သူရဲကောင်းအဒေါ်
Vol. 7 Ch. 90
လီယွမ်၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို အန်းမူယောင် သဘောပေါက်လိုက်၏။
ရှောင်လင်းအာက သူတို့ကို အသိအမှတ်ပြုရန် အဆင်သင့် မဖြစ်သေးပေ။
သူမ ဖခင်၏ မှာကြားချက်ကို ပြန်လည်အမှတ်ရသွားသည်။
စိတ်မလောရန်…
မည်သူကမျှ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော အေးချမ်းသည့် ဘဝလေးကို ညတွင်းချင်း ပျက်စီးသွားစေလိုမည် မဟုတ်ပေ။ အရာရာကို လက်ခံနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး သူမကလည်း စောင့်ဆိုင်းနိုင်သည်။
"လီယွမ်... မင်းရဲ့ ကောင်းချီးစကားအတွက် ကျေးဇူးတင်ပါတယ်"
အန်းမူယောင်က ပြုံးလိုက်ပြီး "ငါ့ရဲ့ ကျေးဇူးတင်စကားကို ဖော်ပြတဲ့အနေနဲ့ မင်းကို လက်ဆောင်တစ်ခု ပေးပါရစေ" ဟု ပြောဆိုလိုက်၏။
လီယွမ်က ပြန်မဖြေနိုင်မီမှာပင် သူမ၏ ဝတ်ရုံထဲမှ သစ်သားသေတ္တာတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်တင်ပြီး သူ၏ ရှေ့သို့ ညင်သာစွာ တွန်းပို့ပေးလိုက်၏။
သစ်သားသေတ္တာကို အလွန်ထူးခြားသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
လီယွမ်၏ အတွေးများက တည်ငြိမ်သွားသည်။
[ မူလပစ္စည်းများကို ရွေးချယ်ပါ.. ]
[ နှစ်တစ်ထောင် ရေခဲအကြေးခွံသစ်သား မြောက်ဘက်အစွန်အဖျား ရေခဲပြင်တွင် ပေါက်ရောက်ပြီး ချီလင် ကျဆုံးခဲ့သော မြေပေါ်တွင် ရှင်သန်ကြီးထွားသည်။ ရေခဲစွမ်းအင်ပါဝင်သော ရတနာလက်နက်များ ဖန်တီးရန်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ရေခဲစွမ်းအင်ပါဝင်သော ကူကောင်များကို မွေးမြူရန်လည်း အသုံးပြုနိုင်၏။ ]
ဤအချက်အလက်များကို ဖတ်ရှုပြီးနောက် လီယွမ်မှာ အလွန်တရာ အံ့အားသင့်သွားရတော့သည်။
သေတ္တာလေး တစ်ခုတည်းကပင် ဤမျှ တန်ဖိုးကြီးမားနေလေရာ ဤအဒေါ်လေးက တကယ့်ကို စေတနာအပြည့်ဖြင့် လာရောက်ခြင်း ဖြစ်ပုံရသည်။
သူက သစ်သားသေတ္တာကို ဖွင့်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲပြာရောင် အလင်းတန်းများ ပျံ့နှံ့သွားသည်။
“ဂါး”
ထို့နောက် အသက်ဝင်လှသော ချီလင်၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။
[ မူလပစ္စည်းများကို ရွေးချယ်ပါ.. ]
[ ချီလင်ပုလဲ ချီလင်၏ အရိုးနှင့် စိတ်ဆန္ဒတို့မှ ပေါ်ထွက်လာသော မင်္ဂလာရှိသည့် အရာတစ်ခုဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာတို့နှင့် ပေါင်းစပ်ထားသည်။ အရာခပ်သိမ်း၏ သွေးဆက်ကို တိုးတက်ပြောင်းလဲစေနိုင်ပြီး အရာခပ်သိမ်း၏ ဝိညာဉ်ရေးရာကို မြှင့်တင်ပေးနိုင်ကာ ဆွေးမြည့်နေသည့် အရာများကိုပင် အံ့မခန်း အရာများအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိ၏။ ]
"ဒါ.. အရမ်းကို တန်ဖိုးကြီးလွန်းတယ်"
ချီလင်ပုလဲမှာ ရေခဲပြင်မျိုးနွယ်စုများ၏ အဖိုးတန်ဆုံး ရတနာတစ်ခုဖြစ်ရာ လီယွမ်က ၎င်းကို အလွယ်တကူ လက်မခံရဲပေ။
သူက ယခင် နန်းတော်သခင် အန်းမူချိုး၏ တစ်ဦးတည်းသော သားဖြစ်ပြီး လက်ရှိ ချီလင်ဘုရင်၏ မြေးဖြစ်သော်ငြားလည်း မိမိ၏ မျိုးနွယ်စုမှ အဖိုးတန်ဆုံးသော ရတနာကို တိုက်ရိုက် လက်ခံရန် အကြောင်းပြချက် မရှိပေ။
"ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ... မင်းနဲ့ဆို ထိုက်တန်ပါတယ်"
အန်းမူယောင်က လေးနက်စွာ ပြောဆိုလိုက်၏။
အကယ်၍ သူမ၏ အစ်မကြီးသာ မရှိခဲ့လျှင် မြောက်ဘက်အစွန်အဖျားမှ မျိုးနွယ်စုများလည်း ဆက်လက် တည်ရှိနေတော့မည် မဟုတ်ပေ။ မျိုးနွယ်စုကို ကယ်တင်ခဲ့သော ကျေးဇူးတရားနှင့် နှိုင်းယှဉ်ပါက ချီလင်ပုလဲ တစ်လုံးတည်းက ဘာများ အရေးပါမည်နည်း။
အစ်မကြီးက ရေခဲပြင်မျိုးနွယ်စုများအတွက် ပြိုင်ဘက်ကင်းသော ကျေးဇူးများကို ပြုခဲ့သော်လည်း အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မရရှိခဲ့ပေ။
ရှောင်လင်းအာက အစ်မကြီး၏ တစ်ဦးတည်းသော ရင်သွေးဖြစ်ရာ အစ်မကြီး ရသင့်ရထိုက်သမျှ အရာအားလုံးကို သူက အမွေဆက်ခံထိုက်သည်။
လီယွမ်က ဘာတွေ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိ၏။
ရေခဲပြင်မျိုးနွယ်စုများက သူ့အပေါ် ပြသလာသော စေတနာများက သူ၏မိခင် အန်းမူချိုးနှင့် ပတ်သက်နေမည်မှာ သေချာပေသည်။
"ကျေးဇူးတင်ပါတယ်"
သူက ထပ်မံ ငြင်းဆန်မနေတော့ဘဲ သစ်သားသေတ္တာကို လက်ခံလိုက်၏။
"မင်းလည်း ငါ့ကို လက်ဆောင်တစ်ခု ပေးလို့ ရမလား"
အန်းမူယောင်က ထပ်မံ တောင်းဆိုလာပြန်သည်။
'ဘာလက်ဆောင်လဲ'
လီယွမ် တွေဝေသွားသည်။ သူ၏ ပင်မကူကောင်မှလွဲ၍ သူ့ထံတွင် တန်ဖိုးရှိသော အရာဟူ၍ ဘာမျှမရှိသလို သူ၏ တန်ဖိုးကလည်း ချီလင်ပုလဲနှင့် ယှဉ်လျှင် အနားသို့ပင် မကပ်နိုင်ပေ။
အန်းမူယောင်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွား၏။
"ကတိသစ္စာကူကောင်လို့ ခေါ်တဲ့ ကူကောင်တစ်မျိုး ရှိတယ်လို့ ငါ ကြားဖူးတယ်.. ကတိသစ္စာပြုခြင်းကတစ်ဆင့် လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ထိန်းချုပ်နိုင်တယ်ဆို"
"ရှိပါတယ်"
လီယွမ်က ခေါင်းညိတ်လိုက်သည်။
"ငါ့ကို နည်းနည်းလောက် ပေးလို့ရမလား" အန်းမူယောင်က မေးလိုက်၏။
"ရပါတယ်"
လီယွမ်က လောကရှိ သာမန် ပိုးကောင်များ အားလုံးကို မွေးမြူလေ့ကျင့်ထားရာ ကတိသစ္စာကူကောင်လည်း ပါဝင်သည်။
ဤကူကောင်ကို ကူသခင်များက အခြားသူများကို ထိန်းချုပ်ရန်နှင့် ခြိမ်းခြောက်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှုအဖြစ် သတ်မှတ်ကြပြီး သစ္စာရှိမှုကို ပြသရန်အတွက်လည်း အသုံးပြုနိုင်၏။
"ခဏစောင့်ပါ"
အချိန်အနည်းငယ် အကြာတွင် လီယွမ်က အိုးတစ်လုံးကို ယူဆောင်လာခဲ့သည်။
အိုးထဲတွင် ကင်းခြေများကဲ့သို့ အမည်းရောင် ကူကောင် ဆယ်ကောင်ကျော် ပါရှိပြီး ၎င်းတို့မှာ ကတိသစ္စာကူကောင်များ ဖြစ်ကြ၏။
၎င်းတို့က အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ခြေထောက်တစ်ထောင်ပါသော ကင်းခြေများနှင့် တူသည့်အရာတစ်ခုက လူတစ်ယောက်၏ နှလုံးသွေးကြောများထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏ အသက်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။
ပုံမှန်အားဖြင့်တော့ ဘေးထွက်ဆိုးကျိုး မရှိပေ။
ကတိသစ္စာဖောက်ဖျက်သူက သူတို့၏ ကတိကို ချိုးဖောက်မှသာလျှင် ပေါက်ကွဲထွက်လာပြီး သူတို့၏ နှလုံးသွေးကြောများကို ပြတ်တောက်သွားစေကာ ချက်ချင်း သေဆုံးသွားစေမည် ဖြစ်သည်။
"ကတိသစ္စာကူကောင် ဆယ်ကောင်ကျော်ဆိုရင် သူရဲကောင်းမလေးအတွက် လုံလောက်လောက်ပါပြီ"
လီယွမ်က အမည်းရောင်အိုးကို အန်းမူယောင်၏ ရှေ့တွင် ချထားလိုက်၏။
"ကူလမ်းစဉ်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ"
အန်းမူယောင်က အမည်းရောင်အိုးထဲမှ ကတိသစ္စာကူကောင် တစ်ကောင်ကို ထုတ်ယူကာ သူမ၏ လက်ထဲတွင် ကိုင်ထားပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
"ဒီအရာက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တဲ့ ထိန်းချုပ်နိုင်စွမ်း ရှိတာလား"
"သေချာတာပေါ့"
လီယွမ်က ခေါင်းညိတ်လိုက်ပြီး "ကတိသစ္စာကူကောင်က အသက်ဝင်သွားပြီဆိုရင် အတင်းအကျပ် ဖိနှိပ်နိုင်တဲ့ နဝမနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ သူ့ကို ချိုးဖျက်နိုင်တဲ့ အထူးရှားပါးကူကောင် အနည်းငယ်က လွဲရင် လောကမှာ ဘယ်အရာကမှ ဒါကို ချိုးဖျက်နိုင်စွမ်း မရှိပါဘူး" ဟု ရှင်းပြလိုက်၏။
"ဒါဆိုရင် ငါ စမ်းကြည့်လိုက်မယ်"
အန်းမူယောင်က နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်၏။
"မလုပ်နဲ့..."
လီယွမ်မှာ အံ့အားသင့်သွားရတော့သည်။ ဤအရာက စမ်းသပ်ကြည့်ရမည့် အရာမဟုတ်ပေ။
သူ စကားမဆုံးမီမှာပင် အန်းမူယောင်က ကတိသစ္စာကူကောင်ကို မျိုချလိုက်ပြီး သူမ၏ နှလုံးသားထဲသို့ ထည့်သွင်းကာ ပြုံးလျက် ကတိသစ္စာ ပြုလိုက်၏။
"မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စုမှ ကျွန်မ အန်းမူယောင်သည် ယနေ့ ကတိသစ္စာ ပြုပါသည်"
"ကျွန်မသည် ယနေ့ မြင်တွေ့ခဲ့ရသမျှ သို့မဟုတ် လီယွမ်နှင့် ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာကို ထုတ်ဖော်ပြောဆိုခဲ့ပါက ကျွန်မ၏ နှလုံးသွေးကြောများ ပြတ်တောက်ကာ နှလုံးသားကို စားသုံးခံရသည့် သေဆုံးခြင်း ဒဏ်ကို ခံစားရပါစေ"
ကတိသစ္စာပြုပြီးနောက် သူမက သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လိုက်၏။ ကြယ်များကဲ့သို့ တောက်ပသော သူမ၏ ရေခဲပြာရောင် မျက်လုံးများက လီယွမ်ကို ကြင်နာသော အပြုံးဖြင့် စိုက်ကြည့်နေသည်။
"လီယွမ်... ငါ ပြုခဲ့တဲ့ ဒီကတိသစ္စာက အလုပ်ဖြစ်ပါ့မလား"
"..."
လီယွမ်က သူမအား စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။
အန်းမူယောင်က သူမ၏ စေတနာမှန်ကို ပြသပြီး ဤကဲ့သို့ နောက်ပြောင်သည့် နည်းလမ်းဖြင့် သူ့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ၏ ရင်ထဲတွင် လှုပ်ရှားသွားရတော့သည်။
ကတိသစ္စာက အသက်ဝင်သွားပြီး အန်းမူယောင်၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီဖြစ်ကြောင်း ထင်ရှားနေ၏။
နှစ်ပေါင်းများစွာတိုင်အောင် လီယွမ်က သူ၏ လျှို့ဝှက်ချက်ကို ရင်ထဲတွင် နက်ရှိုင်းစွာ သိမ်းဆည်းထားခဲ့ပြီး မည်သူ့ကိုမျှ မဖွင့်ဟခဲ့ပေ။ အဘိုးဖြစ်သူ တော်ဝင်သမားတော် ကွယ်လွန်သွားပြီးနောက်ပိုင်း သူ၏ အစစ်အမှန် ကိုယ်ပိုင် ဇာစ်မြစ်ကို သိရှိသူဟူ၍ လောကတွင် အန်းမူယောင် တစ်ဦးတည်းသာ ရှိတော့သည်။
သူမ၏ စွမ်းအားအရဆိုလျှင် သူမက သူ၏ အနာဂတ် ကံကြမ္မာကို အတင်းအကျပ် စီစဉ်ပေးနိုင်စွမ်း ရှိသည်။
ဖြစ်လာနိုင်ချေရှိသော အဆုံးသတ်များစွာကို သူ စဉ်းစားခဲ့ဖူး၏။
သို့သော် အန်းမူယောင်က ဤမျှအထိ လုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အစွမ်းထက်သော အဋ္ဌမအဆင့် ကျွမ်းကျင်သူ ရေခဲပြင် မျိုးနွယ်စု၏ နတ်ဆရာမတစ်ဦးက သူမ၏ သဘောဆန္ဒအလျောက် ကတိသစ္စာ ပြုခဲ့ခြင်း ဖြစ်သည်။
"ငါ့ကို အဲဒီလို မကြည့်ပါနဲ့"
အန်းမူယောင်က အပြုံးကို အမြဲတစေ ထိန်းသိမ်းထားပြီး ပြောလိုက်၏။
"ငါက ကတိသစ္စာကူကောင်ရဲ့ အာနိသင်ကို စမ်းသပ်ကြည့်ရုံလေးပါ..ရူးသွပ်နေတဲ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး.. မင်းကို လန့်သွားစေခဲ့လား"
"မ... မလန့်ပါဘူး"
လီယွမ်က သူသည် လုံလောက်စွာ တည်ငြိမ်ပြီး စိတ်နေသဘောထား ကောင်းမွန်ကာ မြေခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်သည်ဟု ခံစားခဲ့ရသည်။
သို့သော် ဤအခိုက်အတန့်တွင် တွေဝေသွားကာ...
သူ့ကိုယ်သူ ကလေးတစ်ယောက်လို ဖြစ်နေဆဲဟု ခံစားလိုက်ရ၏။
"ဒါဆိုလည်း ကောင်းတာပေါ့"
အန်းမူယောင်က ပြုံးလိုက်သည်။
"မိုးလင်းတော့မယ်.. ငါ မေးချင်တာတွေလည်း မေးပြီးပြီ လုပ်စရာရှိတာတွေလည်း လုပ်ပြီးပြီဆိုတော့ သွားဖို့ အချိန်တန်ပြီ"
သူမ၏ အဆင့်အတန်းအရ ဤနေရာတွင် အချိန်အကြာကြီး နေထိုင်ရန် မသင့်တော်ပေ။
လျှို့ဝှက်ရည်ရွယ်ချက်ရှိသော သူတစ်ဦးဦးက သူမကို မှတ်မိသွားပါက ရှောင်လင်းအာအတွက် အန္တရာယ်များ ဖြစ်လာနိုင်ချေ အလွန်များသည်။
"ဟုတ်ကဲ့"
လီယွမ်က ခေါင်းညိတ်လိုက်၏။
အချိန်မကျသေးကြောင်း သူ ကောင်းစွာ သိရှိထားသော်လည်း ယနေ့ တွေ့ဆုံမှုက သူ၏ စိတ်နေစိတ်ထားကို မသိမသာ ပြောင်းလဲသွားစေခဲ့သည်။
လောကကြီးတွင် လူတိုင်းက သူ့ကို ဒုက္ခပေးချင်နေကြသည် မဟုတ်ဘဲ သူ၏ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပေးမည့် သူများလည်း ရှိနေပါ၏။
လွန်ခဲ့သော အနှစ် (၂၀) ကျော်က ထိုသူမှာ သူ၏မိခင် အန်းမူချိုး ဖြစ်ခဲ့သည်။
သူတို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည့် ပထမ (၁၆) နှစ်အတွင်းတွင် ထိုသူမှာ တော်ဝင်သမားတော်ကြီး ဖြစ်ခဲ့သည်။
ယခုအခါ ထိုသူမှာ အဒေါ် အန်းမူယောင် ဖြစ်လာခဲ့လေပြီ။
"ကျွန်တော် လိုက်ပို့ပါ့မယ်"
လီယွမ်က အန်းမူယောင်အား တောင်အောက်သို့ လိုက်ပို့ရာတွင် ဂိတ်တံခါးအတွင်းရှိ လူအုပ်ကို ရှောင်ရှားကာ ဝါးတောလေးထဲရှိ လူသူကင်းမဲ့သော လမ်းလေးတစ်လျှောက် လျှောက်သွားခဲ့ကြ၏။
သူတို့နှစ်ဦးက ဖြည်းညင်းစွာ လျှောက်သွားခဲ့ကြပြီး အမှတ် (၁၂) ဂူစံအိမ်၏ အပြင်ဘက် တောင်ကုန်းများဆီသို့ ရောက်ရှိချိန်တွင်တော့ လင်းလင်းကျင်းကျင်း ဖြစ်နေပြီ ဖြစ်သည်။
နံနက်ခင်း နေရောင်ခြည်က တောင်တန်းများပေါ်သို့ ဖြာကျနေ၏။
အန်းမူယောင်၏ နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များက ကြည်လင်တောက်ပသော အလင်းရောင်ဖြင့် တလက်လက် တောက်ပနေပြီး သူမ၏ မျက်ခုံးများက အဝေးမှ တောင်တန်းများကဲ့သို့ သိမ်မွေ့လှကာ ပန်းချီကားထဲမှ ထွက်လာသော မိန်းမပျိုလေးတစ်ဦးနှင့် တူနေသည်။
လောလောဆယ်အတွက်တော့ ဤမျှဆိုလျှင် လုံလောက်ပါပြီ။
သူမအတွက် ဤခရီးစဉ်က ကျေနပ်စရာထက်ကို ပိုနေခဲ့ပြီ ဖြစ်သည်။
သေးငယ်သော နောင်တလေး တစ်ခုသာ ကျန်ရှိတော့၏။
လီယွမ်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
"သူရဲကောင်းမလေး... ဂရုစိုက်ပါ"
"ငါ သွားတော့မယ်"
အန်းမူယောင်က လက်ပြနှုတ်ဆက်ကာ အဝေးသို့ ထွက်ခွာသွားသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။
နံနက်ခင်း အလင်းရောင် ဖြာကျလာသည်နှင့်အမျှ ခါးအထိရှည်လျားသော နှင်းလိုဖြူဖွေးသည့် ဆံပင်များနှင့် ပုံရိပ်လေးက တဖြည်းဖြည်း သေးငယ်သွား၏။
နတ်ဆရာမက သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။
"သေးငယ်တဲ့ နောင်တလေး တစ်ခုပဲ ကျန်တော့တယ်.. သူ ငါ့ကို တကယ်ပဲ သဘောမကျတာလား.. ဒီကလေးက အလိုလိုက်ရ တော်တော်ခက်တာပဲ"
ထိုစဉ် အင်းဆက်ပိုးကောင်လေး တစ်ကောင်က သူမ၏ နားနားသို့ ပျံသန်းလာသည်။
၎င်းက တိုးညင်းစွာ ကပ်ပြောလာလေသည်။
"အဒေါ်လေး... ဂရုစိုက်ပါဗျာ"
အန်းမူယောင်၏ သွယ်လျသော ခန္ဓာကိုယ်လေး တုန်ယင်သွားသော်လည်း သူမ၏ အပြုံးကမူ ပန်းတစ်ပွင့်ကဲ့သို့ လှပနေသည်။
"ဒီကလေးက ပုန်ကန်တတ်ရုံတင်မကဘူး မာနလည်း ကြီးသေးတာပဲ"
အခန်း (၉၁) - လင်းရှောင်ဓားဂိုဏ်းမှ ဧည့်သည်များ ရောက်ရှိလာခြင်း
တောက်ပသော နေရောင်ခြည်က စိတ်နှလုံးကို နွေးထွေးစေသည်။ အန်းမူယောင်၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေတော့၏။ ယခုအခါ သူမတွင် နောင်တရစရာ ဘာမှ မရှိတော့ပေ။ သူမသည် နောက်ကြောင်းပြန်လှည့်ကာ ရှောင်လင်းအာအား ဖက်၍ အားရပါးရ ငိုကြွေးပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာသော်လည်း အတင်းအကြပ် မြိုသိပ်ထားလိုက်ရသည်။
“အစ်မ... မြင်ရဲ့လား.. ရှောင်လင်းအာလေး ပြန်ရောက်လာပြီ.. ရှောင်လင်းအာလေးရဲ့ ဘေးနားမှာ တစ်သက်လုံး မနေပေးနိုင်တာကတော့ တကယ်ပဲ နှမြောစရာပဲ”
သူမ လုပ်ရမည့် ကိစ္စများစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။ ညဇီးကွက်ဘုရင် တစ်ယောက်တည်းကို ရင်ဆိုင်ရန်ပင် ကြီးမားသော အားထုတ်မှုများစွာ လိုအပ်လှ၏။ အကယ်၍ သူမသာ အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့မည်ဆိုလျှင် တစ်ဖက်လူက သေချာပေါက် ရိပ်မိသွားပေလိမ့်မည်။
အမှတ် (၁၂) ဂူစံအိမ်။
လီယွမ်သည် သူလာခဲ့သော လမ်းအတိုင်း ဝါးတောလေးအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“အစ်ကိုယွမ်... ဟို သူရဲကောင်းမလေး ထွက်သွားပြီလား”
ဝါးတောလေးကို စောင့်ကြပ်နေသော ဝမ်ကျောက်ကျောက်သည် ထူးဆန်းသော ရနံ့တစ်ခုကို အာရုံခံမိလိုက်၏။ မနေ့ညက ဒီကို ရောက်လာခဲ့သော သူရဲကောင်းမလေးမှာ မတော်တဆ ရောက်လာခြင်း မဟုတ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။
အစ်ကိုယွမ်နှင့် ထိုသူရဲကောင်းမလေးတို့ တစ်ညလုံး စကားပြောနေခဲ့ကြကြောင်း သူမ သိသော်လည်း စကားတစ်ခွန်းကိုမျှ မကြားခဲ့ရပေ။ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်နယ်ပယ်တစ်ခုက သူမ၏ အာရုံခံစားမှု အားလုံးကို ဖယ်ရှားပိတ်ဆို့ထားခဲ့သည် မဟုတ်ပါလော။
“သူ ထွက်သွားပြီ”
လီယွမ်က ခေါင်းညိတ်ပြလိုက်၏။
“အဲဒီ သူရဲကောင်းမလေးက တကယ်ကို သဘောကောင်းတာပဲ.. အစ်ကိုယွမ်ကို နတ်ဆိုး တပိုင်း သူတော်စင် အဆင့် ရုပ်အလောင်း နှစ်ခုလုံးကို အလကား ပေးသွားတာပဲနော်”
ဝမ်ကျောက်ကျောက်က တိုးတိုးလေး ဆိုလိုက်၏။
“ရှောင်ကျောက်... ငါက အဲဒီ သူရဲကောင်းမလေးရဲ့ လှည့်စားတာကို ခံရမှာ စိုးရိမ်နေတာလား”
လီယွမ်က နောက်ပြောင်လိုက်၏။
“မဟုတ်... မဟုတ်ရပါဘူး”
ဝမ်ကျောက်ကျောက်မှာ မျက်နှာလေး နီမြန်းသွားပြီး ခေါင်းကို အဆက်မပြတ် ခါယမ်းနေရှာတော့၏။
“မင်းက အရွယ်ရောက်နေတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေပြီကို ကိုယ့်ခံစားချက်ကိုတောင် မဖုံးကွယ်နိုင်သေးဘူးပဲ.. လေ့ကျင့်ဖို့ အများကြီး လိုသေးတယ်”
လီယွမ်က ပြုံးလျက် ဆိုလိုက်၏။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’ ဝမ်ကျောက်ကျောက်သည် စိတ်ထဲမှသာ ကြိတ်ကာ ရေရွတ်ဝံ့တော့၏။
“အစ်ကိုယွမ် ရှေ့မှာမို့လို့သာ ခံစားချက်တွေကို ဖုံးကွယ်လို့ မရတာပါ.. တခြားလူတွေ ရှေ့မှာဆိုရင်တော့ ကျွန်မက လုံးဝ တည်ငြိမ်ပါတယ်”
“ကောင်းပြီလေ... အများကြီး တွေးမနေပါနဲ့တော့ မနေ့ညက အမှတ် (၁၂) ဂူစံအိမ်ကို ခိုလှုံဖို့ လာတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ”
လီယွမ်က စကားလမ်းကြောင်း လွှဲလိုက်၏။
“အခုလောလောဆယ်တော့ လူပေါင်း (၁၃၀၀) လောက် ရှိပါတယ်”
ဝမ်ကျောက်ကျောက်က ပြန်လည် ဖြေကြားလိုက်၏။
“ဒီလောက်တောင် များတာလား”
လီယွမ်မှာ အံ့အားသင့်သွားရတော့၏။
“အောင်ပွဲကို ကိုယ်စားပြုတဲ့ တိမ်ဖောက်မြှားကို ဖန်တာချွန်း ပစ်လွှတ်လိုက်ပြီးတဲ့နောက်မှာ... အပြင်စည်း ဂူစံအိမ်အသီးသီးက ကူသခင်တွေက မနေ့ညကတည်းက တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြတာပါ”
ထိုစဉ် စာပို့ငှက်လေး တစ်ကောင်က ပျံသန်းရောက်ရှိလာခဲ့သည်။
“စီနီယာအစ်ကို လီယွမ်... နဝမနန်းတော်ရဲ့ ဒုတိယနန်းတော်သခင်ဟာ အတွင်းစည်း တပည့်တစ်စုနဲ့အတူ ရောက်ရှိနေပါတယ်.. အစည်းအဝေးကို ကျေးဇူးပြုပြီး တက်ရောက်ပေးပါ”
“ဒုတိယနန်းတော်သခင် ဟုတ်လား”
လီယွမ်က အံ့ဩတကြီး မေးလိုက်၏။
“ရောက်လာတာ အတော်လေး မြန်သားပဲ”
သူသည် ရှောင်ကျောက်အား ခေါ်ကာ ပင်မတောင်ထိပ်ဆီသို့ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။ ပင်မတောင်ထိပ်တွင်မူ လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့ချေပြီ.. လူအုပ်ကြီး၏ အလယ်ဗဟို၌ အဘိုးအို တစ်ဦးသည် မျက်လုံးများကို မှိတ်လျက် ထိုင်နေပြီး အတွင်းစည်း တပည့်များထံမှ အစီရင်ခံစာကို တိတ်ဆိတ်စွာ နားထောင်နေသည်။
“ဒုတိယနန်းတော်သခင်... စာရင်းဇယားတွေ ထွက်လာပါပြီ”
“ဒီတစ်ကြိမ် နတ်ဆိုးတွေရဲ့ ညဘက် ဝင်ရောက် တိုက်ခိုက်မှုအတွင်းမှာ ဂူစံအိမ် (၃၆) ခု ထိခိုက်ခဲ့ပြီး ဂူစံအိမ် (၁၅) ခုကတော့ လုံးဝ ပျက်စီးသွားခဲ့ပါတယ်.. အဲဒီဂူစံအိမ်တွေက တပည့်တွေ တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပါဘူး.. အဲဒါတွေကတော့ အမှတ် (၃)၊ အမှတ် (၇) နဲ့ အမှတ် (၉) ဂူစံအိမ်တွေ ဖြစ်ပါတယ်”
“ကျန်ရှိနေတဲ့ ဂူစံအိမ် (၂၁) ခု ထဲမှာတော့... အမှတ် (၁) ဂူစံအိမ်မှာ လူ (၅၀၇) ယောက်၊ အမှတ် (၂) ဂူစံအိမ်မှာ လူ (၄၁၀) ယောက် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်”
“အသေအပျောက် လုံးဝ မရှိခဲ့တဲ့ အမှတ် (၁၂) ဂူစံအိမ် ကလွဲရင်... ကျန်တဲ့ ဂူစံအိမ်တွေ အားလုံးက လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရပါတယ်”
အစီရင်ခံစာကို ဖတ်ပြနေစဉ်မှာပင် လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
“စီနီယာအစ်ကို လီယွမ် ရောက်လာပြီဟေ့”
“တကယ်ပဲ စီနီယာအစ်ကို လီယွမ် ရောက်လာပြီ”
မျက်စိတစ်မှိတ်အတွင်းမှာပင် အကြည့်များအားလုံးက တောင်တက်လမ်း၏ အဆုံးသတ်ဆီသို့ စုပြုံကျရောက်သွားခဲ့လေရာ ထိုနေရာတွင် လီယွမ်နှင့် ဝမ်ကျောက်ကျောက်တို့မှာ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေကြသည်ကို မြင်တွေ့လိုက်ရသည်။ လူတိုင်းက အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြတော့၏။ မနေ့ညက တိုက်ပွဲသည် သူတို့၏ မျက်စိရှေ့မှောက်တွင် လီယွမ်၏ ဒဏ္ဍာရီလာ အဆင့်အတန်းကို အခိုင်အမာ တည်ဆောက်ပေးနိုင်ခဲ့ပြီး ကူသိုင်းပညာရပ်အပေါ် သူ၏ ပြီးပြည့်စုံလုနီးပါး ကျွမ်းကျင်ပိုင်နိုင်မှုများကို ပြသနိုင်ခဲ့သည် မဟုတ်ပါလော။
“စီနီယာအစ်ကို လီယွမ်... မင်္ဂလာပါ.. စီနီယာအစ်မ ရှောင်ကျောက်... မင်္ဂလာပါ”
လူအုပ်ကြီးကို ဖြတ်သန်းသွားစဉ် တပည့်များက သူတို့အား လှိုက်လှဲစွာ နှုတ်ဆက်ကြသည်။ လီယွမ်မှာမူ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ ဝမ်ကျောက်ကျောက်မှာကား မျက်နှာပန်းပွင့်သွားရတော့၏။ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ဘေးနားရှိ တောက်ပသော အရန်လူ တစ်ယောက် ဖြစ်ရခြင်း၏ အရသာမှာ ဤကဲ့သို့ပင်လော။ သူမသည် အနည်းငယ် နေရခက်နေသော်လည်း တစ်ဖက်တွင်လည်း ဂုဏ်ယူဝင့်ကြွားနေမိသည်။
“တပည့် လီယွမ်... ဦးလေးကို အရိုအသေ ပေးပါတယ်”
လီယွမ်သည် နဝမနန်းတော်၏ အတွင်းစည်းသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ်က ဤချီယန် ဆိုသော ဒုတိယနန်းတော်သခင်ကို တွေ့ဆုံခဲ့ဖူးသည်။ သူသည် အချိန်အတော်ကြာကတည်းက နာမည်ကျော်ကြားခဲ့သူ တစ်ဦးဖြစ်ပြီး လီယွမ်၏ ဆရာ ယွီဟန်ချွမ်း ထက်ပင် အသက်ပိုကြီးလှ၏။
“အရိုအသေပေးစရာ မလိုပါဘူး”
ချီယန်က လက်ဝှေ့ယမ်းလိုက်ရင်း ဆိုလိုက်၏။
“မင်းရဲ့ အခြေအနေတွေကို ငါ ကြားပြီးပြီ.. ဂျူနီယာညီလေး ယွီရဲ့ အကဲဖြတ်မှုက တကယ်ကို ပြောင်မြောက်တာပဲ”
“အဆင့် (၆) ကူသခင် တစ်ယောက်ရဲ့ အစွမ်းနဲ့ အဆင့် (၇) နတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့ရုံတင် မကဘူး... တပိုင်း သူတော်စင် အဆင့် နယ်ပယ်ကိုပါ အကြောက်အလန့်မရှိ ရင်ဆိုင်နိုင်ခဲ့တာက တကယ့်ကို ထူးခြားတဲ့ ပါရမီနဲ့ ချီးကျူးစရာကောင်းတဲ့ သတ္တိပဲ”
“မဆိုးဘူး... တကယ် မဆိုးဘူး”
ချီယန်၏ မျက်လုံးများအတွင်း၌ ချီးကျူးလေးစားမှုများ ပြည့်နှက်နေခဲ့ချေပြီ.. ဤကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ မည်မျှအထိ ခက်ခဲကြောင်း သူ ကောင်းစွာ သိထားသည်။ ပင်မကူကောင်၏ အလားအလာကို အစွမ်းကုန် ထုတ်ဖော်နိုင်ပြီး လက်အောက်ခံ ကူကောင်များကိုပါ ကျွမ်းကျင်စွာ အသုံးချနိုင်မှသာလျှင် ဤကဲ့သို့သော အံ့မခန်း မှတ်တမ်းမျိုးကို ရယူနိုင်မည် မဟုတ်ပါလော။ နဝမနန်းတော်တွင် ဤအဆင့်အထိ ရောက်ရှိလာနိုင်သော လူငယ် ကူသခင်မျိုး မပေါ်ထွက်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်တော့၏။
“ဦးလေး... ချီးကျူးတာ များသွားပါပြီ”
လီယွမ်က လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။
“ငါ ဒီကို ရောက်လာတာ ဂိုဏ်းရဲ့ အမိန့်အရ ကိစ္စနှစ်ခုကို ပြောဖို့ပဲ”
ချီယန်က လေးနက်သော အသံဖြင့် ဆိုလိုက်၏။
“ပထမအချက်ကတော့... အပြင်စည်းက အမှတ် (၁၂) ဂူစံအိမ်တွေဟာ နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရပြီး ဖြစ်သလို... အခုလို စစ်မီးတောက်လောင်နေတဲ့ အချိန်မှာ ငြိမ်းချမ်းတဲ့ အချိန်က ဗျူဟာတွေက အသုံးမဝင်တော့ဘူး”
“ဂိုဏ်းတော်က နန်းတော်တစ်ခုစီအောက်မှာရှိတဲ့ ဂူစံအိမ်တွေကို ပေါင်းစည်းပြီး ဒေသကြီး နှစ်ခုအဖြစ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တယ်”
“ငါတို့ နဝမနန်းတော်ရဲ့ ဂူစံအိမ်တွေကို ပြန်လည် တည်ဆောက်တဲ့နေရာမှာ အမှတ် (၁၂) ဂူစံအိမ်နဲ့ အမှတ် (၄၄) ဂူစံအိမ်တို့ကို ဗဟိုချက်အဖြစ် ထားရှိသွားမယ်.. အဲဒီလို အရင်းအမြစ်တွေကို တစ်စုတစ်စည်းတည်း စုစည်းထားနိုင်မှသာ နတ်ဆိုးတွေကို ခုခံဖို့နဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့ ပိုပြီး လွယ်ကူမှာ ဖြစ်တယ်”
“လီယွမ်... မင်းက အမှတ် (၁၂) ဂူစံအိမ်ရဲ့ နန်းတော်သခင်အသစ်အဖြစ် တာဝန်ယူလိုက်ရင် ဘယ်လိုလဲ”
လက်ရှိ အခြေအနေကို ကြည့်မည်ဆိုပါက ဤနေရာတွင် ရပ်နေကြသော လူများအားလုံးထဲတွင် ချီယန်မှလွဲ၍ လီယွမ် တစ်ဦးတည်းသာလျှင် ဂူစံအိမ်သခင်အသစ် ရာထူးကို ရယူနိုင်လောက်သည့် ဂုဏ်သတင်း ရှိနေသည် မဟုတ်ပါလော။
“တပည့်က စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းပါတယ်.. ကူကောင်တွေကို သန့်စင်ဖို့လောက်ကိုပဲ စိတ်ဝင်စားတာပါ”
လီယွမ်မှာ သဘာဝကျကျပင် ဆန္ဒမရှိလှပေ။ အသေးအဖွဲ ကိစ္စရပ်များစွာကို စီမံခန့်ခွဲနေရခြင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်သည် မဟုတ်ပါလော။ သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆိုလိုက်၏။
“ကျွန်တော့်ရဲ့ ဂျူနီယာညီမလေး ဝမ်ကျောက်ကျောက်ကို တာဝန်ယူခိုင်းလိုက်ရင်ရော... ဘယ်လိုနေမလဲ”
“ရှင်”
ဝမ်ကျောက်ကျောက်မှာ အတော်လေး လန့်ဖြန့်သွားပြီး မိမိကိုယ်ကိုယ် လက်ညှိုးထိုးကာ မေးလိုက်၏။
“ဂူစံအိမ်သခင် ဖြစ်ရမယ်.. ကျွန်မကလား”
လီယွမ်က ပြုံးလျက် ဆိုလိုက်၏။
“ရှောင်ကျောက်... မင်းက အတွေ့အကြုံ နည်းသေးတယ်.. ဒါက မင်းနဲ့ အသင့်တော်ဆုံး အခွင့်အရေးပဲ”
ထို့နောက် သူသည် သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။
“အခုချိန်ကစပြီး တချို့ကိစ္စတွေက မင်းကိုပဲ ယုံကြည်လို့ ရတော့မှာမို့လို့ပါ.. တခြားလူဆိုရင် အဆင်မပြေဘူး”
“အင်း... ကောင်းပါပြီလေ”
လီယွမ် ထိုသို့ ပြောလိုက်ပြီးနောက်တွင် ဝမ်ကျောက်ကျောက်မှာ စိတ်အားထက်သန်သွားရတော့၏။ နောင်တစ်ချိန်တွင် အစ်ကိုယွမ်ကို သေချာပေါက် ကူညီရမည်ဟု တွေးတောမိကာ သူမသည် ဘာမှ ထပ်မစဉ်းစားတော့ဘဲ ချက်ချင်းပင် သဘောတူလိုက်လေတော့သည်။
“ကောင်းပြီလေ”
ချီယန်ကလည်း ဘာမှ ထပ်မပြောတော့ပေ။ လီယွမ်၏ ဂုဏ်သတင်းက နောက်ခံ ပေးထားမည်ဆိုလျှင် ဝမ်ကျောက်ကျောက် အနေဖြင့်လည်း ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်သာ။
“ဒုတိယ အချက်ကတော့...”
သူသည် ပတ်ဝန်းကျင်ရှိ လူအများကို ဝေ့ကြည့်လိုက်ရင်း ဆိုလိုက်၏။
“ဒီကိစ္စက မင်းတို့နဲ့ ဘာမှ မသက်ဆိုင်တဲ့အတွက်... အားလုံး ထွက်သွားလို့ ရပါပြီ”
မကြာမီမှာပင် လူအုပ်ကြီးမှာ လူစုခွဲ ထွက်ခွာသွားကြသည်။ စောစောလေးကမှ လူများဖြင့် ပြည့်နှက်နေခဲ့သော ပင်မတောင်ထိပ်တွင် ယခုအခါ လက်ချိုးရေလို့ ရလောက်သည့် လူအနည်းငယ်သာ ကျန်ရစ်တော့၏။
ချီယန်နှင့် လီယွမ်တို့မှလွဲ၍ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားပြီး ကျောတွင် ဓားရှည် လွယ်ထားသော လူသုံးဦး ရှိနေသည်။ သူတို့၏ ဝတ်စုံများပေါ်တွင် လှိုင်းထနေသော တိမ်တိုက်များနှင့် ပင်လယ်များ၏ ပုံစံများကို ချည်ထိုးထားပြီး အလွန်ပင် သေသပ်လှပကာ ထူးခြားလှသော အငွေ့အသက်များကို ပေးစွမ်းနေတော့၏။ လီယွမ်သည် ဤကဲ့သို့သော ပုံစံမျိုးကို ဓားနတ်သမီး၏ ဝတ်စုံပေါ်တွင် မြင်တွေ့ခဲ့ဖူးသဖြင့် ထိုသူသုံးဦး၏ အမှတ်အသားမှာ ထင်ရှားနေခဲ့ချေပြီ။
“လီယွမ်... ငါ မိတ်ဆက်ပေးပါရစေ”
ချီယန်က ဆိုလိုက်၏။
“ဒီသုံးယောက်က အလယ်ပိုင်းဒေသမှာ ရှိတဲ့ လင်းရှောင်ဓားဂိုဏ်းက မိတ်ဆွေတွေပဲ ဖြစ်တယ်.. မင်းလည်း ကြားဖူးမှာပါ... ‘မိုးထိအောင် မြင့်မားတဲ့ တောင်ထွတ်တစ်ခု၊ ခမ်းနားကြီးကျယ်တဲ့ စံအိမ်တစ်ခု၊ ပြိုင်ဘက်ကင်း ဂိုဏ်းကြီးနှစ်ခုနဲ့၊ လောကီနယ်ပယ်ထဲကို ဝင်ရောက်ပြီး သေမျိုး ကမ္ဘာကို ဖြတ်တောက်နိုင်တဲ့ တောင်တန်းသုံးခု’ ဆိုတဲ့ အကြောင်းကိုလေ”
“လင်းရှောင်ဓားဂိုဏ်းဟာ အဲဒီ ပြိုင်ဘက်ကင်း ဂိုဏ်းကြီးနှစ်ခုထဲက တစ်ခုပဲ ”
“သူတို့ ဒီကို ရောက်လာတာက ‘ဓားနတ်သမီး’ ရဲ့ ရုပ်အလောင်း ပျောက်ဆုံးသွားတဲ့ ကိစ္စကို စုံစမ်းဖို့အတွက်ပဲ.. မင်းရဲ့ စီနီယာအစ်မကြီး နင်ဟုန်ယွီက မင်းကို ပြောပြပြီးလောက်ပါပြီ”
ချီယန်၏ နောက်ကွယ်တွင် ရပ်နေသော လူသုံးဦးသည် ရှေ့သို့ တိုးလာပြီး လီယွမ်အား အရိုအသေပေးလိုက်ကြသည်။
“လင်းရှောင်ဓားဂိုဏ်းရဲ့ (၁၃၁) ဆက်မြောက် တပည့်... ရွှမ်းယွမ်ပါ”
“ဝူချင်းယင်းပါ”
“ကျိုးဝူပင်းပါ”
“စီနီယာအစ်ကို လီယွမ်ကို အရိုအသေ ပေးပါတယ်”
လင်းရှောင်ဓားဂိုဏ်းမှ ထိုသုံးဦးမှာ အလွန်ပင် ငယ်ရွယ်နုပျိုပြီး ခွန်အားများ ပြည့်ဝနေပုံ ရသည်။ သူတို့အားလုံးမှာ ဂိုဏ်း၏ ပါရမီရှင်များ ဖြစ်ကြပြီး ဓားသိုင်းပညာတွင် အလွန် ထူးချွန်ကြသူများ ဖြစ်ပေလိမ့်မည်။ လီယွမ်ကလည်း လက်သီးဆုပ်ကာ ပြန်လည် အရိုအသေပေးလိုက်၏။
“ဓားနတ်သမီး ကိစ္စနဲ့ ပတ်သက်ပြီး... ကျွန်တော့်ကို သိချင်တာ ရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်.. ကျွန်တော် သိသလောက် အကောင်းဆုံး ဖြေကြားပေးပါ့မယ်”