← Chapters

အခန်း (၈၅၁-၈၅၂)

Vol. 59 Ch. 851-852

အခန်း (၈၅၁-၈၅၂)

Vol. 59 Ch. 851-852

အပိုင်း (၈၅၁) ဘဝ

လူအများအပြားအတွက် မြို့ပြထဲမှ တောအုပ်ဟူသည် လက်တွေ့ဘဝမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် စိတ်ကူးယဉ်ဆန်သော အိပ်မက်တစ်ခုလိုပင်။ လရောင်၏ ပက်ဖြန်းမှုနှင့်အတူ သူတို့သည် လောကီဒုက္ခများကို ခွာချလိုက်ပြီး မြေကြီးထဲတွင် အမြစ်တွယ်ကာ သစ်ပင်များအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲနေခဲ့ကြသည်။ သူတို့သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ဆုံးရှုံးခဲ့သော်လည်း ဝိညာဉ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကိုတော့ ရရှိခဲ့ကြပေသည်။

တောအုပ်က မည်သည့်အမှားမျှ မလုပ်ခဲ့ပေ။ မြို့ထဲရှိ လူအများအပြားက သစ်ပင်ဖြစ်ချင်ကြလွန်းသဖြင့် တောအုပ်မှာ အရှိန်အဟုန်ဖြင့် ပြန့်ကားလာရခြင်းသာ ဖြစ်သည်။ ထူထပ်လှသော 'သစ်ပင်' အုပ်ကြီးသည် လူသားတို့လှုပ်ရှားရာနယ်မြေထဲသို့ ကျူးကျော်လာခဲ့ပြီဖြစ်သည်။ ပြတင်းပေါက်များဘေးမှတဆင့် လရောင်အောက်တွင် အေးချမ်းစွာ အိပ်မောကျနေကြသော မျက်နှာများကို မြင်တွေ့နေရသည်။ လမ်းမများနှင့် လမ်းကြားများထဲတွင်လည်း ခြေလက်အင်္ဂါများမှာ အကိုင်းအခက်များသဖွယ် ကြီးထွားနေခဲ့သည်။

ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်း၏ ဓာတ်ခွဲခန်းထဲတွင်ရပ်နေရင်း ဒေါက်တာကောင်းနှင့် ပန်ပန်တို့သည် ရှုပ်ထွေးနေသော လမ်းမများကို ကြည့်ရှုနေကြသည်။

“နာကျင်စေတာနဲ့ တိုက်ခိုက်တာ…ဒါတွေက လူတွေလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာဆိုရင်တော့လည်း ဒီတောအုပ်ကို မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် လွှတ်ထားလိုက်ပါတော့၊ အားလုံးကို သစ်ပင်ဖြစ်ခွင့်ပေးလိုက်တာက ယဉ်ကျေးမှုဆင့်ကဲ့ပြောင်းလဲမှုတစ်ခု ဖြစ်နိုင်မလားပဲ”

ပန်ပန်သည် လူသားတို့၏ ရူးသွပ်မှုကို ထိတ်လန့်နေမိသည်။ တောအုပ်က မြို့သားများကို ဝါးမြိုသွားခြင်းက လူအများကို မကြောက်လန့်စေဘဲ ဒေါသများကိုသာ ပိုမိုတောက်လောင်စေခဲ့ခြင်းဖြစ်သည်။

“သစ်ပင်ဖြစ်သွားပြီး မင်းအဖေစားတာကို ခံမလို့လား”

ဒေါက်တာကောင်းက သူ့အိတ်ထဲရှိ ဦးနှောက်အားဖြည့်ဆေးများကို စတင်စစ်ဆေးလိုက်သည်။

တောအုပ်၏ ပြန့်ကားမှုသည် အစာအိမ်အိမ်ရာဝင်းဧရိယာအနားတွင် ရပ်တန့်သွားခဲ့သည်။ မြို့တစ်ပြင်လုံးတွင် မီးတောက်များ တောက်လောင်နေပြီး အနက်ရောင် မီးခိုးငွေ့များက လရောင်ကို တဖြည်းဖြည်း ဖုံးကွယ်သွားခဲ့ပြီ ဖြစ်သည်။

“သွားကြစို့၊ အပြင်ထွက်ပြီး သွားကြည့်ရအောင်”

ဒေါက်တာကောင်းက သူ့ကျောပိုးအိတ်ကို လွယ်ရင်း ဓာတ်ခွဲခန်းတံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် ပန်ပန်ကိုခေါ်ကာ ရင်ခွဲရုံရိပ်သာလမ်းဘက်သို့ ဦးတည်လိုက်သည်။

သူသည် ဤအခွင့်အရေးကို အသုံးချ၍ အိမ်ပြန်ရန် ကြံရွယ်ထားသော်လည်း လမ်းပေါ်တွင် ကင်းလှည့်ကားများနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်များ အလွန်များပြားနေလေသည်။ သူတို့က တွေ့သည့်လူတိုင်းကို မောင်းထုတ်နေပြီး အမိန့်မနာခံသူများကို ဖမ်းဆီးနေကြသည်။

တောအုပ်နှင့်နီးသော ဧရိယာမှာ ပို၍ပင် အန္တရာယ်များသေးသည်။ လူသားများနှင့် သစ်ပင်များကြားရှိ ပဋိပက္ခမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲနေခဲ့ပြီး ဖြစ်သည်။ တောအုပ်နှင့် ထိစပ်နေသော အိမ်ရာဝင်းအချို့တွင် မီးတောက်အတားအဆီးများကို တည်ဆောက်ထားကြသည်။

ဒေါက်တာကောင်းသည် သူ့စိတ်ထဲတွင် မြေပုံတစ်ခုဆွဲလိုက်ပြီး တည်နေရာတစ်ခုချင်းစီကို မှတ်သားလိုက်သည်။ သူသည် တစ်ခါမှ အလျင်စလိုမဖြစ်ဘဲ အမြဲတမ်း ယုံကြည်မှုရှိနေပုံရသည်။

ဖြစ်ပွားနေသော ရှုပ်ထွေးမှုများကို ကိုယ်တိုင်မြင်တွေ့နေရသည့် ပန်ပန်မှာ ဒေါက်တာကောင်းနောက်မှ ခုန်ဆွခုန်ဆွဖြင့် လိုက်ပါလာလေသည်။ရုတ်တရက် သူသည် ဒေါက်တာကောင်း၏ အကြံပြုချက်မှာ အကောင်းဆုံး ဖြစ်နိုင်မည်ဟု ခံစားလိုက်ရသည်။

ညဥ့်နက်လာသောအခါ ပဋိပက္ခသည် ပိုမိုပြင်းထန်လာပြီး မီးတောက်များက ကောင်းကင်ယံအထိ ပျံတက်နေတော့သည်။ မိုးလင်းခါနီးအချိန်တွင် တောအုပ်ကို ဖြစ်ပေါ်စေသော 'သစ်ပင်' များက စတင်ကွဲကွာသွားကြသည်။ အချို့သည် လမ်းမပေါ်တွင် လျှောက်သွားနေကြပြီး အချို့မှာမူ အိမ်ပြန်သွားကြသည်။ မီးခိုးငွေ့များထဲတွင် များပြားလှသော လူအုပ်ကြီးက ဒယိမ်းဒယိုင် လှုပ်ရှားနေကြသည်။ နေရောင်ခြည် အလင်းရောင်အောက်တွင် ရှိနေသော အပြင်ဘက်မှ ‘သစ်ပင်များ’သည် သူတို့၏ သစ်ကိုင်းသစ်ရွက်များကြားရှိ နက်ရှိုင်းသော အမှောင်ထုထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြပုံရသည်။

မြို့ပေါ်ရှိ လူများသည် စစ်ပွဲတစ်ခုကို အနိုင်ရလိုက်ပုံရသော်လည်း ရန်လိုသော စိတ်ခံစားချက်များမှာမူ ညကလောင်မြိုက်ခဲ့သော မီးတောက်များထက်ပင် ငြှိမ်းသတ်ရန် ပိုခက်ခဲနေသေးသည်။ ရပ်ကွက်ကို ကာကွယ်ရန် မီးရှို့ခဲ့သူများသည် သူရဲကောင်းများအဖြစ် ချီးကျူးခံနေကြရသည်။ လူသားများနှင့် တချိန်က လူသားဖြစ်ခဲ့သော သစ်ပင်များသည် ယခုတွင် အမှန်တကယ် မျိုးစိတ်နှစ်ခု ဖြစ်သွားကြပြီဖြစ်သည်။

“ပြန်ကြစို့၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဘယ်လိုအစည်းအဝေးမျိုးကို ခေါ်မလဲ”

ဒေါက်တာကောင်းသည် တစ်ညလုံး စုံစမ်းစစ်ဆေးပြီးနောက် လိုအပ်သော အချက်အလက်များကို ရရှိသွားသဖြင့် ပန်ပန်ကိုခေါ်ကာ ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်းသို့ ပြန်လာခဲ့သည်။

တစ်ညလုံးအလုပ်ရှုပ်နေကြသဖြင့် နုံးချိနေကြသော ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်များမှာ ထမင်းစားဆောင်သို့ ရောက်ရှိလာ၏။ သူတို့သည် လူစာရင်းစစ်ဆေးလိုက်ပြီး ဆူပူအုံကြွမှုနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်လျက်ရှိကြသည်။ အားလုံးက ကိုယ်စီ အလုပ်ရှုပ်နေကြသဖြင့် ဒေါက်တာကောင်းကို ဘယ်သူမှသတိမပြုမိကြပေ။

“အဓိကလူနာတွေအပေါ်မှာ ဦးနှောက်ချိတ်ဆက်တဲ့ကိရိယာကိုသုံးဖို့ သူတို့ကို အကြံပေးသင့်လား”

ပန်ပန်က ခပ်တိုးတိုး မေးလိုက်သည်။

“ထမင်းပဲ စားစမ်းပါ”

ထမင်းစားဆောင်ရှိ အဒေါ်ကြီးက တီဗွီကို ဖွင့်လိုက်သောအခါ မီဒီယာအားလုံးတွင် မနေ့ညက ဖြစ်ရပ်များကို ထုတ်လွှင့်ပြသနေကြသည်။ တောအုပ်ထဲတွင် ပျောက်ဆုံးသွားသူ အရေအတွက်သည် လူငါးဆယ်ထက် ကျော်လွန်သွားပြီဖြစ်သဖြင့် လူထုမှာ ဒေါသထွက်နေကြပြီဖြစ်သည်။ လူ့အခွင့်အရေး ကော်မရှင်ကမူ အားလုံးကိုတည်ငြိမ်ကြရန် ရှေ့ထွက် တိုက်တွန်းနေကြသည်။ သူတို့က စောင့်ကြည့်ကင်မရာမှတ်တမ်းများနှင့် သက်သေအထောက်အထားများကို ပြသပြီး အချို့လူများသည် တောအုပ်ကြောင့် ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ သတ်ဖြတ်ခံရပြီး တောအုပ်ထဲသို့ အလောင်းလာပစ်ခံထားရခြင်းဖြစ်ကြောင်း ရှင်းပြနေကြသည်။

တောအုပ်က မည်သူ့ကိုမျှ တိုက်ခိုက်မည်မဟုတ်ကြောင်း သုတေသနအချက်အလက်များနှင့် စမ်းသပ်မှု ရလဒ်များကို အကြိမ်ကြိမ် အလေးပေးပြောဆိုနေသော်လည်း လူထုက ယင်းကို လက်မခံကြပေ။ ကိုယ်ကျင့်တရားလေ့လာရေးသိပ္ပံကျောင်း၏ ထမင်းစားဆောင်ထဲတွင်ပင် လူ့အခွင့်အရေး ကော်မရှင်အပေါ် ဝေဖန်သံများကို ကြားနေရပေသည်။

“လူတွေက အဲ့ဒီသစ်ပင်တွေကို လူသားတွေအဖြစ် မသတ်မှတ်တော့ဘူး၊ သူတို့က ငါတို့နဲ့ တူနေရင်တောင်၊ တချိန်က လူသားတွေ ဖြစ်ခဲ့ရင်တောင်မှပေါ့”

အသက်ကြီးသော ပါမောက္ခက စိုးရိမ်တကြီး ပြောလိုက်သည်။ သူသည် မနေ့ညက မီးငြှိမ်းသတ်ရင်း မျက်မှန်ကျိုးသွားခဲ့သဖြင့် ကိုင်းတစ်ခုကို တိပ်ဖြင့် ဖြစ်သလို ကပ်ထားရသည်။

“ကျုပ်တို့ တောအုပ်ကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းကို ရှာရမယ်၊ မဟုတ်ရင် ဒီပဋိပက္ခက ပိုပြီး ဖြေရှင်းရ ခက်ခဲသွားလိမ့်မယ်”

မီးခိုးများကြောင့် မျက်နှာတစ်ခုလုံး မည်းညစ်နေသည့် အခြားနည်းပြတစ်ယောက်က ပေါင်မုန့်နှင့် ဆားရည်စိမ်အသီးအရွက်များကို အားပါးတရ စားသောက်လိုက်သည်။ သူသည် မနေ့က မြင်ခဲ့ရသော မြင်ကွင်းများကြောင့် အသားနံ့ကိုပင် မခံနိုင်တော့ပေ။

ကြီးကြပ်ရေးရေးအဖွဲ့၏ နံနက်ခင်းအစည်းအဝေးကို ထမင်းစားဆောင်တွင်ပင် တိုက်ရိုက် စတင်လိုက်သော်လည်း အားလုံးက အငြင်းပွားနေကြပြီး မည်သည့်ရလဒ်မျှ ထွက်မလာသေးပေ။

နှစ်နာရီကြာပြီးနောက်တွင် နည်းပြအချို့နှင့် ပန်ပန်တို့၏ ဖုန်းများက တစ်ပြိုင်နက် တုန်ခါလာကြသည်။ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြီးအကဲထံမှ မက်ဆေ့ချ် ရောက်လာခြင်းဖြစ်သည်။

၎င်းမှာ မနေ့ညက မြို့သားတစ်ယောက်က မီးရောင်ကိုသုံး၍ ရိုက်ကူးထားသည့် ဗီဒီယိုအတိုလေး တစ်ခုဖြစ်သည်။ ဗီဒီယိုထဲ၌ တောအုပ်ထဲတွင် 'အပင်' မဟုတ်သော အခြား 'သက်ရှိ' များ ရှိနေသည်ကို ပြသနေလေသည်။

ဗီဒီယိုကို ချဲ့ကြည့်လိုက်သောအခါ လူသားကိုယ်ထည်များဖြင့် ဖွဲ့စည်းထားသော တောအုပ်ထဲတွင် ပုံပျက်ပန်းပျက်နှင့် အရုပ်ဆိုးလှသော မကောင်းဆိုးဝါးတစ်ကောင်မှာ လျင်မြန်စွာ လှုပ်ရှားနေလေသည်။ ၎င်းသည် မတူညီသောလူများက တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပုံရပြီး ၎င်း၏ ခြေလက်များမှာ ပိုးဟပ်ခြေထောက်များကဲ့သို့ဖြစ်နေ၏။ ၎င်း၏ ဦးခေါင်းမှာမူ ခန္ဓာကိုယ်၏ ထောင့်တစ်နေရာတွင် ညှစ်ထုတ်ခံထားရသလို ဖြစ်နေခဲ့သည်။

ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ အထက်လူကြီးများက ထိုအရာကို အဖျက်ပိုးဟု အမည်ပေးလိုက်ကြသည်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှတစ်ဆင့် ခန္ဓာကိုယ်ပါ သွေဖည်သွားခြင်းဖြစ်သည်။ သူတို့သည် တောအုပ်ထဲတွင် မွေးဖွားလာကြခြင်း ဖြစ်ပြီး လူသားလည်းမဟုတ်၊ သစ်ပင်လည်းမဟုတ်သည့် လုံးဝမျိုးစိတ်အသစ်တစ်ခုပင်။

“တောအုပ်က အန္တရာယ်မရှိဘူးလို့ ခင်ဗျားတို့ ထင်နေတုန်းပဲလား၊ မကြာခင် မြို့တစ်မြို့လုံး အဲ့ဒီထူးဆန်းတဲ့ အကောင်တွေနဲ့ ပြည့်သွားလိမ့်မယ်”

တောအုပ်အပေါ် ပြင်းထန်သော သဘောထားရှိသည့် နည်းပြက ဖုန်းချလိုက်သည်။ အစည်းအဝေးခန်းမထဲတွင် ပြောခဲ့သော စကားများကို ပြန်သတိရရင်း လူအတော်များများက ဒေါက်တာကောင်း ထိုင်နေသည့်နေရာကို လှမ်းကြည့်လိုက်ကြသည်။

အသက်ကြီးသောပါမောက္ခကမူ နာကျင်စွာဖြင့် သူ့နားထင်ကို ဖိထားသည်။ သူ၏ ဆံပင်များမှာ ပိုမို ဖြူဖွေးသွားပုံရသည်။

“တခြားဖြေရှင်းနည်းတွေ ရှိရမယ်၊ ဒီမှာ အချိန်ဖြုန်းမနေကြနဲ့တော့၊ လက်တွေ့ လုပ်ဆောင်ကြစို့၊ နေ့ဘက်အချိန်ကို အသုံးချကြပါ”

တောအုပ်၏ အဓိကတည်နေရာက ပုံသေမဟုတ်ပေ။ လူများ ၎င်းကို ရှာတွေ့သည့်အချိန်တိုင်းတွင် ၎င်းက ပြန့်နှံ့သွားနှင့်ပြီးသား ဖြစ်နေသည်။ ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် လူ့အခွင့်အရေးကော်မရှင်တို့သည် အရင်းအမြစ်အားလုံး သုံး၍ ရှင်းလုလမ်းမများကို အဆက်မပြတ်ကင်းလှည့်နေကြရသည်။

တရားစီရင်ရေး အာဏာပိုင်များလည်း ဤကိစ္စတွင် ပါဝင်လာကြသည်။အားလုံးသည် တောအုပ် မဖြစ်ပေါ်ခင် အဓိကတရားခံများကို အမိအရ ဖမ်းဆီးချင်နေကြသော်လည်း နည်းနည်းလေးမှ အောင်မြင်မှုမရှိခဲ့ပေ။

ညနေစောင်းလာသည်နှင့် အခြေအနေများ ပိုဆိုးဝါးလာတော့သည်။ တောအုပ်ထဲမှ အဖျက်ပိုးများ ထွက်ပေါ်လာသည့် သတင်းကို ဖုံးကွယ်ထား၍ မရတော့ပေ။ မကောင်းဆိုးဝါးများ၏ ဗီဒီယိုများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။၎င်းသည် ကြောက်ရွံ့မှုနှင့် ရွံရှာမှုများကို ပို၍ လောင်စာဖြည့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ မိုးကုတ်စက်ဝိုင်းအောက်သို့ နေမင်းကြီး တဖြည်းဖြည်း နစ်မြုပ်သွားသောအခါ လူသားများနှင့် တောအုပ်ကြားရှိ စစ်ပွဲမှာ ထပ်မံပေါက်ကွဲလာပြန်သည်။

လမ်းမတစ်ခုတွင် ကြိုတင်နေရာယူထားသော ကင်းလှည့်ဝန်ထမ်းများ တိတ်တဆိတ် ပျောက်ဆုံးသွားကြသည်။ သူတို့နေရာတွင် အစားဝင်ရန်ပြင်နေသည့် လူများသည် တောအုပ်ထွက်ပေါ်နေပြီကို ရှာတွေ့လိုက်ရသည်။

ရဲတပ်ဖွဲ့က နေ့ဘက်အတွင်း လမ်းမများပေါ်မှ လူအုပ်ကြီးကို ရှင်းလင်းထားသော်လည်း ညဘက်တွင်မူ မရေမတွက်နိုင်သော 'လူသားသစ်ပင်' များ ထွက်ပေါ်လာမြဲဖြစ်သည်။ သူတို့အားလုံးသည် ကူးစက်ရောဂါတစ်ခုကို တစ်ပြိုင်နက်တည်း ခံစားနေရသကဲ့သို့ စုဝေးရန်အတွက် တွန်းအားပေးခံနေရသည့်အလားပင်။

“ဒီကောင်တွေက ဘယ်ကနေ ရောက်လာတာလဲ”

တောအုပ်ထွက်ပေါ်လာသည့် သတင်းကို ရရှိသည်နှင့် ဒေါက်တာကောင်း၊ ပန်ပန်နှင့် သူတို့၏ အစေခံနှစ်ယောက်တို့သည် အနီးအနားသို့ အပြေးအလွှား ရောက်ရှိလာကြလေသည်။ အရင်ညကနှင့် မတူသည်က သူတို့လေးယောက်လုံးသည် လက်နက်အပြည့်အစုံနှင့်ဖြစ်သည်။ အစေခံနှစ်ယောက်မှာမူ ဦးနှောက်ချိတ်ဆက်သည့်ကိရိယာများ ထည့်ထားသော အနက်ရောင် အလောင်းအိတ်များကို သယ်ဆောင်ထားကြသည်။

“ငါတို့ နည်းနည်း နောက်ကျသွားပြီ”

ဒေါက်တာကောင်းသည် ဦးနှောက်ချိတ်ဆက်သည့် ကိရိယာကို တောအုပ်ဗဟိုချက်ဆီသို့ ယူဆောင်သွားချင်သော်လည်း လမ်းကြောင်းမှာ 'သစ်ပင်' များဖြင့် ပိတ်ဆို့နေခဲ့ပြီ ဖြစ်သည်။

အပိုင်း (၈၅၂) နူးညံ့မှု

လမ်းကြောင်းတစ်ခုကို အတင်းအဓမ္မ ဖောက်ထွက်ခြင်းက တောအုပ်၏ စုပေါင်းအသိစိတ်ထံမှ တိုက်ခိုက်မှုကို မလွဲမသွေ ဖိတ်ခေါ်ရာရောက်ပေလိမ့်မည်။ ဒေါက်တာကောင်းသည် စက်ပစ္စည်းများ ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် အတင်းအကျပ် တိုးဝင်ခြင်းမပြုဘဲ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။

နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝနစ်မြုပ်သွားခဲ့ပြီး လရောင်က နူးညံ့စွာ ဖြာကျလာခဲ့သည်။ လေညင်းတစ်ချက်အဝှေ့တွင် ပန်ပန်၏ သပ်ရပ်စွာ ဖြီးသင်ထားသော ဆံပင်များ လွင့်ခါသွား၏။ သူ့နှာခေါင်းက အနည်းငယ် လှုပ်ရှားသွားပြီး ထိုလေညင်းကို ခံစားကြည့်ရန် လက်ကို ဝေဝေဝါးဝါး ဆန့်ထုတ်လိုက်သည်။

“လေက... ဒီညတိုက်တဲ့လေက ပူနေတယ်”

လေထုထဲတွင် တစ်စုံတစ်ခုလောင်ကျွမ်းနေသည့် အနံ့အသက်များ ပြည့်နှက်နေသည်။ ပန်ပန် ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ လမ်းဘေးတစ်လျှောက်တွင် တောက်လောင်နေသော မီးတံတိုင်းကြီးကို တွေ့လိုက်ရသည်။

“တစ်ယောက်ယောက်က တောအုပ်ကို မီးနဲ့ ခွဲထုတ်ဖို့ ကြိုးစားနေတာပဲ၊ ဒါပေမဲ့ ဒါက လူနေအိမ်ရာတွေကိုပါ လောင်သွားစေလိမ့်မယ်”

ထိုအရူးများသည် တောအုပ်ကို ဖျက်ဆီးလိုကြပြီး အိမ်ရာဝင်းအတွင်း နေထိုင်သူများ ပျက်စီးသွားမည်ကို ဂရုမစိုက်ကြပေ။ သူတို့မျက်စိထဲတွင် တောအုပ်ကို ဖြစ်ပေါ်စေသော သစ်ပင်များနှင့် အိမ်ရာဝင်းထဲမှ လူသားများမှာ အတူတူပင် ဖြစ်သည်။ ခုတ်ထွင်လိုက်လျှင် ပြန်ပေါက်လာမည်၊ သတ်ဖြတ်လိုက်လျှင် ပြန်လည်ရှင်သန်လာမည်ဟုသာ မှတ်ယူထားကြသည်။

ကြိုတင်ပြင်ဆင်ထားသော မီးတံတိုင်းများသည် စစ်တုရင်ခုံသဖွယ် တောအုပ်၏ ပြန့်ကားမှုကို ကန့်သတ်ထားသော်လည်း ကြောက်မက်ဖွယ် နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ နေရာအနှံ့အပြားမှ အော်ဟစ်သံများကို ကြားနေရသည်။

လူ့အခွင့်အရေး ကော်မရှင်သည် ဒဏ်ရာရသူများကို ကုသရန် ကြိုးပမ်းနေကြသည်။ ရဲတပ်ဖွဲ့နှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့မှာမူ တောအုပ်စတင်ထွက်ပေါ်ရာနေရာသို့ ချဉ်းကပ်လာကြသည်။ ဤနေရာသည် ယခင်က လူနေအိမ်ရာတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ တောအုပ်က လုံးဝဝါးမြိုသွားပြီး လူတိုင်းကို သစ်ပင်များအဖြစ် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။

“ဒေါက်တာကောင်း၊ ကျွန်တော်တို့ သူတို့နဲ့ သွားပူးပေါင်းရမလား”

“မလိုဘူး”

ဒေါက်တာကောင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ထားခဲ့ပြီး ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အားလုံးကို သိရှိထားပြီးသားဖြစ်၍ ယခုကဲ့သို့ တစ်ပြိုင်နက် ရောက်ရှိလာခြင်း ဖြစ်သည်။

“သူတို့ လမ်းရှင်းပေးတာကိုပဲ စောင့်ရအောင်”

“ဒါပေမဲ့ မီးတံတိုင်းတစ်ခုသုံးပြီး တောအုပ်ကို ကန့်သတ်ထားရင်တောင် အထဲဝင်ဖို့က ခက်နေဦးမှာပဲ၊ ဒီမှာ သစ်ပင်တွေ အများကြီးပဲလေ၊ အခုမှ အသစ်ပေါ်လာတဲ့ အဖျက်ပိုးတွေအကြောင်းကိုတော့ ထည့်တောင်မပြောနဲ့တော့”

ပန်ပန်သည် မစ္စတာရှစ်ရှစ်ထံတွင် ကောင်းစွာပညာသင်ကြားခဲ့ရသူဖြစ်သည်။ သူသည် စည်းကမ်းလိုက်နာတတ်ပြီး ယဉ်ကျေးသူဖြစ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းမှ စစ်မှန်သော ဆိုးယုတ်မှုများကိုမူ တိုက်ရိုက်ရင်မဆိုင်ဖူးခဲ့ပေ။

“စောင့်နေရုံပဲပေါ့”

အချိန်များ ကုန်လွန်သွားပြီး ညလေညင်းက မီးတောက်များကို ပိုမိုလှုံ့ဆော်ပေးလိုက်သည်။ လူသားတို့၏ ပယောဂကြောင့်ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ မီးတံတိုင်းတစ်ခုသည် တောအုပ်ပေါ်သို့ ပြိုလဲသွား၏။ 'သစ်ပင်' များ ပိမိသွားပြီး တောအုပ်၏ နေရာအနှံ့အပြားတွင် မီးများ စတင်လောင်ကျွမ်းလာတော့သည်။

စုပေါင်းအသိစိတ်၏ အော်ဟစ်ညည်းတွားသံများက လရောင်ကိုပင် ပုံပျက်သွားစေပြီး မီးထဲမှထွက်လာသော အနက်ရောင် မီးခိုးငွေ့များမှာ အရာအားလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။

“နောက်ဆုံးတော့ သူတို့ထိန်းမထားနိုင်တော့ဘူးပဲ”

ဒေါက်တာကောင်းသည် ကြိုတင်ပြင်ဆင်ထားသော မီးဒဏ်ခံမျက်နှာဖုံးကို ထုတ်လိုက်ပြီး ဖုန်းမှတဆင့် ပြင်ဆင်ထားသော စာရွက်စာတမ်းအချို့ကို အရာရှိရွှယ်နှင့် မစ္စတာရှစ်ရှစ်တို့ထံ ပေးပို့လိုက်သည်။

သတင်းအချက်အလက်များ အောင်မြင်စွာပေးပို့ပြီးသွားသည့်အခါ ဒေါက်တာကောင်း၏ မျက်လုံးများထဲတွင် ဘဝအပေါ်တွယ်တာမှုများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းထက်တွင် စိတ်အေးသွားသည့် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။

“မင်းတို့သုံးယောက် ငါ့နောက် လိုက်ခဲ့ကြ၊ စက်ပစ္စည်းတွေကို ကာကွယ်ထားကြဦး၊ ဒါက ဒီမြို့ကြီးကို ကယ်တင်မယ့် အဓိကသော့ချက်ပဲကွ”

မီးတောက်များက တောအုပ်၏ စုပေါင်းအသိစိတ်ကို ဆွဲဆောင်ထားသည်။ 'သစ်ပင်' များသည် မီးတောက်များရှိရာဘက်သို့ တွန့်လိမ်လှုပ်ရှားလာကြပြီး မီးကို ပိတ်ဆို့ရန် အသဲအသန် ကြိုးစားနေကြသည်။

ရဲများနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်များက လမ်းကြောင်းအသီးသီးမှ ဝင်ရောက်လာကြတော့သည်။ သေနတ်သံများနှင့် အော်ဟစ်သံများ ဆူညံသွားသည်။ အချို့သည် ဆွဲခေါ်ခံရပြီး ဝါးမြိုခံလိုက်ရကာ အချို့မှာမူ အဖျက်ပိုးများနှင့် ရင်ဆိုင်နေကြရသည်။

“မှီအောင်လိုက်”

ဒေါက်တာကောင်းသည် တောအုပ်အတွင်း လှုပ်ရှားရာတွင် မည်သည့်အဆင်မပြေမှုမျှ မရှိပေ။ သူသည် မိခင်ဖြစ်သူကို ရှာဖွေရန်အတွက် ဤနေရာသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးပြီး တောအုပ်အကြောင်းကို အမြဲတစေ လေ့လာနေခဲ့သူ ဖြစ်သည်။

ဖြူဖျော့နေသော ခြေလက်အင်္ဂါများသည် လရောင်အောက်တွင် တွန့်လိမ်နေပြီး မီးတောက်များကြောင့် ပုံပျက်နေလေ၏။ လေထုထဲတွင်လည်း ညှော်နံ့များ ပြည့်နှက်နေခဲ့သည်။ ဤနေရာနှင့် ငရဲခန်း၏ တစ်ခုတည်းသော ခြားနားချက်မှာ အချို့လူများသည် သနားစဖွယ် မျှော်လင့်ချက်ကလေးကို ဆုပ်ကိုင်ထားဆဲ ဖြစ်နေခြင်းပင်။

ဒေါက်တာကောင်းသည် သစ်ကိုင်းများကို ဖယ်ရှား၍ အနားသို့တိုးကပ်လာသော ဦးခေါင်းများကို တွန်းထုတ်ရင်း မှတ်ဉာဏ်များ တဖြည်းဖြည်း ဝေဝါးလာနေခဲ့သည်။ သူသည် ဤစိတ်ဖောက်ပြန်မှုကမ္ဘာကြီးကို အချိန်အတော်ကြာ အောင့်အည်းသည်းခံခဲ့ရသဖြင့် သူ၏ အကြွင်းမဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှာ တဖြည်းဖြည်း တိုက်စားခံနေရပြီ ဖြစ်သည်။

“အားလုံး ပြီးတော့မှာပါ၊ ငါ နောက်ထပ်တစ်ခုလေးပဲ ထပ်လုပ်လိုက်ရင် ငါ့ရဲ့မစ်ရှင် ပြီးမြောက်သွားပြီ”

တောအုပ်ထဲတွင် လျှောက်လှမ်းနေရင်း ဖြူဖျော့သော ခန္ဓာကိုယ်များကို လက်ဖြင့် ပွတ်တိုက်သွားမိသည်။ ဒေါက်တာကောင်း တွေ့ဆုံရန် လိုအပ်နေသော ထိုလူသည် ထူထပ်လှသော တောနက်ထဲတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။

“အရာအားလုံး စီစဉ်သွားပြီးပြီ၊ ငါချန်ထားခဲ့တဲ့ သဲလွန်စအားလုံးက အဖြေတစ်ခုတည်းကိုပဲ ညွှန်ပြနေတယ်၊ သူတို့ စုံစမ်းကြလိမ့်မယ်၊ ငါသူတို့ကို မြင်စေချင်တဲ့အမှန်တရားကို သူတို့ ရှာတွေ့ကြလိမ့်မယ်”

တောအုပ်၏ နေရာအများအပြားတွင် မီးများ တောက်လောင်နေပြီး သစ်ပင်များက ပူးကပ်စုပြုံနေကြသည်။ မြေပြင်ပေါ်တွင်လည်း အဖျက်ပိုးများ၏ အလောင်းများသည် သွေးချင်းချင်းနီ၍ လဲလျောင်းနေကြသည်။

သူ့ဆံပင်များ မီးဟပ်ခံထားရပြီး မီးတောက်များက တလိပ်လိပ်တက်နေခဲ့သည်။ ဒေါက်တာကောင်းသည် သူ့ရင်ဘတ်ကို ဖိ၍ အရှေ့ဆုံးမှ ပြေးလွှားနေလေ၏။

“ဒေါက်တာ၊ ဖြည်းဖြည်း”

“ခင်ဗျားလက်မောင်း မီးလောင်နေပြီ၊ ပတ်တီးစည်းဖို့ မလိုဘူးလား”

“မရပ်နဲ့၊ အမြန်သွားရအောင်”

သစ်ပင်များကြားရှိ အဟများက ပို၍ကျဉ်းမြောင်းလာတော့သည်။ ဒေါက်တာကောင်းသည် မီတာဒါဇင်ခန့် အကြမ်းပတမ်း အတင်းတိုးဝင်ခဲ့ရသည်။ ဤနေရာရှိ လေထုသည် အနည်းငယ် ပိုအေးမြနေပြီး လေထုထဲတွင်လည်း သင်းပျံ့သော ရနံ့တစ်ခု ရှိနေပေသည်။

“ရောက်တော့မယ်၊ ရောက်တော့မယ်”

သူ့ကျောတွင် လွယ်ထားသောကို ဓားကို ဒေါက်တာကောင်း ထုတ်ယူလိုက်သည်။သူသည် ပန်ပန်၏ တားဆီးမှုများကြားမှ လမ်းကို ခုတ်ထွင်ရှင်းလင်းလိုက်သည်။

သစ်ပင်များမှ သစ်စေးများ ယိုစီးထွက်လာ၏။သစ်စေးများက သူ့အင်္ကျီကို နီရဲသွားစေခဲ့သည်။ ဒေါက်တာကောင်းသည် လရောင်နောက်သို့ လိုက်ပါရင်း တောအုပ်၏ ဗဟိုချက်ဆီသို့ ပထမဆုံး ရောက်ရှိသွားတော့သည်။

ထူထပ်လှသော တောအုပ်အလယ်ဗဟိုရှိ ကွင်းပြင်ထဲတွင် သူသည် ထိုထူးခြားသော သစ်ပင်ကို ထပ်မံတွေ့မြင်လိုက်ရသည်။ လရောင်အောက်တွင် သဘာဝအလျှောက် ကြီးထွားနေသော ထိုအမျိုးသမီးသည် မည်သည့်အခါမှ အိုမင်းခြင်းမရှိဘဲ အစဉ်အမြဲ နုပျိုလှပနေဆဲဖြစ်သည်။

“ငါ့ကို စက်ပစ္စည်းတွေကိုပေး၊ အနားထပ်တိုးမလာနဲ့တော့”

ဒေါက်တာကောင်းသည် အလောင်းအိတ်ကို လှမ်းယူရန် ကြိုးစားလိုက်သော်လည်း အစေခံတစ်ယောက်က သေနတ်ကို ဆွဲထုတ်၍ သူ့ကို ချိန်ထားသည်ကို တွေ့လိုက်ရသည်။

“မစ္စတာရှစ်ရှစ်က ခင်ဗျားကို သေချာစောင့်ကြည့်ဖို့ ကျွန်တော့်ကို အမိန့်ပေးထားတယ်၊ စိတ်မကောင်းပါဘူး ဒေါက်တာ”

အခြားအစေခံ တစ်ယောက်ကလည်း သေနတ်ကို ထုတ်လိုက်ပြီး ပန်ပန်ကို အရှေ့သို့ တွန်းထုတ်လိုက်သည်။

“မစ္စတာရှစ်ရှစ်က ခင်ဗျားရဲ့ အစီအစဉ်ကို ကျေနပ်ပေမဲ့ ဦးနှောက်ချိတ်ဆက်မှုအတွက် နောက်ဆုံးရွေးချယ်မှုက ခင်ဗျားမဖြစ်ရဘူး၊ အဲ့ဒါ ပန်ပန်ပဲ ဖြစ်ရမယ်”

“ငါက ဦးနှောက်ချိတ်ဆက်ကိရိယာကို အများကြီး ပြုပြင်ထားတာနော်၊ တစ်ခါ အသက်သွင်းလိုက်တာနဲ့ အသက်နဲ့ လောင်းကြေးထပ်ရတော့မှာ၊ ပန်ပန်က ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ဒေါက်တာကောင်းသည် ဤအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။ သူသည် အရှေ့သို့ လှမ်းတက်လိုက်ပြီး လရောင်အောက်တွင် ရပ်နေလိုက်သည်။

“ဒေါက်တာ၊ ကျွန်တော်လည်း ဒါကို မဖြစ်စေချင်ပါဘူး၊ ဒါပေမဲ့ ဒါက မစ္စတာရှစ်ရှစ်ရဲ့ အမိန့်ဖြစ်နေလို့ပါ”

အစေခံသည် ကျွမ်းကျင်စွာဖြင့် ဦးနှောက်ချိတ်ဆက်သည့် ကိရိယာကို ထုတ်ယူ၍ မြေကွက်လပ်ပေါ်တွင် တင်လိုက်သည်။

“ကျေးဇူးပြုပြီး ကိရိယာကို အသက်သွင်းပေးပါ”

“ဒါက သေစေနိုင်တယ်ဆိုတာ သိရက်နဲ့တောင် မင်းတို့က ပန်ပန်ကို စမ်းခိုင်းချင်တာလား”

“ဟုတ်တယ်၊ ဦးနှောက်ချိတ်ဆက်ဆေးကို ထိုးလိုက်ပါတော့”

အစေခံက သေနတ်ဖြင့် ချိန်ထားသဖြင့် ဒေါက်တာကောင်းမှာ ဆေးထိုးအပ်ကို ထုတ်ယူရန်မှတစ်ပါး အခြားမရှိတော့ပေ။ သူသည် ပန်ပန်၏ လည်ပင်းကို ကြည့်ရင်း စက္ကန့်အနည်းငယ်ခန့် တွန့်ဆုတ်နေမိသည်။ သူ့လက်ဖဝါးများတွင် ချွေးများ စိုရွှဲလာပြီး နောက်ဆုံးတွင် ထိုဆေးထိုးအပ်ကို ပြန်သိမ်းလိုက်သည်။

“တခြားဦးနှောက်ချိတ်ဆက်ဆေးက ဘေးထွက်ဆိုးကျိုး ပိုနည်းတယ်”

ဒေါက်တာကောင်း ပထမဆုံးထုတ်လိုက်သည့် ဆေးသည် တကယ်တမ်းတွင် အသိစိတ်ကို ဖျက်ဆီးပစ်သည့် ဆေးဖြစ်သည်။၎င်းက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ နောက်ဆုံးပေါ် သုတေသနရလဒ် ဖြစ်သော်လည်း သူက အသွင်အပြင်ကို ပြောင်းလဲထားခြင်းသာ ဖြစ်သည်။

သူ၏အစီအစဉ်အရဆိုလျှင် သူသည် ပန်ပန်ကို တွေဝေခြင်းမရှိ ဆေးထိုးရမည် ဖြစ်သော်လည်း သူ့မှတ်ဉာဏ်များ ဝေဝါးလာသည်နှင့်အမျှ သူ၏ အကြွင်းမဲ့ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အရည်ပျော်ကျသွားခဲ့ပြီ ဖြစ်သည်။ သူသည် ထိုသွေးစွန်းညမတိုင်ခင်က သူ့ငယ်ဘဝပုံစံနှင့် ပိုတူလာပုံရသည်။

ပန်ပန်အား ဦးနှောက်ချိတ်ဆက်ဆေး ထိုးပေးပြီးနောက် စက်ကိရိယာများကို ချိန်ညှိလိုက်သည်။ ဒေါက်တာကောင်းသည် အစေခံတစ်ယောက်အား ပန်ပန်ကို ချီခိုင်းလိုက်သည်။ သူနှင့် အခြားတစ်ယောက်မှာမူ စက်ကိရိယာများကို ဖြည်းညှင်းစွာ ရွှေ့ပြောင်းလိုက်ကြသည်။

သူတို့ လေးယောက်စလုံး ကွင်းပြင်ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအမျိုးသမီးအနားသို့ ချဉ်းကပ်သွားသောအခါ စိတ်အပျော့ဆုံးဖြစ်သော ပန်ပန်မှာ တစ်ယောက်တည်း စကားများ စတင်ရေရွတ်လာတော့သည်။ အစေခံ နှစ်ယောက်မှာလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိကြသည်။ သူတို့ နောက်ဆုတ်ချင်သော်လည်း တောအုပ်၏ အသံများသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ လုံးဝစီးဝင်သွားပြီး အရိုးထဲအထိ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။

ပန်ပန်ကို ချီထားသော အစေခံသည် မြေပြင်ပေါ်သို့ လဲပြိုကျသွားပြီး သူ့ခြေထောက်များမှ အမြစ်များ ထွက်ပေါ်လာကာ မြေကြီးကို ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။ အခြားအစေခံမှာမူ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ထိုအမျိုးသမီးကို သေနတ်ဖြင့် ချိန်လိုက်သည်။ သို့သော်လည်း ရန်လိုစိတ် ဖြစ်ပေါ်လာသည့် ထိုခဏ၌ပင် တောအုပ်၏ အသိစိတ်သည် ဆူနာမီလှိုင်းကြီးသဖွယ် သူ့ဦးနှောက်ထဲသို့ ပေါက်ကွဲဝင်ရောက်လာပြီး သူ့ကို သတိလစ်သွားစေတော့သည်။

ထိုလေးယောက်ထဲတွင် ဒေါက်တာကောင်း တစ်ယောက်သာ နူးညံ့သောအပြုံးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ သူ၏ နှလုံးခုန်သံသည် ပုံမှန်မဟုတ်ဘဲ ပေါက်ကွဲတော့မတတ် ခံစားနေရသည်။ သူ့စိတ်ထဲမှ အသံတစ်ခုက သူ့ကို ထွက်ပြေးရန် အော်ဟစ်နေသော်လည်း သူသည် ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်သည့်ကိရိယာကို အနားသို့ တရွတ်တိုက် ဆွဲယူလာခဲ့သည်။

“တောအုပ်က သူ့အပေါ် ရန်လိုတဲ့ ဘယ်သူ့ကိုမဆို တိုက်ခိုက်လိမ့်မယ်၊ ဒါပေမဲ့ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ အစကနေ အဆုံးအထိ မင်းကို ကုသပေးဖို့ပါပဲ”

All Chapters