← Chapters

သတ္တမအဆင့် နတ်ဆိုးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 86

သတ္တမအဆင့် နတ်ဆိုးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 86

လီယွမ်က အမှတ် (၁၃) ဂူစံအိမ်၏ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အနည်းငယ် အံ့အားသင့်သွားရ၏။

အရင်တုန်းက သူနှင့် ဖေးလော့ချန်တို့ နဝမဂူစံအိမ်တော်၏ အတွင်းစည်းသို့ သွားရောက်ခဲ့စဉ်က အမှတ် (၁၃) ဂူစံအိမ်ကို ဖြတ်သန်းခဲ့ကြပြီး သူတို့၏ ခရီးစဉ်အတွက် ဂူစံအိမ်သခင် ယန်ချောင်ထံမှ ဧရာမလင်းယုန်ကြီးတစ်ကောင်ကိုပင် ငှားရမ်းခဲ့ဖူးသည်။

‘နဝမဂူစံအိမ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဒီဒေသက ဂူစံအိမ်တွေ အကုန်လုံး တိုက်ခိုက်ခံနေရတာပဲ ဖြစ်ရမယ်..’

လီယွမ် မျက်လုံးကို မှေးစင်းလိုက်၏။

‘ဒီလောက်ကြီးမားတဲ့ စစ်ဆင်ရေးမျိုးမှာ အဋ္ဌမအဆင့် သိုင်းပညာရှင်တစ်ယောက် မပါရင်တောင်မှ အနည်းဆုံးတော့ သူတော်စင်အဆင့်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက်က အုပ်ချုပ်နေမှာ သေချာတယ်..’

ထိုအကြောင်းကို စဉ်းစားရင်း လီယွမ်က ဝါးတောလေးဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။

မျက်နှာတစ်ထောင်ကူကောင် ရှိနေသဖြင့် အဋ္ဌမအဆင့် သိုင်းပညာရှင်နှင့် ရင်ဆိုင်ရလျှင်ပင် သူ ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရှိနေသေးသည်။ သို့သော် သူ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော အခြေခံအုတ်မြစ်များကိုတော့ စွန့်လွှတ်လိုက်ရပေလိမ့်မည်။

"အစ်ကိုယွမ်"

ဝမ်ကျောက်ကျောက်ကလည်း ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သော အချက်ပေးမြှားကို သတိပြုမိသွားသည်။

"အဲဒါ အမှတ် (၁၃) ဂူစံအိမ်ဘက်က လာတာလား.. နတ်ဆိုးတွေ တိုက်ခိုက်နေတာလား"

"အင်း"

လီယွမ်က ခေါင်းညိတ်လိုက်၏။

"ငါ အမှတ် (၁၂) ဂူစံအိမ်ကို တိုက်ခိုက်တဲ့ နတ်ဆိုးတွေကိုတော့ ရှင်းလင်းပြီးသွားပြီ.. ဒါပေမဲ့ ပိုကြီးမားတဲ့ ပြဿနာတွေ လာနေပြီ"

"ဒီလောက် မြန်မြန်ကြီးလား"

ဝမ်ကျောက်ကျောက် အံ့အားသင့်သွားသည်။ အမှတ် (၁၃) ဂူစံအိမ်ကို အကူအညီတောင်းခံရလောက်အောင် ဖိအားပေးနိုင်သော နတ်ဆိုးအဖွဲ့သည် သတ္တမအဆင့် နတ်ဆိုးတစ်ကောင် ဦးဆောင်လာခြင်း ဖြစ်နိုင်ချေများသည်။ သို့တိုင်အောင် အစ်ကိုယွမ်က အလွန်လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။

သူမနှင့် အစ်ကိုယွမ်ကြားက ကွာဟချက်က မှန်းဆ၍ပင် မရနိုင်လောက်အောင် ကြီးမားနေခဲ့ပြီ။

“ကျွီ ကျွီ…”

ကောင်းကင်ယံမှ ဝမ်းနည်းဖွယ် အော်သံတစ်ခု ပဲ့တင်ထပ်သွားသည်။

အထက်သို့ မော့ကြည့်လိုက်သောအခါ လရောင်အောက်တွင် ဧရာမလင်းယုန်ကြီးတစ်ကောင် အတောင်ပံခတ်လျက် ယိမ်းယိုင်စွာ ပျံသန်းလာသည်ကို လီယွမ် မြင်တွေ့လိုက်ရ၏။

"ဒေါင် ဒေါင် ဒေါင်"

အမှတ် (၁၂) ဂူစံအိမ်အတွင်း၌ နက်ရှိုင်းကျယ်လောင်သော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။

စာကလေးတစ်ကောင်က ဝါးတောလေးဆီသို့ ပျံသန်းလာသည်။

"စီနီယာအစ်ကိုလီ... ဂူစံအိမ်သခင် ဖန်းတာချွန်းက ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ အမိန့်တောင်းခံခိုင်းလိုက်ပါတယ်"

"စောင့်နေလိုက်ပါ"

လီယွမ်က စကားနှစ်ခွန်းတည်းသာ ပြောလိုက်၏။

အဋ္ဌမအဆင့် နတ်ဆိုးတွေ မလာသရွေ့ သူတို့ တောင့်ခံထားနိုင်၏။

ဤနေရာက သူ၏ အခိုင်မာဆုံးသော အခြေစိုက်စခန်းဖြစ်ပြီး ခွန်လွန်ဟင်းလင်းပြင်တွင် ထုတ်ဖော်ခဲ့သည်ထက်ပင် ပိုမိုကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်သည်။ ဓားနတ်သမီးသည်လည်း အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းခဲ့ပြီးပြီ မဟုတ်လော။

နတ်ဆိုး တပိုင်း သူတော်စင် အဆင့် ကို သတ်ရန်မှာ ခက်ခဲသောကိစ္စ မဟုတ်တော့ပေ။

"ရှောင်ကျောက်... မင်း ဒီမှာပဲ နေခဲ့ပါ.. ငါ အပြင်ဘက် ကာကွယ်ရေးမျဉ်းကို သွားကြည့်လိုက်ဦးမယ်"

လီယွမ်က အမှတ် (၁၂) ဂူစံအိမ်၏ အပြင်ဘက် ကာကွယ်ရေးမျဉ်းများကို စောင့်ကြပ်ရန် နတ်ဆိုးရုပ်သေးတပ်ဖွဲ့ကို အမိန့်ပေးထားပြီးဖြစ်သည်။ လီယွမ်သည် ပျံသန်းခြင်းကူကောင်ကို အသက်သွင်းကာ လေထဲသို့ ပျံတက်သွားပြီး ကျဆင်းလာသော ဧရာမလင်းယုန်ကြီးကို သွားရောက်ကြိုဆိုလိုက်၏။

လင်းယုန်ကြီး၏ ကျောပေါ်တွင်တော့ သွေးသံတရဲရဲနှင့် သေလုမြောပါး ဖြစ်နေသော လူတစ်ယောက် လဲလျောင်းနေသည်။ ၎င်းမှာ အမှတ် (၁၃) ဂူစံအိမ်၏ သခင် ယန်ချောင်ပင် ဖြစ်၏။

"ဂျူနီယာမောင်လေး လီယွမ်"

လီယွမ်ကို မြင်သောအခါ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေါ်လာသည်။

"မြန်မြန်... မြန်မြန် စီနီယာအစ်ကို ဖေးကို အသိပေးလိုက်ပါ.. နဝမဂူစံအိမ်တော်ရဲ့ အတွင်းစည်းကို ထွက်ပြေးကြ... ငါတို့... တောင့်မခံနိုင်တော့ဘူး"

"စီနီယာအစ်ကိုဖေး ဒီမှာ မရှိတော့ဘူး.. သူ အတွင်းစည်းကို ပြန်သွားပြီ"

လီယွမ်က ယန်ချောင်၏ ဒဏ်ရာများကို ကုသရန် ရှင်သန်ခြင်းကူကောင်ကို ခေါ်ယူလိုက်ပြီးနောက် မေးလိုက်၏။

"အမှတ် (၁၃) ဂူစံအိမ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ"

"အကုန်ကျဆုံးသွားပြီ"

ယန်ချောင်၏ မျက်နှာက မည်းမှောင်သွားသည်။

"ကျူးကျော်လာတဲ့သူတွေက အရမ်းအစွမ်းထက်တယ်.. သူတို့ကို သတ္တမအဆင့် နတ်ဆိုးတစ်ကောင်က ဦးဆောင်လာတာ အမှတ် (၁၃) ဂူစံအိမ်က သူတို့ကို ခုခံနိုင်စွမ်း လုံးဝမရှိဘူး"

သူက လီယွမ်၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

"မင်း မြန်မြန် ထွက်သွားရမယ်.. နတ်ဆိုးတွေက အုံလိုက်ကျင်းလိုက် လာနေပြီ.. ဒီနေရာလည်း မကြာခင် ကျဆုံးတော့မှာ"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းမှ လရောင်အောက်တွင် မည်းမည်းသဏ္ဍာန်တစ်ခု ပေါ်လာသည်။

"ခရမ်းရောင် ညငှက်နတ်ဆိုးမ"

ယန်ချောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် ထထိုင်လိုက်၏။

"ဂျူနီယာမောင်လေး လီယွမ်... မြန်မြန်လုပ် ..သူ့ကို ငါ ဟန့်တားထားမယ်"

"ဟုတ်ကဲ့..."

လီယွမ်က ခေတ္တရပ်သွားပြီးနောက် ပြောလိုက်၏။

"စီနီယာအမ ယန်... ဒီနတ်ဆိုးမကို ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်.. အမရဲ့ ဒဏ်ရာတွေ သက်သာအောင်ပဲ အာရုံစိုက်လိုက်ပါ"

ယန်ချောင်က မျက်မှောင်ကြုတ်လိုက်၏။

"အခုက စိတ်ကူးယဉ်နေရမယ့် အချိန်မဟုတ်ဘူး.. ငါတို့ တတ်နိုင်သမျှ လူတွေကို အများဆုံး ရှင်သန်ခွင့်ရအောင် လွတ်မြောက်စေရမယ်.. ငါ အသက်မရှင်နိုင်ရင်တောင် မင်းရှိနေသေးတယ်လေ"

"အဟဲ..ခရမ်းရောင် ညငှက်နတ်ဆိုးမကို သတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး အသက်ရှင်နိုင်ပါတယ်"

လီယွမ်က ရယ်လိုက်၏။

သူတို့နှစ်ယောက် စကားပြောနေစဉ် ခရမ်းရောင် ညငှက်နတ်ဆိုးမက ပျံသန်းလာပြီး လေထဲတွင် ဝဲပျံကာ လှောင်ပြောင်သော အကြည့်ဖြင့် သူတို့ကို ငုံ့ကြည့်နေ၏။

"အို... မင်းတို့နှစ်ယောက်က ငါ့ကို နားမကြားဘူးလို့ ထင်နေတာလား.. ငါ့ရဲ့ ခရမ်းရောင် ညငှက်နတ်ဆိုးမျိုးနွယ်စုက အကြားအာရုံ အရမ်းကောင်းတယ်ဆိုတာ မှတ်ထားစမ်း"

သူမ၏ အတောင်ပံများမှလွဲ၍ ခရမ်းရောင် ညငှက်နတ်ဆိုးမတွင် နတ်ဆိုးလက္ခဏာများ လုံးဝမရှိသလောက်ပင်။ သူမတွင် ရှည်လျားသော ခြေတံများနှင့် နှင်းလိုဖြူဖွေးသော အသားအရေရှိပြီး ခရမ်းရောင် အမွှေးအတောင်များက သူမ၏ လျှို့ဝှက်နေရာများကို ဖုံးကွယ်ထားကာ အလွန် ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းနေသည်။

"ဟွန့်"

သူမက တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

"မင်းတို့ရဲ့ အမှတ် (၁၂) ဂူစံအိမ်က ဘာဖြစ်လို့ အရသာရှိတဲ့ သွေးနံ့လေးတွေ မထွက်ရတာလဲ အဲဒီလူတွေက သိပ်နှေးကွေးနေတာလား.. အဲဒီတုန်းက သူတို့တွေ နဝမဂူစံအိမ်တော်ရဲ့ အမြစ်ဖြတ် သုတ်သင်ခံရမလို ဖြစ်ခဲ့တာ အံ့ဩစရာ မရှိဘူး"

"ထားလိုက်ပါတော့"

"ငါ အရင်ဆုံး စမ်းကြည့်ရတာပေါ့"

ခရမ်းရောင် ညငှက်နတ်ဆိုးမက သူမ၏ အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ အမွှေးအတောင် မြောက်မြားစွာက ချွန်ထက်သော မြှားများကဲ့သို့ ပစ်လွှတ်လိုက်ပြီး လီယွမ်နှင့် ယန်ချောင်တို့ ရှိရာနေရာသို့ သိပ်သည်းစွာ ကျဆင်းလာ၏။

"လီယွမ်..."

ယန်ချောင်က စကားတစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လီယွမ်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဧရာမ သွေးချီစွမ်းအင်တစ်ခုက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ချီသွေးများက မီးတောက်များကဲ့သို့ တောက်လောင်နေပြီး သူ၏ ဆံပင်ရှည်များက ထောင်မတ်နေကာ သူ၏ မျက်နှာထားက မာနကြီးပြီး ဝင့်ကြွားနေ၏။ အေးချမ်းပြီး ယဉ်ကျေးသိမ်မွေ့သော ဂျူနီယာမောင်လေး လီယွမ်နှင့် လုံးဝကို ကွဲပြား ခြားနားသော လူတစ်ယောက် ဖြစ်နေလေပြီ။

"ဒီလောက်တောင် ပေါများ ကြွယ်ဝတဲ့ ချီသွေးစွမ်းအင်တွေပါလား အဆင့်တူ သိုင်းပညာရှင် တစ်ယောက်ထက်တောင် ပိုအစွမ်းထက်နေသေးတယ်.. မဟုတ်ဘူး ခန္ဓာကိုယ်ပိုင်း ဆိုင်ရာမှာ အတော်ဆုံးဖြစ်တဲ့ အဆင့်တူ နတ်ဆိုး တစ်ကောင်ထက်တောင် ပိုအစွမ်းထက်နေသေးတယ်လို့ ပြောရမယ်"

ယန်ချောင်မှာ လုံးဝ အံ့အားသင့်သွားရတော့သည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဂျူနီယာမောင်လေး ဖေးလော့ချန်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် သူက အမှတ် (၁၂) ဂူစံအိမ်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်၏။

သို့သော် မမျှော်လင့်ဘဲ လီယွမ်၏ ပါရမီက သူ့ထက်ပင် သာလွန်နေသေးသည်ကို တွေ့လိုက်ရသည်။

'သွေးချီကူကောင်' ကို ဤအဆင့်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စွမ်းရှိသော ကူသခင်မျိုးမှာ လောကတွင် အလွန်တရာ ရှားပါးလှ၏။

လီယွမ်၏ မျက်လုံးများက မီးအိမ်များကဲ့သို့ တောက်ပနေပြီး ကောင်းကင်ယံရှိ ခရမ်းရောင် ညငှက်နတ်ဆိုးမအား ကြည့်လိုက်သည်။

"ငှက်နတ်ဆိုးတွေရဲ့ ဦးနှောက်က သစ်ကြားသီးထက်တောင် သေးငယ်ပြီး သိပ်မထက်မြက်ဘူးလို့ ပြောကြတယ်.. ကြည့်ရတာ အဲဒါ အမှန်ပဲ ထင်တယ်"

ခရမ်းရောင် ညငှက်နတ်ဆိုးမကလည်း ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

"မင်းက အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ ထူးဆန်းတဲ့ နည်းလမ်းတွေကို သုံးနိုင်တဲ့ ကူသခင်တွေထဲက တစ်ယောက်လို့ တပ်မှူးကြီး ပြောတဲ့သူပဲ ဖြစ်ရမယ်"

လီယွမ်၏ နှုတ်ခမ်းများက သဲ့သဲ့လေး ကွေးတက်သွားသည်။

"ဒါက နှိပ်စက်ညှင်းပန်းတာ"

သူက မြေပြင်ကို အားကုန်ဆောင့်ကန်လိုက်ပြီး လေးမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွား၏။ သူ၏ ခြေထောက်များကို ရွှမ်ကူ လေစီးကူကောင်က ရစ်ပတ်ထားပြီး သူ့အား အံ့မခန်း မြန်ဆန်စေသည်။

သူ၏ ရင်ခွင်ထဲတွင် ခိုအောင်းနေသော ဝူမေ့က ပင့်ကူမျှင်များကို အဆက်မပြတ် ပစ်လွှတ်လိုက်ပြီး မြှားများအားလုံးကို ကာကွယ်လိုက်၏။

ရှောင်ချိုက်ကလည်း တိတ်တဆိတ် စွမ်းအင်များကို စုစည်းနေသည်။

ခရမ်းရောင် ညငှက်နတ်ဆိုးမ၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့သွားသည်။ သူမက ခြေဖျားဖြင့် မြေပြင်ကို ဖွဖွလေး ထိကာ နောက်ဆုတ်လိုက်၏။ ထို့နောက် အတောင်ပံများကို ထပ်မံခတ်လိုက်ရာ ခရမ်းရောင် လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်သည်။

"လေအဖြစ် အသွင်ပြောင်းခြင်း"

လီယွမ်က တိုးညင်းစွာ ရွတ်ဆိုလိုက်၏။

မျက်နှာတစ်ထောင်ကူကောင် လှုပ်ရှားလာပြီး သူ၏ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်သွားကာ လေ၏ သက်ရောက်မှုကို မခံရတော့ဘဲ သောင်းကျန်းနေသော လေဆင်နှာမောင်းကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်စေခဲ့သည်။

'မဖြစ်နိုင်တာ’

သူမ၏ ဂုဏ်ယူရဆုံးသော တိုက်ကွက်က တိုက်ရိုက် ဖျက်ဆီးခံလိုက်ရခြင်းက ခရမ်းရောင် ညငှက်နတ်ဆိုးမကို ကြောက်ရွံ့သွားစေခဲ့သည်။ ၎င်းမှာ နတ်ဆိုးလမ်းစဉ်၏ အစစ်အမှန် အနှစ်သာရများကို စုစည်းထားသော လေဆင်နှာမောင်း ဖြစ်၏။ လေပြင်းတစ်ချက်တိုင်းက ဓားတစ်လက်လို ထက်မြက်ပြီး နယ်ပယ်ခြောက်ခုအတွင်းရှိ မည်သည့်သက်ရှိကိုမဆို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

‘ငါ့ရှေ့က လူသားကူသခင်က သက်ရောက်မှု မရှိဘူး တဲ့လား’

‘အရမ်း ထူးဆန်းလွန်းတယ်’

ဘယ်သူက နတ်ဆိုးမှန်းတောင် ခွဲခြားရ ခက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီယွမ်က အနီးသို့ ရောက်ရှိလာခဲ့လေပြီ။ ဤနေရာတွင် သူ အလိုရှိရာကို လုပ်ဆောင်နိုင်ပေသည်။ အမှတ် (၁၂) ဂူစံအိမ်မှ လူများသည် သူ၏ စိတ်စွမ်းအား နယ်ပယ်ကို ထိုးဖောက်မဝင်ရောက်နိုင်သလို သူ၏ နည်းလမ်းများကိုလည်း မြင်တွေ့နိုင်မည် မဟုတ်ပေ။

အနီးကပ် တိုက်ခိုက်ခံရမှုကြောင့် ခရမ်းရောင် ညငှက်နတ်ဆိုးမမှာ လီယွမ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ရပ်ကို မလွှဲမရှောင်သာ ဆင်နွှဲရတော့သည်။

"အမှတ် (၁၂) ဂူစံအိမ်ကို သုတ်သင်ဖို့ တာဝန်ယူထားတဲ့ အဖွဲ့က ဘာဖြစ်လို့ အခုထိ လှုပ်ရှားမှု မရှိသေးတာလဲလို့ မင်း တစ်ခါမှ မတွေးဖူးဘူးလား"

လီယွမ်က ရက်စက်စွာ ပြုံးပြလိုက်၏။

"ဘာကို ဆိုလိုတာလဲ"

ခရမ်းရောင် ညငှက်နတ်ဆိုးမမှာ လီယွမ်နှင့် အပြန်အလှန် တိုက်ခိုက်နေရပြီး အကွာအဝေးတစ်ခု ဖန်တီးရန် လုံးဝ မစွမ်းဆောင်နိုင်တော့ပေ။

"မင်းက အရမ်းတုံးအတာပဲ.. မင်းကို နတ်ဆိုးရုပ်သေးအဖြစ်တောင် ငါ အလိုမရှိဘူး"

လီယွမ်က ရယ်လျက် ပြောလိုက်၏။

"တခြား ဘာဖြစ်နိုင်ဦးမှာလဲ အဲဒါက ငါ သူတို့အားလုံးကို သတ်ပစ်လိုက်ပြီမို့လို့ပဲ"

သွေးများက လွတ်လပ်စွာ စီးဆင်းနေပြီး ဆံပင်ရှည်များက ရူးသွပ်စွာ လွင့်ဝဲနေကာ လီယွမ်မှာ မယုံနိုင်လောက်အောင် ဝင့်ကြွားနေသည်။ ပြန်လည်ရှင်သန်ခြင်းကူကောင်ကို အားကိုးကာ သူက အသေခံတိုက်ခိုက်မှုတစ်ရပ်ကို ဆင်နွှဲလိုက်ပြီး ခြေတစ်လှမ်းမျှ မဆုတ်။ တိုက်ကွက်တစ်ခုမျှ မခုခံတော့ပေ။

ဤစကားများက ခရမ်းရောင် ညငှက်နတ်ဆိုးမကို ထိတ်လန့်သွားစေခဲ့သည်။

အမှတ် (၁၂) ဂူစံအိမ်ကို တိုက်ခိုက်မယ့် အဖွဲ့ လုံးဝ ပျက်စီးသွားပြီ ဟုတ်လား.. ဒီလောက် မြန်မြန်ကြီးလား..

"ရှောင်ချိုက်... သူ့ကို မှုတ်ထုတ်လိုက်တော့"

ဤအခိုက်အတန့်တွင် လီယွမ်၏ ရင်ခွင်ထဲတွင် ပုန်းအောင်းနေသော အရောင်ငါးမျိုး မီးတောက်စပါးအုံးမှာလည်း စွမ်းအင်များ စုစည်းမှု ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ခေါင်းပြူထွက်လာပြီး အဖြူရောင် မီးတောက်များကို ပန်းထုတ်လိုက်၏။

၎င်းမှာ ဝိညာဉ်ကို လောင်ကျွမ်းစေသော မီးတောက်ဖြစ်ပြီး တိုက်ရိုက် ရင်ဆိုင်ရချိန်တွင် ရှောင်တိမ်းရန် ခက်ခဲလှပေသည်။

အဋ္ဌမအဆင့်နှင့် ယှဉ်နိုင်သော လီယွမ်၏ စိတ်စွမ်းအားကြောင့် ခရမ်းရောင် ညငှက်နတ်ဆိုးမမှာ သတ္တမအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်နေလျှင်ပင် မခုခံနိုင်ဘဲ သူမ၏ စိတ်နှလုံးမှာ နှောင့်ယှက်ခံလိုက်ရသည်။

“ဝှီး”

အခွင့်အရေးကို အသုံးချကာ လီယွမ်က ခရမ်းရောင် ညငှက်နတ်ဆိုးမ၏ အနောက်တွင် ချက်ချင်း ပေါ်လာပြီး သူမ၏ အတောင်ပံများကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ သူမ၏ လည်ပင်းနားတွင် ဒူးတစ်ဖက်ဖြင့် ထောက်ချလိုက်၏။

"သေစမ်း"

သူက သားရဲတစ်ကောင်လို ဟိန်းဟောက်လိုက်သည်။ သူ၏ လက်မောင်းမှ ကြွက်သားများနှင့် သွေးကြောများက ဖောင်းကြွလာပြီး ခရမ်းရောင် ညငှက်နတ်ဆိုးမ၏ အတောင်ပံများကို အားကုန်ဆွဲဖြဲပစ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ ဒူးက နတ်ဆိုးမ၏ ကျောရိုးကို ကြေမွသွားစေခဲ့သည်။

“ရွှီး”

လတ်ဆတ်သော သွေးများက ကောင်းကင်ယံတွင် မျက်စိကျိန်းမတတ် ဆွဲဆောင်မှုရှိသော ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းသွားတော့၏။

All Chapters