← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉)အပ်ချုပ်ပညာ သင်ယူခြင်း ၊ ဖြစ်ရပ်များစွာ

လဲ့ချန်က သရော်လိုက်သည်။

"မိထွေး ဟုတ်လား... ခင်ဗျားက အဲဒီနာမည်နဲ့ ထိုက်တန်လို့လား..."

ကျန်းကွေ့ဖန်းမှာ လဲ့ချန်၏ စကားကြောင့် ဆွံ့အသွားပြီး သူမ၏ မျက်နှာက ဖြူရော်သွားကာ ချက်ချင်း ပြန်၍ နီရဲလာ၏။

ဤသည်ကို မြင်သောအခါ စွန်းယန်မေက အခြေအနေကို ပြေလည်စေရန် အလျင်အမြန် ဝင်ပြောလိုက်သည်။

"ချန်ဇီ... အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီပဲ... အဲ့အကြောင်း ထပ်မပြောကြရအောင်... ဒီစာ... ဒ္စာက သေချာပေါက် ငါတို့ရေးတာ မဟုတ်ဘူး... တစ်ယောက်ယောက်က ငါတို့ကို အကွက်ဆင်တာဖြစ်ရမယ်..."

လဲ့ချန်က စွန်းယန်မေကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။

"အကွက်ဆင်တယ်... ကဲ ပြောစမ်း... ဘယ်သူက ခင်ဗျားတို့ကို အကွက်ဆင်တာလဲ... ဒီစာပေါ်မှာ အနီရောင် လက်ဗွေရာပါတယ်... တခြားတစ်ယောက်ယောက်က လာနှိပ်သွားတာများလား..."

စွန်းယန်မေမှာ လဲ့ချန်၏ အမေးကြောင့် ဆွံ့အသွားပြီး အတန်ကြာသည်အထိ သင့်လျော်သော အဖြေတစ်ခုမျှ မပေးနိုင်တော့ပေ။

ထိုအချိန်တွင် လျိုတာကျူးက နောက်ဆုံး၌ သတိဝင်လာသည်။ သူက လဲ့ချန်၏ လက်ထဲရှိ တိုင်စာကို တုန်ရီစွာ လက်ညှိုးထိုး၍ ပြောလိုက်၏။

“ဒီ... ဒီစာကို... အဲဒီခွေးကောင် လိုင်ကျားမင်... လိုင်ကျားမင် ရေးခိုင်းတာ..."

"လိုင်ကျားမင်..."

လဲ့ချန်က မျက်ခုံးပင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဤကောင်လေးက တကယ်ပဲ ဤလို လှည့်ကွက်မျိုး သုံးရဲတာလား။

"ဟုတ်တယ်... ဟုတ်တယ်... သူပဲ..."

လျိုတာကျူးက ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားရသကဲ့သို့ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“သူပြောတယ်... မင်းက သူ့ကို စော်ကားလို့ သူက မင်းကို... မင်းကို ပညာပေးမလို့တဲ့..."

...

နံနက်ခင်း၏ တိတ်ဆိတ်မှုထဲတွင် လဲ့ချင်း၏ မျက်လုံးများက အိပ်မက်ထဲ၌ အဝတ်မီးပူတိုက်ရာမှ ထွက်လာသော ရေနွေးငွေ့များကြောင့် စူးရှသွားပြီး အိပ်မက်က ဝေဝါးစွာ ပျောက်ကွယ်သွား၏။

သူမက အိပ်မှုန်စုံမွှားဖြင့် တစ်ဖက်သို့ လှည့်လိုက်ရာ သူမ၏ လက်က ခေါင်းအုံးအောက်သို့ မတော်တဆ ရောက်သွားသည်။

ရုတ်တရက် အထိအတွေ့ကြောင့် သူမ၏ မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်သွား၏။

"ဟင်... ဒါက ဘာလဲ..."

သူမက အနည်းငယ် လေးလံသော စက္ကူထပ် တစ်ခုကို ဆုပ်ကိုင်မိထားသည်။ သူမ အပြည့်အဝ သတိဝင်လာပြီး မော့ကြည့်လိုက်သောအခါ အနီရောင် ငွေစက္ကူထပ်က သူမ၏ မျက်လုံးများကို ကန်းလုမတတ် ဖြစ်သွားစေ၏။ ယွမ်နှစ်ရာဖြစ်သည်။

သူမက အသက်ရှူမှားသွားပြီး ကမန်းကတန်း ထိုင်လိုက်သည်။

“ယောင်းမ… ယောင်းမ..."

လဲ့ချင်းက အိပ်ရာပေါ်မှ အလျင်အမြန် ဆင်း၍ သူမ၏ မြေစိုက်အိပ်ရာမှ ပန်းပွင့်ပုံစောင်ကို ဖယ်ကာ မီးဖိုချောင်ဆီသို့ ခြေလှမ်းအနည်းငယ်ဖြင့် ပြေးသွားတော့သည်။

မီးဖိုချောင်ထဲတွင် ထင်းများ တဖျပ်ဖျပ် လောင်ကျွမ်းနေသံများ ပြည့်နှက်နေ၏။ ချီလန်က မီးဖိုထဲသို့ ထင်းထည့်ရန် ကိုယ်ကိုကိုင်းထားပြီး ရှောင်ရှောင်ကို ချော့မြှူနေသည်။

"ရှောင်ရှောင်... ဂျုံနည်းနည်း ထပ်ထည့်ပေးဦး... ရေဆူလာရင် ငါတို့ ပေါက်စီ စားရတော့မယ်..."

“ယောင်းမ.. မြန်မြန်... ဒီကို မြန်မြန်လာခဲ့ပါဦး..."

လဲ့ချင်းက သူမဘေးသို့ ပြေးသွားလုမတတ် သွားကာ အရေးတကြီး အသံတုန်တုန်ဖြင့် ပြောလိုက်၏။

ချီလန်က မော့ကြည့်လိုက်ရာ သူမ၏ ပျာယာခတ်နေသော ပုံစံကို မြင်ပြီး တစ်ခုခု ဖြစ်ပြီဟု ထင်လိုက်သည်။ သူမက မီးညှပ်ကို အလျင်အမြန် ချ၍ လက်ကို ခါလိုက်၏။

"ဘာဖြစ်လို့လဲ... တကယ် အရေးပေါ်ကိစ္စလား..."

“ယောင်းမ..."

လဲ့ချင်းက တုန်ရီနေသော လက်များဖြင့် ပိုက်ဆံကို ကမ်းပေးလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ဖြစ်နေ၏။

“ကြည့်ပါဦး... ဒီယွမ်နှစ်ရာက ဘာလဲ… ယောင်းမက ကျွန်မ ခေါင်းရင်းမှာ လာထားတာလား..."

ချီလန်က တစ်ခဏမျှ မှင်သက်သွားပြီးနောက် လက်လှမ်း၍ ပိုက်ဆံကို ယူကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ လာထားတာ... မဟုတ်ပါဘူး... ငါ့မှာ အဲ့လောက်များတဲ့ ပိုက်ဆံ ဘယ်ကရှိမှာလဲ..."

စကားပြောရင်းနှင့် သူမက ပိုက်ဆံကို ဟိုဘက်သည်ဘက် လှန်လှော၍ အကြိမ်ကြိမ် ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေ၏။

လဲ့ချင်းမှာ ပို၍ ပြာယာခတ်သွားပြီး နှာခေါင်းရှုံ့ကာ သတိထား၍ မေးလိုက်သည်။

"ဒါဆို... ဒါဆို တစ်ယောက်ယောက် မှားယူသွားတာများလား... ဒါမှမဟုတ်... ဒါမှမဟုတ်..."

သူမက သူ့ဘာသာ ရေရွတ်နေပြီးနောက် ရုတ်တရက် ရပ်တန့်သွားရာ သူမ၏ မျက်လုံးများက လင်းလက်သွားပုံရ၏။

"ကျွန်မ မှတ်မိပြီ..."

လဲ့ချင်းက သူမ၏ နဖူးကို အပြင်းအထန် ရိုက်လိုက်သည်။

"ဒီဟာကို လာထားတာ အစ်ကို များလား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အပ်ချုပ်သင်ချင်လို့ ကျွန်မ ငိုခဲ့တယ်လေ..."

ဤသည်ကို ကြားသောအခါ ချီလန်က ခုနစ်ဆယ်ရာခိုင်နှုန်း ရှစ်ဆယ်ရာခိုင်နှုန်းခန့် ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်မိ၏။

"ဟူး... နင့်အစ်ကိုကလေ... အပြင်ပန်းကသာ ခေါင်းမာနေတာ... စိတ်ထဲမှာတော့ နင့်ကို အရမ်းချစ်တာပါ..."

"သူ အဲဒီနေ့က နင်ငိုနေတာကို ကြားပြီး နင့်ကို ကူညီဖို့ နည်းလမ်းရှာခဲ့တာ နေမှာပေါ့... ဒါပေမဲ့ တိုက်ရိုက်မေးရင် နင် သဘောမတူမှာ စိုးလို့ နင့်ခေါင်းအုံးအောက်မှာ တိတ်တဆိတ် လာထားတာနေမှာ..."

လဲ့ချင်းက ငွေစက္ကူထပ်ကို စိုက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေပြီး သူမ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက အတင်းညှစ်ထုတ်ကာ ပြောလိုက်သည်။

“ယောင်းမ... ကျွန်မ ဒီပိုက်ဆံကို မယူနိုင်ဘူး... အစ်ကိုက အမြဲတမ်း ချွေတာနေတာကို... အဲ့လောက်များတဲ့ ပိုက်ဆံကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."

ချီလန်က လက်ကို ဝှေ့ယမ်း၍ သူမ၏ လက်ထဲသို့ ပိုက်ဆံကို အတင်း ပြန်ထည့်ပေးလိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်၏။

"နင့်အစ်ကိုက သူ ဘာလုပ်နေလဲဆိုတာ သူ သိပါတယ်... ဒီပိုက်ဆံကို ထုတ်ပေးရဲကတည်းက သူ သေချာ စဉ်းစားပြီးသား ဖြစ်မှာပါ..."

"ဒါ့အပြင် အပ်ချုပ်ပညာ သင်တယ်ဆိုတာက လုံးဝကို ကောင်းတဲ့ကိစ္စပဲလေ... ငါတို့က လောဘကြီးတာမှ မဟုတ်တာ... အလုပ်အကိုင် တိုးတက်ဖို့နဲ့ ရှေ့ဆက်သွားဖို့ ဒီအခွင့်အရေးကို ဘာလို့ မယူရမှာလဲ..."

လဲ့ချင်းက ခေါင်းငုံ့လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားလိုက်သည်။

သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ငိုလုနီးပါး ဖြစ်သွား၏။

ရှောင်ရှောင်က မီးဖိုဘေးမှ သိချင်စိတ်ဖြင့် ခေါင်းပြူထွက်လာပြီး လဲ့ချင်းဆီသို့ သူမ၏ ခြေတံတိုလေးများဖြင့် ပြေးသွားကာ မော့ကြည့်၍ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးလိုက်သည်။

"အန်တီလေး... အပ်ချုပ်သမားဆိုတာ ဘာလဲဟင်... ပျော်စရာ ကောင်းလား..."

ချီလန်က သမီးငယ်လေး၏ ခေါင်းကို မပွတ်သပ်ဘဲ မနေနိုင်တော့ချေ။

"အပ်ချုပ်သမားက အဝတ်အစားတွေ ချုပ်တယ်လေ... သူတို့က အရမ်း ကျွမ်းကျင်တာ... အန်တီလေးသာ သေချာ သင်ယူလိုက်ရင် နောက်ကျရင် သမီးအတွက် ပန်းပွင့်ပုံဂါဝန်လေးတွေ အများကြီး အဆင်သင့် ဖြစ်နေမှာပေါ့..."

ဤသည်ကို ကြားသောအခါ ရှောင်ရှောင်က ချက်ချင်း လက်ခုပ်တီး၍ ဝမ်းသာအားရ ခုန်ပေါက်ကာ အော်လိုက်၏။

"သမီး ပန်းပွင့်ပုံ ဂါဝန် လိုချင်တယ်... အန်တီလေး... သမီးကို ပန်းပွင့်ပုံ ဂါဝန်လေး မြန်မြန်ချုပ်ပေးနော်..."

တူမလေး၏ ရွှင်လန်းသော ရယ်မောသံကို ကြားသောအခါ လဲ့ချင်း၏ ရင်ထဲတွင် နူးညံ့သွားသည်။ အတန်ကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် သူမက အံကြိတ်၍ ပြောလိုက်၏။

“ယောင်းမ.. ကျွန်မ ယောင်းမ စကားကို နားထောင်ပါ့မယ်... ပိုက်ဆံ လုံလောက်အောင် ရှာနိုင်တဲ့အခါ အစ်ကို့ကို တစ်ပြားမကျန် ပြန်ဆပ်ပါ့မယ်..."

"အဲဒါမှ ပိုအဆင်ပြေတာပေါ့..."

ချီလန်က ကျေနပ်စွာဖြင့် လဲ့ချင်းကို ဆွဲခေါ်ရင်း ပြောလိုက်သည်။

“လာ... ယနေ့ မြို့ပေါ်က အပ်ချုပ်သင်တန်းကို သွားအပ်ကြမယ်... ရှောင်ရှောင်လည်း လိုက်ခဲ့... အခြေအနေ သွားကြည့်ကြရအောင်..."

နွားလှည်း၏ သစ်သားဘီးများက ရွှံ့ထူသော မြေပြင်ပေါ်တွင် လိမ့်သွားစဉ် ကျီကျီကျာကျာ မြည်သံများ ထွက်ပေါ်လာပြီး လူတစ်စုကို မြို့ပေါ်သို့ တင်ဆောင်သွားစဉ် ယိမ်းထိုး လှုပ်ခါနေ၏။

ချီလန်က လှည်းပေါ်မှ ဆင်းစဉ် သူမ၏ အဝတ်အစားများကို ခါလိုက်ပြီး လက်တစ်ဖက်က ရှောင်ရှောင်၏ လက်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က လဲ့ချင်း၏ ပခုံးကို ပုတ်လိုက်သည်။

“နင့်ကို သင်တန်းလိုက်ပို့ရင်း အခြေအနေ သွားကြည့်ပေးမယ်..."

မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် သူတို့က အပ်ချုပ်ဆရာကျန်း၏ အပ်ချုပ်ဆိုင်ကို ရှာတွေ့သွား၏။

ဆိုင်လေးက သေးငယ်ပြီး ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများပင် ကွာကျလုနီးပါး ဖြစ်နေသည်။

လဲ့ချင်းက အနည်းငယ် စိုးရိမ်သောစိတ်ဖြင့် ဝင်သွား၏။ သူမက သင်တန်းအပ်ရန် ပါးစပ်ဟလိုက်သည်နှင့် ဆရာကျန်းက ပြုံးဖြီးဖြီးဖြင့် ရှေ့ထွက်လာသည်။

"မိန်းကလေး... အပ်ချုပ်ပညာ သင်တာ အရမ်းကောင်းတယ်... ဒါက အရမ်းလိုအပ်တဲ့ ကျွမ်းကျင်မှုလေ... ဂွမ်းထူအင်္ကျီတွေနဲ့ စစ်သုံးအပေါ်အင်္ကျီတွေ ဘယ်လိုချုပ်လဲဆိုတာ ကြည့်ပါလား... တစ်ခါ တတ်သွားတာနဲ့ တစ်လကို အားကောင်းမောင်းသန် အလုပ်သမား သုံးယောက်စာလောက် ဝင်ငွေ ရှာနိုင်တယ်..."

လဲ့ချင်းက ဝမ်းသာသွားပြီး ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ဆရာကျန်းက ရုတ်တရက် သူမ၏ ပခုံးကို ပေါ့လည်းမပေါ့၊ ပြင်းလည်းမပြင်းသော အားဖြင့် လာပုတ်လိုက်ရာ သူမကို အနည်းငယ် နေရခက်သွားစေ၏။

ချီလန်က ဘေးမှ ကြည့်နေရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အပ်ချုပ်ဆရာ၏ ပြုံးနေသော မျက်နှာကို ပြန်ကြည့်လိုက်ရာ မီးဖိုပေါ်တွင် အချိန်အကြာကြီး တင်ထားသော ဟင်းချိုကဲ့သို့ အဆီရစ်နေသည်ဟု သူမ ထင်လိုက်၏။

သူမက မျက်မှောင်ကြုတ်၍ လဲ့ချင်းကို ဘေးသို့ အလျင်အမြန် ဆွဲထုတ်လိုက်ပြီး နားနားကပ်၍ တီးတိုး ပြောလိုက်သည်။

"လဲ့ချင်း... ဒီလူက ထူးဆန်းတယ်လို့ ငါထင်တယ်... တခြားသင်တန်းက လူကို သွားရှာကြရအောင်..."

"ဒါပေမဲ့ ဒီမြို့ပေါ်မှာ ဒါတစ်ခုပဲ ရှိတာကို..."

လဲ့ချင်းက နှုတ်ခမ်းကို ကိုက်၍ အနည်းငယ် အခက်တွေ့နေဟန်ဖြင့် ပြောလိုက်၏။

မျှော်လင့်မထားဘဲ ရှောင်ရှောင်က ရုတ်တရက် ချီလန်၏ လက်ကို ဆွဲကိုင်၍ အပြစ်ကင်းစင်စွာ မေးလိုက်သည်။

"အမေ... ဦးလေးကျန်းက အန်တီလေးကို ဘာလို့ အမြဲ လာလာကိုင်နေတာလဲဟင်... ကိုင်ရင် ပန်းပွင့်ပုံ ဂါဝန် ဖြစ်သွားမှာမလို့လား..."

ကလေး၏ ကျယ်လောင်သော အသံက ဆိုင်တစ်ဆိုင်လုံးသို့ ချက်ချင်း ပဲ့တင်ထပ်သွားပြီး ဆရာကျန်း၏လက်က လေထဲတွင် အေးခဲသွားကာ သူ၏ မျက်နှာက နီနေရာမှ ဖြူရော်သွားတော့သည်။

ပြဿနာကို ကြည့်ရန် ရောက်လာသော လမ်းသွားလမ်းလာ အချို့က ကျယ်လောင်စွာ စကားပြောလာကြ၏။

"ကျွတ်.. ကျွတ်... ငယ်ရွယ်တဲ့ မိန်းကလေးကို အဲဒီလို လာကိုင်နေတာ သူက အသက်မွေးဝမ်းကျောင်း ကျင့်ဝတ်ဆိုတာ မရှိဘူးလား..."

"ဟုတ်တယ်... ငါ့သမီးသာ အဲဒီလို လူမျိုးတွေနောက် လိုက်မယ်ဆိုရင် ငါက ပေါက်တူးကိုင်ပြီး သူတို့အိမ်ကို သွားဖြိုပစ်မှာ..."

ဆရာကျန်းမှာ ထိုစကားများကို ကြားပြီးနောက် ချွေးအေးများ ပြန်လာကာ အသည်းအသန် ရှင်းပြရန် ကြိုးစားသော်လည်း ချီလန်က အေးစက်သော မျက်နှာဖြင့် ရှေ့သို့ တက်လာပြီး ဖြစ်၏။ သူမ၏ အသံက မကျယ်သော်လည်း ငြင်းဆန်၍ မရနိုင်သော အေးစက်မှုတစ်ခု ပါဝင်နေသည်။

"ဆရာကျန်း... အပ်ချုပ်သမား တစ်ယောက်အနေနဲ့ ရှင်ရဲ့ ကျွမ်းကျင်မှုက အနည်းငယ် ကြမ်းတမ်းနေရင် ပြဿနာ မရှိပေမဲ့ ရှင်ရဲ့ စိတ်နှလုံးက ကောက်ကျစ်နေမယ်ဆိုရင်တော့ ရှင် အရှက်ကွဲရလိမ့်မယ်…”

အခန်း (၇၀)လိုင်ကျားမင် အဖမ်းခံရခြင်း

သူမ စကားပြောပြီးနောက် ရှောင်ရှောင်၏ လက်ကို ဆွဲကာ လဲ့ချင်းကို ခေါ်၍ ဆိုင်ထဲမှ လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် လဲ့ချင်းက မနေနိုင်ဘဲ မေးလိုက်၏။

“ယောင်းမ... အခု ဘယ်လိုလုပ်ကြမလဲ..."

ချီလန်က ခေါင်းပင်မမော့ဘဲ ပြန်ဖြေသည်။

"ဘာလုပ်ရမှာလဲ... တခြားအပ်ချုပ်သင်တန်း ပြောင်းရမှာပေါ့... ဒီမှာ သင့်တော်တဲ့သူ မရှိရင် ပိုဝေးတဲ့ နေရာကို သွားရှာကြမယ်...သူ့လို လူမျိုးဆီမှာ နင့်ကို ပညာသင်ခိုင်းပြီး အနာဂတ် အဖျက်ဆီးမခံနိုင်ဘူး..."

ချီလန်က လဲ့ချင်းနှင့် ရှောင်ရှောင်တို့ကို ခေါ်၍ ဟိုဟိုသည်သည် အလုပ်ရှုပ်သွားပြီးနောက် အခြားအပ်ချုပ်ဆိုင် တစ်ဆိုင်ကို အမှန်တကယ် ရှာတွေ့ခဲ့သည်။

ဆိုင်လေးက သေးငယ်သော်လည်း သန့်ရှင်းသပ်ရပ်၏။ ဆိုင်းဘုတ်ပေါ်ရှိ "ကျင်းရှို့ဖန်" ဟူသော စာလုံးသုံးလုံးကို ခွန်အားပါပါနှင့် သွက်လက်စွာ ရေးသားထားပြီး လက်တွေ့ကျသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဆိုင်ရှင်မှာ အသက်ငါးဆယ်အရွယ်ခန့်ရှိသော ကြင်နာတတ်သည့် ရုပ်ရည်နှင့် အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူမက စကားကို ဖြည်းဖြည်းနှင့် မှန်မှန် ပြောတတ်သော်လည်း လက်ကမူ မြန်ဆန်သွက်လက်လှ၏။ အချိန်တိုအတွင်းမှာပင် သူမက ရှောင်ရှောင်၏ ကိုယ်တိုင်းကို ယူလိုက်ပြီး အင်္ကျီလေး တစ်ထည် ချုပ်ပေးမည်ဟု ပြောသည်။

အဘွားကြီး၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို မြင်သောအခါ လဲ့ချင်းမှာ အများကြီး စိတ်အေးသွားပြီး ထိုအဆီရစ်နေသော ဆရာကျန်းထံတွင် ပညာမသင်လိုက်ရသည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိ၏။

အိမ်ပြန်ရောက်သောအခါ လဲ့ချင်းမှာ ရောထွေးနေသော ခံစားချက်များဖြင့် လွှမ်းမိုးနေသည်။ ယောင်းမဖြစ်သူက သူမဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သော်လည်း ယောင်းမ၏ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်ဟုလည်း ခံစားနေရ၏။ သူမက ချီလန်ကို ဘေးသို့ ဆွဲခေါ်ကာ ခေါင်းငုံ့၍ တိုးတိုးလေး ပြောလိုက်သည်။

“ယောင်းမ... ဒီနေ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်... ယောင်းမသာ မရှိရင် ကျွန်မ သီသီလေး..."

ချီလန်က သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး လက်ကို ရင်းနှီးစွာ ဝှေ့ယမ်းလိုက်သည်။

"ဟေး... ငါတို့က ညီအစ်မတွေလေ... ကျေးဇူးတင်စရာ မလိုပါဘူး... အဲဒီ ခွေးအိုကြီးက သေချာပေါက် လူကောင်းမဟုတ်ဘူး... နင့်အစ်ကိုသာ သိသွားရင် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိမ့်မယ်..."

လဲ့ချင်း၏ နှာခေါင်းလေး ကျိန်းစပ်သွားပြီး သူမ၏ မျက်လုံးများက ထပ်မံ နီရဲလာပြန်၏။

“ယောင်းမ.. နောက်ကျရင် ကျွန်မ ယောင်းမကို သေချာပေါက် ကောင်းကောင်း ပြန်စောင့်ရှောက်ပါ့မယ်..."

ချီလန်က ပြုံး၍ သူမကို တွန်းလိုက်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ... မြန်မြန် ထမင်းသွားဟင်းချက်တော့... ရှောင်ရှောင် ဗိုက်ဆာလို့ အော်နေပြီ..."

ထိုအချိန်တွင် လဲ့အားကော်၏ အိမ်၌ လေထုက အတော်လေး လေးလံနေ၏။

လဲ့အားကော်က အခန်းထဲတွင် ဟိုဟိုသည်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

အမည်မသိ တိုင်စာက သူ၏ စိတ်ထဲတွင် ကျောက်တုံးတစ်တုံးကဲ့သို့ ဖိစီးနေပြီး သူ့ကို တစ်ညလုံး အိပ်မပျော်စေခဲ့ပေ။

ယခုခေတ်တွင် အမည်မသိ တိုင်စာများ ရေးသားခြင်းက နောက်ပြောင်စရာ ကိစ္စမဟုတ်ပေ။ အကောင်းဆုံး အခြေအနေတွင် ဝေဖန်ခံရခြင်းနှင့် ရုန်းကန်ရသည့် အစည်းအဝေးများသို့ ဦးတည်သွားနိုင်ပြီး အဆိုးဆုံး အခြေအနေတွင်မူ... သူ ဆက်၍ မတွေးရဲတော့ပေ။

မိုးလင်းသည်နှင့် လဲ့အားကော်က တိုင်စာကို လက်ထဲတွင် ကိုင်၍ လဲ့ချန်၏ အိမ်သို့ အလျင်အမြန် ထွက်လာခဲ့သည်။

"အစ်ကိုချန်... အစ်ကိုချန်... အဆင်ပြေရဲ့လား..."

လဲ့အားကော်က တံခါးပေါက်မှ ဝင်လာသည်နှင့် အသံကုန် အော်ဟစ်လိုက်ရာ လဲ့ချန်၏ မိသားစုမှာ လန့်ဖြတ်သွားကြ၏။

ထိုအခါမှ လဲ့ချန်က ဘာဖြစ်နေသည်ကို သဘောပေါက်သွားပြီး အားကော်ကို ဘေးသို့ အလျင်အမြန် ဆွဲခေါ်သွားသည်။

သူက သက်ပြင်းချလိုက်ပြီး လဲ့အားကော်ကို အဖြစ်အပျက် အားလုံးကို ပြောပြလိုက်၏။

လဲ့ချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လဲ့အားကော်မှာ ဒေါသထွက်လွန်း၍ မျက်နှာ စိမ်းပုပ်သွားသည်။ သူက စားပွဲကို လက်သီးဖြင့် ထု၍ အော်ပြောလိုက်၏။

“အဲဒီလိုင်ကျားမင်က တကယ့် လူယုတ်မာပဲ... အစ်ကိုချန် စိတ်မပူနဲ့... အဲဒီခွေးကောင်ကို ရှာတွေ့ဖို့ ကျွန်တော် သေချာပေါက် ကူညီပေးမယ်..."

လဲ့ချန်က ခါးသီးစွာ ပြုံးလိုက်သည်။

"ရှာမယ်... ငါတို့က ဘယ်မှာ သွားရှာရမှာလဲ... အဲဒီကောင်က လစ်ပြေးသွားတာ ကြာလောက်ပြီ..."

လဲ့အားကော်၏ မျက်လုံးများက ဟိုဟိုသည်သည် ပြေးလွှားနေပြီး ပြတ်သားစွာ ပြောလိုက်၏။

"သူ ထွက်ပြေးလို့ရပေမဲ့ တစ်သက်လုံး ပုန်းနေလို့ မရပါဘူး... သူ့အိမ်က ဒီမှာပဲလေ... တစ်သက်လုံး ပုန်းနေနိုင်မယ်လို့ ကျွန်တော် မယုံဘူး..."

နောက်သုံးရက်ခန့် လဲ့အားကော်မှာ "ရှားလော့ဟုမ်း" အဖြစ် ပြောင်းလဲသွားပြီး လိုင်ကျားမင် ရှိရာနေရာကို နေရာအနှံ့ စုံစမ်းတော့သည်။

သူက လမ်းတစ်လမ်းမှ တစ်လမ်းသို့ သွားကာ တွေ့သမျှလူကို မေးမြန်းပြီး ရွေ့လျား ရေဒီယိုစခန်း တစ်ခုကဲ့သို့ လိုင်ကျားမင်၏ "ဂုဏ်ပြောင်ဖွယ်ရာ လုပ်ရပ်များ" ကို ရွာတစ်ရွာလုံးသို့ ဖြန့်ဝေလေတော့၏။

လဲ့အားကော်က စတင်အသံလွှင့်သောအခါ သူ၏ ကျယ်လောင်သော အသံက ရွာတစ်ရွာလုံးကို တုန်လှုပ်သွားစေသည်။

တစ်ခဏတာမျှ လိုင်ကျားမင်၏ "ကြီးမားသော အောင်မြင်မှုများ" က ရွာ၏ ပြောစမှတ်တွင် ရေပန်းစားလာ၏။

"ပြီးခဲ့တဲ့လအတန်ကြာက လိုင်ကျားမင်က ရွာအတွင်းရေးမှူးရဲ့ ကြက်ကို ခိုးပြီး ပွဲချင်းပြီး သတ်စားလိုက်တယ်လို့ ငါ ကြားတယ်... သူက တကယ့်ကို ရဲတင်းတာပဲ..."

"ဘာ ကြက်လဲ... သူက ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဂိုဒေါင်ထဲ ဖောက်ဝင်ပြီး ပြောင်းဖူး တစ်အိတ်လုံးကို ခိုးသွားတာလို့ ငါ့မရီးဆီက ကြားတာ..."

"ကျွတ် ကျွတ်... အဲ့လူက ရာဇဝတ်မှု ကျူးလွန်ရုံတင်မကဘူး... တခြားသူတွေကို တိုင်ဖို့ အမည်မသိတိုင်စာတွေပါ လျှို့ဝှက်ရေးသေးတယ်... အဲ့လို လူမျိုးက အရမ်းယုတ်မာတယ်လို့ မထင်ဘူးလား..."

ဤနည်းဖြင့် လိုင်ကျားမင်မှာ လူကိုယ်တိုင် မျက်နှာပြစရာ မလိုတော့ပေ။ သူ၏ "ပုံရိပ်ယောင်" က လူအများ၏ စိတ်ကူးထဲတွင် အပြည့်အဝ ပုံဖော်ပြီးသား ဖြစ်သွား၏။ သူခိုးလေး၊ အတင်းအဖျင်း ပြောတတ်သူ၊ အသိပညာမဲ့ပြီး အရည်အချင်း မရှိသူ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲသူတစ်ဦးအဖြစ် ဖြစ်သည်။

လဲ့အားကော်က ဤကောလာဟလများကို ကြားရသောအခါ အနည်းငယ် ကျေနပ်ဂုဏ်ယူသွား၏။

သို့သော်လည်း လိုင်ကျားမင်ကို တကယ်တမ်း ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ကြောင်း သူ သဘောပေါက်လာသောအခါ စိတ်ဓာတ်ကျလာသည်။

လဲ့ချန်၏ အိမ်သို့ အပြန်လမ်းတွင် သူ၏ ရင်ဘတ်ထဲ၌ တင်းကျပ်နေမှုကို ခံစားနေရ၏။ ရံဖန်ရံခါတွင် သူက ခြေရာရှိ ကျောက်စရစ်ခဲလေးများကို ကန်ထုတ်ပစ်လိုက်သည်။ အတန်ကြာ ကန်ပြီးနောက်တွင် သူက တံတွေးထွေး၍ ပြောလိုက်၏။

"ကျစ်... လိုင်ကျားမင်က တကယ်ပဲ နတ်ဝင်ပူးသွားတာလား... မြေကြီးထဲကနေ ပျောက်ကွယ်သွားတာလား..."

လဲ့ချန်၏ အိမ်သို့ ရောက်သည်နှင့် သူက တံခါးခုံပေါ်သို့ ဖုန်းခနဲ ထိုင်ချလိုက်သည်။ အသက်ရှူပင် မဝသေးမီ သူက စတင် ညည်းညူတော့၏။

"အစ်ကိုချန်... ကျွန်တော် တကယ် ပင်ပန်းနေပြီ... အဲဒီ ခွေးကောင်က ကြွက်တစ်ကောင် တွင်းထဲ ဝင်ပြေးသွားသလို ပျောက်သွားတာ... သူ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိဘူး... ကျွန်တော်တို့ လက်လျှော့လိုက်ရမလား..."

လဲ့ချန်က ခြံဝင်းထဲတွင် ဆောင့်ကြောင့်ထိုင်၍ ထင်းခွဲနေစဉ် ဤသည်ကို ကြားလိုက်ရသည်။ သူက မော့ကြည့်၍ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

"ကောင်းပြီ... ဆူညံမနေနဲ့တော့... လိုင်ကျားမင်က အရေးကြီးတစ်ယောက်မှ မဟုတ်တာ... သူက ပြဿနာ ဘယ်လောက်များများ ဖန်တီးနိုင်မှာလဲ... ခေါင်းရှင်းသွားအောင် တောင်ပေါ်တက်ပြီး အမဲသွားလိုက်ကြရအောင်..."

"အမဲလိုက်" ဟူသော စကားလုံးကို ကြားသည်နှင့် လဲ့အားကော်မှာ စောစောက မှုန်ကုပ်နေသည်ကို ချက်ချင်း မေ့သွားပြီး ခုန်ထကာ ပေါင်ကို ရိုက်လိုက်သည်။

"ဟုတ်သားပဲ... အစ်ကိုချန်... ပြီးခဲ့တဲ့ ရက်တွေက ကျွန်တော် တကယ် ဗိုက်ဆာနေတာ... ဒီတစ်ခေါက် တကယ်ပဲ ဆူဖြိုးတဲ့ ယုန်တစ်ကောင်နဲ့ တိုးကောင်း တိုးနိုင်တယ်..."

သူတို့နှစ်ယောက်က ပစ္စည်းများကို သိမ်းဆည်း၍ ကိုယ်တိုင်လုပ်ထားသော သေနတ်များကို ပခုံးပေါ် လွယ်ကာ သံထောင်ချောက်များကို ယူ၍ အနောက်ဘက် တောင်ဆီသို့ ဦးတည်သွားကြ၏။

...

မွန်းတည့်ချိန်တွင် ကောင်းကင်ယံ၌ နေမင်းက တောက်ပစွာ သာတီးနေပြီး ရာသီဥတုက အတော်လေး နွေးထွေးနေသည်။

လဲ့ချန်နှင့် လဲ့အားကော်တို့မှာ လမ်းလျှောက်လာရသဖြင့် ချွေးများ ရွှဲနစ်နေသော်လည်း လဲ့အားကော်ကမူ အထူးသဖြင့် တက်ကြွနေပြီး လမ်းတစ်လျှောက်လုံး အသံမမှန်သော သီချင်းတစ်ပုဒ်ကို ညည်းတွားလာ၏။

"အစ်ကိုချန်... အဲ့ယုန်တွေက လူနဲ့ နည်းနည်း တူတယ်လို့ မထင်ဘူးလား... မနှစ်က ခုလို အချိန်တုန်းက ဆူဖြိုးတဲ့ တောယုန် ခုနစ်ကောင်၊ ရှစ်ကောင်လောက် အမဲလိုက်ဖူးတယ်... ပြီးတော့ ခါတိုင်းလည်း မိတာချည်းပဲလို့ မှတ်မိတယ်..."

လဲ့ချန်က ရယ်မောလိုက်၏။

"နောက်မနေနဲ့... ယုန်တွေက လည်တယ်... ဒီတစ်ခေါက် ငါတို့ မမိရင် မင်းနဲ့ ရှင်းရမယ်..."

သူတို့ ဆူးချုံတောတစ်ခုကို ကျော်တက်သွားစဉ် ရုတ်တရက် လဲ့ချန်က ရပ်တန့်သွားပြီး မဝေးလှသော နေရာရှိ အရိပ်ကျနေသော သတ္တုတွင်းဟောင်း တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒီနေရာကို မင်း ဘယ်တုန်းက မြင်ဖူးလဲ..."

လဲ့အားကော်က မျက်လုံးမှေးကြည့်လိုက်၏။

"အဲဒါ အရင်က သတ္တုတွင်းတွေမှာ ဖောက်ခွဲရေးလုပ်ပြီး ကျန်ခဲ့တဲ့ စွန့်ပစ် တွင်းဟောင်း မဟုတ်ဘူးလား... ဘာများ ထူးဆန်းလို့လဲ..."

သို့သော် သူ စကားမဆုံးမီမှာပင် ဂူပေါက်ဝအနီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ထုပ်ပိုးစက္ကူပုံငယ်တစ်ပုံကို သတိပြုမိလိုက်ရာ အနည်းငယ် ရင်းနှီးနေပုံရ၏။ သူတို့ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"တစ်ယောက်ယောက် အခုလေးတင် ဒီမှာ ရှိနေခဲ့တယ်..."

လဲ့ချန်က ကိုယ်ကိုကိုင်း၍ ထုပ်ပိုးစက္ကူစလေး တစ်ခုကို ကောက်ယူကာ မျက်မှောင်ကြုတ်၍ ကြည့်ရင်း တိုးတိုး ရေရွတ်လိုက်၏။

"သကြားလုံးခွံလား... အခုခေတ်မှာ မိသားစုက အဆင်ပြေမှ သကြားလုံး စားနိုင်တာကို..."

ဤသည်ကို တွေးတောနေစဉ် ဂူအတွင်းပိုင်းမှ တစ်စုံတစ်ခု ပြုတ်ကျသွားသကဲ့သို့ တိုးညှင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။

"နားထောင်စမ်း..."

လဲ့ချန်က လမ်းပိတ်ရန် လက်လှမ်းလိုက်ပြီးနောက် ချက်ချင်း ဆောင့်ကြောင့်ထိုင်၍ ဂူပေါက်ဝဆီသို့ တဖြည်းဖြည်း တွားသွားလိုက်၏။

အားကော်ကလည်း အနီးကပ် လိုက်လာသည်။ နှစ်ယောက်သား အသက်အောင့်ထားပြီး မကြာမီမှာပင် ရှုပ်ထွေးနေသော ခြေသံများကို သတိပြုမိသွားကြ၏။

အတွင်းသို့ ပိုဝင်လေ အလင်းရောင်က မှိန်ကျသွားပြီး မျက်လုံးဖွင့်ရန်ပင် မဖြစ်နိုင်တော့ပေ။

လဲ့ချန်၏ မျက်လုံးများက စူးရှလှ၏။ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဖြစ်နေသော ပုံရိပ်တစ်ခုကို ဝေဝါးစွာ မြင်လိုက်ရသောအခါ ဘာဖြစ်နေသည်ကို သူ သိလိုက်သည်။

သူက အားကော်ကို တိတ်တဆိတ် အချက်ပြလိုက်၏။

"လိုင်ကျားမင်... မင်းကို မိပြီ..."

ကျယ်လောင်သော အော်ဟစ်သံက ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။ လိုင်ကျားမင်က ခုန်ထလိုက်သော်လည်း ထွက်ပေါက်ကို ပိတ်ရပ်နေသော လဲ့ချန်နှင့် လဲ့အားကော်တို့ကို မြင်သောအခါ ချက်ချင်း ကြောက်လန့်တကြားဖြစ်ကာ အထိန်းအကွပ်မရှိ တုန်ရီနေတော့၏။

အားကော်က သူ၏ သေနတ်ကို ကောက်ကိုင်၍ သူ့ကို အပြင်သို့ ဆွဲထုတ်ကာ အော်ပြောလိုက်သည်။

“ဘာကို ပုန်းနေတာလဲ... ကြွက်ဖမ်းတမ်း ကစားနေတာလား..."

လိုင်ကျားမင်ကို သတ္တုတွင်းထဲမှ ဆွဲထုတ်လာစဉ် သူက ကြောက်ရွံ့စွာ ပုဝင်နေသော်လည်း စူးရှသော မျက်လုံးများရှိသည့် အားကော်က သူ ရင်ခွင်ထဲတွင် ပိုက်ထားသော ပစ္စည်းများကို အရင်ဆုံး သတိပြုမိသွားလေသည်။

All Chapters