← Chapters

အခန်း (၈၅၅-၈၅၆)

Vol. 59 Ch. 855-856

အခန်း (၈၅၅-၈၅၆)

Vol. 59 Ch. 855-856

အပိုင်း (၈၅၅) ဝေစုခွဲခြင်း

ပန်ပန်ကို စစ်ဆေးမေးမြန်းပြီးနောက် အရာရှိရွှယ်သည် သူ့လူများကို သေချာစောင့်ကြည့်ရန် အမိန့်ပေးခဲ့ပြီး ရင်ခွဲရုံရိပ်သာလမ်းရှိ လူသားဖြစ်တည်မှုအဝင်ဝဆေးရုံသို့ ကားမောင်းထွက်လာခဲ့သည်။

ဒေါက်တာကောင်းနှင့် အဓိကလူနာ၏ ဒဏ်ရာများက အလွန်ပြင်းထန်လှသည်။ သူတို့ကို ရှင်းလု အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံသို့ ပို့ဆောင်သင့်သော်လည်း အကြောင်းပြချက်တချို့ကြောင့် သစ်ပင်များသည် ထိုဆေးရုံဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်ကြီးထွားနေပြီး ဆေးရုံအပြင်ဘက်တွင်လည်း မီးများ ငြှိမ်းသတ်မရနိုင်လောက်အောင် တောက်လောင်နေဆဲ ဖြစ်သည်။

ဘေးကင်းလုံခြုံရေး အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီးနောက် ဒေါက်တာကောင်းနှင့် အဓိကလူနာကို လူသားဖြစ်တည်မှုအဝင်ဝဆေးရုံသို့ ပို့ဆောင်ရန် ရဲတပ်ဖွဲ့က ဆုံးဖြတ်လိုက်သည်။ ထိုဆေးရုံသည် ပြန်လည်သန်စွမ်းရေးဆေးရုံထက် ဆေးဘက်ဆိုင်ရာ အဆင့်အတန်း နိမ့်သော်လည်း ဆေးဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများမှာမူ အစုံအလင်ရှိနေသည်။

ဆရာဝန်များကိုတော့ အခြားဆေးရုံများမှ ခေါ်ယူနိုင်ပေသည်။

အရာရှိရွှယ်သည် လူသားဖြစ်တည်မှုအဝင် ဆေးရုံသို့ ရောက်ရှိလာချိန်တွင် ဒေါက်တာကောင်းနှင့် အဓိကလူနာတို့မှာ ဒဏ်ရာပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ခန္ဓာကိုယ်များ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝသေဆုံးမသွားမီ သူတို့၏ ဦးနှောက်များကို ပြည့်စုံစွာထုတ်ယူနိုင်ခဲ့သည်။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏အဆိုအရ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့သည် အစကတည်းက သူတို့ကို ကယ်တင်ရန် ရည်ရွယ်ချက်မရှိဘဲ သူတို့၏ ဦးနှောက်များကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

“အကြီးအကဲ၊ ကျုပ်နောက်ကျသွားတယ်”

အရာရှိရွှယ် လူနာဆောင်တံခါးကို တွန်းဖွင့်လိုက်ရာ မစ္စတာရှစ်ရှစ်နှင့် လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များကို တွေ့လိုက်ရသည်။ ဆေးရုံ၏ အကြီးဆုံးမားသော လူနာဆောင်ထဲတွင် သာမန်လူများဖြင့် ပြည့်နှက်နေလေသည်။

မည်သူမျှ အရာရှိရွှယ်ကို အာရုံမစိုက်ကြပေ။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ အရေးကြီးဆုံး အချိန်သို့ ရောက်ရှိနေပုံရပြီး အပြင်းအထန် ငြင်းခုံသံများ ထွက်ပေါ်နေခဲ့သည်။ အဖွဲ့အစည်းတစ်ခုချင်းစီက ဤဘေးကပ်ဆိုးအတွက် အခြားတစ်ဖက်တွင် တာဝန်ရှိသည်ဟု ယူဆနေကြသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ဒေါက်တာပုသည် လူနေရပ်ကွက်ရှိ လူသားများကို 'မျိုးစေ့' အဖြစ် အသုံးပြုကာ အဓိကလူနာကို ကျွေးမွေးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သဖြင့် 'တောအုပ်' ကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြသည်။ သို့သော် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကမူ ၎င်းကို ငြင်းဆိုခဲ့ပြီး ဒေါက်တာပုသည် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ၎င်း၏ ကိုယ်ပိုင်သဘောဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် သူတို့က ရဲတပ်ဖွဲ့၏ပျက်ကွက်မှုနှင့် လူ့အခွင့်အရေး ကော်မရှင်၏ အလွဲသုံးစားမှုများကို လျစ်လျူရှုမှုများအပေါ် အပြစ်ပုံချခဲ့ကြသည်။

အရာရှိရွှယ်သည် ထိုပြဇာတ်ကွက်ကို ကြည့်ရှုနေရင်း လူနာဆောင်ထဲမှ ငြင်းခုံမှုများမှာ အဓိပ္ပာယ်မရှိကြောင်း သိနေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ပြန်လည်သန်စွမ်းဆေးရုံမှ ဆရာဝန်တစ်ဦးသည် အထူးပြုလုပ်ထားသော လက်တွန်းလှည်းတစ်စီးကို တွန်း၍ ဝင်လာလေသည်။ လှည်းပေါ်ရှိ အကန့်များထဲတွင် အဓိကလူနာနှင့် ဒေါက်တာကောင်းတို့၏ ဦးနှောက်များ ပါရှိနေသည်။ ငြင်းခုံသံများက ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

“ဘယ်လိုလဲ၊ အသက်ဝင်နေသေးလား”

“ဖြစ်နိုင်ပါတယ်”

“'ဖြစ်နိုင်ပါတယ်' ဆိုတာ ဘာကိုပြောတာလဲ၊ ငါ အဖြေတိတိကျကျ သိချင်တယ်”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...”

ဆရာဝန်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ဤလူနာဆောင်ထဲတွင် ရှိနေသူများသည် သူ မပြစ်မှားဝံ့သည့် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်သည်။

“ဒါပေမဲ့ ဦးနှောက်ချင်းချိတ်ဆက်ဖို့ကတော့ မဖြစ်နိုင်တော့မှာ စိုးရိမ်မိပါတယ်၊ ဆေးဝါးမျိုးစုံ တွေ့ရှိထားတဲ့အတွက် ဦးနှောက်သေဆုံးသွားနိုင်ခြေ ရှိပါတယ်”

“ရှိနိုင်တယ်ဆိုတာ စမ်းကြည့်လို့ရတယ်လို့ ပြောတာပဲ၊ မင်းတို့ ဆေးရုံက အသည်းအသန်နေမကောင်းဖြစ်နေတဲ့ လူနာတွေထဲမှာ စေတနာ့ဝန်ထမ်းတွေ ရှာလို့ရမှာပဲ မဟုတ်လား”

မစ္စတာရှစ်ရှစ်က ဝင်ပြောလိုက်သည်။ သူသည် တစ်ချိန်လုံး မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေပြီး ဒေါက်တာကောင်းနှင့် ပန်ပန်တို့ တောအုပ်ထဲသို့ ဝင်သွားသည်ကိုပင် သိပုံမရပေ။

“ကျွန်တော်စိုးရိမ်တာက အဲ့ဒါ မဖြစ်နိုင်လို့ပါ”

“ဘာလို့ မဖြစ်နိုင်ပြန်တာလဲ”

“ဒီဦးနှောက်နှစ်ခုစလုံးက တကယ့်ကို အားနည်းလွန်းနေလို့ပါ၊ အဓိကလူနာရဲ့ ဦးနှောက်ကတော့ ဦးနှောက်ချင်းချိတ်ဆက်ဖို့ တစ်ကြိမ်ကနေ သုံးကြိမ်အထိ အခွင့်အရေး ရှိနိုင်သေးပေမဲ့ ကျန်တဲ့ဦးနှောက်ကတော့ အရည်ပျော်လုနီးပါး ဖြစ်နေပါပြီ၊ အလွန်ဆုံး တစ်ကြိမ်ပဲစမ်းကြည့်လို့ ရနိုင်ပါလိမ့်မယ်”

ဆရာဝန်သည် သတိထား၍ ပြောဆိုနေခြင်း ဖြစ်သည်။ အမှန်စင်စစ် ဆရာဝန်၏ အမြင်အရ ဤဦးနှောက်နှစ်ခုသည် သက်ရှိလူသားဦးနှောက်များဟု မယူဆနိုင်တော့ဘဲ ဆိုးယုတ်လှသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ချန်ထားခဲ့သည့် အဆိပ်အတောက်များ သို့မဟုတ် မဖွင့်အပ်သော ပန်ဒိုရာသေတ္တာနှင့်သာ တူနေပေသည်။

ဆရာဝန်၏ စကားများကြောင့် လူနာဆောင်အတွင်းရှိ လေထုမှာ ထပ်မံ လေးလံသွားပြန်သည်။ မည်သူမျှ စကားမပြောကြသည်ကို မြင်သောအခါ မစ္စတာရှစ်ရှစ်က လက်ကို မြှောက်လိုက်သည်။

“တောအုပ်ထဲမှာ ဒီလောက်ကြီးမားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တာဆိုတော့ တစ်ယောက်ယောက်ကတော့ ရှေ့ထွက်ပြီး တာဝန်ယူရမှာပေါ့၊ တာဝန်ပိုယူတဲ့သူက ပိုရမှာပဲလေ၊ ဒါက တရားမျှတတယ် မဟုတ်လား”

မစ္စတာရှစ်ရှစ် ဆိုလိုသည်မှာ မည်သူက အပြစ်ပုံချခံရန် လိုလားသနည်း။ ထိုသူက ဦးနှောက်များကို ယူသွားနိုင်သည်ဟူ၍ ဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်မှ ခေါင်းဆောင်များက မျက်မှောင်ကြုတ်ကာ လက်များကို ဝေ့ယမ်းလိုက်ကြသည်။ အရာရှိရွှယ်အပါအဝင် လူအချို့ကို အခန်းအပြင် ထွက်သွားရန် တောင်းဆိုခဲ့ပြီး အဆင့်မြင့်အရာရှိအနည်းငယ်သာ အထဲတွင် ကျန်ရစ်ခဲ့သည်။

“ဦးနှောက်ချင်း ဝေမျှတာ... ဒီနည်းပညာက ပြဿနာအများကြီးကို တကယ်ပဲ ရိုးရှင်းသွားစေတာပဲ၊ ကျုပ်တို့ ရဲတွေတောင် မလိုတော့ဘူး၊ ဦးနှောက်ကနေတစ်ဆင့် တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေ၊ အတွေ့အကြုံတွေ၊ သူတို့ရဲ့ 'စိတ်ရောဂါ' တွေကိုပါ တိုက်ရိုက် သိနိုင်တော့မှာလေ”

ရဲအရာရှိ တစ်ယောက်သည် အရာရှိရွှယ်နှင့်အတူ လမ်းလျှောက်လာရင်း ဦးနှောက်ချိတ်ဆက်ဝေမျှခြင်း နည်းပညာအပေါ် စိတ်ဝင်တစား ပြောဆိုနေသည်။

သိပ်မကြာခင် မစ္စတာရှစ်ရှစ်သည် အခန်းထဲမှ ပထမဦးဆုံး ထွက်လာခဲ့သည်။ သူသည် ဘာမှ ယူမလာဘဲ အရာရှိရွှယ်ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။

“သူ့ကို ချက်ချင်း ပြန်လွှတ်ပေးလိုက်၊ ဒီကိစ္စအားလုံးက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး”

အရာရှိရွှယ်က အနည်းငယ်မကျေမနပ် ဖြစ်သွားသော်လည်း ရဲချုပ်နှင့် အခြားလက်အောက်ခံ ဝန်ထမ်းတစ်ဦးတို့က ဒေါက်တာကောင်း၏ ဦးနှောက်ပါရှိသော ဆေးဘက်ဆိုင်ရာ လက်တွန်းလှည်းကို တွန်းထုတ်လာသည်ကို မြင်လိုက်ရသည်။

အထက်လူကြီးများမှာ သဘောတူညီမှုတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့သည် မည်သည့်အရာကိုမျှ ယူဆောင်မည် မဟုတ်ဘဲ သန့်ရှင်းရေး လုပ်ငန်းများကိုသာ အပြည့်အဝ ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်က အဓိကတာဝန်ယူရမည် ဖြစ်သဖြင့် သူတို့က အဓိကလူနာ၏ ဦးနှောက်ကို ယူဆောင်သွားသည်။ တရားစီရင်ရေးအာဏာပိုင်များကမူ ဒေါက်တာကောင်း၏ ဦးနှောက်ကို ရယူသွားခဲ့သည်။

“လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးရင် သူ့ကို ပြန်လွှတ်ပေးလိုက်”

ရဲချုပ် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ အရာရှိရွှယ်က ချက်ချင်း ထွက်ခွာသွားသည်။ သူသည် ပန်ပန်ထံမှ သဲလွန်စအချို့ကို အမြန်ဆုံးရယူချင်သော်လည်း မစ္စတာရှစ်ရှစ် ရောက်ရှိလာပြီး သူ့ကို တားဆီးလိုက်သည်။

“အရာရှိရွှယ်၊ ခင်ဗျားက ဒေါက်တာကောင်းကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲ ထည့်ခဲ့တာကို ကျုပ်သိပါတယ်၊ ပြီးတော့ သူက ခင်ဗျားဆီကို သတင်းတွေအများကြီး ပို့နေခဲ့တာကိုလည်း ကျုပ်သိတယ်”

“စကားကို သတိထားပြောပါ၊ မဟုတ်ရင် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်”

“ကျုပ်က ခင်ဗျားကို အကြံပေးချင်ရုံတင်ပါ၊ ကိုယ်နဲ့မဆိုင်တဲ့အရာကို မယူပါနဲ့၊ ကိုယ်နဲ့မထိုက်တန်တဲ့ အရာကိုလည်း လောဘမတက်ပါနဲ့၊ တချို့အရာတွေက ရှင်းရှင်းလင်းလင်း စုံစမ်းလေလေ ပိုကောင်းလေလေ မဟုတ်ဘူး”

မစ္စတာရှစ်ရှစ်က အရာရှိရွှယ်ကို စိုက်ကြည့်လိုက်သည်၊

“ခင်ဗျားက ဝိညာဉ်တွေရဲ့ အရောင်ကို မြင်နိုင်တယ် မဟုတ်လား၊ ကျုပ်ရဲ့ ဝိညာဉ်ကို ကြည့်စမ်းပါဦး၊ ဘယ်လိုအရောင်မျိုးလဲ”

“ညစ်ညမ်းတယ်၊ ရှုပ်ထွေးတယ်၊ အဓိပ္ပါယ်မရှိဘူး ၊ လူသားတစ်ယောက်ရဲ့ အရောင်တောင် မဟုတ်ဘူး၊ ကျုပ်မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးနဲ့ အရှုပ်ထွေးဆုံးအရောင်ပဲ”

အရာရှိရွှယ်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“ကျုပ်ကို လူတွေအများကြီးက ခြိမ်းခြောက်ခဲ့ဖူးတယ်၊ အဲ့ဒီလူတွေ အားလုံးကိုလည်း ကျုပ် ဖမ်းဆီးခဲ့ပြီးသားပဲ”

အရာရှိရွယ်သည် မစ္စတာရှစ်ရှစ်၏ လက်ကို ပုတ်ထုတ်လိုက်ပြီးနောက် ရဲစခန်းသို့ တိုက်ရိုက် မောင်းထွက်လာခဲ့သည်။ သူသည် တတ်နိုင်သမျှ အမြန်ပြေးလာခဲ့သော်လည်း စစ်ကြောရေးအခန်း တံခါးကို ဖွင့်လိုက်ချိန်တွင် ထိုလူကို ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ခေါ်ဆောင်သွားနှင့်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“တောက်… ခွေးမသားတွေ”

အရာရှိရွှယ်သည် သူ့ကို ရှောင်ရှားနေသော ရဲအရာရှိကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“သူတို့ကို ဘယ်သူ လွှတ်ပေးလိုက်တာလဲ”

“ငါ လွှတ်လိုက်တာ”

ချန်ပင်းသည် ရေပူတစ်ခွက်လောင်းထည့်ရင်း လက်ဖက်ခြောက်ထုပ်ကို ဖောက်ထည့်လိုက်သည်။

“မင်းက အစိုးရကို ယှဉ်တိုက်လို့ မရပါဘူး၊ ဘာလို့ ဒါတွေ လုပ်နေရတာလဲ၊ ဒီကိစ္စက ပြီးသွားပြီကွ၊ အဲ့ဒါကို ဆက်စဉ်းစားမနေနဲ့တော့၊ ငါတို့ မြို့ကြီးအတွက် နောက်ထပ်ကြီးမားတဲ့အန္တရာယ်တစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီး နိုင်ငံသားအမြောက်အမြားကို ကယ်တင်နိုင်ခဲ့တာကိုပဲ ဝမ်းသာသင့်တယ်”

“အပြင်မှာ မီးတွေလောင်နေတုန်းပဲ၊ တောအုပ်ကို လူတွေက စိုက်ပျိုးခဲ့တာဆိုရင် အဲ့ဒီသေဆုံးမှုတွေအတွက် သူတို့မှာ တာဝန်ယူသင့်တယ်”

“ဟဲဟဲ”

ချန်ပင်းက လက်ဖက်ခြောက်ထုပ်ကို ဆွဲဖြဲလိုက်ပြီး ရေနွေးပူထဲတွင် လက်ဖက်ခြောက်များ လွင့်မျောနေသည်ကို ကြည့်လိုက်သည်။

“ငါတို့ ရဲတပ်ဖွဲ့ထဲကို တစ်သုတ်တည်း ဝင်လာခဲ့ကြတာ၊ ငါ့မှတ်ဉာဏ်ထဲမှာတော့ မင်းက တရားမျှတမှုကို ဒီလောက်ထိ စွဲလမ်းနေတဲ့သူ မဟုတ်ပါဘူး၊ ဒီအမှုကနေ တခြားတစ်ခုခုကိုများ ရှာတွေ့ခဲ့တာလား”

“ငါ အရင်က လူမိုက်တစ်ယောက် ဖြစ်ခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမဲ့ မှန်ကန်တဲ့အရာတစ်ခုမှာ မှန်ကန်တဲ့အဖြေတစ်ခု ရှိသင့်တယ်”

အရာရှိရွှယ်၏ စိတ်ထဲတွင် ရံဖန်ရံခါ အသံမျိုးစုံပေါ်လာတတ်ပြီး ရှုပ်ထွေးပြီး ရူးသွပ်ဖွယ်မြင်ကွင်းများကိုလည်း အိပ်မက်မက်လေ့ ရှိသည်။ ထိုထူးဆန်းသော ပုံရိပ်များနှင့် အသံများက သူ့ကို တစ်စုံတစ်ခု ပြောပြနေပြီး သူသည် တစ်စုံတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေကြသည်။ သို့သော်လည်း သူကတော့ မည်မျှပင် ကြိုးစားသော်လည်း မကြားနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် ထိုအရာများကို မစဉ်းစားတော့ဘဲ သူလုပ်ချင်ရာကိုလုပ်ကာ သူ၏ ပင်ကိုယ်အသိစိတ်အတိုင်း အမှားအမှန်ကို ရွေးချယ်ခဲ့သည်။

“မင်း ဆရာဝန်နဲ့ အမြန်ဆုံး သွားပြသင့်တယ်လို့ ငါထင်တယ်”

ချန်ပင်းက ခေါင်းခါရင်း ပြောလိုက်သည်။

“မနေ့က ရဲစခန်းရဲ့ တာဝန်ခန်းထဲမှာ မင်းအိပ်ပျော်နေရင်း စကားတွေပြောနေတာကို ငါကြားခဲ့တယ်၊ မင်းက ဥယျာဉ်မှူးရဲ့ အမှုကို စုံစမ်းရတာ အရမ်းစိတ်ဝင်စားသွားပုံရတယ်၊ ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီထဲမှာ ရေးထားတဲ့ ကြောက်စရာမြင်ကွင်းတွေကို မင်းက ပြန်ပြောနေခဲ့တာ”

ဤမြို့ကြီးတွင် ထူးဆန်းသော အပြုအမူမှန်သမျှသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် ဖြစ်သော်လည်း ကမ္ဘာကြီး၏ အရှိတရားကို မေးခွန်းထုတ်ခြင်းနှင့် မြို့တော်၏ အခြေခံအကျဆုံးစည်းမျဉ်းများကို ထိခိုက်စေခြင်းမှာမူ လက်ခံနိုင်ဖွယ် မရှိပေ။ မည်သူမဆို ဖျက်ဆီးလိုသော အပြုအမူများ လုပ်ဆောင်ပါက မည်သူမည်ဝါဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ သီးသန့်ကုသဆောင်သို့ ပို့ဆောင်၍ ကုသခံစေမည် ဖြစ်သည်။

“ငါက ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီထဲကအတိုင်း ပြောနေခဲ့တာလား”

အပိုင်း (၈၅၆) ပျောက်ကွယ်သွားသော မိသားစု

“ဟုတ်တယ်၊ မင်းက ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီထဲက စကားတွေကို ထပ်ခါတလဲလဲ ပြောနေခဲ့တာ၊ စိတ်ပျက်အားငယ်မှုတွေရဲ့ အလွန်မှာ ပိုနက်ရှိုင်းတဲ့ကမ္ဘာတစ်ခု ရှိတယ်ဆိုတာမျိုး၊ အမှောင်ထုနဲ့ သွေးမြို့တော်အကြောင်းတွေပေါ့... တကယ့်ကို ပြဇာတ်ဆန်လွန်းပါတယ်ကွာ”

ချန်ပင်းက ရေနွေးကြမ်းတစ်ငုံသောက်ရင်း အရာရှိရွှယ်ထံသို့ စာရွက်စာတမ်းတစ်ခု ကမ်းပေးလိုက်သည်။

“မင်းမေးချင်တာတွေကို ငါအကုန် မေးမြန်းထားပြီးပြီ၊ ပန်ပန်နဲ့ ဒေါက်တာကောင်းတို့ တောအုပ်ထဲဝင်သွားကတည်းက ငါသူတို့ကို စောင့်ကြည့်နေခဲ့တာ၊ သူတို့အသက်ရှင်လျက် ပြန်ထွက်လာနိုင်အောင် ငါပဲ ကယ်တင်ခဲ့တာလေ၊ အဲ့ဒီအရူးကို စစ်မေးနေမယ့်အစား ငါ့ကိုမေးတာက ပိုအကျိုးရှိလိမ့်မယ်”

“ဒါဆို ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့လေ”

အရာရှိရွှယ်က စိုက်ကြည့်ရင်း မေးလိုက်သည်။ သူသည် အလွန်ဒေါသကြီးသူဖြစ်ပြီး အမြဲတမ်းလိုလို စိတ်တိုနေတတ်ပုံရသည်။ အိပ်မက်ထဲမှာပင် သူသည် အလွန်အမြင်ကတ်စရာကောင်းသော လူတစ်ယောက် ဖြစ်နေတတ်သည်။

စာရွက်စာတမ်းကို လှန်လှောကြည့်ရင်း ချန်ပင်းက အရေးကြီးသောအချက်ကို မျဉ်းသားထားသည်ကို အရာရှိရွှယ် သတိပြုမိသွားသည်။ ၎င်းမှာ ဒေါက်တာကောင်းသည် အဓိကလူနာနှင့် ပုံမှန်အတိုင်း ဆက်သွယ်နိုင်ခဲ့ပြီး နောက်ဆုံးလုပ်ငန်းစဉ်ကိုလည်း ဒေါက်တာကောင်း တစ်ဦးတည်းကပင် လွတ်လပ်စွာ အဆုံးသတ်နိုင်ခဲ့ခြင်းပင်။

“အဲ့ဒီလူက အပြင်းထန်ဆုံး စိတ်ရောဂါကူးစက်မှုတွေကို ခုခံနိုင်တာလား၊ သူက မွေးရာပါကိုယ်ခံအား ရှိတာလား၊ ဒါမှမဟုတ် ပန်ပန်ပြောသလို ဆေးတစ်မျိုးမျိုး သောက်ထားတာလား”

အရာရှိရွှယ်သည် တစ်စုံတစ်ခုကို ဆုပ်ကိုင်မိလိုက်သလို ခံစားရသည်။ သူသည် စာရွက်စာတမ်းကို ယူဆောင်၍ ထွက်လာခဲ့ပြီး ရုံးခန်းသို့ ရောက်မှသာ ဒေါက်တာကောင်း နောက်ဆုံးပေးပို့ထားသည့် မက်ဆေ့ချ်ကို ဖတ်ရန် ဖုန်းကို ပြန်ဖွင့်လိုက်သည်။

“သူ့ရဲ့ လျှို့ဝှက်ချက်က ဟိုလူသားတွေကို ဝါးမြိုတဲ့ အခန်းထဲမှာ ဝှက်ထားတာလား”

အရာရှိရွှယ်သည် လူသားစားအခန်းများရှိသည်ကို လုံးဝမယုံကြည်ပေ။ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခု သို့မဟုတ် လူသားစားသည့် အရူးတစ်ယောက်က ပြဿနာရှာနေခြင်းသာ ဖြစ်လိမ့်မည်ဟု သူယူဆသည်။

“အဲ့ဒီလူက အဓိကလူနာနဲ့ ဦးနှောက်ချင်းဝေမျှပြီးတဲ့နောက်မှာ ဘာတွေကို မြင်ခဲ့တာလဲ”

အရာရှိရွှယ်သည် အလွန်သိချင်စိတ် ပြင်းပြနေလေသည်။ သူသည် ဒေါက်တာကောင်း ချန်ထားခဲ့သော ဦးနှောက်နှင့် ဦးနှောက်ချင်းချိတ်ဆက်ရန် စွန့်စားကြည့်ချင်သည့်စိတ်ပင် ပေါက်လာမိသည်။ သို့သော် ထိုဦးနှောက်၏ ထူးခြားသော သဘောသဘာဝကြောင့် ရဲစခန်းက သဘောတူလိမ့်မည်မဟုတ်ပေ။

“ဦးနှောက်ချိတ်ဆက်တာ...”

အရာရှိရွှယ်သည် ဒေါက်တာကောင်းအကြောင်းကို မသိစိတ်ဖြင့် တွေးတောနေမိသည်။ ထိုလူတွင် တစ်စုံတစ်ရာသော မှော်ဆန်မှုတစ်မျိုး ရှိနေပုံရသည်။

“ငါ ဥယျာဉ်မှူးကို ထပ်ပြီး စစ်မေးရင် ကောင်းမလား၊ ဒါမှမဟုတ် ဒေါက်တာကောင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက်နဲ့ ဦးနှောက်ချင်းချိတ်ဆက်ကြည့်ရမလား”

ဥယျာဉ်မှူးမှာ ရဲစခန်းတွင် မရှိတော့ပေ။ အရာရှိရွှယ်သည် ခဏတာ အနားယူပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့သည့် ရပ်ကွက်ဆီသို့ ကားမောင်းထွက်လာခဲ့သည်။

မီးများကို အတော်အတန် ငြှိမ်းသတ်ပြီးဖြစ်သော်လည်း အိမ်ရာပတ်ဝန်းကျင်တွင် မီးခိုးထူထပ်စွာ ကျန်ရှိနေသေးသည်။ အရာရှိရွှယ်သည် ဒေါက်တာကောင်း၏ အိမ်သို့ လျင်မြန်စွာ ရောက်ရှိလာ၏။ လုံခြုံရေးတံခါး ပွင့်နေသည်ကို သူတွေ့လိုက်ရသည်။

ပစ္စတိုကို ကိုင်ဆောင်လျက် အိမ်ထဲသို့ ဖြည်းညှင်းစွာ ဝင်လိုက်သည်။ အခန်းထဲတွင် အလွန်တိတ်ဆိတ်နေ၏။ နံရံများတွင် အသံလုံပစ္စည်းများ တပ်ဆင်ထားပုံရသဖြင့် အပြင်ဘက်မှ ဆူညံသံများကိုလည်း မကြားရပေ။

အရာရှိရွယ်သည် ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော ကင်မရာကို ဖွင့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ မီးဖိုချောင် လိုက်ကာက မြှောက်တက်သွား၏။ မြင်းကုန်းနှီးတင်ထားသော ကိုယ်လုံးတီးနှင့် သန်မာသည့် လူတစ်ယောက်ထွက်လာကာ မုန်လာဥနီကို ဝါးစားနေသည်ကို တွေ့လိုက်ရသည်။

အရာရှိရွှယ်သည် မျက်ခွံများ အနည်းငယ်လှုပ်ရှားသွားပြီးနောက် သေနတ်ကို အောက်ချလိုက်သည်။

“အိမ်ထဲမှာ တခြားလူ ရှိသေးလား”

“အားလုံး ထွက်သွားကြပြီ”

မာကြီးက မုန်လာဥနီကို ဝါးစားရင်း နံရံကိုမှီကာ ထိုင်လိုက်သည်။

“သူတို့က ဆရာဝန် သွားပြမလို့ဆိုပြီး ထွက်သွားကြတာ”

“ဘယ်ဆရာဝန်လဲ”

“ကျွန်တော်လည်း မသိဘူး”

မာကြီးက လမ်းလျှောက်နေသကဲ့သို့ ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ တွားသွားလိုက်သည်။

“သူတို့ကို ဘယ်လို ဆက်သွယ်ရမလဲ”

“ခင်ဗျားက မြင်းတစ်ကောင်ကို ခက်ခဲအောင် လုပ်နေတာပဲ”

“ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်”

အရာရှိရွှယ်သည် မာကြီး၏ ဇက်ကြိုးကို ဆောင့်ဆွဲ၍ ကြမ်းပြင်တွင် တုပ်နှောင်လိုက်သည်။ ထို့နောက် သဲလွန်စရှာရန် အိမ်ကို ရှာဖွေတော့သည်။ မာကြီးမှာမူ သစ္စာရှိစွာဖြင့် လူတစ်ယောက်က သူ့ကို ခိုးဖို့ ကြိုးစားနေသည်ဟု ဆိုကာ အော်ဟစ်နေခဲ့သည်။

မိနစ်အနည်းငယ် ကြာသောအခါ ကော်ရစ်ဒါလမ်းတွင် ခြေသံများ ပဲ့တင်ထပ်လာလေသည်။ လူအချို့သည် ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာပြီး ဧည့်ခန်းတံခါးဝသို့ ရောက်ရှိလာကြသည်။

“ရပ်လိုက်၊ မင်းတို့က ဘယ်သူတွေလဲ”

အရာရှိရွှယ်က သူ၏ ရဲတံဆိပ်ကို ထုတ်ပြလိုက်ရာ ထိုလူများ ချက်ချင်းရပ်တန့်သွားကြသည်။

“အရာရှိကြီး၊ အထင်မလွဲပါနဲ့၊ ကျွန်မတို့က ဒေါက်တာကောင်းရဲ့ အိမ်နီးချင်းတွေပါ၊ တစ်ယောက်ယောက် အော်နေတာကြားလို့ လာကြည့်တာပါ”

ရှေ့ဆုံးမှ အဘွားအိုသည် ဆံပင်များ တစ်ခေါင်းလုံးဖြူဖွေးနေသော်လည်း အလွန်သဘောကောင်းပုံရပြီး ကျန်းမာရွှင်လန်းနေသည်။

“ခင်ဗျားတို့က ဒီမိသားစုနဲ့ ရင်းနှီးပုံရတယ်”

အရာရှိရွှယ်သည် အိမ်ထဲတွင် အသုံးဝင်မည့်အရာ ဘာမှမတွေ့သဖြင့် အဆောက်အဦးရှိ အိမ်နီးချင်းများကို စတင်မေးမြန်းတော့သည်။

“ဟင့်အင်း၊ မဟုတ်ရပါဘူး၊ လုံးဝမရင်းနှီးပါဘူး၊ ဒီမိသားစုတစ်စုလုံးက စိတ်မနှံ့ကြဘူးလေ၊ သူတို့က ပထမထပ်မှာ နေတာဆိုတော့ ကျွန်မတို့က အောက်ထပ်ဆင်းရင်တောင် သူတို့နဲ့ မဆုံမိအောင် တတ်နိုင်သမျှ ရှောင်ကြရတာပါ”

အဘွားအိုနှင့် နောက်မှပါလာသော အဒေါ်ကြီးများက ခေါင်းများကို အကြိမ်ကြိမ် ခါယမ်းလိုက်ကြသည်။

“အသေးစိတ် ထပ်ပြောပြလို့ ရမလား”

“ဒါကတော့... သူ့မိသားစုက တကယ့်ကို ထူးဆန်းတာ၊ သူတို့က နေ့ခင်းဘက်ဆိုရင်တော့ အရမ်းစည်းစည်းလုံးလုံး ရှိကြပေမဲ့ ညဘက်ရောက်ရင်တော့ အမြဲတမ်း ရန်ဖြစ်ကြတယ်၊ ရိုက်ကြနှက်ကြတာကတော့ အဆန်းမဟုတ်တော့ဘူး”

“ဟုတ်တယ်၊ ဒေါက်တာကောင်းက တကယ့်ကို သနားစရာလေးပါ၊ သူ့အမေက တောအုပ်ကြောင့် မှိုတစ်ပွင့် ဖြစ်သွားတယ်၊ သူ့အဖိုးကတော့ အိပ်ရာထဲမှာ လေဖြတ်နေတာ၊ တစ်ခါတလေမှ သူ့ဦးလေးက အပြင်ထွက်ပြီး နေပူစာလှုံဖို့ တွန်းထုတ်လာပေးတာ၊ သူ့ဦးလေးကလည်း ထူးဆန်းတဲ့လူပဲ၊ သူတစ်ယောက်တည်း စကားတွေပြောနေတာ ပါရာနွိုက် (သူတစ်ပါးကို မယုံကြည်တဲ့) ရောဂါဖြစ်နေသလိုပဲ၊ အရေးကြီးဆုံးက သူတို့အားလုံးရဲ့ ရုပ်ရည်တွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝမတူကြတာပဲ၊ သူစိမ်းတွေစုပြီး မိသားစုလုပ်တမ်း ကစားနေကြသလိုပဲ”

အဒေါ်ကြီးတစ်ယောက်က ဒေါက်တာကောင်းကဲ့သို့ တော်သည့် လူငယ်လေးတစ်ယောက်တွင် ဤကဲ့သို့ ဝန်ထုပ်ဝန်ပိုးများ ရှိနေသည်ကို ကြည့်ကာ သနားနေမိသည်။

“အမေ၊ အဖိုး၊ ဦးလေး၊ ပြီးတော့ ဒီမြင်းပေါ့”

အရာရှိရွှယ်က မြင်းအိုကြီးကို တစ်ချက်ကန်လိုက်ပြီး “ဒေါက်တာကောင်းရဲ့ အဖေအကြောင်းကျတော့ ဘာလို့ တစ်ခါမှ မကြားမိတာလဲ”

အရာရှိရွှယ်၏ မေးခွန်းကို ကြားသောအခါ စုရုံးကြည့်ရှုနေသော အိမ်နီးချင်းများအားလုံး၏ မျက်နှာမှာ တစ်မျိုး ဖြစ်သွားကြသည်။

“ပြောပြလို့မရတဲ့ ကိစ္စလား”

“မဟုတ်ပါဘူး”

ဆံပင်ဖြူနှင့် အဘွားအိုက အိမ်ထဲသို့ တစ်ချက်စောင်းကြည့်လိုက်သည်။

“သူတို့ အားလုံးက ဒေါက်တာကောင်းရဲ့ အဖေအကြောင်းကို ပြောဖူးကြပေမဲ့ ကျွန်မတို့ကတော့ တစ်ခါမှ မမြင်ဖူးဘူး”

“ဒေါက်တာကောင်းကတော့ သူ့အဖေက အမြဲမူးနေတတ်ပြီး သန်းခေါင်ယံအချိန်မှပဲ အရက်ထွက်ဝယ်တတ်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ တစ်ခါက ကျွန်မ ညဘက်အမှိုက်ထွက်ပစ်တော့ အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက်က ပုလင်းခွံအိတ်နှစ်အိတ်ကို သယ်လာပြီး အဆောက်အဦးထဲက ထွက်လာတာ တွေ့လိုက်တယ်၊ ဒေါက်တာကောင်းရဲ့ အဖေပဲလို့ ကျွန်မ ထင်လိုက်တာ၊ ဒါပေမဲ့ သိလား”

အဘွားအို၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“အနားရောက်သွားတော့ အဲ့ဒါ ဒေါက်တာကောင်းရဲ့ အဖေ မဟုတ်ဘူး၊ ဒေါက်တာကောင်း ကိုယ်တိုင် ဖြစ်နေတာ”

“ကျွန်မလည်း ဒေါက်တာကောင်း ညဘက်ကြီး အပြင်ထွက်သွားတာကို တွေ့ဖူးတယ်”

“အဲ့ဒီအဖေကို ဘယ်သူမှ မမြင်ဖူးကြဘူး၊ သူတို့ စိတ်ကူးထဲမှာပဲရှိနေတဲ့ မိသားစုဝင် တစ်ယောက်လိုပဲ”

“ဒီမိသားစုက တော်တော်လေး ကြောက်စရာကောင်းတာပဲ”

“ဟုတ်တယ်၊ ဒါကြောင့် ညဘက်ဆို သူတို့အိမ်ရှေ့က ကျွန်မတို့ ဖြတ်မသွားရဲဘူး”

“နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ပြောပြဦးမယ်၊ တိုက်ခန်းတွေ ခွဲတမ်းချတုန်းက လူတိုင်းကို လျှာရဲ့ အရောင်ကြည့်ပြီး ဆုံးဖြတ်ခဲ့တာလေ၊ ဒေါက်တာကောင်းရဲ့ မိသားစုက နောက်ဆုံးမှ ရွေးရမှာ ဖြစ်ပေမဲ့ သူတို့က ဘယ်လိုနည်းလမ်း သုံးလိုက်လဲမသိဘူး၊ ပထမဆုံး ရွေးခွင့်ရသွားတာ၊ နောက်ပိုင်းမှာ အဲ့ဒီတိုက်ခန်းကို ခွဲတမ်းချခဲ့တဲ့ မန်နေဂျာလီရှို့သေသွားတယ်လေ”

“ကျွန်မလည်း သိတယ်၊ သူက အဲ့ဒီ လူသားစားအိမ်ရာကို ပြောင်းသွားပြီး သုံးရက်မြောက်နေ့မှာတင် ပျောက်သွားတာလို့ ကြားတယ်၊ သူ့သား လီကျိတောင် ကျွန်မတို့ဆီ လာရှာသေးတယ်”

အရာရှိရွှယ်သည် အဘွားအိုများ၏ စကားကို မှတ်တမ်းတင်ထားလိုက်သည်။ လူတိုင်း ပြောနေကြသည့် အိမ်ရာအမည်မှာ သေဆုံးချိန်အိမ်ရာ ဖြစ်သည်။

ထိုအိမ်ရာသည် ရင်ခွဲရုံရိပ်သာလမ်းတွင် ယခင်က အလွန်လူသိနည်းခဲ့သည်။ ထိုအိမ်ရာတွင် အလွန်ကြီးမားသော တာဝါကြီးတစ်ခုသာရှိပြီး ခန္ဓာကိုယ်၏ ပြင်ပလက္ခဏာများ ပြောင်းလဲမှုအလိုက် အချိန်အပိုင်းအခြား (၁၀) ခု ခွဲခြားထားခြင်းဖြစ်သည်။ ၎င်းတို့သည် အဆောက်အဦးအစိတ်အပိုင်း (၁၀) ခုအဖြစ် ကိုယ်စားပြုသည်။

အရာရှိရွှယ်အနေဖြင့် ထိုအိမ်ရာအကြောင်းကို ကောင်းစွာသိရှိထားရခြင်းမှာ ရှင်းလုတွင် ထိုအိမ်ရာထဲ၌ လူသားများကို ဝါးမြိုနိုင်သော အနီရောင်အခန်းတစ်ခန်း ရှိသည်ဟူသော ကောလာဟလများ ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာလည်း ၎င်းကို စုံစမ်းရန် တာဝန်ယူခဲ့ဖူးသည်။

“နောက်ထပ် လူသားစား အခန်းပဲလား”

ဒေါက်တာကောင်းက သူ့ထံ မက်ဆေ့ချ် ပို့လိုက်ကတည်းက အရာအားလုံးသည် ထိုအခန်းကိုသာ ဗဟိုပြုနေတော့သည်။ အရာရှိရွှယ်သည် သူ့ဖုန်းကို ထုတ်ယူကာ ဒေါက်တာကောင်း၏ မိသားစုဝင်များကို ဆက်လက် ရှာဖွေရန် လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်၏။ ထို့နောက် မာကြီးကို ခေါ်ဆောင်ကာ အဆောက်အဦးထဲမှ ထွက်လာခဲ့သည်။ ယနေ့တွင် ထိုအခန်းထဲ မည်သည့်အရာများ ပုန်းကွယ်နေသည်ကို သူ အသေအချာ သွားကြည့်တော့မည် ဖြစ်သည်။

ကားကို စက်နှိုး၍ အရာရှိရွှယ်မောင်းထွက်သွားသည့်အခါ ယခင်က ဖော်ဖော်ရွေရွေ ရှိလှသော အိမ်နီးချင်းများသည် လှေကားထစ်များပေါ်တွင် ရပ်လိုက်ကြပြီး အရိပ်ထဲသို့ ဗလာနတ္ထိ စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာများက အရာရှိရွှယ်သွားရာ လမ်းဘက်သို့ မလှုပ်မယှက် ရှိနေကြသည်။သူတို့သည် အမွှေးတိုင်များကို ထွန်းညှိကာ ပြုံးရွှင်လျက် အရာရှိရွှယ်ကို ဦးညွှတ်နေကြတော့သည်။

All Chapters