ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်း
Vol. 7 Ch. 89
သွေးမျိုးဆက်၏ တုံ့ပြန်မှုနှင့်အတူ တောက်ပသော မှတ်ဉာဏ်များက လီယွမ်အား သူ၏ရှေ့မှ လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနိုင်စေခဲ့သည်။
မြောက်ပိုင်းရေခဲပြင် မျိုးနွယ်စုမှ နတ်ဆိုးဆရာမ အန်းမူယောင်။
သူ၏ မိခင်အရင်း၏ ညီမ သူ၏ အဒေါ်ပင် ဖြစ်သည်။
ထိုနေ့က ခွန်လွန်တောင်မှ ပြန်ရောက်လာပြီးနောက် လီယွမ်က အန္တရာယ်ကို သတိပြုမိသွားကာ သူ၏မိခင် ချန်ရစ်ခဲ့သော ကျောက်စိမ်းဆွဲကြိုးကို မျက်နှာတစ်ထောင်ကူကောင်၏ စွမ်းအားဖြင့် ဖုံးကွယ်၍ ချိတ်ပိတ်ထားခဲ့၏။
ထို့ကြောင့် အခြားသူများက ကျောက်စိမ်းဆွဲကြိုးမှတစ်ဆင့် သူ မည်သူမည်ဝါဖြစ်ကြောင်းကို မသိနိုင်တော့ပေ။
သို့သော် အချို့အရာများကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ပေ။
အန်းမူယောင်က သူ့ကို မှတ်မိသွားပြီလား သို့မဟုတ် ဘာရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာရသနည်း ဆိုသည်ကို သူ မသိသလို သူ့ဘက်ကလည်း ပွင့်ပွင့်လင်းလင်း မမေးမြန်းခဲ့ပေ။
"သူရဲကောင်းမလေးလား"
အန်းမူယောင်က ရယ်လိုက်၏။
သူမ ဝတ်ဆင်ထားသော အမြွှာကျောက်စိမ်းဆွဲကြိုးလေးမှာ ဘာတုံ့ပြန်မှုမှ မရှိသော်လည်း သူမရှေ့ရှိ လူငယ်လေးကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားက လှုပ်ရှားသွားခဲ့သည်။
သူက ရှောင်လင်းအာပဲ။
မြောက်ဘက်အစွန်အဖျားမှ သူမတို့အတွက် သွေးမျိုးဆက်၏ ဆက်နွှယ်မှုက ပြင်ပအထောက်အထားများ မလိုအပ်ပေ။ မိမိတို့၏ ခံစားချက်များကိုသာ ယုံကြည်ရန် လိုအပ်သည်။
‘ကြည့်ရတာ အဲဒီနေ့ပြီးကတည်းက ရှောင်လင်းအာက ကျောက်စိမ်းဆွဲကြိုးလေးကို ဖုံးကွယ်ထားခဲ့ပုံပဲ.. ဒါပေမဲ့ ကံကြမ္မာဆိုတာ ဒီလိုပါပဲ.. ကောင်းကင်ဘုံရဲ့ လမ်းပြမှုနဲ့ဆိုရင် မင်းကို ငါ သေချာပေါက် ရှာတွေ့မှာပါ..’
အန်းမူယောင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
ဤမျှ စိတ်လှုပ်ရှားမှုကို သူမ မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ မဟုတ်ပါလော။
သို့သော် သူမက အလွန်အကျွံ မပြသဝံ့ပေ။ ရှောင်လင်းအာက သတိထားနေဆဲဖြစ်ပြီး သူမကို မယုံကြည်သေးကြောင်းကိုလည်း သူမ မျှော်လင့်ထားပြီးသား ဖြစ်၏။
"မင်းက သူတို့ရဲ့ အသက်တွေကို ချမ်းသာပေးမှာလား"
အန်းမူယောင်က တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားရင်း မေးလိုက်၏။
ရှောင်လင်းအာက သူမကိုလည်း မှတ်မိနေပြီဖြစ်ကြောင်း သူမ သိရှိထားသည်။
"ကျွန်တော်က သူတို့ရဲ့ ရုပ်အလောင်းတွေကို လိုချင်တာပါ.. အပြည့်အစုံ ရုပ်အလောင်းတွေပေါ့ သူရဲကောင်းမလေး ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ သဘောတူညီမှု တစ်ခု လုပ်လို့ရပါတယ်"
ဤနေရာအထိ ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ လီယွမ်မှာ ဤအဒေါ်ဖြစ်သူနှင့် ဆက်သွယ်ကြည့်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
အနည်းဆုံးတော့ လောလောဆယ်တွင် အဒေါ်ဖြစ်သူက သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိပုံမရပေ။ သို့မဟုတ်ပါက သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ့ကို ဖမ်းဆီးပြီးနေလောက်ပြီ ဖြစ်သည်။
"ကောင်းပြီ"
အန်းမူယောင်က ခေါင်းညိတ်လိုက်၏။
"မင်းက ငါ့ကို အလဲအလှယ်အနေနဲ့ ဘာပေးမှာလဲ"
လီယွမ်က ရယ်လိုက်ပြီး "သူရဲကောင်းမလေးက ဘာလိုချင်လို့လဲ" ဟု ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ငါ သတင်းအချက်အလက် တချို့ သိချင်တယ်"
"ပြဿနာ မရှိပါဘူး"
ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ရှောင်လွှဲနိုင်ခဲ့သဖြင့် လီယွမ်မှာ စိတ်ခံစားချက် ကောင်းမွန်နေသည်။ နတ်ဆိုး တပိုင်း သူတော်စင် အဆင့် နှစ်ကောင်နှင့် တကယ် တိုက်ခိုက်ခဲ့ရမည်ဆိုလျှင် သူ၏ လျှို့ဝှက်လက်နက်များအားလုံးကို ထုတ်သုံးရန် ဖိအားပေးခံရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
"သူရဲကောင်းမလေးက သဘောမတူစရာ မရှိဘူးဆိုရင် ကျွန်တော်တို့ ဂိုဏ်းကို လာပြီး စကားပြောကြတာပေါ့"
သူက သူမအား ဝင်လာရန် လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်၏။
"ကောင်းပြီ"
အန်းမူယောင်က ခေါင်းညိတ်လိုက်ပြီး အလွန်ဝမ်းသာသွားသည်။
ရှောင်လင်းအာက သူမကို ကြင်နာမှု ပြသနေသည်။ အနည်းဆုံးတော့ သူက သူမကို ငြင်းပယ်ခြင်း မရှိသလို သူမနှင့် သူမ၏ ဖခင်ကိုလည်း အပြစ်မတင်ပေ။
သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခိုက် နတ်ဆိုး တပိုင်း သူတော်စင် အဆင့် နှစ်ကောင်၏ ရုပ်အလောင်းများက အမှတ် (၁၂) ဂူစံအိမ်ထဲသို့ လွင့်မျောသွား၏။
အမှတ် (၁၂) ဂူစံအိမ်အတွင်း၌။
အဝေးမှ စောင့်ကြည့်နေကြသူများမှာ အံ့အားသင့်ကာ ထိတ်လန့်နေကြ၏။ အရာအားလုံးက အလွန်တရာ လှည့်ကွက်များစွာဖြင့် ပြည့်နှက်နေပြီး ဤကဲ့သို့ အဆုံးသတ်သွားခဲ့သည်လော။
ရုတ်တရက် ပေါ်လာသော ဤလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားရှင်မှာ လူသားတစ်ဦး ဖြစ်ရမည်။
သိုင်းသူတော်စင်တစ်ပါး ဖြစ်မည်လား..
ဤမျှ အောင်မြင်မှုကြီးမားသော စီနီယာပုဂ္ဂိုလ်တစ်ဦးက လီယွမ်နှင့် သူငယ်ချင်းဟောင်းတစ်ယောက်ကဲ့သို့ တည်ငြိမ်အေးချမ်းစွာ စကားပြောဆိုနေသည်မှာ အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
ဤအရာက လူတိုင်း၏ စိတ်ထဲတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သော လီယွမ်အတွက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထပ်လောင်းပေးလိုက်၏။
"ကျေးဇူးပြုပြီး"
လီယွမ်က အန်းမူယောင်ကို အမှတ် (၁၂) ဂူစံအိမ်ထဲသို့ ခေါ်ဆောင်လာပြီး ဝါးတောလေးဆီသို့ ဦးတည်သွားသည်။
တစ်ချိန်တည်းမှာပင် ဝူမေ့က ဖန်းတာချွန်းထံသို့ အသံဖြင့် သတင်းစကား ပါးလိုက်၏။
ဖန်းတာချွန်းအား အောင်ပွဲအထိမ်းအမှတ်အဖြစ် တိမ်ဖောက်မြှားကို ပစ်လွှတ်စေပြီး ဤဒေသသို့ ထွက်ပြေးလာကြသော အပြင်စည်းတပည့်များ အားလုံးကို ပြန်လည်ခေါ်ယူစေရန် ဖြစ်သည်။
...
ဝါးတောလေးထဲသို့ ဝင်ရောက်လာချိန်။
အန်းမူယောင်မှာ ထူးဆန်းသော ခံစားချက်တစ်ခု ရရှိသွားသည်။ ဤနေရာက အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အရာအားလုံးကို ဖုံးကွယ်ထားရာ သူမပင်လျှင် ထိုးဖောက်၍ မမြင်နိုင်ပေ။
ရှောင်လင်းအာက ဆဌမအဆင့် ကူသခင်တစ်ယောက်သာ ဖြစ်သော်လည်း သူက သူမထင်ထားသည်ထက် အများကြီး ပိုစွမ်းအားကြီးနေ၏။
သူမ၏ အစ်မကြီးကဲ့သို့ပင် သူမက ငယ်စဉ်ကတည်းက ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားပြီး ရေခဲပြင်မျိုးနွယ်စု၏ အသက်အငယ်ဆုံးသော ဘုရင်မ ဖြစ်လာသင့်သူပင် ဖြစ်သည်။
"ကျွန်တော့် အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သူရဲကောင်းမလေးကို အများကြီး ကျေးဇူးတင်ပါတယ်"
လီယွမ်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် ဝါးတောလေးကို ချဲ့ထွင်ပြီးနောက် ဆောက်လုပ်ထားသော ခြံဝင်းအတွင်း၌ ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
"ရှောင်ကျောက်... သွားပြီး ငါ့ရဲ့ အဖိုးတန် ချင်းယဲ့ဝိုင်ကို ယူခဲ့ပါ"
"ဟုတ်ကဲ့"
ဝမ်ကျောက်ကျောက်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေရသည်။
ဤမျှ အစွမ်းထက်သော သူတစ်ယောက်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် လောကကြီးကို ပြောင်းလဲနိုင်ပြီး ပူအိုက်သော နွေရာသီကို မျက်စိတစ်မှိတ်အတွင်း အေးခဲသော ဆောင်းရာသီအဖြစ် ပြောင်းလဲပစ်နိုင်သူပင်။
"ဒီမှာ အရမ်းပူတာပဲ"
အန်းမူယောင်က အကြောဆန့်လိုက်ပြီးနောက် သူမ၏ ဝတ်ရုံနှင့် အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ သူမ၏ မျက်နှာဖုံးကိုလည်း ဖယ်ရှားလိုက်၏။
နူးညံ့သော လေပြေလေးတစ်ခု တိုက်ခတ်သွားပြီး သူမ၏ ငွေရောင်ဆံပင်များကို လွင့်ဝဲသွားစေသည်။
၎င်းက ဖြူဖျော့ပြီး ညှိုးနွမ်းနေသော အဖြူရောင်မျိုး မဟုတ်ဘဲ ကြည်လင်တောက်ပနေကာ အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ဖြစ်နေသည်။ အလှပန်းလေး၏ နှင်းလို ဖြူဖွေးသော အသားအရေနှင့် ပြေပြစ်သော ခန္ဓာ ကောက်ကြောင်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူမက နတ်ဘုရားတို့၏ ဖန်တီးမှုတစ်ခုကဲ့သို့ ကျော့ရှင်းလှပလွန်းလှပေသည်။
သူမက နှင်းများထဲမှ ထွက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင် သူမ၏ အလှတရားက အပြစ်ကင်းစင်လွန်းလှ၏။
"လူငယ်လေး... ငါ့ရဲ့ မယဉ်ကျေးမှုအတွက် မင်း စိတ်မဆိုးဘူးမလား"
အန်းမူယောင်က ပြုံးလိုက်၏။ သူမ၏ ရေခဲပြာရောင် မျက်လုံးများက စကားများစွာ ပြောနေသကဲ့သို့ ရှိပြီး စမ်းရေပေါက်လေးတစ်ခုလို ကြည်လင်တောက်ပနေသည်။
"စိတ်ကြိုက် သက်တောင့်သက်သာ နေပါ"
ဤအခိုက်အတန့်တွင် လီယွမ်က သူ၏ အသက်ရှူသံများကို ထိန်းချုပ်ထားရန် မလိုအပ်တော့ဘဲ အန်းမူယောင်က သူ့အား မှတ်မိသွားပြီဖြစ်ကြောင်း လုံးဝ သေချာသွားခဲ့၏။
မဟုတ်ပါက သူမက တောင်ပေါ်သို့ ရုပ်ဖျက်ပြီး ရောက်လာမည် မဟုတ်သလို ဤအချိန်တွင် သူမ၏ အသွင်အပြင် အစစ်အမှန်ကို တမင်သက်သက် ထုတ်ဖော်ပြသမည်လည်း မဟုတ်ပေ။
အဒေါ်ဖြစ်သူက အလွန်လှပကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။
မျက်နှာသွင်ပြင်ကိုသာ ကြည့်မည်ဆိုလျှင် သူမက ဓားနတ်သမီးထက် မလျော့ကျသော်လည်း ဓားနတ်သမီးကမူ နှစ်ပေါင်း သုံးထောင်တိုင်တိုင် လူသူကင်းဝေးရာတွင် နေထိုင်ခဲ့ပြီး လောကရှိ မည်သူနှင့်မျှ မယှဉ်နိုင်သော လောကီနှင့်မသက်ဆိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားလေသည်။
'ငါ့အမေကလည်း အဲဒီလိုပဲ ကြော့ရှင်းပြီး အံ့မခန်းလှပတဲ့ နှင်းဖုံးနေတဲ့ တိုင်းတစ်ပါးက လာတဲ့ အလှပန်းလေးတစ်ပွင့် ဖြစ်လောက်တယ်'
'ငါ အမှတ် (၁၂) ဂူစံအိမ်က ဂျူနီယာညီမလေးတွေ ချစ်ရေးဆိုတာကို ခဏခဏ ခံရတာ အကြောင်းရင်း ရှိတာပဲ.. ငါတို့ ဘိုးဘေးတွေက အချောအလှတွေချည်းပဲကိုး နတ်ဘုရားတွေက ငါတို့ကို ရုပ်ရည်အဆင်းသဏ္ဍာန်ကောင်းတွေနဲ့ ကောင်းချီးပေးထားတာပဲ'
လီယွမ်၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုတစ်ခု ဝင်ရောက်လာသည်။
"မင်းရဲ့ နာမည်ကို မသိရသေးဘူး"
အန်းမူယောင်က မေးလိုက်၏။
"လီယွမ်ပါ"
သူတို့နှစ်ဦးစလုံးက တစ်ယောက်နှင့် တစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်း သိထားကြသော်လည်း သူတို့တစ်ခုစီတွင် ကိုယ်ပိုင် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး ရင်ထဲတွင်သာ သိမ်းဆည်းထားကြ၏။
"ငါ့နာမည်က အန်းမူယောင်ပါ.. မြောက်ဘက်အစွန်အဖျားက မျိုးနွယ်စုကလာတာ တောင်ပိုင်းနယ်စပ်ကို ခရီးအဝေးကြီး လာခဲ့တာက လူတစ်ယောက်ကို ရှာဖို့အတွက်ပဲ" ဟု အန်းမူယောင်က ပြောလိုက်သည်။
"ဘယ်သူ့ကိုလဲ"
လီယွမ်က တည်ငြိမ်စွာ မေးလိုက်၏။
"ငါ့အစ်မကြီးရဲ့ ကလေး ငါတို့ အန်းမိသားစုရဲ့ ရှောင်လင်းအာကို ရှာနေတာပါ"
စကားပြောရင်းဖြင့် အန်းမူယောင်က သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကာ သူမ၏ အသံက အနည်းငယ် တုန်ယင်နေသည်။
"ရှောင်လင်းအာ ဆိုတာ ဘာအဓိပ္ပာယ်လဲ"
လီယွမ်က မေးလိုက်၏။
"ငါတို့ ရေခဲပြင် မျိုးနွယ်စုက ရှေးဟောင်းနတ်ဘုရား ချီလင်ရဲ့ အမွေအနှစ်တစ်ခုပဲ.. ပြီးတော့ ချီလင်ရဲ့ တန်ခိုး စွန်းအားတွေကို ငါတို့ ယုံကြည်ကြပြီး ချီလင်ရဲ့ ပုံရိပ်ကို ငါတို့ မျိုးနွယ်စုရဲ့ အမှတ်အသားအဖြစ် အသုံးပြုကြတယ်"
"အစပိုင်းတုန်းက မျိုးနွယ်စုထဲမှာ မွေးဖွားလာတဲ့ ကလေးတွေက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကြောင့် သေဆုံးဖို့ အလွန်လွယ်ကူတာပေါ့.. ဒါကြောင့် မျိုးနွယ်စုဝင်တွေက နတ်ဘုရား ချီလင်ကို ဆုတောင်းပြီး ယဇ်ပူဇော်ပွဲတွေ ကျင်းပခဲ့ကြတယ်"
အစောပိုင်းကာလများတွင် ကလေးများ အသက်ရှင်သန်ရန် အလွန် ခက်ခဲခဲ့သည်။
"လူတွေက သူတို့ရဲ့ ကလေးတွေကို မငြိုမငြင် ခွဲခွာရပြီး မိသားစုထဲမှာ ဉာဏ်အကောင်းဆုံး အလိမ္မာဆုံးနဲ့ အချစ်ဆုံး ကလေးကို ကာကွယ်ပေးဖို့ နတ်ဘုရား ချီလင်ဆီမှာ ဆုတောင်းရုံပဲ တတ်နိုင်ခဲ့တယ်"
"အချစ်ဆုံး ကလေးကို ရှောင်လင်းအာလို့ ခေါ်တယ်.. ပြီးတော့ သူက နတ်ဘုရား ချီလင်ရဲ့ စောင့်ရှောက်မှုကို ရရှိပြီး တန်ခိုး စွမ်းအားတွေရဲ့ အလင်းရောင်အောက်မှာ အသက်ရှင်သန်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်"
အန်းမူယောင်က ပြုံးလျက် ရှင်းပြလိုက်၏။
"အချိန်တွေက ပြောင်းလဲသွားပါပြီ.. 'ရှောင်လင်းအာ' ဆိုတာက ချစ်စနိုးခေါ်တဲ့ အမည်တစ်ခု သက်သက်ပါ.. လူကြီးတွေက ကလေးတွေအပေါ် ထားရှိတဲ့ အချစ်ကို ကိုယ်စားပြုတာပါ.. တခြား အဓိပ္ပာယ်တော့ မရှိပါဘူး"
"ဪ... ဒါကြောင့်ကိုး"
လီယွမ်က ရုတ်တရက် သဘောပေါက်သွားသည်။
သူက ပြုံးလိုက်ပြီး…
"လင်းအာကို ခင်ဗျား ရှာတွေ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်.. သူက တကယ်ပဲ နတ်ဘုရားတွေရဲ့ စောင့်ရှောက်မှုကို ရထားပြီး ကောင်းကောင်းမွန်မွန် နေထိုင်နေတာလည်း ဖြစ်နိုင်ပါတယ်"
"အင်း"
အန်းမူယောင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။
"သူ့ကို ဖိအားတွေ သိပ်မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သာသာယာယာ နေထိုင်စေချင်တယ်.. တကယ်လို့ သူ လုပ်ရမယ့် ကိစ္စတစ်ခုခု ရှိနေမယ်ဆိုရင်တောင် သူ့ရဲ့ အဘိုး အဒေါ်နဲ့ သူ့ရဲ့ မိခင်ဘက်က မိသားစုဝင်တွေ အားလုံးက သူ့ကို စိတ်ရောကိုယ်ပါ အပြည့်အဝ ထောက်ခံအားပေးသွားမှာပါ"
"အရမ်းကောင်းတာပေါ့"
လီယွမ်က ပြုံးလိုက်သည်။
"နတ်ဘုရားတွေရဲ့ လမ်းပြမှု ရှိကောင်းရှိနိုင်ပြီး ခင်ဗျား သူ့ကို မကြာခင် ရှာတွေ့နိုင်မှာပါ"