← Chapters

အခန်း (၈၅၇-၈၅၈)

Vol. 59 Ch. 857-858

အခန်း (၈၅၇-၈၅၈)

Vol. 59 Ch. 857-858

အပိုင်း (၈၅၇) မသက်မသာခံစားရခြင်း

“ခင်ဗျားမှာ မြင်းတစ်ကောင်လုံးရှိနေတာတောင် ဘာလို့ တခြားသယ်ယူပို့ဆောင်ရေးယာဉ်တွေကို သုံးနေသေးတာလဲ”

“ကျွန်တော်က ကားအပြင်ဘက်မှာပဲ ရှိနေသင့်တာ၊ အထဲမှာ မဟုတ်ဘူး”

“ပါးစပ်ပိတ်ထားစမ်း”

အရာရှိရွှယ်သည် ရှေ့ခန်းတွင် ထိုင်နေသော မာကြီးကို သည်းမခံနိုင်တော့ဘဲ သေနတ်ကိုပင် ဆွဲထုတ်လုနီးပါး ဖြစ်သွားသည်။ ဒေါက်တာကောင်းတွင် မြင်းတစ်ကောင်ရှိသည်ကို သူသိသော်လည်း ဤမြင်းမှာ ဤမျှအာပေါင်အာရင်းသန်သန် စကားပြောတတ်လိမ့်မည်ဟု သူမထင်ထားမိပေ။

“ထိုင်ခုံခါးပတ်ပတ်ထားစမ်း၊ အဲ့ဒါကို ဖြုတ်လိုက်ရင် ငါမင်းကို ပစ်သတ်မိလိမ့်မယ်”

“ခင်ဗျားက မြင်းတစ်ကောင်ကို ထိုင်ခုံခါးပတ်ပတ်ပေးနေတာလား၊ ဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား”

“တိတ်တိတ်နေ”

“ကျွန်တော့်ရဲ့ ဇက်ကြိုးကို ပြန်ပေးလို့ရမလား၊ ဒါက ကျွန်တော့်သခင် ချန်ထားခဲ့တဲ့ အမွေပဲ”

အရာရှိရွှယ်သည် လီဗာကို တစ်ဆုံးနင်းကာ သေဆုံးချိန်အိမ်ရာဆီသို့ ကားကို အမြန်ဆုံး မောင်းနှင်သွားခဲ့သည်။

“ဆင်းတော့”

အရာရှိရွယ်က မာကြီးကို ဆွဲထုတ်လာပြီးနောက် အိမ်ရာဝင်း၏ ခပ်ဟဟဖြစ်နေသော ဂိတ်တံခါးကို ကန်ဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

တောအုပ်မီးလောင်မှုမှာ ဤနေရာအထိ ရောက်မလာသေးပေ။ ဤအိမ်ရာ၏ ပတ်ဝန်းကျင်မှာ အံ့သြစရာကောင်းလောက်အောင် သန့်ရှင်းနေပြီး မြေပြင်ပေါ်တွင် အမှိုက်တစ်စပင် မရှိသလောက်ပင်။

“အထဲရောက်လို့ မင်းစကားတစ်ခွန်းထပ်ပြောရင် ငါမင်းကို မတွန့်မဆုတ် စွန့်ပစ်ခဲ့မှာနော်”

အရာရှိရွှယ်သည် လမ်းခရီးတွင် လူသားစားသည့် အခန်းကို စုံစမ်းစစ်ဆေးခဲ့ဖူးသော အရာရှိထံသို့ ဆက်သွယ်ခဲ့သော်လည်း ထိုအရာရှိမှာ အိမ်မပြန်သည်မှာ ကြာပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောခဲ့ကြသည်။

“အထဲမှာ လူသားစားတဲ့ စိတ္တဇဝေဒနာရှင်တစ်ယောက် ပုန်းနေနိုင်တယ်၊ အန္တရာယ် အရမ်းများတယ်”

“ဒါဆို ကျွန်တော်တို့က ဘာလို့ သွားနေသေးတာလဲ”

မာကြီးက နားမလည်နိုင်စွာ မေးလိုက်သည်။

“ဦးနှောက်အထုတ်ခံလိုက်ရတဲ့ မင်းသခင်ကိုပဲ သွားမေးလိုက်”

အရာရှိရွှယ်သည် ရှေ့သို့ လျှောက်လိုက်သော်လည်း မာကြီးကို ဆွဲခေါ်၍မရသည်ကို တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ မာကြီးသည် မြေပြင်ပေါ်တွင် ဝပ်နေပြီဖြစ်သည်။ သူ့မျက်လုံးများက ချက်ချင်းနီရဲလာပြီး သူ့ကြွက်သားများမှာလည်း မိုးကြိုးပစ်ခံရသည့် ကျောက်တုံးကြီးကဲ့သို့ ဖောင်းကြွလာသည်ကို မြင်လိုက်ရသည်။

“ဒေါက်တာကောင်း သေသွားပြီလား”

တစ်လမ်းလုံး ရယ်မောနောက်ပြောင်လာခဲ့သော မာကြီးသည် ရုတ်တရက် လူသားတစ်ယောက်ကဲ့သို့ ခံစားချက်များ ရှိလာပုံရသည်။

“ငါ နောက်နေတာပါ၊ သူကို ကယ်လို့ရပါသေးတယ်”

အရာရှိရွှယ်သည် စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်ရန်အတွက် ပေါ့ပေါ့ပါးပါးပင် လိမ်ညာလိုက်ရသည်။

“အိုး... သူက ဆရာဝန်ပဲ၊ သူ့အသက်ကို ဘယ်လိုကယ်ရမလဲဆိုတာ သူသိမှာပေါ့၊ ဒီအတိုင်း ဘယ်သေပါ့မလဲ”

မာကြီးသည် အရာရှိရွှယ်ကို စိုက်ကြည့်လိုက်ပြီးနောက် ယခင်ကကဲ့သို့ပင် လွတ်လပ်ပေါ့ပါးသော မြင်းတစ်ကောင်အသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

လူသေပြီး ၁ နာရီမှ ၂ နာရီအတွင်း သွေးခြေဥကွက်များ ပေါ်လာတတ်သည်။ ၂ နာရီမှ ၃ နာရီအတွင်း အလောင်း တောင့်တင်းလာတတ်သည်။ နွေရာသီတွင် ၄ နာရီမှ ၅ နာရီအတွင်း ဗိုက်ပွလာတတ်သည်။ ၈ နာရီမှ ၁၂ နာရီအတွင်း မျက်ကြည်လွှာမှာ အနည်းငယ် နောက်ကျိလာတတ်သည်။ နှစ်ရက်အကြာတွင် သူငယ်အိမ်မှာ လုံးဝနောက်ကျိသွားတတ်သည်။ ၄ ရက်အကြာတွင် လောက်ကောင်များက အရေပြားကို စတင်စားသုံးတတ်သည်။ တစ်လခန့်အကြာတွင် အတွင်းအင်္ဂါများ ကုန်ဆုံးသွားပြီး ရေထဲတွင် တစ်နှစ်ခန့်နစ်မြုပ်နေပါက ခန္ဓာကိုယ်တစ်ခုလုံး ဖယောင်းကဲ့သို့ ပျော့ပြောင်းသွားတတ်သည်...။

အရာရှိရွှယ်သည် အဆောက်အဦး တံခါးတစ်ခုချင်းစီပေါ်ရှိ အမှတ်အသားများကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။ သူသည် ရဲအရာရှိတစ်ဦးဖြစ်သဖြင့် ဤအချက်များကို ကောင်းစွာသိရှိထားသူဖြစ်သည်။ အမှန်စင်စစ် သူသည် ရင်ခွဲရုံရိပ်သာလမ်း တစ်လျှောက်ရှိ အဆောက်အဦးအမည်များမှာ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသနည်းဟု ကြာမြင့်စွာကတည်းက စဉ်းစားခဲ့ဖူးသည်။

“ဒီလမ်းတစ်လျှောက်မှာရှိတဲ့ လူနေအိမ်ရာ ၁၃ ခုလုံးက ထူးဆန်းနေတယ်၊ အလောင်းတစ်လောင်းကို ရင်ခွဲစစ်ဆေးထားသလိုပဲ၊ အိမ်ရာတစ်ခုချင်းစီက အဲ့ဒီအလောင်းသေဆုံးရတဲ့ အကြောင်းရင်းတွေကို ကိုယ်စားပြုနေသလိုပဲ။ အားလုံးကို စုစည်းကြည့်လိုက်ရင် လူတစ်ယောက်ရဲ့ သေဆုံးမှု အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်...”

အရာရှိရွှယ်၏ စိတ်ထဲတွင် ဥယျာဉ်မှူး၏ ဒိုင်ယာရီပါ အကြောင်းအရာများ ဖြတ်ပြေးသွားပြီး သူ့နားထင်များက နာကျင်မှုကြောင့် တုန်လှုပ်သွားသည်။

“ငါ ဘာလို့ ဒီလမ်းကို အရင်က ထူးဆန်းတယ်လို့ မတွေးမိခဲ့တာလဲ၊ ငါ့ရဲ့ မသိစိတ်က ဒီအမည်တွေ ရှိနေတာကို နေသားကျနေပြီး ဘာမှမမှားဘူးလို့ပဲ ထင်နေခဲ့တာလား”

သူငယ်အိမ်နောက်ကျိခြင်းဟု အမည်ပေးထားသော အဆောက်အဦးထဲသို့ မာကြီးကို ဆွဲခေါ်လာရင်း အရာရှိရွှယ်သည် ဓာတ်လှေကားအဟောင်းကို ကြည့်လိုက်သည်။ သံတိုင်များမှာ သံချေးတက်နေပြီး ကြမ်းပြင်ပေါ်တွင် အနက်ရောင် အစွန်းကွက်များ ကျန်ရှိနေ၏။ ခလုတ်ပေါ်ရှိ နံပါတ်များသည် ပွတ်တိုက်လွန်းသဖြင့် ပျက်စီးနေပြီး မျက်နှာပြင်မှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

အိမ်ရာဝင်း၏ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက ဤတာဝါကြီး၏ အတွင်းပိုင်းသည် ညစ်ပတ်ပေရေနေပြီး ထိန်းသိမ်းမှုမှာလည်း အလွန်ညံ့ဖျင်းလှသည်။

“လှေကားကပဲ သွားရအောင်”

“ဓာတ်လှေကားရှိတာပဲ၊ ဘာလို့ လှေကားက သွားမှာလဲ”

မာကြီးက မြေညီထပ်ကိုသာ ပိုနှစ်သက်ပေသည်။

“ဒေါက်တာကောင်းက ကျွန်တော့်ကို လှေကားကနေ တစ်ခါမှ ခေါ်မတက်ဖူးဘူး”

“အဓိပ္ပါယ်မရှိတာတွေ၊ သူက ပထမထပ်မှာ နေတာလေ”

အရာရှိရွှယ်သည် အရေးပေါ်ထွက်ပေါက်တွင် ရပ်တန့်လိုက်သည်။ အဆောက်အဦး၏ ဒီဇိုင်းမှာ ထူးဆန်းလှသည်။ လမ်းလျှောက်သည့် ကော်ရစ်ဒါများသည် အူသိမ်အူမများကဲ့သို့ ကွေ့ကောက်နေလေသည်။ ထပ်ခိုးထောင့်များတွင်ပင် နေထိုင်သူများ ရှိနေကြသည်။ အထပ်တစ်ခုချင်းစီတွင် အထပ်နံပါတ်များ တပ်ထားခြင်းမရှိဘဲ ထူးဆန်းသော သင်္ကေတများဖြင့်သာ မှတ်သားထားသည်။

နံရံများသည် မီးလောင်ထားသကဲ့သို့ အဝါရောင်သန်းနေပြီး ထုံးသုတ်ထားသော အချပ်များ ကွာကျနေကာ အတွင်းမှ မဲမှောင်နေသော အလွှာများ ပေါ်ထွက်နေသည်။ ကြမ်းပြင်ပေါ်တွင် မြေဖြူဖြင့် အဖြူရောင်အဝိုင်းများ ဝိုင်းထားပြီး ၎င်းတို့ကြားတွင် ဆန်စေ့အချို့ကို ဝေဝေဝါးဝါး မြင်နေရသေးသည်။

နှစ်ထပ်ခန့် တက်ပြီးနောက် အရာရှိရွှယ်သည် တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသော မီးဖိုတစ်ခုထဲတွင် ဆေးညွှန်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုဆေးညွှန်းတွင် ပုစဉ်းရင်ကွဲ အခွံများ၊ ကလေးများ၏ သဘာဝအလျောက် ကျွတ်ကျသွားသော သွားများ၊ နံနက်ခင်းနှင်းရည်နှင့် ကလေးငယ်များ ဝတ်ဆင်ထားသော အဝတ်အစားများကို စုဆောင်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

“ဒါတွေ လိုအပ်တဲ့ရောဂါက ဘယ်လိုရောဂါမျိုးလဲ၊ ဒါတွေက ဆေးဖက်ဝင်အပင်တွေနဲ့လည်း မတူဘူး”

မာကြီးသည် လှေကားတက်ရသဖြင့် ဟောဟဲလိုက်နေပြီး ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို ဂရုတစိုက် ရှောင်ကွင်းနေရသည်။

“စိတ်ရောဂါအတွက် ဖြစ်လိမ့်မယ်”

အရာရှိရွှယ်က ပြောကာ သက်သေခံပစ္စည်းအိတ်ကို ထုတ်၍ ထိုဆေးညွှန်းကို ထည့်လိုက်သည်။ အပေါ်သို့ ဆက်သွားသောအခါ အခြားအခန်းတွဲများသို့ ဆက်သွယ်ထားပုံရသည့် မည်သည့်အမှတ်အသားမျှ မရှိသော ကော်ရစ်ဒါတစ်ခုကို တွေ့လိုက်ရသည်။

“လမ်းပျောက်သွားပြီလား”

မာကြီးက မော့ကြည့်လိုက်သည်။

“ခင်ဗျားက ဦးတည်ချက်မရှိဘဲ လျှောက်သွားနေသလိုပဲ”

“သတိထားတာ အကောင်းဆုံးပဲ၊ အန္တရာယ်နဲ့တွေ့ရင် မင်းကိုပဲ အရင်ပစ်ပေါက်လိုက်မှာ”

အရာရှိရွှယ်ကပြောရင်း ကော်ရစ်ဒါတွင်ရပ်ကာ နားစွင့်လိုက်သည်။ အသံတစ်ခုကို သူဝေဝေဝါးဝါး ကြားလိုက်ရသည်။

သူသည် ကိုယ်ကိုကိုင်း၍ ကော်ရစ်ဒါ၏ အခြားတစ်ဖက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ အိမ်တံခါးဝတွင် ရပ်နေသော နွမ်းပါးသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဆံပင်ဖြူအဘွားအိုတစ်ဦးကို သူတွေ့လိုက်ရသည်။ ထိုအဘွားအိုသည် အနက်ရောင် ဆေးသုတ်ထားသော လုံခြုံရေးတံခါးကို ကြည့်ကာ ဆုတောင်းနေလေသည်။

“ကျေးဇူးပြုပြီး... ကျွန်မကို အသက်ရှင်ဖို့ လမ်းလေး ပေးသနားပါ၊ အသက်ရှင်ဖို့ လမ်းလေး ပေးသနားပါ၊ အသက်ရှင်ဖို့ လမ်းလေး ပေးသနားပါ...”

အဘွားအို၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေလေသည်။သူမ၏ နှုတ်ခမ်းများက ကွဲအက်နေကာ မျက်လုံးများမှာလည်း နောက်ကျိနေသည်။ လက်အုပ်ချီထားသော သူမ၏ ခန္ဓာကိုယ်သည်လည်း အချိန်မရွေး လဲကျသွားတော့မည့်အလား တုန်ရီနေပေသည်။

လုံခြုံရေးတံခါးအတွင်းဘက်မှ မည်သည့်အသံမျှ ထွက်မလာပေ။ အိမ်ရှင်မှာ သေဆုံးသွားပုံရသည်။ အဘွားအို၏ လှုပ်ရှားမှုက ပိုပြင်းထန်လာပြီး နောက်ဆုံးတွင် သူမ၏နဖူးမှာ တံခါးနှင့် အကြိမ်ကြိမ် ဆောင့်မိနေတော့သည်။

“ကျေးဇူးပြုပြီး ကျွန်မကို အသက်ရှင်ဖို့ လမ်းလေး ပေးသနားပါ၊ အသက်ရှင်ဖို့ လမ်းလေး ပေးသနားပါ”

အရာရှိရွှယ်က မာကြီးကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။ သူတို့နှစ်ယောက်လုံး အသံမထွက်သော်လည်း အဘွားအိုမှာ အနံ့တစ်ခုခုကို ရလိုက်ပုံရသည်။ ရုတ်တရက် သူမ လှည့်ကြည့်လိုက်သည်။ သူမ၏ နောက်ကျိနေသော မျက်လုံးများက ကော်ရစ်ဒါထောင့်ကို ကြည့်နေသော်လည်း အရာရှိရွှယ်မှာ ထိုနေရာတွင် မရှိတော့ပေ။

မျက်လုံးထောင့်မှတစ်ဆင့် မမြင်နိုင်သောအခန်းထဲသို့ ဖြည်းညှင်းစွာ ဆုတ်ခွာလာရင်း မာကြီး၏ အသံက တိမ်ဝင်သွား၏။

“အဲ့ဒီအဘွားကြီးက တကယ့်ကို ကြောက်စရာကြီးပဲ၊ ကျွန်တော် ဆံပင်တွေတောင် အဆုံးထိ ထောင်ထသွားတယ်”

“ထူးဆန်းတယ်၊ ရင်ခွဲရုံရိပ်သာလမ်းက ဒီအဆောက်အဦးမှာ အရင်က ဘာအမှုမှ မဖြစ်ဖူးဘူး၊ အထဲကလူတွေကလည်း အပြင်မှာဆိုရင် အရမ်းဖော်ရွေကြတာ၊ အခုကျမှ အထဲမှာ ဘာလို့ ဒီလောက်တောင် 'ပုပ်သိုး' နေရတာလဲ”

ရဲတပ်ဖွဲ့အနေဖြင့် ဤအဆောက်အဦးရှိ နေထိုင်သူများအပေါ် ကောင်းမွန်သော အထင်အမြင် ရှိခဲ့သည်။ သူတို့မှာ သူရဲဘောကြောင်လောက်အောင် ကြင်နာတတ်ကြပြီး မည်သည့်အခါမျှ ပြဿနာမရှာခဲ့ကြပေ။ ဤနေရာတွင် လူသားစားသည့် အခန်းရှိသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသော်လည်း နေထိုင်သူများမှာမူ ဘာမှမဖြစ်သကဲ့သို့ နေ့စဉ်နေ့တိုင်း ပျော်ရွှင်နေကြဆဲပင်။

“အဲ့ဒီ လူသားစားတဲ့ အခန်းဆိုတာ သူတို့ကိုယ်တိုင် ဖန်တီးထားတာများလား”

အရာရှိရွှယ်သည် အခြေအနေက ခက်ခဲလာပြီဟု ခံစားလိုက်ရသည်။ စိတ္တဇလူသတ်သမား တစ်ယောက်တည်းဆိုပါက သူသတ်နိုင်သည်ဟု ယုံကြည်ချက်ရှိပေသည်။ သို့သော်လည်း အကယ်၍ 'လူသတ်သမား' သည် အဆောက်အဦးတစ်ခုလုံးရှိ နေထိုင်သူများ ဖြစ်နေပါက အခြေအနေမှာ လုံးဝ ကွဲပြားသွားလိမ့်မည်။

ရှင်းလုတွင် ဂိုဏ်းဂဏများ မရှိပေ။ ကူးစက်တတ်သော အဖွဲ့လိုက် ရူးသွပ်မှုများသာ ရှိသည်။

အရာရှိရွှယ် ချက်ချင်းပင် ဖုန်းဆက်လိုက်သည်။ ရဲစခန်းသည် တောအုပ်ဖြစ်ရပ်၏ နောက်ဆက်တွဲများကို ကိုင်တွယ်နေရပြီး အငြင်းပွားမှုများကို ငြှိမ်းသတ်ရန် ကြိုးစားနေရသည်။ ရဲချုပ်ကလည်း သူ့အား ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေရန်နှင့် မည်သည့်ပြဿနာမျှ မရှာရန် အထူးသတိပေးလိုက်သည်။

ရဲအရာရှိများကို ခေါ်မရနိုင်သဖြင့် အရာရှိရွှယ်သည် အခြားဖုန်းတစ်လုံးကို ဆက်ကာ သူ၏ သတင်းပေးများနှင့် လူမိုက်များကို လာရောက်ကူညီရန် ညွှန်ကြားလိုက်သည်။

“ဒေါက်တာကောင်းက ငါသိချင်တဲ့အရာကို လူသားစားတဲ့ အခန်းထဲမှာ ဝှက်ထားခဲ့တာ၊ သိတဲ့သူ နည်းလေ ပိုကောင်းလေပဲ၊ လူတွေ ရောက်လာပြီဆိုတာနဲ့ ချက်ချင်း လှုပ်ရှားမယ်”

ခေတ္တမျှစောင့်ဆိုင်းနေသော်လည်း လက်အောက်ငယ်သားများထံမှ အကြောင်းပြန်ချက် မရရှိသဖြင့် အရာရှိရွှယ်သည် အောက်ထပ်သို့ဆင်းကာ စစ်ဆေးရန် ပြင်လိုက်သည်။ သို့သော် သူသည် ဆက်သွယ်ထားသော ကော်ရစ်ဒါသို့ ရောက်သည်နှင့် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံလိုက်မိသည်။

လှည့်ကြည့်လိုက်သောအခါ ခေါင်းငုံ့လျက် သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော အဘွားအိုကို တွေ့လိုက်ရသည်။

အပိုင်း (၈၅၈) အစုလိုက်အပြုံလိုက်ရူးသွပ်မှု

“မင်းမေ…”

မာကြီးက ဗီဇအတိုင်း ဆဲဆိုလိုက်ပြီး အရာရှိရွှယ်နောက်သို့ အလောတကြီး ဝင်ပုန်းလိုက်သည်။

“ဒီအဘွားကြီး ဘယ်အချိန်ကတည်းက ရောက်လာတာလဲ၊ အသံတစ်စက်တောင် မကြားရပါလား”

ထိုအဘွားအိုသည် လက်အုပ်ချီလျက် အရာရှိရွှယ်ကို ဦးညွှတ်ကာ တစ်စုံတစ်ခုကို ခပ်တိုးတိုးရေရွတ်နေလေသည်။ သူမသည် သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်မှုမရှိစွာပင် ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး ကိုင်းညွှတ်၍ ဂါရဝပြုနေခြင်းဖြစ်သည်။

“ဒါက ခင်ဗျားကို သက်တမ်းတိုအောင် လုပ်နေတာလား”

မာကြီးသည် ဤမြင်ကွင်းကို အဓိပ္ပာယ်မရှိ ထူးဆန်းနေသည်ဟု ခံစားရသည်။ အဘွားအိုမှာ အနားသို့ တိုးမလာသော်လည်း သူတို့နောက်သို့သာ တကောက်ကောက် လိုက်ပါနေခဲ့သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အရာရှိရွှယ်သည် မည်သူ့ကိုမျှ မတွေ့ရသလို စောင့်ကြည့်ကင်မရာများလည်း မရှိပေ။ သူသည် ဘေးလွယ်အိတ်ထဲမှ သေနတ်ကို ထုတ်လိုက်ပြီး အနက်ရောင်ပြောင်းဝဖြင့် အဘွားအိုကို ချိန်ရွယ်လိုက်သည်။

“သွားစမ်း… စုံစမ်းစစ်ဆေးမှုကို လာမနှောင့်ယှက်နဲ့”

အဘွားအိုမှာ လုံးဝနားမထောင်ဘဲ ရူးသွပ်နေပုံရသည်။ သူမ၏ စကားပြောသံမှာ ပိုမိုမြန်ဆန်လာပြီး နားမလည်နိုင်သော အသံများဖြစ်လာရာ အတော်လေး ကျောချမ်းစရာ ကောင်းလှသည်။

“စိတ်ဖောက်ပြန်နေတာလား၊ ဒါဒုတိယအကြိမ် သတိပေးတာနော်၊ သွားတော့”

အရာရှိရွှယ်သည် လူတိုင်းကို တန်းတူဆက်ဆံတတ်သူဖြစ်ရာ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ မျက်နှာသာပေးလေ့မရှိပေ။ သူသည် နောက်ဆုတ်မသွားသည့်အပြင် လေးလံသော သေနတ်ပြောင်းဖြင့် အဘွားအို၏ ဦးခေါင်းကို ဖိထားလိုက်သည်။

“တတိယအကြိမ် သတိပေးချက်၊ ခင်ဗျားမရပ်ဘူးဆိုရင် ဒါက ရဲအရာရှိကို ရန်ပြုတာနဲ့ ဝတ္တရားနှောင့်ယှက်မှုအဖြစ် သတ်မှတ်မယ်”

“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...”

အဘွားအို၏ နောက်ကျိနေသော မျက်လုံးများသည် ညစ်ပတ်ပေရေနေသည့် ဆံပင်ဖြူများကြားမှ အရာရှိရွှယ်ကို စိုက်ကြည့်နေလေသည်။ သူမ၏ အကြည့်သည် လူသားတစ်ယောက်၏ အကြည့်နှင့်မတူဘဲ တောင့်တမှုနှင့် ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေလေသည်။

“ငါကပဲ ကျေးဇူးပြုပေးလိုက်မယ်”

အရာရှိရွှယ်က သေနတ်ဒင်ကို မြှောက်ကာ အားဖြင့်ဆောင့်ချလိုက်ရာ အဘွားအိုမှာ လှေကားထစ်ပေါ်သို့ ပြိုလဲကျသွား၏။ သူသည် လက်ထိပ်ထုတ်၍ ဖမ်းဆီးရန် ပြင်လိုက်သော်လည်း ဤကဲ့သို့ အိုမင်းမစွမ်းအဘွားအိုတစ်ယောက်ကို လက်ထိပ်ခတ်ရခြင်းက နှမြောစရာကောင်းသည်ဟု ခံစားရပုံပေါ်သည်။ထို့ကြောင့် သေနတ်ဒင်ဖြင့် နောက်ထပ် အကြိမ်ကြိမ် ထပ်မံထုရိုက်လိုက်ရာ အဘွားအိုမှာ မတ်တတ်ပင် မရပ်နိုင်တော့ပေ။

“ခင်ဗျားက အဘွားကြီးတစ်ယောက်ကို ဒီလောက်တောင် ရိုက်နှက်တာလား”

မာကြီး တုန်လှုပ်သွားသည်။ ယဉ်ကျေးသိမ်မွေ့သော ဒေါက်တာကောင်းနှင့်မတူဘဲ အရာရှိရွှယ်၏ အတွင်းစိတ်ထဲတွင် အကြမ်းဖက်မှုများ ကိန်းအောင်းနေခြင်းဖြစ်သည်။ မာကြီးသည် သူ၏ မျက်လုံးအိမ်အတွင်းပိုင်း၌ သွေးဆာနေသည့် အရိပ်အယောင်တစ်ခုကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။

“ဒါကို ဘယ်သူမြင်လို့လဲ၊ သက်သေလိုတယ်လေ”

အရာရှိရွှယ်မှာ စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူ၏ သတင်းပေးများထဲမှ မည်သူမဆို သူ့ကိုယ်စား အပြစ်ဝန်ခံပေးရန် အသင့်ရှိနေကြသည်။

ပထမထပ်သို့ ပြန်ဆင်းလာရာတွင် အရာရှိရွှယ်သည် အချိန်အများကြီး မကုန်ဆုံးခဲ့သော်လည်း ဤနေရာရှိ အခြေအနေမှာ ယခင်နှင့် မတူတော့ပေ။

ဆက်သွယ်ထားသော ကော်ရစ်ဒါလမ်း၏အထက်ဘက် အိမ်တံခါးတစ်ခုချင်းစီ၏ အပြင်ဘက်၌ အဖြူအမဲဓာတ်ပုံတစ်ပုံစီ ချိတ်ဆွဲထားပြီး ဘေးတွင် သစ်သီးများနှင့် ဆန်များကို ပုံထားသည်။ ဓာတ်ပုံထဲမှ လူများသည် သင်သတိမထားမိသည့်အချိန်တွင် ချောင်းကြည့်နေကြမည့်အလား သက်ဝင်လှုပ်ရှားသော အမူအရာများရှိနေကြသည်။

“အခန်းတံခါးက သော့ခတ်ထားပုံရတယ်”

ကော်ရစ်ဒါ၏ အခြားတစ်ဖက်မှ အသုဘငွေစက္ကူများ မီးရှို့နေသည့် အနံ့များ လွင့်ပျံလာ၏။ တာဝါအတွင်းပိုင်း၌ မီးခိုးများသည် လွင့်ပါးမသွားနိုင်ဘဲ အထဲတွင်သာ ပိတ်မိနေပေသည်။ နေထိုင်သူများထံမှလည်း မည်သည့်တိုင်တန်းသံ သို့မဟုတ် မကျေနပ်သံမှ ထွက်မလာပေ။ အခန်းတံခါးတိုင်းကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး စောစောက ရူးသွပ်နေသော အဘွားအိုမှလွဲ၍ လှေကားခွင်ထဲတွင် ဘယ်သူမှ ရှိမနေပေ။

အရာရှိရွှယ်သည် အခန်းတံခါးကို အကြိမ်ကြိမ် ကန်ကျောက်သော်လည်း သံတံခါးမှာ မတုန်မလှုပ် ရှိနေလေသည်။ ကျယ်လောင်သော အသံများကြောင့် ပတ်ဝန်းကျင်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာတော့သည်။ အရာရှိရွှယ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။ သူသည် အကူအညီလှမ်းခေါ်ရင်း အရေးပေါ်ထွက်ပေါက်ဘက်သို့ ဆုတ်ခွာသွား၏။ လွင့်မျောနေသော မီးခိုးများကြားတွင် တစ်စုံတစ်ခု ချဉ်းကပ်လာနေပုံရသည်။

“အသံမထွက်နဲ့၊ ဒီအတိုင်းနေ”

အရာရှိရွှယ်သည် ကိုယ်ကိုကိုင်း၍ လောင်ကျွမ်းနေသော အသုဘငွေစက္ကူများ၏ ရှုထောင့်မှ ကော်ရစ်ဒါအတွင်းသို့ ချောင်းကြည့်လိုက်သည်။ မီးခိုးများကြားတွင် အနီရောင်အဝတ်အစားများ ယိမ်းထိုးနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရလေသည်။ ၎င်းမှာ ထူးဆန်းသော ဦးထုပ်တစ်လုံးနှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရာတစ်ခုဖြစ်သည်။

၎င်းကို 'အရာဝတ္ထု' ဟု တင်စားရခြင်းမှာ ၎င်း၏ လှုပ်ရှားမှုများသည် လူသားတစ်ယောက်နှင့် လုံးဝမတူဘဲ တစ်ခါတစ်ရံ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသောကြောင့်ဖြစ်သည်။ ၎င်းသည် အမြင့်ခြောက်ပေခွဲခန့် ရှိပုံရပြီး မျက်နှာတွင် 'အသက်ရှည်ခြင်း' ဟူသော ဖောင်းကြွစာလုံးပါသည့် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။ ၎င်း၏ ဘယ်ဘက်လက်မှာ အပ်၊ အပ်ချည်နှင့် သက်ရှည်ထုပ်များဖြင့် ပြည့်နေသော တောင်းတစ်တောင်းကို လှုပ်ခါနေပြီး ညာဘက်လက်တွင်မူ သံချေးတက်နေသော အနက်ရောင် ကတ်ကြေးတစ်လက်ကို ကိုင်ထားကာ မီးခိုးနှင့် ဖုန်မှုန့်များကြားတွင် တစ်စုံတစ်ခုကို အဆက်မပြတ် ညှပ်နေလေသည်။

“လှည့်စားနေတာပဲ”

အကယ်၍ အခန်းတံခါးသာ သော့ခတ်မထားပါက အရာရှိရွှယ်သည် ၎င်းကို သေနတ်ဖြင့် ပစ်သတ်ပြီး ရုပ်ပိုင်းဆိုင်ရာအရ နှင်ထုတ်နိုင်မလားဟု စမ်းသပ်ကြည့်မိပေလိမ့်မည်။ သူသည် ဤထူးဆန်းသော သတ္တဝါများအပေါ် မည်သည့် ကြောက်ရွံ့ရိုသေမှုမျှ မရှိဘဲ စိတ်အနှောင့်အယှက်သာ ဖြစ်မိသည်။ သူသည် သူ့အရေပြားကို ခွာထုတ်၍ သွေးစိမ်းရှင်ရှင် ဒဏ်ရာများရအောင် ကုတ်ဖဲ့ပြီး ၎င်းတို့ကို အသည်းအသန် ကိုက်ခဲပစ်ချင်သည့် စိတ်ရိုင်းများသာ ပြင်းပြနေလေသည်။

“ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီထဲမှာတော့ ဒီကမ္ဘာပေါ်က လူတိုင်းဟာ ဖျားနာနေကြတာဖြစ်ပြီး လူတစ်ယောက်က ပိုပြီး ပုံမှန်ဖြစ်လေလေ ပိုပြီးတော့ ပုံမှန်မဟုတ်လေလေပဲလို့ ဆိုထားတယ်၊ ငါ့ရဲ့ မသိစိတ်ကနေ ပြနေတဲ့ လက္ခဏာတွေအားလုံးကလည်း သူ့ရဲ့ ပြောကြားချက်ကို ထောက်ခံနေသလိုပဲ၊ ပညာမတတ်တဲ့ ဥယျာဉ်မှူးတစ်ယောက်က ဘယ်လိုလုပ်ပြီး အရာရာကို ဒီလောက် ရှင်းရှင်းလင်းလင်း မြင်နိုင်ရတာလဲ၊ ဒါက သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်လား၊ ဒါမှမဟုတ် ဒေါက်တာကောင်းက သူ့ကို သင်ပေးထားတာလား”

အရာရှိရွှယ် အတွေးနက်နေစဉ် မာကြီးက သတိပေးလိုက်သဖြင့် လှေကားခွင်ဘက်သို့ အာရုံပြန်စိုက်လိုက်သည်။

မျက်နှာဖုံးစွပ်ထားသော ပုံပျက်ပန်းပျက် အနီရောင်ပုံရိပ်ကြီးသည် နောက်ထပ် အခန်းတစ်ခု၏ ဆက်သွယ်ရေးကော်ရစ်ဒါထဲသို့ ဝင်ရောက်သွားသည်။ အိမ်ထောင်စုတိုင်း တံခါးများကို ပိတ်ထားကြသည်။ မီးခိုးနှင့် ဖုန်မှုန့်များ အနည်းငယ်ကင်းစင်သွားပြီးနောက်တွင် လူငယ်တစ်ယောက် ပေါ်လာလေသည်။ သူသည် ကွယ်လွန်သူ၏ ဓာတ်ပုံတစ်ပုံကို ကိုင်ဆောင်ထားပြီး ပူဇော်ထားသော သစ်သီးများကို သူ့အိတ်ကပ်ထဲသို့ အတင်းထည့်နေခဲ့သည်။

“ဒီကောင်လေးကတော့...”

အရာရှိရွှယ်သည် ကိုယ်ကိုရှေ့သို့ကိုင်းကာ အသံတိတ် ချဉ်းကပ်လိုက်သည်။ လည်ပင်းညှစ်အိမ်ရာမှ အိမ်နီးချင်းများနှင့် စကားပြောဆိုပြီးနောက် သူသည် လီရှို့နှင့် လီကျိတို့၏ ဓာတ်ပုံများကို အထူးတလည် ရှာဖွေခဲ့သည်။ အခု သူ့ရှေ့မှ လူငယ်သည် လီကျိဖြစ်ပြီး သူကိုင်ထားသော ဓာတ်ပုံမှာ တိုက်ခန်းခွဲတမ်းချရာတွင် တာဝန်ခံဖြစ်ခဲ့သည့် လီရှို့၏ဓာတ်ပုံပင် ဖြစ်သည်။

“အဲ့ဒီအိမ်နီးချင်းတွေက လီရှို့ဟာ ဒီရပ်ကွက်ထဲမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး သူ့သားက လိုက်ရှာနေတာလို့ ပြောခဲ့ကြတယ်၊ လီကျိဟာ ဒီသေဆုံးချိန်အိမ်ရာထဲမှာပဲ တစ်ချိန်လုံး နေထိုင်နေခဲ့ပြီး တစ်ခါမှ ထွက်မသွားခဲ့တာများလား”

အရာရှိရွှယ်တွင် ရှင်းလင်းလိုသော မေးခွန်းများစွာ ရှိပေသည်။ ဥပမာအားဖြင့် ဒေါက်တာကောင်း၏ မိသားစုတွင် အဖေဖြစ်သူ အမှန်တကယ် ရှိ၊ မရှိ ဆိုသည်မျိုး ဖြစ်သည်။

ထူးဆန်းသော အနီရောင်အရာကြီး အဝေးသို့ ရောက်သွားသည်နှင့် အရာရှိရွှယ်သည် ချက်ချင်း ပြေးထွက်သွားပြီး လီကျိကို နောက်ကွယ်မှ ဖမ်းချုပ်၍ နံရံနှင့် ဆောင့်ကပ်လိုက်သည်။

“မလှုပ်နဲ့၊ ငါက ရဲပဲ”

လီကျိမှာ လန့်ဖျန့်သွားသည်။ သူ၏မျက်လုံးများသည် ပြန့်ကျဲနေသော စက်လုံးများကဲ့သို့ မျက်လုံးအိမ်အတွင်း ဟိုဟိုဒီဒီ လိမ့်နေပြီး အာရုံမစိုက်နိုင်ပေ။ သူ၏ လက်မောင်းများမှာလည်း အရိုးမရှိသကဲ့သို့ ပျော့ခွေနေပြီး မည်သည့် ခွန်အားမျှ မရှိချေ။

“မင်းရဲ့အဖေ လီရှို့ပျောက်ဆုံးတဲ့အမှုကို စုံစမ်းဖို့ ငါလာခဲ့တာပဲ၊ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပါ”

“ပူးပေါင်းပါ့မယ်... ဟီးဟီး... ငါ့ကို မသတ်ပါနဲ့... ပူးပေါင်းပါ့မယ်...”

လီကျိ၏ စကားများသည် အဆက်အစပ်မရှိချေ။ သူသည် အတော်လေး စိတ်ထွေပြားနေပုံရသည်။

“မင်း ဒီအဆောက်အဦးထဲမှာပဲ တစ်ချိန်လုံးနေနေတာလား၊ အပြင်ကို တစ်ခါမှ မထွက်ဘူးလား”

အရာရှိရွှယ်သည် လီကျိ၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် စက္ကူပြာမှုန့်များ ထူထပ်စွာ ဖုံးလွှမ်းနေ၏။

“ငါ... ငါက သေတ္တာထဲမှာ နေတာ”

“သေတ္တာ”

“အနက်ရောင်သေတ္တာ၊ အဖြူရောင်သေတ္တာ၊ ပြီးတော့ အနီရောင်သေတ္တာကြီး... အနီရောင်သေတ္တာကြီးထဲမှာ ပါးစပ်တွေအပြည့်ပဲ၊ စားတယ်၊ စားတယ်... ဘယ်တော့မှ မဝဘူး၊ ဘယ်တော့မှ မဝဘူး”

လီကျိက တခစ်ခစ် ရယ်ပြန်သည်။ သူ၏ ခန္ဓာကိုယ်သည် ခေါက်ဆွဲပြားကဲ့သို့ ပိန်လှီနေလေသည်။ သာမန်အားဖြင့် သူသည် ထိုမျှ အသက်မကြီးသေးသော်လည်း သူ၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နေပြီး နားထင်နှစ်ဖက်မှာလည်း ဖြူဖွေးနေပြီဖြစ်သည်။

စကားပြောနေရင်း လီကျိသည် လက်ခုပ်တီးကာ အရူးလို ရယ်မောနေခဲ့သည်။ ထိုဆူညံများကြောင့် ဘေးတစ်ဖက်တစ်ချက်ရှိ အခန်းများမှ ခြေသံများ ကြားလိုက်ရသည်။ အရာရှိရွှယ်သည် တစ်စုံတစ်ယောက်က ချောင်းကြည့်ပေါက်မှ ချောင်းကြည့်နေမည်ကို စိုးသဖြင့် လီကျိကို အရေးပေါ်ထွက်ပေါက်ဆီသို့ ဆွဲခေါ်သွားချင်နေသည်။

သူ လှုပ်ရှားလိုက်စဉ် မာကြီးက သတိပေးလိုက်သည်။

“အရာရှိရွှယ်၊ ဟိုအနီရောင်မကောင်းဆိုးဝါးကြီး ရပ်သွားပြီထင်တယ်၊ သူ... သူ နောက်ပြန်လှည့်လာနေပြီ၊ ကျွန်တော်တို့ဆီ လာနေပြီ”

အနီရောင်မကောင်းဆိုးဝါးမှာ အလွန်လျင်မြန်လှသည်။ မာကြီးက ထွက်ပြေးတော့သည်။ အရာရှိရွှယ်သည် တစ်ဖက်က လီကျိကို ဆွဲထားပြီး ကျန်တစ်ဖက်ဖြင့် သေနတ်ကို ကိုင်ထားလိုက်သည်။ သူသည် မာကြီးကို မျက်ခြေမပြတ်ချင်သဖြင့် မာကြီးနောက်သို့ လိုက်ကာ အရေးပေါ်ထွက်ပေါက်ထဲသို့ ပြေးဝင်လိုက်ရသည်။

လာရာလမ်းအတိုင်း ပြန်ပြေးလာကြရာ လှေကားပေါ်တွင် လဲကျနေခဲ့သော အဘွားအိုမှာ မရှိတော့ပေ။ အရာရှိရွှယ်သည် ထိုအကြောင်းကို ထပ်မစဉ်းစားအားဘဲ ငါးထပ်မြောက်အထိ ပြေးတက်လာပြီးမှ မာကြီးကို မှီသွားတော့သည်။

“စိတ်အေးအေးထားစမ်း”

ဤအဆောက်အဦးမှာ မလုံခြုံသဖြင့် အရာရှိရွှယ်သည် အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားချင်နေခဲ့သည်။ သူသည် လီကျိကို ဆွဲခေါ်လာပြီး သူ့ရှေ့တွင် ရပ်ခိုင်းလိုက်သည်။

“မင်းနေတဲ့နေရာကို ငါ့ကို ခေါ်သွားစမ်း”

လီကျိမှာ ရူးပေါပေါဖြင့် ပြုံးနေပြီး နားလည်ပုံမရပေ။ သူသည် သူ၏ ပျော့ခွေနေသော လက်ကို မြှောက်၍ လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။ သူတို့နှစ်ယောက်နှင့် မာကြီးတို့သည် ငါးထပ်မြောက် ထောင့်တစ်နေရာရှိ မထင်မရှား ငှားရမ်းထားသော အခန်းတစ်ခန်းသို့ ရောက်ရှိလာကြသည်။

တံခါးပေါ်တွင် ကြော်ငြာစာရွက်များ ကပ်ထားပြီး ကြမ်းပြင်ပေါ်တွင်လည်း ညစ်ပတ်ပေရေမှုများနှင့် ပုပ်သိုးနေသော ဟင်းသီးဟင်းရွက်အရွက်များ ပြန့်ကျဲနေလေသည်။ ဘေးနံရံတွင်လည်း လက်သည်းရာများ ရှိနေခဲ့သည်။ အခြားတစ်ဖက်တွင်မူ အနီရောင်ပိတ်စများဖြင့် ထုပ်ပိုးထားသော အဟောင်းအနွမ်းပစ္စည်းမျိုးစုံ ထည့်ထားသည့် စင်ကြီးတစ်ခု ရှိနေပေသည်။

All Chapters