး”

“ရှင်”

ဟွမ်ယွီလင်း ချက်ချင်း ဒေါသထွက်သွားသည်။ ထို့နောက် သူ့အား စူးစူးရဲရဲ စိုက်ကြည့် လေသည်။

“ရှင် သေချာပေါက် နောင်တရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူမသည် စင်မြင့်ပေါ်သို့ သူမကိုယ်တိုင် ပြေးတက်ရန် ပြင်လေသည်။ သို့သော် ထိုအခိုက်တွင် အနက်ရောင် လှံရှည်တစ်ချောင်းက အရှိန်ဖြင့် ပျံသန်းလာပြီး စင်မြင့်ထက်သို့ ထိုးကျလာသဖြင့် ဝမ်ကျင်း နောက်ဆုတ်လိုက်ရသည်။

“ဘယ်သူလဲ”

ဝမ်ကျင် ဒေါသထွက်သွားပြီး ပတ်ဝန်းကျင်အား ခက်ထန်သော မျက်လုံးများဖြင့် ဝေ့ကြည့် လေသည်။

နတ်ဆိုးနဂါးဖုရှန်၊ သတ်ဖြတ်ခြင်းနတ်ဆိုးသခင်နှင့် ထျဲမူထားတို့က ဒေါသတကြီးဖြင့် စင်မြင့်ထက်သို့ ပြိုင်တူ လွှားခနဲ တက်လာကြသည်။

“ငါ့သခင်ကြီးရဲ့ အမျိုးသမီးကို ထိရဲတယ်ပေါ့လေ၊ မင်း ငါတို့ကို အသိပေးခဲ့သလား”

သူတို့သည် အစက ဝမ်ကောဖူ၌ တပည့်များအဖြစ် ကိုယ်ယောင်ဖျောက်နေရန် ကြံစည်ခဲ့ကြ သော်လည်း ယခု အခြေအနေက အရေးကြီးလာသဖြင့် သူတို့ ဝင်ပါရလေပြီ။

“မင်း”

ဝမ်ကျင်း ရုတ်တရက် မျက်နှာပျက်သွားသည်။ ထိုလူသုံးယောက်၏ အရှိန်အဝါက သူ့ကို ဖိနှိပ်နေ၏။

ထိုလူသုံးယောက်လုံးက ရိုးစင်းသောလူများ မဟုတ်ချေ။ ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း ကြက်သေ သေသွားကြသည်။

*သူတို့သုံးယောက်လုံးက ဘုရင်အဆင့်တွေကို၊ ဖုန်းယဲ့ကို သခင်ကြီးလို့ ခေါ်တယ်ပေါ့၊ ဒါက အံ့ဩစရာ မကောင်းလွန်းဘူးလား*

*ဧကန္တ ဖုန်းယဲ့မှာ ထူးခြားတဲ့ တစ်စုံတစ်ရာ ရှိနေတာများလား*

“သူ့ကိုသတ်”

ချက်ချင်းဆိုသလိုပင် နတ်ဆိုးနဂါးဖုရှန်တို့ သုံးယောက်သည် ခက်ထန်စွာ အော်ဟစ်၍ သတ်ဖြတ်ချင်သော အကြည့်များဖြင့် ဝမ်ကျင်းထံ ပြေးတက်လာကြသည်။

*ငါတို့ မရီးကို ဒီလို စော်ကားရဲတယ်ပေါ့လေ၊ ဒီကောင့်ကို ငယ်ပါဖြတ်ပြီး နုတ်နုတ်စင်းရမယ်*

သို့သော် ထိုစဉ် ဝမ်ကျင်းက အေးစက်စက် ပြုံးလိုက်သည်။

“မင်းတို့တွေက သေချင်နေတာပဲ”

ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သုံးယောက်လုံး မျက်နှာ ဖြူရော်သွားကြသည်။ ထိုအသံ၌ တာအိုစွမ်းအင်များ ပါဝင်နေပြီး သူတို့အား ထိခိုက်လာသည်။

သုံးယောက်လုံး ပြိုင်တူ လွင့်ထွက်သွားပြီး မြေကြီးပေါ် အရှိန်ဖြင့်ကျကာ တစ်ယောက်ပြီး တစ်ယောက် သွေးအန်ကာ မျက်နှာတွင် အံ့ဩဟန်များ ပေါ်နေ၏။

ကျန်လူများလည်း ထိတ်လန့်သွားကြပြီး အသံလာရာသို့ အလျင်အမြန် ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ ထိုအခါ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

*လီချုံးယန်ပါလား*

အသံပိုင်ရှင်မှာ ချင်ရွှေကျောင်းတောင်၏ ကျောင်းအုပ် လီချုံးယန်မှတစ်ပါး အခြားသူ မရှိနိုင်ပါ။ လီချုံးယန်ကို မြင်သောအခါ နတ်ဆိုးနဂါးဖုရှန်တို့ မျက်နှာ သုန်မှုန်သွားကြသည်။

လီချုံးယန်က စင်မြင့်ရှေ့၌ ရပ်ကာ အထက်စီးဖြင့် ပြောလိုက်သည်။

“ဖုန်းယဲ့က သူကိုယ်တိုင် အလောင်းအစား လုပ်ခဲ့ပြီး မတိုက်ဘဲ ထွက်ပြေးသွားတာကြောင့် အရှုံးကို ဝန်ခံတယ်လို့ သတ်မှတ်လို့ရတယ်၊ အလျော်ပေးတဲ့အနေနဲ့ သူ့မိန်းမတွေကို ဝမ်ကျင်း ပိုင်သင့်တာပေါ့”

“မင်းတို့သုံးယောက်က ဝမ်ကောဖူထဲမှာ တိုက်ခိုက်ရဲတယ်ဆိုတော့ သေချင်နေတာလား”

သူ့စကားသံ၌ လူသတ်ချင်စိတ်များ ပါဝင်နေ၏။ လီချုံးယန်က ဝမ်ကျင်းကို တမင်မျက်နှာသာ ပေးနေမှန်း မည်သူမဆို ရိပ်မိသွားကြသည်။

*သုံးစားမရတဲ့ကောင် ဖုန်းယဲ့က ဒီမြေခွေးအိုကြီးရဲ့ သားကိုပါ သွားထိခဲ့တာမလား*

မလှမ်းမကမ်း၌ ရပ်နေသော လီပေါ်ရှုကလည်း ဤမြင်ကွင်းအား အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အလွန် ပျော်ရွှင်အားရစွာ ပြုံးနေ၏။

“ဖုန်းယဲ့ ထွက်မပြေးဘူး၊ သူ နောက်ကျနေတာ၊ သူ သေချာပေါက် လာမှာ၊ သူ့မိန်းမတွေကို ဒီလို ပေးလိုက်တာ အလျင်လိုလွန်းတယ်”

ဟွမ်ယွီလင်းက အလျင်အမြန် ဝင်ပြောလိုက်သည်။ လီချုံးယန် ဝင်ပါလာသည်ကို မြင်ပြီး သူမမျက်နှာက ပို၍ ရှုံ့မဲ့လာသည်။

“ဪ ဒါဆိုလည်း သူ့မိန်းမတွေကို ဝမ်ကျင်းဆီမှာ အာမခံအနေနဲ့ ထားထားလိုက်လေ၊ သူ ပြန်လာတော့မှ သူ့ပြန်ပေးလိုက်ပေါ့”

လီချုံးယန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

*အခု ပေးထားပြီး နောက်မှ ပြန်ပေးလိုက် ဟုတ်လား*

လူတိုင်း ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။

*ဒီလိုဆိုရင် ဖုန်းယဲ့ ပြန်လာရင် သူ့ခေါင်းမှာ ဦးထုပ်စိမ်းတွေ ပုံနေမှာပေါ့ ဟုတ်တယ်မလား*

*ဒီမြေခွေးအိုကြီးက ဘယ်လို အကွက်ချရမလဲ တကယ် သိတာပဲ*

“သောက်အဖိုးကြီး မင်းမိန်းမကိုပဲ အာမခံပြီး ပေးလိုက်ပါလား”

နတ်ဆိုးနဂါး ဖုရှန် ချက်ချင်း ကျိန်ဆဲလေတော့သည်။ သူ့ညီအစ်ကိုအား ဘာအကြောင်းပြချက်မှ မရှိဘဲ ဦးထုပ်စိမ်း ဆောင်းခိုင်းသည်တဲ့လား။ နတ်ဆိုးနဂါးဖုရှန်ဟူသော သူ လုံးဝ သဘော မတူနိုင်ပါ။

(ဦးထုပ်စိမ်းဆောင်းခိုင်းတယ်ဆိုတာ ဇနီးသည် ဖောက်ပြန်တာကို ခံရတဲ့ ခင်ပွန်းသည်ကို ဆိုလိုတာပါ)

Chapter 1388 ခဏနေရင် ခင်ဗျားကိုပါ ရိုက်မယ်

“မင်းက ငါ့ကို ဒီလိုပြောရဲတယ်လား”

လီချုံးယန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေပြီး နတ်ဆိုးနဂါး ဖုရှန်အား အေးစက်စွာ စိုက်ကြည့်နေ၏။

“ကိုယ့်မကျေနပ်ချက်အတွက် လက်စားချေချင်နေတဲ့ ခွေးသူခိုးကြီးက ဖြောင့်မတ်ပြီး လေးစားစရာ ကောင်းအောင် ဟန်ဆောင်နေပြန်ပြီ၊ ကျုပ် ခင်ဗျားကို ပြောတယ် ဘာဖြစ်လဲ”

နတ်ဆိုးနဂါးဖုရှန်က မျက်နှာသာ မပေးဘဲ သူ့စိတ်ကို လူသိရှင်ကြား ဖော်ထုတ်လေသည်။

“သေချင်နေတာပဲ”

လီချုံးယန် ဒေါသူပုန်ထသွားပြီး လျှပ်စီးသဖွယ် ခုန်လွှား၍ နတ်ဆိုးနဂါး ဖုရှန်အား လက်သီးဖြင့် ထိုးလေသည်။

“ခွပ်”

သူ့အရှိန်က လျင်မြန်လွန်းပြီး နတ်ဆိုးနဂါး ဖုရှန် လုံးဝ မခုခံနိုင်ချေ။ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားသလို ညာဘက် လက်မောင်းတစ်ဖက်လုံး ကျိုးကြေသွားလေသည်။

“ငါ့သခင်ကြီးကို လှောင်ပြောင်ရဲတယ်ပေါ့လေ၊ ငါ မင်းကို သတ်ပစ်မယ်ကွ”

ရှုံးနိမ့်မည်ကို သိနေသော်လည်း သတ်ဖြတ်ခြင်းနတ်ဆိုးသခင် ရှေ့သို့ ပြေးတက်သွားပြီး သူ့တံစဉ်အား လီချုံးယန်၏ လည်ပင်းသို့ ဒေါသတကြီး လွှဲယမ်းလိုက်သည်။

“ဟမ့် ပုရွက်ဆိတ်ကောင်ကများ”

လီချုံးယန် အေးတိအေးစက် ပြုံးလိုက်ပြီး သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ တံစဉ်နှင့် လက်မောင်းတို့အား ဖမ်းချုပ်လိုက်ပြီးနောက် ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။

“ဂျွတ် ဂျွတ်”

ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ နံရိုး ခုနစ်ချောင်း၊ ရှစ်ချောင်း ကျိုးသွားပြီး ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားလေသည်။

ထျဲမူထား ပြန်ထမည် ပြင်လိုက်ချိန်တွင် လီချုံးယန်က သူ့နောက်၌ ပေါ်လာပြီး သူ့ခြေထောက်ကို ပိတ်ကန်လာသည်။

ထို့နောက် ထျဲမူထား၏ ဦးခေါင်းတစ်ဝက်လောက် ကွဲသွားပြီး တစ်ကိုယ်လုံး ကြမ်းပြင်ထက်သို့ ပစ်ချထားသဖြင့် စင်မြင့်တစ်ခုလုံး အက်ကွဲရာ ဖြစ်လာသည်။ ရက်စက်ခက်ထန်လွန်းပေသည်။ နည်းနည်းလေးမျှ သက်ညှာခွင့်မပေးပါ။

“ရပ် လီချုံးယန် ရပ်လိုက်စမ်း”

ဟွမ်ယွီလင်း အောက်ဘက်မှ အော်ဟစ်နေသော်လည်း လင်းဝူယာက သူမကို အားဖြင့် ဆွဲထားကာ ရှေ့မတိုးအောင် တားဆီးထားသည်။ ယခု သွားလျင်လည်း ဟွမ်ယွီလင်း ဘာကိုမှ တားဆီးနိုင်မည် မဟုတ်ပါ။ တစ်ဖက်လူက လီချုံးယန် ဖြစ်နေသည် မဟုတ်ပါလော။

“မင်းတို့သုံးယောက်က ဝမ်ကောဖူရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရုံတင်မကဘူး၊ ပြစ်မှုတွေကိုပါ ကျူးလွန်ရဲနေတယ်၊ ဒီနေ့ ငါ မင်းတို့ကို သေဒဏ်ပေးတယ်လို့ ကြေငြာတယ်”

လီချုံးယန်၏ မျက်လုံးတွင် ရက်စက်မှုများနှင့် ပြည့်နှက်နေပြီး ထီမထင်သောအပြုံးက ပိုမို ပီပြင်လာ၏။

ယဲ့ဖန်ကို သူ ရန်မလုပ်ရဲသော်လည်း ယဲ့ဖန်၏ ညီအစ်ကိုများကို သူ မလုပ်ရဲဘဲ နေပါမည်လော။

ယဲ့ဖန် ပြန်ရောက်လာချိန်တွင် သူ့ညီအစ်ကိုများ အသတ်ခံရပြီး သူ့မိန်းမများ ဖျက်ဆီးခံရမည်ကို မြင်လိုက်ရဟန်ကို တွေးမိရုံနှင့်တင် သူ့စိတ်ထဲ၌ ဝမ်းသာ ပျော်ရွှင်လာရသည်။

လီပေါ်ရှုအတွက်လည်း ထိုနည်းတူပင်။ ဤနေရာ၌ အခြားလူများစွာ ရှိမနေပါက သူ ခုန်ပေါက်၍ သူ့ဖခင်ကို လက်ခုပ်လက်ဝါးတီး၍ အားပေးမိလောက်သည်။

“မင်း ငါ့မရီးကို ထိချင်ရင် ငါ သေမှရမယ်ကွ”

ထိုစဉ် နတ်ဆိုးနဂါး ဖုရှန် ဒယိမ်းဒယိုင်ဖြင့် ထလေသည်။ သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း လက်မလျှော့ချေ။

*ရူးနေတာလား၊ မင်း ဘယ်လိုတောင် ပြန်ထရဲတာလဲ*

*ဒီလူက တကယ် သေတွင်းတူးနေတာလား*

“ဟေ့လူ မင်းခွန်အားတွေကို ဖြုန်းမနေနဲ့‌တော့ မင်းညီအစ်ကိုက ထွက်ပြေးပြီးနေပြီ၊ မင်းက ဘာလို့ သူ့အတွက် အသေခံမှာလဲ၊ ကျောင်းအုပ်လီကို တောင်းပန်လိုက်၊ ဒါဆို မင်း အသက်ရှင် နိုင်လောက်တယ်”

“ပါးစပ်ပိတ်ထား၊ မင်းတို့တွေက ငါ့ညီအစ်ကိုကို လက်ညှိုးထိုးဖို့ ထိုက်တန်လို့လား”

နတ်ဆိုးနဂါး ဖုရှန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက် အော်လိုက်သည်။

“မရီးတို့ကိုခေါ်ပြီး သွားတော့”

ထျဲမူထားနှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့က ပိုင်ရွှယ်တို့ထံ ပြေးလာကြသည်။ သူတို့ အသေခံ နိုင်သော်လည်း ဘုရင်မများကတော့ အသက်ရှင်မှ ဖြစ်ပေမည်။

“သွားမယ်၊ မင်းတို့ သွားနိုင်လို့လား”

လီချုံးယန်က အေးစက်စက် ခနဲ့လိုက်ပြီးနောက် နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်ထံသို့ တာအို အလင်းစွမ်းအင် ပစ်လွှတ်လိုက်သည်။

နတ်ဆိုးနဂါး ဖုရှန်ထံမှ သွေးများ ပန်းထွက်လာသလို အသားစများပါ ပဲ့ထွက်လာ၏။ တိုက်ခိုက်မှုက ကြမ်းကြုတ်လွန်းလှသည်။

နတ်ဆိုးနဂါးဖုရှန် အခွင့်အရေး မရလိုက်ဘဲ ထပ်မံ၍ လဲကျသွားပြန်သည်။ သူ့လည်ပင်း၌ ကြောက်စရာကောင်းသော အမာရွတ်ရှိနေပြီး ဦးခေါင်း ပြတ်ကျလုနီးပါး ဖြစ်တော့မည်ဟုပင် ထင်ရသည်။

ထို့နောက်တွင် လီချုံးယန်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ရှေ့သို့ ရောက်လာပီး လက်ထဲမှ ဓားဖြင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထျဲမူထားအား လက်ဝါးတစ်ချက်ဖြင့် ဒေါင်လိုက် ဖြတ်ရိုက်လိုက်သည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် သူတို့သုံးယောက်၏ ခန္ဓာကိုယ်က မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး ထပ်မတိုက်ခိုက်နိုင်တော့ချေ။

ထျဲမူထားတို့ သုံးယောက်လုံး၏ မျက်နှာတွင် မခံချင်စိတ်နှင့် ဒေါသစိတ်များ ရောပြွမ်းနေ၏။

“ဟူး”

လူတိုင်း သက်ပြင်းချလိုက်ကြသည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ခန့်မှန်းမိ ပုံရသည်။ ဘုရင်အဆင့်များက သူတော်စင်သခင်အဆင့်ကို မည်သို့မျှ မယှဉ်နိုင်ပါ။ သူတို့ သုံးယောက်လုံး သေချာပေါက် သေရပေလိမ့်မည်။

ဤသည်ကိုမြင်သော် လီချုံးယန်၏ မျက်လုံးတွင်းမှ ခက်ထန်ရိပ်က ပိုမိုပီပြင်လာပြီး ဆိုးယုတ်စွာ ပြုံးလိုက်သည်။

“အမှိုက်သုံးကောင်က ငါ့လက်ထဲက လူတွေကို ပြန်လုချင်တယ်ပေါ့လေ၊ မင်းတို့ တကယ် အမြင်မရှိတာပဲ”

ချက်ချင်းဆိုသလိုပင် သူ၏ အေးစက်သော အကြည့်များက လီပေါ်ရှုအပေါ် ရောက်သွားပြီး အန္တရာယ်များသော အပြုံးမျိုး ပြုံးလိုက်သည်။

“ငါ မင်းကို လက်စားချေဖို့ အခွင့်အရေး ပေးမယ်၊ မင်းကိုယ်တိုင် သူတို့ကို လာသတ်လိုက်”

“ဟုတ်ကဲ့”

ထိုစကားကိုကြားသော် လီပေါ်ရှုသည် စိတ်လှုပ်ရှား တုန်ယင်လာပြီး စင်အောက်မှ လွှားခနဲ ခုတ်တက်ကာ ခါးမှ ဓားကို ဆွဲထုတ်၍ ရှေ့သို့ လျှောက်လာ၏။

“ရပ်လိုက် ရပ်လိုက်”

ဟွမ်ယွီလင်း ငိုကြွေးနေလေပြီ။ သူမကိုယ်သူမ အသုံးမကျသည့်အတွက် မုန်းတီးမိသလို သူတို့ကို မကယ်နိုင်သည့်အတွက်လည်း မုန်းတီးမိနေသည်။ ကျုံးဝမ်သည်လည်း မျက်ရည်ဝဲ လာပြီး စိတ်ထဲ၌ “ယဲ့ဖန် မြန်မြန်လာပါတော့”ဟု ရေရွတ်နေမိသည်။

“ဟေ့ ငါ့ကို အပြစ်မတင်နဲ့၊ အပြစ်တင်ချင်လည်း မင်း လူမှားပြီး အမှုထမ်းမိတာကိုပဲ အပြစ် တင်လိုက်”

လီပေါ်ရှုက နတ်ဆိုးနဂါး ဖုရှန်ရှေ့၌ ရပ်ကာ ဟန်လုံးထုတ်နေသည်။ ထိုစကားကိုကြားသော် နတ်ဆိုးနဂါး ဖုရှန်က သရော်လိုက်ပြီး တက်ကြွစွာ ပြန်ပြောလိုက်သည်။

“ငါတို့သေသွားရင် အဲ့လူက ဝမ်ကောဖူတစ်ခုလုံးကို သတ်ပစ်မှာ၊ မင်းကို ဒီအတိုင်း ထားမှာ မဟုတ်တာ မင်း ယုံလား”

တည်ငြိမ်သော အပြုအမူက သေဘေးကိုပင် မမှုသည့်ပုံပင်။

“ငါ့ကို သတ်မယ် ဟုတ်လား၊ ငါ ကြောက်မယ်လို့ မင်း ထင်လား”

လီပေါ်ရှုက သူ့မျက်နှာကို တံတွေးဖြင့်ထိုး၍ ဓားကိုမြှောက်ကာ နတ်ဆိုးနဂါး ဖုရှန်ကို ခုတ်ရန် ပြင်လိုက်သည်။

“မင်း သူ့ဆံပင်တစ်ချောင်းပဲ ထိကြည့်လိုက်၊ ငါ မင်းကို သတ်ပစ်မယ်”

ရုတ်တရက် ရှေးခေတ်သားရဲတစ်ကောင် မာန်ဖီသကဲ့သို့ အလွန်တရာ ခက်ထန်သော အသံတစ်သံက ကြည့်ရှုသူများကို ဖြတ်ကျော်၍ ထွက်ပေါ်လာ၏။ ရှေးဟောင်းသားရဲ မာန်ဖီလာသဖြင့် နေနှင့်လတို့ပင် တုန်ခါသွားသည်ဟု ထင်မှတ်ရသည်။

ထိုအခိုက်တွင် လူတိုင်း ပြိုင်တူ တုန်ယင်လာပြီး ကြောက်စရာကောင်းသော သားရဲ တစ်ကောင်က သူတို့အနောက်မှ စိုက်ကြည့်နေသည်ဟု ခံစားနေရသည်။ ကောင်းကင်ထက်မှ အရိုးကွဲမတတ် ချမ်းအေးသော အေးစက်မှုတစ်ခု တိုးပွားလာသည်။

ထိုအခါ လီပေါ်ရှုသည် လက်ထဲမှ ဓားအား လွှဲရဲသည့် သတ္တိ မရှိတော့ဘဲ နဖူးမှ ချွေးစေးများ ဆက်တိုက် စီးကျလာသည်။

ဤဓားချက်ကိုသာ လွှဲလိုက်ပါက တစ်ခဏအတွင်း သူ အလောင်းပင် အပြည့်အစုံမရှိဘဲ သေသွားရမည့်ပုံပင်။

“ဒီအော်သံ ကြည့်ရတာ သခင်ကြီး ဒီရောက်လာတဲ့ပုံပဲ၊ မင်းတော့ အခွင့်အရေး မရှိတော့ဘူး”

နတ်ဆိုးနဂါးဖုရှန်က အေးအေးလူလူ လေချွန်၍ အပြုံးကြီး ပြုံးလိုက်သည်။ ယခုအခါတွင်မှ ထျဲမူထားနှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့ စိတ်အေးကာ သက်ပြင်းချလိုက်ကြသည်။ ကံကောင်း၍ သူတို့ အသတ်မခံရတော့ပေ။

ထိုစဉ် လူတိုင်း အနောက်သို့ တောင့်တင်းစွာဖြင့် လှည့်ကြည့်လိုက်သောအခါ အကြည့်များက နဂါးတစ်ကောင်ကဲ့သို့ စူးရှ၍ အသံ၌ အထက်စီးဆန်မှုများ ပါဝင်နေသော လူတစ်ယောက်က သူတို့နောက်၌ မားမားမတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရသည်။

*ဒီကြောက်စရာကောင်းတဲ့ လူသတ်ချင်စိတ်က သူ ထုတ်လွှတ်နေတာလား*

လူတိုင်း ယဲ့ဖန်ကို အံ့ဩသလို ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှလူက နဂါးအသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်က ဘုရင်အဆင့်လို ငါတို့အားလုံးကို ကြောက်အောင် လုပ်နိုင်တာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဖုန်းယဲ့ နောက်ဆုံးတော့ မင်း ရောက်လာပြီလား”

စင်မြင့်ထက်မှ ဝမ်ကျင်း၏ မျက်နှာတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။

*ဖုန်းယဲ့*

*ဒီလူက ဖုန်းယဲ့လား*

*ဈာန်ဝင်စားခြင်းအဆင့်လေးနဲ့ ဘုရင်အဆင့်ကို အနိုင်ယူနိုင်တဲ့လူလား၊ သူ အဆင့်တက် သွားတာလား*

လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာကြသည်။ သူတို့ရင်ထဲမှ ထိတ်လန့်မှုနှင့် ပြောမပြတတ်သော အဆင့်သို့ပင် ရောက်ရှိနေ၏။

*ဒီလူက တကယ်‌ ကြောက်ဖို့ကောင်းတယ်၊ နဂါးအသွင်ပြောင်းခြင်းအဆင့်ပဲ ရှိသေးတာတောင် မိုးမြေကို ဝါးမျိုနိုင်တဲ့ အရှိန်အဝါမျိုး ရှိတယ်၊ သူ့ကိုယ်ရောင်ကိုယ်ဝါက မြင့်မြတ်ပြီး ထိတ်လန့်စရာပဲ*

“သူက ဖုန်းယဲ့လား”

လင်းဝူယာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ့ဘေးမှ ဟွမ်ယွီလင်းကို မေးလိုက်သည်။ လက်ရှိတွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို သူ ခံစားမိနေ၏။

*ဒီလူက တော်တော်ကို ပုံမှန်မဟုတ်ဘူး*

ဟွမ်ယွီလင်းက သူ့အား လျစ်လျူရှုကာ ယဲ့ဖန်ထံ ပြေးသွားပြီး အသည်းအသန် ငိုကြွေးလေ တော့သည်။

“ကျွန်မ တောင်းပန်ပါတယ် အစ်ကိုယဲ့၊ လင်းအာ အသုံးမကျဘူး၊ ကျွန်မ အစ်မတွေနဲ့ အစ်ကိုတွေကို မကာကွယ်နိုင်ခဲ့ဘူး”

သူမပုံစံက အမှားလုပ်ထားမိရင် မျက်ရည်လည်ရွဲနှင့် ဖြစ်နေသော ကလေးတစ်ယောက်နှင့် တူနေသည်။

“မင်း ဘာလုပ်ခဲ့လဲ ငါ မသိပင်မယ့် မင်း အကောင်းဆုံးလုပ်ခဲ့လိမ့်မယ်လို့ ငါ ယုံပါတယ်”

ယဲ့ဖန်က ပြုံး၍ သူမခေါင်းလေးကို အသာ ပွတ်သပ်လိုက်သည်။

“ဒါပေမဲ့ … ဒါပေမဲ့”

ဟွမ်ယွီလင်း ငိုနေဆဲပင်။ သူမသာ ပိုသန်မာခဲ့ပါက ဤသို့ ဖြစ်လာနိုင်မည် မဟုတ်ပါ။

“စိတ်မကောင်းမဖြစ်နဲ့၊ မင်း အကောင်းဆုံး ကြိုးစားခဲ့သလို ပြတ်သားတဲ့ စိတ်ဓာတ်လည်း ရှိတယ်လေ၊ ဒါနဲ့တင် လုံလောက်ပါပြီ”

ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။

“မင်း ငါ့အတွက် အချိန်တစ်စက္ကန့်လောက် ဆွဲထားပေးနိုင်ရင်တောင် ငါ့ကို ကူညီရာ ရောက်တာပဲလေ ဟုတ်တယ်မလား”

ဟွမ်ယွီလင်း သေချာ တွေးလိုက်ပြီးနောက် တက်တက်ကြွကြွ ခေါင်းညိတ်လေသည်။

“ကျွန် မိနစ်တွေအများကြီး ယူထားပေးရတာ”

“ဒါဆို မင်း ငါ့ကို အများကြီး ကူညီလိုက်တာပဲ”

ယဲ့ဖန်က ရယ်၍ ပြောလိုက်သည်။

“အခု ငါ့ကို ဖြေရှင်းဖို့ လွှဲပေးလိုက်တော့”

ထို့နောက် ယဲ့ဖန်က အရှေ့မှ စင်မြင့်ထက်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး လူတိုင်းက သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ သို့သော် ကြီးကြပ်ရေးမှူးလီ ထိတ်လန့်နေ၏။

*ဒီကောင် အဆင့်တက်သွားတာလား*

*ဈာန်ဝင်စားခြင်းအဆင့်မှာတောင် ဘုရင်အဆင့်ကို တိုက်နိုင်နေတာ၊ အခု နဂါးအသွင် ပြောင်းခြင်း အဆင့် ရောက်သွားတော့ ဘယ်လောက် ကြောက်စရာကောင်းနေမလဲ*

စင်မြင့်ထက်တွင် လီမျိုးနွယ် သားအဖ မျက်နှာသုန်မှုန်နေ၏။ ယဲ့ဖန် ပြန်လာရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။ သူတို့၏ မျက်နှာတွင် မလိုလားဟန်များ ပေါ်နေ၏။

အချိန်အနည်းငယ်မျှ နောက်ကျပြီးမှ ရောက်လာလျင် ယဲ့ဖန်၏ ညီအစ်ကိုများ သေသွားမည် ဖြစ်သလို သူ့အမျိုးသမီးများသည်လည်း အသုံးတော်ခံများ ဖြစ်လာပေမည်။

သို့သော် လီချုံးယန်၏ မျက်နှာတွင် ထီမထင်ဟန် အပြုံးတစ်ခု ထွက်ပေါ်လာ၏။

*ယဲ့ဖန် ပြန်လာပြီး သူ့အဆင့်က တက်သွားတယ်ဆိုပင်မယ့် ဝမ်ကျင်းမှာ နဂါးငါးကောင် ဒန်ဆေးလုံးနဲ့ ငါ ပေးထားတဲ့ လက်နက် ရှိတာပဲ၊ အဲ့ဒါတွေနဲ့ဆို သူ့ကိုသတ်ဖို့ မခက်ပါဘူး*

“ထွက်သွား”

ယဲ့ဖန် လီပေါ်ရှုကို အေးစက်စွာ စိုက်ကြည့်လေသည်။ သူ့အကြည့်များက အေးစက်မောက်မာ နေသည်။

“မင်း”

လီပေါ်ရှု၏ မျက်နှာ အလွန်အမင်း မည်းမှောင်နေပြီး လူ့ရှေ့သူ့ရှေ့၌ ယဲ့ဖန်၏ ငေါက်ငမ်းခြင်း ခံလိုက်ရသဖြင့် လွန်စွာ အရှက်ရသွားလေသည်။

“မင်း မသွားရင် သေလိုက်တော့”

ယဲ့ဖန်၏ လူသတ်ချင်စိတ်က မီးတောင်ပေါက်ကွဲသကဲ့သို့ ဝုန်းခနဲ ထွက်လာသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

လီချုံးယန်က လီပေါ်ရှုကို ခပ်မာမာ တစ်ချက်ကြည့်လိုက်ပြီး ထိုအကြည့်က သေခါနီးလူ တစ်ယောက်နဲ့ မင်း ဘာလို့ ဖက်ပြိုင်စရာ လိုမှာလဲဟု ပြောနေသလိုပင်။

လီပေါ်ရှုက ယဲ့ဖန်ကို မခိုးမခန့် ကြည့်လိုက်ပြီး သရော်လိုက်သည်။

“မင်း ကြာကြာ မောက်မာနိုင်မှာ မဟုတ်ပါဘူး၊ ဒီနေ့ မင်း သေမှာ”

ယဲ့ဖန်၏ မျက်လုံးများ အေးခဲသွားပြီး ဒေါသတကြီးဖြင့် လီပေါ်ရှု၏ မျက်နှာကို ရိုက်ထုတ်လိုက် သောကြောင့် လီပေါ်ရှု လဲကျသွားသည်။

“ဘုန်း”

လီပေါ်ရှု၏ ဦးခေါင်းက ကြမ်းပြင့်ရိုက်ကာ သွေးများ စိမ့်ထွက်လာပြီး ဦးခေါင်းခွံ ချိုင့်သွားသလို မကြာသေးခင်ကမှ ကောင်းသွားသော ဒဏ်ရာကလည်း ပြန်ပွင့်လာ၏။

“ဖုန်းယဲ့ မင်း”

လီချုံးယန်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။

*ဒီမျိုးမစစ်ကောင်က စည်းကမ်းကို လျစ်လျူရှုပြီးတော့ ငါ့သားကို ငါ့ရှေ့မှ ရိုက်တယ်ပေါ့လေ*

“စိုးရိမ်မနေနဲ့ အခု သူ့ကိုပဲ ရိုက်တာ … ခဏနေရင် ခင်ဗျားကိုပါ ကျုပ် ရိုက်မယ်”

All Chapters