← Chapters

သူရဲကောင်းမလေး... ခဏစောင့်ပါဦး

Vol. 7 Ch. 88

သူရဲကောင်းမလေး... ခဏစောင့်ပါဦး

Vol. 7 Ch. 88

ညို့ငင်ဖမ်းစားနိုင်သော အမျိုးသမီးတစ်ဦးက ကောင်းကင်ယံမှ သူတို့ဆီသို့ လျှောက်လှမ်းလာသည်။

သူမက ရောင်စုံအမွှေးအတောင် ဝတ်ရုံကို ခြုံရုံထားပြီး နောက်ကျောတွင် ဖြန့်ကျက်ထားသော အမွှေးအတောင်များက သူမကို လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိစေ၏။

‘တပိုင်း သူတော်စင် အဆင့်လား..’

လီယွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သို့သော် ထိုသက်ပြင်းချပြီးသည်နှင့် အဝေးမှ နောက်ထပ် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြန်သည်။

ခေါင်းမှခြေအထိ ရွှေနီရောင်အမွှေးများ ဖုံးလွှမ်းနေပြီး အရေပြားပေါ်တွင် အကြွေစေ့ပုံစံ အကွက်များ အထင်အရှားပါရှိသော ကျားသစ်နတ်ဆိုးတစ်ကောင် ဖြစ်၏။

တပိုင်း သူတော်စင် အဆင့် နတ်ဆိုး နောက်တစ်ကောင်။

တပိုင်း သူတော်စင် အဆင့် နတ်ဆိုး နှစ်ကောင် တစ်ပြိုင်တည်း ရောက်ရှိလာမှုက လီယွမ်အပေါ် ကြီးမားသော ဖိအားများကို ဖြစ်ပေါ်စေခဲ့သည်။

ခွန်လွန်တောင် တိုက်ပွဲတုန်းက သူနှင့် လီရော့ချန်တို့ ပူးပေါင်းပြီးမှ ဆင်နတ်ဆိုးကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု နတ်ဆိုး တပိုင်း သူတော်စင် အဆင့် နှစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုပါက ဖိအားများက ကြီးမားလှ၏။

ဆင်နတ်ဆိုး ရုပ်သေး၏ အကူအညီနှင့်ပင် လုံလောက်မည် မဟုတ်ပေ။

ရုပ်သေးများ၏ တိုက်ခိုက်နိုင်စွမ်းက ကန့်သတ်ချက် ရှိပြီး အဆင့်မြင့်လာလေလေ ထိုကန့်သတ်ချက်များက ပို၍ သိသာလာလေလေ ဖြစ်သည်။

ထူးခြားသော လမ်းကြောင်းကို လျှောက်လှမ်းသူ အနည်းငယ်မှလွဲ၍ သိုင်းပညာရှင်၊ နတ်ဆိုး၊ သို့မဟုတ် ကူသခင် မည်သူမဆို နောက်ပိုင်းအဆင့်သို့ ရောက်လာလေလေ ပြင်ပပုံသဏ္ဍာန်ထက် အတွင်းသဘောတရားများကို ပို၍ အာရုံစိုက်လာလေလေ ဖြစ်၏။

စိတ်နှလုံး၊ စိတ်ကူး၊ နှင့် စိတ်ဝိညာဉ် ကျင့်ကြံမှုများက ရုပ်ခန္ဓာထက် အများကြီး ပိုအရေးပါလာသည်။

ရုပ်သေးများက အနာဂတ် အုပ်စုလိုက် တိုက်ပွဲများတွင် အသုံးဝင်မှု နည်းပါးလာမည်ပင်။ အထွတ်အထိပ် တိုက်ပွဲများတွင်တော့ ၎င်းတို့၏ အကျိုးသက်ရောက်မှုက အလွန် သေးငယ်သွားမည်ဖြစ်ကြောင်း လီယွမ် ကောင်းစွာ သိရှိထား၏။

နတ်ဆိုးသူတော်စင် ရုပ်အလောင်း ဆယ်ခုမှ ဖန်တီးထားသော ရုပ်သေးသည်ပင် စစ်မှန်သော အဋ္ဌမအဆင့် နတ်ဆိုးသူတော်စင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

‘ဓားနတ်သမီးက ငါ့ရဲ့ တကယ့် လျှို့ဝှက်လက်နက်ပဲ..’

လီယွမ် ဆက်လက်ရပ်တည်နေနိုင်ခြင်းမှာ သူ နိုင်ခြေရှိသည်ဟု ယုံကြည်နေသောကြောင့်ပင်။

ဤအဆင့် တိုက်ပွဲများတွင် ရုပ်သေးများက မလုံလောက်သော်လည်း ၎င်းတို့က ဝူမေ့၏ စွမ်းရည်တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။

သူက ကူသခင် ဖြစ်သည်။ ပင်မကူကောင် ခြောက်ကောင် ပိုင်ဆိုင်ထားပြီး ၎င်းက သူ၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။

"မင်းက အစ်ကိုဆင်ကို ရုပ်သေးရုပ် လုပ်ပစ်လိုက်တာလား"

ခဏအကြာတွင် ဒေါင်းနတ်သမီးက အမှတ် (၁၂) ဂူစံအိမ်ရှေ့သို့ ရောက်ရှိလာ၏။

"အဲဒီနေ့ ခွန်လွန်တောင်မှာ ဆဌမနယ်ပယ်အဆင့်နဲ့ အစ်ကိုဆင်ကို ထွက်ပြေးရလောက်အောင် ဖိအားပေးနိုင်ခဲ့တဲ့ ပါရမီရှင် ကူသခင်က မင်းလား"

"မင်းက အစ်ကိုဆင်ကို တကယ် သတ်ပစ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဒေါင်းနတ်သမီးက ပြုံးလိုက်၏။ သူမ၏ အမွှေးအတောင်များက ရောင်စုံတောက်ပနေပြီး သူမက မွေးရာပါ ဆွဲဆောင်မှုအပြည့် ရှိနေသည်။

"ပြီးတော့ ဘာဖြစ်လဲ"

လီယွမ်က ချက်ချင်း လှုပ်ရှားခြင်း မပြုသေးဘဲ ရယ်ရင်း ပြန်လည်မေးခွန်းထုတ်လိုက်၏။

ဓားနတ်သမီးကို မျက်နှာတစ်ထောင်ကူကောင်ဖြင့် ဖုံးကွယ်ထားပြီး သူက ရန်သူကို အရင်စတင်တိုက်ခိုက်စေရန် မျှားခေါ်ကာ အားနည်းချက်ကို ရှာဖွေပြီး တစ်ကောင်ကို အရင်သတ်ရန် ရည်ရွယ်ထားသည်။

ရန်သူက အပြည့်အဝ ပြင်ဆင်ထားမည်ဆိုပါက ဓားနတ်သမီးပင်လျှင် ဒဏ်ရာကင်းစင်နေသော တပိုင်း သူတော်စင် အဆင့် ကို ချက်ချင်း သတ်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။

"ကောင်လေး... မင်းက တော်တော် မာနကြီးတာပဲ"

ရွှေနီရောင် ကျားသစ်နတ်ဆိုးက သတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် ရှေ့သို့ လှမ်းလာသည်။

"ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ" လီယွမ်က ပြုံးပြလိုက်၏။

"အစ်ကိုကျားသစ်... ဒီကူသခင်လေးက အရမ်းချောတော့ ငါ မသတ်ရက်ဘူး.. သူ့ကို မင်းဆီ အပ်လိုက်မယ်.. ငါက ဘေးကနေ ကြည့်နေမယ် ဟုတ်ပြီလား" ဒေါင်းနတ်သမီးက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုလိုက်၏။

"ချောမောတဲ့သူတွေက ညီမဒေါင်း သဘောကျတဲ့သူတွေ မဟုတ်ဘူးလား"

"ညီမဒေါင်း သဘောကျတဲ့သူကို ငါ မလုပါဘူး"

ရွှေနီရောင် ကျားသစ်နတ်ဆိုးက ရှေ့သို့ လှမ်းနေမှုကို ရပ်တန့်လိုက်ပြီး ဒေါင်းနတ်သမီးနှင့် တစ်တန်းတည်း ရပ်လိုက်ကာ ဆိုလိုက်၏။

နတ်ဆိုး တပိုင်း သူတော်စင် အဆင့် နှစ်ကောင်စလုံးက အနည်းငယ် တွန့်ဆုတ်နေကြပြီး ဆင်နတ်ဆိုး သေဆုံးသွားခြင်းက အကောင်းဆုံး သတိပေးချက်တစ်ခု ဖြစ်နေသည်။

လီယွမ်က မျက်ခုံးပင့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

"ငါတို့ လူသားတွေကြားမှာ စကားပုံတစ်ခု ရှိတယ်.. 'ဝက်ဝံနှလုံးသားနဲ့ ကျားသစ်သည်းခြေကို စားထားလို့များ ဒီလောက်တောင် ရမ်းကားရဲတာလား' တဲ့.. မင်းက ကျားသစ်နတ်ဆိုးဖြစ်နေတော့ မင်းရဲ့ သည်းခြေက အတုများလား"

အားနည်းသူ၏ ရန်စမှုကို ခံလိုက်ရသော်လည်း ရွှေနီရောင် ကျားသစ်နတ်ဆိုးနှင့် ဒေါင်းနတ်သမီးတို့ အချင်းချင်း ကြည့်လိုက်ကြပြီး အဆင်အခြင်မဲ့ မလှုပ်ရှားကြသေးပေ။

"ညီမဒေါင်း... ငါတို့ အတူတူ တိုက်ကြမလား"

ရွှေနီရောင် ကျားသစ်နတ်ဆိုးက အကြံပြုလိုက်၏။

"အဲဒါပဲ ကောင်းမယ် ထင်တယ်"

ဒေါင်းနတ်သမီးက ထပ်မံ အချိန်မဆွဲဝံ့တော့ပေ။

နဝမဂူစံအိမ်တော်မှ အကြီးအကဲများ၏ ကလဲ့စားချေလိုစိတ်ဖြင့်ဆိုပါက သူတို့က လမ်းခရီးတွင် ရှိနေလောက်ပြီဖြစ်ပြီး မိမိတို့၏ အစီအစဉ်များက သူတို့ကို အချိန်အကြာကြီး ဟန့်တားထားနိုင်မည် မဟုတ်ပေ။

"သတ်"

ရွှေနီရောင် ကျားသစ်နတ်ဆိုးနှင့် ဒေါင်းနတ်သမီးတို့က တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေခြင်းကို ရပ်တန့်လိုက်ပြီး အစွမ်းထက် တိုက်ကွက်များကို စတင် ဖော်ဆောင်လိုက်ကြ၏။

ရွှေနီရောင် ကျားသစ်နတ်ဆိုး၏ လက်သည်းများက နီရဲနေပြီး လီယွမ်ထံသို့ အဝေးမှ လှမ်းခုတ်လိုက်ရာ ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ လက်သည်းရာများက ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။ ဒေါင်းနတ်သမီးကမူ သူမ၏ ကျောက်စိမ်းရောင် လက်များကို ဝှေ့ယမ်းကာ စွမ်းအားပြည့်ဝသော ရောင်စုံအလင်းတန်းများ ပစ်လွှတ်လိုက်၏။

နတ်ဆိုးနှစ်ကောင်စလုံးက ကြိုတင်ညှိနှိုင်းထားခြင်း မရှိဘဲ အဝေးမှ တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

"တကယ်ကို ကောက်ကျစ်တာပဲ"

လီယွမ်က ကျိန်ဆဲလိုက်၏။ အကွာအဝေးက အရမ်းဝေးနေပါက ဓားနတ်သမီး၏ တိုက်ခိုက်မှုကို ရန်သူက တုံ့ပြန်နိုင်ပြီး အခွင့်အရေးကို ဆုံးရှုံးသွားစေနိုင်သည်။

"ကျွီ ကျွီ"

ဝူမေ့က ဆင်နတ်ဆိုးကို ထိန်းချုပ်ကာ လေထဲသို့ ပျံသန်းစေပြီး နတ်ဆိုးနှစ်ကောင်၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်၏။

ဖောက်

ပေးဆပ်လိုက်ရသည်ကတော့ ဆင်နတ်ဆိုး၏ ထူထဲသော အရေခွံက ရွှေနီရောင် ကျားသစ်နတ်ဆိုး၏ လက်သည်းများကြောင့် ဆုတ်ဖြဲခံလိုက်ရပြီး အသားထဲတွင် မြုပ်နေသော ပင့်ကူမျှင်များကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ဒေါင်းနတ်သမီး ထုတ်လွှတ်လိုက်သော ရောင်စုံအလင်းတန်းများတွင် ထူးခြားသော စွမ်းအားတစ်ခု ပါဝင်နေပြီး ဆင်နတ်ဆိုးရုပ်သေး၏ ထူထဲသော အရေခွံကို စက္ကူလို ကြွပ်ဆတ်သွားစေကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေခဲ့၏။

ဝူမေ့က တိုက်ခိုက်မှု နှစ်ခုစလုံးကို ခံလိုက်ရသောကြောင့် ပြင်းထန်သော တုံ့ပြန်မှုဒဏ်ကို ခံစားလိုက်ရသည်။

"မျှော်လင့်ထားတဲ့အတိုင်း ကွာဟချက်က ကြီးမားနေတုန်းပဲ" လီယွမ်က သက်ပြင်းချလိုက်၏။

ခန္ဓာကိုယ်သာ ရှိပြီး စိတ်ဆန္ဒ မရှိခြင်းက နတ်ဆိုး တပိုင်း သူတော်စင် အဆင့် ၏ လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင် အလွန် အားနည်းနေသေးသည်။

တပိုင်း သူတော်စင် အဆင့်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်သည့် အဆင့်သို့ အနည်းငယ် ရောက်ရှိနေပြီဖြစ်ပြီး အမြင့်ဆုံး အခြေအနေတွင်ဆိုလျှင် ကောင်းကင်ဘုံ ဖြစ်စဉ်များကိုပင် မိမိကိုယ်ပေါ်သို့ ကျရောက်လာစေရန် ဖန်တီးနိုင်၏။

သာမန် သတ္တမအဆင့်များနှင့် တစ်တန်းတည်း ထား၍ မရနိုင်တော့ပေ။

"မင်းက ဒီလောက်ပဲ စွမ်းတာတော့ မဟုတ်ဘူးမလား" ဒေါင်းနတ်ဆိုးမမှာ အံ့အားသင့်သွားသည်။

"အဲဒီနေ့က သူ အစ်ကိုဆင်ကို သတ်နိုင်ခဲ့တာ မတော်တဆများ ဖြစ်နေမလား" ရွှေနီရောင် ကျားသစ်နတ်ဆိုးကလည်း သံသယဝင်လာသည်။

တိုက်ခိုက်နေစဉ်အတွင်း သူက ပတ်ဝန်းကျင်ကို သေချာစွာ စစ်ဆေးခဲ့ပြီး အမှတ် (၁၂) ဂူစံအိမ်တွင် အခြား သတ္တမအဆင့် ကူသခင် မရှိကြောင်း အတိအကျ ကောက်ချက်ချထား၏။

အဋ္ဌမအဆင့် ကူသခင် ဆိုလျှင်တော့...

အဲဒီအဆင့် လူတစ်ယောက် တကယ်ရှိနေမယ်ဆိုရင် ဘာလို့ ဖုံးကွယ်ထားရမှာလဲ။ ငါတို့ကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ သုတ်သင်နိုင်တာကို။

"ဘာလို့ အများကြီး တွေးနေရမှာလဲ ရုပ်သေးကို ဖျက်ဆီးပြီး အစ်ကိုဆင်ကို ငြိမ်းချမ်းစွာ အနားယူခွင့်ပေးတာက အမှန်ကန်ဆုံးပဲ"

ဒေါင်းနတ်သမီးက ထပ်မံတိုက်ခိုက်လိုက်ပြီး ရောင်စုံ နတ်အလင်းတန်းများကို ပစ်လွှတ်လိုက်၏။

“ဝှီး ဝှီး ဝှီး”

နတ်အလင်းတန်းများက ဆင်နတ်ဆိုး၏ ရုပ်အလောင်းကို ဆက်တိုက် ဖုံးလွှမ်းသွားသည်။

လီယွမ်၏ မျက်နှာက မည်းမှောင်သွားသည်။

"ဝူမေ့... ထိန်းချုပ်မှုကို လွှတ်လိုက်တော့ သူနဲ့ ဆက်မတိုက်နဲ့တော့"

သူက ဝူမေ့အတွက် စိတ်မကောင်းဖြစ်သွားသည်။

ဒေါင်းနတ်အလင်းတန်းများက ရုပ်သေးရုပ်ကို ဖုံးလွှမ်းသွားပြီး ပင့်ကူဘုရင်မ ကူကောင်အပေါ် သက်ရောက်မှုက အလွန် ကြီးမားလွန်းလှ၏။

"ကျွီ ကျွီ"

ဝူမေ့က နတ်ဆိုးရုပ်သေးအပေါ် ထိန်းချုပ်မှုကို လက်လွှတ်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"လိမ္မာပါတယ်.. ကျန်တာကို ငါ့ဆီ ထားခဲ့လိုက်"

လီယွမ်က ဝူမေ့ကို ညင်သာစွာ ပွတ်သပ်ပြီး ရင်ခွင်ထဲ ထည့်လိုက်၏။ ယခုအချိန်တွင် သူကိုယ်တိုင် အခွင့်အရေးတစ်ခု ဖန်တီးရန်သာ အားကိုးရတော့မည်။ တစ်ဖက်လူ၏ အားနည်းချက်ကို ရှာတွေ့သရွေ့ အခြေအနေကို ပြောင်းလဲနိုင်မည် ဖြစ်၏။

"အဟင်း"

ဒေါင်းနတ်သမီးက ရယ်လိုက်၏။

"ငါက မင်းရဲ့အချစ်လေးကို နာကျင်အောင် လုပ်မိလို့လား.. မင်း အတည်တိုက်တော့မလို့လား"

လီယွမ်က သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဉ် အံ့အားသင့်ဖွယ်ရာ အအေးဓာတ်တစ်ခုက ရုတ်တရက် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူ၏ ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။

"နတ်ဆိုးသူတော်စင်"

ထိုအငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် လီယွမ်က အလိုအလျောက် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မျက်လုံးထောင့်မှနေ၍ ရွှေနီရောင် ကျားသစ်နတ်ဆိုးနှင့် ဒေါင်းနတ်သမီးတို့က သူ့ထက်ပို၍ ထိတ်လန့်နေပုံရကာ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ့အပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှုများ ကျရောက်လာခြင်း မရှိပေ။

'သူတို့က ငါတို့ဘက်ကလား..'

လီယွမ် မျက်ခုံးပင့်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်ယံတွင် နှင်းများ ဖုံးလွှမ်းနေပြီး အဖြူရောင် ကောင်းကင်ကြီးကို နှင်းများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ လူတစ်ယောက်က ကောင်းကင်အဆုံးမှ လျှောက်လှမ်းလာနေသည်။

ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ထိုလူက အမှတ် (၁၂) ဂူစံအိမ်သို့ ရောက်ရှိလာသည်။

တစ်ဖက်လူက ဝတ်ရုံဖြင့် အပြည့်အဝ ဖုံးအုပ်ထားပြီး မျက်နှာကိုလည်း ခေါင်းစွပ်နှင့် မျက်နှာဖုံးဖြင့် လုံးဝ ဖုံးကွယ်ထားရာ မည်သူကမျှ သူ၏ အသွင်အပြင်အစစ်အမှန်ကို မမြင်တွေ့နိုင်ပေ။

လီယွမ်က ထိုသူကို တစ်နေရာရာတွင် တွေ့ဖူးသကဲ့သို့ ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသည်။

"ခင်ဗျား... ခင်ဗျားက ဘယ်သူလဲ"

ရွှေနီရောင် ကျားသစ်နတ်ဆိုးနှင့် ဒေါင်းနတ်သမီးတို့မှာ အေးခဲသွားပြီး ဖြူဖျော့ကာ ထိတ်လန့်တုန်ယင်လျက် မေးလိုက်ကြ၏။

ရောက်လာသူက မဖြေဘဲ လက်ချောင်းကို ဖြည်းညင်းစွာ တောက်လိုက်၏။ အေးစက်သော လေပြေတစ်ခု တိုက်ခတ်သွားပြီး နတ်ဆိုး တပိုင်း သူတော်စင် အဆင့် နှစ်ကောင်စလုံး အပြည့်အဝ ရေခဲရုပ်တုများ ဖြစ်သွားကြတော့၏။

သူမက ရေခဲရုပ်တုများကို ခွဲပစ်ရန် ဒုတိယအကြိမ် လက်ဖျစ်တောက်ရန် ပြင်လိုက်စဉ်မှာပင်...

လီယွမ် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"သူရဲကောင်းမလေး... ခဏစောင့်ပါဦး”

All Chapters