အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
နောင်တ
ကျားရင်းသည် သူမ၏ အလှပဆုံးသော အဝတ်အစားများကို ဝတ်ဆင်လျက် ရင်းနှီးနေသော နေရာ တစ်ခုဖြစ်သည့် ငှားရမ်းထားသော အခန်းတံခါးဝသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်...။
သူမသည် ဦးစွာပထမ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မိမိကိုယ်ကိုယ် သနားစဖွယ် အသွင်အပြင် ဖြစ် အောင် ပြင်ဆင်လိုက်ပြီး မျက်ဝန်းထောင့်၌ မျက်ရည်စအချို့ ဝဲလာသည်အထိ လုပ်ဆောင်ပြီးမှသာ တံခါးကို ခေါက်လိုက်လေသည်...။
သို့သော် သူမ မည်မျှပင် ခေါက်စေကာမူ တံခါးက ပွင့်မလာခဲ့ပေ။ အထဲမှလည်း မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ လူမရှိသကဲ့သို့ တိတ်ဆိတ်နေခဲ့ပေသည်...။
တဖြည်းဖြည်းနှင့် ကျားရင်းသည် စိတ်ရှည်မှု ကုန်ဆုံးလာကာ သူမ အသစ်ပြင်ထားသော မျက်ခုံးများကို အသာအယာ တွန့်ချိုးလိုက်ပြီး၊
"ယွမ်ကျုန်း တစ်ယောက် ဘယ်သွားနေတာလဲ...။ ငါ သူ့ကို အပြတ်ငြင်းလိုက်တာတောင် သူက အခုလို သန်းခေါင်ယံအထိ အလုပ်လုပ်နေတုန်းပဲလား...။ သူ အခန်းထဲမှာ အောင်းပြီး ရက်အနည်းငယ်လောက် ဝမ်းနည်းနေလိမ့်အုန်းမယ်လို့ ငါ ထင်ထားခဲ့တာ..."
"ငါ နိုင်ငံခြားသွားပြီး ချမ်းသာတဲ့ နိုင်ငံခြားသားလေးတွေနဲ့ တွဲကတည်းက သူ့ဆီကနေ တစ်ပြားမှ မတောင်းခဲ့တာ ကြာပြီ...။"
"ဒါကြောင့် သူ အခုဆိုရင် ပိုက်ဆံအတော်အတန် စုမိနေလောက်ပြီ...။ ငါ အခု ပိုက်ဆံ အသည်းအသန် လိုနေတာ၊ သူက လိမ်လို့ အကောင်းဆုံး လူပဲ...။ မတတ်နိုင်ဘူး သူ ပြန်လာတဲ့အထိ ငါ စောင့်ရမှာပဲ...။"
"ဒီလို မျက်နှာလို မျက်နှာရ လုပ်တတ်တဲ့သူက အရေးကြုံရင် အစားထိုးလို့ ကောင်းပေမဲ့ ငါ အခုလို အခြေအနေမျိုး ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။ ငါ တကယ် ပေါ့ဆသွားတာပဲ...။"
ကျားရင်းသည် တိုးတိုးလေး ရေရွတ်ပြီးနောက် တံခါးရှေ့၌ ထိုင်ချလိုက်ကာ သနားစဖွယ် ပုံစံဖမ်းလျက် ဆက်လက် စောင့်ဆိုင်းနေခဲ့လိုက်လေသည်...။
မကြာမီပင် ဘေးခန်းမှ အမျိုးသမီးကြီးတစ်ဦးသည် အမှိုက်ပစ်ရန် ထွက်လာခဲ့လေ၏။ သူမက ကျားရင်း ကို မြင်သောအခါ ခေတ္တမျှ ကြောင်အံ့သွားပြီးနောက် မေးလိုက်လေသည်၊
"မင်းက ယွမ်ကျုန်းနဲ့ အတူတူ နေခဲ့တဲ့ ရှောင်ယင်း မဟုတ်လား...။"
သူမ၏ အမည်ကို ခေါ်လိုက်သံ ကြားသောအခါ ကျားရင်းသည် ခေါင်းမော့ကြည့်လိုက်ပြီး ထိုအမျိုးသမီး ကြီးကို ချိုသာစွာ ပြုံးပြလိုက်လေသည်...။
"ဟုတ်ပါတယ် ဒေါ်လေးကျန်း...။ သမီး နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာ ဒီနေ့မှ ပြန်ရောက်တာပါ။ ယွမ်ကျုန်း ဘယ်သွားနေလဲဆိုတာ ဒေါ်လေး သိလားဟင်...။ သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ..။"
ဒေါ်လေးကျန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ထူးဆန်းသော အမူအရာဖြင့် ပြန်ပြောလိုက်လေသည်၊
"မင်းနဲ့ ယွမ်ကျုန်းက ဒီလောက် နှစ်အတော်ကြာ တွဲလာတာပဲ...။ ဒီအခန်းသော့ မင်းဆီမှာ မရှိဘူးလား..။ သော့မရှိရင်တောင် ဖုန်းနံပါတ် ရှိမှာပဲလေ၊ ဘာလို့ ဖုန်းဆက်ပြီး မမေးတာလဲ...။"
ကျားရင်း၏ အပြုံးမှာ ခေတ္တမျှ အေးခဲသွားရလေသည်။ သူမသည် ချမ်းသာသော နိုင်ငံခြားသား သခင်လေးတစ်ဦးနှင့် တွဲကတည်းက ဤငှားရမ်းထားသော အခန်း၏ သော့ကို လွှင့်ပစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်လေသည်။
ထို့အပြင် ယွမ်ကျုန်း သူမကို ဆက်သွယ်၍ မရစေရန် ဖုန်းနံပါတ်ကိုလည်း ပြောင်းလဲခဲ့သဖြင့် ယွမ်ကျုန်း ၏ ဖုန်းနံပါတ်ကိုလည်း မှတ်မထားခဲ့တော့ပေ...။
သူမသည် ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်ပြီးနောက်၊
"ဩော်... ဒေါ်လေးကျန်း၊ သမီးက...၊ သမီးက ယွမ်ကျုန်းကို အံ့အားသင့်သွားစေချင်လို့ပါ၊ ဒါကြောင့် သူ့ကို အကြောင်းမကြားဘဲ ပြန်လာခဲ့တာ...။"
ထိုရှင်းပြချက်ကို ကြားသောအခါ ဒေါ်လေးကျန်းက ခေါင်းညိတ်ပြပြီး ဆက်လက် ပြောပြလေသည်၊
"ဒါဆိုရင်တော့ မင်း နည်းနည်း ထပ်စောင့်ရဦးမယ် ထင်တယ်...။ နှစ်သစ်ကူး မတိုင်ခင် ရက်ပိုင်းက ယွမ်ကျုန်းကို ကြည့်ရတာ အရမ်း ဝမ်းနည်းနေပုံပဲ၊ ဘာဖြစ်တာလဲတော့ ဒေါ်လေးလည်း မသိပါဘူး...။"
"နှစ်သစ်ကူးပြီးတာနဲ့ သူ အလုပ်တွေ ကြိုးစားပမ်းစား လုပ်တော့တာပဲ...။ သူ့ရဲ့ ပုံမှန်အလုပ်ပြီးရင် တောင် ပစ္စည်းပို့တာတို့ ဘာတို့နဲ့ အချိန်ကုန်နေတတ်တယ်...။"
"သူ့ကို ကြည့်ရတာ တစ်ခုခုနဲ့ ကြုံတွေ့ထားရလို့ အလုပ်တွေနဲ့ပဲ စိတ်ကို နှစ်ထားပုံရတယ်...။"
"ဒီရက်ပိုင်းမှာဆိုရင် သန်းခေါင်ကျော်တဲ့အထိ အလုပ်လုပ်နေတာ...။ ကြည့်ရတာ တကယ် ပင်ပန်းမယ့်ပုံ ပဲ...။"
ဒေါ်လေးကျန်း၏ စကားကို ကြားသောအခါ ကျားရင်းသည် စိတ်ထဲမှ ဝမ်းသာသွားပြီး ၊
*ဟားဟား... သိပ်ကောင်းတာပဲ...။ သူ ငါ့ကြောင့် ဝမ်းနည်းနေတာ သေချာတယ်...။*
*ဒါဆိုရင် သူ့ကို ပြန်ရဖို့ဆိုတာ မခက်တော့ဘူး...။ ငါတို့မှာ သံယောဇဉ်တွေ ရှိခဲ့တာပဲ၊ ငါက သူ မေ့လို့ မရနိုင်တဲ့ ချစ်သူ ဖြစ်သွားပြီပေါ့... ။*
*အရင်ဆုံး သူ့ကို မျှော်လင့်ချက်မဲ့အောင် လုပ်ပြီးမှ မျှော်လင့်ချက် ပြန်ပေးလိုက်ရင် သူ့ကို ငါ စိတ်ကြိုက် ထိန်းချုပ်လို့ ရပြီ မဟုတ်ဘူးလား...။*
*ပြီးတော့ ငါက အရင်ကထက် ပိုလှလာတာဆိုတော့ သူ ရူးမတတ် ဖြစ်သွားမှာ သေချာတယ်...။*
ကျားရင်းသည် သူမ၏ စိတ်ကူးများထဲ၌ နစ်မြောနေစဉ် အောက်ထပ်မှ အသံအချို့ကို ကြားလိုက် ရလေသည်...။
သူမ အသာချောင်းကြည့်လိုက်သောအခါ အစားအသောက် ပို့ဆောင်သူ ယူနီဖောင်း ဝတ်ဆင်ထားသော ယွမ်ကျုန်းသည် မာစီးဒီး ဂျီကလပ်စ် ကားကြီးတစ်စီးပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရလေသည်...။
ထိုစဉ် ကားမောင်းသူနေရာမှ တံခါးပွင့်လာပြီး အစားအသောက် ပို့ဆောင်သူ ယူနီဖောင်း ဝတ်ဆင်ထား သည့် အခြားတစ်ဦး ဆင်းလာခဲ့လေသည်...။
ထိုသူကို ကျားရင်း ကောင်းကောင်း သိပေသည်...။ သူကား လျန်ထျန်းပင် ဖြစ်ချေတော့သည်...။
လျန်ထျန်းသည် ကားကို ရပ်နားပြီးနောက် ယွမ်ကျုန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်၊
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... မင်းနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး...။ ဒါပေမဲ့ မင်းက အရမ်း အလုပ် ကြိုးစားလွန်းတယ်၊ စက်ဘီးစီးရင်းနဲ့တောင် သတိလစ်သွားရတယ်လို့ကွာ...။"
"ဆရာဝန်ကတော့ မင်း အခု အနားယူဖို့ လိုတယ်လို့ ပြောတယ်...။ မင်း ကိုယ့်ကိုယ်ကိုယ် ဒီထက်ပိုပြီး နှိပ်စက်မနေပါနဲ့တော့၊ မဟုတ်ရင် တစ်ခုခု ဖြစ်သွားလိမ့်မယ်...။"
လျန်ထျန်းက ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောလိုက်လေသည်၊
"ညီအစ်ကို... မင်းက သံယောဇဉ်ကြီးတဲ့သူ ဆိုတာ ငါ သိပါတယ်...။ အဲ့ဒီလို မိန်းမမျိုးအတွက်နဲ့ ကိုယ့် ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့...။ မင်းက ဒီထက် ပိုကောင်းတဲ့သူနဲ့ ထိုက်တန်ပါတယ်...။"
"ဒီလိုလုပ်... မနက်ဖြန် ကျင်းတ အိမ်ခြံမြေကို လာခဲ့ပါ...။ ငါ ဥက္ကဋ္ဌလုကို မင်းကို လိုက်ပြခိုင်းလိုက် မယ်...။ ငါ အခုလေးတင် ဝယ်လိုက်တဲ့ ယွမ်ခယ် အိမ်ခြံမြေမှာလည်း လူအင်အား လိုနေတာနဲ့ အတော် ပဲ...။"
"မင်းသာ အလုပ်ကြိုးစားမယ်ဆိုရင်...၊ မင်းရဲ့ စိတ်ဓာတ်နဲ့ဆိုရင် မင်း ပျက်ကွက်မှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်...။ အတိုချုပ်ပြောရရင် ငါ့ကို ကူညီပေးပါ၊ ငါ မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်...။"
"မင်းရဲ့ တစ်နှစ်စာ လစာကို အခုလောလောဆယ် တစ်ယွမ် သတ်မှတ်ပေးထားမယ်...။ မင်းရဲ့ အရည် အချင်း တိုးတက်လာတာနဲ့အမျှ ငါ ထပ်တိုးပေးမယ်...။ ငါ ပေးတဲ့ ပမာဏက မင်းရဲ့ အရည်အချင်းနဲ့ ထိုက်တန်စေရမယ်...။"
ထိုစကားကို ကြားသောအခါ ယွမ်ကျုန်းသည် မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်မိလေ သည်...။
သို့သော် ဘေးနားရှိ ဂျီကလပ်စ် ကားကြီးကို ကြည့်ပြီးနောက် သူသည် ရှေ့မှ လူကို အကြွင်းမဲ့ ယုံကြည် လိုက်လေသည်...။
နောက်တစ်စက္ကန့်တွင် အရပ် ခြောက်ပေကျော်ရှိသော ထိုယောက်ျားကြီးသည် အံကြိတ်ကာ ငိုကြွေး လိုက်ပြီး ၊
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...။"
"သမီးရည်းစား ဖြစ်ခဲ့တဲ့ အချိန်တုန်းကလည်း ငါ့မှာ ပညာအရည်အချင်း မရှိလို့၊ အလုပ်ပဲ ကြိုးစားတတ် လို့ဆိုပြီး ဘယ်သူမှ အခွင့်အရေး မပေးခဲ့ကြဘူး...။"
"ငါ ကျားရင်း...၊ အဲ့ဒီမိန်းမအတွက် အရာအားလုံး ပေးဆပ်ခဲ့ပေမဲ့ နောက်ဆုံးတော့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတယ်...။ ငါ့ဘဝက အဓိပ္ပာယ် မရှိတော့ဘူးလို့ ငါ ထင်နေခဲ့မိတာ...။"
"ငါ့ကို အခုလို အခွင့်အရေး ပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်...။ အခုကစပြီး ငါ သူမကို မေ့လိုက်တော့မယ်၊ ပြီးတော့ ဘဝသစ်ကို ပြန်စတော့မယ်...။"
ပြောပြီးနောက် ယွမ်ကျုန်းသည် လျန်ထျန်းကို အောက်သို့ ဦးညွှတ်ကာ အရိုအသေပေးလိုက်လေသည် ...။
လျန်ထျန်း မောင်းထွက်သွားပြီးနောက် ယွမ်ကျုန်းသည် မျက်ရည်များကို သုတ်ကာ အခန်းဆီသို့ တက် လာခဲ့လေသည်...။
နံရံထောင့်မှ အဖြစ်အပျက် အလုံးစုံကို မြင်လိုက်ရသော ကျားရင်းမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေ မိတော့သည်...။
*ဘုရားရေ... ဒီကောင်က ကံကောင်းလိုက်တာ...။ ပစ္စည်းပို့ရင်းနဲ့ လျန်ထျန်းလို သူဌေးကြီးနဲ့ တွေ့ခဲ့ တာပဲ... ။*
*ဒါဆိုရင် မနက်ဖြန်ကစပြီး သူက လူမွဲ မဟုတ်တော့ဘူးပေါ့...။ သူက တစ်နှစ်ကို လစာ တစ်ယွမ်ရတဲ့ ကုမ္ပဏီဝန်ထမ်းကြီး ဖြစ်တော့မှာပဲ... ။*
*ပြီးတော့ လျန်ထျန်း ပြောပုံအရဆိုရင် ယွမ်ကျုန်းက နောင်ကျရင် ရာထူးတက်ပြီး ပိုက်ဆံတွေ အများ ကြီး ရဦးမှာပဲ...။*
*ဟေး... ငါ တကယ်ပဲ ရတနာပုံကြီး တွေ့တာပဲ...။ သူက ပြည်တွင်းမှာ အလုပ်လုပ်ပြီး နိုင်ငံခြားက သခင်လေးတွေကလည်း ငါနဲ့ တွဲချင်နေကြတာဆိုတော့ ငါ့ဘဝက ပြည့်စုံသွားပြီပေါ့...။*
*ငါ လျန်ထျန်းကို မထိန်းချုပ်နိုင်ရင်တောင် ဒီကောင်ကိုတော့ ထိန်းချုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်...။*
ထိုသို့ တွေးတောပြီးနောက် ကျားရင်းသည် စိတ်ကို အမြန်ပြန်လည်ပြင်ဆင်ကာ တံခါးဝသို့ ပြန်သွားပြီး ယွမ်ကျုန်းကို စောင့်နေလိုက်တော့သည်...။
မျှော်လင့်ထားသည့်အတိုင်း ယွမ်ကျုန်းသည် ထောင့်ကို ချိုးလိုက်သည်နှင့် သူမကို မြင်လိုက်ရပေ သည်...။
သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း သူမရှိရာသို့ လျှောက်လာခဲ့လေသည်...။
ကျားရင်းသည် အခွင့်ကောင်းကို အရယူကာ ယွမ်ကျုန်း အနားသို့ ရောက်သည်နှင့် သူ့ခါးကို တင်းတင်း ကျပ်ကျပ် ဖက်လိုက်လေသည်...။
ထို့နောက် ရှိုက်ကြီးတငင် ငိုသံဖြင့်၊
"ယွမ်ကျုန်း... ငါ နင့်ကို သိပ်လွမ်းနေတာ...။ တကယ်တော့ အရင်က ငါပြောခဲ့တာတွေက နင့်ကို စိတ်ဓာတ်တက်ကြွအောင် ပြောခဲ့တာပါ...။"
"နင် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရပြီး ပိုက်ဆံတွေ အများကြီး ရတော့မယ်လို့ ကြားရတော့ ငါ့ရဲ့ ပေးဆပ်မှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ခံစားရတယ်...။"
"အခု ငါတို့ ဒုက္ခတွေ ပြီးဆုံးသွားပြီဆိုတော့ ပြန်စကြရအောင်နော်...။ ဒီတစ်ခါတော့ ငါ တကယ်...၊ အား...။"
သို့သော် ကျားရင်း စကားမဆုံးမီမှာပင် ယွမ်ကျုန်းက သူမကို တွန်းဖယ်လိုက်လေသည်...။
ထို့နောက် ယွမ်ကျုန်းသည် ကျားရင်းကို သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်ကာ တစ်လုံးချင်း ပြောလိုက် လေသည်၊
"ခွင့်လွှတ်ဖို့ တောင်းပန်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ ပိုပြီး ကြိုးစားလိုက်ပါဦး...။"
ပြောပြီးနောက် ယွမ်ကျုန်းသည် လှည့်ထွက်သွားခဲ့သော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်တန့် လိုက်လေသည်...။
ထိုအခါ ကျားရင်းက သူမတွင် အခွင့်အရေး ရှိသေးသည်ဟု ထင်ကာ အားယူ၍ထရပ်ပြီး သနားစဖွယ် ပြောလိုက်လေသည်၊
"ယွမ်ကျုန်း... ငါ မှားသွားပါတယ်...။ နင် စိတ်ဆိုးနေမှန်း ငါ သိပါတယ်...၊ ကျေးဇူးပြုပြီး ငါ့ကို နောက် ထပ် အခွင့်အရေး တစ်ခုလောက် ပေးပါ...။ ဒီတစ်ခါ ငါ ကတိပေးပါတယ်...။"
သူမ စကားမဆုံးမီမှာပင် ယွမ်ကျုန်းက ဖြတ်ပြောလိုက်လေသည်၊
"နင် အထင်မလွဲပါနဲ့... ငါက ဒါလေးပဲ ပြောချင်လို့ပါ...။"
"နင့်ကို စွန့်လွှတ်လိုက်ရတာ ငါ့အတွက် ပိုပြီး စိတ်ချမ်းသာစရာ ကောင်းတယ်...။ နင့်ရဲ့ အနာဂတ်မှာ လည်း အဆင်ပြေပါစေ၊ ပြီးတော့ ငါတို့ ထာဝရ နှုတ်ဆက်ကြစို့...။"
ဤတစ်ကြိမ်တွင်မူ ယွမ်ကျုန်းသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထွက်ခွာသွားခဲ့လေတော့သည်...။
သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျားရင်းမှာမူ နောင်တများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကျကာ မျက်နှာကို လက်ဖြင့်အုပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေပေတော့သည်...။
အခန်း (၇၆)
ဟယ်ရှန့်၏ ရည်းစားအဖြစ် နောက်တစ်ကြိမ် ဟန်ဆောင်ခြင်း
နှစ်သစ်ကူး ပွဲတော်ကြီး ပြီးဆုံးသွားပြီးနောက် လျန်ထျန်းသည် ဝမ်ရှောင်ရို့၏ ပညာသင်နှစ် မကုန်ဆုံး သေးသဖြင့် သူမကို လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးခဲ့လေသည်...။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျားရင်းကို မတွေ့ရတော့ပေ။ သူမသည် အကြွေးဝယ်ကတ် အကြွေးများ စွာ တင်ရှိနေသဖြင့် နာမည်ပျက်စာရင်း သွင်းခံရကာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရသည်ဟု ပြော ကြလေသည်...။
ချစ်သူလေးကို ပို့ဆောင်ပြီးနောက် လျန်ထျန်းသည် သူ၏ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိကာ အစား အသောက်များကို ကြိုးစားပမ်းစားဖြင့် ပို့ဆောင်နေခဲ့ပြန်လေသည်...။
သူသည် နှစ်သစ်ကူး ကာလအတွင်း ပိုက်ဆံအတော်များများ သုံးစွဲမိခဲ့သဖြင့် လက်ထဲတွင် အပိုငွေ မရှိ တော့ဘဲ စိုးရိမ်ပူပန်နေရလေသည်...။ ထို့အပြင် သူ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများ၊ အထူးသဖြင့် ယူနီကွန်း ကုမ္ပဏီ ဖြစ်လာနိုင်သည့် ဟယ်ရှန့်၏ ကုမ္ပဏီမှာ ဒုတိယနှင့် တတိယအကြိမ် ရင်းနှီးမြှုပ်နှံမှု များ လိုအပ်နေပေသေးသည်...။
မိမိကို အမှီပြုနေရသော ကုမ္ပဏီများစွာအတွက် သူသည် အစားအသောက် ပို့ဆောင်ကာ ပိုက်ဆံရှာနေရ သည်ဟု တွေးမိတိုင်း ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးမှာ လေးလံလှသည်ဟု ခံစားနေရပေသည်...။
ကံကောင်းထောက်မစွာဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကုန်ဈေးနှုန်းများမှာ တစ်သန်းဆ ပြုတ်ကျသွားသော်လည်း လျန်ထျန်း၏ အစားအသောက် ပို့ဆောင်ခမှာမူ ထိခိုက်မှု မရှိခဲ့ပေ...။ သူ အနည်းငယ်မျှ ကြိုးစားလိုက်ရုံ ဖြင့် အခြေအနေကို ထိန်းချုပ်နိုင်နေဆဲ ဖြစ်ပေသည်...။
ထိုနေ့တွင် လျန်ထျန်းသည် နံနက်ပိုင်းမှ မွန်းလွဲ (၃) နာရီကျော်အထိ အလုပ်ရှုပ်နေပြီးမှ သူ၏ လျှပ်စစ် စကူတာပေါ်တွင် ထိုင်ကာ အစာတစ်လုပ်ခန့် စားနိုင်တော့သည်...။
သူသည် တရုတ်ပန်ကိတ်ကို မြိန်ယှက်စွာ စားနေစဉ် ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ ဟယ်ရှန့် ဖြစ်နေခဲ့လေသည်...။ လျန်ထျန်းက ဖုန်းကို အမြန်ဖြေကြားလိုက်ပြီး၊
"ဟယ်ရှန့်... နောက်ရက်အနည်းငယ်လောက် ထပ်စောင့်ပါဦး၊ ဒီတစ်ခါတော့ ယွမ်သုံးထောင် ထပ်ပြီး ရင်းနှီးမြှံနှံပေးမယ်...။ အခြေခံ အဆောက်အအုံတွေ ခိုင်မာအောင် အရင်လုပ်ထားပါ...။"
လျန်ထျန်း၏ စကားမဆုံးမီ ဟယ်ရှန့်၏ တုံ့ဆိုင်းနေသော အသံ ထွက်ပေါ်လာခဲ့လေသည်၊
"မစ္စတာလျန်... ကျွန်မ ရင်းနှီးမြှုပ်နှံဖို့အတွက် ဖုန်းဆက်တာ မဟုတ်ပါဘူး...။ အဖွားရဲ့ အသက် (၇၀) ပြည့် မွေးနေ့ ရောက်တော့မှာမို့လို့ပါ...။"
"အရင်တုန်းက မိသားစုက စီစဉ်ပေးတဲ့ အောင်သွယ်တွေ့ဆုံပွဲတွေကို မသွားချင်တာနဲ့ သမီးမှာ ရည်းစား ရှိတယ်၊ သူက အောင်မြင်နေတဲ့ သူဌေးတစ်ယောက်ပါလို့ လိမ်ပြောခဲ့မိလိုက်တယ်...။"
"ဒီနှစ် အဖွားရဲ့ မွေးနေ့ကြီးမှာတော့ ကျွန်မရဲ့ ရည်းစားကို အိမ်ကို ခေါ်လာဖို့ အဖွားက အတင်းအကျပ် ပြောနေတယ်...။ အဖွားက ကျွန်မကို ငယ်ငယ်တည်းက အချစ်ဆုံးမို့လို့ အဖွားကို စိတ်မကောင်း မဖြစ် စေချင်ဘူး...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းသည် ဟယ်ရှန့် သူ့ကို အကူအညီတောင်းလိုသည့် အကြောင်း အရင်းကို ခန့်မှန်းမိသွားခဲ့လေသည်...။
သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်၊
"ဟယ်ရှန့်... အမှန်အတိုင်း ပြောရရင် ငါ့မှာ ချစ်သူရှိနေပြီလေ၊ ဒါကြောင့် အခုလို ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့က...၊ တခြားတစ်ယောက်ကို ရှာလို့ မရဘူးလား...။"
ဟယ်ရှန့်၏ စိတ်အားငယ်နေသော အသံ ထွက်ပေါ်လာခဲ့ပြန်လေသည်၊
"မစ္စတာလျန်... ရှင် အလုပ်ရှုပ်နေမှန်း ကျွန်မ သိပါတယ်၊ အစကတော့ ဒုက္ခမပေးချင်ခဲ့ပါဘူး...။"
"ဒါပေမဲ့ မစ္စတာလျန် ကျွန်မကို နောက်ဆုံးတစ်ခါ ကူညီပေးခဲ့တည်းက မိသားစုက ရည်းစားအကြောင်း မေးတိုင်း ကျွန်မက ရှင့်ရဲ့ ပုံစံအတိုင်းပဲ ပြောပြခဲ့မိတာမို့လို့ပါ...။"
"နောက်ဆုံးတော့ သူတို့က ဓာတ်ပုံကြည့်ချင်တယ်လို့ အတင်းပြောလာတော့ ကျွန်မလည်း ဘာမှ မတတ် နိုင်တော့ဘူး...။ ရှင် ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံဖို့ လာတုန်းက ရှင့်ဓာတ်ပုံကို ခိုးရိုက်ပြီး သူတို့ကို ပို့လိုက် မိတယ်...။ တကယ် တောင်းပန်ပါတယ်ရှင်...။"
ထိုစကားကို ကြားရသောအခါ လျန်ထျန်းသည် ရယ်ရခက် ငိုရခက် ဖြစ်သွားရပြီး၊
"ဒါဆိုရင် ငါ လိုက်သွားဖို့ပဲ ရှိတော့တာပေါ့...။"
ဟယ်ရှန့်က ဖုန်းထဲမှနေ၍ ပျာပျာသလဲ တောင်းပန်ရှာလေသည်၊
"တကယ် တောင်းပန်ပါတယ် မစ္စတာလျန်၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့ပါဘူး ...။ တကယ်လို့ ရှင်မလိုက်ချင်ဘူးဆိုရင်လည်း ကျွန်မ...ကျွန်မ...။"
ဟယ်ရှန့်၏ သနားစဖွယ် အသံကို ကြားရသောအခါ လျန်ထျန်းက သက်ပြင်းချလိုက်ပြီး ၊
"ကောင်းပါပြီ... ဒီတစ်ခါတော့ ကူညီပေးပါ့မယ်...။ ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ ရင်းနှီးမြှုပ်နှံသူပဲလေ၊ မင်းရဲ့ မိသားစုကိစ္စတွေကြောင့် အလုပ်အကိုင် ထိခိုက်သွားရင် ငါလည်း အရှုံးပေါ်မှာပဲ...။"
"ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ငါ ဒီတစ်ကြိမ်ပဲ ကူညီမှာ...။ နောက်ကျရင် မိသားစုကို ဘယ်လို ရှင်းပြရမလဲဆိုတာကိုတော့ မင်း ကိုယ်တိုင်ပဲ စဉ်းစားထားပါ...။"
လျန်ထျန်း သဘောတူလိုက်သည်ကို သိသောအခါ ဟယ်ရှန့်သည် အလွန်ဝမ်းသာသွားခဲ့လေသည်...။
"ဟုတ်ကဲ့ပါ မစ္စတာလျန်၊ စိတ်မပူပါနဲ့...၊ နောက်ပိုင်းကိစ္စတွေကို ကျွန်မ အဆင်ပြေအောင် လုပ်ပါ့မယ် ရှင်...။"
နောက်တစ်နေ့တွင် လျန်ထျန်းသည် သူ၏ တစ်စုံတည်းသော တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ကာ မာစီးဒီး ဂျီကလပ်စ် ကားကြီးကို မောင်းနှင်လျက် ဟယ်ရှန့်ကို ဟိုတယ်သို့ ခေါ်ဆောင်လာခဲ့လေသည်...။
ဟိုတယ်ရှေ့တွင် ကားရပ်လိုက်သောအခါ လူကြီးလူငယ် အများအပြား စုရုံးနေကြပြီး အလွန် စည်ကား လှပေသည်...။ ဟယ်ရှန့် ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လူအချို့မှာ ခရီးဦးကြို ပြုကြလေ သည်...။ သူတို့မှာ ဟယ်ရှန့်၏ ဆွေမျိုးများပင် ဖြစ်ကြပေသည်...။
လူကြီးသူမများနှင့် နှုတ်ဆက်ပြီးနောက် ဟယ်ရှန့်က လျန်ထျန်းကို မိတ်ဆက်ပေးလိုက်လေသည်...။ လူကြီးများက မာစီးဒီး ဂျီကလပ်စ် ကားကြီးကို ကြည့်ကာ လျန်ထျန်းကို ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသူတစ်ဦးဟု ဝိုင်း၍ ချီးကျူးခဲ့ကြလေသည်...။
လူကြီးများ ထွက်သွားပြီးနောက် ခရမ်းရောင် ဝတ်စုံဝတ်ထားသော၊ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အသက် (၂၇) နှစ်ခန့်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးသည် မနာလိုသော လေသံဖြင့် ပြောလိုက်လေ သည်။
"ဩော်... ရှောင်ရှန့်၊ နင့်မှာ အောင်မြင်နေတဲ့ သူဌေးသူကြွယ် ရည်းစားရှိတယ်ဆိုတာ အစကတော့ လိမ်နေတယ် ထင်တာ...။"
"နင် တကယ်ကြီး ခေါ်လာလိမ့်မယ်လို့ မထင်ထားဘူး...။ ဒီ မာစီးဒီးက ဈေးကြီးမှာပဲနော်၊ ဘယ်လောက် ပေးရလဲ...၊ ပြီးတော့ နင့်ရည်းစားကလည်း တော်တော် ချောတာပဲနော်...။"
ဟယ်ရှန့်က သူမကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး လျန်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်၊
"ဒါက ကျွန်မရဲ့ ဝမ်းကွဲအစ်မ ဟယ်ရှို့ပါ...။"
ထို့နောက် ဟယ်ရှန့်က လျန်ထျန်းသာ ကြားနိုင်မည့် အသံတိုးတိုးလေးဖြင့် ဆက်ပြောလိုက်လေသည်၊
"သူက ငယ်ငယ်တည်းက ကျွန်မနဲ့ အမြဲ အပြိုင်အဆိုင် လုပ်တတ်တာ...။ စကားပြောရင်လည်း ရင့်ရင့် သီးသီး ပြောတတ်တယ်၊ ရှင့်အနေနဲ့ သူမကို ဂရုမစိုက်ဘဲ နေလိုက်ပါနော်...။"
လျန်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟယ်ရှို့ကို ခပ်အေးအေး လေသံဖြင့် နှုတ်ဆက်လိုက်လေ သည်၊
"မင်္ဂလာပါ အစ်မ...။"
လျန်ထျန်းသည် အခြားသော မေးခွန်းများကို ဖြေကြားရန် စိတ်မပါခဲ့ပေ...။ ဘာပဲဖြစ်ဖြစ် သူနှင့် ဟယ်ရှန့်မှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်သဖြင့် နောင်တွင် ဆွေမျိုးတော်စပ်ရန် အကြောင်းမရှိပေ...။
ဟယ်ရှို့သည် လျန်ထျန်း၏ အေးစက်သော ဆက်ဆံမှုကို ခံလိုက်ရသဖြင့် နှာခေါင်းရှုံ့လိုက်ပြီး၊
"ပိုက်ဆံလေး နည်းနည်းရှိတာနဲ့ မောက်မာမနေနဲ့ဦး...။ ငါ့မှာလည်း ဒီနှစ် ရည်းစားရထားတယ်၊ သူလည်း အခု လာနေပြီ...။ သူက ပြိုင်ကားနဲ့ လာမှာနော်...။"
ပြောရင်းနှင့် ဟယ်ရှို့သည် သူမ၏ လက်ကောက်ဝတ်ရှိ တန်ဖိုးကြီး နာရီကို သိသိသာသာ ထုတ်ကြွားကာ အချိန်ကို ကြည့်လိုက်လေသည်...။
"သူ ရောက်လာတော့မှာပါ...။"
သူမ စကားမဆုံးမီမှာပင် အဝေးမှ ကားအိတ်ဇောသံအကျယ်ကြီးတစ်ခုကို ကြားလိုက်ရလေသည်...။ အနီရောင် ပြိုင်ကားတစ်စီးမှာ ဟိုတယ်ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့လေ၏...။
လိပ်ပြာတောင်ပံ တံခါးများမှာ ဖြည်းညင်းစွာ ပွင့်လာပြီး မျက်မှန်အမည်း တပ်ထားသော အမျိုးသား တစ်ဦး ဆင်းလာခဲ့လေသည်။ သူသည် ဟန်ပါပါဖြင့် မျက်မှန်ကို ချွတ်လိုက်ကာ ကားသော့ကို ဝန်ထမ်း ထံသို့ ပစ်ပေးလိုက်လေသည်...။
သို့သော် ထိုသို့ ဟန်ပန်ကြီးနေသော်လည်း သူ၏ မျက်လုံးများမှာ နေကြာစေ့ခွံလောက်သာ ရှိပြီး ကောက်ကျစ်သော အသွင်ကို ဆောင်နေပေသည်...။
ဟယ်ရှို့သည် ထိုအမျိုးသားထံသို့ အပြေးသွားကာ တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး ချိုသာသော အသံ ဖြင့် ပြောလိုက်လေသည်၊
"မောင်... ဘာလို့ ဒီလောက် နောက်ကျနေတာလဲ၊ လူတွေ စောင့်နေကြတာ ကြာလှပြီ...။"
ထိုမျက်လုံးသေးသေးနှင့် အမျိုးသားက ဟယ်ရှို့၏ ခါးကို ဖက်ကာ ပြုံးလျက်၊
"မတတ်နိုင်ဘူးလေ... ကုမ္ပဏီမှာ အလုပ်တွေ အရမ်းရှုပ်နေတာ...။ ဒါပေမဲ့ တစ်နှစ်ကို ဝင်ငွေ ယွမ် (၁၀၀) နီးပါး ရနေတာဆိုတော့လည်း ငါ အလုပ်ရှုပ်ခံရမှာပေါ့...။"
မိမိကိုယ်ကိုယ် ကြွားဝါနေသော ထိုစကားကို ကြားသောအခါ ဟယ်ရှို့က သူ့ကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး ပါးကို နမ်းလိုက်လေသည်...။
"မောင်က အတော်ဆုံးပဲ... မောင့်ကို တွေ့ရတာ ကျွန်မ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပဲ...။"
ထို့နောက် ဟယ်ရှို့က လျန်ထျန်းနှင့် ဟယ်ရှန့်ဘက်သို့ လှည့်ကာ လှောင်ပြောင်သော လေသံဖြင့် ဆက် ပြောလိုက်လေသည်၊
"မောင်... မောင့်ရဲ့ လုပ်ငန်းက အယ်လ် မြို့တော်က နယ်ပယ်အသီးသီးက သူဌေးကြီးတွေနဲ့ အဆက် အသွယ် လုပ်ပေးပြီး ကော်မရှင်ခ ယူရတာ မဟုတ်လား...။"
"မောင်က အယ်လ် မြို့တော်မှာ ယွမ် (၁၀၀၀) ကျော် ချမ်းသာတဲ့သူတိုင်းကို သိတယ်ဆိုတော့...ကျွန်မ ညီမ လေးရဲ့ ရည်းစားကိုရော သိလားဟင်...။"
ထိုအခါ မျက်လုံးသေးသေးနှင့် အမျိုးသားသည် ဟယ်ရှန့်နှင့် လျန်ထျန်းဘက်သို့ ကြည့်လိုက်လေသည် ...။ သူသည် ဟယ်ရှန့်ကို မြင်သောအခါ သူမ၏ အလှကြောင့် ခေတ္တမျှ ငေးမောသွားမိလေသည်...။
သို့သော် သူသည် မိမိ၏ စိတ်ကို အမြန်ထိန်းချုပ်ကာ လျန်ထျန်းဘက်သို့ ကြည့်လိုက်သောအခါ ဆွံ့အ သွားပြီးနောက် လွှတ်ခနဲ ပြောလိုက်မိလေသည်၊
"လျန်ထျန်း...။"
လျန်ထျန်းသည်လည်း ထိုသူ၏ မျက်လုံးသေးသေးလေးများကို ကြည့်ကာ သူ့အမည်ကို ချက်ချင်း ခေါ် လိုက်လေသည်၊
"ယွီတျော...။"