← Chapters

အခန်း (၃၂၆-၃၂၇)

Vol. 32 Ch. 326-327

အခန်း (၃၂၆-၃၂၇)

Vol. 32 Ch. 326-327

အခန်း (၃၂၆) ရုတ်တရက် ကျဆင်းလာခြင်း

ချန်ဖေး၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဒွာရပေါင်းစည်းခြင်းအဆင့်မှ စွမ်းအားကြီးမားသည့် ပညာရှင် တစ်ယောက်က ဘယ်လိုလုပ် ဤနေရာသို့ ဆင်းသက်လာနိုင်မှာလဲ။

နောက်တစ်ခဏတွင် ချန်ဖေးက တစ္ဆေမြို့တော်တွင် သူ တွေ့ခဲ့ရသော ယွီကျုံးရှင်း ဆိုသည့် ယခင်က တစ်ခါမှ မမြင်ဖူး မကြားဖူးသော ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်နှင့် ကောင်းကင်ယံရှိ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်တို့ကို တွေးတောမိလိုက်သည်။ နှစ်ခုက ဆက်စပ်နေမည်ဟု သူ ခန့်မှန်းလိုက်၏။

ချန်ဖေး ဆက်မကြည့်တော့ဘဲ တောင်အောက်သို့ ဆက်လက် ပြေးဆင်းသွားသည်။ ဤကဲ့သို့သော ပညာရှင်မျိုးက ချန်ဖေး၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေ၏။ ယခု အရေးကြီးဆုံး အရာမှာ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန်ပင် ဖြစ်သည်။

"ဝီ..."

ဒွာရပေါင်းစည်းခြင်းအဆင့်၏ စွမ်းအင်များက လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို တိုက်ခတ်သွားရာ လျှို့ဝှက်နယ်မြေကို တုန်ခါသွားစေ၏။ လျှို့ဝှက်နယ်မြေ အတွင်း ရှိနေသေးသော ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့် တပည့်များက သူတို့ လုပ်နေသည်များကို ရပ်တန့်၍ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား လျှို့ဝှက်နယ်မြေ အတွင်းရှိ မိစ္ဆာသားရဲများ အားလုံးက သူတို့၏ တွင်းများ အတွင်းသို့ ထွက်ပြေးသွားကြပြီး ထောင့်များတွင် တုန်ရီစွာဖြင့် ကွေးကွေးလေး နေနေကြ၏။ ဤသည်မှာ အန္တရာယ် အတွက် အလိုအလျောက် တုံ့ပြန်မှု တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် မိစ္ဆာသားရဲများက လူသား သိုင်းပညာရှင်များထက်ပင် ပို၍ စူးရှစွာ သတိပြုမိတတ်ကြသည်။

"ဒွာရပေါင်းစည်းခြင်းအဆင့်လား... ဒီနေရာမှာ ဘယ်လိုလုပ် ဒွာရပေါင်းစည်းခြင်းအဆင့် ရှိနေနိုင်မှာလဲ..."

ဂူထဲမှ ထွက်လာသော ဖုန်းရှိုးဖူက ပန်းဖျင်တောင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။

ဤသည်မှာ အစပြုခါစ အဆင့်နှစ် လျှို့ဝှက်နယ်မြေ တစ်ခုသာ ဖြစ်ပြီး ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်ပင်လျှင် ဝင်ရောက်ရန် ရုန်းကန်ရပေလိမ့်မည်။

ရလဒ်အနေဖြင့် ဒွာရပေါင်းစည်းခြင်းအဆင့်မှ စွမ်းအားကြီးမားသည့် ပညာရှင် တစ်ယောက်က လျှို့ဝှက်နယ်မြေ အထက်တွင် ပေါ်လာခဲ့သည်။ အဓိက အချက်မှာ ဤဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်ကို လုံးဝ မရင်းနှီးခြင်းပင်။

"သူတို့ အဆင်ပြေပါ့မလား..." ဝေယန်ထောင်းက ဘေးတွင် ရပ်၍ အနည်းငယ် စိုးရိမ်တကြီး မေးလိုက်၏။

ဖုန်းရှိုးဖူ မျက်မှောင်ကြုတ်လိုက်ပြီး မေးခွန်းကို မည်သို့ ဖြေရမည်ကို မသိဖြစ်နေသည်။ ပန်းဖျင်တောင်ပေါ်တွင် တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသော်လည်း လောလောဆယ်တွင် သူတို့က ဖြေရှင်းရန် စွမ်းဆောင်နိုင်စွမ်း မရှိကြပေ။

"ဝီ..."

လျှို့ဝှက်နယ်မြေ၏ တုန်ခါမှုများက စတင် ပြင်းထန်လာ၏။ ဒွာရပေါင်းစည်းခြင်းအဆင့်၏ စွမ်းအားက ဤအစပြုခါစ လျှို့ဝှက်နယ်မြေ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်ကို လျှို့ဝှက်နယ်မြေ အတွင်းမှ နှင်ထုတ်ချင်သော်လည်း လျှို့ဝှက်နယ်မြေတွင် ထိုစွမ်းရည် လုံးဝ မရှိပေ။

အစာများ အလွန်အကျွံ စားထားသော အစာအိမ် တစ်ခုကို မြင်ယောင်ကြည့်ပါ။ အစာကြေအောင် လုပ်ရမည် သို့မဟုတ် ပြန်အန်ထုတ်ရမည် ဖြစ်၏။ အကယ်၍ အစာလည်း မကြေနိုင်၊ ပြန်လည်း မအန်ထုတ်နိုင်ပါက အစာအိမ် ပေါက်ကွဲသွားနိုင်ချေ အလွန် များပေသည်။

ဤသည်မှာ လျှို့ဝှက်နယ်မြေ၏ လက်ရှိ အခြေအနေပင် ဖြစ်၏။ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်ကို မနှင်ထုတ်နိုင်သဖြင့် လျှို့ဝှက်နယ်မြေ အတွက် ဖြစ်နိုင်ချေ အများဆုံး ရလဒ်မှာ ဆုတ်ဖြဲခံလိုက်ရရန်ပင် ဖြစ်သည်။

"ရွှစ်..."

လေခွင်းသံ တစ်ခု ထွက်ပေါ်လာပြီး ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့က ချက်ချင်း သတိထားလိုက်ကြကာ သူတို့၏ ဝိညာဉ်ဓားများကို အသီးသီး ဆုပ်ကိုင်ထားလိုက်ကြ၏။ သို့သော် ရောက်လာသူကို မြင်သောအခါ ဖုန်းရှိုးဖူ၏ မျက်နှာက ဝမ်းသာမှုကြောင့် တောက်ပသွားပြီး ဝေယန်ထောင်းလည်း ထိုနည်းတူပင် ဖြစ်သည်။

"ဆရာ... အကြီးအကဲ ဝေ..."

ချန်ဖေးက ရန်ကျုံးယန်နှင့် ချီရှူချင်းတို့ကို အောက်သို့ ချထားလိုက်ပြီး ဖုန်းရှိုးဖူကို ဦးညွှတ် နှုတ်ဆက်လိုက်၏။

"ပန်းဖျင်တောင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ..."

ဝေယန်ထောင်းက မြေပြင်ပေါ်ရှိ လူနှစ်ယောက်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်။ ရန်ကျုံးယန်နှင့် ချီရှူချင်းတို့မှာ အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေကြပြီး သူတို့က သေဆုံးရန် ဆံပင်တစ်မျှင်စာမျှသာ လိုတော့၏။

ကံကောင်းထောက်မစွာဖြင့် တစ္ဆေမြို့တော်မှ ထွက်ခွာလာပြီးနောက် အေးစိမ့်သော စွမ်းအား အသစ်များ ဝင်ရောက် မလာတော့ဘဲ တစ္ဆေမြို့တော်၏ ဖိနှိပ်မှုများကလည်း မရှိတော့ပေ။ ရန်ကျုံးယန်နှင့် ချီရှူချင်းတို့၏ ခန္ဓာကိုယ် အတွင်းရှိ ယွမ်စွမ်းအင်များက စတင် တက်ကြွလာပြီး အေးစိမ့်သော စွမ်းအားများ ပြန့်နှံ့လာမှုကို သီသီလေး ခုခံနေကြ၏။

"ပန်းဖျင်တောင်ပေါ်မှာ တစ္ဆေမြို့တော် တစ်ခု ရှိတယ်... ကျွန်တော်တို့ အားလုံး အဲဒီထဲမှာ ပိတ်မိသွားခဲ့တာ... ဒီတစ္ဆေမြို့တော်က တခြား နေရာတွေနဲ့ ဆက်သွယ်နေလောက်တယ်... အဲဒီ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က တခြား နေရာတစ်ခုက လာတာ ဖြစ်လောက်တယ်..." ချန်ဖေးက တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

"တစ္ဆေမြို့တော်လား... တခြား နေရာ တစ်ခုလား..." ဝေယန်ထောင်း၏ မျက်လုံးများ ဖြည်းညင်းစွာ ပြူးကျယ်သွား၏။

"ကျွန်တော်တို့ အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်... တခြား ကိစ္စတွေကို နောက်မှ ပြောလို့ ရပါတယ်..."

ချန်ဖေးက ရန်ကျုံးယန်နှင့် ချီရှူချင်းတို့၏ ပါးစပ်ထဲသို့ ဆေးလုံး အချို့ကို ထိုးထည့်လိုက်ပြီးနောက် သူတို့ နှစ်ယောက်ကို ပြန်လည် ဖမ်းဆွဲကာ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဆီသို့ ပြေးသွား၏။

ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့က ဆက်လက် မမေးမြန်းတော့ပေ။

လျှို့ဝှက်နယ်မြေက ဒွာရပေါင်းစည်းခြင်းအဆင့်၏ စွမ်းအားကို မခံနိုင်ချေ။ အဆိုးရွားဆုံး အခြေအနေမှာ လျှို့ဝှက်နယ်မြေ လုံးဝ ပြိုကွဲသွားရန် ဖြစ်၏။ ထိုသို့ ဖြစ်လာပါက လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်းက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

အကယ်၍ လျှို့ဝှက်နယ်မြေက ကြီးမားသော ပြဿနာများကို မဖြစ်ပေါ်စေလျှင်ပင် ဤပေါ်လာခါစ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က မည်သို့သော စိတ်နေသဘောထား ရှိသနည်း ဆိုသည်ကို သူတို့ မသိကြပေ။

အကယ်၍ လူ့အသက်ကို မြက်ပင် ကဲ့သို့ သဘောထားသော မိစ္ဆာလမ်းစဉ်မှ လူများ ဖြစ်မည် ဆိုပါက လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်း ယခုအခိုက်အတန့်တွင် သေဆုံးသွားမည် ဖြစ်၏။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ လျှို့ဝှက်နယ်မြေမှ ထွက်ခွာခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

အလွန် မြန်ဆန်သော အရှိန်ဖြင့် ချန်ဖေးနှင့် အခြားသူများက လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်သို့ ရောက်ရှိသွားကြ၏။ ချန်ဖေးနှင့် သူ၏ အဖွဲ့သာမက ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်မှ တပည့်များကလည်း လျှို့ဝှက်နယ်မြေ အတွင်းရှိ အပြောင်းအလဲများကို ခံစားသိရှိပြီး သူတို့ထံသို့ ပြေးလာကြသည်။

"အချိန်မကျသေးဘူး... လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်ကို ဖွင့်လို့ မရသေးဘူး..." ဝေယန်ထောင်း မျက်မှောင်ကြုတ်လိုက်၏။

"မကြာခင် ပွင့်တော့မှာပါ..."

ချန်ဖေးက ပန်းဖျင်တောင် တည်ရှိရာ လမ်းကြောင်းကို လှည့်ကြည့်လိုက်ရာ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း ယခင်ကနှင့် နှိုင်းယှဉ်ပါက ဤချီစွမ်းအင် အငွေ့အသက်က ပြန်လည် စုစည်းနေပြီ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ကြိုးစားနေသော လျှို့ဝှက်နယ်မြေသည် အတွင်းရှိ စွမ်းအား အားလုံးဖြင့် ဤဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်ကို အလိုအလျောက် တွန်းကန်နေ၏။ ဤစွမ်းအားများ ထိပ်တိုက် တွေ့ဆုံမှုက မည်မျှပင် ထိန်းချုပ်ရန် ကြိုးစားစေကာမူ လျှို့ဝှက်နယ်မြေ၏ တုန်ခါမှုများကို ပိုမို ပြင်းထန်လာစေသည်။

"ဂျွတ်... ဂျွတ်... ဂျွတ်..."

ထူးဆန်းသော အသံတစ်ခုက လျှို့ဝှက်နယ်မြေ အတွင်း ပဲ့တင်ထပ်သွားပြီး အရင်းအမြစ်ကို မသိရသော်လည်း လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။ ဤသည်မှာ လျှို့ဝှက်နယ်မြေ၏ စည်းမျဉ်းများ ပြိုကွဲသွားသည့် အသံ ဖြစ်သည်။ လျှို့ဝှက်နယ်မြေက စတင် ပြိုကွဲနေပြီ ဖြစ်၏။

"အားလုံး နောက်ဆုတ်ကြ..."

ချန်ဖေးက ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ကို မီတာ ဒါဇင်ပေါင်းများစွာ အကွာသို့ ခေါ်သွားပြီးနောက် သူတို့ရှေ့ရှိ လျှို့ဝှက်နယ်မြေ ထွက်ပေါက်ကို လှည့်ကြည့်လိုက်၏။ ဤနေရာရှိ အတားအဆီးက အဆက်မပြတ် လှိုင်းထနေပြီး နောက်ထပ် အခိုက်အတန့် အနည်းငယ် အကြာတွင် အက်ကွဲသွားနိုင်ပေသည်။

သို့သော် ချန်ဖေးက ထိုအခိုက်အတန့် အနည်းငယ်ကို မစောင့်ချင်ပေ။ သူက ထွက်ပေါက်ကို အတင်းအကျပ် ဖွင့်ချင်၏။

အက်ကွဲကြောင်း တစ်ခု ဖန်တီးလိုက်သည်နှင့် ပြင်ပ စွမ်းအားများက သဘာဝကျကျ ဝင်ရောက်လာပြီး ထွက်ပေါက်ကို ဖွင့်ပေးလိမ့်မည် ဖြစ်သည်။

ချန်ဖေး၏ စကားကို ကြားသောအခါ ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့က လျင်မြန်စွာ နောက်ဆုတ်သွားကြ၏။ သူတို့ နှစ်ယောက်စလုံးက ချန်ဖေး၏ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသောကြောင့် ဖြစ်သည်။

"ရွှစ်..."

ချန်ယွမ်ဓားပေါ်တွင် အနက်ရောင် အလင်းတန်း တစ်ခု လျှပ်တစ်ပြက် လင်းလက်သွားပြီးနောက် မရေမတွက်နိုင်သော ဓားကြိုးမျှင်များ ရစ်ပတ် လည်ပတ်နေကာ ကြီးမားလှသော ချီနှင့်သွေး စွမ်းအားများက ချန်ဖေး၏ ခန္ဓာကိုယ် အတွင်း ဆူပွက်လာ၏။

ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်၏ ကောင်းချီးဖြင့် ချန်ယွမ်ဓားပေါ်ရှိ အနက်ရောင် အလင်းတန်းက အနည်းငယ် တုန်ခါသွားသော်လည်း ချန်ဖေး၏ အားကောင်းသော စိတ်စွမ်းအားကြောင့် ချက်ချင်း ချုပ်နှောင်ခံလိုက်ရပြီး ချန်ယွမ်ဓားနှင့် တင်းတင်းကျပ်ကျပ် တွဲချည်ထားလိုက်သည်။

နောက်တစ်ခဏတွင် ချန်ဖေးက ချန်ယွမ်ဓားကို မြှင့်၍ ရှေ့သို့ ခုတ်ပိုင်းလိုက်၏။

အနက်ရောင် အလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သမင်ဒရယ် တစ်ကောင်၏ ချိုများကဲ့သို့ လျှို့ဝှက်နယ်မြေ အတားအဆီး၏ လှိုင်းထနေသော မျက်နှာပြင်ကို ကျွမ်းကျင်စွာ ခုတ်ပိုင်းသွားသည်။

"ဘုန်း..."

လျှို့ဝှက်နယ်မြေ အတားအဆီးက အနည်းငယ် ရပ်တန့်သွားပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး သဲနှင့် ကျောက်ခဲများ လွင့်စင်သွားကာ အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခုကို ချန်ဖေးက ခုတ်ပိုင်း ဖွင့်လှစ်လိုက်သည်။ အဝေးတွင် ရပ်နေသော ဝေယန်ထောင်းက ဓားချက်၏ စွမ်းအားကို ကြည့်ရင်း တံတွေးမမြိုချဘဲ မနေနိုင်တော့ချေ။

ချန်ဖေးက ရှန်းယန်ဂိုဏ်းမှ တုံးရှိုးကျိကို သတ်ဖြတ်ခဲ့စဉ်ကထက် ပို၍ပင် အားကောင်းလာကြောင်း သူ သဘောပေါက်လိုက်၏။ ထိုအချိန်ကနေစပြီး အချိန်တိုလေးပဲ ရှိသေးတာကို ချန်ဖေးက ပန်းဖျင်တောင်ကို တစ်ခေါက် သွားရုံနဲ့ ဒီလောက်တောင် တိုးတက်လာတာလား။ တစ္ဆေမြို့တော်က ပန်းဖျင်တောင်ပေါ်မှာ ပေါ်လာရမှာ မဟုတ်ဘူးလား။ တစ်ခုခုများ ပြောင်းလဲသွားလို့လား။

ချန်ဖေး ယခု ပြသလိုက်သော ခွန်အား အရ ဆိုလျှင် အကယ်၍ သူသာ တုံးရှိုးကျိ ကဲ့သို့သော သူနှင့် နောက်တစ်ကြိမ် ကြုံတွေ့ရပါက ဓားနှစ်ချက်ပင် လိုတော့မည် မဟုတ်ဘဲ ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ပြီဟု ဆိုလိုခြင်း ဖြစ်၏။ ဤသည်က ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက် ပိုင်ဆိုင်နိုင်သည့် ခွန်အားမျိုးလား။

ဖုန်းရှိုးဖူ မျက်တောင်ခတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ၏ အတွင်းစိတ်တွင် လုံးဝ အံ့အားသင့်နေ၏။ ဖုန်းရှိုးဖူက သူ၏ တပည့် စွမ်းအားကို မည်မျှပင် အထင်ကြီး လျှော့တွက်ထားစေကာမူ ချန်ဖေးက တွေ့ဆုံတိုင်း အမြဲတမ်း သူ့ကို အံ့အားသင့်အောင် လုပ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။

ချန်ဖေးက သူ၏ ဓားကို ဓားအိမ်ထဲ ထည့်၍ နောက်ဆုတ်လိုက်ပြီး သူ့ရှေ့ရှိ အက်ကွဲကြောင်းက တဖြည်းဖြည်း ကျယ်လာသည်ကို ကြည့်နေ၏။ ရှင်းလင်းစွာပင် လျှို့ဝှက်နယ်မြေ အပြင်ဘက်ရှိ လူများက လျှို့ဝှက်နယ်မြေ အတွင်းရှိ အပြောင်းအလဲများကို ခံစားသိရှိပြီး ထွက်ပေါက် တစ်ခုကို ဖွင့်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ အတားအဆီးရှိ အက်ကွဲကြောင်းများက ပိုမို ကြီးမားလာပြီး လှိုင်းဂယက်များက ပို၍ သိပ်သည်းလာ၏။ နောက်ဆုံးတွင် အတားအဆီးပေါ်၌ တံခါးပေါက် တစ်ခု ပေါ်လာသည်။

"ပွင့်သွားပြီ..." ဝေယန်ထောင်းက အံ့အားသင့် ဝမ်းသာစွာဖြင့် အော်ပြောလိုက်၏။

လျှို့ဝှက်နယ်မြေနှင့် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် ကြားရှိ တိုက်ပွဲက ကြာရှည်လာသည်နှင့်အမျှ လျှို့ဝှက်နယ်မြေက ကမ္ဘာပျက်တော့မည့်အလား ခံစားရပြီး အခိုက်အတန့်တိုင်းကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေကာ ချက်ချင်း ထွက်ပြေးချင်စိတ် ပေါ်လာစေသည်။

"ဖူး..."

ဘေးတွင် ရပ်နေသော ချန်ဖေးက ရုတ်တရက် သွေးများ အန်ချလိုက်ရာ ပြုံးနေခဲ့ကြသော ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့ကို လန့်ဖြတ်သွားစေ၏။

"မင်း ဘာဖြစ်သွားတာလဲ..." ဖုန်းရှိုးဖူက ချန်ဖေးဘေးသို့ ပြေးသွားပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ပန်းဖျင်တောင်ပေါ်မှာ လူတွေ အများကြီး သေသွားတယ် ဆရာ..."

ချန်ဖေးက ဖုန်းရှိုးဖူကို ကြည့်၍ ပြုံးလိုက်ရာ ယခင်က ပန်းရောင်သန်းနေခဲ့သော သူ၏ မျက်နှာက တဖြည်းဖြည်း ဖြူရော်လာပြီး သူ၏ အသက်ရှူသံက သေတော့မည့်သူ တစ်ယောက်ကဲ့သို့ ကျဆင်းသွား၏။

ဖုန်းရှိုးဖူ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချန်ဖေး ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ပန်းဖျင်တောင်ပေါ်ရှိ တစ္ဆေမြို့တော်က လူအများအပြားကို သတ်ဖြတ်ခဲ့၏။ အကယ်၍ ချန်ဖေးက အထိအခိုက်မရှိ ဖြစ်နေမည် ဆိုပါက အခြားသူများက ဘယ်လို ထင်ကြမလဲ။ အခြား ဂိုဏ်းများက ဘယ်လို တွေးကြမလဲ။

ချန်ဖေး၏ အပြစ် မဟုတ်လျှင် အပြစ်ပုံချခြင်း၏ နောက်ကွယ်တွင် မည်သည့် အကြောင်းပြချက်မျှ လုံးဝ မရှိချေ။ ထိုသို့ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် သနားစရာ ကောင်းအောင် လုပ်ထားခြင်းက ပိုကောင်းပေမည်။ ထိုနည်းဖြင့် အာရုံစိုက်ခံရမှု နည်းပါးလိမ့်မည် ဖြစ်၏။

ချန်ဖေး၏ ဟန်ဆောင် ဒဏ်ရာက ယုံကြည်လောက်စရာ ကောင်းလွန်းလှသည်။ စူးရှသော အမြင်ရှိသည့် ဖုန်းရှိုးဖူပင်လျှင် အနည်းငယ်မျှ အပြစ်အနာအဆာကို မရှာတွေ့နိုင်ပေ။ ဝေယန်ထောင်းလည်း အတူတူပင် အံ့အားသင့်သွားပြီး ချန်ဖေး၏ သရုပ်ဆောင်မှုကြောင့် စကားမပြောနိုင် ဖြစ်သွား၏။

"ဆရာနဲ့ အကြီးအကဲ ဝေကိုပဲ အားကိုးပါတော့မယ်..." ချန်ဖေးက ပြောပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

‘နဂါးဆင်နှိမ်နင်းခြင်းနှင့် ခန္ဓာကိုယ်ကို အဆုံးစွန်ထိ ထိန်းချုပ်ခြင်း….’

နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်းကို ကျင့်ကြံလာသည်နှင့်အမျှ ထိန်းချုပ်မှုက အဆက်မပြတ် အားကောင်းလာ၏။

ထို့ကြောင့် ယခုအခိုက်အတန့်တွင် ချန်ဖေး၏ ဒဏ်ရာများမှာ အန္တရာယ် မရှိသော ဒွာရများမှလွဲ၍ အခြေခံအားဖြင့် သူ၏ ခန္ဓာကိုယ်ကို သူကိုယ်တိုင် ပြင်းထန်စွာ ဖျက်ဆီးထားခြင်း ဖြစ်သည်။

သူ၏ အတွင်းကလီစာများက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး သူ၏ ကြွက်သားများနှင့် အရိုးများလည်း ထိုနည်းတူပင် ဖြစ်၏။

သူ၏ ဒဏ်ရာများက ရန်ကျုံးယန်နှင့် ချီရှူချင်းတို့ထက် အနည်းငယ် သက်သာသော်လည်း အနည်းငယ်မျှသာ သက်သာခြင်း ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ချန်ဖေးက ပြန်လည် ကောင်းမွန်ချင်ပါက အလွန် တိုတောင်းသော အချိန်အတွင်း လုပ်ဆောင်နိုင်သော်လည်း ရန်ကျုံးယန်နှင့် ချီရှူချင်းတို့ အတွက်မူ ပြဿနာမှာ ကြီးမား ပြီး သူတို့က အသက်စွမ်းအင်များပင် ဆုံးရှုံးသွားနိုင်၏။

"သွားရအောင်..."

ဖုန်းရှိုးဖူက ချန်ဖေး၏ ခန္ဓာကိုယ်ကို ဖမ်းဆွဲ၍ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဆီသို့ ပြေးသွားသည်။ ဝေယန်ထောင်းလည်း သတိဝင်လာပြီး ရန်ကျုံးယန်နှင့် ချီရှူချင်းတို့ကို ဖမ်းဆွဲကာ ဖုန်းရှိုးဖူ အနောက်မှ လိုက်သွား၏။

ဤအခိုက်အတန့်တွင် ထွက်ပေါက်နှင့် အတော်လေး နီးကပ်နေသော ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့် အချို့က အဝေးတွင် ပေါ်လာနေပြီ ဖြစ်သည်။ လျှို့ဝှက်နယ်မြေ ထွက်ပေါက် ပွင့်သွားသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများက ဝမ်းသာအားရ ဖြစ်သွားကြပြီး အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြေးလာကြ၏။

လျှို့ဝှက်နယ်မြေ အပြင်ဘက်တွင် ဖုန်းရှိုးဖူနှင့် ချန်ဖေးတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံး ဒါဇင်ပေါင်းများစွာက သူတို့ အပေါ်သို့ စူးစိုက်လာကြောင်း ခံစားလိုက်ရပြီး ထိုမျက်လုံးများထဲမှ တစ်လုံးက တောင်တစ်တောင် ကဲ့သို့ လေးလံနေ၏။

ဖုန်းရှိုးဖူ၏ ရင်ထဲ၌ တစ်ချက်မျှ လန့်ဖျပ်သွားကာ နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူ မော့ကြည့်လိုက်ရာ နတ်တိမ်ဓားဂိုဏ်းကို ကာကွယ်ရန် သူ၏ ဘဝကို မြှုပ်နှံထားသော ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တုံးကျုံးချိုးကို တွေ့လိုက်ရ၏။

ရှင်းလင်းစွာပင် လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ပေါ်လာသော ဒွာရပေါင်းစည်းခြင်းအဆင့်၏ အရှိန်အဝါက နတ်တိမ်ဓားဂိုဏ်း၏ အသက်သွေးကြောကို အချက်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် တုံးကျုံးချိုး တစ်ယောက်တည်း မဟုတ်ပေ။

ဖုန်းရှိုးဖူက မိုင် ဒါဇင်ပေါင်းများစွာ အကွာမှ တူညီသော စွမ်းအားကြီးမားသည့် အရှိန်အဝါကိုလည်း ခံစားသိရှိလိုက်ရ၏။

ရှန်းယန်ဂိုဏ်းမှ ကျန်ကျင်းရှန်းလည်း ရောက်နေသည်။

နတ်တိမ်မြို့ အနီးတွင် အမည်မသိ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တစ်ယောက် ပေါ်လာခြင်းကို မည်သူမျှ အထင်သေး မရဲကြချေ။

အခန်း (၃၂၇) အဆုံးမဲ့ ပင်လယ်

"မင်းတို့ လူနည်းနည်းလေးပဲ ရှိတာလား... တခြားသူတွေကော ဘယ်မှာလဲ..." တုံးကျုံးချိုးက ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့ကို ကြည့်၍ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

တုံးကျုံးချိုးက လျှို့ဝှက်နယ်မြေမှာ အချိန်အတန်ကြာ ကတည်းက ပုံမှန် မဖွင့်နိုင်ကြောင်း သိထားပြီး ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က တုံးကျုံးချိုးက သိပ်ဂရုမစိုက်ခဲ့ပေ။

လျှို့ဝှက်နယ်မြေရှိ အပြောင်းအလဲများ၏ ဖြစ်နိုင်ခြေ အများဆုံး အကြောင်းရင်းမှာ ရှန်းယန်ဂိုဏ်း၏ ဝင်ရောက် စွက်ဖက်မှုကြောင့် ဖြစ်ပြီး အသစ် ဖွဲ့စည်းထားသော အဆင့်နှစ် လျှို့ဝှက်နယ်မြေက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် အများဆုံး ကိုသာ လက်ခံနိုင်၏။

လျှို့ဝှက်နယ်မြေ အတွင်းရှိ ဂိုဏ်းအသီးသီးမှ ဒွာရသန့်စင်ခြင်း အဆင့် အရေအတွက် များပြားမှုက ရှန်းယန်ဂိုဏ်း အနေဖြင့် မည်သည့် ကြီးမားသော ပြဿနာကိုမျှ မဖန်တီးနိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ယခုလေးတင် ထိုဒွာရပေါင်းစည်းခြင်းအဆင့် အငွေ့အသက် ပေါ်ထွက်လာမှုက လျှို့ဝှက်နယ်မြေ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများနှင့် တုံးကျုံးချိုးတို့ကို ချက်ချင်း အချက်ပေးလိုက်ခြင်း ဖြစ်၏။

"ပန်းဖျင်တောင်ပေါ်မှာ တစ်ခုခု ဖြစ်သွားတယ်..."

ဖုန်းရှိုးဖူက ချန်ဖေး ပြောခဲ့သည်များကို ပြန်လည် ပြောပြလိုက်သည်။

ကိစ္စက သူ့ဘာသာသူ ရှုပ်ထွေးနေခြင်း မဟုတ်ဘဲ တစ္ဆေမြို့တော်နှင့် စွမ်းအားကြီးမားသော ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက ရှုပ်ထွေးနေခြင်း ဖြစ်၏။

ထို့ကြောင့် ချန်ဖေးက ဤအရာများ အကြောင်း ဖုန်းရှိုးဖူကို ပြောပြသောအခါ သူက ဘာကိုမျှ မဖုံးကွယ်ခဲ့ဘဲ ဖုန်းရှိုးဖူကလည်း သဘာဝကျကျ အားလုံးကို အသေးစိတ် ပြန်လည် ပြောပြခဲ့သည်။

ဖုန်းရှိုးဖူ၏ စကားကို ကြားပြီးနောက် တုံးကျုံးချိုး၏ မျက်မှောင်များက ပြေလျော့မသွားဘဲ ပို၍ပင် နက်ရှိုင်းစွာ ကုတ်ဝင်သွား၏။ ဖုန်းရှိုးဖူ လိမ်မပြောကြောင်း သူ သိနိုင်ပြီး ထိုကဲ့သို့သော ကိစ္စမျိုးကို လိမ်ပြောစရာ အကြောင်းမရှိပေ။

ဤလျှို့ဝှက်နယ်မြေက အဆင့်တစ်မှ အဆင့်နှစ်သို့ အဆင့်မြှင့်တင်သွားခြင်း အချက်က လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေပြီး ဖြစ်ကာ တစ္ဆေမြို့တော်က အချို့အရာများကို ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်ပေလိမ့်မည်။ သို့သော် ဤအမည်မသိ ဒွာရပေါင်းစည်းခြင်းအဆင့်က တုံးကျုံးချိုးကို အခြား ဖြစ်နိုင်ခြေ တစ်ခုကို တွေးတောစေခဲ့၏။

ဤတစ္ဆေမြို့တော်က ယွမ်ချီစွမ်းအင် ပိုမို ကြွယ်ဝသော ဒေသတစ်ခုနှင့် ဆက်သွယ်ထားပြီး ဤဒွာရပေါင်းစည်းခြင်းအဆင့်က ထိုဒေသမှ လာခြင်း ဖြစ်သည်။

သုံးရက် ကြာပြီးနောက် အံ့မခန်း သတင်းတစ်ခုက နတ်တိမ်မြို့ တစ်ခွင်နှင့် ပတ်ဝန်းကျင် မြို့များ အားလုံးသို့ ပျံ့နှံ့သွား၏။

ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် အသစ် တစ်ယောက်က ဤနယ်မြေသို့ ဆင်းသက်လာပြီး ထိုစွမ်းအားကြီးမားသော ဒွာရပေါင်းစည်းခြင်းအဆင့်၏ မိသားစုဝင်များလည်း ပါဝင်လာသည်။

ဤအခိုက်အတန့်တွင် အစပြုခါစ ဂိုဏ်းတံခါး တစ်ခုက ယခင် လျှို့ဝှက်နယ်မြေ တည်ရှိခဲ့သော နေရာတွင် ပေါ်ပေါက်လာ၏။ နတ်တိမ်ဓားဂိုဏ်းရော ရှန်းယန်ဂိုဏ်းပါ သူတို့၏ စေတနာကို ဖော်ပြရန် လူများကို စေလွှတ်ခဲ့ပြီး ဤစွမ်းအားကြီးမားသော မိသားစုကို ဂိုဏ်းတံခါး မြန်မြန် တည်ဆောက်နိုင်ရန် ကူညီပေးဖို့ လူအများအပြားကို ထောက်ပံ့ပေးခဲ့ကြသည်။

ယွမ်ချန်ဓားဂိုဏ်း။

ချန်ဖေးက ဂိုဏ်းသို့ လွန်ခဲ့သော သုံးရက်က ပြန်ရောက်ခဲ့ပြီး သူ ပြန်ရောက်လာချိန်တွင် သတိပြန်လည် ရရှိလာခဲ့၏။ သို့သော်လည်း ပြင်ပလောက အတွက်မူ ချန်ဖေးက ပြင်းထန်စွာ ဒဏ်ရာရနေဆဲ ဖြစ်သည့် အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထားသည်။

နတ်တိမ်ဓားဂိုဏ်းနှင့် အခြား ဂိုဏ်းများက ချန်ဖေးနှင့် သူ၏ အဖွဲ့ကို အခက်တွေ့အောင် မလုပ်ခဲ့ကြပေ။ သူတို့ အနည်းငယ် မသက်မသာ ဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ ပေတိုမျှော်စင်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာသော ဒွာရသန့်စင်ခြင်း အဆင့်များ အားလုံး လုံးဝ အပြတ်ရှင်းခံလိုက်ရပြီး ရေအောက်တောင်ကြားဂိုဏ်းတွင် သေလုမြောပါး ဖြစ်နေသော ချီရှူချင်း တစ်ယောက်သာ ကျန်ရစ်ခဲ့၏။

ယွမ်ချန်ဓားဂိုဏ်းက လူလေးယောက် စေလွှတ်ခဲ့သည်။ သူတို့နှင့် နှိုင်းယှဉ်ပါက သက်တောင့်သက်သာ ခံစားရမည် ဆိုပါက ထူးဆန်းနေပေလိမ့်မည်။ သို့သော်လည်း ချန်ဖေးနှင့် ရန်ကျုံးယန်တို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သူတို့၏ ဒဏ်ရာများက ချီရှူချင်း၏ ဒဏ်ရာများနှင့် နှိုင်းယှဉ်နိုင်၏။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ကို တစ္ဆေမြို့တော်မှ ချန်ဖေးက ဆွဲထုတ်လာခဲ့ကြောင်း ကြားသိရသည်။

ရေအောက်တောင်ကြားဂိုဏ်း အနေဖြင့် ချန်ဖေးကို ကျေးဇူးတင်သင့်ပေသည်။

ဖုန်းရှိုးဖူနှင့် ဝေယန်ထောင်းတို့နှင့် ပတ်သက်၍မူ သူတို့၏ ဒဏ်ရာများက အတော်လေး သက်သာသော်လည်း သူတို့က ရှန်းယန်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး တစ္ဆေမြို့တော် အတွင်းသို့ မဝင်ရောက်နိုင်ခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ဤကိစ္စကို ယွမ်ချန်ဓားဂိုဏ်း အပေါ် မည်သည့်နည်းနှင့်မျှ အပြစ်ပုံချ၍ မရနိုင်ချေ။

နတ်တိမ်ဓားဂိုဏ်းနှင့် ပတ်သက်၍မူ လုံးဝ အပြတ်ရှင်းမခံခဲ့ရပေ။ လျောင်ဟန်ချင် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း သူ၏ ဒွာရ တစ်ခုလုံး ပြိုကွဲသွားပြီး သူ၏ ကျင့်ကြံမှုက အတွင်းကလီစာသန့်စင်ခြင်း အဆင့်သို့ ကျဆင်းသွား၏။

လျောင်ဟန်ချင်က တစ္ဆေမြို့တော်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ သူ အစွမ်းကုန် ကြိုးစားခဲ့သောကြောင့် သာမက ပို၍ အရေးကြီးသည်မှာ သူ့ကို ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် အသစ်က နောက်ဆုံးတွင် ခေါ်ထုတ်လာခဲ့သောကြောင့် ဖြစ်သည်။

ထိုဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က လျောင်ဟန်ချင်ကို ခေါ်ထုတ်လာရုံသာမက ရှန်းယန်ဂိုဏ်းမှ ဝူယုံးကျောက်ကိုလည်း ခေါ်ထုတ်လာခဲ့၏။

ဤသည်ကို စေတနာကောင်း ပြသမှု တစ်ခု အဖြစ် သတ်မှတ်ခဲ့ပြီး ထိုလူနှစ်ယောက်ကို နတ်တိမ်ဓားဂိုဏ်းနှင့် ရှန်းယန်ဂိုဏ်း အသီးသီးထံ ပြန်လည် ပေးအပ်ခဲ့သည်။

"အဆုံးမဲ့ ပင်လယ်..."

ချန်ဖေးနှင့် ဖုန်းရှိုးဖူတို့က ကျောက်ကုလားထိုင်များပေါ်တွင် ထိုင်နေကြပြီး လ္ဘက်ရည်ရနံ့ သင်းသင်းလေးက သူတို့ ပတ်လည်တွင် ပျံ့လွင့်နေသဖြင့် သူတို့ကို သက်တောင့်သက်သာ ဖြစ်စေ၏။

"ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ အဆုံးမဲ့ ပင်လယ် အကြောင်း ပြန့်ကျဲနေတဲ့ မှတ်တမ်းတွေ ရှိတယ်... အဲဒီနေရာက ငါတို့ဆီထက် ယွမ်ချီစွမ်းအင် များစွာ ပိုကြွယ်ဝတဲ့ နေရာပဲ... ဒါပေမဲ့ အဆုံးမဲ့ ပင်လယ်ကို ဘယ်လိုသွားရမလဲ ဆိုတဲ့ မှတ်တမ်းတော့ မရှိဘူး..." ဖုန်းရှိုးဖူက တိုးညှင်းစွာ ပြောလိုက်သည်။

"ဒွာရပေါင်းစည်းခြင်းအဆင့်ကို နောက်ခံထားတဲ့ မိသားစုတောင်မှ အဆုံးမဲ့ ပင်လယ်က အခြေအနေတွေကြောင့် ကျွန်တော်တို့ဆီ ထွက်ပြေးလာရတယ် ဆိုတော့ အဲဒီဘက်မှာ ဘယ်လို ဖြစ်နေမလဲ ဆိုတာ စိတ်ကူးကြည့်ဖို့ ခက်တယ်..." ချန်ဖေးက လွန်ခဲ့သော ရက်အနည်းငယ်က ကောလာဟလများကို ပြန်လည် အမှတ်ရရင်း သက်ပြင်းချလိုက်၏။

ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က မိသားစုကို ခေါ်ဆောင်၍ တိုက်ပွဲများမှ လွတ်မြောက်ရန် တစ္ဆေမြို့တော် တစ်ခုလုံးကို ဖြတ်သန်း ခရီးသွားခဲ့ခြင်း ဖြစ်သည်။

ဤနေရာတွင် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တစ်ယောက် ပိုင်ဆိုင်ထားခြင်းက လွှမ်းမိုးနိုင်သော အင်အားစု တစ်ခု ဖြစ်လာရန် မရှိမဖြစ် လိုအပ်သော အခြေအနေ တစ်ရပ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် တစ်ယောက်သာလျှင် ကွဲလွဲမှု အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

သို့သော် ယခု တစ်ယောက်ယောက်က ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်လည်း မိသားစုဝင်များနှင့်အတူ ထွက်ပြေးတော့မည် ဖြစ်ပြီး အကယ်၍ သူတို့ မထွက်ပြေးပါက မိသားစု တစ်ခုလုံး အန္တရာယ် ရှိနိုင်သည်ဟု ပြောနေခြင်း ဖြစ်၏။

လျှို့ဝှက်နယ်မြေကို အတင်းအကျပ် ဖိနှိပ်ပြီး စေတနာကောင်းကို အတိုင်းအတာ တစ်ခုအထိ ပြသပြီးနောက် ထိုစွမ်းအားကြီးမားသော ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က သူ၏ ဇာတိကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။

ဤဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ အခြေအနေကို သိရှိထားပြီး ဖြစ်၏။ သူ၏ စွမ်းအားက မိသားစု တစ်ခုလုံးကို ကာကွယ်ရန်နှင့် သူတို့၏ ရှင်သန်မှုကို အာမခံရန် လုံလောက်သည်။ ထိုသို့ဖြစ်ရာ အလုပ်လုပ်ရာတွင် ဘာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ တစ်ခါတစ်ရံတွင် သင်က တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားလေလေ၊ လူတွေက သင့်ကို သတိထားလေလေ ဖြစ်သည်။

ထို့အပြင် အမှန်တကယ်ပင် ဤဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်၏ ဇာတိကို သိရှိပြီးနောက် နတ်တိမ်ဓားဂိုဏ်းရော ရှန်းယန်ဂိုဏ်းပါ သူတို့၏ စေတနာကို ဖော်ပြခဲ့ကြပြီး ဤဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်ကို သူတို့၏ စခန်းအတွင်းသို့ ခေါ်ဆောင်လာရန် မျှော်လင့်ခဲ့ကြ၏။

အကယ်၍ သူတို့က ဤဒွာရပေါင်းစည်းခြင်းအဆင့် အသစ်နှင့် ပူးပေါင်းနိုင်မည် ဆိုပါက နတ်တိမ်ဓားဂိုဏ်းရော ရှန်းယန်ဂိုဏ်းပါ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင် နှစ်ယောက်၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော်လည်း ဤရောက်လာခါစ ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်က ဤအငြင်းပွားမှုတွင် ပါဝင်ပတ်သက်ရန် လုံးဝ ရည်ရွယ်ချက် မရှိချေ။

အခွင့်အရေးယူသူများ အဖြစ် ပြုမူသော အခြား ဂိုဏ်းများက ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်၏။ သို့သော် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်၏ အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသူများက အခွင့်အရေးယူသူများ မဟုတ်ဘဲ အခြား အစွန်းရောက် အင်အားစု တစ်ခု ဖြစ်သည်။ ဤမိသားစု ရောက်ရှိလာခြင်းနှင့်အတူ မူလက နှစ်ဘက် အားပြိုင်မှု ဖြစ်နေခဲ့သော နတ်တိမ်မြို့မှာ ရုတ်တရက် သုံးဘက် အာဏာပြိုင်ပွဲ တစ်ခု ဖြစ်လာခဲ့၏။

"အဲဒီ တစ္ဆေမြို့တော်က အဆုံးမဲ့ ပင်လယ်နဲ့ ဆက်သွယ်ထားတာ... ဘယ်သူမှ မမျှော်လင့်ထားတဲ့ ရလဒ်ပဲ... မင်း တွေ့ခဲ့တဲ့ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်ဆိုတာက အခြေအနေကို စုံစမ်းဖို့ ယွီမိသားစုက တစ္ဆေနယ်မြေထဲ စေလွှတ်လိုက်တဲ့သူပဲ..." ဖုန်းရှိုးဖူက သူ၏ လ္ဘက်ရည်ပန်းကန်ကို ကောက်ကိုင်၍ တစ်ငုံ သောက်လိုက်သည်။

ချန်ဖေး အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ယွမ်ချီစွမ်းအင် သိပ်သည်းဆက နတ်တိမ်မြို့ထက် များစွာ သာလွန်သော တစ္ဆေမြို့တော်၏ အခြားတစ်ဖက်ရှိ အဆုံးမဲ့ ပင်လယ် အကြောင်း စဉ်းစားလိုက်၏။ ထိုနေရာက မည်သို့သော မြင်ကွင်းမျိုး ဖြစ်မည်ကို သူ တွေးကြည့်နေမိသည်။

"ယွီ မိသားစုက လျှို့ဝှက်နယ်မြေကို ပိတ်ပင်ထားပြီ... ကောလာဟလတွေ အရ တစ္ဆေမြို့တော်ရဲ့ တစ်ဖက်စွန်းကိုလည်း ယွီ မိသားစုက ပိတ်ပင်ထားတယ်လို့ ပြောကြတယ်..." ယွီ မိသားစု၏ ရန်သူများ ဤနေရာကို မရှာတွေ့နိုင်စေရန် ဘိုးဘေးက အစီအရင်ကို အသုံးပြု၍ တားဆီးထားခြင်း ဖြစ်ပြီး လက်ရှိတွင် တစ္ဆေမြို့တော် မှတစ်ဆင့် အဆုံးမဲ့ ပင်လယ်သို့ သွားရောက်ရန် မဖြစ်နိုင်တော့ချေ။

ချန်ဖေး၏ အတွေးများကို ခံစားသိရှိပုံရသဖြင့် ဖုန်းရှိုးဖူက ခေါင်းခါပြလိုက်၏။

ချန်ဖေး တိုးညှင်းစွာ ရယ်မောလိုက်သည်။ သူက အဆုံးမဲ့ ပင်လယ် အကြောင်း အတွေးအချို့ ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း အနည်းငယ်မျှသာ ဖြစ်၏။ ယခု ချန်ဖေးကို အဆုံးမဲ့ ပင်လယ်သို့ သွားရန် တောင်းဆိုမည် ဆိုလျှင်ပင် ချန်ဖေး သွားမည် မဟုတ်ပေ။

ထိုနေရာတွင် အခွင့်အလမ်းများ ပိုမို ရှိနိုင်သော်လည်း ရှင်းလင်းစွာပင် အန္တရာယ်များလည်း ပိုမို ရှိနေသည်။

ဖုန်းရှိုးဖူ၏ ခြံဝန်းမှ ထွက်ခွာပြီးနောက် ချန်ဖေးက သူ၏ ကိုယ်ပိုင် အိမ်သို့ ပြန်လာပြီး သူ၏ ဒဏ်ရာများကို ကုသရန်ဟု အကြောင်းပြကာ သီးသန့် နေထိုင်လိုက်၏။

ချန်ဖေး၏ ဒဏ်ရာများနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်နေသော အကြီးအကဲ အချို့မှလွဲ၍ အစစ်အမှန် အခြေအနေကို သိရှိသူ အနည်းငယ်က တည်ငြိမ်စွာ နေကြသည်။ သူတို့ကို ပို၍ စိုးရိမ်စေသည်မှာ ရန်ကျုံးယန်၏ ဒဏ်ရာများ ဖြစ်၏။

ချန်ဖေး၏ ဟန်ဆောင် ဒဏ်ရာနှင့် နှိုင်းယှဉ်ပါက ရန်ကျုံးယန်မှာ အမှန်တကယ်ပင် သေလုမြောပါး ဖြစ်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သေလုမြောပါး အခြေအနေမှ ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ ဒဏ်ရာများကို သီသီလေး တည်ငြိမ်အောင် လုပ်ထားနိုင်ရုံသာ ရှိသေး၏။

တစ္ဆေမြို့တော်၏ အေးစိမ့်သော စွမ်းအားက အလွန် ကြီးမာလွန်းသဖြင့် မြို့တံခါးမှ လွတ်မြောက်ရန် ရန်ကျုံးယန်နှင့် ချီရှူချင်းတို့က အေးစိမ့်သော စွမ်းအား အပေါ် သူတို့၏ ခုခံမှုကို တမင်တကာ လျှော့ချလိုက်ရရာ သူတို့၏ ဒဏ်ရာများကို ပိုမို ဆိုးရွားသွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ချန်ဖေးက လူနှစ်ယောက်၏ နှလုံးသွေးကြောများနှင့် အသိစိတ်ပင်လယ်တို့ကို ကာကွယ်ရန် သူ၏ ယွမ်စွမ်းအင်ကို အသုံးပြုခဲ့ပြီး ဤအရေးကြီးဆုံး နေရာနှစ်ခု ပျက်စီးခြင်းမှ ကာကွယ်ပေးခဲ့၏။ သို့မဟုတ်ပါက သူတို့ကို ကယ်တင်နိုင်မည် ဆိုလျှင်ပင် သူတို့ ဒုက္ခိတ ဖြစ်သွားကြပေလိမ့်မည်။

ချီရှူချင်း၏ အသက်ကို ကယ်တင်ပေးခဲ့သည့် အတွက် ချန်ဖေးကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် ရေအောက်တောင်ကြားဂိုဏ်းက ကျေးဇူးဆပ်သည့် အနေဖြင့် လက်ဆောင်တစ်ခုပင် ပေးပို့ခဲ့၏။ ချန်ဖေးက တုံ့ဆိုင်းမနေဘဲ လက်ခံလိုက်သည်။

ယခုအခိုက်အတန့်တွင် ခြံဝန်း၏ လျှို့ဝှက်ခန်းမ အတွင်း၌ ချန်ဖေးက အသိစိတ်ပင်လယ် အတွင်းရှိ အသက်စွမ်းအင်များကို စတင် သန့်စင်နေပြီ ဖြစ်သည်။

တစ္ဆေမြို့တော်မှ ထွက်ခွာပြီးနောက် ကြေးပြားပုံစံ အသက်စွမ်းအင်များက စွမ်းအင် အစုအဝေး တစ်ခု အဖြစ် အသွင်ပြောင်းလဲသွားပြီး ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်း စုပုံလာ၏။ လွန်ခဲ့သော ရက်ပိုင်း အတွင်း အသိစိတ်ပင်လယ်က ဤအသက်စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေခဲ့ပြီး ချန်ဖေး၏ စိတ်စွမ်းအားကို တဖြည်းဖြည်း မြှင့်တင်ပေးနေခဲ့သည်။

ချန်ဖေးက လွန်ခဲ့သော ရက်ပိုင်း အတွင်း မည်သည့်ကိုမျှ မဆင်မခြင် မစုပ်ယူဝံ့ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ အချိန်တို အတွင်း စိတ်စွမ်းအား ရုတ်တရက် မြင့်တက်လာခြင်းက အနည်းငယ် ထူးဆန်းနေမည် ဖြစ်ပြီး အခြားသူများ သတိပြုမိရန် လွယ်ကူပေလိမ့်မည်။

သူ၏ ဒဏ်ရာကို ဟန်ဆောင်ရန် ချန်ဖေးက သဘာဝကျကျပင် အခြားသူများ၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေရန် တတ်နိုင်သမျှ ယုံကြည်လောက်အောင် လုပ်ဆောင်ရမည် ဖြစ်၏။

ယခု သူက လုံးဝ သီးသန့် နေထိုင်နေပြီ ဖြစ်ရာ ချန်ဖေးတွင် မည်သည့် တားဆီးမှုမျှ မရှိတော့ဘဲ သူ၏ စွမ်းအင် အားလုံးကို အနှစ်သာရကို သန့်စင်ခြင်း အပေါ် အာရုံစိုက်လာခဲ့ပြီ ဖြစ်သည်။

အသိစိတ်ပင်လယ် အတွင်း၌ အသက်စွမ်းအင်က အနည်းငယ် တုန်ခါနေ၏။ ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်၏ လည်ပတ်မှု အောက်တွင် ကြိုးမျှင်ကဲ့သို့သော စိတ်စွမ်းအားက အသက်စွမ်းအင် အတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားပြီး နှစ်ခုက စတင် ပေါင်းစပ်လာကြသည်။

ဒွာရ လေးဆယ့်တစ်ပေါက်ကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော စိတ်စွမ်းအားက ဤအသက်စွမ်းအင်၏ အာဟာရဖြင့် လျင်မြန်စွာ ကြီးထွားလာ၏။

လေးဆယ့်နှစ်... လေးဆယ့်သုံး... လေးဆယ့်လေး...

စိတ်စွမ်းအားက အံ့မခန်း အရှိန်ဖြင့် တိုးတက်လာသည်။ ချန်ဖေးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ ခေါင်းတစ်ခုလုံးက မှိန်ဖျော့သော အလင်းရောင် တစ်ခုကို ထုတ်လွှတ်နေ၏။

အသိစိတ်ပင်လယ်မှနေ၍ အတက်အကျ သဲ့သဲ့လေးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ယွမ်ချီစွမ်းအင်များကို သက်ရောက်မှု ရှိစေသည်။

လေးဆယ့်ငါး... လေးဆယ့်ခြောက်...

စိတ်စွမ်းအား ကြီးထွားမှု နှုန်းက နှေးကွေးမသွားပေ။ ဤအခိုက်အတန့်တွင် စိတ်စွမ်းအား၏ ပြင်းအားက ချန်ဖေး အမှန်တကယ် ဖန်တီးထားသော ဒွာရ အရေအတွက်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်၏။

ချဲ့ထွင်လာသည့် ခံစားချက် တစ်ခုက ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်း စတင် ပြည့်နှက်လာသည်။ စိတ်စွမ်းအား အလွန်အကျွံ များပြားနေခြင်းနှင့် ကိုယ်ပိုင် ကျင့်ကြံမှု မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအား တစ်ခု ဖြစ်၏။

ပုံမှန် ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက်တွင် စိတ်စွမ်းအားနှင့် ဖွင့်လှစ်ထားသော ဒွာရ အရေအတွက်တို့က အပြန်အလှန် အားဖြည့်ပေးကြသည်။

စိတ်စွမ်းအား လျင်မြန်စွာ ကြီးထွားလာသော အထူး ပါရမီရှင်များ အတွက်ပင်လျှင် အလွန်အကျွံ ဖြစ်နေသော အဆင့် တစ်ခုသို့ ဘယ်တော့မှ ရောက်ရှိသွားမည် မဟုတ်ပေ။

ချန်ဖေး ကဲ့သို့ သူ၏ စိတ်စွမ်းအားက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော်လည်း သူ၏ ကျင့်ကြံမှုက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ မရောက်ရှိသေးသူမျိုးမှာ တစ်ဦးတည်း မဟုတ်သော်လည်း အလွန် ရှားပါးလှ၏။

နတ်တိမ်မြို့ ပတ်ဝန်းကျင်ရှိ ဒွာရသန့်စင်ခြင်း အဆင့်များထဲတွင် ဤအခြေအနေမျိုး ရှိသူ တစ်ယောက်မှ မရှိပေ။ ဤသည်မှာ သင့်လျော်သော အခြေအနေများ မရှိခြင်းကြောင့်သာ မဟုတ်ဘဲ လူများက အသိစိတ်ပင်လယ် အပေါ် သက်ရောက်စေမည့် ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကို သိရှိထားသောကြောင့်လည်း ဖြစ်၏။

လေးဆယ့်ခုနစ်...

ချဲ့ထွင်လာသည့် ခံစားချက်က ဆုတ်ဖြဲခံရသည့် ခံစားချက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်ဖေး အနည်းငယ် ရပ်တန့်သွားပြီး သူ ရပ်သင့်သလားဟု တွေးတောနေစဉ် အသိစိတ်ပင်လယ် အတွင်းမှ နဂါးဆင်၏ ဟိန်းဟောက်သံက ရုတ်တရက် ပဲ့တင်ထပ်သွား၏။

အစပိုင်းက ဆုတ်ဖြဲခံရသည့် ခံစားချက်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန်တို့က အသိစိတ်ပင်လယ်၏ ထူးခြားမှုကို တိုက်ရိုက် ဖိနှိပ်ပစ်လိုက်၏။

လေးဆယ့်ရှစ်... လေးဆယ့်ကိုး...

နဂါးဆင်နှိမ်နင်းခြင်းနှင့် ခန္ဓာကိုယ် ဖိနှိပ်ခြင်းတို့ကြောင့် ချန်ဖေးက ကျန်ရှိနေသော အသက်စွမ်းအင် အားလုံးကို မတုံ့ဆိုင်းဘဲ စုပ်ယူလိုက်ပြီး သူ၏ စိတ်စွမ်းအားကို ဒွာရ လေးဆယ့်ကိုးပေါက် ထိန်းချုပ်နိုင်သည့် အဆင့်အထိ တိုက်ရိုက် မြှင့်တင်လိုက်၏။

ဒွာရ လေးဆယ့်ကိုးပေါက်လုံးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ရာ ချန်ဖေးက ကာလတို အတွင်း စိတ်စွမ်းအား မလုံလောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဤစိတ်စွမ်းအား အဆင့်က ချန်ဖေး၏ နောက်ဆက်တွဲ ကျင့်ကြံမှုနှင့် သူ၏ သိုင်းကွက်များကို ဖော်ဆောင်ရာတွင် စိတ်ကူး၍မရနိုင်သော အကျိုးကျေးဇူးများ ရှိစေလိမ့်မည် ဖြစ်၏။

အသက်စွမ်းအင်များကို သန့်စင်ပြီးနောက် ချန်ဖေးက သီးသန့် နေထိုင်ရာမှ မထွက်ခွာဘဲ ဆက်လက် ကျင့်ကြံနေခဲ့သည်။

တစ်လ အကြာတွင် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်က ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွား၏။

ချန်ဖေး၏ အဓိက ကျင့်စဉ် ဖြစ်သော ကျုံးယွမ် ဓားသိုင်းကလည်း နောက်ဆုံးတွင် ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

All Chapters