အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း။ ၂၄၇
“အစ်ကိုကြီး”
ကြည်လင်ပြတ်သားပြီး စိတ်လှုပ်ရှားနေသော မိန်းကလေးတစ်ဦး၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် ချန်ကျီရှင်း လှည့်ကြည့်လိုက်သောအခါ သွယ်လျနွဲ့နှောင်းသော ပုံရိပ်လေးတစ်ခုသည် အပြေးအလွှား ရောက်လာပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
“အစ်ကိုကြီး... နောက်ဆုံးတော့ ရောက်လာပြီပေါ့”
သူ၏ ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်လာသော မိန်းကလေးမှာ နီမြန်းသော နှုတ်ခမ်းအစုံနှင့် ပုလဲလုံးကဲ့သို့ ဖြူစင်သော သွားလေးများ ရှိသည်။ သူမ၏ လခြမ်းကွေးသဏ္ဌာန် မျက်ဝန်းလေးများမှာ တောက်ပစွာ ရယ်မောနေကြ၏။
“မုန့်ယန်”
ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ချန်မုန့်ယန်မှာ ချောကလက်နှင့် မုန့်များအတွက် သူ့နောက်မှ တကောက်ကောက် လိုက်နေတတ်သည့် ဆံပင်နှစ်ဖက်ခွဲစည်းထားသော မိန်းကလေးငယ်လေးသာ ဖြစ်သည်။
နှစ်နှစ်တာ အချိန်အတွင်းမှာပင် ချန်မုန့်ယန်မှာ သူ၏ မေးစေ့နားအထိ အရပ်ရှည်လာခဲ့ပြီး ရုပ်ရည်မှာလည်း ပိုမိုလှပလာခဲ့သည်။ သူမသည် အပြည့်အဝ အရွယ်မရောက်သေးသော်လည်း ကျော့ရှင်းသော အလှတရားနှင့် ဆွဲဆောင်မှုရှိသော အရိပ်အယောင်များကို မြင်တွေ့နေရပြီ ဖြစ်သည်။ နောင်တစ်ချိန်တွင် သူမသည် တစ်ပြည်လုံးကို မှင်သက်စေမည့် အလှပိုင်ရှင်လေး ဖြစ်လာပေလိမ့်မည်။
“ဒီကလေးမလေးက မျက်တောင်တစ်ခတ်အတွင်းမှာ တော်တော်ကြီးထွားလာတာပဲ”
ချန်ကျီရှင်းက သူမ၏ ဆံပင်များကို အသာအယာ ဖွရင်း ပြုံးလျက် ပြောလိုက်သည်။ သူသည် စိတ်ထဲမှလည်း မချီးကျူးဘဲ မနေနိုင်တော့ချေ။
ဒီ ချန်မိသားစုရဲ့ မျိုးရိုးဗီဇကတော့ တကယ့်ကို ထိပ်တန်းပဲ ဘယ်အရွယ်ပဲဖြစ်ဖြစ် ကြည့်ကောင်းလွန်းနေကြတာပဲ။
“ဟွန့်... အစ်ကိုကြီးကလည်း ညီမလေးဆီ မလာတာ နှစ်နှစ်တောင် ရှိပြီ”
ချန်မုန့်ယန်က နှာခေါင်းလေးရှုံ့ကာ ပြောလိုက်ပြီးနောက် သူမ၏ မျက်လုံးထောင့်မှ ထွက်ခွာသွားသော ရွှီချင်းကျိုး၏ ကျောပြင်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ ဝင်းလက်သွားကာ
“ဟိုမှာ... အစ်မရွှီ မဟုတ်လား အဖေပြောတာ ကြားတယ်။ အစ်မရွှီရဲ့ မိသားစုက ကျွန်မတို့ ချန်မိသားစုဆီကို လက်ထပ်ဖို့ ကမ်းလှမ်းလာတယ်ဆို။ အစ်မရွှီက နောင်ကျရင် ကျွန်မရဲ့ မရီးဖြစ်လာမှာလားဟင်”
“လျှောက်မပြောပါနဲ့ အဲဒီလို ဖြစ်ဖို့က လမ်းစတောင် မရှိပါဘူး”
ချန်ကျီရှင်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ဟုတ်ပါပြီ...”
ချန်မုန့်ယန်မှာ အနည်းငယ် စိတ်ပျက်သွားသည့်ပုံစံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါဆိုရင် အစ်မရွှီအတွက် တကယ်ကို နှမြောစရာပဲ"
“မင်းအစ်ကိုက ဝိညာဉ်ကျောက်တုံးမှ မဟုတ်တာ။ လူတိုင်းက ငါ့ကို ကြိုက်နေရမှာလား...” ချန်ကျီရှင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုအချိန်တွင်
“တတိယသခင်လေး”
စိတ်လှုပ်ရှားနေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ငွေရောင်ဆံပင်များနှင့် အဘိုးအိုတစ်ဦးသည် အဝေးမှနေ၍ ချန်ကျီရှင်းရှိရာသို့ လက်ဝှေ့ယမ်းကာ အပြေးအလွှား လာနေသည်။ သူ၏နောက်တွင်လည်း ချန်ရန်အကယ်ဒမီမှ ကျောင်းသားအုပ်ကြီး ပါလာ၏။
“တတိယသခင်လေး... ရောက်လာတာကို ကျွန်တော့်ကို အသိမပေးဘူးနော် ဒါမှ သေချာ မိတဆက်ပေးလို့ ရမှာပေါ့...”
ငွေရောင်ဆံပင်နှင့် အဘိုးအိုက ချန်ကျီရှင်းဘက်သို့ ရောက်လာကာ ပြုံးလျက် ပြောလိုက်သည်။
တစ်ဖက်တွင်လည်း ချန်ရန်အကယ်ဒမီ ကျောင်းသားများမှာ ချန်ကျီရှင်းကို အဝေးမှ ငေးကြည့်နေကြပြီး မျက်ဝန်းများမှာ တောက်ပလျက် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတော့သည်။
“ဒီလောက်အထိ အားထုတ်နေစရာ မလိုပါဘူး ဆရာကြီး”
ချန်ကျီရှင်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“ကဲ... တတိယသခင်လေး သွားကြစို့ အကယ်ဒမီအုပ်ကြီးက စောင့်နေပါပြီ"
“ကောင်းပါပြီ"
ချန်ကျီရှင်း၏ မျက်နှာမှာ တည်ငြိမ်သွားပြီးနောက် သူသည် လက်လှမ်းကာ ချန်မုန့်ယန်၏ ပါးလေးကို အသာအယာ ဆွဲလိုက်ပြီး “အစ်ကိုကြီး အရေးကြီးတာလေးတွေ သွားလုပ်လိုက်ဦးမယ်။ ပြီးရင် မင်းကို အရသာရှိတာတွေ သွားကျွေးမယ်နော်” ဟု ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုကြီး... ကတိနော်”
ချန်မုန့်ယန်က လက်သန်းလေးကို ထောင်ပြကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
“ကတိပါပဲ”
ချန်ကျီရှင်းက ခပ်ဖွဖွ ရယ်မောကာ သူ၏ လက်သန်းလေးကို ချန်မုန့်ယန်၏ လက်သန်းလေးနှင့် ချိတ်လိုက်ပြီးနောက် လက်မချင်း ထိလိုက်သည်။
ချန်ကျီရှင်းနှင့် ဆရာကြီးတို့ ထွက်ခွာသွားပြီးနောက်
ဘုန်း….
ကျောင်းသားအုပ်ကြီးမှာ ချန်မုန့်ယန်ကို ချက်ချင်း ဝိုင်းအုံလိုက်ကြတော့သည်။
“မုန့်ယန်... နင်က ဇီဝေချန်မိသားစုကလို့ ဘာလို့ တစ်ခါမှ မပြောခဲ့တာလဲ”
“ဝါး နင့်အစ်ကိုက တကယ်ကို ချောတာပဲ”
“မုန့်ယန်... နင့်အစ်ကိုမှာ ရည်းစားရှိလား”
“မုန့်ယန်... အခုကစပြီး ငါက နင့်ကို ညီမလေးလို့ ခေါ်မယ်။ နင်က ငါ့ကို မရီးလို့ ပြန်ခေါ် ဘယ်လိုလဲ”
ကျောင်းသူအမြောက်အမြားမှာ ချန်မုန့်ယန်ကို ဝိုင်းထားကြပြီး မျက်ဝန်းများထဲတွင် အားကျမှုများ ပြည့်နှက်နေကြသည်။
“ငါကတော့ နင်တို့ကို သူငယ်ချင်းတွေလို ဆက်ဆံတာ နင်တို့ကတော့ ငါ့မရီး လုပ်ချင်နေကြတာပေါ့ ဟုတ်လား”
ချန်မုန့်ယန်က မျက်စောင်းထိုးလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသည့်အလား သူမ၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ သူမသည် လက်နှစ်ဖက်ကို ခါးထောက်ကာ ဆရာကြီးစတိုင်ဖြင့် နှာခေါင်းလေး ရှုံ့လိုက်ပြီး
“ငါ့မရီး ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်တို့ ငါပြောတာ နားထောင်ကြမှာလား”
“နားထောင်မယ် နားထောင်မယ်”
ကျောင်းသူများမှာ ကြက်ပေါက်လေးများ အစာကောက်သကဲ့သို့ ခေါင်းများကို အလုအယက် ငြိမ့်ပြကြသည်။
“ကောင်းပြီ... ငါ့မရီး လုပ်ချင်တယ်ဆိုရင် အရင်ဆုံး မိတ်ဆက်ခအဖြစ် ဝိညာဉ်ကျောက်တုံး ငါးဆယ်... မဟုတ်ဘူး။ တစ်ရာ ပေးရမယ်။ ဒါမှ ငါ့အစ်ကိုကြီးရှေ့မှာ နင်တို့အတွက် ကောင်းကောင်း ပြောပေးမှာ”
ချန်မုန့်ယန်က သူမ၏ လက်ဖဝါးလေးကို ရှေ့သို့ ဖြန့်လိုက်သည်။
ကျောင်းသူတစ်စုမှာ ဝိညာဉ်ကျောက်တုံးများကို အလုအယက် ထုတ်ပေးကြတော့သည်။
ကျောက်တုံးများကို သိမ်းဆည်းနေစဉ် ချန်မုန့်ယန်မှာ စိတ်ထဲတွင် ခိုးရယ်မိနေ၏။ သူမသည် မျက်လုံးထောင့်မှနေ၍ အဝေးတစ်နေရာတွင် လက်ချင်းချိတ်ထားသော ရွှီချင်းကျိုးနှင့် ကျန်းဝမ်ယီတို့ကို လှမ်းကြည့်ကာ နှုတ်ခမ်းလေး စူလိုက်မိသည်။
“ဖူး... အရှက်မရှိလိုက်တာ”
တစ်ဖက်တွင်မူ
“ဝမ်ယီ... ငါ တတိယသခင်လေးနဲ့ စကားပြောပြီးပြီ"
ရွှီချင်းကျိုးက ကျန်းဝမ်ယီကို ကြည့်ကာ ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။
“တကယ်လား တော်သေးတာပေါ့”
ကျန်းဝမ်ယီ၏ မျက်နှာမှာ ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းသာသွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။
“တကယ်ပေါ့"
ကျန်းဝမ်ယီ ဤမျှအထိ ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ရွှီချင်းကျိုးလည်း လိုက်ပြုံးမိသည်။
“ချင်းကျိုး... စိတ်ချပါ။ တစ်နေ့ကျရင် မင်းရဲ့ ဒီနေ့ရွေးချယ်မှုက လုံးဝမမှားဘူးဆိုတာကို ကိုယ် သက်သေပြပါ့မယ်။ ကိုယ်က ဒီတတိယသခင်လေး ချန်ကျီရှင်းထက်တောင် ပိုအစွမ်းထက်ပြီး ပိုပြီး သြဇာရှိတဲ့သူ ဖြစ်လာစေရမယ်”
ရွှီချင်းကျိုးသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် ရယ်ချင်သလို ဖြစ်သွားမိသည်။ ထိုသို့ဖြစ်လာရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲမှန်း သူမ ကောင်းကောင်းသိသည်။
သို့သော် ကျန်းဝမ်ယီ၏ တက်ကြွရွှင်လန်းနေသော ပုံစံကို မြင်ရသဖြင့် သူ၏ ယုံကြည်မှုကို မဖျက်ဆီးချင်တော့ဘဲ ညင်သာစွာပင် ပြောလိုက်သည်။
“အင်း... ငါ မင်းကို ယုံပါတယ်"
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ရွှီချင်းကျိုးသည် သူမ၏ ညာဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ အနီရောင် ဆေးလုံးတစ်လုံး ပေါ်လာသည်။
“ဝမ်ယီ... ဒါက ငါ့မိသားစုဆီကနေ အတင်းတောင်းထားတဲ့ နတ်ဘုရားခရီးသွားဆေးလုံးလေ။ ဒါက မင်းကို နတ်ဘုရားခရီးသွားနယ်ပယ် ရောက်အောင် ကူညီပေးလိမ့်မယ်။ သေချာကျင့်ကြံဖို့အတွက် သုံးလိုက်နော်"
“ဒါက...”
ကျန်းဝမ်ယီ၏ မျက်နှာမှာ နီမြန်းသွားပြီး အားနာသည့် အမူအရာ ပေါ်လာသည်။
“ချင်းကျိုး... အမြဲတမ်း မင်းရဲ့ အကူအညီကိုပဲ ယူနေရတာ ကိုယ် တကယ်... တကယ်ကို အားနာမိတယ်”
စကားပြောနေစဉ်မှာပင် ကျန်းဝမ်ယီသည် လက်လှမ်းကာ ဆေးလုံးကို အသာအယာယူ၍ သူ၏ အင်္ကျီလက်ထဲသို့ အသာလေး ထည့်လိုက်လေတော့သည်။
ငွေရောင်ဆံပင်နှင့် အဘိုးအို၏ လမ်းပြမှုဖြင့် ချန်ကျီရှင်းသည် နန်းဆောင်များနှင့် ဝရန်တာများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင် နွယ်ပင်များ ဖုံးလွှမ်းနေသော ရှေးဟောင်းအဆောက်အအုံတစ်ခု ရှေ့၌ ရပ်တန့်လိုက်သည်။
“တတိယသခင်လေး... အထဲမှာ အကယ်ဒမီအုပ်ကြီး စောင့်နေပါတယ်"
ငွေရောင်ဆံပင်နှင့် အဘိုးအိုက ပြုံးလျက် လမ်းညွှန်ပြသလိုက်သည်။
ချန်ကျီရှင်းက ခေါင်းငြိမ့်ပြကာ ရှေးဟောင်းရနံ့များ သင်းပျံ့နေပြီး နွယ်ပင်များ ရစ်ပတ်နေသော ထိုနန်းဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။ နန်းဆောင်ဝင်ပေါက်တွင် ရပ်လိုက်ပြီး ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူကာ ဟောင်းနွမ်းဆွေးမြည့်နေသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။
နန်းဆောင်အတွင်းဘက်တွင် အလင်းရောင် အနည်းငယ် မှိန်ပျပျရှိနေပြီး မှန်ပြတင်းပေါက်ကြီးများမှတစ်ဆင့် ဝင်ရောက်လာသော နေရောင်ခြည်တန်း အချို့သာ အလင်းအစက်အပျောက်များအဖြစ် မြင်နေရသည်။ ဤကျယ်ဝန်းလှသော နန်းဆောင်ကြီးအတွင်း၌ အထပ်တစ်ခုသာ ရှိ၏။
အလယ်ဗဟိုတွင် ရှည်လျားသော စားပွဲတစ်ခု ရှိသည်။ ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ပိန်ချိုသော မျက်နှာရှိသည့် သက်ကြီးရွယ်အိုတစ်ဦးမှာ စားပွဲတွင် ထိုင်ကာ စာအချို့ကို ရေးသားနေသည်။
အသံကြားသဖြင့် ထိုအဘိုးအိုက မော့ကြည့်လိုက်ရာ ချန်ကျီရှင်းကို မြင်သောအခါ အသာအယာ ပြုံးလိုက်ပြီး “ရောက်လာပြီလား ထိုင်ပါဦး” ဟု ပြောလိုက်သည်။
ချန်ကျီရှင်းက ခေါင်းငြိမ့်ကာ ရှေ့သို့ တိုးသွားပြီး ရိုသေစွာ ဦးညွှတ်လျက်
“မျိုးဆက်သစ် ချန်ကျီရှင်းက အကယ်ဒမီအုပ်ကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ"
ဤအဘိုးအိုမှာ အခြားသူမဟုတ်ဘဲ ချန်ရန်အကယ်ဒမီ၏ အုပ်ချုပ်သူဖြစ်သလို လက်ရှိခေတ်တွင် အတွေ့အကြုံအရင့်ဆုံးနှင့် နက်နဲမှုအရှိဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်ကပင် သူသည် ဤအကယ်ဒမီကို တည်ထောင်ခဲ့ပြီး လောကအရပ်ရပ်မှ ရည်မှန်းချက်ကြီးမားသော သူများကို ဖိတ်ခေါ်ကာ ကျင့်ကြံစေခဲ့သူ ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ ရှေ့တွင် ချန်ကျီရှင်းသည် အလိုလိုပင် နှိမ့်ချသော အမူအရာကို ဆောင်ထားမိသည်။
“မင်း ဒီတစ်ခေါက် ချန်ရန်အကယ်ဒမီကို လာတာက တာအိုတရားတွေကို လေ့လာဖို့လို့ တောက်ယန်ဆီက ကြားတယ်”
အဘိုးအိုက ပြုံးလျက် မေးလိုက်သည်။
“ဟုတ်ပါတယ်ခင်ဗျာ"
ချန်ကျီရှင်းက ခေါင်းငြိမ့်ပြလိုက်သည်။
အခန်း။ ၂၄၈
“ချန်ရန်အကယ်ဒမီက တာအိုပေါင်းသောင်းခြောက်ထောင်ရဲ့ စုစည်းရာလို့ နာမည်ကြီးတာကြောင့် ကျွန်တော် တာအိုတရားတွေကို လေ့လာဆည်းပူးဖို့ သီးသန့်လာခဲ့တာပါ”
ချန်ကျီရှင်းက လက်နှစ်ဖက်ကို စုကာ ရိုသေစွာ ပြောလိုက်သည်။
“တာအိုပေါင်းသောင်းခြောက်ထောင်ရဲ့ စုစည်းရာ... အဲဒါကတော့ နည်းနည်း ပိုပြောရာကျပါတယ်”
အကယ်ဒမီအုပ်ကြီး ထျန်းချန့်ကျီက ပြုံးလိုက်ပြီး “ငါက တခြားသူတွေထက် အသက်နည်းနည်း ပိုရှည်နေလို့ နှစ်တွေကြာလာတာနဲ့အမျှ သာမန်လူတွေထက်စာရင် အတွေ့အကြုံ နည်းနည်း ပိုရှိနေတာပါ” ဟု ပြောလိုက်သည်။
စကားအဆုံးတွင် ထျန်းချန့်ကျီသည် ချန်ကျီရှင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ စကားလမ်းကြောင်းကို ပြောင်းကာ မေးလိုက်သည်။
“မင်း နတ်ဘုရားကိုးပါးကျင့်စဉ်ကို ကျင့်ကြံထားတာလား”
“ဟုတ်ပါတယ်”
ချန်ကျီရှင်း ခေါင်းငြိမ့်လိုက်သည်။
“တကယ်ပဲ ဒီကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တဲ့သူ ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထျန်းချန့်ကျီက ခေါင်းခါယမ်းရင်း သတိတရဖြင့် “အကယ်၍ နတ်ဘုရားကိုးပါးသခင်သာ တမလွန်ကနေ သိနိုင်ရင် နောင်မျိုးဆက်မှာ သူ့ရဲ့ကျင့်စဉ်ကို တကယ်ကျင့်နိုင်တဲ့သူ ပေါ်လာတာကို မြင်ပြီး မြေကြီးထဲမှာ ပြုံးပြုံးကြီး အနားယူနိုင်မှာပါပဲ”
“ဪ... စီနီယာထျန်းချန့်ကျီက ဒီကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူနဲ့ သိတာလားခင်ဗျ”
ချန်ကျီရှင်းက စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်ကာ မေးလိုက်သည်။
“အင်း... သူက အရင်တုန်းက ငါ့ရဲ့ တပည့်ပဲလေ”
ထျန်းချန့်ကျီက ခပ်ဖွဖွပြုံးကာ “သူက အဲဒီတုန်းက စစ်မှန်သောကိုယ်ပိုင် ပထမအဆင့်မှာတင် ခေတ်အဆက်ဆက် မရှိခဲ့ဖူးတဲ့ လမ်းသစ်တစ်ခုကို ဒီကျင့်စဉ်နဲ့ ဖောက်ထွက်ခဲ့တာ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူ့ရဲ့ပါရမီက မင်းထက် အများကြီး နိမ့်ကျနေခဲ့တာပဲ”
“သူ့ဘဝတစ်လျှောက်လုံးမှာ တာအိုမျိုးစေ့သုံးခုကိုပဲ ကျင့်ကြံနိုင်ခဲ့ပြီး သက်တမ်းကုန်လို့ ဒီအကယ်ဒမီမှာတင် တရားထိုင်ရင်း ကွယ်လွန်သွားခဲ့တာ။ ငါ့တပည့်က အရမ်းခေါင်းမာလွန်းတယ်။ အကယ်၍ သူသာ ပုံမှန်နည်းလမ်းအတိုင်း ကျင့်ကြံခဲ့ရင် နိဗ္ဗာနနယ်ပယ်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိတာမဟုတ်ဘူး။ သူ အခုထိတောင် သက်ရှိထင်ရှား ရှိနေနိုင်တာ”
“ဒါပေမဲ့ သူက ဒီကျင့်စဉ်ကိုပဲ ဇွတ်မှိတ်ကျင့်ခဲ့လို့ နောက်ဆုံးမှာ အဲဒါကပဲ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး နောင်တတွေနဲ့ ကွယ်လွန်သွားခဲ့ရရှာတယ်”
ဤနေရာတွင် ထျန်းချန့်ကျီမှာ သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ချေ။ ချန်ကျီရှင်းကလည်း နားလည်သည့်အလား ခေါင်းငြိမ့်လိုက်သည်။
နတ်ဘုရားကိုးပါးကျင့်စဉ်ဆိုသည်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းဖြစ်၏ ဤကျင့်စဉ်ကို ကျင့်ကြံသူသည် မိမိကိုယ်ထဲတွင် ကြီးမြတ်သော တာအိုများစွာကို သယ်ဆောင်ထားသဖြင့် တစ်ဆင့်တည်းသော ကျင့်ကြံသူများအကြား ပြိုင်ဖက်ကင်း အနိုင်ယူနိုင်သည်။
ချန်ကျီရှင်းကိုယ်တိုင်ပင် စစ်မှန်သောကိုယ်ပိုင် သတ္တမအဆင့်နှင့် နိဗ္ဗာနနယ်ပယ်က အစွမ်းထက်ပညာရှင် လီဟွာထျန်းကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်းပင်။
သို့သော် ဤလောကတွင် အရာအားလုံး၌ အပေးအယူ ရှိစမြဲပင်။ ဤကျင့်စဉ်တွင် အဆင့်ငယ်တစ်ခု တက်တိုင်း တာအိုတစ်ခုကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အထိ နားလည်သဘောပေါက်ရပြီး တာအိုမျိုးစေ့တစ်ခုကို ခိုင်မာအောင် လုပ်ရသည်။ ၎င်း၏ ခက်ခဲမှုမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ကိုးကြိမ်တိုင်တိုင် ပြန်လည်ကျင့်ကြံရသကဲ့သို့ပင်။
အကယ်၍ ချန်ကျီရှင်းသာ ကောင်းကင်ဘုံကို ဆန့်ကျင်သော ဉာဏ်အလင်းကို မပိုင်ဆိုင်ထားလျှင် သူ၏ နိဂုံးသည်လည်း နတ်ဘုရားကိုးပါးသခင်ထက် ပိုကောင်းလိမ့်မည်မဟုတ်ပေ။
“တတိယသခင်လေး... မင်းရဲ့ ဒီအရွယ်လေးနဲ့ နတ်ဘုရားကိုးပါးကျင့်စဉ်ကို ဒီအဆင့်ထိ ကျင့်ကြံနိုင်တာက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ငါတို့လို နှစ်ပေါင်းများစွာ နေလာတဲ့သူတွေတောင် မင်းလို ထူးချွန်တဲ့သူမျိုး တစ်ခါမှ မကြားဖူးဘူး”
ထျန်းချန့်ကျီက သူ၏ မုတ်ဆိတ်ဖြူကို သပ်ကာ ပြုံးလိုက်ပြီးမှ အမူအရာကို တည်ကြည်စွာ ပြောင်းလိုက်သည်။
“ဒါပေမဲ့ နတ်ဘုရားကိုးပါးကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ အကြီးမားဆုံး စိန်ခေါ်မှုက တာအိုမျိုးစေ့ ကိုးခုကို စုစည်းဖို့ မဟုတ်ဘူး”
“အဲဒါက နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းတဲ့အခါ ဖြတ်ကျော်ရမယ့် ရှင်ခြင်းနှင့် သေခြင်း ဘေးဒုက္ခပဲ”
“နိဗ္ဗာနနယ်ပယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်း ဘေးဒုက္ခ”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။
“လူငယ်လေး... မင်း သိလား ဘာကြောင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှာ လူတွေ ထောင်နဲ့ချီ ရှိနေပြီး နိဗ္ဗာနနယ်ပယ်က ပညာရှင်တွေကျတော့ ဘာလို့ ဒီလောက် နည်းပါးနေရတာလဲ”
“နိဗ္ဗာနနယ်ပယ်နဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ဟာ တစ်ဆင့်တည်းပဲ ကွာခြားပေမဲ့ ဘာကြောင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှာ အသက် ၃၀ မပြည့်သေးတဲ့သူတွေ အများကြီးရှိပြီး နိဗ္ဗာနနယ်ပယ်ကသူတွေကျတော့ အင်မတန် အသက်ကြီးနေရတာလဲ မင်းသိလား”
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်း၏ မျက်နှာတွင် အတွေးအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှာ လူအများအပြားရှိပြီး အချို့မှာ အလွန်ပင် ငယ်ရွယ်ကြသည်။ ထာဝရရှင်သန်ခြင်း ပါရမီရှင်စာရင်းမှ လူငယ်များမှာလည်း ဤနယ်ပယ်တွင်သာ ရှိကြသေးသည်။ သို့သော် ချန်ကျီရှင်း တွေ့ခဲ့ဖူးသမျှ အငယ်ဆုံး နိဗ္ဗာနနယ်ပယ် ပညာရှင်မှာ သူ၏ ဆရာဖြစ်သူ မုယွဲ့မေဖြစ်ပြီး သူမသည်ပင် အသက် ၃၀၀ ရှိနေပြီ ဖြစ်သည်။
စစ်မှန်သောကိုယ်ပိုင်နယ်ပယ်နှင့် နိဗ္ဗာနနယ်ပယ် အကြားတွင် အသက်အရွယ်ကို အဆုံးအစမရှိ ဆွဲဆန့်ထားသည့် အတားအဆီးကြီးတစ်ခု ရှိနေသကဲ့သို့ပင်။
ထျန်းချန့်ကျီသည် ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“အဲဒါကတော့ နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းဖို့အတွက် ရှင်ခြင်းနဲ့ သေခြင်း ဘေးဒုက္ခကို ကျော်ဖြတ်ရမှာ ဖြစ်လို့ပဲ"
“ဒီဘေးဒုက္ခတစ်ခုတည်းတင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်က ကျင့်ကြံသူပေါင်းများစွာကို တစ်သက်လုံး နိဗ္ဗာနနယ်ပယ်ထဲ မဝင်ရဲအောင် ခြောက်လှန့်ထားတာ"
“ရှင်ခြင်းနဲ့ သေခြင်း ဘေးဒုက္ခဆိုတာက သေတွင်းထဲ ရောက်သွားပြီးမှ ပြန်လည်ရှင်သန်လာရတဲ့ ဖြစ်စဉ်မျိုးပဲ။ အဲဒီအချိန်မှာ အနည်းငယ်လေး ပေါ့ဆလိုက်တာနဲ့ တကယ့်ကို သေသွားနိုင်တယ်"
“ဒါကြောင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်က ကျင့်ကြံသူတွေဟာ သူတို့ရဲ့ သက်တမ်းနောက်ဆုံးအချိန်ထိ သေချာပြင်ဆင်ပြီးမှသာ နိဗ္ဗာနနယ်ပယ်ကို ရောက်ဖို့ အသက်ကိုရင်းပြီး စွန့်စားကြတာ။ သေရာကနေ ပြန်ရှင်လာဖို့ပေါ့"
“ပြီးတော့ နိဗ္ဗာနဘေးဒုက္ခကြီးကို ကျော်ဖြတ်ပြီးရင်လည်း တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်တစ်ခု ရှိသေးတယ်။ ငါမြင်ဖူးသမျှထဲမှာ အမြန်ဆုံးလူတောင် ဆယ်နှစ် အချိန်ယူခဲ့ရတာ"
ချန်ကျီရှင်းမှာ ထိုစကားများကို နားထောင်ရင်း ခေါင်းငြိမ့်လိုက်မိသည်။ သူ၏ ယခင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းတွင် သူသည် နိဗ္ဗာနနယ်ပယ်အထိ မရောက်ခဲ့ဖူးသဖြင့် ဤအချက်အလက်များကို သူ သိပ်မသိခဲ့ချေ။
“နိဗ္ဗာနနယ်ပယ်က မျိုးဆက်သစ်အတွက်တော့ အဝေးကြီး လိုပါသေးတယ်။ ဒါကြောင့် အခုလောလောဆယ်တော့ အဲဒါကို မစဉ်းစားသေးပါဘူး။ ကျွန်တော် အခု ချန်ရန်အကယ်ဒမီကို လာတာက ကိုးခုမြောက် တာအိုကို ပြည့်စုံအောင်လုပ်ပြီး စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်ကို တက်လှမ်းဖို့ပါပဲ"
“မဟုတ်သေးဘူး... မဟုတ်သေးဘူး"
ထျန်းချန့်ကျီက လက်ယမ်းလိုက်ကာ “မင်း ရွေးချယ်မယ့် ကိုးခုမြောက် တာအိုက နောင်တစ်ချိန် နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းတဲ့အခါမှာ အဆုံးအဖြတ်ပေးမယ့် အရာပဲ”
“ရှင်ခြင်းနဲ့ သေခြင်း ဘေးဒုက္ခဆိုတာ မင်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှာ ကျင့်ကြံခဲ့တဲ့ တာအိုတွေနဲ့ ဆက်စပ်နေတယ်။ တာအိုက ပိုပြီး အစွမ်းထက်လေ ဘေးဒုက္ခက ပိုကြီးလေပဲ"
“မင်းက တာအိုကိုးခုစလုံးကို ကိုယ်ထဲမှာ သယ်ဆောင်ထားတဲ့ နတ်ဘုရားကိုးပါးကျင့်စဉ်ကို ကျင့်နေတာဆိုတော့ မင်း ကြုံတွေ့ရမယ့် ဘေးဒုက္ခက ခေတ်အဆက်ဆက်မှာ မရှိခဲ့ဖူးတဲ့အပြင် စိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင် ကြီးမားလိမ့်မယ်”
“အကယ်၍ မင်း ကိုးခုမြောက် တာအိုကို ရွေးချယ်ရာမှာ မသေချာဘူးဆိုရင်တော့ မင်းရဲ့ ရှင်
ခြင်းနဲ့ သေခြင်း ဘေးဒုက္ခမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်က သိပ်မရှိဘူး"
ချန်ကျီရှင်းမှာ ထိုစကားကြောင့် စိတ်ထဲ တုန်လှုပ်သွားရသည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ အလွန်လေးနက်သော အမူအရာဖြင့် ဦးညွှတ်လိုက်ပြီး
“ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး စီနီယာ”
ထျန်းချန့်ကျီက ခေါင်းငြိမ့်လိုက်ပြီးမှ အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
“ငါ့အမြင်အရဆိုရင် မင်းမှာ ရွေးချယ်စရာ တာအို တစ်ခုပဲ ရှိတော့တယ်။ အဲဒါကတော့...”
ထျန်းချန့်ကျီ၏ မျက်ဝန်းအစုံမှာ ဝင်းလက်သွားပြီး စကားလေးလုံးကို ပြောလိုက်သည်။
“ရှင်ခြင်းသေခြင်းတာအိုပဲ”
“ရှင်ခြင်းသေခြင်းတာအို”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။
“မှန်တယ်"
ထျန်းချန့်ကျီက လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
“ရှင်ခြင်းသေခြင်းတာအိုကို နားလည်သဘောပေါက်မှသာ ဘေးဒုက္ခကြုံလာတဲ့အခါ သေခြင်းကနေ ရှင်ခြင်းကို ပြောင်းလဲနိုင်ပြီး လမ်းစရှာနိုင်မှာပါ။ အန္တရာယ်တွေကြားထဲမှာ မင်းအတွက် ရှင်သန်ခြင်းလမ်းစကို ရှာဖွေနိုင်လိမ့်မယ်"
“မေးပါရစေ စီနီယာ... ဒီ ရှင်ခြင်းသေခြင်းတာအိုကို ဘယ်လိုကျင့်ကြံရမှာလဲ”
ချန်ကျီရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဤလောကရှိ တာအိုပေါင်း သုံးထောင်ထဲမှ အများစုမှာ လိုက်နာကျင့်ကြံစရာ လမ်းစရှိကြသည်။ ဥပမာ ဓာတ်ကြီးငါးပါး၊ လေ၊ မိုး၊ မိုးကြိုး သို့မဟုတ် ဓား၊ လှံ စသည်တို့မှာ ကျင့်စဉ်ကိုရှာပြီး အားထုတ်ရုံသာ ဖြစ်သည်။ ချန်ကျီရှင်းအတွက် ၎င်းတို့က မခက်ခဲပေ။
ဒါပေမဲ့ ရှင်ခြင်းသေခြင်းတာအိုကကျ…..
ထိုတာအိုကို ကျင့်ကြံရန်အတွက် သူ မည်သည့်ကျင့်စဉ်ကိုမျှ မကြားဖူးခဲ့ချေ။
“ရှင်ခြင်းနဲ့ သေခြင်းအပေါ် နားလည်မှုက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ မင်းက ဘယ်လိုကျင့်ရမလဲလို့ မေးရင် ငါလည်း ဘယ်လိုဖြေရမှန်း မသိဘူး"
ထျန်းချန့်ကျီက ပြုံးလိုက်ပြီး ခဏမျှ စဉ်းစားကာ
“ဒါပေမဲ့... မင်း ရှင်ခြင်းနဲ့ သေခြင်းကို နားလည်ဖို့အတွက် အထောက်အကူဖြစ်မယ့် အရာတစ်ခုတော့ ငါ့ဆီမှာ ရှိတယ်"
ထိုသို့ပြောရင်း
ထျန်းချန့်ကျီက သူ၏ ညာဘက်လက်ကို လှန်လိုက်ရာ လက်ဖဝါးပေါ်တွင် လုံးဝနက်မှောင်နေသော ဆေးလုံးတစ်လုံး ပေါ်လာသည်။
“ဒါကို သေမင်းဝိညာဉ်ဆေးလုံးလို့ ခေါ်တယ်။ ဒါကို သောက်လိုက်တာနဲ့ မင်းဟာ သေယောင်ဆောင်ခြင်းအခြေအနေကို ရောက်သွားလိမ့်မယ်"
“ဒါပေမဲ့ သေယောင်ဆောင်ခြင်းလို့ ဆိုပေမဲ့ တကယ့်သေသွားသလိုမျိုးပဲ။ အဲဒီအချိန်မှာ မင်းရဲ့ ဇီဝအသက်ဓာတ်တွေ အားလုံး ငြိမ်းသတ်သွားပြီး ဝိညာဉ်အစအနလေး တစ်စွန်းတစ်စပဲ ကျန်တော့လိမ့်မယ်"
“အကယ်၍ မင်းက အဲဒီဝိညာဉ်အစအနလေးကို အားကိုးပြီး မင်းရဲ့ခန္ဓာကိုယ်ထဲက အသက်ဓာတ်ကို ပြန်လည်နိုးထအောင် လုပ်နိုင်ရင် ရှင်ခြင်းနဲ့ သေခြင်းရဲ့ သဘောတရားတွေကို အလိုလို သိမြင်လာလိမ့်မယ်"
“ဒါပေမဲ့ အဲဒီလို မလုပ်နိုင်ရင်တော့ မင်းဟာ လုံးဝအမှောင်ထုထဲမှာ နစ်မွန်းသွားပြီး သေယောင်ဆောင်ရာကနေ တကယ် သေသွားလိမ့်မယ်"
စကားအဆုံးတွင် ထျန်းချန့်ကျီက ချန်ကျီရှင်းကို ပြုံးကြည့်ရင်း “ရှင်ခြင်းနဲ့ သေခြင်းအကြားမှာ ကြီးမားတဲ့ ကြောက်ရွံ့မှု ရှိတယ်။ ဒါကို စမ်းသပ်မလား မစမ်းသပ်ဘူးလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်ပါတယ်”