အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း ၈၅ ပါးနပ်သော အတွေးအမြင်များ
မသိလိုက်ဘဲနှင့်ပင် မှောင်ရီပျိုးစပြုလာပြီဖြစ်သည်။
ကျောက်ဖေးသည် စားသောက်ဆောင်တွင် ညစာစားပြီးနောက် အပိုင်း (ဂ)ရှိ ထင်းဂိုဒေါင်သို့ ဦးတည်ခဲ့သည်။
ထိုနေရာတွင် သစ်လုံးများနှင့် ခုတ်ထွင်ထားသော ထင်းများ ပြည့်နှက်နေသည့် သက်ငယ်မိုး တဲအိမ်လေးလုံး ရှိသည်။
ထိုစဉ်က သံဓားဂိုဏ်းတပည့် နှစ်ဦးသည် တဲရှေ့၌ အင်္ကျီဗလာဖြင့် အလုပ်လုပ်နေကြသည်
သူတို့က ကျောက်ဖေးကို မော့ကြည့်လိုက်ကြသည်။
ကျောက်ဖေးက သူလက်ခံရရှိထားသော ခါးချိတ်တံဆိပ်ကို ထုတ်ပြကာ "ငါက ကျောက်ဖေးပါ၊ အတွင်းရေးရာဌာနက ခန့်အပ်လိုက်တဲ့ အပိုင်း (ဂ)ထင်းဂိုဒေါင်ရဲ့ ကြီးကြပ်သူအသစ်ပဲ" ဟု ဆိုလိုက်သည်။
ထိုလူနှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
သူတို့သည် လုပ်လက်စအလုပ်များကို ချထားကာ ရှေ့သို့တိုး၍ လက်သီးဆုပ် အရိုအသေပေးရင်း "တပည့် ချောင်ပင်းက ကြီးကြပ်သူကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်ကြသည်။
ကျောက်ဖေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် "မင်းတို့က အပိုင်း (ဂ)က တပည့်တွေလား? ဘာလို့ မင်းတို့နှစ်ယောက်ထဲ အလုပ်လုပ်နေတာလဲ? ကျန်တဲ့လူတွေရော?" ဟု မေးလိုက်သည်။
ယုတ္တိဗေဒအရဆိုလျှင်
ကြီးကြပ်သူအသစ်ဖြစ်သော သူ၏လက်အောက်တွင် အပိုင်း (ဂ)ထင်းဂိုဒေါင်၌ စုစုပေါင်း တပည့်ငါးဦး ရှိရမည်ဖြစ်သည်။
ထိုစကားကို ကြားလျှင် သူတို့နှစ်ဦးစလုံး၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။
တစ်ခုခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေပုံရသည်။
ကျောက်ဖေးက ရှည်ရှည်ဝေးဝေး မမေးချင်တော့သဖြင့် လက်ယမ်းပြကာ "ကောင်းပြီ၊ မင်းတို့ အလုပ်ပြန်လုပ်ကြတော့" ဟု ဆိုလေ၏
ထို့နောက် လှည့်ထွက်ရန် ပြင်လိုက်သည်။
ဤထင်းဂိုဒေါင်ထဲတွင် မည်သည့် ပြဿနာများ သို့မဟုတ် အရှုပ်အထွေးများ ရှိနေသည်ဖြစ်စေ၊ သူကတော့ ဤနေရာတွင် အကြာကြီး နေမည်မဟုတ်ပေ။ ကာယကံရှင်ကိုယ်တိုင်က ဘာမှမပြောလျှင် သူအနေဖြင့် ဘာကြောင့် ဝင်ပါနေရမည်နည်း။
ကျောက်ဖေး လှည့်ထွက်သွားသည်ကို မြင်သောအခါ
ရမ်သာဟိုင်က နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ ရှေ့သို့တိုးကာ သွားကိုကြိတ်၍ ပြောလိုက်သည်။ "ကြီးကြပ်သူကို တင်ပြလိုတာက... ရယ်ထောင်နဲ့ ကျန်တဲ့လူတွေက ဒီနေ့မနက်စောစောကတည်းက တောင်အောက်ကို ဆင်းသွားကြတာ အခုထိ ပြန်မလာသေးပါဘူး"
ကျောက်ဖေးက လှည့်ကြည့်ကာ "ဆိုလိုတာက... သူတို့က သူတို့လုပ်ရမယ့် အလုပ်တွေကို မင်းတို့အပေါ် ပုံချထားခဲ့တာပေါ့?"
ရမ်သာဟိုင်က ခေါင်းညိတ်ကာ သက်ပြင်းချရင်း "ဟုတ်ပါတယ် ကြီးကြပ်သူ" ဟု ဆိုသည်။
ကျောက်ဖေး ခဏတာ စဉ်းစားပြီးနောက် "ဒါက ဒီနေ့မှ ဖြစ်တာလား၊ ဒါမှမဟုတ် အမြဲတမ်း ဒီလိုပဲလား?" ဟု ထပ်မေးသည်။
ရမ်သာဟိုင်က ခါးသီးစွာဖြင့် "သူတို့ အမြဲတမ်း ဒီလိုပဲ လုပ်နေကြတာပါ" ဟု ပြောသည်။
ချောင်ပင်းကလည်း နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီး ဝင်ပြောတော့သည်။ "တကယ်တော့ သူတို့ တောင်ပေါ်မှာ ရှိနေရင်တောင် ဘာအလုပ်မှ မလုပ်ကြပါဘူး"
ကျောက်ဖေးက "အဲဒါကို မင်းတို့က သူတို့သဘောအတိုင်း လွှတ်ထားတာလား?" ဟု မေးလိုက်သည်။
ရမ်သာဟိုင်က "ကြီးကြပ်သူ မရောက်ခင်တုန်းက ရယ်ထောင်က ကျွန်တော်တို့ထဲမှာ အသန်မာဆုံးမို့လို့ အထက်လူကြီးတွေက သူ့ကို ကြီးကြပ်သူအဖြစ် ခေတ္တခန့်ထားခဲ့တာပါ" ဟု ရှင်းပြသည်။
ကျောက်ဖေး ခေါင်းညိတ်လိုက်သည်။
သူ အခြေအနေကို အတော်လေး နားလည်သွားပြီဖြစ်သည်။
ရိုးရိုးလေးပြောရလျှင် ရယ်ထောင်သည် သန်မာပြီး နောက်ခံကောင်းရှိနေသဖြင့် ကျန်လူတွေက သူ့အား မယှဉ်နိုင်ဘဲ ကျွန်ခံနေရခြင်းပင်။
ကျောက်ဖေး ခဏစဉ်းစားပြီးနောက် "အတိတ်က ဖြစ်ခဲ့တာတွေကို ငါ စုံစမ်းမနေချင်တော့ဘူး၊ ဒါပေမဲ့ နောက်ပိုင်း ငါ့လက်အောက်မှာ အလုပ်လုပ်တဲ့အခါ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံမယ်" ဟု ဆိုသည်။
"ရယ်ထောင်တို့ ပြန်လာရင် ငါ့စကားကို သူတို့ကို ပါးလိုက်ပါ"
သူသည် သူတစ်ပါးကိစ္စတွင် ဝင်ပါရန် ပျင်းရိသော်လည်း
ယခင်ဘဝက ရရှိခဲ့သော ပညာရေးကြောင့် အနည်းဆုံးတော့ သူ၏ တန်ဖိုးထားမှုများမှာ တိမ်းစောင်းမနေပေ။
မိမိတာဝန်ကို မိမိ ကျေပွန်အောင် ထမ်းဆောင်ရမည်ကို သူသိသည်။
ကိုရင်ဝတ်ပါက တစ်ရက်ပဲဖြစ်စေ ဆွမ်းခံထွက်ရမည် မဟုတ်ပါလော
"ဟုတ်ကဲ့ပါ"
ချောင်ပင်းနှင့် ရမ်သာဟိုင်တို့က လက်သီးဆုပ်ကာ သဘောတူလိုက်ကြသည်။
ကျောက်ဖေးသည် ရယ်ထောင်တို့ကို အရေးမယူသည့်အတွက် သူတို့ အနည်းငယ် စိတ်ပျက်သွားသော်လည်း လူတိုင်းကို တန်းတူညီမျှ ဆက်ဆံမည်ဟု ပြောသဖြင့် သူတို့မျက်နှာပေါ်မှ မကျေနပ်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျောက်ဖေးသည် လှည့်၍ ဝင်းထဲသို့ ဝင်လာခဲ့သည်။
သူသည် တာဝန်ခံတစ်ဦးဖြစ်သဖြင့် မည်သည့်အလုပ်ကိုမျှ ကိုယ်တိုင်လုပ်ရန် မလိုပေ။
သူ၏လက်အောက်ငယ်သားများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး မီးဖိုချောင်နှင့် ဆေးဖော်ဆောင်များအတွက် ထင်းလုံလုံလောက်လောက် ရှိအောင် ဆောင်ရွက်ပေးနိုင်လျှင် သူ၏တာဝန်မှာ ကျေပွန်ပြီဖြစ်သည်။
ကြီးကြပ်သူ၏ အခန်းမှာ ၁၀ စတုရန်းမီတာခန့် ကျယ်ဝန်းသော သစ်သားတဲလေးတစ်ခု ဖြစ်သည်။
ပြတင်းပေါက်နားတွင် ခုတင်တစ်ခုရှိပြီး ထောင့်ရှိ သစ်သားဗီဒိုပေါ်တွင် ဆီမီးခွက်တစ်ခု ရှိသည်။
စားပွဲ၊ ကုလားထိုင်နှင့် တန်းလျားများအပါအဝင် ပရိဘောဂများမှာ ပြည့်စုံသည်။
ပတ်ဝန်းကျင်က ရိုးရှင်းသော်လည်း အနည်းဆုံးတော့ နေထိုင်၍ ရပေသည်။
သို့သော်လည်း နွေရာသီက ရောက်ရှိလာပြီဖြစ်သည်။
ဝီ... ဝူ...
လူနံ့ရ၍ ထင်သည်၊ ခြင်တစ်ကောင်သည် ပြတင်းပေါက်အပြင်ဘက်မှ ပျံဝင်လာသည်။
ကျောက်ဖေးသည် ခုတင်ပေါ်မှ ကောက်ရိုးတစ်စကို ဆွဲဖဲ့လိုက်ပြီး လက်ချောင်းဖြင့် ခတ်ထုတ်လိုက်သည်။
ရှူး...
နှစ်မီတာခန့် အကွာအဝေးဖြစ်သည်။
ထိုကောက်ရိုးစသည် ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြီး ခြင်ကို နံရံပေါ်တွင် အသားစလေးတစ်ခုဖြစ်အောင် ဖိကပ်ပစ်လိုက်သည်။
"ကောင်းတယ်..."
ကျောက်ဖေးက အသာအယာ ပြုံးလိုက်သည်။
လက်နက်ပုန်းပညာကို အသုံးပြု၍ ခြင်ရိုက်ရသည်မှာ အတော်ပင် စိတ်ဝင်စားစရာကောင်းသော အလုပ်တစ်ခုပင်။
ခဏတာအတွင်းမှာပင် သူသည် ကြယ်ထောင်ပေါင်းများစွာ လမင်းဖြိုလက်ဝါး၏ အခြေခံသဘောတရားများကို ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်။
သာမန်လူထက် အဆ ၃၀ သာလွန်သော သင်ယူနိုင်စွမ်းနှင့် မနားတမ်းလေ့ကျင့်နေသော ကိုယ်ပွား ၂၀ ကျော်တို့၏ ပေါင်းစပ်မှုမှာ အမှန်တကယ်ပင် အံ့ဖွယ်ရလဒ်များကို ထွက်ပေါ်စေခဲ့သည်။
ထို့နောက် ကျောက်ဖေးသည် ခုတင်ပေါ်တွင် အသာအယာလှဲကာ သက်သောင့်သက်သာရှိသော အနေအထားကို ယူလိုက်ပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို စတင်ကျင့်ကြံလေသည်။
ကိုယ်ပွားများက သူ့ကို နားလည်သဘောပေါက်မှု မြန်ဆန်အောင် ကူညီပေးနိုင်သော်လည်း၊ သူတို့ကျင့်ကြံရရှိထားသော သွေးသားစွမ်းအားများကိုမူ သူ၏ မူလခန္ဓာထံသို့ တိုက်ရိုက် လွှဲပြောင်းပေး၍ မရနိုင်ပေ။
ယခုအခါ ကျောက်ဖေး၏ ဓာတ်ကြီးငါးပါးစွမ်းအားမှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံရာတွင် ပုံသေကိုယ်ဟန်အနေအထားများအောက်၌ ရုန်းကန်နေရန် မလိုတော့ပေ။
လမ်းလျှောက်နေရင်းဖြစ်စေ၊ ထိုင်နေရင်းဖြစ်စေ၊ လှဲနေရင်းဖြစ်စေ တရားထိုင်မှတ်ခြင်းကို ပြုလုပ်နိုင်သည်။
ရက်အနည်းငယ်ကြာ ခရီးနှင်ခဲ့ရခြင်းနှင့် ဓားသွန်းရွာရှိ အကြီးအကဲနှင့် တိုက်ကွက် ၃၀ ဖလှယ်ခဲ့ရခြင်းတို့ကြောင့် ကျောက်ဖေး အနည်းငယ် ပင်ပန်းနေခဲ့သည်။
ခုတင်ပေါ်တွင် လှဲနေခြင်းမှာ ကျင့်ကြံခြင်းဖြစ်သလို အနားယူခြင်းလည်း ဖြစ်ပေသည်။
ကျောက်ဖေး တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသည်နှင့်အမျှ သူ၏ ပတ်ဝန်းကျင်၏ ငါးမီတာအတွင်းရှိ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များမှာ သူ၏ထံသို့ အစဉ်မပြတ် စုစည်းရောက်ရှိလာတော့သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို အာရုံဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။
ကိုယ်တွင်းအင်္ဂါများမှာ ငါးရောင်ခြည် အလင်းတန်းများဖြင့် အသာအယာ ဖုံးလွှမ်းနေ၏။
ထိုအလင်းတန်းများကို သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ ဝိညာဉ်အာရုံခံစားမှုဖြင့်သာ မြင်နိုင်ခြင်းဖြစ်သည်။
ခဏတာ ကျင့်ကြံပြီးနောက်...
ကျောက်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် လျှပ်ခနဲ ပေါ်လာသည်။
'သွေးနဲ့ချီကို မူလခန္ဓာဆီ လွှဲပြောင်းပေးလို့မရတာက... ပထမအချက်အနေနဲ့ ကျင့်စဉ်အဆင့် ကန့်သတ်ချက်ကြောင့် ကိုယ်ခန္ဓာက အဲဒီထက်ပိုတဲ့ စွမ်းအားကို လက်မခံနိုင်လို့ပဲ။'
'ဒုတိယအချက်ကတော့... အဆင့်(၅) ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့်ကို မရောက်မချင်း စွမ်းအားကို ခန္ဓာကိုယ်အပြင်
ဘက်ကို ထုတ်လွှတ်လို့ မရဘူး။ ထုတ်လွှတ်လိုက်တာနဲ့ အဲဒီစွမ်းအားတွေက လွင့်စင်ပျောက်ကွယ်သွားမှာပဲ။'
'ဒါပေမဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်ကတော့ မတူဘူး။ ဝိညာဉ်အာရုံခံစားမှု အတိုင်းအတာအတွင်းမှာ ရှိနေသရွေ့ သန့်စင်ပြီးသား ဓာတ်ကြီးငါးပါး စွမ်းအင်တွေကို လွတ်လပ်စွာ ထိန်းချုပ်လို့ရတယ်။'
'အဲဒီလိုဆိုရင်... ငါ တစ်ချက်လောက် စမ်းကြည့်ရင် မကောင်းဘူးလား?'
ကျောက်ဖေး ထိုအကြောင်းကို တွေးလေလေ၊ ပို၍ ယုတ္တိတန်လေလေ ဖြစ်လာသည်။
အနည်းဆုံးတော့ သီအိုရီအရ ဖြစ်နိုင်ခြေရှိသည်။
မည်သို့ပင်ဖြစ်စေ၊ မူရင်းကိုယ်ခန္ဓာနှင့် ကိုယ်ပွားများသည် အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်ရာ သူတို့သန့်စင်ထားသော ဓာတ်ကြီးငါးပါး စွမ်းအင်များမှာလည်း အတူတူပင် ဖြစ်ရပေမည်။
ကျောက်ဖေးသည် ချက်ချင်းပင် ကိုယ်ပွား၏ အမြင်အာရုံသို့ ကူးပြောင်းကာ စမ်းသပ်မှုကို စတင်လိုက်သည်။
စွန့်ပစ်ထားသော သတ္တုတွင်း လှိုဏ်ဂူအတွင်း၌
ကိုယ်ပွား ၂၀ ကျော်သည် သူတို့၏ လက်နက်ပုန်းပညာရပ်ကို အစွမ်းကုန် လေ့ကျင့်နေကြသည်။
လမ်းညွှန်ပေးမည့် ဆရာမရှိသော်လည်း ကျောက်ဖေးသည် သာမန်လူထက် အဆ ၃၀ သာလွန်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူသည် လျှို့ဝှက်ချက်များကို သိရှိထားသရွေ့ ထပ်တလဲလဲ ပြုပြင်ညှိနှိုင်းခြင်းဖြင့် မိမိအတွက် အကောင်းဆုံးသော ရလဒ်ကို ဖော်ဆောင်နိုင်သည်။
အထူးသဖြင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံနှင့် အမှားအယွင်းများမှတစ်ဆင့် သင်ယူရရှိသည့်အရာများကြောင့်သာ
ဆရာ၏ နှုတ်တိုက်ညွှန်ကြားမှုနှင့် ကိုယ်တိုင်လမ်းညွှန်မှုတို့ထက်ပင် ပိုမို၍ နက်နဲစေ့စပ်လှပေသည်။
လှိုဏ်ဂူနံရံများကို ကျောက်ခဲများဖြင့် မြည်အောင် အဆက်မပြတ် ပစ်ပေါက်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချိုင့်ခွက်များနှင့် အဖုအထစ်များ လျင်မြန်စွာ ဖြစ်ပေါ်လာတော့သည်။
ထိုစဉ် ကိုယ်ပွားနှစ်ခုသည် ကြယ်ထောင်
ပေါင်းများစွာ လမင်းဖြိုလက်ဝါးလေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ကြသည်။
သူတို့သည် နေရာတစ်ခုသို့ သွားကာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို စတင်ကျင့်ကြံကြသည်။
ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များသည် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အစဉ်မပြတ် စီးဝင်လာပြီး ထိုနေရာတွင် သန့်စင်ကာ သူတို့၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
ခဏအကြာတွင်
ကိုယ်ပွားတစ်ဦးသည် သူ၏ခန္ဓာကိုယ်အတွင်း သန့်စင်ပြီးသားဖြစ်သော ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို စတင်ထိန်းချုပ်လိုက်သည်။
သူ၏ စိတ်စေခိုင်းမှုအောက်တွင် ဓာတ်ကြီးငါးပါး စွမ်းအားများသည် မျက်နှာချင်းဆိုင်ရှိ ကိုယ်ပွားထံသို့ စီးဝင်သွားသည်။
ထိုဝိညာဉ်စွမ်းအင်များသည် မည်သည့် အတားအဆီးမျှ မရှိချေ
တစ်ဖက်ရှိ ကိုယ်ပွားအတွင်းသို့ သဘာဝအတိုင်း ပေါင်းစပ်သွားတော့သည်။
ဤသည်မှာ အခြားသော ကိုယ်ပွားမှ ကျင့်ကြံရရှိထားသည့် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို နှစ်ဆသော ထိရောက်မှုဖြင့် စတင်စုဆောင်းမိစေရန် အကြောင်းဖန်လာခြင်းပင်...။
အခန်းအတွင်း၌...
ကျောက်ဖေးသည် အလွန်ဝမ်းသာသွားသည်။ သူသည် မျက်လုံးများကို ဖွင့်ကာ ခုတင်ပေါ်တွင် ထထိုင်လိုက်သည်။
သူ၏ ရုတ်တရက် ပေါ်လာသော အတွေးစတစ်ခုမှာ အမှန်တကယ်ပင် အလုပ်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒါဆိုရင်...
ငါ့ရဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကျင့်ကြံမှု အရှိန်အဟုန်ကို အဆပေါင်းများစွာ မြှင့်
တင်နိုင်တော့မှာ မလား?
ဒါ... ဒါကတော့ တကယ်ကို ကောင်းကင်ကို စိန်ခေါ်လိုက်တာပဲ
အခန်း ၈၆ ဝိညာဉ်စွမ်းအင် အဟုန်
ဤအချိန်တွင် အပြင်ဘက်၌ မှောင်ရီပျိုးစပြုနေပြီဖြစ်သည်။
ချောင်ပင်းနှင့် ရမ်သာဟိုင်တို့သည်လည်း ထင်းခုတ်သည့်အလုပ် ပြီးစီးသွားပြီဖြစ်ရာ ပုဆိန်များကို ဘေးသို့ပစ်ချကာ အနားယူရန် ထိုင်လိုက်ကြသည်။
ထိုစဉ် ကျောက်ဖေး ဝင်းထဲမှ ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။
သူတို့သည် ပင်ကိုယ်သိစိတ်အရ ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကြသည်။
ရမ်သာဟိုင်က သတင်းပို့လေသည်။ "ကြီးကြပ်သူ၊ ကျွန်တော်တို့ ထင်းပိဿာချိန် ၂၀၀ ကျော် ခုတ်ပြီးပါပြီ။ ပုံမှန်သုံးနေကျအတိုင်းဆိုရင် ဒီညအတွက် လုံလောက်ပါတယ်ခင်ဗျာ"
ကျောက်ဖေးက လက်ယမ်းပြကာ "ကောင်းပြီ၊ အလုပ်ပြီးရင် စောစောနားကြတော့" ဟု ဆိုကာ အဝေးသို့ လှမ်းထွက်သွားတော့သည်။
"ဟေ့... မင်းသတိထားမိလား? ငါတို့ ကြီးကြပ်သူအသစ်က စကားပြောရတာ တော်တော်လွယ်ပုံရတယ်နော်"
"ဟုတ်တယ်၊ အနည်းဆုံးတော့ အရင်လူတွေလို ငါတို့ဆီကနေ အင်အားရှိသမျှ အကုန်ညှစ်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းပုံဖြတ်သမားမျိုး မဟုတ်ဘူး..."
ချောင်ပင်းနှင့် ရမ်သာဟိုင်တို့သည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
ယခင်က ကြီးကြပ်သူများကို ပြန်တွေးကြည့်လျှင် သူတို့မှာ အာဏာပြပြီး ခိုင်းစေတတ်သူများသာ ဖြစ်ကြသည်။
သို့မဟုတ်လျှင်လည်း အထက်ရှိ လူကြီးများထံတွင် သူကောင်းပြုခံရစေရန်အတွက် ထင်းများကို နေ့တိုင်း ပိုမိုခုတ်ခိုင်းတတ်ကြသည်။
ယင်းနှင့် နှိုင်းယှဉ်ပါက ကျောက်ဖေးသည် ဘာမှဝင်မရှုပ်ဘဲ အမှန်တကယ်ပင် စိတ်ထားကောင်းသော ကြီးကြပ်သူတစ်ဦးဟု ခံစားလိုက်ရသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက်...
စွန့်ပစ်ထားသော သတ္တုတွင်း လှိုဏ်ဂူအတွင်း၌...
ကျောက်ဖေးသည် သူ၏ ကိုယ်ပွားဆယ်ဂဏန်းခန့်ကို မိမိအား ဝိုင်းရံစေကာ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံစေလိုက်သည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး၌ ဝိညာဉ်စွမ်းအင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ရှိနေတော့သည်။
ဓာတ်ကြီးငါးပါးမှ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင် စီးကြောင်းများသည် ကျောက်ဖေးနှင့် သူ၏ ကိုယ်ပွားများထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာပြီး၊ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးငါးပါး စွမ်းအားများအဖြစ် အဆက်မပြတ် သန့်စင်ခြင်း ခံနေရသည်။
ကျောက်ဖေး၏ ပတ်ဝန်းကျင် ငါးမီတာအတွင်းရှိ ကိုယ်ပွားများသည် သန့်စင်ပြီးသား ဝိညာဉ်စွမ်းအင်များကို သူ၏ ကိုယ်ထည်ထံသို့ အစဉ်မပြတ် လွှဲပြောင်းပေးနေကြသည်။
တစ်ချိန်တည်းမှာပင် ငါးမီတာကျော် အကွာအဝေးရှိ ကိုယ်ပွားများသည် ဝိညာဉ်စွမ်းအင်များကို အနီးရှိ ကိုယ်ပွားများထံသို့ အရင်လွှဲပြောင်းပေးကြပြီး၊ ၎င်းတို့ကို တံတားသဖွယ် အသုံးပြုကာ ဒုတိယအဆင့်အနေဖြင့် ကျောက်ဖေး၏ ကိုယ်ထည်အတွင်းသို့ စုစည်းရောက်ရှိစေသည်။
အမှုန်အမွှားမျှသာရှိသော ဝိညာဉ်အလင်းစက်လေးများသည် စုစည်းမိသွားသောအခါ ဝိညာဉ်စွမ်းအင် အဟုန်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျယ်ပြန့်လှသော ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များထဲတွင် စိမ်ဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် မိမိ၏ ကိုယ်တွင်းကို အာရုံဖြင့် ပြန်ကြည့်လိုက်သည်။
ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးငါးပါး စွမ်းအင်များသည် တစ်ခုမှတစ်ခုသို့ အပြန်အလှန် ကူးပြောင်းနေကြသည် - သတ္တုဓာတ်မှ ရေဓာတ်၊ ရေဓာတ်မှ သစ်သားဓာတ် စသည်ဖြင့်...
သူ၏ ကိုယ်တွင်းင်္အဂါအားလုံးနီးပါးသည် တောက်ပပြီး အရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။
"ကောင်းလိုက်တာ... တကယ့်ကို ကောင်းလိုက်တာ”
ကျောက်ဖေး အလွန်ဝမ်းသာသွားသည်။
သူသည် ဤနည်းလမ်းကို အစောကြီး
ကတည်းက ဘာကြောင့် ရှာမတွေ့ခဲ့ပါလိမ့်ဟုပင် တွေးတောရင်း နောင်တရမိနေတော့သည်။
မသိလိုက်ဘဲနှင့် တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။
အပြင်ဘက်တွင် အလင်းရောင်များပင် ပေါ်ထွက်နေပြီဖြစ်သည်။
ကျောက်ဖေးသည် ကျင့်ကြံခြင်း၏ ပျော်ရွှင်မှုထဲတွင် အလွန်နစ်မွန်းနေသဖြင့် ယခုအတိုင်း မရပ်တန့်ချင်သေးပေ။
ထို့ကြောင့် သူသည် အဝတ်အစားများကို ချွတ်ကာ ဘောင်းဘီတိုတစ်ထည်ဖြင့်သာ နေလိုက်သည်။
ထို့နောက် ကိုယ်ပွားတစ်ခုက အဝတ်အစားများ ဝတ်ဆင်ကာ လှိုဏ်ဂူအပြင်ဘက်သို့ ထွက်သွားသည်။
လှိုဏ်ဂူဝတွင်လည်း ပတ်ဝန်းကျင်ကို အသေအချာ စောင့်ကြည့်နေသော ကင်းစောင့် ကိုယ်ပွားတစ်ခု ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ဤနေရာမှာ စွန့်ပစ်ထားသည်မှာ ကြာပြီ၏
ပုံမှန်အားဖြင့် လူသူ အရောက်အပေါက် မရှိပေ။
ကျောက်ဖေး ကိုယ်ပွားသည် ပထမဦးစွာ စားသောက်ဆောင်သို့ သွားကာ အစားအစာ နှစ်နပ်စာကို ထုပ်ပိုးပြီး သတ္တုတွင်းသို့ ပို့ဆောင်
လိုက်သည်။
ထို့နောက်မှ အပိုင်း (ဂ) ထင်းဂိုဒေါင်သို့ ပြန်လာခဲ့သည်။
ဤအချိန်တွင် တဲရှေ့၌
ချောင်ပင်းနှင့် ရမ်သာဟိုင်အပါအဝင် တပည့်လေးဦး အလုပ်လုပ်နေကြသည်။
ကျောက်ဖေး လာသည်ကို မြင်သောအခါ ချောင်ပင်းနှင့် ရမ်သာဟိုင်တို့က အလျင်အမြန်ပင် ဦးညွှတ်လိုက်ကြသည်။
ယင်းကို မြင်သောအခါ ကျန်နှစ်ဦးကလည်း “တပည့် ရယ်ထောင် ကျောက်ယဲ့တို့က ကြီးကြပ်သူကို ဂါရဝပြုပါတယ်" ဟု ဆိုကာ အမြန်ပင် ဦးညွှတ်ကြသည်။
ကျောက်ဖေးသည် ရယ်ထောင်နှင့် ကျောက်ယဲ့တို့၏ မျက်လုံးများ နီမြန်းနေသည်ကို သတိပြုမိလိုက်သည်။
သူတို့ နောက်ကျမှ ပြန်ရောက်လာကြခြင်းလား သို့မဟုတ် မနေ့ညက ကောင်းကောင်းမအိပ်ရခြင်းလား ဆိုသည်ကိုတော့ သူ မသိနိုင်ပေ။
သို့သော် သူပြောခဲ့သော စကားများမှာ အကျိုးသက်ရောက်မှု ရှိပုံရသည်။
အမှန်စင်စစ် အသေအချာ ကြည့်မည်ဆိုလျှင် ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ထင်းခုတ်ခြင်းကဲ့သို့သော ကြမ်းတမ်းသည့် အလုပ်များကို လုပ်ရန် ထင်းဂိုဒေါင်သို့ ပို့ဆောင်ခံရသော တပည့်များမှာ အရေးပါသော နောက်ခံအင်အား ရှိကြသူများ မဟုတ်နိုင်ပေ။
ထို့ကြောင့် တာဝန်ခံ၏ စကားကို အလွယ်တကူ မဖီဆန်ရဲကြခြင်း ဖြစ်သည်။
ကျောက်ဖေးသည် သူတို့ဘေးရှိ မြင့်မားလှသော ထင်းပုံကြီးကို ကြည့်ကာ ဤတပည့်လေးဦးသည် မနက်စောစောကတည်းက အလုပ်ရှုပ်နေကြကြောင်း ခန့်မှန်းမိလိုက်သည်။
သူသည် အတိတ်ကကိစ္စများကို ပြန်လည်အရေးယူရန် အစီအစဉ်မရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းတယ်... ဒါပေမဲ့ နောက်ထပ် တစ်ယောက်ရှိသေးတယ်"
ရယ်ထောင်၊ ချောင်ပင်းနှင့် ကျန်လူများမှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။
နောက်ဆုံးတွင် ရယ်ထောင်က မဖြစ်မနေ ဝင်ပြောလိုက်သည်။ "စွန်းယန်ကတော့ ဒီနေ့မနက်စောစောကပဲ အပြင်ထွက်သွားပါတယ်။ သူ... သူ ဆေးဖော်ဆောင်က ကြီးကြပ်သူ ဟူထျယ်ရှီဆီကို သွားတယ်လို့ ထင်ပါတယ်"
ကျောက်ဖေးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "စွန်းယန်? မိန်းကလေးလား? သူက အလုပ်မလုပ်ဘဲနဲ့ ဆေးဖော်ဆောင် မန်နေဂျာဆီမှာ ဘာသွားလုပ်တာလဲ?"
ရယ်ထောင်က မျက်လုံးအစုံကို လှိမ့်ကြည့်ရင်း "အဲဒါတော့ တပည့်လည်း မသိပါဘူး။ ကြီးကြပ်သူဟူက သူ့ကို ဆွေးနွေးစရာ တစ်ခုခုရှိလို့ ဖြစ်မှာပါ" ဟု ဆိုသည်။
ကျောက်ယဲ့ကလည်း ဝင်ပြောလေသည်။ "ဟုတ်ပါတယ်၊ စွန်းယန်က မကြာသေးခင်ကမှ ကြီးကြပ်သူဟူနဲ့ တော်တော်လေး ရင်းနှီးသွားတာပါ။ မနေ့ကလည်း သန်းခေါင်ကျော်မှ ပြန်
ရောက်လာတာ"
ကျောက်ဖေးသည် ထိုလူများ၏ မျက်လုံးထဲတွင် မရေမရာဖြစ်မှုနှင့် မကျေနပ်မှုများ ရောယှက်နေသည်ကို အထင်အရှား မြင်လိုက်ရသည်။
သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရုံဖြင့် အခြေအနေကို သူ ခန့်မှန်းမိလိုက်သည်။
ကျောက်ဖေး ခေတ္တစဉ်းစားပြီးနောက် မေးလိုက်သည်။ "သူ မသွားခင် ခွင့်တိုင်သွားသေးလား?"
"မတိုင်ပါဘူး။"
"စွန်းယန် ခွင့်တိုင်ချင်တယ်လို့ ပြောတာ ကျွန်တော်တို့ မကြားမိပါဘူး။"
လူစုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံးက ခေါင်းယမ်းကာ ငြင်းဆိုလိုက်ကြသည်။
ကျောက်ဖေးက တည်ငြိမ်စွာဖြင့်ပင် "ဒါဆိုရင် သူ့ကို ဒီနေ့ အလုပ်ပျက်ကွက်တယ်လို့ မှတ်တမ်းတင်လိုက်ပါ။ မနေ့က ငါပြောခဲ့သလိုပဲ၊ ငါ့လက်အောက်မှာရှိတဲ့သူတိုင်းကို တန်းတူညီမျှ၊ မျှမျှတတနဲ့ တရားသဖြင့် ဆက်ဆံမယ်။ ဘယ်သူ့ကိုမှ အလုပ်ခိုခွင့် မပေးနိုင်ဘူး"
"ကဲ... မင်းတို့ အလုပ်ပြန်လုပ်ကြတော့။ အလုပ်စောစောပြီးလေ၊ စောစောနားရလေပဲ"
ထိုသို့ပြောပြီးနောက် ကျောက်ဖေးသည် လှည့်ထွက်သွားခဲ့သည်။
ကျောက်ဖေး ဝင်းထဲသို့ ဝင်သွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း
လူစုမှာ စတင်၍ ဝိုင်းဖွဲ့ဆွေးနွေးကြတော့သည်။
ရယ်ထောင်က လှောင်ပြောင်သော လေသံဖြင့် "စွန်းယန်က ကြီးကြပ်သူဟူနဲ့ အဆင်ပြေသွားကတည်းက ငါတို့ကို အထင်သေးနေတာ။ အခုတော့ ငါတို့ ကြီးကြပ်သူအသစ်ရဲ့ လက်ချက်မိသွားပြီ။ သူ ကံဆိုးတာပဲ။ တောက်... တစ်ရက် အလုပ်ပျက်ရင် ဂိုဏ်းအမှတ် ၁၀ မှတ်တောင် အဖြတ်ခံရမှာ" ဟု ဆိုသည်။
သို့သော် ကျောက်ယဲ့က စိုးရိမ်နေဆဲဖြစ်ကာ "ဒါပေမဲ့... ကြီးကြပ်သူဟူက သူ့ဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူးလား? ကြီးကြပ်သူဟူက ကြားဝင်ပြီး ညှိပေးရင် ငါတို့ ကြီးကြပ်သူအသစ်က သူ့မျက်နှာကို ထောက်ထားရမှာပဲ" ဟု ပြောသည်။
ချောင်ပင်းကတော့ မကျေမနပ်ဖြင့် "ဟူထျယ်ရှီကို ဖားထားနိုင်ရုံနဲ့ သူလုပ်ရမဲ့အလုပ်တွေကို ငါတို့အပေါ် ပုံချပြီး ဘယ်တော့မှ အလုပ်မလုပ်ဘဲ နေလို့ရမယ်လို့ ဆိုလိုတာလား?"
"ဟုတ်တယ်၊ ကြီးကြပ်သူကျောက်က လူတိုင်းကို တန်းတူဆက်ဆံမယ်၊ မျှတမှုနဲ့ ဘက်မလိုက်မှုကို အာမခံတယ်လို့ ပြောထားတာပဲ..."
"ထားလိုက်ပါတော့၊ ငါတို့ကတော့ ဘယ်ကြီးကြပ်သူကိုမှ မပြစ်မှားရဲပါဘူး။ အလုပ်ပြန်လုပ်ကြရအောင်၊ နေ့လယ်စာ မစားခင် ပြီးအောင်လုပ်မယ်။ နေ့လယ်ကျရင် ငါ သိုင်းသွားလေ့ကျင့်ရဦးမယ်..."
"အဆိုးဆုံးကတော့ ဒီကြီးကြပ်သူအသစ်က ငါတို့ကို နေ့လယ်ပိုင်းမှာပါ ထင်းခုတ်ခိုင်းနေဦးမှာပဲ။ အသစ်က လက်သစ်ဆိုတော့ သူက အထက်လူကြီးတွေကို အထင်ကြီးအောင် လုပ်ပြချင်နေမလား ဘယ်သူသိမှာလဲ"
"အဲဒီလိုတော့ မထင်ပါဘူး။ ကြီးကြပ်သူကျောက်က မနေ့ကလည်း အလုပ်ပြီးရင် နားလို့ရတယ်လို့ ပြောခဲ့တာပဲ"
ယခင်က ချောင်ပင်းနှင့် ရမ်သာဟိုင် နှစ်ယောက်တည်းသာ အလုပ်လုပ်ခဲ့ရသော်လည်း၊ ယခုအခါ လူနှစ်ယောက် ပိုလာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ယခင်က တစ်နေ့ခွဲခန့် ကြာမြင့်သော အလုပ်မှာ ယခုအခါ မနက်ခင်းတစ်ခုတည်းနှင့်ပင် ပြီးစီးသွားတော့သည်။
မသိလိုက်ဘဲနှင့် မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။
ကျောက်ဖေးသည် ထင်းပိဿာချိန် ၄၀၀ ကို စစ်ဆေးပြီးနောက် ရယ်ထောင်နှင့် ကျန်လူများကို သွားခွင့်ပြုလိုက်ရာ သူတို့သည် နေ့လယ်ပိုင်းတွင် အားလပ်သွားကြသည်။
ကျောက်ဖေးက သူတို့ကို အချိန်ပို အလုပ်မခိုင်းသဖြင့် ရယ်ထောင်တို့မှာ ပြုံးပျော်သွားကြပြီး ကျောက်ဖေးကို ကြည့်သည့် အကြည့်များမှာလည်း ချက်ချင်းပင် ပိုမိုရင်းနှီးလာခဲ့သည်။
ထိုလူများ ထွက်သွားပြီး မကြာမီမှာပင်
ချန်ချင်းစုန်းသည် သူတို့တံခါးဝသို့ ရောက်ရှိလာသည်။
ကျောက်ဖေးက ရယ်မောကာ "ငါက မင်းကို လာရှာမလို့ပဲ၊ မင်းက အရင်ရောက်လာတာကိုး" ဟု ဆိုသည်။
ချန်ချင်းစုန်းက "အစ်ကိုကျောက် ကျွန်တော့်ကို ရှာမတွေ့မှာစိုးလို့ စောစောစီးစီး အပြေးလာခဲ့တာပါ" ဟု ပြန်ပြောသည်။
ထို့နောက် သူက ဆက်လက်ရှင်းပြသည် "အစ်ကိုကျောက်၊ ကျွန်တော် အခု ဆေးဖော်ဆောင်မှာ အလုပ်ပြောင်းသွားပြီ..."
မနေ့က ချန်ချင်းစုန်းသည် ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် တာဝန်ကျခဲ့ခြင်းဖြစ်သည်။
သို့သော် သူဖခင် ချန်ယွမ်ရှန်း၏ အသိဟောင်းတစ်ဦးနှင့် ဆက်သွယ်မိခဲ့သဖြင့် ယနေ့မနက်စောစောတွင် စိုက်ခင်းမှ ဆေးဖော်ဆောင်သို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။
စိုက်ခင်းနှင့် နှိုင်းယှဉ်လျှင် ဆေးဖော်ဆောင်မှာ သဘာဝအတိုင်း ပိုမိုကောင်းမွန်လှသည်။
အလုပ်သက်သာရုံသာမက အခွင့်အလမ်းလည်း ပိုများသည်။ အကယ်၍ ဆေးဖော်စပ်သူများ၏ မျက်နှာသာပေးမှုကို ရရှိပါက ဆေးစမ်းသပ်ရန် အခွင့်အရေးများကိုပင် မကြာခဏ ရရှိတတ်သည်။
ချန်ချင်းစုန်းသည် ဆေးဖော်ဆောင်တွင် အလုပ်လုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ပြောပြနေသည်။
သို့သော် ပြောရင်းနှင့် သူက မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ "ဆေးဖော်ဆောင်မှာ အားလုံးကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဟူလို့ နာမည်ရတဲ့ ငါတို့ကြီးကြပ်သူကတော့ တကယ့် လူယုတ်မာပဲ။ ကျွန်တော် ဒီမနက် သွားသတင်းပို့ရုံရှိသေးတယ်၊ သူက လက်ဆောင်ဆိုပြီး ငွေပြား ၁၀၀ တောင်းနေတယ်။"
"စီနီယာတွေ ပြောတာတော့ အဲဒီ ဟူဆိုတဲ့လူက လောဘကြီးပြီး တောင်းဆိုမှုလည်း များတယ်၊ ပြီးတော့... သူက တော်တော်လည်း နှာဗူးကျတယ်လို့ ကြားတယ်"
အမှန်စင်စစ် ချန်ချင်းစုန်းသည် ကျောက်ဖေးကို တစ်ခုခုလုပ်ပေးရန် မျှော်လင့်၍ ပြောခြင်းမဟုတ်ဘဲ အမှတ်မထင် ပြောပြမိခြင်းသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤကမ္ဘာလောကတွင် ဤကဲ့သို့ ညစ်ပတ်စက်ဆုပ်ဖွယ် ကိစ္စရပ်များမှာ အမြဲရှိနေတတ်သည် မဟုတ်ပါလော
သူသည် ကျောက်ဖေးကို သူငယ်ချင်းတစ်ယောက်လို သဘောထား၍ စိတ်ပျက်စရာကိစ္စများကို ပေါ့ပေါ့ပါးပါး ဖောက်သည်ချခြင်းသာ ဖြစ်ပေသည်။
အခန်း ၈၇ ရုပ်ဖျက်အတတ်ပညာ
"မျိုးရိုးက ဟူလား? သူ့နာမည်က ဟူထျယ်ရှီမဟုတ်လား?"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ ကြီးကြပ်သူနာမည်က ဟူထျယ်ရှီပါ... နေပါဦး အစ်ကိုကျောက်၊ သူ့ကို သိလို့လား?"
"သိတယ်လို့တော့ ပြောလို့မရပါဘူး၊ တိုက်ဆိုင်မှုတစ်ခုလို့ပဲ ခံစားရလို့ပါ..."
ကျောက်ဖေးက ပြုံးလိုက်ပြီး စွန်းယန်၏ အခြေအနေကို ချန်ချင်းစုန်းအား အကျဉ်းချုပ် ပြောပြလိုက်သည်။
ထို့နောက် ကျောက်ဖေးက "ချင်းစုန်း၊ အဲဒီ ဟူ ဆိုတဲ့လူက မင်းကို အခက်အခဲဖြစ်အောင် လုပ်လာရင်ဖြစ်ဖြစ်၊ ငါကူညီပေးနိုင်တာရှိရင်ဖြစ်ဖြစ် ငါ့ကိုသာပြောပါ။ တခြားအရာတွေတော့ ပြောရခက်ပေမဲ့ ဒီလိုလူကျင့်ဝတ်မကောင်းတဲ့လူမျိုးကို သင်ခန်းစာပေးဖို့ဆိုတာ ငါ့အတွက် ပြဿနာမဟုတ်ပါဘူး"
ချန်ချင်းစုန်းက ရယ်မောကာ "ဟာဟားးအစ်ကိုကျောက်ရဲ့ စကားကိုကြားရတော့ ကျွန်တော် သူ့ကို ကြောက်နေစရာ မလိုတော့ဘူးပေါ့... ဒါပေမဲ့ အစ်ကိုကျောက် ကျွန်တော့်အတွက် စိုးရိမ်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒီတောင်ပေါ်မှာ ကျွန်တော့်အဖေရဲ့ မိတ်ဆွေဟောင်းတချို့ ရှိနေသေးတော့ သူ ကျွန်တော့်ကို အလွန်အမင်း ဒုက္ခပေးရဲမှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
"ဒါဆိုလည်း ကောင်းတာပေါ့"
အမှန်အတိုင်းပြောရလျှင် ကျောက်ဖေးသည် ချန်ချင်းစုန်းအတွက် အမှန်တကယ် စိုးရိမ်နေခြင်းမဟုတ်ပေ။
ချန်ယွမ်ရှန်း၏ အဆက်အသွယ်များဖြင့်ဆိုလျှင် ချန်ချင်းစုန်းသည် ပြဿနာမရှာသရွေ့ သံဓားဂိုဏ်းတွင် အဆင်ပြေပြေ နေထိုင်နိုင်
မည်ဖြစ်သည်။
ချန်ယွမ်ရှန်းက သူ့အား ချန်ချင်းစုန်းနှင့်အတူ ခရီးသွားရန်နှင့် စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့ခြင်းမှာ ချန်ချင်းစုန်းနှင့် ရင်းနှီးမှုရစေရနနှင့် အနာဂတ်အတွက် အဆက်အသွယ်ကောင်းများ တည်ဆောက်ပေးရန်သာ ဖြစ်ကြောင်း ကျောက်ဖေး နားလည်ထားသည်။
ဤအဖေအိုကြီးမှာ သူ့သားအတွက် အမှန်တကယ်ပင် အတော်လေး ပူပန်ပေးရှာသည်ဟု ဆိုရမည်။
ချန်ချင်းစုန်းနှင့် လမ်းခွဲပြီးနောက်
မွန်းတည့်ချိန် ကျောက်ဖေးသည် ဂိုဏ်းအတွင်း လှည့်လည်ကြည့်ရှုရင်း အပြင်စည်းခန်းမဆောင်ကြီးသို့ ရောက်ရှိလာခဲ့သည်။
အပြင်စည်းခန်းမဆောင်သည် အပြင်စည်းတစ်ခုလုံး၏ အရေးကိစ္စအဝဝကို တာဝန်ယူရသော ဗဟိုအချက်အချာ အဆောက်အအုံဖြစ်ပြီး ၎င်းကို အပြင်ခန်းမ ၊ စည်းကမ်းထိန်းသိမ်းရေးခန်းမ ၊ ပညာသင်ကြားရေးခန်းမနှင့် ရမှတ်ခန်းမစသည်ဖြင့် ထပ်မံခွဲခြားထားသည်။
အပြင်ခန်းမသည် အပြင်စည်းတပည့်များ၏ တာဝန်ပေးအပ်ခြင်း၊ အလုပ်ခွဲဝေခြင်း၊ အရင်းအမြစ် ခွဲဝေပေးခြင်းနှင့် တပည့်များ၏ နေ့စဉ်ကိစ္စရပ်များကို စီမံခန့်ခွဲပေးရသည်။
ကျောက်ဖေးသည် အပြင်ခန်းမတွင် ကပ်ထားသော မစ်ရှင် ကြေညာချက်များကို မော့ကြည့်လိုက်သည်။
ဂိုဏ်းတပည့်များသည် အပြင်ခန်းမမှတစ်ဆင့် မစ်ရှင်များကို လက်ခံဆောင်ရွက်နိုင်သည်။
မစ်ရှင်များ အောင်မြင်ပြီးဆုံးပါက ဂိုဏ်းအမှတ် များ ရရှိမည်ဖြစ်သည်။
ဂိုဏ်းတစ်ခုအတွင်း၌ ဂိုဏ်းအမှတ်များသည်သာ တကယ့် ငွေကြေးအစစ်အမှန် ဖြစ်ပေသည်။
ငွေပေးဝယ်၍မရသော တန်ဖိုးကြီးပစ္စည်း အများအပြားကို သံဓားဂိုဏ်းက ရောင်းချခြင်းမပြုဘဲ ဂိုဏ်းအမှတ်များဖြင့်သာ လဲလှယ်
ခွင့်ပြုထားသည်။
ဤသည်မှာ တပည့်များအနေဖြင့် ဂိုဏ်းအတွက် အကျိုးပြုရန် သံဓားဂိုဏ်းက ထိရောက်စွာ ဆွဲဆောင်ထားခြင်းပင် ဖြစ်သည်။
သံဓားဂိုဏ်းက မည်မျှပင် ကြီးမားသန်မာသည်ဖြစ်စေ ဤမျှများပြားလှသော သိုင်းပညာရှင်များကို အလကား ကျွေးမွေးထားရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် ဂိုဏ်းအမှတ်များ အတိုင်းအတာတစ်ခုအထိ စုဆောင်းမိပါက အထွေထွေအလုပ်ကြမ်းများမှ ကင်းလွတ်ခွင့်ရပြီး သိုင်းပညာလေ့ကျင့်ခြင်းကိုသာ အာရုံစိုက်နိုင်သည်ဟူသော စည်းကမ်းလည်း ရှိသည်။
အကယ်၍ ဂိုဏ်းအမှတ် မလုံလောက်ပါက ထင်းခုတ်ခြင်း၊ ရေခပ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် သတ္တုတူးခြင်းကဲ့သို့သော အလုပ်ကြမ်းများကို လုပ်ကိုင်ရမည်ဖြစ်သည်။
သာမန်တပည့်များသည် များသောအားဖြင့် တစ်နေ့တာ၏ ထက်ဝက်ခန့်ကိုသာ သိုင်းလေ့ကျင့်ရန် အားလပ်တတ်ကြသည်။
ဤအလုပ်များကို လုပ်ကိုင်ခြင်းဖြင့် ဂိုဏ်းအမှတ် အနည်းငယ်ရရှိနိုင်သော်လည်း ၎င်းမှာ အခြေခံ ကျင့်ကြံမှု လိုအပ်ချက်များအတွက်သာ လုံလောက်ရုံရှိသည်။
သို့သော် ကျောက်ဖေး ဤနေရာသို့ လာခြင်းမှာ မစ်ရှင်လက်ခံရန် မဟုတ်ပေ။
သူ့တွင် အခြား ရည်ရွယ်ချက် ရှိနေသည်။
တာဝန်ကြေညာသင်ပုန်းပေါ်တွင် အမျိုးမျိုးသော မှတ်တမ်းပေါင်း ဆယ်ဂဏန်းခန့် ရှိနေသည်။
နာမည်ကျော် ဓားပြ "နှလုံးမည်းကျား" ကို လိုက်လံဖမ်းဆီးရန် ဖြစ်သည်။
ဤလူသည် အဆင့် (၈) သိုင်းပညာရှင်ဟု ယူဆရပြီး ဓားသိုင်းကျွမ်းကျင်သည်။
ကုန်သည်အဖွဲ့ သုံးဖွဲ့ကို လုယက်ခဲ့ပြီး လူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည်
နောက်တစ်ခုက ရတနာခန်းမကုန်သည်အဖွဲ့ကို မြေနီပြည်နယ်သို့ လိုက်ပါစောင့်ရှောက်ရန် ဖြစ်သည်။ ဤမစ်ရှင်အတွက် အဆင့် (၉) သိုင်းပညာရှင် ငါးဦးနှင့် အဆင့် (၈) တစ်ဦး လိုအပ်သည်။ ကုန်သည်အဖွဲ့သည် သုံးရက်အတွင်း စုရပ်မှ ထွက်ခွာမည်
ကျန်းယွဲ့မြို့၏ အစိုးရရိက္ခာငွေများ ခိုးယူခံရမှု
ဤတာဝန်များတွင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍ ရာဇဝတ်သားများကို ဖမ်းဆီးခြင်းများ ပါဝင်သလို မြို့ပေါ်ရှိ ထင်ရှားသော မိသားစုများနှင့် ချမ်းသာသော ကုန်သည်များ၏ အပ်နှံထားသော တာဝန်များလည်း ပါဝင်သည်။
၎င်းတို့အနက် လေးပုံတစ်ပုံခန့်မှာ အနီရောင်မျဉ်း တားထားပြီးဖြစ်ရာ ထိုတာဝန်များကို တစ်စုံတစ်ဦးက လက်ခံထားပြီး သို့မဟုတ် လူဦးရေ ပြည့်သွားပြီဖြစ်ကြောင်း ပြသနေသည်။
ကျန်ရှိနေသော တာဝန်များထဲမှ အများစုသည် ကာလရှည်ကြာ မဖြေရှင်းနိုင်သေးသော အမှုဟောင်းများ ဖြစ်ကြသည်။
သဲလွန်စမရှိခြင်း သို့မဟုတ် ခက်ခဲလွန်းခြင်းကြောင့် နှစ်ပေါင်းများစွာ မည်သူမျှ လက်မခံဘဲ ကျန်ရှိနေခြင်းပင်။
ထို့ကြောင့် တပည့်များ၏ အမြင်တွင် တကယ်တမ်း လုပ်ဆောင်ရန် ထိုက်တန်သော မစ်ရှင်မှာ လေးပုံတစ်ပုံခန့်သာ ရှိသည်။
ဘေးပတ်ဝန်းကျင်ရှိ တပည့်များ၏ ပြောဆိုချက်များကို နားထောင်ရင်း ကျောက်ဖေးသည် အခြေအနေအရပ်ရပ်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
သူသည် ကြေညာချက်များကို ခဏတာ ကြည့်ရှုနေစဉ် ရုတ်တရက် တာဝန်တစ်ခုပေါ်သို့ သူ၏ အကြည့်များ ကျရောက်သွားသည်။
တာဝန်အမှတ် (၁၇) - ကာမကျူးလွန်သူ ကျောက်မျက်နှာမြေခွေးကို လိုက်လံဖမ်းဆီးရန်။ ဤလူသည် ခြေလှမ်းသွက် ကျွမ်းကျင်ပြီး ရုပ်ဖျက်အတတ်တွင် ပါရမီရှိသည်။ သူ၏ အစွမ်းမှာ အဆင့် (၉) ဖြစ်သော်လည်း အဆင့် (၈) သို့ တက်လှမ်းသွားပြီဟု သံသယရှိရသည်။ သူသည် နန်ကျိုး ဒေသအနှံ့တွင် ပြစ်မှုများ ကျူးလွန်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မကြာသေးမီက ကျန်းယွဲ့ပြည်နယ်သို့ ရောက်ရှိလာသည်။ မြို့ပေါ်ရှိ ချမ်းသာသော အမျိုးသမီး အများအပြားမှာ သူ၏ ပြန်ပေးဆွဲခြင်းနှင့် စော်ကားခြင်းကို ခံခဲ့ရသည်
တာဝန်အမှတ် - ၄၅၀
"ရုပ်ဖျက်အတတ်..."
ကျောက်ဖေး၏ စိတ်ထဲတွင် စိတ်ဝင်စားမှုများ မြင့်တက်လာတော့သည်။
ကျောက်ဖေး၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် ဝင်းခနဲ လက်သွားသည်။
သူသည် မစ်ရှင်အမှတ်များ သို့မဟုတ် ထိုကဲ့သို့သော အရာများကို သိပ်ဂရုမစိုက်ပေ။
သူ ဤနေရာသို့ လာသည်မှာ မစ်ရှင်တစ်ခုခု လက်ခံရန်မဟုတ်ဘဲ၊ ပေးအပ်ထားသော တာဝန်များကို ကြည့်ရှုခြင်းဖြင့် ပြင်ပကမ္ဘာအကြောင်း ပိုမိုသိရှိလိုခြင်းကြောင့်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤကမ္ဘာကြီးသည် သူ၏ ယခင်ဘဝကကဲ့သို့ တိုးတက်မှုမရှိသေးပေ။
အင်တာနက် သတင်းများမရှိသလို၊ လက်ကိုင်ဖုန်းကို အသုံးပြုရုံဖြင့် အိမ်ထဲမှမထွက်ဘဲ ကမ္ဘာ့အဖြစ်အပျက်များကို သိရှိနိုင်ရန်မှာလည်း မဖြစ်နိုင်ပေ။
သို့သော် မစ်ရှင်ဖော်ပြချက်တွင် "ရုပ်ဖျက်အတတ်" ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ကျောက်ဖေး၏ ကနဦး အတွေးအမြင်များသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
အကယ်၍သာ ဤအတတ်ပညာကို သင်ယူနိုင်မည်ဆိုလျှင် အနာဂတ်တွင် လူအများအကြား လှုပ်ရှားသွားလာရန်မှာ များစွာ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
ကျောက်ဖေးသည် ရုပ်ဖျက်အတတ်ကို အမြဲတမ်း သင်ယူလိုခဲ့သော်လည်း မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။
ယခုမူ ဤမစ်ရှင်တွင် သူ မျှော်လင့်ချက်အချို့ကို မြင်တွေ့လိုက်ရပြီဖြစ်သည်။
ထို့အပြင် ဤတာဝန်မှာ ယနေ့မနက်ပိုင်းကမှ ထုတ်ပြန်ထားခြင်းဖြစ်ပြီး နောက်ဆုံးဖြစ်ပွားခဲ့သော အမှုမှာလည်း မနေ့ညကမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဤအချက်က ကျောက်မျက်နှာမြေခွေးသည် ကျန်းယွဲ့မြို့အနီးတွင် ရှိနေသေးပြီး အဝေးသို့ မရောက်သေးကြောင်း ညွှန်ပြနေသည်။
စိတ်ကူးရသည်နှင့် ကျောက်ဖေးသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ဆောင်ရွက်တော့သည်။
သူသည် တာဝန်ထုတ်ပြန်သော ကြီးကြပ်သူကို ရှာဖွေကာ ထိုတာဝန်ကို လက်ခံလိုကြောင်း အသိပေးလိုက်သည်။
ကျောက်ဖေး၏ ခါးချိတ်တံဆိပ်ကို စစ်ဆေးပြီးနောက် တာဝန်ခံအရာရှိက ခေါင်းညိတ်ကာ ပြောသည်။ "အပိုင်း (ဂ)ထင်းဂိုဒေါင်ရဲ့ ကြီးကြပ်သူအနေနဲ့ ခင်ဗျား တာဝန်ထမ်းဆောင်နေစဉ်အတွင်း တာဝန်ကို ယာယီလွှဲပြောင်းယူမယ့်သူ တစ်ယောက်ကို သတ်မှတ်ပေးရမယ်"
"ချောင်ပင်း... သူက အပိုင်း (ဂ)ထင်းဂိုဒေါင်က ငါ့ရဲ့တပည့်ပါ..."
ကျောက်ဖေးသည် လူအများကြီးကို မသိသဖြင့် တစ်ယောက်ကို ကျပန်းရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သူ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူး၏ အကျိုးခံစားခွင့်များကို သူရရှိမည်မဟုတ်ဘဲ၊ ၎င်းအစား ယာယီတာဝန်ယူထားသူက အကျိုးခံစားခွင့်၏ တစ်ဝက်ကို ရရှိမည် ဖြစ်သည်။
ဤသည်မှာ တပည့်များအနေဖြင့် တာဝန်များကို အကြောင်းပြကာ မိမိတို့၏ တာဝန်ဝတ္တရားများမှ ရှောင်လွှဲခြင်းကို တားဆီးရန်ဖြစ်သည်။
သို့သော် ကြီးကြပ်သူ၏ အကျိုးခံစားခွင့်မှာ တစ်လလျှင် ဂိုဏ်းအမှတ် ၅၀ မျှသာ ဖြစ်ရာ ကျောက်ဖေးကတော့ လုံးဝ ဂရုမစိုက်ပေ။
နေဝင်ရီတရောအချိန်တွင်။
ကျောက်ဖေးသည် ကျန်းယွဲ့မြို့ရှိ ချန်မိသားစု အိမ်တော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချန်မိသားစုသည် ကျန်းယွဲ့မြို့ရှိ ထင်ရှားသော မိသားစုများအနက် တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ အထည်ဆိုင် ဖွင့်လှစ်လာခဲ့သူများ ဖြစ်သည်။
လက်ရှိတွင် ကျန်းယွဲ့မြို့၏ အထည်လုပ်ငန်း နှစ်ပုံသုံးပုံခန့်ကို ချန်မိသားစုက ကိုင်တွယ်ထားသည်။
မနေ့ညက ချန်မိသားစု၏ ပဉ္စမမြောက် သမီးပျိုဖြစ်သူ ချန်လျူယွဲ့မှာ ကျောက်မျက်နှာမြေခွေး၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။ ဤသည်မှာ လက်ရှိအချိန်အထိ ကျောက်မျက်နှာမြေခွေး ကျူးလွန်ခဲ့သော နောက်ဆုံးပြစ်မှု ဖြစ်သည်။
ကျောက်ဖေးက မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် လာရင်းအကြောင်းကို ရှင်းပြလိုက်သည်။
သံဓားဂိုဏ်းမှ တပည့်တစ်ဦးဖြစ်ကြောင်း ကြားသိရသောအခါ
ချန်မိသားစု၏ အစေခံများမှာ လျစ်လျူမရှုရဲကြပေ။ သူတို့သည် အထက်သို့ သတင်းပို့ရန် လူတစ်ယောက်ကို စေလွှတ်လိုက်ပြီး ကျောက်ဖေးကို အတွင်းသို့ ဖိတ်ခေါ်ခဲ့ကြသည်။
ချန်အိမ်တော်၏ ဧည့်ခန်းသို့ ရောက်ရှိလာကြသည်။
ချန်မိသားစု၏ အိမ်ထောင်ဦးစီးမှာ ချန်ဖင်းရှန်းဖြစ်ပြီး ပြန်ပေးဆွဲခံရသူ ချန်လျူယွဲ့၏ ဖခင်လည်းဖြစ်သည်။
သူသည် ဝဖြိုးသော ကိုယ်လုံးကိုယ်ပေါက် ရှိသူဖြစ်သည်။
ကျောက်ဖေးကို မြင်သောအခါ သူသည် အလျင်အမြန် ရှေ့သို့တိုး၍ နှုတ်ဆက်ကာ ကျောက်ဖေး၏ စုံစမ်းစစ်ဆေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။