← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း။ ၂၄၉

“သေမင်းဝိညာဉ်ဆေးလုံး...”

ချန်ကျီရှင်းသည် လက်လှမ်း၍ ထိုနက်မှောင်သော ဆေးလုံးကို ယူလိုက်ရာ လက်ထဲတွင် အတော်ပင် လေးလံသည်ဟု ခံစားလိုက်ရသည်။ ဆေးလုံးမှာ ရေခဲလုံးကို ဆုပ်ကိုင်ထားသကဲ့သို့ အေးစက်လှ၏။

ချန်ကျီရှင်းသည် ထိုဆေးလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထျန်းချန့်ကျီ၏ စကားကို ချက်ချင်းယုံကြည်ပြီး ဆေးလုံးကို ချက်ချင်းသောက်မည့်သူ မဟုတ်ပေ။

ကျိုးကြောင်းဆင်ခြင်ရလျှင် ထျန်းချန့်ကျီကဲ့သို့သော ပုဂ္ဂိုလ်ကြီးမှာ သူ့ကို ဒုက္ခပေးလိမ့်မည်မဟုတ်သော်လည်း သတိရှိခြင်းမှာ အမြဲတမ်း အကောင်းဆုံးပင်။ ဤဆေးလုံးကို အသုံးမပြုမီ မိသားစုကို အရင်စစ်ဆေးခိုင်းရန် လိုအပ်သည်။

“မင်းက တော်တော်လေး သတိကြီးတာပဲ”

ထျန်းချန့်ကျီက ချန်ကျီရှင်း၏ အတွေးကို ရိပ်မိကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ကျွန်တော့်မှာ အရာရာကို ကိုယ်တိုင်အတည်ပြုချင်တဲ့ အကျင့်ဆိုးလေး ရှိနေလို့ပါ။ စိတ်မရှိပါနဲ့ စီနီယာ”

ချန်ကျီရှင်းက အနေခက်သလို ပြန်ပြောလိုက်၏။

“ကိစ္စမရှိပါဘူး"

ထျန်းချန့်ကျီက ပြုံးလျက် “ကျင့်ကြံခြင်းဆိုတာ ခက်ခဲတဲ့အလုပ်ပဲ။ မင်းက ဒီအဆင့်ထိရောက်အောင် အပင်ပန်းခံ ကြိုးစားလာခဲ့တာဆိုတော့ သတိရှိတာက ကောင်းတဲ့အချက်ပါပဲ” ဟု ပြောကာ ခေတ္တရပ်လိုက်သည်။

ထို့နောက် သူ၏ လေသံမှာ ပြောင်းလဲသွားပြီး လေးနက်စွာ ပြောလိုက်သည်။

“အကယ်၍ မင်း ရှင်ခြင်းသေခြင်းတာအိုကို ကျင့်ကြံချင်တယ်ဆိုရင်တော့ အခုကတည်းက စပြီး ပြင်ဆင်ထားဖို့ လိုလိမ့်မယ်"

“ပြင်ဆင်ရမယ်”

ချန်ကျီရှင်းက မျက်ခုံးပင့်လိုက်သည်။

ထျန်းချန့်ကျီက ခေါင်းငြိမ့်ပြကာ နန်းဆောင်၏ မှောင်ရိပ်ကျနေသော ထောင့်တစ်နေရာဆီသို့ ညွှန်ပြလိုက်၏။ ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခုက ထိုနေရာကို အလိုအလျောက် လင်းထိန်သွားစေသည်။ ထိုနေရာတွင် အနီရောင် ဆေးသုတ်ထားသော ရှေးဟောင်းသစ်သားဖြင့် ပြုလုပ်ထားသည့် ခေါင်းတလားတစ်ခု ရှိနေသည်။

“အဲဒါက...”

ချန်ကျီရှင်း မျက်လုံးကို ကျဉ်းလိုက်မိသည်။

“ဒါက ဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားပဲ။ နိဗ္ဗာနနယ်ပယ် ဒါမှမဟုတ် အထွတ်အထိပ် ပညာရှင်တွေက သေခါနီးအချိန် နတ်မင်းကြီးငါးပါး ကျဆင်းခြင်းဘေးဒုက္ခနဲ့ ကြုံလာရတဲ့အခါ ဒီခေါင်းတလားထဲကို ဝင်ပြီး အိပ်စက်ကြလေ့ရှိတယ်"

ထျန်းချန့်ကျီက ဆက်ရှင်းပြသည်။

“ဒီခေါင်းတလားမှာ သက်တမ်းကို ဆွဲဆန့်ပေးနိုင်တဲ့ ထူးခြားတဲ့ အာနိသင်ရှိတယ် ဒါမှမဟုတ် ကောင်းကင်ဘုံကို လှည့်စားပြီး သေယောင်ဆောင်နေတဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုနိုင်တာပေါ့။ သူ့ရဲ့ အကျိုးသက်ရောက်မှုက သေမင်းဝိညာဉ်ဆေးလုံးနဲ့ ဆင်တူပေမဲ့ ဆေးလုံးလောက်တော့ ပြင်းထန်မှုမရှိဘူး"

“သေမင်းဝိညာဉ်ဆေးလုံးကို မသောက်ခင်မှာ ဒီခေါင်းတလားထဲမှာ သေယောင်ဆောင်ခြင်းကို အရင်ဆုံး အတွေ့အကြုံယူထားတာ အကောင်းဆုံးပဲ။ ဒါမှ ဆေးလုံးကို တကယ်သောက်တဲ့အခါ ထိတ်လန့်မနေဘဲ အသင့်ဖြစ်နေမှာ"

ချန်ကျီရှင်း ခေါင်းငြိမ့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေ၏။ သေမင်းဝိညာဉ်ဆေးလုံးကိုတော့ သူ ချက်ချင်းမသောက်သေးပေ။ သို့သော် ဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားကိုမူ သူ စမ်းသပ်ကြည့်နိုင်သည်။

“စီနီယာ... ကျွန်တော် အခုပဲ စမ်းကြည့်လိုက်ရမလား”

“စမ်းကြည့်ပါဦး"

ထျန်းချန့်ကျီက ပြုံးလျက် လက်ဟန်ပြလိုက်သည်။

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူကာ ထောင့်စွန်းရှိ ရှေးဟောင်းခေတ် ခေါင်းတလားဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ၏ ဘယ်ဘက်လက်တွင် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ကို ကိုင်ထားပြီး ညာဘက်လက်တွင်မူ ချန်တောက်ယန် ပေးထားသော ကာကွယ်ရေး အဆောင်လက်ဖွဲ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

တစ်ချိန်တည်းမှာပင် သူ ဝတ်ဆင်ထားသော နှင်းရောင်ကမ္ဗလာဝတ်ရုံ၏ စွမ်းအားကိုလည်း အမြင့်ဆုံးအထိ ဖွင့်လိုက်၏။ အကယ်၍ တစ်စုံတစ်ခု လွဲချော်သွားပါက သူ ချက်ချင်း ထွက်ပြေးမည်ပင်။

နောက်တစ်ခဏတွင်မူ ချန်ကျီရှင်းသည် အနီရောင် ခေါင်းတလားရှေ့၌ ရပ်လိုက်သည်။

ဒုန်း

ခေါင်းတလားအဖုံးမှာ အလိုအလျောက် ပွင့်သွားတော့သည်။

ချန်ကျီရှင်းသည် အတွင်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေခွဲမနေတော့ဘဲ အထဲသို့ ဝင်၍ လှဲလျောင်းလိုက်သည်။

ဒုန်း

ခေါင်းတလားအဖုံးမှာ ပြန်လည် ပိတ်သွားတော့၏။

အမြင်အာရုံမှာ မှောင်အတိ ကျသွားသည်နှင့်အမျှ မကြုံစဖူး အေးစက်လှသော အအေးဓာတ်ကြီးက သူ့ကို တစ်ခဏချင်းမှာပင် ရစ်ပတ်ကာ ဖုံးလွှမ်းသွားတော့သည်။

ချန်ကျီရှင်းမှာ အေးစက်လှသော ပင်လယ်နက်ကြီးထဲတွင် တစ်ယောက်တည်း နစ်မြုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

အသက်ရှူကျပ်ခြင်း……

အေးစက်ခြင်း…….

တောင့်တင်းခြင်း……

မှောင်မိုက်ခြင်း……

အထီးကျန်ခြင်း……

နက်ရှိုင်းခြင်း……

ဖိနှိပ်ခြင်း…….

မျှော်လင့်ချက် ကင်းမဲ့ခြင်း…….

မရေမတွက်နိုင်သော ခံစားချက်ပေါင်းစုံမှာ တစ်ခဏချင်းမှာပင် ရောယှက်ကာ ဝင်ရောက်လာတော့သည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းသည် ခေါင်းတလားအဖုံးကို တွန်းဖွင့်ကာ တစ်ကိုယ်လုံး ချွေးများရွှဲလျက် ထထိုင်လိုက်သည်။

“ဒါက သေခြင်းတရားရဲ့ ခံစားချက်လား”

ချန်ကျီရှင်း၏ နဖူးတွင် ချွေးစက်များဖြင့် ပြည့်နှက်နေပြီး သူ၏မျက်ဝန်းများမှာလည်း တုန်လှုပ်မှုဖြင့် ဝေဝါးနေ၏။

“မှန်တယ်... ဒီဝိညာဉ်တံဆိပ်ခတ် ခေါင်းတလားကို ပထမဆုံးအကြိမ် သုံးတဲ့သူတိုင်းက စိတ်မသက်မသာဖြစ်ပြီး ကြောက်လန့်တတ်ကြတာ ထုံးစံပါပဲ။ မလောပါနဲ့ဦး ရက်အနည်းငယ်

လောက် အသားကျအောင် အချိန်ယူလိုက်ပါ...”

ထျန်းချန့်ကျီက ပြုံးလျက် ပြောလိုက်သည်။

သို့သော် သူ၏စကားပင် မဆုံးသေးခင်မှာပင်

“ဒါက တကယ့်ကိုပဲ...”

ချန်ကျီရှင်း၏ နှုတ်ခမ်းအစုံမှာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

“ဆွဲဆောင်မှုရှိတဲ့ ခံစားချက်ကြီးပဲ”

ဒုန်း…..

ချန်ကျီရှင်းသည် ခေါင်းတလားထဲသို့ ပြန်လည်လှဲချလိုက်ပြီး အဖုံးမှာလည်း အရှိန်ဖြင့် ပြန်ပိတ်သွားတော့သည်။

“ဟင်”

ထျန်းချန့်ကျီမှာ အံ့ဩသွားရသည်။ ထို့နောက် သူ၏ ပိန်ချိုနေသော မျက်နှာဟောင်းကြီးပေါ်တွင် ချီးကျူးနှစ်သက်သော အပြုံးတစ်ခု ဆင့်ကဲပေါ်ပေါက်လာပြီး “စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ” ဟု ရေရွတ်လိုက်မိသည်။

အရှေ့ပိုင်း နက်ရှိုင်းနယ်မြေပြိုင်ပွဲ ကျင်းပမည့်အချိန် နီးကပ်လာသည်နှင့်အမျှ

နယ်မြေတစ်ခုလုံးမှာ လုံးဝကို ဆူပူလှုပ်ခတ်သွားတော့သည်။ မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များမှာလည်း သူတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသရင်း ဤကြီးကျယ်သော ခေတ်ကာလကြီးတွင် အပြိုင်အဆိုင် ကြိုးစားလာကြသည်။

လူသားမျိုးနွယ်ဘက်တွင် ချန်ကျီရှင်းအပြင် အခြားသော ကြီးမြတ်သည့် ပါရမီရှင် သုံးဦးမှာလည်း အင်မတန် ကျော်ကြားလာခဲ့သည်။

ပထမတစ်ဦးမှာ ကျွေးဟု အမည်ရပြီး စစ်မှန်သောကိုယ်ပိုင် ဆဋ္ဌမအဆင့်သာ ရှိသော်လည်း စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်ရှိသော ပညာရှင် ခုနစ်ဦးကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။

ဒုတိယတစ်ဦးမှာ သူ့ကိုယ်သူ ဝေတုလုံဟု ခေါ်ဝေါ်သူ ဖြစ်သည်။ ဝေတုလုံ ပေါ်ထွက်လာသည်နှင့် ထာဝရရှင်သန်ခြင်း ပါရမီရှင်စာရင်းတွင် နံပါတ် (၂) ချိတ်ထားသော ယဲ့လျန်ချန်းကို အပြတ်အသတ် အနိုင်ယူကာ ထိုနေရာကို တိုက်ရိုက် ရယူလိုက်သည်။

ဤသူနှစ်ဦးမှာ အင်မတန် နက်နဲလှသည်။ လောကတွင် တစ်ခါမှ မမြင်ဖူးသော နတ်ဘုရားအတတ်ပညာများကို အသုံးပြုရုံသာမက သူတို့၏ ရုပ်ရည်များကိုလည်း မြူခိုးများဖြင့် ဖုံးကွယ်ထားသဖြင့် ခွဲခြားရန် ခက်ခဲလှသည်။

ထို့ကြောင့် ဤသူနှစ်ဦးမှာ ဘယ်နေရာကနေ ရုတ်တရက် ပေါ်လာသလဲဆိုသည်ကို လူအများက သိချင်နေကြသည်။

တတိယတစ်ဦးမှာမူ နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ဖုန်တက်နေခဲ့သော ဓားင်္သချိုင်းမှ ထွက်ပေါ်လာသည့် ဓားသားတော်ပင်။ သူသည် သူ၏ဓားနှင့်အတူ တောင်ဘက်သို့ ခရီးဆန့်ခဲ့ရာ ပထမဦးစွာ ဓားတာအို ဂုဏ်ထူးဆောင် ဆရာကြီး ချိုင်ချင်းချီကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့ပြီးနောက် အရှေ့ပင်လယ်မှ လှိုင်းတံပိုးများကို စီးနင်းကာ နဂါးတစ်ကောင်ကို သတ်ဖြတ်ပြခဲ့သဖြင့် ကျော်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

လက်ရှိ ထာဝရရှင်သန်ခြင်း ပါရမီရှင်စာရင်းတွင် ဝေတုလုံ၊ ကျွေးနှင့် ဓားသားတော် တို့သည် နံပါတ် (၂)၊ (၃) နှင့် (၄) နေရာများကို အသီးသီး ရယူထားကြပြီး ဇီဝေချန်မိသားစုမှ တတိယသခင်လေး ချန်ကျီရှင်း၏ အောက်တွင်သာ ရှိကြတော့သည်။

နယ်မြေပြိုင်ပွဲပင် မစတင်ရသေးမီ လူအများက ဤသုံးဦးအနက် မည်သူကများ ဒဏ္ဍာရီလာ ပြိုင်ဖက်ကင်း ချန်ကျီရှင်းကို နေရာမှ ဖယ်ရှားပြီး သူ၏ မရှုံးနိမ့်ဖူးသော ပုံရိပ်ကို ဖြိုခွင်းနိုင်မလဲဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

ချန်ကျီရှင်းမှာမူ အပြင်လောကတွင် မည်မျှပင် ဆူညံနေပါစေ အရင်ကထက်ပင် ပိုမိုအေးဆေးစွာ ရှိနေသည်။ သူသည် သေမင်းဝိညာဉ်ဆေးလုံး၏ စစ်မှန်မှုကို စစ်ဆေးပေးရန် ဇီဝေချန်

မိသားစုထံသို့ သတင်းပို့ထားပြီးသား ဖြစ်သည်။

ထိုစောင့်ဆိုင်းနေရသော ကာလအတွင်း သူသည် ချန်ရန်အကယ်ဒမီတွင်သာ ခေတ္တနေထိုင်ပြီး နေ့စဉ်နှင့်အမျှ ခေါင်းတလားထဲသို့ဝင်ကာ သေခြင်းတရား၏ အငွေ့အအေးများကို ခံစားနေခဲ့သည်။ ချန်ကျီရှင်းကို မည်သူမျှ မနှောင့်ယှက်စေရန် ထျန်းချန့်ကျီက သူနေထိုင်ရန် သီးသန့် တောင်ထိပ်တစ်ခုကိုပင် ခွင့်ပြုပေးထားသည်။

တစ်နေ့တွင် ချန်ကျီရှင်းသည် တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်နေရင်း လေရိုင်းများက သူ၏ပါးပြင်ကို တိုးဝှေ့သွားစေကာ ဆံနွယ်များကို လွင့်ပျံစေသည်။

“ဝေတုလုံ...”

ချန်ကျီရှင်းသည် လက်ထဲမှ သတင်းအချက်အလက်များကို ပိတ်လိုက်ပြီး မျက်ဝန်းများမှာ အနည်းငယ် ဝင်းလက်သွားသည်။ ရှေးဟောင်းဝိညာဉ်တစ်ခု၏ အသိစိတ်ကို အတင်းအဓမ္မ ရယူထားသော သူ၏ အစ်ကိုကြီးမှာလည်း အလျင်အမြန်ပင် လိုက်ပါလာပုံပင်။

“တစ်နေ့မှာ ငါတို့တွေ ကိုယ်စီကိုယ်စီရဲ့ အထွတ်အထိပ်တွေပေါ်မှာ ပြန်တွေ့ကြဖို့ မျှော်လင့်ပါတယ်...”

ချန်ကျီရှင်းသည် အိမ်ပြန်ရောက်စဉ် ထိုညက လရောင်အောက်တွင် ချန်ကျောက်ရှန်းပြောခဲ့သော စကားများကို မနေနိုင်ဘဲ ပြန်လည်အမှတ်ရမိသည်။

“ငါလည်း အဲဒီနေ့ကို မျှော်လင့်နေပါတယ်”

ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအချိန်တွင် “တ... တတိယသခင်လေး ဒီမှာ ရှိနေတာလားခင်ဗျ”

အနည်းငယ် ကြောက်ရွံ့နေဟန်ရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျီရှင်းသည် အတွေးများကို စုစည်းကာ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။

အဝတ်အစားဟောင်းနွမ်းနေသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောပိုးအိတ်တစ်ခုကို ကျောတွင်လွယ်ကာ ဝါးတောင်ဝေးကို အားကိုးလျက် ရပ်နေသော မျက်မမြင် ပညာရှိလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ချန်ကျီရှင်း၏ နေအိမ်ရှေ့တွင် ဘာမှမမြင်ရသော်လည်း အတွင်းဘက်သို့ လှမ်းခေါ်နေခြင်းပင်။

“လုပင်း”

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး အဝေးမှနေ၍ လက်လှမ်းပြကာ “ဒီမှာ” ဟု လှမ်းခေါ်လိုက်သည်။

“တတိယသခင်လေး”

အသံကို ကြားသည်နှင့် လုပင်းမှာ ဝါးတောင်ဝေးဖြင့် မြေကြီးကို စမ်းကာ အနားသို့ တိုးလာပြီး ချန်ကျီရှင်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“အားနာပါတယ် တတိယသခင်လေး။ ကျွန်တော် ဆရာနဲ့အတူ မြောက်ပိုင်းလွင်ပြင်ကို ခဏသွားနေလို့ပါ။ မနေ့ညကမှ ပြန်ရောက်တာပါ”

လုပင်းက အနည်းငယ် အားနာစွာ ပြောလိုက်သည်။

“ရပါတယ်"

ချန်ကျီရှင်းက ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး လုပင်းကို ကြည့်လိုက်သည်။ နှစ်နှစ်ကျော် မတွေ့ရသော်လည်း လုပင်းမှာ အရင်အတိုင်းပင်။ သူ၏ မွေးရာပါ ချို့ယွင်းနေသော မျက်ဝန်းများမှာ ကြည်လင်နေဆဲပင်။

ချန်ကျီရှင်းက မေးလိုက်သည်။

“ဘယ်လိုလဲ မင်း ဘာကြောင့် စာသင်ရလဲ။ ဘာကြောင့် ကျင့်ကြံရလဲဆိုတာကို ရှာတွေ့ပြီလား မင်းရဲ့လမ်းကိုရော တွေ့ပြီလား ဖြောင့်မတ်တည်ကြည်သော စိတ်နှလုံးနယ်ပယ်ကိုရော ရောက်ပြီလား”

လုပင်းက ခေါင်းကို ကုပ်ကာ ရယ်မောလိုက်ပြီး “ဟုတ်ကဲ့ တတိယသခင်လေးရဲ့ လမ်းညွှန်မှုကြောင့်ပါ။ ကံကောင်းလို့ ကျွန်တော် မကျရှုံးခဲ့ပါဘူး။ မြောက်ပိုင်းလွင်ပြင် ခရီးစဉ်အတွင်းမှာတင် ဖြောင့်မတ်တည်ကြည်သော စိတ်နှလုံးနယ်ပယ်ကို ရောက်ရှိခဲ့ပါတယ်” ဟု ပြောလိုက်သည်။

“မြောက်ပိုင်းလွင်ပြင် ခရီးစဉ်အတွင်းမှာ လမ်းကို ရှာတွေ့ခဲ့တယ်...”

ချန်ကျီရှင်းသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်မိသည်။

မြောက်ပိုင်းလွင်ပြင်ဆိုသည်မှာ အင်မတန် ခြောက်သွေ့ပြီး ဘေးဒုက္ခများ ပေါများလှသော နေရာ ဖြစ်သည်။ လုပင်းက ထိုခရီးစဉ်တွင် လမ်းရှာတွေ့ခဲ့သည်ဆိုလျှင် ချန်ကျီရှင်းအနေဖြင့် မမေးဘဲနှင့်ပင် မည်သို့သောလမ်းဖြစ်မည်ကို ရိပ်မိနေပြီ ဖြစ်သည်။

ထို့ကြောင့် ချန်ကျီရှင်းသည် လုပင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်မိသည်။

လုပင်း... လုပင်း... နောင်တစ်ချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး မြောက်ပိုင်းလွင်ပြင်က မိစ္ဆာပေါင်း တစ်သိန်းကျော်ကို နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ချုပ်တည်းထားမယ့် တောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမယ့် အကျိုးတရားက ဒီမြောက်ပိုင်းလွင်ပြင် ခရီးစဉ်မှာတင် အစပျိုးခဲ့တာလား။

ချန်ကျီရှင်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့"

အခန်း။ ၂၅၀

ဆောင်းဦးလေပြေက အနည်းငယ် အေးစက်မှုကို သယ်ဆောင်လာပြီး တောင်ကုန်းပေါ်တွင် ထိုင်နေသော လူနှစ်ဦး၏ ဆံနွယ်များကို တိုးဝှေ့တိုက်ခတ်သွားသည်။

ချန်ကျီရှင်းနှင့် လုပင်းတို့မှာ သူငယ်ချင်းဟောင်းများကဲ့သို့ အေးအေးလူလူ စကားပြောနေကြစဉ်၊ လုပင်း၏ အကြည့်က တောင်ခြေရင်းသို့ စူးစိုက်ရောက်ရှိနေသည်ကို ချန်ကျီရှင်း ရုတ်တရက် သတိပြုမိသွားသည်။ ချန်ကျီရှင်းလည်း မနေနိုင်ဘဲ လုပင်းကြည့်ရာသို့ လိုက်ကြည့်မိတော့သည်။

ချန်ရန်အကယ်ဒမီသည် တာအိုပေါင်းသောင်းခြောက်ထောင်၏ စုစည်းရာဖြစ်သည်နှင့်အညီ ခွဲခြားမှုမရှိဘဲ ပညာသင်ကြားပေးရာနေရာဖြစ်သည်။ ထိုအထဲတွင် နန်းဆောင်အုပ်ချုပ်သူ ကိုးဦး သင်ကြားပေးသော တာအိုကြီးကိုးခုမှာ အစွမ်းအထက်ဆုံးဖြစ်၏။ ကိုယ်ခံပညာတာအိုသည်လည်း ထိပ်တန်းစာရင်းဝင်ဖြစ်ပြီး လူကြိုက်များသဖြင့် တပည့်အမြောက်အမြား ကျင့်ကြံကြသည်။

ထိုစဉ် ချန်ကျီရှင်း ထိုင်နေသော တောင်ခြေအောက်တွင် အကယ်ဒမီကျောင်းသားတစ်စုမှာ တစ်ဦးနှင့်တစ်ဦး ကိုယ်ခံပညာချင်း နှီးနှောဖလှယ်ကာ တိုက်ခိုက်နေကြသည်။

“ဟပ်”

“ဟား”

“ဟေ့”

ထိုကျောင်းသားများထဲတွင် အရပ်ရှစ်ပေခန့်မြင့်ပြီး ကြွက်သားများ အဖုအထစ်ထွက်နေကာ မျက်ခုံးထူထူ၊ မျက်လုံးအိမ်ကြီးကြီးနှင့် ခွန်အားအပြည့်ရှိသော အမျိုးသမီးတစ်ဦး ပါဝင်သည်။ သူမသည် တစ်ယောက်တည်းနှင့် လူအများကို ယှဉ်ပြိုင်နေပြီး လက်တစ်ဖက်ဖြင့်ပင် အသာအယာတွန်းလိုက်ရုံဖြင့် ကျောင်းသားတစ်ဦးမှာ လွင့်ထွက်သွားတော့သည်။

သူမ၏ ထိုးချက်၊ ကန်ချက်တိုင်းမှာ ပြင်းထန်လှပြီး အခြားကျောင်းသားများမှာလည်း နာကျင်စွာ အော်ဟစ်ညည်းညူနေကြရသည်။

“ကြည့်စမ်း... ညီအစ်ကိုလု မင်းက အပြင်ပန်းမှာတော့ တည်ငြိမ်သလိုလိုနဲ့ တကယ်တမ်းကျတော့ မိန်းကလေးတွေကို ခိုးကြည့်နေတာကိုး”

ချန်ကျီရှင်းက စနောက်လိုက်သည်။

သူက သာမန်စနောက်လိုက်ခြင်းသာ ဖြစ်သော်လည်း ထိုစကားကို ကြားသည်နှင့် လုပင်း၏ မျက်နှာမှာ ရဲရဲနီသွားပြီး ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။

“တ... တတိယသခင်လေး မင်းးး…မင်းက...”

“ဘယ်လိုလုပ် သိသွားတာလဲ”

ချန်ကျီရှင်းမှာ မှင်သက်သွားရသည်။

“ဟင်”

သူသည် လုပင်းကို မယုံနိုင်သလို ကြည့်လိုက်ပြီးနောက် တောင်ခြေကို တစ်ဖန်ပြန်ငုံ့ကြည့်မိသည်။ ထိုကြောက်စရာကောင်းသော အမျိုးသမီးကြီးက ဟိန်းဟောက်ကာ ကျောင်းသားနှစ်ဦးကို ပခုံးကျော်လွှဲချပြီး မြေကြီးပေါ် ဆောင့်ချလိုက်ပုံကို မြင်လိုက်ရပြန်သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ မျက်နှာထားမှာ အံ့ဩခြင်းပေါင်းစုံနှင့် ထူးခြားသွားတော့သည်။ လုပင်းမှာမူ ရှက်ရွံ့ပြီး မျက်နှာမှာ ပို၍ပင် နီရဲလာသည်။

“ငါ စနောက်နေတာ မဟုတ်ဘူးနော်။ မင်း တကယ်ပဲ ဟိုသန်မာလွန်းတဲ့ အမျိုးသမီးကြီးကို သဘောကျနေတာလို့တော့ မပြောနဲ့ဦး”

ချန်ကျီရှင်းက သူ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

ထိုစကားအဆုံးတွင် လုပင်းမှာ အမြီးနင်းခံလိုက်ရသည့် ကြောင်တစ်ကောင်လို ရုတ်တရက် ခုန်ထသွားတော့သည်။ သူက လိမ်ညာငြင်းဆိုချင်သော်လည်း ပင်ကိုယ်က ရှက်တတ်သူဖြစ်ရာ ငြင်းဆိုမည့်စကားများမှာ လည်ချောင်းဝတွင်တင် တစ်ဆို့နေသည်။

ထို့နောက် သူသည် ခေါင်းလေးငုံ့ကာ စိတ်ဓာတ်ကျနေသော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော်... ကျွန်တော့်မှာ စိတ်ဝင်စားမှု အနည်းငယ်ရှိတာတော့ အမှန်ပါပဲ"

ထိုသို့ပြောပြီးနောက် သူက လက်ကို အလျင်အမြန်ယမ်းကာ “ဒါပေမဲ့ တတိယသခင်လေး... ရှေးလူကြီးတွေ ပြောသလိုပါပဲ။ ခံစားချက်ဆိုတာ စိတ်ထဲမှာပဲ ရှိသင့်ပြီး လက်တွေ့မှာတော့ ထိန်းသိမ်းရမှာပါ။ ကျွန်တော် ဘာမှမလုပ်ပါဘူး။ စိတ်ထဲကနေပဲ တိတ်တိတ်လေး သဘောကျနေတာပါ” ဟု ရှင်းပြသည်။

ချန်ကျီရှင်းမှာ နဖူးကို လက်နှင့်အုပ်လိုက်မိသည်။

သူသည် တောင်ခြေရှိ ခေါင်းထက်ကြီးသော လက်သီးများကို ပိုင်ဆိုင်ထားသည့် ထိုအမျိုးသမီးကြီးကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။ ထို့နောက် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း နောက်ဆုံးတွင် ကောင်းကင်ကြီးကိုကြည့်ကာ သက်ပြင်းချရင်း တိတ်ဆိတ်သွားတော့သည်။

သူ ပြောစရာစကား မရှိတော့ပေ။ အကယ်၍ တစ်ခုခု ပြောရမည်ဆိုလျှင် ထိုစကားမှာ

“တကယ့်ကို အံ့သြစရာပဲ” ဟူ၍သာ ဖြစ်ပေလိမ့်မည်။

လုပင်းက ခေါင်းကိုကုပ်ကာ အနေခက်နေပုံပင်။

“ညီအစ်ကိုလုရဲ့ အကြိုက်ကတော့ တကယ်ကို ထူးခြားတာပဲ။ ဒါနဲ့... မင်းက မျက်စိမမြင်ရဘူး မဟုတ်လား ဘယ်လိုလုပ် မြင်နေရတာလဲ”

ချန်ကျီရှင်းက လုပင်းကို သေချာကြည့်ရင်း မေးလိုက်သည်။ သူကိုယ်တိုင်မှာ အတင်းအဖျင်း ပြောတတ်သူမဟုတ်သလို သူတစ်ပါး၏ အချစ်ကိုလည်း မစနောက်ချင်ပေ။ သို့သော်လည်း ဤသတင်းမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် သတင်းထူးကြီး ဖြစ်

နေခြင်းပင်။

“ကျွန်တော် မျက်စိမမြင်ရပေမဲ့ နှလုံးသားမျက်စိအတတ်ကို ကျင့်ကြံထားပါတယ်။ မျက်လုံးက မမြင်ရပေမဲ့ နှလုံးသားက မြင်ရပါတယ်”

လုပင်းက ပြန်ထိုင်ရင်း ပြောလိုက်သည်။

သူသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ အကယ်ဒမီတပည့်ပေါင်းစုံကို လှဲချနေသော ထိုအမျိုးသမီးကြီးကို ကြည့်ရင်း ပြုံးလိုက်မိသည်။

“တတိယသခင်လေး... သူမနာမည်က ချောင်ယဲ့တဲ့။ သူမဆီမှာ တခြားသူတွေနဲ့မတူတဲ့ ထူးခြားတဲ့ အငွေ့အသက်တစ်ခု ရှိတယ်ဗျ"

“ဘယ်လို အငွေ့အသက်မျိုးလဲ”

ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ကျွန်တော်လည်း မသိဘူး။ ဘယ်လိုဖော်ပြရမလဲဆိုတာ မစဉ်းစားတတ်ဘူး... အင်း... ပြောရမယ်ဆိုရင်တော့ နွေဦးပေါက်မှာ ပေါက်လာတဲ့ မြက်စေ့လေးတွေရဲ့ ရနံ့မျိုးပေါ့"

လုပင်းက ခပ်တိုးတိုးရယ်သည်။ ထူးဆန်းသည်မှာ ချန်ကျီရှင်းသည် လုပင်းထံမှ အချစ်ကြောင့် ရူးသွပ်နေသည့် အငွေ့အသက်များကို ခံစားလိုက်ရခြင်းပင်။

“ဟင်း... မင်းတော့ သွားပြီ အချစ်နွံထဲ နစ်နေပြီပဲ"

ချန်ကျီရှင်းက လုပင်းကို သနားကရုဏာဖြင့် ကြည့်လိုက်သည်။

ထို့နောက် ချန်ကျီရှင်းက ရယ်မောလျက် စကားလမ်းကြောင်းပြောင်းကာ “အဲဒီ မိန်းကလေးချောင်... မိန်းကလေးချောင်က မင်းရဲ့ ခံစားချက်ကို သိလား” ဟု မေးလိုက်သည်။

“ကျွန်တော်... ကျွန်တော် ပြောချင်ပေမဲ့ ကြောက်လို့ပါဗျာ"

လုပင်းက ပုခုံးလေးတွန့်ကာ ပြောလိုက်သည်။

“ဘာလို့ ကြောက်ရတာလဲ”

“သူ ကျွန်တော့်ကို ထိုးမှာ ကြောက်လို့ပါ”

ချန်ကျီရှင်းသည် အနည်းငယ် တင်းမာနေပြီး မျက်နှာရဲရဲ ဖြစ်နေသော လုပင်းကို ကြည့်ကာ ရုတ်တရက် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူငယ်ချင်းတစ်ယောက်အနေနှင့် သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း သူတို့နှစ်ဦးမှာ အင်မတန် အပေးအယူတည့်လှသည်။ ထို့ကြောင့် သူသည် လုပင်းကို ကူညီရန် ဆုံးဖြတ်လိုက်တော့၏။

ဖြတ်….

ချန်ကျီရှင်းက လုပင်း၏ ပုခုံးကို ပုတ်ကာ အလေးအနက်ထားသော လေသံဖြင့် ပြောလိုက်သည်။

“ဒီကိစ္စတွေမှာ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်အနေနဲ့ ငါ မင်းကို အကြံပေးမယ်။ မင်း သဘောကျတဲ့သူကို တွေ့ရင် အသံထွက်ပြီး ပြောရတယ်"

“ရင်ထဲမှာပဲ မြှုပ်နှံထားတော့ ဘာထူးမှာလဲ”

ထိုစကားကို ကြားသောအခါ လုပင်း၏ ဖြူစင်သန့်ရှင်းသော မျက်နှာပေါ်တွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာသည်။

“ကျွန်တော်... ကျွန်တော် နည်းနည်း ကြောက်လို့ပါ”

မျက်မမြင် လူငယ်လေးက ရှက်ရွံ့စွာ ပြန်ပြောသည်။

“အသုံးမကျလိုက်တာ”

ချန်ကျီရှင်းက သူ့ကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ငါသာ မင်းနေရာမှာဆိုရင် အခုချက်ချင်း ပြေးသွားပြီး လက်တစ်ဖက်နဲ့ သူ့ကို နံရံမှာ ကပ်ထားလိုက်မယ်။ နောက်လက်တစ်ဖက်နဲ့ နံရံကို ပုတ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေနဲ့ မေးလိုက်

မှာ... မင်း ငါ့ကို သဘောကျလားဆိုပြီး…."

“တကယ်လား”

လုပင်းက ချန်ကျီရှင်းကို သံသယဖြင့် ကြည့်သည်။ တတိယသခင်လေး ပြောနေသည့် နည်းလမ်းမှာ အနည်းငယ် ကြောက်စရာကောင်းနေသည်ဟု သူ ခံစားနေရသည်။

“တကယ်ပေါ့။ ငါက မင်းကို ဒုက္ခပေးမလား ငါ့အတွေ့အကြုံအရ ပြောရရင် မိန်းကလေးတွေက တိုက်ရိုက်ကျပြီး နည်းနည်း အနိုင်ကျင့်တတ်တဲ့ ယောင်္ကျားတွေကို သဘောကျကြတာ"

“ဒါဆို... ကျွန်တော် အနိုင်ကျင့်တဲ့ပုံစံမျိုး သွားလုပ်ရမလား”

လုပင်းက ခေါင်းမော့လိုက်ရာ သူ၏ ရင်ထဲတွင် သတ္တိများ စုစည်းလာတော့သည်။

“သွားစမ်းပါ ဒီတစ်ခါတော့ မိုက်မိုက်ကန်းကန်း စမ်းကြည့်လိုက်"

ချန်ကျီရှင်းက လုပင်း၏ ပုခုံးကို ပုတ်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။

“ကောင်းပါပြီ တတိယသခင်လေး ပြောတာ မှန်ပါတယ်။ ဆရာတွေကလည်း ပြောတယ်... လူကြီးလူကောင်းဆိုတာ တည်ငြိမ်ရမယ်။ ဒါပေမဲ့ ပျော့ညံ့လို့ မရဘူးတဲ့”

လုပင်း၏ ရင်ထဲတွင် ခွန်အားများ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူသည် ဝေခွဲမနေတော့ဘဲ တောင်အောက်သို့ လျှောက်သွားတော့သည်။ သုံးလှမ်းလျှောက်တိုင်း တစ်ခါ နောက်လှည့်ကြည့်ရာ ချန်ကျီရှင်းကလည်း ခေါင်းငြိမ့်ကာ အားပေးနေ၏။

“အိုး... ဟိုး ဟိုး ဟိုး”

တောင်ခြေရင်းတွင်မူ မျက်ခုံးထူထူ မျက်လုံးအိမ်ကြီးကြီးနှင့် အစွမ်းထက်လှသော အမျိုးသမီးကြီးမှာ သူမ၏ သံမဏိလက်သီးများကို ဝှေ့ယမ်းကာ အခြားကျောင်းသားများကို လိုက်လံတိုက်ခိုက်နေသည်။

“ဟေ့... သူရဲဘောကြောင်တဲ့ကောင် ရပ်လိုက်စမ်း ငါ့လက်သီးကို မြည်းစမ်းကြည့်စမ်း”

“ဘာလို့ ထွက်ပြေးနေတာလဲ ဟင်း... စိတ်ပျက်စရာကြီး။ လာစမ်းပါ နောက်ထပ် အချီတစ်ရာလောက် ထပ်ချရအောင်”

ထိုအမျိုးသမီးမှာ အင်မတန် စိတ်လှုပ်ရှား တက်ကြွနေပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် လှုပ်ရှားနေ၏။

ထိုစဉ် အနည်းငယ် ရှက်ရွံ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“မိန်းကလေးချောင်... မိန်းကလေးချောင်”

မိန်းကလေးချောင်မှာ ခြေလှမ်းများကို ရပ်လိုက်ပြီး ဝါးတောင်ဝေးကို အားကိုးနေရသော ပိန်ပါးသည့် လုပင်းကို လှည့်ကြည့်လိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ အက်ကွဲကွဲ အသံကြီးဖြင့် မေးလိုက်သည်။

“ဘာလိုချင်လို့လဲ”

“ကျွန်တော်... ပြောစရာလေး ရှိလို့ပါ။ ကျွန်တော်တို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား”

လုပင်းက မိန်းကလေးချောင်ကို ကြည့်ကာ ပြောလိုက်သည်။ အခြားကျောင်းသားများမှာမူ ၎င်းကို မြင်သောအခါ အဓိပ္ပာယ်ပါသော အပြုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အကယ်ဒမီမှ နာမည်ကြီး စာဂျပိုးလေးသည် စီနီယာအစ်မကို ခိုးခိုးကြည့်နေတတ်သည်မှာ ကြာပြီဖြစ်ရာ စီနီယာအစ်မတစ်ယောက်တည်းကလွဲလျှင် ဤစာဂျပိုးလေးမှာ သူမကို သဘောကျနေမှန်း လူတိုင်း သိကြသည်။

“ကောင်းပြီ”

မိန်းကလေးချောင်က ခေါင်းငြိမ့်လိုက်ပြီး “ဒါပေမဲ့ မြန်မြန်ပြောနော် ငါ ဒီမှာ တိုက်ခိုက်လို့ ကောင်းနေတုန်းမို့” ဟု ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ"

လုပင်းမှာ ချောင်ယဲ့ကို ကျေးဇူးတင်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကို အဝေးက နံရံတစ်ခုဆီသို့ ခေါ်သွားတော့သည်။

“မိန်းကလေးချောင်... နံရံရှေ့မှာ ခဏလောက် ရပ်ပေးပါဦး"

လုပင်းမှာ ရင်ခုန်လွန်းသဖြင့် လက်ဖဝါးများတွင် ချွေးများပင် စိုရွှဲနေပြီ ဖြစ်သည်။

“မင်း ဘာတွေ လုပ်နေတာလဲ”

ချောင်ယဲ့က လုပင်းကို သံသယဖြင့် ကြည့်သော်လည်း ပြောသည့်အတိုင်း နံရံရှေ့တွင် ရပ်ပေးလိုက်သည်။

“ဟူး...”

“မိန်းကလေးချောင်... ကျွန်တော် မေးချင်တာက မင်း ငါ့ကို သဘော...”

နောင်တစ်ချိန်တွင် ကွန်ဖြူးရှပ်သူတော်စင်ဖြစ်လာမည့် ထိုလူငယ်လေးသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် တတိယသခင်လေး သင်ပေးလိုက်သည့်အတိုင်း လက်တစ်ဖက်ကို နံရံပေါ်တင်ကာ နံရံပိတ်လုပ်ရန် ကြိုးစားလိုက်သည်။

သူ၏ လက်က ချောင်ယဲ့ဆီသို့ ဦးတည်သွားသည်နှင့်အမျှ သူ၏ ကြည်လင်သော မျက်ဝန်းများမှာလည်း ရဲရင့်ပြတ်သားမှုများဖြင့် ပြည့်နှက်လာသည်။

ဖြတ်….

ဘာသတိပေးချက်မျှ မရှိဘဲ ချောင်ယဲ့သည် လုပင်းကို ပခုံးကျော် လွှဲချလိုက်ရာ နောင်တစ်ချိန်တွင် စာပေသူတော်စင်ဖြစ်လာမည့် ထိုလူငယ်လေးမှာ မြေကြီးပေါ်သို့ မျက်နှာနှင့် စောင့်လျက် ကျသွားတော့သည်။

“ဟေ့ မင်း ငါ့ကို ခိုးတိုက်ခိုက်ဖို့ ကြိုးစားနေတာလား”

မျက်ခုံးထူထူနှင့် မိန်းကလေးချောင်က ရှက်ကိုးရှက်ကန်း ဖြစ်နေသော လုပင်းကို ဒေါသတကြီး စိုက်ကြည့်ကာ ဟောက်လိုက်တော့သည်။

တောင်ကုန်းပေါ်တွင်မူ ချန်ကျီရှင်းသည် ဤမြင်ကွင်းကို ကြည့်ကာ ဆက်မကြည့်ရဲတော့သဖြင့် မျက်နှာကို လက်နှင့် အုပ်လိုက်မိသည်။

တောင်ခြေရင်းမှ အော်ဟစ်သံများနှင့် မျက်မမြင်လူငယ်လေး၏ အလူးအလဲ ရှင်းပြနေသံများကို ကြားရသောအခါ ချန်ကျီရှင်းမှာ ချက်ချင်းပင် ထထိုင်ကာ သူ၏ အိပ်ဆောင်ထဲသို့ အမြန်ဝင်သွားတော့သည်။

ငါတော့ လစ်ပြီဟေ့။

All Chapters