← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇)

အစ်ကိုလုံနှင့် ခဏတာ စကားပြောပြီးနောက် ဖုန်းပုကြွယ် ဂိမ်းထဲမှ ထွက်လိုက်သည်။ သူသည် လောလောဆယ်တွင် အသင်းနှင့် မပူးပေါင်းနိုင်သေးသဖြင့် ဤအချိန်ကို အသုံးပြုကာ လေကောင်းလေသန့် ရှူပြီး ညစာပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

၂-၂ သတ်ဖြတ်ခြင်းဂိမ်းနှင့် ရှင်းရှင်းလင်းလင်း မပြီးဆုံးခဲ့သော အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်တစ်ခုကို ကစားပြီးနောက် ညစာစားချိန် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ညစာဟု ဆိုရသော်ငြား အနှစ်သာရအားဖြင့် ခေါက်ဆွဲပင် ဖြစ်သည်... ။

အယ်ဒီတာ၏ အဆိုအရ တီဗီရှိုးအတွက် ရရှိမည့် အခကြေးငွေက ရက်အနည်းငယ်အတွင်း သူ့ကတ်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။ သို့သော်လည်း "ရက်အနည်းငယ်" ဆိုသည်မှာ မည်သည့်အချိန်ကို ဆိုလိုခြင်းဖြစ်ကြောင်း ဖုန်းပုကြွယ် မသိပေ။

ထို့ကြောင့် ဖုန်းပုကြွယ်သည် ထမင်းစားရန် ပြန်လာတိုင်း သူ့ကတ်ထဲတွင် ပိုက်ဆံ တိုး၊ မတိုးကို ကွန်ပျူတာရှေ့၌ အလိုအလျောက် စစ်ဆေးမိတတ်သည်။ အကယ်၍ သူ့ကတ်ထဲတွင် ပိုက်ဆံရှိပါက သူသည် အွန်လိုင်းမှ အစားအသောက်များကို ချက်ချင်း မှာယူပေလိမ့်မည် ။

မှန်ပေသည် ထိုစစ်ဆေးမှု၏ ရလဒ်မှာ... နိုးဟူ၏။

ဖုန်းပုကြွယ်တွင် ခရက်ဒစ်ကတ် မရှိကြောင်းကို ဤနေရာတွင် ဖော်ပြသင့်ပေသည်။ သူ့ခေတ်ကာလတွင် ခရက်ဒစ်ကတ် လျှောက်ထားခြင်းသည် အလွန်အလုပ်ရှုပ်သော ကိစ္စတစ်ခု ဖြစ်သည်။ ၂၁ ရာစု အစောပိုင်းတွင် ခရက်ဒစ်ကတ် လိမ်လည်မှုသည် စီးပွားရေးလိမ်လည်မှုများ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ထိုအထဲတွင် POS စက်များကို အသုံးပြု၍ ကတ်အမျိုးမျိုးဖြင့် လိမ်လည်မှုမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ တတိယမျိုးဆက်ဖိုတွန်ကွန်ပျူတာများ ပေါ်ထွက်လာပြီး အိုင်ဒီကွန်ရက်ကို ထိန်းညှိပြီးသည့်တိုင် ထိုနှုန်းက သိသိသာသာ လျော့ကျမသွားခဲ့ပေ။

POS စက်များကို ပြောင်းလဲမရသော အခြေအနေမျိုးတွင် အစိုးရအနေဖြင့် ခရက်ဒစ်ကတ် လျှောက်ထားမှုအပေါ် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကိုသာ ချမှတ်နိုင်ခဲ့သည်။ ခရက်ဒစ်ကတ် လိမ်လည်မှုကို လုံးဝ အမြစ်ပြတ်အောင် မလုပ်နိုင်သော်လည်း တင်းကျပ်သော စည်းမျဉ်းများမှာ သိသိသာသာ ထိရောက်မှု ရှိခဲ့သည် ။

ဖုန်းပုကြွယ်ကဲ့သို့သော နိုင်ငံသားများကို ကောင်းကောင်းမွန်မွန် ပြောရလျှင် စာရေးဆရာများဟု ဆိုနိုင်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ အလုပ်လက်မဲ့များ သို့မဟုတ် အလွတ်တန်း လုပ်ကိုင်သူများသာ ဖြစ်ကြသည် ။

သူတို့သည် ကိုယ်ပိုင်ဆေးအာမခံနှင့် ပင်စင်လစာကို ကိုယ်တိုင်ပေးဆောင်ကြရပြီး အိမ်ဝယ်ဖို့ ဆိုသည်မှာကား... ဟဟ...။

ဤအခြေအနေရှိသော နိုင်ငံသားများသည် အလွန်နည်းပါးသော ခရက်ဒစ်ကတ် ကန့်သတ်ချက်ကိုသာ လျှောက်ထားနိုင်ကြသည်။ ထို့အပြင် တစ်ဦးတည်းက ကတ်သုံးကတ်ထက် ပိုမပိုင်ဆိုင်နိုင်ပေ။ ဖုန်းပုကြွယ်၏ စိတ်နေစိတ်ထားအရ သူသည် ထိုသို့လုပ်ရန် စိတ်မဝင်စားပေ။ အကယ်၍ အရေးပေါ် အခြေအနေနှင့် အမှန်တကယ် ကြုံလာပါက တစ်စုံတစ်ဦးထံမှ ယွမ်ငွေ ထောင်ဂဏန်းခန့် ချေးယူရုံသာ ဖြစ်သည် ။

အွန်လိုင်းဝတ္ထုရေးဆရာများလောကတွင် အများစုသည် ခက်ခဲသော ဘဝကို ဖြတ်သန်းနေကြရသည်။ ချမ်းသာသူ အရေအတွက်မှာ လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်ပြီး ကျန်လူအများစုမှာ ဖုန်းပုကြွယ်ထက်ပင် ဆိုးရွားစွာ ရှင်သန်နေကြရခြင်း ဖြစ်နိုင်သည်။ အနည်းဆုံးတော့ အစ်ကိုကြွယ်သည် သူ့ကိုယ်သူ ပျင်းရိစွာ ထောက်ပံ့နိုင်သေးသည်။ စာပေအိပ်မက်များကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော တက်ကြွသည့် လူငယ်အများအပြားမှာ တစ်ရက်စာမရေးဖြစ်ပါက နောက်လတွင် ငတ်ရတော့မည့် အခြေအနေမျိုးတွင် ရှိနေသည်ကို သူမသိရှိပေ ။

မိသားစုနှင့် သူငယ်ချင်းများ၏ အထင်သေးသော အကြည့်များကို ခံနိုင်ရည်ရှိခြင်း၊ မိမိ၏ ပါရမီကို အသိအမှတ်မပြုကြသဖြင့် စိတ်ပျက်အားငယ်ခြင်းတို့ကြောင့် ပုံပြောလိုသော သူတို့၏ စိတ်အားထက်သန်မှုမှာ စာလုံးအရေအတွက် ပြည့်မီအောင် ရေးသားရသော အလေ့အထအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အခြားစာရေးဆရာများအပေါ် ထားရှိသော သူတို့၏ သဘောထားမှာ အားကျခြင်းမှ မနာလိုခြင်းနှင့် မုန်းတီးခြင်းတို့သို့ ပြောင်းလဲသွားခဲ့ရသည်။ နေ့စဉ်နှင့်အမျှ သူတို့သည် ဤကဲ့သို့ စိတ်မရှည်သော အခြေအနေမျိုးတွင် စာရေးနေကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် လူငယ်ဘဝကို ဖြုန်းတီးမိမှသာ သူတို့သည် မှားယွင်းသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းထဲသို့ ဝင်ရောက်မိခဲ့မှန်း သိရှိသွားကြတော့သည်...။(TL note - ဘာသာပြန်ဆရာများအတွက် မျက်ရည်နှစ်စက်)

လူမှုပတ်ဝန်းကျင်၏ အခြေအနေအရ စာရေးဆရာများသည် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအချို့နှင့် အလျှော့ပေး ညှိနှိုင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ဤကမ္ဘာကြီးတွင် မည်သည့်နယ်ပယ်၌မဆို အောင်မြင်လိုပါက ရုန်းကန်ရမည်သာ ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့သည့်တိုင် စားနိုင်သောက်နိုင်ရုံသာ ရှိပေလိမ့်မည်။ ကြီးမားသော အောင်မြင်မှုမှာ လူနည်းစုအတွက်သာ ဖြစ်သည်။ မအောင်မြင်သူများ သို့မဟုတ် မကြိုးစားသူများမှာမူ ငတ်မွတ်ပြီး သေဆုံးကြရပေလိမ့်မည်။ ထို့အပြင် ယနေ့ခေတ်တွင် ရှုံးနိမ့်သူများကို မည်သူမျှ မစာနာသဖြင့် သူတို့သည် အရှက်တကွဲနှင့် ငတ်မွတ်သေဆုံးကြရမည် ဖြစ်သည် ။

ဝတ္ထုရေးသည့်အခါတွင်လည်း လက်တွေ့ဘဝကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ပိုက်ဆံသည် ဤလူ့အဖွဲ့အစည်းကြီးတွင် လူတစ်ယောက်၏ တန်ဖိုးကို တိုင်းတာသည့် ပထမဆုံးစံနှုန်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုလူမှာ သူဌေးအသစ်၊ ချမ်းသာသော ဒုတိယမျိုးဆက် သို့မဟုတ် အကျင့်ပျက် ခြစားသော အရာရှိဖြစ်စေ ကိစ္စမရှိပေ။ ထိုလူသည် လူယုတ်မာတစ်ယောက် ဖြစ်နေပါစေ၊ သူ့ပိုက်ဆံများသည် တရားမဝင်သော လမ်းကြောင်းမှ လာသည်ကို လူတိုင်း သိနေပါစေ၊ သူသည် အရူး သို့မဟုတ် စိတ်ဝေဒနာရှင် ဖြစ်နေပါစေ သူထောင်ထဲမရောက်သရွေ့ သူ့ကို နွေးထွေးစွာ ကြိုဆိုမည့်သူများ ရှိနေဦးမည်သာ ဖြစ်သည် ။

ရှေးစကားပုံ ရှိသည်မဟုတ်ပါလား "ဆင်းရဲလျှင် မြို့လယ်ခေါင်မှာ နေသော်လည်း ဘယ်သူမှမသိ၊ ချမ်းသာလျှင် တောနက်ထဲ နေသော်လည်း ဝေးကွာသော ဆွေမျိုးများပင် ရောက်လာတတ်သည်" ဟူ၍ ဖြစ်သည်။ မည်သည့်ခေတ်ကာလသို့ ရောက်ပါစေ ဤမူမှာ ပြောင်းလဲသွားခြင်း မရှိပေ ။

ဤခေတ်ကြီး၏ လူလတ်တန်းစား ကလေးအများစုကဲ့သို့ပင် ဖုန်းပုကြွယ်သည်လည်း မှားယွင်းသော ခေတ်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်ဟု မကြာခဏ ညည်းတွားမိတတ်သည်။ အကယ်၍ စောစီးစွာ မွေးဖွားခဲ့မည်ဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သူ့ကဲ့သို့သော လူမျိုးအတွက် ပို၍ သင့်တော်ပေလိမ့်မည်။ အကယ်၍ နောက်ကျပြီးမှ မွေးဖွားခဲ့ပါက ဦးနှောက်မှလွဲ၍ ကျန်ရှိသော လူ့အင်္ဂါအစိတ်အပိုင်းအားလုံးကို စက်ပစ္စည်းများနှင့် အစားထိုးနိုင်ပြီး လူလုပ်အင်ဂျင်ဆီ နှစ်လီတာခန့် သောက်သုံးရုံဖြင့် လဝက်စာ လုံလောက်မည့် အခြေအနေမျိုးတွင် စစ်မှန်သော တန်းတူညီမျှမှုနှင့် သဟဇာတဖြစ်မှုကို ခံစားနိုင်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် သူသည် ၂၁ ရာစုတွင် နေထိုင်နေရခြင်းဖြစ်သည်။ ယင်းကို အကူးအပြောင်းကာလတွင် ရှင်သန်နေရခြင်းဟု ခေါ်ကြသည်။ ဤခေတ်တွင် ရုပ်ရှင်ထဲက စကားတစ်ခွန်းကို ကိုးကားရလျှင် "လူကြီးတွေရဲ့ ကမ္ဘာမှာ ဘာမှ မလွယ်ကူပါဘူး" ဟူ၍ ဖြစ်သည်။ လက်တွေ့တွင်မူ ကလေးများ၏ ဘဝသည်လည်း မလွယ်ကူလှပေ...။

ဖုန်းပုကြွယ်ကို စိတ်ပွင့်လင်းသူဟု ဆိုနိုင်ပါသည်။ ဖြစ်ချင်ရာဖြစ်စေတော့။ အကယ်၍ ခေါက်ဆွဲပြုတ်စားရမည်ဆိုလျှင် သူသည် ခေါက်ဆွဲကိုသာ စားမည် ဖြစ်သည်။ တစ်နေ့တွင် သူ့ခေါင်းထဲက အမည်မသိအရိပ်ကြီး ပေါက်ကွဲထွက်သွားပြီး အရာအားလုံးပြီးဆုံးသွားခြင်း သို့မဟုတ် ထိုပေါက်ကွဲမှုအပြီးတွင် သူသည် သန္ဓေပြောင်းလူသား ဖြစ်သွားပြီး အသက်မွေးဝမ်းကျောင်းတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း စသည်တို့ကို သူ မျှော်လင့်ထားခြင်း ဖြစ်နိုင်သည်။ အချုပ်အားဖြင့်ဆိုရလျှင် လူတစ်ယောက်သည် ဘဝအပေါ် မကျေနပ်သောအခါ လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်သော မည်သည့်အချက်မဆို မျှော်လင့်စရာတစ်ခု ဖြစ်လာတတ်လေသည်။

"လတ်ရှိတွင် S မြို့ရဲ့ လေထုအရည်အသွေးဟာ ပြန်လည်ကောင်းမွန်လာပါတယ်။ ပြင်းထန်တဲ့ ညစ်ညမ်းမှုကနေ အလယ်အလတ် ညစ်ညမ်းမှုအဖြစ်ကို ပြောင်းလဲသွားဖို့ မျှော်လင့်ရပါတယ်..."

"မြေအောက်ရထားလိုင်း ၉ ရဲ့ ကားပါကင် တိုးချဲ့မယ့် အစီအစဉ်ကိုတော့ အင်ဂျင်နီယာပိုင်းဆိုင်ရာ မတော်တဆမှုကြောင့် ဆိုင်းငံ့ထားလိုက်ပါပြီ..."

"၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ဖုန်းအသစ်ဝယ်ဖို့အတွက် အွန်လိုင်းပေါ်မှာ သူမရဲ့ အပျိုစင်ဘဝကို ရောင်းချခဲ့ပါတယ်..."

ခေါက်ဆွဲချက်နေစဉ်အတွင်း ဖုန်းပုကြွယ်သည် တီဗီဖွင့်ထားပြီး သတင်းတုအမျိုးမျိုးကို နားထောင်ရင်း သူလုပ်စရာရှိသည်ကို ထုံထိုင်းစွာ ဆက်လုပ်နေခဲ့သည် ။

ဆယ်မိနစ်ခန့် လုပ်ဆောင်ပြီးနောက် သူ၏ 'ညစာ' က ပြီးစီးသွားခဲ့သည်။ သူသည် တီဗီကို ပိတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ မြေပဲထောပတ်ပုလင်းကို ထုတ်ယူလိုက်သည်။ သူသည် ကွန်ပျူတာရှေ့တွင် ပြန်ထိုင်လိုက်ပြီး သမ်းဝေလိုက်သည်။

"သတင်းတွေထဲမှာ သတင်းကောင်းတွေ မကြားရတာ ကြာပြီပဲ၊ မီဒီယာတွေအပေါ် ယုံကြည်ကိုးစားမှုက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာလို့ သူတို့က အပြုသဘောဆောင်တဲ့ သတင်းတွေ တင်ပြရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိမယ်လို့ ထင်နေကြတာလား"

ဖုန်းပုကြွယ်သည် သတင်းမှလွဲ၍ တီဗီကို သိပ်မကြည့်ဖြစ်တော့ပေ။ အကြောင်းမှာ တီဗီဌာနများ၏ အကြိုက်ဆုံး အစီအစဉ်မှာ လူတစ်စုကို ထိုင်ခိုင်းပြီး သူတို့၏ မကောင်းသတင်းများကို ဖော်ထုတ်ခိုင်းခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် တစ်မြို့လုံး သို့မဟုတ် တစ်နိုင်ငံလုံး ရှေ့တွင် အာရုံစိုက်ခံရစေရန် အငြင်းပွားကြပေလိမ့်မည်။ ညစာစားချိန် ရောက်သည်နှင့် ချန်နယ်အားလုံးတွင် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် အရာများဖြင့် ပြည့်နှက်နေတတ်သည်။ ပဟေဠိ အစီအစဉ်ပင် မရှိချေ။ တီဗီဒရာမာများမှာမူ ဂျပန်များကို သတ်ခြင်း၊ ဂျပန်များကို သတ်ခြင်းနှင့် ဂျပန်များကို သတ်ခြင်းတို့သာ ဖြစ်သည်။ ဖုန်းပုကြွယ်သည် ဇာတ်ညွှန်းရေးဆရာများထံ စာတစ်စောင် ရေးသားကာ ပြောပြချင်နေမိသည်။

"ဖိလစ်ပိုင်တွေ ဒါမှမဟုတ် ဂြိုဟ်သားတွေကို တိုက်ခိုက်တဲ့ ဇာတ်ညွှန်းအချို့ ရေးဖို့ အကြံပေးချင်ပါတယ်။ ခင်ဗျားတို့ရဲ့ အတွေးအခေါ်ကို ပြောင်းလဲလိုက်ရင် လူကြိုက်များလာနိုင်ပါတယ်"

ခေါက်ဆွဲစားနေစဉ်အတွင်း သူသည် အိပ်မက်ကုမ္ပဏီ၏ ပင်မစာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။ သူသည် သည်းထိတ်ရင်ဖိုသုခဘုံ၏ စာမျက်နှာခွဲသို့ တိုက်ရိုက်သွားလိုသော်လည်း ပင်မစာမျက်နှာ၏ ထောင့်တစ်နေရာတွင် အလွန်စိတ်ဝင်စားစရာကောင်းသော သတင်းတစ်ခုကို တွေ့လိုက်ရသည် ။

"ကျွန်ုပ်တို့ ကုမ္ပဏီရဲ့ ဒုတိယမြောက် MMORPG ထုတ်ကုန်ကို လက်ရှိမှာ ထုတ်လုပ်နေပါတယ်။ မေလမှာ အစမ်းဗားရှင်းကို ထုတ်လွှင့်ပါမယ်"

ဖုန်းပုကြွယ်က သတင်းကို ဖတ်လိုက်သည်။

"ဂိမ်းအမည်က... အရူးအတွေးများတဲ့လား၊ ကတ်တိုက်ပွဲ ဂိမ်းပဲ"

သူသည် မြေပဲအရသာခေါက်ဆွဲများကို မျိုချလိုက်သည်။

"ပထမဂိမ်းက စမ်းသပ်ကာလပြီးရုံပဲ ရှိသေးတယ်၊ သူတို့က ဂိမ်းအသစ် ထုတ်လုပ်နေပြီလား၊ ဒီ အိပ်မက်ကုမ္ပဏီကတော့ တကယ့်ကို ခန့်မှန်းရခက်တာပဲ၊ တကယ်လို့ ဒါက တခြားကုမ္ပဏီသာဆိုရင် သည်းထိတ်ရင်ဖို သုခဘုံကနေ ပိုက်ဆံအများကြီး ရနေမှာပဲလေ၊ သူတို့က ဘာလို့ ဂိမ်းအသစ် ထပ်ထုတ်တာလဲ၊ ဒါက ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက် ပြန်လုပ်နေတာ မဟုတ်ဘူးလား"

ထိုသတင်းသည် တစ်ကြောင်းတည်းသာ ဖြစ်ပြီး ဂိမ်းပုံရိပ် သို့မဟုတ် အသေးစိတ် အချက်အလက်များ မပါရှိပေ။ တစ်နည်းအားဖြင့်ဆိုရသော် ယင်းမှာ လူအများ စိတ်ဝင်စားလာအောင် ဆွဲဆောင်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ဤနည်းလမ်းသည် ကစားသမား အများအပြား၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ရရှိခဲ့သည်။ ဖုန်းပုကြွယ်သည် သည်းထိတ်ရင်ဖို သုခဘုံဖိုရမ်ထဲသို့ ဝင်ကြည့်သောအခါ အရူးအတွေးများနှင့် ပတ်သက်သော ပို့စ်အများအပြားကို တွေ့လိုက်ရသည်...။

သေချာသည်မှာ တရားဝင်သတင်းတွင်ပင် ပုံရိပ်များ သို့မဟုတ် အမှန်တရားများ မပါရှိသောကြောင့် ကစားသမားများကြားတွင် စိတ်ကူးယဉ်မှုများသာ ရှိနေကြခြင်း ဖြစ်သည်။ အချို့မှာ ကျပန်းပုံအချို့ကို ရှာဖွေပြီး အတွင်းသတင်းများဟု ဆိုကာ ဂိမ်းပုံရိပ်များအဖြစ် တင်ပြနေကြသည်။ စီမံခန့်ခွဲသူများကမူ ဂရုစိုက်ပုံမရပေ။ ယင်းမှာ သတင်းထုတ်ပြန်သည့် ပထမဆုံးနေ့ ဖြစ်သည်။ သူတို့သည် ကစားသမားများ၏ စိတ်အားထက်သန်မှုကို မဟန့်တားလိုပေ။ သတင်းအတုများ ရှိနေခြင်းမှာ ကစားသမားများ စိတ်ဝင်စားနေသည်ဟု အဓိပ္ပာယ်ရသည် ။

"ကျန်းဟူမှ နာမည်ကြီးကစားသမား ပြေးဝင်လာသောဓားသွားဟာ လိမ်ဆော့တယ်လို့ သံသယရှိနေပါတယ်"

ထိုပို့စ်က ဖုန်းပုကြွယ်၏ အာရုံကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့သည် ။

ယင်းသည် လူကြိုက်များသော ပို့စ်တစ်ခု ဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းကျော်နှင့် ပြန်လည်ဖြေကြားမှု စာမျက်နှာပေါင်း တစ်ရာနီးပါး ရှိနေပြီ ဖြစ်သည် ။

ဤပို့စ်ကို တင်ခဲ့သူမှာ အကောင့်တုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ သူ့အမည်သည် အင်္ဂလိပ်စာလုံးများ ဖြစ်ပြီး ကျပန်းရိုက်နှိပ်ထားပုံ ရသည်။ ဖုန်းပုကြွယ်သည် ဖိုရမ်တွင် အတွေ့အကြုံ အတော်အတန် ရှိသော်ငြား သူ၏ ယခင်ပို့စ်များကို ကြည့်ခြင်းအားဖြင့် ဤအကောင့်မှာ မိစ္ဆာဓားသွားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ကြောင်း သိရှိရန် မခက်ခဲပေ ။

ဖုန်းပုကြွယ်သည် ပို့စ်ပါ အကြောင်းအရာများကို စိတ်ဝင်တစား ဖတ်ကြည့်လိုက်သည်။ ထိုသူသည် သူ အစောပိုင်းက ကစားခဲ့သော ဇာတ်လမ်းအကြောင်းကို ပြောပြနေခြင်း ဖြစ်သည် ။

"ကျွန်တော့်အသင်းဖော်တွေနဲ့ ကျွန်တော် ဇာတ်လမ်းထဲကို ဝင်ရောက်ချိန်ကနေ သတ်ဖြတ်ခြင်းဂိမ်းမှာ ရှုံးနိမ့်တဲ့အထိ ကျွန်တော်တို့ဟာ တစ်ဖက်လူရဲ့ မျက်နှာကိုတောင် မမြင်ခဲ့ရပါဘူး။ တစ်ဖက်လူဟာ ပိတ်မိနေတဲ့ မြေပုံထဲကနေ ပျောက်ကွယ်သွားခဲ့တာပါ။ ဒီမြေပုံဟာ အသက်အမှတ်တွေကို အဆက်မပြတ် လျော့ကျစေပေမဲ့ ဇာတ်လမ်းမိတ်ဆက်အရ အပြင်ဘက် မြေပုံမှာ အသက်အမှတ် လျော့ကျမှုက ပိုပြီး ပြင်းထန်နေတာပါ။ ကျွန်တော်ဟာ မြေပုံထဲမှာ အချိန်အတော်ကြာအောင် နေခဲ့ပြီး အသက်ဖြည့်ဆေးရည် တစ်ခုထက်မက အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ပြေးဝင်လာသောဓားသွားရေ၊ ခင်ဗျားသာ မလိမ်ဘူးဆိုရင် ဒီလောက်ကြာအောင် ဘယ်လို အသက်ရှင်နိုင်မှာလဲ။ ခင်ဗျားအိတ်ထဲမှာ အသက်ဖြည့်ဆေးရည်တွေ အပြည့်ရှိနေတာ ဒါမှမဟုတ် ခင်ဗျားက ကုသရေးကျွမ်းကျင်သူလို့တော့ မပြောနဲ့နော်။ ခင်ဗျားကိုယ်တိုင်တောင် ယုံမှာ မဟုတ်ဘူး ဟုတ်တယ်မလား"

ထိုပို့စ်တွင် ရှင်းလင်းစွာ မဖော်ပြထားသော နေရာအများအပြား ရှိနေပြီး ယင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အခြားသူများကို အပုပ်ချရန် ရည်ရွယ်သော ဤပို့စ်မျိုးသည် မိမိအတွက် အကျိုးရှိမည့် စကားလုံးများကိုသာ အသုံးပြုပြီး အနုတ်လက္ခဏာဆောင်သော အချက်များကို လျှော့ချဖော်ပြလေ့ ရှိသည်။ တစ်ခုတည်းသော နှစ်သိမ့်စရာမှာ ထိုသူသည် ပြေးဝင်လာသောဓားသွား၏ အမည်ကိုသာ ဖော်ပြခဲ့ပြီး ဖုန်းပုကြွယ်၏ ဂိမ်းအမည်ကိုမူ မဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုသူသည် သူ့အသင်းဖော်များ၏ အိုင်ဒီ သို့မဟုတ် သူသည် မိစ္ဆာဓားသွားမှ ဖြစ်ကြောင်းကိုလည်း မဖော်ပြခဲ့ပေ။ အကြောင်းပြချက်မှာ ရယ်စရာကောင်းလှသည်။ "ကျန်းဟူက အရမ်းအင်အားကြီးလို့ လက်စားချေမှာ ကြောက်လို့ပါ" ဟူ၍ ဖြစ်သည် ။

ဖုန်းပုကြွယ်သည် ထိုပို့စ်ကို ဖတ်ရင်း ရယ်မောမိသည်။ ပြင်ပလူတစ်ယောက်၏ အမြင်အရဆိုလျှင်ပင် ထိုပို့စ်တွင် ယုတ္တိမတန်သော နေရာအများအပြား ရှိနေလေသည်။ ထို့အပြင် အကယ်၍ ပြေးဝင်လာသောဓားသွားက အမှန်တကယ် လိမ်ဆော့ခဲ့ပါက သူသည် ဖောက်သည်ဝန်ဆောင်မှုဌာနသို့ မဆက်သွယ်ဘဲ ဖိုရမ်သို့ အဘယ်ကြောင့် လာရသနည်း ။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ပြေးဝင်လာသောဓားသွားက မိစ္ဆာဓားသွားအဖွဲ့ကို အဘယ်ကြောင့် ထိုမျှမုန်းတီးရသည်ကို နားလည်သွားခဲ့သည်။ ဂိမ်းအပြင်ဘက်က ဤကဲ့သို့သော လှည့်ကွက်များမှာ သိပ်မသိသာသော်လည်း လူတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန်အတွက် လုံလောက်လှသည် ။

သူ ဆက်လက်ဖတ်လိုက်သောအခါ ပို့စ်၏ အကြောင်းအရာက ပို၍ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ပြန်လည်ဖြေကြားသည့် စာမျက်နှာများ ထိုမျှအထိ များပြားနေခြင်းက မဆန်းတော့ပေ။ မိစ္ဆာဓားသွားမှ ဖိုရမ်သတင်းသမား အများအပြားသည် ထိုပို့စ်ထဲတွင် ရှုပ်ယှက်ခတ်နေကြလေသည်။ သူတို့သည် ပို့စ်တင်သူနှင့် သဘောတူညီကြပြီး "ဟုတ်တယ်၊ ဟုတ်တယ်၊ ပြေးဝင်လာသောဓားသွား သတ္တိရှိရင် ထွက်လာပြီး ရင်ဆိုင်လိုက်လေ။ ဂိုဏ်းကြီးက ဖြစ်ရုံနဲ့ ငါတို့လို သာမန်ကစားသမားတွေကို နှိပ်စက်လို့ရမယ် ထင်နေတာလား။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် မှားနေမှန်း သိလို့ မထွက်ရဲတာလား" ဟု ရေးသားခဲ့ကြသည်။

ထိုယုတ္တိက ထူးတော့ ထူးဆန်းသည်။ ဖုန်းပုကြွယ် ဂိမ်းထဲမှ ထွက်လာစဉ် ပြေးဝင်လာသောဓားသွားသည် ဂိမ်းထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း သူ မြင်တွေ့ခဲ့သည်။ သတ်ဖြတ်ခြင်းဂိမ်းတွင် ရှုံးနိမ့်ပြီးနောက် ဖိုရမ်ပေါ်တွင် စစ်ပွဲတစ်ခု ဆင်နွှဲလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ အကယ်၍ ကျန်းဟူမှ တစ်စုံတစ်ဦးက ယင်းကို မြင်တွေ့ပြီး ပြေးဝင်လာသောဓားသွားကို အကြောင်းကြားခဲ့လျှင်ပင် ထိုလူ၏ စိတ်နေစိတ်ထားအရ ဖြေရှင်းရန် ထွက်လာမည် မဟုတ်ပေ။ ခွေးက လူကို ကိုက်သော်လည်း လူက ခွေးကို ပြန်မကိုက်ပေ။ အကယ်၍ သတင်းသမားတစ်ဦးက ဖိုရမ်ပေါ်တွင် စစ်ပွဲစတင်ခဲ့လျှင် လူကြီးတစ်ယောက်အနေဖြင့် ထွက်လာပြီး ရှင်းပြနေရပါက ထိုလူကြီးမှာ အခြားအလုပ်များကို လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် ဆွေးနွေးမှုတွင် ပါဝင်ရန် လှုံ့ဆော်ခံရသော ကစားသမား အများအပြားလည်း ရှိနေကြသည်။ ဤပို့စ်ကို မဖတ်မီက သူတို့သည် ပြေးဝင်လာသောဓားသွားမှာ မည်သူဖြစ်ကြောင်း မသိကြသလို ကျန်းဟူအကြောင်းလည်း မကြားဖူးကြပေ။ သို့သော် ပို့စ်ကို ခဏမျှ ဖတ်ပြီးနောက်တွင်မူ သူတို့ကြား၌ ရန်ငြိုးများ ရှိနေသကဲ့သို့ပင် ဖြစ်သွားကြသည်...။

မှန်ပေသည် အပျက်သဘောဆောင်သော အမြင်ရှိသူများလည်း ရှိကြသည်။ အချို့ကမူ "ပို့စ်တင်သူက သူ့ရဲ့ အိုင်ဒီအမှန်ကို ဖော်ပြခဲ့လို့လား။ လက်စားချေမှာ ကြောက်တာက အကြောင်းပြချက် တစ်ခုလား"၊ "တစ်ဖက်သတ် စကားကို ယုံလို့မရဘူး"၊ "ဇာတ်လမ်းထဲမှာ တခြား ထောင်ချောက်တွေ မရှိဘူးလို့ ခင်ဗျား သေချာလား" စသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည်။ ဤပြန်လည်ဖြေကြားမှုများကို ရင်ဆိုင်ရသောအခါ မိစ္ဆာဓားသွားမှ လူများသည် လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ကြသည်။ သူတို့သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ကြိုးစားခြင်း သို့မဟုတ် ပို့စ်တင်သူမှာ ကျန်းဟူမှ အကောင့်တု တစ်ခုဖြစ်သည်ဟု ပြောဆိုခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ပရော်ဖက်ရှင်နယ် သတင်းသမားများ ဖြစ်ကြသဖြင့် ကျွမ်းကျင်မှုရှိရန် လိုအပ်ပေသည်။

အောက်သို့ ဆက်လက်ဖတ်ရှုသောအခါ စာမျက်နှာ ၃၀ ခန့်ပြီးနောက် ပြန်လည်ဖြေကြားမှုများက အဓိပ္ပာယ်မဲ့လာခဲ့သည်။

"အမှန်တရားကို စောင့်မျှော်နေပါတယ်"

"ငါက ဖြတ်သွားဖြတ်လာလေးပါနော်"

"ကိုကာကိုလာနဲ့ နေကြာကွာစေ့တွေ အဆင်သင့်ရှိတယ်နော်"

ထိုကဲ့သို့ ပြန်လည်ဖြေကြားမှုများသာ တိုးပွားလာခဲ့သည်။ လူအနည်းငယ်သာ အချင်းချင်း အငြင်းပွားနေကြတော့သည်။

ယင်းမှာ ဖိုရမ်အသုံးပြုသူ သာမန်လူတစ်ယောက်၏ အလေ့အထပင် ဖြစ်သည်။ အနည်းဆုံး လူ ၅၀ ရာခိုင်နှုန်းသည် ပို့စ်၏ ပထမဆုံး စာမျက်နှာကိုသာ ကြည့်ရှုကြတတ်ပြီး နောက်စာမျက်နှာများကို ကြည့်ရှုလေ့ မရှိကြပေ။ ပို့စ်မှာ တိုက်ရိုက်ထုတ်လွှင့်မှု သို့မဟုတ် လှပသော အမျိုးသမီးများ၏ ပုံရိပ်များဖြင့် ပြည့်နှက်နေပါကမူ ခြွင်းချက်အနေဖြင့် ကြည့်ရှုကြပေလိမ့်မည်။ ကျန်ရှိသော လူဝက်ခန့်မှာ အလွန်ဆုံး စာမျက်နှာအနည်းငယ်ကိုသာ ဖတ်ရှုကြသည်။ အကယ်၍ ထူးခြားသော တိုးတက်မှု မရှိပါက သူတို့သည် အငြင်းပွားမှုများကို ကြည့်ရှုရန် ပျင်းရိနေကြမည် ဖြစ်သည်။

လူ ၁၀ ရာခိုင်နှုန်းခန့်သာ စာမျက်နှာ တစ်မျက်နှာချင်းစီကို ဖတ်ရှုပြီး အချိန်နှင့်တစ်ပြေးညီ ပြန်လည်စစ်ဆေးလေ့ ရှိကြသည်။ သူတို့ထဲမှ အချို့သည် အကြောင်းအရာနှင့် ရလဒ်ကို အမှန်တကယ် စိတ်ဝင်စားကြသူများ ဖြစ်ကြပြီး အချို့မှာမူ သူတို့၏ ပြန်လည်ဖြေကြားမှုကို တစ်စုံတစ်ဦးက ပြန်လည်ချေပခြင်း သို့မဟုတ် ကိုးကားခြင်း ရှိ၊ မရှိကို စိုးရိမ်နေကြသူများ ဖြစ်ကြသည်။ အချို့မှာမူ စာဖတ်ဝါသနာပါသူများသာ ဖြစ်ကြသည်။

ဖုန်းပုကြွယ်သည် ဘယ်လက်ဖြင့် စားသောက်နိုင်သူဖြစ်သည်။ သူသည် ဘယ်သန် မဟုတ်သဖြင့် ဘယ်လက်ဖြင့် စာရေးရန် ခက်ခဲသော်လည်း ဘယ်လက်ဖြင့် တူကို အသုံးပြုနိုင်ပေသည်။ ဘယ်လက်ဖြင့် စားသောက်ပြီး ညာလက်ဖြင့် မောက်စ်ကို ထိန်းချုပ်ခြင်းသည် သူ သတိရှိရှိ လေ့ကျင့်ထားသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ ထိုကျွမ်းကျင်မှုကြောင့် သူသည် ရှေ့က ခေါက်ဆွဲများကို ကုန်အောင် စားသောက်ရင်း ပို့စ်ကို အဆုံးအထိ ဖတ်ရှုနိုင်ခဲ့ခြင်း ဖြစ်သည် ။

"အင်း... ငါ အားလုံး ဖတ်ပြီးပြီ"

ဖုန်းပုကြွယ်သည် အငြင်းပွားရခြင်းကို အမှန်တကယ်မုန်းတီးသူ ဖြစ်သည်။ ယင်းသည် ကမ္ဘာပေါ်တွင် အဓိပ္ပာယ်အရှိဆုံးအရာဟု သူ ထင်မြင်မိသည်။ ဤကမ္ဘာပေါ်တွင် အမှန်တရားနှင့် တရားမျှတမှု ရှိသော်လည်း လူတို့သည် သူတို့ မှားယွင်းကြောင်းကို ဝန်မခံလိုကြပေ။ သူတို့သည် အခွင့်အရေး အပဲ့ခံရမှာကို မလိုလားသဖြင့် အကျိုးအကြောင်းမဲ့ရန်သာ ရွေးချယ်ကြသည်။

"ငါ ဒါကို မဖတ်ခဲ့သင့်ဘူး၊ ငါ့စိတ်အခြေအနေကို ပျက်ပြားစေတယ်"

ဖုန်းပုကြွယ်သည် ပန်းကန်ကို မ၍ စားပွဲကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ ထို့နောက် သူသည် မီးဖိုချောင်သို့ သွားကာ ဆေးကြောသန့်စင်လိုက်သည် ။

သူသည် ထမင်းစားပြီးခါစ ဖြစ်သဖြင့် ဂိမ်းသေတ္တာဆီသို့ ချက်ချင်း ပြန်မသွားသေးပေ။ သူသည် လေ့ကျင့်ခန်းအချို့ လုပ်ဆောင်လိုသည် ဥပမာ... သူ့အိမ်မွေးတိရစ္ဆာန်ကို ရေချိုးပေးခြင်းမျိုး ဖြစ်သည်။

ထို့ကြောင့် သူက အာသပ်စ်ဆီသို့ အကြည့်လွှဲလိုက်သည်။ အာသပ်စ်သည် ဆိုဖာပေါ်တွင် ခြေလက်များ ဆန့်တန်း၍ လဲလျောင်းနေခြင်းဖြစ်သည်။ ရုတ်တရက် သူသည် သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားလိုက်ရသဖြင့် လန့်နိုးသွားပြီး ထိုင်လိုက်ကာ ဖုန်းပုကြွယ်၏ အကြည့်နှင့် ဆုံမိလိုက်တော့သည်။

အခန်း (၁၆၈)

ဖုန်းပုကြွယ်သည် ကြောင်ကို ရေချိုးပေးရန် တစ်နာရီလုံးလုံး အချိန်ပေးလိုက်ရသည်။ သူ အလုပ်ပြီးသွားချိန်တွင် သူ့လက်ပေါ်၌ ကုတ်ခြစ်ရာများစွာ ကျန်ရစ်ခဲ့ပြီး တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သို့သော်လည်း အနည်းဆုံးတော့ အလုပ်တစ်ခု ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ မူလက သူသည် အိမ်မှုကိစ္စအချို့ ထပ်လုပ်ရန် ရည်ရွယ်ထားသော်လည်း ထိုသို့ဖြစ်ပျက်ပြီးနောက် ထိုအကြံကို လက်လျှော့လိုက်တော့သည်။ ညစာစားပြီး လေ့ကျင့်ခန်းအနေဖြင့် ကြောင်ကို ရေချိုးပေးရခြင်းမှာ... အနည်းငယ် များလွန်းလှသည်။

သူသည် ဆိုဖာပေါ် ထိုင်ကာ အမောဖြေလိုက်သည်။ ထိုင်မိလျက်သား ဖြစ်နေသဖြင့် တီဗီကို ဖွင့်ကြည့်လိုက်မိသည်။ တီဗီဖွင့်မိလျက်သား ဖြစ်သွားသဖြင့် ၉၉၈ ယွမ်တန် ကြော်ငြာများကို မကြည့်ချင်သောကြောင့် လိုင်းပြောင်းလိုက်မိသည်။ ရောက်မိလျက်သား ဖြစ်သွားသဖြင့် တစ်ခုခု ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်စာရင်းကို နှိပ်လိုက်မိသည်။

သည်းထိတ်ရင်ဖို ရုပ်ရှင်များသည် နောက်ဆက်တွဲ ဇာတ်ကားများ ထုတ်လုပ်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ပထမပိုင်းကို ကြည့်ပြီးနောက် ထိုရုပ်ရှင်က မည်မျှပင် ဆိုးရွားနေပါစေ စပ်စုလိုစိတ်ကြောင့် ပရိသတ်သည် ဒုတိယပိုင်းကို သွားရောက် စစ်ဆေးမိတတ်ကြသည်။ စိတ်ပိုင်းဆိုင်ရာမှာ ဤသို့ဖြစ်သည်။

"ဒုတိယပိုင်းက မဆိုးလောက်ပါဘူး၊ မဟုတ်ရင် ဘာလို့ တတိယပိုင်းအထိ ထွက်လာမှာလဲ"

ဒုတိယပိုင်းကို ကြည့်ပြီးသည့်တိုင် ဆိုးရွားနေသေးပါက ပရိသတ်များက တွေးတောကြပြန်သည်။

"တတိယပိုင်းမှာ ဘာဖြစ်ဦးမလဲ၊ စတုတ္ထပိုင်းကရော ဘာလို့ ရှိနေရတာလဲ၊ အဲဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မှာလဲ၊ ဒီလောက် စုတ်ပြတ်သတ်နေတဲ့ ဇာတ်လမ်းက ဘယ်လိုများ ဆက်သွားနေတာလဲ၊ နောက်ထပ် ဘာတွေ ရှိဦးမှာလဲ"

မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်သည် မိနစ်ကိုးဆယ်စီ ကြာမြင့်သော သည်းထိတ်ရင်ဖို ရုပ်ရှင် သုံးကားကို ကြည့်ရှုခဲ့ပြီးနောက် နောက်ဆုံးတွင် ကောက်ချက်ချလိုက်မိသည်။

"ငါ့ဘဝလေးရဲ့ လေးနာရီက ဒီဇာတ်ကားစုတ်တွေကြောင့် နောက်တစ်ကြိမ် အလဟဿ ဖြစ်သွားပြန်ပြီ"

သူ တိုင်ကပ်နာရီကို မော့ကြည့်လိုက်ရာ ည ၁၀ နာရီခွဲဝန်းကျင် ရှိနေပြီ ဖြစ်သည်။ ဂိမ်းထဲသို့ ဝင်ရောက်ကာ အိပ်စက်ခြင်းမုဒ်ဖြင့် ကစားရန် အချိန်စောလွန်းသေးသည်။ အကယ်၍ သူသည် နိုးကြားခြင်းမုဒ်ဖြင့် ကစားမည်ဆိုပါက... ရှည်လျားသော ဇာတ်လမ်းမျိုးနှင့် ကြုံတွေ့နိုင်ပြီး ပြီးဆုံးချိန်တွင် မနက် ၂ နာရီခန့် ရှိနေပေလိမ့်မည်။

ယင်းက အနည်းငယ် ကိုးရိုးကားယားဖြစ်စေသည်။ ဖုန်းပုကြွယ်၏ မျက်လုံးများက တီဗီဆီသို့ ပြန်လည် ရောက်ရှိသွားပြီး တွေးလိုက်မိသည်။

"စတုတ္ထပိုင်းကိုပါ ဆက်ကြည့်ရမလား"

ငါးစက္ကန့်အကြာတွင် ထိုကြောက်စရာကောင်းသော အတွေးကို မောင်းထုတ်ရန် သူ့မျက်နှာသူ ပြန်ရိုက်လိုက်သည်။ ထို့နောက် သူသည် ဂိမ်းသေတ္တာထဲတွင် လဲလျောင်းလိုက်ပြီး နိုးကြားခြင်းမုဒ်ဖြင့် သည်းထိတ်ရင်ဖိုသုခဘုံထဲသို့ ဝင်ရောက်လိုက်လေသည်။

ဂိမ်းလော့ဂ်အင်နေရာမှာ အတူတူပင် ဖြစ်သည်။ ဖုန်းပုကြွယ်သည် ဓာတ်လှေကားထဲတွင် ပေါ်လာပြီးနောက် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ စခရင်ပေါ်ရှိ လူမှုဆက်ဆံရေး တက်ဘ်ကို ကြည့်ခြင်းပင်။ အစ်ကိုလုံ လိုင်းပေါ်တွင် မရှိသလို ပြေးဝင်လာသောဓားသွားလည်း မရှိပေ။ ရှောင်တန်လည်း လိုင်းပေါ် မရှိသော်လည်း ရီရူလီနှင့် ရီရူယွီတို့၏ အမည်များက လင်းထိန်နေလေသည်။ သူတို့ကို သူငယ်ချင်းစာရင်းတွင် မြင်တွေ့နေရခြင်းမှာ သူတို့သည်လည်း ဆာဗာထဲသို့ နိုးကြားခြင်းမုဒ်ဖြင့် ဝင်ရောက်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကံဆိုးစွာဖြင့် သူတို့သည် ဂိမ်းထဲတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ဖုန်းပုကြွယ်သည် စနစ်၏ စာတိုက်ပုံးကို စစ်ဆေးလိုက်ရာ သီးသန့်စာတစ်စောင်နှင့် စနစ်ပေးစာ တစ်စောင်ကို တွေ့လိုက်ရသည်။

ပထမဆုံး သီးသန့်စာကို သူဖွင့်ကြည့်လိုက်သည်။ ပေးပို့သူသည် မုန့်ကျင်းချန်း ဖြစ်ပြီး စာပါအကြောင်းအရာမှာ တစ်ကြောင်းတည်းသာ ဖြစ်သည်။

"အစ်ကိုဖုန်း၊ ငါ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူငယ်ချင်းအဖြစ် အပ်ပေးပါဦး၊ အားတဲ့အခါကျရင် အစည်းအဝေးခန်းကို စကားပြောဖို့ လာခဲ့ပါဦး"

"ဘာ..."

ဖုန်းပုကြွယ်က သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဆုလာဘ်လည်း မပါဘဲနဲ့"

သူ ထိုအီးမေးလ်ကို တိုက်ရိုက် ဖျက်ပစ်လိုက်သည်။

"မင်းက ငါ့ဆီကနေ မူမမှန်မှုတွေအကြောင်း သတင်းအချက်အလက် ယူချင်နေတာ မဟုတ်လား၊ အများဆုံးတော့ ငါ့ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထဲ ဝင်ခိုင်းမှာပေါ့"

ဖုန်းပုကြွယ်၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် သိပ်မဝေးလှပေ။ သူသည် တစ်ဖက်လူကို လူကိုယ်တိုင် ငြင်းဆိုရန် ပျင်းရိနေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မုန့်ကျင်းချန်းအနေဖြင့် သူငယ်ချင်း အပ်ထားသည်ကို လက်ခံခြင်း သို့မဟုတ် အီးမေးလ် ပြန်ကြားချက် မရရှိပါက သူ နားလည်သွားပေလိမ့်မည်။

ထို့နောက် ဖုန်းပုကြွယ်က စနစ်ပေးစာကို ဖွင့်လိုက်သည်။ စာပါအကြောင်းအရာမှာ သတင်းကောင်းပင် ဖြစ်သည်။

စာခေါင်းစဉ်မှာ "ကစားသမား ဖုန်းပုကြွယ်အတွက် လျော်ကြေးစာ" ဟူ၍ ဖြစ်သည်။

သူသည် ထိုစာကို နှိပ်၍ ဖွင့်လိုက်ရာ အလွန်ရှည်လျားသော စာတစ်စောင် ဖြစ်နေသဖြင့် စာမျက်နှာပင် လှန်လိုက်ရသေးသည်။

ယင်းကို ယဉ်ကျေးပျူငှာသော နှုတ်ခွန်းဆက်စကားဖြင့် စတင်ထားသည်။

"ချစ်ခင်ရပါသော ကစားသမားခင်ဗျာ၊ ဇာတ်လမ်းအတွင်း မူမမှန်မှုများကြောင့် လူကြီးမင်းအား အဆင်မပြေမှုများ ဖြစ်ပေါ်စေခဲ့ပါသည်"

ထိုသို့သော တရားဝင်စကားလုံးများဖြင့် အစပြုထားခြင်း ဖြစ်သည်။ လက်တွေ့ကျသော အကြောင်းအရာသို့ မရောက်မီ စာလုံးရေ သုံးရာခန့် ရေးသားထား၏။ တစ်နည်းအားဖြင့်ဆိုရသော်... ယခင်ဇာတ်လမ်းသည် ကစားသမားကြောင့် အတင်းအကျပ် အဆုံးသတ်ခဲ့ရသဖြင့် သက်ဆိုင်ရာ လျော်ကြေးများကို ပေးအပ်မည် ဖြစ်သည်။

"အတွေ့အကြုံ အမှတ်များနှင့် ဂိမ်းဒင်္ဂါးများအတွက် ဆုလာဘ်စနစ်၏ ထူးခြားမှုကြောင့် ကံမကောင်းစွာဖြင့် လူကြီးမင်းအနေဖြင့် ဇာတ်လမ်းမှ သက်ဆိုင်ရာ ဆုလာဘ်များကို ရရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဇာတ်လမ်းအောင်မြင်မှုအတွက် ရရှိမည့် ဆုလာဘ်၏ နှစ်ဆကို လျော်ကြေးအဖြစ် ပေးအပ်ပါမည်။ လူကြီးမင်းအနေဖြင့် သင်ယူနိုင်သော စကေးကတ်နှစ်ခုကို ကျပန်း ရယူနိုင်မည် ဖြစ်ပါသည်"

စာ၏ နောက်ဆုံးပိုင်းတွင်လည်း ဆိုထားသေးသည်။

"အကယ်၍ မေးမြန်းလိုသည်များ ရှိပါက ဖောက်သည် ဝန်ဆောင်မှုဌာနသို့ ဆက်သွယ်နိုင်ပါသည်"

သို့သော် ဖုန်းပုကြွယ်သည် ထပ်မံမေးမြန်းနေခြင်းမှာ သူ့အတွက် ထူးခြားမည်မဟုတ်ကြောင်း နားလည်ထားသည်။ ထို့အပြင် ထိုလျော်ကြေးကလည်း အတော်အတန် ကောင်းမွန်လှပေသည်။ အကယ်၍ သူလောဘကြီးလွန်းပါက ယင်းတို့ကို ရမည်မဟုတ်တော့ချေ။

ယခင်ဇာတ်လမ်းတွင် အလှည့်အပြောင်းက တစ်ဆို့သွားသဖြင့် သူတို့ ဇာတ်လမ်းကို မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကစားသမားများက ဇာတ်လမ်းအောင်မြင်ရန် အခြေအနေများကို ပြီးမြောက်ခဲ့သော်လည်း ဆုလာဘ် မရရှိခဲ့ခြင်းမျိုး မဟုတ်ပေ။ ထိုနှစ်ခုကြားတွင် အခြေခံကျသော ကွာခြားချက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယခင်ဇာတ်လမ်းတွင် ကစားသမားများအနေဖြင့် ဇာတ်လမ်းအောင်မြင်နိုင်ခြင်း ရှိ၊ မရှိမှာ မသေချာသေးသောကြောင့် ဖြစ်သည်။ အရာအားလုံး ပုံမှန်ဖြစ်နေသည့်တိုင် သူတို့အနေဖြင့် ဇာတ်လမ်းကို အောင်မြင်ချင်မှ အောင်မြင်ပေလိမ့်မည်။

ထို့အပြင် ဤလျော်ကြေးဆုလာဘ်မှာ ဂိမ်းအစောပိုင်း အဆင့်များတွင် ရှားပါးသော အရာတစ်ခု ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကား ယင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့အတွက် မည်သည့်ဆုံးရှုံးမှုကြီးမှ မရှိဘဲ ဇာတ်လမ်းတစ်ခုစာ ဂိမ်းကစားချိန်သာ ကုန်ဆုံးသွားခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်နှင့် မတူဘဲ သူတို့သည် ပိုက်ဆံများစွာ ဆုံးရှုံးခဲ့ပြီး တစ်ညတည်းနှင့် ယခင်ဘဝသို့ ပြန်ရောက်သွားခြင်း ဖြစ်သည်။

စာကို ဖတ်ပြီးနောက် ဖုန်းပုကြွယ်သည် သိုလှောင်ခန်းသို့ အလျင်စလို မသွားသေးပေ။ ထိုအစား သူသည် သူ့အိတ်ထဲရှိ ကျည်အိမ်များကို ရောင်းချရန် ဈေးသို့ သွားလိုက်သည်။ ဂိမ်းဒင်္ဂါး ၇၀၀ တန်ဖိုးရှိသော ကျည်အိမ်တစ်ခုကို ဂိမ်းဒင်္ဂါး ၆၅ ပြားဖြင့်သာ ရောင်းချခဲ့ရသည်။ စနစ်က ယင်းကို မည်သို့ တွက်ချက်သည်ကို သူ လုံးဝ မသိပေ...။

သူသည် အသက်အမှတ်ဖြည့်ဆေးရည် (အလတ်) သုံးပုလင်းကို ထပ်မံဝယ်ယူပြီးနောက် သိုလှောင်ခန်းသို့ သွားလိုက်သည်။

ထိုနေရာတွင် ဖန်တိုင်နှစ်ခု ရှိနေပြီ ဖြစ်သည်။ သူသည် ထိုဖန်တိုင်များဆီသို့ လျှောက်သွားပြီး စကေးကတ် နှစ်ခုကို ယူလိုက်သည်။ ယင်းတို့ကို သူ့လက်ထဲတွင် ကိုင်ထားပြီး စစ်ဆေးကြည့်လိုက်သည်။

ပထမ စကေးကတ်မှာ…

အမည် - မိစ္ဆာဘုရင်၏ နဂါးနက်မီးတောက်

စကေးကတ် ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ တစ်ကြိမ်သုံးပြီးနောက် ပျောက်ကွယ်သွားမည်။

စကေးအမျိုးအစား - စိတ်ဝိညာဉ်အတတ်

အကျိုးသက်ရောက်မှု - သင်နှင့် သင့်ရန်သူများကို ဝါးမြိုရန် နဂါးနက်ကို လွှတ်ပေးလိုက်ပါ

ကုန်ကျမှု - အသက်အမှတ် ၁၀၀ ရာခိုင်နှုန်း

လိုအပ်ချက် - မှော်အတတ်ကျွမ်းကျင်မှု အဆင့် E

မှတ်ချက် - စားမလား သို့မဟုတ် အစားခံမလား... ဒီပြဿနာကို ဖြေရှင်းပြီးပါပြီ။

"ငါ့ဖင်ကို ဖြေရှင်း၊ ဒါက အစားခံရတာ မဟုတ်ဘူးလား"

ဖုန်းပုကြွယ်က အော်ဟစ်လိုက်သည်။ ယခင်ဇာတ်လမ်းပြီးနောက် သူ၏ မှော်အတတ်ကျွမ်းကျင်မှုက အဆင့်တစ်ခု တိုးတက်လာခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သူ့ရှေ့က စကေးသည် သေချာပေါက် သတ်ဖြတ်နိုင်သော စကေးတစ်ခုဖြစ်သည်။ တစ်ကြိမ်သာ အသုံးပြုနိုင်သော စကေးဖြစ်သဖြင့် ယင်းကို အသက်သွင်းရန် ကုန်ကျစရိတ်မှာ ကစားသမား၏ အသက်အမှတ်အားလုံး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ထိုစကေးကို အသုံးပြုပြီးနောက် ရန်သူ သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ ကစားသမားကတော့ သေဆုံးမည် ဖြစ်သည်။

ဒုတိယမြောက် စကေးကတ်မှာမူ အလွန်တန်ဖိုးရှိသော ပင်ကိုယ်စွမ်းရည် ကတ်တစ်ခု ဖြစ်သည်။ သို့သော် ယင်း၏ အကျိုးသက်ရောက်မှုက အနည်းငယ် ထူးဆန်းနေသည်။

အမည် - ရေခဲအဂ္ဂိရတ်ဆရာ၏ ဇွဲလုံ့လ

စကေးကတ် ဂုဏ်သတ္တိ - ပင်ကိုယ်စွမ်းရည်၊ အမြဲတမ်း

စကေးအမျိုးအစား - လက်မှုပညာ

အကျိုးသက်ရောက်မှု - တက်ကြွစွမ်းရည်အားလုံး၏ အောင်မြင်မှုနှုန်းကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။

လိုအပ်ချက် - လက်မှုပညာ ကျွမ်းကျင်မှု အဆင့် D

မှတ်ချက် - မစ္စတာ W.W က ငါတို့ကို အမြဲတမ်း သတိပေးလေ့ ရှိပါတယ်၊ မင်း 'ရေခဲ' ကို ထုတ်လုပ်နေရင်တောင် ဓာတုဗေဒကို လေးစားတဲ့အနေနဲ့ ဓာတ်ခွဲခန်းထဲကို ယင်ကောင်တစ်ကောင်တောင် ပေးမဝင်ပါနဲ့။

"ဒါက ဟေဆန်ဘာ့ဂ် မဟုတ်ဘူးလား၊ ရေခဲအဂ္ဂိရတ်ဆရာတဲ့လား၊ ဒီစကေးက ဘာကို ဆိုလိုချင်တာလဲ"

ဖုန်းပုကြွယ်သည် ထိုရယ်စရာကောင်းသော မှတ်ချက်ကို ညည်းတွားရင်း ထိုစကေးကို လျင်မြန်စွာ သင်ယူလိုက်သည်။

All Chapters