← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) - ကြောက်ရွံ့ခြင်းကင်းသော မုရုံရွှယ်

"ဟင်... ဒါက အရမ်းတန်ဖိုးမကြီးလွန်းဘူးလား... ဒီလက်မှတ်နဲ့ နင့်အတွက်ပဲ လက်နက်လဲပြီး အင်အားမြှင့်ပါလား"

ချူလုံသည် လျူယန်ကို အံ့အားသင့်စွာ ကြည့်ရင်း ပြောလိုက်သည်။ ဤမျှ အဖိုးတန်လှသော B-အဆင့် လက်နက်ကို သူမအား လွယ်လွယ်ကူကူ ပေးလိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ချူလုံ သိထားသမျှတွင် C-အဆင့် ပစ္စည်းသည်ပင် အလွန်ရှားပါးလှပြီး၊ ကျင့်ကြံသူ အများစုမှာ E-အဆင့်လောက်ရှိလျှင်ပင် အားကိုးအားထား ပြုနေကြရခြင်း ဖြစ်သည်။ B-အဆင့် လက်နက်တစ်ခု၏ တန်ဖိုးမှာ အနည်းဆုံး ဖက်ဒရေးရှင်း ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ၏။ သို့သော် သူမ မသိသည်မှာ လျူယန်တွင် ထိုထက်သာလွန်သော လက်နက်များ ရှိနှင့်နေပြီးသား ဖြစ်သည်ဟူသောအချက်ပင်။

"ရပါတယ်... ဒါက နင့်အတွက်ပဲ... ငါကတော့ လောလောဆယ် ဘာမှမလိုသေးဘူး... ငါတို့ကြားမှာ အားနာမနေပါနဲ့၊ ယူထားလိုက်ပါ"

လျူယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချူလုံသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း လျူယန်၏ စိတ်ရင်းကို သိနားလည်သဖြင့် နောက်ဆုံးတွင် လက်ခံလိုက်တော့သည်။

"အစ်ကိုလျူယန်... စိတ်မပူပါနဲ့... ဒီမှော်တောင်ဝှေးဓားနဲ့ဆိုရင် ငါ့ရဲ့ အင်အားက အများကြီး တိုးတက်လာမှာ.... အစ်ကို့အတွက် အသုံးဝင်တဲ့လူ ဖြစ်အောင် ငါ ကြိုးစားပါ့မယ်"

"ကောင်းပြီ"

လျူယန်က ပြုံးလျက် ချူလုံ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် သူတို့နှစ်ဦး လက်နက်လဲလှယ်ရေးကောင်တာမှ ထွက်လာခဲ့ကြသည်။

"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ... ပြင်ဆင်စရာတွေလည်း ပြီးသလောက်ရှိပြီဆိုတော့ ကွင်းပြင်ကိုပဲ သွားကြမလား"

ချူလုံက မေးသည်။

"မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ကျန်သေးတယ်"

လျူယန်က ပြုံးလျက် ပြောကာ သူမကို 'မီးပြတိုက် အကယ်ဒမီ' ၏ စာကြည့်တိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။

"ငါတို့ဒီမှာဘာလုပ်ကြမှာလဲ"

ချူလုံက နားမလည်နိုင်စွာမေးလိုက်သည်။

စာကြည့်တိုက်သို့ ရောက်သောအခါ လျူယန်သည် ချူလုံ၏ လက်ကလေးကို အမှတ်မထင် ဆွဲကိုင်လိုက်ရာ သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားတော့သည်။ သို့သော် လျူယန်မှာမူ အလေးအနက်ထားလျက် ကောင်တာရှိ ဝန်ထမ်းထံသို့ သူတို့၏ လက်ပတ်များကို ကမ်းပေးလိုက်သည်။

"မျှော်စင်ရဲ့ တတိယအဆင့်မှာရှိတဲ့ သားရဲတွေအကြောင်း သတင်းအချက်အလက် ဝယ်ချင်လို့ပါ"

လျူယန်က ချူလုံကို ရှင်းပြလိုက်သည်။

"နင် မေ့နေပြီလား... ငါတို့ လက်ပတ်ထဲမှာပါတဲ့ အချက်အလက်တွေက ပထမနဲ့ ဒုတိယအဆင့်က သားရဲတွေအကြောင်းပဲ ရှိတာ... တတိယအဆင့်ကစပြီး သားရဲတွေရဲ့ နေထိုင်ရာ၊ အရည်အချင်းနဲ့ စွမ်းရည်တွေကို ငါတို့ဘာသာ ဝယ်ယူရတာပဲ... ရန်သူ့အကြောင်း သိမှ တိုက်ပွဲမှာ အသာစီးရမှာ မဟုတ်လား"

မကြာမီ ဝန်ထမ်းက သတင်းအချက်အလက်များကို လက်ပတ်အတွင်း ထည့်သွင်းပေးလိုက်ပြီး ဝန်ဆောင်ခအဖြစ် ဖက်ဒရေးရှင်း ဒေါ်လာ ၁၀,၀၀၀ စီ ဖြတ်တောက်လိုက်သည်။ အားလုံး အဆင်သင့်ဖြစ်ပြီဖြစ်၍ သူတို့နှစ်ဦး ကွင်းပြင်သို့ အမြန်လာခဲ့ကြသည်။

ကွင်းပြင်၌ နိုးထသူအားလုံးနီးပါး စုဝေးနေကြပြီး ကျောင်းအုပ်ကြီးမှာ စင်မြင့်ပေါ်မှ အချိန်ကို စောင့်ကြည့်နေသည်။ ထိုအချိန်တွင် မုရုံရွှယ်မှာ လူအုပ်ကြား၌ လျူယန်တို့ကို လိုက်လံရှာဖွေနေသော်လည်း လူများလွန်းသဖြင့် ရှာမတွေ့ဖြစ်နေ၏။ နောက်ဆုံးတွင် သူမသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ စင်မြင့်ပေါ်သို့ တိုက်ရိုက် တက်သွားတော့သည်။

ကျောင်းအုပ်ကြီးမှာ အံ့ဩသွားပြီး တိုးတိုးလေးပြောရှာသည်။

"မိန်းကလေး မုရုံ... ဘာများ ကူညီပေးရမလဲ... ကျောင်းသားတွေ အများကြီးရှေ့မှာ စင်ပေါ်တက်လာတာတော့ ငါ့မျက်နှာကို နည်းနည်းထောက်ထားပါဦး"

သို့သော် မုရုံရွှယ်က သူ့ကို လျစ်လျူရှုကာ မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး အော်ဟစ်လိုက်တော့သည်။

"ဟေး... လျူယန်.. ချူလုံ... နင်တို့ ဘယ်မှာလဲ... ငါ ရှာလို့မတွေ့ဘူး.. အခုချက်ချင်း စင်ပေါ်ကို တက်လာခဲ့ကြ"

ပတ်ဝန်းကျင်ရှိ နိုးထသူများမှာ မှင်သက်သွားကြသည်။

"ဟာ... မုရုံရွှယ်က တကယ့်ကို ကြောက်စရာကောင်းတာပဲ... ကျောင်းအုပ်ကြီးရဲ့ မိုက်ကိုတောင် လုပြီး အသင်းဖော် ရှာရဲတယ်လား"

လူအုပ်ထောင့်တွင်ရှိသော လျူယန်မှာ မျက်နှာပျက်သွားကာ ချူလုံကိုဆွဲကာ စင်ပေါ်သို့တက်သွားရတော့သည်။

"ဒီမိန်းကလေးကတော့ တကယ့်ကို ဇွတ်တရွတ်ပဲ... ငါတို့ဆီကို လာမရှာဘဲ ငါတို့ကို စင်ပေါ် လာခိုင်းနေတယ်"

မဟုတ်ပါက ကျောင်းအုပ်ကြီး၏ မျက်နှာမှာ မြေလှန်တော့မည့်အခြေအနေ ဖြစ်နေသောကြောင့်ပင်။

လျူယန်တို့ စင်ပေါ်ရောက်သွားသောအခါ မုရုံရွှယ်က ဝမ်းသာအားရဖြင့် အော်ပြောလိုက်သည်။

"နောက်ဆုံးတော့ တွေ့ပြီ... နင်တို့ကို ရှာနေတာ တော်တော်ကြာသွားတယ်"

သူမသည် နတ်သမီးတစ်ပါးကဲ့သို့ လှပသော်လည်း သူမ၏ စိတ်နေစိတ်ထားမှာမူ အလွန်ပင် ရဲတင်းလွန်းလှသည်။

"တွေ့ပြီဆိုရင်လည်း ဆင်းကြရအောင်... ကျောင်းအုပ်ကြီးရဲ့ ကိစ္စတွေကို မနှောင့်ယှက်ပါနဲ့တော့"

လျူယန်က ပြောကာ သူမကို စင်ပေါ်မှ အမြန်ခေါ်ဆင်းလာခဲ့သည်။ ကျောင်းအုပ်ကြီးမှာမူ လျူယန်ကို ကျေးဇူးတင်လွန်းသဖြင့် မျက်လုံးချင်းပြကာ အသိအမှတ်ပြုလိုက်လေသည်။

အခန်း (၃၆) - စိတ်လိုက်မာန်ပါရှိသော မုရုံရွှယ်

ကွင်းပြင်ရှိ နိုးထသူများမှာ ဤမြင်ကွင်းကို ကြည့်ကာ ရယ်မောနေကြတော့သည်။

"ရယ်ရလွန်းလို့ သေတော့မယ်... မူရုံရွှေးရဲ့ ပင်ကိုယ်စရိုက်က တကယ်ကို ရဲတင်းလွန်းတာပဲ"

"လှတာတော့ အမှန်ပဲ... ဒါပေမဲ့ ဗိုလ်ကျလွန်းတယ်"

"ကျောင်းအုပ်ကြီး မျက်နှာကို မြင်လိုက်ကြလား... အတော်လေးကို နေရခက်နေတာ ဟားဟား"

"မုရုံရွှယ်က တကယ်ပဲ လျူယန်နဲ့ အသင်းဖွဲ့လိုက်တာလား... ဒီလို ထိပ်တန်းပညာရှင်နှစ်ယောက် ပေါင်းလိုက်ရင်တော့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

"ဒီလို နတ်သမီးမျိုးနဲ့ အသင်းဖော်ဖြစ်ရတာ တကယ်ကို ကောင်းမှာပဲ"

ထိုအချိန်တွင် ကျောင်းအုပ်ကြီးမှာ မုရုံရွှယ်ကို လျူယန်က စင်ပေါ်မှ ဆွဲခေါ်သွားသည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။ သူသည် အဝတ်အစားများကို ပြန်လည်သပ်ရပ်အောင် ပြင်ဆင်ပြီး ရှေ့သို့ တိုးလာခဲ့၏။

"နိုးထသူတို့... အချိန်နီးကပ်လာပြီ... အားလုံးပဲ တတိယအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... အခု နောက်ဆုံး (၁၀) မိနစ် စတင်ရေတွက်ပါပြီ... အားလုံး ပြင်ဆင်ထားကြ... အချိန်စေ့တာနဲ့ 'ထိုက်ကျိချိုင့်ဝှမ်း' ကို အသင်းလိုက် စတင်ဝင်ရောက်ရမယ်"

အချိန် (၁၀) မိနစ်သာ လိုတော့သဖြင့် နိုးထသူများမှာ ပျာပျာသလဲ ပြင်ဆင်ကြတော့သည်။ အသင်းမရသေးသူများက နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြသလို၊ အသင်းရပြီးသူများကလည်း နည်းဗျူဟာများ ဆွေးနွေးနေကြသည်။ လျူယန်ကမူ တည်ငြိမ်စွာပင် စောင့်ဆိုင်းနေ၏။

မုရုံရွှယ်နှင့် ချူလုံတို့မှာ ယခုမှ စတင်တွေ့ဆုံခြင်း ဖြစ်သော်လည်း ခဏချင်းပင် ရင်းနှီးသွားကြကာ စကားတပြောပြောဖြင့် ရှိနေကြသည်။ သူတို့နှစ်ဦး စကားပြောရင်း လျူယန်ကို ခိုးကြည့်နေကြသဖြင့် လျူယန်မှာ 'ငါ့အတင်းများ ပြောနေကြတာလား' ဟု တွေးကာ မျက်မှောင်ကြုတ်မိသွားသည်။

မကြာမီ အချိန်စေ့သွားပြီးနောက် ကြီးမားလှသော တယ်လီပို့စင်ကြီးမှာ အသက်ဝင်လာခဲ့သည်။ လျူယန်တို့ အဖွဲ့သား သုံးဦးသည်လည်း အတူတကွ ဝင်ရောက်သွားကြ၏။

ခဏမျှ မူးဝေသွားပြီးနောက် သူတို့သည် မျှော်စင်၏ တတိယအဆင့်သို့ ရောက်ရှိသွားကြသည်။ ၎င်းမှာ 'ထိုက်ကျိချိုင့်ဝှမ်း' ဖြစ်ပြီး အဝေးတွင် ကြီးမားသော ကန်ကြီးတစ်ခုနှင့် ပတ်ပတ်လည်တွင် တောင်တန်းများကို မြင်တွေ့ရသည်။

တယ်လီပို့ဖြင့် ရောက်လာသူများမှာ အလွန်များပြားလှသည်။ မီးပြတိုက်အကယ်ဒမီမှ ကျောင်းသားများသာမက အခြားမျှော်စင်များမှ ရောက်လာသူများလည်း ပါဝင်သဖြင့် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုစည်ကားနေ၏။ မျှော်စင်အဆင့် တက်လာသည်နှင့်အမျှ နယ်မြေများ ပေါင်းစည်းသွားခြင်းပင် ဖြစ်သည်။

ရုတ်တရက် လျူယန်တို့၏ လက်ထဲတွင် ကျောက်စိမ်းနှင့် သတ္တုရောစပ်ထားသကဲ့သို့ ထူးဆန်းသော ကတ်ပြားတစ်ခုစီ ပေါ်လာသည်။ ၎င်းမှာ လက်ဖဝါးခန့် ရှိသော်လည်း ငှက်မွှေးကဲ့သို့ ပေါ့ပါးလှ၏။ လျူယန်၏ ကတ်ပေါ်တွင် 'ယင်' ဟူသော စာလုံးကြီး ပါရှိနေသည်။ ချူလုံနှင့် မုရုံရွှယ်တို့လည်း 'ယင်' ကတ်များကိုသာ ရရှိကြသည်။

ဘေးနားရှိ နိုးထသူများလည်း 'ယင်' ကတ်များသာ ရကြသဖြင့် ဆွေးနွေးလာကြသည်။

"ငါတို့အားလုံး ယင်ကတ်တွေပဲ ရကြတာဆိုတော့ အချင်းချင်း လုစရာမလိုတော့ဘူး... အကျိုးစီးပွားချင်း မဆန့်ကျင်ဘူးပေါ့"

"အဲဒါဆို ငါတို့အားလုံး စုပြီး အဖွဲ့ကြီးတစ်ခု ဖွဲ့ကြမလား... လူများရင် ပိုစိတ်ချရတာပေါ့"

"ဟုတ်တယ်... 'ယန်' ကတ်တွေရလာရင် ခွန်အားအလိုက် ခွဲယူကြမယ်.. ဒါဆို အဆင့် (၄) ကို အားလုံး တက်နိုင်မှာပဲ"

ချူလုံမှာ ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး လျူယန်ကို တိုးတိုးလေး မေးသည်။

"အစ်ကိုလျူယန်... ငါတို့ကော ဝင်ဖွဲ့သင့်လား... သူတို့က အားနည်းပေမဲ့ လူများတော့ ပိုဘေးကင်းမယ် ထင်တယ်"

လျူယန်က ခေါင်းခါလိုက်သည်။ သူသည် မိမိ၏ ခွန်အားကို ယုံကြည်မှု ရှိသလို၊ လူအုပ်ကြီးနှင့် သွားခြင်းမှာ အန္တရာယ်ရှိသော သားရဲများနှင့် တွေ့ပါက ပို၍ ရှုပ်ထွေးနိုင်သည်ကို သိသည်။ အားနည်းသူများမှာ သူ၏အတွက် အကူအညီမဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် နောက်ဆုံးတွင် ကတ်ပြားခွဲဝေရာ၌ အငြင်းပွားမှုများ ဖြစ်လာနိုင်သည်ကိုလည်း သူ ကြိုမြင်နေသည်။

"မလိုဘူး... ငါတို့ သုံးယောက်ပဲ သွားမယ်"

လျူယန်က ပြောကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ ချူလုံနှင့် မုရုံရွှယ်တို့လည်း နောက်မှ လိုက်လာကြ၏။

သူတို့သည် တိတ်ဆိတ်သော သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နားလိုက်ကြသည်။ လျူယန်က [ဝိညာဉ်အာရုံ] နှင့် [သားရဲအနံ့ခံအာရုံ] တို့ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ အန္တရာယ်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

"လောလောဆယ် ဒီနားမှာ အန္တရာယ်မရှိဘူး... ငါတို့ မထွက်ခွာခင် ဘယ်လိုလုပ်ကြမလဲဆိုတာ အသင်းလိုက် အစည်းအဝေးသေးလေး လုပ်ကြရအောင်"

လျူယန်က အလေးအနက် ပြောလိုက်သည်။

ချူလုံက ထောက်ခံသော်လည်း မုရုံရွှယ်ကမူ မဲ့ရွဲ့ကာ ပြောလိုက်သည်။

"လျူယန်... နင်က ဒီလောက်သန်မာတာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ... သားရဲတွေရှိတဲ့ဆီ သွားတိုက်လိုက်ရုံပဲလေ... ဒါဆို ယန်ကတ်တွေက သူ့ဘာသာ ထွက်လာမှာပေါ့"

လျူယန် မျက်မှောင်ကြုတ်သွားသည်။ မုရုံရွှယ်မှာ သန်မာသော်လည်း အလွန်စိတ်လိုက်မာန်ပါ ရှိလွန်းပြီး မာနကြီးလွန်းလှသည်။

"နင်က အဲဒီလောက်တောင် တိုက်ချင်နေတယ်ဆိုရင်လည်း တစ်ယောက်တည်း သွားတိုက်လေ... ဒါပေမဲ့ နင့်ရဲ့ 'ယင်' ကတ်ကိုတော့ ငါ့ဆီမှာ ထားခဲ့ရမယ်... နင် အဲဒီကတ်ကို ယူသွားခွင့်မရှိဘူး"

ချူလုံက ကြားထဲမှ ဖျောင်းဖျသော်လည်း မုရုံရွှယ်က လက်ကို ခါထုတ်လိုက်ပြီး ပြောလိုက်၏။

"ရော့... ငါ့ကတ် ယူထားလိုက်... ငါ သားရဲတွေကို သွားရှာပြီး ယင်ကတ်ရော ယန်ကတ်ရော အကုန်ရှာလာခဲ့မယ်... နင်တို့ကတော့ ဒီမှာပဲ ထိုင်စောင့်နေကြတော့... ငါ တစ်ယောက်တည်းလည်း အကုန်နှိမ်နင်းနိုင်တယ်"

ပြောပြောဆိုဆိုဖြင့် မုရုံရွှယ်မှာ သူမ၏ ကတ်ကို လျူယန်ထံ ပစ်ပေးကာ သားရဲများရှိရာသို့ တစ်ယောက်တည်း ထွက်ခွာသွားလေသည်။

All Chapters