← Chapters

နောက်ထပ် နှစ်နှစ်

Vol. 7 Ch. 95

နောက်ထပ် နှစ်နှစ်

Vol. 7 Ch. 95

အချိန်ကာလများက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။

နောက်ထပ် နှစ်နှစ် အကြာ။

အမှတ် (၁၂) ဂူစံအိမ် အသစ်ကို တည်ထောင်ပြီးကတည်းက နတ်ဆိုးများ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသော်လည်း ကြီးမားသော ထိခိုက်ကျဆုံးမှုများ မရှိခဲ့ပေ။ ထို (၂) နှစ်တာ ကာလအတွင်း ကြီးမားလှသော အဖြစ်အပျက်များစွာ ပေါ်ပေါက်ခဲ့သည်။

အမှတ် (၁၂) ဂူစံအိမ် အသစ်၏ ကြီးကျယ်ခမ်းနားလှသော တိုးချဲ့မှုကြီးမှာ (၂) နှစ်အတွင်း အောင်မြင်စွာ ပြီးစီးသွားခဲ့ပြီး ဝမ်ကျောက်ကျောက်က စီမံခန့်ခွဲမှုများကို လွယ်ကူချောမွေ့စွာ ကိုင်တွယ်နိုင်ခဲ့ကာ သူမ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာမှုတွင် အံ့မခန်း အောင်မြင်မှုကို ပြသနိုင်ခဲ့သည်။

သူမ၏ မူလ သွေးမျက်လုံးကူကောင်မှာလည်း သွေးဘီးကူကောင်အဖြစ်သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားတော့၏။

လီယွမ်က အမှတ် (၁၂) ဂူစံအိမ် အသစ် ဖွံ့ဖြိုးတိုးတက်လာမှုမှတစ်ဆင့် ချို့ယွင်းနေသော ကူကောင် အမြောက်အမြားကို ကုန်ကြမ်းအဖြစ် ရရှိခဲ့ပြီး အိပ်မက်ပိုးကောင် ဖန်တီးရန် လိုအပ်သော ဒုတိယမြောက် ရှားပါးကူကောင်ဖြစ်သည့် ခြေရာမဲ့လိပ်ပြာကူကောင်ကို သန့်စင်ဖန်တီးနိုင်ခဲ့တော့၏။ နောက်ဆုံးကျန်ရှိနေသော ရှားပါးကူကောင်ဖြစ်သော နွေဦး ဆောင်းဦး ပိုးတုံးလုံး တစ်မျိုးတည်းသာ လိုအပ်တော့သည်။

စစ်မြေပြင်ကြီးထက်တွင်တော့ နဝမဂူစံအိမ်တော်သည် အဋ္ဌမအဆင့် အကြီးအကဲ နှစ်ဦးနှင့် အသေခံတိုက်ပွဲ ဆင်နွှဲရင်း နတ်ဆိုး အရေအတွက် ဆယ်ဆခန့်ကို သတ်ဖြတ်ကာ တောင်ပိုင်းနယ်စပ်ဒေသ သိုင်းလောက၏ အရှင်သခင်အဖြစ် ၎င်းတို့၏ စိုးမိုးနိုင်စွမ်းကို ထပ်မံ သက်သေပြခဲ့သည်။

ထို့အပြင် ယူဘုရင်၏ တပ်မတော်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ချင်ယူအစောင့်တပ်မှ အင်အား (၃၀၀၀) ပါဝင်သော အထူးတပ်ဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပစ်ကာ ၎င်းတို့၏ ခေါင်းများကို ကျိုးကုန်းတောင်တန်းရှိ အမြင့်ဆုံးသစ်ပင်များထက်တွင် ချိတ်ဆွဲထားခဲ့ကြသည်။

ထို့ပြင် ချန်းလန်ဘုရင် ရှောင်ယွမ်၏ ပြင်းထန်သော ဒဏ်ရာရရှိမှုကလည်း သေချာသွားတော့၏။

သို့သော်ငြားလည်း ချန်းလန်တပ်မတော်မှ စစ်သည်များမှာ စိတ်ဓာတ်ကျဆင်းမသွားခဲ့ကြပေ။ ကနဦး ဆုံးရှုံးမှုများအပြီးတွင် သူတို့က လျင်မြန်စွာ ပြန်လည်စုစည်းကာ နဝမဂူစံအိမ်တော်နှင့် ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် လင်းယွဲ့နယ်မှ ယူဘုရင်မှာမူ နတ်ဆိုးများ၏ ဟန့်တားမှုကို ခံရပြီး အဘက်ဘက်မှ ခုခံကာကွယ်နေရကာ ကျဆင်းလာသည့် လက္ခဏာများ ပြသနေလေပြီ။

ယူဘုရင်သည် နတ်ဆိုးများနှင့် ပူးပေါင်းခဲ့ကြောင်း ငြင်းဆို၍မရသော အမှန်တရားဖြစ်ပြီး ညဇီးကွက်ဘုရင်အတွက် အခြားသူများကို သတိပေးရန် အကောင်းဆုံး ပစ်မှတ်ဖြစ်နေသောကြောင့် ညဇီးကွက်ဘုရင်က ယူဘုရင်ကို တိတ်တဆိတ် ပစ်မှတ်ထားနေခြင်း ဖြစ်မည်ဟု အချို့က ခန့်မှန်းနေကြသည်။

အခြားသော နယ်စပ်ဘုရင် သုံးပါးဖြစ်သည့် ချန်ဘုရင်၊ ဟန်ဘုရင်နှင့် ရင်းဘုရင်တို့မှာ နတ်ဆိုးများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဆုံးရှုံးမှုများ ရှိနေသော်လည်း အပြင်းအထန် အထိနာသည့် အခြေအနေသို့ကား မရောက်ရှိသေးပေ။

(၂) နှစ် အကြာတွင်တော့ လီယွမ်သည် သူ၏အဒေါ် အန်းမူယောင်နှင့် ထပ်မံတွေ့ဆုံခဲ့ပြီး တော်ဝင်သမားတော်၏ မြေးလေးနှင့် ပတ်သက်သော သတင်းအမှန်အချို့ကို ရရှိခဲ့သည်။

မင်းသားလေး လီချန်ရှုသည် ခွန်းလွန်တောင်တွင် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခံရကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လုံးဝ နာလန်မထူနိုင်တော့ကြောင်း ပြောဆိုကြသည်။ ထို့နောက် ညဇီးကွက်ဘုရင်က နန်းတွင်းရေးရာများကို တာဝန်ယူ စီမံခန့်ခွဲခဲ့သည်။

အမှန်တကယ်တွင်မူ လူမမာကုတင်ထက်၌ လဲလျောင်းနေသော မင်းသားလေးမှာ လူများကို လှည့်စားရန် ကိုယ်စားလှယ် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်၏။

တကယ့် မင်းသားလေးအစစ်မှာ တောင်တန်းများကြားတွင် တိတ်တဆိတ် နေထိုင်နေ၏။

သူ၏ ကိုယ်စားလှယ်ဟောင်းဖြစ်သော တော်ဝင်သမားတော်၏ မြေးလေးမှာမူ ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သော်လည်း ကောင်လေး၏ သွားရာလမ်းကို မည်သူမျှ မသိရှိကြတော့ပေ။

လီယွမ်မှာ ထိုသတင်းကို ကြားလိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားရတော့သည်။

‘ညဇီးကွက်ဘုရင်က တော်ဝင်သမားတော်ရဲ့ မြေးလေးကို အကျဉ်းချထားပြီး ထီးနန်းပေါ်တင်ကာ အခြားမြို့စားဘုရင်တွေကို အမိန့်ပေးဖို့ အသုံးချပြီးတော့ သူ့ရဲ့ မြို့တော်ကို ပြန်လာမယ့်နေ့ကို စောင့်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ’

မမျှော်လင့်ဘဲ ညဇီးကွက်ဘုရင်က တော်ဝင်သမားတော်၏ မြေးလေးအား သိုင်းပညာကို ဆက်လက်လေ့လာခွင့် ပေးရုံသာမက ညဇီးကွက်အစောင့်တပ်ဖွဲ့ထဲသို့ပါ ခေါ်ယူခဲ့သည်။

‘ဒီလုပ်ရပ်က တကယ်ကို နားလည်ရခက်တာပဲ.. ညဇီးကွက်ဘုရင်က ပြန်လည် တိုက်ခိုက်ခံရမှာကို မကြောက်ဘူးလား..’

လီယွမ်က ညဇီးကွက်ဘုရင်ကို အရူးတစ်ယောက်ဟု ထင်မှတ်မထားပေ။ တော်ဝင်မိသားစု ပြိုကွဲပြီးနောက် တာ့ယန်အင်ပါယာကြီးကို အနှစ် (၂၀) ကျော်တိုင်တိုင် ထိန်းသိမ်းထားနိုင်ခဲ့သော ဤခေတ်ပြိုင် သိုင်းပညာအရှင်သခင်၏ စွမ်းဆောင်ရည်မှာ အမှန်တကယ် အံ့မခန်းပင် ဖြစ်၏။

ညဇီးကွက်ဘုရင်က ဤသို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲခြင်းမှာ သူက အရာအားလုံးကို ထိန်းချုပ်ထားနိုင်မည်ဟု ယုံကြည်ချက်ရှိပြီး ကိုယ်စားလှယ်ရုပ်သေးလေးက ဘာပြဿနာမှ မဖန်တီးနိုင်ဘူးဟု သေချာနေသောကြောင့်သာ ဖြစ်ပေမည်။

“ပရမ်းပတာ အခြေအနေတွေက ဆက်ဖြစ်နေတုန်းပဲ..”

လီယွမ်က သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်၏။

အချက်အလက်ပြမျက်နှာပြင်တစ်ခု မျက်လုံးရှေ့တွင် ပေါ်လာသည်။

【 ကူသခင် - လီယွမ် 】

【 အမည်းရောင်အိုး (လမ်းကြောင်း ခြောက်ခု ၁၁၂၇/၃၀၀၀) 】

【 နယ်ပယ် - ဆဌမအဆင့် 】

【 စိတ်စွမ်းအား - နယ်မြေအဆင့် (နှောင်းပိုင်း) 】

【 ပင်မကူကောင် - ဧရာမဝိညာဉ်ကူကောင်၊ ပြန်လည်ရှင်သန်ခြင်းကူကောင်၊ အရောင်ငါးမျိုးထူးဆန်းမီးတောက်စပါးအုံး၊ ဆန်းကြယ်ပုံရိပ်ကူကောင်၊ ပင့်ကူဘုရင်မကူကောင်၊ ဓားနတ်သမီး 】

【 ကူအိမ် - အရောင်ငါးမျိုးထူးဆန်းမီးတောက်ဂူ (ထောင်ကူအိမ်)၊ ပင့်ကူအိမ်လျှို့ဝှက်နယ်မြေ (ထောင်ကူအိမ်) 】

ဆဌမအဆင့် နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် လီယွမ်၏ အဆင့်တက်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

‘သတ္တမအဆင့် အသွင်ပြောင်းနယ်ပယ်ကို ရောက်သွားရင် စနစ်က လုပ်ဆောင်ချက်အသစ်တွေ ဖော်ထုတ်ပေးမလား မသိဘူး.. မဟုတ်ရင်တော့ ငါ ပြိုင်ဘက်ကင်းဖြစ်လာပြီး တောင်ပေါ်က ဆင်းလာမယ့် အချိန်ကျရင် ငါ့ခန္ဓာကိုယ်က မြေကြီးထဲ တစ်ဝက်လောက် ရောက်နေလောက်ပြီ..’

လီယွမ် ဝိုးတဝါး ပြန်လည်အမှတ်ရနေမိသည်။

စတုတ္ထအဆင့် ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် စနစ်က 'ကူကောင် ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ဆောင်ချက်' ကို ဖွင့်ပေးခဲ့ရာ သတ္တမအဆင့်သို့ ရောက်ရှိချိန်တွင် နောက်ထပ် အထူးလုပ်ဆောင်ချက်တစ်ခု ဖွင့်ပေးမည်ဆိုပါက ယွီတ္တိတန်လှ၏။

နှစ်ခုစလုံးမှာ နယ်ပယ်နှင့် ကျင့်ကြံခြင်း စနစ်၏ အဓိက အချိုးအကွေ့များပင် ဖြစ်ချေသည်။

“ဆက်စောင့်ကြည့်ကြတာပေါ့"

သူ အများကြီး တွေးတောမနေတော့ဘဲ ကူလမ်းစဉ်အပေါ်၌သာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့၏။

အရောင်ငါးမျိုးထူးဆန်းမီးတောက်ဂူနှင့် ပင့်ကူအိမ်လျှို့ဝှက်နယ်မြေ နှစ်ခုစလုံးမှာ (၇၀၀၀) အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် (၁၀၀၀၀) အဆင့် အဆောက်အအုံများအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေမည်။

သို့သော် ထိုအရာများမှာ လီယွမ်အတွက် သေးငယ်သော အခက်အခဲလေးများသာ ဖြစ်၏။

သူ တကယ် အလေးထားမိသည်မှာ ပင်မကူကောင်၏ ဆင့်ကဲပြောင်းလဲမှုပင်။

ဓားနတ်သမီးသည် ချီလင်ပုလဲကို စားသုံးပြီးကတည်းက လီယွမ်နှင့် ထိုက်ဇူစစ်နတ်ဘုရား၏ သွေးများ ပိုမိုပေါင်းစပ်လာမှုနှင့်အတူ သူမ၏ စိတ်ဝိညာဉ်က ပို၍ပို၍ ပြည့်ဝလာခဲ့သည်။

ဤစိတ်ဝိညာဉ် ကြီးထွားလာမှုက ပုံစံအမျိုးမျိုးဖြင့် ထင်ဟပ်နေသည်။

ပထမအချက်အနေဖြင့် ဓားနတ်သမီးသည် ထိုက်ဇူဧကရာဇ် ဖန်တီးခဲ့သော အသင်္ချေဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားပြီး သူမနှင့် သွေးသောက် ဖြစ်သော လီယွမ်သည်လည်း သိုင်းကွက်အနည်းငယ်ကို သုံးစွဲနိုင်လာခဲ့သည်။

ဒုတိယအချက်အနေဖြင့် ဓားနတ်သမီးသည် တစ်ခါတစ်ရံတွင် မျက်နှာအမူအရာများကို ပြသလာတတ်သည်။

ဥပမာအားဖြင့် မျက်မှောင်အနည်းငယ် ကြုတ်ခြင်း၊ ခါးထောက်ခြင်း၊ နှုတ်ခမ်းစူခြင်း စသည်တို့ ဖြစ်၏။

ဤတိုးတက်မှုက လီယွမ် မျှော်လင့်ထားသည်ထက် များစွာ ပိုမို မြန်ဆန်လှ၏။

တစ်ခုတည်းသော ဆိုးကျိုးမှာ ဓားနတ်သမီးက ရှောင်ချိုက်နှင့် ဝူမေ့တို့လို ရူးရူးမိုက်မိုက် ကပ်တွယ်တတ်သည့် အကျင့်ကို လိုက်တုပရန် အလွန် သဘောကျနေခြင်းပင်။ သို့သော် လူများနှင့် အရာဝတ္ထုများကို ယေဘုယျ သတ်မှတ်၍တော့ မရနိုင်ပေ။

သူက သောက်ရူးတစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းပေါ်ကို ပိုပိုပြီး နက်ရှိုင်းစွာ ရောက်ရှိသွားသလို လီယွမ် ခံစားနေရသည်။

ကျိုးကုန်းတောင်တန်း၏ အပြင်ဘက်တွင်..

ပုံရိပ်သုံးခုက သူတို့၏ ဓားများပေါ်တွင် ရိပ်ခနဲ.. ပျံသန်းသွားနေကြသည်။

သူတို့သုံးဦး၏ အနောက်တွင်တော့ မရေမတွက်နိုင်သော ကျီးကန်းများက မည်းမှောင်နေသော တိမ်တိုက်ကြီးများ ဖိချလာသကဲ့သို့ ကောင်းကင်ကို ဖုံးအုပ်ကာ လောကတစ်ခုလုံးကို မှောင်မည်းသွားစေလောက်အောင် အုပ်စုလိုက် လိုက်ပါလာကြ၏။

“မင်းတို့ ဆုတ်ခွာဖို့ ငါ ကာကွယ်ပေးထားမယ် အားလုံး အရင်သွားကြ"

သုံးဦးထဲတွင် အစွမ်းအထက်ဆုံးသော စွမ်းအင်လှိုင်းကို ပိုင်ဆိုင်ထားသည့် လူငယ်ဓားသိုင်းပညာရှင်က အကြံပြုလိုက်ပြီးနောက် ကိုယ်ကို ချာခနဲ လှည့်ကာ သူ၏ ကျောပေါ်ရှိ ဓားသေတ္တာကို အခြားတစ်ယောက်ထံသို့ ပစ်ပေးလိုက်၏။

လိုက်လံဖမ်းဆီးခံနေရသော ဓားသိုင်းပညာရှင် သုံးဦးမှာ အလယ်ပိုင်းဒေသရှိ လင်းရှောင်ဓားဂိုဏ်းမှ ပါရမီရှင်များ ဖြစ်ကြသော ရွှမ်ယွမ်၊ ဝူချင်းယင်းနှင့် ကျိုးဝူပင်းတို့ပင် ဖြစ်ချေသည်။

“စီနီယာအစ်ကို... အစ်ကို့ရဲ့ အသက်က ကျွန်မတို့ထက် ပိုတန်ဖိုးရှိပါတယ်.. ပြီးတော့ အစ်ကို တစ်ယောက်တည်းကပဲ ဓားသေတ္တာကို ဖွင့်နိုင်တာပါ.. အစ်ကိုက နောက်ချန်ပြီး ကာကွယ်ပေးရမယ့်သူ မဟုတ်ပါဘူး..”

ဝူချင်းယင်းက ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ငြင်းဆန်လိုက်၏။

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ အမိန့်ကို နာခံစမ်း"

ရွှမ်ယွမ်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။

ဝူချင်းယင်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ နောက်ကျောမှ ပြင်းထန်သော ရိုက်နှက်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး လှုပ်ရှား၍ မရတော့ဘဲ အသိစိတ်များ လွတ်ကွာကာ မေ့လဲသွားတော့သည်။

ထိုသို့လုပ်ဆောင်လိုက်သူမှာ ကျိုးဝူပင်းပင် ဖြစ်၏။

“ဟားဟား... ဂျူနီယာညီလေး ကျိုး မင်းက တစ်ခုခုတော့ ထူးခြားတယ်ဆိုတာ ငါသိသားပဲ..”

ကျိုးဝူပင်း၏ ‘ပုံမှန်မဟုတ်သော’ လုပ်ရပ်ကို မြင်သောအခါ ရွှမ်ယွမ်က ရူးသွပ်စွာ ရယ်လိုက်ပြီး “မင်းက လင်းရှောင်ဓားဂိုဏ်းရဲ့ ဒီမျိုးဆက်မှာ တကယ့် ခေါင်းဆောင်စစ်စစ် ဖြစ်သင့်တာပါ.. ဒီနေ့ မင်းအတွက် ငါ လမ်းခင်းပေးခဲ့ပါ့မယ်..” ဟု ကြွေးကြော်လိုက်၏။

ကျိုးဝူပင်းက ဝူချင်းယင်းကို ပွေ့ဖက်ထားပြီး သူ၏ မျက်နှာပေါ်တွင် တောင်းပန်မှုများနှင့် ခါးသီးမှုများ ပြည့်နှက်နေသည်။

“တောင်းပန်ပါတယ် စီနီယာအစ်ကို ကျွန်တော် ထွက်ပြေးရုံပဲ တတ်နိုင်တယ်... အစ်ကို့ကို မကာကွယ်ပေးနိုင်ဘူး..”

အကယ်၍ သူတို့သာ တွန့်ဆုတ်နေမည်ဆိုလျှင် သုံးယောက်စလုံး သေဆုံးသွားမည်သာ ဖြစ်၏။ ရွှမ်ယွမ်က လွတ်မြောက်ရာလမ်းကို ဖြတ်တောက်ရန် အဆင်အခြင်မဲ့ လှုပ်ရှားခဲ့မည်ဆိုပါက သူက ဝူချင်းယင်းကို ခေါ်ထုတ်သွားနိုင်ပြီး နောက်ထပ် လူတစ်ယောက်၏ အသက်ကိုပါ ကယ်တင်နိုင်မည် ဖြစ်၏။

“မင်းရဲ့ စကားတွေနဲ့တင် ငါ စိတ်အေးသွားပါပြီ..” ရွှမ်ယွမ်က အားပါးတရ ရယ်လိုက်၏။

“ငါတို့ ဓားသိုင်းပညာရှင်တွေက နတ်ဆိုးတွေ မိစ္ဆာတွေကို သတ်ဖြတ်ဖို့ ရောက်လာကြတာပဲ.. ငါတို့ သေရလည်း ဘာအရေးလဲ"

“ညီလေး ကျိုး... မင်း ဓားသန္ဓေသားရဲ့ လျှို့ဝှက်ချက်ကို သေချာပေါက် ကာကွယ်ရမယ်.. မင်း လင်းရှောင်ဓားသေတ္တာကို မဖွင့်နိုင်ဘူးဆိုရင် ကျိုးကုန်းတောင်တန်းမှာရှိတဲ့ (၁၂) ဂူစံအိမ်ဆီ သွားပြီး လီယွမ်ကို ရှာပါ..”

“ပြီးတော့ နောက်တစ်ချက် အခွင့်အရေးရမယ်ဆိုရင် ရှုရှန်းတောင်က မဟာသခင် ရွှီရှောင်ယောင်ကို ငါ့ကိုယ်စား သွားပြီး ရိုက်နှက်ပေးပါ.. ငါ့ရဲ့ တစ်သက်တာ ဆန္ဒကို ဖြည့်ဆည်းပေးပါ..”

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရွှမ်ယွမ်က တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ပတ်လည်တွင် ဓားအရိပ်ထောင်ပေါင်းများစွာ ပေါ်ထွက်လာသည်။ ဓားချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော သက်တန့်ရှည်ကြီးက မည်းမှောင်နေသော ကောင်းကင်ယံနှင့် ကျီးကန်းအုပ်ကြီးဆီသို့ တည့်မတ်စွာ ပစ်လွှတ်သွားတော့၏။

“စီနီယာအစ်ကို... ငြိမ်းချမ်းစွာ အနားယူပါတော့"

ကျိုးဝူပင်းက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ လှည့်ကာ ထွက်ခွာသွားလေတော့သည်။

ပေါ့ပါးပြီး နူးညံ့သော အသံတစ်ခုက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။

“သခင်... အရှေ့နဲ့ အနောက်ကနေ နတ်ဆိုးတွေ ချဉ်းကပ်လာနေတယ်.. ကျွန်တော်တို့ တောင်ဘက်ကိုပဲ သွားလို့ရတော့မယ်.. အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက နဝမဂူစံအိမ်တော် တောင်တန်းတွေဆီ ရောက်ဖို့ပဲ..”

Book 7 end.

All Chapters