← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉)

ဖုန်းပုကြွယ်၊ အဆင့် ၁၈

"ကျေးဇူးပြုပြီး သင်ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ"

"သင်သည် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ရွေးချယ်ထားပါတယ်။ ကျေးဇူးပြု၍ အတည်ပြုပါ"

"အတည်ပြုပြီးပါပြီ၊ ဇာတ်လမ်းကို ဖန်တီးနေပါသည်..."

"ဒေါင်းလုဒ်ဆွဲနေပါသည်၊ ကျေးဇူးပြု၍ ခဏစောင့်ဆိုင်းပေးပါ"

"သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်"

ယခုတစ်ကြိမ်တွင်မူ ထိုအသံကြောင့် ဖုန်းပုကြွယ် အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ သူ့ကိုယ်ပိုင်အသံ ဖြစ်နေသောကြောင့်ပင်။

"ဒေါင်းလုဒ်ဆွဲခြင်း ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ကစားနေခြင်း ဖြစ်ပါသည်"

"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားမည်ဖြစ်ပြီး လျှို့ဝှက်ဘေးထွက်မစ်ရှင်တွေနဲ့ ထူးခြားတဲ့ ကမ္ဘာတည်ဆောက်ပုံများကို ဖော်ထုတ်နိုင်ဖို့ အခွင့်အရေးရှိပါသည်"

"ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - အသုံးပြုနိုင်တဲ့ ထူးကဲအဆင့် ပစ္စည်းကိရိယာတစ်ခုကို ကျပန်း ရယူနိုင်မှာ ဖြစ်ပါတယ်"

"ဇာတ်လမ်းမိတ်ဆက်ကို မကြာခင် ပြသပါတော့မည် ဖြစ်ပါသည်။ ထို့နောက် ဂိမ်းကို ချက်ချင်း စတင်ပါမည်"

အိပ်မက်ဆိုးမုဒ်တွင် ဇာတ်လမ်းအောင်မြင်မှုအတွက် ရရှိမည့် ဆုလာဘ်သည် အမှန်တကယ် အထင်ကြီးစရာ ကောင်းလှသည်။ ယခင်တစ်ကြိမ် ဟီရာတာ၏ ဇာတ်လမ်းတွင် ဆုလာဘ်မှာ ပဟေဠိကတ် နှစ်ခုသာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ပစ္စည်းကိရိယာတစ်ခု ဖြစ်နေသည်။ သို့သော်လည်း ဖုန်းပုကြွယ်အနေဖြင့် ဤဇာတ်လမ်းကို ဖန်တီးခဲ့သည့် အဓိကအကြောင်းရင်းသည် ည ၁၀ နာရီခွဲမှ သန်းခေါင်ယံအထိ အချိန်ဖြုန်းရန်သာ ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် ဤဇာတ်လမ်းကို အောင်မြင်ရန် အလားအလာအပေါ် သိပ်အကောင်းမမြင်လှပေ။

"ထပ်နေတဲ့ အချိန်နဲ့ ဟင်းလင်းပြင်၊ သေမင်းတမန်ဂိမ်း၊ အဆုံးမရှိတဲ့ ခြောက်ခြားမှုတွေနဲ့ ထပ်တလဲလဲ ဖြစ်နေတဲ့ အိပ်မက်ဆိုးတွေ..."

မည်သည့် ဇာတ်လမ်းမိတ်ဆက် ဗွီဒီယိုမှ ပါဝင်ခြင်းမရှိဘဲ စနစ်အသံက ထူးဆန်းသော ထိုမိတ်ဆက်စကားကိုသာ ပြောကြားခဲ့သည်။ အသံဆုံးသွားသောအခါ ဖုန်းပုကြွယ်သည် ကော်ရစ်ဒါတစ်ခုထဲတွင် ရပ်နေပြီဖြစ်သည်။ သူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေသည်။

ကော်ရစ်ဒါကြမ်းပြင်နှင့် နံရံများကို သစ်သားဖြင့် ပြုလုပ်ထား၏။ ယင်းတို့သည် အလွန်ခိုင်ခံ့ပုံရပြီး ဖျက်ဆီး၍ ရနိုင်ပုံမရပေ။ ကော်ရစ်ဒါ၏ အရောင်သည် ယေဘုယျအားဖြင့် အညိုရောင် ဖြစ်သည်။ အစွန်းအထင်း လုံးဝမရှိဟု မဆိုနိုင်သော်လည်း အတော်အတန် သန့်ရှင်းနေလေသည်။ အနည်းဆုံးတော့ ပုပ်အဲ့အဲ့အနံ့ သို့မဟုတ် ညစ်ပတ်သောအနံ့များ မရှိချေ။ သူ့ခေါင်းပေါ်တွင် မီးချောင်းများ ရှိနေပြီး အကွာအဝေးတစ်ခုစီတွင် မျက်နှာကျက်၌ မြှုပ်နှံထားသော မီးလုံးတစ်လုံးစီ ရှိနေသည်။ ရှေ့သို့ ကြည့်လိုက်သောအခါ မူးဝေစေမည့် နံရံကပ်စက္ကူများ၊ ကော်ဇောများ၊ အလှဆင်ပစ္စည်းများနှင့် တံခါးများ လုံးဝမရှိချေ။ ယင်းမှာ အလွန်ငြီးငွေ့စရာကောင်းသော ကော်ရစ်ဒါတစ်ခုသာ ဖြစ်သည်။

"အာ... ဒါက အသုံးမဝင်တဲ့ ဇာတ်လမ်းမိတ်ဆက်ပဲ..."

ဖုန်းပုကြွယ်သည် ထိုစကားကို ကြားသောအခါ တစ်စုံတစ်ခုကို ရှာဖွေရန် သူ့အိတ်ထဲသို့ လက်နှိုက်လိုက်သည်။ အကယ်၍ သူ့အိတ်ထဲတွင် တိပ်ခွေပါသော ဝေါ့မန်းတစ်လုံး ပေါ်လာပြီး ထိုတိပ်ခွေထဲတွင် မက်ဆေ့ခ်ျတစ်ခု ကျန်ရှိနေမည်ဆိုပါက အရာအားလုံးကို နားလည်ရန် ပိုလွယ်ကူပေလိမ့်မည်။

"ဟယ်လို ဖုန်းပုကြွယ်၊ ငါ မင်းနဲ့အတူ ဂိမ်းတစ်ခု ကစားချင်တယ်"

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ လွှ(Saw) ရုပ်ရှင်ထဲမှ အက်ရှရှနှင့် နက်ရှိုင်းလှသည့် အသံပင် ဖြစ်သည်။ ဖုန်းပုကြွယ် မော့ကြည့်လိုက်ရာ မျက်နှာကျက်နှင့် နံရံထောင့် သုံးမီတာခန့် အမြင့်တွင် ကင်မရာတစ်လုံးနှင့် စပီကာတစ်ခုကို တွေ့လိုက်ရသည်။

"ချိန်းဆောတံခါးက အဲဒီလူ ဒီကို ပြန်ရောက်လာပြန်ပြီလား..."

ဖုန်းပုကြွယ်သည် ဖိအားများစွာ ခံစားနေရသော မျက်နှာအမူအရာဖြင့် ကင်မရာကို ကြည့်လိုက်သည်။

ထိုအသံသည် တစ်စက္ကန့်ခန့် ရပ်သွားပြီးနောက် ဆက်ပြောသည်။

"ဒီတစ်ချိန်လုံးမှာ မင်းဟာ ပဟေဠိတွေ ဖြေရှင်းရတာကို ဖျော်ဖြေရေးတစ်ခုလို သဘောထားခဲ့ပြီး ဂိမ်းတိုင်းမှာ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ အဖြေတွေ ရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့တယ်၊ သတင်းအချက်အလက် စုဆောင်းတာနဲ့ ဆင်ခြင်သုံးသပ်တာတွေဟာ မင်းရဲ့ အလေ့အထနဲ့ ဝါသနာ ဖြစ်လာခဲ့တယ်၊ မရှောင်လွှဲနိုင်တဲ့ တိုက်ခိုက်မှုတွေကလွဲရင် မင်းအနေနဲ့ ဉာဏ်ကိုသာ အသုံးပြုမယ်ဆိုရင် အရာအားလုံးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေခဲ့တယ်၊ ဒါပေမဲ့ မင်းအတွေးအခေါ်တွေက မှားယွင်းနေနိုင်တယ်ဆိုတာ မကြာခင် သိလာလိမ့်မယ်၊ အခုအချိန်မှာ မင်းခန္ဓာကိုယ်ထဲမှာ အဆိပ်တစ်မျိုး ပျံ့နှံ့နေခဲ့ပြီ..."

ယင်းကို ကြားသောအခါ ဖုန်းပုကြွယ်သည် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် အဆိပ်မိနေသည်ကို တွေ့လိုက်ရသည်။ ယင်းမှာ လွှ(Saw) ဇာတ်လမ်းနှင့် ကြုံတွေ့ခဲ့ရစဉ်က အခြေအနေနှင့် ထပ်တူပင် ဖြစ်သည်။

"အဆိပ်အာနိသင် ပြလာတာနဲ့ မင်းဟာ ဇာတ်လမ်းမှာ ရှုံးနိမ့်တယ်လို့ သတ်မှတ်ခံရလိမ့်မယ်။ SCP-500 တောင်မှ ဒီအဆိပ်ကို မကုသနိုင်ဘူး"

ထိုအသံ ပထမဆုံး ပြောကြားလိုက်သည့် အချက်သည် ဖုန်းပုကြွယ် ထိုအချိန်က တွေးတောနေသော ပထမဆုံးအဖြေကို ချက်ချင်း ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ ယင်းက သူ့ကို ဆေးစွမ်းထက်မြက်သည့် ဆေးလုံးကို သောက်သုံးခြင်းမှ တားဆီးလိုက်သည်။

"မင်းမှာ ထူးခြားတဲ့ ဓာတုဆေးရည်လေးမျိုးကို ရှာဖွေဖို့ စုစုပေါင်း ၉၂ မိနစ် အချိန်ရှိတယ်၊ ဒီဆေးရည် လေးမျိုးကို ရောစပ်လိုက်ရင် အဆိပ်ဖြေဆေးကို ရရှိလိမ့်မယ်"

ထိုအသံက စည်းမျဉ်းများကို စတင်ဖတ်ကြားလိုက်သည်။

"ဒီအချိန်အတွင်းမှာ မင်းဟာ လူတချို့နဲ့ တွေ့ဆုံရမှာဖြစ်ပြီး အဖြစ်အပျက်အချို့ကို မြင်တွေ့ရလိမ့်မယ်၊ မင်းမြင်တွေ့ကြားသိရတဲ့ အရာတွေက မင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်သလို မင်းရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှောင့်ယှက်နိုင်တယ်"

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် ဘော့စ်၏ သတင်းအချက်အလက်များကို စစ်ဆေးရန် အပြတ်အသတ်အောင်နိုင်ခြင်းကို အသုံးပြုခဲ့သော်လည်း မည်သည့်အရာမျှ ပေါ်ထွက်မလာခဲ့ပေ။

"မင်းရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ မင်းကို ထူးခြားတဲ့ ဆက်ဆံမှုတစ်ခု ပေးပါ့မယ်၊ ဒါမှ မင်းအနေနဲ့ တိုက်ခိုက်မှုတွေကြောင့် အချိန်မကုန်ဘဲ ပဟေဠိတွေကို ဖြေရှင်းတာမှာပဲ အာရုံစိုက်နိုင်မှာပေါ့"

ထိုအသံက ဆိုသည်။

"ကဲ... ဂိမ်းစပါပြီ"

"သင်သည် အထူးအိုင်တမ်နှစ်ခုကို ရရှိပါပြီ"

"အဓိကမစ်ရှင် စတင်ပါပြီ"

"ဓာတုဆေးရည်များကို ရှာဖွေပါ (၀/၄)"

ဖုန်းပုကြွယ်သည် 'သူငယ်ချင်းဟောင်း' ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို စဉ်းစားနေစဉ် စနစ်၏ အသိပေးချက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သူငယ်ချင်းဟောင်းလား"

ဖုန်းပုကြွယ်က တီးတိုး ရေရွတ်လိုက်သည်။ "ဒါက လွှထဲက တကယ် အဲဒီလူပဲလား၊ ဇာတ်လမ်းနှစ်ခုကြားမှာ မစ်ရှင်ပစ္စည်းတွေကို လွှဲပြောင်းပေးနိုင်တဲ့ ဘော့စ်လား"

ထို့နောက် သူက ထပ်မံတွေးတောမိပြန်သည်။

"နေပါဦး... ငါက အဲဒီဇာတ်လမ်းမှာ ငါက အာသာဆိဂ်(အက်ရှ်) ဆိုတဲ့ သတင်းထောက်အဖြစ် ကစားခဲ့တာလေ၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ငါ့ကို ဖုန်း(အရူး)ပုကြွယ် လို့ ခေါ်နေတယ်၊ သူ့နာမည်တောင် ပြောင်းသွားပြီကို သူက ငါ့ကို သူငယ်ချင်းဟောင်းလို့ ခေါ်နေသေးတာလား"

ဖုန်းပုကြွယ်သည် သူ့အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးရန် မီနူးကို ဖွင့်လိုက်သည်။ သူသည် ထိုထူးခြားသည့် ဆက်ဆံမှုက မည်သည့်အရာ ဖြစ်သည်ကို သိလိုနေခြင်း ဖြစ်သည်။

ထို့နောက်... သူသည် မယုံကြည်နိုင်လောက်သော အရာတစ်ခုကို တွေ့လိုက်ရလေသည်။

ပစ္စည်းအမည် - တစ်ချက်ပစ်တစ်ကောင်သေပစ္စတို

ပစ္စည်းအမျိုးအစား - လက်နက်

အရည်အသွေး - ဒဏ္ဏာရီ

တိုက်ခိုက်မှု အမှတ် - ???

ဒြပ်စင် - မရှိ

ထူးခြားသော အကျိုးသက်ရောက်မှု - တစ်ချက်ပစ်

တပ်ဆင်ရန် လိုအပ်ချက် - ပစ်ခတ်ရေးကျွမ်းကျင်မှု အဆင့် F

ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - ဒီသေနတ်မှာ ကျည်ဆန်အကန့်အသတ်မရှိ ပါဝင်ပြီး ဘယ်အစိတ်အပိုင်းကိုမှ ဖြုတ်လို့ ဒါမှမဟုတ် ကျည်ပြန်ဖြည့်လို့ မရပါဘူး။ ပစ်ခတ်တဲ့အခါ မင်းရဲ့ လက်ရှိပစ်မှတ်ကို ကျည်တစ်တောင့်ပဲ ပစ်ဖို့ လိုပါတယ်။ မင်းအနေနဲ့ ပစ်မှတ်ကို ချိန်ပြီး မောင်းခလုတ်ကို ဆွဲလိုက်ရုံပါပဲ၊ ကျည်ဆန်က ပစ်မှတ်ကို ထိမှန်သွားမှာဖြစ်ပြီး တစ်ချက်တည်းနဲ့ အသေသတ်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းပုကြွယ်သည် ဤအရာကို မြင်လိုက်ရသောအခါ ပထမဆုံး ထွက်ပေါ်လာသည့် အတွေးမှာ "ဇာတ်လမ်းပြီးသွားရင် ဒီသေနတ်ရဲ့ ဂုဏ်သတ္တိတွေနဲ့ ဈေးနှုန်းကို ကြည့်ဖို့ Thriller Box ကို သွားကြည့်ရမယ်..." ဟူ၍ ဖြစ်သည်။

ဒုတိယပစ္စည်း၏ ဂုဏ်သတ္တိမှာလည်း ထပ်တူပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။

ပစ္စည်းအမည် - ကွန်ထရာတံဆိပ် x ၄

ပစ္စည်းအမျိုးအစား - ဇာတ်လမ်းဆိုင်ရာပစ္စည်း

အရည်အသွေး - ဒဏ္ဏာရီ

လုပ်ဆောင်ချက် - ကစားသမား၏ သေဆုံးမှုကို အစားထိုးနိုင်သည် (အရောင်းအဝယ်လုပ်ခြင်း၊ စွန့်ပစ်ခြင်း သို့မဟုတ် အိတ်ထဲမှ ထုတ်ယူခြင်း ပြုလုပ်၍မရပါ)

ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားနိုင်ခြင်း - မရှိ

မှတ်ချက် - ထူးဆန်းလိုက်တာ၊ ဘာလို့ ၃၀ မရှိတာလဲ။ အပေါ်၊ အပေါ်၊ အောက်၊ အောက်၊ ဘယ်၊ ညာ၊ ဘယ်၊ ညာ၊ B၊ A၊ B၊ A...

"ဟေး... ဘာတွေ ဖြစ်နေတာလဲ"

ဖုန်းပုကြွယ်သည် ထိုအိုင်တမ်နှစ်ခုကို ကြည့်၍ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။

"ဒါက သူငယ်ချင်းဟောင်းရဲ့ ကိစ္စတင် မဟုတ်တော့ဘူး ထင်တယ်၊ သားအရင်းတောင် ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမှာ မဟုတ်ဘူး"

သူ ခဏမျှ ရပ်တန့်လိုက်သည်။

"ကြည့်ရတာ... ဒီဇာတ်လမ်းက ပဟေဠိဖြေရှင်းတာ သက်သက်ပဲ ဖြစ်မယ်၊ ပြီးတော့ ဒါက ချီးပုံကြီးလောက်အောင်ကို ခက်ခဲနေမှာ မဟုတ်လား"

ဖုန်းပုကြွယ်သည် သူကြားခဲ့ရသော အချက်အလက်များကို သူ့စိတ်ထဲတွင် စုစည်းလိုက်သည်။ လောလောဆယ်တွင် သတင်းအချက်အလက် အများအပြား မရှိသေးသလို ထူးဆန်းသော အခြေအနေအချို့လည်း ရှိနေသေးသည်။ ဥပမာအားဖြင့် ဘော့စ်က သူ့ကို အသက်လေးချောင်းနှင့် တစ်ချက်တည်းနှင့် အသေသတ်နိုင်သော လက်နက်တစ်ခု ပေးထားသော်လည်း အချိန်ကို မှတ်သားနိုင်ရန် နာရီကဲ့သို့သော အရာတစ်ခုကိုပေးရန် အဘယ်ကြောင့် မေ့လျော့နေရသနည်း။ ယင်းမှာ ၉၂ မိနစ် ဖြစ်သည်။ ဘော့စ်က ငါ့စိတ်ထဲမှာ အချိန်ကို မှတ်သားနိုင်မှန်း သိနေတာလား။ နေဦး... သူက ငါ့အိတ်ထဲမှာ ဘာတွေရှိသလဲဆိုတာနဲ့ အဲဒီအရာတွေရဲ့ အကျိုးသက်ရောက်မှုတွေကိုတောင် သိနေတာပဲ။ မဟုတ်ရင် SCP-500 က အသုံးမဝင်ဘူးလို့ ငါ့ကို ဘာလို့ ပြောမှာလဲ။

ဖုန်းပုကြွယ်သည် သိပ်ကြာကြာ မစဉ်းစားတော့ဘဲ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ ဇာတ်လမ်းထဲသို့ ဝင်ရောက်ချိန်မှ စည်းကမ်းချက်များကို နားထောင်ခြင်း၊ အိုင်တမ်များကို စစ်ဆေးခြင်းနှင့် တွေးတောခြင်းတို့အတွက် ငါးမိနစ်ပျော့ပျော့အချိန်သာ အသုံးပြုခဲ့သည်။

မူလက... ဖုန်းပုကြွယ်သည် ဤအိပ်မက်ဆိုးမုဒ် တစ်ကိုယ်တော်ဇာတ်လမ်းထဲသို့ ဝင်ရောက်ချိန်တွင် အောင်မြင်ရန် မမျှော်လင့်ခဲ့သော်လည်း ယခုအခါတွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုအသံလွှင့်စက် အသံက သူ့ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်...။ သို့မဟုတ် သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့သည်။ လူတစ်ယောက်က သူ့ကို တိုက်ခိုက်မှု အမှတ် ၅ မှတ်သာရှိသော အမှိုက်တစ်ကောင်ဟု ပြောလျှင်ပင် သူစိတ်ဆိုးမည် မဟုတ်သော်လည်း ပဟေဠိဖြေရှင်းရာတွင် မတော်ဟု ပြောလျှင်မူ လက်ခံနိုင်မည် မဟုတ်ပေ။ ထို့အပြင် ဘော့စ်က သူ့ကို ဤမျှအထိ စွမ်းအားကြီးသော အိုင်တမ်တစ်ခု ပေးထားပြီး သူ့အား "မင်းတော့ ဘယ်လို ဒီဇာတ်လမ်းကို အောင်မြင်မှာ မဟုတ်ဘူး" ဟု ဆိုသော သဘောထားမျိုး ပြသနေခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် စာသမားတစ်ဦးဖြစ်ပြီး သီအိုရီသမားတစ်ဦးလည်း ဖြစ်သဖြင့် ဤကဲ့သို့သော စိန်ခေါ်မှုကို ရင်ဆိုင်ရသောအခါ သူသည် အသက်နှင့်လဲ၍ ကြိုးစားပေလိမ့်မည်။ သူသည် ပဟေဠိအားလုံးကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဘော့စ်ထံသို့ အပြေးသွားကာ အထင်အမြင်သေးသော အမူအရာဖြင့် "မင်းရဲ့ ဒူးတွေကို ငါ့ကို ပေးလိုက်စမ်း" ဟု ပြောနိုင်မှသာ သူ ကျေနပ်ပေလိမ့်မည်။

...

ဖုန်းပုကြွယ်သည် မူလက နံရံတစ်ခု၏ နောက်ကွယ်တွင် ရပ်နေခြင်း ဖြစ်သဖြင့် သွားစရာ လမ်းတစ်လမ်းသာ ရှိသည်။

ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့် ကြာပြီးနောက်တွင်လည်း ကော်ရစ်ဒါမြင်ကွင်းသည် အတူတူပင် ဖြစ်နေကာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ရှေ့ကိုကြည့်သည်ဖြစ်စေ၊ နောကကေိုကြည့်သည်ဖြစ်စေ အရာအားလုံးမှာ မှန်ထဲကပုံရိပ်ကဲ့သို့ ထပ်တူကျနေလေသည်။ အကယ်၍ ကစားသမားအနေဖြင့် မျက်လုံးမှိတ်ပြီး လှည့်ပတ်လိုက်ပါက သူ ဘယ်အရပ်က လာခဲ့သည်ကို သိနိုင်တော့မည် မဟုတ်ပေ။

တခဏမျှ လမ်းလျှောက်ပြီးနောက် သူ့ရှေ့တွင် အနည်းငယ် ကျယ်ဝန်းသောနေရာတစ်ခု ပေါ်လာခဲ့သည်။ ယင်းမှာ ကော်ရစ်ဒါနှင့် တိုက်ရိုက်ဆက်သွယ်ထားသော ယပ်တောင်ပုံသဏ္ဌာန် ဧရိယာတစ်ခု ဖြစ်သည်။ ယင်းတို့ကို ခွဲခြားထားသော တံခါး လုံးဝမရှိပေ။ လမ်းအဖွင့်ကို ဖြတ်ကျော်ပြီးနောက် နှစ်ဖက်စလုံးရှိ နံရံများသည် စောင်းလျက်ပုံစံဖြင့် ရှည်ထွက်သွားခြင်းဖြစ်သည်။

သူ့ရှေ့တည့်တည့်တွင် နံရံကွေးတစ်ခု ရှိပြီး မီတာတစ်ဝက်စီ အကွာအဝေးတွင် ဝင်ပေါက်တစ်ခုစီ ရှိသည်။ စုစုပေါင်း ဝင်ပေါက်လေးခု ရှိနေ၏။ ထိုဝင်ပေါက်များတွင် တံခါးဘောင်များနှင့် တံခါးချပ်များ ရှိပြီး အားလုံး ပွင့်နေလေသည်။ ထိုတံခါးလေးပေါက်၏ နောက်တွင်မူ ဖုန်းပုကြွယ် ယခုလေးတင် ဖြတ်သန်းလာခဲ့သော ကော်ရစ်ဒါနှင့် ဆင်တူသည့် လမ်းတစ်ခု ရှိနေလေသည်။

"ကျစ်... ဒါက ဘာလဲ။ ရှုပ်ထွေးတဲ့ ဝင်္ကပါ ဒါမှမဟုတ် ခက်ခဲတဲ့ ပဟေဠိတစ်ခု ဖြစ်မယ်လို့ ငါ ထင်နေတာ၊ ဆေးရည် လေးပုလင်းဆီကို ဦးတည်နေတဲ့ လမ်းလေးလမ်းပဲ မဟုတ်လား၊ ပြီးရင်တော့ လမ်းတစ်လမ်းချင်းစီရဲ့ အဆုံးမှာ အခန်းတစ်ခန်းစီ ထားပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ရတဲ့ ဂိမ်းတစ်ခုခုကို ဖန်တီးထားမှာပေါ့၊ ဟမ့်... ဒါက ဘာများ ထူးခြားနေလို့လဲ"

ဖုန်းပုကြွယ်သည် အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ စိတ်ပျက်မှုကို ဖွင့်ဟလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူသည် ရုတ်တရက် ပြေးလွှားနေသော အသံကို ကြားလိုက်ရသည်။ သေသေချာချာ နားထောင်ကြည့်သောအခါ ယင်းမှာ အလျင်စလို လျှောက်လှမ်းနေသော ခြေသံများနှင့် ပြင်းထန်သော အသက်ရှူသံများပင် ဖြစ်ပေသည်...။

ထိုအသံသည် ဘယ်ဘက်အစွန်ဆုံးရှိ ပထမဆုံးတံခါးမှ လာခြင်းဖြစ်ပြီး အဝေးတစ်နေရာမှ လာနေခြင်း ဖြစ်သည်။ အကွာအဝေးတစ်ခုသို့ ရောက်ရှိလာသောအခါ ထိုပြေးလွှားနေသူသည် တံခါးအပြင်ဘက်တွင် တစ်စုံတစ်ဦး ရပ်နေသည်ကို မြင်တွေ့သွားပုံရပြီး အော်ဟစ်လိုက်တော့သည်။ သို့သော်လည်း သူ၏ အော်ဟစ်သံမှာ "အားလုံး မှားနေပြီ ၊မင်းတို့ အားလုံး မှားနေကြပြီ" ဟူ၍ ဖြစ်သည်။

ထိုအော်ဟစ်သံကို ကြားသောအခါ ဖုန်းပုကြွယ်သည် တစ်နေရာရာတွင် ရင်းနှီး(ဒီဂျာဗူး)နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ဘေးကင်းစေရန်အတွက် သူသည် လက်တစ်ဖက်ဖြင့် ဂွကို ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့်မူ တစ်ချက်ပစ်ပစ္စတိုကို ထုတ်ယူလိုက်သည်။ အကယ်၍ သူသည် ဒဏ်ရာရအောင် လုပ်လိုလျှင် သို့မဟုတ် သတ်ဖြတ်လိုလျှင် သတ်ဖြတ်နိုင်သည်။ မည်သူဖြစ်စေ၊ မည်သည့်အရာဖြစ်စေ အနည်းဆုံးတော့ သူ အသက်ဆုံးရှုံးမည် မဟုတ်ပေ။

သို့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင်… ထိုထွက်ပြေးလာသူသည် ပထမဆုံး တံခါးနောက်မှ ကော်ရစ်ဒါထဲမှ ယပ်တောင်ပုံသဏ္ဌာန်ဧရိယာထဲသို့ ပြေးဝင်လာသောအခါ ဖုန်းပုကြွယ် မှင်တက်သွားခဲ့သည်။

ယင်းမှာ ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဒဏ်ရာများစွာ ရရှိထား၏...။ ထို့အပြင် ထိုလူမှာ ဖုန်းပုကြွယ်နှင့် အလွန်ဆင်တူနေလေသည်။

"မင်းဟာ လတေချို့နဲ့ တွေ့ဆုံရမှာဖြစ်ပြီး အဖြစ်အပျက်အချို့ကို မြင်တွေ့ရလိမ့်မယ်၊ မင်းမြင်တွေ့ကြားသိရတဲ့ အရာတွေက မင်းရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်သလို မင်းရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှောင့်ယှက်နိုင်တယ်"

သူ အစောပိုင်းက ကြားခဲ့ရသော စကားက သူ့ခေါင်းထဲတွင် လျှပ်တပြက် ပေါ်လာခဲ့သည်...။

"မင်း..."

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် အတော်အတန် တည်ငြိမ်နေသေးသည်။ သူ မြင်တွေ့နေရသော အရာအတွက် ယုတ္တိရှိသော ရှင်းပြချက်တစ်ခု ရှိရမည် ဖြစ်သည်။ သူနှင့် ဆင်တူနေသော ထိုလူသည် ပုံရိပ်ယောင်၊ စက်ရုပ်တစ်ရုပ်၊ ကိုယ်ပွား သို့မဟုတ် ပုံတူကူးနိုင်သော စွမ်းရည်ရှိသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နိုင်ပေသည်။ ယင်းသည် သည်းထိတ်ရင်ဖို သုခဘုံမှ အိပ်မက်ဆိုး ဇာတ်လမ်းတစ်ခု ဖြစ်သဖြင့် မည်သည့်အရာမဆို ဖြစ်ပျက်လာနိုင်သည်။ အမှန်တကယ်တွင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် စိတ်ဝေဒနာရှင်တစ်ဦး၏ စိတ်ကမ္ဘာ ဖြစ်နိုင်သဖြင့် ယင်းအတွက် စိုးရိမ်ထိတ်လန့်နေရန် အကြောင်းမရှိပေ။

ဒဏ်ရာရနေသော ဖုန်းပုကြွယ်သည် ယခုဖုန်းပုကြွယ်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သည့် အရိပ်အယောင် လုံးဝမပြသပေ။ သူသည် ထိုလူ ထိုနေရာတွင် ရှိနေသည်ကို သိရှိနေပုံရပြီး ထို့ကြောင့်ပင် တံခါးနှင့် နီးကပ်လာသောအခါ အော်ဟစ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချိန်တွင် သူ ချက်ချင်း အော်ဟစ်လိုက်သည်။

"မင်း မလုပ်..."

ဒိုင်း။

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ပထမဆုံးတံခါးမှ ထွက်ပြေးလာသော ဖုန်းပုကြွယ်သည် သူ့နောက်ကျောမှ လာသော ကျည်ဆန်တစ်တောင့် ထိမှန်သွားခဲ့သည်။ ကျည်ဆန်သည် သူ့လည်ပင်းကို ချိန်ရွယ်ထားခြင်း ဖြစ်ပြီး လည်ပင်းကို ဖောက်ထွက်သွားခဲ့ခြင်းဖြစ်သည်။ သူ မသေဆုံးမီတွင် "မင်း မလုပ်နဲ့ဦး..." ဟူသော စကား၏ ကျန်အပိုင်းကိုပင် မပြောနိုင်ခဲ့ပေ။ ဖုန်းပုကြွယ်သည် သူ့ကိုယ်ပွား အပစ်ခံရသည်ကို မြင်လိုက်ရသဖြင့် ရှေ့သို့ အပြေးသွားလိုက်သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ့ကိုယ်ပွားကို ကယ်တင်နိုင်ပြီး စကားကို အဆုံးသတ်နိုင်ရန် SCP-500 နှင့် အသက်ဖြည့်ဆေးရည် နှစ်မျိုးလုံးကို အသုံးပြုရန် ဖြစ်သည်။

သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ သူ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ပြီး သူ့အိတ်ထဲမှ ပစ္စည်းများကို မထုတ်ယူနိုင်မီ အပစ်ခံရသော ဖုန်းပုကြွယ်သည် အဖြူရောင် အလင်းတန်းအဖြစ် အရည်ပျော်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။ သူ့ကိုယ်ပွား သေဆုံးသွားသော မြင်ကွင်းသည် အစစ်အမှန်ကစားသမားတစ်ယောက် သေဆုံးသွားသည့် ပုံစံနှင့် အတူတူပင် ဖြစ်သည်။

"သူက ပုံရိပ်ယောင်တစ်ခုပဲလား၊ ဒါမှမဟုတ်..."

ဖုန်းပုကြွယ်၏ ဦးနှောက်က မုန်တိုင်းတစ်ခုကဲ့သို့လည်ပတ်သွားပြီး လျင်မြန်စွာ စဉ်းစားလိုက်သည်။ ထပ်နေသော အချိန်၊ သေမင်းတမန်ဂိမ်း၊ အဆုံးမရှိသော ခြောက်ခြားမှု၊ အိပ်မက်ဆိုးများ ပြန်လည်ရှင်သန်ခြင်း စသည်တို့မှာ သူ့ခေါင်းထဲတွင် လျှပ်တပြက် ပေါ်လာခဲ့သည်။

"...ဒါမှမဟုတ် တခြားအချိန်စီးကြောင်းတစ်ခုကနေ ပြန်လာတဲ့ ငါကိုယ်တိုင်လား"

သူ့အကြည့်များသည် ဗလာဖြစ်နေသော ကြမ်းပြင်မှနေ၍ ပထမဆုံးတံခါးဆီသို့ ရောက်ရှိသွား၏။ ထိုအချိန်တွင် ဖုန်းပုကြွယ်၏ မျက်လုံးများသည် တံခါးနောက်မှ ကော်ရစ်ဒါနှင့် ၁၂၀ ဒီဂရီခန့် ကွာဝေးနေသည်။ သူ့ဦးနှောက်မှာ ဤလိုက်လံဖမ်းဆီးမှုတွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း သိရှိရန် ကြိုးစားနေဆဲ ဖြစ်သည်။

"တကယ်လို့ သေဆုံးသွားသူက ငါသာဆိုရင် ကွန်ထရာတံဆိပ်က အလုပ်လုပ်ရမှာပေါ့... ဖြစ်နိုင်တာက အဲဒီဆုတံဆိပ်ရဲ့ ပြန်လည်ရှင်သန်ခြင်း လုပ်ဆောင်ချက်က ကစားသမားကို အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲပြီး တခြားတစ်နေရာကို ပို့ဆောင်လိုက်တာလား၊ ဒါမှမဟုတ် ဒီ 'ငါ' က ဆုတံဆိပ်လေးခုလုံးကို အသုံးပြုပြီးသွားပြီလား"

ဖုန်းပုကြွယ်သည် အသက်အောင့်၍ ကော်ရစ်ဒါမှ ထွက်ပေါ်လာသော အသံကို နားထောင်လိုက်သည်။ ထိုလူသည် သေနတ်ကို အသုံးပြုနေပြီး သူ၏ သေနတ်ပစ်ကျွမ်းကျင်မှုမှာ အပြစ်ပြောစရာ မရှိသောကြောင့် သူ ခေါင်းကို အပြင်သို့ မပြူရဲပေ။ ဤထောင့်မှဆိုလျှင် သူ့အတွက် အတော်အတန် ဘေးကင်းသော်လည်း အကယ်၍ သူ ခေါင်းပြူလိုက်မည်ဆိုပါက...

"မဟုတ်ဘူး... တကယ်လို့ အဲဒါက 'ငါ' သာဆိုရင် ငါ ဘာလို့ သေရမှာလဲ၊ လည်ပင်းကို ကျည်ဆန်ထိတာနဲ့ ငါ့အသက် ဆုံးရှုံးသွားဖို့ လုံလောက်ပါ့မလား၊ အဲဒီ 'ငါ' က သူ့ရဲ့ အသက်အမှတ် အားလုံးကို အသုံးပြုပြီးသွားပြီလား၊ ပြီးတော့ သူ့အသက်အမှတ်တွေကလည်း အောက်ဆုံးကို ရောက်နေပြီလား"

ထိုသို့တွေးမိသောအခါ သူ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

"တစ်ချက်တည်းနှင့် အသေသတ်နိုင်တဲ့ ပစ္စတို"

ဖုန်းပုကြွယ်သည် သေနတ်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"အဲဒီကျည်ဆန်ကို ပစ်လိုက်တဲ့သူက ငါကိုယ်တိုင်များ ဖြစ်နေမလား"

သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ပထမဆုံးတံခါးဘေးရှိ နံရံတွင် မှီလိုက်သည်။ သူသည် တံခါးနောက်ကွယ်တွင် ပုန်းနေခဲ့သည်။

"ဟေး သေနတ်ပစ်လိုက်တဲ့သူ၊ မင်းက ငါလား"

သူက အသံလာရာဘက်သို့ အော်ဟစ်လိုက်ပြီး အလွန်ထူးဆန်းသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

ထိုကော်ရစ်ဒါများထဲတွင် အသံလွှင့်ထုတ်မှုမှာ ထူးဆန်းလှသည်။ အလွန်သေးငယ်သော အသံပင် အတော်အတန် ဝေးကွာသော နေရာအထိ ရောက်ရှိနိုင်သော်လည်း စကားပြောသံမှာမူ အကွာအဝေး အနည်းငယ်သာ ရောက်ရှိနိုင်ပြီး ပဲ့တင်သံလည်း ထွက်ပေါ်လာခြင်း မရှိပေ။

ဖုန်းပုကြွယ်က ထပ်မံအော်ဟစ်လိုက်သည်။

"မင်းက ငါမဟုတ်ရင်တောင် အနည်းဆုံးတော့ ငါ့ကို ပြန်ဖြေပေးလို့ မရဘူးလား"

ဘယ်သူမှ သူ့ကို ပြန်မဖြေခဲ့ပေ...။

သေသေချာချာ နားထောင်ကြည့်သောအခါ သေနတ်သံ ထွက်ပေါ်လာပြီးကတည်းက ကော်ရစ်ဒါထဲတွင် မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပေ၊ သေနတ်သမား၏ ခြေသံပင် မကြားရတော့ချေ။ ထို့ကြောင့် ကော်ရစ်ဒါထဲတွင် တစ်စုံတစ်ဦးမှာ ရပ်နေခြင်း၊ ဆောင့်ကြောင့်ထိုင်နေခြင်း သို့မဟုတ် လဲလျောင်းနေခြင်းတို့ လုပ်ဆောင်ရင်း လက်ထဲတွင် သေနတ်ကိုကိုင်ကာ ပထမဆုံးတံခါးကို ချိန်ရွယ်ထားနိုင်ခြေ အလွန်များလှသည်။ သူသည် အပြင်ဘက်ရှိ လူမှာ စိတ်မရှည်ဘဲ ခေါင်းပြူထွက်လာရန် စောင့်ဆိုင်းနေပြီး တစ်ချက်တည်းနှင့် ပစ်သတ်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်။

ဖုန်းပုကြွယ်သည် သူအစောပိုင်းက မြင်ခဲ့ရသောလူမှာ မတူညီသော အချိန်စီးကြောင်းမှ သူကိုယ်တိုင် မဟုတ်နိုင်ကြောင်း နားလည်လိုက်သည်။ သူသည် အတွေးလွန်နေခြင်း ဖြစ်နိုင်ပေသည်။ ဖြစ်နိုင်သည်မှာ ယင်းက ရန်သူကို ရှုပ်ထွေးစေရန် အသုံးပြုသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး သေနတ်သမားမှာမူ အဝေးပစ် အထူးပြု မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်နိုင်ပေသည်။ အမှန်တကယ်တွင်... လူသွားလမ်းထဲတွင် သေနတ်သမား လုံးဝမရှိဘဲလည်း ဖြစ်နေနိုင်သည်။ သေနတ်သံနှင့် သူ့ကိုယ်ပွား သေဆုံးသွားခြင်းတို့သည် ပုံရိပ်ယောင် သို့မဟုတ် ပြဇာတ်တစ်ခုသာ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အလောင်းက ပျောက်ကွယ်သွားပြီဖြစ်ကာ ပတ်ဝန်းကျင်တွင်လည်း ကျည်ဆန်ပေါက်များ မရှိသဖြင့် ယင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း သူမည်သို့ သက်သေပြနိုင်မည်နည်း။

"အင်း... ငါ သွားပြီး အတည်ပြုကြည့်သင့်လား"

ဖုန်းပုကြွယ်က ဆိုလိုက်သော်လည်း ထို့နောက် သူက ပြန်တွေးမိသည်။

"တကယ်လို့ ငါ့ခန့်မှန်းချက်က မှန်နေမယ်ဆိုရင်ရော၊ တကယ်လို့ ကော်ရစ်ဒါထဲက လူက ငါ့အနာဂတ်က ငါကိုယ်တိုင် တကယ်ဖြစ်နေမယ်ဆိုရင်... ဘာတွေ ဖြစ်လာမှာလဲ"

"တကယ်လို့ ဒီလူက ငါသာဆိုရင် ပြီးတော့ သူက အနာဂတ်က ငါသာဆိုရင် သူဟာ ငါ အခုလုပ်တော့မယ့် ဆုံးဖြတ်ချက်တွေနဲ့ အတွေးအခေါ်တွေကို သိနေမှာပဲ၊ ငါက အကောင်းဘက်က တွေးသည်ဖြစ်စေ၊ အဆိုးဘက်က တွေးသည်ဖြစ်စေ သူဟာ ငါနောက်ဆုံးမှာ ဘာလုပ်မယ်ဆိုတာ သိနေလိမ့်မယ်"

ဖုန်းပုကြွယ်၏ စိတ်သည် ပို၍ ပို၍ ရှုပ်ထွေးလာတော့သည်။

"အင်း... ဒါပေမဲ့ သူက ဘာလို့ ငါနဲ့ စကားမပြောတာလဲ၊ သူက ဘာလို့ ငါ့ကိုယ်ပွားကို သတ်ချင်ရတာလဲ၊ သူဘာတွေ ကြုံတွေ့ခဲ့ရလို့လဲ၊ ဒါမှမဟုတ် ငါနောက်ပိုင်းမှာ ဘာတွေ ကြုံတွေ့ရမှာမလို့ သူက ငါ့နောက် လိုက်နေရတာလဲ"

" 'မင်းတို့ အားလုံး မှားနေပြီ' ဆိုတာက ဘာကို ဆိုလိုတာလဲ... 'မလုပ်နဲ့တော့' ဆိုတာကကော ဘာလဲ"

ဖုန်းပုကြွယ်သည် ချွေးအေးများ စီးကျလာခဲ့သည်။

"အသတ်ခံလိုက်ရတဲ့ ဒီချောမောတဲ့လူနဲ့ သူ့ကို သတ်လိုက်တဲ့ ဒီချောမောတဲ့လူ၊ ဘယ်သူက အချိန်စီးကြောင်းရဲ့ အဆုံးမှာ ရှိနေတာလဲ၊ ပြီးတော့ ဘယ်သူက မှန်ကန်တဲ့အရာကို လုပ်ဆောင်နေတာလဲ"

သူ ဂိမ်းစတင်ကစားကတည်းက ထိုကဲ့သို့သော အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မည်သို့ပင် တွေးတောပါစေ မှန်ကန်ပုံမရတော့ပေ။

"ဟား... ဟားဟား..."

ဆယ်စက္ကန့်ခန့်အကြာတွင် ဖုန်းပုကြွယ်သည် အေးစက်စွာ ရယ်မောလိုက်သည်။

"ငါ့ကို တားဆီးနိုင်တဲ့ တစ်ဦးတည်းသောသူက ငါကိုယ်တိုင်ပဲ"

သူသည် အလွန်အတ္တကြီးသော စကားတစ်ခွန်း ပြောလိုက်ပြီး တစ်ချိန်တည်းတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် လက်နက်ကို သိမ်းဆည်းလိုက်ပြီး အော်ဟစ်လိုက်သည်။

"အဲဒီမှာ တစ်ယောက်ယောက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အဲဒါ ငါဖြစ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါအခု မင်းကို အရှုံးပေးလိုက်ပြီ၊ ငါ အပြင်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာမယ်၊ တကယ်လို့ မင်း ငါနဲ့ စကားပြောချင်တယ်ဆိုရင် ငါတို့ စကားပြောကြတာပေါ့၊ တကယ်လို့ မင်း ငါ့ကို သတ်မှရမယ်လို့ ထင်နေတယ်ဆိုရင်လည်း သတ်လိုက်ပါတော့"

ဖုန်းပုကြွယ်သည် စကားပြောရင်း ပထမဆုံးဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် သူသည် မိမိကိုယ်ကိုယ် ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သူသည် သူ၏ လက်ရှိခန့်မှန်းချက်ကို ယုံကြည်သလို သူ၏ အနာဂတ်ကိုယ်ပွားကိုယ်တိုင် ချမှတ်မည့် ဆုံးဖြတ်ချက်ကိုလည်း ယုံကြည်ခဲ့သည်။

မှန်ပေသည် အရေးကြီးဆုံးအချက်မှာ သူ့တွင် အာမခံချက်အနေဖြင့် ကွန်ထရာတံဆိပ် ရှိနေခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်သည် သူ့တွင် အဘယ်ကြောင့် ဆုတံဆိပ်လေးခုနှင့် ပစ္စတိုတစ်လက် ရှိနေရကြောင်း နားလည်သွားပုံရသည်။ ယင်းတို့သည် ဤဇာတ်လမ်းကို အောင်မြင်ရန်အတွက် အခြေခံ လိုအပ်ချက်များ ဖြစ်ပေလိမ့်မည်။

အခန်း (၁၇၀)

ဖုန်းပုကြွယ်သည် တစ်ချက်တည်းနှင့် အသတ်ခံရမည်ကို စိုးရိမ်ခြင်းမရှိပေ။ ကွန်ထရာဆုတံဆိပ် လေးခု ရှိနေသဖြင့် ပထမဆုံးလေးကြိမ် သေဆုံးခြင်းသည် အားအင်ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သည်။ လောလောဆယ်တွင် လိုင်းကျသွားခြင်း သို့မဟုတ် အတင်းအကျပ် ထွက်ခိုင်းခြင်းတို့မှလွဲ၍ ဤအိပ်မက်ဆိုးမုဒ် တစ်ကိုယ်တော်ရှင်သန်ခြင်း ဇာတ်လမ်းတွင် ရှုံးနိမ့်နိုင်ခြေ နှစ်မျိုးသာ ရှိသည်။ တစ်အချက် ဆုတံဆိပ်အားလုံး အသုံးပြုပြီးနောက် ငါးကြိမ်မြောက် အသတ်ခံရခြင်း ဖြစ်ပြီး နှစ်အချက်မှာတော့ ဘော့စ်က အစောပိုင်း အသံလွှင့်ချက်တွင် ပြောခဲ့သကဲ့သို့ "အဆိပ်က အာနိသင် ပြလာတာနဲ့ မင်းဟာ ဇာတ်လမ်းမှာ ရှုံးနိမ့်တယ်လို့ သတ်မှတ်ခံရလိမ့်မယ်" ဟူသည့် အချက်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် မိနစ်ကိုးဆယ်ကျော်သွားသည့်အခါ သူသည် ဇာတ်လမ်းတွင် ရှုံးနိမ့်သွားမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပထမဆုံး ကော်ရစ်ဒါတွင် ဖုန်းပုကြွယ်ကို မည်သည့်အရာစောင့်ကြိုနေပါစေ အဆိုးရွားဆုံး ဖြစ်နိုင်ခြေမှာ တစ်ကြိမ် သေဆုံးရုံသာ ဖြစ်သည်။ သူ့ကို ဇာတ်လမ်းတွင် တိုက်ရိုက် ရှုံးနိမ့်သွားစေမည့် အချက်မျိုး မရှိချေ။ သေချာသည်မှာ ထိုသို့သောအချက် ရှိခဲ့မည်ဆိုလျှင်ပင် ယင်းသည် အမည်မသိ ရှုံးနိမ့်မှု အလှည့်အပြောင်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့ဖြစ်နိုင်ခြေက အလွန်နည်းပါးလှသလို ယုတ္တိလည်း မရှိပေ။ ယင်းသည် စူပါမာရီယိုဂိမ်း ကစားနေစဉ် ဂိမ်းဖော်ပြချက်တွင် တွင်းထဲကျလျှင် သို့မဟုတ် အချိန်ကုန်လျှင် သေဆုံးမည်ဟု ရေးထားသော်လည်း သင်တံခါးအပြင်ကို ခြေလှမ်းလိုက်သည့် အခိုက်အတန့်တွင် ပထမဆုံး ပဟေဠိ အမှတ်အသားပေါ်လာပြီး ထိုအမှတ်အသားက အမှန်တကယ် ပေါက်ကွဲသွားသလိုမျိုးပင်...။ သိသာသည်မှာ ယင်းက နောက်ထပ် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သွားပေလိမ့်မည်...။

ဖုန်းပုကြွယ်သည် လက်နှစ်ဖက်လုံးကို မြှောက်၍ တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးသွားခဲ့သည်။ သူသည် ခန္ဓာကိုယ်ကို ကော်ရစ်ဒါဘက်သို့ လှည့်လိုက်ပြီး ပထမဆုံး တံခါးဝတွင် ရပ်လိုက်သည်။ သူ အော်ဟစ်လိုက်ပြီးနောက်တွင်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ သူ့ဆီသို့ ကျည်ဆန်တစ်တောင့် ရောက်လာမည်ကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်လည်း သူ အံ့အားသင့်သွားရသည်မှာ ရှေ့ကော်ရစ်ဒါထဲတွင် ဘယ်သူမှ ရှိမနေခြင်းပင်။

သေနတ်သမား မရှိ၊ လက်နက် မရှိ။ လူသွားလမ်းမှာ ဗလာကျင်းနေခဲ့သည်။

"ဖြစ်နိုင်တာက သေနတ်ပစ်လိုက်တဲ့သူက မျက်စိတစ်ဆုံးကနေ ပစ်လိုက်တာလား၊ ပြီးတော့ သေနတ်သံက ဒီအထိ ပျံ့နှံ့လာတာလား"

ဖုန်းပုကြွယ်က သူ့ဘာသာ တွေးတောလိုက်သည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် တစ်ဖက်လူသည် တစ်ချက်တည်းနှင့် အသေသတ်နိုင်သော ပစ္စတိုကို သုံးနေခြင်း မဟုတ်ကြောင်း သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤသေနတ်သည် အသုံးပြုသူ၏ မျက်စိတစ်ဆုံးထက် ကျော်လွန်သော ပစ်မှတ်များအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်သောကြောင့် ဖြစ်သည်။ မဟုတ်ပါက သေနတ်ကိုင်ထားသူက ကောင်းကင်သို့ သို့မဟုတ် ဗလာဖြစ်နေသော ကော်ရစ်ဒါထဲသို့ ကျပန်းပစ်ခတ်လိုက်လျှင် မြေပြင်ပေါ် လဲလျောင်းနေသော လူမည်မျှ အပစ်ခံရမည်ကို မည်သူ သိနိုင်ပါမည်နည်း။

သေနတ်သမားက မည်သည့်လက်နက်မျိုး အသုံးပြုခဲ့ကြောင်းဆိုရလျှင်... အကွာအဝေးအရ စနိုက်ပါရိုင်ဖယ်မှာ အကြီးဆုံး သံသယဖြစ်ဖွယ်အရာ ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူတစ်ယောက်၏ လည်ပင်းကို ၁၂ မီလီမီတာထက် ပိုသော စနိုက်ပါကျည်ဆန်ဖြင့် အမှန်တကယ် ထိမှန်ခဲ့မည်ဆိုပါက လည်ပင်းကို ဖောက်ထွက်သွားပြီး သွေးများ ပန်းထွက်ရုံမျှသာ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ ထိုအစား ခေါင်းတစ်ခုလုံး ပြတ်ထွက်သွားသင့်သည်။

ဒါပေမဲ့ သာမန်သေနတ်တစ်လက်က ဘယ်လိုလုပ် ဒီလောက်ဝေးတဲ့ အကွာအဝေးနဲ့ တိကျမှု ရနိုင်မှာလဲ။ တစ်ဖက်လူက တစ်ချက်ပစ် ပစ္စတိုပေါ်မှာ အဝေးကြည့်မှန်ပြောင်း တပ်ထားတာလား။ ဒါမှမဟုတ် စနိုက်ပါသမားမှာ [သိန်းငှက်မျက်လုံး] လိုမျိုး အရမ်းဝေးတဲ့ နေရာကို မြင်နိုင်တဲ့ ကျွမ်းကျင်မှု ရှိနေတာလား။

နောက်ထပ် မေးခွန်းတစ်ခုကား ရန်သူသည် အလွန်ဝေးကွာသော နေရာမှ အမှန်တကယ် ပစ်ခတ်နေခြင်း ဖြစ်ပါက သူသည် ဖုန်းပုကြွယ်၏ အော်ဟစ်သံကို ခုနက သေချာပေါက် ကြားရမည် မဟုတ်ပေ။ သို့ဆိုလျှင်... သူ အခု ဘာလုပ်နေသနည်း။ သူက နေရာဟောင်းမှာပဲ ရှိနေပြီး ဖုန်းပုကြွယ် တံခါးဝကို လာတာကို မြင်နေတာလား။ ဒါမှမဟုတ် လူသတ်ပြီးနောက် သေနတ်ချလိုက်ပြီး စတင် လှုပ်ရှားနေပြီလား။ အကယ်၍ သူလှုပ်ရှားနေတာဆိုရင် သူက ဒီနေရာကို လာနေတာလား ဒါမှမဟုတ် ကော်ရစ်ဒါရဲ့ အခြားတစ်ဖက်သို့ ဦးတည်သွားနေတာလား။

"တကယ်လို့ တစ်ဖက်လူက ငါ့ကို မြင်နိုင်ပြီး သူက ငါသာဆိုရင် ငါဟာ ခုနက ဖုန်းပုကြွယ်နဲ့ မတူဘူးဆိုတာကို သူ သတိထားမိသင့်တယ်၊ တကယ်လို့ ပြိုင်ဘက်က မခွဲခြားနိုင်ဘူးဆိုရင်လည်း ပထမတစ်ချက်က အလုပ်မဖြစ်ဘူးလို့ သူ မှားထင်သွားနိုင်တယ်၊ ဒါဆိုရင် သူက ဒုတိယတစ်ချက် ထပ်ပစ်ရမှာပေါ့၊ ဒါပေမဲ့ သူ မပစ်ခဲ့ဘူး... ဖြစ်နိုင်တာက သူ့ရဲ့ စကေး ဒါမှမဟုတ် လက်နက်က အသုံးပြုဖို့ကြာချိန်ကို စောင့်နေရနေတာလား"

ဖုန်းပုကြွယ်က ဆင်ခြင်သုံးသပ်သည်။

"မဟုတ်ဘူး... အဲဒါ မဟုတ်ဘူး"

သူသည် လက်ကို ချလိုက်ပြီး ပထမဆုံးတံခါးမှတစ်ဆင့် တဖြည်းဖြည်း လမ်းလျှောက်ဝင်ခဲ့သည်။ သူ ရှေ့တိုးလာသည်နှင့်အမျှ သဲလွန်စအချို့ ရှာဖွေရန် ရှေ့ကော်ရစ်ဒါ၏ ကြမ်းပြင်၊ နံရံများနှင့် မျက်နှာကျက်တို့ကို ဂရုတစိုက် စူးစမ်းနေခဲ့သည်။

ဖုန်းပုကြွယ်သည် အဝေးမှ ပစ်ခတ်သည်ဟူသော ယူဆချက်ကို ပယ်ဖျက်လိုက်သည်။ ထိုယူဆချက်မှာ သူသည် အဘယ်ကြောင့် ထွက်ပြေးသွားသော လူတစ်ယောက်၏ ခြေသံကိုသာ ကြားရသနည်းနှင့် သေနတ်သံအပြီး ကော်ရစ်ဒါထဲတွင် ဘာကြောင့် အသံမရှိသနည်းဟူသော အချက်များကို ရှင်းပြနိုင်သော်လည်း ဗလာဖြစ်နေသော ကော်ရစ်ဒါအတွက် အခြားရှင်းပြချက်တစ်ခု ရှိနေကြောင်း ထင်ရှားသည်။ ယင်းမှာ ဤအဆင့်တွင် ပိုရိုးရှင်းပြီး ပိုယုတ္တိရှိသော ရှင်းပြချက် ဖြစ်သည်။

"ဒါတွေအားလုံးက ပုံရိပ်ယောင်ပါပဲ..."

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

"ခုနက 'ငါ' နဲ့ သေနတ်သံက ငါ့ရဲ့ အမြင်အာရုံနဲ့ အကြားအာရုံကနေ ရခဲ့တဲ့ အချက်အလက်တွေပဲ၊ အခုတော့ အလောင်းလည်း မရှိဘူး၊ ကျည်ခွံလည်း မရှိဘူး၊ ကြမ်းပြင်ပေါ်က သွေးတွေတောင် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းပြီး ပျောက်သွားပြီ..."

သူ နောက်သို့ လှည့်ကြည့်လိုက်ပြီး ယပ်တောင်ပုံသဏ္ဌာန် နေရာကို ထပ်မံကြည့်ရှုလိုက်သည်။

" 'အားလုံး မှားနေပြီ' နဲ့ 'မလုပ်နဲ့...' ဆိုတဲ့ စကားလုံးတွေက ဒီလမ်းက မှားနေပြီး ငါ ရှေ့မဆက်သင့်ဘူးလို့ အရိပ်အမြွက် ပေးနေတာလား"

သူ မေးစေ့ကို ပွတ်လိုက်ပြီး "ဒါဆိုရင် ငါက အဲဒီလိုမျိုး ပြောင်းပြန်တွေးကြည့်မယ်ဆိုရင် ဒီအကျိုးသက်ရောက်မှုကို လျစ်လျူရှုပြီး ဒီလမ်းအတိုင်း ဆက်လျှောက်သင့်တာပေါ့၊ ဟုတ်တယ်မလား"

သူ့ပတ်ဝန်းကျင်တွင် မည်သည့် မူမမှန်မှုကိုမှ အမှန်တကယ် ရှာမတွေ့ခဲ့ပေ။ ဤကော်ရစ်ဒါသည် သူ အစောပိုင်းက ဖြတ်သန်းလာခဲ့သော လမ်းနှင့် အတူတူပင် ဖြစ်သည်။ မည်သည့် ထူးခြားသော လက္ခဏာမျှ မရှိချေ။ အပိုင်းတိုင်း တူညီနေပြီး ကြမ်းပြင်ပေါ်တွင်လည်း ခြေရာများ ရှိမနေပေ။ သူသည် ယပ်တောင်ပုံသဏ္ဌာန် နေရာသို့ လျင်မြန်စွာ ပြန်လျှောက်သွားပြီး ဆယ်စက္ကန့်ခန့် ရပ်တန့်နေခဲ့သည်။ အလှည့်အပြောင်းတစ်ခု စတင်ပေါ်ပေါက်လာသည့် အရိပ်အယောင် လုံးဝမရှိချေ။

သူ့ရှေ့ရှိ တံခါးလေးပေါက်နှင့် လမ်းလေးလမ်းကို ကြည့်ရင်း ဖုန်းပုကြွယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"သာမန် တွေးတောပုံအရဆိုရင် လမ်းလေးလမ်းလုံးက ဆေးရည်တစ်ပုလင်းစီဆီကို ဦးတည်နေမှာပေါ့၊ ဒါပေမဲ့ အခြေအနေက တခြားတစ်မျိုး ဖြစ်နေရင်ရော... လမ်းတစ်လမ်းတည်း မှန်ပြီး ဆေးရည် လေးပုလင်းလုံးဆီကို ခေါ်သွားနိုင်မယ်ဆိုရင်ရော၊ ကျန်တဲ့ သုံးလမ်းလုံးက လမ်းဆုံးတွေ ဖြစ်နေခဲ့ရင်..."

သူ ခေါင်းကို ကုတ်လိုက်သည်။

"ဒါမှမဟုတ်... ဆေးရည်ဆီကို ဦးတည်တဲ့ လမ်းနှစ်လမ်း ရှိနေတာလား၊ ကျန်တဲ့ နှစ်လမ်းက လမ်းဆုံးတွေ ဖြစ်နေမလား၊ ဒါမှမဟုတ် လမ်းသုံးလမ်းက မှန်ပြီး တစ်လမ်းတည်းကသာ လမ်းဆုံး ဖြစ်နေမလား"

သူ့အကြည့်က ပထမဆုံး တံခါးဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

"ငါ ခုနက မြင်ခဲ့တာက အရိပ်အမြွက်လား ဒါမှမဟုတ် အာရုံလွှဲတာလား၊ ငါက အချိန်နဲ့ ဟင်းလင်းပြင် ထပ်နေတယ်ဆိုတဲ့ သဘောတရားကို အလွန်အကျွံ တွေးမိသွားတာလား၊ ဒါမှမဟုတ်..."

"ဟူး..."

ဖုန်းပုကြွယ်သည် ခေါင်းမော့၍ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

"ဒီလိုငြီးငွေ့စရာကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အရိပ်အမြွက် နည်းလွန်းတဲ့ ဇာတ်လမ်းမျိုးမှာ ငါ့ကို ဘာတွေ လုပ်စေချင်နေတာလဲ"

အစ်ကိုကြွယ်၏ အတွေးဖြစ်စဉ်နှင့် လုပ်ဆောင်ချက်များသည် ဤအခန်း၏ အစမှစ၍ စာလုံးရေ တစ်ထောင်ကျော် ယူထားခဲ့သော်လည်း လက်တွေ့တွင်မူ သူသည် ယင်းအတွက် နှစ်မိနစ်ခန့်သာ အချိန်ပေးခဲ့ရသည်။ ရိုးရှင်းစွာ ပြောရလျှင် "တံခါးဝသို့ လျှပ်တပြက် ပြေးသွားသည်၊ စာကြောင်းအလွတ်များ ဖြည့်စွက်သည်၊ ရှေ့သို့ လမ်းလျှောက်သည်၊ စာကြောင်းအလွတ်များ ဖြည့်စွက်သည်၊ ယပ်တောင်ပုံသဏ္ဌာန် နေရာသို့ ပြန်လာသည်၊ စာကြောင်းအလွတ်များကို ထပ်မံ ဖြည့်စွက်သည်" ဟူ၍ ဖြစ်သည်။(ဟားဟား)

ဇာတ်လမ်းမိတ်ဆက် ပြီးဆုံးသွားပြီး ဖုန်းပုကြွယ် လှုပ်ရှားနိုင်စွမ်း ရရှိချိန်မှစ၍ ၁၇ မိနစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အသံလွှင့်ချက်မှ '၉၂ မိနစ်' ဟူသော အဓိကစကားလုံးကို ကြားခဲ့ရချိန်မှစ၍ ၁၆ မိနစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ခုကြား ကွာခြားချက်က သိပ်မကြီးလှပေ။ မည်သည့်စံနှုန်းကိုပဲ အသုံးပြုပါစေ ဤတစ်မိနစ်ကိုတော့ အခြေခံအားဖြင့် လျစ်လျူရှုနိုင်လောက်ပါသည်။

လောလောဆယ်တွင် အကယ်၍ သူသည် ဆေးရည်လေးပုလင်းကို ရှာဖွေရန် လိုအပ်သော အချိန်ကို အညီအမျှ ခွဲဝေနိုင်မည်ဆိုပါက ၉၂ မိနစ်ကို ၂၃ မိနစ်စီရှိသော အပိုင်းလေးပိုင်းအဖြစ် ခွဲဝေနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ၂၃ မိနစ်တိုင်းတွင် ဖုန်းပုကြွယ်သည် အဆိပ်အာနိသင် မပြမီ အဆိပ်ဖြေဆေးဖော်စပ်နိုင်ရန် သေချာစေရန် ဆေးရည်တစ်ပုလင်းစီကို ရှာဖွေရမည် ဖြစ်သည်။

သူသည် ပထမဆုံး ဆေးရည်ပုလင်း၏ အရိပ်အယောင်ကိုပင် မမြင်ရသေးသဖြင့် ဤနေရာတွင် အချိန်ဖြုန်းနေရန်မှာ မကောင်းသော အကြံတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်လှည့်လိုက်ပြီး... တတိယမြောက် ကော်ရစ်ဒါအတိုင်း လျှောက်သွားလိုက်သည်။

All Chapters