← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅) မြို့နှင့် ရွာ ပူးတွဲအာမခံခြင်း

လဲ့ချန်က နွားတင်းကုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာရာ သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွား၏။

ဟောင်းနွမ်းနေသော ကောက်ရိုးပုံဘေးတွင် သေးငယ်သော ပုံရိပ်လေးတစ်ခု ဆောင့်ကြောင့်ထိုင်နေပြီး ငိုကြွေးနေသကဲ့သို့ သူမ၏ ပခုံးလေးများက တုန်ရီနေသည်။

"ချင်းအာ..."

သူက မသေချာစွာဖြင့် လှမ်းခေါ်လိုက်၏။

လဲ့ချင်းက ရုတ်တရက် ခေါင်းမော့လာရာ သူမ၏ ပိန်ချုံးနေသော မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး မျက်လုံးများ နီရဲနေကာ မိုးရေစိုနေသော စာကလေးငယ်လေးတစ်ကောင်နှင့် တူနေ၏။

လဲ့ချန်ဖြစ်နေကြောင်း မြင်လိုက်ရသောအခါ သူမက အင်္ကျီလက်ဖြင့် မျက်လုံးများကို ကမန်းကတန်း ဖိသုတ်လိုက်ပြီး ခေါင်းကို ပို၍ ငုံ့ထားလိုက်သည်။

"ဟေး... မနက်စောစောစီးစီး ဘာတွေလာလုပ်နေတာလဲ... အလွမ်းဇာတ်တွေ လာခင်းပြနေတာလား..."

လဲ့ချန်က အခြေအနေကို ဖြေလျှော့ရန် ကြိုးစားရင်း အတင်းပြုံး၍ ပြောလိုက်၏။

"ငါတို့ရဲ့ ချင်းအာလေးကို ဘယ်သူ အနိုင်ကျင့်ပြန်ပြီလဲ... ပြောစမ်း... သူတို့ကို အစ်ကိုသွားပြီး အသေအလဲ ရိုက်ပေးမယ်..."

လဲ့ချင်းက ခေါင်းငုံ့ထားပြီး ဆက်၍ တိတ်ဆိတ်နေကာ သူမ၏ လက်ချောင်းများက ကောက်ရိုးများကို ဆုပ်ကိုင်ထားပြီး မျက်နှာက ချီတုံချတုံ ဖြစ်နေ၏။

ထိုသည်ကို မြင်သောအခါ လဲ့ချန်က သူမဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းစောင်း၍ ကြည့်လိုက်သည်။

"အစ်ကို့ကို တကယ်ပဲ မပြောတော့ဘူးလား... အဲဒီမျက်နှာပေးနဲ့ဆိုရင် မြန်မြန်မပြောရင် မင်း ဘေးအိမ်က အဒေါ်လျိုရဲ့ ယုန်ကို ခိုးလာတယ်လို့ အစ်ကို ထင်သွားတော့မယ်..."

"အစ်ကိုနော် လျှောက်မပြောနဲ့..."

လဲ့ချင်းမှာ သူ၏ စကားကြောင့် ရယ်ချင်သွားပြီး မျက်ရည်များကြားမှ ရယ်မောလိုက်သော်လည်း မျက်လုံးထဲမှ မျက်ရည်များက စိုစွတ်နေဆဲ ဖြစ်၏။ သူမ၏ လေသံက စိုးရိမ်တကြီးနှင့် နာကြည်းနေဟန်ဖြင့်

"ညီမက ဘယ်လိုလုပ် အဲလိုကိစ္စမျိုး လုပ်ရမှာလဲ..."

"အဲဒါဆို ဘာဖြစ်တာလဲ... မင်း မပြောရင် အစ်ကို တကယ် စိတ်ပူနေရပြီ..."

လဲ့ချန်က လေးလေးနက်နက် ပြောလိုက်၏။

လဲ့ချင်းက အတန်ကြာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

"အစ်ကို... ညီမ... ညီမ အပ်ချုပ်ပညာ သင်ချင်တယ်..."

"အပ်ချုပ်ပညာလား..."

လဲ့ချန်က သူမ ဤကိစ္စကို ထုတ်ပြောမည်ဟု မျှော်လင့်မထားသဖြင့် မျက်ခုံးပင့်လိုက်၏။

"အင်း..."

လဲ့ချင်းက ချီတုံချတုံ ခေါင်းညိတ်လိုက်ပြီး သူမ၏ အသံက အနည်းငယ် တိုးဝင်သွားသည်။

"ပြီးခဲ့တဲ့အကြိမ် မြို့ပေါ်က အပ်ချုပ်ဆိုင်က အဒေါ်ချန် လာတုန်းက ပြောတယ်... ပညာကို သေချာတတ်ထားရင် နေ့တိုင်း အဝတ်အစား ချုပ်လို့ရရုံတင် မကဘူး... မြို့ပေါ်မှာ အဝတ်အစားတစ်ထည် ချုပ်ပြီး ပိုက်ဆံနဲ့ ရောင်းလို့ရတယ်တဲ့... ညီမ... ညီမ အဲဒါ တော်တော်ကောင်းတယ်လို့ ထင်တယ်..."

"အဲ့ဒါ အရမ်းကောင်းတာပေါ့..."

လဲ့ချန်က သူ၏ ဒူးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်၏။

"မင်း အစောကြီးကတည်းက ပြောသင့်တာပေါ့... အစ်ကို နောက်ကျရင် အဒေါ်ချန်ကို သွားမေးလိုက်မယ်... မင်း..."

သို့သော်လည်း သူ စကားပြော၍ ဆုံးသည်နှင့် လဲ့ချင်းမှာ ခေါင်းငုံ့သွားပြီး သူမ၏ လက်ငယ်လေးများဖြင့် အင်္ကျီစွန်းကို အပြင်းအထန် ပွတ်သပ်နေသည်ကို မြင်လိုက်ရကာ ဤကိစ္စက ထိုမျှ မရိုးရှင်းကြောင်း ထင်ရှားနေ၏။

"အစ်ကို..”

လဲ့ချင်း၏ အသံက ပို၍ပင် တိုးဝင်သွားသည်။

"ဒါပေမဲ့ မိသားစုက ပညာသင်ဖို့ မတတ်နိုင်ဘူးလေ... အဒေါ်ချန်က သင်ပေးဖို့ ဆန္ဒရှိရင်တောင် ညီမက အဝတ်တစ်စနဲ့ ဖြစ်သလိုနေပြီး စားစရာလေး နည်းနည်း စုဆောင်းရဦးမှာ... ညီမ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး... အစ်ကိုလည်း နေ့တိုင်း အမဲလိုက်ပြီး ပင်ပန်းနေရပြီ... မိသားစုကလည်း ငွေရေးကြေးရေး ခက်ခဲနေတာကို... ဟူး... ထားလိုက်ပါတော့... ညီမ မသင်တော့ပါဘူး..."

သူမ ထိုသို့ ပြောနေရင်းနှင့် နှာခေါင်းလေး နီရဲလာပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ အလိုအလျောက် စီးကျလာ၏။

ဤသည်ကို ကြားသောအခါ လဲ့ချန်မှာ ရင်ထဲတွင် ဆို့နင့်သွားသည်။

သူ၏ ညီမက အမြဲတမ်း စိတ်ဓာတ်ခိုင်မာပြီး ချွေတာတတ်ကာ အစားအသောက်နှင့် အဝတ်အစားများအတွက် ငွေသုံးရန် အမြဲတမ်း တွန့်ဆုတ်နေတတ်ကြောင်း သူ သိ၏။ သူမ ဤအကြောင်းကို အချိန်အကြာကြီး စဉ်းစားနေခဲ့မည်ကို သူ သိသည်။

သူ၏ အတိတ်ဘဝမှ နောက်ဆုံး အောင်မြင်မှုကို ပြန်တွေးကြည့်လျှင် သူက ဘီလီယံရာပေါင်းများစွာ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများရှိသည့် ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏ မိသားစုဝင် တစ်ဦးတစ်ယောက်ကိုမျှ မကာကွယ်နိုင်ခဲ့ပေ။

"ဟေ့... ချင်းအာ... အစ်ကို့စကားကို နားထောင်..."

သူက လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။

"မင်းက ဒါလုပ်နိုင်တယ်လို့ တကယ်ထင်ရင် သွားလုပ်လိုက်... မိသားစုမှာ ပိုက်ဆံရှိမရှိ စိတ်မပူနဲ့... အခု မိသားစုမှာ ပိုက်ဆံရှိနေပြီပဲ... အဲဒီလောက် လှုပ်ရှားစရာလေးတော့ ငါတို့မှာ မရှားပါဘူး... မိသားစုကို ဝန်ပိစေတယ်ဆိုတာက ဘာလုပ်ရမှာမလို့လဲ... ဒါ့အပြင် ရေတစ်အိုးတည်းနဲ့ ငါတို့ ငတ်မသေနိုင်ပါဘူး..."

"ဒါပေမဲ့..."

လဲ့ချင်းက မျက်ရည်ဝဲနေသော မျက်လုံးများကို မော့ကြည့်လိုက်ပြီး အနည်းငယ် ငြင်းဆန်ကာ ပြောလိုက်သည်။

"မိသားစုက အစ်ကို့ကို အားကိုးနေရတာ... အဲဒီ..."

"ရပ်လိုက်... လျှောက်ပြီး တွေးမနေနဲ့..."

လဲ့ချန်က လက်လှမ်း၍ သူမ၏ ခေါင်းကို ပုတ်လိုက်ပြီး သူ၏ အပြုံးက အနည်းငယ် ပေါ့ပေါ့ပါးပါး ဖြစ်နေ၏။

"မင်းအစ်ကိုက ကြီးမြတ်တဲ့အရာတွေလုပ်ဖို့ မွေးဖွားလာတာ... အဲ့လောက် ပိုက်ဆံလေးက ဘာများလဲ... မင်းရဲ့ ပညာကို သင်ဖို့ပဲ အာရုံစိုက်ထား... မင်း ပိုက်ဆံရှာနိုင်တဲ့အခါ လဲ့မိသားစုအတွက် ကြီးမားတဲ့ ပံ့ပိုးသူ ဖြစ်လာလိမ့်မယ်..."

လဲ့ချင်းက ချီတုံချတုံ ဖြစ်နေဆဲကို မြင်သောအခါ သူက တင်ပါးကို ပုတ်၍ မတ်တပ်ရပ်လိုက်သည်။

"ဒါ အတည်ပဲ... ထပ်စဉ်းစားနေစရာ မလိုတော့ဘူး... ဒီနေ့ ရာသီဥတု တော်တော်ကောင်းတယ်... မြန်မြန် အိမ်ပြန်ပြီး တစ်ရေးလောက် သွားအိပ်လိုက်... နွားတင်းကုပ်ထဲမှာ မှုန်ကုပ်ကုပ်နဲ့ နေပြီး ခံစားချက်တွေကို အလဟဿ မဖြုန်းတီးနဲ့..."

ထိုသို့ပြောပြီးနောက် လဲ့ချန်က ဆုံးဖြတ်ချက် ခိုင်မာသွား၏။

သူက ဘာမှ မဖြစ်ခဲ့သလို လှည့်ထွက်လာခဲ့သော်လည်း သူ၏ စိတ်ထဲတွင် ထိုမနက်က တောထဲ၌ တွေ့ရှိခဲ့သည်ကို ပြန်လည် အမှတ်ရနေသည်။

သတ္တုတွင်းနှင့် ပတ်သက်သောကိစ္စကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရပေမည်။ သူ အရာရာကို ပို၍ စဉ်းစားရန် လိုအပ်၏။ အဆိုပါ ငွေကို သူ သေချာပေါက် စုဆောင်းရမည် ဖြစ်သည်။

လဲ့ချင်း၏ စိတ်ရှုပ်ထွေးနေသော ပုံစံကို ကြည့်ရသည်မှာ သူမ ဤကိစ္စကို ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မည်နည်း။

လဲ့ချင်း၏ ခံစားချက်များ အနည်းငယ် ငြိမ်သက်သွားသောအခါ လဲ့ချန်က ငွေတစ်ထပ်ကို သူမ၏ ခေါင်းအုံးအောက်သို့ တိတ်တဆိတ် ထည့်ထားပေးလိုက်၏။

အနည်းဆုံး ဆယ်ယွမ်တန် အချို့ရှိပြီး ဤအမဲလိုက်ခရီးစဉ်အတွင်း မိသားစု သုံးစွဲရန်အတွက် လုံလောက်သည်။

အနည်းဆုံးတော့ ယခု သူ၏ ညီမလေး ယုံကြည်မှုအနည်းငယ် ရှိလာနိုင်ပြီ မဟုတ်ပါလား။

နောက်တစ်နေ့ နံနက်တွင် အရုဏ်တက်ချိန်၌ လဲ့ချန်က မီးဖိုထဲသို့ ထင်းများ ထည့်နေစဉ် ရုတ်တရက် မြေပြင်ပေါ်တွင် သားရေဖိနပ်များ ခေါက်သံ ဆက်တိုက် ကြားလိုက်ရ၏။

ချက်ချင်းပင် ခန့်ညား၍ တောင့်တင်းသော ပုံရိပ်တစ်ခု ဝင်လာသည်။

"ဟေး... ဒါရိုက်တာကျောက်..."

လဲ့ချန်က ပြုံးဖြီးဖြီး လုပ်လိုက်၏။

“ခင်ဗျားက ကျွန်တော်တို့ဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ်ဆိုတော့ သေချာပေါက် မနက်စာ လာစားတာပဲ ဖြစ်ရမယ်..."

"သွားစမ်းပါ... ပါးစပ်အရမ်း သွက်တဲ့ကောင်..."

ကျောက်ချန်ဟယ်က ပြုံးလိုက်ပြီး သူ့အိတ်ကပ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်လိုက်၏။ "

ငါ ဒီနေ့ တခြားကိစ္စအတွက်လာတာ... သေချာနားထောင်... ငါတို့မြို့အတွက် စည်းမျဉ်းသစ်တွေ ထွက်လာပြီ..."

"နောက်ဆိုရင် မင်း ငါတို့မြို့မှာ အိမ်ထောင်စုစာရင်း လျှောက်ချင်ရင် ကောက်နှံအခွန်ဆောင်ပြီး ဖောင်ဖြည့်ရုံတင်မကဘူး... မြို့ခံ နှစ်ယောက်က ပူးတွဲ အာမခံ လက်မှတ်ထိုးပေးဖို့ လိုတယ်..."

"ဒါက မင်း ဘယ်သူနဲ့ ဆက်ဆံနေပါစေ လျှောက်လုပ်လို့မရတဲ့ ကိစ္စပဲ... မင်းအတွက် အာမခံပေးမယ့်သူမရှိရင် ဒေသအစိုးရနဲ့ သွားမနောက်နဲ့..."

"ဘာ..."

ဤသည်ကို ကြားသောအခါ လဲ့ချန်က မီးဖိုမှ ခုန်ထလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေ၏။

"ကျွန်တော်တို့ရွာက လူတွေကော ဘယ်လိုလုပ်မလဲ... ကျွန်တော်တို့အတွက် အာမခံမယ့်သူ မရှိရင် ကျွန်တော်တို့ မြို့ကိုသွားမယ့်လမ်း ပိတ်သွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား..."

"ဟေး... အဲဒါက တကယ်ပဲ ငါ့ကို သတိရစေတယ်..."

ကျောက်ချန်ဟယ်က သူ့ကို အားနာမှုမရှိဘဲ လက်ညှိုးထိုးပြလိုက်သည်။

"မင်း ကောင်စုတ်လေး.. အခု မြန်မြန်လုပ်တာ ပိုကောင်းမယ်... ဘာလို့လဲဆိုတော့ နောက်နှစ်နှစ်နေရင် အဲ့မူဝါဒ ပျောက်သွားမှာမလို့... မူဝါဒက မင်းရဲ့ ခြေထောက်တွေကို ညှပ်တယ်လို့ ငါတို့ကို လာအပြစ်မတင်နဲ့..."

လဲ့ချန်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး သူ့စိတ်က လျင်မြန်စွာ အလုပ်လုပ်သွား၏။ ပူးတွဲ အာမခံအတွက် တာဝန်ယူရမည့် ဤမြို့ခံများကို သူ ဘယ်က သွားရှာရမည်နည်း။

လမ်းပေါ်က လူနှစ်ယောက်ကို ရမ်းသမ်းပြီး ရွေး၍မရနိုင်ပေ။ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ယုံကြည်ရသူများဟူ၍ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များသာ ရှိပုံရသည်။

"စက်ရုံမှူး... အာမခံမယ့်သူကို ဘယ်... ဘယ်ကနေ သွားရှာရမှာလဲ..."

လဲ့ချန်က ပြဿနာတက်နေဟန်ဖြင့် သူ၏ နောက်စေ့ကို ကုတ်လိုက်၏။

"ဟေး ကလေး... မင်း ငါ့ကို မေးနေတာလား... ငါက ဘယ်လိုလုပ် သိမှာလဲ... မင်းဘာသာ စဉ်းစားကြည့်..."

ကျောက်ချန်ဟယ်က ဒေါသထွက်ချင်ယောင်ဆောင်၍ သူ့ကို စိုက်ကြည့်ကာ ပြုံး၍ ထပ်ပြော၏။

"ဒါပေမဲ့ မင်း တကယ် လူရှာချင်ရင် စက်ရုံထဲမှာ သဘောကောင်းတဲ့ သူငယ်ချင်းဟောင်းအချို့ရှိတယ်... ငါ မင်းအတွက် နောက်ကျရင် မေးကြည့်ပေးမယ်..."

"ဒါဆို အရမ်းကောင်းတာပေါ့..."

ဤသည်ကို ကြားသောအခါ လဲ့ချန်၏ မျက်နှာက ချက်ချင်း လင်းလက်သွားသည်။

"စက်ရုံမှူး... ခင်ဗျားက တကယ်ကို ဒုက္ခဆင်းရဲထဲက ကယ်တင်ရှင်ပဲ... ဒီကိစ္စသာ အဆင်ပြေသွားရင် နောက်ကျရင် ကျွန်တော် ခင်ဗျားကို အရက်တိုက်မယ်..."

"ငါ့ကို အဲဒါတွေ လာမလုပ်နဲ့..."

ထိုသို့ ကျောက်ချန်ဟယ်က ပြောလိုက်သောအခါ လဲ့ချန်က သူ၏ ညီမအကြောင်း တွေးမိ၍ ပြန်လည် စိုးရိမ်သွားပြီး မေးလိုက်သည်။

"စက်ရုံက ဘယ်တော့ ပြန်ဖွင့်မှာလဲ..."

"အလုပ်ပြန်စဖို့ အချိန်နည်းနည်း ကြာလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်... အထက်က အတည်ပြုချက် မကျသေးဘူး... အရမ်းကြီး စိုးရိမ်မနေနဲ့ ကလေး... ငါ အဲဒီ သူငယ်ချင်းဟောင်းတွေကို အရင် သွားမေးကြည့်ပေးမယ်... သတင်းတစ်ခုခုရရင် မင်းကို အသိပေးမယ်..."

ကျောက်ချန်ဟယ်က စကားပြောရင်း လဲ့ချန်၏ ပခုံးကို ပုတ်လိုက်၏။

“ချန်ဇီ... သေချာကြိုးစားလုပ်..."

လဲ့ချန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကျောက်ချန်ဟယ်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။ ဤတောက ကလေးက အတော်လေး အမြော်အမြင်ရှိသည်။ သူက ကြိုတင်စီစဉ်ရမည်ကို သိပြီး အိမ်ထောင်စုစာရင်း ရရှိရန် စဉ်းစားနေပြီ ဖြစ်၏။ အမြော်အမြင်နည်းပြီး ဖြစ်သလို နေတတ်သော မြို့ခံအချို့နှင့် မတူပေ။

"ချန်ဇီ... ဟေး... ချန်ဇီ..."

ကျောက်ချန်ဟယ်က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ထွက်သွားတော့မည့် လဲ့ချန်ကို လှမ်းခေါ်လိုက်၏။

"ဒီလိုလုပ်ပါလား... ငါက ဘယ်လိုပဲဖြစ်ဖြစ် ပြန်သွားမှာဆိုတော့ မင်းကို ငါနဲ့အတူ ခေါ်သွားပြီး အဘိုးကြီးလျိုနဲ့ အဘိုးကြီးချန်တို့ကို မင်းအတွက် ပူးတွဲအာမခံပေးဖို့ ဆန္ဒရှိ၊ မရှိ သွားမေးကြည့်မယ်... ဘယ်လိုလဲ..."

အခန်း (၆၆)အာမခံခြင်း

အဘိုးကြီးလျူနှင့် အဘိုးကြီးချန်တို့သည် စက်ရုံမှ ဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။ သူတို့သည် ရိုးသားဖြောင့်မတ်ကြပြီး ပုံမှန်အားဖြင့် လဲ့ချန်နှင့် ဆက်ဆံရေး အတော်လေး အဆင်ပြေသူများဖြစ်၏။

"ဒါဆို အရမ်းကောင်းတာပေါ့... ကျေးဇူးတင်ပါတယ် စက်ရုံမှူး..."

ဤသည်ကို ကြားသောအခါ လဲ့ချန်မှာ ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤကိစ္စက သူ၏ ပြဿနာများစွာကို ဖြေရှင်းပေးလိုက်နိုင်၏။

အိမ်ပြန်ရောက်သောအခါ လဲ့ချန်က သူ၏ ဇနီးဖြစ်သူ ချီလန်ကို စကားအနည်းငယ် မှာကြားလိုက်ပြီး သမီးငယ်လေး ရှောင်ရှောင်၏ ဖောင်းမို့နေသော ပါးပြင်လေးကို တစ်ချက်နမ်းလိုက်ကာ ကျောက်ချန်ဟယ်၏ ဂျစ်ကားပေါ်သို့ အလျင်အမြန် လိုက်တက်သွားသည်။

ဂျစ်ကားလေးက တဒုတ်ဒုတ် မြည်ကာ လမ်းတစ်လျှောက် ဆောင့်ငြိမ့်သွားပြီးနောက် မြို့ပေါ်သို့ မကြာမီ ရောက်ရှိသွား၏။

သူတစ်ပါးကို အကူအညီ တောင်းရမည်ဖြစ်သဖြင့် လဲ့ချန်က အကင်းပါးစွာဖြင့် အကောင်းစား ဆေးလိပ်နှင့် အရက်များကို အရင်ဝယ်လိုက်သည်။ ထို့နောက် အလေးချိန် စီးနေသော ပစ္စည်းအိတ်ကိုဆွဲကာ အဘိုးကြီးလျူအိမ်၏ ဆေးကွာကျနေသော သစ်သားတံခါးရှေ့တွင် ရပ်၍ တံခါး သုံးချက် ခေါက်လိုက်၏။

ကျွီ…..။

နှစ်ပေါင်းများစွာ မပြင်ဆင်ရသေးသော လေမှုတ်ဖိုအိုကြီးတစ်ခုကဲ့သို့ တံခါးက ညည်းညူသံ ထွက်ပေါ်လာသည်။

တံခါးက အမြန်ပွင့်လာပြီး အနည်းငယ် ပင်ပန်းနေသော်လည်း ဖော်ရွေသော အသံတစ်သံ ထွက်ပေါ်လာ၏။

"အို... မန်နေဂျာလဲ့ မဟုတ်လား... ဘယ်လေနှင်လို့ ရောက်လာတာလဲ..."

အဘိုးလျူက ခေါင်းပြူကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် ရပ်နေသော လဲ့ချန်ကို မြင်သောအခါ အစပိုင်းတွင် မှင်သက်သွားပြီးနောက် ပြုံးရွှင်သော မျက်နှာထားကို ဖန်တီးလိုက်သည်။

သူက နှုတ်မှ "ရှားရှားပါးပါး ဧည့်သည်ပါလား..." ဟု ရေရွတ်ရင်း မျက်နှာသုတ်ပုဝါဖြင့် သူ၏ လက်များကို ကမန်းကတန်း သုတ်လိုက်၏။

"အစ်ကိုလျူ... ကျွန်တော်က ဘာမန်နေဂျာ မှတ်လို့လဲ... လမ်းကြုံလို့ ဝင်လာတာပါ..."

လဲ့ချန်က ပြုံး၍ ပြန်ဖြေရင်း သူ၏ လက်ထဲမှ ပစ္စည်းများကို မြှောက်ပြလိုက်သည်။

"အိမ်ကလူတွေ ဘာကြိုက်တတ်လဲ မသိလို့ ဆေးလိပ်၊ အရက်နဲ့ သကြားလုံး နည်းနည်းပါးပါး ဝယ်လာခဲ့တယ်... အစ်ကိုကြီး အထင်မသေးပါနဲ့..."

စကားပြောဆိုရာတွင် ယဉ်ကျေးပျူငှာလှပြီး ဒေသခံ လူမှုရေးထုံးတမ်းများနှင့် ကိုက်ညီလှ၏။

အဘိုးကြီးလျူက တစ်ခဏမျှ ရပ်တန့်သွားပြီး သူ၏ အကြည့်များက လဲ့ချန် လက်ထဲရှိ ပစ္စည်းများပေါ်သို့ ကျရောက်သွားသည်။ တန်ဖိုးကြီးမားလှသော မောင်းထိုင်းအရက် နှစ်ပုလင်းကို မြင်လိုက်ရသောအခါ သူက အလျင်အမြန် ဘေးသို့ ဖယ်ပေးလိုက်၏။

"အို... မန်နေဂျာရာ ဘာလို့ အဲ့လောက် လုပ်နေရတာလဲ... အားလုံးက ကိုယ့်လူတွေချည်းပဲကို... လာ လာ အမြန်ဝင်... အဲ့မှာ ရပ်မနေနဲ့တော့..."

ခြံဝင်းထဲတွင် အဘိုးကြီးလျူ၏ ဇနီးက ခွေးခြေခုံလေးပေါ်တွင် ထိုင်၍ ပဲတောင့်များ ခွာနေရင်း နားစွင့်ထားရာ သူစိမ်းအမျိုးသား တစ်ဦး၏ အသံကို ကြားသည်နှင့် အလျင်အမြန် ခေါင်းမော့ကြည့်လိုက်သည်။

အဘိုးကြီးလျူက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း တည်ငြိမ်သော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးအား လက်ထဲတွင် အိတ်ကြီးအိတ်ငယ်များ ဆွဲလာသည်ကို နွေးထွေးစွာ ကြိုဆိုနေသည်ကို မြင်သောအခါ သူမက မတ်တပ်ထရပ်လိုက်မိ၏။

“အဘိုးကြီး... သူက ဘယ်သူလဲ..."

အဘိုးကြီးလျူ၏ ဇနီးက ခါးစညောင်းတွင် လက်ကို သုတ်ရင်း ချီတုံချတုံ မေးလိုက်သည်။

"မင်း မသိသေးဘူး မဟုတ်လား... သူက ငါတို့ စက်ရုံရဲ့ အကြီးမားဆုံးသော ကျေးဇူးရှင် မန်နေဂျာလဲ့လေ... ကောင်းကင်က ကြယ်တွေထက်တောင် အကြံဉာဏ် ပိုများပြီး စက်ရုံကို ပြိုလဲလုဆဲဆဲ အခြေအနေကနေ ပြန်ဆွဲတင်ပေးခဲ့တဲ့ မန်နေဂျာလဲ့ပေါ့..."

အဘိုးကြီးလျူက ပြောဆိုနေစဉ်တွင် သူ၏ လေသံထဲ၌ လဲ့ချန်နှင့် သူ၏ ခင်မင်ရင်းနှီးမှုက တစ်မုဟုတ်ချင်း တက်သွားသကဲ့သို့ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပါဝင်နေ၏။

"အို..."

အဘိုးကြီးလျူ၏ ဇနီးမှာ ဤသည်ကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်မှ "မန်နေဂျာလဲ့" ဟု ရေရွတ်ကာ အိမ်ထဲသို့ ကမန်းကတန်း လှည့်ဝင်သွားပြီး သန့်ရှင်းသော အဝတ်စုတ် တစ်ခုကို ယူ၍ ခြံဝင်းထဲရှိ စားပွဲများကို အပြောင်အစင် သုတ်သင်လေတော့သည်။

"အကင်းမပါးလိုက်တာ... စားပွဲကို သုတ်နေရုံနဲ့ ဘာအသုံးကျမှာလဲ... ကုလားထိုင်တွေကိုပါ မြန်မြန်သုတ်လေ... ငါတို့ မန်နေဂျာလဲ့ရဲ့ ဘောင်းဘီ ညစ်ပတ်သွားဦးမယ်..."

အဘိုးလျူက သူ၏ ဇနီးကို စိတ်ရှုပ်ဟန်ဖြင့် စိုက်ကြည့်၍ ပြောလိုက်၏။

သူက စကားပြောရင်း ကုလားထိုင်ကို ဆွဲထုတ်၍ လဲ့ချန်ကို ထိုင်ရန် အားတက်သရော ဖိတ်ခေါ်လိုက်သည်။

“လာ လာ မန်နေဂျာလဲ့... ဒီမှာ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး အားမနာနဲ့နော်..."

"ဟုတ်ကဲ့ ဟုတ်ကဲ့... အစ်ကိုလျူကလည်း... အားလုံးက ကိုယ့်လူတွေချည်းပဲကို... ဘာလို့ အဲ့လောက် အားနာနေရတာလဲ... မရီးကို ပင်ပန်းမခံပါစေနဲ့..."

လဲ့ချန်က ပြုံး၍ လက်ကာပြလိုက်၏။ သူ ထိုင်ပြီးနောက်တွင် ချီးကျူးစကား အနည်းငယ် ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် အစ်ကိုကြီးရဲ့ ခြံဝင်းက တော်တော်လေး သန့်ရှင်းသပ်ရပ်တာပဲ..."

အဘိုးလျူ၏ ဇနီးက အမိုးအောက်တွင် ချိတ်ဆွဲထားသော စုတ်ပြဲနေသည့် မိုးကာစကို မော့ကြည့်လိုက်ပြီး သူမ၏ အမူအရာက တစ်ခဏမျှ အနေရခက်သွား၏။

“အင်း... ဆင်းရဲတော့လည်း ခုလိုပဲ ဖြစ်သလို နေရတာပေါ့..."

နှုတ်ဆက်စကား ပြောဆိုနေစဉ်တွင် လဲ့ချန်က အဘိုးလျူ ဇနီးမောင်နှံ၏ မျက်နှာ အမူအရာများကို တိတ်တဆိတ် အကဲခတ်နေသည်။

သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း စိတ်ထဲတွင်မူ ပြောရမည့် စကားများကို ကြိုတင် စဉ်းစားထားပြီး ဖြစ်၏။

ကိစ္စရပ်တိုင်းကို ဖြည်းဖြည်းချင်း လုပ်ဆောင်ရမည်ဖြစ်ပြီး တည့်တိုး ပြောဆိုခြင်းက အလွန် ရုတ်တရက် ဆန်လွန်းသည်။ ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ္မာပါးနပ်မှုက အလွန် အရေးကြီး၏။

"အစ်ကိုလျူ..."

လဲ့ချန်က နောက်ဆုံးတွင် အခွင့်အရေး တစ်ခု ရရှိသွားပြီး စကားလမ်းကြောင်းကို အဆင်ပြေပြေ ပြောင်းလဲလိုက်သည်။

"ကျွန်တော်တို့ စက်ရုံပြန်လည် လည်ပတ်နိုင်တာက အစ်ကိုကြီးတို့လို ဝန်ထမ်းဟောင်းတွေရဲ့ ကျေးဇူးကြောင့်ပါ... ဒါပေမဲ့ ကျွန်တော် ဒီတစ်ခေါက် လာတာက အစ်ကိုကြီးနဲ့ မရီးကို အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ..."

"အို.း.. ဘာကိစ္စများလဲ..."

အဘိုးလျူက ခေါင်းတဆက်ဆက် ညိတ်၍ နားထောင်နေသော်လည်း သူ၏ မျက်လုံးများထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

အဘိုးလျူ၏ ဇနီးကလည်း သူမ၏ ပဲတောင့်ခွာနေသော လှုပ်ရှားမှုကို နှေးကွေးသွားစေပြီး စကားနားထောင်နေသကဲ့သို့ ဖြစ်နေသည်။

လဲ့ချန်က ချောင်းဟန့်လိုက်ပြီး သူ၏ လေသံကို ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ကြိုးစားလိုက်၏။

"ဒီလိုပါ... ကျွန်တော့် မိသားစုက မြို့ပေါ်ကို ပြောင်းလာချင်လို့ပါ... အစ်ကိုကြီးလည်း သိတဲ့အတိုင်းပဲ အခုခေတ်မှာ မြို့ပေါ် အိမ်ထောင်စုစာရင်း ရဖို့ဆိုရင် မြို့ခံက ပူးတွဲ အာမခံပေးဖို့ လိုတယ်လေ..."

"ကျွန်တော်က အစ်ကိုကြီးနဲ့ သိလာတာလည်း နှစ်အတော်ကြာပြီဖြစ်သလို စက်ရုံက လူဟောင်းတွေလည်း ဖြစ်နေတော့ အစ်ကိုကြီးများ ကူညီပေးနိုင်မလားလို့ လာမေးတာပါ..."

"ပူးတွဲအာမခံ..."

အဘိုးလျူက ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွား၏။

"မန်နေဂျာလဲ့... ခင်ဗျားက မြို့ပေါ်ကလူ မဟုတ်ဘူးလား..."

လဲ့ချန်က ရိုးသားစွာပင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ကျွန်တော်က ကျေးလက် အိမ်ထောင်စုစာရင်းနဲ့ပါ... လွန်ခဲ့တဲ့ လအနည်းငယ်ကမှ မြို့ပေါ်ကို တက်လာပြီး အလုပ်လုပ်တာလေ... စက်ရုံက ပေးတဲ့ ထမင်းလုတ်ကိုပဲ အားကိုးနေရတာပါ..."

အဘိုးလျူက သူ၏ မေးစေ့ကို ပွတ်သပ်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချောင်းဟန့်လိုက်ရာ သူ၏ မျက်နှာထားက အနည်းငယ် အနေရခက်သွား၏။

မည်သို့ပင်ဆိုစေကာမူ ယခုခေတ်တွင် ကျေးလက်နှင့် မြို့ပြ အိမ်ထောင်စုစာရင်းများအကြား ကွာဟချက်မှာ ကြီးမားလှပြီး မြို့ပေါ်လူများက ကျေးလက်လူများကို အထင်သေးခြင်းမှာလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။

“ယောင်္ကျား... ရှင် လွယ်လွယ်နဲ့ သွားမကတိပေးလိုက်နဲ့နော်... ငါတို့ မိသားစုက ရှိတာလေးနဲ့ကို အနိုင်နိုင် ရုန်းကန်နေရတာ... ရှင်က ပြဿနာတစ်ခုခု ထပ်ရှာလာရင် ငါက ဘယ်လိုလုပ် အသက်ရှင်ရတော့မှာလဲ..."

အဘိုးလျူ စကားမပြောရသေးမီ သူ၏ ဇနီးက အရင် အော်ဟစ်လိုက်သည်။

"ဒါ့အပြင် စောစောကတင် ရှင်တို့ စက်ရုံက မန်နေဂျာလဲ့ ဘယ်လောက် အရည်အချင်းရှိကြောင်း၊ ဘယ်လောက် တော်ကြောင်း ချီးကျူးနေတာ မဟုတ်ဘူးလား... သူက ပူးတွဲအာမခံ လုပ်ချင်တယ်ဆိုရင်တောင် ငါတို့အကူအညီ လိုလို့လား..."

ဤစကားကို ကြားသောအခါ လဲ့ချန်၏ ရင်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားသော်လည်း အပြုံးတစ်ခုကို အတင်း ဖန်တီးထားလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အဓိကအရေးကြီးသည်က အဘိုးလျူဘက်တွင် သာ ရှိသည်။

သူက စားပွဲပေါ်ရှိ ရွှံ့စွန်းနေသော လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်ပြီး ချီတုံချတုံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

"မရီး... အစ်ကိုလျူ... ကျွန်တော် ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့ သိပါတယ်... ကျွန်တော်က ခင်ဗျားတို့ကို ဘယ်လိုလုပ် အန္တရာယ်ထဲ ဆွဲသွင်းရက်မှာလဲ... ကျွန်တော် ကတိပေးပါတယ်... ဒီကိစ္စက ခင်ဗျားတို့ကို သေချာပေါက် ဒုက္ခရောက်စေမှာ မဟုတ်ပါဘူး..."

"ဒါကတော့လေ..."

အဘိုးလျူက ခေါင်းကုတ်၍ အခက်တွေ့နေဟန်ဖြင့် ပြောလိုက်၏။

"မန်နေဂျာလဲ့... အစ်ကိုက မကူညီချင်လို့ မဟုတ်ပါဘူး... ဒီကိစ္စက တကယ့်ကို အန္တရာယ် ကြီးမားလွန်းလို့ပါ..."

"အဆိုးဆုံးကို တွေးကြည့်ရအောင်... တကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင်တောင် နောက်ပိုင်းမှာ ပြဿနာတစ်ခုခု ဖြစ်လာရင်..."

ဤသည်က သွယ်ဝိုက်သော စကားဖြစ်သော်လည်း အမှန်တကယ်တွင်မူ ဆင်ခြေပေး ငြင်းဆန်နေခြင်းပင် ဖြစ်သည်။

လဲ့ချန်က ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဉ်တွင် အဘိုးလျူ၏ ဇနီးက အသစ်ငဲ့ထားသော လက်ဖက်ရည်ခွက်ကို သိမ်းဆည်းလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်ကို မြင်လိုက်ရ၏။

"မန်နေဂျာလဲ့... ဧည့်သည်အဖြစ်တော့ လက်ခံပါတယ်... ဒါပေမဲ့ ဒီလို အရေးမပါတဲ့ ကိစ္စတွေကို လာပြောနေမယ်ဆိုရင်တော့ ကျွန်မတို့ ဧည့်မခံနိုင်ပါဘူး..."

လက်ဖက်ရည်၏ အငွေ့လေးများ ဝေ့တက်လာသော်လည်း လေထုထဲတွင်မူ အသက်ရှူကြပ်လောက်အောင် အနေရခက်သော တိတ်ဆိတ်မှုကြီး ကျဆင်းသွားသည်။

ဖုန်း...

ရုတ်တရက် စားပွဲကို အပြင်းအထန် ရိုက်ချလိုက်သံ ထွက်ပေါ်လာ၏။

လှည့်ကြည့်လိုက်သောအခါ အဘိုးလျူ ဖြစ်နေသည်။

"မိန်းမယုတ်... ငါတို့ မန်နေဂျာကို ဘယ်လို စကားပြောနေတာလဲ... အခုချက်ချင်း တောင်းပန်လိုက်စမ်း..."

"ကျွန်မက ဘာလို့ တောင်းပန်ရမှာလဲ... ကျွန်မ ခုလိုလုပ်တာ ရှင့်အတွက်ပဲလေ... ဘာလဲ... ပြင်ပလူတစ်ယောက်အတွက် ရှင်က ဇနီးနဲ့ ကလေးကိုတောင် ပစ်ထားတော့မလို့လား..."

အဘိုးလျူ၏ ဇနီးက အသံကို မြှင့်လိုက်ပြီး ငိုယို ဆဲဆိုလေတော့သည်။

"ကောင်းပြီလေ... သူ့အတွက် ပူးတွဲအာမခံ လုပ်ပေးလိုက်... ရှင် လုပ်ပေးမယ်ဆိုရင် ဒီအိမ်ထဲကို ပြန်မဝင်လာနဲ့တော့... နောက်ဆို ကျွန်မနဲ့ ကလေးက ရှင့်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး..."

"နောက်ကျရင် ငါတို့ကို ဒုက္ခလာမပေးနဲ့..."

All Chapters