← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း(၂၀၈)

“ ဟား ဟား… ဒီခံစားချက်က အရမ်းကောင်းတယ်… သေစမ်း ”

ဝူဝူဒီသည် ကောင်းကင်ကို မော့ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ သူရဲကောင်းဝိညာဉ်က ပိုသန်စွမ်းလာသည်။ စက်ကရာက လမ်းကြောင်းတစ်ခုကို သူ့ဘာသာ အတင်းအဓမ္မ ဖောက်လုပ်ခဲ့ကြောင်း သူမြင်သွားသောအခါ ထွန်းလင်းတောက်ပသော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မကောင်းဆိုးဝါးဝိညာဉ်အုပ်စုထံသို့ တန်းမတ်စွာ ပြေးသွားပြီး အစွမ်းထက်သော သိုင်းကွက်များကို မချွင်းမချန် အကုန်ထုတ်သုံးလိုက်သည်။ သူက ကုချင်းအသုံးပြုသည့် အမျိုးသမီး မကောင်းဆိုးဝါးဝိညာဉ်ကို သူ့ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်သည်။

ဤအခိုက်အတန့်မှာ တခြားလူများသည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က ဝှက်ဖဲကတ်အမျိုးမျိုးကို အမြန်ထုတ်သုံးလိုက်ကြသည်။

ရွှေဝူဟန်သည် သူ့လက်ထဲမှ တောင်မြစ်ယပ်တောင်ကို ဆက်တိုက် ယပ်ခတ်လိုက်သည်။ ထိုအခါ လှိုင်းတဝုန်းဝုန်းထနေသော မြစ်တစ်စင်းက လေထဲမှာ ထွက်ပေါ်လာပြီး အောက်သို့ ကျဆင်းလာသည်။ ထိုမျှသာ မဟုတ်ပေ။ ရံဖန်ရံခါ နတ်ဘုရားတောင်ထွတ်များက လေထဲမှာ ထွက်ပေါ်လာကြပြီး အောက်သို့ အဆက်မပြတ် ဖိကျသွားကြသည်။ တောင်မြစ်ယပ်တောင်ထဲမှ တိုက်ခိုက်မှုအမျိုးမျိုးက အပြင်လောကမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ရှင်းလင်းစွာပင် ထိုယပ်တောင်က တန်ဖိုးကြီးမားသော ဓမ္မရတနာတစ်ခု ဖြစ်သည်။ ထို့ပြင် ယင်း၏ နောက်ကွယ်မှာ သမိုင်းကြောင်းတစ်ခုလည်း ရှိ၏။

လုကျီလင်း၏ ဓားအလင်းက မကြာခဏဆိုသလို ဝင်းခနဲ လက်ခနဲ ထွက်ပေါ်လာသည်။ ထက်ရှသော ဓားဆန္ဒ၏ ခုတ်ပိုင်းမှုအောက်မှာ မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင်ပြီးတစ်ကောင်က ကျဆုံးသွားကြသည်။

သို့သော်လည်း မကောင်းဆိုးဝါးဝိညာဉ်များက အရေအတွက် အလွန်များပြားပြီး အသက်ဆုံးရှုံးရမည်ကို မကြောက်ကြချေ။ ထို့ကြောင့် မကောင်းဆိုးဝါးဝိညာဉ်များ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများအောက်မှာ ကျင့်ကြံသူတစ်ရာကျော်က ခဏလေးအတွင်း အသက်ဆုံးရှုံးသွားကြသည်။

ဝူဝူဒီ၊ ရွှေဝူဟန်နှင့် လုကျီလင်းကဲ့သို့ လက်ရွေးစင်များသည်ပင် ဒဏ်ရာများ ရရှိသွားကြသည်။

သီရှီထျန်သည် အစွမ်းထက်သော ပေါက်ကွဲမှုကြီးတစ်ခုကို ဖန်တီး၍ အစွမ်းထက်ဆုံး မကောင်းဆိုးဝါးဝိညာဉ်သုံးကောင်အနက် တစ်ကောင်ကို တိုက်ရိုက် သတ်ပစ်လိုက်ပြီး ကျန်နှစ်ကောင်ကို ဒဏ်ရာတချို့ ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ မည်သည့်မကောင်းဆိုးဝါးဝိညာဉ်မှ သူ့ကို မတားဆီးနိုင်ကြတော့ချေ။

သူက ထျန်းရေကန်ပေါ်မှာ မြန်ဆန်စွာ ပြေးသွားနေသည်။ သူ၏ ခန္ဓာကိုယ်က အလွန်အားကောင်းသော ဝမ်းနည်းခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက အမျိုးသမီး မကောင်းဆိုးဝါးဝိညာဉ်နှစ်ကောင်ကို ဖြတ်ကျော်သွားပြီး ထျန်းရေကန်ထဲမှ ထွက်သွားသည်။

မကြာမီ မည်းမှောင်နေသော လှိုဏ်ဂူတစ်ခုက သူ၏ မျက်စိအရှေ့မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

“ လှိုဏ်ဂူထဲ ငါဝင်ရမယ်… လှိုဏ်ဂူထဲ ငါဝင်ရမယ်… ”

ထိုလှိုဏ်ဂူကို မြင်သွားသောအခါ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော သီရှီထျန်၏ မျက်လုံးထဲမှာ ကြည်လင်သော အလင်းရောင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက လုံးဝ တုံ့ဆိုင်းမနေဘဲ လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။

လှိုဏ်ဂူဝင်ပေါက်သည် ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ပါးစပ်ပေါက်နှင့် ဆင်တူသည်။ ဤသည်မှာ ယင်းက သတ္တဝါများကို အချိန်မရွေး ဝါးမျိုပစ်နိုင်သည့်အလားပင်။ လှိုဏ်ဂူ၏ ဝင်ပေါက်ကို ပါးလွှာသော မြူခိုးထုက ဖုံးလွှမ်းထားသည်။ မြူခိုးထု၏ တားဆီးမှုကြောင့် လှိုဏ်ဂူထဲမှာ မည်သည့်အရာရှိကြောင်း မမြင်နိုင်ပေ။

“ ဟူး… ဟူး… ”

ထူးဆန်းသော လေတိုးသံများက လှိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။ ယင်းက အခြေအနေကို ပိုပြီးချောက်ချားဖွယ်ကောင်းစေသည်။ လေတိုးသံကို ကြားလိုက်ရသော လူများသည် အလိုအလျောက် ကြောက်ရွံ့သွားကြလိမ့်မည်။

ထို့ပြင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက လှိုဏ်ဂူထဲမှ ထွက်ပေါ်နေသည်။ ချောက်ချားဖွယ်ကောင်းသော လေတိုးသံက ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲတစ်ကောင်၏ အသက်ရှူသံနှင့် ဆင်တူသည်။ လှိုဏ်ဂူထဲသို့ ဝင်ရောက်မည့် လူများသည် အချိန်မရွေး အန္တရာယ်ဖြင့် ကြုံတွေ့ရနိုင်ဟန် ရ၏။ ထို့ကြောင့် လှိုဏ်ဂူထဲသို့ မဝင်ရောက်မီ သေချာစဉ်းစားသင့်သည်။

သို့သော်လည်း သီရှီထျန်ဆီမှာ စဉ်းစားရန် အချိန်မရှိပေ။ သူက လှိုဏ်ဂူဝင်ပေါက်သို့ ရောက်သွားသည်နှင့်ချက်ချင်း လုံးဝ တုံ့ဆိုင်းမနေဘဲ အထဲဝင်သွားသည်။ သူ၏ ပုံရိပ်က လှိုဏ်ဂူထဲမှ မြူခိုးထုထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားသည်။

သီရှီထျန် ဖြတ်သွားသဖြင့် မြူခိုးထုက မလွင့်ပြယ်သွားပေ။ မြူခိုးထုက အကြိမ်ရေအနည်းငယ် တလိပ်လိပ် လှုပ်ရှားသွားပြီးလျှင် ပြန်ပြည့်သွားသည်။ ယခု ကြည့်လျှင် လှိုဏ်ဂူက မူလတုန်းကအတိုင်း တစ်ပုံစံတည်း တူညီသွားသည်။

တစ်စုံတစ်ယောက်က လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြောင်း မည်သူမှ ပြောနိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက အလွန်ထူးဆန်းသည်။

လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် သူ့အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ လှိုဏ်ဂူ၏ အတွင်းပိုင်းသည် ဝင်ပေါက်အရှေ့မှာကဲ့သို့ မည်းမှောင်မနေပေ။ ဤလှိုဏ်ဂူကို အမည်မသိသတ္ထုပစ္စည်းတချို့ဖြင့် တည်ဆောက်ထားဟန် ရ၏။ ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးများက အပြာရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်ပေးနေသည်။ ထို့ကြောင့် လှိုဏ်ဂူထဲမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် လှိုဏ်ဂူထဲမှ အရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သူ၏ အရှေ့တွင် လမ်းကြောင်းတစ်ခုတည်း ရှိမနေပေ။ ယင်းအစား လှိုဏ်ခေါင်းကိုးခုက သူ့အရှေ့မှာ စီတန်းနေကြသည်။ လှိုဏ်ခေါင်းတစ်ခုနှင့် တစ်ခုသည် တစ်ပုံစံတည်း တူညီကြသည်။ ထို့ကြောင့် ယင်းတို့ကြားမှ ခြားနားမှုကို ပြောရန် ခဲယဉ်းပေသည်။

လှိုဏ်ခေါင်းအားလုံးက တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ထို့ကြောင့် မည်သည့်လှိုဏ်ခေါင်းကို ရွေးချယ်သင့်ကြောင်း ဆုံးဖြတ်ရန်မှာ မလွယ်ကူပေ။ အမြင်စူးရှသော ပုဂ္ဂိုလ်များသည်ပင် ဆုံးဖြတ်ချက်မချမီ နှစ်ခါစဉ်းစားကြရလိမ့်မည်။

သို့သော် စက်ကရာက တစ်စုံတစ်ခုကို အာရုံခံမိသွားဟန် ရ၏။ ထို့ကြောင့် သူက လှိုဏ်ခေါင်းများအရှေ့မှာ ရပ်မနေပေ။ သူက လှိုဏ်ခေါင်းတစ်ခုကို ရွေးချယ်လိုက်ပြီး အထဲဝင်သွားသည်။

သူက လှိုဏ်ဂူထဲသို့ အရင်ဆုံး ရောက်လာသူဖြစ်ပြီး သူ၏ အလျင်က အလွန်မြန်ဆန်သည်။ အကယ်၍ တခြားတစ်ယောက်က သူ့အနောက်မှ အမှီလိုက်လာနိုင်လျှင်ပင် အနက်ရောင်အရိပ်တစ်ခုက လှိုဏ်ခေါင်းတစ်ခုထဲသို့ ရိပ်ခနဲ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားကြောင်းသာ မြင်ရလိမ့်မည်။

ဤလှိုဏ်ဂူက အလွန်ထူးဆန်းသည်။ ချောက်ချားဖွယ်ကောင်းသော လေတိုးသံများက လှိုဏ်ဂူထဲမှ မကြာခဏ ထွက်ပေါ်နေသည်။ ထို့ပြင် လှိုဏ်ဂူထဲမှာ မရေမတွက်နိုင်သော လှိုဏ်ခေါင်းပေါက်များ ရှိသည်။ လှိုဏ်ခေါင်းပေါက်တစ်ခု၏ အဆုံးသတ်သို့ ရောက်သွားသည့်အခါတိုင်း တူညီသော နောက်ထပ် လှိုဏ်ခေါင်းပေါက်များ ထွက်ပေါ်လာကြလိမ့်မည်။ လှိုဏ်ခေါင်းပေါက်များက အဆုံးမဲ့ဟန် ရ၏။ ဤလှိုဏ်ဂူက ဧရာမဝင်္ကပါတစ်ခုနှင့် ဆင်တူသည်။

တစ်စုံတစ်ယောက်က မှန်ကန်သော လမ်းကြောင်းကို မသိထားလျှင် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်အနည်းငယ် ကြာမြင့်သွားလျှင်ပင် လှိုဏ်ခေါင်း၏ အဆုံးသတ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

လှိုဏ်ဂူထဲမှာ ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲများ မရှိပေ။ သို့သော်လည်း ဤနေရာက တစ်စုံတစ်ယောက်ကို ထာဝရ ပိတ်လှောင်ထားနိုင်သော ဧရာမဝင်္ကပါ ဖြစ်သည်။

သူတို့က လမ်းကြောင်းအမှန်ကို မရှာဖွေနိုင်လျှင် ဤနေရာမှာ အသက်ဆုံးရှုံးသွားသည်အထိ ပိတ်မိနေလိမ့်မည်။ ထို့ပြင် သူတို့က အချိန်ကာလတစ်ခုအထိ တစ်ယောက်တည်း အထီးကျန်နေလိမ့်မည်။ ထိုသို့နှိပ်စက်မှုက အလွန်ကြောက်စရာကောင်းသည်။

ဝင်္ကပါများထဲမှာ စိတ်ရှုပ်ဖွယ်အကောင်းဆုံး ဝင်္ကပါက အမြင်အာရုံလှည့်စားသော ဝင်္ကပါဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အမြင်အာရုံလှည့်စားသော ဝင်္ကပါထဲသို့ ဝင်ရောက်သွားလျှင် လမ်းပျောက်ပြီး ယောင်လည်လည် ဖြစ်နေလိမ့်မည်။

သူတို့က မိုင်ထောင်ချီအကွာအဝေးသို့ လမ်းလျှောက်သွားနေသည်ဟု ထင်မှတ်ရသော်လည်း အမှန်မှာ သူတို့က ဤနေရာတစ်ဝိုက်မှာတင် အဆက်မပြတ် လမ်းလျှောက်နေသည်။ သူတို့က ရက်ပေါင်းများစွာကြာအောင် တစ်ဖြောင့်တည်း လျှောက်သွားမည်ဆိုလျှင်ပင် အပြင်သို့ ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

လမ်းကြောင်းအမှန်ကို ရှာမတွေ့လျှင် သူတို့က ဝင်္ကပါထဲမှာ အားအင်ကုန်ခမ်းပြီး အသက်ဆုံးရှုံးသွားကြလိမ့်မည်။

အမြင်အာရုံလှည့်စားသော ဝင်္ကပါများထဲတွင် ပိုပြီးစိတ်ရှုပ်ဖွယ်ကောင်းသော ဝင်္ကပါက အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါ ဖြစ်သည်။

ယင်းက အမှန်တကယ် စိတ်ရှုပ်ဖွယ်ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ဝင်္ကပါထဲမှာ ပုံသဏ္ဍာန်တစ်ပုံစံတည်း တူညီသော လှိုဏ်ခေါင်းများကိုသာ မြင်တွေ့ရလိမ့်မည်။ အရာအားလုံးက တစ်ပုံစံတည်း တူညီနေသည်။ ထို့ကြောင့် လမ်းကြောင်းအမှန်ကို ရှာဖွေရန် အလွန်ခက်ခဲသည်။ တစ်စုံတစ်ယောက်က လှိုဏ်ခေါင်းတစ်ခုကို ရွေးချယ်လိုက်မည်ဆိုလျှင်ပင် လမ်းအဆုံးမှာ တူညီသော နောက်ထပ် လှိုဏ်ခေါင်းများ ထွက်ပေါ်လာဦးလိမ့်မည်။ ခြေတစ်လှမ်း လွဲမှားသွားတိုင်း ဝင်္ကပါက ပိုပြီးရှုပ်ထွေးလာလိမ့်မည်။

ထို့ကြောင့် အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲမှာ ပိတ်မိနေသူများသည် များသောအားဖြင့် ရူးသွားကြလေ့ ရှိသည်။ စိတ်ခွန်အား မသန်မာသူများဆိုလျှင် သူတို့က အချိန်ခဏလေးအတွင်းမှာ သတိမေ့မြောသွားကြလိမ့်မည်။ ထို့ကြောင့် အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲမှာ အစောင့်အကြပ်များ ထည့်ထားရန် မလိုအပ်ပေ။

ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်နှင့် အဆုံးမရှိသော လှိုဏ်ခေါင်းများက သင့်အတွက် ရန်သူ ဖြစ်လာလိမ့်မည်။

ထိုသို့ဝင်္ကပါကို လူနှစ်မျိုးသာလျှင် ဖြတ်ကျော်နိုင်ကြသည်။ ပထမတစ်မျိုးက ဝင်္ကပါ၏ လမ်းကြောင်းအမှန်ကို သိထားသူ ဖြစ်သည်။ ဥပမာ ဝင်္ကပါမြေပုံကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ဒုတိယတစ်မျိုးက လှိုဏ်ခေါင်းတစ်ခုနှင့်တစ်ခုကြားမှ တမူထူးခြားချက်များကို သတိထားမိသူများ ဖြစ်ကြသည်။ သူတို့သည်သာလျှင် ဝင်္ကပါ၏ ထွက်ပေါက် သို့မဟုတ် ပန်းတိုင်ကို ရှာဖွေနိုင်ကြသည်။ ထိုနှစ်မျိုးထဲမှာ မပါဝင်သော နောက်ထပ် လူတစ်မျိုးရှိသေးသည်။ သူတို့က အလွန်ကံကောင်းသူများ ဖြစ်ကြသည်။ သူတို့က ကံကြမ္မာ၏ အထောက်အပံ့ကို ရရှိထားသောကြောင့် မျက်စိမှိတ်၍ လမ်းလျှောက်နေလျှင်ပင် ပန်းတိုင်သို့ ရောက်ရှိနိုင်ကြသည်။ သို့သော် ထိုသို့ကံကောင်းသူများက မရှိသလောက် အလွန်နည်းပါးသည်။

ထို့ပြင် ပင်ကိုယ်ဗီဇ၏ လမ်းညွှန်မှုကို ရရှိထားသော လူထူးဆန်းများသည်လည်း အမြင်အာရုံလှည့်စားသော အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါကို အလွယ်တကူ ဖြတ်ကျော်နိုင်ကြသည်။ သူတို့က ပင်ကိုယ်ဗီဇ၏ လမ်းညွှန်မှုကြောင့် မည်သည့်အခက်အခဲမှမရှိဘဲ လမ်းကြောင်းမှန်ကို ချက်ချင်း ရွေးချယ်နိုင်ကြသည်။

သီရှီထျန် ဝင်ရောက်သွားသော လှိုဏ်ဂူသည် စိတ်ရှုပ်ဖွယ်အကောင်းဆုံးဖြစ်သော အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မည်မျှဉာဏ်ကောင်းပါစေ လှိုဏ်ဂူထဲမှာ အကြိမ်ရေအနည်းငယ် လျှောက်ပတ်ပြီးလျှင် မျက်စိလည်သွားလိမ့်မည်။

သို့သော်လည်း သီရှီထျန်၏ လက်ရှိလုပ်ဆောင်မှုက အလွန်အံ့ဖွယ်ကောင်းသည်။ သူက လှိုဏ်ခေါင်းတစ်ခုပြီးတစ်ခုကို တစ္ဆေတစ်ကောင်နှယ် မြန်ဆန်စွာ ဖြတ်သန်းသွားသည်။ သူက မည်သည့်အရာမှ တွေးတောမနေဘဲ လမ်းကြောင်းတစ်ခုကို ချက်ချင်း ရွေးချယ်လိုက်သည်။ ဤသည်မှာ သူက အမှောင်ထုထဲ၌ လမ်းညွှန်မှုတစ်ခုကို ရရှိထားသည့်အလားပင်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူက လှိုဏ်ခေါင်းအများကြီးကို ဖြတ်ကျော်သွားသည်။

" ဘန်း… ဘန်း… ဘန်း "

ဤအခိုက်အတန့်မှာ ထျန်းရေကန်ထဲမှ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲက ရုတ်တရက် ရပ်တန့်သွားသည်။ ပုံရိပ်အများအပြားက လှိုဏ်ဂူအရှေ့မှ အနက်ရောင်မြူခိုးထုကို ဖြတ်သန်းသွားကြပြီး လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။ အရှေ့ဆုံးမှ ဦးဆောင်နေသူများက ဝူဝူဒီ၊ ရွှေဝူဟန်နှင့် လုကျီလင်း ဖြစ်ကြသည်။ အယောက်တစ်ရာမပြည့်သော ကျင့်ကြံသူများက သူတို့သုံးယောက်၏ အနောက်မှ လိုက်လာကြသည်။ သူတို့တစ်ယောက်စီက အနည်းနှင့်အများ ဒဏ်ရာရရှိထားကြသည်။ သူတို့အားလုံးက ဆိုးဝါးသော အခြေအနေမှာ ရှိနေကြသည်။

သို့သော်လည်း သူတို့၏ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သော အမူအရာရှိသည်။ အထူးသဖြင့် သူတို့၏ အကြည့်က သိုလှောင်အိတ်များပေါ်သို့ ရံဖန်ရံခါ ကျရောက်သွားသည့်အခါမှာ ဖြစ်သည်။ ရှင်းလင်းစွာပင် သူတို့က ဤတိုက်ပွဲမှ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ကြသည်။

“ ဟုတ်တယ်… အဲ့ဒီကုချင်းအသံက ဒီလှိုဏ်ဂူထဲကနေ ထွက်ပေါ်လာတာပဲ… သီရှီထျန်က ငါတို့ရဲ့ အရှေ့ကနေ အရင်ဝင်သွားခဲ့တယ်… အခု သူ့ကို မမြင်ရတော့ဘူး… ကြည့်ရတာ သူက အထဲရောက်သွားပြီထင်တယ်… ဒါပေမဲ့ ဒီနေရာမှာ လှိုဏ်ခေါင်းကိုးခုတောင် ရှိတယ်… ဘယ်ဟာက လမ်းကြောင်းအမှန်လဲ မသိဘူး… တကယ်လို့ လမ်းမှားကို ရွေးမိသွားရင် ဒုက္ခရောက်လိမ့်မယ် ”

ဝူဝူဒီ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ဂရုစိုက်မနေပေ။ ယင်းအစား သူက လှိုဏ်ခေါင်းကိုးခု၏ အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ လမ်းကြောင်းအမှန်ကို ရှာတွေ့ရန် သူမျှော်လင့်နေသည်။

ကံမကောင်းစွာပင် သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပေ။ လှိုဏ်ခေါင်းကိုးခုစလုံးက တစ်ပုံစံတည်း တူညီကြသည်။ ယင်းတို့၏ အသွင်သဏ္ဍာန်သာမက အရှိန်အဝါသည်လည်း တူညီကြသည်။ ယင်းတို့ကြားမှာ မည်သည့်ခြားနားမှုမှ မရှိပေ။ သို့ဖြစ်၍ မည်သည့်လှိုဏ်ခေါင်းက အမှန်ဖြစ်ကြောင်း သူမပြောနိုင်ပေ။

“ ဒီဟာက အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါဖြစ်နေမှာ ငါစိုးရိမ်တယ်… အဲ့ဒါကို အိမ်တော်က စာကြည့်ဆောင်ထဲမှာ ငါဖတ်ဖူးတယ်… အခုလို တစ်ပုံစံတည်းတူညီတဲ့ လှိုဏ်ခေါင်းတွေအများကြီး မြင်ရပြီဆိုရင် အဲ့ဒါက အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာတယ်… လမ်းကြောင်းအမှန်ကို မရှာဖွေနိုင်ရင် တစ်သက်လုံး ဒီနေရာမှာ ပိတ်မိနေလိမ့်မယ်… အားလုံးပဲ… လှိုဏ်ခေါင်းထဲကို မဆင်မခြင် မဝင်ကြပါနဲ့… သေချာစဉ်းစားဆုံးဖြတ်ကြပါ ”

ရွှေဝူဟန်က တောင်မြစ်ယပ်တောင်ကို ဝှစ်ခနဲ ခေါက်သိမ်းလိုက်ပြီး လေးနက်စွာ ပြောသည်။ သူက သူ့အရှေ့မှ လှိုဏ်ခေါင်းများကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် သူက ထိုလှိုဏ်ခေါင်းများအပေါ် နည်းနည်းမှ သတိမပေါ့ဆဝံ့ပေ။

အခန်း(၂၀၉)

အကယ်၍ လမ်းကြောင်းအမှန်ကို သူတို့မရှာဖွေနိုင်လျှင် ဤဝင်္ကပါထဲမှာ တစ်သက်လုံး ပိတ်မိနေလိမ့်မည်။ လှိုဏ်ခေါင်းအရေအတွက်က ပိုများပြားလေ အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါက ပိုကြောက်စရာကောင်းလေပင်။

အဆင့်အနိမ့်ဆုံး ဝင်္ကပါတွင် လှိုဏ်ခေါင်းသုံးခုဖြင့် စတင်လိမ့်မည်။ အမြင့်ဆုံးသည် လှိုဏ်ခေါင်းကိုးခု ဖြစ်သည်။

ယခု သူတို့၏ အရှေ့မှာ လှိုဏ်ခေါင်းကိုးခု ရှိနေသည်။ ယင်းက အခက်ခဲဆုံး အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါဖြစ်သည်မှာ သံသယရှိရန် မလိုပေ။

ထို့ကြောင့် အကယ်၍ သူတို့က လမ်းကြောင်းအမှန်ကို မသိထားဘဲ လှိုဏ်ခေါင်းထဲသို့ မဆင်မခြင် ဝင်ရောက်သွားမည်ဆိုလျှင် အထဲမှာ ပိတ်မိသွားရန် ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။

" ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ… ဒီလှိုဏ်ခေါင်းတွေရဲ့ အရှေ့မှာ ရပ်တန့်နေမှာလား… မြစိမ်းကုချင်းက ဒီဝင်္ကပါထဲမှာ ပုန်းကွယ်နေလောက်တယ်… တကယ်လို့ ငါတို့အရှေ့ဆက်မသွားရင် ဒီခရီးရဲ့ ရည်မှန်းချက်ကို ဘယ်လိုလုပ် ရနိုင်တော့မှာလဲ ”

လုကျီလင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ သူ၏ မျက်နှာပေါ်မှာ ဆန္ဒမရှိမှုနှင့် စိတ်မရှည်မှု ထွက်ပေါ်နေသည်။

ဤနေရာအထိ ရောက်လာကြသူများသည် ဤလှိုဏ်ဂူထဲမှာ ကုချင်းဘုံ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ပုန်းကွယ်နေကြောင်း နားလည်ထားကြသည်။ ထို့ပြင် ဤတစ်ကြိမ် သူတို့၏ ရည်ရွယ်ချက်က မြစိမ်းကုချင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သာယာအေးချမ်းသော ကုချင်းအသံက ဤလှိုဏ်ဂူထဲမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါလော။

သို့သော်လည်း သူတို့၏ အရှေ့မှာ လှိုဏ်ခေါင်းကိုးခုက တားဆီးနေသည်။ မည်သူမှ မဆင်မခြင် မလုပ်ဆောင်ဝံ့ကြချေ။ သူတို့က အထဲဝင်သွားပြီး အပြင်သို့ ပြန်မထွက်လာနိုင်မည်ကို စိုးရိမ်နေကြသည်။ သူတို့က လမ်းမှားကို ရွေးချယ်မိသွားလျှင် ဆိုးဝါးသော အကျိုးဆက်များကို တွေ့ကြုံရလိမ့်မည်။ မည်သူမှ သူတို့၏ အသက်ကို အလောင်းအစား မပြုလုပ်ချင်ကြပေ။ ထို့ကြောင့် ဤအခိုက်အတန့်မှာ အသက်ရှင်ကျန်ရစ်ကြသော လူအားလုံးက လှိုဏ်ခေါင်းကိုးခု၏ အရှေ့မှာ ရပ်တန့်သွားကြသည်။ သူတို့ထဲမှ မည်သူမှ မလှုပ်ရှားကြချေ။

ဤသည်မှာ သူတို့၏ အရှေ့၌ ရက်စက်ကြမ်းကြုတ်သော သားရဲကိုးကောင်က ပါးစပ်ဟ၍ ရပ်နေကြသည့်အလားပင်။

… … …

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင်… ။

ချိုင့်ဝှမ်း၏ အရှေ့ဘက်မှ ရေတံခွန်တောင်ထွတ်ပေါ်တွင် ကြည်လင်သော ရေစီးကြောင်းက အရှိန်အဟုန်ပြင်းပြင်း ရွေ့လျားနေပြီး အောက်ဘက်မှ ရေကန်ပေါ်သို့ ကျဆင်းသွားသည်။ နှင်းကဲ့သို့ ဖြူဖွေးသော ရေစက်များက ဘေးပတ်ဝန်းကျင်သို့ အဆက်မပြတ် ပြန့်ကျဲသွားနေသည်။ တောင်ထွတ်ပေါ်တွင် ကြီးမားသော ကျောက်တုံးတစ်တုံး ရှိသည်။ ဤအခိုက်အတန့်မှာ ဝတ်စုံဖြူဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ကျောက်တုံးကြီးပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။ သူက လက်ထဲမှာ ထျန်းအင်ပါယာရတနာသေတ္တာကို ကိုင်ထားသည်။ သူက စူးရှတောက်ပသော မျက်လုံးများဖြင့် ရတနာသေတ္တာကို စူးစမ်းလေ့လာနေသည်။

သူက ရတနာသေတ္တာကို ဖွင့်လှစ်ချင်နေဟန် ရ၏။ သို့သော်လည်း သူက ထိုသို့မလုပ်ဆောင်နိုင်ပေ။

အချိန်အတော်ကြာပြီးနောက် သူက နောက်ထပ် စိတ်မရှည်တော့ဘဲ ရတနာသေတ္တာကို ဘေးသို့ ပစ်ချလိုက်သည်။ သူက ဒေါသတကြီး ပြောသည်။

“ ဒေါသထွက်လိုက်တာ… ဘယ်လိုအရူးကများ ဒီထျန်းအင်ပါယာရတနာသေတ္တာကို ဖန်တီးခဲ့တာလဲ… သူက ရတနာသေတ္တာပေါ်မှာ ဒီလောက်ခက်ခဲတဲ့ ပဟေဠိကို စည်းခတ်ထားတယ်လား… သီရှီထျန်ကို ငါမတွေ့ခဲ့ဘူးဆိုရင် ဒီရတနာသေတ္တာပေါ်မှာ ပဟေဠိတစ်ခု ဖုံးကွယ်နေတာကို ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး… ပြီးတော့ ဒီပဟေဠိက ဘာလို့ အဲ့လောက်တောင် ခက်ခဲတာလဲ ”

သူက မျက်မှောင်ကြုတ်လိုက်ပြီး ရတနာသေတ္တာကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူ့ကို ပိုပြီးဒေါသထွက်စေသည်မှာ သီရှီထျန်က ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ပြီး သူက မဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ယင်း၏ ဆိုလိုရင်းမှာ သူ၏ ဉာဏ်ရည်က သီရှီထျန်ထက် နိမ့်ကျသည်လော။

“ အမပိုင်ဟူ… အဲ့ဒီပဟေဠိကို မဖြေရှင်းနိုင်ရင်လည်း ခေါင်းရှုပ်ခံပြီး စဉ်းစားမနေပါနဲ့… အကိုကြီး ပြန်လာတဲ့အခါ သူ့ကို အဲ့ဒါပေးလိုက်ပြီး ဖြေရှင်းခိုင်းလိုက်ပေါ့… အကိုကြီးက အဲ့ဒါကို သေချာပေါက် ဖြေရှင်းနိုင်မှာပါ ”

သူ၏ ဘေးတွင် ကျားဖြူတစ်ကောင်က ခေါင်းမော့လိုက်ပြီး ချစ်စဖွယ်ကောင်းစွာ ပြောသည်။ သူ၏ စကားအရ သူက အကိုကြီးအပေါ် အပြည့်အဝ ယုံကြည်ထားကြောင်း ထင်ရှားသည်။ သူ၏ နှလုံးသားထဲတွင် သူ့အကိုကြီးက ပြိုင်ဘက်ကင်း တန်ခိုးရှင်ဖြစ်ဟန် ရ၏။

“ နင့်ရဲ့ အကိုကြီး ဒီတစ်ခေါက် အပြင်ထွက်သွားတာ ဘယ်လောက်ကြာမလဲ မသိဘူး… သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို ထိန်းချုပ်နိုင်ဖို့ လူသားလောကဆီမှာ ကုချင်းတီးခတ်နည်းကို သွားသင်ယူလိမ့်မယ်… ငါ့ရဲ့ မှန်းဆမှုအရ အဲ့ဒါက တစ်နှစ် နှစ်နှစ်လောက် ကြာလိမ့်မယ် ”

ဝတ်စုံဖြူမိန်းကလေးက ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။

သူက မြေခွေးဖြူလေး စုထျန်းရှင်းမှလွဲ၍ တခြားမဟုတ်ပေ။ သူ့ဘေးမှ ကျားဖြူလေးက သီရှီထျန်၏ ညီမလေး ရှောင်ပိုင်ဖြစ်သည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သီရှီထျန် မထွက်သွားခင် ပိုင်ဟူက ထျန်းအင်ပါယာရတနာသေတ္တာကို ပြန်တောင်းခဲ့သည်။ ထျန်းအင်ပါယာရတနာသေတ္တာထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိကြောင်း သူသိသော်လည်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ကာကွယ်စောင့်ရှောက်ပေးရန် ပိုင်ဟူ၏ အကူအညီကို သူလိုအပ်သည်။ ထို့ပြင် ပိုင်ဟူက သူ့ထက် အများကြီး ပိုအစွမ်းထက်သည်။ ထို့ကြောင့် သူက ရွေးချယ်စရာမရှိသည့်အဆုံး ရတနာသေတ္တာကို ပြန်ပေးလိုက်သည်။

သီရှီထျန်က ရတနာသေတ္တာကို ဖြေရှင်းရန် ကြိုးစားခဲ့ကြောင်း ပိုင်ဟူ မြင်ဖူးသည်။ သို့မှသာ ယခင်သူမြင်ခဲ့သော လေးထောင့်အကွက်များက ပဟေဠိတစ်ခုဖြစ်ကြောင်း နားလည်သွား၏။ ထို့ပြင် ပဟေဠိကို ဖြေရှင်းနိုင်မှ ရတနာသေတ္တာကို ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သူသိသွားသည်။

ထို့ကြောင့် ပိုင်ဟူသည် ရတနာသေတ္တာကို ပြန်ရပြီးကတည်းက ပဟေဠိကို သူ့ဘာသာ ဖြေရှင်းရန် ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာပင် ပဟေဠိအပိုင်းအစများက တစ်ခုမှ မှန်ကန်စွာ မဆက်သွားပေ။ ယင်းတို့က သေးငယ်သော ဖားလောင်းများနှင့် ဆင်တူသည်။ ယင်းတို့ကြားမှာ ကြီးမားသော ကွဲပြားခြားနားမှု မရှိပေ။

ကြည့်ရသည်မှာ ပိုင်ဟူက ပဟေဠိဖြေရှင်းရာတွင် ပါရမီမပါဟန် ရ၏။ ရှုပ်ထွေးသော ပဟေဠိအပိုင်းအစများကို သူကြည့်လိုက်သည့်အခါ ချက်ချင်း ခေါင်းမူးသွားသည်။ ဤသည်မှာ မရေမတွက်နိုင်သော ဖားလောင်းများက သူ၏ အရှေ့မှာ လူးလွန့်နေသည့်အလားပင်။

မည်သည့်အရာကို အရင်ဦးစွာ သူစလှုပ်ရှားသင့်ကြောင်း မသိပေ။ ထို့ကြောင့် သူက လက်လျော့လိုက်ပြီး ထျန်းအင်ပါယာရတနာသေတ္တာကို ဘေးသို့ ဒေါသတကြီး ပစ်ချလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ခါးသီးစွာ ပြုံးလိုက်သည်။

" ကြည့်ရတာ ထျန်းအင်ပါယာရတနာသေတ္တာက ငါနဲ့ ကံမစပ်တဲ့ပုံပဲ… ဒီဟာရဲ့ ပိုင်ရှင်က သီရှီထျန်ဖြစ်နေမလား ”

“ အကိုကြီးက ပိုပြီးသန်မာလာဖို့ သင်ယူနေတယ်… ရှောင်ပိုင်လည်း ပိုပြီးသန်မာလာချင်တယ်… ဒီရက်တွေမှာ ရှောင်ပိုင်က အကိုကြီး သင်ပေးခဲ့တဲ့ ကျင့်စဉ်အတိုင်း တစိုက်မတ်မတ် ကျင့်ကြံခဲ့တယ်… ရှောင်ပိုင်က အရင်ကထက် အများကြီး ပိုသန်မာလာပြီ… အကိုကြီး ပြန်လာတဲ့အခါ ရှောင်ပိုင်က အကိုကြီးကို အံ့ဩမှုအကြီးကြီး လက်ဆောင်ပေးမယ် ”

ရှောင်ပိုင်က မျှော်လင့်သော အမူအရာဖြင့် ပြောသည်။

ဤရက်များတွင် ရှောင်ပိုင်တစ်ယောက်တည်း မဟုတ်ဘဲ ချိုင့်ဝှမ်းထဲမှ ဝိညာဉ်သားရဲအားလုံးက အစွမ်းကုန်အားထုတ်၍ ကြိုးစားပမ်းစား ကျင့်ကြံနေကြသည်။ ကျင့်ကြံခြင်းဆေးလုံးများနှင့် မျောက်မင်းဝိုင်၏ ထောက်ပံ့ပေးမှုကြောင့် သူတို့က ကျင့်ကြံခြင်းမှာ အထူးအာရုံစိုက်နိုင်ကြသည်။

သူတို့အားလုံးက အားလပ်သည့်အချိန်တိုင်းမှာ အချိန်မဖြုန်းဘဲ ကျင့်ကြံကြသည်။ သူတို့က အနာဂတ်မှာ သီရှီထျန်အတွက် အားကိုးရသော လက်အောက်ငယ်သားများဖြစ်လာရန် မျှော်လင့်နေကြသည်။ သူတို့က အချိန်တိုလေးအတွင်း မိစ္ဆာသားရဲများဖြစ်လာရန် ကြိုးစားနေကြသည်။

တစ်ခုသိထားရမည်မှာ သီရှီထျန်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ မထွက်သွားခင် မိစ္ဆာစံအိမ်ဖွင့်လှစ်သော နည်းလမ်းကို သူ၏ လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးခဲ့သည်။ ယင်းက ဝိညာဉ်သားရဲများကို သူ့အပေါ် လုံးဝ သစ္စာရှိစေသည်။ အနာဂတ်မှာ သူ့အပေါ် သစ္စာဖောက်မည့် အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။

သူတို့သည် သေသည်အထိ သူ့တစ်ယောက်တည်းအပေါ်မှာ သစ္စာရှိကြလိမ့်မည်။

သူ၏ လက်အောက်ငယ်သားများကို အပြည့်အဝ သိမ်းသွင်းရန် သီရှီထျန်က “ ချော့တစ်ခါ ခြောက်တစ်လှည့် ”နည်းလမ်းကို အသုံးပြုသည်။

ပိုင်ဟူသည် ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ သူက ခေါင်းမော့၍ အဝေးသို့ ကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

… … …

“ ရွှတ် ”

စက်ကရာသည် လှိုဏ်ခေါင်းတစ်ခုပြီးတစ်ခုကို မြန်ဆန်စွာ ဖြတ်သန်းသွားသည်။ သူက လှိုဏ်ခေါင်းကို ရွေးချယ်ရန် လုံးဝ စဉ်းစားမနေပေ။ ယခုအချိန်မှာ လှိုဏ်ခေါင်းမည်မျှကို သူဖြတ်ကျော်ပြီးပြီဖြစ်ကြောင်း မသိတော့ပေ။ သို့သော်လည်း မကြာမီ လှိုဏ်ခေါင်းတစ်ခုထဲမှ သူထွက်လာပြီးနောက် သူ၏ ခြေလှမ်းက ရုတ်ချည်း ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အရှေ့မှာ လှိုဏ်ခေါင်းများ နောက်ထပ် မရှိတော့ပေ။ ယင်းအစား ခမ်းနည်းထည်ဝါသော ဧရာမလှိုဏ်ဂူတစ်ခု ရှိသည်။

သူ၏ အရှေ့မှာ ရေကန်တစ်ကန် ရှိသည်။ ရေကန်ထဲမှ ရေသည် ဖော်မပြနိုင်အောင် အလွန်ကြည်လင်သည်။ ရေကန်ထဲတွင် ကြီးမားသော ကျောက်တုံးကြီးများ ရှိသည်။ ယင်းတို့က ရေမျက်နှာပြင်ပေါ်တွင် လမ်းကြောင်းတစ်ခုပမာ ဖြစ်ပေါ်နေသည်။

ရေကန်၏ အလယ်တွင် ရှေးဟောင်းနန်းဆောင်တစ်ခု ရှိသည်။ နန်းဆောင်သည် အရွယ်အစားကြီးမားပြီး တောင့်တင်းခိုင်မာသည်။ ခမ်းနားထည်ဝါသော နန်းဆောင်ထဲတွင် စားပွဲခုံတစ်လုံးနှင့် ထိုင်ခုံတစ်လုံး ရှိသည်။ စားပွဲခုံပေါ်တွင် အစိမ်းရောင်ကုချင်းတစ်ခု ရှိသည်။ ကုချင်း၏ မျက်နှာပြင်ပေါ်တွင် ရိုးရှင်းသော မျဉ်းကြောင်းများ ရှိသည်။ ထိုမျဉ်းကြောင်းများကို သေချာကြည့်မည်ဆိုလျှင် ယင်းတို့က အစိမ်းရောင် သစ်ရွက်အပိုင်းအစများဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ ထိုအစိမ်းရောင်သစ်ရွက်များထဲတွင် အလွန်အားကောင်းသော အသက်ဓာတ်အရှိန်အဝါက ထွက်ပေါ်နေသည်။

ယင်းက အစိမ်းရောင်ကုချင်းကို ပိုပြီးလျှို့ဝှက်ဆန်းကြယ်စေသည်။

“ ကုချင်း… ကုချင်း… ကုချင်း ”

သီရှီထျန်သည် လှိုဏ်ဂူအရှေ့သို့ ရောက်လာပြီး ရှေးဟောင်းနန်းဆောင်ထဲမှ ကျောက်စိမ်းကုချင်းကို မြင်သွားသောအခါ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော သူ၏ မျက်လုံးထဲမှာ ကြည်လင်သော အလင်းရောင် ပြန်ထွက်ပေါ်လာသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ကျောက်တုံးများပေါ်မှာ လျှောက်သွားပြီး ရှေးဟောင်းနန်းဆောင်ပေါ်သို့ ခြေချလိုက်သည်။

ထို့နောက် သူက လက်ဆန့်ထုတ်၍ ကျောက်စိမ်းကုချင်းကို ဖမ်းဆုပ်လိုက်သည်။

ထူးဆန်းသည်မှာ ကျောက်စိမ်းကုချင်းသည် သီရှီထျန်ကို နည်းနည်းမှ မခုခံပေ။ ထို့ကြောင့် သူ့လက်က ကျောက်စိမ်းကုချင်းပေါ်သို့ ကျရောက်သွားသည်။

ကုချင်းကို သူထိလိုက်သည့်အခိုက် သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ တစ်ဆက်တည်းမှာ သူ၏ မျက်လုံးများထဲမှ ဝမ်းနည်းမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ကုချင်းထံမှ အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်က သူ၏ လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအင်ထဲမှာ အဆုံးမဲ့သော အသက်ဓာတ် ကိန်းအောင်းနေဟန် ရ၏။ ယင်းက သဘာဝကျပြီး အေးချမ်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ထိုစွမ်းအင် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ နွေခေါင်ခေါင်မှာ ရေခဲရေပုံးဖြင့် လောင်းချခံလိုက်ရသည့်အလား သူခံစားမိသွားသည်။ သူ၏ တစ်ကိုယ်လုံးက တသိမ့်သိမ့် တုန်ယင်သွားသည်။ အေးစိမ့်မှုက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးထံမှ ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးထဲမှ ဝမ်းနည်းမှုက မြန်ဆန်စွာ ပြန်ဆုတ်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝမ်းနည်းမှုစွမ်းအင်သည်လည်း အားအနည်းဆုံး အခြေအနေသို့ ရောက်သွားသည်အထိ ဖိနှိပ်ခံလိုက်ရသည်။ ဝမ်းနည်းမှုစွမ်းအင်က မပျောက်ကွယ်သွားပေ။ ယင်းက ဖိနှိပ်ခံထားရရုံမျှသာ ဖြစ်၏။

ဝမ်းနည်းမှု တဖြည်းဖြည်း လျော့ပါးသွားသည့်အခါ သီရှီထျန်၏ မျက်လုံးက ပြန်လည်ကြည်လင်လာပြီး တောက်ပလာသည်။ သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ထွက်ပေါ်နေသည်။

" ဟူး "

သူက ခေါင်းငုံ့လိုက်ပြီး သူ့အရှေ့မှ ကုချင်းကို ကြည့်လိုက်သည်။ သူက နက်နဲစွာ တွေးတောလိုက်သည်။ သူက ကုချင်းပေါ်မှ သူ့လက်ကို ရုတ်တရက် ဖယ်ရှားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ ကြည်လင်သော မျက်လုံးထဲမှာ ဝမ်းနည်းမှုက အလွန်သိပ်သည်းစွာ ပြန်ထွက်ပေါ်လာသည်။ ထို့ပြင် ယင်း၏ အရှိန်အဟုန်က အလွန်သန်စွမ်းသည်။ ဤသည်မှာ ဝမ်းနည်းမှုက ကြည်လင်နေသော သူ၏ အသိစိတ်တစ်ခုလုံးကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ထိုပြောင်းလဲမှုက သီရှီထျန်ကို ချောက်ချားသွားစေသည်။ သူက ကုချင်းပေါ်သို့ သူ့လက်ကို အမြန်ပြန်တင်လိုက်သည်။

အမှန်တကယ် ထူးဆန်းပေသည်။ သူ့လက်က ကုချင်းကို ထိသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝမ်းနည်းမှုက ယင်း၏ သဘာဝရန်သူကို တွေ့ဆုံသွားဟန် ရ၏။ ဝမ်းနည်းမှုက မျက်စိတစ်မှိတ်အတွင်း ဖိနှိပ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဆုတ်သွားသည်။

" ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ… အဆုံးမဲ့လိုအင်ဆန္ဒထဲမှာ ငါနစ်မြုပ်သွားတော့ဖို့ နည်းနည်းပဲ လိုတယ်… မဟုတ်ရင် ငါက ဝမ်းနည်းမှုထဲမှာ ထာဝရပိတ်မိသွားလိမ့်မယ်… ဝမ်းနည်းခြင်းစွမ်းအင်ကို ငါ့ရဲ့ မိစ္ဆာသွေးကြောထဲ ပေါင်းထည့်လိုက်တာက ဝမ်းနည်းခြင်းသွေးကြောကို ဖွဲ့စည်းနိုင်စေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ ဝမ်းနည်းခြင်းသွေးကြောက ဒီလောကရဲ့ သက်ရှိတွေဆီကနေ ဝမ်းနည်းခြင်းကို ဆွဲထုတ်နိုင်တယ်… ဒါပေမဲ့ ဝမ်းနည်းခြင်းသွေးကြောရဲ့ အကျိုးသက်ရောက်မှုကို ခုခံကာကွယ်နိုင်တဲ့ အရည်အချင်း ငါ့ဆီမှာ မရှိသေးဘူး… ငါက ဝမ်းနည်းမှုထဲမှာ တိုက်ရိုက် နစ်မြုပ်သွားခဲ့တယ်… သတ္တဝါအားလုံးဆီက ထွက်ပေါ်လာတဲ့ ဝမ်းနည်းမှုက အရမ်းကြောက်စရာကောင်းတယ် ”

အခန်း(၂၁၀)

သီရှီထျန်က သူ့လက်ကို ကုချင်းပေါ်မှာ တင်လိုက်သည်။ သူက နောက်တစ်ခါ မဖယ်ရှားဝံ့ပေ။ ထို့ကြောင့် သူက ခေါင်းမော့လိုက်ပြီး သက်ပြင်းချလိုက်သည်။ ကြောက်ရွံ့သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤအတောအတွင်း မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူသိသည်။ အဖြစ်အပျက်တစ်ခုစီတိုင်းက သူ၏ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပြန်ပေါ်လာသည်။ ထို့ကြောင့် အဆုံးမဲ့သော ဝမ်းနည်းမှုထဲမှာ မည်သို့ သူနစ်မြုပ်သွားခဲ့ကြောင်း၊ ဝမ်းနည်းမှုက သူ့ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်သွားကြောင်း သူသိသည်။ ထို့ပြင် ရွှဲယင်ရီတို့အုပ်စုကို သူသတ်ပစ်ခဲ့ပြီး ကုချင်းဘုံထဲမှာ ခြေဦးတည်ရာ လျှောက်သွားနေခဲ့ကြောင်း သူသိသည်။

အဖြစ်အပျက်တစ်ခုစီတိုင်းက သူ၏ စိတ်ထဲမှာ နက်ရှိုင်းစွာ စွဲမြဲနေသည်။

ထိုအချိန်မှာ သူက ကြီးမားသော အကြောက်တရားကို တွေ့ကြုံခဲ့သည်။

အတိတ်မှာ ဝမ်းနည်းခြင်းစွမ်းအင်ကို မိစ္ဆာသွေးကြောထဲသို့ သူပေါင်းထည့်ခဲ့စဉ်တွင် မျှော်လင့်မထားသော အန္တရာယ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သူသိသည်။ မည်သို့ဖြစ်ပါစေ ယင်းက မည်သူမှ မလုပ်ဆောင်ကြည့်ဖူးသော စွန့်စားမှု ဖြစ်သည်။ ပိုပြီးသူမမျှော်လင့်ထားသည်မှာ သူ၏ မိစ္ဆာသွေးကြောက ဝမ်းနည်းခြင်းသွေးကြောအဖြစ် ပြောင်းလဲသွားခြင်းပင်။

မှန်ပေသည်။ ထိုဝမ်းနည်းခြင်းသွေးကြောမှာ အံ့ဖွယ်ကောင်းသော အကျိုးအာနိသင်များ ရှိသည်။ ထိုဝမ်းနည်းခြင်းသွေးကြောဖြင့်ဆိုလျှင် သူက ဤလောက၏ ဝမ်းနည်းခြင်းစွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်သွားလိမ့်မည်။ ယင်းက သူ့အား လိုအင်ဆန္ဒစွမ်းအင်ကို မှန်ကန်စွာ စုပ်ယူနိုင်စေမည့် ပထမခြေလှမ်း ဖြစ်သည်။

သို့သော် ယင်း၏ အားနည်းချက်ကိုလည်း သူက ကောင်းမွန်စွာ နားလည်ထားသည်။ ဝမ်းနည်းခြင်းသွေးကြောသည် ဤလောက၏ သတ္တဝါအားလုံးထံမှ ဝမ်းနည်းမှုကို လှုံ့ဆော်ပေးပြီး စုစည်းပေးနိုင်သည်။ ထို့ကြောင့် ဝမ်းနည်းဖွယ်အတွေးများနှင့် ဝမ်းနည်းဖွယ်ကိစ္စများက သူ့အပေါ်သို့ စုပြုံကျရောက်လာလိမ့်မည်။ ရလဒ်အနေနှင့် သူ၏ အသိစိတ်က ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားလိမ့်မည်။

ထိုသို့ဝမ်းနည်းမှုအခြေအနေကို ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းက တစ်စုံတစ်ယောက်၏ တာအိုနှလုံးသားကို ထုဆစ်သန့်စင်ပေးနိုင်သည်။ တစ်စုံတစ်ယောက်က အဆုံးမဲ့သော ဝမ်းနည်းမှုထဲမှာ နစ်မြုပ်သွားမည်ဆိုလျှင် ဝမ်းနည်းမှုဖြင့် ယိုယွင်းတိုက်စားခံရလိမ့်မည်။ ထို့နောက် သူက မည်သည့်အခါမှ ပြန်နိုးလာတော့မည် မဟုတ်ချေ။ ယင်းက အစောနက စက်ကရာ တွေ့ကြုံခဲ့သော အခြေအနေဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်က ဝမ်းနည်းမှုဖြင့် ယိုယွင်းတိုက်စားခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားခဲ့သည်။

မည်သည့်မတော်တဆမှုမှ မဖြစ်ပေါ်လာလျှင် သူ၏ အသိစိတ်က ဝမ်းနည်းမှုထဲမှာ ထာဝရနစ်မြုပ်သွားပြီး မည်သည့်အခါမှ ပြန်နိုးလာတော့မည် မဟုတ်ချေ။ ထိုအခါ သူက သက်ရှိဖုတ်ကောင်ဖြစ်လာလိမ့်မည်။

ထို့ကြောင့် သီရှီထျန်သည် သတိပြန်ရလာပြီးနောက် အလွန်ချောက်ချားသွားသည်။ ကြောက်ရွံ့သော စိတ်ခံစားမှုက သူ့နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ဝမ်းနည်းမှုအခြေအနေက အမှန်တကယ် ကြောက်စရာကောင်းသည်။ သူ့နေရာမှာ အမတနတ်ဘုရားတစ်ပါးဆိုလျှင်ပင် တူညီသော အဆုံးသတ်ကို တွေ့ကြုံရလိမ့်မည်။ သူတို့သည် ဝမ်းနည်းမှုအခြေအနေမှ ပြန်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။

တစ်စုံတစ်ယောက်ဆီမှာ အသိစိတ်ကို ကာကွယ်ပေးနိုင်သော ရတနာတစ်ခုမရှိလျှင် သူက သက်ရှိအားလုံးထံမှ ထွက်ပေါ်နေသော ဝမ်းနည်းမှုကို စိုးရိမ်ကြောက်လန့်ရလိမ့်မည်။

“ ဒီကုချင်း… အဲ့ဒါက ချင်မိသားစုရဲ့ ဒဏ္ဍာရီလာ မြစိမ်းကုချင်းလား… အဲ့ဒါ ဟုတ်တယ် မဟုတ်ဘူးက ငါ့အတွက် အရေးမကြီးဘူး… အရေးကြီးတာက ဒီကုချင်းက ဝမ်းနည်းခြင်းရဲ့ ယိုယွင်းတိုက်စားမှုကို ငါ့အတွက် ခုခံတားဆီးပေးနိုင်တယ်… ဒီဟာက တန်ဖိုးကြီးမားတဲ့ ရတနာဆိုတာ သေချာတယ် ”

စက်ကရာသည် သူ့အရှေ့မှ ကျောက်စိမ်းကုချင်းကို လေးနက်စွာ စူးစမ်းကြည့်လိုက်သည်။ ကုချင်းက သူ့အား စိတ်အေးချမ်းစေမည့် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ ကုချင်းပေါ်မှာ ကြိုးခုနစ်ချောင်း ရှိသည်။ ထို့ပြင် ကုချင်းကိုယ်ထည်ပေါ်မှ သစ်ရွက်စိမ်းများက အလွန်သိပ်သည်းသော အသက်ဓာတ်ကို ထုတ်လွှတ်နေသည်။

သီရှီထျန်က ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး ကုချင်းကို ကောက်ယူလိုက်သည်။ သူက ကုချင်း၏ ကိုယ်ထည်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် “ မြစိမ်းကုချင်း ”ဟူသော ရှေးဟောင်းစာလုံးကြီးနှစ်လုံးက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

နောက်ထပ် သံသယဖြစ်ရန် မလိုတော့ပေ။ ယင်းက အမှန်တကယ်ပင် ကုချင်းဘုံ၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သော မြစိမ်းကုချင်း ဖြစ်သည်။ ချင်မိသားစုက “ မြစိမ်းကုချင်း ”ကို သတိုးသားလောင်း ရှာဖွေရန်အတွက်ပင် အသုံးပြုခဲ့သည်။

သီရှီထျန်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် သူ၏ မိစ္ဆာချီကို ကုချင်းထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ မိစ္ဆာချီက ကုချင်းထဲသို့ လုံးဝ မဝင်ရောက်နိုင်ပေ။ ယင်းက အပြင်ဘက်မှာတင် ငြင်းဆန်ခံလိုက်ရသည်။

မြစိမ်းကုချင်းကို စိုက်ကြည့်နေစဉ် သူ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ နက်နဲသိမ်မွေ့သော အလင်းက သူ့မျက်လုံးထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာအမူအရာက အလွန်ထူးဆန်းသည်။ သူက ပျော်ရွှင်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းကို မဖော်ပြပေ။

အမှန်မှာ သူက ဝိရောဓိဖြစ်နေသည်။

“ မြစိမ်းကုချင်းက ချင်မိသားစု သတိုးသားလောင်းရှာဖွေဖို့ အသုံးပြုတဲ့ ပစ္စည်းပဲ… သူတို့ပြောတာက တစ်စုံတစ်ယောက်က မြစိမ်းကုချင်းကို ကုချင်းဘုံရဲ့ အပြင်ဆီ ပြန်ယူလာပေးနိုင်ရင် အဲ့ဒီလူက ချင်မိသားစုရဲ့ သားမက်ဖြစ်လာပြီး ကိုတိုမီရဲ့ တာအိုလက်တွဲဖော်ဖြစ်လာလိမ့်မယ် ”

“ ဒါပေမဲ့ ကုချင်းဘုံထဲ ငါဝင်ရောက်ခဲ့တာက ကုချင်းဘုံရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ကိုယ်တိုင်မြင်တွေ့ချင်လို့ပဲ… ဒုတိယအကြောင်းအရင်းက ပထမဆုံး မိစ္ဆာသွေးကြောကို ဖွဲ့စည်းဖို့ လျှို့ဝှက်တဲ့ နေရာတစ်နေရာ ငါရှာဖွေချင်လို့ပဲ… တတိယအကြောင်းအရင်းက မြစိမ်းကုချင်းကို ငါရှာဖွေဖို့ လိုအပ်တယ် ”

“ ငါ့ရဲ့ မူလအစီအစဉ်အရဆို ကုချင်းကို ငါရှာတွေ့တာနဲ့ ချင်မိသားစုကို လက်ဆောင်ပေးမယ်… ပြီးတော့ အပြန်အလှန်အနေနဲ့ သူတို့ဆီကနေ ဂီတအကြောင်းနဲ့ ကုချင်းတီးခတ်နည်းအကြောင်း သင်ယူဖို့ အခွင့်အရေးတစ်ခု ငါတောင်းဆိုမယ် ”

“ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက ဝမ်းနည်းမှုက မပျောက်ကွယ်သွားသေးဘူး… မြစိမ်းကုချင်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်က ငါ့နှလုံးသားထဲက ဝမ်းနည်းမှုကို ဖိနှိပ်ပေးနိုင်တယ်… ကုချင်းအနားက‌နေ ငါထွက်သွားရင် ဝမ်းနည်းမှုအခြေအနေထဲ ပြန်နစ်မြုပ်သွားမှာ စိုးရိမ်ရတယ်… အဲ့ဒီအခါ ငါ့မှာ အသက်ကိုးသက်ရှိရင်တောင် လွတ်မြောက်ဖို့ ခဲယဉ်းလိမ့်မယ် ”

အစောနက သူကြိုးစားကြည့်ခဲ့သည်။ မြစိမ်းကုချင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ဝမ်းနည်းမှုကို အမှန်တကယ် ဖိနှိပ်ပေးနိုင်သည်။ သို့သော်လည်း ယင်းက ဝမ်းနည်းမှုကို ချက်ချင်း ပျောက်ကွယ်သွားစေရန် မလုပ်ဆောင်ပေးနိုင်ပေ။ အကယ်၍ သူ၏ ခန္ဓာကိုယ်သာ အလုံအလောက် မသန်မာလျှင် သူက ဆိုးဝါးသော အဆုံးသတ်ကို တွေ့ကြုံသွားရလိမ့်မည်။

ပြဿနာမှာ ယခု သူက ကုချင်းကို လက်လွှဲမပေးနိုင်ပေ။ ကုချင်းကို သူလက်လွှဲပေးလိုက်လျှင် ချင်မိသားစုက သူ့ကို နောက်တစ်ခါ ထိတွေ့ခွင့်ပေးလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ယင်းက ချင်မိသားစု၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်သည်။ မည်သို့ကြောင့် သူတို့က ယင်းကို အပြင်လူအား ငှားပေးနိုင်မည်နည်း။

ထို့ပြင် သူက ကိုတိုမီကို လက်ထပ်ပြီး ချင်မိသားစု၏ သားမက်ဖြစ်လာရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။ သူက မိစ္ဆာဖြစ်ပြီး ကိုတိုမီက လူသားဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူအများစု၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော မွန်းစတား ဖြစ်သည်။ ထို့ပြင် သားရဲတစ်သောင်းဂိုဏ်းနှင့် သူ့ကြားမှာ မဖြေရှင်းနိုင်သော ရန်ကြွေးရှိသည်။

အကယ်၍ မိစ္ဆာတစ်ကောင်က လူသားတစ်ယောက်နှင့် လက်ထပ်မည်ဆိုလျှင် သေချာပေါက် ကြီးမားသော အတားအဆီးများ ရှိလာလိမ့်မည်။

မှန်ပေ၏။ သီရှီထျန်က ကြီးမြတ်သော မိစ္ဆာဘုရင်ဖြစ်လာရန် ရည်မှန်းချက်ထားရှိနေလေရာ မည်သည့်အတားအဆီးများကို ကြောက်မည်နည်း။ သို့သော် အဓိကပြဿနာမှာ သူက ကိုတိုမီကို တစ်ကြိမ်သာ မြင်ဖူးသည်။ ကိုတိုမီက သူ့မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားလေရာ သူ့မျက်နှာကို သူသေချာမမြင်ဖူးပေ။ သူတို့ကြားမှာ မည်သည့်ချစ်ခြင်းမေတ္တာမှ မရှိပေ။ ထို့ကြောင့် ကိုတိုမီကို လက်ထပ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။

သူက ကုချင်းသင်ယူရန် ချင်မိသားစုဆီသို့ ရောက်လာခြင်း ဖြစ်သည်။ သူက ဇနီးတစ်ယောက်ကို လက်ထပ်ယူရန် ရောက်လာခြင်း မဟုတ်ပေ။

သို့သော်လည်း ယခု သူက ပြဿနာတစ်ခုနှင့် တွေ့ကြုံနေရသည်။ ယင်းက မြစိမ်းကုချင်း ဖြစ်သည်။

“ အခုလောလောဆယ်တော့ ချင်မိသားစုကို မြစိမ်းကုချင်း ငါမလွှဲပေးနိုင်သေးဘူး… မြစိမ်းကုချင်းဆီက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်မရှိရင် ဝမ်းနည်းမှုအခြေအနေထဲ နောက်တစ်ကြိမ် ငါကျရောက်သွားလိမ့်မယ်… ဒါပေမဲ့ ပြဿနာက ဒီကုချင်းကို ငါဘယ်လိုဖွက်ထားရမလဲ မသိတာပဲ ”

သီရှီထျန်က တွေးတောလိုက်သည်။ မြစိမ်းကုချင်းကို လက်ထဲမှာ ကိုင်ထားခြင်းက ကြီးမားသော ပြဿနာတစ်ခု ဖြစ်၏။ မည်သို့ဖြစ်ပါစေ ယင်းက ချင်မိသားစုပိုင် ဘိုးဘေးရတနာ ဖြစ်သည်။ သူက ကုချင်းကို သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းထားမည်ဆိုလျှင်ပင် အပြင်သို့ သူထွက်သွားသည့်အခါ ချင်မိသားစုက လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြု၍ မြစိမ်းကုချင်းကို ရှာဖွေနိုင်လိမ့်မည်။ ထို့ပြင် မြစိမ်းကုချင်းက သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့နေရမည်။

“ မိစ္ဆာစံအိမ်ထဲမှာ ဖွက်ထားရမလား… ဒါမှမဟုတ် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ ဖွက်ထားရမလား ”

သို့သော်လည်း သူက ထိုအတွေးများကို ချက်ချင်း ဖယ်ရှားလိုက်သည်။ သူက မြစိမ်းကုချင်းကို မသန့်စင်ထားပေ။ ထို့ကြောင့် မြစိမ်းကုချင်းကို သူ၏ မိစ္ဆာစံအိမ်ထဲသို့ ထည့်သွင်းရန် လုံးဝ မဖြစ်နိုင်ပေ။

ရုတ်တရက်ဆိုသလို အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက တဖျပ်ဖျပ်လှုပ်သွားသည်။ သူက ဉာဏ်အလင်းရသွားသည်။

“ မြစိမ်းကုချင်းကို မိစ္ဆာစံအိမ်ထဲ မထည့်နိုင်ပေမဲ့ ငါ့ရဲ့ ဘုရင်အမှတ်အသားထဲမှာ ခရမ်းရောင်ရေကန် ရှိနေတာပဲ… ခရမ်းရောင်ရေကန်က မြစိမ်းကုချင်းကို စုပ်ယူနိုင်မလား ငါမသိဘူး… တကယ်လို့ စုပ်ယူနိုင်မယ်ဆိုရင် ချင်မိသားစုက အဲ့ဒါကို ရှာဖွေနိုင်လောက်မှာ မဟုတ်ဘူး… ဘာပဲပြောပြော ငါ့ရဲ့ ခရမ်းရောင်ဘုရင်အမှတ်အသားက လျှို့ဝှက်ဆန်းကြယ်တယ် ”

ခရမ်းရောင်ဘုရင်အမှတ်အသားက စက်ကရာ၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ ယင်းက လောလောဆယ်တွင် ဝိညာဉ်များကိုသာ စုပ်ယူနိုင်ပြီး အလုံအလောက် အစွမ်းမထက်သေးပေ။ သို့သော်လည်း ခရမ်းရောင်ဘုရင်အမှတ်အသားဆီမှာ အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များရှိသည်ဟု စက်ကရာ လုံးဝ ယုံကြည်ထားသည်။ ယင်း၏ လျှို့ဝှက်နက်နဲမှုများကို ယခုလောလောဆယ် သူမဖော်ထုတ်နိုင်သေးရုံသာ ဖြစ်၏။

အကယ်၍ သူသာ ခရမ်းရောင်ဘုရင်အမှတ်အသား၏ အစစ်အမှန်စွမ်းရည်ကို ထုတ်ဖော်နိုင်မည်ဆိုလျှင် မိုးမြေက တုန်လှုပ်သွားပြီး နတ်ဘုရားများနှင့် တစ္ဆေများက ငိုကြွေးသွားကြလိမ့်မည်။

ခရမ်းရောင်ရေကန်သည်လည်း လျှို့ဝှက်ဆန်းကြယ်သည်။ ယင်း၏ လျှို့ဝှက်ဆန်းကြယ်မှုအရ ရေကန်က မြစိမ်းကုချင်းကို စုပ်ယူနိုင်လောက်သည်။

“ အင်း… တစ်ခေါက် ငါကြိုးစားကြည့်ရမယ်… တစ်ကယ်လို့ အဲ့ဒါက အလုပ်ဖြစ်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်ထဲက ဝမ်းနည်းမှုကို ဖိနှိပ်ထားနိုင်မယ့်အပြင် ချင်မိသားစုထဲ ဝင်ရောက်ဖို့ တခြားနည်းလမ်းတွေကို ငါကြိုးစားကြည့်နိုင်လိမ့်မယ် ”

သီရှီထျန်က တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။ သူ၏ အတွေးတစ်ချက်ကြောင့် သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားက ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဘုရင်အမှတ်အသားက ခရမ်းရောင်မီးတောက်တစ်ခုနှယ် လှုပ်ယမ်းသွားသည်။ ယင်းက အလွန်စိတ်လှုပ်ရှားနေဟန် ရ၏။

ခရမ်းရောင်အလင်းက သူ့အရှေ့သို့ ဖြာဆင်းကျသွားပြီး မြစိမ်းကုချင်းကို မြန်ဆန်စွာ ဖုံးလွှမ်းလိုက်သည်။

သူ၏ ထိန်းချုပ်မှုအောက်မှာ ခရမ်းရောင်ဘုရင်အမှတ်အသားက အလွန်သန်စွမ်းသော ဆွဲငင်အားကို ထုတ်လွှတ်လိုက်သည်။ ဘုရင်အမှတ်အသားက မြစိမ်းကုချင်းကို ထူးဆန်းသော လျှို့ဝှက်နယ်မြေထဲမှ ခရမ်းရောင်ရေကန်ထဲသို့ ဆွဲခေါ်ချင်နေသည်။

“ တင်း… တုန် ”

ခရမ်းရောင်အလင်းအောက်မှာ မြစိမ်းကုချင်းက ရုတ်တရက် တုန်ယင်သွားပြီး ကြွပ်ဆပ်သော အသံကို ထုတ်လွှတ်လိုက်သည်။ အလွန်အားကောင်းသော အသက်ဓာတ်က ကုချင်းထံမှ ပေါက်ကွဲထွက်လာသည်။ ယင်းက ရုန်းကန်ချင်နေဟန် ရ၏။ သို့သော်လည်း ထူးဆန်းသည်မှာ မကြာမီ ကုချင်းက ပုံမှန်ပြန်ဖြစ်သွားသည်။ ယင်းက အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး ခရမ်းရောင်ဘုရင်အမှတ်အသားထဲသို့ အဆင်ချောမွေ့စွာ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ မြစိမ်းကုချင်းက ခရမ်းရောင်ရေကန်၏ အပေါ်မှာ ထွက်ပေါ်လာသည်။

“ တင်း… တုန် ”

ခရမ်းရောင်ရေကန်ထဲတွင် သီရှီထျန် ဝါးမျိုထားသော ဝိညာဉ်အားလုံးက ရေကန်ထဲမှာ နစ်မြုပ်နေကြသည်။ ခရမ်းရောင်အလင်းအမျှင်တန်းများက ရေကန်ထဲမှ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။

ခရမ်းရောင်အလင်းအမျှင်တန်းများ၏ အားဖြည့်ပေးမှုကြောင့် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ခရမ်းရောင် စစ်ချပ်ဝတ်တစ်ထည် ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားသည်။ သူတို့အားလုံးက မျက်လုံးမှိတ်ထားကြသည်။ ဤသည်မှာ သူတို့က ပြန်မနိုးလာကြသေးဟန် ရ၏။ ယင်းက အလွန်ထူးဆန်းသည်။ သီရှီထျန်သည်ပင် ထိုအခြေအနေကို မပြောင်းလဲနိုင်ပေ။

ယခု ခရမ်းရောင်ရေကန်ထဲတွင် ဝိညာဉ်နှစ်ထောင်နီးပါး ရှိနေသည်။ သူတို့ထဲမှ အများစုက လူသားဝိညာဉ်များ ဖြစ်ကြသည်။ အရေအတွက်ဒါဇင်ခန့်က သားရဲဝိညာဉ်များ ဖြစ်ကြသည်။

All Chapters