အခန်း (၈၅၃-၈၅၄)
Vol. 59 Ch. 853-854
အပိုင်း (၈၅၃) မီးရောင်နဲ့လရောင်ကြားမှာ ငါ့ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပါ
ဒေါက်တာကောင်းသည် အဖြူရောင် မင်္ဂလာဝတ်စုံရှည်ကြီးပေါ် နင်းလျှောက်နေသကဲ့သို့ လရောင်အောက်တွင် ရှေ့သို့ လှမ်းလျှောက်သွားသည်။
“ဒီလို စိတ်ဖောက်ပြန်မှုကမ္ဘာကြီးထဲမှာ ခန့်မှန်းရခက်တဲ့ မင်းတို့လို ဖြစ်တည်မှုတွေကို ဘယ်လိုသတ်ရမလဲဆိုတာ ငါမသိဘူး၊ တကယ်တော့ အရင်က မင်းတို့ထဲကတစ်ယောက်ကို သတ်ဖို့ ငါကြိုးစားခဲ့ဖူးတယ်၊ ဒါပေမဲ့ သတ်ပြီးတာနဲ့ သူက တခြားပုံစံနဲ့ ပြန်ရှင်လာခဲ့တယ်၊ မင်းတို့ရဲ့ စည်းမျဉ်းတွေကို အမြစ်ပြတ်ဖျက်ဆီး၊ မင်းတို့ရဲ့ အသိစိတ်ကို အမှုန့်ခြေပြီး ထွက်ပေါက်အားလုံးကို ပိတ်ပစ်နိုင်မှသာ မင်းတို့ကို အဆုံးသတ်ဖို့ အခွင့်အရေးရှိလိမ့်မယ် ထင်တယ်”
“ဒါကြောင့် ငါ့ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလိုက်တယ်၊ ငါမင်းတို့ကို မသတ်ချင်တော့ဘူး၊ ငါ့နည်းငါ့ဟန်နဲ့ပဲ မင်းတို့ကို ကုသပေးပြီး ဒီကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ထာဝရ တည်ရှိသွားစေချင်တာ”
“ငါ မင်းတို့ရဲ့ စည်းမျဉ်းတွေကို တွက်ချက်ခဲ့တယ်၊ မူမမှန်မှုတွေအားလုံးကို ရောဂါလက္ခဏာတွေအဖြစ် အမျိုးအစားခွဲခြားခဲ့တယ်၊ အချိန်အတော်ကြာအောင် စိစစ်ပြီးတဲ့နောက်တော့ ငါမင်းတို့ကို အပိုင်ကွက်မိသွားပြီ”
“ဒီအခိုက်အတန့်လေးအတွက် ဒေါက်တာပုနဲ့ ငါဟာ လူနေရပ်ကွက်ထဲမှာ မင်းအတွက် မျိုးစေ့ချပေးခဲ့တယ်၊ မင်းရဲ့ ရူးသွပ်မှုတွေက လူတွေကို ကူးစက်သွားစေခဲ့တယ်၊ ငါ့အမေတောင် အဲ့ဒီထဲမှာ ပါသွားခဲ့ရတယ်”
“မင်းရဲ့ စည်းမျဉ်းတွေ ပိုသန်မာလာပြီး ယုံကြည်မှုတွေ မြင့်တက်လာတာကို ကြည့်ရင်း နောက်ဆုံးတော့ မင်းငါ့အစာကို ဟပ်လိုက်ပြီပဲ၊ မင်းက မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ထွက်လမ်းရှာဖို့ ကြိုးစားခဲ့ပေမဲ့ ဒါက စိတ်ဖောက်ပြန်မှုကမ္ဘာကြီးဆိုတာ မင်းမေ့နေခဲ့တယ်၊ ဒီမြို့ထဲက ယုံကြည်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုပဲ၊ ငါနဲ့ တခြားခန့်မှန်းရခက်တဲ့ ဖြစ်တည်မှုတွေက မင်းကြီးထွားလာတာကို ဒီအတိုင်း ထိုင်ကြည့်နေလိမ့်မယ်လို့ မင်းထင်နေတာလား”
“မင်းရဲ့ ဝှက်ဖဲတွေကို တစ်ချပ်ပြီးတစ်ချပ် သုံးပစ်လိုက်တာကို ငါတို့ ကြည့်နေခဲ့တယ်၊ သစ်ပင်တစ်ပင်ကနေ တောအုပ်တစ်ခုအဖြစ် မင်းပြောင်းလဲသွားပြီ၊ မင်းလည်း နောက်ပြန်လှည့်လို့ မရသလို ငါလည်း လှည့်လို့မရတော့ဘူး”
ပန်ပန်နှင့် အစေခံတို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ အသိစိတ်မှာ တောအုပ်၏ စုပေါင်းအသိစိတ်နှင့် အပြင်းအထန် တိုက်ပွဲဖြစ်နေကြသည်။ ၎င်းမှာ သူတို့သည် လူသားလား သို့မဟုတ် သစ်ပင်လားဟူသော မေးခွန်းတစ်ခုပင် ဖြစ်သည်။
သူ့နှလုံးသားက ပေါက်ကွဲတော့မတတ် ခုန်လှုပ်နေလေသည်။ ဒေါက်တာကောင်းသည် ဦးနှောက်ချိတ်ဆက်သည့် ကိရိယာကို ထိုအမျိုးသမီးနှင့် ချိတ်ဆက်လိုက်ပြီး ဝါယာကြိုးအားလုံးကို သူနှင့်ပါ ဆက်သွယ်လိုက်သည်။
“မင်းကို ဒီမြို့တစ်မြို့လုံး ဖုံးလွှမ်းသွားတဲ့အထိ ဆက်ကြီးထွားခွင့်ပေးလိုက်ရင် မင်းက ဒီကမ္ဘာကြီးရဲ့ တစ်ခုတည်းသော အသိစိတ်အဖြစ် စိတ်ဖောက်ပြန်မှုရဲ့ နေရာမှာ အစားဝင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါသဘောတူရင်တောင် တခြားခန့်မှန်းရခက်တဲ့ ဖြစ်တည်မှုတွေက မင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ဆန္ဒရှိကြပါ့မလား၊ မင်းရွေးချယ်ခဲ့တဲ့လမ်းက ကျရှုံးဖို့ပဲ ကံပါပြီးသားပါပဲ”
ဦးနှောက်ချိတ်ဆက်ဆေးကို နှစ်ကြိမ်ဆက်တိုက် ထိုးသွင်းလိုက်ပြီးနောက် ဝါယာကြိုးများ တင်းကျပ်သွားခဲ့သည်။ ဒေါက်တာကောင်းသည် သူ့နှလုံးသား လုံးဝပေါက်ကွဲမသွားခင် ကိရိယာကို အသက်သွင်းလိုက်တော့သည်။
အဝါရောင်အချက်ပြမီးများ စတင်မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ဒေါက်တာကောင်း၏ စိတ်ထဲသို့ မှတ်ဉာဏ်များ စီးဝင်လာတော့သည်။ သူ၏ ဝိညာဉ်က သစ်ပင်များကြားတွင် ကြီးထွားလာပြီး ဤတောအုပ်ရှိ သစ်ပင်တိုင်းသည် သူ့မျက်လုံးများ ဖြစ်လာသည့်အလားပင်။ မီးတောက်များ အထိန်းအကွပ်မဲ့ ဖြစ်နေပြီး သစ်ပင်များနှင့် လူနေရပ်ကွက်များအား လောင်ကျွမ်းနေသည်ကို သူမြင်နေရသည်။ လူအများအပြား တောအုပ်ထဲသို့ တိုးဝင်လာသည်နှင့်အမျှ မီးတံတိုင်းများ ပြိုလဲသွားသည်ကိုလည်း သူတွေ့မြင်နေရသည်။
သူ့အကြည့်က ပို၍ မြင့်တက်လာပြီး နောက်ဆုံးတွင် လရောင်နှင့် ပေါင်းစည်းသွားတော့သည်။
ဒေါက်တာကောင်း၏ ဦးနှောက်သည် ဦးနှောက်ချိတ်ဆက်မှု၏ ဘေးထွက်ဆိုးကျိုးများနှင့် စုပေါင်းအသိစိတ်၏ ဖိအားဒဏ်ကို မခံနိုင်တော့ပေ။ သူသည် ဦးနှောက်ချိတ်ဆက်ကိရိယာကို သုံး၍ တောအုပ်၏ စုပေါင်းအသိစိတ်ထဲသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ခြင်းဖြစ်သဖြင့် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီးသား ဖြစ်သည်။
“ခန့်မှန်းရခက်တဲ့ စည်းမျဉ်းစွမ်းအားတွေဆိုတာ စိတ်ဖောက်ပြန်မှုကမ္ဘာကြီးထဲက ရောဂါမျိုးစုံပဲ၊ ငါ မင်းရဲ့ စည်းမျဉ်းတွေကို အသုံးမပြုနိုင်ဘူး၊ ဒီနည်းလမ်းနဲ့ပဲ အခွင့်အရေးနည်းနည်းလောက် ခိုးယူနိုင်မှာ”
ဦးနှောက်ချိတ်ဆက် ကိရိယာပေါ်ရှိ အချက်ပြမီးသည် အနီရောင်သို့ ပြောင်းလဲသွား၏။ ဒေါက်တာကောင်း၏ မှတ်ဉာဏ်များနှင့် ဝိညာဉ်မှာ စတင်လွင့်ပြယ်လာနေပြီဖြစ်သည်။ သူသည် ထိုအမျိုးသမီး၏ ကျောကို မှီလိုက်ပြီး အသိစိတ်ဖျက်ဆီးဆေးနှစ်လုံးနှင့် ဆေးဝါးကို စစ်ဆေးမရအောင် တားဆီးပေးသည့် ဆေးအချို့ကို ထုတ်လိုက်သည်။
မည်သည့် ရန်လိုသည့်စိတ်ထားကိုမဆို စုပေါင်းအသိစိတ်က ခြေမှုန်းပစ်မည် ဖြစ်သည်။သို့ဖြစ်၍ တောအုပ်တစ်ခုလုံးကို မီးရှို့ပြီး လူတိုင်းကို သတ်ပစ်မှသာ တိုက်ခိုက်မှု အောင်မြင်ပေလိမ့်မည်။ ဒေါက်တာကောင်းသည် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးမှ ဒုတိယနည်းလမ်းဖြစ်သည့် ဦးနှောက်ချိတ်ဆက်သည့်ကိရိယာကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ အဓိကလူနာနှင့် တူညီသော မှတ်ဉာဏ်များ၊ ရောဂါလက္ခဏာများ ရှိနေမှသာ ဆေးထိုးသွင်းနိုင်မည် မဟုတ်ပါလား။ ဒေါက်တာကောင်းသည် ထိုအမျိုးသမီး၏ လည်ပင်းသို့ ပထမဆုံးဆေးကို ထိုးသွင်းလိုက်သည်။ ကမ္ဘာပေါ်တွင် အလှပဆုံးဖြစ်သော မျက်လုံးများ တဖြည်းဖြည်း ဝေဝါးသွားသည်ကို ကြည့်ရင်း ဒေါက်တာကောင်းမျက်နှာပေါ်ရှိ အပြုံးက ပို၍ နူးညံ့လာလေသည်။
“ငါ့ကိုသတ်ဖို့ မလောပါနဲ့ဦး၊ မကြာခင် ငါမင်းဆီ လိုက်လာခဲ့မှာပါ”
အသိစိတ်ဖျက်ဆီးဆေး ထိုးသွင်းခံထားရသော အမျိုးသမီးနှင့် သူသည် ဦးနှောက်ချင်းဝေမျှထားသဖြင့် သူလည်း လိုက်ပါရူးသွပ်သွားပေလိမ့်မည်။ သို့သော် သူ ဂရုမစိုက်ပေ။ အရာအားလုံးမှာ အစီအစဉ်အတိုင်းပင် ဖြစ်သည်။
အသိစိတ်ကို အမြစ်ပြတ်ဖျက်ဆီးသည့် ဆေးမှာ တဖြည်းဖြည်း အာနိသင်ပြလာတော့သည်။ ဒေါက်တာကောင်းသည် ထိုအမျိုးသမီးနှင့် သူ့ကိုယ်သူထံ ဆေးဝါးစစ်ဆေး၍ မရအောင် တားဆီးသည့်ဆေးများကို တစ်လုံးပြီးတစ်လုံး ထိုးသွင်းလိုက်သည်။ တောအုပ်၏ စုပေါင်းအသိစိတ်သည် ဖရိုဖရဲဖြစ်လာသည်နှင့်အမျှ လရောင်အောက်ရှိ အမျိုးသမီးမှာ ချက်ချင်းညှိုးနွမ်းသွားသည့် သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သွားပြီး သူမ၏ ဖြူစင်ချောမွေ့သော အသားအရေပေါ်တွင် အရေးအကြောင်းများ ပေါ်ပေါက်လာလေ၏။ အမျိုးသမီး၏ အသိစိတ် ရှုပ်ထွေးသွားသည့်အချိန်တွင် သူမနှင့် ဦးနှောက်ချင်းဝေမျှထားသည့် ဒေါက်တာကောင်းသည် အခွင့်အရေးကို အရယူကာ တောအုပ်တစ်ခုလုံးကို နောက်ဆုံးအမိန့် ပေးလိုက်တော့သည်။
အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံဆီသို့ ဦးတည်ကြီးထွားပြီး အဲ့ဒီနေရာကို ဖျက်ဆီးပစ်လိုက်။
မြေအောက်အမြစ်များ ရုန်းကြွလာပြီး မီးလောင်ပြင် မြေကြီးထဲမှ ဖြူဖျော့သော လက်မောင်းများ ထွက်ပေါ်လာကြသည်။ လဲကျနေသော သစ်ပင်များနှင့် လိမ့်နေသော ဦးခေါင်းများအားလုံး ဆေးရုံရှိရာဘက်သို့ ယိမ်းနွဲ့သွားကြသည်။
“အဲ့ဒီနေရာကို ဖျက်ဆီးပစ်စမ်း၊ ကမ္ဘာပေါ်က တစ်ခုတည်းသော သာမန်နေရာကို ဖျက်ဆီးပစ်လိုက်စမ်း”
တောအုပ်၏ စုပေါင်းအသိစိတ် လှိုင်းလုံးကြီးက သူ့ကို လွှမ်းမိုးသွား၏။ အမျိုးသမီး၏ ရှုပ်ထွေးနေသော မှတ်ဉာဏ်များမှာ ဒေါက်တာကောင်းကို စတင်သက်ရောက်လာတော့သည်။ သူ့စိတ်ထဲရှိ အရာအားလုံးမှာလည်း အရည်ပျော်ကျနေခဲ့သည်။ ဦးနှောက်ချိတ်ဆက်ခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ပြင်းထန်လှပြီး အကြိမ်ကြိမ်ချိတ်ဆက်ခဲ့ခြင်းကြောင့် သူ၏ အကြွင်းမဲ့ အသိစိတ်မှာလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ဒေါက်တာကောင်းသည် ဒုတိယမြောက် အသိစိတ်ဖျက်ဆီးဆေးကို မြှောက်လိုက်ပြီး သူ့နှလုံးသားထဲသို့ ထိုးစိုက်လိုက်သည်။
“မင်းရဲ့ အသိစိတ်က ငါ့ဦးနှောက်ထဲ တိုးဝင်ပြီး ငါ့ခန္ဓာကိုယ်ထဲမှာ ပြန်ရှင်သန်ချင်နေတာလား၊ အလကားပဲကွ၊ ငါက ဒီနည်းလမ်းနဲ့ ငါ့ဦးနှောက်ကို အကြိမ်ကြိမ် အစားထိုးခဲ့ပြီးသား၊ ဒီလောက် သိသာတဲ့ ဟာကွက်မျိုးကို ငါချန်ထားပါ့မလား”
ဆေးများ စီးဝင်သွားသည်နှင့် ဒေါက်တာကောင်း၏ နှလုံးသားမှာ ကွဲကြေသွားသလို ခံစားလိုက်ရသည်။ သွေးများအမြောက်အမြား စီးထွက်လာပြီး သူ့အရေပြားပေါ်ရှိ ရှုပ်ထွေးလှသော သွေးနီရောင် ပုံစံကွက်များက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ ဒေါက်တာကောင်းသည် သူ့နှလုံးကို ဖိ၍ ထိုပုံစံကွက်များကို ငုံ့ကြည့်လိုက်သည်။ သူသည် တောအုပ်၏ ဗဟိုချက်ထဲ၌ပင် သူ့အသိစိတ်ကို ထိန်းထားနိုင်ခဲ့ခြင်းမှာ သူ၏ဖခင်ဖြစ်သူက သူ့နှလုံးသားထဲတွင် သူ၏အရေပြားတစ်စကို ချုပ်ထည့်ပေးခဲ့သောကြောင့် ဖြစ်သည်။ ယခုမူ သူသည် အရာအားလုံးကို သူ၏ ဖခင်ထံသို့ ပြန်လည်ပေးအပ်လိုက်ပြီ ဖြစ်သည်။
“ဒီရူးသွပ်နေတဲ့ကမ္ဘာကြီးအတွက် ငါပေးတဲ့ လက်ဆောင်ကတော့ ဆိုးဝါးလှတဲ့ ဖြစ်ရပ် (၇) ခုပဲ”
သူ၏ အသိစိတ်မှာ ပြိုလဲသွားခဲ့ချေပြီ။ ကမ္ဘာကြီးသည်လည်း အဆောက်အဦးဘလော့တုံးများသဖွယ် ပြိုကျသွားခဲ့သည်။ သူ၏ ဆရာဝန်ကုတ်အင်္ကျီမှလည်း လျော့ကျသွားသည်။ သူသည် မည်သူ့အသွင်ကိုမျှ ဟန်ဆောင်မနေတော့ပေ။ သူသည် မိဘမဲ့ဂေဟာ၏ အသိဉာဏ်အရှိဆုံး ကလေးဖြစ်သည့် တစ်ဦးတည်းသော 'နံပါတ် ၂' သာ ဖြစ်သည်။
“သေဆုံးခြင်းက အဆုံးသတ်မဟုတ်ဘူး၊ ငါတို့ရဲ့ခေါင်းတွေက မုန်းတီးမှုတွေ ပြည့်နှက်နေတဲ့ အဆိပ်တွေ ဖြစ်လာပြီး နောက်ထပ်ဖွင့်ကြည့်မယ့်သူကို စောင့်နေလိမ့်မယ်”
မီးတောက်များက သူ့မျက်လုံးများကို ဝါးမြိုသွားပြီး ခြေလက်များကို လောင်ကျွမ်းနေသော်လည်း နံပါတ် ၂ မှာမူ အနှိုင်းမဲ့ပျော်ရွှင်မှုဖြင့် ရယ်မောနေခဲ့သည်။ သူသည် သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မီးတောက်များကြားမှ လရောင်ဆီသို့ လှမ်းဆန့်လိုက်သည်။
“ငါ သူတို့အတွက် မရေမတွက်နိုင်တဲ့ သဲလွန်စတွေ ချန်ထားခဲ့တယ်၊ အဲ့ဒါတွေအားလုံးက ရှုပ်ထွေးမှုနဲ့ ရူးသွပ်မှုတွေဆီကိုပဲ ဦးတည်နေတယ်၊ ငါ့ရဲ့ သေဆုံးမှုက မင်းအတွက် အချိန်ပိုရစေလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
စိတ်ဖောက်ပြန်မှုကမ္ဘာကြီးထဲတွင် သေဆုံးသွားပါက ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိကြသလို နံပါတ် ၂ ကလည်း ယင်းကို မစဉ်းစားခဲ့ဖူးပေ။ ကောင်းမင်တစ်ယောက် ရှင်းလုသွေးမြို့တော်ထဲတွင် တစ်ကိုယ်တည်း ကျန်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့သည်ကို မြင်ကတည်းက သူသည် ကောင်းမင်အတွက် အကန့်အသတ်မရှိ ကူညီဖို့ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကောင်းမင် ဘာပဲလုပ်ချင်လုပ် သူအစွမ်းကုန် ပံ့ပိုးပေးသွားမည် ဖြစ်သည်။
“မင်းရဲ့ အရေပြားကိုဝတ်ဆင်၊ မင်းရဲ့ ဦးနှောက်ကို အကြိမ်ကြိမ်အစားထိုး၊ ရူးသွပ်မှုတွေကြားမှာ ထပ်ခါတလဲလဲ နိုးထ၊ ငါ့ရဲ့ မျက်လုံးတွေနဲ့ ငါ့ရဲ့ ကမ္ဘာကြီး လုံးဝ အရည်ပျော်မသွားမချင်းပေါ့”
မီးများ တဖျစ်ဖျစ်လောင်ကျွမ်းနေပြီး အသားနှင့် အရိုးများမှာ ကြွေလွင့်ကုန်သည်။
တောအုပ်ကြီးသည် တရိပ်ရိပ်တက်လာသော အနီရောင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး အဆုံးမရှိသော အလင်းတန်းကြီး ဖြစ်သွားခဲ့သည်။
“အကြွင်းမဲ့ကျိုးကြောင်းဆင်ခြင်မှုဆိုတာ ကမ္ဘာပေါ်မှာ အမာဆုံးရေခဲပြင်ကြီးလိုပဲ၊ အဲ့ဒါက နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေကို ခံစားရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါကတော့ ငှက်ကလေးတွေ သီချင်းဆိုသံကို ကြားနေရသလိုပဲ၊ မြက်ခင်းနဲ့ သစ်ပင်တွေရဲ့ ရနံ့ကိုလည်း ရနေတယ်၊ နွေဦးရောက်လာပြီ ထင်တယ်”
ရေခဲပြင်များ အရည်ပျော်ပြီး နွေဦး၏အငွေ့အသက်နှင့်အတူ ပန်းများ ပွင့်လန်းလာခဲ့သည်။ နံပါတ် ၂ ၏ မြှောက်ထားသော လက်က ပြန်ကျသွားပြီး သူ့ကိုယ်သူ ပြန်ပွေ့ဖက်ထားသည့်အလားပင်။ မီးတောက်များက သူ့ကိုရော အဓိကလူနာကိုပါ ဝါးမြိုသွားခဲ့ပြီး လရောင်ကတော့ သူ့ကို ပွေ့ပိုက်ထားခဲ့သည်။ သူသည် ဤကမ္ဘာကြီးသို့ တစ်ယောက်တည်း ရောက်လာခဲ့သလို တစ်ယောက်တည်းပင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူနှင့်အတူ ပါသွားခဲ့သည်မှာ ပြင်းထန်လှသော မီးတောက်များနှင့် နူးညံ့လှသောလရောင်သာ ဖြစ်တော့သည်။
အပိုင်း (၈၅၄) ကမ္ဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတဲ့ဦးနှောက်
တောအုပ်၏ အလယ်ဗဟိုတွင် ရှိနေသော အဓိကလူနာ၏ အသိစိတ်မှာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ 'သစ်ပင်' အများစုသည် 'သူမ' ၏ နောက်ဆုံးအမိန့်ကို သစ္စာရှိစွာ နာခံ၍ အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်ကြီးထွားနေကြသည်။ မီးတောက်များမှာလည်း ထိန်းမနိုင်သိမ်းမရ ပြန့်နှံ့နေပြီ ဖြစ်သည်။
“ဟိုအမျိုးသမီး… မြန်မြန်၊ သူ့ကို ကယ်ကြ”
နံပါတ် ၂ က အဓိကလူနာကို ဖျက်ဆီးပစ်လိုက်သည့်အတွက် တောအုပ်၏ စုပေါင်းအသိစိတ်သည် ကျူးကျော်သူများကို ဆက်လက်ဖိနှိပ်ခြင်း မရှိတော့ပေ။ ပန်ပန်နှင့် အစေခံနှစ်ယောက်မှာ ရုတ်တရက် သတိပြန်ဝင်လာကြသည်။ သူတို့သည် မီးတောက်များနှင့် ထူပိတ်နေသော မီးခိုးများကြားမှ အဓိကလူနာ၏ ပုံရိပ်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။
တစ်ချိန်က ကမ္ဘာပေါ်တွင် အလှပဆုံးဟု သတ်မှတ်ခံခဲ့ရသော အဓိကလူနာသည် ယခုမူ ဆယ်စုနှစ်ပေါင်းများစွာ ခြောက်သွေ့နေသည့် သစ်ပင်အိုကြီးကဲ့သို့ အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး အသာအယာ ထိလိုက်ရုံဖြင့် ကြွေကျပျက်စီးတော့မည့် အခြေအနေတွင် ရှိနေလေသည်။
“ဦးနှောက်ချိတ်ဆက်တာက ကျရှုံးသွားတာလား၊ ဒေါက်တာကောင်းက အဓိကလူနာကို ဘာလုပ်လိုက်တာလဲ”
“အရင်ဆုံး ကယ်ထုတ်ကြရအောင်”
ပန်ပန်သည် ဒေါက်တာကောင်းနှင့် အဓိကလူနာတို့တွင် ချိတ်ဆက်ထားသော ဝါယာကြိုးများကို ဆွဲဖြုတ်လိုက်သည်။ ဦးနှောက်ချိတ်ဆက် ကိရိယာသည် ထမ်းပိုးသယ်ဆောင်သွားရန် အလွန်လေးလံလွန်းလှသည်။ ထို့ကြောင့် သူတို့သုံးယောက်သည် ဒေါက်တာကောင်းနှင့် အဓိကလူနာတို့၏ ခန္ဓာကိုယ်ပေါ်မှ မီးများကို အရင်ငြှိမ်းသတ်လိုက်ကြသည်။ ပြီးနောက် အပြင်းအထန် မီးလောင်ဒဏ်ရာရထားသော ထိုနှစ်ဦးကို တောအုပ်အပြင်ဘက်သို့ ချီပိုးသယ်ဆောင်လာခဲ့ကြသည်။ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး ရဲများနှင့် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များလည်း အနီးအနားသို့ ရောက်ရှိလာကြသည်။ ထိုသူအားလုံး၏ အကူအညီဖြင့် ပန်ပန်တို့အဖွဲ့မှာ အပြင်သို့ လွတ်မြောက်လာနိုင်ခဲ့သည်။
ပန်ပန်သည် လမ်းမထက်တွင် ရပ်နေရင်း တောက်လောင်နေသော မီးပင်လယ်ကြီးကို ကြည့်ကာ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွား၏။
“ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ...”
“မီးတံတိုင်းဆိုတာ တောအုပ်ကို သီးခြားခွဲထုတ်ဖို့ ရည်ရွယ်ခဲ့တာပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ တစ်ယောက်ယောက်က တမင်မီးရှို့လိုက်တယ်၊ သူတို့အမြင်မှာတော့ ပန်းတွေကို လူလိုဆက်ဆံတဲ့ ဥယျာဉ်မှူးကို သေဒဏ်ပေးသင့်တယ်၊ ပြောင်းပြန်အနေနဲ့ တောအုပ်ဆိုတာ သူတို့အတွက် သစ်ပင်တွေပဲလေ၊ ဒါကြောင့် သစ်ပင်တွေကိုပဲ မီးရှို့လိုက်တာပေါ့”
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ပန်ပန်နှင့် အခြားသူများကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြသည်။ သူတို့ကို ရိုးရိုးရှင်းရှင်းပတ်တီးများ စည်းပေးပြီးနောက် ရဲကားများထဲသို့ အတင်းအကျပ် ထည့်လိုက်ကြသည်။
ဒေါက်တာကောင်းနှင့် အဓိကလူနာကိုမူ လူနာတင်ကားဖြင့် တင်ဆောင်သွားပြီး ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် ရဲကားများက လိုက်ပါစောင့်ရှောက်သွားကြသည်။
“မီးသတ်သမားတွေ ရောက်ပြီ၊ လမ်းဖယ်ပေးကြပါ၊ အားလုံး လမ်းဖယ်ပေးကြ”
မီးများ ပြန့်နှံ့နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း လူအများအပြားကို ဖမ်းဆီးထားပြီးဖြစ်သည်။ ပန်ပန်နှင့် အစေခံများကို တင်ဆောင်ထားသော ကားမှာ နောက်ဆုံးတွင် စတင်ထွက်ခွာလိုက်သည်။
ပန်ပန်သည် သူ၏မွေးစားဖခင်ထံသို့ အသည်းအသန် ဆက်သွယ်ခဲ့ရာ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က လူလွှတ်၍ လာကြိုနေပြီဖြစ်ကြောင်းနှင့် ပြန်လည်ခုခံခြင်းမပြုရန် အကြောင်းပြန်ချက် ရရှိခဲ့သည်။
ဖုန်းခေါ်ဆိုမှုကိုမူ ပြန်လည်ဖြေကြားခြင်းမရှိချေ။ မက်ဆေ့ချ်ထဲတွင်လည်း အသေးစိတ် အချက်အလက်များ မပါဝင်ပေ။ ပန်ပန်နှင့် အစေခံများမှာ တောအုပ်၏ အစွန်အဖျားတစ်လျှောက် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော ကားများကိုသာ မြင်တွေ့နေရသည်။
ထူထပ်သော မီးခိုးများက လရောင်ကို ဖုံးကွယ်ထား၏။ ရဲစခန်းအပြင်ဘက်တွင် ကြီးမားလှသော လူအုပ်စုကြီး စုရုံးနေကြသည်။
ထိုအထဲတွင် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုံမှန်မဟုတ်သော ဖြစ်ရပ်များ ကာကွယ်ရေးအဖွဲ့မှ အဓိကအဖွဲ့ဝင်များအပြင် မီဒီယာများနှင့် ဘာမှမသိသေးသော အများပြည်သူများလည်း ပါဝင်သည်။
“ဆင်း”
ရဲအရာရှိက ပန်ပန်ကို စခန်းထဲသို့ ခေါ်ဆောင်ရန် ပြင်လိုက်စဉ် အခြားအဖွဲ့များကလည်း ချက်ချင်း လိုက်ပါလာကြသည်။ အခြေအနေ တင်းမာနေစဉ် သေနတ်သံတစ်ချက် ထွက်ပေါ်လာ၏။ အရာရှိရွှယ်သည် သေနတ်ကို မြှောက်လျက် ပန်ပန်၏ပခုံးကို တစ်ဖက်ဖြင့် ဖမ်းချုပ်လိုက်သည်။
“မင်းကို လူသတ်မှု၊ မီးရှို့မှုနဲ့ ခိုးမှုတွေနဲ့ သံသယရှိတယ်၊ ဒုတိယအကြိမ် ထပ်မပြောရစေနဲ့”
ဘယ်သူမှ ဆက်လက်မတားဆီးရဲကြတော့ပေ။ အရာရှိရွှယ်သည် ပန်ပန်နှင့် အစေခံနှစ်ယောက်ကို ရဲစခန်းထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။ အပြင်ဘက်ရှိ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့မှာမူ ဖုန်းများ အလျင်အမြန်ဆက်နေကြပြီး စခန်းအပြင်ဘက်မှ ဆူညံသံများမှာလည်း ပို၍ ကျယ်လောင်လာတော့သည်။
“ဝင်စမ်း”
ပန်ပန်နှင့် အစေခံများကို ခွဲထုတ်၍ စစ်ကြောရေးအခန်းထဲတွင် ပိတ်လှောင်ထားလိုက်သည်။ ထူထဲလှသော သံမဏိတံခါးကြီး ပိတ်သွားသည့်အခါ ပန်ပန်၏ နှလုံးသားက တုန်လှုပ်နေပြီး သူ့စိတ်ထဲတွင်လည်း အရာအားလုံး ရှုပ်ထွေးနေတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အခန်းထဲသို့ ဝင်လာသူမှာ ရဲများမဟုတ်ဘဲ အဖြူရောင်ကုတ်အင်္ကျီဝတ် ဆရာဝန်များ ဖြစ်နေကြသည်။ သူတို့က ပန်ပန်၏သွေးကို ဖောက်ယူပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြသည်။
စစ်ဆေးချက်ရလဒ်များ ထွက်လာပြီးနောက်တွင် အရာရှိရွှယ်သည် အစီရင်ခံစာကို ကိုင်ဆောင်ကာ စစ်ကြောရေးခန်းထဲသို့ ဝင်လာလေသည်။
“ဘယ်သူမှ လာကယ်လိမ့်မယ်လို့ မျှော်လင့်မနေနဲ့၊ မင်းရဲ့ အဖေအိုကြီးလည်း အခု အတော်လေး ဒုက္ခရောက်နေတာ”
ပန်ပန်သည် စိုးရိမ်တကြီးဖြင့် မတ်တတ်ထရပ်လိုက်သည်။သူသည် မောပန်းနွမ်းနယ်နေမှုကြောင့် လဲမကျသွားစေရန် သူ့လက်ချောင်းများဖြင့် စားပွဲကို အားကိုးတကြီး ဆုပ်ကိုင်ထားရသည်။
“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က တောအုပ်ထဲမှာ ဒေါက်တာကောင်းနဲ့ အဓိကလူနာကို ဘာလို့ သတ်ဖို့ ကြိုးစားရတာလဲ၊ သူက မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားလို့လား”
“မဟုတ်ပါဘူး၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲက တချို့လူတွေက ဒေါက်တာကောင်းနဲ့ သဘောထားကွဲလွဲတာရှိပေမဲ့ အားလုံးက တောအုပ်ကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပဲ အာရုံစိုက်နေကြတာပါ၊ ဒေါက်တာကောင်းကို ဘယ်သူမှ သတ်ဖို့မစဉ်းစားခဲ့ပါဘူး”
ပန်ပန်က ခေါင်းခါရင်း ငြင်းဆိုလိုက်သည်။
“လိမ်နေတာပဲ”
အရာရှိရွှယ်က သက်သေခံပစ္စည်းအိတ်ထဲ ထည့်ထားသော ပစ္စတိုသေနတ်ကို စားပွဲပေါ် တင်လိုက်သည်။
“ဒါကို မင်းရဲ့ အစေခံနှစ်ယောက်ဆီမှာ တွေ့ခဲ့တာ၊ မင်းတို့က သူ့ကို တစ်ခုခုလုပ်ဖို့ ခြိမ်းခြောက်နေခဲ့တာပဲ၊ ပြီးတော့ မင်းဆီမှာ ဦးနှောက်ချိတ်ဆက်ဆေး ရှိနေတာကိုလည်း ငါ တွေ့ထားတယ်၊ မင်းတို့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က အဓိကလူနာနဲ့ ဦးနှောက်ချင်းချိတ်ဆက်ပြီး တောအုပ်တစ်ခုလုံးကို ထိန်းချုပ်ချင်နေတာ မဟုတ်လား”
ပန်ပန်၏ စိတ်ထဲတွင် ဗလာဖြစ်သွားရသည်။ တောအုပ်၏ ဗဟိုချက်တွင် ဖြစ်ပျက်ခဲ့သည်များကို သူ ပြန်လည်သတိရလိုက်မိသည်။ ဒါက တကယ်ပဲ သူ့မွေးစားအဖေရဲ့ အစီအစဉ်များလား။
“အရင်က နည်းပြဖြစ်ခဲ့တဲ့ ပုချွန်ကျိုက်ကိုလည်း ငါ စုံစမ်းပြီးပြီ၊ သူက တောအုပ်စီမံခန့်ခွဲရေးနယ်မြေထဲကို လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဝင်ပြီး မျိုးစေ့တွေ ချထားခဲ့တာ၊ အဲ့ဒါကြောင့် လူအတော်များများ ဖျားနာပြီး သစ်ပင်တွေ ဖြစ်ကုန်ကြတာပဲ”
အရာရှိရွှယ်က မတ်တတ်ရပ်လိုက်ပြီး ပန်ပန်အနားသို့ လျှောက်လာ၏။
“မင်းတို့က ဒီတောအုပ်ကို တစ်ဆင့်ချင်း ပြုစုပျိုးထောင်ခဲ့တာပဲ၊ ဒီအရှုပ်အထွေးတွေကို ဖန်တီးခဲ့တာလည်း မင်းတို့ပဲ၊ အခု ဖြစ်ပျက်ခဲ့သမျှ ဆုံးရှုံးမှုတွေနဲ့ သေဆုံးမှုတွေအားလုံးအတွက် မင်းတို့မှာ တာဝန်ရှိတယ်”
“မဖြစ်နိုင်တာ”
ပန်ပန်သည် မည်မျှပင် ရိုးအသော်လည်း ဤအခိုက်အတန့်တွင် ထိုစွပ်စွဲချက်ကို ဝန်ခံရန် မိုက်မဲသူ မဟုတ်ပေ။ ထို့အပြင် သူသည် သူ၏မွေးစားဖခင်ကို အစဉ်အမြဲ လေးစားခဲ့သူဖြစ်ရာ ဖခင်ဖြစ်သူက ထိုကဲ့သို့သော အလုပ်မျိုးကို လုပ်လိမ့်မည်ဟု အမှန်တကယ် မယုံကြည်ပေ။
“ခင်ဗျားက ကျွန်တော့်ဆီက ဝန်ခံချက်ရအောင် အတင်းအကျပ် လုပ်နေတာပဲ၊ ဒါက စည်းကမ်းချိုးဖောက်တာနော်၊ ကျွန်တော့်အဖေ ရောက်မလာမချင်း ခင်ဗျားရဲ့ ဘယ်မေးခွန်းကိုမှ ကျွန်တော်မဖြေတော့ဘူး”
“မင်းအဖေကတော့ မင်းကို လာရှာမှာ မဟုတ်လောက်ဘူး”
အရာရှိရွှယ်က လက်ထဲမှ စာရွက်စာတမ်းများကို ချလိုက်သည်။
“သူ့မှာ သားသမီးတွေ အများကြီးပဲ၊ တစ်ယောက်ရှိရှိ မရှိရှိ ဘာမှ မထူးခြားဘူး၊ သူသာ မင်းကို တကယ်ချစ်ရင် ဒေါက်တာကောင်းလို အရူးတစ်ယောက်နဲ့အတူ ဦးနှောက်ဆေးတဲ့နေရာကို လွှတ်မှာ မဟုတ်ဘူးလေ”
အရာရှိရွှယ်သည် ပန်ပန်၏ စိတ်ပိုင်းဆိုင်ရာကို ချိုးနှိမ်ရန် ကြိုးစားနေစဉ် နားကြပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။
“အဖွဲ့ခေါင်းဆောင်ရွှယ်၊ လူကြီးတွေက ခင်ဗျားကို အမြန်ဆုံးလာခဲ့ဖို့ ပြောနေတယ်၊ ဒေါက်တာကောင်း မသေခင်က အသုံးဝင်မယ့် သတင်းအချက်အလက် တစ်ခုခုပေးပို့ခဲ့တာ ရှိလားဆိုတာ သူတို့ သိချင်နေကြတယ်”
အရာရှိရွှယ်သည် နားကြပ်ကို ချွတ်လိုက်သော်လည်း အခန်းထဲမှ ထွက်ခွာမည့် အရိပ်အယောင် မရှိပေ။ သူသည် ပန်ပန်၏ပခုံးကို ဖိလိုက်ရာ ဒဏ်ရာကို သွားထိမိသွားသည်။
“တောအုပ်ထဲကို ဝင်ပြီးနောက်မှာ ဒေါက်တာကောင်းနဲ့အတူ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ အကုန် ပြန်စဉ်းစားစမ်း၊ မင်းက အေးအေးဆေးဆေး မပြောချင်ဘူးဆိုရင်တော့ ငါမင်းကို အတင်းအကျပ် ပြောခိုင်းရလိမ့်မယ်”
ပန်ပန်သည် အစပိုင်းတွင် ခေါင်းမာချင်သော်လည်း အရာရှိရွှယ်သည် ဘာကိုမှ မကြောက်သည့် အရူးတစ်ယောက်နှင့် တူလှသည်။ သူ၏ အရှိန်အဝါမှာလည်း အလွန်ကြောက်စရာ ကောင်းလှသည်။
ထို့ကြောင့် သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ဒေါက်တာကောင်း ပြင်ဆင်ထားခဲ့သည်များနှင့် တောအုပ်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အရာရှိရွှယ်အား အစအဆုံး ပြန်ပြောပြလိုက်သည်။ အမှန်တကယ်တော့ ဖုံးကွယ်ထားစရာလည်း ဘာမှမရှိပေ။ သူနှင့် ဒေါက်တာကောင်း လုပ်ခဲ့သမျှမှာ တောအုပ်ကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းရန်နှင့် ရှင်းလုမြို့ တစ်ခုလုံးအတွက်ဖြစ်သည်ဟု ပန်ပန် ခံစားရသောကြောင့် ဖြစ်သည်။
“တောအုပ်ရဲ့ ဗဟိုချက်ကို ရောက်တော့ ကျွန်တော်နဲ့ ကျွန်တော့်အစေခံတွေက စုပေါင်းအသိစိတ်ရဲ့ လွှမ်းမိုးမှုကို ခံရလိုက်ပြီး သတိလစ်သွားခဲ့တယ်၊ အဲ့ဒီမတိုင်ခင်က ဆေးတစ်မျိုး သောက်ထားပုံရတဲ့ ဒေါက်တာကောင်းတစ်ယောက်ပဲ အတွင်းဆုံးဝင်သွားပြီး သူ့ကိုယ်သူရော အဓိကလူနာကိုပါ ဦးနှောက်ချိတ်ဆက်တဲ့ ကိရိယာနဲ့ ချိတ်ဆက်ခဲ့တာ”
“ဆိုလိုတာက တောအုပ်ရဲ့ စုပေါင်းအသိစိတ်မျိုးစေ့က အခု ဒေါက်တာကောင်းနဲ့ အဓိကလူနာရဲ့ ဦးနှောက်ထဲမှာ ပုန်းကွယ်နေတာပေါ့”
အမှန်တရားကို သိရှိရန်နှင့် တောအုပ်၏ အသိစိတ်ကို ရရှိရန်အတွက် ဒေါက်တာကောင်း သို့မဟုတ် အဓိကလူနာတို့ထဲမှ တစ်ယောက်ယောက်နှင့် ဦးနှောက်ချင်းချိတ်ဆက်ရန် ရွေးချယ်ရပေလိမ့်မည်။
အရာရှိရွှယ်၏ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။ ကြီးကြပ်ရေးအဖွဲ့မှ လူကြီးများနှင့် ရဲအရာရှိများ အဘယ်ကြောင့် ဆေးရုံသို့ အပြေးအလွှားသွားနေကြသည်ကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုဦးနှောက်နှစ်ခုက အဓိကသော့ချက်ပင်။
သို့သော်လည်း သူ အလျင်စလို မလုပ်ပေ။ ဒေါက်တာကောင်း မသေဆုံးမီက သူ့ထံသို့ တည်နေရာတစ်ခု ပေးပို့ခဲ့ပြီး ၎င်း၏ စမ်းသပ်ချက် အချက်အလက်အများစုကို ထိုနေရာတွင် ဝှက်ထားကြောင်း ပြောပြခဲ့သည်။
“ရင်ခွဲရုံရိပ်သာလမ်းဆိုတာ လူသားတွေကို ဝါးမြိုတဲ့အခန်းပဲ၊ အဲ့ဒီလို ငရဲခန်းလို နေရာမျိုးမှာ အချက်အလက်တွေကို ဝှက်ထားတာက တကယ့်ကို လုံခြုံလှပါပေတယ်”