အခန်း (၁၀၇၃-၁၀၇၄)
Vol. 91 Ch. 1073-1074
အခန်း ၁၀၇၃ - ချီမားရားနှင့် ချီယွီမဟာမိတ်များကို စစ်ဆေးမေးမြန်းခြင်း
သို့သော်လည်း တံခါးဝတွင်ရှိနေသော ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အစောင့်များက သူတို့ကို ပိတ်ဆို့ထားလိုက်သည်။
ကျိုးခွေက မျက်မှောင်ကြုတ်လျက် ရှောင်းယီကို လှည့်ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။
“ယီရန်ပင်း ဒါက ဘာသဘောလဲ။”
“မသေမျိုးမျိုးနွယ်တွေက မင်းတို့ကို ဘာတွေကတိပေးထားလို့ သူတို့နဲ့ ပူးပေါင်းရတာလဲဆိုတာ ငါသိချင်ရုံတင်ပါ။”
ရှောင်းယီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ခင်ဗျား ဘာကိုပြောနေတာလဲဆိုတာ ကျုပ် နားမလည်ဘူး။”
ကျိုးခွေက ဝေခွဲမရဖြစ်နေသည့် မျက်နှာပေးဖြင့် ရှောင်းယီကို ကြည့်နေခဲ့သည်။
“အရင်တုန်းက ငါတို့ဂရုထဲမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ မသေမျိုးမျိုးနွယ်တွေ ပူးပေါင်းဖို့ ဖြစ်နိုင်မလားဆိုတာ တစ်ယောက်ယောက်က ပြောဖူးတယ်။ အဲ့ဒီတုန်းက ငါ နည်းနည်းစိုးရိမ်သွားခဲ့တယ်လေ။ ဒီနေ့ အလိမ်ဖော်စက် ရလာတော့မှပဲ ဒီလို အကြီးအကျယ် စမ်းသပ်ဖို့ အခွင့်အရေးရတော့တာ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒီတော့ ခင်ဗျားရဲ့စမ်းသပ်မှုက မသေမျိုးမျိုးနွယ်နဲ့ ပူးပေါင်းနေတဲ့ မဟာမိတ်တွေကို ရှာဖို့ပေါ့။”
ကျိုးခွေ နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။
“ဒါပေမဲ့ ကျုပ် နားမလည်သေးတာက ဘာလို့ ကျုပ်တို့မဟာမိတ်လို့ ခင်ဗျားက အသေအချာ ပြောနိုင်ရတာလဲ။”
“အလိမ်ဖော်စက်က မင်းလိမ်နေတယ်လို့ ပြောနေလို့ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ရယ်စရာပဲ။ ပထမအချက်က ကျုပ်တို့ လုံးဝမလိမ်ဘူး။ ဒုတိယအချက်က ခင်ဗျားရဲ့ အလိမ်ဖော်စက်ကိုတောင် ကျုပ် မမြင်ဖူးဘူး။ ခင်ဗျားရဲ့စက်ပစ္စည်းက တိကျရဲ့လားဆိုတာ သံသယဝင်ဖို့ ကျုပ်မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိတယ်။”
ကျိုးခွေက ဆက်လက် ငြင်းဆိုလိုက်သည်။ ရှောင်းယီက ခေါင်းခါယမ်းလိုက်၏။
“အစ်ကိုကျန်း သူ့ရဲ့ပြဿနာတွေ ဘယ်မှာပေါ်နေလဲဆိုတာ သူ့ကို ပြလိုက်စမ်းပါဦး။”
ထို့နောက် ကျန်းယွင်ထျန်းက ကျိုးခွေအနားသို့ လျှောက်သွားပြီး အလိမ်ဖော်စက်၏ စခရင်ကို ဖွင့်ကာ ထိုအပေါ်ရှိ အညွှန်းကိန်းအချို့ကို ထောက်ပြလိုက်သည်။
“ဒါတွေအားလုံးက ရှားဘာသာစကားနဲ့ ရေးထားတာပဲ။ ငါ ထပ်ပြီး ရှင်းပြနေဖို့ မလိုတော့ဘူးမလား။”
ကျန်းယွက်ထျန်း၏ လက်ပေါ်ရှိ လက်စွပ်လေးမှာ ဤမျှအထိ အဆင့်မြင့်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးခွေ စိတ်ထဲတွင် “သွားပြီ” ဟု ကျိတ်တွေးလိုက်သော်လည်း ဆက်လက် အငြင်းပွားနေဆဲပင်။
“ဒီလိုစက်မျိုးတွေကလည်း ပျက်နိုင်တာပဲ။”
“စိတ်ချပါ။ ဒါက SSS အဆင့်ရှိတဲ့ အလိမ်ဖော်စက်ပဲ။ သူ ချို့ယွင်းဖို့ ဖြစ်နိုင်ခြေက မရှိသလောက်ပဲ။ ဒါကြောင့် အလဟဿ ရုန်းကန်မနေနဲ့တော့။ ငါ မင်းကို ပေးမထွက်နိုင်ဘူး။”
ရှောင်းယီက ဝင်ပြောလိုက်သည်။
“ဒါတင်မကဘူး။ မင်းတို့မဟာမိတ်အဖွဲ့ကိုလည်း ငါတို့ တိုက်ခိုက်တော့မှာ။”
“မင်း...။”
ကျိုးခွေက မျက်မှောင်ကြုတ်လိုက်၏။
“ဒါ မင်း ငါ့ကို ဖိအားပေးတာပဲကွ။”
ထိုသို့ပြောပြီးသည်နှင့် ကျိုးခွေ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများမှာ ကြမ်းတမ်းလာပြီး အရေပြားအရောင်မှာလည်း စတင် ညိုမဲလာတော့သည်။
“သတိထား...။”
ရှောင်းယီက ချက်ချင်း သတိပေးလိုက်၏။
ကျိုးခွေသည် ကျန်းယွင်ထျန်း၏ လည်ပင်းကို လှမ်းဆွဲလိုက်ပြီး သူ၏ လက်သည်းများမှာလည်း သိသိသာသာ ရှည်ထွက်လာခဲ့သည်။
ကျန်းယွင်ထျန်းက ချက်ချင်း နောက်သို့ ရှောင်တိမ်းလိုက်သဖြင့် ကျိုးခွေ၏ လက်သည်းများမှာ သူ၏ လည်ပင်းကို အကွာအဝေး အနည်းငယ်အလိုမှ ကပ်၍ လွဲချော်သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်းယီ၏လက်ထဲမှ ရွှမ်းယွမ်ဓားမှာ ကျိုးခွေထံသို့ ထိုးသွင်းပြီးသား ဖြစ်နေချေပြီ။
“အရမ်းမြန်တယ်။”
ကျိုးခွေသည် မိမိအနားသို့ ရောက်နေပြီဖြစ်သော ရှောင်းယီကို ထိတ်လန့်စွာ ကြည့်ရင်း အသည်းအသန် နောက်ဆုတ်လိုက်၏။
သို့သော်လည်း သူရှောင်နိုင်မည်မဟုတ်ကြောင်း ကျိုးခွေ ခံစားလိုက်ရသည်။ သူသည် ခန္ဓာကိုယ်ကို အတင်းအကျပ် လွှဲလိုက်ပြီး ရှောင်းယီ၏ တိုက်ခိုက်မှုကို သူ၏ ဘယ်ဘက်လက်မောင်းဖြင့် ခုခံလိုက်ရသည်။
“ရွှပ်...”
ကျိုးခွေ၏ ဘယ်ဘက်လက်မောင်းမှာ ရွှမ်းယွမ်ဓားကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ပြတ်တောက်သွားသည့်နေရာမှ စီးကျလာသော သွေးများမှာ မှင်ကဲ့သို့ပင် အနက်ရောင်များ ဖြစ်နေကြသည်။
“မင်းတို့တွေ မသေမျိုးမျိုးနွယ်ရဲ့ ဝါးမြိုမှုကို ခံလိုက်ရပြီလား။”
ရှောင်းယီက အမည်းရောင်သွေးများကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အသံနှိမ့်၍ အော်ဟစ်လိုက်သည်။
“ဟမ့်... မသေမျိုးမျိုးနွယ်တွေမှာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိတယ်။ သူတို့ကပဲ ငါတို့ကို ခွန်အားတွေ အလျင်အမြန် တိုးတက်အောင် လုပ်ပေးနိုင်တယ်။”
ကျိုးခွေ နောက်ဆုံးတော့ ဖုံးကွယ်မထားတော့ဘဲ ဝန်ခံလိုက်သည်။
သူနှင့်အတူ ပါလာသော လက်အောက်ငယ်သားများမှာလည်း တစ်ယောက်ပြီးတစ်ယောက် အသွင်ပြောင်းလဲကုန်ကြပြီး ခြေလေးဖက်ထောက်ကာ အနားရှိ အစောင့်များကို ခုန်အုပ် တိုက်ခိုက်ကြတော့သည်။
အစောင့်များမှာလည်း လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်များကို အသုံးပြုကာ အသွင်ပြောင်းနေသည့် အသက်ရှင်ကျန်ရစ်သူများကို ချက်ချင်း ပစ်ခတ်လိုက်ကြသည်။
ဒိုင်း ဒိုင်း ဒိုင်း
ထိုအသက်ရှင်ကျန်ရစ်သူများမှာ အသွင်ပြောင်းပြီးနောက် လျင်မြန်ဖြတ်လတ်မှုနှင့် အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာသော်လည်း ဤကဲ့သို့ ကျဉ်းမြောင်းသော အစည်းအဝေးခန်းထဲတွင် သူတို့၏ စွမ်းဆောင်ရည်ကို အပြည့်အဝ မထုတ်နိုင်ကြပေ။
ရလဒ်အနေဖြင့် ထိုအသွင်ပြောင်း လူသားများမှာ ခဏချင်းအတွင်းမှာပင် အကုန်လုံး သုတ်သင်ခြင်း ခံလိုက်ရတော့သည်။
ကျိုးခွေသည် စစ်သားများ၏ လက်ထဲမှ ကာဘိုင်ရိုင်ဖယ်များကို မြင်လိုက်ရသောအခါ ဤလက်နက်များသည် ယီရန်ပင်းမဟာမိတ်မှ အများပြည်သူသို့ ရောင်းချရန် ရည်ရွယ်ထားသည့် လက်နက်များဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားတော့သည်။
နှမြောစရာပဲ...။ တကယ်လို့ ဒီတစ်ခါ ယီရန်ပင်းမဟာမိတ်အဖွဲ့ကသာ သူတို့ကို မရိပ်မိခဲ့ဘူးဆိုရင် မသေမျိုးမျိုးနွယ်တွေသာ ဒီလိုလက်နက်မျိုးတွေကို ရရှိသွားခဲ့ရင် ကမ္ဘာကြီးက သေချာပေါက် သူတို့လက်ထဲ ရောက်သွားမှာပဲ။
ထိုအကြောင်းကို တွေးမိရင်း ကျိုးခွေက ရှောင်းယီကို နာကျည်းစွာကြည့်လိုက်သည်။
“မင်းမှာ ဒီလိုလက်နက်တွေ ရှိနေရင်တောင် မသေမျိုးမျိုးနွယ်တွေကို လုံးဝ ယှဉ်နိုင်မှာမဟုတ်ဘူး။”
“အဲ့ဒါ မင်းစိုးရိမ်ပေးရမယ့် ကိစ္စမဟုတ်ဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားပြန်သည်။
စောစောက သူ အကောင်းပကတိဖြစ်နေစဉ်မှာတောင် ကျိုးခွေမှာ ရှောင်းယီကို မယှဉ်နိုင်ခဲ့ပေ။ ယခု ဒဏ်ရာရနေချိန်မှာတော့ ပို၍ပင် မယှဉ်နိုင်တော့ချေ။
မကြာမီမှာပင် ရှောင်းယီသည် သူ၏ နောက်ထပ်လက်မောင်းတစ်ဖက်ကိုပါ ပိုင်းဖြတ်ပစ်လိုက်သည်။
“အား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ကျိုးခွေမှာ ပြင်းထန်သော နာကျင်မှုကို အောင့်ခံရင်း အော်ဟစ်လိုက်မိသည်။
အသွင်ပြောင်းပြီးနောက် ကျိုးခွေ၏ ခွန်အားမှာ SSS အဆင့်သို့ ရောက်ရှိနေသော်လည်း ရှောင်းယီ၏ လက်အောက်တွင် လုံးဝ ပြန်သည်မခုခံနိုင်ခြင်းက သူ့ကို အံ့အားသင့် ဆွံ့အသွားစေခဲ့လေ သည်။
သူမသိသည်မှာ ရှောင်းယီသည် SSS အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သလို တာအိုကျမ်း၏ ပြုစုပျိုးထောင်မှုကြောင့် သူ၏ ခွန်အားမှာ သာမန် SSS အဆင့်များထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင် ဖြစ်သည်။
“မဖြစ်နိုင်တာ ဘာမှမရှိဘူး။”
ရှောင်းယီက သွေးချွေးများဖြင့် ဒေါသထွက်နေသော ကျိုးခွေကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက မသေမျိုးမျိုးနွယ် စစ်စစ် မဖြစ်သေးဘူးလို့ ငါထင်တယ်။ မသေမျိုးတွေက နာကျင်မှုကို သိခဲတယ်။ ပြောစမ်း... မင်းတို့မဟာမိတ်ထဲမှာ ရှိနေတဲ့ မသေမျိုးတွေက ဘယ်လိုပုံစံမျိုးတွေလဲ။”
“ဟမ့်... အိမ်မက်မက်နေလိုက်...။ ငါ တစ်ခွန်းမှ မပြောဘူး။”
ကျိုးခွေက အံကြိတ်ကာ ပြောလိုက်သည်။ ရှောင်းယီက အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်မိ၏။
“အစ်ကိုကျန်း...သူ့ကို အစ်ကို့လက်ထဲပဲ အပ်ခဲ့မယ်။ အစ်ကိုလည်း မသေမျိုးမျိုးနွယ်တွေကို အရင်က စစ်ဆေးမေးမြန်းဖူးမှာ မဟုတ်ဘူး။ သူတို့အရိုးတွေ ဘယ်လောက်မာလဲဆိုတာ စမ်းကြည့်လိုက်ပါဦး။”
“ကောင်းပါပြီ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
ထို့ကြောင့်လည်း ရှောင်းယီက အလိမ်ဖော်စက်ကို ကျန်းယွင်ထျန်းအား ပေးထားခြင်းဖြစ်သည်။ ကျန်းယွင်ထျန်းတွင် စစ်ဆေးမေးမြန်းမှုဆိုင်ရာ ကျွမ်းကျင်မှုများရှိပြီး အလိမ်ဖော်စက်နှင့် ပေါင်းစပ်လိုက်ပါက အကောင်းဆုံးပင် ဖြစ်သည်။
ရှောင်းယီ အပြင်သို့ ထွက်လာပြီးနောက် ချီယွီ မဟာမိတ် ကိုယ်စားလှယ်များရှိရာ အခြားအစည်းအဝေးခန်းတစ်ခုသို့ ဦးတည်သွားလိုက်သည်။
“မင်းက ချီယွီမဟာမိတ်ခေါင်းဆောင် အိုက်ချီယွီ မလား။”
ရှောင်းယီက မေးလိုက်သည်။ ဖြူစင်သန့်ပြန့်သော ပညာရှိပုံစံလူတစ်ဦးက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်က အိုက်ချီယွီပါ။”
“တကယ်တော့ ငါက ငါးစားရတာ သိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ အရိုးတွေ အရမ်းများပြီး အရိုးစူးတတ်လို့လေ။”
ရှောင်းယီက ပြက်လုံးတစ်ခုတောင် ထုတ်လိုက်သေးသည်။။အိုက်ချီယွီ အနည်းငယ် မှင်တက်သွားပြီးနောက် ပြုံးကာ ပြောလိုက်၏။
“ကျုပ်လည်း ငါးစားရတာ မကြိုက်ပါဘူး။ ဒါပေမဲ့ ဒါက ကျုပ်မိဘတွေ ပေးထားတဲ့ နာမည်မို့လို့ပါ။”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့မဟာမိတ်က မသေမျိုးမျိုးနွယ်အပေါ် ဘယ်လို သဘောထားရှိလဲ။”
အိုက်ချီယွီမှာ အနည်းငယ် ထိတ်လန့်သွားပြီးခဲ့သည်။
“ပြတ်ပြတ်သားသား ဆန့်ကျင်တာပေါ့။ ပြဿနာရှိလို့လား။”
“မင်း သေချာရဲ့လား။ ဒါပေမဲ့ ငါတို့ရဲ့ စမ်းသပ်ချက်အရ မင်းတို့က မသေမျိုးမျိုးနွယ်တွေနဲ့ ဆက်သွယ်မှုရှိနေတယ်လို့ ပြနေတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
အိုက်ချီယွီတစ်ယောက် ရှောင်းယီကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။
“ဒါ မဖြစ်နိုင်တာ။ ကျုပ်တို့ မသေမျိုးမျိုးနွယ်တွေနဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။”
“မင်း သေသေချာချာ စဉ်းစားနော်။ ဝန်ခံတဲ့သူအတွက် သက်ညှာမှုရှိပေမဲ့ ငြင်းဆန်တဲ့သူအတွက်ကတော့ ပြင်းထန်တဲ့ အပြစ်ပေးမှုပဲ ရှိလိမ့်မယ်။ အခုလေးတင် ချီမေးဝမ်လျှန် မဟာမိတ်က ကိုယ်စားလှယ်တွေကို ဒီနေရာမှာတင် သုတ်သင်လိုက်ပြီ။ ဘေးခန်းက သေနတ်သံတွေကို မင်းတို့ ကြားလိုက်မယ် ထင်တယ်။”
ရှောင်းယီက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ အိုက်ချီယွီ၏ မျက်လုံးများမှာ တုန်လှုပ်စပြုလာပြီး သူ၏ နောက်ကွယ်မှ လက်အောက်ငယ်သားများမှာမူ ဘာတွေဖြစ်နေမှန်း မသိဘဲ လုံးဝ ဇဝေဇဝါ ဖြစ်နေကြတော့သည်။
“မဟာမိတ်ခေါင်းဆောင် ဒါတွေက ဘာဖြစ်တာလဲ။ ကျုပ်တို့မဟာမိတ်က မသေမျိုးမျိုးနွယ်တွေနဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ။”
“ဟုတ်တယ် ခေါင်းဆောင်...အခြေအနေက ဘာလဲဆိုတာ ရှင်းပြပါဦး။”
“သူဌေး ကျွန်တော်တို့ တကယ်ပဲ ဘာမှမသိပါဘူး။ ကျုပ်တို့ အသက်ကို ချမ်းသာပေးပါ သူဌေး။”
အိုက်ချီယွီ၏ နောက်မှလူများက အလုအယက် အော်ဟစ် တောင်းပန်ကြတော့သည်။
ရှောင်းယီက ဘာမှမပြောဘဲ ထိုအတိုင်း တိတ်ဆိတ်စွာ စောင့်နေလိုက်၏။ အိုက်ချီယွီမှာ ချွေးများဖြင့် ရွဲနစ်နေပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်တော့လေသည်။
“ကောင်းပါပြီ။ ကျုပ် အကုန်ဝန်ခံပါ့မယ်။ ဒါက သူတို့နဲ့ တကယ် မပတ်သက်ပါဘူး။”
အခန်း ၁၀၇၄ - လစ်ချ်မျိုးနွယ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် စမ်းသပ်မှု၏ အရေးပါပုံ
အိုက်ချီယွီ၏ လက်အောက်ငယ်သားများသည် မဟာမိတ်ခေါင်းဆောင်က ထိုသို့ပြောသည်ကို ကြားသောအခါမှ သက်ပြင်းအသာချနိုင်ကြတော့သည်။ သူတို့နှင့်သာ မသက်ဆိုင်ပါက အသက်ရှင်ရန် အခွင့်အရေးရှိသေးသည်။ ယခင်က သိထားသရွေ့ ယီရန်ပင်းသည် အကြောင်းမဲ့ သတ်ဖြတ်တတ်သူ မဟုတ်ပေ။
ရှောင်းယီက အိုက်ချီယွီကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက မင်းလူတွေနဲ့ မဆိုင်မှန်း ငါသိပါတယ်။ ငါ သူတို့မဟာမိတ်အဖွဲ့ရဲ့ အခြေအနေကို သူတို့ သိစေချင်ရုံပဲ။”
စောစောက စမ်းသပ်မှုမှာ အိုက်ချီယွီ တစ်ယောက်တည်းသာ ပြဿနာရှိပြီး ကျန်သည့်သူများအားလုံးက အဆင်ပြေကြသည်။
အိုက်ချီယွီက ခေါင်းညိတ်ပြီးနောက် ပြောပြလိုက်သည်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒဏ်ရာရနေတဲ့ လစ်ချ်တစ်ကောင်နဲ့ ကျုပ်တွေ့ခဲ့တယ်။”
“လစ်ချ် ဟုတ်လား။”
ရောက်ရှိနေသူအားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့သည် ထိုကဲ့သို့သော မသေမျိုးနွယ်အကြောင်း တစ်ခါမှ မကြားဖူးကြချေ။ ယခင်က အတွေ့ရများသည့် အမျိုးအစားများမှာ အရိုးစုများနှင့် ဖုတ်ကောင်များသာ ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်းများကိုပင် ထည့်သွင်းရေတွက်၍ ရသေးသည်။
ရှောင်းယီက ဘာမှမပြောဘဲ ငြိမ်နေသဖြင့် အိုက်ချီယွီက ဆက်ပြောလိုက်သည်။
“သူက ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တယ်လို့ ပြောတယ်။ တစ်ခုတည်းသော တောင်းဆိုချက်က သူ့ကို ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ ဝှက်ထားပေးဖို့နဲ့ တခြားသူတွေ မသိစေဖို့ပဲ။ ဒီကိစ္စက ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူးလို့ မြင်တာနဲ့ ကျုပ်သဘောတူလိုက်တာ။”
ရှောင်းယီ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး မေးလိုက်သည်။
“စိတ်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးတယ် ဟုတ်လား။ အဲ့ဒါက နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းမနေဘူးလား။”
“ဒီတိုင်းပြောရင်တော့ စိတ်ကူးယဉ်ဆန်သလိုပါပဲ။ ဒါပေမဲ့ သူတစ်ကြိမ်ပဲ ကူညီပေးခဲ့တာတောင် ကျုပ်ရဲ့တိုးတက်မှုကို လက်တွေ့ခံစားလို့ရတယ်။”
အိုက်ချီယွီက ပြန်ဖြေလိုက်သည်။ ယခုမှ ရှောင်းယီ အံ့သြသွားတော့သည်။
“ဘယ်လို ခံစားရလို့လဲ။”
“ဒီလိုမျိုးပဲ...။”
ချက်ချင်းဆိုသလိုပင် အိုက်ချီယွီ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီသည် အန္တရာယ်အငွေ့အသက်ကို ချက်ချင်းခံစားလိုက်ရသဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ထိုစိတ်ဝိညာဉ်လှိုင်းသည် အနောက်ရောင်လှံသုံးစင်းကဲ့သို့ သူ၏ စိတ်အာရုံထဲသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်ရောက်လာခဲ့သည်။ ရှောင်းယီက အာရုံကို အပြည့်အဝစုစည်းကာ သူ၏ အသိစိတ်ပင်လယ် အတွင်း၌ ခံတပ်တံတိုင်းတစ်ခု တည်ဆောက်လိုက်သည်။ ထိုအနက်ရောင်လှံးသုံးစင်းသည် တံတိုင်းကို ရိုက်မိသည်နှင့် တခဏချင်း အပိုင်းပိုင်းအစစ ကွဲအက်ပျောက်ကွယ်သွားတော့သည်။
ရှောင်းယီ ကြောင်အသွား၏။
“ဘာဖြစ်သွားတာလဲ။ ဒီလောက် ဟန်ကြီးပန်ကြီး လုပ်ပြပြီးတော့ ဒါပဲလား။”
“ဟားဟားဟား...ယီရန်ပင်းဆိုတာလည်း ဘာမှမဟုတ်ပါလား။ လစ်ချ်သခင်ကြီးရဲ့ စိတ်ဝိညာဉ်ကျင့်စဉ်က တကယ်ကို အနှိုင်းမဲ့ပဲ။”
အိုက်ချီယွီက ရုတ်တရက် ရူးသွပ်သလို အော်ဟစ်ရယ်မောတော့သည်။
သူ့ရယ်သံကြောင့် ရှောင်းယီ သတိပြန်ဝင်လာပြီး ကြည့်လိုက်ရာ အိုက်ချီယွီ၏ ပတ်ပတ်လည်ရှိ လူအားလုံး မြေပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ရသည်။
“ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက ဧရိယာအလိုက် တိုက်ခိုက်တာလား။”
ရှောင်းယီ ပို၍ပင် အံ့သြသွားတော့သည်။ သူက အိုက်ချီယွီကို ကြည့်ကာ ပြောလိုက်သည်။
“အစကတော့ ငါ မင်းကို အခွင့်အရေးပေးမလို့ပဲ။ ဒါပေမဲ့ အခုတော့ တကယ်ကို မလိုတော့ဘူးထင်တယ်။”
ရှောင်းယီ ချက်ချင်းဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်သောအခါ အိုက်ချီယွီက ထိတ်လန့်တကြားဖြစ်သွား၏။
“မင်း... မင်း ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သတိပြန်ဝင်လာတာလဲ။”
“မင်းဝှက်ထားတဲ့ လစ်ချ်က မင်းကို ဒီလောက်ပဲ သင်ပေးထားတာလား။”
ရှောင်းယီက အထင်အမြင်သေးစွာ မေးလိုက်သည်။
“မဖြစ်နိုင်တာ။ လစ်ချ်သခင်ကြီး ပြောတာကတော့ SSS အဆင့်ရှိတဲ့ လူသားတွေတောင် ဒီတိုက်ခိုက်မှုကို ခံရရင် အနည်းဆုံး သုံးမိနစ်လောက် သတိလစ်နေရမယ်တဲ့။”
အိုက်ချီယွီက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
အိုက်ချီယွီကိုယ်တိုင်က SS အဆင့် ဖြစ်သည်။ ဤကဲ့သို့ ကြိုတင်ခန့်မှန်းရခက်သည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်လျှင် SSS အဆင့် တစ်ဦးကိုပင် သတ်ပစ်နိုင်သည့် အခွင့်အရေး အပြည့်အဝရှိပေသည်။
“သုံးမိနစ်တောင်လား။”
ထိုကြာချိန်က ရှောင်းယီကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
သုံးမိနစ်ဆိုသည်မှာ SSS အဆင့်ရှိသူတစ်ဦးကို သတ်ပစ်ရန် လုံလောက်သော အချိန်ဖြစ်သည်။
“မသေမျိုး မျိုးနွယ်တွေမှာ တကယ်ပဲ ထူးဆန်းတဲ့ တိုက်ခိုက်မှုတွေ အများကြီးရှိတာပဲ။”
ရှောင်းယီက မှတ်ချက်ပြုလိုက်ပြီးနောက် လျှင်မြန်စွာ လှုပ်ရှားကာ အိုက်ချီယွီ မတုံ့ပြန်နိုင်ခင်မှာပင် လည်ဂုတ်ကို ရိုက်၍ သတိလစ်အောင် လုပ်လိုက်သည်။
ထို့နောက် ရှောင်းယီက ဖုန်းဆက်ကာ ညွှန်ကြားလိုက်သည်။
“လူနာတင်ကား အမြန်လွှတ်လိုက်ပါ။ ဒီမှာ ဒဏ်ရာရထားတဲ့သူတချို့ရှိတယ်။ သူတို့ကို ဆေးရုံပို့ပြီး ကုသပေးဖို့ လိုတယ်။”
“ဟုတ်ကဲ့...။”
အိုက်ချီယွီကိုမူ ကြိုးဖြင့်တုပ်ကာ အခန်းတစ်ခုထဲသို့ ပစ်ထည့်ထားလိုက်ပြီး ကင်းသမားများကိုလည်း အဝေးမှနေ၍ သေချာစောင့်ကြည့်ရန် အမိန့်ပေးထားလိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း တခြားအစည်းအဝေးခန်းထဲမှ ထွက်လာခဲ့လေသည်။
“စစ်ဆေးမေးမြန်းပြီးပါပြီ။ ချီမေ့ဝမ်လျန် မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတဲ့ မသေမျိုးမျိုစးနွယ်က ဂူး (Ghoul) ပဲ။”
“ငါတို့ မသေမျိုးနွယ်တွေအကြောင်း သိထားတာက မလုံလောက်သေးဘူးပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ချီယွီမဟာမိတ်အဖွဲ့မှာတော့ လစ်ချ်တစ်ကောင်ရှိတယ်။ ခဏနေရင် သွားစစ်ဆေးလိုက်ဦး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ပေါက်ကွဲမှုကိုတော့ သတိထား။ အငိုက် အမိမခံနဲ့။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။
“သူတို့ရဲ့ စာမေးပွဲစစ်ဆေးချက်တွေ အားလုံး ပြီးပြီလား။”
“လူနှစ်ဖွဲ့ခွဲပြီး အပြန်အလှန် စစ်ဆေးခိုင်းထားပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။”
“ကောင်းပြီ။ ဒါဆို စမ်းသပ်မှုအောင်မြင်တဲ့ မဟာမိတ်ခေါင်းဆောင်တွေကို ဂရုတစ်ခုထဲ ထည့်လိုက်ပါ။ အဲ့ဒီနောက်မှာ ငါတို့ရဲ့ အဆင့်မြင့်လက်နက်တွေကို အဲ့ဒီ ဂရုထဲမှာပဲ ရောင်းချပေးမယ်။”
ရှောင်းယီက ညွှန်ကြားလိုက်လေသည်။
“နားလည်ပါပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဒီဘက်ကိစ္စများကို ကိုင်တွယ်ပြီးနောက် ရှောင်းယီက စုံစမ်းမေးမြန်းမှုအချို့ လုပ်ဆောင်ပြီး ရော်ဂျာကို သွားရောက်ရှာဖွေလိုက်တော့သည်။
ယခုအချိန်တွင် ရော်ဂျာသည် လော့ရယ်ကို ခေါ်ပြီး Drop Tower (အမြင့်မှ ရုတ်တရက် လွှတ်ချသည့် ကစားနည်း) စီးနေခဲ့ လေသည်။ Drop Tower ကြီးသည် ဝေဟင်ထက်မှ အောက်သို့ လွတ်လပ်စွာ ပြုတ်ကျလာသောအခါ နှစ်ယောက်သား အသံကုန် အော်ဟစ်ကြတော့သည်။
သို့သော် ရော်ဂျာ၏ အော်ဟစ်သံမှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ပြီး လော့ရယ်၏ အော်သံမှာမူ ကြောက်လန့်မှုကြောင့် ဖြစ်ပေသည်။
ထိုနှစ်ယောက် ပျော်ရွှင်နေသည်ကို မြင်သဖြင့် ရှောင်းယီလည်း နှောင့်ယှက်ခြင်း မပြုတော့ဘဲ ဗီလာသို့သာ တိုက်ရိုက်ပြန်လာခဲ့လိုက်တော့သည်။
သူ၏ လက်ကိုင်ဖုန်းထဲရှိ ယီထျန်းဂရုချတ်ကို စစ်ဆေးကြည့်လိုက်ရာ လူတိုင်းမှာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စမ်းသပ်မှုအကြောင်းကို ဆွေးနွေးနေကြသည်။
“အခု စမ်းသပ်မှုက ပြီးသွားပြီဆိုတော့ ငါတို့ ဒါကို ဆွေးနွေးလို့ ရပြီမလား။”
“အခုဆိုရင်တော့ အဆင်ပြေလောက်လောက်ပါပြီ။ ဒီမေးခွန်းတွေကို မေးခွန်းလို့တောင် ခေါ်လို့ရရဲ့လား။ အကုန်လုံးက အခြေခံ ဗဟုသုတတွေချည်းပဲ။”
“ဟုတ်ပါ့...။ ကိုယ်ရေးအချက်အလက်တွေ ကွာခြားတာကလွဲရင် ကျန်တဲ့အဖြေတွေက အတူတူပဲ ဖြစ်လိမ့်မယ်။”
“ဒီလို စမ်းသပ်မှုမျိုးကို ဘယ်မဟာမိတ်အဖွဲ့မှ ကျရှုံးမှာမဟုတ်ဘူး မဟုတ်လား။”
“ဒီလို စမ်းသပ်မှုမျိုးက သိပ်ပြီး အဓိပ္ပာယ်ရှိပုံမရဘူးလို့ ငါခံစားရတယ်။”
“သူဌေးက လုပ်ခိုင်းတယ်ဆိုမှတော့ အဓိပ္ပာယ်တစ်ခုခု ရှိမှာပေါ့။ ဖြစ်နိုင်တာက မေးခွန်းတွေက အဓိပ္ပာယ်မရှိပေမဲ့ စမ်းသပ်တဲ့ ဖြစ်စဉ်က အဓိပ္ပာယ်ရှိတာနေမှာ။”
“စမ်းသပ်တဲ့ ဖြစ်စဉ်လား။ လူနှစ်ထောင်လောက် တစ်ပြိုင်တည်း စာမေးပွဲဖြေတာက တကယ်ပဲ အဓိပ္ပာယ်ရှိလို့လား။”
“ရှိတာပေါ့။ မဟုတ်ရင် သူဌေးက စာမေးပွဲစာရွက်တွေကို အလကား ဖြုန်းတီးပစ်မယ်လို့ မင်းတကယ် ထင်နေတာလား။”
“ဒါဆိုရင် အဲ့ဒီအဓိပ္ပာယ်က ဘာလဲဆိုတာ မင်း ငါတို့ကို ပြောပြပါလား။”
၎င်းကို မြင်သောအခါ ရှောင်းယီက တိုက်ရိုက် ဝင်ပြောလိုက်သည်။
“ကျုပ်တို့ တကယ်ပဲ ဖြစ်စဉ်ကို စမ်းသပ်ခဲ့တာကိုပါ။”
“ဟော ကြည့်...။ သူဌေးကိုယ်တိုင် ပြောလာပြီ။ တကယ်ပဲ စမ်းသပ်တဲ့ ဖြစ်စဉ်ကြောင့်ပဲ။ မင်းတို့ ဘာပြောစရာ ရှိသေးလဲ။”
“အမ်... မဖြစ်နိုင်တာ။ အဲ့ဒီဖြစ်စဉ်ကနေ ဘာတွေ သိနိုင်လို့လဲ။”
“မင်းတို့ အမှန်အတိုင်း ပြော၊ မပြောကို စမ်းသပ်ဖို့ ငါတို့မှာ အထူးပြုလုပ်ထားတဲ့ စက်ကိရိယာတွေ ရှိတယ်။ ဒီဖြစ်စဉ်ကနေ မင်းတို့က မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေသလား ဆိုတာကို ငါတို့ ဆုံးဖြတ်နိုင်တယ်။”
ရှောင်းယီက ဆက်လက် ရှင်းပြလိုက်သည်။
“ဒါက ဘယ်လို နတ်ဘုရားအဆင့် စက်ကိရိယာမျိုးလဲ။”
“မသေမျိုးမျိုးနွယ်တွေအကြောင်း မေးခွန်းတွေ ပါနေတာ အံ့သြစရာ မရှိတော့ဘူး။ သူဌေးသာ မပြောရင် ငါဒါကို တွေးမိမှာ မဟုတ်ဘူး။”
“ဟုတ်ပါ့။ သူဌေးက အရာရာကို သေချာ လျို့ဝှက်ထားနိုင်တာပဲ။”
“သူသာ သေချာ မလျို့ဝှက်ထားရင် မသေမျိုးမျိုးနွယ်တွေက သတိထားမိသွားမှာပေါ့။ အခုလို လုပ်တာက အကောင်းဆုံးပဲ။ ဒါမှ ငါတို့ကြားထဲမှာ မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်မှာ။”
“ဒီလောက် လူအများကြီး တစ်ပြိုင်တည်း ဖြေနေတာကို ငါတို့ လိမ်နေသလားဆိုတာ တကယ်ပဲ ခွဲခြားနိုင်လို့လား။”
“သူဌေးရဲ့ လက်ထဲမှာ တကယ်ပဲ အဆင့်မြင့် စက်ကိရိယာတွေ အများကြီး ရှိတာပဲ။”
“ဟုတ်တယ်...တကယ်တော့ ငါပိုပြီး သိချင်တာက ဒီစမ်းသပ်မှုကနေ မသေမျိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတဲ့ မဟာမိတ်အဖွဲ့တွေကို တကယ်ပဲ ရှာတွေ့ခဲ့လား ဆိုတာပဲ။”
“သူဌေးရေ... စမ်းသပ်မှု ရလဒ်တွေကို မြန်မြန် ပြောပြပါဦး။”
လူတိုင်းမှာ ရလဒ်များကို သိလိုစိတ်ဖြင့် အလွန် စိတ်လှုပ်ရှားနေကြတော့သည်။