← Chapters

မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်း

Vol. 7 Ch. 87

မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်း

Vol. 7 Ch. 87

အဖြစ်အပျက်အားလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရသော ယန်ချောင်မှာ မှင်သက်သွားတော့သည်။

‘ဒါက ဆဌမအဆင့် ကူသခင် တစ်ယောက် တကယ် ဟုတ်ရဲ့လား...’

‘ဒါမှမဟုတ် ငါကိုယ်တိုင်ကပဲ ဗဟုသုတ နည်းလွန်းနေတာလား... အကြီးအကဲရဲ့ တိုက်ရိုက်သင်ကြားမှုက ဒီလောက်တောင် အံ့မခန်း ဖြစ်နေရတာလား...’

ကျွီ ဟူသော အသံနှင့်အတူ အုန်းခနဲ ပေါက်ကွဲသွားသည်။

နောက်ထပ် အချက်ပေးမြှားတစ်စင်းက တိမ်တိုက်များကို ထိုးဖောက်ကာ ကောင်းကင်ယံထက်၌ ပေါက်ကွဲသွားချေပြီ ။ ဤကိစ္စက နဝမဂူစံအိမ်တော်၏ အကူအညီတောင်း အချက်ပေးမြှားနှင့် လုံးဝမတူဘဲ နတ်ဆိုးများဘက်မှ ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း အထင်အရှား ပေါ်လွင်နေသည်။

လီယွမ်က ဘီလူး ဝိညာဉ်ကူကောင်၏ ပူးကပ်ထားမှုကို ရုပ်သိမ်းလိုက်ပြီးနောက် ခရမ်းရောင် ညငှက်နတ်ဆိုးမ၏ ရုပ်အလောင်းကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။

အမှတ် (၁၂) ဂူစံအိမ်ရှိ အကဲခတ်ကောင်းသူ အများအပြားမှာ ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ကြရလေ၏။

အံ့အားသင့်ဖွယ်ရာ စိတ်လှုပ်ရှားဖွယ်ရာပင်။

ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်လှသော စိတ်လှုပ်ရှားမှုကြီးပင်။

လီယွမ်၏ ဒဏ္ဍာရီမှာ အမှတ် (၁၂) ဂူစံအိမ်တွင် လူသိများနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်ငြားလည်း သူ့အား အပြင်တွင် တကယ်မြင်ဖူးသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှပြီး သူ၏ နတ်ဆိုးသတ်ဖြတ်သည့် စွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့ဖူးသူဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဂူစံအိမ်သခင် ဖန်းတာချွန်းမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အလျက် ကျောက်ရုပ်ကြီးပမာ ဖြစ်နေတော့၏။

သူ၏ ဂူစံအိမ်သခင်ရာထူးက တိုးတက်လာခဲ့သဖြင့် ကူမျှော်စင်အဟောင်းအနီးသို့ ကပ်နိုင်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်ပေသည်။

"ဂျူနီယာမောင်လေး လီယွမ်"

ယန်ချောင်မှာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး ဂျူနီယာမောင်လေး ဟူသော ခေါ်ဝေါ်မှုက မယုံနိုင်လောက်အောင် လေးလံလွန်းနေသည်ဟု ခံစားနေရ၏။ လီယွမ်၏ သွေးဆာနေသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသတ်ဖြတ်မှု မြင်ကွင်းက သူ၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

"စီနီယာအမ ယန် ခင်ဗျားရဲ့ ဒဏ်ရာတွေကို မြန်မြန် သက်သာအောင် လုပ်ထားပါ.. ဒီထက် ပိုအစွမ်းထက်တဲ့ ပြိုင်ဘက်တွေ မကြာခင် ရောက်လာတော့မယ်"

လီယွမ်က သတိပေးလိုက်၏။

"ငါတို့ တကယ်ပဲ တောင့်ခံနိုင်ပါ့မလား"

ယန်ချောင်၏ မျက်နှာက ခါးသီးနေသည်။

"ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူက တပိုင်း သူတော်စင် အဆင့် ဒါမှမဟုတ် စစ်မှန်တဲ့ အဋ္ဌမအဆင့် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်ဖို့ များတယ်"

"လူက ကြံစည်ပေမယ့် ကောင်းကင်ဘုံကပဲ အဆုံးအဖြတ်ပေးတာပါ.. အရာအားလုံးက ကံကြမ္မာအပေါ်မှာပဲ မူတည်နေတာပါ"

လီယွမ်က အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။

ခရမ်းရောင် ညငှက်နတ်ဆိုးမ သေဆုံးမသွားမီ ပစ်လွှတ်လိုက်သော အချက်ပေးမြှားက ဤနတ်ဆိုးကျူးကျော်မှု နောက်ကွယ်မှ အစွမ်းအထက်ဆုံး အင်အားစုကို မလွဲမသွေ ဆွဲဆောင်နိုင်မည် ဖြစ်သည်။

အကယ်၍ အဋ္ဌမအဆင့် သိုင်းပညာရှင်များသာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပါက သူက စကားတစ်ခွန်းမျှ မဟဘဲ ချာခနဲ လှည့်ကာ ထွက်ပြေးသွားမည်သာ။

တပိုင်း သူတော်စင် အဆင့်ဆိုလျှင်တော့ တိုက်ခိုက်ကြည့်ရန် အခွင့်အရေး ရှိနေသေး၏။

ဤအခြေအနေကို မြင်သောအခါ ယန်ချောင်က ထပ်မံ၍ ဝင်ရောက် မပြောဆိုတော့ပေ။ သူ၏ အသက်ကို လီယွမ်က ကယ်တင်ပေးခဲ့ပြီးဖြစ်ရာ ဘာကို ကြောက်ရွံ့နေစရာ လိုတော့မည်နည်း။ အဆိုးဆုံးအခြေအနေဆိုလျှင်တောင် သေရုံသာ ရှိတော့သည် မဟုတ်လော။

အမှတ် (၁၂) ဂူစံအိမ်ရှိ အခြားသော သူများမှာလည်း ကြောက်ရွံ့မှု လျော့ပါးသွားကြပြီး သူတို့၏ စိတ်ဓာတ်ခွန်အားများ တဟုန်ထိုး မြင့်တက်လာကြသည်။

သူတို့က ထိုမျှအထိ အလှမ်းဝေးစွာ မတွေးတောနိုင်ကြသလို နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရာများကိုလည်း မသိရှိကြပေ။ လီယွမ်အား နတ်ဘုရားတစ်ပါးပမာ လေးစားနေကြပြီး ကြီးမားသော လုပ်ရပ် တစ်ခုကိုပင် လုပ်ဆောင်လိုစိတ်များ ပြည့်လျှံနေကြတော့၏။

တောင်တန်းများထဲရှိ အခြားနေရာတစ်ခု။

အမှတ် (၃၃) ဂူစံအိမ်။

နတ်ဆိုးများက ရမ်းကားသောင်းကျန်းနေကြပြီး တောင်တန်းအသီးသီးမှ ကူသခင်များကို ဝါးမျိုစားသောက်နေကြလေရာ အသည်းခိုက်မတတ် ငိုကြွေးသံများနှင့်အတူ သွေးချောင်းများက မြေပြင်တစ်လျှောက် စီးဆင်းနေသည်။

ထိုအခိုက်အတန့်၌ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် အေးစက်လှသော အငွေ့အသက်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရုတ်ချည်း ပျံ့နှံ့သွားတော့၏။

အမှတ် (၃၃) ဂူစံအိမ်သခင်များ၏ ဦးခေါင်းများကို ဝါးမျိုနေသော သတ္တမအဆင့် နတ်ဆိုးမှာ တုံ့ခနဲ ရပ်တန့်သွားပြီး ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ လျင်မြန်စွာ ရစ်သိုင်းလာနေသည့် နှင်းခဲများကို တွေ့လိုက်ရသည်။

တောင်တန်းများအတွင်းရှိ အရာခပ်သိမ်းမှာ မြောက်ဘက်အစွန်အဖျား၏ အေးခဲနေသော ဒေသတစ်ခုသို့ ချက်ချင်း ရောက်ရှိသွားသကဲ့သို့ အေးခဲတောင့်တင်းသွားကြတော့၏။

တောင်တန်းအသီးသီးရှိ နတ်ဆိုးများအားလုံးမှာလည်း ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။

အရိုးကွဲမတတ် အေးစိမ့်လှသော အအေးဒဏ်က သူ့အား တိုက်စားနေသည်။ သူ၏ လှုပ်ရှားမှုများကို ပို၍ပို၍ နှေးကွေးသွားစေကာ သွေးသားများပင် အေးခဲသွားသဖြင့် နောက်ထပ် ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်တော့အောင် ဖြစ်သွားရသည်။

ဝတ်ရုံကို ခြုံရုံထားပြီး ခေါင်းစွပ်ဖြင့် မျက်နှာကို ဖုံးကွယ်ထားသော လူတစ်ယောက်က လေနှင်းမုန်တိုင်းများကြားမှ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့လိုက်ရ၏။

"သိုင်းသူတော်စင်"

နတ်ဆိုးများ၏ မျက်နှာများမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြ၏။

‘ချန်းလန်တပ်မတော်ရော နဝမဂူစံအိမ်တော်က အဋ္ဌမအဆင့် သိုင်းပညာရှင်တွေပါ ဒီဒေသကို အချိန်တိုအတွင်း ရောက်မလာနိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ သိုင်းသူတော်စင်တစ်ပါးက ဒီကို ရောက်နေရတာလဲ’

"ငါ မေးမယ်.. မင်း ဖြေရမယ်"

အင်္ကျီအထူကြီးဖြင့် လွှမ်းခြုံထားသဖြင့် စကားပြောနေစဉ်အတွင်း ထိုသူ၏ မျက်နှာကို မမြင်ရသော်ငြားလည်း ထွက်ပေါ်လာသော အသံကို နားထောင်ခြင်းဖြင့် အမျိုးသမီးတစ်ဦး၏ အသံဖြစ်ကြောင်း ဝိုးတဝါး ခွဲခြားသိရှိနိုင်သည်။

"မင်းတို့ကို ဘယ်သူက အမိန့်ပေးတာလဲ နဝမဂူစံအိမ်တော်ရဲ့ အုပ်ချုပ်မှုအောက်က အင်အားစုတွေကို သတ်ဖြတ်ရတဲ့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"အဲဒါက... အဲဒါက ရန်ငြိုးရှိနေလို့ပါ"

နတ်ဆိုးမှာ စကားမပြောလိုသော်ငြားလည်း အေးစိမ့်လှသော အအေးဒဏ်က သူ၏ အရိုးများအထိ ထိုးဖောက်ဝင်ရောက်နေပြီး သူ၏ စိတ်ဆန္ဒကို လွှမ်းမိုးကာ ရင်တွင်း၌ ရှိနေသည်များကို အတင်းအကျပ် ပြောဆိုစေခဲ့သည်။

"မင်းတို့မှာ ဘယ်လို ရန်ငြိုးမျိုး ရှိနေလို့လဲ"

အမျိုးသမီးက မေးလိုက်၏။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နဝမဂူစံအိမ်တော်က သူတို့ ထွက်ပေါ်လာကြောင်း ကြေညာခဲ့ပြီး ချန်းလန်ဘုရင်နဲ့ ပူးပေါင်းကာ လေနှင့်နှင်း ဓားစံအိမ် တစ်ခုလုံးကို ရှင်းလင်းဖျက်ဆီးပစ်ခဲ့သလို ကောင်းကင်ဓားချောက်ကမ်းပါးနဲ့ ကြယ်လမင်းနန်းတော်က တပည့် အများစုကိုလည်း သတ်ဖြတ်ခဲ့တယ်လေ"

"ကျွန်တော်တို့က အမြဲတမ်း လက်စားချေချင်နေခဲ့တာ"

"ချန်းလန်ဘုရင် ဒဏ်ရာရသွားတာနဲ့ ယူဘုရင်ရဲ့ သာလွန်တဲ့ အနေအထားကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရမှုအတွက် ကလဲ့စားချေဖို့ ဒီအခွင့်အရေးကို အရယူလိုက်တာပါ"

နတ်ဆိုးက အကြောင်းရင်းကို ရှင်းလင်းပြောပြလိုက်၏။

"မင်းက လူလား.. ဒါမှမဟုတ် နတ်ဆိုးလား"

အမျိုးသမီးက ထပ်မံ မေးခွန်းထုတ်လိုက်ပြန်၏။

"ကျွန်တော်က နတ်ဆိုးမျိုးစေ့နဲ့ ပေါင်းစပ်ပြီး နတ်ဆိုးသွေး ခံယူခဲ့တာ ကြာပါပြီ.. အခုဆိုရင် နတ်ဆိုးတစ်ကောင် ဖြစ်နေပါပြီ"

နတ်ဆိုးမှာ ကြိုးဆွဲရုပ်တစ်ရုပ်ပမာ လုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပြီး အမှန်တရားကို ဖွင့်ဟဝန်ခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"မင်းတို့ရဲ့ ရည်ရွယ်ချက်က တကယ်ပဲ လက်စားချေဖို့ သက်သက်ပဲလား.. ဒါမှမဟုတ် လူတစ်ယောက်ကို ရှာဖွေဖို့များလား"

အမျိုးသမီးက ထပ်မေးလိုက်၏။

"ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး"

နတ်ဆိုး၏ မျက်လုံးများက ဗလာကျင်းနေသည်။ သူ တကယ်ပင် နားမလည်ခဲ့ပေ။

"ဒါဆိုလည်း ပြီးတာပါပဲ"

အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး သူမ၏ လက်ချောင်းကို ညွှန်ပြလိုက်၏။ ထိုအခိုက် သတ္တမအဆင့် နတ်ဆိုးမှာ ရေခဲရုပ်တုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီးနောက် ဖောင်းခနဲ အသံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ ရုပ်အလောင်း၏ အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့တော့ပေ။

‘ကြည့်ရတာ ဒါက ရှောင်လင်းအာကို ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး’

ရုပ်ဖျက်၍ ဤနေရာသို့ ရောက်ရှိလာသော အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု၏ နတ်ဆရာမ အန်းမူယောင်ပင် ဖြစ်ချေသည်။

မြောက်ဘက်အစွန်အဖျား ရေခဲပြင် မျိုးနွယ်စုများမှ ကျိုးကုန်းတောင်တန်းများဆီသို့ ခရီးနှင်လာပြီးနောက် သူမသည် လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းကာ သတင်းအချက်အလက်များ စုဆောင်းနေခဲ့သော်လည်း အောင်မြင်မှု သိပ်မရခဲ့ပေ။

ဖုန်းရှန်းတောင်ထွတ် ယဇ်ပူဇော်ပွဲကြီးတွင် နဝမဂူစံအိမ်တော်ကို ကိုယ်စားပြုနိုင်သူများအားလုံးသည် အတွင်းစည်းတပည့်များသာ ဖြစ်သင့်၏။

နဝမဂူစံအိမ်တော်၏ အတွင်းစည်းက မည်သည့်နေရာတွင် ရှိသည်ကို သူမ မသိသောကြောင့် အပြင်ဘက်မှသာ သတင်းအချက်အလက်များကို အရင်ဆုံး စုဆောင်းနိုင်ခဲ့သည်။

သူမ သိထားသလောက်ဆိုလျှင် အတွင်းစည်းတပည့်အချို့သည် အပြင်စည်းရှိ အမှတ် (၇) နှင့် အမှတ် (၁၂) ဂူစံအိမ်များတွင် အလုပ်လုပ်နေမည်ဖြစ်ရာ ထိုအခွင့်အရေးကို အသုံးချ၍ သတင်းအချက်အလက်အချို့ စုဆောင်းလိုခြင်းဖြစ်သည်။

မမျှော်လင့်ဘဲ သူတို့မှာ နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ဤကိစ္စက အန်းမူယောင်ကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။ နတ်ဆိုးများက ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ဖြင့် ရောက်ရှိလာကြပြီး သတ္တမအဆင့် နတ်ဆိုး အတော်များများ ပါဝင်၏။ ရှောင်လင်းအာသည် သတ္တမအဆင့် ကူသခင် တစ်ယောက် ဖြစ်လာဦးမည် မဟုတ်လောက်သေးပေ။

အကယ်၍ ရှောင်လင်းအာသာ ဤကပ်ဘေးတွင် သေဆုံးသွားခဲ့မည်ဆိုလျှင် သူမသည် တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရမည်သာ ဖြစ်တော့သည်။

‘ရှောင်လင်းအာ... မင်းကို ငါ သေချာပေါက် တွေ့အောင် ရှာမှာပါ’

အန်းမူယောင်က ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွား၏။ အမှတ် (၃၃) ဂူစံအိမ်မှ ထွက်ခွာကာ ချီစွမ်းအင်များ လှုပ်ခတ်နေသော အခြားနေရာတစ်ခုဆီသို့ ပြေးလွှားသွားတော့၏။

သူမ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ တောင်များနှင့် မြစ်များမှာ ရေခဲများအဖြစ် ပြောင်းလဲသွားပြီး အရာခပ်သိမ်း အေးခဲသွားတော့သည်။

“ဝှစ်”

ဂူစံအိမ်အတော်များများရှိ နတ်ဆိုးများကို အဆက်မပြတ် သုတ်သင်ရှင်းလင်းပြီးနောက် အဝေးတစ်နေရာမှ တိမ်တိုက်များကို ထိုးဖောက်သွားသော အချက်ပေးမြှားတစ်စင်းက ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွား၏။

"နတ်ဆိုးတွေရဲ့ အချက်ပေးမြှားလား"

အန်းမူယောင်က မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်၏။

"နတ်ဆိုးတွေကို ဟန့်တားနိုင်တာဆိုတော့ နဝမဂူစံအိမ်တော်က အတွင်းစည်း သိုင်းပညာရှင်တစ်ယောက် ပါဝင်ပတ်သက်နေတာ သေချာတယ်"

ဒါက ရှောင်လင်းအာနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေးပဲ..

ဤအချက်ကို တွေးတောမိသည်နှင့် အန်းမူယောင်က လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်ကာ ထိုနေရာဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့၏။

အမှတ် (၁၂) ဂူစံအိမ် အပြင်ဘက် ကာကွယ်ရေးမျဉ်း

လီယွမ်က တောင်ကုန်းတစ်ခုပေါ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ ထိုင်နေပြီး ရှောင်ကျောက်ပင်လျှင် ဝါးတောလေးထဲမှ ထွက်လာကာ သူ၏ ဘေးနားတွင် ရှိနေပေးသည်။

"ခဏနေ ငါ မင်းကို ပြေးလို့ ပြောရင် လုံးဝ မတွေဝေရဘူးနော်... နားလည်လား"

လီယွမ်က မှာကြားလိုက်၏။

အမှတ် (၁၂) ဂူစံအိမ် တစ်ခုလုံးတွင် အပတ်တကုတ် တည်ဆောက်ထားခဲ့သော လီယွမ် စွန့်လွှတ်ရန် ဝန်လေးနေသည့် အခြေခံအုတ်မြစ်များအပြင် အရေးအကြီးဆုံးအရာမှာ ရှောင်ကျောက်ပင် ဖြစ်သည်။

"ဟုတ်ကဲ့ပါ"

ဝမ်ကျောက်ကျောက်က လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

"မင်း ပြေးတာ အရမ်းနှေးနေရင် ငါ့ကို သတ်သလို ဖြစ်သွားလိမ့်မယ်"

လီယွမ်က တစ်ဖက်လူကို တမင်သက်သက် ခြောက်လှန့်ရန် ကြိုးစားလိုက်၏။

"ကျွန်မ အရမ်းကို ပြတ်ပြတ်သားသား ရှိမှာပါ"

ဝမ်ကျောက်ကျောက်က တုံ့ပြန်လိုက်သည်။

"တကယ်လို့ အစ်ကိုယွမ်သာ ကံမကောင်း အကြောင်းမလှလို့ တစ်ခုခု ဖြစ်သွားရင် ရှောင်ကျောက်က ဒီကို ပြန်လာပြီး အသေမခံပါဘူး.. အရှက်ကွဲတာကို သည်းခံပြီး အစ်ကိုယွမ့်အတွက် ကလဲ့စားချေဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေမှာပါ"

"အရမ်းကောင်းတယ်"

လီယွမ်က ဟီးခနဲ ရယ်လိုက်၏။

"ငါ့ဘေးနားမှာ နေရတာကြာတော့ ရှောင်ကျောက်လည်း ပရိယာယ်လေးတွေ တတ်လာပြီပဲ"

ဝမ်ကျောက်ကျောက်က အနည်းငယ် ပြုံးလိုက်၏။ အစ်ကိုယွမ်က ဤကဲ့သို့သော အဖြေမျိုးကို သဘောကျကြောင်း သူမ သိထားသော်လည်း တကယ်တမ်း အချိန်ကျလာပါက သူမအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ အရူးတစ်ယောက်လို အပြင်သို့ ပြေးထွက်သွားမိရန်သာ အလားအလာ အများဆုံး ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် အဝေးမှ ရွေ့လျားလာသော စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။

"သူတို့ ရောက်လာပြီ"

လီယွမ်က သူ၏ မျက်လုံးများကို မှေးစင်းလိုက်ပြီး အာရုံကြောများ တင်းမာသွား၏။ ဝမ်ကျောက်ကျောက်မှာလည်း စိုးရိမ်စိတ်ကြောင့် တုန်ယင်နေ၏။

ဓားနတ်သမီး တစ်ပါးတည်းသာလျှင် တည်ငြိမ်အေးချမ်းစွာ ရှိနေပြီး အဝေးသို့ ခံစားချက်မဲ့စွာ စိုက်ကြည့်နေလေတော့သည်။

All Chapters