အခန်း (၁၀၇၇-၁၀၇၈)
Vol. 91 Ch. 1077-1078
အခန်း ၁၀၇၇ - ဆက်သွယ်ရေး၊ ရန်သူကို မျှားခေါ်ခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်း
လော့လင်တန်သည် ငါးဖမ်းသမားတစ်ဦးကဲ့သို့ စိတ်အေးလက်အေးဖြင့် နန်းတော်အတွင်း၌ ထိုင်ကာ ရှေ့တန်းမှ သတင်းများကို စောင့်မျှော်နေခဲ့သည်။
“ကျွန်းပိုင်ရှင်ဆီကနေ လက်ကိုင်ဖုန်းတွေ နောက်ထပ်တစ်သုတ်လောက် ထပ်ဝယ်ဖို့ လိုနေပြီ။ အမြန်မြင်းတွေကိုပဲ အားကိုးနေရတာက တော်တော်လေး နှေးကွေးလွန်းတယ်။”
ကောင်းကင်မိုးကြိုးမင်းဆက်အတွင်း သတင်းအချက်အလက် ပေးပို့မှုစနစ်မှာ နောက်ကျကျန်နေသေးသည်ဟု လော့လင်တန် ခံစားနေရသည်။
ထိုသို့တွေးမိလိုက်သည်နှင့် လော့လင်တန်သည် ရှောင်းယီထံသို့ ချက်ချင်း အသံမက်ဆေ့ဂျ် ပို့လိုက်သည်။
“ကျွန်းပိုင်ရှင်း... ကျုပ် လက်ကိုင်ဖုန်း နောက်ထပ်တစ်သုတ်လောက် ထပ်ဝယ်ချင်ပါတယ်။ အခု မင်းဆက်အတွင်းမှာ သတင်းပို့ရတာက အရမ်းနှေးနေလို့ပါ။”
အသံမက်ဆေ့ဂျ်ကို နားထောင်ပြီးနောက် ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ လောလောဆယ်တော့ ခင်ဗျားအတွက် ဖုန်းအလုံးတစ်ထောင် စီစဉ်ပေးမယ်။ ခင်ဗျားတို့ဆီက အုတ်မြစ်ကျောက်တွေ ကျုပ်ဆီရောက်လာရင် အဲ့ဒါတွေကို သက်ဆိုင်ရာ ငွေကြေးအဖြစ် ပြောင်းလဲပြီး အဲ့ဒီထဲကပဲ နှုတ်လိုက်မယ်။”
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
လော့လင်တန် ဝမ်းသာအားရ ပြောလိုက်သည်။
ထိုလက်ကိုင်ဖုန်း အလုံးတစ်ထောင်ဖြင့်ဆိုလျှင် လက်ရှိလိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ရှောင်းယီသည် အန်းယွဲ့ကို ဖုန်းများ ပို့ဆောင်ပေးရန် ချက်ချင်း စီစဉ်ခိုင်းလိုက်၏။ ထိုဖုန်းများကို လက်ခံရရှိပြီးနောက် လော့လင်တန်သည် အမြန်မြင်းများဖြင့် ရှေ့တန်းသို့ ချက်ချင်း ပို့ဆောင်စေပြီး အသုံးပြုပုံ နားလည်ပြီးသားသူများကို ရှေ့တန်းမှ တပ်မှူးများအား သင်ကြားပေးရန် ညွှန်ကြားလိုက်တော့သည်။
ခြုံခိုတိုက်ခိုက်ရန် တာဝန်ယူထားသော ဗိုလ်ချုပ်ဂရိုးသည်လည်း လက်ကိုင်ဖုန်း ဆယ်လုံး ရရှိခဲ့ပြီး ၎င်းတို့ကို တပ်စုမှူးအသီးသီးထံ ဝေငှပေးလိုက်သည်။
လော့လင်တန်သည် သူ၏လူများနှင့်အတူ ဂရုချက်တစ်ခု တည်ဆောက်လိုက်ပြီး ဂရုထဲတွင် ပြောလိုက်သည်။
“အခု လူတိုင်း အခြေခံအသုံးပြုပုံတွေကို သိသွားကြပြီလား။ သိရင် အသံမက်ဆေ့ဂျ်နဲ့ ပြန်ဖြေကြ။”
“ဟုတ်ကဲ့ သိပါပြီ။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြသည်။
“ဒီတိုက်ပွဲရဲ့ အစီရင်ခံစာတွေကို ဒီဂရုထဲမှာပဲ ပို့ကြပါ။”
လော့လင်တန်က ထပ်ပြောလိုက်သည်။
“တခြားကိစ္စတွေဆိုရင်တော့ သီးသန့်မက်ဆေ့ခ်ျနဲ့ ပို့လိုက်။”
“အမိန့်အတိုင်းပါ။”
မကြာမီမှာပင် ကောင်းကင်မိုးကြိုးမင်းဆက်၏ မြောက်ပိုင်းစစ်ဗိုလ်ချုပ်က သတင်းပို့လာခဲ့သည်။
“အရှင်မင်းကြီး... ရန်သူတွေက ကျွန်တော်မျိုးတို့ရဲ့ ခံစစ်ကြောင်းကို အမြောက်တွေနဲ့ စတင်ပစ်ခတ်နေပါပြီ။”
“အမြောက်နည်းနည်းနဲ့ပဲ ပြန်လည်တုံ့ပြန်လိုက်ပါ။ ဒါပေမဲ့ ပစ်ခတ်အားကိုတော့ ထိန်းထားဦး။ ငါတို့ရဲ့ နယ်စပ်ကာကွယ်ရေး အင်အားက မလုံလောက်ဘူးလို့ သူတို့ ခံစားရအောင် လုပ်လိုက်။”
လော့လင်တန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
“အမိန့်အတိုင်းပါ။”
မြောက်ပိုင်းစစ်ဗိုလ်ချုပ်သည် ဖုန်းကို အိတ်ထဲထည့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“အမြောက်အမှတ် ၁၊ ၁၀၊ ၂၀၊ ၃၀၊ ၄၀ နဲ့ ၅၀ တို့ပဲ ပြန်ပစ်ကြ။ ကျန်တဲ့ အမြောက်တွေအားလုံး နောက်တန်းကို ချက်ချင်း ဆုတ်ခွာကြ။”
ကာကွယ်ရေးစစ်သည်များမှာ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း မြောက်ပိုင်းစစ်ဗိုလ်ချုပ်ကိုယ်တိုင် စစ်မိန့်ထုတ်ပြန်ထားသဖြင့် နာခံလိုက်ကြရသည်။
အခြားအမြောက်တပ်များမှာ နောက်တန်းသို့ စတင်ဆုတ်ခွာသွားကြပြီး စစ်သည်များသည်လည်း လမ်းတစ်လျှောက် ဆွေးနွေးလာခဲ့ကြလေသည်။
“ငါတို့ရဲ့ ပစ်ခတ်အားနဲ့ မြို့ရိုးကို အခြေခံပြီး တိုက်မယ်ဆိုရင် စင်းနန်အင်ပါယာ တပ်ဖွဲ့တွေကို ပင်လယ်ထဲမှာတင် အပြတ်အသတ် တားဆီးထားနိုင်တာပဲကို ဘာလို့ ဆုတ်ခွာနေရတာလဲ။”
“ဟုတ်တယ်။ အထက်လူကြီးတွေမှာ တခြားအကြံအစည် ရှိလို့ဖြစ်မှာပါ။”
“ကျန့်မုမိသားစုက နန်းမြို့တော်ကို တိုက်ခိုက်နေတယ်လို့ ငါကြားတယ်။ အဲ့ဒါကြောင့်များလား မသိဘူး။”
“မင်း သတင်းက တော်တော်နှံ့တာပဲ။ ဒါပေမဲ့ ကျန့်မုမိသားစုက လုံးဝကို အပြတ်ရှင်းခံလိုက်ရပြီလို့ ငါကြားတယ်။”
“ဟုတ်လား။ ကျန့်မုမိသားစု ပုန်ကန်မှုကို နှိမ်နင်းပြီးပြီဆိုမှတော့ ငါတို့က ဘာလို့ ဆုတ်နေရသေးတာလဲ။”
“ငါလည်း မသိဘူး။ အထက်က ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်။ ငါတို့က အမိန့်ကို အကောင်အထည်ဖော်ဖို့ပဲလိုတယ်။”
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ထိုစစ်သည်များသည် အမြောက်များကို နောက်ဘက် ၁၀ ကီလိုမီတာခန့်အထိ ပို့ဆောင်ပြီးနောက် ရပ်နားရန် အမိန့်ရရှိခဲ့သည်။
“လူတိုင်း နှစ်ဖွဲ့ခွဲလိုက်။ တစ်ဖွဲ့က လမ်းရဲ့ ဘယ်ဘက် ၃ မိုင်အကွာမှာ ခြုံခိုတိုက်ဖို့ ပြင်ဆင်၊ နောက်တစ်ဖွဲ့ကတော့ ညာဘက် ၃ မိုင်အကွာမှာ နေရာယူကြ။”
တပ်စုမှူးက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
လူတိုင်း လမ်းဘေးဝဲယာတွင် ချက်ချင်း နေရာယူလိုက်ကြတော့သည်။
ဤအချိန်တွင်မှ လူတိုင်း နားလည်သွားကြသည်၏။ ကောင်းကင်မိုးကြိုးမင်းဆက်သည် ငါးကြီးကြီးမိရန်အတွက် ငါးစာကို အဝေးသို့ ပစ်ချလိုက်ခြင်းပင်ဖြစ်သည်။
တစ်ဖက်တွင်လည်း ပင်လယ်ပြင်ရှိ စင်းနန်အင်ပါယာ ရေတပ်အုပ်စုမှာ ကောင်းကင်မိုးကြိုးမင်းဆက်၏ ပြန်လည်တုံ့ပြန်မှုသည် အားနည်းပြီး အသက်မပါသလို ဖြစ်နေသည်ကို မြင်သောအခါ ဗိုလ်ချုပ်ဖြစ်သူက ရယ်မောရင်း ပြောလိုက်သည်။
“ကျန့်မို...မင်းကြည့်စမ်း... သူတို့ နယ်စပ်ကာကွယ်ရေးကို ဂရုမစိုက်နိုင်တော့ဘူး ထင်တယ် ဟားဟား။ ဒီလောက် ပစ်ခတ်အား အားနည်းနေတာကြည့်ရင် သူတို့တပ်တွေကို နန်းမြို့တော်ဘက် ပြန်ခေါ်သွားတာ ကျိန်းသေတယ်။”
ဖန်ကျန့်မို ခေါင်းညိတ်လိုက်သည်။ လောလောဆယ် မြင်တွေ့နေရသော အခြေအနေမှာ ထိုအတိုင်းပင်။
“သင်္ဘောတွေကို ကမ်းကပ်လိုက်တော့။ ကုန်းပေါ်တက်ဖို့ ပြင်ကြ။”
ဗိုလ်ချုပ်က အမိန့်ပေးလိုက်သည်။
ဖန်ကျန့်မိုသည် ဗိုလ်ချုပ်ကို တားဆီးချင်သော်လည်း တားရမည့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှာမတွေ့ခဲ့ပေ။ သူသည် သက်ပြင်းချရင်း မျက်မှောင်ကြုတ်ကာ ကမ်းခြေရှိ အခြေအနေကိုသာ စောင့်ကြည့်နေမိတော့သည်။
ကောင်းကင်မိုးကြိုးမင်းဆက်၏ ခံစစ်ကြောင်းမှာလည်း ကြီးကြီးမားမား ခုခံခြင်းမပြုဘဲ ဆုတ်ခွာသွားခဲ့သည်။ သို့ဖြစ်ရာ စင်းနန်အင်ပါယာ တပ်ဖွဲ့များက ကမ်းခြေပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ကြသည်။
“ဗိုလ်ချုပ်... ကျုပ်အမြင်အရတော့ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ ရှေ့ဆက်သင့်တယ်လို့ ထင်တယ်။ အရင်ဆုံး ဒီနေရာမှာ အခြေစိုက်စခန်းကို ခိုင်မာအောင်လုပ်ပြီးမှ စစ်ကူတွေ ထပ်ခေါ်ပြီး ကောင်းကင်မိုးကြိုးမင်းဆက်ကို တဖြည်းဖြည်းချင်း ဝါးမြိုသွားတာ ပိုကောင်းမယ်။”
ဗိုလ်ချုပ် အမိန့်မပေးခင်မှာပင် ဖန်ကျန့်မိုက ရှေ့တက်ကာ အကြံပြုလိုက်သည်။
“ညီအစ်ကိုကျန့်မို... မင်းကတော့ စွန့်စားရမှာကို တကယ် ကြောက်တတ်တာပဲ။ အခု အခြေအနေအားလုံးက ကောင်းကင်မိုးကြိုးမင်းဆက်မှာ ပြည်တွင်းစစ် ဖြစ်နေကို ပြနေတယ်။ ဒါက ငါတို့အတွက် အကောင်းဆုံး တိုက်ကွက်ပဲ။ ငါတို့ ထပ်စောင့်နေရင် သူတို့ ပြည်တွင်းစစ်ပြီးသွားတဲ့အခါ ငါတို့ကို ပြန်ကိုင်တွယ်ဖို့ သူတို့မှာ အချိန်ပိုရသွားလိမ့်မယ်။ စစ်ပွဲရဲ့ အခွင့်အရေးဆိုတာ ခဏလေးပဲ။ ငါတို့ ထပ်ပြီး အချိန်ဆွဲလို့ မဖြစ်ဘူး။”
ဗိုလ်ချုပ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒီလိုလုပ်... မင်းက နောက်ကလိုက်လာမယ့် တပ်တွေကို ဒီမှာ စောင့်နေလိုက်ပါ။ ငါ ရှေ့ကနေ လမ်းသွားရှင်းထားလိုက်မယ်။”
ဖန်ကျန့်မိုသည်လည်း မတတ်သာတော့ပေ။
“ကောင်းပါပြီ၊ ဒါပေမဲ့ သတိတော့ထားပါ။ သူတို့ နောက်ကနေ ခြုံခိုတိုက်မှာကို ငါ စိုးရိမ်မိတယ်။”
“ဟားဟားဟား...ခုနက သူတို့ ဆုတ်သွားတာ မင်းလည်း မြင်သားပဲ။ ဒီလောက် လူနည်းနည်းလေးနဲ့ ငါတို့ရဲ့ လူတစ်သိန်းတပ်မတော်ကြီးကို ခြုံခိုတိုက်မယ် ဟုတ်လား။”
ဗိုလ်ချုပ်က ဖန်ကျန့်မို၏ စိုးရိမ်မှုကို အရေးမစိုက်ဘဲ အားရပါးရ ရယ်မောလိုက်သည်။
“ဗိုလ်ချုပ်... သတိရှိတာက အကောင်းဆုံးပါပဲ။”
ဖန်ကျန့်မိုက လေးလေးနက်နက် တိုက်တွန်းလိုက်သည်။
“အေးပါ... ငါသိပါတယ်။ ငါ့ရဲ့ အောင်ပွဲသတင်းကိုသာ စောင့်နေလိုက်တော့။”
ဗိုလ်ချုပ်၏ အမိန့်ပေးသံနှင့်အတူ လူတစ်သိန်းပါ စစ်တပ်ကြီးသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ ကုန်းတွင်းပိုင်းသို့ စတင်ချီတက်လေတော့သည်။
“အရှင်မင်းကြီး... ရန်သူတွေ ငါးစာကို ဟပ်လိုက်ပါပြီ။ နောက်တစ်နာရီလောက်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့ ခြုံခိုစက်ကွင်းထဲကို ရောက်လာပါလိမ့်မယ်။”
ရှေ့တန်းကင်းထောက်က သတင်းပို့လာခဲ့သည်။
“ကောင်းပြီ။ ရန်သူရဲ့ အရှိန်နဲ့ ဦးတည်ချက်ကို အမြဲစောင့်ကြည့်ပြီး သတင်းပို့နေ။”
လော့လင်တန်က အမိန့်ပေးလိုက်သည်။
“အမိန့်အတိုင်းပါ။”
စင်းနန်အင်ပါယာ၏ စစ်ဗိုလ်ချုပ်သည်လည်း ရှေ့တွင် ကင်းထောက်များ ထားရှိခဲ့သော်လည်း ဗိုလ်ချုပ်ကိုယ်တိုင်က အထင်သေးနေသဖြင့် လက်အောက်ငယ်သားများမှာလည်း ပေါ့ဆကုန်ကြသည်။ ထို့ကြောင့် ကင်းထောက်များသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ ခြုံခိုတပ်ကို မတွေ့ရှိခဲ့ကြပေ။
တစ်နာရီအကြာတွင် စင်းနန်အင်ပါယာ တပ်ဖွဲ့များသည် ဗိုလ်ချုပ်ဂရိုး၏ ဝိုင်းရံပိတ်ဆို့မှုအတွင်းသို့ ချောချောမောမောပင် ဝင်ရောက်လာခဲ့ကြတော့သည်။
“ပစ်....။”
ဗိုလ်ချုပ်ဂရိုးက အကျယ်ကြီး အော်ဟစ်လိုက်၏။
ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း
လမ်းဘေးဝဲယာရှိ တောင်ကုန်းများပေါ်မှ တရစပ် ပစ်ခတ်သံများ ထွက်ပေါ်လာတော့သည်။
စင်းနန်အင်ပါယာ ဗိုလ်ချုပ်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသော်လည်း အမိန့်ပေးလိုက်၏။
“နေရာမှာတင် ပြန်ခုခံကြ။ သူတို့က လူနည်းတယ်။ ငါတို့ကို ဘာမှ လုပ်လို့မရဘူး။”
စင်းနန်အင်ပါယာ စစ်သည်များသည် ချက်ချင်းပင် အကာအကွယ်များရှာကာ ပြန်လည်တိုက်ခိုက်ကြတော့သည်။ သို့သော် ခဏအကြာတွင် သူတို့မှာ စိတ်ပျက်ဖွယ် အဖြစ်မှန်တစ်ခုကို သိလိုက်ရ၏။ ရန်သူ့သေနတ်များသည် အဝေးကို ပစ်နိုင်ရုံသာမက ပစ်ခတ်နှုန်းကလည်း အလွန်မြန်နေခြင်းပင်။
သူတို့ဆီက ပင်ဖိုင်းယားရိုင်ဖယ်များသည် တစ်ချက်ပစ်ပြီးတိုင်း ကျည်ပြန်ဖြည့်နေရပြီး တရစပ် ပစ်နိုင်သည့် ခြောက်လုံးပြူးများကျပြန်တော့လည်း ရန်သူ့သေနတ်တွေလောက် အဝေးကို မရောက်ပြန်ချေ။
ဒီလိုကြီးဆို ဘယ်လိုလုပ် တိုက်လို့ရမှာလဲ။
ပထမဆုံး ထိတွေ့မှုမှာတင် စင်းနန်အင်ပါယာဘက်မှ လူတစ်သောင်းကျော် သေကျေဒဏ်ရာရသွားခဲ့ကြသည်။
ထိုအချိန်မှာပင် ကောင်းကင်မိုးကြိုးမင်းဆက်၏ ခံစစ်စခန်းများဆီမှ လက်ပစ်ဗုံးများ အပုံလိုက် ဝဲပျံလာတော့သည်။ ကောင်းကင်မိုးကြိုးမင်းဆက်က အမြင့်ပိုင်းတွင် နေရာယူထားသဖြင့် အောက်သို့ လက်ပစ်ဗုံးပစ်ရသည်မှာ အလွန်လွယ်ကူလှပေသည်။
ဘုန်း...ဘုန်း...ဘုန်း
စင်းနန်အင်ပါယာ တပ်ဖွဲ့များမှာ ဗရဗြဲ ဖြစ်ကုန်ကြတော့သည်။ ထိုအခါမှ ဗိုလ်ချုပ်လည်း အခြေအနေ မဟန်တော့သည်ကို သိလိုက်ရပြီး အော်ဟစ်လိုက်သည်။
“ဆုတ်ကြ...အားလုံး ဆုတ်ကြတော့။”
သို့သော် ထိုအချိန်မှာပင် သူတို့ဆုတ်ခွာမည့် လမ်းကြောင်းပေါ်သို့ အမြောက်ကျည်များ တရစပ် ကျရောက်လာပြန်သည်။ အလွန်အမင်း ပြင်းထန်သော အမြောက်ဒဏ်ကို ကြည့်ရသည်မှာ အနည်းဆုံး အမြောက်အလက် ၄၀ ခန့်ဖြင့် ပစ်ခတ်နေသည့်အလားပင်။
“သွားပြီ...။”
ဗိုလ်ချုပ်ကြီးမှာ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။
အခန်း ၁၀၇၈ - အားလုံးကို ဖမ်းဆီးရမိခြင်းနှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း နည်းလမ်းများ
ယခင်က ကမ်းခြေတွင်ရှိစဉ် စင်းနန်အင်ပါယာ ချဉ်းကပ်မလာနိုင်အောင် တားဆီးထားသည့် ကောင်းကင်မိုးကြိုးမင်းဆက်၏ အမြောက်မှာ ငါးလက်သာ ရှိခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ သူတို့တွင် ငါးလက်ထက်မက အများကြီးရှိနေပြီး ယခင်က အခြေအနေအားလုံးမှာ လှည့်ကွက်များသာ ဖြစ်ပေသည်။
“အားလုံးပဲ အမြန်ဆုတ်ကြ။ လာတဲ့လမ်းအတိုင်း ပြန်မသွားနဲ့တော့။”
ဗိုလ်ချုပ်က ထပ်မံအော်ဟစ်လိုက်၏။ သူ၏ တစ်ခုတည်းသော အတွေးမှာ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်ရန်သာ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် အနီးနားရှိ ချုံပုတ်များထဲမှ မော်တော်ယာဉ် ၁၀ စီး ရုတ်တရက် ထွက်ပေါ်လာပြီး တစ်စီးချင်းစီတွင် အပေါ့စားစက်သေနတ် တစ်လက်စီ တပ်ဆင်ထားသည်။ ထိုယာဉ်များသည် လက်နက်နှင့် သံချပ်ကာများကို စွန့်ပစ်ပြီး ထွက်ပြေးနေကြသော စစ်သည်များကို စတင်ပစ်ခတ်တော့သည်။
ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း
အပေါ့စားစက်သေနတ်၏ ပစ်ခတ်နှုန်းမှာ ပို၍ပင် မြန်ဆန်လှရာ စင်းနန်အင်ပါယာ စစ်သည်များသည် ရိတ်သိမ်းခံလိုက်ရသည့် ဂျုံခင်းများကဲ့သို့ အတန်းလိုက် လဲကျကုန်ကြတော့သည်။
“ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ဘယ်လိုလုပ် ဒီလောက်မြန်တဲ့ ပစ်ခတ်နှုန်းရှိရတာလဲ။”
ဗိုလ်ချုပ်ကြီးမှာ လုံးဝကို မှင်တက်သွားတော့သည်။
ဤအပေါ့စားစက်သေနတ်သည် စင်းနန်အင်ပါယာ တပ်ဖွဲ့များကို အလဲထိုးလိုက်သည့် နောက်ဆုံးလက်နက် ဖြစ်သွားတော့လေသည်။
“လက်နက်ချလိုက်တော့။”
ဗိုလ်ချုပ်သည် သူလွန်ခဲ့သည့် နှစ်ရက်ကမှ ရထားသည့် ခြောက်လုံးပြူးသေနတ်ကို ကိုင်ရင်း မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်၏။
ထိုအမိန့်ကို ရသည်နှင့် စာပို့စစ်သည်က ချက်ချင်းအော်ဟစ်လိုက်သည်။
“ကျုပ်တို့ လက်နက်ချပါတယ်။”
ဒိုင်း
ကြည်လင်ပြတ်သားသော သေနတ်သံတစ်ချက်နှင့်အတူ ဗိုလ်ချုပ်ကြီးမှာ လဲကျသွားတော့သည်။ စာပို့စစ်သည် နောက်လှည့်ကြည့်လိုက်ရာ ဗိုလ်ချုပ်သည် သူ၏ကိုယ်ပိုင်ခြောက်လုံးပြူးဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ဗိုလ်ချုပ်ကြီး....။”
စာပို့စစ်သည်မှာ ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ပြီး ဗိုလ်ချုပ်၏ ရုပ်အလောင်းပေါ်တွင် မှောက်ကာ အားရပါးရ ငိုကြွေးတော့သည်။
ဗိုလ်ချုပ်ကြီး သေဆုံးသွားပြီးနောက် စစ်သည်များတွင်လည်း တိုက်ပွဲဝင်လိုစိတ် မရှိတော့သဖြင့် ဤတိုက်ပွဲသည် မိနစ် ၄၀ သာ ကြာမြင့်ပြီး အဆုံးသတ်သွားခဲ့လေသည်။
ကောင်းကင်မိုးကြိုးမင်းဆက်သည် စစ်သည်တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရုံဖြင့် စင်းနန်အင်ပါယာ၏ လူတစ်သိန်းစစ်တပ်ကြီးကို အပြတ်အသတ် ချေမှုန်းပြီး ဖမ်းဆီးနိုင်ခဲ့သည်။
ဤသည်မှာ ကောင်းကင်မိုးကြိုးမင်းဆက်၏ သမိုင်းတစ်လျှောက် မရှိဖူးသော စစ်ရေးအောင်မြင်မှုဖြစ်သော်လည်း ဤရလဒ်မှာ အပြင်လူကျွန်းပိုင်ရှင်ထံမှ ရရှိထားသော အဆင့်မြင့်လက်နက်များကြောင့်သာ ဖြစ်ကြောင်း ဂရိုးက ကောင်းကောင်းသိပေသည်။ မဟုတ်လျှင် စင်းနန်အင်ပါယာကို အနိုင်ရဦးတော့ အလွန်ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရပေလိမ့်မည်။
“ဗိုလ်ချုပ်... ကျုပ်တို့ ပြန်တိုက်ထုတ်ရမလား။”
စစ်သည်တစ်ဦးက ဂရိုးကို မေးလိုက်သည်။ ဂရိုးက ခေါင်းညိတ်လိုက်သည်။
“အင်း ပြန်တိုက်မယ်။ စင်းနန်အင်ပါယာက လူတွေကို ငါတို့မင်းဆက်ရဲ့ ကုန်းမြေပေါ်ကနေ မောင်းထုတ်ပစ်မယ်။”
တစ်ဖက်တွင်လည်း ကမ်းခြေတွင် စောင့်နေဆဲဖြစ်သော ဖန်ကျန့်မိုသည် အဝေးမှ ပြင်းထန်သော သေနတ်သံများနှင့် အမြောက်သံများကို ကြားရသောအခါ အခြေအနေ မဟန်တော့မှန်း သိလိုက်တော့လေသည်။
“အားလုံးပဲ ငါ့အမိန့်ကို နားထောင်ကြ။ အခုချက်ချင်း သင်္ဘောတွေပေါ် ပြန်တက်ပြီး ဆုတ်ခွာဖို့ ပြင်ကြတော့။”
ဖန်ကျန့်မိုက ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် သူသည် စစ်ဗျူဟာမှူးသာဖြစ်ပြီး ဤနေရာရှိ စစ်သည်များမှာ ဗိုလ်ချုပ်၏ လက်အောက်ငယ်သားများ ဖြစ်သည်။ သူတို့က ဖန်ကျန့်မိုကို ကြည့်ကာ အရေးမစိုက်ဘဲ နေလိုက်ကြသည်။
ဖန်ကျန့်မိုက မတတ်သာသဖြင့် ခေါင်းခါလိုက်သည်။ မည်သူမှ မဆုတ်ခွာသဖြင့် သူလည်း အလျင်မလိုတော့ပေ။ သူသည် ကောင်းကင်မိုးကြိုးမင်းဆက်၏ ကုန်းတွင်းပိုင်းကို ငေးကြည့်ရင်း တွေးလိုက်မိသည်။
“ဒီကောင်းကင်မိုးကြိုးမင်းဆက်က သူတို့ရဲ့ အစွမ်းအစကို တော်တော်လေး နက်နက်နဲနဲ ဝှက်ထားတာပဲ။”
မကြာမီမှာပင် ဂရိုးသည် သူ၏တပ်များနှင့် သုံ့ပန်းများကို ဦးဆောင်ကာ စင်းနန်အင်ပါယာ သိမ်းပိုက်ထားသည့် နယ်စပ်ခံစစ်စခန်းသို့ ရောက်ရှိလာတော့သည်။
မြို့ရိုးပေါ်ရှိ စစ်သည်များသည် သူတို့၏ ရဲဘော်များအားလုံး သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည်ကို မြင်သောအခါ အံ့အားသင့်ကာ မျက်လုံးအဝိုင်းသား ဖြစ်သွားကြသည်။
“မင်းတို့ဆီမှာ လက်နက်ချဖို့ စက္ကန့် ၃၀ အချိန်ရှိတယ်။ လက်နက်တွေ အောက်ချပြီး လက်နက်ချလိုက်ကြ။”
ဂရိုးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လူများကို အချိန်စတင်ရေတွက်ခိုင်းလိုက်သည်။
“လက်နက်ချလိုက်ကြပါ။ ဗိုလ်ချုပ်ကြီးက လက်နက်ချဖို့ အမိန့်ပေးထားပြီးသား။ ငါတို့ သူတို့ကို လုံးဝ မယှဉ်နိုင်ဘူး။ သူတို့လက်နက်တွေက အရမ်းကို အဆင့်မြင့်လွန်းတယ်။”
ဖမ်းဆီးခံထားရသော စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြတော့သည်။
“ဟုတ်တယ်။ အလဟဿ အသေအပျောက် မများပါစေနဲ့။ သူတို့လက်နက်တွေက တကယ်ကို မတရား အဆင့်မြင့်လွန်းနေတာ။”
မြို့ရိုးပေါ်ရှိ စစ်သည်များသည် ဖမ်းဆီးခံရသူများကို မယုံနိုင်သလို ကြည့်ရင်း “ဗိုလ်ချုပ်ကြီးကော ဘယ်မှာလဲ။” ဟုသာ မေးမြန်းနိုင်တော့သည်။
“ဗိုလ်ချုပ်ကြီးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ။”
စောစောက စာပို့စစ်သည်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“သူ အဆုံးမစီရင်ခင်မှာ ငါတို့ကို လက်နက်ချဖို့ ပြောသွားခဲ့တယ်။”
၎င်းကို ကြားလိုက်ရသောအခါ မြို့ရိုးပေါ်ရှိ စစ်သည်များမှာ တုံ့ဆိုင်းသွားကြတော့လေသည်။ ဂရိုး၏ အချိန်ရေတွက်သံမှာမူ ရပ်တန့်မသွားခဲ့ပေ။
“ရှစ်၊ ခုနစ်...”
ဖန်ကျန့်မိုသည် ကောင်းကင်မိုးကြိုးမင်းဆက် စစ်သည်များ ကိုင်ဆောင်ထားသည့် သူ တစ်ခါမှ မမြင်ဖူးသော လက်နက်များကို ကြည့်ကာ မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“မင်းတို့သာ ငါ့စကားကို အစောကြီးက နားထောင်ခဲ့ရင် ဆုတ်ခွာဖို့ အခွင့်အရေး ရှိဦးမယ်။ အခုတော့ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ လက်နက်ချလိုက်ကြပါ။”
ဗိုလ်ချုပ်ကြီး မရှိတော့သည့်နောက် သူတို့မှာ စစ်ဗျူဟာမှူး၏ စကားကိုသာ နားထောင်ရတော့ပြီး လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ပစ်ချလိုက်ကြသည်။
ကောင်းကင်မိုးကြိုးမင်းဆက်သည် စစ်သည်တစ်ဦးတစ်ယောက်မျှ အကျအဆုံးမရှိဘဲ မြောက်ပိုင်းနယ်စပ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
“အရှင်မင်းကြီး... ဒီဘက်က တိုက်ပွဲပြီးပါပြီ။ စင်းနန်အင်ပါယာရဲ့ တပ်ဖွဲ့အားလုံးကို ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။”
ဂရိုးက စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်သည်။
“ကောင်းပြီ။ သုံ့ပန်းအရေအတွက်ကို စာရင်းလုပ်ထားလိုက်ပါ။ စင်းနန်အင်ပါယာဆီကနေ လျော်ကြေးငွေအများကြီး တောင်းဖို့ ပြင်ထားရမယ်။”
လော့လင်တန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါ။”
ဖုန်းချပြီးနောက် လော့လင်တန်က စိတ်ထဲမှ တွေးလိုက်သည်။
“ကျွန်းပိုင်ရှင်က အုတ်မြစ်ကျောက်တွေကို အင်မတန် လိုချင်နေတာဆိုတော့ ငါ စင်းနန်အင်ပါယာဆီကနေ အုတ်မြစ်ကျောက်တွေ ပိုတောင်းရမယ်။ တခြား ဘာတွေ ထပ်တောင်းရဦးမလဲဆိုတာ ပြန်စဉ်းစားရဦးမယ်။”
ကောင်းကင်မိုးကြိုးမင်းဆက်သည် ရှောင်းယီထံမှရထားသော အဆင့်မြင့်လက်နက်များဖြင့် ကျူးကျော်ရန်သူကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း ရှောင်းယီရောင်းချပေးလိုက်သည့် ကာဘိုင်ရိုင်ဖယ်များကို အားကိုးကာ အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး မသေမျိုးမျိုးနွယ်များ၏ ထိုးစစ်ကို ဟန့်တားနိုင်ခဲ့ကြသည်။
အချိန်မှာ ဖြည်းဖြည်းချင်း ညနေစောင်းသို့ ရောက်ရှိလာပြီး ရော်ဂျာသည် လော့လင်တန်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
“ခမည်းတော်... သားတော်တို့ ဒီနေ့ ပြန်မလာတော့ဘူးနော်။”
ရော်ဂျာ၏ လေသံမှာ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်သေးပေ။ လော့လင်တန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ဆီမှာ အကြာကြီးနေတာက သူ့ကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူးလား။”
“ခမည်းတော် မစိုးရိမ်ပါနဲ့။ ဒီမှာ လာလည်တဲ့သူတွေအတွက် သီးသန့်ပြင်ဆင်ထားတဲ့ အပန်းဖြေဟိုတယ် ရှိပါတယ်။ ကျွန်းပိုင်ရှင်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။”
ရော်ဂျာက ရှင်းပြလိုက်သည်။
“ဒါဆိုရင်လည်း ကောင်းပါပြီလေ။ ဒီနေ့ လည်ပတ်ရတာ ဘယ်လိုလဲ။”
လော့လင်တန်က ပြုံးကာ မေးလိုက်သည်။
“ခမည်းတော်... ဒီနေရာက တကယ့်ကို နိဗ္ဗာန်ဘုံပဲ။”
ရော်ဂျာက ဆိုသည်။
“သားတော်တို့ တစ်ခါမှ မမြင်ဖူးတဲ့အရာတွေ အများကြီး ရှိတယ်။ အရမ်းလည်း ခေတ်မီတယ်။ သားတော်တို့နိုင်ငံက အရာအားလုံးက အရမ်းကို ခေတ်နောက်ကျနေသလို ခံစားရတယ်။”
“အရာအားလုံး ဟုတ်လား။”
လော့လင်တန် အနည်းငယ် မှင်တက်သွားပြီးမှ ပြုံးကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ပေးတဲ့ လက်နက်တွေကို ကြည့်ကတည်းက ငါလည်း အဲ့ဒီလို ခန့်မှန်းထားပြီးသားပါ။”
“ခမည်းတော်... သားတော်တို့ရဲ့ ကောင်းကင်မိုးကြိုးမင်းဆက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ သားတော် ခံစားရတယ်။ မဟာမိတ်အဖွဲ့ရဲ့ အရှိန်အဟုန်ကို အမီလိုက်နိုင်ဖို့ ကြိုးစားရမယ်။”
ရော်ဂျာက လေးလေးနက်နက် ပြောလိုက်သည်။
“အင်း... ခမည်းတော့လည်း အဲ့ဒီကိစ္စကို စဉ်းစားနေပါတယ်။ မင်းဆက် အခြေအနေ ငြိမ်သွားရင် ခမည်းတော်ကိုယ်တိုင်လည်း မဟာမိတ်အဖွဲ့ဆီကို လာကြည့်ပါဦးမယ်။”
လောလင်တ့န်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... အဲ့ဒီအခါကျရင် သားတော်ကပဲ လမ်းညွှန်ပေးမယ်။”
ရော်ဂျာက ပြုံးကာ ဆိုလိုက်သည်။
“ကောင်းပြီ။”
ဖုန်းချပြီးနောက် ရော်ဂျာသည် ကမ်းခြေသို့ တိုက်ရိုက် ပြေးသွားတော့သည်။ ထိုအချိန်တွင် ကမ်းခြေ၌ လူအများအပြားမှာ မီးပုံပွဲအတွက် ပြင်ဆင်နေကြပြီး အနီးနားရှိ အသားကင်ဆိုင်များမှ မွှေးပျံ့သော အနံ့များကလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
လူတိုင်း၏ အဆင့်ကို အလျင်အမြန်တိုးစေရန်အတွက် ရှောင်းယီသည် အဆင့်မြင့်အစားအစာ အားလုံးကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးထားသည်။ မဟာမိတ်အဖွဲ့အတွင်း၌ အဆင့်မြင့်အစားအစာများမှာ ပို၍ပင် ဈေးသက်သာလှရာ ယခုအခါ ဤအသားကင်ဆိုင်များတွင် အဆင့်စုံ အသားကင်များ ရရှိနေပြီဖြစ်ပြီး အဆင့်တိုင်း၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်သည်။
ဗီလာအတွင်း၌မူ ရှောင်းယီနှင့် တခြားသူများသည် ထမင်းစားပွဲတွင် ထိုင်ကာ ညစာ စားနေကြ၏။
ကျန်းယွင်ထျန်းက စားရင်းဖြင့် ပြောလိုက်သည်။
“ငါ အိုက်ချီယွီကို တစ်ခေါက် ထပ်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်။ မင်းပြောတာတွေနဲ့ အခြေခံအားဖြင့်တော့ အတူတူပါပဲ။ သူ လစ်ချ်ဆီကနေ ရထားတဲ့ စိတ်ဝိညာဉ်ကျင့်ကြံမှု နည်းလမ်းကို ငါ သူ့ဆီကနေ ရအောင် ယူထားတယ်။ မင်း ကြည့်ချင်လား။”
၎င်းကို ကြားသောအခါ ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီကျင့်စဉ်ကို လူဘယ်နှစ်ယောက် သိနေပြီလဲ။”
“လောလောဆယ်တော့ ငါရယ်၊ ပြီးတော့ စောင့်ကြည့်ရေးခန်းထဲက ဝန်ထမ်းတွေရယ်ပဲ။”
“စောင့်ကြည့်ရေးခန်းက ဝန်ထမ်းတွေကို ဒီကျင့်စဉ်ကို မကျင့်ကြံဖို့နဲ့ တခြားသူတွေကို မဖြန့်ဖို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားလိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။ သူတို့ကို ငါ အလေးအနက် ပြောထားပြီးပါပြီ။ ငါကိုယ်တိုင်လည်း မကြာခဏ သွားပြီး စောင့်ကြည့်စစ်ဆေးပါ့မယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။