အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
အခန်း(၁၉၉)
ထိုမြင်ကွင်းကို မြင်သောအခါ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာက ပိန်ပါးသော ကျင့်ကြံသူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် သူမလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သည်။ သူက ဓားပျံကို စီးနင်း၍ လေထဲမှာ ရပ်လိုက်သည်။ သူက သွေးတိမ်ဂိုဏ်းမှ တပည့်သုံးယောက်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“ ဒီနေ့ ငါမင်းတို့နဲ့ အသေအကြေ တိုက်ခိုက်မယ်… တကယ်လို့ ငါသေသွားမယ်ဆိုရင်တောင် မင်းတို့လည်း အေးဆေးသက်သာမယ် မထင်နဲ့… ဖိုမဓားပျံတစ်စုံ… မြစ်စောင့်နဂါးကို သတ်ဖြတ်ခြင်း ”
ပိန်ပါးသော ကျင့်ကြံသူက နည်းနည်းမှ တုံ့ဆိုင်းမနေပေ။ ဤတစ်ကြိမ်တွင် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ကြောင်း သူသိလိုက်သည်။ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းဖြစ်သော ‘ မြစ်စောင့်နဂါးကို သတ်ဖြတ်ခြင်း ’ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်အားလုံးက ဓားပျံနှစ်လက်ထဲသို့ ဒလဟော စီးဆင်းသွားသည်။
“ ဝီး… ဝီး… ”
ရွှေရောင်ဓားပျံနှစ်လက်သည် ပမာဏများပြားသော ဝိညာဉ်စွမ်းအားကို လက်ခံရရှိသွားသောအခါ အပြင်းအထန် တုန်ယင်သွားသည်။ ယင်းတို့က အပြန်အလှန် ယှက်ထွေသွားကြပြီး တောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။ ရွှေရောင်အလင်း မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ ရွှေရောင်ကတ်ကြေးတစ်လက်က လေထဲမှာ ထွက်ပေါ်လာသည်။ ကတ်ကြေးသည် ရွှဲယင်ရီထံသို့ ဦးတည်မသွားပေ။ ယင်းအစား ဘယ်ဘက်မှ ရွှဲသထံသို့ ဦးတည်သွားသည်။
ထိုကတ်ကြေးသည် အလွန်သန်စွမ်းသည်။ ယင်းက မိုးမြေကြားမှ အရာအားလုံးကို ညှပ်ပစ်နိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ရွှေရောင်အလင်းနှင့်အတူ ကတ်ကြေးက မြန်ဆန်စွာ ပျံသန်းထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကတ်ကြေးက ရွှဲသ၏ အရှေ့မှာ ထွက်ပေါ်လာပြီး သွေးတိမ်တိုက်ကို ညှပ်ပစ်လိုက်သည်။
“ ခရက် ”
ကြွပ်ဆပ်သော မြည်သံ ထွက်ပေါ်လာသည်။ ယင်းက ပိန်ပါးသော ကျင့်ကြံသူ၏ အစွမ်းကုန် တိုက်ခိုက်မှု ဖြစ်သည်။ သူက အခြေတည်နယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာနေသူ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ စွမ်းအားအပြည့် ပါဝင်သော ထိုတိုက်ခိုက်မှုက အလွန်အားကောင်းသည်။
ကတ်ကြေးအရှေ့တွင် ရွှေရောင်အလင်းက လင်းထိန်သွားသည်။ ထို့နောက် စေးပျစ်သော သွေးတိမ်တိုက်သည် အလယ်မှ ထက်ခြမ်း ညှပ်ပစ်ခံလိုက်ရသည်။ ရွှဲသသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သွေးတိမ်တိုက်ထဲမှ သူက အမြန်တိမ်းရှောင်လိုက်သော်လည်း သူ၏ ဘယ်လက်က အညှပ်ခံလိုက်ရသည်။
“ မင်းက သေချင်နေတာပဲ ”
ရှင်ယင်ရီက နှုတ်ခမ်းသပ်လိုက်သည်။ သွေးဆာလောင်သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ သွေးတိမ်တိုက်အလံကို ဝှေ့ယမ်းလိုက်သည့်အခါ သွေးတိမ်တိုက်များက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ပိန်ပါးသော ကျင့်ကြံသူထံသို့ ခုန်အုပ်လိုက်ကြသည်။ စူးရှကျယ်လောင်သော အော်ဟစ်သံများက သွေးတိမ်တိုက်ထဲမှ ထွက်ပေါ်လာသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် အော်ဟစ်သံများ ပျောက်ကွယ်သွားသည်။ မည်သည့်အသံမှ မထွက်ပေါ်တော့ပေ။
“ ဝူး ”
သွေးတိမ်တိုက်အလံက တလူလူ လှုပ်ခတ်သွားသည့်အခါ သွေးနီရောင်တိမ်တိုက်များက ဝေလငါးရေစုပ်သကဲ့သို့ အလံတိုင်၏ စုပ်ယူခံလိုက်ရသည်။ မြေကြီးပေါ်တွင် ပိန်ပါးသော ကျင့်ကြံသူ၏ အလောင်းကို မမြင်တွေ့ရပေ။ အလောင်းကို မဆိုထားနှင့် အရိုးတစ်ချောင်းပင် ကျန်မနေပေ။ သွေးတိမ်တိုက်အလံက သူ့ကို အရိုးပင်မကျန်အောင် ဝါးမျိုလိုက်ကြောင်း ထင်ရှားသည်။ သွေးနီရောင်တိမ်တိုက်များက ပိုပြီးကြီးမားလာသည်။ ယင်းတို့၏ စွမ်းအားက ယခင်ကထက် ပိုပြီးအားကောင်းလာသည်။
မြေကြီးပေါ်တွင် ရွှေရောင်ဓားပျံနှစ်လက်နှင့် သိုလှောင်အိတ်တစ်လုံး ကျန်နေခဲ့သည်။
ရွှဲယင်ရီက အရှေ့သို့ လျှောက်သွားပြီး သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။ သူက လက်တစ်ဖက်ဝှေ့၍ သိုလှောင်အိတ်၏ ချိပ်တံဆိပ်ကို ဖျက်ဆီးလိုက်သည်။ နောက်အခိုက်အတန့်မှာ သိုလှောင်အိတ်က အရောင်တောက်ပသွားပြီး ခရမ်းရောင်ဝါးပုလွေတစ်ချောင်းက သူ့လက်ထဲမှာ ထွက်ပေါ်လာသည်။ ဝါးပုလွေက အားကောင်းသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေသည်။
သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။
“ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ… မင်းလို လေလွင့်ကျင့်ကြံသူက ဒီလိုရတနာနဲ့ တန်လို့လား… ငါရွှဲယင်ရီလို သခင်လေးကမှ ဒီလက်နက်သန္ဓေသားလောင်းကို ပိုင်ဆိုင်သင့်တာ ”
ထို့နောက် သူက လက်တစ်ဖက်ပြတ်သွားသော ရွှဲသကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ ရွှဲသ… မင်းရဲ့ ဒဏ်ရာ ဘယ်လိုနေလဲ… မင်းဆက်တိုက်ခိုက်နိုင်သေးလား ”
သူက ပထမစကားကို သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သည်။ ဒုတိယစကားက သူပြောချင်သော အဓိပ္ပာယ်အမှန် ဖြစ်သည်။
“ စိတ်မပူပါနဲ့ သခင်လေး… ဒီငယ်သား ဂိုဏ်းကို ပြန်ရောက်တဲ့အခါ လက်က ပြန်ကောင်းသွားပါလိမ့်မယ်… အခု ကျွန်တော် တိုက်ခိုက်ရမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး… သခင်လေး လက်နက်သန္ဓေသားတွေကို လိုက်စုဆောင်းတဲ့နေရာမှာ ကျွန်တော်က ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး ”
ရွှဲသက တုံ့ဆိုင်းမနေဘဲ ပြောသည်။
“ ဟုတ်ပါတယ် သခင်လေး… ကုချင်းဘုံက တကယ်ပဲ ထူးဆန်းပါတယ်… ဒီက လက်နက်သန္ဓေသားတွေက အပြင်လောကမှာ တန်ဖိုးကြီးမားတဲ့ ရှားပါးရတနာတွေ ဖြစ်ပါတယ်… အဲ့ဒီပေါ်မှာ အစီအရင်တစ်ခု ရေးထွင်းပြီး သန့်စင်လိုက်တာနဲ့ လက်နက်သန္ဓေသားက အဆင့်မြင့် ဓမ္မလက်နက်တစ်ခုဖြစ်လာပါလိမ့်မယ်… အဲ့ဒါက တန်ဖိုးကြီးမားပါတယ်… သခင်လေးသာ အဲ့ဒါတွေကို ဂိုဏ်းဆီ ပြန်သယ်ဆောင်သွားနိုင်မယ်ဆိုရင် ဂိုဏ်းထဲမှာ သခင်လေးရဲ့ ရာထူးက ပိုပြီးခိုင်မြဲသွားပါလိမ့်မယ် ”
ရွှဲအာက စိတ်လှုပ်ရှားစွာ ပြောသည်။
ရွှီယင်ရီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာက မည်းမှောင်သွားသည်။
“ ဒီရက်တွေမှာ လက်နက်သန္ဓေသားတွေကို ငါရှာတွေ့ခဲ့ပေမဲ့ သီရှီထျန်ဆိုတဲ့ ဟိုခွေးကောင် ဘယ်နေရာမှာ သွားပုန်းအောင်းနေလဲ မသိဘူး… ဒီလောက် ငါလိုက်ရှာနေတာတောင် သူ့ကို ရှာမတွေ့ဘူး… ဟွန့်… ကုချင်းဘုံတစ်ခုလုံး မြေလှန်ရှာရမယ်ဆိုရင်တောင် ဒီသခင်လေးက မင်းကို မတွေ့တွေ့အောင် ရှာမယ် ”
သူက သီရှီထျန်ကို တစ်ရက်မှ မမေ့နိုင်ပေ။ သူက လက်စားချေလိုစိတ်ပြင်းထန်သူ ဖြစ်သည်။ ယင်းက ကုချင်းချိုင့်ဝှမ်းထဲမှ ဆေးလုံးနည်းပညာတစ်ခုမျှသာ ဖြစ်သော်လည်း သူက သီရှီထျန်အပေါ် ရန်ငြိုးထား၍ သူ့ကို သတ်ပစ်ချင်နေသည်။
သူက ကုချင်းဘုံထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း သီရှီထျန်ကို သတ်ပစ်ရန် သူ့ကို လိုက်လံရှာဖွေခဲ့သည်။
သူက ရက်စက်ကြမ်းကြုတ်ပြီး အမြင်ကျဉ်းမြောင်းသူ ဖြစ်သည်။
ကုချင်းဘုံထဲ၌ သီရှီထျန် ကြုံတွေ့ခဲ့သော အဖြစ်အပျက်ကို ဤရက်များတွင် တခြားကျင့်ကြံသူများသည်လည်း တွေ့ကြုံခဲ့ကြသည်။ ထူးဆန်းသော တည်ရှိမှုများသည် အပြင်လူများကို ရှာတွေ့သွားသည်နှင့်ချက်ချင်း မည်သည့်အကြောင်းပြချက်မှမရှိဘဲ ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။ ဤသည်မှာ သူတို့က အပြင်လူများကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း သတ်ပစ်ရန် အမိန့်ရထားကြသည့်အလားပင်။ ထို့ကြောင့် အားနည်းသော ကျင့်ကြံသူများသည် ကုချင်းဘုံထဲသို့ ဝင်ရောက်သွားသည်နှင့် ထူးဆန်းသော တည်ရှိမှုများ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည်။
သို့သော်လည်း ကျင့်ကြံသူများက ထိုတည်ရှိမှုများကို သတ်ပစ်လိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ်က စွမ်းအင်အနှစ်သာရအဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲသွားပြီး သူတို့၏ ဓမ္မလက်နက်များထဲသို့ ဝင်ရောက်သွားလိမ့်မည်။ ဓမ္မလက်နက်များသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။
တချို့က ပုလွေကို အသုံးပြုကြပြီး တချို့က ကုချင်းကို အသုံးပြုကြသည်။ မည်သို့ဖြစ်ပါစေ ယင်းတို့အားလုံးက ဓမ္မလက်နက်များ ဖြစ်ကြသည်။ အရည်အသွေးမြင့်သော ဓမ္မလက်နက်များကို အစွမ်းထက်ဓမ္မလက်နက်များအဖြစ် အချိန်မရွေး သန့်စင်နိုင်သည်။
ထို့ကြောင့် ကုချင်းဘုံထဲတွင် သူတို့က မြစိမ်းကုချင်းကို လိုက်လံမရှာဖွေကြတော့ချေ။ ယင်းအစား ကျင့်ကြံသူများက တန်ဖိုးကြီးမားသော ထိုလက်နက်သန္ဓေသားများကို လုယက်ရန် အပြန်အလှန် သတ်ဖြတ်နေကြသည်။ ထို့ကြောင့် နေရာတိုင်းမှာ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ အဘယ့်ကြောင့်ဆိုသော် လုယက်ခြင်းက လက်နက်သန္ဓေသားများကို ပိုမိုမြန်ဆန်စွာ စုဆောင်းနိုင်စေလိမ့်မည်။
“ သခင်လေး… ကျွန်တော်တို့ အကောင်းဆုံး ရှာဖွေခဲ့ကြပေမဲ့ ကုချင်းဘုံက အရမ်းကျယ်ပြောပါတယ်… ဒါ့အပြင် မြူခိုးထုကလည်း အပေါ်ကနေ ဖုံးအုပ်ထားပါတယ်… ဒါကြောင့် သူ့ကို ရှာဖွေရတာ မလွယ်ကူပါဘူး ”
ရွှဲသက တည်ငြိမ်စွာ ပြောသည်။
“ ဝုန်း ”
ထိုအခိုက်အတန့်မှာ သူတို့၏ ခြေထောက်အောက်မှ မြေကြီးက ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤသည်မှာ ငလျင် ရုတ်တရက် ဖြစ်ပွားလာသည့်အလားပင်။ တုန်ခါမှုက ဆက်လက် ဖြစ်ပွားနေသည်။ အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်။
အလွန်သိပ်သည်းသော မိစ္ဆာချီက မြေကြီး၏ အက်ကွဲကြောင်းများထဲမှ အရူးအမူး စိမ့်ထွက်လာသည်။
ဘေးပတ်ဝန်းကျင်မှ ဧရာမကျောက်တုံးကြီးများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က လှောင်ချိုင့်ထဲမှ လွတ်မြောက်သွားသည့်အလား သို့မဟုတ် မြေအောက်ထဲမှာ နှစ်ချိုက်စွာ အိပ်မောကျနေသော သားရဲတစ်ကောင်က အပေါ်သို့ ပြန်တတ်လာနေသည့်အလားပင်။
ယင်းကို ရွှဲယင်ရီနှင့် တခြားနှစ်ယောက် မြင်သွားသောအခါ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။
“ မကောင်းတော့ဘူး သခင်လေး… မြေအောက်ထဲကနေ တစ်ခုခု ထွက်လာနေတယ်… ဒီကနေ အမြန်ထွက်သွားရအောင် ”
ရွှဲသ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက အစောပိုင်းအဆင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်မှာဖြစ်ပြီး ဤအဆင့်သို့ တတ်လှမ်းရန် ဖြတ်လမ်းနည်းများ သူအသုံးပြုခဲ့သောကြောင့် သူ၏ အခြေခံအုတ်မြစ်က မခိုင်မာပေ။ သို့သော်လည်း သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။ အစောနက သူလက်ပြတ်သွားခဲ့ခြင်းက ရန်သူကို အထင်သေးခဲ့သောကြောင့်နှင့် သတိပေါ့ဆခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ့မှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ စိတ်အာရုံ ရှိနေဆဲပင်။
မြေအောက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက မြေကြီး၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် အတင်းအဓမ္မ ရုန်းကန်နေကြောင်း သူအာရုံခံမိသည်။ ထိုစွမ်းအားသည် သူ့ထက် အားမနည်းပေ။ ထို့ပြင် ထိုစွမ်းအားထဲမှာ အလွန်သိပ်သည်းသော မိစ္ဆာချီသာမက ထူးဆန်းသော စိတ်မကောင်းဖြစ်မှုနှင့် ဝမ်းနည်းမှုလည်း ပါရှိသည်။
မည်သို့ဖြစ်ပါစေ ယင်းက သာမန်ကိစ္စမဟုတ်ကြောင်း ရွှဲသ နားလည်လိုက်သည်။ သူက နောက်ထပ် စဉ်းစားမနေဘဲ ရွှဲယင်ရီကို အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ပတ်လည်၌ သွေးတိမ်တိုက်က စုဝေးသွားသည်။
ရွှဲသ၏ ဓမ္မလက်နက်သည် သွေးတိမ်တိုက်အလံ မဟုတ်ပေ။ ယင်းအစား ယွင်ကိုးခုထျန်းပိတ်စ ဖြစ်သည်။ ယင်းက သွေးနီရောင်ဖြစ်ပြီး ရှေးဟောင်းခေါင်းလောင်းကဲ့သို့ ကြည်လင်သည်။
ပိတ်စသည် ခုခံကာကွယ်ရန်အတွက်သာ အသုံးဝင်ခြင်း မဟုတ်ပေ။ ယင်းကို ရန်သူများအား တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။ တစ်စုံတစ်ယောက်သည် ယွင်ကိုးခုထျန်းပိတ်စဖြင့် ဖုံးအုပ်ခံရလျှင် ရုန်းထွက်နိုင်တော့မည်မဟုတ်ဘဲ ချက်ချင်း သန့်စင်ခံရလိမ့်မည်။ ယင်းက အလွန်အစွမ်းထက်သည်။
အစောနက သူသည် တစ်ဖက်လူက နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာသာဖြစ်ကြောင်း သူမြင်လိုက်သည်။ ထိုကျင့်ကြံသူက သူ့အား ထိခိုက်အောင် မပြုလုပ်နိုင်ကြောင်း သူစဉ်းစားမိသဖြင့် ယွင်ကိုးခုထျန်းပိတ်စကို မထုတ်သုံးခဲ့ပေ။ သို့မဟုတ်လျှင် သူက သတိပေါ့ဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးသွားမည် မဟုတ်ချေ။
ယခု မြေကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို သူခံစားမိသွားသောအခါ နောက်ထပ် တုံ့ဆိုင်းမနေဘဲ ယွင်ကိုးခုထျန်းပိတ်စကို ထုတ်လိုက်သည်။ ကြည်လင်သော ပိတ်စတစ်ထည်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ပိတ်စကို ကိုင်ထားရင်း ယင်းကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ပိတ်စသည် ခေါင်းလောင်းပုံသဏ္ဍာန်ရှိပြီး သလင်းကျောက်ပမာ ကြည်လင်သည်။ သွေးနီရောင်တိမ်တိုက်ကိုးခုက ပိတ်စပေါ်မှာ လွင့်မျောနေကြသည်။ သွေးနီရောင်တိမ်တိုက်ကိုးခုကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိဟန် ရ၏။ ယင်းတို့က အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရွှဲအာသည်လည်း ရွှဲယင်ရီဆီသို့ အမြန်ဦးတည်သွားပြီး သူ့အရှေ့မှာ ရပ်လိုက်သည်။ သူက ရွှဲယင်ရီ၏ လက်ထဲမှ သွေးတိမ်တိုက်အလံနှင့် ဆင်တူသော အလံတိုင်တစ်ခုကိုလည်း ထုတ်လိုက်သည်။ သို့သော်လည်း သူ၏ သွေးတိမ်တိုက်အလံသည် ရွှဲယင်ရီ၏ အလံတိုင်ထက် အများကြီး ပိုအားနည်းသည်။ အလံတိုင်ထဲမှ သွေးတိမ်တိုက်အရေအတွက်က ပိုပြီးနည်းပါးသကဲ့သို့ ယင်း၏ သွေးရောင်သည်လည်း အနည်းငယ် မှိန်ဖျော့သည်။
ရွှဲယင်ရီ၏ သွေးတိမ်တိုက်အလံက ထိပ်တန်းအဆင့် ဓမ္မလက်နက်ဖြစ်ပြီး သူ၏ ဓမ္မလက်နက်က အလယ်အလတ်အဆင့်မှာသာ ရှိ၏။ ထို့ကြောင့် ယင်းတို့နှစ်ခုကြားမှာ စွမ်းအားကွာခြားချက် ရှိသည်။
သူတို့သုံးယောက်သည် မြေကြီးထဲမှ ရုတ်တရက် အပြောင်းအလဲကြောင့် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က သွေးနီရောင်တိမ်တိုက်များကို ဆင့်ခေါ်၍ သူတို့၏ ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်ကြသည်။ သူတို့က မြေကြီးပေါ်မှာ မနေဝံ့ကြတော့ဘဲ လေထဲသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။
သို့သော်လည်း သူတို့က ချက်ချင်း မထွက်သွားကြချေ။ ယင်းအစား သူတို့က လေထဲမှာ လွင့်မျောနေရင်း မြေကြီးအောက်မှ ရုတ်တရက် အပြောင်းအလဲကို စူးစမ်းလိုစွာ ကြည့်လိုက်ကြသည်။
သူတို့သုံးယောက်က စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခု ပြုလုပ်လိုက်ကြသည်။ ဖြစ်နိုင်သည်မှာ အစွမ်းထက်ဓမ္မရတနာတစ်ခုက မြေအောက်ထဲမှ အပေါ်သို့ ထွက်ပေါ်လာနေသည်လော။
ထိုသို့အတွေးရလာသောအခါ သူတို့က မထွက်သွားကြတော့ချေ။
အခန်း(၂၀၀)
“ ဝုန်း ”
ကြီးမားသော အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ပိုမိုများပြားလာပြီး အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ အနက်ရောင်အခိုးအငွေ့သည်ပင် မြေကြီးထဲမှ မြှောက်တတ်လာသည်။ ထူးဆန်းသည်မှာ ထိုအနက်ရောင်အခိုးအငွေ့က အဆုံးမဲ့သော ဝမ်းနည်းစိတ်ကို သယ်ဆောင်ထားသည်။
မိုးကောင်းကင်အတွက် ငိုကြွေးနေသည်။ ကမ္ဘာမြေအတွက် ငိုကြွေးနေသည်။ သက်ရှိအားလုံးအတွက် ငိုကြွေးနေသည်။
ထိုဝမ်းနည်းစိတ်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အရပ်မျက်နှာအသီးသီးသို့ အထိန်းအချုပ်မဲ့စွာ ပျံ့နှံ့သွားသည်။ ထိုဝမ်းနည်းစိတ်ကို အာရုံခံမိသွားသည်နှင့်ချက်ချင်း သတ္တဝါများသော်လည်းကောင်း အပင်များသော်လည်းကောင်း ၎င်းတို့က တူညီသော ဝမ်းနည်းစိတ်ကို ခံစားမိသွားကြသည်။ အပင်များသည် ဝမ်းနည်းသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ မိုးမြေတစ်ခုလုံးက အုံ့မှိုင်းသွားဟန် ရ၏။
“ မလိမ္မာတဲ့ သားမိုက်ကြောင့် ဝမ်းနည်းတယ်… တာဝန်မကျေပွန်တဲ့ ဇနီးကြောင့် ဝမ်းနည်းတယ်… ကျရှုံးသွားတဲ့ တိုင်းပြည်ကြောင့် ဝမ်းနည်းတယ်… ငါ ဝမ်းနည်းတယ်… ဒီလောကရဲ့ အရာအားလုံးက ဝမ်းနည်းဖို့ကောင်းတယ်… ”
ဝမ်းနည်းကြေကွဲသော စိတ်ဆန္ဒပါဝင်သည့် အက်ရှရှစကားသံက မြေကြီးထဲမှ ထွက်ပေါ်လာသည်။ ထိုအသံထဲမှာ ဤလောက၏ ဝမ်းနည်းစရာကိစ္စအားလုံး ပါဝင်နေဟန် ရ၏။ ဝမ်းနည်းမှုက အကန့်အသတ်မဲ့ပြီး မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။
“ ဝုန်း ”
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံနှင့်အတူ အက်ကွဲနေသော မြေကြီးက ရုတ်တရက် ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးများနှင့် မြေဆီလွှာက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။ ဤသည်မှာ မီးတောက်တစ်ခုက ရုတ်တရက် ပေါက်ကွဲသွားသည့်အလားပင်။ ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။ မရေမတွက်နိုင်သော ကျောက်တုံးများက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားနေစဉ် အနက်ရောင်ပုံရိပ်တစ်ခုက မြေအောက်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ အဆုံးမဲ့သော ဝမ်းနည်းမှုက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။
သူက ကျောက်တုံးပျံများကြားထဲ၌ မတ်တတ်ရပ်နေစဉ် ပိုပြီးဝမ်းနည်းသွားဟန် ရ၏။ ဝမ်းနည်းသော စိတ်ခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှ အလိုအလျောက် စိမ့်ထွက်နေသည်။ သူ့အား မြင်တွေ့လိုက်သော မည်သူမဆို အဆုံးမဲ့သော ဝမ်းနည်းမှုက သူတို့၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာလိမ့်မည်။
“ ဟား ဟား… သီရှီထျန်… မင်းက ဒီမှာ လာပုန်းနေတာကို ”
ရွှဲယင်ရီသည် စက်ကရာထံမှ ထူးဆန်းသော အရှိန်အဝါကို ခံစားမိသွားသောအခါ ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စတချို့ကို ပြန်စဉ်းစားမိသွားသည်။ သူက နှာခေါင်းတရှုပ်ရှုပ်လုပ်လိုက်ပြီး မျက်ရည်ဝဲလာသည်။ သို့သော်လည်း အနက်ရောင်ပုံရိပ်၏ အသွင်သဏ္ဍာန်ကို သူမြင်သွားသောအခါ ရက်စက်ကြမ်းကြုတ်သော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အေးစက်စက် ရယ်လိုက်ပြီး ပြောသည်။
“ ငါက မင်းကို ဒီလောက် လိုက်ရှာနေတာ အစအနတစ်ခုတောင် ရှာမတွေ့ခဲ့ဘူး… မင်းက ငါ့အရှေ့မှာ အခုလို ထွက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ဒီဆယ်ရက်အတွင်းမှာ ငါမင်းကို ရှာမတွေ့ခဲ့တာ မင်းက မြေအောက်ထဲမှာ ပုန်းအောင်းနေတာကို… မင်းဆက်ပြီး ပုန်းနေမယ်ဆိုရင် ဘာပြဿနာမှမရှိနိုင်ဘူး…ဒါပေမဲ့ မင်းက ငါ့အရှေ့မှာ ကိုယ်တိုင် လာအသေခံဖို့ အပြင်ထွက်လာတယ်… ကောင်းတယ်… မင်းကို ငါ့ရဲ့ သွေးတိမ်တိုက်အလံရဲ့ ဝိညာဉ်အဖြစ် သန့်စင်ပစ်မယ် ”
ရွှဲယင်ရီကို သီရှီထျန်မြင်သွားသောအခါ သူ၏ မျက်လုံးက နီရဲသွားသည်။ သူ၏ မျက်နှာသည်လည်း အေးစက်ခက်ထန်လာသည်။ သူက လက်ထဲမှ သွေးတိမ်တိုက်အလံကို ဖြန့်လိုက်ပြီး သီရှီထျန်ထံသို့ ဝှေ့ယမ်းလိုက်သည်။
“ ဟူး လား လား ”
သွေးနီရောင်တိမ်တိုက်များက အလံတိုင်ထဲမှ ချက်ချင်း ထွက်ပေါ်လာကြပြီး ဧရာမသွေးတိမ်တိုက်အဖြစ် စုဝေးသွားကြသည်။ ဧရာမသွေးတိမ်တိုက်က ဆယ်မီတာခန့် ကျယ်ပြောပြီး သီရှီထျန်အပေါ်သို့ ကျဆင်းသွားသည်။ ပြင်းထန်သော သွေးညှီနံ့က လေထဲမှာ ပျံ့နှံ့သွားသည်။ သွေးတိမ်တိုက်ထဲတွင် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်တစ္ဆေများ ထွက်ပေါ်လာကြသည်။ ၎င်းတို့က နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြပြီး ချောက်ချားဖွယ်ကောင်းသော အော်သံများကို ထုတ်လွှတ်နေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးအရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားသည်။
“ ဝမ်းနည်းတယ်… အရာအားလုံးက ဝမ်းနည်းစရာကောင်းတယ်… ”
သီရှီထျန်၏ မျက်လုံးထဲမှာ အကန့်အသတ်မဲ့သော ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့သော ဝမ်းနည်းမှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ့ဆီမှာ စိတ်ဝိညာဉ်မရှိပေ။ အဆုံးမဲ့သော ဝမ်းနည်းစိတ်သာလျှင် ရှိ၏။ ဤသည်မှာ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုမှလွဲ၍ တခြားမည်သည့်အရာမှ မရှိသည့်အလားပင်။
သူ၏ အသိစိတ်တစ်ခုလုံးမှာ ဝမ်းနည်းစိတ်ဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ယံ၌ တလိပ်လိပ် ရွေ့လျားနေသော ဧရာမသွေးတိမ်တိုက်က သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း စက်ကရာ မြင်သွားသောအခါ သူ့မျက်လုံးထဲမှ ဝမ်းနည်းစိတ်က ပိုပြီးပြင်းထန်လာသည်။
ကျောက်စိမ်းအလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ အရှေ့မှာ မျောလွင့်သွားသည်။ ယင်းက မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်နေသော ကျောက်စိမ်းကုချင်း ဖြစ်သည်။ ကျောက်စိမ်းကုချင်းသည်လည်း ဝမ်းနည်းမှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ တင်း… တုန်… တင်း… တုန် ”
ယခုအချိန်တွင် သီရှီထျန်က ထူးခြားဆန်းကြယ်သော အခြေအနေထဲမှာ ရှိနေဟန် ရ၏။ သူက ဝမ်းနည်းမှုထဲမှာ လုံးဝ နစ်မြုပ်နေသည်။ သူ့ကိုယ်ပိုင်အသိစိတ်ကို ထိုဝမ်းနည်းမှုက အစားထိုးသွားဟန် ရ၏။
ထို့ကြောင့် သူက ရွှဲယင်ရီကို မြင်သော်လည်း သူ့ကို မမှတ်မိပေ။ ရန်သူက သူ့ကို တိုက်ခိုက်လာကြောင်း သူခံစားမိသောကြောင့် သူ၏ မသိစိတ်မှ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ဆင့်ခေါ်လိုက်သည်။ တစ်ဆက်တည်း သူက ကုချင်းကို တီးခတ်လိုက်သည်။
သူသည် ကုချင်းတီးခတ်နည်းကို တစ်ခါမှ မသင်ယူဖူးပေ။ သူ၏ လက်ချောင်းများကို ကုချင်းကြိုးများပေါ်သို့ တင်လိုက်သည့်အခါ သူ၏ လက်ဆယ်ချောင်းစလုံးက စီးဆင်းနေသော ရေကဲ့သို့ ချောမွေပြေပြစ်စွာ လှုပ်ရှားသွားသည်။ သူ၏ လက်ချောင်းများက ကုချင်းကြိုးကိုးချောင်းပေါ်မှာ မြန်ဆန်သွက်လက်စွာ လှုပ်ရှားသွားသည်။ သူ၏ တီးခတ်မှုက စီးချက်မညီပေ။ သို့သော်လည်း ကုချင်းအသံက ဆက်တိုက် ထွက်ပေါ်နေပြီး အချင်းချင်း ပေါင်းစပ်သွားသည်။ ထိုအခါ ထူးခြားဆန်းကြယ်သော တေးသွားတစ်ခု ဖြစ်ပေါ်လာသည်။
ထိုတေးသွားမှာ နာမည်မရှိပေ။ သို့သော်လည်း ယင်းက သီရှီထျန်၏ နှလုံးသားစေညွှန်းမှုအတိုင်း ရွေ့လျားနေသည်။
အဆုံးမဲ့သော ဝမ်းနည်းစိတ်က ကုချင်းအသံနှင့်အတူ စတင်ပျံ့နှံ့သွားသည်။ ယင်းက ကုချင်းအသံကို တမူထူးခြားသော ကိုယ်ပိုင်ဆွဲဆောင်မှု ရှိစေသည်။ သို့ဖြစ်၍ ကုချင်းအသံ ပျံ့လွင့်သွားသည့်အခါ ယင်းက လွမ်းချင်းတေးသွား ဖြစ်လာသည်။
“ ဟူး လား လား ”
သိမ်မွေ့ညင်သာသော လေပြေက မြေကြီးထံမှ တိုက်ခတ်လာသည်။ လေသည်လည်း ဝမ်းနည်းဖွယ်ကောင်း၏။
လေသည် ပုံမှန်မဟုတ်ဘဲ သိမ်မွေ့ညင်သာသည်။ သို့သော်လည်း လေပြေက သွေးတိမ်တိုက်ကို တိုက်ခတ်သွားနေစဉ် လေထဲမှာ ကိန်းအောင်းနေသော ဝမ်းနည်းစိတ်က အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားဟန် ရ၏။ ယင်းက သူ့အပေါ်သို့ ကျဆင်းလာနေသော သွေးတိမ်တိုက်ကို အတင်းအဓမ္မ ခုခံတားဆီးလိုက်သည်။
ထိုမျှသာ မဟုတ်ပေ။ လေပြေက သွေးတိမ်တိုက်ကို အနောက်သို့ ပြန်တွန်းထုတ်လိုက်သည်။
“ မိုးကောင်းကင်က ဝမ်းနည်းဖို့ကောင်းတယ်… ကမ္ဘာမြေကြီးက ဝမ်းနည်းဖို့ကောင်းတယ်… အမတတွေနဲ့ နတ်ဘုရားတွေက ဝမ်းနည်းဖို့ကောင်းတယ်… လူသားတွေနဲ့ တစ္ဆေသရဲတွေကလည်း ဝမ်းနည်းဖို့ကောင်းတယ်… ”
သီရှီထျန်၏ စကားသံက လေနှင့်အတူ ပျံ့လွင့်သွားသည်။
လေသည် တစ္ဆေအော်ငိုနေသည့်အလား ကျောချမ်းဖွယ်ကောင်းသော ငိုသံကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ယံတွင် အလင်းရောင်က မှေးမှိန်သွားသည်။ ကောင်းကင်သည် ငိုကြွေးနေသည်။
မြက်ပင်များ၊ သစ်ပင်ကြီးများ၊ မြေကြီးနှင့် ကျောက်တုံးများက မှောင်ရိပ်ဖုံးလွှမ်းခံလိုက်ရသည်။ ကမ္ဘာမြေကြီးသည်လည်း ဝမ်းနည်းနေသည်။
သီရှီထျန်က သူ့ကိုယ်ပိုင်ဝမ်းနည်းစိတ်ကို အသုံးပြု၍ ကုချင်းအသံကို ထုတ်ဖော်လိုက်သည်။ ကုချင်းအသံက သူ့နှလုံးသား၏ စေညွှန်းမှုအတိုင်း လွမ်းချင်းတေးသွားအဖြစ် ပြောင်းလဲသွားသည်။ ယင်းက မိုးမြေထဲမှ အရာအားလုံးကို ဝမ်းနည်းစေသည်။
“ မဟုတ်ဘူး… အဲ့လိုမဖြစ်ရဘူး… ဘာလို့ ငါက ရုတ်တရက် ဝမ်းနည်းလာတာလဲ… ငါ ငါ မငိုချင်ဘူး… ဘာလို့လဲ… ဘာလို့ အဲ့လိုဖြစ်ရတာလဲ ”
ရွှဲယင်ရီက သူ၏ မျက်လုံးကို လက်ဖြင့် သုတ်လိုက်သည်။ သူ၏ လက်က မျက်ရည်စများဖြင့် ရွှဲစိုနေသည်။ သူက အံ့ဩထိတ်လန့်သွားသည်။ သူက ရက်စက်ကြမ်းကြုတ်သူဖြစ်လေရာ အလွယ်တကူ ဝမ်းမနည်းတတ်သကဲ့သို့ မျက်ရည်လည်း မကျတတ်ပေ။
သို့သော်လည်း ယခု ကုချင်းအသံကို သူကြားလိုက်ရသည့်အခါ ဖော်မပြနိုင်သော ဝမ်းနည်းမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အလိုအလျောက် ဝမ်းနည်းလာပြီး ငိုချင်လာသည်။ ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။
ယင်းက အလွန်ထူးဆန်းသည်။ ထို့ကြောင့် သူက သီရှီထျန်ကို တစ္ဆေသရဲတစ်ကောင်နှယ် အံ့ဩစွာ ကြည့်လိုက်သည်။
ထိုသို့ထူးဆန်းသောအရာက သူ့ဆီမှာ ဖြစ်ပေါ်လာလိမ့်မည်ဟု တစ်ခါမှ သူမစဉ်းစားဖူးပေ။
“ သခင်လေး… ဒီကုချင်းအသံက ကြောက်စရာကောင်းတယ်… ဘာကြောင့်လဲ ကျွန်တော်မသိဘူး… ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်တဲ့အထိ ဝမ်းနည်းလာတယ် ”
ရွှဲအာ၏ မျက်လုံးထဲမှာ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှု ထွက်ပေါ်လာသည်။ ဤလောကတွင် သူမလိုချင်ဆုံးအရာက သေဆုံးခြင်းဖြစ်သည်။ သို့သော်လည်း သူနားမလည်နိုင်သော အကြောင်းအရင်းတချို့ကြောင့် ယခု သူက အလွန်ဝမ်းနည်းလာပြီး သူ့ဘဝကို ကိုယ်တိုင် အဆုံးသတ်ပစ်ချင်လာသည်။
ကြောက်စရာကောင်းသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ သခင်လေး… ဒီနေရာကနေ အမြန်ထွက်သွားရအောင် ”
ရွှဲသက တုန်တုန်ယင်ယင် ပြောသည်။ ဤနေရာမှာ အချိန်ကြာကြာ ဆက်နေလျှင် မကောင်းသော တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်ဟု သူခံစားမိနေသည်။
“ မရဘူး… ငါတို့ထွက်သွားလို့ မရတော့ဘူး ”
ရွှဲယင်ရီ၏ မျက်နှာပေါ်မှာ ခါးသီးသောအမူအရာ ထွက်ပေါ်လာသည်။ သူသည်လည်း ဤနေရာမှ ထွက်သွားချင်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ဤနေရာမှာ အမြစ်တွယ်နေသည်။ သူက ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပေ။
“ ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ဝမ်းနည်းတယ် ”
စကားလုံးသုံးလုံးက သီရှီထျန်၏ ပါးစပ်ထဲမှ တရစပ် ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်က ဝမ်းနည်းမှု၏ အပြည့်အဝ ထိန်းချုပ်ခံထားရသည်။ သူ့နှလုံးသားထဲမှာ ဝမ်းနည်းမှုသာ ရှိတော့၏။
စကားလုံးသုံးလုံးကို သူရေရွတ်လိုက်သည်နှင့် သူ၏ လက်အောက်မှ ကုချင်းတေးသွားက ပိုပြီးဝမ်းနည်းဖွယ်ကောင်းလာသည်။ လွမ်းချင်းတေးသွားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ဝမ်းနည်းစိတ်ဖြင့် သက်ရောက်ခံလိုက်ရသည်။
ကျောက်ဆောင်ကျောက်တုံးများက ယင်းတို့ဘာသာ ပြိုကွဲသွားသည်။ မြစ်ပင်များနှင့် သစ်ပင်များ၏ အသက်ဓာတ်က ချက်ချင်း ကုန်ခမ်းသွားသည်။ သူတို့က အလွန်ဝမ်းနည်းသောကြောင့် သူတို့၏ ကိုယ်ပိုင်အသက်ဓာတ်ကို ငြိမ်းသတ်လိုက်ကြသည်။ သူတို့ဆီမှာ ဝမ်းနည်းစိတ်မှလွဲ၍ မည်သည့်အရာမှ မရှိတော့ပေ။
“ အား… အား… အား ”
ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာကြသည်။
ရွှဲယင်ရီနှင့် သူ၏ နောက်လိုက်နှစ်ယောက်သည် သူတို့ဘာသာ လက်မြှောက်လိုက်ပြီး ဦးခေါင်းထိပ်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်ကြသည်။ ထိုလက်ဝါးရိုက်ချက်ထဲမှာ ဝိညာဉ်စွမ်းအားအပြည့် ပါဝင်နေသည်။ ထို့ပြင် သူတို့က ဦးခေါင်းကို မည်သည့်အကာအကွယ်မှ မပြုလုပ်ထားကြပေ။ ထို့ကြောင့် သူတို့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူတို့၏ ဦးခေါင်းက နေရာမှာ ပေါက်ကွဲသွားသည်။
ထိုသို့ဖြင့် အစွမ်းထက်ကျင့်ကြံသူသုံးယောက်က တစ်ပြိုင်နက် သေဆုံးသွားကြသည်။ သူတို့ထဲမှ တစ်ယောက်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သည်။ သို့တိုင် သူက သေဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေမှာ သီရှီထျန်က မည်မျှအံ့ဖွယ်ကောင်းပြီး အစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်၏။
ရွှဲယင်ရီနှင့် သူ၏ နောက်လိုက်နှစ်ယောက်သည် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် သေဆုံးသွားကြသည်။ အမှန်မှာ သူတို့က အလွန်ဝမ်းနည်းသောကြောင့် ကိုယ့်ဘဝကို ကိုယ်တိုင် အဆုံးသတ်ပစ်လိုက်ကြသည်။
သို့သော်လည်း ရွှဲယင်ရီ သေဆုံးသွားသည့်အခိုက် သူ၏ လည်ပင်းမှာ ဆွဲထားသော ကျောက်စိမ်းပြားက သွေးနီရောင်ပုံရိပ်တစ်ခု၏ ဝင်ရောက်ပူးကပ်ခံလိုက်ရဟန် ရ၏။ ထို့နောက် ကျောက်စိမ်းပြားသည် သိမ်မွေ့ညင်သာသော ကျောက်စိမ်းအလင်းကို ထုတ်လွှတ်၍ အချုပ်အနှောင်မှ လွတ်မြောက်ရန် ကြိုးစားသည်။ နောက်အခိုက်အတန့်မှာ ယင်းက အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဤနေရာမှ အဝေးသို့ ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ပုံရိပ်ယောင်တံခါးအရှေ့သို့ ရောက်ရှိသွားပြီး အထဲသို့ တုံ့ဆိုင်းမနေဘဲ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ ကျောက်စိမ်းပြားက ပျောက်ကွယ်သွားသည်။
ဤသည်မှာ ထိုအဖြစ်အပျက်က လုံးဝ မဖြစ်ပျက်ခဲ့သည့်အလားပင်။
ကျောက်စိမ်းပြားသည် ပုံရိပ်ယောင်တံခါးမှတဆင့် ကုချင်းဘုံထဲမှ တိုက်ရိုက် ထွက်သွားသည်။ ယင်းက အဝေးသို့ တိတ်တဆိတ် ထွက်ပြေးသွားသည်။
အခန်း(၂၀၁)
“ ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ဝမ်းနည်းတယ် ”
ကုချင်းအသံက ရပ်တန့်သွားသည်။ သီရှီထျန်၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ခရမ်းရောင်အလင်းကို ရုတ်တရက် ထုတ်လွှတ်ပေးလိုက်သည်။ ခရမ်းရောင်အလင်းက ရွှဲယင်ရီနှင့် တခြားလူနှစ်ယောက်ပေါ်သို့ ကျဆင်းသွားသည်။ ထူးဆန်းသည်မှာ လူသုံးယောက်ရှိသည့်အနက် ဝိညာဉ်နှစ်ကောင်သာလျှင် ထွက်ပေါ်လာပြီး ခရမ်းရောင်ဘုရင်အမှတ်အသား၏ စုပ်ယူခံလိုက်ရသည်။ အလောင်းသုံးလောင်းသည်လည်း အသနားမခံရပေ။ ယင်းတို့က မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ စုပ်ယူခံလိုက်ကြရသည်။
ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။
သို့သော်လည်း သီရှီထျန်၏ မျက်လုံးထဲမှာ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့သော ဝမ်းနည်းမှုကို ထုတ်လွှတ်နေသည်။ သူက မသိစိတ်ဖြင့် အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။ သူက သုံးကြိမ်သက်ပြင်းချလိုက်သည်။
သူက သက်ရှိဖုတ်ကောင်ပမာ ဦးတည်ချက်မဲ့စွာ လျှောက်နေသည်။ သူလမ်းလျှောက်နေစဉ် သူ့အား ဗဟိုပြုထားသော အချင်းဆယ်မီတာအတွင်း၌ ဝမ်းနည်းဖွယ်ကောင်းသော အရှိန်အဝါက အလွန်အားကောင်းစွာ သိပ်သည်းနေသည်။ အချင်းဆယ်မီတာအတွင်းမှ သက်ရှိသက်မဲ့အရာမှန်သမျှက ဝမ်းနည်းသွားကြသည်။
မည်သည့်နေရာသို့ သူလျှောက်သွားပါစေ ဝမ်းနည်းမှုက ပျံ့နှံ့သွားသည်။
သီရှီထျန်က သူ့ကိုယ်ပိုင်အသိစိတ်ကို ဆုံးရှုံးသွားသည်။ ယခု သူ၏ အသိစိတ်ကို ဝမ်းနည်းမှုက ထိန်းချုပ်နေသည်။ ယေဘုယျအားဖြင့်ဆိုရသော် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ စွမ်းအားကို မိစ္ဆာသွေးကြောထဲသို့ ပေါင်းထည့်ရန် စက်ကရာ ဆုံးဖြတ်ခဲ့ခြင်းသည် အနည်းငယ် အလျင်လိုသည်။ တစ်ခုသိထားရမည်မှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည် ဤလောကထဲမှ သက်ရှိအားလုံး ထုတ်လွှတ်နေသော သဏ္ဍာန်မဲ့စွမ်းအား ဖြစ်သည်။
ယင်းကို တပ်မက်မှု သို့မဟုတ် စိတ်ဆန္ဒဟု ဆိုနိုင်၏။
မိစ္ဆာမျိုးနွယ်စု၏ အစွမ်းထက်ဆုံးဖြစ်သော မဟာမိစ္ဆာများသည်ပင် ထိုသို့အရာကို မထိဝံ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နတ်ဆိုးဆန်သည်။ လိုအင်ဆန္ဒစွမ်းအင်သည် မရေမတွက်နိုင်သော လူများ၏ လိုချင်တပ်မက်မှု ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုလိုချင်တပ်မက်စိတ်၏ ထိန်းချုပ်ခံလိုက်ရလျှင် နောက်ဆက်တွဲက ခန့်မှန်းမရအောင် ကြောက်စရာကောင်းလိမ့်မည်။
သေးငယ်သော အမှားလေးတစ်ခုကပင် သူတို့ကို အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားစေပြီး ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားစေလိမ့်မည်။
ထိုသူက လိုအင်ဆန္ဒထဲမှ မည်သည့်အခါမှ ပြန်နိုးလာမည်လဲ မည်သူသိမည်နည်း။ အမြဲထာဝရ ပြန်မနိုးလာခြင်းလည်း ဖြစ်နိုင်ပေသည်။ ရှေးခေတ်တွင် စက်ကရာကဲ့သို့ လိုအင်ဆန္ဒစွမ်းအင်ကို အသုံးပြုချင်သော ပုဂ္ဂိုလ်များ ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်အားလုံးက အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ ထာဝရ အိပ်ပျော်သွားကြသည်။ တချို့ဆိုလျှင် အသိစိတ်မဲ့သော နတ်ဆိုးများ ဖြစ်လာကြသည်။ သူတို့ထဲမှာ မည်သူမှ အဆုံးသတ်မလှခဲ့ပေ။
သီရှီထျန်သည် စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို မိစ္ဆာသွေးကြောထဲသို့ ပေါင်းထည့်ရန် စိတ်ဆုံးဖြတ်လိုက်စဉ်တွင် ယင်းက အန္တရာယ်တစ်စုံတစ်ရာ ရှိနိုင်ကြောင်း သူမှန်းဆခဲ့သည်။ ထို့ကြောင့် သူက အန္တရာယ်ဖြစ်နိုင်ခြေကို လျော့ချရန် ဝမ်းနည်းမှုတစ်ခုတည်းကိုသာ ဆွဲထုတ်၍ မိစ္ဆာသွေးကြောထဲသို့ ပေါင်းထည့်ခဲ့သည်။
အစတွင် အမှန်တကယ် အဆင်ပြေခဲ့သည်။ အရာအားလုံးက ပုံမှန်ဖြစ်သည်။
“ မရီဒျန်ဖျက်ဆီးခြင်း ” “ မရီဒျန်ထုဆစ်သန့်စင်ခြင်း ” “ သွေးကြောပြောင်းလဲခြင်း ”နှင့် “ သွေးကြောဖွဲ့စည်းခြင်း ”ဟူ၍ အဆင့်လေးဆင့် ရှိသည်။ အဆင့်တစ်ဆင့်စီသည် အလွန်အန္တရာယ်များသည်။
“ သွေးကြောပြောင်းလဲခြင်း ”တွင် ဝမ်းနည်းခြင်းစွမ်းအားကို မိစ္ဆာသွေးကြောနှင့် အတူတကွ ပေါင်းစပ်ရန် လုပ်ဆောင်ရသည်။ ထိုနှစ်ခုကို လုံးဝ ခွဲမရအောင် တစ်သားတည်း ဖြစ်စေရမည်။ သို့မှသာ မိစ္ဆာသွေးကြောထဲတွင် ဝမ်းနည်းခြင်းစွမ်းအား ဖွဲ့စည်းသွားလိမ့်မည်။ အားလုံး ပြီးမြောက်သွားသည့်အခါ မိစ္ဆာသွေးကြောက မင်ရည်ကဲ့သို့ နက်မှောင်သွားလိမ့်မည်။
ထိုမိစ္ဆာသွေးကြောသည် ဒြပ်ထည်ရှိသော အရည်မှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ယင်းက သေးသွယ်ပြီး အလွန်မာကျောသည်။
မိစ္ဆာသွေးကြောဖွဲ့စည်းသွားသည်နှင့် သီရှီထျန်သည် သွေးမျိုးဆက်အမွေအနှစ်၏ ညွှန်ကြားချက်များအတိုင်း မိစ္ဆာသွေးကြောကို မိစ္ဆာစံအိမ်၏ အပြင်သို့ စေလွှတ်လိုက်သည်။ အစွန်းတစ်ဖက်က နှလုံးနှင့်ဆက်သွယ်နေပြီး အခြားအစွန်းတစ်ဖက်က မိစ္ဆာစံအိမ်နှင့် ဆက်သွယ်နေသည်။ ထို့ကြောင့် မိစ္ဆာသွေးကြောက မိစ္ဆာစံအိမ်နှင့် တိုက်ရိုက် ဆက်သွယ်သွားသည်။ ထို့နောက် မိစ္ဆာသွေးကြောသည် မူလပုံစံအတိုင်း ဦးခေါင်းမှ အမြှီးအထိ ဆန့်တန်းသွားသည်။
ထိုသို့ဖြင့် ပထမဆုံး မိစ္ဆာသွေးကြောက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းသွားသည်။ သို့သော် လိုအင်ဆန္ဒစွမ်းအင်ကို အသုံးပြု၍ မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းခြင်းက မည်သို့ကြောင့် ထိုမျှလွယ်ကူမည်နည်း။ မိစ္ဆာသွေးကြောသည် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြတ်သန်းသွားပြီးသည်နှင့် မိစ္ဆာခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
မိစ္ဆာသွေးကြောသည် မိုးမြေကြားမှ လိုအင်ဆန္ဒစွမ်းအင်နှင့် တိုက်ရိုက် ဆက်သွယ်သွားသည်။ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးအနက် ဝမ်းနည်းခြင်းစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ ထိုအခါ မိစ္ဆာသွေးကြောထဲမှာ ပုန်းလျှိုးနေသော ဝမ်းနည်းခြင်းစွမ်းအားက လှုံ့ဆော်ခံလိုက်ရပြီး ပေါက်ကွဲသွားကာ သူ့နှလုံးဆီသို့ ဝင်ရောက်သွားသည်။
သီရှီထျန်က မည်မျှစိတ်ခွန်အား ကြီးမားပါစေ လျှို့ဝှက်ဆန်းကြယ်သော ဝမ်းနည်းခြင်းစွမ်းအား၏ ကျူးကျော်လာမှုတွင် နည်းနည်းမှ မခုခံနိုင်ခဲ့ပေ။ သူ၏ အသိစိတ်က ဝမ်းနည်းခြင်းထဲမှာ ချက်ချင်း နစ်မြုပ်သွားသည်။ တစ်နည်းဆိုရသော် သူက လိုချင်တပ်မက်မှု၏ ထိန်းချုပ်ခံလိုက်ရသည်။ သူ၏ အသိစိတ်က အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ တဖြည်းဖြည်း ပျောက်ဆုံးသွားသည်။
ထိုသို့အခြေအနေမှာ သူက မြေကြီးအောက်ထဲမှ ပြန်ထွက်လာသည်။ အပေါ်သို့ သူပြန်တတ်လာသည့်အခိုက် ရွှဲယင်ရီတို့အုပ်စုနှင့် တည့်တည့် တိုးသွားသည်။ သူထုတ်လွှတ်ထားသော ဝမ်းနည်းခြင်းအရှိန်အဝါ၏ သက်ရောက်မှုကြောင့် ရွှဲယင်ရီတို့အုပ်စုက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြသည်။
သို့သော်လည်း ပြဿနာမှာ သီရှီထျန်က ဝမ်းနည်းသော စိတ်ခံစားချက်ထဲမှာ ဆက်လက် နစ်မြုပ်နေဆဲပင်။ ဝမ်းနည်းသော ထိုစိတ်ခံစားချက်က ရှေးခေတ်မှစ၍ နှစ်သန်းပေါင်းများစွာ တည်ရှိနေခဲ့သည်ဟု သူခံစားမိသည်။ ယင်းက မရေမတွက်နိုင်သော သက်ရှိများ၏ နှလုံးသားထဲမှ ပေါ်လျှိုးနေသော ဝမ်းနည်းမှုဖြစ်သည်။ တစ်စုံတစ်ယောက်သည် ထိုသို့အခြေအနေမှ ရုန်းထွက်နိုင်လျှင် ကြီးမားသော အကျိုးအမြတ်များ ရရှိသွားလိမ့်မည်။ သို့သော်လည်း ထိုသို့မလုပ်ဆောင်နိုင်လျှင် သူက ဝမ်းနည်းမှုထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။
ယင်းက လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောနှင့် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်တွင် အကြီးမားဆုံး အန္တရာယ် ဖြစ်သည်။
ကံကောင်းစွာဖြင့် သူက ဝမ်းနည်းခြင်းတစ်မျိုးတည်းကိုသာ ပေါင်းစပ်ခဲ့သည်။ သို့မဟုတ်ဘဲ အကယ်၍ သူသာ စိတ်ခံစားချက်ခုနစ်မျိုးစလုံးနှင့် လိုအင်ဆန္ဒခြောက်မျိုးစလုံးကို ပေါင်းစပ်ခဲ့မည်ဆိုလျှင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ယင်းအစား သူ၏ အသိစိတ်က အရေအတွက်များပြားသော စိတ်ခံစားချက်များ၏ ယိုယွင်းတိုက်စားမှုကြောင့် ပြိုကွဲပျက်စီးသွားလိမ့်မည်။ သူက နေရာမှာ ချက်ချင်း သေဆုံးသွားလိမ့်မည်။
ကုချင်းဘုံ၏ အပြင်ဘက်တွင်… ။
ချင်ရွှမ်းသည် ရွှဲယင်ရီ၏ ကျောက်စိမ်းပြားက ကောင်းကင်ပေါ်သို့ လျှပ်စီးပမာ အလျင်ဖြင့် ပျံသန်းသွားကြောင်း မြင်သွားသည်။ သူက မျက်နှာပျက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ ကုချင်းဘုံထဲမှာ မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာတဲ့ပုံပဲ ”
သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ ထိုကျောက်စိမ်းပြားကို မြင်လိုက်သည့်အခိုက် မည်သို့ဖြစ်ပျက်နေကြောင်း သူနားလည်သွားသည်။
ထိုကျောက်စိမ်းပြားကို သူသိသည်။ ယင်းကို ပုန်းလျှိုးနတ်ဘုရားကျောက်စိမ်းဖြင့် ဖန်တီးသန့်စင်ထားခြင်း ဖြစ်သည်။ ပုန်းလျှိုးနတ်ဘုရားကျောက်စိမ်းသည် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ပြီး စိတ်ထဲသို့ ပြင်ပနတ်ဆိုးများ မဝင်လာရန် တားဆီးပေးသည်။
တစ်စုံတစ်ယောက် အန္တရာယ်ကြုံသည့်အခါ ယင်းက ထိုသူ၏ ကနဦးစိတ်ဝိညာဉ်ကို ဆွဲထုတ်ပေးပြီး ကာကွယ်ပေးသည်။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကတွင် လူအများအပြား လိုချင်တပ်မက်ကြသော ရတနာဖြစ်သည်။ အရေးကြီးအခိုက်အတန့်မှာ ယင်းက တစ်စုံတစ်ယောက်၏ အသက်ကို ယာယီကာကွယ်ပေးနိုင်သည်။
ကံမကောင်းသည်မှာ ထိုသို့ပစ္စည်းကောင်းက အများကြီး မရှိပေ။ ယင်းကြောင့် ပုန်းလျှိုးနတ်ဘုရားကျောက်စိမ်းပြားက တန်ဖိုးအလွန်ကြီးမားသည်။ ယင်းကို ကျင့်ကြံခြင်းလောကမှာ ရှာဖွေရန် အလွန်ခက်ခဲသည်။ ယင်းကို အလွန်အေးခဲသော နေရာဒေသများနှင့် ကျောက်စိမ်းတွင်းကြီးများထဲမှာ ရံဖန်ရံခါ တွေ့ရတတ်၏။ တစ်စုံတစ်ယောက်သည် ယင်းကို ရှာတွေ့သည်နှင့် ရှားပါးရတနာတစ်ခုပမာ ဖွက်ထားကြလိမ့်မည်။
ထိုသို့ရတနာကို ပိုင်ဆိုင်ရန် တစ်စုံတစ်ယောက်ဆီမှာ အလွန်ကြီးမားသော ကံကြမ္မာကောင်း ရှိရမည်။
" အဖေ… ဘာပြဿနာရှိလို့လဲ ”
ကိုတိုမီသည် သူ့ဖခင်၏ မျက်နှာကို သတိထားမိသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက နူးညံ့စွာ မေးသည်။
“ ဘာမှမဖြစ်ပါဘူး… သတိုးသားလောင်းရှာဖွေတဲ့ သတင်းကို ဖြန့်ခဲ့တုန်းက ကုချင်းဘုံထဲ ဝင်ရောက်သွားတဲ့ လူတွေရဲ့ သေခြင်းရှင်ခြင်းကို အာမမခံဘူးလို့ ကြိုတင်အသိပေးခဲ့တယ်… အားလုံးက သူတို့ရဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာ မူတည်တယ်… ကုချင်းချိုင့်ဝှမ်းဆီ ရောက်လာကြတဲ့ လူအားလုံးက ဒီအချက်ကို သိထားပြီးကြတယ်… ဒါကြောင့် ဘာပြဿနာပဲဖြစ်လာပါစေ ငါတို့ချင်မိသားစုကို အပြစ်တင်လို့ မရဘူး ”
ချင်ရွှမ်းသည် ထိုသို့ကိစ္စဖြစ်လာလိမ့်မည်ဟု အစောကြီးကတည်းက သိထားနှင့်သည်။ ထို့ကြောင့် သူက အားလုံးကို ကြိုတင်အသိပေးခဲ့သည်။ ထိုနည်းဖြင့်ဆိုလျှင် အကယ်၍ မတော်တဆမှုတစ်ခု ရှိလာခဲ့သော် ထိုလူငယ်များ၏ နောက်ကွယ်မှ အင်အားစုများက ချင်မိသားစုအပေါ် အပြစ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
“ ဟုတ်တယ်… အဖေ ပြောတာ မှန်တယ်… ကုချင်းဘုံက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… ကုချင်းဘုံထဲက မကောင်းဆိုးဝါးဝိညာဉ်တွေက အရမ်းသန်မာတယ်… သမီးတို့ ချင်မိသားစုရဲ့ တပည့်တွေတောင် ကုချင်းဘုံထဲ မဆင်မခြင် မဝင်ရဲကြဘူး… သူတို့နဲ့တွေ့တဲ့အခါ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲရလိမ့်မယ် ”
“ ဒါပေမဲ့ သူတို့ကို အနိုင်ယူနိုင်မယ်ဆိုရင် တန်ဖိုးကြီးမားတဲ့ ဓမ္မလက်နက်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်… အခွင့်အလမ်းတွေက အန္တရာယ်တွေကြားထဲမှာ ရှိနေတယ်ဆိုတာ ဘယ်သူက မသိလို့လဲ ”
သခင်မချင်သည်လည်း ခေါင်းညိတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ မြစိမ်းကုချင်းကို ဘယ်သူရှာတွေ့မလဲ ငါသိချင်မိတယ် ”
ကိုတိုမီက ခေါင်းမော့လိုက်ပြီး ကုချင်းဘုံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ရိုသေလေးစားသော အကြည့်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့ပြင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ရှိသည်။
တစ်ချိန်တည်းမှာ ဝူတော်ဝင်နန်းတော်၏ ခမ်းနားထည်ဝါသော စံအိမ်တစ်ခုထဲတွင်… ။
အရပ်ရှည်ပြီး နန်းဆန်သော အမျိုးသမီးတစ်ယောက်သည် ရဲရဲတောက် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် စံအိမ်ထဲသို့ အလောတကြီး ပြေးဝင်သွားသည်။ သူက မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသည်။ သူ့အနောက်တွင် ရံချွေတော်လေးယောက်က ကပျာကယာ ပြေးလိုက်လာကြသည်။
“ ဘန်း ”
ကျယ်လောင်သော မြည်သံနှင့်အတူ စာကြည့်ခန်းတံခါးက အတင်းအကျပ် ပွင့်သွားသည်။ ဝတ်စုံနီအမျိုးသမီးသည် ယဉ်ကျေးမှုဓလေ့ကို လျစ်လျူရှုထားလျက် စာကြည့်ခန်းထဲသို့ အတင်းဝင်သွားသည်။
စာကြည့်ခန်းထဲတွင် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ဝတ်စုံနီအမျိုးသမီးကို ထူးဆန်းစွာ ပြုံးပြလိုက်သည်။ ဤသည်မှာ သူက ထိုသို့ဖြစ်လာလိမ့်မည်ဟု ကြိုမျှော်လင့်ထားသည့်အလားပင်။
“ တော်ဝင်အမတော်… ဘာလို့ မင်းရောက်လာမယ်ဆိုတာ ကြိုမပြောတာလဲ… မဟုတ်ရင် ငါအပြင်ထွက်လာပြီး ကြိုဆိုမှာပေါ့ ”
တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်က နူးညံ့စွာ ပြောသည်။
“ ဟွန့်… ဝမ့်ဝူ… ဒီလောက်ကိစ္စကြီး ဖြစ်သွားတာ နင်ငါ့ကို ဘာလို့ ဘာမှမပြောတာလဲ… အဲ့ဒီနေ့က နင်တို့ပြောနေတာကို ငါ နားစွန်နားဖျား ကြားခဲ့လို့မဟုတ်ရင် အဲ့ဒီကိစ္စကို ဘယ်လောက်ကြာတဲ့အထိ နင်ငါ့ကို ဖုံးကွယ်ထားမှာလဲ… နင်က ငါ့ကို အမတော်လို့ သတ်မှတ်သေးရဲ့လား… တတိယမောင်လေးက နင့်ကို သတ်ဖို့ လူလွှတ်ရဲတယ်လား ”
ဝတ်စုံနီအမျိုးသမီး၏ မျက်လုံးထဲမှာ ဒေါသအခိုးအငွေ့ဖြင့် ပြည့်နှက်နေသည်။ ရှင်းလင်းစွာပင် သူက အလွန်ဒေါသထွက်နေသည်။
တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်က ယင်းကို ကြားသောအခါ ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
“ အဲ့ဒီလိုကိစ္စက တကယ်ပဲ ဖြစ်ခဲ့ပါတယ်… ဒါပေမဲ့ ပြီးပြီးသားကိစ္စတွေကို ပြန်ပြောနေလို့ ဘာအကျိုးမှ မရှိပါဘူး… တော်ဝင်အမတော် မစိုးရိမ်ပါနဲ့… တတိယညီတော်က ငါ့ကို အရင်လာတိုက်ခိုက်မှတော့ သူ့ရဲ့ အကိုတော်အနေနဲ့ ငါသူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး… ဒီကိစ္စအတွက် ငါ့မှာ အစီအစဉ်ရှိပါတယ် ”
သူ၏ မျက်နှာပေါ်တွင် ယုံကြည်ချက်ပြည့်ဝသော အမူအရာ ထွက်ပေါ်လာသည်။
“ ဘာအစီအစဉ်လဲ ”
ယင်းကို ကြားသောအခါ ဝတ်စုံနီအမျိုးသမီးက စူးစမ်းသိလိုစိတ် ဖြစ်ပေါ်လာသည်။ သူက ချက်ချင်း မေးသည်။