အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း။ ၂၄၅
ချန်ကျီရှင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ ငေးကြည့်နေမိသည်။
သူ၏ ရှေ့တည့်တည့်တွင် လူနှစ်ဦးက လက်ချင်းချိတ်ကာ လျှောက်လာနေကြ၏။
ဘယ်ဘက်မှ အမျိုးသမီးမှာ အဖြူရောင် နန်းတွင်းဝတ်စုံရှည်ကို ဆင်မြန်းထားပြီး လှပကျော့ရှင်းသော ရုပ်ရည်ရှိသည်။ သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ နက်မှောင်သော ဆံနွယ်များကို မြင့်မားစွာ စည်းနှောင်ထားသည်။
သူမသည် လောကတွင် အလှဆုံးဟု မဆိုနိုင်သော်လည်း ကြည့်ရသူကို ဆွဲဆောင်နိုင်သည့် ထူးခြားသော အရှိန်အဝါမျိုး ရှိသည်။
ညာဘက်မှ အမျိုးသားမှာလည်း ချောမောခန့်ညားပြီး ပညာတတ် လူကြီးလူကောင်းတစ်ဦး၏ ပုံစံမျိုး ရှိသော်လည်း ချန်ကျီရှင်းနှင့် ယှဉ်လျှင်မူ အတော်ပင် ကွာခြားလှသည်။
“ချင်းကျိုး... နတ်ဘုရားခရီးသွားနယ်ပယ် အဆင့် ၉ ကို ရောက်သွားတာ ဂုဏ်ယူပါတယ်နော်။ နောက်သုံးနှစ်အတွင်း မင်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်မှာ သေချာပါတယ်။ ကိုယ် တကယ်ကို ဝမ်းသာတယ် သိလား"
ထိုလူကြီးလူကောင်းပုံစံနှင့် လူသည် သူ၏ဘေးမှ ရွှီချင်းကျိုးကို ကြည့်ရင်း မျက်ဝန်းထဲတွင် မြတ်နိုးယုယမှုများ ပြည့်နှက်နေသည်။
“ကျွန်မလည်း အဲဒီအဆင့်ကို ရောက်အောင် ကြိုးစားမှာပါ"
ရွှီချင်းကျိုးသည် ထိုလူကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အလိုလို အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်ဝန်းများမှာလည်း လခြမ်းကွေးလေးသဖွယ် ဖြစ်သွားတော့သည်။
“မင်း သေချာပေါက် ဖြစ်မှာပါ ကိုယ် ယုံတယ်။ ကိုယ့်ရဲ့ ချင်းကျိုးက ငါတို့ ချန်ရန်အကယ်ဒမီရဲ့ အထူးချွန်ဆုံး ကျောင်းသူပဲဟာ"
ထိုလူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် ရွှီချင်းကျိုး၏ လက်ကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြတ်သားသော အကြည့်ဖြင့် ကြည့်ကာ
“ချင်းကျိုး... ကိုယ်လည်း ကြိုးစားပါ့မယ် မင်းက ကိုယ့်ကို ရွေးချယ်ခဲ့တာဆိုတော့ ကိုယ် မင်းကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး။ တခြားသူတွေ ကဲ့ရဲ့တာမျိုးလည်း အဖြစ်မခံတော့ဘူး”
ထိုစကားကို ကြားသောအခါ ရွှီချင်းကျိုးက “ဝမ်ယီသာ အကောင်းဆုံး ကြိုးစားရင် ရပါပြီ။ ငါ မင်းကို ကူညီမှာပေါ့” ဟု ညင်သာစွာ ပြန်ပြောလိုက်သည်။
သို့သော် ထိုလူက ခေါင်းခါယမ်းလိုက်ပြီး
“ဟင့်အင်း... ကိုယ့်ရဲ့ ကိုယ်ပိုင်ကြိုးစားမှုနဲ့ပဲ လိုက်မီအောင် လုပ်ရမယ်။ ကျန်းဝမ်ယီမှာ ရှိသမျှ အရာအားလုံးက မင်းကြောင့်ရတာလို့ လူတွေပြောတာကို ကိုယ် အဖြစ်မခံနိုင်ဘူး"
ရွှီချင်းကျိုးမှာ ထိုစကားကြောင့် စိတ်ထဲတွင် နွေးထွေးသွားရပြီး အားပေးသည့် အမူအရာဖြင့်
“ဒါဆိုရင် ကြိုးစားနော် ငါ မင်းကို ယုံကြည်တယ်"
ကျန်းဝမ်ယီက ပြုံးလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ စိုးရိမ်တကြီးဖြင့်
“ချင်းကျိုး... ဇီဝေချန်မိသားစုက ချန်ကျီရှင်း ဒီနေ့ အကယ်ဒမီကို ရောက်မယ်လို့ ကြားတယ်။ မင်းရဲ့ မိသားစုက မင်းကို ချန်မိသားစုထဲကို အတင်းလက်ထပ်ခိုင်းနေတာလေ။ သူ မင်းဆီကို လာတာများလားလို့ ကိုယ် စိုးရိမ်မိတယ်။ ဘယ်လိုလုပ်ကြမလဲ မင်း သူ့ကို သွားတွေ့ရမှာလား”
ရွှီချင်းကျိုးက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး
“တွေ့ရမှာပေါ့ ကျွန်မ တတိယသခင်လေးကို တွေ့ဖို့ လိုပါတယ်။ ဘာပဲပြောပြော မတွေ့ရတာ နှစ်နှစ်တောင် ရှိပြီပဲ"
“ဒါပေမဲ့...”
ကျန်းဝမ်ယီမှာ စကားပြောရန် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သတ္တိမွေးကာ
“ချင်းကျိုး... အကယ်၍ တတိယသခင်လေးက မင်းကို အတင်းအကျပ် ပိုင်ဆိုင်ဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ”
“အဲဒါ မဖြစ်နိုင်တာ”
ရွှီချင်းကျိုးက ရယ်မောရင်း
“ဝမ်ယီ... အများကြီး လျှောက်မတွေးပါနဲ့။ တတိယသခင်လေးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ကျွန်မ သေချာရှင်းပြရင် သူ နားလည်မှာပါ။ သူက သူတစ်ပါးကို အတင်းအကျပ် လုပ်မယ့်သူ မဟုတ်ဘူး"
ရွှီချင်းကျိုးက ရယ်ရယ်မောမောဖြင့် ခေါင်းခါယမ်းလိုက်သည်။ အကယ်၍ ချန်ကျီရှင်းသာ သူမအပေါ် တကယ် စိတ်ရှိခဲ့လျှင် လွန်ခဲ့သော နှစ်နှစ်က သူမ နိုးလာမည့်နေရာမှာ ဇရပ်တစ်ခု မဟုတ်ဘဲ တတိယတောင်ထိပ်က ကုတင်ပေါ်မှာ ဖြစ်နေလိမ့်မည်။
“ချင်းကျိုး... လူဆိုတာ အပြင်ပန်းကြည့်လို့ မရဘူးလေ။ အထူးသဖြင့် အရင်တုန်းက အခြေအနေနဲ့ အခုက မတူတော့ဘူး။ လူတွေကို အရမ်းကြီး အထင်မကြီးပါနဲ့။ သူ မင်းကို စိတ်မဝင်စားဘူးဆိုရင် ဘာလို့ ချန်ရန်အကယ်ဒမီကို သီးသန့်လာမှာလဲ”
ကျန်းဝမ်ယီက စိုးရိမ်တကြီး ပြောလိုက်သည်။
သူ စကားမဆုံးခင်မှာပင် ရွှီချင်းကျိုးက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ကျန်းဝမ်ယီ၏ မျက်နှာကို သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် အသာအယာ အုပ်ကိုင်ကာ ပြုံးလိုက်သည်။
“ငတုံးလေး... ကျွန်မ ကတိပေးပါတယ်။ အကယ်၍ တတိယသခင်လေးက ကျွန်မကို တကယ်ပဲ အတင်းအကျပ် လုပ်လာရင်တောင် ကျွန်မ အသေခံရဲတယ်။ အလျော့မပေးဘူး။ ဟုတ်ပြီလား”
ထိုစကားကို ကြားမှ ကျန်းဝမ်ယီမှာ သက်ပြင်းချနိုင်တော့သည်။
“ချင်းကျိုး... ကိုယ့်ရဲ့ အသက်နဲ့လဲပြီးတော့တောင် မင်းကို ဘယ်သူ့လက်ထဲမှ မပါသွားအောင် ကိုယ် ကာကွယ်ပါ့မယ်”
ကျန်းဝမ်ယီက ပြတ်သားစွာ ပြောလိုက်၏။
“ကောင်းပါပြီ”
ရွှီချင်းကျိုးမှာ စိတ်ထဲတွင် နွေးထွေးသွားရပြီး ခေါင်းငြိမ့်လိုက်သည်။
သူတို့နှစ်ဦး ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာကြသည်။
ရုတ်တရက် ကျန်းဝမ်ယီမှာ ခြေလှမ်းများ ရပ်တန့်သွားပြီး အံ့ဩသော မျက်ဝန်းများဖြင့် “ဟင် ဟိုမှာ ရပ်နေတဲ့သူက ဘယ်သူလဲ တကယ့်ကို ချောမောတာပဲ။ ငါတို့ အကယ်ဒမီမှာ ဒီလောက်အထိ ထင်ရှားတဲ့သူ ဘယ်တုန်းက ရှိသွားတာလဲ”
သူက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“တတိယသခင်လေး”
သူ့ဘေးမှ ရွှီချင်းကျိုး၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး ကျန်းဝမ်ယီကို ဆွဲကာ အလျင်အမြန် ရှေ့သို့ တိုးသွားတော့သည်။
ချန်ရန်အကယ်ဒမီ၏ သမိုင်းကြောင်းကို ရေးထိုးထားသည့် ကျောက်တိုင်ကြီးကို ငေးကြည့်နေသော ချန်ကျီရှင်းမှာ ထိုအသံကို ကြားသောအခါ မျက်မှောင်ကို အနည်းငယ် ပင့်လိုက်ပြီး ရွှီချင်းကျိုးဘက်သို့ လှည့်ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ချန်ကျီရှင်းသည် ရွှီချင်းကျိုးနှင့် ကျန်းဝမ်ယီတို့၏ ဆက်ဆံရေးကို ချက်ချင်းပင် သိမြင်လိုက်သည်။
“တတိယသခင်လေး... မတွေ့ရတာ ကြာပြီနော်”
ရွှီချင်းကျိုးက ချန်ကျီရှင်းကို ပြုံးပြလိုက်ပြီးနောက် ကျန်းဝမ်ယီကို ကြည့်ကာ
“ဝမ်ယီ... ဒါက တတိယသခင်လေးလေ နှုတ်မဆက်ဘူးလား”
“သူ... သူက တတိယသခင်လေးလား”
ကျန်းဝမ်ယီ၏ မျက်နှာမှာ ခဏတာ ထိတ်လန့်သွားရသည်။
သူ့ရှေ့တွင် ရပ်နေသော လူရွယ်မှာ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ဖုန်မှုန့်တစ်စပင် မကပ်ငြိသကဲ့သို့ စင်ကြယ်လှသည်။
သူ၏ ရုပ်ရည်မှာလည်း ထုဆစ်ထားသည့် ကျောက်စိမ်းရုပ်တုကဲ့သို့ပင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
လောကကြီးတွင် ဤမျှအထိ ချောမောခန့်ညားသောသူ ရှိနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည်မဟုတ်ပေ။ သူ၏ ပုံစံမှာ အမှန်တကယ်ပင် ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်သားတစ်ပါးနှင့် တူသည်။
အထူးသဖြင့် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းအစုံမှာ တည်ငြိမ်အေးစက်သော အမူအရာကို ဆောင်ထား၏။ သူ ရပ်နေရုံမျှဖြင့် သတ္တဝါအားလုံးကို အထက်စီးမှ အုပ်စိုးနေသည့်အလား မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ဤသူမှာ သာမန်နောက်ခံရှိသူ မဟုတ်ကြောင်း မည်သူမဆို သိနိုင်သည်။
ချန်ကျီရှင်း၏ ရှေ့တွင် ရပ်နေသော ကျန်းဝမ်ယီမှာမူ သူ့ကိုယ်သူ အင်မတန် အားငယ်သွားမိသည်။ သူသည် တောက်ပသော လမင်းကြီးနှင့် တွေ့ဆုံလိုက်ရသည့် ညစ်ပတ်သော ရွှံ့နွံတစ်ခုကဲ့သို့ ခံစားလိုက်ရပြီး ရှက်ရွံ့လွန်းသဖြင့် ခေါင်းငိုက်စိုက်ကျကာ ချန်ကျီရှင်း၏ စူးရှသော အကြည့်များကို ရင်မဆိုင်ရဲတော့ချေ။
ချန်ကျီရှင်းဘက်မှ စကားတစ်လုံးမျှ မဆိုရသေးသော်လည်း ကျန်းဝမ်ယီမှာ ကြီးမားသော ဖိအားကို ခံစားနေရပြီး တစ်ကိုယ်လုံး တင်းမာကာ လက်ဖဝါးများတွင် ချွေးများ စိုရွှဲလာတော့သည်။
ဤသည်မှာ ရုပ်ရည်၊ မိသားစုနောက်ခံ၊ အစွမ်းအစ၊ ပါရမီနှင့် အဆင့်အတန်း အစစအရာရာ ကွာခြားလွန်းလှသဖြင့် စိတ်ထဲမှ အလိုလို ဖြစ်ပေါ်လာသော အားငယ်မှုပင်။
“ဝမ်ယီ”
ရွှီချင်းကျိုးက ကျန်းဝမ်ယီကို တံတောင်ဖြင့် အသာတို့လိုက်သည်။
“ဗျာ... ဗျာ”
ကျန်းဝမ်ယီမှာ အိပ်မက်မှ နိုးလာသူကဲ့သို့ သတိပြန်ဝင်လာသည်။
“ကျောင်းသား... ကျောင်းသား ကျန်းဝမ်ယီက တ... တတိယသခင်လေးကို ဂါရဝပြုပါတယ်ခင်ဗျ"
ကျန်းဝမ်ယီ၏ မျက်နှာမှာ နီရဲနေပြီး စကားများပင် ထစ်ငေါ့နေတော့သည်။ တစ်ဖက်တွင်လည်း သူသည် ချန်ကျီရှင်းကို မျက်လုံးထောင့်မှ ခိုးကြည့်ကာ စိုးရိမ်တကြီး ဖြစ်နေမိသည်။
တတိယသခင်လေးက ငါ ချင်းကျိုးရဲ့ လက်ကို ဆုပ်ကိုင်ထားတာကို မြင်သွားလောက်ပြီလား။ သူ စိတ်ဆိုးပြီး ငါ့ကို သတ်ပစ်လိုက်မလား။ တတိယသခင်လေးက ရက်စက်တယ်။ တစ်မိသားစုလုံးကို အမြစ်ဖြတ်သတ်တတ်တယ်လို့ ကောလာဟလတွေ ကြားထားတာပဲ။ သူ ငါ့ကို အပြစ်တင်ရင် ဘယ်လိုလုပ်ရမလဲ။
ကျန်းဝမ်ယီ၏ စိတ်ထဲတွင် အတွေးများ ဗရပွ ဖြစ်နေစဉ်မှာပင် ချန်ကျီရှင်းက သူ့ကို အသာအယာ ခေါင်းငြိမ့်ပြကာ ပြုံးလျက် ပြောလိုက်သည်။
“မိန်းကလေးရွှီ... မတွေ့ရတာ ကြာပြီနော်"
အစမှ အဆုံးအထိ ချန်ကျီရှင်းသည် ကျန်းဝမ်ယီကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ ဤသည်မှာ ကျန်းဝမ်ယီအတွက် စိတ်သက်သာရာ ရစေသော်လည်း တစ်ဖက်တွင်မူ အရှက်ရစေသည့် ခံစားချက်ကို ပေးစွမ်းသည်။ ဤသည်မှာ လုံးဝ ဥပေက္ခာပြုခံလိုက်ရခြင်းပင်။
“နှစ်နှစ်တောင် ရှိသွားပြီပဲ။ အခုဆို တတိယသခင်လေးက ထာဝရရှင်သန်ခြင်း ပါရမီရှင်စာရင်းမှာ နံပါတ် ၁ အဖြစ် နာမည်ကျော်နေပြီပဲ။ တစ်နေ့မှာ ဇီဝေချန်မိသားစုနဲ့ ကောင်းကင်လှိုင်းသန့်စင်ရာ နယ်မြေကို ဦးဆောင်မယ့်သူ ဖြစ်လာမယ်ဆိုတာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်”
ရွှီချင်းကျိုးက မချီးကျူးဘဲ မနေနိုင်တော့ချေ။
သူမ ဇီဝေတောင်တန်းကို သွားခဲ့စဉ်က ချန်ကျီရှင်း၏ ထူးခြားမှုကို အာရုံခံမိခဲ့သော်လည်း ယနေ့ကဲ့သို့ အမြင့်ဆုံးအဆင့်ထိ ရောက်လာလိမ့်မည်ဟု သူမ မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
ယခင်က ချန်ကျီရှင်းမှာ အပြင်လူများအမြင်တွင် မိသားစုအရှိန်အဝါကို အားကိုးနေသော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုမူ ဇီဝေချန်မိသားစုသည်ပင် သူ၏ ကျေးဇူးကြောင့် တောက်ပလာရတော့မည်ပင်။
“မိန်းကလေးရွှီလည်း မဆိုးပါဘူး။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲကိုး"
ချန်ကျီရှင်းက ပြုံးကာ ပြောလိုက်ပြီးနောက် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“ငါ အခု ချန်ရန်အကယ်ဒမီကို လာတာက ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုလမ်းစဉ်ကို ဖြည့်ဆည်းဖို့၊ ညီမလေးကို လာတွေ့ဖို့နဲ့ ရွှီမိသားစုရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းချက်ကိစ္စကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ ကြည့်ရတာ မိန်းကလေးရွှီကတော့ စိတ်တိုင်းကျ လက်တွဲဖော်ကို ရှာတွေ့ထားပုံရတယ်ဆိုတော့ ငါတို့ ဒီကိစ္စကို...”
“တတိယသခင်လေး... ကျွန်မလည်း အဲဒီကိစ္စကို ရှင်းပြမလို့ပါ"
ရွှီချင်းကျိုးက ပြုံးလိုက်ပြီး ခဏမျှ စဉ်းစားကာ အလေးအနက် ပြောလိုက်သည်။
“တတိယသခင်လေး... ကျွန်မတို့ နှစ်ယောက်ထဲ သီးသန့် စကားပြောလို့ ရမလားရှင်”
အခန်း။ ၂၄၆
“သီးသန့်စကားပြောလို့ ရမလားရှင်”
ချန်ကျီရှင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အေးအေးလူလူပင် ပြန်ပြောလိုက်သည်။
“မင်းရဲ့ တာအိုလက်တွဲဖော်က သဘောတူရင်တော့ ငါ့ဘက်က ကန့်ကွက်စရာမရှိပါဘူး"
ရွှီချင်းကျိုးက ခေါင်းငြိမ့်ပြကာ ဘေးနားရှိ ကျန်းဝမ်ယီကို ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ဝမ်ယီ... ငါ တတိယသခင်လေးနဲ့ ဆွေးနွေးစရာလေးတွေ ရှိလို့ ဒီမှာပဲ ခဏစောင့်နေပေးနော်"
ကျန်းဝမ်ယီမှာ ထိုစကားကြောင့် တွန့်ဆုတ်သွားပြီး သူမကို တားချင်စိတ် ပေါက်သွားသည်။ ဘာပဲပြောပြော သီးသန့်စကားပြောရလောက်အောင် ဘာတွေများ လျှို့ဝှက်နေလို့လဲ။ ငါကရော နားထောင်လို့မရဘူးလား။
သို့သော် စကားများက လည်ချောင်းဝသို့ ရောက်လာချိန်တွင် သူသည် စိတ်ကျဉ်းမြောင်းသူတစ်ဦးအဖြစ် အထင်မခံချင်သဖြင့် ခေါင်းငြိမ့်ကာ အတင်းအကျပ် ပြုံးပြလိုက်ပြီး
“သွားလေ... ရပါတယ်"
“ငါ မကြာခင် ပြန်လာခဲ့မယ်နော်"
ရွှီချင်းကျိုးက ကျန်းဝမ်ယီကို ပြုံးပြလိုက်ပြီးနောက် ချန်ကျီရှင်းနှင့်အတူ ထွက်ခွာသွားတော့သည်။
သူတို့နှစ်ဦးသည် ချန်ရန်အကယ်ဒမီ၏ ကျောက်ခင်းလမ်းအတိုင်း ဘေးချင်းယှဉ် လျှောက်လှမ်းလာကြရာ လေထဲတွင် ဂါဒီနီယာပန်းရနံ့များ သင်းပျံ့နေသည်။
“တတိယသခင်လေး... ဘဝရဲ့ အံ့ဖွယ်တွေက တကယ်ကို အဆုံးမရှိဘူးနော်။ လွန်ခဲ့တဲ့ နှစ်နှစ်
တုန်းကဆိုရင် အခုလိုမျိုး အောင်မြင်မှုတွေ ရလာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ”
ရွှီချင်းကျိုးက အတိတ်ကို ပြန်လည်အမှတ်ရနေသော မျက်ဝန်းများဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“ဘဝဆိုတာ မရေရာမှုတွေ ရှိနေလို့ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတာ မဟုတ်လား”
ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။
“မှန်တာပေါ့"
ရွှီချင်းကျိုးကလည်း ပြန်ပြုံးပြသည်။
သူတို့နှစ်ဦးသည် ကျောက်စိမ်းများ စီခြယ်ထားသော ဝရန်တာရှည်များကို ဖြတ်သန်းလာကြရာ နောက်ဆုံးတွင် ကန်ကြီးတစ်ခုအနားသို့ ရောက်ရှိလာကြသည်။ အနက်ရောင် ငှက်တစ်အုပ်မှာ ရေပြင်ထက်မှ ပျံသန်းသွားပြီး ရေမျက်နှာပြင်ပေါ်တွင် လှိုင်းအစင်းကြောင်း ရှည်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
“တတိယသခင်လေး... လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်မရင်ထဲမှာ အဖြေရှာမရတဲ့ မေးခွန်းတစ်ခု ရှိနေခဲ့တယ်။ ကျွန်မကို ဖြေပေးနိုင်မလား”
“မေးပါ”
ချန်ကျီရှင်း ခေါင်းငြိမ့်လိုက်သည်။
“နင်ချန်းယွီ တစ်ယောက်တည်း ပျောက်ကွယ်သွားတုန်းက တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ...”
ရွှီချင်းကျိုးက ချန်ကျီရှင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ရွှီချင်းကျိုး စကားပင် မဆုံးသေးခင်မှာပင် ချန်ကျီရှင်းက တည်ငြိမ်စွာဖြင့် “သူ သေသွားပြီ။ ငါကိုယ်တိုင် သတ်လိုက်တာ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှီချင်းကျိုးမှာ ခဏတာ မှင်သက်သွားပြီးမှ နားလည်သွားသည့်အလား ခေါင်းငြိမ့်လိုက်သည်။ အမှန်စင်စစ် သူမရင်ထဲတွင် ဤအဖြေကို သိရှိနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
သို့သော် ယနေ့တွင် ချန်ကျီရှင်းထံမှ အတည်ပြုချက် ရလိုက်ခြင်းက သူမအား အတိတ်ကို လုံးဝဥဿုံ လက်လွှတ်လိုက်နိုင်စေသည်။
မူလက ထိုအဖြေကို သိလိုက်ရချိန်တွင် သူမ၏ စိတ်ခံစားချက်များ မတည်မငြိမ် ဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ သူမ ထင်ထားသည်ထက်ပင် ပိုမိုတည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။
“ဖြစ်နိုင်တာကတော့... သူ ကျွန်မကို နှင်ထုတ်ဖို့ ကြံစည်ခဲ့ကတည်းက ကျွန်မ သူ့ကို လုံးဝ လက်လွှတ်လိုက်နိုင်ခဲ့တာ ဖြစ်မှာပါ”
ရွှီချင်းကျိုးက သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ချန်ကျီရှင်းသည် ဝရန်တာလက်ရန်းပေါ်မှ ငါးစာအိတ်ကို အသာအယာယူကာ ကန်ထဲသို့ ပက်ကျဲလိုက်ရာ ရွှေငါးထောင်ပေါင်းများစွာမှာ အစာလုနေကြသဖြင့် ရေပြင်တစ်ခုလုံး လှုပ်ခတ်သွားတော့သည်။
“မိန်းကလေးရွှီ... ဒီကိစ္စကို ပြောဖို့တင်ပဲ တစ်ယောက်တည်း ခွဲထွက်လာတာလား”
ချန်ကျီရှင်းက အေးဆေးစွာ မေးလိုက်သည်။
“ဒါတင် မကပါဘူး"
ရွှီချင်းကျိုးက သူမ၏ နားနောက်သို့ ဆံနွယ်တစ်စကို သပ်တင်လိုက်ပြီးနောက် အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“တတိယသခင်လေး... မီးခဲဆိုတဲ့ အဖွဲ့အစည်းအကြောင်း သိပါသလား”
“မီးခဲ”
ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ မျက်ဝန်းထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
ရွှီချင်းကျိုးက လေးနက်သော အမူအရာဖြင့် “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျွန်မ ယန့်ကျိုးက မိစ္ဆာတစ်ကောင်ကို သတ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ယန့်ကျိုးက မိစ္ဆာဂိုဏ်းတွေက ကျွန်မကို လျှို့ဝှက်ပြီး ဒုက္ခပေးနေခဲ့ကြတာ။ မကြာသေးခင်က ကျွန်မ အဲဒီမိစ္ဆာဂိုဏ်းတွေရဲ့ စုရပ်တစ်ခုကို လျှို့ဝှက်ဖျက်ဆီးခဲ့တုန်းက သတင်းအချက်အလက်တစ်ခု ရခဲ့တယ်” ဟု ပြောကာ ဆက်ပြောလိုက်သည်။
“အရှေ့ပိုင်း နက်ရှိုင်းနယ်မြေပြိုင်ပွဲအတွင်းမှာ မီးခဲလို့ခေါ်တဲ့ အဖွဲ့အစည်းက အဓိကရုဏ်းတစ်ခု ဖြစ်အောင်လုပ်ပြီး ပါရမီရှင်တွေကို သတ်ဖြတ်ဖို့ စီစဉ်နေကြတယ်။ ပြီးတော့ သူတို့ရဲ့ ပထမဆုံး ပစ်မှတ်က... ရှင်ပဲ”
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ တိတ်ဆိတ်သွားပြီး သူ၏မျက်ဝန်းထဲတွင် စဉ်းစားစရာများ ပြည့်နှက်သွားတော့သည်။ မီးခဲအဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ဘာကြောင့် သူ့ကို လာမထိပါးသလဲဟု သူ တွေးတောနေခဲ့မိခြင်းပင်။
အော် သူတို့က အရှေ့ပိုင်း နက်ရှိုင်းနယ်မြေပြိုင်ပွဲကို စောင့်နေကြခြင်းကိုး။
"စဉ်းစားကြည့်ရင် အဲဒီပြိုင်ပွဲက နယ်မြေတစ်ခုလုံးက ထိပ်တန်းပါရမီရှင်တွေ စုဝေးတဲ့နေရာပဲ။ အကယ်၍ အဲဒီပါရမီရှင်တွေကို မီးခဲက သတ်ဖြတ်ပြီး ရှေးဟောင်းပညာရှင်တွေ တစ်ဖန်ပြန်လည်မွေးဖွားဖို့ ခန္ဓာကိုယ်တွေအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာမလဲ"
“တတိယသခင်လေး”
ရွှီချင်းကျိုး၏ ညင်သာသော ခေါ်သံက ချန်ကျီရှင်းကို အတွေးထဲမှ ပြန်လည်ခေါ်ဆောင်လာသည်။
“နားလည်ပါပြီ ကျေးဇူးတင်ပါတယ် မိန်းကလေးရွှီ"
ချန်ကျီရှင်းက ရွှီချင်းကျိုးကို ပြုံးပြလိုက်သည်။
“တတိယသခင်လေး သိထားရင်ပဲ တော်ပါပြီ။ ပိုပြီးတော့ သတိထားပြင်ဆင်ထားတာပေါ့"
ရွှီချင်းကျိုးက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အနည်းငယ် အနေခက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဪ... ဒါနဲ့ တတိယသခင်လေး နောက်ထပ် တစ်ခုရှိသေးတယ်...”
ချန်ကျီရှင်းသည် ရွှီချင်းကျိုး၏ စကားရိပ်ကို မြင်သဖြင့် “လက်ထပ်ဖို့ ကမ်းလှမ်းတဲ့ ကိစ္စကို ပြောတာလား” ဟု မေးလိုက်သည်။
“ဟုတ်ပါတယ်”
ချန်ကျီရှင်းက ထိုကိစ္စကို ဦးအောင် စပြောလိုက်သဖြင့် ဘယ်ကစပြီး ပြောရမှန်း မသိဖြစ်နေသော ရွှီချင်းကျိုးမှာ စိတ်သက်သာရာ ရသွားတော့သည်။
“ကျွန်မရဲ့ အဘွားက ကိုယ်တိုင်ဝင်ပါပြီး အောင်သွယ်လုပ်ခဲ့တာကြောင့် တတိယသခင်လေးကို အခက်တွေ့စေခဲ့ပြီ။ တကယ်ကို အားနာမိပါတယ်ရှင်"
“တတိယသခင်လေးက လောကကြီးကို တုန်လှုပ်စေတဲ့ ပါရမီရှင်၊ ခေတ်အဆက်ဆက်မှာ ယှဉ်ဖက်မရှိတဲ့ သူတစ်ယောက် ဖြစ်သလို ထိပ်တန်း တာအိုကျင့်စဉ် နယ်မြေနှစ်ခုရဲ့ နောက်ခံလည်း ရှိတယ်။ ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် ကျွန်မနဲ့ တတိယသခင်လေးက မိုင်ပေါင်းများစွာ ကွာခြားလွန်းလှသလို ကျွန်မတို့နှစ်ယောက်ကလည်း လိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်...”
“ပြီးတော့ ကျွန်မက တစ်ပါးသူရဲ့ မယားငယ်အဖြစ် နေဖို့လည်း စိတ်ကူးမရှိဘူး။ ဒါကြောင့် တကယ်ပဲ...”
“တောင်းပန်ပါတယ် တတိယသခင်လေး။ ရှင်က အရမ်းကို ထူးချွန်လွန်းပါတယ်။ ကောင်းကင်ယံက တောက်ပတဲ့ နေမင်းကြီးလိုပါပဲ။ ဒါပေမဲ့ ကျွန်မတို့က... ကံမပါခဲ့ဘူးလို့ပဲ ဆိုရမှာပေါ့"
ဝါးကျည်တောက်ထဲက ပဲစေ့တွေကို သွန်ချလိုက်သလိုမျိုး ရွှီချင်းကျိုးသည် သူမရင်ထဲရှိသမျှကို အလျင်အမြန် ပြောချလိုက်တော့သည်။ ထို့နောက် သူမသည် ခေါင်းငုံ့ထားမိပြီး ချန်ကျီရှင်းကို မကြည့်ရဲတော့ချေ။
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ အနည်းငယ် အံ့ဩသွားရသည်။ ရွှီချင်းကျိုးက ဤသို့ လုပ်လိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီးသားပင်။ ရွှီချင်းကျိုးသည် သူမ၏ ဘဝစီမံကိန်းနှင့် ပတ်သက်လျှင် အမြဲတမ်း ရှင်းလင်းပြတ်သားသူဖြစ်ပြီး သူမကိုယ်သူမ ကောင်းစွာသိရှိသူ ဖြစ်သည်။
အကယ်၍ သူမသည် ဇီဝေချန်မိသားစုထဲသို့ အမှန်တကယ် လက်ထပ်ဝင်ရောက်သွားလျှင် ချန်ကျီရှင်းအတွက် မျိုးဆက်ပြန့်ပွားပေးရမည့် ကိရိယာတစ်ခုသာ ဖြစ်သွားမည်ကို သူမ ကောင်းစွာ သိရှိနေသည်။
ထိုအရာက သူမ လိုချင်သည့် ဘဝမျိုး မဟုတ်ပေ။
ချန်ကျီရှင်း နားလည်ပေးနိုင်သည်။
ဤလောကတွင် လူအမျိုးမျိုး ရှိကြသည်။ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှင်သန်ခွင့် ရှိကြသည်။ သူသည် လောကရှိ အမျိုးသမီးတိုင်း သူ့ကို လက်ထပ်ချင်ကြလိမ့်မည်ဟု ထင်ရလောက်အောင် မာနကြီးသူ သို့မဟုတ် နုံအသူ မဟုတ်ပေ။
လူတိုင်းက အပေါ်ယံ ဂုဏ်ပကာသနကို မက်မောကြတာမဟုတ်သလို အမျိုးသမီးတိုင်းကလည်း အာဏာစက်ကြီးမားသော မိသားစုကြီးများထဲသို့ လက်ထပ်ကာ ဝင်ရောက်ချင်ကြသည် မဟုတ်ပေ။ ကိုယ်ရှင်သန်လိုသော ဘဝကို ရွေးချယ်ခြင်းက လူတိုင်း၏ အခွင့်အရေးပင်။
ထို့အပြင်
ရွှီချင်းကျိုး၏ စကားများမှာ ချန်ကျီရှင်းကို စိတ်သက်သာရာ ရစေရုံသာမက သူ၏ ကိုယ်ပိုင်ဆန္ဒနှင့်လည်း ကွက်တိကျနေသည်။ သူသည် ရွှီချင်းကျိုးအပေါ်တွင် ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိခဲ့ပေ။
အထူးသဖြင့် သူမကို တာအိုလက်တွဲဖော်အဖြစ် အတင်းအကျပ် စိတ်ကူးကြည့်သည့်အခါတိုင်း သူ၏ စိတ်ထဲတွင် ပေါ်လာသော မျက်နှာမှာ မုယွဲ့မေ၏ မျက်နှာသာ ဖြစ်နေသည်။
ဤသည်မှာ ချန်ကျီရှင်းကို လုံးဝ နားလည်သွားစေသည်။ အကယ်၍ သူနှင့် ရွှီချင်းကျိုးတို့ အတင်းအကျပ် ပေါင်းဖက်ခဲ့ကြလျှင် တဖြည်းဖြည်းနှင့် စိမ်းကားသွားကြပေလိမ့်မည်။
ချန်ကျီရှင်းမှာ အနည်းငယ် ရယ်ချင်မိသွားသည်။
ငါ ခုလေးတင် လူကောင်းကတ်အပေးခံလိုက်ရတာလား။
“တတိယသခင်လေး...”
ရွှီချင်းကျိုးသည် အသက်ကို ပြင်းပြင်းရှူကာ ခေါင်းမော့လိုက်ပြီး ချန်ကျီရှင်းကို ရဲရဲဝံ့ဝံ့ ကြည့်လိုက်သည်။
“အရေးကြီးဆုံးကတော့... ရှင့်ရဲ့ မျက်ဝန်းထဲမှာ ကျွန်မအပေါ် ထားတဲ့ ချစ်ခြင်းအရိပ်အယောင် တစ်စွန်းတစ်စတောင် မတွေ့ရလို့ပါပဲ"
သူမသည် သူမ၏ နောက်ဆုံးအတွေးကို ပွင့်လင်းစွာ ပြောလိုက်သည်။
“ဒါကြောင့် အတင်းအကျပ် ပေါင်းဖက်ပြီးမှ သူစိမ်းတွေ ဖြစ်သွားမယ့်အစား လုံးဝ မစတင်ခဲ့တာကမှ ပိုကောင်းပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး “ကောင်းပါပြီ"
“ကျေးဇူးတင်ပါတယ်ရှင်"
ရွှီချင်းကျိုးသည် ချန်ကျီရှင်းကို အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် ကျန်းဝမ်ယီရှိရာသို့ လျှောက်သွားတော့သည်။
သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးနေပြီး သူမ၏ အပြုံးမှာလည်း ပန်းတစ်ပွင့်ပွင့်သကဲ့သို့ ဝေဆာနေ၏။ သူမရင်ထဲက လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလားပင်။
ထာဝရရှင်သန်ခြင်း မိသားစုဖြစ်စေ၊ ပြိုင်ဖက်မရှိ ပါရမီရှင်ဖြစ်စေ တစ်ပါးသူတွေ အလုအယက် လိုချင်တပ်မက်နေသော်လည်း မရနိုင်သောအရာအားလုံးကို သူမကတော့ လွယ်လွယ်ကူကူပင် စွန့်လွှတ်နိုင်ခဲ့သည်။ ဤဘဝတွင် သူမ လိုချင်သည်မှာ ကျန်းဝမ်ယီ တစ်ယောက်တည်းသာ။
ချန်ကျီရှင်းသည် ထွက်ခွာသွားသော ရွှီချင်းကျိုး၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်မိသည်။
ရွှီချင်းကျိုးသည် မိန်းကလေးကောင်းတစ်ယောက် ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ
သူသည် ရွှီချင်းကျိုး၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို ကြိုတင်မြင်နေရသည်။
ဒါက ပုံမှန် ဖီးနစ်ယောင်္ကျားတွေရဲ့ ကံကြမ္မာမျိုးပဲ။ အကယ်၍ ရွှီချင်းကျိုးက သူ့ကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ရင်တော့ လောလောဆယ် ပြဿနာမရှိနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလူက အောင်မြင်မှုတွေ ရလာလို့ သူ့ရဲ့ ဖိနှိပ်ထားတဲ့ ပင်ကိုယ်စရိုက်တွေက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မာနထောင်လွှားပြီးတော့ အနိုင်ကျင့်တတ်တဲ့သူ ဖြစ်လာခဲ့ရင် ရွှီချင်းကျိုးရဲ့ နိဂုံးက ကောင်းမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။
ဒါပေမဲ့ ဒါတွေအားလုံးက ငါနဲ့ မဆိုင်တော့ပါဘူး။ ငါတို့နှစ်ယောက် မပေါင်းဖက်နိုင်ခဲ့ရုံနဲ့ တစ်ဖက်လူကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကောလာဟလတွေ လျှောက်ဖြန့်ရလောက်အောင် ငါမမိုက်မဲပါဘူး။
“ဆောင်းဦးရာသီ ရောက်လာပြီပဲ"
ချန်ကျီရှင်း လျှောက်လှမ်းထွက်ခွာသွားစဉ် ဆောင်းဦးလေပြေက သူ၏ ဆံနွယ်များကို လွင့်ပျံစေသည်။ လောကကြီးက ကျယ်ပြောလှသော်လည်း လူတစ်ယောက်အတွက်မူ ဤခရီးမှာ တစ်ကိုယ်တည်း လျှောက်လှမ်းရမည့် ခရီးပင်။