← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) - စေ့စပ်သေချာသော အတွေးအခေါ်

"ဟေး... အစ်မ မုရုံရွှယ်"

ချူလုံသည် မုရုံရွှယ်ကို လှမ်းတားရန် ကြိုးစားသော်လည်း အရှိန်ပြင်းလှသော မူရုံရွှေးမှာ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ဝေးရာသို့ ရောက်ရှိသွားသဖြင့် သူမ မမီတော့ပေ။

သူမ လှည့်ကြည့်လိုက်သောအခါ လျူယန်မှာ မုရုံရွှယ်ကို တားဆီးရန် စိတ်ကူးပင်မရှိဘဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ချူလုံက ဇဝေဇဝါဖြင့် ပြောလိုက်၏။

"သူ တစ်ယောက်တည်းဆိုရင် အန္တရာယ်မများဘူးလား"

လျူယန်က ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေး ပြန်ဖြေသည်။

"ဒါ သူကိုယ်တိုင် ရွေးချယ်တဲ့လမ်းပဲ... ပြီးတော့ သူက အတော်လေး သန်မာတာပဲ၊ အန္တရာယ်ရှိရင်တောင် လွတ်အောင်ပြေးနိုင်မှာပါ... သူ့အတွက် စိတ်ပူမနေနဲ့"

ချူလုံ စဉ်းစားကြည့်သောအခါလည်း ဟုတ်နေပြန်သည်။ မုရုံရွှယ်၏ အစွမ်းနှင့်ဆိုလျှင် သူမထက် သန်မာသော သားရဲနှင့် တွေ့လျှင်တောင် ထွက်ပြေးရန်မှာ သူမအတွက် ခဲယဉ်းမည် မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိ အခြားအသင်းများမှာလည်း စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။ သို့သော် လျူယန်မှာမူ မလောပေ။ သူသည် [ရေခဲနှင့်မီး နှစ်ခေါင်းဝံပုလွေ] ကို ထုတ်လွှတ်ကာ နယ်မြေအား ကင်းထောက်ရန် စေခိုင်းလိုက်သည်။ ထို့နောက် သူသည် ချူလုံကို ခေါ်ဆောင်ကာ ဆန့်ကျင်ဘက်အရပ်သို့ အသာအယာ ခရီးစတင်ခဲ့၏။

လမ်းတစ်လျှောက်တွင် သားရဲအချို့နှင့် တွေ့သော်လည်း လျူယန်သည် တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ကွင်းသွားခဲ့သည်။ [ဝိညာဉ်အာရုံ] နှင့် [သားရဲအနံ့ခံအာရုံ] တို့ကြောင့် လျူယန်သည် သားရဲများနှင့် အခြားနိုးထသူများကို ကြိုတင်သိရှိနေပြီး တစ်ဖက်လူများ မမြင်ခင်မှာပင် လမ်းလွှဲသွားနိုင်ခြင်း ဖြစ်သည်။

ချူလုံမှာ လျူယန်၏ နောက်မှလိုက်ရင်း အံ့ဩနေမိသည်။ လျူယန်သည် ရှေ့ကနေ ကွေ့ဝိုက်ခေါ်ဆောင်သွားရာတွင် သားရဲများရော၊ အခြားအသင်းများကိုပါ ပါးနပ်စွာ ရှောင်ကွင်းနိုင်ခဲ့သည်။ တိုက်ပွဲသံများကို အဝေးမှ ကြားနေရသော်လည်း သူတို့ရှိရာသို့ မည်သူမျှ ရောက်မလာနိုင်အောင် လျူယန်က တိကျစွာ လမ်းပြနေခြင်းပင်။

ချူလုံသည် အတွေ့အကြုံ နုနယ်သော်လည်း အလွန်ထက်မြက်သူ ဖြစ်ရာ လျူယန်တွင် တစ်စုံတစ်ရာသော ထောက်လှမ်းရေး စွမ်းရည်ရှိနေကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

နယ်မြေကို ခေတ္တစူးစမ်းပြီးနောက် လျူယန်သည် မူလနေရာသို့ ပြန်လာခဲ့သည်။ သူ၏ စေခိုင်းချက်အရ ကင်းထောက်သွားသော ခေါင်းနှစ်လုံးဝံပုလွေသည်လည်း ပြန်ရောက်နေပြီ ဖြစ်သည်။ ဝံပုလွေကြီးကို မြင်လိုက်ရသောအခါ ချူလုံမှာ ကြောက်လန့်တကြား နောက်ဆုတ်မိသွား၏။ (၃) မီတာကျော် မြင့်မားလှသော ခန္ဓာကိုယ်ကြီးနှင့် ရေခဲပြာရောင်၊ မီးနီရောင် ခေါင်းနှစ်လုံးရှိသည့် ဝံပုလွေကြီးမှာ ကြည့်ရုံနှင့်ပင် အလွန်တရာ အင်အားကြီးမားလှသည်။

လျူယန်က ပြုံးလျက် ချော့မော့လိုက်သည်။

"ချူလုံ... မကြောက်ပါနဲ့... ဒါ ငါယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲပဲ... ငါနဲ့ သွေးစာချုပ်ချုပ်ထားတာမို့ နင့်ကို ရန်မပြုတဲ့အပြင် ကာကွယ်ပေးဦးမှာ"

"အစ်ကို ယဉ်ပါးအောင် လုပ်ထားတာ... စာချုပ်ချုပ်ထားတာ ဟုတ်လား"

ချူလုံ အံ့ဩမှင်သက်သွားသည်။ သူမ သိထားသလောက်ဆိုလျှင် နိုးထသူများသည် အဆင့် (၃) အပြီး 'အလုပ်အကိုင် အသွင်ပြောင်းခြင်း' ပြီးမှသာ သားရဲများကို သွေးစာချုပ်နိုင်ခြင်း ဖြစ်သည်။ လျူယန်မှာမူ ဤမျှ စောစီးစွာပင် အစွမ်းထက်လှသော သားရဲကြီးတစ်ကောင်ကို ပိုင်ဆိုင်ထားလေပြီ။

လျူယန်သည် အချိန်မဆွဲဘဲ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စက္ကူနှင့် ကလောင်ကို ထုတ်ယူကာ ဝံပုလွေနှင့် သူကိုယ်တိုင် ရှာဖွေတွေ့ရှိထားသော သတင်းအချက်အလက်များကို အခြေခံ၍ မြေပုံတစ်ခု ရေးဆွဲလိုက်သည်။

ထိုက်ကျိချိုင့်ဝှမ်း၏ မြေပြင်အနေအထားမှာ ထိုက်ကျိပုံစံအတိုင်းပင် ဖြစ်သည်။ ပတ်ပတ်လည်တွင် တောင်တန်းများ ဝန်းရံထားပြီး အလယ်တွင် ကန်ကြီးနှစ်ခုနှင့် S-ပုံစံ တောင်တန်းကြီးတစ်ခု ရှိသည်။ 'ယင်' နှင့် 'ယန်' နယ်မြေ နှစ်ခုလုံးတွင် သားရဲများစွာ ရှိသော လိုဏ်ဂူများ ရှိနေသည်။

"အစ်ကိုလျူယန်... ဒါက ထိုက်ကျိချိုင့်ဝှမ်းရဲ့ မြေပုံလား... ဘယ်လိုလုပ် သိတာလဲ"

ချူလုံက မေးသည်။

"ဒီကောင်နဲ့အတူ ဒီနေ့ စူးစမ်းခဲ့လို့ သိတာပေါ့"

လျူယန်က နှစ်ခေါင်းဝံပုလွေကို ညွှန်ပြရင်း ပြောလိုက်သည်။ ထို့နောက် သူက မြေပုံပေါ်တွင် လမ်းကြောင်းတစ်ခု ဆွဲလိုက်ပြီး ရှင်းပြတော့သည်။

"ငါတို့ နေ့ဘက်မှာ ဒီရေလမ်းကြောင်းအတိုင်း သွားမယ်... ဒါဆိုရင် ခွန်အားကို ထိန်းသိမ်းနိုင်သလို တခြားအသင်းတွေနဲ့ တွေ့ဖို့လည်း နည်းသွားလိမ့်မယ်... ဒီနေရာမှာ သားရဲတွေတင်မကဘူး၊ တခြားနိုးထသူတွေကလည်း အန္တရာယ်ရှိတယ်... အချိန်ကန့်သတ်ချက် ရှိတာမို့ ယင်ကတ်ရော ယန်ကတ်ရော ရမှ အဆင့် (၄) ကို တက်ခွင့်ရမှာ"

"ညဘက်ကျရင်တော့ ရေကန်နဲ့ ဝေးရာကို သွားရမယ်... သားရဲတွေက ညဘက်ဆို ရေသောက်ဖို့ ထွက်လာတတ်ကြတယ်... နေ့ဘက်မှာ သားရဲနဲ့တွေ့ရင် တိုက်လို့ရတယ်၊ မနိုင်ရင် ပြေးလို့ရတယ်... ဒါပေမဲ့ ညဘက်ကတော့ ငါတို့ အနားယူဖို့ လိုအပ်တာမို့ ဝေးဝေးမှာ နေတာ အကောင်းဆုံးပဲ"

"ဒီလမ်းကြောင်းအတိုင်း သွားရင် (၃) ရက်အတွင်း ယင်ကတ်ရော ယန်ကတ်ရော စုမိပြီး အဆင့် (၃) ကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်လိမ့်မယ်"

ချူလုံသည် လျူယန်ကို အားကျကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ နာရီအနည်းငယ်အတွင်းမှာပင် မြေပုံတစ်ခုလုံးကို စူးစမ်းရုံသာမက ပြီးပြည့်စုံသော စီမံကိန်းတစ်ခုကိုပါ ချမှတ်နိုင်ခဲ့သော လျူယန်၏ စွမ်းရည်မှာ အံ့မခန်းလှပေ။ လျူယန်သည် အစွမ်းထက်သော်လည်း မာနမကြီးဘဲ အမြဲတမ်း သတိဝီရိယရှိကာ စေ့စပ်သေချာလွန်းလှသည်။

ချူလုံမှာ စကားမပြောနိုင်ဘဲ ငေးကြည့်နေမိရာ လျူယန်က သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

"ငါ မေးနေတာကို ဘာတွေ ငေးနေတာလဲ... ဘာမှမပြောဘူးလား"

ချူလုံ မျက်နှာလေး နီရဲသွားကာ အမြန်ပြောလိုက်၏။

"ဪ... အစ်ကို့ရဲ့ လမ်းကြောင်းက ပြီးပြည့်စုံပါတယ်... ဘာပြဿနာမှ မရှိဘူး၊ ဒီအတိုင်းပဲ သွားကြရအောင်"

"ပြီးပြည့်စုံတဲ့ လမ်းကြောင်းဆိုတာ မရှိပါဘူး... အဆင်ပြေရင် ရပါပြီ၊ လိုအပ်ရင်တော့ ပြင်ဆင်သွားရမှာပေါ့"

လျူယန်က ပြုံးလျက် ပြောလိုက်သည်။

ထိုစဉ် အဝေးမှ ဆူညံသံတစ်ခု ကြားလိုက်ရသဖြင့် လျူယန် လှည့်ကြည့်လိုက်ရာ သွေးများဖြင့် ရွှဲနစ်နေသော မုရုံရွှယ်ကို တွေ့လိုက်ရသည်။ သူမသည် ဖွတ်ကြီးတစ်ကောင်နှင့် တူသော ကြီးမားလှသည့် သားရဲကြီးတစ်ကောင်ကို ဆွဲယူလာခြင်း ဖြစ်သည်။ မုရုံရွှယ်၏ ဖြူဖွေးသော အသားအရေပေါ်တွင် သွေးနီရောင်များ စွန်းထင်နေသည်မှာ သူမ၏ ရဲရင့်သော ပုံရိပ်ကို ပိုမိုပေါ်လွင်စေလေသည်။

အခန်း (၃၈) - ဒီကောင်လေးက အနိုင်ကျင့်ရတာ လွယ်ပုံပဲ

ချူလုံသည် မုရုံရွှယ်၏ ခန္ဓာကိုယ်ပေါ်မှ သွေးစွန်းကွက်များကို မြင်လိုက်ရသောအခါ စိုးရိမ်တကြီးဖြင့် အနားသို့ တိုးသွားကာ ပြောလိုက်၏။

"အစ်မ မုရုံရွှယ်... ဒဏ်ရာရသွားတာလား... ငါ ကုသပေးမယ်"

မုရုံရွှယ်က သူမ၏ အနီရောင်ဆံနွယ်ရှည်များကို လေထဲတွင် ခါယမ်းကာ လက်ကာပြလိုက်၏။ သူမက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

"ဒီလို မီးဖွတ်လောက်က ငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး... ဒီသွေးတွေက သူ့သွေးတွေချည်းပဲ"

ထို့နောက် မုရုံရွှယ်က လျူယန်ကို ဝင့်ကြွားသော အကြည့်ဖြင့် ကြည့်ကာ ပြောရင်း ကတ်ပြားတစ်ခုကို သူ့ထံပစ်ပေးလိုက်သည်။

"လျူယန်... ဒါကို ကြည့်လိုက်စမ်း... ဒါက တကယ်ကို လွယ်လွန်းတယ် မဟုတ်လား"

လျူယန်က ဖမ်းယူကြည့်လိုက်ရာ ၎င်းမှာ 'ယင်' ကတ်တစ်ခု ဖြစ်နေသည်။ သူတို့တွင် ယင်ကတ်များ ရှိနှင့်ပြီးသားဖြစ်၍ ဤကတ်မှာ အပိုဖြစ်သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ရရှိခဲ့သည်မှာတော့ ချီးကျူးစရာပင်။

မုရုံရွှယ်က အားရပါးရ ပြုံးလျက် ကြွေးကြော်လိုက်သည်။

"ဒါက ယန်ကတ် မဟုတ်သေးပေမဲ့ ငါ ဘယ်လောက်မြန်မြန် ရခဲ့လဲဆိုတာ ကြည့်ဦး... မနက်ဖြန်ကျရင် တခြားသားရဲတွေကို သတ်ပြီး ယန်ကတ်တွေ ရှာဖို့ဆိုတာ အေးဆေးပဲ... အဆင့် (၃) က ငါထင်သလောက် မခက်ပါဘူး... နင်တို့နှစ်ယောက် လက်ဖျားနဲ့တောင် မတို့ရစေရဘူး၊ ငါ တစ်ယောက်တည်း အကုန် အပြတ်ရှင်းပြမယ်... နင်တို့ကတော့ အသာလေး အနားယူနေရုံပဲ"

ချူလုံက ထိုကတ်ကို မြင်သောအခါ မုရုံရွှယ်ကို အားကျကြည်ညိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သို့သော် လျူယန်၏ မျက်နှာတွင်မူ အပြုံးအရိပ်အယောင်မျှ မရှိပေ။ သူက မုရုံရွှယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ အေးစက်စွာမေးလိုက်သည်။

"နင့်နောက်ကို တစ်ယောက်ယောက် လိုက်လာတာကို နင် သတိမထားမိဘူးလား"

သူ၏ [ဝိညာဉ်အာရုံ] နှင့် [သားရဲအနံ့ခံအာရုံ] ကြောင့် မုရုံရွယ်၏ နောက်တွင် လူသားအနံ့အသက် နှစ်ခု ခိုးကြောင်ခိုးဝှက် လိုက်ပါလာသည်ကို လျူယန် သိနှင့်နေပြီးသား ဖြစ်သည်။ ဤသူများမှာ တိတ်တဆိတ် လိုက်လာခြင်းဖြစ်၍ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားလှ၏။

မုရုံရွှယ် မျက်နှာ ပျက်သွားကာ နောက်သို့ လှည့်ကြည့်လိုက်သော်လည်း တိတ်ဆိတ်နေသော တောအုပ်အတွင်း မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရပေ။

"လူလိုက်လာတယ် ဟုတ်လား... ငါ ဘာလို့ မသိတာလဲ"

သူမက သံသယဖြင့် မေးသည်။

လျူယန်က သူမကို ရှင်းပြမနေတော့ဘဲ လေဟာနယ်ထဲသို့ လှမ်း၍ ပြောလိုက်သည်။

"အဲဒီမှာ ပုန်းနေတဲ့ နှစ်ယောက်... ငါတို့လက်ထဲမှာ ယင်ကတ်တွေပဲ ရှိတာ... မင်းတို့လည်း ဒီနားက နိုးထသူတွေဆိုရင် ယင်ကတ်က မင်းတို့အတွက် အသုံးမဝင်ပါဘူး... ဒီမှာ လုစရာ ဘာမှမရှိတာမို့ အမြန်ဆုံး ထွက်သွားကြတာ အကောင်းဆုံးပဲ"

လျူယန်သည် ထိုသူနှစ်ဦးမှာ သူ့ထက် အစွမ်းနိမ့်သည်ကို သိသော်လည်း လူသားချင်း ဖြစ်သဖြင့် တိုက်ခိုက်ခြင်း မပြုလိုဘဲ ဖျောင်းဖျလိုက်ခြင်း ဖြစ်သည်။

မုရုံရွှယ်မှာ သံသယဖြင့် ကြည့်နေစဉ်မှာပင် ချုံပုတ်များထဲမှ လူပုံရိပ် နှစ်ခု ထွက်ပေါ်လာသည်။

၎င်းတို့မှာ တက်တူးများ ထိုးထားသော လူငယ်နှစ်ဦး ဖြစ်သည်။ တစ်ယောက်မှာ ပိန်လှီပြီး အခြားတစ်ယောက်မှာ သန်မာထွားကြိုင်း၏။ နှစ်ယောက်လုံးမှာ ကတုံးများ ဖြစ်ကြပြီး သူတို့၏ အရှိန်အဝါအရ အကယ်ဒမီမှ လာသူများ မဟုတ်ကြောင်း သိသာလှသည်။

ပိန်လှီသောသူက သန်မာသောသူကို ဖားယားသော မျက်နှာဖြင့် ရယ်မောကာပြောလိုက်၏။

"ဟဲဟဲ... အစ်ကိုဟိုင်ရေ... ဒီကောင်လေးက တကယ့်ကို အူကြောင်ကြောင်လေးပဲ... ယင်ကတ်ပဲ ရှိလို့ လုစရာ မရှိဘူးတဲ့... ဟားဟား... အရမ်းကို တုံးတာပဲ"

သန်မာသော လူငယ်ဖြစ်သူ အစ်ကိုဟိုင်ကလည်း ပြုံးလျက် ဆိုသည်။

"ရှို့ဟို... မင်းကလည်း နားလည်ပေးလိုက်ပါဦး... သူတို့က အကယ်ဒမီက လာတဲ့လူတွေဆိုတော့ လူ့လောကအကြောင်း ဘယ်သိပါ့မလဲ... ရှင်သန်ခြင်း နိယာမကို သူတို့ နားမလည်ကြဘူး... ငါတို့လို ထောင်ထဲက ထွက်လာပြီး ဖက်ဒရေးရှင်းရဲ့ အကူအညီလည်း မရ၊ ပါရမီကလည်း ပုံမှန်ပဲ ရှိတဲ့လူတွေက အဆင့် (၃) အထိ ရောက်လာပြီး ပိုသန်မာလာတာက ရှင်သန်ခြင်း နိယာမကို ကောင်းကောင်းသိလို့ပဲ"

လျူယန်မှာ သူတို့စကားကြောင့် ထိုသူနှစ်ဦးမှာ ထောင်သားများ ဖြစ်ကြောင်း သိလိုက်ရသည်။

ချူလုံက နားမလည်နိုင်ဘဲ မေးလိုက်သည်။

"ထောင်ကျနေတဲ့လူတွေလည်း မျှော်စင်ထဲ ဝင်လို့ရတာလား"

မုရုံမိသားစုမှ ဖြစ်သဖြင့် မုရုံရွှယ်က ထိုအကြောင်းကို သိနေသည်။

"အခု လူသားတွေ ရှင်သန်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ပညာရှင်တွေ များများရဖို့ ထောင်သားတွေကိုလည်း မျှော်စင်ထဲ ထည့်ကြတယ်... သူတို့ သေသွားရင်လည်း သေဒဏ်ကျပြီးသားမို့ ပြဿနာမရှိဘူး၊ တကယ်လို့ ရှင်သန်လာရင် လူသားတွေ အတွက် တိုက်ခိုက်ရေးအင်အား ဖြစ်လာမယ်လေ.. သူတို့အတွက်တော့ ဒါက အသက်ဆက်ဖို့ အခွင့်အရေးသစ်ပဲ"

"ဒါပေမဲ့..."

မုရုံရွှယ်က မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်၏။

"ထောင်က လာတဲ့လူတွေက စည်းကမ်းမရှိကြဘူးလို့ ငါ ကြားဖူးတယ်... သူတို့က အဆင့်တက်ဖို့အတွက် တခြားလူသားတွေကို သတ်ပြီး ရလာတဲ့ ပစ္စည်းတွေနဲ့ အဆင့်တက်ကြတာ... ဒါကို ဖက်ဒရေးရှင်းက သိပေမဲ့ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝအဖြစ် သဘောထားပြီး လျစ်လျူရှုထားကြတယ်"

"ဟုတ်တာပေါ့"

အစ်ကိုဟိုင်က လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း ပြုံးလိုက်သည်။

"ပထမအဆင့် နှစ်ဆင့်မှာ ငါတို့သတ်ခဲ့တဲ့ နိုးထသူတွေက ငါတို့သတ်ခဲ့တဲ့ သားရဲတွေထက်တောင် များသေးတယ်... ဒါပေမဲ့ ဘာဖြစ်လဲ... ငါတို့ ပိုသန်မာလာတာပဲ... မျှော်စင်ထဲက ကမ္ဘာကြီးမှာ ဥပဒေဆိုတာ မရှိဘူး... အားကြီးသူက အားနည်းသူကို စားတဲ့ လောကပဲ"

အစ်ကိုဟိုင်သည် မုရုံရွှယ်၏ လှပသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကို ကြည့်ကာ သွားရည်ကျနေ၏။ ထို့နောက် သူသည် ချူလုံကိုလည်း ကြည့်လိုက်သည်။ သူမမှာလည်း အလွန်ချစ်စရာကောင်းသော ကလေးမလေးတစ်ဦး ဖြစ်နေပြန်သည်။

ရှို့ဟိုကလည်း မျက်တောင်မခတ်ဘဲ ကြည့်ရင်း ရမ္မက်ဇောဖြင့်ပြောလိုက်သည်။

"အစ်ကိုဟိုင်... ပထမအဆင့်မှာတုန်းက မိန်းကလေးအချို့နဲ့ ပျော်ခဲ့ရပေမဲ့ ဒုတိယအဆင့်မှာ အခွင့်အရေး မရခဲ့ဘူး... အခုတော့ တစ်ခါတည်း နှစ်ယောက်တောင်ဆိုတော့ တကယ်ကို ရှယ်ပဲ"

အစ်ကိုဟိုင်က ရှို့ဟိုကို ကန်လိုက်ပြီး ဆူပူလိုက်သည်။

"ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ... ရှင်သန်ဖို့နဲ့ ခွန်အားက အဓိကပဲ... ငါတို့ အသက်ရှင်နေသရွေ့ မိန်းမတွေကတော့ အများကြီးပဲ... အရင်ဆုံး ရန်သူကို ရှင်းရမယ်၊ ပြီးမှ စိတ်ကြိုက်ပျော်ရမှာပေါ့... စိတ်ကို ထိန်းစမ်း"

ဟိုင်ကြီးသည် လျူယန်တို့အဖွဲ့၏ အင်အားကို ခန့်မှန်းကြည့်လိုက်သည်။ ရှေ့က မိန်းကလေး (မုရုံရွှယ်) က သန်မာပုံရသော်လည်း အကယ်ဒမီက လာသူဖြစ်၍ သရဲဘောကြောင်လိမ့်မည်ဟု သူ ထင်နေသည်။ အနောက်က ကောင်မလေးမှာ လက်နက်ကောင်း ရှိသော်လည်း ပုံစံအရ အားနည်းပုံရသည်။

အဓိကမှာ လျူယန်ပင် ဖြစ်သည်။ လျူယန်၏ ခါးတွင် ချိတ်ထားသော ဓားမြှောင်မှာ အဆင့်နိမ့်ပုံရသဖြင့် သူ့ကို အားအနည်းဆုံးဟု သတ်မှတ်ကာ အရင်ဆုံး နှိမ်နင်းရန် ဆုံးဖြတ်လိုက်ကြသည်။

"မိန်းကလေးတို့... ငါတို့ ဒီကောင်လေးကို ဘယ်လို ဆုံးမမလဲဆိုတာ သေချာကြည့်ထား... မင်းတို့ဆီက ကတ်တွေကို အသာတကြည် အပ်ပြီး ငါတို့ကို တစ်ညလောက် ပျော်အောင် ထားပေးမယ်ဆိုရင် မင်းတို့ကို ငါ အသက်ချမ်းသာပေးမယ်... မဟုတ်ရင်တော့ ဒီကောင်လေးလိုပဲ ဖြစ်သွားမယ်"

ပြောပြောဆိုဆိုဖြင့် အစ်ကိုဟိုင်နှင့် ရှို့ဟိုတို့သည် လျူယန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ သူတို့သည် လျူယန်ကို အနိုင်ကျင့်ရ လွယ်ကူသော 'ပျော့ညံ့သူ' အဖြစ် သတ်မှတ်ကာ အရင်ဆုံး ရှင်းပစ်ရန် ကြံစည်နေကြခြင်း ဖြစ်သည်။

All Chapters