အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁)
ယွမ်ခယ်၏ အရှက်မဲ့မှု
ယွမ်ခယ်သည် လျန်ထျန်းနောက်သို့ အငြိုးအတေးကြီးစွာဖြင့် လိုက်လံဖမ်းဆီးရန် ကြိုးပမ်းခဲ့ပါ သော်လည်း သူ၏ အနားသို့ ရောက်ရှိသွားသောအခါ၌မူ မောက်မာလှသော အရှိန်အဝါများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
"ဘုန်း..."
သူသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး လျန်ထျန်း၏ ပေါင်ကို ဖက်တွယ်ကာ ငိုယိုရင်း တောင်းပန် တိုလျှိုးလေတော့သည်။
"အစ်ကိုကြီး... အစ်ကိုက ကျွန်တော့်ရဲ့ အစ်ကိုအရင်းကြီးပါပဲ...။ အစ်ကို့ရှေ့မှာ ကျွန်တော်က ချေးတစ် တုံးလောက်တောင် တန်ဖိုးမရှိပါဘူး...။ ကျွန်တော့်ရဲ့ မရင့်ကျက်မှုနဲ့ မိုက်မဲမှုတွေကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါခင်ဗျာ...။"
"နောက်ဆုံးတော့ ဒါတွေ အားလုံးက အဲ့ဒီမိန်းမယုတ် ကျားရင်းရဲ့ လှည့်ဖြားမှုတွေကြောင့်ပါ...။ မဟုတ် ရင် ကျွန်တော့်မှာ သတ္တိ အဆတစ်ရာလောက် ရှိနေရင်တောင် အစ်ကို့ကို မဆော်ကားဝံ့ပါဘူး...။ အစ်ကို့ ရဲ့ ချစ်သူကို ပြစ်မှားဖို့ ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်ပါဘူး...။"
လျန်ထျန်းသည် ယွမ်ခယ်၏ အရှက်မဲ့လှသော တောင်းပန်မှုကို မြင်သောအခါ အံ့အားသင့်သွားရ သော်လည်း တစ်ဖက်တွင်မူ စိတ်အေးသွားရလေသည်။ အခြားသူက အသက်ဘေးနှင့် ကြုံလာရ သောအခါ အဆင်အခြင်မဲ့စွာ တစ်ခုခု လုပ်ဆောင်သွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လျန်ထျန်းသည် ကားသော့ကို ဝမ်ရှောင်ရို့အား ပေးလိုက်ပြီး ကားထဲတွင် စောင့်နေရန် ပြောလိုက်လေသည်။ ထို့နောက် လျန်ထျန်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သနား စဖွယ် ဖြစ်နေသော လူမိုက်လေးကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"မင်းပြောတာ မှန်တယ်...။ ကျားရင်းရဲ့ သွေးထိုးမှုကြောင့်သာ မဟုတ်ရင် ငါတို့ကြားမှာ ဒီလို ပဋိပက္ခ တွေ ဖြစ်လာမှာ မဟုတ်ဘူး...။"
ယွမ်ခယ်သည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ ခေါင်းကို တရစပ်ညိတ်ပြလေသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်...။ ဒါဆိုရင် အစ်ကိုကြီးက ကျွန်တော့်ကို ခွင့်လွှတ်လိုက်ပြီပေါ့နော်...။"
လျန်ထျန်းက ခေါင်းခါလိုက်ပြီး ၊
"ခွင့်လွှတ်တာ၊ မလွှတ်တာနဲ့ မဆိုင်ပါဘူး...။ ယွမ်ခယ် အိမ်ခြံမြေမှာ ပြဿနာတွေ အများကြီး ရှိနေ တယ်...။ အဲ့ဒါကို ကျင်းတ အိမ်ခြံမြေနဲ့ ပေါင်းစည်းဖို့ ငါ ခွင့်မပြုနိုင်ဘူး...။"
"ဒါပေမဲ့ မင်းတို့ ကုမ္ပဏီက အတော်လေး ကြီးမားတယ်...။ အဲ့ဒီမှာ လူပေါင်းများစွာရဲ့ စားဝတ်နေရေးနဲ့ မိသားစု ထောင်ပေါင်းများစွာရဲ့ ဘဝတွေ ပါဝင်နေတယ်...။ ဒါကြောင့် မင်းအတွက် ထွက်ပေါက်တစ်ခု ပြမယ်...။ ယွမ်ခယ် အိမ်ခြံမြေကို ငါ့ဆီကိုရောင်းလိုက်...။"
"အဲ့ဒီလိုဆိုရင် အဲ့ဒီပိုက်ဆံတွေက မင်းတို့ ယွမ်မိသားစုကို မျိုးဆက်ပေါင်းများစွာ သက်တောင့်သက်သာ နေထိုင်နိုင်အောင် ထောက်ပံ့ပေးနိုင်လိမ့်မယ်...။ မင်းအနေနဲ့လည်း အဲ့ဒီပိုက်ဆံကို သုံးပြီး တခြားနေရာ မှာ အခြေပြန်ချနိုင်တာပေါ့...။"
ယွမ်ခယ်သည် ထိုစကားကို ကြားသောအခါ မှင်တက်သွားရသည်။ အတန်ကြာမှ ယွမ်မိသားစု၏ သခင်လေးသည် တုန်တုန်ရင်ရင်ဖြင့် ပြောရှာလေသည်။
"ကျွန်တော်က သဘောတူရင်တောင် ကျွန်တော့်အဖေက သဘောတူမှာ မဟုတ်ဘူး...။ ယွမ်ခယ် အိမ်ခြံမြေဆိုတာ သူ တစ်သက်လုံး ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်ပဲလေ...။"
လျန်ထျန်းက ပြုံးလျက်၊
"ဒါဆိုရင် အိမ်ပြန်ပြီး မင်းအဖေကို သွားပြောလိုက်...။ ငါ သူနဲ့ စကားပြောမယ်...။"
ယွမ်ခယ်သည် စိုးရိမ်ပူပန်စွာဖြင့် ခေါင်းခါယမ်းလိုက်လေသည်။
"မဖြစ်ဘူး...။ ကျွန်တော် ဒီနေ့ လုပ်ခဲ့တာတွေကို အဖေသာ သိသွားရင် ကျွန်တော့်ကို သေအောင် ရိုက် လိမ့်မယ်...။"
လျန်ထျန်းက သူ၏ ပုခုံးကို ပုတ်ပေးရင်း၊
"စိတ်မပူပါနဲ့...၊ အဲ့ဒီလို ဖြစ်လာမှာ မဟုတ်ဘူး...။ ကျားကတောင် သူ့ရဲ့ သားငယ်ကို ပြန်မစားပါဘူး...။ ငါ ထင်တာတော့ အများဆုံးရှိလှမှ ခြေလက်တွေကို ကျိုးသွားအောင် ရိုက်တာမျိုးပဲ ဖြစ်မှာပါ...။"
ယွမ်ခယ်၏ မျက်နှာ ပိုမို ပျက်ယွင်းလာသည်ကို မြင်သောအခါ လျန်ထျန်းက လက်ဝှေ့ယမ်းပြလိုက် လေသည်။
"နောက်တာပါ... နောက်တာ...။ ငါပြောတဲ့အတိုင်းသာ လုပ်ရင် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး...။ မင်းအဖေ က မင်းကိုတောင် ချီးကျူးဦးမှာ...။"
ယွမ်ခယ်သည် လျန်ထျန်းကို မယုံကြည်နိုင်သကဲ့သို့ ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကိုကြီး...၊ ဘာလုပ်စေချင်တာလဲ...။"
လျန်ထျန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပြီး ၊
"မင်း အိမ်ပြန်ရောက်ရင် မင်းအဖေကို ဒီလို ပြောလိုက်...။"
နာရီဝက်ခန့် ကြာပြီးနောက်...၊
ယွမ်ခယ်သည် သူ၏ ပြိုင်ကားကို မောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ သူသည် ငါးထပ်တိုက် ဗီလာ အိမ်ကြီးထဲသို့ မဝင်မီ ဖြစ်ပျက်ခဲ့သမျှကို စိတ်ထဲ၌ ပြန်လည် စုစည်းနေခဲ့လေသည်။ အခြေအနေ အားလုံးကို အကဲဖြတ်ပြီးနောက် သူသည် စိတ်ကို တည်ငြိမ်အောင် ထားကာ အပြုံးတစ်ခု ဖန်တီးပြီးမှ တံခါးကို ဖွင့်၍ ဝင်လာခဲ့လိုက်လေသည်။
သူသည် အလုပ်ခန်းအတွင်းရှိ ဖခင်ဖြစ်သူ ယွမ်ကျုန်းထံသို့ သွားကာ လျန်ထျန်း သင်ပေးလိုက်သည့် အတိုင်း အလွန်တရာ စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"အဖေ... ကျွန်တော့်မှာ သတင်းကောင်း အကြီးကြီး တစ်ခု ရှိတယ်...။"
"ကျင်းတ အိမ်ခြံမြေရဲ့ နောက်ကွယ်က အဓိက ရင်းနှီးမြှုပ်နှံသူ ရှယ်ယာရှင်ကြီးကို ကျွန်တော် တွေ့ခဲ့ ပြီ...။ ဒီနေ့ သူနဲ့ အတူတူ ထမင်းတောင် စားခဲ့သေးတယ်...။"
ထိုစကားကို ကြားသောအခါ အတွေ့အကြုံရင့်ကျက်လှသော အမှုဆောင်အရာရှိချုပ် ယွမ်ကျုန်းပင်လျှင် ကိုင်ထားသော စာအုပ်မှာ အနည်းငယ် တုန်ယင်သွားခဲ့ရလေသည်။ သူသည် စာကြည့်မျက်မှန်ကို ချွတ် လိုက်ပြီး သားဖြစ်သူကို ကြည့်လိုက်လေသည်။
"အို... သူက ဘယ်လိုလူမျိုးလဲ...။"
ဖခင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ယွမ်ခယ်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြန်ဖြေလိုက် လေသည်။
"သူက... ကျွန်တော် ထင်ထားတာထက် အများကြီး ငယ်တယ်...။ ကျွန်တော့်အရွယ်လောက်ပဲ ရှိဦးမှာ...။ ဒါပေမဲ့ သူ့နောက်ကွယ်မှာ အင်အားကြီးတစ်ခု ရှိနေမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်...။ မဟုတ်ရင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် များပြားတဲ့ ဥစ္စာဓနတွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး...။"
ယွမ်ကျုန်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"အဲ့ဒါတော့ သေချာတယ်...။ သူက ငါတို့မြို့က မဟုတ်ဘဲ တခြားနေရာက အင်အားစု တစ်ခုခုလည်း ဖြစ်နိုင်တယ်...။ မဟုတ်ရင် ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာတွေကို ဒီလောက် အများကြီး ဝယ်ယူနိုင်တဲ့ လုပ်ငန်းစုက လက်ချိုးရေလို့ ရပါတယ်...။ ငါ့ရဲ့ စုံစမ်းမှုအရတော့ ဘယ်ဒေသခံ လုပ်ငန်းစုကမှ လှုပ်ရှား မှု မရှိဘူး...။"
ယွမ်ခယ်က စကားကို ဆက်လိုက်လေသည်။
"ဟုတ်ပါတယ် အဖေ...။ ဒါကြောင့် ဒါက ယွမ်ခယ် အိမ်ခြံမြေအတွက် အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်တော် ထင်ပါတယ်...။ ဒီနေ့ သူနဲ့ စကားပြောရတာ အရမ်း အဆင်ပြေတယ်...။ ကျွန်တော်တို့ ကျင်းတ အိမ်ခြံမြေနဲ့ ပေါင်းစည်းမယ့် ကိစ္စတွေ၊ အယ်လ်အက်စ် ဘဏ်ကနေ ချေးငွေယူမယ့် အစီအစဉ် တွေကိုလည်း ပြောပြခဲ့သေးတယ်...။"
"အဲ့ဒါကို ကြားတော့ သူက ချက်ချင်းပဲ အယ်လ်အက်စ် ဘဏ်ရဲ့ အကြီးအကဲကို ဖုန်းဆက်ပြီး ပြဿနာ မရှာဖို့ ပြောလိုက်တယ်...။ အဲ့ဒီ ဘဏ်မန်နေဂျာကတောင် သူ့ကို အရိုအသေပေးပြီး နားထောင်ရတာ ဗျ...။"
ထိုစကားကို ကြားသောအခါ ယွမ်ကျုန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။
"ဘာ... သူက ဘဏ်ကို ချေးငွေ မပေးခိုင်းဘူး ဟုတ်လား...။ ဒါပေမဲ့ ဘဏ်ကတော့ ပေးမှာမလား...။ အဲ့ဒါက ဘာ သတင်းကောင်းလဲ...။"
ယွမ်ခယ်၏ နဖူးတွင် ချွေးစများ စို့လာပြီး အမြန်ပင် ပြန်ပြောလိုက်လေသည်။
"အဖေ... စိတ်မပူပါနဲ့...။ ကျွန်တော့် စကားကို ဆုံးအောင် နားထောင်ပါဦး...။ သူက ဘဏ်ကို ချေးငွေ မထုတ်ပေးခိုင်းတာ မှန်ပေမဲ့ သူကိုယ်တိုင်က ကျွန်တော်တို့ ယွမ်ခယ် အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံချင် တယ်လို့ ပြောပါတယ်...။"
ချက်ချင်းပင် ယွမ်ကျုန်း၏ ဒေါသများမှာ ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။
"ဟားဟား...၊ ခယ်အာ...။ မင်း တကယ် တော်တယ်...။ မင်းက ငါတို့ ယွမ်မိသားစုရဲ့ မျိုးဆက်သစ်တွေ ထဲမှာ အတော်ဆုံးပဲ...။ မင်းရဲ့ ညီတွေကို နိုင်ငံခြားကို ကျောင်းလွှတ်ပြီး မင်းကို ဒီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် လေ့ကျင့်ပေးခဲ့တာ ငါ့ရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်လိမ့်မယ်...။"
ဖခင်ဖြစ်သူက ဝမ်းသာအားရ ချီးကျူးနေသည်ကို မြင်သောအခါ ယွမ်ခယ်သည် စိတ်ထဲမှ သက်ပြင်း ချလိုက်မိလေသည်။ ရယ်မောပြီးနောက် ယွမ်ကျုန်းက မေးလိုက်လေသည်။
"ဒါနဲ့ သူက ငါတို့ ကုမ္ပဏီမှာ ဘယ်လို ရင်းနှီးမြှုပ်နှံမှာလဲ...။ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစား ထားတာတဲ့လဲ...။"
ထိုမေးခွန်း ရောက်လာသောအခါ ယွမ်ခယ်သည် အလွန်တရာ ထိတ်လန့်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂနာမငြိမ် ဖြစ်နေတော့သည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် တိုးညင်းသော အသံဖြင့် ပြောလိုက်လေသည်။
"သူက... ကျွန်တော်တို့ ယွမ်မိသားစု ပိုင်ဆိုင်တဲ့ ရှယ်ယာ အားလုံးကို တိုက်ရိုက် ဝယ်ယူချင်တာပါ...။"
ထိုစကားကို ကြားသောအခါ ယွမ်ကျုန်းမှာ မှင်တက်သွားရလေသည်။ ယွမ်ခယ်လည်း ဘာမှ မပြော ဝံ့တော့ဘဲ ငြိမ်နေမိလေသည်။ အလုပ်ခန်းအတွင်းရှိ လေထုမှာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီး နောက် ယွမ်ကျုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
"ဟားဟား…..၊ အဲ့ဒီလူက နောက်နေတာလား...။"
"ကျင်းတ အိမ်ခြံမြေရဲ့ ရှယ်ယာတွေကို ရထားရုံနဲ့တင် မကျေနပ်ဘဲ ငါတို့ရဲ့ ယွမ်ခယ် အိမ်ခြံမြေ တစ်ခု လုံးကိုပါ ဝါးမြိုချင်နေတာလား...။ သူက ဘယ်လောက်တောင် အစားကြီးနေလို့လဲ...။"
ဖခင်ဖြစ်သူ၏ စကားထဲမှ ဒေါသအရှိန်အဝါကို ခံစားမိသဖြင့် ယွမ်ခယ်သည် ကြောက်ရွံ့နေမိသော်လည်း ဆက်ပြောရန်မှတစ်ပါး အခြားမရှိတော့ပေ။
"အဖေ... သူ... သူ နောက်နေတာ မဟုတ်ဘူး...။ တကယ်လို့ ကျွန်တော်တို့ ရှယ်ယာတွေ အားလုံးကို သူ့ဆီ မရောင်းဘူးဆိုရင် ကျင်းတ အိမ်ခြံမြေကို သုံးပြီး ကျွန်တော်တို့ကို အနိုင်ယူလိမ့်မယ်လို့ ပြော တယ်...။"
"ကျွန်တော်တို့ အကျပ်အတည်း ဆိုက်နေတဲ့ အချိန်ကျမှ သူက ယွမ်ခယ် အိမ်ခြံမြေရဲ့ ပိုင်ဆိုင်မှုတွေကို ဈေးပေါပေါနဲ့ သိမ်းပိုက်လိုက်မှာတဲ့...။ အခု ရောင်းမယ်ဆိုရင်တော့ ဈေးကောင်း ရဦးမယ်...။ မဟုတ်ရင် သူ့ရဲ့ နောက်ကွယ်က အကူအညီနဲ့ ကျင်းတ အိမ်ခြံမြေက ကျွန်တော်တို့ကို အနိုင်ယူဖို့ ဆိုတာ အချိန်တစ် ခုပဲ လိုတော့မှာ...။"
ယွမ်ခယ်၏ အသံမှာ တဖြည်းဖြည်း တိုးသွားခဲ့လေတော့သည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ကျုန်း၏ အကြည့်များမှာ ပိုမို စူးရှလာသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် အလုပ်ခန်းအတွင်းမှ ကျယ်လောင်လှသော စားပွဲခုံလှန်သံကြီး ထွက်ပေါ်လာခဲ့ပြီး ယွမ်ကျုန်း၏ ဒေါသတကြီး ဆဲဆိုသံများနှင့် ယွမ်ခယ်၏ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့ သည်။
အခြားတစ်ဖက်တွင်မူ...၊
"ဟတ်ချိုး...။"
ဝမ်ရှောင်ရို့ကို အိမ်သို့ ပို့ဆောင်ပေးခဲ့သော လျန်ထျန်းသည် ရုတ်တရက် နှာချေလိုက်သဖြင့် နှာခေါင်းကို ပွတ်ရင်း ရေရွတ်လိုက်လေသည်။
"တစ်ချက်ချေရင် လွမ်းလို့၊ နှစ်ချက်ချေရင် ဆဲလို့တဲ့...။ ဒါဆို တစ်ယောက်ယောက်က ငါ့ကို လွမ်းနေ တာပေါ့...။ အဟမ်း...။"
သို့သော် သူ၏ စကားမဆုံးမီမှာပင်...၊
"ဟတ်ချိုး...။"
ထိုထက်ပို၍ ကျယ်လောင်သော နှာချေသံကြီး ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ လျန်ထျန်းသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ရယ်မောကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ကြည့်ရတာ လူနှစ်ယောက်က ငါ့ကို တစ်ပြိုင်နက်တည်း သတိရနေကြတာ ထင်တယ်...။"
အခန်း (၇၂)
ခြင်္သေ့ဟိန်းသံနှင့် အသားစားကြူးသော သားရဲ
ရက်အနည်းငယ် ကြာပြီးနောက် ယွမ်ခယ် အိမ်ခြံမြေ၏ အမှုဆောင်အရာရှိချုပ် ယွမ်တာထုံ သည် လျန်ထျန်းနှင့် တွေ့ဆုံရန် သဘောတူခဲ့လေသည်။
တွေ့ဆုံသည့် နေရာမှာ ယခင်ကဲ့သို့ပင် အဆင့်မြင့် စားသောက်ဆိုင်ကြီး ဖြစ်သော်လည်း ဤတစ်ကြိမ် တွင်မူ လျန်ထျန်းသည် သူ၏ ထိပ်တန်းအဆင့် ရွှေတံဆိပ် အဖွဲ့ဝင်ကတ်ကို အသုံးပြု၍ "ကောင်းကင်ဘုံ အဆင့်" သီးသန့်ခန်းကို ကြိုတင်မှာယူထားခဲ့လေသည်။
ဥက္ကဋ္ဌယွမ်သည် အယ်လ် မြို့တော်၌ ထင်ရှားကျော်ကြားသူ တစ်ဦး ဖြစ်သော်လည်း သူပိုင်ဆိုင် သည့် အနက်ရောင် အဖွဲ့ဝင်ကတ်မှာ ပြည်နယ်အဆင့်သာ ရှိလေသည်။
ထို့ကြောင့် ဤသည်မှာ ဥက္ကဋ္ဌယွမ်အတွက် "ကောင်းကင်ဘုံအဆင့်" သီးသန့်ခန်းသို့ ပထမဆုံး အကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သည်။ သူနှင့်အတူ မျက်နှာတွင် ဒဏ်ရာအနည်းငယ် ရထားပြီး လျန်ထျန်း ကို ရန်ငြိုးဖွဲ့သော အကြည့်များဖြင့် ကြည့်နေသည့် ယွမ်ခယ်လည်း ပါလာခဲ့လေသည်။
အကယ်၍ မျက်လုံးများက စကားပြောနိုင်ပါက သခင်လေးယွမ်သည် ယခုအချိန်၌၊ "ခင်ဗျားက လူလိမ် ပဲ... ခင်ဗျားပြောတဲ့အတိုင်း လုပ်ရင် ဘာမှမဖြစ်ဘူးဆိုပြီး ကျွန်တော့်အဖေဆီက အရိုက်ခံရအောင် လုပ်တယ်...။" ဟု ပြောနေပေလိမ့်မည်။
သို့သော် ထိုကဲ့သို့သော သေးနုပ်သည့် ကိစ္စရပ်များမှာ အရေးမပါတော့ပေ။ ဥက္ကဋ္ဌယွမ် ကိုယ်တိုင် ရောက်ရှိလာပြီ ဖြစ်ရာ သခင်လေးယွမ်အနေဖြင့် စကားပြောဆိုခွင့် မရှိတော့ပေ။
အယ်လ် မြို့တော်မှ ဝါရင့် စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် ရင်ဆိုင်နေရသော်လည်း လျန်ထျန်း၏ ထံ၌ စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ သူသည် ဤနေ့အတွက် အဖက်ဖက်မှ ပြင်ဆင်ထားခဲ့သဖြင့် အပြည့်အဝ ယုံကြည်မှု ရှိနေလေသည်။ နှစ်ဖက်စလုံး နှုတ်ဆက်စကား ဆိုပြီး နောက် အသီးသီး နေရာယူလိုက်ကြသည်။
စတင်လိုက်သည်နှင့် ဥက္ကဋ္ဌယွမ်သည် သူ၏ ဟန်ဆောင်မှုများကို ခွာချလိုက်ကာ စူးရှသော အကြည့်များ ဖြင့် လျန်ထျန်းကို ကြည့်၍ ပြောလိုက်လေသည်။
"မစ္စတာလျန်က တော်တော်လေး ဩဇာအာဏာ ကြီးမားတာပဲ...။ စကားတစ်ခွန်းတည်းနဲ့ ဒီမြို့က အယ်လ်အက်စ်ဘဏ်ရဲ့ မန်နေဂျာကိုတောင် နာခံအောင် လုပ်နိုင်တယ်...။"
"ကျွန်တော် တကယ် သိချင်မိတာက မစ္စတာလျန်က ဘယ်က လာတာလဲ...။ ပြီးတော့ ဒီအယ်လ် မြို့တော်မှာ ဘယ်လို ကြီးကျယ်တဲ့ အစီအစဉ်တွေ ရှိနေတာလဲ...။"
ဥက္ကဋ္ဌယွမ်၏ စုံစမ်းမေးမြန်းမှုအောက်တွင် လျန်ထျန်းသည် တည်ငြိမ်စွာဖြင့် အစားအစာများကို မြိန်ယှက်စွာ စားသောက်ရင်း ပြန်ပြောလိုက်လေသည်။
"ကျွန်တော့်မှာ ဘာထူးခြားတဲ့ နောက်ခံမှ မရှိပါဘူး...။ အယ်လ် မြို့တော်ထဲက ကျေးရွာငယ်လေး တစ်ရွာက လာတဲ့ သာမန် ကောင်လေးတစ်ယောက်ပါပဲ...။"
"ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ဆိုတာလည်း မရှိပါဘူး...။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ...။ မိသားစု စားဝတ်နေရေး ပြေလည်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရင် ကျေနပ်ပါပြီ...။"
ထိုစကားကို ကြားသောအခါ ဥက္ကဋ္ဌယွမ်က ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး၊
"မစ္စတာလျန်ရဲ့ အစားအသောက် အာသီသက နည်းနည်းတော့ ကြီးမားလွန်းနေပြီ ထင်တယ်...။ ဒီလောက် ဟင်းပွဲတွေ အများကြီး ရှိနေတာတောင် မဝသေးဘူးလား...။ ဘာလို့ တခြားသူတွေရဲ့ စားပွဲပေါ်က ဟင်းတွေကိုပါ မျက်စိကျနေရတာလဲ...။"
လျန်ထျန်းသည် အစားအသောက်များကို ဆက်လက် စားသောက်နေပြီး ပါးစပ်ထဲမှ အစာကို မြိုချပြီး နောက် အသားထူသော အဖိုးတန် ကမာကောင်တစ်ကောင်ကို ခပ်ယူလိုက်ပြန်လေသည်။
"ကျွန်တော် ဆာတယ်...၊ တကယ်ကို ဆာလောင်နေတာ...။ ကျွန်တော့် မိသားစုက အရင်က ဆင်းရဲခဲ့ တော့ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရတယ်...။ အဲ့ဒီလို ငတ်မွတ်တဲ့ ဘဝမျိုးကို နောက်ထပ် မကြုံချင် တော့ဘူး...။"
"အခု ဘဝက ကောင်းမွန်လာပြီ ဆိုပေမဲ့ ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုတာပေါ့ မဟုတ်ဘူးလား...။ စားပွဲပေါ်က ဟင်းတွေက စားလိုက်ရင် ကုန်သွားမှာပဲ...။ ဒါကြောင့် လက်ထဲမှာ အပိုဆောင်ထားတာက ပိုစိတ်ချရတာပေါ့...။"
"ရှေးစကား ရှိတယ် မဟုတ်လား...။ အိမ်မှာ ဆန်ပိုရှိရင် ဘာကိုမှ ကြောက်နေစရာ မလိုဘူးတဲ့...။"
ဥက္ကဋ္ဌယွမ်၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ သူသည် နောက်သို့ မှီလိုက်ပြီး အင်္ကျီ အိတ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိ၍ ဟန်ပါပါခဲလိုက်လေသည်။
"တခြားသူရဲ့ ဆန်ကို ခိုးယူပြီးမှ ကိုယ့်အတွက် အပိုရှိအောင် လုပ်တာကော တရားမျှတမှု ရှိရဲ့လား...။"
လျန်ထျန်းသည် အစားအသောက်များကို မြိုချကာ ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် ၊
"ဥက္ကဋ္ဌယွမ်... အဲ့ဒီလိုတော့ မပြောပါနဲ့...။ ပိုက်ဆံမပေးဘဲ ယူတာကိုမှ ဓားပြတိုက်တယ်လို့ ခေါ်တာပါ...။ ပိုက်ဆံပေးပြီး ယူတာကတော့ ဝယ်ယူတာပဲ မဟုတ်လား...။"
ဥက္ကဋ္ဌယွမ်သည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက် လေသည်။
"ဒါပေမဲ့ ငါက မရောင်းချင်ဘူးလေ...။ မင်းက ငါ့ကို အတင်းအကျပ် ရောင်းခိုင်းနေတာက ဓားပြတိုက် တာနဲ့ ဘာကွာနေလို့လဲ...။"
ဥက္ကဋ္ဌယွမ် စိုးရိမ်ပူပန်လာသည်ကို မြင်သောအခါ လျန်ထျန်းက ရယ်မောလိုက်ပြီး၊
"ဒါဆိုရင် အတင်းအကျပ် ဝယ်ယူတာကို ဓားပြတိုက်တယ်လို့ ခေါ်တာကို ဥက္ကဋ္ဌယွမ်က သိနေတာပဲပေါ့ ...။ အဲ့ဒီလိုဆိုရင် ခင်ဗျားရဲ့ စည်းစိမ်ဥစ္စာတွေကလည်း ဓားပြတိုက်ပြီးမှ ရလာတာပဲ မဟုတ်လား...။"
ချက်ချင်းပင် ဥက္ကဋ္ဌယွမ်သည် ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ပြီး သီးသန့်ခန်းအတွင်း ခသုံးစက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့လေသည်။ ထို့နောက် ဆေးလိပ်မီးရောင်သည် ပြန်လည် တောက်ပလာခဲ့ပြီး လျန်ထျန်း ကို စိုက်ကြည့်နေသော စူးရှသည့် မျက်လုံးတစ်စုံမှာလည်း ပိုမို တောက်ပလာတော့သည်။
"မင်း ငါ့အကြောင်းတွေကို စုံစမ်းထားတာပဲ...။"
လျန်ထျန်းက ဘာမှမပြောဘဲ ဆက်လက် စားသောက်နေခဲ့ပေသည်။ ဥက္ကဋ္ဌယွမ်သည် အဖိုးတန် ဆေးလိပ်ကို ဝိုင်ခွက်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် သူ၏ ခန့်ညားနက်ရှိုင်းသော အသံမှာ ထွက်ပေါ် လာခဲ့လေသည်။
"ကောင်းပြီ...၊ မင်းက အရေးပါတဲ့လူ တစ်ယောက် ဖြစ်နေတော့ ငါ စကားကို လှည့်ပတ်မပြောတော့ ဘူး...။"
"ငါပိုင်ဆိုင်တဲ့ ရှယ်ယာ (၂၀) ရာခိုင်နှုန်းကို မင်းကို ပေးမယ်...။ မင်းက ငါ့ဆီမှာ ယွမ် (၁,၀၀၀) ရင်းနှီး မြှုပ်နှံရမယ်...။ ဘယ်လိုလဲ... ဒါက မင်းအတွက် မျက်နှာမနာစေမဲ့ ကမ်းလှမ်းချက်ပဲ မဟုတ်လား...။"
လျန်ထျန်းက ရယ်မောကာ ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ယွမ် (၅,၀၀၀) ပေးမယ်...။ ခင်ဗျားပိုင်တဲ့ ရှယ်ယာ အားလုံးကို ကျွန်တော် ယူမယ်...။"
သီးသန့်ခန်းအတွင်း လေထုမှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ ယခင်ကထက် ပို၍ ကြာမြင့်လေသည်။ စက္ကန့်အနည်းငယ်မှာ ထာဝရကဲ့သို့ပင် ခံစားရစေပြီး ဥက္ကဋ္ဌယွမ်သည် သူ၏ အသံကို အနိမ့်ဆုံးသို့ နှိမ့်ကာ ပြောလိုက်လေသည်။
"လူငယ်လေး... ငါတို့က စီးပွားရေးသမားတွေပဲ...။ ဈေးစကား ပြောတာက လက်ခံနိုင်ပေမဲ့ တစ်ဖက်လူ အတွက် ထွက်ပေါက်တော့ ချန်ထားပေးရမယ်လေ...။"
"တခြားသူအတွက် လမ်းချန်ပေးမှ နောင်တစ်ချိန်မှာ ပြန်ဆုံနိုင်မှာပေါ့...။ (၃၀) ရာခိုင်နှုန်း ဒါမှမဟုတ် ယွမ် (၁,၅၀၀) ဆိုရင် အားလုံး အမြတ်ထွက်ကြမှာပဲ...။ နောင်ကျရင်လည်း တစ်ယောက်ကိုတစ်ယောက် ကူညီလို့ ရတာပေါ့...။ မိတ်ဆွေများလေ လမ်းများလေ မဟုတ်လား...။"
သို့သော် ဥက္ကဋ္ဌယွမ် စကားမဆုံးမီမှာပင် လျန်ထျန်းက စကားကို ဖြတ်ပြောလိုက်လေသည်။
"ကျွန်တော်က ခင်ဗျားနဲ့ ဈေးညှိနေတာ မဟုတ်ဘူး...။ ကျွန်တော် ပေးတဲ့ဈေးက အရမ်းကို တရားမျှတ ပါတယ်...။"
"ယွမ်ခယ် အိမ်ခြံမြေရဲ့ တန်ဖိုးက အရင်က ယွမ် (၁၀,၀၀၀) နီးပါး ရှိခဲ့တယ် မဟုတ်လား...။"
"ဒါပေမဲ့ အခုနောက်ပိုင်း လုပ်ငန်းတွေ ကျဆင်းလာတာရယ်၊ ခင်ဗျားတို့ ကုမ္ပဏီအတွင်းက ပြဿနာတွေ ရယ်ကြောင့် ဈေးကွက်တန်ဖိုးက ထက်ဝက်နီးပါး ကျဆင်းသွားပြီ...။"
"စီးပွားရေး မကောင်းတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို မရှာဘဲ ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ပဲ စဉ်းစားကြတယ်...။"
"ခင်ဗျားတို့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မိသားစု အမြောက်အမြား အလုပ်လက်မဲ့ ဖြစ်ခဲ့ ရတယ်...။"
"ဒါကြောင့် ဒီကုမ္ပဏီကို ကျွန်တော့်ဆီ အမြန်ဆုံး ရောင်းလိုက်တာက ပိုကောင်းလိမ့်မယ်...။ ကျွန်တော် က အဲ့ဒီ ခြကောင်တွေကို အမြစ်ပြတ် သုတ်သင်ပြီး ဒီသစ်ပင်ကြီးကို ပြန်ပြီး စိမ်းလန်းလာအောင် လုပ် မှာပါ...။"
လျန်ထျန်း၏ စကားများကို နားထောင်ရင်း ယွမ်ကျုန်း၏ နဖူးမှ အကြောများမှာ ထောင်ထလာပြီး နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
"ကောင်လေး... မင်း ဒီလို စကားမျိုးကို ထပ်ပြောဝံ့ရင် မင်းရဲ့ အသက်ဘေးကို ဘယ်သူမှ အာမမခံနိုင် မှာမဟုတ်ဘူးနော်...။"
"ငါ ယွမ်တာထုံ ဘယ်လို ကြီးပွားလာသလဲဆိုတာ မင်း သိပြီးသားပဲ မဟုတ်လား...။ ငါက ဘာမဆို လုပ်ဝံ့တဲ့သူ၊ နာရေးကိစ္စတွေအထိ လုပ်နိုင်တဲ့သူဆိုတာ မမေ့နဲ့...။"
လျန်ထျန်းသည် အစားသောက်စားသည့် တူကို ချလိုက်ကာ ယွမ်တာထုံ၏ မျက်လုံးများကို စိုက်ကြည့် ကာ တစ်လုံးချင်း ပြောလိုက်လေသည်။
"ဥက္ကဋ္ဌယွမ်... ဒါက ခင်ဗျားတို့ ခေတ်မဟုတ်တော့ဘူး...။ ကျွန်တော် ဒီနေ့ ပြောသမျှ စကားလုံးတိုင်းကို အသံသွင်းထားတယ်..။."
"ပြီးတော့ ဒီအခန်းထဲမှာလည်း ကင်မရာတွေ တပ်ဆင်ထားပြီးသား...။ အကယ်၍ ကျွန်တော့်မှာ တစ်ခုခု ဖြစ်သွားခဲ့ရင် ခင်ဗျားက ပထမဆုံး သံသယတရားခံ ဖြစ်လာလိမ့်မယ်...။"
"ဒါကြောင့် ခင်ဗျားကို အကြံပေးချင်တာက စီးပွားရေးကို စီးပွားရေးလိုပဲ ပြောပါ၊ ကျွန်တော့်ကို လာပြီး ခြိမ်းခြောက်မနေပါနဲ့...။"
"မဟုတ်ရင် ကျွန်တော့်နောက်ကွယ်က အင်အားစုက ခင်ဗျားထက် ပိုပြီး ရက်စက်ပြနိုင်တယ်ဆိုတာ ယုံလိုက်ပါ...။"
လျန်ထျန်း၏ နောက်ဆုံးစကားမှာ အနည်းငယ် ချဲ့ကားထားသော်လည်း သူ၏ တည်ငြိမ်လှသော ဟန်ပန် ကြောင့် အစစ်အမှန်ကဲ့သို့ပင် ထင်မှတ်ရစေသည်။ ထိုစကားကြောင့်ပင် ယွမ်တာထုံ၏ ရန်လိုသော အရှိန်အဝါများမှာ သိသိသာသာ လျော့ကျသွားခဲ့ရလေတော့သည်။
နှစ်ဦးသားမှာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယွမ်ကျုန်းက အရှုံးပေးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"(၄၀) ရာခိုင်နှုန်းကို ယွမ် (၂,၀၀၀) နဲ့ ပေးမယ်...။ ဒါက ငါပေးနိုင်တဲ့ အဆုံးစွန်ဆုံးပဲ...။ ဒီထက်ပိုရင်တော့ ယွမ်ခယ် အိမ်ခြံမြေက နာမည်ပြောင်းရတော့မှာ...။"
လျန်ထျန်းက ထပ်မံ ပြုံးလိုက်ပြီး၊
"ဥက္ကဋ္ဌယွမ်... ခင်ဗျား ကျွန်တော့်စကားကို နားမလည်သေးဘူး ထင်တယ်...။ ကျွန်တော် လိုချင်တာက ယွမ်ခယ် အိမ်ခြံမြေရဲ့ နာမည်ရော၊ ပိုင်ရှင်ပါ ပြောင်းလဲပစ်ဖို့ပဲ...။ နားလည်လား မသိဘူး...။"