အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း(၁၉၆)
အခြေခံဒြပ်စင်ငါးပါးဝင်္ကပါကို ခင်းကျင်းပြီးနောက် သီရှီထျန်သည် မြေကြီးက ညစ်ပတ်နေသည်ဟု ခံစားမိသွားသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မိစ္ဆာချီက သူ၏ လက်ထဲမှ ထွက်ပေါ်လာပြီး မြေကြီးကို လှဲကျင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ့အောက်မှ မြေကြီးနှင့် ကျောက်တုံးများက ကြမ်းခင်းကဲ့သို့ ပြန့်ပြူးချောမွေ့သွားသည်။ သို့မှသာ သူက မြေကြီးပေါ်မှာ ထိုင်ချလိုက်သည်။
“ ဂါး ”
သူက ဟိန်းသံသဲ့သဲ့ ထုတ်လွှတ်လိုက်လေရာ အနက်ရောင်ချီက သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် မြေအောက်လှိုဏ်ဂူတစ်ခုလုံးကို မိစ္ဆာချီက ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာ၏ အကျိုးသက်ရောက်မှုက လွင့်ပြယ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ လူသားခန္ဓာကိုယ်က ပြောင်းလဲသွားသည်။ သူ၏ ဦးခေါင်းက ကျားဦးခေါင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ နဖူးပေါ်မှ ဘုရင်အမှတ်အသားက တဖျပ်ဖျပ်လှုပ်သွားသည်။
ခေါင်းအစခြေအဆုံးထိ ပြောင်းလဲမှုများက အလွန်မြန်ဆန်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာ သူက လူသားအသွင်မှ မိစ္ဆာကျားအဖြစ်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းကို မိစ္ဆာခန္ဓာကိုယ်ဖြင့်သာ လုပ်ဆောင်နိုင်သည်။ ထို့ပြင် ဤလူသားခန္ဓာကိုယ်က သူ၏ အစစ်အမှန်လူသားခန္ဓာကိုယ် မဟုတ်ပေ။ ယင်းက အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာဖြင့် ပြောင်းလဲထားသော ပုံရိပ်ယောင်သာ ဖြစ်၏။ ထို့ကြောင့် မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းကို လူသားခန္ဓာကိုယ်ဖြင့် မလုပ်ဆောင်နိုင်ပေ။
မြေအောက်လှိုဏ်ဂူထဲတွင် ဧရာမကျားနက်တစ်ကောင်က လဲလျောင်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ အကြည့်က စူးရှပြီး ချောက်ချားဖွယ်ကောင်းသည်။ အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်နေသည်။ သူ့ထံမှ ထုတ်လွှတ်နေသော သားရဲအရှိန်အဝါကြောင့် သာမန်လူများသည် သူ့အရှေ့မှာ ကောင်းကောင်း မတ်တတ်ရပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
သတ္တိနည်းသော လူများဆိုလျှင် သူတို့က ထိုကျားကို မြင်သည့်အခါ ဝိညာဉ်လွင့်ထွက်လုနီးပါး ကြောက်လန့်သွားကြလိမ့်မည်။
“ ငါ့ရဲ့ မိစ္ဆာချီက အစောပိုင်းအဆင့် မိစ္ဆာသားရဲနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ… အခုချိန်က မိစ္ဆာသွေးကြောဖွဲ့စည်းဖို့ အကောင်းဆုံးပဲ… မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းက နှောင့်နှေးသွားလိမ့်မယ်… အခုချိန်မှာ မိစ္ဆာသွေးကြောဖွဲ့စည်းဖို့က ငါ့အတွက် ပထမဦးစားပေးပဲ… မိစ္ဆာသွေးကြောက နှလုံးသားရယ် မိစ္ဆာစံအိမ်ရယ်နဲ့ တိုက်ရိုက် ဆက်သွယ်နေရမယ်… ငါသတိပေါ့ဆလို့မဖြစ်ဘူး… မိစ္ဆာသွေးကြောက ပိုပြီးသန်စွမ်းလေ ငါ့ရဲ့ အခြေခံအုတ်မြစ်က ပိုပြီးခိုင်မြဲလေပဲ ”
စက်ကရာသည် သွေးမျိုးဆက်အမွေအနှစ်ထဲမှ သူရရှိခဲ့သော မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်စဉ်းစားလိုက်သည်။ သူ့မှာ အဆင့်မြင့် မိစ္ဆာကျင့်စဉ်တစ်ခု မရှိသော်လည်း မိစ္ဆာကျင့်ကြံခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သွေးမျိုးဆက်အမွေအနှစ်ထံမှ သူရရှိခဲ့သည်။
ကျားရဲတောင်တန်းဒေသထဲမှာ သူရရှိခဲ့သော သွေးမျိုးဆက်အမွေအနှစ်သည် သူ့အတွက် အဖိုးမဖြတ်နိုင်သောအရာ ဖြစ်သည်။ ထိုအမွေအနှစ်မရှိလျှင် သူက ယနေ့ကဲ့သို့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
တခြားမိစ္ဆာမျိုးနွယ်စုများသည်လည်း မိစ္ဆာသားရဲနယ်ပယ်တွင် မိစ္ဆာသွေးကြောများ တည်ဆောက်ရသည်လော သူမသိပေ။ သူက တခြားမိစ္ဆာသားရဲများကို ထိုအကြောင်း တစ်ခါမှ မေးမကြည့်ခဲ့ပေ။ မည်သို့ဖြစ်ပါစေ ယင်းက မိစ္ဆာသားရဲများအတွက် လျှို့ဝှက်ထားရမည့် ကိစ္စဖြစ်သည်။
သို့သော်လည်း သူရရှိထားသော သွေးမျိုးဆက်အမွေအနှစ်ထဲတွင် မိစ္ဆာသွေးကြောဖွဲ့စည်းခြင်းက အလွန်အရေးကြီးသော အဆင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
မိစ္ဆာကျင့်ကြံသူများအတွက်တော့ သာမန်တိရိစ္ဆာန်မှ ဝိညာဉ်သားရဲ၊ ဝိညာဉ်သားရဲမှ မိစ္ဆာသားရဲသို့ ပြောင်းလဲခြင်းသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဖြစ်သည်။ ထိုအတောအတွင်းမှာ တစ်စုံတစ်ယောက်၏ အခြေခံအုတ်မြစ်က ပိုပြီးခိုင်မြဲလေ အနာဂတ်၌ သူ၏ အောင်မြင်မှုများက ပိုပြီးကြီးမားလေ ဖြစ်သည်။ တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်၏ အခြေခံအုတ်မြစ်ပေါ်မူတည်၍ နောက်တစ်ဆင့်သို့ တတ်လှမ်းရခြင်း ဖြစ်သည်။
ထို့ကြောင့် သီရှီထျန်သည် သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ဖော်ပြထားသော မိစ္ဆာသွေးကြောဖွဲ့စည်းခြင်း၏ အရေးကြီးပုံကို လျစ်လျူမရှုနိုင်ပေ။
သူက သွေးမျိုးဆက်အမွေအနှစ်၏ လမ်းညွှန်မှုအတိုင်း ကျင့်ကြံရန် စိတ်ဆုံးဖြတ်ထားသည်။ သို့မဟုတ်လျှင် အကယ်၍ သူခြေတစ်လှမ်း မှားသွားသည့်အခါ အနာဂတ်၌ သူ၏ ခြေလှမ်းအားလုံး လွဲမှားသွားလိမ့်မည်။ သူက သေးငယ်သော လျစ်လျူရှုမှုကြောင့် လွဲမှားနေသော ကျင့်ကြံခြင်းလမ်းစဉ်ကို မလျှောက်လှမ်းချင်ပေ။
သီရှီထျန် မသိသည်မှာ မိစ္ဆာသားရဲများ၏ “ သွေးမျိုးဆက်အမွေအနှစ် ”က အချိန်မြစ်ထဲမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်းမိစ္ဆာကျင့်ကြံနည်းကို လက်ဆင့်ကမ်းပေးနိုင်ခြင်းက အလွန်ရှားပါးသည်။
မိစ္ဆာသားရဲအများစုသည် မိစ္ဆာသားရဲဖြစ်လာပြီးနောက် မိစ္ဆာသွေးကြောများကို မဖွဲ့စည်းကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ဆီမှာ သွေးမျိုးဆက်အမွေအနှစ် သို့မဟုတ် မိစ္ဆာပညာရှင်တစ်ပါး၏ လမ်းညွှန်ပေးမှု မရှိသောကြောင့်ပင်။
သူတို့သည် မိစ္ဆာသွေးကြောများကို မဖွဲ့စည်းဘဲ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲဖြစ်လာသည်အထိ ဆက်လက် ကျင့်ကြံကြလိမ့်မည်။ ထို့နောက် သူတို့က အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲကြလိမ့်မည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များက လူသားများနှင့် တူညီသွားလိမ့်မည်။
အနာဂတ်တွင် သူတို့က လူသားခန္ဓာကိုယ်၏ ပြီးပြည်စုံသော မရီဒျန်များအတိုင်း ဆက်လက် ကျင့်ကြံကြလိမ့်မည်။ အသွင်ပြောင်းလဲသွားပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးမြန်ဆန်သွားလိမ့်မည်။ ထို့ကြောင့် မိစ္ဆာသားရဲအများစုသည် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ထားကြသည်။
ထို့ကြောင့် မိစ္ဆာသားရဲနယ်ပယ်တွင် မိစ္ဆာကျင့်ကြံသူများက လမ်းစဉ်နှစ်ခု ကွဲသွားကြသည်။ လမ်းစဉ်တစ်ခုက အသွင်သဏ္ဍာန်ပြောင်းလဲရန် အဓိကဦးစားပေးပြီး လူသားများနှင့် ဆင်တူသော မရီဒျန်များအတိုင်း ကျင့်ကြံရခြင်း ဖြစ်သည်။ တခြားလမ်းစဉ်က ယခု စက်ကရာ ပြုလုပ်နေသော မိစ္ဆာသွေးကြောများ ဖွဲ့စည်းခြင်း ဖြစ်သည်။
ထိုသို့ကွဲပြားသွားမှုကြောင့် မိစ္ဆာကျင့်ကြံသူများကို နှစ်မျိုးခွဲခြားနိုင်သည်။ တစ်မျိုးကို ထူးခြားမိစ္ဆာကျင့်ကြံသူများဟု ခေါ်ကြသည်။ ထူခြားမိစ္ဆာကျင့်ကြံသူများက လက်ရှိမိစ္ဆာမျိုးနွယ်စုထဲ၌ အရေအတွက်အများဆုံး ဖြစ်သည်။ တခြားတစ်မျိုးက သီရှီထျန်ကဲ့သို့ မိစ္ဆာသွေးကြောများ ဖွဲ့စည်းသော ရှေးဟောင်းမိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်။
မှန်ပေ၏။ လောလောဆယ်တွင် သီရှီထျန်က ထိုအကြောင်းများကို မသိထားပေ။
သီရှီထျန်သည် မိစ္ဆာကျားအဖြစ် ပြောင်းလဲပြီးနောက် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
“ မိစ္ဆာသွေးကြောကို ဖွဲ့စည်းဖို့ ပထမအဆင့်က မူလမရီဒျန်တွေကို ဖျက်ဆီးပစ်တာပဲ… ပြီးတော့ မိစ္ဆာချီကို လျှို့ဝှက်နည်းလမ်းအတိုင်း လှည့်ပတ်ပြီး သွေးကြောအသစ်တစ်ခုကို ဖွဲ့စည်းရမယ်… အောင်မြင်မလား ကျရှုံးမလားက အဲ့ဒီအဆင့်ပေါ်မှာ မူတည်တယ် ”
သူက အံတင်းတင်းကြိတ်လိုက်ပြီး အမြန် မျက်စိမှိတ်လိုက်သည်။ သူက စိတ်တည်ငြိမ်စွာထားလိုက်ပြီး အာရုံစူးစိုက်လိုက်သည်။ မိစ္ဆာစံအိမ်ထဲတွင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ စတင်လှည့်ပတ်သွားသည်။ တစ်ချိန်တည်းမှာ အံ့ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပြည့်နှက်သွားသည်။
ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာပြီး ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားသည်။
ယခု သူက မြေအောက်ထဲမှာ ရှိနေသည်။ ထို့ကြောင့် သူက မြေကြီးဝိညာဉ်ချီကို အများဆုံး စုပ်ယူလိုက်သည်။ မြေကြီးဝိညာဉ်ချီက မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားပြီး မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ခံလိုက်ရသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုက မြန်ဆန်စွာ လှည့်ပတ်နေစဉ် မိစ္ဆာအရည်စက်က ဆေးမီးဖိုထဲသို့ တစ်စက်ပြီးတစ်စက် ကျဆင်းသွားနေသည်။ သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။
သူသည် မိစ္ဆာသွေးကြောကို ယခင်က တစ်ခါမှ မဖွဲ့စည်းခဲ့ဖူးပေ။ ဤတစ်ကြိမ်က သူ့အတွက် ပထမဆုံး ဖြစ်သည်။ ထို့ကြောင့် သူသတိထားရမည်။ သို့ဖြစ်၍ သူက မိစ္ဆာသွေးကြောမဖွဲ့စည်းခင် သူ၏ ကျင့်ကြံခြင်းကို အထွတ်အထိပ်သို့ အရင်ဆုံး မြှင့်တင်ချင်သည်။
တိတ်တဆိတ် သူကျင့်ကြံနေစဉ် အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခြောက်နာရီကုန်ဆုံးသွားသည်။
ဆေးမီးဖိုကို နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ ဆေးမီးဖိုထဲ၌ အနက်ရောင်အရည်က သုံးပုံတစ်ပုံခန့် စုဝေးနေကြောင်း စက်ကရာ မြင်သွားသည်။ ယခု သူ၏ စွမ်းအား၊ အနှစ်သာရနှင့် စိတ်ဝိညာဉ်က အထွတ်အထိပ်အခြေအနေမှာ ရှိသွားသည်။
“ ကောင်းပြီ… ငါစတင်နိုင်ပြီ ”
သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အသိစိတ်က ဖော်မပြနိုင်အောင် ကြည်လင်ပြတ်သားလာသည်။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက ပြင်းထန်စွာ တုန်ယင်သွားသည်။ ထို့နောက် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မယုံကြည်နိုင်သော အလျင်ဖြင့် စတင်လှည့်ပတ်သွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
ဆေးမီးဖိုထဲမှ မိစ္ဆာချီက အပြင်သို့ မြန်ဆန်စွာ တိုးထွက်လာသည်။ ဤတစ်ကြိမ်တွင် မိစ္ဆာချီက သိမ်မွေ့ညင်သာမှုမရှိတော့ဘဲ အကြမ်းပတမ်း စီးဆင်းသွားသည်။ ယင်းက အနက်ရောင်ဆူနာမီလှိုင်းနှင့် ဆင်တူသည်။ မိစ္ဆာချီသည် နှလုံး၏ အပြင်ဘက်၊ မိစ္ဆာစံအိမ်၏ အပြင်ဘက်သို့ တိုးထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာချီက သူ၏ ဦးခေါင်းမှ အမြှီးအထိ ဆက်သွယ်ထားသော မရီဒျန်ထဲသို့ စီးဆင်းသွားသည်။
“ အား ”
မိစ္ဆာချီ၏ အကြမ်းပတမ်း စီးဆင်းမှုကြောင့် သီရှီထျန်က ခပ်အုပ်အုပ် ညည်းညူလိုက်ရသည်။ နှလုံးကွဲကြေသော နာကျင်မှုက သူ၏ စိတ်ထဲမှာ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အာရုံကြောအားလုံးက အရူးအမူး တုန်ခါသွားကြသည်။ ဖော်မပြနိုင်သော နာကျင်မှုက သူ့ခန္ဓာကိုယ်၏ နေရာအနှံ့မှ ထွက်ပေါ်လာသည်။ နာကျင်မှုက အလွန်ပြင်းထန်သောကြောင့် သူက ညည်းညူလိုက်ရသည်။
ယင်းက သူ၏ တောင့်ခံနိုင်စွမ်းထက် ကျော်လွန်သော နာကျင်မှုဖြစ်သည်။
မိစ္ဆာချီသည် ယခင်ကဲ့သို့ သိမ်မွေ့ညင်သာမှုမရှိပေ။ ယင်းက မရီဒျန်ထဲ၌ ထက်ရှသော ဓားတစ်လက်ပမာ ရွေ့လျားသွားနေသည်။ သူ၏ ဦးခေါင်းမှ အမြှီးအထိ ဆက်သွယ်ထားသော မရီဒျန်ကို ယင်းက တစ်လက်မချင်းစီ ဖျက်ဆီးပစ်နေသည်။
မှန်ပေသည်။ ယင်းက လုံးဝ ဖျက်ဆီးပစ်နေသည်။ မိစ္ဆာချီက အရှေ့သို့ ရွေ့လျားသွားတိုင်း မရီဒျန်က တစ်စစီ ဖျက်ဆီးခံလိုက်ရသည်။
မရီဒျန်က မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ချေမွခံလိုက်ရသည်။ မိစ္ဆာချီသည် အရှေ့သို့ ဆက်သွားနေရင်း ထိုအပိုင်းအစများကို သယ်ဆောင်သွားသည်။ မိစ္ဆာချီ ဖြတ်သန်းသွားသည့်နေရာတိုင်း မရီဒျန်က ချေမွဖျက်ဆီးခံလိုက်ရသည်။ ထို့နောက် မရီဒျန်အပိုင်းအစများက မိစ္ဆာချီ၏ စုပ်ယူခံလိုက်ရသည်။
ခန္ဓာကိုယ်ထဲမှ မရီဒျန်များသည် သွေးချီလှည့်ပတ်မှု၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ မရီဒျန်များက အသွေးအသားများထဲမှ အာရုံကြောများနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ သို့ဖြစ်၍ မရီဒျန်များ ဖျက်ဆီးခံရခြင်းက မည်မျှနာကျင်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ဥပမာ သေမျိုးလောက၏ သိုင်းလောကထဲတွင် ဤသို့ဆိုရိုးစကားရှိသည်။ တစ်စုံတစ်ယောက်၏ သိုင်းပညာကို ဖျက်ဆီးပစ်ချင်လျှင် တစ်ဖက်လူ၏ မရီဒျန်များကို ဖျက်ဆီးပစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် မရီဒျန်များ ပျက်စီးသွားသည့်အခါ သူက အတွင်းအားလှည့်ပတ်မှုကို ဆက်ပြီး လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။ ထို့ပြင် သူက ဒုက္ခိတဖြစ်လာလိမ့်မည်။ သတ္တဝါများသည် မရီဒျန်များကြောင့် လွတ်လပ်စွာ လှုပ်ရှားနိုင်ကြခြင်း ဖြစ်သည်။ အကယ်၍ မရီဒျန်များ ပျက်စီးသွားလျှင် သူက အရုပ်ကြိုးပျက်သွားသကဲ့သို့ နောက်ထပ် မတ်တတ်ရပ်နိုင်တော့မည် မဟုတ်ချေ။ ယင်းကို ကြည့်ခြင်းအားဖြင့် မရီဒျန်များက မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။
ယခု စက်ကရာက သူ့ကိုယ်ပိုင်မရီဒျန်များကို တစ်လက်မချင်းစီ ဖျက်ဆီးပစ်နေသည်။ ထိုသို့လုပ်ဆောင်မှုက အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းသည်။ သတ္တိရှိသူများသည်ပင် ထိုသို့စိတ်ဓာတ်ပြတ်သားမှုမျိုး ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“ ဖျက်ဆီးစမ်း… ဖျက်ဆီးစမ်း… ဒီနေ့ မရီဒျန်ကို ငါဖျက်ဆီးပြီး မိစ္ဆာသွေးကြောကို ဖွဲ့စည်းမယ်… ဒီနာကျင်မှုက ငါ့ရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် ရပ်တန့်နိုင်မှာလဲ ”
စက်ကရာ၏ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြပြီး ပုတီးစေ့အရွယ်ခန့် ချွေးသီးချွေးပေါက်များက မိုးရေစက်များသဖွယ် သူ့ခန္ဓာကိုယ်အပြင်သို့ ကျဆင်းလာကြသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူ့ခန္ဓာကိုယ်အောက်မှ မြေကြီးက စိုရွှဲသွားပြီး ပျော့ပျောင်းသွားသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေသည်။ ရှင်းလင်းစွာပင် သူက ပြင်းထန်သော နာကျင်မှုဒဏ်ကို ခံစားနေရသည်။
သို့သော်လည်း ပိုပြီးနာကျင်လာလေ သီရှီထျန်၏ စိတ်ခွန်အားက ပိုပြီးသန်မာလာလေ ဖြစ်သည်။ မိစ္ဆာသွေးကြော မဖွဲ့စည်းသွားမချင်း လက်မလျော့ဘူးဟူသော စိတ်ဓာတ်ပြတ်သားမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ မရီဒျန်ဖျက်ဆီးခြင်း ”လုပ်ငန်းစဉ်က တစ်နာရီ ကြာမြင့်သွားသည်။
သူ၏ ဦးခေါင်းမှ အမြှီးအထိ ဆက်သွယ်နေသော မရီဒျန်က လုံးဝ ဖျက်ဆီးခံလိုက်ရသည့်အခါ သီရှီထျန်က တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။
“ ပြန်ဆုတ်စမ်း ”
အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရသော မရီဒျန်အပိုင်းအစများသည် မိစ္ဆာချီ၏ ရစ်ပတ်ခံလိုက်ရသည်။ ထို့နောက် မိစ္ဆာချီသည် သီရှီထျန်၏ စေခိုင်းမှုကြောင့် ချက်ချင်း အနောက်ပြန်ဆုတ်သွားပြီး နှလုံးနှင့် မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။
အခန်း(၁၉၇)
မိစ္ဆာစံအိမ်သည် မိစ္ဆာကျင့်ကြံသူများ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ ဒျန်တျန်ထဲမှာရှိသော ခရမ်းနန်းတော်နှင့် ဆင်တူသည်။
မိစ္ဆာချီပြန်ဝင်လာသည်နှင့် မိစ္ဆာသန့်စင်ခြင်းမီးဖိုက အလွန်အားကောင်းသော ဆွဲငင်အားကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ မိစ္ဆာချီက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံလိုက်ရသည်။ ဆေးမီးဖိုထဲသို့ ဝင်ရောက်သွားပြီးနောက် မိစ္ဆာချီက အနက်ရောင်အရည်အဖြစ် ပြန်ပြောင်းလဲသွားသည်။ ၎င်းသယ်ဆောင်လာသော မရီဒျန်အပိုင်းအစများသည်တော့ ဆေးမီးဖို၏ အလယ်မှာ လွင့်မျောနေသည်။
“ မိစ္ဆာသန့်စင်ခြင်းမီးဖို… ငါ့ရဲ့ မရီဒျန်ကို ထုဆစ်ပေးစမ်း… တစ်သားတည်း ပေါင်းစည်းသွားစမ်း ”
ကျောက်စိမ်းဆေးမီးဖိုက ပြင်းထန်စွာ တုန်ယင်သွားသည်။ အနက်ရောင်မီးတောက်တစ်ခုက မည်သည့်သတိပေးမှုမှမရှိဘဲ ဆေးမီးဖိုထဲမှာ ထွက်ပေါ်လာသည်။ မီးတောက်က တဟုန်းဟုန်း တောက်လောင်နေပြီး မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာမီးတောက် ဖြစ်သည်။
ကျင့်ကြံသူများသည် အခြေတည်နယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ မူလမီးတောက်ကို ထုတ်လွှတ်နိုင်ကြသည်။ ထိုမီးတောက်သည် အလွန်မသန်မာပေ။ ယင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ မူလသမာဓိမီးတောက်ကို မယှဉ်နိုင်ပေ။ သို့သော်လည်း မူလမီးတောက်ကို လက်နက်သန့်စင်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းမှာ အသုံးပြုနိုင်သည်။
သေမျိုးလောကမှ ပစ္စည်းများကိုတော့ မူလမီးတောက်က စက္ကန့်ပိုင်းအတွင်း ပြာဖြစ်စေနိုင်သည်။ မိစ္ဆာမျိုးနွယ်စုသည်တော့ မိစ္ဆာသားရဲနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ မိစ္ဆာမီးတောက်ကို ထုတ်လွှတ်နိုင်လိမ့်မည်။
မိစ္ဆာမီးတောက်သည် လူတိုင်းထံမှာ မွေးဖွားလာနိုင်သောအရာ မဟုတ်ပေ။ ယင်းက တစ်စုံတစ်ယောက်၏ အခြေခံအုတ်မြစ်နှင့် ပါရမီပေါ်မှာ အခြေခံသည်။
ဥပမာ သီရှီထန်သည် ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် မိစ္ဆာမီးတောက်ကို ထုတ်လွှတ်ခြင်းသည် သူ့အတွက် ပြဿနာမဟုတ်ပေ။
မိစ္ဆာမီးတောက်သည် ဆေးမီးဖိုထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဖျက်ဆီးခံထားရသော မရီဒျန်ကို ထုဆစ်သန့်စင်ပေးလိုက်သည်။
မိစ္ဆာမီးတောက်၏ ထုဆစ်သန့်စင်ပေးမှုအောက်မှာ မရီဒျန်အပိုင်းအစများက စတင်ပြောင်းလဲသွားသည်။ ယင်းတို့က လျှို့ဝှက်ဆန်းကြယ်စွာ အရည်ပျော်သွားကြပြီး ကျောက်စိမ်းအရည်စက်များအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအရည်စက်များသည် အစတွင် တသီးတခြား တည်ရှိကြသည်။ ထို့နောက် ယင်းတို့က အချင်းချင်း ထိတွေ့သွားကြပြီး အတူတကွ ပေါင်းစပ်သွားကြသည်။ အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။
နောက်ထပ် နာရီဝက် ကုန်ဆုံးသွားသည်။
မရီဒျန်ကို သန့်စင်ရန် မခက်ခဲပေ။ အချိန်တစ်ခဏကြာပြီးနောက် မရီဒျန်တစ်ခုလုံးက မိစ္ဆာမီးတောက်၏ ထုဆစ်သန့်စင်မှုအောက်မှာ ကြည်လင်တောက်ပသော ကျောက်စိမ်းအရည်အဖြစ် ပြောင်းလဲသွားသည်။
တစ်စုံတစ်ယောက်သည် သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မမြင်ခဲ့လျှင် ထိုကျောက်စိမ်းအရည်က မရီဒျန်မှ ဖွဲ့စည်းသွားခြင်းဖြစ်ကြောင်း ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
“ မရီဒျန်ဖျက်ဆီးခြင်း ”က ပထမအဆင့်ဖြစ်ပြီး “ မရီဒျန်ထုဆစ်သန့်စင်ခြင်း ”က ဒုတိယအဆင့် ဖြစ်သည်။ ယခုလာမည့် တတိယအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။
“ မရီဒျန်ဖျက်ဆီးခြင်း ”က မူလမရီဒျန်ကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ “ မရီဒျန်ထုဆစ်သန့်စင်ခြင်း ”က တစ်စုံတစ်ယောက်၏ မရီဒျန်ထဲမှ အနှစ်သာရကို ဆွဲထုတ်၍ မသန့်စင်မှုအားလုံးကို ဖယ်ရှားပစ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။
ထို့ကြောင့် မသန့်စင်မှုများ ဖယ်ရှားခံလိုက်ရသောအခါ သလင်းကျောက်ကဲ့သို့ ကြည်လင်သန့်စင်သော ကျောက်စိမ်းအရည် ထွက်ပေါ်လာသည်။ ကျောက်စိမ်းအရည်ထဲမှာ အဖြူရောင်အလင်း ရွေ့လျားစီးဆင်းနေသည်။
သို့သော်လည်း ထိုနှစ်ဆင့်က မိစ္ဆာသွေးကြောဖွဲ့စည်းခြင်း၏ အခြေခံလိုအပ်ချက်များသာ ဖြစ်သည်။ မိစ္ဆာသွေးကြောဖွဲ့စည်းခြင်း၏ တတိယအဆင့်က အဓိကသော့ချက် ဖြစ်သည်။ ထိုအဆင့်ကို “ သွေးကြောပြောင်းလဲခြင်း ”ဟု ခေါ်သည်။ “ သွေးကြောပြောင်းလဲခြင်း ”သည် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်မိစ္ဆာချီကို မရီဒျန်များမှ ဖွဲ့စည်းသွားသော ကျောက်စိမ်းအရည်ဖြင့် ပေါင်းစပ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ သို့မှသာ ကျောက်စိမ်းအရည်ထဲမှာ မိစ္ဆာချီ ရှိသွားလိမ့်မည်။
သို့သော်လည်း “ သွေးကြောပြောင်းလဲခြင်း ”သည် တစ်စုံတစ်ယောက်၏ မရီဒျန်များကို စွမ်းအင်အဖြစ် အပြည့်အဝ မပြောင်းလဲပေးပေ။ ယင်းအစား မရီဒျန်များကို မိစ္ဆာချီကဲ့သို့ တူညီသော အကျိုးအာနိသင်ရှိလာရန် ပြုလုပ်ရခြင်း ဖြစ်သည်။
သို့မှသာ မိစ္ဆာသွေးကြောဖွဲ့စည်းသွားသည့်အခါ မိစ္ဆာချီက ပိုမိုမြန်ဆန်စွာ စီးဆင်းနိုင်သွားလိမ့်မည်။ ထို့ပြင် ယင်းက မိုးမြေဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကိုလည်း ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်သွားလိမ့်မည်။ တစ်ချိန်တည်းမှာ မိစ္ဆာသွေးကြောများက ပိုပြီးသန်စွမ်းလာလိမ့်မည်။ ယင်းက ပမာဏများပြားသော မိစ္ဆာချီ၏ လှည့်ပတ်မှုကို မည်သည့်အန္တရာယ်မှမရှိဘဲ တောင့်ခံနိုင်လိမ့်မည်။
အရေးကြီးဆုံးမှာ မိစ္ဆာချီ လှည့်ပတ်သွားသည့်အခါတိုင်း မိစ္ဆာသွေးကြောများက မိစ္ဆာချီကို အလိုအလျောက် စုပ်ယူပြီး မရီဒျန်များနှင့် ပေါင်းစပ်ပေးလိမ့်မည်။ ယင်းက မရီဒျန်များကို အလျှင်အမြန် သန်စွမ်းစေလိမ့်မည်။
ထိုနည်းဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်သွားသည်နှင့် သူ၏ မိစ္ဆာသွေးကြောများက ပိုပြီးသန်စွမ်းလာလိမ့်မည်။ အနာဂတ်မှာ အဆုံးမဲ့သော အကျိုးအမြတ်များ ရရှိလာလိမ့်မည်။
ထို့ကြောင့် ဤအဆင့်က အလွန်အရေးကြီးသည်။ တစ်စုံတစ်ယောက်က မိစ္ဆာချီကို မရီဒျန်များနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်မည်လော သို့မဟုတ် မည်မျှရာခိုင်နှုန်းအထိ ပေါင်းစပ်နိုင်မည်လောက အရေးကြီးသည်။ ပေါင်းစပ်မှုက ပိုပြီးမြင့်မားလေ မိစ္ဆာသွေးကြော၏ အလားအလာက ပိုပြီးမြင့်မားလေ ဖြစ်သည်။ ယင်းက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းပါရမီကို စမ်းသပ်သောအပိုင်းလည်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မိစ္ဆာချီကို မရီဒျန်များနှင့် ပေါင်းစပ်ရန် မိစ္ဆာမီးတောက်ကို မှီခိုအားထားရလိမ့်မည်။ မိစ္ဆာမီးတောက်သည် မိစ္ဆာချီကြောင့်သာ ဆက်ပြီး တည်ရှိနိုင်ပေသည်။ ထို့ကြောင့် မိစ္ဆာချီ ပမာဏပိုများလေ မိစ္ဆာမီးတောက်၏ တည်ရှိမှုက ပိုပြီးကြာရှည်လေ ဖြစ်၏။ တတိယအဆင့်တွင် မိစ္ဆာမီးတောက်၏ အခန်းကဏ္ဍက အလွန်အရေးကြီးသည်။
“ ကောင်းပြီ… မိစ္ဆာသွေးကြောရဲ့ အင်အားနဲ့ မရီဒျန်ဖျက်ဆီးခြင်းရဲ့ နာကျင်မှုက ဒီအပေါ်မှာ မူတည်နေတယ် ”
စက်ကရာ၏ နှလုံးက အေးစက်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤအခြေအနေက မည်မျှအရေးကြီးကြောင်း သူသိသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေပေ။ သူ၏ အသိစိတ်က လှုပ်ရှားလိုက်သည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ မိစ္ဆာချီက ရေပန်းသဖွယ် ရုတ်တရက် ပေါ်လျှိုးလာပြီး အနက်ရောင်ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက မိစ္ဆာမီးတောက်၏ အပေါ်မှာ လှည့်ပတ်နေသော ကျောက်စိမ်းအရည်ဆီသို့ ပျံတတ်သွားသည်။
ဤသည်မှာ ကောင်းကင်ဘုံမြစ်တစ်စင်းက ကြယ်များဆီသို့ မြှောက်တတ်သွားနေသည့်အလားပင်။
မည်သည့်မတော်တဆမှုမှ မဖြစ်ပေါ်လာလျှင် မိစ္ဆာချီက ကျောက်စိမ်းအရည်နှင့် ပေါင်းစပ်သွားလိမ့်မည်။ ထိုနှစ်ခု အတူတကွ ပေါင်းစပ်သွားပြီး သန့်စင်ခံလိုက်ရသည့်အခါ မိစ္ဆာသွေးကြောအသစ်က အောင်မြင်စွာ ဖွဲ့စည်းသွားလိမ့်မည်။
“ မကြာခင် ပြီးသွားလိမ့်မယ်… ဘာမတော်တဆမှ မရှိနိုင်ဘူး ”
သီရှီထျန်သည် သူ၏ နှလုံးသားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။ သို့တိုင် သူက ဖြစ်စဉ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေဆဲပင်။
ဤသည်မှာ သူမမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့နေသည့်အလားပင်။
သို့သော်လည်း သူမမျှော်လင့်ထားသောအရာက အမှန်တကယ် ဖြစ်ပေါ်လာသည်။ မိစ္ဆာချီက ကျောက်စိမ်းအရည်ထဲသို့ ဝင်သွားတော့မည့်အချိန် ကုချင်းအသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ တင် ”
ကုချင်းအသံ ထွက်ပေါ်လာသည်နှင့် အသံလှိုင်းတစ်ခုက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ ရေလှိုင်းများသဖွယ် ဝင်ရောက်သွားသည်။ ထိုအသံလှိုင်းက မိစ္ဆာချီမှ ဖွဲ့စည်းသွားသော အနက်ရောင်ရေစီးကြောင်းကို ကြမ်းကြမ်းတမ်းတမ်း ဝင်ဆောင့်သွားသည်။ ခပ်အုပ်အုပ် မြည်သံနှင့်အတူ ရေစီးကြောင်းက ချက်ချင်း ပြိုကွဲသွားပြီး မရေမတွက်နိုင်သော ရေစက်များအဖြစ် ပြောင်းလဲသွားသည်။ ရေစက်များက ဆေးမီးဖိုထဲသို့ ပြန်ကျဆင်းသွားကြသည်။ မိစ္ဆာချီနှင့် ကျောက်စိမ်းအရည်တို့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားတော့မည့် ဖြစ်စဉ်က ချက်ချင်း ပျက်စီးသွားသည်။
“ ဘယ်လိုဖြစ်သွားတာလဲ… ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ဘာလို့ ထွက်ပေါ်လာတာလဲ ”
စက်ကရာသည် ထခုန်လုနီးပါး အံ့ဩထိတ်လန့်သွားသည်။ မိစ္ဆာစံအိမ်ထဲမှာ လိုအင်ဆန္ဒစွမ်းအင်ကို တိတ်တဆိတ် စုပ်ယူနေသော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ဤအချိန်မှာ ရုတ်တရက် ဝင်နှောင့်ယှက်လာလိမ့်မည်ဟု တစ်ခါမှ သူမတွေးဖူးပေ။
သူက အံ့ဩထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာ သူက ဇဝေဇဝါဖြစ်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းသန္ဓေသားဖြင့် ဖန်တီးသန့်စင်ထားသည့် နတ်ဆိုးကုချင်းဆီမှာ ထူးဆန်းသော စိတ်ဝိညာဉ်ရှိကြောင်း သူသိသည်။ ယင်းက အရေးကြီးအခိုက်အတန့်မှာ သူ့အသက်ကို မကြာခဏ ကယ်တင်ပေးခဲ့သည်။
သို့သော်လည်း နတ်ဆိုးကုချင်းက ဤသို့အရေးကြီးအချိန်မှာ သူ့ကို ဝင်နှောင့်ယှက်လာမည်ဟု သီရှီထျန် မမျှော်လင့်ထားပေ။
သို့သော်လည်း သူက ခါးသီးစွာ ပြုံးရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောသည်။
" ထားလိုက်ပါ… ပထမအကြိမ် အလုပ်မဖြစ်ရင် ဒုတိယအကြိမ် ထပ်ကြိုးစားကြည့်မယ်… ကျောက်စိမ်းအရည်ထဲ မိစ္ဆာချီဝင်သွားအောင် လုပ်ပေးရုံပဲ မဟုတ်လား… တစ်ကြိမ်ကျရှုံးသွားရင်တောင် အဲ့ဒါက ကိစ္စကြီးမဟုတ်ပါဘူး… ငါထပ်ကြိုးစားနိုင်ပါတယ် ”
သူက မိစ္ဆာချီကို တည်ငြိမ်စေပြီး ပိုပြီးအာရုံစူးစိုက်လိုက်သည်။ သူက ဆေးမီးဖိုထဲမှ မိစ္ဆာချီစီးကြောင်းတစ်ခုကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်သည်။ အစောနကကဲ့သို့ပင် မိစ္ဆာချီစီးကြောင်းက မိစ္ဆာမီးတောက်၏ အပေါ်မှာ လွင့်မျောသွားသည်။ ဤတစ်ကြိမ်တွင် သူက အစောနကထက် ပိုပြီးမြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ အတွေးတစ်ချက်ဖြင့် အနက်ရောင်ရေစီးကြောင်းက အပေါ်သို့ ပျံတတ်သွားသည်။ ယင်းက လျှပ်စီးပမာ မြန်ဆန်သော အလျင်ဖြင့် ကျောက်စိမ်းအရည်ဆီသို့ ဦးတည်သွားသည်။
“ တင်း… တုန် ”
သို့သော်လည်း မိစ္ဆာချီက ကျောက်စိမ်းအရည်နှင့် ပေါင်းစပ်တော့မည့်အချိန် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ကြွပ်ဆပ်သော မြည်သံကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ အသံလှိုင်းက မိစ္ဆာချီကို ဝင်ဆောင့်သွားသည်။ ရုတ်တရက်ဆိုသလို အခြေအနေက ပြောင်းလဲသွားသည်။ အသံလှိုင်း၏ ရိုက်ခတ်မှုကြောင့် မိစ္ဆာချီက နေရာမှာတင် ပြိုကွဲသွားပြီး ဆေးမီးဖိုထဲသို့ ပြန်ပြုတ်ကျသွားသည်။
“ အမ် ”
ထိုမြင်ကွင်းကို သီရှီထျန် မြင်သောအခါ သူ့နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။ ပထမအကြိမ်က မတော်တဆဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဒုတိယအကြိမ်က လုံးဝ မတော်တဆမဟုတ်ပေ။ တူညီသော ကိစ္စက နှစ်ကြိမ်ဆက်တိုက် ဖြစ်ပေါ်လာသည်ဆိုလျှင် ယင်းက သာမန်မဟုတ်တော့ပေ။ ယင်း၏ အနောက်မှာ သေချာပေါက် အကြောင်းအရင်းတစ်ခု ရှိရမည်။
“ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ငါ့ရဲ့ သက်စောင့်မိစ္ဆာလက်နက်ပဲ… အဲ့ဒါက ငါနဲ့ တစ်သားတည်း တည်ရှိနေတယ်… ငါတို့ကြားမှာ ဘာခြားနားမှုမှ မရှိဘူး… အဲ့ဒါက ဘာလို့ မိစ္ဆာချီနဲ့ ကျောက်စိမ်းအရည် ပေါင်းစပ်ပြီး မိစ္ဆာသွေးကြောအသစ်တစ်ခု ဖွဲ့စည်းမှာကို နှစ်ကြိမ်ဆက်တိုက် တားဆီးခဲ့တာလဲ… ထူးခြားချက်တစ်ခုခု ရှိနေတာလား… ဒါမှမဟုတ် ငါမသိသေးတဲ့ဟာတစ်ခုခု ရှိနေတာလား ”
သီရှီထျန်က အလွန်ဉာဏ်ကောင်းသူ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူက အတိတ်ဘဝမှာ စီးပွားရေးပါရမီရှင်ဟု နာမည်ကျော်ကြားခဲ့သူ မဟုတ်ပါလော။ ယခု သူက မိစ္ဆာတစ်ကောင်ဖြစ်လာသော်လည်း သူ၏ ဉာဏ်ကောင်းမှုက မပျောက်ဆုံးသွားပေ။ သူက ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်သည်။ ဤဖြစ်စဉ်အစအဆုံးတွင် သူလွတ်သွားသော တစ်စုံတစ်ရာရှိနေကြောင်း ချက်ချင်း သူနားလည်လိုက်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သူ့အား တစ်စုံတစ်ခု ပြောချင်နေဟန် ရ၏။ မည်သို့ဖြစ်ပါစေ နတ်ဆိုးကုချင်းမှာ စိတ်ဝိညာဉ်ရှိသည်။ ယင်းက အကောင်းအဆိုးကို ကိုယ်တိုင်စဉ်းစားနိုင်သည်။ ထို့ကြောင့် နတ်ဆိုးကုချင်း သူ့ကို တားဆီးရခြင်းသည် အကြောင်းအရင်းတစ်ခု ရှိရမည်။
ထိုသို့သူစဉ်းစားမိသောအခါ သူ၏ စိတ်အာရုံကို ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းပေါ်သို့ ချက်ချင်း ရွှေ့ပြောင်းလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက တိတ်တဆိတ် အံ့ဩသွားသည်။ နတ်ဆိုးကုချင်းပေါ်သို့ သူအာရုံစိုက်လိုက်သည်နှင့်ချက်ချင်း နတ်ဆိုးကုချင်း စုပ်ယူနေသော လိုအင်ဆန္ဒစွမ်းအင်က ပရမ်းပတာ လှုပ်ခတ်နေကြောင်း သူမြင်တွေ့သွားသည်။ ယင်းက ဒေါသတကြီး ဟိန်းဟောက်နေသော မြစ်တစ်စင်းနှင့် ဆင်တူသည်။ ယင်းက စိတ်လှုပ်ရှားသော ခံစားမှုကို ထုတ်လွှတ်နေသည်။
ကျောက်စိမ်းကုချင်းတစ်ခုလုံးက မိစ္ဆာဆန်သော ကျောက်စိမ်းအလင်းကို ထုတ်လွှတ်နေသည်။
ကျောက်စိမ်းကုချင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက မထင်မရှား ထွက်ပေါ်နေသည်။ ဤသည်မှာ နတ်ဆိုးကုချင်းက သီရှီထျန်ကို တစ်စုံတစ်ခု ပြောချင်နေသည့်အလားပင်။
“ အမ်… ကျောက်စိမ်းကုချင်းထဲက လိုအင်ဆန္ဒစွမ်းအင်က ဘာလို့ အဲ့လောက်တောင် လှုပ်ယမ်းနေတာလဲ… အဲ့ဒီလိုအဖြစ်အပျက်မျိုး အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး… မဟုတ်မှလွဲရော မိစ္ဆာသွေးကြောကို ငါဖွဲ့စည်းနေလို့ ကျောက်စိမ်းကုချင်းက အခုလို ပြောင်းလဲသွားတာလား… ”
သီရှီထျန်က တိတ်တဆိတ် တွေးတောလိုက်သည်။ မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ မကြာမီ ဉာဏ်အလင်းရမှုက သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဉာဏ်အလင်းက သူ့ကို အံ့ဩသွားစေသည်။
အခန်း(၁၉၈)
“ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ငါ့ရဲ့ မိစ္ဆာချီကို ဖျက်ဆီးပစ်တာ လိုအင်ဆန္ဒစွမ်းအင်နဲ့ တစ်ခုခု လုပ်ချင်လို့များလား ”
ထိုသို့အတွေးရလာသောအခါ သူ၏ နှလုံးသားထဲမှာ စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်လာသည်။
လိုအင်ဆန္ဒ… ။
စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုး… ။
ထိုစကားက သီရှီထျန်၏ စိတ်ထဲမှာ ထပ်တလဲလဲ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ သူက အလွန်ဉာဏ်ကောင်းသည်။ မကြာမီ ဖြစ်နိုင်ခြေတစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုဖြစ်နိုင်ခြေ ထွက်ပေါ်လာသည်နှင့် သူက ချက်ချင်း အံ့ဩမှင်သက်သွားသည်။
“ မဟုတ်မှလွဲရော ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲ ပေါင်းထည့်စေချင်တာလား… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
လိုအင်ဆန္ဒစွမ်းအင်သည် ဤလောက၏ မရေမတွက်နိုင်သော သက်ရှိများ၏ စိတ်ဆန္ဒများမှ ဖွဲ့စည်းသွားသောအရာ ဖြစ်သည်။ ယင်းက သက်ရှိများ၏ နှလုံးသားထဲမှ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ စွမ်းအား ဖြစ်သည်။ ယင်းက အကန့်အသတ်မဲ့သည်။ ထို့ပြင် ယင်းက ဤလောက၏ နတ်ဆိုးအဆန်ဆုံး အရာလည်း ဖြစ်၏။
တစ်စုံတစ်ယောက်သည် လိုအင်ဆန္ဒစွမ်းအင်အများကြီးဖြင့် စွန်းထင်ခံရမည်ဆိုလျှင် သူတို့က လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်သာသိသော အစွန်းရောက် နတ်ဆိုးတစ်ကောင် ဖြစ်သွားလိမ့်မည်။ သူတို့၏ စိတ်ဝိညာဉ်က အဆုံးမဲ့သော လိုအင်ဆန္ဒဖြင့် ယိုယွင်းတိုက်စားခံရလိမ့်မည်။
သို့တိုင် လိုအင်ဆန္ဒစွမ်းအင်က အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည်။
အတိတ်မှာတုန်းက စက်ကရာသည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ စွမ်းအားကို သူ၏ ကျင့်ကြံခြင်းမှာ အသုံးပြုရန် နည်းလမ်းတစ်ခု စဉ်းစားခဲ့သည်။ သို့သော်လည်း အချိန်အတော်ကြာ သူစဉ်းစားခဲ့သည့်တိုင် သင့်တော်သော နည်းလမ်းတစ်ခုကို သူရှာမတွေ့ခဲ့သောကြောင့် ယင်းကို ယာယီမေ့ထားခဲ့သည်။
မိစ္ဆာသွေးကြောများသည် မိစ္ဆာတစ်ကောင်အတွက် အလွန်အရေးကြီးသည်။ နည်းနည်းမှ သတိမထားဘဲ မနေနိုင်ပေ။ အကယ်၍ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ စွမ်းအားက မိစ္ဆာသွေးကြောထဲသို့ ပေါင်းစပ်သွားလျှင် မည်သို့ဖြစ်လာမည်နည်း။
မျက်မှောက်ခေတ်ကို မဆိုထားနှင့် ရှေးခေတ်မှာပင် ထိုသို့အခြေအနေ တစ်ခါမှမဖြစ်ပေါ်လာဖူးပေ။ မိစ္ဆာမျိုးနွယ်စုထဲမှ မဟာမိစ္ဆာများသည်ပင် ထိုသို့အရာကို မစမ်းသပ်ကြည့်ဝံ့ကြချေ။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် ခြေတစ်လှမ်းမှားသွားသည်နှင့် အဆုံးမဲ့သော လိုအင်ဆန္ဒဖြင့် ယိုယွင်းတိုက်စားခံရပြီး ရူးသွပ်သွားကြလိမ့်မည်။ မဟာမိစ္ဆာများသည်ပင် မလုပ်ဆောင်ဝံ့သော အရာကို မိစ္ဆာသားရဲတစ်ကောင်မျှသာဖြစ်သော သူက လုပ်ဆောင်ရမည်လော။ လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲသို့ သူပေါင်းထည့်သင့်သည်လော။
ဤအခိုက်အတန့်မှာ စက်ကရာက မှန်ကန်သော ဆုံးဖြတ်ချက်ကို ချရန် စတင်တုံ့ဆိုင်းသွားသည်။ အကယ်၍ သူက လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲသို့ အမှန်တကယ် ပေါင်းထည့်နိုင်မည်ဆိုလျှင် မိုးမြေကြားထဲမှာ ပြည့်နှက်နေသော လိုအင်ဆန္ဒစွမ်းအားကို လွယ်ကူစွာ သူစုပ်ယူနိုင်သွားလိမ့်မည်။ ဖြစ်နိုင်သည်မှာ အနာဂတ်တွင် သူက တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားသော သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်သွားလိမ့်မည်။ သို့သော်လည်း ယင်းတို့က သူအောင်မြင်သွားမှသာ ရရှိလာမည့် အကျိုးအမြတ်များ ဖြစ်သည်။ အကယ်၍ သူကျရှုံးသွားမည်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။ အနိမ့်ဆုံး သူရူးသွပ်သွားပြီး အလွန်ဆုံး သူ့အသက်ကို ဆုံးရှုံးသွားလိမ့်မည်။
ထို့ကြောင့် စက်ကရာက ဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းနေသည်။ မည်သို့ဖြစ်ပါစေ ယင်းက သူ၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသည်။ သူက မဆင်မခြင် မဆုံးဖြတ်နိုင်ပေ။
ထိုသို့အခြေအနေက ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ မိစ္ဆာမီးတောက်သည် ကျောက်စိမ်းအရည်ထဲမှ မသန့်စင်မှုအားလုံးကို သန့်စင်ပြီးသွားသည်။ ယင်းက နောက်ထပ် မစောင့်နိုင်တော့ပေ။ အကယ်၍ ထိုထက် ပိုပြီးကြန့်ကြာသွားမည်ဆိုလျှင် ကျောက်စိမ်းအရည်က မီးလောင်ကျွမ်းသွားလိမ့်မည်။ အကယ်၍ ကျောက်စိမ်းအရည်က လောင်ကျွမ်းသွားပြီး ခမ်းခြောက်သွားမည်ဆိုလျှင် သူ့အတွက် ပြဿနာကြီး ရှိလာလိမ့်မည်။
“ ဟွန့်… ‘ ကျားဟိန်းသံကျင့်စဉ် ’က ငါ့ကို အမြင့်ဆုံးအနေနဲ့ အမြူတေဓာတ်လုံးဖွဲ့စည်းခြင်းနယ်ပယ်အထိပဲ ကူညီပေးနိုင်တယ်… အဲ့ဒါက အဆင့်မြင့် မိစ္ဆာကျင့်စဉ်တစ်ခု မဟုတ်ဘူး… တကယ်လို့ ငါက တခြားလူတွေနဲ့ မတူကွဲပြားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းမယ်ဆိုရင် ငါ့ခန္ဓာကိုယ်ထဲက လိုအင်ဆန္ဒစွမ်းအင်ရဲ့ လမ်းညွှန်မှုကို လိုအပ်လိမ့်မယ်… မိစ္ဆာသွေးကြောထဲ လိုအင်ဆန္ဒစွမ်းအင်ကို ပေါင်းထည့်ပြီး ငါ့ကိုယ်ပိုင် လမ်းစဉ်ကို ဖွင့်လှစ်နိုင်မလား ငါကြိုးစားကြည့်နိုင်တယ်… ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ… ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ ”
ဤအခိုက်အတန့်မှာ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ယင်းက သူ၏ အနာဂတ်လမ်းစဉ်အတွက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မည်ဟု သူခံစားမိသည်။ ဤသို့အခြေအနေမှာ သူက အလောင်းအစားလုပ်ရန် ရွေးချယ်လိုက်သည်။ ရူးသွပ်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
သူက မည်သည့်အရာကိုမှ ထည့်မတွက်ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။
သူ၏ အတွေးတစ်ချက်ကြောင့် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက ယင်းထဲမှ လိုအင်ဆန္ဒစွမ်းအင်ကို အပြင်သို့ ဒလဟော ထုတ်လွှတ်ပေးလိုက်သည်။ သူက ရူးသွပ်သွားသော်လည်း သူ၏ စဉ်းစားတွေးတောနိုင်မှုကို မဆုံးရှုံးသွားပေ။
သူက စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးစလုံးကို မထုတ်လွှတ်ခဲ့ပေ။ ယင်းအစား သူက ဝမ်းနည်းခြင်းဟူသော စိတ်ခံစားချက်တစ်မျိုးကိုသာ ဆွဲထုတ်ခဲ့သည်။
“ တင်း… တုန် ”
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းသည် သီရှီထျန်၏ အကြံအစည်ကို သိရှိသွားပြီးနောက် အလွန်စိတ်လှုပ်ရှားသွားသည်။ ကုချင်းပေါ်မှ ကြိုးများက ညင်သာစွာ လှုပ်ရှားသွားသည်။ အနက်ရောင် လိုအင်ဆန္ဒစွမ်းအင်အမျှင်တန်းတစ်ခုက ကုချင်းထံမှ အလွယ်တကူ ဆွဲထုတ်ခံလိုက်ရသည်။ ယင်းက မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားပြီး မိစ္ဆာမီးတောက်၏ အပေါ်မှ ကျောက်စိမ်းအရည်နှင့် ပေါင်းစပ်သွားသည်။ ချက်ချင်းဆိုသလိုပင် သလင်းကျောက်ကဲ့သို့ ကြည်လင်သန့်စင်သော ကျောက်စိမ်းအရည်က သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အနက်ရောင်ပြောင်းသွားသည်။
“ ရွှတ် ”
ထိုအခိုက်အတန့်မှာ ဆေးမီးဖိုထဲမှ မိစ္ဆာချီသည်လည်း အပေါ်သို့ မြှောက်တတ်သွားပြီး ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျောက်စိမ်းအရည်ထဲသို့ ဝင်ရောက်သွားသည်။ ဤတစ်ကြိမ်မှာတော့ နတ်ဆိုးကုချင်းက မိစ္ဆာချီကို မတားဆီးပေ။ ဤအခိုက်အတန့်မှာ ကျောက်စိမ်းအရည်က မင်ရည်ကဲ့သို့ နက်မှောင်သွားသည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
" ကောင်းကင်ကို လောင်ကျွမ်းပစ်မယ့် မိစ္ဆာမီးတောက်… ငါ့အတွက် မိစ္ဆာသွေးကြောကို သန့်စင်ပေးပါ ”
ဆေးမီးဖိုထဲမှ မိစ္ဆာမီးတောက်က အကြမ်းပတမ်း တောက်လောင်လာပြီး ယင်း၏ အပေါ်မှ အနက်ရောင်အရည်ကို အဆက်မပြတ် လောင်ကျွမ်းပစ်လိုက်သည်။
လိုအင်ဆန္ဒစွမ်းအင်က မိစ္ဆာသွေးကြောထဲသို့ ပေါင်းစပ်သွားသည့်အခါ မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိကြချေ။
အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အချိန်နှင့် ဒီရေသည် လူကို မစောင့်ပေ။ အမြဲတမ်း အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကုချင်းဘုံထဲတွင် ဆယ်ရက် ကုန်ဆုံးသွားသည်။
“ ဘန်း… ဘန်း… ဘန်း ”
ကုချင်းဘုံထဲတွင် အမျိုးအစားစုံလင်သော သစ်ပင်များ ရှိသည်။ ယင်းတို့ထဲမှ အများစုကို ဂီတတူရိယာပစ္စည်းများအဖြစ် ပြုလုပ်နိုင်သည်။ ဥပမာ ထင်ရှူးပင်၊ ဝါးပင် အစရှိသည်တို့ ဖြစ်ကြသည်။ ယင်းတို့က အမျိုးအစားစုံလင်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ကုချင်းဘုံက ဂီတလျှို့ဝှက်နယ်မြေဖြစ်ကြောင်း သံသယရှိရန် မလိုပေ။
ဤအခိုက်အတန့်မှာ ဓားအလင်းရောင်က တောအုပ်၏ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ပေါက်ကွဲသံများကြားတွင် နှစ်ပေါင်းမည်မျှကြာမြင့်စွာ ရှင်သန်ခဲ့မှန်းမသိရသော ရှေးဟောင်းသစ်ပင်များက ဓားအလင်းရောင်ကြောင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။ ရှေးဟောင်းသစ်ပင်အများစုက ဖော်မပြနိုင်အောင် အလွန်မာကျောသည်။ ဓားအလင်းက ယင်းတို့ကို ချက်ချင်း မဖြတ်တောက်နိုင်ပေ။ ဓားအလင်းနောက်တွင် အလွန်သိပ်သည်းသော သွေးနီရောင်တိမ်တိုက်တစ်ခု လိုက်ပါလာသည်။ ယင်းက လေထဲမှာ ဖြတ်သန်းသွားနေစဉ် အဆုံးမဲ့သော သွေးညှီနံ့ကို ထုတ်လွှတ်နေသည်။
ဓားအလင်းက သွေးနီရောင်တိမ်တိုက်ကို ဖြတ်တောက်သွားသည်။ သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် ဓားအလင်းက တုန်ယင်သွားပြီး သွေးနီရောင်တိမ်တိုက်၏ ဝါးမျိုခံလိုက်ရသည်။
သွေးနီရောင်တိမ်တိုက်ဖြင့် ဖုံးလွှမ်းခံလိုက်ရသော အရာများက ချက်ချင်း ညှိုးခြောက်သွားကြသည်။ ဤသည်မှာ ယင်းတို့၏ အသက်ဓာတ်က စုပ်ယူခံလိုက်ရသည့်အလားပင်။ ယင်းက အလွန်ချောက်ချားစရာကောင်းသည်။
“ ကျွတ်… ကျွတ်… မင်းက လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ… ဒီသခင်လေးရဲ့ သွေးတိမ်တိုက်အလံအောက်မှာ သေသွားတာက ဂုဏ်ယူစရာပါ… ဒါကို မင်းက ငါ့လက်ထဲကနေ ထွက်ပြေးချင်တယ်လား… ရယ်စရာကောင်းလိုက်တာ… မင်းအတွက် ဘာက ကောင်းတယ်ဆိုတာ သိရင် ပြေးနေတာ ရပ်လိုက်ပြီး မင်းလက်ထဲက လက်နက်သန္ဓေသားကို ငါ့ဆီ လွှဲပြောင်းပေးပါ ”
“ အဲ့ဒါဆို မင်းရဲ့ အလောင်းက အကောင်းတိုင်း ကျန်ရှိနေလိမ့်မယ်… ဒီလိုမှမဟုတ်ရင် ငါမင်းကို လိုက်မီသွားတဲ့အခါ မင်းကို တိုက်ရိုက် သန့်စင်ပြီး မင်းရဲ့ ဝိညာဉ်ကို ငါ့ရဲ့ သွေးတိမ်တိုက်အလံထဲ ပေါင်းထည့်ပစ်မယ်… ဒီလောကမှာ မင်းမတပ်မက်သင့်တဲ့ အရာတွေ ရှိတယ် ”
သွေးနီရောင်တိမ်တိုက်ထဲတွင် ဝတ်စုံနီ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ထူးဆန်းစွာ ပြုံးလိုက်သည်။ သူ၏ လက်ထဲမှာ ထူးဆန်းသော အလံတိုင်တစ်ခု ရှိသည်။
ထိုအလံတိုင်သည် မကောင်းဆိုးဝါးဆန်ပြီး အံ့ဖွယ်ကောင်းသည်။ ယင်း၏ တစ်ကိုယ်လုံးက သွေးနီရောင် ဖြစ်သည်။ ဤသည်မှာ ယင်းကို သွေးထဲမှာ ထပ်ခါထပ်ခါ စိမ်ထားသည့်အလားပင်။ အလံတိုင်ပေါ်တွင် သွေးတိမ်တိုက်တစ်ခုက တလူလူ လှုပ်ခတ်နေသည်။ ယင်းက အနီရင့်ရောင်ဖြစ်သည်။ ဤသည်မှာ တိမ်တိုက်ကို သွေးစက်များချ၍ ဖန်တီးထားသည့်အလားပင်။ ယင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။ သွေးတိမ်တိုက်ထဲတွင် သွေးနီရောင်အရိုးခေါင်းများက နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။
အလံတိုင်တစ်ခုလုံးတွင် နတ်ဆိုးဆန်သော စွမ်းအားက တလိပ်လိပ် ပေါ်လျှိုးနေသည်။ ယင်းကို မြင်လိုက်သော လူများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားတော့မည်ဟု ခံစားမိကြလိမ့်မည်။ အလံတိုင်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ သွေးတိမ်တိုက်က ပေါ်ထွက်လာသည်။
အကြည့်တစ်ချက်ဖြင့်ပင် ယင်းက မကောင်းဆိုးဝါးလမ်းစဉ်မှ မကောင်းဆိုးဝါးလက်နက်တစ်ခုဖြစ်ကြောင်း မည်သူမဆို ပြောနိုင်လိမ့်မည်။ ယင်းက သတ္တဝါများ၏ ဝိညာဉ်နှင့် သွေးချီကို စုပ်ယူသော မကောင်းဆိုးဝါးလက်နက်တစ်ခု ဖြစ်သည်။
ယင်း၏ နာမည်က သွေးတိမ်တိုက်အလံ ဖြစ်သည်။ ယင်းက အလွန်အမင်း အစွမ်းထက်သည်။ အလံတိုင်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ သွေးတိမ်တိုက်က ထွက်ပေါ်လာပြီး ရန်သူ၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်သွားလိမ့်မည်။ ထို့ပြင် ယင်းက ပိုင်ရှင်၏ ခန္ဓာကိုယ်ကိုလည်း ကာကွယ်ပေးနိုင်သည်။ သွေးတိမ်တိုက်ထဲမှ မကောင်းဆိုးဝါးဝိညာဉ်များ အပြင်သို့ ထွက်သွားသည့်အခါ ရန်သူသည် အရိုးပင်မကျန်သည်အထိ ဝါးမျိုခံရလိမ့်မည်။
ဒဏ္ဍာရီအရ ထိုသို့အလံတိုင်ကို မီးမဖွားရသေးသော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဗိုက်ထဲမှ သန္ဓေသားလောင်းဖြင့် ဖန်တီးသန့်စင်ရသည်။ ယင်းက အမှန်တကယ် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးလက်နက် ဖြစ်သည်။
သွေးတိမ်တိုက်အလံသည် သွေးတိမ်ဂိုဏ်းမှ တပည့်များ၏ အစွမ်းထက်ဆုံး ဓမ္မလက်နက် ဖြစ်သည်။ ဂိုဏ်း၏ လက်ရွေးစင်တပည့်များသာလျှင် သွေးတိမ်တိုက်အလံကို မည်သို့ဖန်တီးသန့်စင်ရမည်ဖြစ်ကြောင်း သိကြသည်။ ယင်းက ဓမ္မရတနာဖြစ်လာနိုင်သော အစွမ်းထက် ဓမ္မလက်နက်တစ်ခု ဖြစ်သည်။ သွေးတိမ်တိုက်အလံမှ ထုတ်လွှတ်ပေးသော တိမ်တိုက်များသည် မိုးမြေကို ဖုံးလွှမ်းနိုင်ပြီး အကန့်အသတ်မဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ယင်းကို သက်စောင့်ဓမ္မလက်နက်အဖြစ် ပျိုးထောင်ပေးနိုင်သည်။
ထိုအလံတိုင်က မည်မျှများပြားသော သွေးချီနှင့် ဝိညာဉ်များကို စုပ်ယူထားကြောင်း မည်သူသိနိုင်မည်နည်း။ ယင်းကို ကြည့်ရသည်မှာ အလံတိုင်က အဆင့်မြင့်အဆင့် သို့မဟုတ် ထိပ်တန်းအဆင့် ဓမ္မလက်နက်ဖြစ်နိုင်သည်။ ထို့ကြောင့် ယင်း၏ စွမ်းအားက အလွန်ပြင်းထန်သည်။
“ ထွီ… မင်းတို့ သွေးတိမ်ဂိုဏ်းက တကယ် စက်ဆုပ်ရွံရှာဖို့ကောင်းပြီး အရှက်တရားမဲ့တယ်… ကုချင်းဘုံထဲမှာ မင်းရဲ့ အရှက်မဲ့တဲ့ လုပ်ရပ်တွေကို တစ်ယောက်ယောက်က ထုတ်ဖော်လိုက်မှာ မင်းမကြောက်ဘူးလား… ချင်မိသားစုသာ ဒီအကြောင်းကို သိသွားရင် သူတို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး… မင်းက ငါ့လက်ထဲက လက်နက်သန္ဓေသားကို လိုချင်တယ်လား… အဲ့ဒါဆို ကုချင်းဘုံထဲက ထူးဆန်းတဲ့ အဲ့ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို မင်းဘာလို့ သွားမတိုက်ခိုက်တာလဲ… ဒီနေ့ ငါသေသွားရင်တောင် အဲ့ဒါကို မင်းကို မပေးနိုင်ဘူး ”
အရှေ့မှ ပြေးနေသော ဓားအလင်းထဲတွင် ပိန်ပါးသေးငယ်သော အမျိုးသားတစ်ယောက် ရှိသည်။ သူ့မျက်နှာပေါ်မှာ ခံပြင်းဒေါသထွက်မှုနှင့် မကျေနပ်မှု ရှိသည်။ ကြည့်ရသည်မှာ သူက လက်နက်သန္ဓေသားကို လုံးဝ ထုတ်မပေးရန် စိတ်ဆုံးဖြတ်ထားဟန် ရ၏။
သူ၏ ခြေထောက်အောက်တွင် ရွှေရောင်ဓားပျံတစ်လက် ရှိသည်။ သူ၏ လက်ထဲမှာလည်း တူညီသော ရွှေရောင်ဓားပျံတစ်လက် ရှိသည်။ ဓားပျံသည် အရှေ့သို့ ပျံသန်းသွားနေရင်း ဓားအလင်းတန်းများကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာ ယင်းတို့က အနောက်မှ လိုက်လာနေသော သွေးတိမ်တိုက်ထံသို့ အဆက်မပြတ် ခုတ်ပိုင်းနေကြသည်။
ပိန်ပါးသော ထိုကျင့်ကြံသူသည် နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်သည်။ သူက အခြေတည်နယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာနေသူ ဖြစ်သည်။
သူ၏ အဝတ်အစားများက ဆုတ်ပြဲနေလေရာ သူက အလွန်ဆိုးဝါးသော အခြေအနေမှာ ရှိနေသည်။
သူ့အနောက်မှ လိုက်ဖမ်းနေသူသည် သွေးတိမ်ဂိုဏ်း၏ သခင်လေး ရွှဲယင်ရီမှလွဲ၍ တခြားလူမဟုတ်ပေ။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက ရက်စက်ခက်ထန်နေပြီး သူ၏ အကြည့်က သွေးဆာနေသည်။
“ သခင်လေး… သူပြေးလို့ မလွတ်နိုင်ပါဘူး ”
ပိန်ပါးသော ကျင့်ကြံသူက အမြန်ထွက်ပြေးနေစဉ် သွေးတိမ်တိုက်နှစ်ခုက သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာကြောင်း မြင်သွားသည်။ သူတို့က ရွှဲသနှင့် ရွှဲအာ ဖြစ်သည်။ သူတို့က ရွှဲယင်ရီနှင့်အတူ အနောက်မှ လိုက်မဖမ်းပေ။ ယင်းအစား သူတို့က အရှေ့မှ ကြိုစောင့်နေကြသည်။ သူတို့က ပိန်ပါးသော ကျင့်ကြံသူ၏ လမ်းကြောင်းအရှေ့မှာ ရပ်နေကြပြီး တစ်ဖက်လူ၏ လွတ်လမ်းကို ပိတ်ဆို့လိုက်ကြသည်။ ရွှဲယင်ရီက အနောက်မှ လိုက်လာနေလေရာ သူတို့သုံးယောက်က ပိန်ပါးသော ကျင့်ကြံသူကို တြိဂံသဏ္ဍာန် ဝိုင်းရံနိုင်သွားကြသည်။