← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း။ ၂၄၁

“ဒီလောကမှာ သောက်စရာ တစ်ငုံ၊ စားစရာ တစ်လုတ်ကအစ ရယူခြင်းနဲ့ ပေးဆပ်ခြင်းဆိုတာ ဒွန်တွဲနေတာပဲ"

“ငါတို့ ဇီဝေချန်မိသားစုအတွက် မျိုးဆက်တစ်ခုပြီးတစ်ခု စစ်မြေပြင်မှာ အသက်ပေးခဲ့ကြတဲ့ သူတွေလိုမျိုးပေါ့။ မင်း ပင်မတောင်ထိပ်ကို သွားကြည့်လိုက်ရင် အထိမ်းအမှတ် ကျောက်တိုင်တွေ အများကြီးရှိနေတာကို တွေ့ရလိမ့်မယ်"

“အဲဒီနေရာက အခု တောင်ခြေမှာ ရောက်နေကြတဲ့သူတွေရဲ့ အဖေတွေ၊ အစ်ကိုတွေ... ငါတို့ ချန်မိသားစုအတွက် မျိုးဆက်အလိုက် အသက်ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်း ဝိညာဉ်တွေ မြှုပ်နှံထားတဲ့ နေရာပဲ"

“တောင်တစ်ခုလုံး ကျောက်တိုင်တွေနဲ့ ပြည့်နေသလို ဝမ်းနည်းကြေကွဲမှုတွေနဲ့လည်း ပြည့်နှက်နေတယ်”

“မြေးလေး... မင်းက လွတ်လပ်မှုကို ရှာချင်တယ်။ အေးအေးဆေးဆေး နေချင်တယ်။ အနှောင်အဖွဲ့ကင်းတဲ့ ဘဝမျိုးကို လိုချင်ပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ တစ်ယောက်တည်း လျှောက်သွားချင်တယ်ဆိုတာ ငါသိပါတယ်"

“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအတွက် အချက်တစ်ချက်တော့ လိုလိမ့်

မယ်... အဲဒါက မင်းက ဘယ်သူ့ကိုမှ အမှီမပြုခဲ့ဖူးဘဲ မိသားစုရဲ့ အရင်းအမြစ် တစ်ခုတည်းကိုမှ မသုံးစွဲခဲ့ဖူးမှသာ ဖြစ်နိုင်လိမ့်မယ်"

“ဒါပေမဲ့ မင်းက အဲဒါတွေကို သုံးစွဲခဲ့ပြီးပြီဆိုတော့... ပြန်လည်ပေးဆပ်ဖို့တော့ လိုအပ်လိမ့်မယ်"

“ဒီစကားတွေက နားထောင်လို့ မကောင်းဘူးဆိုတာ ငါသိတယ် ခါးသီးလိမ့်မယ်။ အဘိုးက ကျေးဇူးဆပ်ဖို့ တောင်းဆိုနေတယ်။ အဘိုးက လက်တွေ့ဆန်လွန်းတယ်လို့ မင်း ထင်ကောင်းထင်လိမ့်မယ်"

“ဒါပေမဲ့...”

“အဘိုးက မင်းဆီကနေ ဘာတစ်ခုမှ ရယူဖို့ တကယ့်ကို မစဉ်းစားခဲ့ပါဘူး။ အဘိုးက မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါတို့ ဇီဝေချန်မိသားစု ထမ်းဆောင်ရမယ့် တာဝန်တွေအကြောင်းကိုပဲ ပြောပြနေတာ”

“မင်းရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးက မင်းကို သူတစ်ပါးထက် သာလွန်စေတဲ့ သရဖူဖြစ်

သလို မင်းရဲ့ ပုခုံးပေါ်က လေးလံတဲ့ တာဝန်နဲ့ ကံကြမ္မာလည်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့"

စကားအဆုံးတွင် ချန်တောက်ယန်သည် ချန်ကျီရှင်း၏ ကျောပြင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ ချန်ကျီရှင်းမှာ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေပြီး တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်

“ဒါကြောင့်... မင်း ဇီဝေချန်မိသားစုအတွက် တစ်ခုခု လုပ်ပေးရမယ်။ ပထမဆုံး အနေနဲ့ကတော့...”

“အမြန်ဆုံး မိန်းမအများကြီးယူပြီး အဘိုးအတွက် ထွားထွားကြိုင်းကြိုင်း မြေးလေးတွေကို အိမ်ခေါ်လာပေးဖို့ပဲ”

“မင်းလို ပါရမီမျိုးနဲ့သာ ထွားထွားကြိုင်းကြိုင်း မြေးလေးတွေ အများကြီး မရဘူးဆိုရင် ဒါက တကယ့်ကို နှမြောစရာကြီး ဖြစ်သွားလိမ့်မယ် မဟုတ်လား”

ချန်ကျီရှင်း: “...”

“အဘိုး... အဘိုးက ကျွန်တော့်ကို အကွက်ဆင်ဖို့အတွက် ဒီလောက်ထိ လေးလေးနက်နက်နဲ့ စိတ်လှုပ်ရှားစရာကောင်းအောင် ခင်းကျင်းပြခဲ့တာလား”

ချန်ကျီရှင်းက မတတ်သာဘဲ ရေရွတ်လိုက်သည်။

“ဟေ့ မင်း ဘယ်လိုပြောလိုက်တာလဲ ဒါက မျိုးနွယ်စုရဲ့ မျိုးဆက်ပြန့်ပွားရေးဆိုင်ရာ အရေးကြီးတဲ့ ကိစ္စပဲ။ ဘယ်လိုလုပ်ပြီး အကွက်ဆင်တယ်လို့ ပြောနိုင်ရတာလဲ”

ချန်တောက်ယန်က မျက်မှောင်ကြုတ်ကာ ဟောက်လိုက်သည်။

“မဟုတ်ဘူးလေ အဘိုးရဲ့ ကျွန်တော်က အခုမှ အသက် ၁၃ နှစ်ပဲ ရှိသေးတာ”

ချန်ကျီရှင်းက လှည့်ကြည့်ကာ နားထင်ကို ဖိလျက် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“၁၃ နှစ် ဟုတ်လား မှားသွားပြီ ၁၄ နှစ်ပြည့်ဖို့ သုံးလနဲ့ ကိုးရက်ပဲ လိုတော့တာ”

ချန်တောက်ယန်က အလေးအနက်ပင် လက်ချိုးရေတွက်ပြလိုက်ပြီး အေးဆေးစွာ ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ၁၃ နှစ်ဆိုတာ ဘာဖြစ်လို့လဲ သာမန်လူသားတွေရဲ့ လောကမှာ ကြည့်လိုက်ပါဦး... ၁၃ နှစ်နဲ့ ကလေးအဖေ ဖြစ်နေတဲ့သူတွေ ဘယ်လောက်တောင် များနေပြီလဲ"

ချန်ကျီရှင်း: “...”

“အခုတော့ ဘာမှ ပြောစရာ မရှိတော့ဘူး မဟုတ်လား ပြောစရာမရှိရင် အဆင်ပြေသွားပြီ"

ချန်တောက်ယန်က ပြုံးလိုက်ရင်း ဝတ်ရုံလက်အင်္ကျီအတွင်းမှ စာအိတ်တစ်အိတ်ကို ထုတ်ကာ လက်ဖြင့် ခါလိုက်ရာ ထိုစာအိတ်မှာ ချန်ကျီရှင်း၏ ရင်ခွင်ထဲသို့ ကျရောက်သွားတော့သည်။

“ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းက ယွန့်ကျိုးက ရွှီမိသားစုရဲ့ သခင်မကြီး ရွှီကိုယ်တိုင် လာပို့ထားတဲ့ တရားဝင် စေ့စပ်ကြောင်းလမ်းတဲ့ စာပဲ"

“ခဏနေရင် မင်းရဲ့ စတုတ္ထဦးလေးရဲ့ သမီးလေးက ချန်ရန်အကယ်ဒမီကို ပညာသင်သွားရမှာ။ မင်းကပဲ သူမကို လိုက်ပို့ပေးရမယ်။ အဓိက အရေးကြီးတာကတော့ ရွှီမိသားစုက မိန်းကလေးရွှီကို အိမ်ကို တစ်ခါတည်း ခေါ်လာခဲ့ဖို့ပဲ"

“မင်္ဂလာဆောင်ကြီးကိုတော့ ဆိုင်းငံ့ထားလို့ ရပေမဲ့ ကလေးကိုတော့ အရင်ရအောင် ယူထားလို့ ရတယ်နော်”

“နားလည်လား”

ချန်ကျီရှင်းသည် လက်ထဲမှ စေ့စပ်စာကို ငုံ့ကြည့်ရင်း ခေါင်းခါယမ်းကာ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

“ဒါကတော့ တကယ့်ကို အတင်းအဓမ္မ နေရာချပေးတာပဲ”

“ကျီအာ... ဟုတ်ပြီလား မဟုတ်ဘူးလား အဖြေတစ်ခုလောက် ပေးပါဦး"

“သိပါပြီဗျာ”

ချန်ကျီရှင်းသည် လှည့်ထွက်သွားရင်း လက်ထဲမှ စေ့စပ်စာကို ချန်တောက်ယန်ဘက်သို့ မြှောက်ပြကာ လျှို့ဝှက်ကျင့်ကြံဆောင်အတွင်းသို့ ပြတ်ပြတ်သားသား လှမ်းဝင်သွားတော့သည်။

ချန်ကျီရှင်း၏ ကျောပြင်ကို ကြည့်ရင်း ချန်တောက်ယန်မှာ အလိုလို ပြုံးလိုက်မိသည်။ သူ၏ ရင်ထဲရှိ မှောင်ရိပ်များအားလုံးမှာလည်း တစ်ခဏချင်း လွင့်စင်သွားရ၏။

"ဒီလောက်အထိ စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို ငါ မခံစားရတာ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပြီ"

နေမင်းထွက်ပေါ်လာလိုက်၊ လမင်းဝင်သွားလိုက်ဖြင့် ပန်းများပွင့်လန်းကာ ကြွေလွင့်ခဲ့သည်မှာ မျက်တောင်တစ်ခတ်အတွင်း သုံးလတာ အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဤသုံးလတာအတွင်း ဇီဝေချန်မိသားစု၏ အလုံးစုံအင်အားမှာ အံအားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ အလင်းဌာနခွဲ၏ တောင်ကိုးလုံးပေါ်တွင်တင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိသူ အယောက်နှစ်ဆယ်အထိ ရှိလာခဲ့ပြီး နတ်ဘုရားခရီးသွားနယ်ပယ်သို့ ရောက်ရှိသူမှာလည်း တစ်ရာနီးပါး ရှိလာခဲ့ပြီဖြစ်သည်။

ပါရမီရှင်များမှာ တစ်နေ့ထက်တစ်နေ့ မကြုံစဖူး တိုးပွားလာနေပြီး ဇီဝေချန်မိသားစု၏ အင်အားမှာ နေ့စဉ်နှင့်အမျှ ပိုမိုတောင့်တင်းလာနေ၏။ ဤသည်မှာ ဇီဝေချန်မိသားစုတစ်ယောက် ယခင်က စိတ်ကူးပင်မယဉ်ရဲခဲ့သော စည်ပင်ထွန်းကားသည့် အခြေအနေပင်။

ဤသို့ အင်အားတောင့်တင်းလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ချန်မိသားစုက ချင်းကျိုးနယ်မြေမှ မုန့်မိသားစုနှင့် ဆေးဘုရင်ချိုင့်ဝှမ်းကဲ့သို့သော ထိပ်တန်းအင်အားစုများကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း အခြားတစ်ဖက်တွင်မူ ချန်ကျီရှင်း ရရှိထားသည့် အနန္တဖန်ဆင်းခြင်းဘွဲ့ထူးမှ စင်ကြယ်သော နယ်မြေ၏ အကျိုးသက်ရောက်မှုကြောင့်ပင်။

သို့သော်လည်း တတိယတောင်ထိပ်တွင် နေ့စဉ်လူစည်ကားလွန်းလှသဖြင့် ကျင့်ကြံသူများကို အနှောင့်အယှက်ဖြစ်လာသောအခါ ချန်တောက်ယန်က တစ်နေ့လျှင် လူဆယ်ဦးသာ တောင်ပေါ်တက်၍ ကျင့်ကြံခွင့်ပြုရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။

ဤသုံးလတာအတွင်း ဇီဝေချန်မိသားစု၏ ဂုဏ်သတင်းနှင့် အင်အားမှာ တဟုန်ထိုး တိုးတက်နေသကဲ့သို့ ချန်ကျီရှင်း၏ ကျင့်ကြံမှုမှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး အဆင့်ဆင့်သို့ ခုန်ပျံကျော်လွှား တက်လှမ်းနေခဲ့သည်။

သုံးလအတွင်းမှာပင် ချန်ကျီရှင်းသည် အလွန်အစွမ်းထက်သော ရေခဲတာအိုပညာရပ်တစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ခဲ့ပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၇ အထွတ်အထိပ်သို့ ရောက်ရှိကာ သူ၏ ရှစ်ခုမြောက် တာအိုမျိုးစေ့ဖြစ်သော ရေခဲတာအိုမျိုးစေ့ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ယနေ့တွင်မူ တတိယတောင်ထိပ်၏ နောက်ဘက်တောင်ကုန်း၌ အေးစက်လှသော လေပြင်းများက မြေပြင်ကို တရစပ် တိုက်ခတ်နေသည်။ ဆောင်းဦးအစတွင်သာ ရှိသေးသော်လည်း တောင်ကုန်းတစ်ခုလုံးတွင် ရေခဲပွင့်များ တဖွဲဖွဲ ကျဆင်းနေ၏။

ယခုအခါ အသက် ၁၄ နှစ်အရွယ်သို့ ရောက်ရှိလာပြီဖြစ်သော ချန်ကျီရှင်းသည် သူ၏လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်သည်။

“နှင်းခဲကောင်းကင်ထက်မှာ ထိုင်လို့...”

ချန်ကျီရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး

“ဓမ္မပုံရိပ်...”

“အစွန်းရောက် အအေးဓာတ် နတ်ဘုရားအလင်း”

ဝုန်း…

တစ်ခဏချင်းမှာပင် ချန်ကျီရှင်း၏ နက်မှောင်သော ဆံနွယ်များမှာ ဖြူစင်သော အဖြူရောင်သို့ ပြောင်းလဲသွားပြီး သူ၏ မျက်သူငယ်အိမ်များမှာလည်း နက်ပြာရောင်သို့ ချက်ချင်း ကူးပြောင်းသွားတော့သည်။

သူ၏ လက်ဝါးမှ ပြင်းထန်လှသော အအေးဓာတ် အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ ကောင်းကင်နှင့် မြေကြီးကြားရှိ အပူချိန်မှာလည်း ရုတ်တရက် ထိုးဆင်းသွားတော့သည်။

ဂျွတ်... ဂျွတ်

ကောင်းကင်ယံ၊ မြေပြင်၊ တောင်လေနှင့် ဖုန်မှုန့်များအထိ ချန်ကျီရှင်း၏ ရှေ့မှောက်ရှိ လောကကြီးတစ်ခုလုံးမှာ အအေးဓာတ်၏ ဖိနှိပ်မှုကြောင့် တစ်ခဏချင်း ခဲသွားပြီး အစွန်းရောက် အအေးငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထို့ပြင် ရေခဲနဂါး ကိုးကောင်မှာလည်း ချန်ကျီရှင်း၏ လက်ထဲမှ ရုန်းကြွထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ အေးစက်သော မျက်လုံးများဖြင့် ရှေ့သို့ စိုက်ကြည့်နေကြသည်။

အခန်း။ ၂၄၂

ဤအစွန်းရောက် အအေးငရဲဘုံအတွင်း၌ ဝတ်ရုံဖြူ၊ ဆံပင်ဖြူ၊ ငွေရောင်မျက်မှောင်များနှင့် ပြာလဲ့သော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသည့် ချန်ကျီရှင်းမှာ ရေခဲတာအိုကို ကိုင်စွဲထားသည့် နတ်မင်းတစ်ပါးအလား တည်ရှိနေပြီး ဖော်ပြမတတ်အောင်ပင် ခန့်ညားထည်ဝါလှသည်။

သူ့ထံမှ ထွက်ပေါ်နေသော စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၈ ၏ အရှိန်အဝါမှာ ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ပင် ကြီးကျယ်ခမ်းနားလွန်းသည်။

ဤသုံးလတာအတွင်း သူသည် နောက်ဆုံး၌ ရှစ်ခုမြောက် တာအိုမျိုးစေ့ကို ပြည့်စုံစွာ ဖော်ဆောင်နိုင်ခဲ့ပြီး ရေခဲတာအို ဓမ္မပုံရိပ်ကို တည်ဆောက်ကာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၈ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

...

...

ခဏအကြာတွင် မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားသော ချန်ကျီရှင်းသည် ရေခဲပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေ၏။

“အရှေ့ပိုင်း နက်ရှိုင်းနယ်မြေ ပြိုင်ပွဲကျင်းပဖို့ နှစ်လပဲ လိုတော့တယ်"

“အဲဒီမတိုင်ခင်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉ ကို တက်လှမ်းနိုင်တာ အကောင်းဆုံးပဲ။ ပြိုင်ပွဲပြီးသွားရင်တော့ နိဗ္ဗာန်နယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားရမယ်"

ချန်ကျီရှင်းသည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ စဉ်းစားနေရင်း သူ၏မျက်ဝန်းများမှာလည်း တစ်ဖျတ်ဖျတ် ဝင်းလက်နေသည်။ မူလက သူသည် ဤပြိုင်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။

သို့သော်လည်း ဤပြိုင်ပွဲသည် မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များကို ဆွဲဆောင်ရုံသာမက ထာဝရရှင်သန်ခြင်းလျှို့ဝှက်ချက်နှင့်ပါ ဆက်နွယ်နေကြောင်း ချန်တောက်ယန်ထံမှ ကြားသိရပြီးနောက် သူ စိတ်ပြောင်းသွားခဲ့ခြင်းပင်။

ဤပြိုင်ပွဲတွင် သူသည် ပါဝင်ရုံတင် မဟုတ်ဘဲ အရှေ့ပိုင်း နက်ရှိုင်းနယ်မြေတစ်ခုလုံးတွင် သူ၏အမည်ကို ကျော်ကြားစေပြီး ဇီဝေချန်မိသားစုအတွက် မကြုံစဖူးသော ဂုဏ်သတင်းကို ယူဆောင်ပေးလိုသည်။

ဤသည်မှာ သူကိုယ်တိုင်အတွက်သာမက ဇီဝေချန်မိသားစုနှင့် ဤပြိုင်ပွဲတွင် ဆုမရခဲ့ဖူးသဖြင့် အမြဲတမ်း နောင်တရနေခဲ့သော သူ၏ဖခင် ချန်ထျန်းလျန်အတွက်လည်း ဖြစ်သည်။

“ပြောရရင်လည်း ထူးဆန်းသားပဲ။ အဖေနဲ့အမေက ဘာလို့ ဒီလောက်နှစ်အကြာကြီးအထိ ပြန်မလာသေးတာလဲ”

ချန်ကျီရှင်းမှာ ခေါင်းကို ခါယမ်းလိုက်ရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ သူ၏ မိဘနှစ်ပါးမှာ သူ ကျင့်ကြံမှုလမ်းမှန်ပေါ် ရောက်သွားသည်ကို မြင်တွေ့ပြီးနောက် ကမ္ဘာအနှံ့ လှည့်လည်ရန် အနှောင်အဖွဲ့ကင်းစွာ ထွက်ခွာသွားခဲ့ကြသည်။

လွန်ခဲ့သော နှစ်များအတွင်း ချန်ကျီရှင်းမှာ ထိုကိစ္စကို သေချာမစဉ်းစားခဲ့မိသော်လည်း ယခု ပြန်စဉ်းစားကြည့်သည့်အခါ တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ဒီလောက်နှစ်အကြာကြီး ပြန်မလာတာလည်း ထားပါဦး။ စာတစ်စောင်တောင် ဘာလို့ မပို့ရတာလဲ”

ချန်ကျီရှင်းမှာ မျက်မှောင်ကြုတ်လျက် အတွေးများ နက်နဲနေ၏။ အဖြေရှာမရဘဲ စဉ်းစားပြီးနောက် သူ သက်ပြင်းတစ်ချက် ချလိုက်သည်။

“အသက်တွေလည်း ကြီးကုန်ကြပြီ အခုထိ စိတ်ပူနေရတုန်းပဲ တကယ်ပါပဲ"

သူသည် အတွေးများကို စုစည်းလိုက်ကာ သူ၏ ကိုးခုမြောက် တာအိုမျိုးစေ့အတွက် မည်သည့်တာအိုကို ရွေးချယ်ရမည်ကို ပြန်လည်စဉ်းစားနေတော့သည်။

“မိသားစုရဲ့ ကျမ်းစာဆောင်ထဲမှာလည်း အကုန်ရှာကြည့်ပြီးပြီ။ ငါနဲ့ သင့်တော်မယ့် တာအိုတွေကတော့ အကုန်လုံး ကုန်သလောက် ရှိနေပြီပဲ"

“နောက်ထပ် တာအိုတစ်ခုကို ထပ်မံဖော်ဆောင်ပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉ ကို တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရဦးမယ်"

ချန်ကျီရှင်းသည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ မျက်မှောင်အနည်းငယ်ကြုတ်လျက် အဆင့်တက်လှမ်းနိုင်မည့် ဗျူဟာကို စဉ်းစားနေမိသည်။

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေ ပြိုင်ပွဲကျင်းပရန် နှစ်လသာ လိုတော့သည်။ ထိုအချိန်ကျလျှင် မျိုးနွယ်စုအသီးသီးမှ ရာစုနှစ်ချီသော အခြေခံအုတ်မြစ်ရှိသည့် ထိပ်တန်းပါရမီရှင်များ ပေါ်ထွက်လာပြီး ဤခေတ်ကြီးထဲတွင် အပြိုင်အဆိုင် ကြိုးပမ်းကြလိမ့်မည်။ ဤသည်မှာ မကြုံစဖူး ထူးကဲသော ရွှေခေတ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ချန်ကျီရှင်းအနေဖြင့် လုံးဝ ပေါ့ဆ၍မရပေ။ သူသည် လက်ရှိကျင့်ကြံမှု၏ အမြင့်ဆုံးအတိုင်းအတာဖြစ်သော စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၉ သို့ မဖြစ်မနေ ရောက်ရှိထားရမည်ပင်။

“ကိုးခုမြောက် တာအိုကို ဘယ်မှာ ရှာရမလဲ”

ချန်ကျီရှင်းသည် အတွေးနက်နေရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ထိုစဉ်မှာပင် သူ၏ခါးတွင် ချိတ်ဆွဲထားသော ဆက်သွယ်ရေး အဆောင်လက်ဖွဲ့မှ ရုတ်တရက် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။ ထိုအချက်ပြမှုမှာ အခြားသူမဟုတ်ဘဲ ချန်တောက်ယန်ထံမှပင်။

ပါဝင်သောအကြောင်းအရာမှာ ရိုးရှင်းကာ ချန်ရန်အကယ်ဒမီသို့ ဘယ်အချိန်တွင် ခရီးထွက်ဖို့ စတင်မလဲဟု မေးမြန်းထားခြင်းသာ ဖြစ်သည်။

“ဒီကိစ္စ ပြန်လာပြန်ပြီ...”

ချန်ကျီရှင်းသည် အနည်းငယ် စိတ်မသက်မသာဖြင့် နားထင်ကို ပွတ်လိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူ၏နှလုံးသားမှာ မဟာတာအိုကျင့်ကြံမှုအပေါ်၌သာ အာရုံစိုက်ထားပြီး သံယောဇဉ်ကိစ္စများကိုမူ စိတ်ဝင်စားမှု မရှိလှပေ။

အထူးသဖြင့် ကောင်းကင်ဘုံရွေးချယ်ထားသော ဇာတ်လိုက်ကိုးဦး၏ ခြိမ်းခြောက်မှုမှာ မပြေလည်သေးဘဲ ရှိနေသည်။ ၎င်းမှာ သူ၏ဦးခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်စင်းကဲ့သို့ ဖြစ်နေသဖြင့် သူ၏စိတ်ကို အေးချမ်းမှု မရနိုင်အောင် ဖြစ်စေ၏။

ထိုသို့သော အခြေအနေမျိုးတွင် အချစ်ရေးကိစ္စများ၌ ပျော်မွေ့ရန် သူ၏စိတ်ထဲတွင် လုံးဝ မရှိခဲ့ချေ။

ထို့ပြင် ရွှီမိသားစု၏ ထူးချွန်သောသမီးပျို ရွှီချင်းကျိုးအပေါ် ကောင်းမွန်သော အမြင်ရှိခဲ့သော်လည်း ၎င်းမှာ တာအိုလက်တွဲဖော်အဖြစ် သတ်မှတ်ချင်စိတ် ပေါက်လာသည်အထိတော့ မဟုတ်သေးပေ။

သို့သော်လည်း သူ နားလည်ထားသည်မှာ အကယ်၍ သူသာ တစ်နေ့တွင် တာအိုလက်တွဲဖော်ရှာပြီး မျိုးဆက်တစ်ခု မချန်ထားခဲ့ပါက မိသားစုမှာ အမြဲတမ်း စိုးရိမ်ပူပန်နေကြပြီး စိတ်အေးရမည်မဟုတ်ချေ။

သူတို့သည် အခွင့်အရေးရတိုင်း မိသားစုအတွက် မျိုးစေ့ချန်ထားခဲ့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အရိပ်အယောင်ပြနေကြရာ ထိုသို့ အကြိမ်ကြိမ် ပြောဆိုနေခြင်းကပင် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်လာစေသည်။

နောက်တစ်ခဏတွင်မူ ချန်ကျီရှင်းသည် သက်ပြင်းတစ်ချက်ချကာ စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ထားလိုက်ပါတော့"

“ချန်ရန်အကယ်ဒမီကို သွားဖို့ကတော့ လိုအပ်နေတာပဲ။ တစ်ဖက်က အဘိုးကို ပေးထားတဲ့ ကတိကို တည်ရာရောက်သလို နောက်တစ်ဖက်ကလည်း အဲဒီအကယ်ဒမီက လောကကြီးရဲ့ နိယာမတရားအားလုံး စုဝေးရာနေရာလို့ ဆိုကြတာပဲ။ အဲဒီမှာ ငါ့အတွက် ကိုးခုမြောက် တာအိုကို ရှာတွေ့နိုင်ကောင်းပါရဲ့”

“ရွှီမိသားစုက သမီးလေးနဲ့ တာအိုလက်တွဲဖော် ဖြစ်ဖို့ကိစ္စကတော့ ကံတရားအတိုင်းပဲ ထားလိုက်တော့မယ်။ အကယ်၍ ကံပါလာလို့ ငါ့ရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်ဘူးဆိုရင်တော့ မိသားစုရဲ့ စိုးရိမ်ပူပန်မှုတွေ ငြိမ်းသွားအောင် လက်တွဲဖော်အဖြစ် လက်ခံလိုက်တာကလည်း အဆင်ပြေပါတယ်။ အကယ်၍ ကံမပါခဲ့ရင်တော့ ပိုတောင် ကောင်းသေးတာပေါ့။ အနည်းဆုံးတော့ ငါ ကြိုးစားခဲ့ပြီးပြီပဲ"

ဤသို့ တွေးတောပြီးနောက် ချန်ကျီရှင်းသည် ထိုင်ရာမှထကာ နောက်ဘက်တောင်ကုန်းမှ လှမ်းထွက်ခဲ့တော့သည်။ သူ ထွက်ခွာသွားပြီးနောက် မရေမတွက်နိုင်သော ရေခဲပွင့်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အစွန်းရောက် အအေးငရဲဘုံသဖွယ် ဖြစ်နေသော တောင်ကုန်းမှာလည်း အလျင်အမြန်ပင် အရည်ပျော်သွားတော့သည်။

All Chapters