အခန်း (၈၅၉-၈၆၀)
Vol. 59 Ch. 859-860
အပိုင်း (၈၅၉) သက်ရှည်ပန်ကိတ်
“မင်း ဒီမှာနေတာလား”
အရာရှိရွှယ်သည် အချိန်ဆွဲသူများကို အလွန်အမင်း မုန်းတီးသူဖြစ်သည်။ သူသည် လီကျိ၏ အိတ်ကပ်ထဲမှ သော့တွဲတစ်တွဲကို နှိုက်ယူ၍ အကြိမ်အနည်းငယ် စမ်းဖွင့်ကြည့်ပြီးနောက် ငှားရမ်းထားသော အခန်းတံခါးကို ဖွင့်လိုက်သည်။
“ဝင်စမ်း”
ငှားထားသည့် အခန်းမှာ မကျယ်လှဘဲ အမှိုက်ပုံတစ်ခုကဲ့သို့ ညစ်ပတ်ပေရေနေလေသည်။ လူနေထိုင်ရန်ပင် မသင့်တော်လှပေ။ သို့သော် ဤနေရာသို့ ပြန်ရောက်လာပြီးနောက် လီကျိမှာ သိသိသာသာ တည်ငြိမ်သွားသည်။ သူသည် ရူးပေါပေါပြုံးလိုက်ပြီး လီရှို့၏ ဓာတ်ပုံကို တစ်ခုတည်းသော သန့်ရှင်းနေသည့် စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူရှာဖွေလာသည့် သစ်သီးများကို အကြိမ်ကြိမ်ပွတ်တိုက်ပြီး ဓာတ်ပုံဘေးတွင် ချထားလိုက်သည်။
အရာရှိရွှယ်က လီကျိကို မနှောင့်ယှက်ပေ။သူသည် မျက်မှောင်ကြုတ်လျက် အသုံးဝင်မည့် သဲလွန်စများ ရှာဖွေရန် အခန်းကို စတင်ရှာဖွေတော့သည်။
ရှုပ်ပွနေသော အမှိုက်များကို တွန်းဖယ်လိုက်ရင်း အရာရှိရွှယ်သည် ထောင့်တစ်နေရာ၌ လီကျိ၏ အခန်းငှားရမ်းခမှတ်တမ်းကို တွေ့လိုက်ရသည်။ ၎င်းမှာ လစဉ်အသုံးစရိတ်နှင့် သန့်ရှင်းရေးခများကို စာရင်းပြုစုထားသည့် ဟောင်းနွမ်းနေသော မှတ်တမ်းစာအုပ်တစ်အုပ် ဖြစ်သည်။ လှန်လှောကြည့်ရှုလိုက်ရာ လီကျိသည် ဤနေရာတွင် အနည်းဆုံး တစ်နှစ်ခန့် ငှားရမ်းနေထိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ စာအုပ်ကြားတွင် လီကျိ စတင်ပြောင်းရွှေ့လာစဉ်က ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ ညှပ်ထားသည်။ ဓာတ်ပုံထဲတွင် သူသည် တက်ကြွရွှင်လန်းကာ ကြွက်သားအဖုအထစ်များနှင့် ခွန်အားပြည့်ဝနေသည့် လူငယ်တစ်ဦး ဖြစ်သည်။
“ဒီလို လူချောလေးက ဘာဖြစ်သွားတာလဲ၊ အခုတော့ တစ်ဝက်သေနေသလိုပဲ”
မာကြီးသည်လည်း အနားသို့ ရောက်လာပြီး လီကျိ၏ အပြောင်းအလဲကို ကြည့်ကာ အံ့အားသင့်သွားမိသည်။
လီကျိသည် တစ်စုံတစ်ယောက်ကို ရှာဖွေရန် သေဆုံးချိန်အိမ်ရာသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုလူကို ရှာမတွေ့ခဲ့ဘဲ သူ့ကိုယ်သူသာ ဒုက္ခတွင်းထဲ ဆွဲသွင်းမိသွားပုံရသည်။
ဓာတ်ပုံကို ပူဇော်နေသော လီကျိကို ကြည့်ရင်း အရာရှိရွှယ်မှာ နားမလည်နိုင် ဖြစ်နေရသည်။ လီကျိသည် အိမ်ရာထဲတွင် အမှိုက်များ လိုက်လံစုဆောင်းနေခဲ့ပုံရပြီး အခန်းထဲတွင် အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေလေသည်။ အချို့အရာများမှာ လီကျိ တစ်သက်လုံး သုံးဖြစ်မည်မဟုတ်သည့် ပစ္စည်းများဖြစ်သည်။ ဥပမာအားဖြင့် စုတ်ပြဲနေသော အမျိုးသမီးဝတ် အနီရောင်အဝတ်အစားအချို့နှင့် အဘွားအိုဝတ် ဖိနပ်အဟောင်းများကဲ့သို့သော အရာများ ဖြစ်သည်။
ပူဇော်မှုပြီးဆုံးသောအခါ လီကျိသည် ပူဇော်စင်အောက်တွင် ကွေးကောက်နေရင်း သူ၏ အားနည်းသော လက်ကို ဝေ့ယမ်းကာ အရာရှိရွှယ်နှင့် မာကြီးကို ပြောလိုက်သည်။
“ခင်ဗျားတို့လည်း ဒီမှာ ပုန်းနေကြ၊ သူတို့ မကြာခင် လာတော့မယ်”
“သူတို့ လာတော့မယ်ဆိုတာ ဘာကို ပြောတာလဲ”
အရာရှိရွှယ်က ပုန်းမနေပေ။ သူသည် တံခါးနားသို့ လျှောက်သွား၍ အပြင်ဘက်ကို အာရုံစိုက် နားစွင့်လိုက်သည်။ မကြာမီတွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။ အရာရှိရွှယ်သည် တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ရာ စုတ်ပြဲနေသော အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် တံခါးဘက်သို့ ဦးညွှတ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အမွှေးတိုင်သုံးတိုင်ကို ကိုင်ထားပြီး ပါးစပ်မှလည်း ပုရွက်ဆိတ်များ တွားသွားသကဲ့သို့ တတွတ်တွတ် ရေရွတ်နေလေသည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...”
ဦးညွှတ်ပြီးနောက် အဘိုးအိုသည် တံခါးနောက်ကွယ်တွင် လူရှိနေသည်ကို အာရုံခံမိပုံရသည်။ သူသည် ချောင်းကြည့်ပေါက်ဆီသို့ တိုးကပ်လာပြီး အသည်းအသန် တောင်းပန်တော့သည်။
“ကျွန်တော် သေတော့မယ်၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး…ခင်ဗျား ကြားနေတာ ကျွန်တော် သိတယ်၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး”
အရာရှိရွှယ်၏ အကြောက်အရွံ့ကင်းတတ်သော စိတ်ထားနှင့်ပင် နောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။ အဘိုးအိုမှာ တံခါးကို ထုရိုက်နေကာ သူ၏ ခန္ဓာကိုယ်ကို တံခါးနှင့် ဖိကပ်ထား၏။ သူ့အသံမှာလည်း ပို၍ ကျယ်လောင်လာလေသည်။ ၎င်းမှာ တောင်းပန်နေခြင်း မဟုတ်ဘဲ သေမင်းတံခါးခေါက်သံနှင့်သာ တူနေတော့သည်။
တံခါးက တုန်ခါနေခဲ့သည်။ အရာရှိရွှယ်၏ မျက်နှာက ဖြူဖျော့သွားသည်။ ဤရူးသွပ်နေသော အဘိုးအို၏ လုပ်ရပ်ကြောင့် အဆောက်အဦးအတွင်းရှိ လူတိုင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကြားသွားနိုင်ပြီး အနီရောင်မကောင်းဆိုးဝါးကြီးကိုပင် ဆွဲဆောင်မိသွားနိုင်သည်။
“မသွားနဲ့၊ သူ့ကို အာရုံမစိုက်နဲ့၊ စကားမပြောနဲ့၊ သူခဏနေရင် ထွက်သွားလိမ့်မယ်”
လီကျိမှာ ပို၍ အားနည်းလာပုံရပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ဆေး... ဆေးပေးပါဦး...”
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အဘိုးအိုမှာ ငိုသံပါပါဖြင့် တောင်းပန်ရင်း နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ တံခါးမှာ ပွင့်မလာသည်ကို မြင်သောအခါ သူသည် ညစ်ပတ်နေသော အနီရောင် ပိတ်စအိတ်တစ်ခုကို လီကျိ၏ တံခါးဝသို့ ပစ်ချလိုက်ပြီး ခြေလှမ်းတိုင်းတွင် နောက်သို့ လှည့်ကြည့်ကာ မချိမဆန့်ဖြင့် ထွက်ခွာသွားတော့သည်။
“အဲ့ဒီအဘိုးကြီးမှာ ဘာရောဂါ ရှိနေတာလဲ”
အရာရှိရွှယ်သည် ပူဇော်စင်၏ အခြားတစ်ဖက်ရှိ ဗီရိုထဲတွင် ဆေးဘူးအချို့နှင့် လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံမှ ဆေးစာတစ်စောင်ကို တွေ့ရှိခဲ့သည်။ လီကျိကို ဆေးတိုက်ပြီးနောက် ထိုလူမှာ သိသိသာသာ ပြန်လည်အသိဝင်လာလေသည်။
“မင်းကလည်း လူသားဖြစ်တည်မှုအဝင်ဝ ဆေးရုံက လူနာပဲလား”
အရာရှိရွှယ်သည် ဆေးစာကို ကောက်ယူကြည့်ရှုပြီး သက်သေခံပစ္စည်းအိတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။
“ဆေးရုံက ဒေါက်တာကောင်းက ကျွန်တော့်ကို ပေးခဲ့တာပါ၊ သူက အရမ်းသဘောကောင်းတဲ့သူပဲ၊ ကျွန်တော့်အဖေအကြောင်းကိုလည်း သူပဲ ပြောပြခဲ့တာ”
ဆေးရှိန်တက်လာသည်နှင့် လီကျိ စကားမထစ်တော့ပေ။ သူသည် ပူဇော်စင်ကို မှီလိုက်ရင်း ဆိုသည်။
“ဒီကနေ ထွက်သွားဖို့ သူ ကျွန်တော့်ကို အကြိမ်ကြိမ် အကြံပေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်သာ ထွက်သွားရင် ကျွန်တော့်အဖေကို ဘယ်တော့မှ ပြန်တွေ့တော့မှာ မဟုတ်ဘူး”
“ဒီအိမ်ရာထဲမှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ”
“ဒီအိမ်ရာမှာ လူကြီးပိုင်းတွေ အများကြီး နေကြတယ်၊ သူတို့ရဲ့ အချိန်တွေက ကုန်ဆုံးလုနီးပါး ဖြစ်နေကြပြီ၊ အချို့ကတော့ သေခြင်းတရားကို လက်ခံထားကြပေမဲ့ အချို့ကတော့ သေရမှာကို အလွန်အမင်း ကြောက်လန့်နေကြတယ်၊ ဘယ်အချိန်က စတင်ခဲ့လဲတော့ မသိဘူး၊ ဒါပေမဲ့ လူတွေဟာ အဆောက်အဦးထဲမှာ သက်တမ်းချေးဖို့ ကြိုးစားလာကြတယ်”
လီကျိသည် သူ့အဖေ၏ ပူဇော်စင်ဘေးတွင် ထိုင်လိုက်သည်။
“အစပိုင်းမှာတော့ အချို့နေထိုင်သူတွေက သူတို့အိမ်ရှေ့ နံရံတွေပေါ်မှာ ထူးဆန်းတဲ့ သင်္ကေတတွေ၊ နားမလည်နိုင်တဲ့ စာလုံးတွေ ရေးထားတာကို တွေ့ခဲ့ကြတယ်၊ အဲ့ဒါကို တတ်သိနားလည်တဲ့သူတစ်ယောက်ကို ပြကြည့်တော့ အဲ့ဒီလူရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပြီး တစ်စုံတစ်ယောက်က သူတို့မိသားစုရဲ့ သက်တမ်းကို ချေးယူချင်နေတာလို့ ပြောခဲ့တယ်”
“အဲ့ဒီမိသားစုက သူတို့အိမ်တံခါးမှာ စောင့်ကြည့်ကင်မရာတွေ တပ်ပြီး ညဘက် စောင့်ကြည့်ခဲ့ကြတယ်၊ သန်းခေါင်ကျော်တဲ့အခါ အနီရဲရဲဝတ်စုံဝတ်ထားတဲ့ အဘွားအိုတစ်ယောက်ဟာ သူတို့တံခါးဝကို ပြေးလာပြီး အဆက်မပြတ် ဆုတောင်းနေတာကို တွေ့လိုက်ရတယ်”
“ဇနီးဖြစ်သူက ကြောက်လန့်နေပြီး ဒေါသကြီးတဲ့ ခင်ပွန်းဖြစ်သူကတော့ တုတ်တစ်ချောင်းကို ဆွဲပြီး အဘွားအိုကို မောင်းထုတ်ဖို့ ပြင်ခဲ့တယ်၊ ဒါပေမဲ့ သူတံခါးဖွင့်လိုက်တဲ့အခါ သွားတွေ တစ်ချောင်းမှ မရှိတော့တဲ့ အဘွားအိုက ပြုံးပြပြီး 'ရပြီ၊ ငါရပြီ' လို့ အော်ဟစ်ပြီး ယိုင်တိယိုင်ထိုးနဲ့ ထွက်သွားခဲ့တယ်”
“သုံးရက်တောင် မပြည့်ခင်မှာပဲ အဲ့ဒီအမျိုးသမီးဟာ ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်၊ ခင်ပွန်းဖြစ်သူက အဘွားအိုက ခြောက်လှန့်လိုက်လို့လို့ ယူဆပြီး သူ့အိမ်ကို သွားရန်ရှာခဲ့တယ်”
“အိမ်ရာကော်မတီရဲ့ အကူအညီနဲ့ သူ့ရဲ့အခန်းတံခါးကို အတင်းဖွင့်လိုက်တဲ့အခါ အဘွားအိုရဲ့ အိမ်ထဲမှာ အိမ်နီးချင်းတွေဆီက ရလာတဲ့ အိမ်သုံးအမှိုက်မျိုးစုံနဲ့ ပြည့်နှက်နေပြီး အိမ်ထောင်စုတိုင်းရဲ့ အနံ့အသက်တွေ စွဲနေတာကို တွေ့လိုက်ရတယ်၊ အိမ်တစ်အိမ်လုံးမှာလည်း အနီရောင်နဲ့ အဖြူရောင် ကျိန်စာတွေ၊ နတ်ဆရာ သင်္ကေတတွေနဲ့ ပြည့်နေတာ... တကယ့်သရဲအိမ်လိုပဲ”
“အဲ့ဒီညမှာပဲ အဘွားအိုရဲ့ အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ် ဒါပေမဲ့ မီးသတ်သမားတွေက အထဲမှာ သူ့ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ကြဘူး၊ အဲ့ဒီနောက်ပိုင်းမှာတော့ အဆောက်အဦးထဲမှာ ကောလာဟလမျိုးစုံ ပျံ့နှံ့လာခဲ့တော့တာပဲ”
“အချို့ကလည်း အဲ့ဒီအဘွားကြီးက တခြားလူတွေရဲ့ သက်တမ်းကို အဆက်မပြတ် ချေးယူနေလို့ အသက် ၁၄၀ အထိ နေနေရတာလို့ ဆိုကြတယ်၊ အချို့ကလည်း အဘွားကြီးက အခုထိ အသက်ရှင်နေပြီး အဆောက်အဦးထဲမှာ ပုန်းနေပြီး ညဘက်ဆို သက်တမ်းချေးဖို့ ထွက်လာတတ်တယ်လို့ ပြောကြတယ်”
“ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်ကစပြီး အဆောက်အဦးထဲမှာ သက်တမ်းချေးတဲ့သူတွေ ပိုပိုများလာတယ်၊ လူငယ်တွေ အကုန်ပြောင်းသွားကြပြီး ဘယ်သူမှလည်း ဒီအကြောင်းကို မပြောရဲကြတော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီအကြောင်းပြောလေလေ သက်တမ်းချေးတဲ့သူတွေက ကိုယ့်တံခါးကို လာခေါက်လေလေ ဖြစ်တတ်လို့ပဲ”
လီကျိသည် ထူးထူးခြားခြား သတိဝင်နေပြီး အဆောက်အဦးအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အရာရှိရွှယ်အား အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“သက်တမ်းချေးတာအပြင် ဒီရပ်ကွက်ထဲမှာ လူသားတွေကို ဝါးမြိုတဲ့ အခန်းရှိတယ်လို့လည်း ငါကြားဖူးတယ်၊ မင်း အဲ့ဒါကို သိလား”
အရာရှိရွှယ်၏ မေးခွန်းကို ကြားသောအခါ လီကျိ၏ မျက်နှာက အုံ့မှိုင်းသွားသည်။
“ကျွန်တော့်အဖေက အဲ့ဒီအခန်းကို သွားစစ်ဆေးရင်းနဲ့ လုံးဝအဆက်အသွယ် ပြတ်သွားခဲ့တာပါ”
“မင်းရော အဲ့ဒီကို ရောက်ဖူးလား”
“ကျွန်တော် အနားတောင် မကပ်ရဲပါဘူး”
“ငါ့ကို အဲ့ဒီကို ခေါ်သွားပါ၊ ငါရှေ့ကနေ လမ်းရှင်းပေးမယ်၊ မင်းအဖေကို အဲ့ဒီအခန်းထဲမှာ ဝှက်ထားတာလားဆိုတာ သွားကြည့်ရအောင်”
အရာရှိရွှယ်သည် လီကျိရှေ့တွင် ရပ်လိုက်ပြီး ငြင်းဆန်ခွင့် မပေးတော့ပေ။
“မင်းကြောက်တယ်ဆိုရင် မင်းအဖေရဲ့ ဓာတ်ပုံကို ယူလာခဲ့လေ၊ အဘိုးကြီးက မင်းကို စောင့်ရှောက်ပေးမှာပေါ့”
လီကျိသည် အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူသည် အလွန်အားနည်းနေသဖြင့် လမ်းလျှောက်ရာတွင်ပင် ယိုင်တိယိုင်ထိုး ဖြစ်နေရသည်။ ကံကောင်းထောက်မစွာဖြင့် မာကြီး ရှိနေခဲ့သည်။
ဆေးအားလုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် အရာရှိရွှယ်သည် သေနတ်ကို ဆွဲကာ အခန်းထဲမှ ထွက်လာလိုက်၏။ သူက တံခါးအပြင်ဘက်ရှိ သစ်သားပုံးကို ကန်ချလိုက်ရာ အနံ့အသက်ဆိုးထွက်နေသော အနီရောင်သက်ရှည်အထုပ်မျိုးစုံ ပြန့်ကျဲကျလာတော့သည်။
“လူဘယ်နှစ်ယောက်တောင် မင်းဆီက သက်တမ်းချေးထားကြတာလဲ၊ ဒါတောင် မင်းက ဒီမှာ နေရဲသေးတာလား”
အရာရှိရွှယ်သည် လီကျိကို ဆွဲခေါ်၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။
“ဟိုအဘိုးကြီးက ဆူညံအောင် လုပ်သွားပြီဆိုတော့ သူတို့တွေ ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ မင်းအိမ်ကလည်း မလုံခြုံတော့ဘူး၊ ဒီကနေ ထွက်သွားတာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်”
လီကျိက လမ်းညွှန်မှုဖြင့် သူတို့နှစ်ယောက်နှင့် လီကျိတို့သည် ပစ္စည်းပစ္စယများဖြင့် ရှုပ်ပွနေသော လှေကားခွင်တစ်လျှောက်အတိုင်း ၁၃ ထပ်မြောက်သို့ တက်လှမ်းလာခဲ့ကြသည်။
အပိုင်း (၈၆၀) အချိန်က အရသာအရှိဆုံးအစာပဲ
“ရောက်ခါနီးပြီလား”
အရာရှိရွှယ် အပေါ်သို့ တက်လာလေလေ ပို၍ မှောင်မိုက်လာသလို ခံစားရလေလေ ဖြစ်လာသည်။ လှုပ်ရှားမှုအာရုံခံမီးများ လင်းနေသော်လည်း အလင်းရောင်မှာ ထူးဆန်းသော အရာတစ်ခုခုကြောင့် ပိတ်ဆို့ခံထားရသလို သူခံစားနေရသည်။
“ရောက်တော့မှာ”
ကွေ့တစ်ခုအရောက်တွင် လီကျိ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။ သူသည် ကွပ်မျက်ရာစင်သို့ သွားနေရသူအလား ခြေလှမ်းတိုင်းမှာ အလွန်ပင် ခက်ခဲပင်ပန်းနေပုံရသည်။
“ဒီနေရာပါပဲ”
နံရံများတွင် မီးလောင်ထားသည့် အရိပ်အယောင် ခပ်ဖျော့ဖျော့တွေ့ရပြီး ထူးထူးဆန်းဆန်းပင် နံရံပေါ်တွင် အနီရောင်လိုင်းလေးများ ရှိနေလေသည်။ ၎င်းမှာ အနာဖေးတက်နေသည့် ဒဏ်ရာမှ အသားသစ်များ ထွက်လာသကဲ့ပင်။ ထိုအနီရောင်လိုင်းများ၏ အဆုံးသတ်အားလုံးသည် တစ်နေရာတည်းကိုသာ ဦးတည်နေကြသည်။
“ဒါက အနီရောင်ဝတ်စုံနဲ့ အဘွားကြီး မီးလောင်သေဆုံးခဲ့တဲ့ အခန်းပဲ၊ ဒီအဆောက်အဦးက လူတွေက နေ့ခင်းဘက်တောင် အနားမကပ်ရဲကြဘူး၊ ညဘက်ဆိုရင်တော့ ပြောမနေနဲ့တော့၊ ၁၃ ထပ်ကို ဖြတ်သွားရင် လူတိုင်းက မသိစိတ်ကနေ ခြေလှမ်းတွေကို အလိုလိုအရှိန်မြှင့်မိကြတာချည်းပဲ”
လီကျိမှာ အမှန်တကယ် ငြင်းဆန်ချင်နေသော်လည်း အရာရှိရွှယ်က သူ့ကို ဆွဲထားသဖြင့် ထွက်ပြေး၍မရပေ။
အရာရှိရွှယ်က ရှေ့သို့တက်ကာ ကော်ရစ်ဒါလမ်းထဲသို့ ဦးဆုံးဝင်လိုက်သည်။ ပတ်ဝန်းကျင် အခြေအနေမှာ ဒေါက်တာကောင်း ပို့ထားသည့် အချက်အလက်များနှင့် လုံးဝကွဲပြားနေလေသည်။ ဒေါက်တာကောင်းက သူ့ကို လိမ်ညာခဲ့သည်ဟု သူမယူဆသော်လည်း ထိုအခန်းသည် ၎င်းကိုယ်ပိုင်အသက်ရှိနေပြီး အလိုအလျောက် ကြီးထွားနေသကဲ့သို့ ခံစားရသည်။
ကော်ရစ်ဒါမှာလည်း အေးစိမ့်စိမ့်ဖြစ်နေပြီး စိုထိုင်းနေလေသည်။ လေတိုးသံက လူသက်ပြင်းချသံကဲ့သို့ စည်းချက်ကျကျ ထွက်ပေါ်နေသည်။ အရာရှိရွှယ်သည် မသိစိတ်ဖြင့် အဘွားကြီး၏ အခန်းဟောင်းတံခါးရှေ့ ရောက်သွားသည်။ တံခါးနှင့် တံခါးဘောင်မှာ အသစ်လဲထားခြင်းဖြစ်သဖြင့် မဲမှောင်နေသော နံရံများနှင့် လုံးဝလိုက်ဖက်မှုမရှိပေ။
“ဒီအခန်းထဲကနေ တစ်ခုခုလွတ်မြောက်သွားမှာ ကြောက်ကြလို့ နေထိုင်သူတွေက အိမ်ရာကော်မတီကို တံခါးအသစ် တပ်ခိုင်းထားတာ၊ ဒါပေမဲ့ ဒီအထပ်မှာ အရင်ကနေခဲ့ဖူးသူတွေ ပြောပြချက်အရတော့ ညသန်းခေါင်တိုင်းမှာ တံခါးပွင့်သံနဲ့ တစ်ခုခုတွားသွားထွက်လာတဲ့ အသံကို ကြားရတယ်တဲ့”
လီကျိက ခပ်တိုးတိုးပြောရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“ဒီအထပ်မှာ တခြားနေထိုင်သူတွေ ရှိသေးလား”
“ဒီအခန်းကို ဘာလို့ 'လူသားစားတဲ့အခန်း' လို့ ခေါ်လဲဆိုတာ ခန့်မှန်းကြည့်လေ၊ ဒီအထပ်က တခြားလူတွေက ပြောင်းသွားကြတာ ကြာလှပြီ၊ အချို့ကတော့ တစ်ယောက်တည်း နေကြတာဆိုတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိဘဲ ဘယ်သူမှမသိဘဲ ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်တာပဲ”
လီကျိမှာ အားနည်းနေသေးသော်လည်း ဆေးရှိန်ကြောင့် ယခင်ကထက် ပိုစဉ်းစားနိုင်လာသည်။
ဒေါက်တာကောင်း ချန်ထားခဲ့သော အချက်အလက်များက အခန်းထဲတွင် ရှိနေသည်။ အရာရှိရွှယ်သည် တံခါးဝသို့ ရောက်နေပြီဖြစ်ရာ ပြန်လှည့်ရန် အကြောင်းမရှိပေ။ သို့သော် သူသော့ပေါက်ကို ကြည့်လိုက်သောအခါ ထိုသော့ပေါက်လေးသည် သူ့မျက်လုံးထဲတွင် ချောက်နက်ကြီးတစ်ခုကဲ့သို့ တဖြည်းဖြည်း ကြီးမားလာပြီး သူ့ကို ဝါးမြိုတော့မည့်အလား ခံစားလိုက်ရသည်။
“တကယ့်ကို ဒေါသထွက်စရာပဲ”
အရာရှိရွှယ်မှာ ကြောက်ရွံ့ခြင်းမရှိပေ။ သူထိန်းချုပ်၍မရသော သို့မဟုတ် မသိနားမလည်သော အရာများနှင့် ကြုံတွေ့ရသည့်အခါ သူ၏အတွင်းစိတ်ထဲတွင် ပြင်းထန်သော ဖျက်ဆီးလိုစိတ်များ ထွက်ပေါ်လာတတ်သည်။ သူသည် ထိုစိတ်ရိုင်းကို ရဲစည်းကမ်းများနှင့် ရှင်းလု၏ စည်းမျဉ်းများဖြင့် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။
“လူတစ်ယောက် လာနေပြီ အရာရှိ”
မာကြီးက ခပ်တိုးတိုး သတိပေးလိုက်သည်။ သူတို့နှစ်ယောက်သည် အရေးပေါ်ထွက်ပေါက်ဘက်သို့ ဆုတ်ခွာလိုက်ပြီး တံခါးကြားမှ ချောင်းကြည့်လိုက်ကြသည်။
ဓာတ်လှေကားတံခါးပွင့်လာပြီး လက်တစ်ဖက်ထွက်လာလေသည်။ ထိုလက်သည် လက်ထပ်လက်စွပ်ဝတ်ထားပြီး လက်ကောက်ဝတ်တွင် ကုတ်ခြစ်ရာများရှိနေ၏။ သူမသည် ပါးစပ်တွင် ငါးမျှားချိတ် အချိတ်ခံထားရသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူမ၏ ခြေထောက်များသည် ကြမ်းပြင်နှင့် မထိတထိ ဖြစ်နေပြီး လက်မှာလည်း ဖြည်းညှင်းစွာ ယိမ်းထိုးနေလေသည်။
ထိုအမျိုးသမီးသည် အသက် ၂၀ ကျော်ခန့် ရှိပုံရပြီး သူမလည်ပင်းတွင် ကင်မရာတစ်လုံး ဆွဲထားသည်။ သူမ၏ လွယ်အိတ်ဇစ်က ပွင့်နေပြီး တစ်ဝက်တစ်ပျက် ရေးထားသော သတင်းမှတ်တမ်းတစ်ခုကို မြင်နေရသည်။
သူမ၏ ဘောင်းဘီသည်လည်း စုတ်ပြဲနေပြီး စက္ကူပြာမှုန့်များ ပေကျံနေကာ ဖရိုဖရဲဖြစ်နေသော ဆံပင်များကြားတွင် ဆန်စေ့များနှင့် ခဲနေသောသွေးစများကို မြင်တွေ့ရသည်။
“သတင်းထောက်ပိုင် မဟုတ်လား”
မာကြီးက သူမကို မှတ်မိသွားသည်။
“ဒေါက်တာကောင်းက ကျွန်တော့်ကို တရားရုံးခေါ်သွားတုန်းက သူ့ကို တွေ့ခဲ့ဖူးတယ်၊ သူက ဥယျာဉ်မှူးရဲ့ အမှုအကြောင်းကို အရမ်းစိတ်ဝင်စားနေခဲ့တာ”
အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ကော်ရစ်ဒါတွင် လွင့်မျောနေသကဲ့သို့ ရှိနေသည်။ ဓာတ်လှေကားတံခါးမှာ ပိတ်မသွားပေ။ သူမနောက်တွင် ခြောက်သွေ့အိုမင်းနေသော မျက်နှာများ လိုက်ပါလာကြပြီး သူတို့၏ မျက်လုံးဖြူကြီးများတွင် အပြုံးများဖြင့် ပြည့်နှက်နေကြသည်။ လူအိုကြီး ၅ ယောက် ၆ ယောက်ခန့်သည် သူမကို ဆုတောင်းနေကြပြီး လမ်းတစ်လျှောက်တွင် အသုဘငွေစက္ကူများကို ကြဲချလာကြသည်။
သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လှုပ်ရှားမှုအာရုံခံမီးများ တဖြည်းဖြည်း ငြိမ်းသေသွား၏။ သူတို့သည် အမှောင်ထဲတွင် တွားသွားနေသော လောက်ကောင်များနှင့် တူပြီး မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ထိုလူအိုကြီးများသည် အိမ်ရှေ့တွင် ဝိုင်းအုံလိုက်ကြသည်။ သူတို့သည် တစ်စုံတစ်ခုကို တတွတ်တွတ် ရေရွတ်၍ အမျိုးသမီး၏ ဦးခေါင်းကို သော့ပေါက်နှင့် ဆောင့်ချလိုက်ကြသည်။
တံခါးကို အတွင်းဘက်မှ ဖွင့်လိုက်သကဲ့သို့ သော့ပေါက်မှ ဂျောက်ခနဲအသံ ထွက်ပေါ်လာလေသည်။ သူတို့သည် အမျိုးသမီးကို အိမ်ထဲသို့ ဆွဲခေါ်သွားကြသည်။ သူတို့၏ အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာများသည် သရဲများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
အရာရှိရွှယ်သည် သူ့သေနတ်မှ လုံခြုံရေးခလုတ်ကို ဖြုတ်လိုက်ပြီး လုံခြုံရေးတံခါးကို အနည်းငယ် ဟလိုက်သည်။
“ခင်ဗျား ဘာလုပ်မလို့လဲ”
“ခင်ဗျား သွားမကယ်ရင် အဲ့ဒီသတင်းထောက် ဒုက္ခရောက်တော့မယ်”
“ခင်ဗျားက တကယ်ကြီး လူကယ်တတ်လို့လား”
“ကယ်တာပေါ့၊ ငါ့အလုပ်ပဲလေ”
အရာရှိရွှယ်မှာ ဆွံ့အသွားရသည်။ ဤရာဇ၀တ်ကောင်များနှင့် သံသယဖြစ်ဖွယ်လူများက သူ့ကို သူတို့လိုလူဟု ထင်နေကြခြင်းမှာ တကယ့်ကို အံ့ဩစရာပင်။
အရာရှိရွှယ်သည် သေနတ်ကို ကိုင်လျက် တံခါးဝသို့ ရောက်သွားသော်လည်း တံခါးပိတ်ထားသည်ကို တွေ့လိုက်ရသည်။ အထဲမှ မည်သည့်အကူအညီတောင်းသံမှ ထွက်မလာဘဲ အရာအားလုံးသည် သူ မြင်ခဲ့ရသည့် ထင်ယောင်ထင်မှားများအတိုင်း တိတ်ဆိတ်နေလေသည်။
“စိတ်မလောပါနဲ့၊ အဲ့ဒီလူတွေက ထူးဆန်းတယ်၊ တကယ်ထူးဆန်းတာ”
လီကျိမှာ အကြောက်တရားကြောင့်လား သို့မဟုတ် ဆေးရှိန်ကုန်သွား၍လားမသိဘဲ ပြင်းပြင်းထန်ထန် တုန်ရီနေတော့သည်။
“အဘိုးကြီး၊ အဘွားကြီး အုပ်စုတစ်စုကို ငါမနိုင်ဘူးလို့ မင်းထင်နေတာလား”
အရာရှိရွှယ် သော့ပေါက်ကို စိုက်ကြည့်လိုက်သည်။ ကျန်ရှိနေသော သွေးစွန်းကွက်များသည် ဖြည်းညှင်းစွာ စုပ်ယူခံလိုက်ရပုံရသည်။ သူ့စိတ်ထဲတွင် ရှိနေသော မလုံခြုံမှုများက ဖျက်ဆီးလိုသော စိတ်ရိုင်းကို ပို၍ မီးထိုးပေးနေလေသည်။ သူသည် အဘွားကြီးများကို အတုယူကာ ဂါထာများ ရွတ်ဖတ်လိုက်ပြီး မာကြီးကို သော့ပေါက်နားသို့ ဆွဲခေါ်သွားလိုက်သည်။
“ဘာလို့ ကျွန်တော်လဲ”
“မင်းက စကားများလို့လေ”
ချောင်းရေစီးသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာရာ မမျှော်လင့်ဘဲ ငြိမ့်ညောင်းသာယာလှသည်။ နားထောင်ရုံနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ပိုမိုနုပျိုသွားစေသလို ခံစားရသည်။
သော့က လည်သွားပြီး မာကြီး၏ ကြွက်သားများမှာ အနည်းငယ် ပိန်ပါးသွားသည်။ သူ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ တံခါးမှာ အတွင်းဘက်မှ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
အရာရှိရွှယ်၏ မျက်လုံးထဲသို့ အနီရင့်ရောင်အလင်းတန်းတစ်ခု တိုးဝင်လာ၏။ ဤအခန်းသည် တစ်ကြိမ်မီးလောင်ခဲ့ဖူးသော်လည်း ယခုအခါတွင် မီးလောင်ထားသည့် လက္ခဏာများ လုံးဝမတွေ့ရတော့ပေ။ ၎င်း၏ သနားစရာကောင်းသော အခြေအနေအတွက် သနားစိတ်မဖြစ်မိဘဲ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုအတွက်သာ ထိတ်လန့်တုန်လှုပ်မိသည်။
နံရံများ၊ မျက်နှာကျက်များနှင့် ပြတင်းပေါက်ဘောင်များ... သူ မြင်နိုင်သမျှ နေရာတိုင်းတွင် လူပုံစံများကို သံမှိုဖြင့် ရိုက်စွဲထားသည်။ သူတို့၏ အရေပြားများမှာ တွန့်လိပ်ညစ်ပတ်နေပြီး သူတို့၏ ဦးခေါင်းများကိုမူ နောက်ပြန်လည်နေသော နာရီများအဖြစ် ပြုလုပ်ထားသည်။ သူတို့၏ မျက်နှာအသွင်အပြင်များကို နာရီဒိုင်ခွက်များအဖြစ် သုံးထားပြီး သူတို့၏ မျက်နှာတစ်ခုလုံးမှာ သွေးနီရောင်ပြင်ညီများအဖြစ် ပုံပျက်နေကြသည်။ အနက်ရောင် နာရီလက်တံများက သူတို့မျက်နှာပေါ်ရှိ ကိန်းဂဏန်းများပေါ်တွင် တဖြည်းဖြည်း ရွေ့လျားလျက် ရှိနေကြသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
အရာရှိရွှယ်သည် သေဆုံးချိန်အိမ်ရာကို စုံစမ်းစစ်ဆေးရန် လာခဲ့ဖူးပြီး အိမ်မပြန်သည်မှာ ကြာပြီဟု မိသားစုဝင်များ ပြောခဲ့ကြသော ရဲအရာရှိကိုပင် ကော်ရစ်ဒါလမ်းထဲတွင် တွေ့လိုက်ရသည်။
“လူတွေကို နာရီတွေအဖြစ် ပြောင်းထားတာလား၊ ဘယ်လို ကိုယ်ချင်းစာတရားမရှိတဲ့ အရူးက ဒီလိုကိစ္စမျိုးကို လုပ်ရတာလဲကွ”
အရာရှိရွှယ်သည် ရှင်းလုတွင် အမှုကြီးများစွာကို ဖြေရှင်းခဲ့ဖူးသော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။
အချိန်၏ တစ်ချက်ချက်အသံများသည် အလောင်းမှ သွေးများ တစ်စက်စက်ကျသံများနှင့် ရောနှောကာ သူ့ဦးနှောက်ထဲသို့ အသည်းအသန် ထိုးဖောက်ဝင်ရောက်လာလေသည်။ အရာရှိရွှယ်သည် ဧရာမ ဝဲဂယက်ကြီးတစ်ခုထဲသို့ ဆွဲချခံလိုက်ရသလို ခံစားရပြီး နာရီဒိုင်ခွက်များအဖြစ် ပြုလုပ်ထားသည့် မျက်နှာများက ဝိုင်းရံလာတော့သည်။ သူ့အမူအရာက တဖြည်းဖြည်း ကြမ်းကြုတ်လာပြီး သေနတ်ကို ရုတ်တရက်မြှောက်ကာ အခန်းထဲမှ လမ်းကြောင်းတစ်ခုသို့ ချိန်ရွယ်လိုက်သည်။
“မင်းတို့ ဒီလိုပဲ ဆက်လှည့်စားနေမယ်ဆိုရင် ဒီအခန်းထဲက ခေါင်းတိုင်းကို ငါဖျက်ဆီးပစ်မယ်”
အရာရှိရွှယ်၏ အသံက ကျယ်လောင်လှသည်။ သူသည် သူ့အတွင်းစိတ်ထဲရှိ ပြင်းထန်လာသော ဖျက်ဆီးလိုစိတ်ကို မနည်းထိန်းချုပ်ထားရသည်။
“သွေးဆာသူ... မင်း အရာအားလုံးကို မေ့သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဦးခေါင်းတစ်ခုထံမှ အသံထွက်ပေါ်လာသည်။
“ဘယ်သူ ပြောနေတာလဲ”
အရာရှိရွှယ်သည် ထိုဦးခေါင်းကို ခြေရာခံမိလိုက်ပြီး ရှေ့သို့ တိုးဝင်သွားကာ တဖြည်းဖြည်း ရွေ့လျားနေသော နာရီလက်တံများကို သေနတ်ဖြင့် ပိတ်ဆို့လိုက်သည်။
“ငါက အချိန်ပဲ၊ မင်းတို့ အရူးကောင်တွေ၊ မင်းတို့အားလုံး မေ့သွားကြပေမဲ့ အချိန်သွေးမြို့တော်ကတော့ ရှိနေဆဲပဲ၊ ငါ ဒီအခိုက်အတန့်ကို မှတ်မိနေသရွေ့တော့ မင်းတို့လို လမ်းပျောက်သွားမှာ မဟုတ်ဘူး” အသံက အခြားဦးခေါင်းတစ်ခုဆီမှ ထွက်ပေါ်လာပြန်သည်။ အခန်းထဲရှိ အလောင်းအားလုံးမှာ ဝိညာဉ်တစ်ခုတည်းကို ဝေမျှထားကြသကဲ့သို့ပင် ဖြစ်ပုံရသည်။