ဓားဆွဲထုတ်ခြင်း စမ်းသပ်မှု
Vol. 7 Ch. 92
"လီယွမ်..အရမ်းကြီး စိုးရိမ်မနေပါနဲ့"
ချီယန်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
"မင်းကို ငါတို့ သံသယဝင်နေတာ မဟုတ်ပါဘူး.. သိသလောက်လေး ဖြေပေးရုံပါပဲ.."
"ဟုတ်ကဲ့ပါ"
လီယွမ်က ခေါင်းညိတ်ပြလိုက်၏။
"စီနီယာအစ်ကို လီယွမ်... ကူအင်မော်တယ် လျှို့ဝှက်နယ်မြေမှာတုန်းက မြေအောက်အကျဉ်းတိုက်ထဲကိုများ ရောက်ခဲ့ဖူးလားဆိုတာ မေးပါရစေ" ရွှမ်ယွမ်က ရုတ်တရက် ဝင်ရောက်ပြောဆိုလာ၏။
"မရောက်ခဲ့ဖူးပါဘူး"
"အိပ်မက်သစ်ပင် ပြိုကျသွားတာကိုရော မြင်ခဲ့ရလား"
"မမြင်ခဲ့ရပါဘူး"
"အဲဒီလောက်ကြီးတဲ့ ပွက်လောရိုက်မှုကြီးကိုတောင် မမြင်ခဲ့ရဘူးလား"
"ကျွန်တော်က ရတနာရှာနေတုန်း ရုတ်တရက် မြေကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားတာ ခံစားလိုက်ရတယ်.. မော့ကြည့်လိုက်တော့ အိပ်မက်သစ်ပင်ကြီး မရှိတော့တာကို တွေ့လိုက်ရလို့ လန့်တောင်လန့်သွားသေးတယ်"
လီယွမ်က သူ၏လေသံကို လေးနက်တည်ငြိမ်စွာထား၍ မျက်နှာတစ်ချက်မပျက်ဘဲ အေးဆေးစွာပင် ဖြေဆိုလိုက်၏။
"သတ္တမနန်းတော်က ကျောက်ပိုင်တုံနဲ့ ရှယွဲ့လျန်တို့ကိုရော လျှို့ဝှက်နယ်မြေထဲမှာ တွေ့ခဲ့သေးလား" ရွှမ်ယွမ်က ထပ်မံမေးမြန်းလာပြန်သည်။
"တွေ့ခဲ့တယ်"
လီယွမ်က ခေါင်းညိတ်လိုက်၏။
"သူတို့နှစ်ယောက်က ကျွန်တော့်ကို အတူတူသွားဖို့ ဖိတ်ခေါ်သေးတယ်.. ဒါပေမဲ့ သူစိမ်းတွေနဲ့ အတူသွားရတာ အန္တရာယ်များလွန်းတယ်လို့ ခံစားရလို့ တိုက်ရိုက်ပဲ ငြင်းပယ်လိုက်တယ်"
မေးခွန်းအနည်းငယ် ထပ်မံမေးမြန်းပြီးနောက် ရွှမ်ယွမ်က စကားရပ်လိုက်သည်။
နဝမဂူစံအိမ်တော်သည် ရှာဖွေတွေ့ရှိရန် လုံးဝမဖြစ်နိုင်သလောက် ရှိနေသည့် အမှန်တရားတစ်ခုအတွက် အင်အားစုအတွင်းရှိ ပါရမီရှင်တစ်ဦးအား အမှန်တရားကူကောင်ကဲ့သို့သော စိတ်ကိုထိခိုက်စေသည့်အရာများ သုံးစွဲစေပြီး စုံစမ်းစစ်ဆေးလိမ့်မည် မဟုတ်ပေ။
"မေးစရာတွေကတော့ ဒါပါပဲ.."
ရွှမ်ယွမ်က လေးနက်သော အမူအရာဖြင့် ပြောဆိုလာ၏။
"နောက်ဆုံးအနေနဲ့ စီနီယာအစ်ကို လီ... ကျွန်တော်တို့ရဲ့ စမ်းသပ်မှုလေးတစ်ခုမှာ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်"
"သေချာတာပေါ့"
လီယွမ်၏ နှလုံးသား တစ်ချက် ခုန်သွားသည်။ လင်းရှောင်ဓားဂိုဏ်းမှာ ဓားနတ်သမီးနှင့် အဆက်အသွယ်ရှိခဲ့ကြောင်းကို သက်သေပြနိုင်သည့် တစ်စုံတစ်ရာ ရှိနေသေးသလော။
သမိုင်းကြောင်း ရှည်လျားပြီး အလယ်ပိုင်းဒေသ သိုင်းလောက၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည့် အဖွဲ့အစည်းတစ်ခုအကြောင်းကို သူ မတွေးဘဲ မနေနိုင်တော့ပေ။
ထိုစဉ် ရွှမ်ယွမ်က သူ၏ ကျောပေါ်မှ ဓားသေတ္တာကို အလွတ်သဘော ထုတ်ယူလိုက်၏။
"ပွင့်စမ်း"
ဓားသေတ္တာ ပွင့်သွားပြီး ဓားခုနစ်လက် ပေါ်ထွက်လာသည်။ သူက တောင်းဆိုလိုက်၏။
ရေခဲပြာရောင် ဓားတစ်လက်ကို ညွှန်ပြကာ
"စီနီယာအစ်ကို လီ... ကျေးဇူးပြုပြီး ဒီဓားကို ဆွဲထုတ်ပေးပါ"
ဓားရိုးကို ကြည့်ရုံဖြင့် ဤဓားမှာ ဓားနတ်သမီး၏ ဓားနှင့် အတော်လေး ဆင်တူနေသည်။
အမြွှာကျောက်စိမ်းဆွဲကြိုးနှင့် ဆင်တူသော အကျိုးသက်ရောက်မှုမျိုး ရှိနေနိုင်မည်လား..
ဒါမှမဟုတ် မိခင်နှင့် သား ဓားများလား..
သူ စတင် ထိတ်လန့်လာလေပြီ။ အကယ်၍ သူ့ကို ဖမ်းမိသွားပါက အခြေအနေများက အလွန် ရှုပ်ထွေးသွားလိမ့်မည်။
"စီနီယာအစ်ကို လီ... ကျေးဇူးပြုပြီး"
ဤအခြေအနေအထိ ရောက်နေပြီဖြစ်ရာ လီယွမ်မှာ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူက အနည်းငယ် ပြုံးလိုက်ပြီး မျက်နှာတစ်ထောင်ကူကောင်၏ စွမ်းရည်ကို အသက်သွင်းကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်အားလုံးကို ဖုံးကွယ်ထားလိုက်၏။ ထို့နောက် လက်လှမ်းကာ ဓားရိုးကို ညင်သာစွာ ဆုပ်ကိုင်ပြီး အားကုန် ဆွဲထုတ်လိုက်တော့သည်။
“ချွင်”
ဓားက အိမ်ထဲမှ ထွက်လာပြီး ရှည်လျားကျယ်လောင်သော သံစဉ်တစ်ခု ထွက်ပေါ်လာသည်။
"ဓားကောင်းတစ်လက်ပဲ.."
လီယွမ်က ချီးကျူးလိုက်၏။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ ချက်ချင်း သတိပြုမိသွားသည်။ အကြောင်းမှာ ရွှမ်ယွမ်မှာ ကမောက်ကမ ဖြစ်နေပြီး ဝူချင်းယင်း၊ ကျိုးဝူပင်းနှင့် အခြားနှစ်ဦးတို့က သူ့အား မယုံနိုင်လောက်အောင် စိုက်ကြည့်နေကြသောကြောင့်ပင်။
'သူတို့ တကယ်ပဲ သိသွားပြီလား..'
လီယွမ်၏ အာရုံကြောများက တင်းမာသွားသည်။
"ထွက်လာပြီပဲ"
တစ်ခဏအကြာတွင် ဝူချင်းယင်း၏ ပါးစပ်မှာ ဟသွားပြီး အံ့သြတကြီး ကြွေးကြော်လိုက်၏။ "သူက နှင်းကျဓားကို တကယ်ကြီး ဆွဲထုတ်နိုင်ခဲ့တယ်"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျိုးဝူပင်းကလည်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ "ကူသခင်တစ်ယောက်က နှင်းကျဓားကို တကယ် ဆွဲထုတ်နိုင်တယ် ဟုတ်လား"
"ဒါ..."
ရွှမ်ယွမ်မှာ ဆွံ့အသွားပြီး လုံးဝ တွေဝေသွားသော အမူအရာဖြင့် ရပ်နေသည်။
"မင်းတို့... အဆင်ပြေရဲ့လား"
တစ်ခဏမျှ လီယွမ်က ထွက်ပြေးရန်ပင် စဉ်းစားမိလိုက်၏။
"သေချာပေါက် တစ်ခုခု မှားနေတာပေါ့"
ဝူချင်းယင်းက ဝင်ရောက်ပြောဆိုလိုက်၏။
"စီနီယာအစ်ကို လီယွမ်... နှင်းကျဓားကို ဆွဲထုတ်နိုင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား"
"နှင်းကျဓား ဆွဲထုတ်ခံလိုက်ရတယ် ဆိုတဲ့ အဓိပ္ပာယ်များလား.."
လီယွမ်က ကောင်းစွာ နားမလည်ခဲ့ပေ။
"အဲဒါက မင်းဟာ မွေးရာပါ ဓားသခင်တစ်ယောက် ဒီဓားနဲ့ အသင့်တော်ဆုံးသူတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ.. ကူသခင် မဖြစ်ခဲ့ရင်တောင် မင်းဟာ ဓားပါရမီရှင်တစ်ယောက် ဖြစ်လာဦးမှာပဲ"
ဝူချင်းယင်းက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြသည်။
"ငါကတော့ ကူလမ်းစဉ်ကိုပဲ ပိုသဘောကျပါတယ်.."
လီယွမ်က ထိုအရာကို ထူးဆန်းသည်ဟု လုံးဝ မခံစားရပေ။
ရွှမ်ယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
"စီနီယာအစ်ကို လီယွမ်... ကြည့်ရတာ စီနီယာက ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ကောင်းကောင်း နားမလည်သေးဘူး ထင်တယ်.. ပြီးတော့ စီနီယာ့ရဲ့ ဓားသိုင်းပါရမီက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကိုလည်း သတိမထားမိသေးဘူး"
"လင်းရှောင်ဓားဂိုဏ်းမှာ နှစ်ပေါင်း သုံးထောင်ကျော် သမိုင်းကြောင်းရှိပြီး ကျွန်တော့်အထိဆိုရင် မျိုးဆက်ပေါင်း (၁၃၀) တိုင်တိုင် လက်ဆင့်ကမ်းလာခဲ့တာပါ.."
"ဒီလောက် ရှည်လျားတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ဓားသေတ္တာထဲက နတ်ဓား ခုနစ်လက်ထဲက တစ်လက်ကို ဆွဲထုတ်နိုင်ခဲ့တဲ့သူက လက်ချိုးရေတွက်လို့ ရလောက်အောင် နည်းပါးပြီး စုစုပေါင်း လူသုံးရာတောင် မပြည့်ပါဘူး.."
"လက်ရှိ လူငယ်မျိုးဆက်တွေထဲမှာဆိုရင် ကျွန်တော် တစ်ယောက်တည်းပဲ ရှိပါတယ်.."
ထိုသို့ဖြစ်သော်ငြားလည်း ထိုစဉ်က ဓားသေတ္တာထဲမှ နတ်ဓား ခုနစ်လက်အနက် တစ်လက်ကို ဆွဲထုတ်နိုင်ရန် ရာနှင့်ချီသော အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
"အဲဒီလောက်တောင် ခက်တာလား.."
လီယွမ်မှာ မကောင်းသော ခံစားချက်တစ်ခု ရရှိသွား၏။
သူ၏ ကိုယ်ပိုင် ဓားသိုင်းပါရမီက ရှေးဟောင်းဓားဂိုဏ်းတစ်ခုမှ သေချာရွေးချယ်ထားသော ပါရမီရှင်ခေါင်းဆောင်တစ်ဦးထက် သာလွန်နိုင်မည်ဟု သူ မယုံကြည်ပေ။ မမျှော်လင့်ထားသော အကြောင်းရင်းတစ်ခုခု ရှိရမည်။
မမျှော်လင့်ထားသော အရာမှာ...
ဓားနတ်သမီး…
ဖြစ်နိုင်သည်မှာ ဓားနတ်သမီးသည် သူ၏ ပင်မကူကောင် ဖြစ်ပြီး သူ၏ ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသောကြောင့် ဤအဖြစ်အပျက်မျိုး ဖြစ်ပေါ်လာခြင်းပင်။
"ဟား ဟား ဟား ဟား"
ဤအခိုက်အတန့်တွင် ချီယန်က အားပါးတရ ရယ်လိုက်၏။
"လီယွမ်က ဒီလိုမျိုး ဘက်စုံတော်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး.. ဒါပေမဲ့ သူက ကူလမ်းစဉ်ထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်လို့ သိုင်းပညာ ကျင့်ကြံဖို့အတွက် အကောင်းဆုံး အရွယ်ကို ကျော်လွန်သွားခဲ့ပြီ"
"မေ့လိုက်ပါတော့"
"ဘယ်လိုလဲ ဂျူနီယာတူတော် ရွှမ်ယွမ်... လီယွမ်အပေါ် သံသယ ရှင်းသွားပြီလား.."
"ဟုတ်"
ရွှမ်ယွမ်က ခပ်လေးလေး ခေါင်းညိတ်ပြလိုက်၏။
အကယ်၍ လီယွမ်သာ ဓားနတ်သမီးအပေါ် အန္တရာယ်ပြုမည့် လုပ်ရပ်တစ်ခုခု လုပ်ဆောင်ခဲ့လျှင် သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့ပါက နှင်းကျဓားက သေချာပေါက် တုံ့ပြန်မည်ဖြစ်ပြီး သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ပေလိမ့်မည်။
သို့သော် ယခုအခါ လီယွမ်က နှင်းကျဓား၏ သတ်ဖြတ်လိုစိတ်ကို မလှုံ့ဆော်နိုင်ခဲ့ရုံသာမကဘဲ ၎င်းကိုပင် အညံ့ခံသွားစေခဲ့သည်။
ဤသည်က လီယွမ်မှာ လုံးဝ အပြစ်ကင်းစင်ပြီး သေဒဏ်ထိုက်သော အလောင်းသူခိုး မဖြစ်နိုင်ကြောင်း သက်သေပြနေ၏။
"ဒါဆိုလည်း ကောင်းတာပေါ့"
ချီယန်က မူ အံ့အားမသင့်ပါပေ။ အတွင်းစည်းသို့ ယခုမှ ဝင်ရောက်လာသော တပည့်တစ်ဦးဖြစ်သည့် လီယွမ်က ဤမျှ ကြီးမားသော ကိစ္စကြီးကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
"ကြည့်ရတာ ဓားနတ်သမီးရဲ့ ရုပ်အလောင်းကို ကျောက်ပိုင်တုံနဲ့ ရှယွဲ့လျန်ဆိုတဲ့ လူယုတ်မာနှစ်ယောက်က ထူးဆန်းတဲ့ နည်းလမ်းနဲ့ ခိုးယူသွားတာ သေချာသလောက် ရှိသွားပြီ.."
လီယွမ်အထိ ရက်ပိုင်းအတွင်း ကူအင်မော်တယ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော တပည့်များအားလုံး၏ စာရင်းကို အသေအချာ စစ်ဆေးခဲ့သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
ဝူချင်းယင်းက ဒေါသတကြီးဖြင့် ကြွေးကြော်လိုက်၏။
"ဓားနတ်သမီးဆိုတာ ဂိုဏ်းတည်ထောင်သူ အဘိုးကြီးကလွဲရင် ငါတို့ လင်းရှောင်ဓားဂိုဏ်းရဲ့ အတော်ဆုံး ပါရမီရှင်ပဲ.. ဓားသေတ္တာထဲကနေ နတ်ဓား ခုနစ်လက်စလုံးကို တစ်ပြိုင်နက်တည်း ဆွဲထုတ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လေ ဒါပေမဲ့ နှစ်ပေါင်း သုံးထောင်ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဘဝက ဒီလို အဆုံးသတ်သွားပြီး လူယုတ်မာတွေရဲ့ စော်ကားမှုကို ခံခဲ့ရတယ်"
"အဲဒီလူယုတ်မာကို ငါ လုံးဝ အလွတ်မပေးဘူး"
"မဟုတ်ရင် ငါ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပြီး ဓားနတ်သမီးကို ယဇ်ပူဇော်ပစ်မယ်.. ဓားနတ်သမီးရဲ့ ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”
ဝူချင်းယင်း၏ အသားအရေမှာ ဒေါသကြောင့် နီမြန်းနေသည်။
ဝူချင်းယင်းက ဓားနတ်သမီး၏ ဇာတ်လမ်းများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ပြီး ဓားနတ်သမီးအား နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ကာ အလွန်အမင်း ရိုသေကိုင်းရှိုင်းခဲ့သည်။
အထူးသဖြင့် ဓားနတ်သမီး ပြန်လည်ရှင်သန်လာနိုင်ကြောင်း သိလိုက်ရပြီးနောက် သူမမှာ အလွန်ဝမ်းသာသွားကာ သုံးရက် သုံးညတိုင်တိုင် အိပ်မပျော်နိုင်ခဲ့ပေ။
‘ဒါက နောက်ဆုံး ရလဒ်တဲ့လား ငါ ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်မှာလဲ’
လီယွမ်မှာ နားထောင်နေရင်း တုန်ယင်သွားသည်။
'တော်သေးတာပေါ့...'
'တော်သေးလို့ ရွှမ်ယွမ်က သူ့ကို ဓားခုနစ်လက်စလုံး ဆွဲမထုတ်ခိုင်းတာ။ ဓားနတ်သမီးရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် သူက အကုန်လုံးကို ဆွဲထုတ်နိုင်ဖို့ များတယ်..'
‘အဲဒါဆိုရင်တော့ တကယ့် ပြဿနာကြီး ဖြစ်သွားလိမ့်မယ်’
‘
"လူယုတ်မာတွေကို တခြား လူယုတ်မာတွေက အပြစ်ပေးလိမ့်မယ်.. ဓားသေတ္တာကို သိမ်းလိုက်ပါ.."
လီယွမ်က နှင်းကျဓားကို သေတ္တာထဲ ပြန်ထည့်လိုက်ပြီး ကျိန်ဆဲလိုက်၏။
"ဒီလို လူယုတ်မာမျိုးကို ဓားနတ်သမီးက သေချာပေါက် အပြင်းအထန် အပြစ်ပေးမှာပါ"
မည်သို့ အပြစ်ပေးမည်ဆိုသည်ကိုတော့...
သူလည်း မသိပေ။
"အေးပါ..."
ရွှမ်ယွမ်က စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဓားသေတ္တာကို သိမ်းဆည်းလိုက်၏။
"ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ တခြားနည်းလမ်း မရှိတော့ဘူး.. ဓားနတ်သမီးကိစ္စကို ဖြည်းဖြည်းချင်းပဲ စုံစမ်းရတော့မှာပေါ့"
ထိုစဉ် ချီယန်က မေးမြန်းလိုက်သည်။
"သူရဲကောင်းလေး သုံးယောက်... အလယ်ပိုင်းဒေသကို ပြန်မှာလား ဒါမှမဟုတ် တောင်ပိုင်းနယ်စပ်မှာ ခဏနေဦးမှာလား"
"တောင်ပိုင်းနယ်စပ်မှာပဲ နေမယ် နတ်ဆိုးတွေ မိစ္ဆာတွေကို သုတ်သင်မယ်"
ကမောက်ကမ ဖြစ်နေသော်ငြားလည်း ရွှမ်ယွမ်၏ မျက်နှာထားက ခိုင်မာပြတ်သားနေဆဲ ဖြစ်၏။
"ကျွန်တော်လည်း အတူတူပဲ.."
ကျိုးဝူပင်းလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
ဝူချင်းယင်းက ရှင်းပြလာ၏။
"ရှုရှန်းတောင်က မဟာသခင် ရွှီရှောင်ယောင်က ပြဿနာတွေ စဖြစ်တာနဲ့ ချက်ချင်းပဲ တပည့်တွေကို ဦးဆောင်ပြီး နယ်စပ်ကို သွားခဲ့တယ်လို့ ကြားတယ်.. ဂျူနီယာ ညီမလေးတွေတောင် တောင်ပေါ်က ဆင်းပြီး နတ်ဆိုးတွေကို နှိမ်နင်းနေကြပြီဆိုတော့ ငါတို့ လင်းရှောင်ဓားဂိုဏ်းက ဘယ်လိုလုပ် နောက်ကောက်ကျခံလို့ ဖြစ်မှာလဲ"
"သူရဲကောင်းလေး သုံးယောက်က တကယ့်ကို စိတ်ဓာတ်ခွန်အား အပြည့်ရှိတာပဲ.."
ချီယန်က မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးလိုက်၏။
"ငါလည်း မင်းတို့ထက် အားနည်းလို့ မဖြစ်ဘူး.. လှုပ်ရှားရမယ့် အချိန်ရောက်ပြီ.. ဒီနတ်ဆိုးတွေက နဝမဂူစံအိမ်တော်က လူငယ်တွေကိုတောင် သတ်ရဲတယ်ဆိုတော့ သူတို့ကို ဆယ်ဆပြန်ပြီး ပေးဆပ်ခိုင်းရမယ်"