အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အခန်း(၂၀၂)
“ သူက အရင်စတိုက်ခိုက်ခဲ့မှတော့ ငါ့ကို အကြင်နာမဲ့တယ်လို့ မပြောရဘူး ”
ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာက လူငယ်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အေးစက်စက် ပြောသည်။
“ တတိယညီတော်က လောကဝတ်ပြုခန်းမက လူတွေကို မှီခိုအားထားနေရုံပါပဲ… သူက လောကဝတ်ပြုခန်းမက အကြီးအကဲတွေနဲ့ သဘောတူညီမှု ရရှိပြီးသွားပြီ… ဒီလိုဆိုမှတော့ လောကဝတ်ပြုခန်းမကို ဘာလို့ မဖျက်ဆီးပစ်ရမှာလဲ… လောကဝတ်ပြုခန်းမမရှိရင် ငါ့ရဲ့ တတိယညီတော်က ဘာကို အားကိုးဦးမလဲ ငါကြည့်မယ် ”
တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်သည် ဟွာဝမ့်ဝူမှလွဲ၍ တခြားမဟုတ်ပေ။ ဝတ်စုံနီအမျိုးသမီးသည် ဝူတိုင်းပြည်၏ မင်းသမီးလေး ဟွာယွဲ့အာ ဖြစ်သည်။ ဟွာဝမ့်ဝူနှင့် ဟွာယွဲ့အာက အမိအဖ တစ်ဦးတည်းမှ ဆင်းသက်လာသော သွေးသားရင်းချာ မောင်နှမများ ဖြစ်သည်။ ထို့ကြောင့် သူတို့က အလွန်ရင်းနှီးကြသည်။ ဤတစ်ကြိမ်တွင် ဟွာဝမ့်ဝူ လုပ်ကြံခံခဲ့ရကြောင်း ဟွာယွဲ့အာ ကြားသွားသောအခါ သူက အလွန်ဒေါသထွက်သွားပြီး စံအိမ်သို့ အပြေးအလွှား ရောက်လာခဲ့သည်။
ဟွာယွဲ့အာက ထူးဆန်းသော အမူအရာကို ထုတ်ဖော်လိုက်ပြီး ပြောသည်။
“ ဝမ့်ဝူ… လောကဝတ်ပြုခန်းမရဲ့ အကြီးအကဲတွေက ကျင့်ကြံသူတွေဆိုတာ နင်မသိဘူးလား… သူတို့က သိုင်းပညာရှင်တွေ မဟုတ်ဘူး… လောကဝတ်ပြုခန်းမကို တိုက်ခိုက်ဖို့အတွက် ငါတို့မှာ ဘယ်လိုလုပ် အင်အားရှိမှာလဲ… နင် သူတို့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ ”
ဝတ်စုံနီအမျိုးသမီး၏ စကားအရ သူက ဝမ့်ဝူကို မယုံကြည်ဟန် ရ၏။
ယင်းကို ဟွာဝမ့်ဝူကြားသောအခါ သူက ခေါင်းမော့လိုက်သည်။ ကြောက်ရွံ့ရိုသေသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လေးနက်စွာ ပြောသည်။
“ တော်ဝင်အမတော် ဘာမှမစိုးရိမ်ပါနဲ့… ငါဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်သာ ရောက်လာမယ်ဆိုရင် လောကဝတ်ပြုခန်းမက အဲ့ဒီအကြီးအကဲတွေအားလုံး ချက်ချင်း အသတ်ခံရလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဝူတိုင်းပြည်ရဲ့ ဆက်ခံသူအစစ်အမှန်က ဘယ်သူလဲဆိုတာ ငါ့ရဲ့ တတိယညီတော်ကို အသိပေးမယ် ”
သူက သီရှီထျန်အကြောင်း အများကြီး မပြောပြပေ။ ယင်းက သူ၏ အကြီးမားဆုံး ဝှက်ဖဲကတ် ဖြစ်သည်။ ထို့ကြောင့် သူက သီရှီထျန်အကြောင်း တခြားလူများကို အလွယ်တကူ ထုတ်ပြောမည် မဟုတ်ချေ။
“ ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ဝမ်းနည်းတယ် ”
ကုချင်းဘုံထဲတွင် ဝမ်းနည်းဖွယ်ကောင်းသော အသံက တောအုပ်ထဲမှာ ပဲ့တင်ထပ်နေသည်။ ဝမ်းနည်းခြင်းအရှိန်အဝါက လေနှင့်အတူ ပျံ့နှံ့သွားသည်။ ထိုအသံထဲမှာ အဆုံးမဲ့သော ဝမ်းနည်းမှု ကိန်းအောင်းနေဟန် ရ၏။ တစ်စုံတစ်ယောက်သည် ယင်းကို ကြားသွားလျှင် အလိုအလျောက် မျက်ရည်ကျသွားလိမ့်မည်။
ဝတ်စုံနက် ပုဂ္ဂိုလ်တစ်ယောက်သည် အဆုံးမဲ့သော ဝမ်းနည်းမှုဖြင့် ဖုံးလွှမ်းခံထားရလျက် တောအုပ်ထဲမှာ လမ်းလျှောက်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဝမ်းနည်းမှုမှလွဲ၍ တခြားမည်သည့်အရာမှ မရှိပေ။
မည်သည့်နေရာသို့ သူသွားပါစေ ဝမ်းနည်းသော အရှိန်အဝါက ပျံ့နှံ့သွားလိမ့်မည်။ ထို့ပြင် ယင်းက ဘေးပတ်ဝန်းကျင်မှ အရာဝတ္ထုများထဲသို့ စိမ့်ဝင်သွားနိုင်သည်။ ထို့ကြောင့် သူဖြတ်သန်းသွားသည့် နေရာတိုင်းမှ သက်ရှိသက်မဲ့အားလုံးက ဝမ်းနည်းသွားကြသည်။ ယင်းက ကုချင်းဘုံထဲမှ မူလက သက်ဝင်လှုပ်ရှားနေသော လေထုနှင့် ဆန့်ကျင်ဘက် ဖြစ်၏။
သီရှီထျန်၏ အသိစိတ်သည်လည်း အကန့်အသတ်မဲ့သော ဝမ်းနည်းမှု၏ ယိုယွင်းတိုက်စားခံနေရသည်။ သူ့မှာ ကိုယ်ပိုင်အသိစိတ် မရှိတော့ပေ။ သူက “ ဝမ်းနည်းတယ် ”ဟူသော စကားလုံးကို ပါးစပ်မှ ရေရွတ်နေလျက် ခြေဦးတည်ရာ လျှောက်သွားနေသည်။
သူစကားပြောလိုက်သည့်အခါတိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဝမ်းနည်းမှုက ပိုပြီးသိပ်သည်းသွားသည်။
“ အကိုကျန်း အဲ့ဒီကို မြန်မြန် ကြည့်စမ်း… သူက ဘယ်သူလဲ… သူက ငါတို့လို ပြင်ပကျင့်ကြံသူတစ်ယောက်လား ”
“ ငါလည်း မသေချာဘူး… သူ့ပုံစံကြည့်ရတာ ထူးဆန်းတယ်… သူက တစ်ခုခုတော့ ပုံမှန်မဟုတ်နေဘူး ”
“ မဟုတ်မှ သူက အရူးလား… ဒါလည်း မဖြစ်နိုင်ဘူး… ကုချင်းဘုံထဲမှာ ဘယ်လိုလုပ် အရူးတစ်ယောက် ရှိနေမှာလဲ ”
ထိုအခိုက်အတန့်မှာ စက်ကရာနှင့် မနီးမဝေးတွင် ကျင့်ကြံသူနှစ်ယောက်က မတ်တတ်ရပ်နေကြသည်။ သူတို့က စက်ကရာကို စိုက်ကြည့်နေကြသည်။ ရှင်းလင်းစွာပင် ဤတောအုပ်ထဲမှာ ဦးတည်ရာမဲ့စွာ လျှောက်သွားနေသော ထိုဝတ်စုံနက်ပုဂ္ဂိုလ်ကို သူတို့စိတ်ဝင်စားကြသည်။ ထို့ကြောင့် သူတို့က တစ်ယောက်ကိုတစ်ယောက် ထူးဆန်းစွာ ကြည့်၍ ဆွေးနွေးကြသည်။ သူတို့က ဇဝေဇဝါဖြစ်သွားကြသည်။
သူတို့နှစ်ယောက်သည် သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့က ကုချင်းဘုံထဲမှာ ယခုအချိန်ထိ အသက်ရှင်နေသေးလေရာ လက်ရွေးစင်ကျင့်ကြံသူများဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ပြင် သူတို့က ဤဆယ်ရက်အတွင်းမှာ ကုချင်းဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ပိုပြီးကောင်းမွန်စွာ နားလည်သွားကြသည်။
မကောင်းဆိုးဝါးဝိညာဉ်များ၏ အဆက်မပြတ် တိုက်ခိုက်မှုများက သူတို့ကို ပင်ပန်းနွမ်းနယ်စေသည်။ ပိုပြီးကြောက်စရာကောင်းသည်မှာ ထူးဆန်းသော လက်နက်သန္ဓေသားများအတွက် ကျင့်ကြံသူအချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြသော တိုက်ပွဲများ ဖြစ်သည်။
ဤဆယ်ရက်အတွင်းမှာ ကုချင်းဘုံထဲ၌ ကျင့်ကြံသူမည်မျှ အသတ်ခံလိုက်ရကြောင်း မည်သူသိနိုင်မည်နည်း။
ထို့ကြောင့် သီရှီထျန်၏ ထူးဆန်းသော အခြေအနေက ထိုကျင့်ကြံသူနှစ်ယောက်၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
“ ဘာပဲဖြစ်ဖြစ် ငါတို့ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ လက်နက်သန္ဓေသားနှစ်ခုက အစွမ်းထက်ကျင့်ကြံသူတွေရဲ့ လုယက်ခံလိုက်ရတယ်… ငါတို့အရှေ့က အဲ့ဒီလူဆီမှာ လက်နက်သန္ဓေသားတွေ ရှိလောက်တယ်… အဲ့ဒီလက်နက်သန္ဓေသားတစ်ခုကို အပြင်မှာ ဝိညာဉ်ကျောက်တုံးတစ်သောင်းနဲ့ ရောင်းချနိုင်တယ်လို့ ငါကြားဖူးတယ်… ဘာလို့ တခြားလူတွေဆီကနေ ငါတို့ပြန်မလုရမှာလဲ ”
“ ဟုတ်တယ်… သူရူးနေတာလား ဟန်ဆောင်နေတာလား ဘယ်သူက ဂရုစိုက်လို့လဲ… အရင်ဆုံး သူ့ဆီကနေ လုယက်ရမယ် ”
သူတို့နှစ်ယောက်၏ ပြောစကားများက မသေမျိုးကျင့်ကြံခြင်းလောက၏ ‘ သန်မာသူသာ အနိုင်ရစတမ်း ’ဟူသော ဥပဒေကို ဖော်ပြလိုက်သည်။ ခွန်အားနည်းသူသည် ခွန်အားကြီးမားသူ၏ သားကောင်ဖြစ်လာလိမ့်မည်။ ယင်းက မည်သည့်နေရာမှာမဆို အတူတူ ဖြစ်သည်။ မသေမျိုးကျင့်ကြံခြင်းလောကသည်ပင် ချွင်းချက်မဟုတ်ပေ။
မသေမျိုးကျင့်ကြံခြင်းလောကတွင် စည်းမျဉ်းအများကြီး မရှိပေ။ ခွန်အားပိုကြီးမားသူ၏ စကားက အမှန်ဖြစ်သည်။
သူတို့နှစ်ယောက်သည် ဆွေးနွေးတိုင်ပင်ပြီးနောက် သီရှီထျန်၏ ဦးတည်ရာဆီသို့ ပြိုင်တူ ပြေးသွားသည်။ သူတို့က လက်ထဲမှာ ဓားချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကြသည်။ တစ်ချိန်တည်းမှာ ဝိညာဉ်မှော်အဆောင်တချို့က ဝိညာဉ်အလင်း တောက်ပသွားသည်။
အရာအားလုံးက အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်။ ရှင်းလင်းစွာပင် သူတို့က အတွေ့အကြုံကြွယ်ဝသော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ်မှာ ဖြစ်ကြသည်။
“ ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ”
သီရှီထျန်သည် ထိုကျင့်ကြံသူနှစ်ယောက်က မကောင်းသော အကြံအစည်ဖြင့် သူ့ထံသို့ တိုက်ခိုက်လာကြောင်း သတိထားမိသွားဟန် ရသည်။ သူက ခေါင်းမော့လိုက်ပြီး သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။ ဝမ်းနည်းကြေကွဲသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ပါးစပ်မှ “ ဝမ်းနည်းတယ် ”ဟု တီးတိုးရေရွတ်လိုက်သည်။
ထိုစကားလုံးကို ကျင့်ကြံသူနှစ်ယောက် ကြားသွားသည့်အခိုက် သူတို့က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားမိသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က လေထဲမှာ ရုတ်ချည်း ရပ်တန့်သွားသည်။ ယင်းက အလွန်ထူးဆန်းသည်။
ဝမ်းနည်းကြေကွဲသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ အတိတ်၌ သူတို့ကြုံတွေ့ခဲ့သော ဝမ်းနည်းဖွယ်အဖြစ်အပျက်များက သူတို့၏ စိတ်ထဲမှာ စုပြုံထွက်ပေါ်လာသည်။ သူတို့က ဝမ်းနည်းဖွယ်ကောင်းသော ထိုမှတ်ဉာဏ်များထဲမှာ အလိုအလျောက် နစ်မြုပ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က ဝမ်းနည်းဖွယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူတို့က လေထဲမှာ ရပ်နေရင်း ဝမ်းနည်းသွားကြသည်။
သီရှီထျန်သည် တခြားမည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ချေ။ သူက ခြေဦးတည်ရာ လျှောက်သွားသည်။ သူက တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကျင့်ကြံသူနှစ်ယောက်သည် သီရှီထျန်၏ ထွက်ခွာမှုကို လုံးဝ သတိမထားမိကြချေ။ ယင်းက အလွန်ထူးဆန်းသည်။
အမည်မသိအချိန်ကာလ ကြာမြင့်သွားပြီးနောက် အေးစက်သော လေပြေက တိုက်ခတ်လာသည်။ လေထဲမှာ ရပ်နေသော ကျင့်ကြံသူနှစ်ယောက်သည် ခန္ဓာကိုယ်တုန်ယင်သွားပြီး ပြန်နိုးလာကြသည်။ သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေရာ တစ်ဖက်လူက တုန်လှုပ်ချောက်ချားနေကြောင်း မြင်တွေ့သွားကြသည်။ အစောနက အခြေအနေက အလွန်ထူးဆန်းသည်။
နောက်ထပ် ငါးရက်ကုန်ဆုံးသွားသည်။
ထိုငါးရက်အတွင်းမှာ ကျင့်ကြံသူအများအပြားသည် တူညီသော အဖြစ်အပျက်ကို တွေ့ကြုံသွားကြသည်။ သို့ဖြစ်၍ ယခုအချိန်မှာ ကုချင်းဘုံထဲ၌ ထူးဆန်းသော ကောလဟာလတစ်ခု ထွက်ပေါ်လာသည်။ ကောလဟာလအရ ကုချင်းဘုံထဲတွင် “ ဝမ်းနည်းတယ် ”ဟူသော စကားလုံးတစ်လုံးကိုသာ အမြဲတမ်း ရေရွတ်နေသည့် အရူးတစ်ယောက်က ခြေဦးတည်ရာ လျှောက်သွားနေသည်။ ထို့ပြင် တစ်စုံတစ်ယောက်က သူ့နားသို့ ချဉ်းကပ်သွားလျှင် အလိုအလျောက် ဝမ်းနည်းသွားလိမ့်မည်။ ယင်းက အမှန်တကယ် ထူးဆန်းသည်။
ထို့ကြောင့် ကုချင်းဘုံထဲမှ လူများက ထိုသူကို ‘ အရူး ’ဟု သတ်မှတ်လိုက်ကြသည်။
ကုချင်းဘုံထဲတွင် တစ်စုံတစ်ယောက်သည် “ ဝမ်းနည်းတယ် ”ဟူသော စကားလုံးကို ကြားသည်နှင့် အဝေးသို့ ထွက်ပြေးကြလိမ့်မည်။ သူတို့က ထိုအရူးနားသို့ မချဉ်းကပ်သွားဝံ့ကြချေ။ သို့မဟုတ်လျှင် သူတို့က ဝမ်းနည်းဖွယ်အဖြစ်အပျက်များကို ပြန်မြင်ယောင်လာလိမ့်မည်။ ထို့နောက် သူတို့က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားလိမ့်မည်။ ထိုသို့အခြေအနေမျိုးမှာ အကယ်၍ သူတို့က ရန်သူဖြင့် တွေ့ကြုံမည်ဆိုလျှင် သေချာပေါက် အသတ်ခံရလိမ့်မည်။
ထို့ကြောင့် ကုချင်းဘုံထဲမှ ကျင့်ကြံသူအများစုက သီရှီထျန်ကို ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သတ်မှတ်ကြပြီး ဝေးဝေးမှ ရှောင်ကြဉ်ကြသည်။ သူတို့က အရူးနှင့် တွေ့ဆုံမည်ကို ကြောက်ရွံ့ကြသည်။
အမှန်မှာ သီရှီထျန်ထုတ်လွှတ်နေသော ဝမ်းနည်းမှုအရှိန်အဝါက လူတိုင်းအပေါ် သက်ရောက်မှုရှိခြင်း မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက အလုံအလောက် မမြင့်မားလျှင် သို့မဟုတ် သူ၏ စိတ်ခွန်အားက အလုံအလောက် မသန်မာလျှင် သူက ဝမ်းနည်းမှုအရှိန်အဝါ၏ သက်ရောက်ခံရလိမ့်မည်။ ယင်းက အမှန်တကယ် ကြောက်စရာကောင်းသည်။
“ တင်း… တုန်… တင်း… တုန်… ”
သီရှီထျန်နှင့် တခြားလူများ ကုချင်းဘုံထဲသို့ ဝင်ရောက်သွားကြသည်မှာ နှစ်ဆယ့်သုံးရက်မြောက်နေ့သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ကုချင်းဘုံက မည်မျှကျယ်ပြောကြောင်း အတိအကျ သူတို့မသိနိုင်ကြသေးပေ။
သို့သော်လည်း ကျင့်ကြံသူအားလုံးနီးပါးက ထူးဆန်းသော တောအုပ်တစ်ခုထဲမှာ လှည့်ပတ်သွားလာနေကြသည်။ ထိုတောအုပ်ထဲတွင် မကောင်းဆိုးဝါးဝိညာဉ်အရေအတွက်က တခြားနေရာများထက် သိသိသာသာ ပိုများပြားသည်။
အားနည်းသော မကောင်းဆိုးဝါးဝိညာဉ်များသည် နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ အခြေတည်နယ်ပယ် ကျင့်ကြံခြင်းနှင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော မကောင်းဆိုးဝါးဝိညာဉ်များလည်း ရှိသည်။ သူတို့က အလွန်ကြောက်စရာကောင်းသည်။ ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ သူတို့က တစ်ယောက်တည်းရှိမနေဘဲ အုပ်စုဖွဲ့၍ ရှိနေကြသည်။
ထို့ကြောင့် မကောင်းဆိုးဝါးဝိညာဉ်များကို တိုက်ခိုက်ရန် ပြင်ပကျင့်ကြံသူများအတွက် ပိုပြီးခက်ခဲလာသည်။ အကယ်၍ သူတို့ကို တွေ့ဆုံလျှင် သေခြင်းရှင်ခြင်းတိုက်ပွဲကို သေချာပေါက် ဆင်နွှဲရလိမ့်မည်။ ဤအတောအတွင်းမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက မကောင်းဆိုးဝါးဝိညာဉ်များ၏ လက်ချက်ကြောင့် သေဆုံးသွားကြသည်။
ထိုသို့ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးမှာ ယခုအချိန်ထိ အသက်ရှင်နိုင်သူများသည် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီသည် ဤအတောအတွင်းမှာ လုံးဝ ပြောင်းလဲသွားကြသည်။ သူတို့၏ အကျင့်စရိုက်သည်လည်း အတိုင်းအတာတစ်ခုထိ ပြောင်းလဲသွားသည်။
မှန်ပေသည်။ ကုချင်းဘုံထဲမှ သူတို့ထွက်သွားကြသည့်အခါ သူတို့က အနာဂတ်မှာ ကျင့်ကြံခြင်းလောက၏ ထိပ်တန်းလက်ရွေးစင်များ ဖြစ်လာကြလိမ့်မည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန်သည် သူတို့အတွက် ကြီးမားသော စိန်ခေါ်မှု မဟုတ်တော့ပေ။ သူတို့ထဲမှ ပါရမီရှင်တချို့က ဝိညာဉ်သန္ဓေတည်နယ်ပယ်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးကိုပင် ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူတို့က ထိုထက်ပိုမြင့်သော နယ်ပယ်သို့ပင် တတ်လှမ်းနိုင်ကြလိမ့်မည်။
အခန်း(၂၀၃)
ဤအခိုက်အတန့်မှာ ကုချင်းဘုံထဲတွင် ထူးဆန်းသော ကုချင်းအသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကုချင်းဘုံတစ်ခုလုံးကို ပျံ့လွင့်သွားသည်။ ကုချင်းဘုံထဲမှ သက်ရှိအားလုံးက ထိုအသံကို ရှင်းလင်းပီသစွာ ကြားသွားကြသည်။
ကုချင်းအသံသည် သာယာနာပျော်ဖွယ်ကောင်းပြီး ယင်းထဲမှာ သဘာဝတရားနှင့် ငြိမ်းချမ်းမှု ကိန်းအောင်းနေသည်။ ယင်းက တမူထူးခြားသော ဆွဲဆောင်မှုကို ဖြစ်ပေါ်စေသည်။ ကုချင်းဘုံထဲမှ လေထုက ရုတ်တရက် ပြောင်းလဲသွားသည်။ လေက သဘာဝအတိုင်း လတ်ဆတ်လာသည်။
ဤအတောအတွင်း ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ စုဝေးနေသော သတ်ဖြတ်ခြင်းအရှိန်အဝါက ထိုကုချင်းအသံကြောင့် လွင့်ပြယ်သွားသည်။ ယင်းက သူတို့၏ ဂနာမငြိမ်ဖြစ်နေပြီး စိုးရိမ်ပူပန်နေသော စိတ်ကို ချက်ချင်း အေးချမ်းစေသည်။
ထိုမျှသာ မဟုတ်ပေ။ တောအုပ်ထဲမှ မကောင်းဆိုးဝါးဝိညာဉ်များသည်လည်း ဇဝေဇဝါဖြစ်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံးက ကုချင်းအသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ အလျှင်အမြန် ပြေးသွားကြသည်။
ကျင့်ကြံသူအများအပြားသည်လည်း အမူအရာပြောင်းလဲသွားကြပြီး ကုချင်းအသံနောက်သို့ လိုက်သွားကြသည်။
ထိုအခိုက်အတန့်မှာ တောအုပ်၏ အမည်မသိတစ်နေရာတွင် ခြေဦးတည်ရာ လျှောက်သွားနေသော သီရှီထျန်သည်လည်း ကုချင်းအသံကို ကြားသွားသည်။ ကုချင်းအသံ၏ သဘာဝငြိမ်းချမ်းမှုက သူ၏ စိတ်ဝိညာဉ်ပေါ်သို့ ကျဆင်းလာသည်။ အကြောင်းအရင်းတချို့ကြောင့် သူ့ကို ဖုံးလွှမ်းထားသော အကန့်အသတ်မဲ့ ဝမ်းနည်းမှုက အနည်းငယ် လွင့်ပြယ်သွားသည်။ ထိုအခါ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော သူ၏ မျက်လုံးထဲ၌ ကြည်လင်သော အလင်းရောင် မထင်မရှား ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ သူက အနောက်သို့ လှည့်လိုက်ပြီး ကုချင်းအသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ လျှောက်သွားသည်။ သူက ကုချင်းအသံကို နားထောင်နေရင်း ကုချင်းအသံနောက်သို့ လိုက်သွားသည်။
ကုချင်းဘုံထဲမှ အရာအားလုံးက ရုတ်တရက် ထွက်ပေါ်လာသော ကုချင်းအသံကြောင့် ပြောင်းလဲသွားသည်။ လူတိုင်းနီးပါးက တူညီသော ဦးတည်ရာဆီသို့ သွားနေကြသည်။ ယင်းက အမှန်တကယ် ထူးဆန်းသည်။
ကုချင်းဘုံသည် အလွန်ကျယ်ပြောသည်။ ကုချင်းဘုံထဲမှာ တောင်တန်းများနှင့် တောအုပ်များသာ ရှိသည်။ ကုချင်းဘုံ၏ အလယ်တွင် ဧရာမရေကန်တစ်ကန် တည်ရှိသည်။ ရေကန်သည် အလွန်ထူးဆန်းသည်။ ပထမဆုံးအနေနှင့် ရေကန်ထဲမှ ရေက သာမန်မဟုတ်ပေ။
သာမန်ရေက ကြည်လင်ပြီး သန့်စင်သည်။ ယင်းက တောင်ကျစမ်းရေဆိုလျှင် တစ်စုံတစ်ယောက်က ရေကန်အောက်ခြေကို အလွယ်တကူ မြင်နိုင်လိမ့်မည်။ ရေက အနည်းငယ် နောက်ကျိနေလျှင်ပင် ရွှံ့ကို မြင်နိုင်ဦးလိမ့်မည်။ ရေခဲရေဆိုလျှင် ယင်းက အအေးဓာတ်ကို အဆက်မပြတ် ထုတ်လွှတ်နေလိမ့်မည်။ သို့မဟုတ် ရေပူဆိုလျှင် ယင်းက အပူဓာတ်ကို အမြဲတမ်း ထုတ်လွှတ်နေလိမ့်မည်။
သို့သော်လည်း ဤရေကန်၏ ရေက ထိုရေများနှင့် ကွဲပြားခြားနားသည်။ ရေကန်၏ အရောင်သည် အလွန်ထူးဆန်းသည်။ ယင်းက ခုနစ်ရောင်ခြယ်ရေ ဖြစ်သည်။ အလင်းရောင်က ရေကန်၏ မျက်နှာပြင်ပေါ်သို့ ဖြာဆင်းကျနေလေရာ အရောင်ခုနစ်မျိုးက တဝင်းဝင်း တောက်ပနေသည်။
အလင်းရောင်သည် ကြည်လင်တောက်ပသည်။ ရေကန်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ တစ်စုံတစ်ယောက်သည် ရေကန်ထဲမှ ရေကို ကြည့်လိုက်ရုံဖြင့် စိတ်သက်တောင့်သက်သာရှိမှုကို ခံစားရလိမ့်မည်။ ဤသည်မှာ သူတို့က အရောင်ခုနစ်ရောင်ရှိသော ကျောက်စိမ်းတုံးတစ်တုံးကို ကြည့်နေသည့်အလားပင်။ ရောင်စုံအလင်းရောင်အောက်မှာ ရေခိုးရေငွေ့က အပေါ်သို့ တဖြည်းဖြည်း မြှောက်တတ်သွားသည်။
ရေကန်၏ အခြားတစ်ဖက်တွင် ကြီးမားသော တောင်ကြီးတစ်တောင် ရှိသည်။ ရေကန်က ထိုတောင်၏ အောက်ခြေမှာ တည်ရှိသည်။ ရေကန်၏ အနောက်တွင် သဘာဝလှိုဏ်ဂူတစ်ခု ရှိသည်။ တစ်စုံတစ်ယောက်သည် သေချာမကြည့်လျှင် ယင်းကို သတိထားမိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မြူခိုးတောအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိုလှိုဏ်ဂူဆီသို့ သွားရောက်လိုလျှင် ရေကန်ကို ဖြတ်ကျော်ရလိမ့်မည်။
ရှေးဟောင်းရေကန်၏ မျက်နှာပြင်ပေါ်တွင် အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ရှိသည်။ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များက ရေကန်မျက်နှာပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့က ယောင်္ကျားများနှင့် မိန်းမများ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက ဂီတတူရိယာများကို လက်ထဲမှာ ကိုင်ထားကြသည်။ ယင်းတို့က ကုချင်းများ၊ စောင်းကောက်များနှင့် ပုလွေများ အစရှိသည်တို့ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် အမျိုးအစားစုံလင်သော ဂီတတူရိယာများကို ခမ်းနားထည်ဝါစွာ မြင်နိုင်လိမ့်မည်။
ရံဖန်ရံခါ ရေကန်ပေါ်မှ ထိုပုံရိပ်များက လှုပ်ရှားကခုန်ကြသည်။ သူတို့က ပုံရိပ်ယောင်များနှင့် ပိုပြီးဆင်တူသည်။ သူတို့က လွန်စွာ ချောမောလှပကြသည်။
သို့သော် တူညီသည့် အရာတစ်ခုမှာ သူတို့အားလုံးဆီမှာ လူသားအရှိန်အဝါမရှိပေ။ ဤသည်မှာ သူတို့က သက်ရှိများ မဟုတ်ကြသည့်အလားပင်။ ယင်းအစား သူတို့က မကောင်းဆိုးဝါးအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာအမူအရာက အေးစက်နေသည်။ ဤသည်မှာ သူတို့၏ နှလုံးသားထဲ၌ မည်သည့်စိတ်ခံစားချက်မှ မရှိသည့်အလားပင်။ ယင်းက ကျောချမ်းဖွယ်ကောင်းသော ချောက်ချားမှုကို ပေးသည်။
တောအုပ်ထဲတွင် မကောင်းဆိုးဝါးဝိညာဉ်များသည် ကုချင်းအသံနောက်မှလိုက်၍ ရေကန်ဆီသို့ လျှောက်သွားကြသည်။ သူတို့က ရေကန်အနောက်မှ သဘာဝလှိုဏ်ဂူကို ဖုံးကွယ်ပေးလိုက်ကြသည်။ ဤသည်မှာ သူတို့က တစ်စုံတစ်ခုကို စောင့်ရှောက်ပေးနေသည့်အလားပင်။
“ နှစ်တစ်နှစ်ရဲ့ အဲ့ဒီနေ့ ထပ်ရောက်လာပြန်ပြီ… တကယ်လို့ ဘာမတော်တဆမှုမှမရှိရင် ကုချင်းအသံက ဒီနေ့မှာ ထွက်ပေါ်လာလိမ့်မယ် ”
ချင်ရွှမ်းသည် ကုချင်းဘုံ၏ ဦးတည်ရာသို့ ကြည့်၍ နူးညံ့စွာ ပြောသည်။ သူက စကားပြောနေရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူက ကုချင်းဘုံထဲမှ အပြောင်းအလဲကို အနည်းအကျဉ်း သိထားဟန် ရ၏။
“ အဖေ… ဘာလို့ တည်ထောင်သူဘိုးဘေးက သူထားရစ်ခဲ့တဲ့ အမွေအနှစ်ကို သမီးတို့ကို ကိုယ်တိုင်မယူဖို့ ညွှန်ကြားခဲ့တာလဲ… အဲ့ဒီအစား အပြင်လူတွေကို ကုချင်းဘုံထဲ ဝင်ရောက်စေတယ်… ဒါ့အပြင် အားလုံးက ကံကြမ္မာပေါ်မှာ မူတည်နေတယ် ”
ကိုတိုမီက နူးညံ့စွာ ပြောသည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အရိပ်အယောင် ရှိသည်။
ချင်ရွှမ်း၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ ပါးစပ်ပိတ်ထား… တည်ထောင်သူဘိုးဘေးက အဲ့လိုမှာခဲ့မှတော့ ဘိုးဘေးမှာ သေချာပေါက် အကြောင်းအရင်းရှိရမယ်… လူငယ်မျိုးဆက်အနေနဲ့ ဘိုးဘေးရဲ့ အမိန့်ကို တစ်သွေမတိမ်း လိုက်နာရမယ်… ဘိုးဘေးကို မေးခွန်းပြန်မထုတ်ရဘူး ”
တည်ထောင်သူဘိုးဘေးအကြောင်း ပြောသည့်အခါ ချင်ရွှမ်း၏ အမူအရာက လေးနက်သွားသည်။ သူက ထိုကိစ္စကြောင့် သမီးကို ဆူပူကြိမ်းမောင်းရန် တုံ့ဆိုင်းမနေပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် တည်ထောင်သူဘိုးဘေးက သူ့နှလုံးသားထဲမှာ မည်မျှအရေးကြီးကြောင်း မေးနေစရာ မလိုပေ။
“ သမီး နားလည်ပါပြီ ”
ကိုတိုမီသည်လည်း ထိုသို့မတွေးသင့်ကြောင်း နားလည်သွားသည်။ သူက အမှားကို အမြန်ဝန်ခံလိုက်ပြီး ပြောသည်။
“ နှစ်ဆယ့်သုံးရက်မြောက်နေ့ကို ရောက်လာပြီ… နောက်ဆုံးသတ်မှတ်ချက်ကို ရောက်ဖို့ ခုနစ်ရက်ပဲ လိုတော့တယ်… သူတို့တွေ ဒီတစ်ကြိမ်မှာ မြစိမ်းကုချင်းကို အပြင်ပြန်ယူလာနိုင်မလား သမီးမသိဘူး ”
“ အဲ့ဒါကို ငါတို့ပြန်ယူနိုင်မလားဆိုတာ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်… တကယ်လို့ အချိန်ကျလာရင် မြစိမ်းကုချင်းက အပြင်လောကမှာ ထွက်ပေါ်လာလိမ့်မယ်… အချိန်မကျသေးရင် ဒီတစ်ကြိမ်က အချည်းနှီးဖြစ်သွားမှာ ငါစိုးရိမ်တယ်… အဲ့ဒီအခါ နောက်ထပ် အခွင့်အရေးကို ငါတို့စောင့်ဆိုင်းရလိမ့်မယ်… ဘာပဲပြောပြော မြစိမ်းကုချင်းကို ပြန်ရယူဖို့က လွယ်ကူတဲ့အလုပ် မဟုတ်ဘူး… ခြေလှမ်းတိုင်းမှာ အခက်အခဲတွေနဲ့ အဟန့်အတားတွေ ရှိတယ် ”
ချင်ရွှမ်းက ထူးဆန်းစွာ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ တခြားအခက်အခဲတွေကို မဆိုထားနဲ့ ငါတို့ဘိုးဘေးတွေ ဖန်တီးသန့်စင်ထားခဲ့တဲ့ ထျန်းရေကန်တစ်ခုတည်းကတောင် အရမ်းထူးဆန်းတယ်… ဂီတတူရိယာတွေပြုလုပ်နိုင်တဲ့ သစ်ပင်တွေ၊ ဝါးတွေနဲ့ တခြားပစ္စည်းတွေကို ထျန်းရေကန်ထဲ ပစ်ထည့်လိုက်တဲ့အခါ အချိန်ကာလတစ်ခုကြာသွားရင် အဲ့ဒီပစ္စည်းတွေက လက်နက်သန္ဓေသားဖြစ်လာပြီး မကောင်းဆိုးဝါးဝိညာဉ် ရှိလာလိမ့်မယ်… အဲ့ဒီမကောင်းဆိုးဝိညာဉ်တွေကို ကျော်ဖြတ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး ”
" အဲ့ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို ခွန်အားသုံးပြီး ကျော်ဖြတ်နိုင်ရင်တောင် မြစိမ်းကုချင်းကို ရရှိဖို့ဆိုတာ မဖြစ်နိုင်သေးဘူး… မင်းက မြစိမ်းကုချင်းရဲ့ အရှေ့မှာ မတ်တတ်ရပ်နေရင်တောင် ကံစပ်တဲ့လူမဟုတ်ရင် မြစိမ်းကုချင်းကို မရယူနိုင်ဘူး ”
ချင်ရွှမ်းက အသက်ပြင်းပြင်းရှူသွင်းပြီး ပြောသည်။
“ ဒါကြောင့် မြစိမ်းကုချင်းကို အပြင် ပြန်ယူလာနိုင်မလားဆိုတာ ကံကြမ္မာနဲ့ ကောင်းကင်အလိုတော်ပေါ်မှာ မူတည်တယ်… တကယ်လို့ ကံစပ်တဲ့လူရှိရင် အဲ့ဒီလူက မြစိမ်းကုချင်းကို အပြင်ကို သေချာပေါက် ယူဆောင်ပေးလာနိုင်လိမ့်မယ် ”
ကုချင်းဘုံသည် ချင်မိသားစု၏ တားမြစ်နယ်မြေ ဖြစ်သည်။ နှစ်ပေါင်းများစွာကုန်လွန်သွားပြီးနောက် ချင်မိသားစုသည် ကုချင်းဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အကုန်လုံးနီးပါး နားလည်သွားသည်။ ယင်းက ချင်မိသားစု၏ ဘိုးဘေးများ သူတို့၏ အံ့ဖွယ်စွမ်းအားကို အသုံးပြု၍ ဖွင့်လှစ်ခဲ့သော သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ တိကျသေချာသော လမ်းညွှန်မှုမရှိလျှင် ထိုနေရာသို့ မည်သူမှ မဝင်ရောက်နိုင်ပေ။ ယင်း၏ ဆိုလိုရင်းမှာ အဘယ်နည်း။
အနာဂတ်၌ ချင်မိသားစုက မဖြေရှင်းနိုင်သော ကပ်ဘေးတစ်ခုနှင့် တွေ့ကြုံသည့်အခါ သူတို့က ကုချင်းဘုံထဲသို့ ဝင်ရောက်ပုန်းအောင်းနိုင်သည်။ ထိုနည်းဖြင့်ဆိုလျှင် ချင်မိသားစုက အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ပြဿနာမှာ ကုချင်းဘုံသည် ချင်မိသားစု၏ ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား မရှိနေပေ။ ဥပမာ ကုချင်းဘုံထဲမှ မကောင်းဆိုးဝါးဝိညာဉ်များသည် အထဲသို့ ဝင်ရောက်လာသူအားလုံးကို သတ်ပစ်ကြလိမ့်မည်။ ချင်မိသားစုဝင်များသည်လည်း ချွင်းချက်မဟုတ်ပေ။ ထို့ကြောင့် ချင်မိသားစုသည် ကုချင်းဘုံထဲမှာ အမြဲတမ်း မနေထိုင်နိုင်ပေ။ သို့မဟုတ်လျှင် သူတို့က မကောင်းဆိုးဝိညာဉ်များ၏ လက်ထဲမှာ သေဆုံးသွားကြလိမ့်မည်။
တစ်စုံတစ်ယောက်က မကောင်းဆိုးဝါးဝိညာဉ်များအကြောင်း ပြောချင်လျှင် သူက ထျန်းရေကန်အကြောင်း သိထားသင့်သည်။
ထျန်းရေကန်သည် ကုချင်းဘုံ၏ အလယ်ဗဟိုမှာ တည်ရှိသော ခုနစ်ရောင်ခြယ်ရှေးဟောင်းရေကန် ဖြစ်သည်။ ရေကန်ထဲမှ ရေကို ထျန်းနတ်ဆိုးဝိညာဉ်ရေဟု ခေါ်သည်။ ယင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားရှိပြီး ရေကန်က ကုချင်းဘုံနှင့် တစ်သားတည်း ပေါင်းစပ်နေသည်။ တစ်စုံတစ်ယောက်က ကုချင်းဘုံအတွင်းမှ သစ်သားများ၊ ဝါးပင်များ၊ ကျောက်စိမ်းများနှင့် ဂီတတူရိယာများ ပြုလုပ်နိုင်သော တခြားပစ္စည်းများကို ထျန်းရေကန်ထဲသို့ ပစ်ထည့်မည်ဆိုလျှင် အချိန်ကာလတစ်ခု ကြာမြင့်သွားသည့်အခါ ယင်းတို့က မှော်ဆန်စွာ အသွင်ပြောင်းလဲသွားပြီး လက်နက်သန္ဓေသားများ ဖြစ်လာကြလိမ့်မည်။ တစ်ချိန်တည်းမှာ မကောင်းဆိုးဝါးဝိညာဉ်များက ယင်းတို့ထဲမှာ မွေးဖွားလာကြလိမ့်မည်။
အစွမ်းထက်သော မကောင်းဆိုးဝါးဝိညာဉ်များသည် အမြူတေဖွဲ့စည်းနိုင်သော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ကြလိမ့်မည်။ အားနည်းသော မကောင်းဆိုးဝါးဝိညာဉ်များသည်တော့ ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရပ်တန့်သွားကြလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက လက်နက်သန္ဓေသား၏ အရည်အသွေးပေါ်မှာ မူတည်သည်။
ဒဏ္ဍာရီအရ ထျန်းရေကန်သည် မူလက အလွန်အမင်း အစွမ်းထက်သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် လက်ရှိအချိန်တွင် ထျန်းရေကန်၏ အစွမ်းတစ်ဝက်က ချိပ်ပိတ်ခံထားရသည်။
သို့တိုင်အောင် ထျန်းရေကန်က အလွန်အစွမ်းထက်နေဆဲပင်။ ယင်းကို မလျော့တွက်နိုင်ပေ။
ကုချင်းဘုံထဲတွင် ကုချင်းအသံက ကြည်လင်ပီသစွာ ပဲ့တင်ထပ်နေဆဲပင်။ ကုချင်းအသံအကြောင်း စူးစမ်းသိချင်ကြသော ကျင့်ကြံသူများက ကုချင်းအသံနောက်သို့ လိုက်သွားကြသည်။ ထိုမျှသာ မဟုတ်ပေ။ မကောင်းဆိုးဝါးဝိညာဉ်များလည်း ပါဝင်ကြသည်။
အချိန်တိုလေးအတွင်းမှာ ကုချင်းဘုံထဲမှ မကောင်းဆိုးဝါးဝိညာဉ်အားလုံးနီးပါးက ထျန်းရေကန်ထဲမှာ စုဝေးသွားကြသည်။
“ အား ”
ထျန်းရေကန်နှင့် အနီးဆုံးမှာရှိသော ကျင့်ကြံသူက ထျန်းရေကန်၏ အရှေ့သို့ အရင်ဦးဆုံး ရောက်ရှိသွားသည်။ တောအုပ်ထဲမှ သူထွက်လာသည်နှင့်ချက်ချင်း အရောင်ခုနစ်ရောင်တောက်ပနေသော အံ့ဖွယ်ရေကန်ကို မြင်တွေ့သွားသည်။ သို့သော်လည်း သူ၏ မျက်လုံးများသည် မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်လုနီးပါး ပြူးသွားကြသည်။ ကြီးမားသော အကြောက်တရားက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဘုရားရေ… ဘာလို့ မကောင်းဆိုးဝါးဝိညာဉ်တွေ အဲ့လောက်များနေတာလဲ… ဒါ… ဒါက အနည်းဆုံး အရေအတွက်နှစ်ထောင်လောက် ရှိမယ်… ဒီနေရာက တကယ်ပဲ ဘာလဲ ”
ထိုကျင့်ကြံသူက အရှေ့သို့ ခါးသီးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က မရွေ့လျားတော့ပေ။ သူရွေ့လျားလိုက်သည်နှင့် သူ့အား ထိုမကောင်းဆိုးဝါးဝိညာဉ်များ တိုက်ခိုက်လာမည်ကို စိုးရိမ်သည်။
သူက မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် နှစ်ကောင်ကို မကြောက်ပေ။ သို့သော်လည်း ဤနေရာမှာ စုဝေးနေကြသော မကောင်းဆိုးဝါးဝိညာဉ်များက အရေအတွက်တစ်ထောင်ကျော်သည်။ သို့ဖြစ်၍ သူ့ဆီမှာ ထိုမကောင်းဆိုးဝါးဝိညာဉ်များကို ရန်စဝံ့သောသတ္တိ မရှိပေ။ အရှေ့သို့ ခြေတစ်လှမ်း သူလှမ်းလိုက်သည်နှင့် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည်။
အခန်း(၂၀၄)
“ ဒုန်း… ဒုန်း… ဒုန်း ”
တောအုပ်ထဲတွင် အားမာန်ပြည့်ဝပြီး စည်းချက်ညီသော ခြေလှမ်းသံများ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က တောအုပ်ထဲမှာ ကြမ်းတမ်းစွာ လမ်းလျှောက်နေဟန် ရ၏။ ထိုသူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေကြီးက တုန်ယင်သွားသည်။ ထို့ပြင် ခြေလှမ်းသံများက စည်းချက်ညီသည်။ ခြေတစ်လှမ်းနှင့် တစ်လှမ်းကြားမှ အကွာအဝေးနှင့် ခြေလှမ်းများထဲမှာ ကိန်းအောင်းနေသော အင်အားက တူညီသည်။
တစ်စုံတစ်ယောက်က ထိုခြေလှမ်းသံများကို နားထောင်လျှင် တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားလေးလံသော သားရဲတစ်ကောင်က သူ့ဆီသို့ လျှောက်လာနေကြောင်း ခံစားမိသွားလိမ့်မည်။ ထိုအရှိန်အဝါထဲမှာ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒ ပါဝင်နေသည်။ ယင်းထဲမှာ အနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒလည်း ရှိသည်။ တစ်စုံတစ်ယောက်သည် ထိုအရှိန်အဝါကို ခံစားမိသည်နှင့် မွန်းကြပ်မှုကို ခံစားမိသွားလိမ့်မည်။ သူတို့က အသက်ရှူရခက်ခဲလာလိမ့်မည်။ ယင်းက တိုက်ပွဲဆာလောင်သော လိုအင်ဆန္ဒ ဖြစ်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် နှစ်မီတာရှည်လျားသော လူတစ်ယောက်က တောအုပ်ထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြွက်သားများက ကျစ်လစ်သိပ်သည်းစွာ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အဆီအပိုတစ်ခုမှ မရှိပေ။ သူက အစိမ်းရောင်သိုင်းဝတ်စုံကို ကျပ်ရပ်စွာ ဝတ်ဆင်ထားသည်။ ယင်းက သူ၏ သန်စွမ်းကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်ကို အပြည့်အဝ ဖော်ပြပေးသည်။ သူ၏ မျက်နှာက အေးစက်ခက်ထန်ပြီး သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ရှိသည်။ သို့သော်လည်း သူ၏ မျက်နှာကို မုတ်ဆိတ်မွှေးတချို့ဖြင့် ဖုံးကွယ်ထားလေရာ သူက ကြမ်းတမ်းပုံပေါ်သည်။ သူ၏ မျက်လုံးများထဲမှာ တိုက်ပွဲဆာလောင်သော နတ်ဘုရားအလင်း ထွန်းလင်းနေသည်။
သူ့မှာ မည်သည့်လက်နက်မှ မရှိပေ။ သူက သိုလှောင်အိတ်တစ်လုံးကိုသာ ခါးပေါ်မှာ ချိတ်ဆွဲထားသည်။ သူက လက်ဗလာဖြင့် ရှိနေသော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်သန်စွမ်းသည်။
ထိုပုဂ္ဂိုလ်သည် တောအုပ်ထဲမှ ထွက်လာပြီးနောက် ထျန်းရေကန်နှင့် ရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်တစ်ထောင်ကျော်ကို မြင်တွေ့သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ မကြာမီ သူက ရုတ်တရက် မျက်လုံးပြူးလိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
" ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်… ကုချင်းဘုံဆီ ငါရောက်လာတာ ချင်မိသားစုရဲ့ နာမည်ကျော် ကုချင်းဘုံက ဘယ်လောက်အန္တရာယ်များလဲ ကိုယ်တိုင် တွေ့ကြုံချင်လို့ပဲ… ဒီရက်တွေမှာ မကောင်းဆိုးဝါးဝိညာဉ်ဒါဇင်ကျော်နဲ့ ငါတိုက်ခိုက်ခဲ့တယ်… အဲ့ဒါ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်… ဒါပေမဲ့ ဒီနေရာမှာ မကောင်းဆိုးဝိညာဉ်တစ်ထောင်ကျော် စုဝေးနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… သူတို့ကို အသုံးချပြီး ငါ့ရဲ့ သိုင်းပညာကို လေ့ကျင့်ရမယ်… ဘယ်သူသိနိုင်မှာလဲ ငါက နောက်တစ်ဆင့်ကို အဆင့်ချိုးဖြတ်နိုင်သွားလောက်တယ် ”
အလွန်ပြင်းပြသော တိုက်ခိုက်ချင်စိတ်က ထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက မကောင်းဆိုးဝါးဝိညာဉ်တစ်ထောင်ကျော်ကို လုံးဝ မကြောက်သည့်အလားပင်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုမကောင်းဆိုးဝါးဝိညာဉ်များက သူ၏ တိုက်ပွဲစိတ်ဆန္ဒကို ပိုပြီးနိုးကြားလာစေသည်။
သိုင်းပညာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုများကို နှစ်သက်သည်။ ယင်းက သိုင်းပညာကျင့်ကြံသူများသာလျှင် ပိုင်ဆိုင်နိုင်သော အကျင့်စရိုက် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စွမ်းအင်အရှိန်အဝါက မသေမျိုးကျင့်ကြံသူများနှင့် ကွဲပြားသည်။
မှန်ပေသည်။ ထိုပုဂ္ဂိုလ်သည် ကုချင်းဘုံထဲသို့ ဝင်ရောက်လာသည့် တစ်ဦးတည်းသော သိုင်းပညာကျင့်ကြံသူ ဝူဝူဒီ ဖြစ်သည်။ ဝူဝူဒီသည် ကိုတိုမီ၏ သတိုးသားလောင်းဖြစ်ချင်သောကြောင့် ချင်မိသားစုဆီသို့ ရောက်လာခြင်း မဟုတ်ပေ။ ချင်မိသားစု၏ တားမြစ်နယ်မြေဖြစ်သော ကုချင်းဘုံက အလွန်အန္တရာယ်များကြောင်း တခြားလူများထံမှ သူကြားခဲ့သည်။ ထို့ကြောင့် သူက ဤနေရာသို့ တမင်ရောက်လာခဲ့သည်။ သူက ထိုအန္တရာယ်များကို အသုံးချ၍ သူ၏ သိုင်းပညာများကို လေ့ကျင့်ချင်သည်။
သူက ထိုနည်းလမ်းဖြင့် နောက်တစ်ဆင့်သို့ တတ်လှမ်းချင်သည်။
သိုင်းပညာကျင့်ကြံသူများသည် အနောက်မဆုတ်ကြပေ။ ထို့ကြောင့် ထျန်းရေကန်ပေါ်မှ အရေအတွက်များပြားသော မကောင်းဆိုးဝါးဝိညာဉ်များကို သူမြင်သွားသောအခါ သူက စိတ်လှုပ်ရှားသွားသည်။ သူ့ဆီမှာ အနောက်ဆုတ်ရန် အတွေးမရှိပေ။ တစ်ချိန်တည်းမှာ သူ၏ တိုက်ခိုက်ချင်စိတ်က ပိုပြီးနိုးကြားလာသည်။ ယင်းက သူ၏ နှလုံးသားထဲမှ သိုင်းပညာရှင်စိတ်ဝိညာဉ်ကို ပိုပြီးသက်ဝင်လှုပ်ရှားစေသည်။ မကောင်းဆိုးဝါးဝိညာဉ်များကို သူကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။
“ သခင်လေး… ဒီနေရာပါ… ကျွန်မတို့ ရောက်ပါပြီ… ကုချင်းအသံက အဲ့ဒီနေရာကနေ ထွက်ပေါ်လာတာပါ ”
ဝူဝူဒီ၏ တိုက်ခိုက်ချင်စိတ်က မြင့်တတ်သွားနေစဉ် သာယာကြည်လင်သော စကားသံက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုအသံက အမျိုးသမီးတစ်ယောက်၏ အသံဖြစ်သည်။
“ ဟား ဟား… မုန့်အာ… ကြည့်ရတာတော့ ငါတို့က ပထမဆုံးရောက်လာတာ မဟုတ်ဘူးပဲ ”
သိပ်မကြာမီ ရင်းနှီးဖော်ရွေသော ရယ်မောသံက ထွက်ပေါ်လာသည်။ ရယ်မောသံထဲမှာ ဆွဲငင်အားတစ်မျိုး ကိန်းအောင်းနေဟန် ရ၏။ ယင်းက ကြားရသူတိုင်းကို ရင်းနှီးဖော်ရွေသော စိတ်ခံစားမှု ပေးသည်။ ရယ်မောသံများကြားတွင် အုပ်စုတစ်ခုက တောအုပ်ထဲမှ ထွက်လျှောက်လာကြသည်။
သူတို့က စုစုပေါင်း ငါးယောက်ရှိသည်။ အရှေ့ဆုံးမှ တစ်ယောက်က ဝတ်စုံဖြူဝတ်ဆင်ထားသော ရုပ်ချောချာ လူငယ်ဖြစ်သည်။ သူက လက်ထဲမှာ ယပ်တောင်တစ်ချောင်း ကိုင်ထားသည်။ သူ၏ ယပ်တောင်ပေါ်မှာ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ရုပ်ပုံများ ရှိသည်။ သူက ယပ်တောင်တဖျပ်ဖျပ်ခတ်၍ ခန့်ညားတင့်တယ်စွာ လမ်းလျှောက်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက သဘာဝကျပြီး ပြစ်ချက်မဲ့သည်။ ဤသည်မှာ သူက သေမျိုးလောကထဲမှာ လမ်းလျှောက်နေသော နတ်သားတစ်ပါး ဖြစ်သည့်အလားပင်။ သူက ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်သည်။ သူက လမ်းလျှောက်နေရုံဖြင့် မိန်းကလေးများစွာ၏ အကြည့်ကို ဆွဲဆောင်နိုင်သည်။
သူ့အနောက်မှာ ရံချွေတော်လေးပါး ရှိသည်။ သူတို့လေးယောက်သည် တစ်ယောက်တစ်မျိုးစီ လှပကြသည်။ ထို့ပြင် သူတို့က အမွှာများ ဖြစ်ကြသည်။ ယင်းက ပုရိသယောင်္ကျားများအတွက် မျက်စိပဒေသာရှိစေသည်။
သို့သော်လည်း ကံမကောင်းသည်မှာ ထိုမိန်းကလေးလေးယောက်၏ အကြည့်က သူတို့အရှေ့မှ လူငယ်ပေါ်မှာသာ အမြဲတမ်း ရှိနေသည်။ ဤသည်မှာ သူတို့က ထိုလူငယ်မှလွဲ၍ တခြားမည်သည့်အရာကိုမှ စိတ်မဝင်စားသည့်အလားပင်။ ယင်းက အမှန်တကယ် မနာလိုစရာကိစ္စ ဖြစ်သည်။
ထိုလူငယ်အကြောင်း ပြောရလျှင် သူက ရေလနန်းတော်၏ သခင်လေး ရွှေဝူဟန် ဖြစ်သည်။ သူက ချင်ရွှမ်းသတိထားမိခဲ့သော ပါရမီရှင်များအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ၏ အနောက်မှ ရံချွေတော်လေးယောက်က မုန့်၊ လန်၊ ကျူးနှင့် ကျူတို့ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့က ကုချင်းအသံနောက်သို့ လိုက်၍ ဤနေရာသို့ ရောက်လာကြသည်။
ရွှေဝူဟန်သည် အပြင်သို့ ထွက်လာသည်နှင့် ဝူဝူဒီကို လှည့်ကြည့်လိုက်သည်။ သူက ရင်းနှီးဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ကျုပ်က ရွှေဝူဟန်ပါ… ဒီက ရောင်းရင်းနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ် ”
သူ၏ စကားသံသည် သိမ်မွေ့နူးညံ့သည်။ ယင်းကို ကြားလိုက်သော မည်သူမဆို သူ့ကို မုန်းတီးလိမ့်မည် မဟုတ်ချေ။
“ ရွှေဝူဟန်… ခင်ဗျားက ရေလနန်းတော်ရဲ့ သခင်လေးမဟုတ်လား ”
ယင်းကို ဝူဝူဒီကြားသောအခါ သူက မျက်လုံးဝင်းလက်သွားပြီး သိမ်မွေ့နူးညံ့စွာ ပြောသည်။ သူက ခေါင်းညိတ်ပြလိုက်သည်။ သူက တစ်ဖက်လူ၏ တောင်းဆိုမှုကို လက်ခံခြင်းမပြုသကဲ့သို့ ငြင်းဆန်ခြင်းလည်း မပြုပေ။ သူက ရွှေဝူဟန်တို့အုပ်စုကို တစ်ချက်သာကြည့်သည်။ ထို့နောက် သူက ထျန်းရေကန်ပေါ်မှ မကောင်းဆိုးဝါးဝိညာဉ်များကို ပြန်အာရုံစိုက်လိုက်သည်။ သူက ထိုမကောင်းဆိုးဝါးဝိညာဉ်များကို မည်သို့သတ်ပစ်သင့်ကြောင်း စဉ်းစားနေဟန် ရ၏။
“ ဟွန့်… ဒီလူက သူ့အတွက် ဘာကကောင်းမှန်း မသိဘူးပဲ… သခင်လေးက မိတ်ဆွေဖြစ်ချင်တယ်လို့ ပြောတာကို သူကများ လျစ်လျူရှုရဲတယ် ”
ဝူဝူဒီ၏ အပြုအမူကို ကျူးအာ မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူက သခင်လေးကိုယ်စား ဒေါသထွက်နေသည်။
“ ဟား ဟား ဟား ”
ယင်းကို ရွှေဝူဟန်ကြားသောအခါ သူက လက်ထဲမှ ယပ်တောင်ကို ခေါက်သိမ်းလိုက်သည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“ ကျူးအာ… အဲ့လို မရိုင်းရဘူးလေ… မင်းကို အရင်က ငါပြောခဲ့တယ်မလား… လူတွေကို ကိုယ့်ဘက်ကအရင် ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် သူတို့ကလည်း ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလိမ့်မယ်… အဲ့ဒါက မိတ်ဆွေဖွဲ့တဲ့အခါ အရေးကြီးဆုံး လိုအပ်ချက်ပဲ… ဒီက ရောင်းရင်းရဲ့ နာမည်ကို ကျုပ်သိနိုင်မလား ”
သူ၏ နောက်ဆုံးစကားက ဝူဝူဒီကို ရည်ရွယ်သည်။
“ ဝူဝူဒီ ”
ထိုစကားလုံးသုံးလုံးကို ပြောလိုက်သည့်အခါ အလွန်ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။
“ ဝူဝူဒီ… ခင်ဗျားကို ကျုပ်ကြားဖူးတယ်… ခင်ဗျားက သိုင်းပညာကျင့်ကြံသူတစ်ယောက်ပဲ… သိုင်းပညာကျင့်ကြံသူတွေနဲ့ ဓားကျင့်ကြံသူတွေက အသန်မာဆုံး တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြတယ်လို့ ကျုပ်ကြားဖူးတယ်… သိုင်းပညာကျင့်ကြံသူနဲ့ ဓားကျင့်ကြံသူမှာ ဘယ်သူက ပိုသန်မာလဲ ကျုပ်မသိဘူး… ကျုပ်တို့အပြင်ရောက်တဲ့အခါ ဘယ်သူက ပိုပြီးသန်မာလဲ သိရအောင် တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ”
ထိုအခိုက်အတန့်မှာ ရွှေဝူဟန် စကားမပြောနိုင်မီ မောက်မာထောင်လွှားသော ဓားဆန္ဒက ပေါ်လျှိုးလာသည်။ လူငယ်တစ်ယောက်သည် မောက်မာထောင်လွှားသော ဟန်အမူအရာဖြင့် တောအုပ်ထဲမှ ထွက်လျှောက်လာသည်။ သူက ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားတစ်လက်နှင့် ဆင်တူသည်။ သို့တိုင် သူ၏ တစ်ကိုယ်လုံးက အလွန်သန်စွမ်းသော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။
သူက ဝူဝူဒီကို စိန်ခေါ်လိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ အသစ်ရောက်လာသော ပုဂ္ဂိုလ်သည် ရွှမ်ရှင်းဓားဂိုဏ်း၏ လုကျီလင်း ဖြစ်သည်။ သူက အလွန်မာနကြီးသူ ဖြစ်သည်။
“ ကျုပ်ကလည်း သွေးကြောင်ပြီး ဘေးရှောင်နေမယ့်ကောင် မဟုတ်ဘူး… ခင်ဗျားတိုက်ခိုက်ချင်ရင် ဘယ်အရပ် ဘယ်ဒေသပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ”
ဝူဝူဒီက လုကျီလင်းကို အထင်သေးစွာ ကြည့်လိုက်သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ကုချင်းဘုံထဲမှ အစွမ်းထက်ကျင့်ကြံသူအားလုံးနီးပါးက ထျန်းရေကန်၏ အရှေ့မှာ စုဝေးသွားကြသည်။ ထို့ပြင် သူတို့တစ်ယောက်စီက ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်ကြသော လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထျန်းရေကန်အရှေ့မှ ကျင့်ကြံသူများ၏ အရေအတွက်က တဖြည်းဖြည်း တိုးပွားလာသည်။
မကြာမီ ကျင့်ကြံသူတစ်ရာကျော်က ဤနေရာမှာ စုဝေးသွားကြသည်။ ယင်းက ကုချင်းဘုံထဲမှာ အသက်ရှင်ကျန်ရစ်ကြသော ကျင့်ကြံသူများ၏ အရေအတွက်တစ်ဝက် ဖြစ်သည်။ ကျန်ကျင့်ကြံသူများက တဖွဲဖွဲ ရောက်လာနေကြသည်။
“ ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ဝမ်းနည်းတယ်… ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝမ်းနည်းဖွယ်ကောင်းသော အရှိန်အဝါက လေထဲမှာ ရုတ်တရက် ပျံ့နှံ့သွားသည်။
ထျန်းရေကန်အရှေ့မှာ စုဝေးနေကြသော ကျင့်ကြံသူများသည် ထိုစကားသံကို ကြားသောအခါ အမူအရာပျက်ယွင်းသွားကြသည်။
ဝမ်းနည်းဖွယ်ကောင်းသော လေထုထဲတွင် ဝတ်စုံနက်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တောအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။ သူ၏ အရှိန်အဝါက တမူထူးခြားစွာ ညှိုးမှိုင်နေသည်။ သူက ဝမ်းနည်းမှုတစ်ခုတည်းကို ပိုင်ဆိုင်ထားဟန် ရ၏။
“ ဘာလို့ အဲ့ဒီအရူးက ဒီကို ရောက်လာတာလဲ… ဒုက္ခတွေ ရောက်ကုန်တော့မှာပဲ… အဲ့ဒီအရူးက အရမ်းထူးခြားတယ်လို့ ငါကြားဖူးတယ် ”
“ သူထုတ်လွှတ်နေတဲ့ အရှိန်အဝါက ဘေးပတ်ဝန်းကျင်က လူတွေကို အလိုလို ဝမ်းနည်းလာစေတယ်… ဒါ့အပြင် သူ့ကို တိုက်ခိုက်ခဲ့တဲ့ လူတိုင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းနဲ့ သေဆုံးသွားကြတယ်… သူတို့က ရန်သူ့လက်ထဲမှာ သေဆုံးသွားကြတာ မဟုတ်ဘူး… အဲ့ဒီအစား သူတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ် ”
“ သူ့နာမည်က သီရှီထျန်လို့ ခေါ်တယ်… သူက အခြေခံဆေးပညာရပ်နဲ့ ဆေးလုံးနည်းပညာတစ်ခုကို ဝယ်ယူဖို့ မျောက်မင်းဝိုင်တစ်ပုလင်းကို အလွယ်လေး ထုတ်ပေးခဲ့တယ်… သူက တန်ဖိုးကြီးမားတဲ့ မျောက်မင်းဝိုင်ကိုတောင် အလွယ်လေး ထုတ်ပေးနိုင်မှတော့ သူ့နောက်ခံက သာမန်မဖြစ်နိုင်ဘူး… ချိုင့်ဝှမ်းထဲမှာ သူရှိနေတုန်းက လူကောင်းပါ… ဘာလို့ ကုချင်းဘုံထဲ ရောက်လာပြီးမှ ရူးသွားတာလဲ မသိဘူး "
“ အဲ့ဒီအရူး ရောက်လာပြီဆိုတော့ ငါတို့တွေ ဒုက္ခရောက်ကုန်တော့မယ်… မြတ်စွာဘုရား ကယ်တော်မူပါ… အဲ့ဒီအရူးရဲ့ ‘ ဝမ်းနည်းတယ် ’ဆိုတဲ့ စကားလုံးကို ကျွန်တော်မကြားရပါစေနဲ့… မဟုတ်ရင် ကျွန်တော် ဒုက္ခရောက်လိမ့်မယ် ”
တောအုပ်ထဲမှ စက်ကရာ ထွက်လျှောက်လာသည်ကို မြင်သောအခါ ထျန်းရေကန်အရှေ့မှ ကျင့်ကြံသူအများစုက ထိတ်လန့်တုန်ယင်သွားကြသည်။ ကြောက်ရွံ့မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤအတောအတွင်းမှာ စက်ကရာ၏ ဂုဏ်သတင်းက တောမီးသဖွယ် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ သို့သော်လည်း သူတို့က စက်ကရာ၏ နောက်ခံကို မသိကြချေ။ သူ့နာမည်မှလွဲ၍ တခြားမည်သည့်အချက်အလက်မှ သူတို့ဆီမှာ မရှိပေ။
ယခု စက်ကရာက သူတို့၏ အရှေ့မှာ ကိုယ်တိုင် ထွက်ပေါ်လာသည့်အခါ ကျင့်ကြံသူအများစုက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့က အဝေးသို့ ရှောင်ပြေးသွားကြသည်။
အမှန်တကယ်ပင် ဤအတောအတွင်း သီရှီထျန်၏ လက်ထဲမှာ သေဆုံးသွားသော ကျင့်ကြံသူများက မနည်းမနောပေ။ သူတို့အားလုံးက ထူးခြားဆန်းကြယ်စွာ သေဆုံးသွားကြသည်။ သူတို့အားလုံးနီးပါးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသည်။ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြစဉ် အလွန်ဝမ်းနည်းသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
ထိုသို့ကိစ္စက လူအများအပြားကို ထိတ်လန့်ချောက်ချားစေသည်။ သို့ဖြစ်လေရာ မည်သူက ထိုသို့ပုဂ္ဂိုလ်အနားသို့ ချဉ်းကပ်ဝံ့မည်နည်း။ ထျန်းရေကန်က ထူးခြားဆန်းကြယ်ပြီး ယင်းဆီမှာ ကုချင်းဘုံ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ရှိနေနိုင်သောကြောင့် မဟုတ်လျှင် ထိုလူများက ဤနေရာမှ အမြန်ဆုံး ထွက်သွားကြလိမ့်မည်။ သူတို့က ထိုအရူးနားမှာ တစ်စက္ကန့်ပင် မနေချင်ကြပေ။
“ ဘယ်လောက်အားကောင်းလိုက်တဲ့ ဝမ်းနည်းမှုလဲ ”
သီရှီထျန်သည် ထျန်းရေကန်၏ အရှေ့မှာ တိတ်တဆိတ် ထိုင်လိုက်သည်။ ကြည်လင်ရှင်းလင်းသော အကြည့်က ဝမ်းနည်းမှုဖြင့် ပြည့်နှက်သော သူ့မျက်လုံးထဲမှာ ရိပ်ခနဲ ထွက်ပေါ်လာသည်။ သူက ထျန်းရေကန်ထံမှ ထွက်ပေါ်နေသော ကုချင်းအသံကို နားထောင်လိုက်သည်။ ကုချင်းအသံသည် သဘာဝကျပြီး စိတ်အေးချမ်းမှုကို ပေးသည်။ သူက နေရာမှ လုံးဝ မရွေ့ပေ။
သူက အတိတ်မှာ လုပ်ခဲ့သကဲ့သို့ ခြေဦးတည်ရာ လျှောက်မသွားတော့ပေ။ ယင်းက အဆုံးမဲ့သော ဝမ်းနည်းမှုဖြင့် ဖုံးလွှမ်းခံရပြီးနောက် ပထမဆုံးအကြိမ် သီရှီထျန် ရပ်တန့်သွားခြင်း ဖြစ်သည်။ နောက်ဆုံးမှာ သူက ငြိမ်သက်သွားသည်။