← Chapters

အခန်း (၃၃၄-၃၃၅)

Vol. 32 Ch. 334-335

အခန်း (၃၃၄-၃၃၅)

Vol. 32 Ch. 334-335

အခန်း (၃၃၄) မင်းတစ်ယောက်ထဲနဲ့လား…

ချန်ဖေး၏ ကျုံးယွမ် ဓားသိုင်းက ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ကျင့်စဉ် လည်ပတ်မှုက အလိုအလျောက် သိစိတ် တစ်ခု ဖြစ်လာသည်မှာ ကြာပြီ ဖြစ်ပြီး ချန်ဖေး အနေဖြင့် အသက်သွင်းရန် စိတ်စွမ်းအား များစွာ အသုံးပြုရန် မလိုအပ်တော့ချေ။

ဤသည်မှာ ကျင့်စဉ်များကို ကျွမ်းကျင်ပိုင်နိုင်သော ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သို့မဟုတ် ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ရှိ စွမ်းအားကြီးသူများသာ လုပ်နိုင်သောအရာ ဖြစ်၏။

ချန်ဖေးသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံပြီးမှသာ ရရှိနိုင်သော အခြေအနေ တစ်ခု ဖြစ်သည်။ ဤအဆင့်တွင် သိုင်းပညာရှင်၏ ကျင့်ကြံမှု အမြန်နှုန်းက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်ထက် များစွာ မြန်ဆန်လာ၏။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်နှင့် အထွတ်အထိပ်အဆင့် ပညာရှင်များ၏ ဆက်လက် အားကောင်းလာနိုင်စွမ်းကို အမှန်တကယ် ကန့်သတ်ထားသည်မှာ သူတို့၏ ကျင့်စဉ်၏ ရှုပ်ထွေးမှုပင် ဖြစ်သည်။

ဥပမာအားဖြင့် ကျုံးယွမ် ဓားသိုင်းက ဒွာရ ရှစ်ဆယ်သာ ဖွင့်လှစ်ပေးနိုင်သည်။ ဒွာရ ရှစ်ဆယ်လုံး ပွင့်သွားသည်နှင့် သွားစရာ နေရာ မရှိတော့ပေ။ ပိုမို ကောင်းမွန်သော ကျင့်စဉ် တစ်ခုသို့ ပြောင်းရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဒွာရပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေဖြင့် ကံကိုသာ စမ်းကြည့်ရမည် ဖြစ်၏။

ချန်ဖေး၏ ခန္ဓာကိုယ် အတွင်းရှိ နဂါးဆင်နှိမ်နင်းခြင်းနှင့်အတူ ချန်ဖေး၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာသော ယွမ်ချီစွမ်းအင်များက ပြန်လည် ပျောက်ကွယ်သွားရန် အချိန်မရမီ နဂါးဆင်နှိမ်နင်းခြင်းကျင့်စဉ်ကြောင့် အတွင်း၌ တင်းကျပ်စွာ ပိတ်လှောင်ခံလိုက်ရပြီးနောက် ကျုံးယွမ် ဓားသိုင်းကြောင့် အစာကြေကာ စုပ်ယူခံလိုက်ရသည်။

ထို့ကြောင့် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက် ချန်ဖေး၏ ကျင့်ကြံမှု အမြန်နှုန်းက လျော့ကျမသွားရုံသာမက အမှန်တကယ်ပင် မြင့်တက်လာခဲ့၏။

အလွန် ယုတ္တိမတန်သော်လည်း သဘာဝကျလှသည်။

အချိန်များ ကုန်လွန်သွားပြီး ဆဋ္ဌမနေ့တွင် ဖုန်းရှိုးဖူ၏ အမွှာ ဝိညာဉ်လက်နက်က လှုပ်ရှားလာ၏။

ကောလင်းရှန်းက ချန်ဖေးကို လာရောက် အကြောင်းကြားပြီးနောက် သူတို့ သုံးယောက်က နတ်တိမ်မြို့ အပြင်ဘက် မိုင်သုံးဆယ် အကွာရှိ ဧရာမ လေတိုက်ကျောက်တုံးကြီး တစ်ခု ရှိရာ နေရာသို့ သွားခဲ့ကြသည်။

နှစ်စဉ် လေတိုက်ရာသီ ရောက်တိုင်း လေတိုက်ကျောက်တုံးကြီးက အဆက်မပြတ် တုန်ခါနေပြီး တုံးတိတိ အသံတစ်ခုကို ထုတ်လွှတ်လေ့ရှိ၏။

ထိုအချိန်တွင် နတ်တိမ်မြို့မှ လူအများအပြားက နွေဦးရာသီ အပန်းဖြေ ခရီးထွက်ရန်နှင့် အပန်းဖြေရန် ဤနေရာသို့ လာရောက်ကြသည်။

ယခုက လေတိုက်ရာသီ မဟုတ်သလို လောလောဆယ်တွင် အနီးအနား၌ မည်သူမျှ မရှိပေ။

ဖုန်းရှိုးဖူက သူ၏ လက်ထဲရှိ အမွှာ ဝိညာဉ်လက်နက်ကို ကြည့်လိုက်ရာ အနည်းငယ် တုန်ခါနေပြီး တုန်ခါမှု အကြိမ်ရေက တိုးလာနေ၏။ ရှင်းလင်းစွာပင် အခြား အမွှာ ဝိညာဉ်က အနီး၌ရှိ‌နေသည်။

ချန်ဖေးက ဖုန်းရှိုးဖူ၏ အနောက်တွင် ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်နေ၏။ ဤနေရာက နတ်တိမ်မြို့တွင် အတော်လေး နာမည်ကြီးသော်လည်း ချန်ဖေးက ဤနေရာသို့ လာရန် အချိန်မရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် စိမ်းလန်းစိုပြေသော မြက်ခင်းများနှင့် ငှက်ကလေးများ၏ တေးသီသံများက လေထဲတွင် ပြည့်နှက်နေပြီး ရှုခင်းက အလွန် လှပလှသည်။

ရုတ်တရက် ချန်ဖေး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူက လှည့်၍ အရှေ့သို့ ကြည့်လိုက်ရာ ထိုနေရာတွင် လူအနည်းငယ်... အလွန် မြန်ဆန်သော အရှိန်ဖြင့် ရောက်ရှိလာနေသည့် အငွေ့အသက်ကို အာရုံခံမိလိုက်သည်။

အခြေအနေကို အာရုံခံရာတွင် ဖုန်းရှိုးဖူက ချန်ဖေးထက် ခြေတစ်လှမ်း နောက်ကျနေပြီး အရှေ့သို့ မကြည့်ဘဲ မနေနိုင်တော့ချေ။

ဤမြင်ကွင်းကို ကြည့်နေသော ကောလင်းရှန်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဆရာတူ ညီလေးက တစ်ယောက်ယောက် ရောက်လာသည်ကို ဆရာ့ထက်ပင် ပိုမြန်အောင် အာရုံခံနိုင်ခဲ့သည်။ ရှင်းလင်းစွာပင် ဆရာတူ ညီလေး၏ စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုက ဆရာ့ထက် သာလွန်နေပေသည်။

ကောလင်းရှန်းက လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခဲ့သော်လည်း ချန်ဖေး၏ အောင်မြင်မှုများ အကြောင်းကို သူ အများအပြား ကြားခဲ့ရ၏။

ကောလင်းရှန်းက ချန်ဖေး အနေဖြင့် သူ၏ ဆရာ ဖြစ်သော ဖုန်းရှိုးဖူကို အနာဂတ်တွင် ကျော်လွန်သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ထိုနေ့က ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု ကောလင်းရှန်း ဘယ်တုန်းကမှ မတွေးခဲ့ပေ။ စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုက တိုက်ခိုက်ရေး ခွန်အားကို ကိုယ်စားမပြုနိုင်သော်လည်း တိုက်ခိုက်ရေး ခွန်အား၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်၏။ ဤကြီးထွားမှု နှုန်းထား အရ ဆိုလျှင် ဆရာတူ ညီလေးက ဆရာ့ကို ကျော်လွန်မည့် နေ့က သိပ်မဝေးတော့ပုံရသည်။

ကောလင်းရှန်းက သူ အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေသေးကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး ဆရာတူ ညီလေးနဲ့ ပထမဆုံး တွေ့တုန်းက သူသည်ခြင်ဆီသန့်စင်ခြင်း အဆင့် ဖြစ်နေပေမဲ့ အထွတ်အထိပ် အဆင့်ကိုပင် မရောက်သေးပေ။

ကောလင်းရှန်း ထပ်မတွေးနိုင်မီမှာပင် အဝေးမှ ပုံရိပ်များက တဖြည်းဖြည်း ရှင်းလင်းလာပြီး ကောလင်းရှန်းက သူ့ ဆရာ၏ စိတ်ခံစားမှုများ တဖြည်းဖြည်း မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။

ရှင်းလင်းစွာပင် အဝေးရှိ လူသုံးယောက်ထဲမှ တစ်ယောက်က ဆရာ့၏ သူငယ်ချင်းဟောင်း ဖြစ်သည်။

ချန်ဖေး၏ မျက်လုံးများ အနည်းငယ် တဖျပ်ဖျပ် လင်းသွားပြီး ချဉ်းကပ်လာသော ပုံရိပ် သုံးခုကို ကြည့်လိုက်၏။ တစ်ယောက်ယောက် ဒဏ်ရာရထားပြီး အတော်လေး ပြင်းထန်ပုံရသည်။ ရှေ့သို့ ခြေနှစ်လှမ်း တိုးသွားသော ဖုန်းရှိုးဖူက တစ်ခဏ အကြာတွင်မှ အခြေအနေကို သတိပြုမိလိုက်၏။ သူက လျင်မြန်စွာ လှုပ်ရှား၍ သူတို့ကို သွားကြိုလိုက်သည်။

"ဆရာတူ ညီလေး... ငါတို့လည်း သွားကြရအောင်..."

ကောလင်းရှန်းက ချန်ဖေးကို လှည့်ကြည့်လိုက်ရာ ချန်ဖေးက ခေါင်းညိတ်၍ ကောလင်းရှန်းနှင့်အတူ ဖုန်းရှိုးဖူ အနောက်မှ လိုက်သွား၏။

"မင်း ဘာဖြစ်လာတာလဲ..."

ဖုန်းရှိုးဖူက ရပ်တန့်၍ သူ၏ သူငယ်ချင်း ကန်းယန်လင်ကို ကြည့်လိုက်သည်။ သူက ခရီးရှည်ကြောင့် ပင်ပန်းနွမ်းနယ်နေရုံသာမက သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော ဒဏ်ရာ အများအပြား ရှိနေပြီး အတော်လေး အားအင်ကုန်ခမ်းနေပုံရ၏။

"တစ်ခုခု ဖြစ်လာလို့... ဒါပေမဲ့ နောက်ဆုံးတော့ ဒီကို ရောက်လာခဲ့ပြီ..."

ကန်းယန်လင်က ဖုန်းရှိုးဖူကို ကြည့်၍ သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူက "ဒါက ငါ့မိန်းမနဲ့ သားလေ..." ဟု ပြောလိုက်သည်။

ကန်းယန်လင် စကားပြောရင်း သူ၏ ဘေးရှိ လူနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ရာ အထူးသဖြင့် သူ၏ သားကို မိတ်ဆက်ပေးချိန်တွင် သူ၏ မျက်လုံးများထဲ၌ ဂုဏ်ယူသည့် အရိပ်အယောင် တစ်ခု ပြည့်နှက်နေ၏။

"မင်္ဂလာပါ အစ်ကို ဖုန်း..." ကန်းယန်လင်၏ ဇနီးက ဖုန်းရှိုးဖူကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး ဖုန်း... ကျွန်တော့် အဖေက ဦးလေး အကြောင်း အမြဲ ပြောပြနေတာ..." ကန်းယွင်ဖေးက ဖုန်းရှိုးဖူကို ကြည့်၍ ရိုသေလေးစားစွာ ဦးညွှတ် နှုတ်ဆက်လိုက်၏။

"ကောင်းပြီ..."

ဖုန်းရှိုးဖူက သူတို့ နှစ်ယောက်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကန်းယန်လင်ကို ကြည့်ကာ ပြောလိုက်၏။ "မင်းရဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်တယ်... အရင်ဆုံး အထဲ ပြန်ဝင်ကြတာပေါ့... အဲဒီအကြောင်း နောက်မှ ပြောကြမယ်..."

ချန်ဖေးက လူသုံးယောက်ကို အနောက်မှ လေ့လာကြည့်ရှုနေသည်။ လှံတစ်ချောင်း ကဲ့သို့ ရှည်လျားသော မုတ်ဆိတ်မွေး ရှိသည့် ကန်းယန်လင်က ဖုန်းရှိုးဖူ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ ကျင့်ကြံမှုနှင့် ပတ်သက်၍မူ သူက ဖုန်းရှိုးဖူနှင့် လုံးဝ အတိအကျ တူညီပြီး နှစ်ယောက်စလုံးက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် ဖြစ်ကြသည်။

ကန်းယန်လင်၏ ဇနီးမှာ ဒွာရသန့်စင်ခြင်း အဆင့်သို့ မရောက်ရှိဘဲ အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင်သာ ရှိပြီး ယခုအခါ အိုမင်းရင့်ရော်သည့် လက္ခဏာများ ပြသနေပြီ ဖြစ်၏။

ကန်းယန်လင်၏ သား ကန်းယွင်ဖေးနှင့် ပတ်သက်၍မူ သူက ချန်ဖေးနှင့် အသက်အရွယ် အတူတူလောက် ဖြစ်ပြီး သူ၏ ကျင့်ကြံမှုက ကောလင်းရှန်း ကဲ့သို့ပင် အတွင်းကလီစာသန့်စင်ခြင်း အဆင့်တွင် ရှိသော်လည်း အတွင်းကလီစာသန့်စင်ခြင်း အစောပိုင်းအဆင့်တွင် ဖြစ်သည်။

ဒီသူငယ်ချင်းက ဘယ်သူလဲ...

ကန်းယန်လင်က ချန်ဖေးကို လှည့်ကြည့်လိုက်၏။ ဒွာရသန့်စင်ခြင်း အဆင့်၏ အငွေ့အသက်များကို ရှင်းလင်းစွာ ဖော်ပြထားပြီး ချန်ဖေးက အတော်လေး ငယ်ရွယ်ပုံရသည်။

ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် လူတစ်ယောက်၏ အစစ်အမှန် အသက်ကို သူတို့၏ အသွင်အပြင်မှ ခန့်မှန်းရန် ခက်ခဲသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ ခံစားသိရှိနိုင်သေး၏။

ဥပမာအားဖြင့် ချန်ဖေး၏ အလုံးစုံ အမူအရာက ဖုန်းရှိုးဖူနှင့် သူ၏ မျိုးဆက်တို့နှင့် လုံးဝ ကွာခြားလှသည်။

ရှင်းလင်းစွာပင် ချန်ဖေးက သူတို့ထက် များစွာ ပို၍ ငယ်ရွယ်၏။

"မိတ်ဆက်ပေးဖို့ ငါ မေ့လုနီးပါး ဖြစ်သွားတယ်..."

ဖုန်းရှိုးဖူက သူ၏ နဖူးကို ပုတ်လိုက်ရာ သူ၏ စိုးရိမ်ပူပန်မှုက သူ၏ ဆင်ခြင်တုံတရားကို မှုန်ဝါးသွားစေခဲ့သည်။ သူက ကောလင်းရှန်းကို ရှေ့သို့ ခေါ်လာပြီး ပြောလိုက်၏။

"ဒါက ငါ့ရဲ့ တပည့်ကြီး ကောလင်းရှန်း လေ..."

"မင်္ဂလာပါ ဦးလေး..." ကောလင်းရှန်းက ရှေ့သို့ တစ်လှမ်းတိုး၍ ဦးညွှတ်လိုက်သည်။

"ချီစွမ်းအင်က သိပ်သည်းပြီး ခိုင်မာတယ်... ပြီးတော့ အခြေခံအုတ်မြစ်ကလည်း ကောင်းကောင်း ချထားတယ်..."

ကန်းယန်လင်က ပြုံး၍ ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့် အများစုက ချန်ဖေး အပေါ်တွင်သာ စူးစိုက်နေ၏။

ဖုန်းရှိုးဖူက ချန်ဖေးကို ဘာကြောင့် အရင် မမိတ်ဆက်ပေးတာလဲ ဆိုတာကို ကန်းယန်လင် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။

သူတို့က တူညီသော အဆင့်ရှိ စွမ်းအားကြီးသူများ ဖြစ်ကြသဖြင့် သူတို့ကို လေးစားစွာ ဆက်ဆံသင့်ပြီး အရင် မိတ်ဆက်ပေးသင့်သည်။ အကြောင်းတစ်ခုလွဲလို့...

ကန်းယန်လင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ဖုန်းရှိုးဖူကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။

ဖုန်းရှိုးဖူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ သူ့၏ သူငယ်ချင်းကို သိရှိသွားကြောင်း ဖုန်းရှိုးဖူက ခန့်မှန်းမိပြီး ဖြစ်၏။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း လက်ခံခဲ့တဲ့ ငါ့ရဲ့ အငယ်ဆုံး တပည့်လေး ချန်ဖေး လေ..." ဖုန်းရှိုးဖူက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဒွာရသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက်ကို လေ့ကျင့်ပေးနိုင်သူတိုင်းက ဤကဲ့သို့သော အမူအရာမျိုး ရှိကြပေလိမ့်မည်။

ကန်းယန်လင်၏ မျက်လုံးများ လုံးဝ ပြူးကျယ်သွား၏။ သူ့ရှေ့ရှိ သိုင်းပညာရှင်က အမှန်တကယ်ပင် ဖုန်းရှိုးဖူ၏ တပည့် ဖြစ်နေသည်။ သူက အနည်းငယ် ခန့်မှန်းမိသော်လည်း ဖုန်းရှိုးဖူက အမှန်တကယ် ပြောလိုက်သောအခါ ကန်းယန်လင် အနေဖြင့် ယုံကြည်ရန် ခက်ခဲနေသေး၏။

ကန်းယန်လင်၏ ဇနီးက ချန်ဖေးကို အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ကန်းယန်လင်၏ သား ကန်းယွင်ဖေးကလည်း သူ၏ ဖခင် ကဲ့သို့ပင် အံ့အားသင့်သော အမူအရာ ရှိနေသည်။

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဖုန်းရှိုးဖူက တပည့် အများအပြား လက်ခံခဲ့သည် ဆိုသည့် အချက်က ထိုသူမှာ အမှန်တကယ် သိပ်မအိုသေးကြောင်းကို ပြသနေ၏။

အစောက ကန်းယွင်ဖေးက ချန်ဖေး၏ ငယ်ရွယ်သော မျက်နှာကို ကြည့်ပြီး ဤဒွာရသန့်စင်ခြင်း အဆင့်က အလွန် ငယ်ရွယ်ပုံရသည်ဟု တွေးခဲ့သည်။ ယခု သူ သဘောပေါက်သွားသည်မှာ ငယ်ရွယ်ပုံရရုံသာ မဟုတ်ဘဲ သူ၏ အစစ်အမှန် အသက်က ထိုမျှသာ ရှိကြောင်းပင်။

သူ၏ သူငယ်ချင်း၏ အမူအရာကို မြင်သောအခါ ဖုန်းရှိုးဖူက ဝမ်းသာသွား၏။ ချန်ဖေးကို လူသွားကြိုရန် ခေါ်လာခြင်းက စေတနာကြောင့် သာမက တစ်စိတ်တစ်ပိုင်း အနေဖြင့် ကြွားလုံးထုတ်ရန်လည်း ဖြစ်သည်။

"အထဲ အရင် ပြန်ဝင်ကြတာပေါ့..." ဖုန်းရှိုးဖူက ကောင်းကင်ကို မော့ကြည့်လိုက်၏။

"ကောင်းပြီ... အထဲ အရင် ဝင်ကြတာပေါ့..."

ကန်းယန်လင်က သူ၏ အံ့အားသင့်နေသော အမူအရာကို ပြန်ရုပ်သိမ်းလိုက်ပြီး အလိုအလျောက် ချောင်းဆိုးလိုက်ရာ သူ၏ မျက်နှာက အနည်းငယ် ဖြူရော်သွားသည်။

ရှင်းလင်းစွာပင် ကန်းယန်လင်၏ ဒဏ်ရာများက အပြင်ပန်းတွင် ပေါ်နေသည်ထက် များစွာ ပိုမို ပြင်းထန်ပေသည်။

ဖုန်းရှိုးဖူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အကြောင်းရင်းကို သူ အမှန်တကယ် သိချင်သော်လည်း ဒဏ်ရာများကို ကုသရန် ပြန်သွားခြင်းက ဦးစားပေး ဖြစ်ကြောင်း သူ သိသည်။ ဤကိစ္စများ အကြောင်းကို သူ နောက်မှ မေးလို့ ရ၏။

အဖွဲ့က လျင်မြန်စွာ လှုပ်ရှားသွားပြီး ယွမ်ချန်ဓားဂိုဏ်း၏ တောင်တံခါး တည်ရှိရာ နေရာသို့ ဦးတည်သွားကြသည်။

ဆယ့်ငါးမိနစ် အကြာတွင် ချန်ဖေး၏ မျက်မှောင်များ ရုတ်တရက် အနည်းငယ် ကုတ်ဝင်သွား၏။ ချန်ဖေး၏ အာရုံခံနိုင်စွမ်း အတွင်း ပြင်းထန်သော အပူဟပ်သည့် အငွေ့အသက် တစ်ခုက အနောက်မှ အလွန် မြန်ဆန်သော အရှိန်ဖြင့် ချဉ်းကပ်လာနေသည်။

ချီစွမ်းအင် အရှိန်အဝါက မီးကဲ့သို့ ပြင်းထန်ပြီး အကြမ်းဖက်မှုနှင့် ရန်လိုမှုများဖြင့် ပြည့်နှက်နေကာ ကောင်းကင်နှင့် မြေကြီး ယွမ်ချီစွမ်းအင်များကိုပင် ချီစွမ်းအင် အရှိန်အဝါကြောင့် အနည်းငယ် လှိုင်းထသွားစေ၏။

တစ်ခဏအကြာတွင် ဖုန်းရှိုးဖူနှင့် ကန်းယန်လင်တို့က သူတို့၏ အနောက်တွင် ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သဘောပေါက်သွားကြသည်။ ဖုန်းရှိုးဖူ မျက်မှောင်ကြုတ်သွားပြီး ကန်းယန်လင်၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွား၏။

"ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ... ငါတို့ သူ့ကို တစ်နာရီလောက် တားထားနိုင်သင့်တာ..." ကန်းယန်လင်က မယုံကြည်နိုင်စွာဖြင့် အော်ပြောလိုက်သည်။

"သခင်ကြီး... ဘာဖြစ်လို့လဲ..." ကန်းယန်လင်၏ ဇနီး မျက်နှာ ဖြူရော်သွား၏။

"အဖေ... အဲဒီ လူယုတ်မာက ကျွန်တော်တို့ကို မှီသွားပြီလား..." ကန်းယွင်ဖေး၏ မျက်လုံးများထဲတွင် အကြောက်တရား အရိပ်အယောင် တစ်ခု ပေါ်လာသည်။

"မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူလား..." ဖုန်းရှိုးဖူက ကန်းယန်လင်ကို လှည့်ကြည့်လိုက်၏။

"ငါ သွားတားလိုက်မယ်... ငါ့မိန်းမနဲ့ သားကို လုံခြုံတဲ့နေရာဆီ အရင် ခေါ်သွားပေးပါ..." ကန်းယန်လင်က ပြောပြီးနောက် ရုတ်တရက် ရပ်တန့်ကာ ထွက်သွားရန် လှည့်လိုက်သည်။

"လင်းရှန်း... သူတို့ကို ဂိုဏ်းဆီ ခေါ်သွားပြီး တစ်ချိန်တည်းမှာ အကြီးအကဲ ဝူ ကို အကြောင်းကြားလိုက်..." ဖုန်းရှိုးဖူက အလျင်စလို ပြောလိုက်ပြီး ကန်းယန်လင်နောက်သို့ လိုက်သွားရန် ပြင်လိုက်၏။

"အဖေ... ကျွန်တော် အဖေ့နားမှာ နေမယ်..." ကန်းယွင်ဖေးက အော်ပြောလိုက်သည်။

"မင်းက ဘာလို့ နေမှာလဲ... မင်းက ငါ့ကို အာရုံများစေတာပဲ ရှိမှာ... ဒီကနေ ထွက်သွားစမ်း..."

ကန်းယန်လင်က အကျယ်ကြီး အော်ဟစ်လိုက်ပြီးနောက် ဖုန်းရှိုးဖူကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။

"ရှိုးဖူ... သူတို့ကို ခေါ်သွား... အဲဒီလူက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်ပဲ... ငါတို့ သူ့ကို မတားနိုင်ဘူး... မင်း သူတို့ကို ခေါ်သွားရင် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ရှိသေးတယ်..."

ဖုန်းရှိုးဖူ အံ့အားသင့်သွားသည်။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်... လေလွင့်ကျင့်ကြံသူ တစ်ယောက် အတွက်ပင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိခြင်းက ကြီးမားလှသော တိုက်ခိုက်ရေး စွမ်းအားကို ဖြစ်ပေါ်စေမည် ဖြစ်၏။ ဤသည်က သူ၏တိုက်ချက်များရှေ့တွင် ပြိုင်ဘက်၏ကျင့်စဉ်မှာ မပြည့်စုံသလို အားနည်းလွန်းသလို သက်သေပြနေသည်။

ဤရှုထောင့်တွင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်သော လေလွင့်ကျင့်ကြံသူ တစ်ယောက်က တိုက်ခိုက်ရေး ခွန်အား အရ ဂိုဏ်းက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် အများအပြားနှင့်အတူတူပင်ဖြစ်သည်။ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်များနှင့် နှိုင်းယှဉ်ပါက သူတို့တွင် ကြီးမားသော အားသာချက် တစ်ခု ရှိသည်။

"ထွက်သွားမယ်... ဒီနေ့ ဘယ်သူမှ ထွက်သွားလို့ မရဘူး…”လှောင်ပြောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ အငွေ့အသက်က အဝေးတွင် ရှိနေသေးသော်လည်း ပုံရိပ်တစ်ခုက ရောက်ရှိနေသူများ၏ အရှေ့တွင် ပေါ်လာပြီး ဖြစ်သည်။ ချိုးယွမ်ကျန်က ကန်းယန်လင်နှင့် အခြားသူများကို ကစားချင်သော အကြည့်ဖြင့် ကြည့်ကာ သူ၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေ၏။

‘အမှန်တရားကို လွဲမှားစွာ ဖော်ပြခြင်းဖြင့် အခြားသူများကို လှည့်စားခြင်း။’

ဤနည်းစနစ်ကို အသုံးပြု၍ ချိုးယွမ်ကျန်က မရေမတွက်နိုင်သော လူများကို လှည့်စားခဲ့ပြီး အကြိမ်တိုင်းတွင် အလုပ်ဖြစ်ဆဲပင်။ အခြားသူများ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာများကို မြင်တွေ့ရတိုင်း ချိုးယွမ်ကျန်က စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားရလေ့ရှိ၏။

"ဆရာ... အရင်သွားနှင့်ပါ... ကျွန်တော် သူ့ကို ခဏလောက် တားထားပြီးမှ ဆရာ့ဆီ လိုက်လာခဲ့မယ်..." ချန်ဖေးက ချိုးယွမ်ကျန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ငါ့ကို တားမယ်... ဟားဟားဟား... မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား..." ချိုးယွမ်ကျန်က ချန်ဖေး၏ ငယ်ရွယ်သော မျက်နှာကို ကြည့်၍ အကျယ်ကြီးနှင့် စူးရှစွာ ရယ်မောလိုက်ရာ သူ၏ အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

အခန်း (၃၃၅) ဟိန်းဟောက်သံ

"ငါက ယွမ်ချန်ဓားဂိုဏ်းက ဖုန်းရှိုးဖူ ပါ... လူကြီးမင်းကို ဘယ်လို ခေါ်ရမလဲ ဆိုတာ သိခွင့်ပြုပါ..." ဖုန်းရှိုးဖူက ရှေ့သို့ တစ်လှမ်းတိုး၍ ဦးညွှတ်လိုက်၏။

ယွမ်ချန်ဓားဂိုဏ်း၏ ဂုဏ်သတင်းက နတ်တိမ်ဓားဂိုဏ်းနှင့် မယှဉ်နိုင်သော်လည်း ဒေသတွင်းတွင် နာမည်ကြီးသော အင်အားစု တစ်ခု ဖြစ်နေဆဲပင်။ ဂိုဏ်းတွင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များ အပြင် အဆင့်မြင့် ဝိညာဉ်လက်နက်ဖြင့် ရှိ‌သော ဂိုဏ်းလည်းဖြစ်၏။

လေလွင့် ကျင့်ကြံသူ အများစုက ယွမ်ချန်ဓားဂိုဏ်းနှင့် ကြုံတွေ့ရပါက သေရေးရှင်ရေး တိုက်ပွဲ မဟုတ်လျှင် အနည်းဆုံးတော့ လေးစားမှု အချို့ ပြသကြပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဂိုဏ်းတစ်ခုကို စော်ကားခြင်းက အလွန်အကျွံ လုပ်ဆောင်ပါက ဂိုဏ်း၏ အစွမ်းအထက်ဆုံး အဖွဲ့ဝင်များကို ဆွဲထုတ်လာနိုင်ချေ ရှိသည်။

"ဘာလဲ... မင်းက မင်းရဲ့ ဂိုဏ်းအမည်ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား..."

ဖုန်းရှိုးဖူ၏ စကားကို ကြားသောအခါ ချိုးယွမ်ကျန်က အကျယ်ကြီး ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ယွမ်ချန်ဓားဂိုဏ်းက အားကောင်းပေမဲ့ အကယ်၍ ငါက မင်းကို သတ်လိုက်ရင် ငါက မိုင်ထောင်ချီ ဝေးတဲ့ နေရာကို ထွက်ပြေးမယ်... ယွမ်ချန်ဓားဂိုဏ်းက ငါ့ကို ဘယ်လို လိုက်ဖမ်းမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်..."

အဆုံးတွင် ချိုးယွမ်ကျန်၏ အမူအရာက ကြမ်းကြုတ်လာပြီး အာဏာရှင်ဆန်သော အရှိန်အဝါက လူတိုင်းကို လွှမ်းမိုးသွားကာ သူတို့ အားလုံးကို ပွေ့ဖက်မှု အတွင်း ပိတ်လှောင်ထားလိုက်၏။

ကန်းယွင်ဖေး၏ အကြည့်က ချိုးယွမ်ကျန်နှင့် ဆုံတွေ့သွားသောအခါ သူ၏ နှလုံးသား တစ်ချက် ခုန်သွားပြီး မသိစိတ်မှ သူ၏ မိခင်ဘေးတွင် ရပ်လိုက်သည်။

ကန်းယွင်ဖေးက ဤလူ၏ စွမ်းရည်ကို ခရီးစဉ် အတွင်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ပြီး ဖြစ်၏။

ကန်းယွင်ဖေး၏ မျက်လုံးထဲတွင် တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သော သူ၏ ဖခင်က ပြင်းထန်စွာ ဒဏ်ရာ မရမီ ချိုးယွမ်ကျန်ထံမှ သိုင်းကွက် တစ်ကွက်ကိုပင် မခံနိုင်ခဲ့ပေ။ နောက်ဆုံးတွင် အကယ်၍ အစီအရင် သာ အလုပ်မလုပ်နိုင်ပါက ယခု ဤနေရာသို့ သူတို့ ရောက်ရှိလာနိုင်မလား ဆိုသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။

ကန်းယန်လင်၏ ဇနီးမှာ ဖြူရော်နေ၏။ သူမ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်၏ စွမ်းအားက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်ထက် များစွာ သာလွန်ပေသည်။

ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် သိုင်းပညာရှင် သုံးယောက် ရှိနေသော်လည်း သူတို့က ယခင် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် သိုင်းပညာရှင် အပေါ် မည်သည့် အားသာချက်မျှ မရှိပေ။ တိုက်ပွဲက အချိန်တို အတွင်းမှာပင် ပြီးဆုံးသွားနိုင်ချေ ရှိ၏။

ဒွာရသန့်စင်ခြင်း အဆင့်များ ကြားတွင်ပင် တိုက်ခိုက်ရေး ခွန်အားက များစွာ ကွာခြားနိုင်၏။ တူညီသော အဆင့်က မျှတသော တိုက်ပွဲ တစ်ခုကို အာမခံနိုင်သည် မဟုတ်ပေ။ အစစ်အမှန် မျှတသော တိုက်ပွဲက နှစ်ဘက်စလုံးတွင် ကျင့်စဉ် အပေါ် နားလည်မှုနှင့် ကျွမ်းကျင်မှု အကြမ်းဖျင်း တူညီမှသာ ဖြစ်နိုင်ပေသည်။

သို့မဟုတ်ပါက တစ်ခါတစ်ရံတွင် တူညီသော အဆင့်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တစ်ခု အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

"ဘယ်အမှားကမှ ကျူးလွန်သူမရှိဘဲ ဖြစ်မလာသလို၊ ဘယ်အကြွေးကမှလည်း ဆပ်ရမယ့်သူမရှိဘဲ ပျောက်ကွယ်မသွားပါဘူး…. လူကြီးမင်း ရှာနေတဲ့သူက ငါပဲ... တခြား ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး..." ကန်းယန်လင်က ရှေ့သို့ တစ်လှမ်းတိုး၍ ချိုးယွမ်ကျန်ကို စိုက်ကြည့်ကာ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

"အဲဒါ မှန်တယ်..."

ချိုးယွမ်ကျန်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုက အနည်းငယ်မျှ လျော့ကျမသွားပေ။ သူက ကန်းယန်လင်ကို ကြည့်၍ ပြောလိုက်၏။

"ဒါဆို မင်း နာခံမှုရှိရှိနဲ့ ဒီကို လာပြီး ငါ့ကို တစ်ချက်လောက် အခုတ်ခံလိုက်... မင်း သေသွားရင် သူတို့ကို လွှတ်ပေးမယ်…” အနောက်တွင် ရပ်နေသော ကောလင်းရှန်းက ချိုးယွမ်ကျန်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာစဉ် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရ၏။ ဤချိုးယွမ်ကျန်က အကယ်၍ ကန်းယန်လင် သေဆုံးသွားပါက အခြားသူများကို ချမ်းသာပေးမည်ဟု ပြောခဲ့သည်။

သို့သော် သူ့၏ အမူအရာများနှင့် သဘောထားများ အရ ကြည့်မည် ဆိုပါက သူတို့ထဲမှ မည်သူ့ကိုမျှ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပုံရ၏။

မှန်ပါသည်။ ချိုးယွမ်ကျန်က လူတိုင်းကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိသောကြောင့်ပင်။ ထို့အပြင် သူ့တွင် စွမ်းအား ရှိနေသဖြင့် အရာအားလုံးကို ဝါးမြိုရန် သဘာဝကျကျ ရည်ရွယ်ထားသည်။

လေလွင့်ကျင့်ကြံသူ လောကတွင် လူတိုင်းက သူတို့ လက်လှမ်းမီသမျှ အရာအားလုံးကို ယူဆောင်ကြသည့် ခွေးအချင်းချင်း ကိုက်သည့် လောက တစ်ခု ဖြစ်၏။ ယွမ်ချန်ဓားဂိုဏ်းက ရန်စလို့ မရပေ။ သို့သော် ဤနေရာတွင် သူတို့နှင့် အနည်းငယ် ကွာဝေးနေသေးသည်။

သူ သပ်သပ်ရပ်ရပ် လုပ်ဆောင်သရွေ့ ဘယ်သူမှ သူ့ကို ခြေရာခံနိုင်မှာ မဟုတ်ဘူး။

ဂိုဏ်း အတွင်းရှိ လူများက ဆင်းရဲသော လေလွင့်ကျင့်ကြံသူများထက် များစွာ ပို၍ ကမ်းလှမ်းစရာ ရှိ၏။ အခြားအရာများ အားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် ဝိညာဉ်ဓား အနည်းငယ်ကို ရောင်းချရုံဖြင့် ငွေအမြောက်အမြား ရရှိပေလိမ့်မည်။

ယခု သူ့တွင် ဆင်ခြေ တစ်ခု ရှိနေပြီ ဖြစ်ရာ ချိုးယွမ်ကျန် အနေဖြင့် ဤလူများကို လွှတ်ပေးရန် အကြောင်းမရှိတော့ချေ။

"ယန်လင်... မလုပ်နဲ့..."

"အဖေ..." ကန်းယန်လင်၏ ဇနီးနှင့် ကန်းယွင်ဖေးတို့က အရေးတကြီး အော်ခေါ်လိုက်ကြ၏။

"အရူးမခံနဲ့... မင်း သေသွားရင်တောင် သူက ငါတို့ ကျန်တဲ့သူတွေကို လွှတ်ပေးမှာ မဟုတ်ဘူး..." ဖုန်းရှိုးဖူက တည်ကြည်သော အသံဖြင့် ပြောလိုက်ပြီး သူ၏ အကြည့်က သူ၏ တပည့် ချန်ဖေးထံသို့ လှည့်သွားသည်။

ဖုန်းရှိုးဖူက ဤအခိုက်အတန့်တွင် အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းမှာ ချန်ဖေးက သူ၏ စိတ်ထဲတွင် ထည့်သွင်းပေးခဲ့သော ယုံကြည်မှုကြောင့် လုံးဝ ဖြစ်၏။ လျှို့ဝှက်နယ်မြေ သို့ ပြန်သွားစဉ်က ချန်ဖေးက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အဆုံးစွန်သော တိုက်ခိုက်ရေး စွမ်းအားကို ပြသခဲ့သည်။

ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အထွတ်အထိပ်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ကိုင်ဆောင်ထားသော တုံးရှိုးကျိက ချန်ဖေး၏ ဓားနှစ်ချက်ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ အခြား ဂိုဏ်းများ အားလုံးနီးပါး အပြတ်ရှင်းခံခဲ့ရသော အန္တရာယ်ရှိသည့် တစ္ဆေမြို့တော်တွင် ချန်ဖေးက လူနှစ်ယောက်ကို ဆွဲထုတ်နိုင်ခဲ့သည်။

ဤကဲ့သို့သော အရာမျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် ကြီးမားလှသော ခွန်အား လိုအပ်၏။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်က ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်ထက် များစွာ ပိုမို အားကောင်းသော်လည်း အချိန်တို အတွင်း တောင့်ခံနိုင်ရန် အခွင့်အရေး အလွန် များနေသေးသည်။

"မသေချင်ဘူးလား..."

ချိုးယွမ်ကျန်က ကန်းယန်လင်ကို ကြည့်၍ လှောင်ပြောင် ရယ်မောလိုက်၏။ "မင်းက မသေချင်ဘူး... ဒါပေမဲ့ တခြားသူတွေက မင်းနဲ့အတူ သေရလိမ့်မယ်... မင်းက အရမ်း တစ်ကိုယ်ကောင်းဆန်တာပဲ..."

ကန်းယန်လင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ စကားပြောတော့မည့်ဆဲဆဲတွင် ချန်ဖေးက ရုတ်တရက် အနည်းငယ် လှုပ်ရှားလိုက်ပြီး ချန်ယွမ်ဓားက အလင်းတန်း တစ်ခု အဖြစ် အသွင်ပြောင်းလဲသွားကာ သူ၏ နောက်ကျောသို့ ခုတ်ပိုင်းလိုက်၏။

"ရွှစ်..."

အဝတ်စုတ်ပြဲသံ ကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး နောက်ခံရှိ ယွမ်ချီစွမ်းအင်များထံမှ အဆက်မပြတ် အတက်အကျများနှင့်အတူ လိုက်ပါလာသည်။ ဘယ်အချိန်ကမှန်း မသိရသော်လည်း အစီအရင် တစ်ခုက ဧရိယာကို လုံးဝ ဖုံးလွှမ်းသွားခဲ့သော်လည်း သူတို့က လုံးဝ သတိမထားမိခဲ့ကြပေ။

သူတို့၏ အာရုံများကို ချိုးယွမ်ကျန်၏ အရှိန်အဝါက လုံးဝ လွှမ်းမိုးထားခဲ့၏။

အကယ်၍ ချန်ဖေး၏ ဓားချက်သာ မရှိပါက အစီအရင် အပြည့်အဝ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဤသည်က ချိုးယွမ်ကျန် အနေဖြင့် ယခု သူတို့နှင့် စကားအများကြီး ပြောရန် ဆန္ဒရှိနေရခြင်း၏ အတိအကျ အကြောင်းရင်းပင် ဖြစ်သည်။ သူက အချိန်ဆွဲနေခြင်း ဖြစ်၏။ အစီအရင် အတွင်း၌ ချိုးယွမ်ကျန်က ကြက်များနှင့် သိုးများကို သတ်သကဲ့သို့ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်နိုင်သည်။

ထို့အပြင် တစ်ယောက်ယောက်က ရုတ်တရက် ထွက်ပြေးသွားပြီး သတင်းအချက်အလက်များ ဖြန့်ဝေသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

ဖုန်းရှိုးဖူနှင့် ကန်းယန်လင်တို့၏ အမူအရာများ နှစ်ခုစလုံး ပြောင်းလဲသွား၏။ ယခုလေးတင် သူတို့က ဘာကိုမျှ အမှန်တကယ် အာရုံခံမမိခဲ့ပေ။ တစ်ဖက်လူက သူတို့ မျက်စိရှေ့မှာတင် ဒီလို အစီအရင်မျိုးကို ချထားခဲ့တာတောင် သူတို့ လုံးဝ သတိမထားမိခဲ့ကြဘူး။

"ဆရာ... အားလုံး အရင် သွားနှင့်ကြ..." ချန်ဖေးက ဖုန်းရှိုးဖူကို ကြည့်၍ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

"သွားကြစို့..."

ဖုန်းရှိုးဖူက ချန်ဖေး၏ တည်ကြည်နေသော မျက်နှာကို ကြည့်၍ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကောလင်းရှန်းနှင့် ကန်းယွင်ဖေးတို့ကို ဖမ်းဆွဲလိုက်၏။ သူက ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို ကန့်သတ်ချက်အထိ အသက်သွင်းလိုက်ရာ သူ၏ ပုံရိပ်က ပုံရိပ်ယောင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားသည်။

ကန်းယန်လင် အနည်းငယ် တွေဝေသွား၏။ ဖုန်းရှိုးဖူက ချန်ဖေးကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ပြီး အမှန်တကယ် ထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဖုန်းရှိုးဖူ ထွက်သွားသည်ကို မြင်သောအခါ ကန်းယန်လင်က မသိစိတ်မှ သူ၏ ဇနီးကို ဖမ်းဆွဲ၍ နောက်မှ လိုက်သွားခဲ့၏။

"ဘုန်း..."

တုံးအသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကန်းယန်လင်၏ အနောက်တွင် ချန်ဖေးက တစ်ချိန်ချိန်တွင် ထွက်ပေါ်လာပြီး သွေးရောင် အလင်းတန်း တစ်ချက်ကို ကာကွယ်လိုက်၏။

ဓား၏ တောက်ပနေသော သွေးရောင်က တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်လောက်အောင် ပြင်းထန်ပုံရပြီး ညှီစော်နံသော အနံ့ တစ်ခုက လေထဲတွင် ပြည့်နှက်နေကာ လူတစ်ယောက်ကို အန်ချင်စိတ် ပေါ်လာစေပြီး သူတို့၏ ခေါင်းကို ကိုက်ခဲလာစေသည်။

ချိုးယွမ်ကျန် အနည်းငယ် အံ့အားသင့်သွား၏။ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု တစ်ခုသာ ဖြစ်သော်လည်း သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်က လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ချန်ဖေးက ဤမျှ လွယ်ကူစွာ ခံနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူ၏ အစီအရင်ကို ကြိုတင် ခန့်မှန်းနိုင်ပြီး ယခု သူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခြင်းက သူက သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်ထက် များစွာ ပိုမို အားကောင်းကြောင်း သေချာပေသည်။

သူက ဒီမှာနေပြီး သူ့ကို ခဏလောက် တားထားမယ်လို့ ပြောရဲတာ အံ့ဩစရာ မဟုတ်ဘူးပဲ။

သို့သော် စိတ်ကျင့်ကြံခြင်း အစောပိုင်းအဆင့် ဆိုသည်မှာ စိတ်ကျင့်ကြံခြင်း အစောပိုင်းအဆင့်သာ ဖြစ်ပြီး ဘယ်လိုမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

"မင်း ဘယ်လို သေချင်လဲ ဆိုတာကို စဉ်းစားပြီးပြီလား..."

ချိုးယွမ်ကျန်က ချန်ဖေးကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက တဖြည်းဖြည်း သွေးရောင်လွှမ်းလာ၏။ သူတို့ကို အားလုံး အပြတ်ရှင်းရန် သူ၏ မူလ အစီအစဉ်က ယခု မဖြစ်နိုင်တော့ပုံရသည်။

ဤနေရာက ယွမ်ချန်ဓားဂိုဏ်းနှင့် သိပ်မဝေးလှပေ။ ချန်ဖေးကို သတ်ပြီးနောက် အခြားသူများနောက် လိုက်ဖမ်းရန် ဖြစ်နိုင်သော်လည်း အန္တရာယ် အချို့တော့ ရှိနေသေး၏။

ချိုးယွမ်ကျန်က လောဘကြီးသော်လည်း သူ၏ အသက်ကိုလည်း တန်ဖိုးထားသည်။ ယခု သူ လုပ်နိုင်သမျှမှာ ယွမ်ချန်ဓားဂိုဏ်းမှ ဤပါရမီရှင်လေးကို သင်ခန်းစာ ကောင်းကောင်း တစ်ခု ပေးရန် ဖြစ်ပြီး ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်... လေလွင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ကျင့်စဉ်၏ အလယ်အလတ်အဆင့်လည်း ဖြစ်ကြောင်း သူ့ကို နားလည်စေရန် ဖြစ်၏။

ချိုးယွမ်ကျန်၏ စကားကို ကြားသောအခါ ချန်ဖေးက အနည်းငယ် ပြုံး၍ လည်ပင်းကို ဆန့်ကာ ချန်ယွမ်ဓားကို မြေပြင်သို့ စောင်း၍ ချိန်ရွယ်လိုက်သည်။

"မင်းကော ဘယ်လို သေချင်လဲ ဆိုတာကို စဉ်းစားပြီးပြီလား..." ချန်ဖေးက ချိုးယွမ်ကျန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"ရိုင်းစိုင်းလိုက်တာ..."

ချိုးယွမ်ကျန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက ချန်ဖေးကို အနည်းငယ် သတိထားပြီး ချန်ဖေးကို သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက် အဖြစ် မသတ်မှတ်သော်လည်း သူ့ရှေ့တွင် ချန်ဖေး၏ မာနကြီးမှုကို သူ သည်းမခံနိုင်ပေ။

ချိုးယွမ်ကျန် ရှေ့သို့ တစ်လှမ်းတိုး၍ လှုပ်ရှားရန် ပြင်လိုက်စဉ် သူ၏ အရှေ့တွင် အနက်ရောင် ဓားပုလဲ တစ်လုံး ပေါ်လာ၏။

"ဘုန်း..."

ချိုးယွမ်ကျန်က ဓားပုလဲကို ပေါ့ပေါ့ပါးပါး ချေမှုန်းလိုက်ရာ အတွင်း ပါဝင်သော စွမ်းအားကို ခံစားလိုက်ရသည်။ သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ကျုံးယွမ် ဓားသိုင်းလား။ ဤဓားပုလဲ အတွင်း ပါဝင်သော စွမ်းအားက သူ၏ မျှော်လင့်ချက်များကို အနည်းငယ် ကျော်လွန်နေသည်။

"ရွှစ်..."

ဓားပုလဲက ကျိုးကြေသွားသော်လည်း မပျောက်ကွယ်သွားပေ။ ယင်းအစား ဧရာမ ဓားအစီအရင် တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ချိုးယွမ်ကျန်ကို လုံးဝ လွှမ်းခြုံသွားစေ၏။ ကြီးမြတ်သော ပြီးပြည့်စုံခြင်း အဆင့်၏ ကျုံးယွမ် ဓားအစီအရင်က မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသည်။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်မှ စွမ်းအားကြီးသူ တစ်ယောက်က ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်မည် ဖြစ်သော်လည်း ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင်မူ ဓားအစီအရင်၏ ဖုံးလွှမ်းမှုမှ လွတ်မြောက်ရန် လုံးဝ နည်းလမ်း မရှိပေ။

"ရွှစ်... ရွှစ်... ရွှစ်…”ဓားပုလဲ ရှစ်ဆယ့်တစ်လုံးက ဓားအစီအရင် အတွင်း ဟိန်းဟောက်နေပြီး ကြီးမားလှသော စွမ်းအားများက အရပ်မျက်နှာ အသီးသီးကို လွှမ်းမိုးထား၏။ အမှန်တကယ် တိုက်ခိုက်ခြင်း မရှိသေးသော်လည်း အရှိန်အဝါ တစ်ခုတည်းကပင် ချိုးယွမ်ကျန်၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

ဒါက တကယ်ပဲ ကျုံးယွမ် ဓားသိုင်းလား…

ချိုးယွမ်ကျန်က ယွမ်ချန်ဓားဂိုဏ်း၏ ကျုံးယွမ် ဓားသိုင်း အကြောင်း သိပ်မသိသော်လည်း သူ့ရှေ့ရှိ ဓားအစီအရင်၏ အရှိန်အဝါက ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက် ထုတ်လွှတ်နိုင်သည့် အရာ လုံးဝ မဟုတ်ကြောင်းကို သူ သိ၏။

အကယ်၍ ယွမ်ချန်ဓားဂိုဏ်း၏ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်က ဤမျှလောက်သော ခွန်အားကို ပိုင်ဆိုင်ထားမည် ဆိုပါက နတ်တိမ်ဓားဂိုဏ်းက ဤနေရာတွင် တစ်ခုတည်းသော လွှမ်းမိုးသည့် အင်အားစု ဖြစ်နေမည် မဟုတ်ပေ။

"သူတို့ အဝေးကြီး ရောက်လောက်ပြီ..."

ချန်ဖေးက သူ၏ အနောက်သို့ အာရုံခံကြည့်လိုက်ရာ ဖုန်းရှိုးဖူနှင့် အခြားသူများ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ရှင်းလင်းစွာပင် အဝေးသို့ ရောက်သွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ချန်ဖေးက သူတို့ကို အာရုံခံမမိသဖြင့် သူတို့ကလည်း ဤနေရာရှိ အခြေအနေကို သဘာဝကျကျ အာရုံခံမိမည် မဟုတ်ပေ။

"ဒီဟန်ဆောင်မှုကို ရပ်လိုက်စမ်း..."

ချိုးယွမ်ကျန်က အတိတ်နိမိတ်မကောင်းသော ခံစားချက် တစ်ခု ရရှိနေ၏။ သူက ဟိန်းဟောက်လိုက်ပြီး သူ၏ အတွင်း ဒွာရကို အသက်သွင်းကာ ဧရာမ ခွန်အား တစ်ခုကို ဖန်တီးလိုက်သည်။ သွေးရောင် ဓားအလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွား၏။

တစ်ချိန်တည်းမှာပင် ချိုးယွမ်ကျန် ကိုယ်တိုင်လည်း သွေးရောင် အလင်းတန်း တစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး ဓားအလင်းတန်း၏ လမ်းကြောင်းအတိုင်း လိုက်ကာ ဓားအစီအရင်ကို ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။

"ဘုန်း..."

ဓားအစီအရင်က အနည်းငယ် လှိုင်းထသွားပြီး ဓားပုလဲ ဒါဇင်ပေါင်းများစွာ၏ ပေါင်းစပ် စွမ်းအားက ချိုးယွမ်ကျန်၏ ဓားအလင်းတန်းကို ချေမှုန်းပစ်လိုက်ကာ ချိုးယွမ်ကျန် အသွင်ပြောင်းထားသော သွေးရောင် အလင်းတန်းကို ရပ်တန့်သွားစေရန် အတင်းအကျပ် ဖိအားပေးလိုက်၏။

ဓားအစီအရင် အတွင်း၌ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်နှင့် အောက် အရပ်မျက်နှာ အသီးသီးတွင် ဓားဆန္ဒများ ပြည့်နှက်နေပြီး နေရာတိုင်းတွင် ဓားအလင်းတန်းများ ပြည့်နှက်နေကာ သဘာဝကျကျပင် ဖြတ်သန်းသွားနိုင်မည့် လမ်းကြောင်း မရှိချေ။

သွေးရောင် အလင်းတန်း အတွင်း၌ ချိုးယွမ်ကျန်၏ အမူအရာက အမှန်တကယ်ပင် ပြောင်းလဲသွား၏။

ယခုလေးတင် တိုက်ရိုက် ထိပ်တိုက် တွေ့ဆုံမှုက ဤဓားအစီအရင်၏ စွမ်းအားကို သူ့ကို ခံစားခွင့်ပြုခဲ့သည်။ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုက ဖောက်ထွက်ရန် ပျက်ကွက်ခဲ့၏။

ဤသည်က ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် အသုံးပြုနိုင်သည့် နည်းစနစ်မျိုးလား။ သူ ဘယ်လို တိုက်ခိုက်ရေး စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ။

ချိုးယွမ်ကျန်က လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသည်။ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၊ ဒွာရသန့်စင်ခြင်း အဆင့်များ ပိုင်ဆိုင်သော လေလွင့်ကျင့်ကြံသူများ နှင့် ဂိုဏ်းအတွင်းမှ လူအချို့ပင် ဖြစ်၏။ သို့သော် သူတို့ထဲမှ တစ်ယောက်မျှ ချန်ဖေးနှင့် မတူပေ။

အကယ်၍ ဂိုဏ်းမှ သိုင်းပညာရှင်များ အားလုံးတွင် ချန်ဖေး ကဲ့သို့သော ပါရမီ ရှိမည် ဆိုပါက ချိုးယွမ်ကျန်က သေချာပေါက် သူ တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးပေလိမ့်မည်။ သို့သော် ချန်ဖေး၏ ပါရမီက လုံးဝ ပုံမှန် မဟုတ်ပေ။

ချန်ယွမ်ဓားကို ကိုင်ဆောင်ထားရင်း ချန်ဖေးက လျင်မြန်စွာ လှုပ်ရှား၍ ဓားအစီအရင် အတွင်းသို့ တစ်ယောက်တည်း ဝင်ရောက်သွားရာ နဂါးဆင်၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်သွား၏။

ချန်ဖေး၏ ပုံရိပ်က လုံးဝ ပြောင်းလဲသွားခြင်း မရှိသော်လည်း ဤအခိုက်အတန့်တွင် ချိုးယွမ်ကျန်၏ မျက်လုံးထဲ၌ ချန်ဖေးက သူ့ကို အစွယ်များ ထုတ်ပြနေသည့် ရှေးဟောင်း ဘီလူးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး ချိုးယွမ်ကျန်၏ မျက်နှာက ဖြူရော်သွားသည်။

All Chapters