ခင်ဗျား သေချာလား
Vol. 86-89 Ch. 1301
ချက်ချင်းဆိုသလိုပင် လက်သီးနှင့် ခြေထောက်တို့ ထိမိသွားသည့်အသံ ထွက်ပေါ်လာသည်။ ယဲ့ဖန်နှင့် အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားတို့သည် ခြေလက်များသုံး၍ ဆက်တိုက် တိုက်ခိုက်နေကြသည်။ နှစ်ယောက်လုံး အကြီးအကျယ် ဒေါသထွက်နေပြီး တစ်ယောက်ကို တစ်ယောက် အသေသတ်ချင်သည့် စိတ်တို့ဖြင့် အပြင်းထန်ဆုံး သိုင်းကွက်များကို ထုတ်သုံးနေကြသည်။
“ဝုန်း”
နောက်ဆုံးတွင် ကျယ်လောင်သော အသံတစ်သံနှင့်အတူ နှစ်ယောက်လုံး တစ်ဖက်တစ်ချက်သို့ ပြိုင်တူ လွင့်ထွက် သွားကြသည်။ နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရထားလေသည်။
“တကယ်ကို အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ ယှဉ်နိုင်နေပါလား”
လူတိုင်း မှင်တက်သွားကြသည်။ မျက်စိရှေ့မှမြင်ကွင်းက သူတို့အား အတောမသတ်နိုင်အောင် ထိတ်လန့် စေလေသည်။
အကြောင်းမှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် တစ်သက်လုံး မရှုံးနိမ့်ဖူးဘဲ ပြိုင်ဘက်ကင်းခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူနှင့် မတိမ်းမယိမ်း ယှဉ်တိုက်နိုင်နေ၏။ ဤသို့ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပါ။
ထိုစဉ် ယဲ့ဖန်၏ ကိုယ်ပွားခန္ဓာကိုယ်က အတော်လေး ပြယ်လွင့်စပြုနေပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ အမြင်တွင် ရှုံးနိမ့်သော လက္ခဏာဟု ထင်မှတ်နေသည်။ ထို့ကြောင့် သူ သရော်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းက မျှော်စင်သခင်ကို အနိုင်ယူနိုင်ပင်မယ့် ငါ့ရှေ့မှာ အားနည်းနေသေးသလိုပဲ”
မာနကြီးခြင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခြင်းနှင့် တစ်ဖက်သားအား အထင်သေးခြင်းတို့ ပေါ်လွင်နေသည်။ ယဲ့ဖန်က သူ့ကို ရှုံးသွားလေသယောင် ပြောနေလေသည်။
ထိုစကားကိုကြားသော် လူတိုင်းက ထူးဆန်းသော အမူအရာဖြင့် ကြည့်နေပြီး အားလုံးက သရော်ဟန် ပြနေ၏။ ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ပြိုင်ဘက် မဟုတ်ကြောင်း သူတို့လည်း မြင်နေရသည်။
သို့မဟုတ်ပါက ကိုယ်ပွားခန္ဓာကိုယ်က ပျောက်ကွယ်သွားလုနီးနီးအထိ အားနည်းလာမည်နည်း။
တောင်တစ္ဆေက တစ်ကိုယ်တည်း ပြောနေသည်။
“ဒီလောက်အထိ သူ လုပ်နိုင်တာ အံ့ဩစရာကောင်းနေပြီ၊ ဘာပဲဖြစ်ဖြစ် ပြိုင်ဘက်က အင်ပါယာရဲ့ အသန်မာဆုံး လူပဲလေ၊ သူ ရှုံးသွားရင်တောင်မှ ဂုဏ်ယူစရာ ကောင်းနေပါသေးတယ်”
နဂါးရိုင်းဘုရင်က အခိုင်အမာ သဘောတူလေသည်။ လူတိုင်းနီးပါး ယဲ့ဖန် ရှုံးလိမ့်မည်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့် အားလုံးနီးပါးက ယဲ့ဖန်၏ တင်စီးပုံကို ရယ်ချင်ဟန်ဖြင့် မချိုမချဉ် ပြုံးနေလေသည်။
*မျှော်စင်သခင်ကို နိုင်တော့ ဘာဖြစ်လဲ*
*နတ်ဓားကို ဖျက်ဆီးခဲ့တော့ ဘာဖြစ်လဲ*
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ ထိပ်တိုက် ရင်ဆိုင်တာက မင်းအတွက် ခက်ခဲနေသေးတာပဲကို*
ထိုစဉ် ယဲ့ဖန်က အထင်သေးသော အပြုံးမျိုး ပြုံးလာ၏။
“လတ်စသက်တော့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ဒီလောက်ပဲကိုး”
ထိုစကားကို ကြားသောအခါ လူတိုင်း တွေဝေသွားကြသည်။
*ဒီလိုအချိန်မှာတောင် ယဲ့ဖန်က အရူးစကားတွေ ပြောရဲသေးတာလား*
“ဟာသပဲ၊ ဒါ ဟာသပဲ၊ ယဲ့ဖန် မင်းက ငါ့ဆရာဆီမှာ ဒီလောက် ရိုက်နှက်ခံထားရတာတောင် ဒီလို မာရေကြောရေ စကားမျိုး ပြောရဲသေးတာလား၊ မင်းကို ယဲ့ဘုရင်လို့ ခေါ်သင့်တာ မဟုတ်ဘူး၊ လေလုံးထွားဘုရင်လို့ ခေါ်သင့်တာ”
ကျူးဝမ်ဟောင်က ခွက်ထိုးခွက်လန် ရယ်မောလေသည်။ လူတိုင်း ယဲ့ဖန်ကို အထင်သေးသလို ကြည့်နေကြသည်။
*မင်း ရှုံးရင်လည်း ရှုံးတယ်ပေါ့၊ ရှုံးတာကိုမှ အရှုံးကို ဝန်မခံဘူး၊ ဒီလိုလူမျိုးက တော်တော် အရှက်မဲ့တာပဲ*
*ယဲ့ဖန်က ဒီလို ကြောင်သူတော် ကြွက်သူခိုးပါလား*
တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်ထဲ၌လည်း ဆူညံနေသည်။ ရိုင်းစိုင်းသော စကားများ ဆက်တိုက် ထွက်ပေါ်နေ၏။
“ရှုံးတာကိုတောင် လက်မခံဘူး၊ ဒါလား မင်းတို့ခေါ်တဲ့ ယဲ့ဘုရင်၊ ဘာမှလည်း မဟုတ်ပါလား”
“ခေါင်းမာတာ အသုံးဝင်လို့လား၊ ခဏနေရင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား သူ့ကို လုံးဝ ရှင်းလင်းတော့မှာ၊ သူ ဘယ်လောက် ခေါင်းမာလဲ ငါ ကြည့်ဦးမယ်”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကလည်း လှောင်ရယ်လေသည်။
“ပြောပါဦး မင်းမှာ အခြားဘာအရည်အချင်းတွေ ရှိသေးလို့လဲ”
“ခုနတုန်းက ငါ မင်းကို ပိုးစိုးပက်စက် မရှုံးစေချင်လို့၊ ငါ့လက်ရည်ကို တမင် ထိန်းထားခဲ့တာ၊ ဒါပေမဲ့ အခု ငါ့လက်ရည်ကို ထပ်မထိန်းထားတော့ဘူး”
ယဲ့ဖန် အသာပြုံးလိုက်သည်။ လူတိုင်း ဆူညံသွားပြီး ယဲ့ဖန်အား မယုံသင်္ကာ ကြည့်နေကြသည်။
*သူက ဒီလို အရှက်မဲ့တဲ့ စကားမျိုးတောင် ပြောတယ်ဆိုတော့ တော်တော် အရေထူပြီး အရှက်မဲ့တာပဲ”
“ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ မင်းကပဲ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို သက်ညှာတယ် ရှိရဦးမယ်၊ ဒီနွားကတော့ တော်တော်ချောင်နေပြီပဲ”
“ငါ့ဘဝမှာ ဒီလောက် အရှက်မရှိတဲ့လူကို ပထမဆုံး မြင်ဖူးတာပဲ၊ ခဏနေရင် မင်း ရှုံးတော့မှာကို ဘာလို့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား တမင်ညှာပေးတယ်တွေ ဘာတွေ ပြောနေတာလဲ”
အထင်သေးသော ရယ်သံများ ပိုပို၍ ထွက်ပေါ်လာ၏။
*ရူးနေပြီ*
*ဒီကောင် ရူးနေတာပဲ*
“အရူး”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား လှောင်ရယ်၍ ခြေကိုဆောင့်ကာ လေးမှ ပစ်လွှတ်လိုသော မြားသဖွယ် ပြေးတက်သွားသည်။
ထိုအခါ ယဲ့ဖန်သည်လည်း အသာပြုံး၍ ရှေ့သို့ တက်လာ၏။ သူ့မျက်လုံးများက နဂါးတစ်ကောင်၏ မျက်လုံးကဲ့သို့ စူးရဲတောက်ပနေသည်။
“ပထမဆုံး ခင်ဗျားလက်ကို ဖြတ်ပစ်မယ်”
“ဒုတိယအကြိမ်မှာ ခင်ဗျားခြေထောက်ကို ချိုးပစ်မယ်”
“တတိယအကြိမ်မှာ ခင်ဗျားအသက်ကို နုတ်ယူပြမယ်”
စကားလုံးတိုင်းတွင် ယခင်ကထက် လူသတ်လိုစိတ်များ ပိုမိုပြည့်နှက်နေ၏။
*မောက်မာတယ်*
*မောက်မာလွန်းတယ်*
လူတိုင်း ခေါင်းခါလိုက်ပြီး ယဲ့ဖန်၏ စကားကို သရော်လေသည်။
*ဒီလူတော့ စိတ်လွတ်သွားတဲ့ပုံပဲ၊ မဖြစ်နိုင်တာကြီးကို*
မကြာခင်မှာပင် လူတိုင်း၏ သရော်နေသော ဟန်ပန်များ အေးစက်တောင့်တင်းသွားသည်။ ယဲ့ဖန်နှင့် အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားတို့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ပြီးနောက် နှစ်ယောက်လုံး လူချင်းခွာလိုက်ကြသည်။
ထိုအခိုက်တွင် ယဲ့ဖန်၏ လက်ထဲ၌ လက်မောင်းအပိုတစ်ခု ပါနေသည်။ ထိုလက်မောင်းမှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ လက်မောင်းပင်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
တိုက်ပွဲဖြစ်နေရာမှ လူတိုင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှတစ်ဆင့် ကြည့်နေသော လူများထံမှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။
*တိုက်ပွဲ စတာနဲ့ ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ လက်မောင်းကို တကယ် ဖြတ်လိုက်နိုင်တာလား*
*ဒါ မယုံနိုင်စရာကြီးပဲ*
ချက်ချင်းဆိုသလိုပင် အော်သံများနှင့် မေးခွန်းထုတ်သံများ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ မျက်စိရှေ့မှ မြင်ကွင်းက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းပြီး မယုံချင်စရာ ကောင်းလှသည်။
*ခုနက သူ ပြောလိုက်တဲ့စကားတွေက အမှန်တွေလား၊ သူ တကယ် လုပ်နိုင်တာလား*
“မင်း”
ဤအဖြစ်ကြောင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည်လည်း ချောက်ချားနေ၏။ ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်မှန်း သူ မမြင်လိုက်ရသလို သူ့ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ယဲ့ဖန်၏ ကိုယ်ပွား၌ ဤမျှ ကြောက်စရာကောင်းသော တိုက်ပွဲဝင်ခွန်အား ရှိနေလိမ့်ဦးမည်ဟု ထင်မထားမိချေ။
ထိုစဉ် ယဲ့ဖန်က ဖြည်းဖြည်းချင်း လှည့်ကြည့်လာပြီး ကျောချမ်းဖွယ်ကောင်းသော အပြုံးနှင့်အတူ ပြောလာသည်။
“အခု မင်းခြေထောက်ကို ချိုးဖို့ အချိန်ကျပြီ”
*မင်းခြေထောက်ကို ချိုးဖို့အချိန်ကျပြီတဲ့*
*ရိုးရှင်းလွန်းတဲ့ ကြေညာချက်ပဲ*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ကုန်းပေါ်မှ ငါးတစ်ကောင်သဖွယ် သဘောထားနေပုံရသည်။ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ယဲ့ဖန်က သူ့ကို အရှက်ခွဲနေသည် မဟုတ် ပါလော။
အကယ်၍ ယဲ့ဖန်၏ စကားအတိုင်းသာ ဖြစ်လာလျင် သူ့မျက်နှာ ဘယ်နား သွားထားရတော့မည်နည်း။ သူ လူရယ်စရာ ဖြစ်လာပေတော့မည်။
“မင်း သေရမယ်ကွ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ဒေါသတကြီး ကျယ်လောင်စွာ ဟစ်ကြွေးလေသည်။ ထိုအခါ သူ့ခြေထောက်အောက်မှ မြေဆီလွှာပင် ပေါက်ကွဲလာသည်။ သူသည် အလွန်တရာ သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ယဲ့ဖန်ထံသို့ ပြေးဝင်သွားသည်။
သူ ပြေးလာနေချိန်တွင် သူ့ဘေးပတ်လည်၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများက နားကွဲမတတ် ထွက်ပေါ်နေပြီး ခဏလေးအတွင်း ယဲ့ဖန်အနားသို့ ရောက်သွားလေသည်။
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား လုပ်လိုက်စမ်းဗျာ”
“အားနဲ့တက်ပြီး ယဲ့ဘုရင်ကို သတ်ပစ်လိုက်၊ ကျုပ်တို့ အင်ပါယာကို အေးချမ်းမှုတွေ သယ်လာပေးပါ”
“ယဲ့ဖန်ကို ရှင်းပစ်လိုက်”
တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်ထဲမှ လူများစွာတို့က သေချာအာရုံစိုက်ကြည့်၍ စိတ်လှုပ်ရှားစွာ အော်ဟစ်နေ ကြသည်။
သို့သော် ထိုအခိုက်မှာပင် ယဲ့ဖန်က ရယ်လာပြန်သည်။ ထိုအပြုံးနှင့် ရယ်သံက အလွန် ကြောက်စရာကောင်းပြီး သွေးဆာဟန် ပေါ်နေ၏။
ထို့နောက် သူသည် နေရာမှာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ အနောက်ဘက်သို့ ရောက်နေပြီး သူ့လက်ထဲ၌ ခြေထောက်တစ်ဖက် ရှိနေလေသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကမူ အတွေးလွန်နေဆဲဖြစ်ပြီး နေရာ၌ လေးလံထိုင်းမှိုင်းသော အမူအရာနှင့် ရပ်နေသည်။ ယဲ့ဖန် ဤမျှ လျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။
ကြည့်နေသူမျာအားလုံး စိတ်ဓာတ်ကျသွားသည်။ ပထမတစ်ခေါက်က မတော်တဆဟု ပြော၍ ရနိုင်သော်လည်း ဒုတိယတစ်ခေါက်ကိုမူ မည်သို့ ရှင်းပြမည်နည်း။
“ပထမဆုံး ခင်ဗျားလက်ကိုဖြတ်မယ်၊ ဒုတိယအကြိမ်မှာ ခင်ဗျားခြေထောက်ကို ဖြတ်ပစ်မယ်”
ထိုစကားနှစ်ခွန်းလုံး အမှန် ဖြစ်လာပေသည်။ ထို့အပြင် ယင်းက အလွန် ကြောက်စရာကောင်းသော အချက်တစ်ချက်ကို သက်သေ ပြနေသေးသည်။ ထိုအချက်မှာ အစောပိုင်းက ယဲ့ဖန် တကယ်ပင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို သက်ညှာထားသည်ဟူသော အချက်ပင်။ သို့မဟုတ်ပါက အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား ရှုံးသွားသည်မှာ ကြာနေလောက်လေပြီ။
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ညှာထားပေးတာ*
*အံ့ဩစရာကောင်းလိုက်တဲ့ စကားပဲ*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် ယဲ့ဖန်ကြောင့်သာ ယခုထိ အသက်ရှင်သေးခြင်း ဖြစ်ပေသည်။ ဤသည်မှာ တစ်လောကလုံးကို ထိတ်လန့်စေမည့် သတင်းပင်။
သူတို့ စတင်၍ သံသယဝင်လာကြသည်။ ယနေ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ရှုံးပွဲမရှိ ဒဏ္ဍာရီ ပျက်စီးတော့မည်ဟု ခန့်မှန်းလာကြ၏။
“မဖြစ်နိုင်ဘူး ငါ့ဆရာ မရှုံးနိုင်ဘူး”
ကျူးဝမ်ဟောင် မျက်ရည်လည်ရွဲ ဖြစ်နေလေသည်။ သူ့နှလုံးသားထဲ၌ သူ့ဆရာအား နတ်ဘုရားသဖွယ် မှတ်ယူထားသည်။ သို့သော် ယခုအခါ၌ သူ့ဆရာသည် နတ်ဆိုးထံတွင် ရှိသမျှ နည်းလမ်းများဖြင့် အရှက်ခွဲခံရကာ သေလုနီးပါး ဖြစ်နေလေသည်။ ဤမြင်ကွင်းအား သူ လက်မခံနိုင် ဖြစ်နေ၏။ သူ့နှလုံးသား ပြိုကျမတတ် ဖြစ်နေလေသည်။
ကျိုးချင်းရုံသည်လည်း မျက်နှာ ပြာနှမ်းကာ ကြောက်လန့်နေ၏။
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရှုံးသွားပြီ*
*နတ်ဆိုး ဒီလူက နတ်ဆိုးပဲ*
လူတိုင်း ထိုသို့သောအတွေးများ ဝင်နေကာ ဆောက်တည်ရာမရ ဖြစ်လာ၏။
*ဒီလူက ကြောက်ဖို့ကောင်းတယ်*
*သူက တကယ် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို စနေတာပဲ*
တမင်သက်သက် ညှာတာ၍ နောက်ပြောင်နေခြင်းက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအတွက် ရှုံးနိမ့်ခြင်းထက် ပို၍ ဒေါသထွက်စရာ ကောင်းလေသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ဂုဏ်ယူစရာကောင်းသော လူမျိုးအတွက် ယဲ့ဖန်၏ပုံစံက သူ့မာနကို ရိုက်ချိုးလိုက်သလိုပင်။ ဤသို့ အရှက်ကွဲခြင်းက သူ့ကို အခါတစ်သောင်းမက သတ်သည်ထက် ပိုဆိုးသည်။
လက်ရှိတွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား တဆတ်ဆတ် တုန်နေပြီး မျက်နှာ သုန်မှုနေ၏။ ယခင်ကဲ့သို့ တည်ငြိမ်နေသော မျက်နှာထား မရှိတော့ဘဲ လူကို အရှင်လတ်လတ် စားတော့မယောင် ဖြစ်လာသည်။
ထို့နောက် ယဲ့ဖန်က လက်သုံးချောင်းထောင်ပြ၍ ဆက်ပြောလေသည်။
“တတိယအကြိမ်မှာ ခင်ဗျားအသက်ကို နုတ်ယူမယ်”
လူတိုင်း လေအေးကို ရှူလိုက်မိသလို ဖြစ်သွားပြီး ယဲ့ဖန်အား မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ ယခု တတိယအကြိမ်၌ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား လုံးဝ ရှုံးနိမ့်သွားတော့မည်ဖြစ်ကြောင်း သူတို့ ရိပ်မိ လိုက်သည်။ သူ၏ ဒဏ္ဍာရီလာ ပြီးဆုံးသွားပေတော့မည်။
“ငါ မရှုံးနိုင်ဘူးကွ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ကြုံးဝါးလိုက်ပြီး လက်နက်ပေါင်းစုံကို ထုတ်လိုက်သည်။ အစွမ်းထက်သော လက်နက်ပေါင်းစုံကို ထုတ်၍ ယဲ့ဖန်ကို သတ်ရန် ပြင်လေသည်။
“လက်ချည်းသက်သက် တိုက်မယ်ဆိုပြီးမှ မှော်လက်နက် ထုတ်သုံးတာလား၊ ရွံဖို့ကောင်းလိုက်တာ”
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ပရိသတ်တွေ၊ ဒါလား မင်းတို့ လေးစားရတဲ့ ပုဂ္ဂိုလ်၊ ဒါလား မင်းတို့ရဲ့ ပြိုင်ဘက်ကင်း စစ်နတ်ဘုရား၊ မင်းတို့မှာ ဘာအရည်အချင်းရှိလို့ ငါတို့ ယဲ့ဘုရင်ကို လာလှောင်နေတာလား”
“ယဲ့ဘုရင်က မောက်မာတာလား မင်းတို့ စစ်နတ်ဘုရားက အရှက်မရှိတာလား”
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲ၌ ဒေါသစကားများ ထွက်ပေါ်နေ၏။ ထိုအခါ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို လေးစားသည့် ပရိသတ်များအားလုံး ပါးစပ်ပိတ်ထားကြပြီး မျက်နှာပူသလို ခံစားနေရသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက သူတို့ကို အရှက်ရအောင် လုပ်လိုက်လေပြီ။ နဂါးရိုင်းဘုရင်နှင့် အခြားသူများလည်း အံ့ဩနေကြသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အရှက်မဲ့လိမ့်မည်ဟု မထင်ထားရုံ သာမက ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိပါ။
ပြိုင်ဘက်ကင်းနေရန်အတွက်နှင့် ကလိမ်ကျရန်လည်း ဝန်မလေးချေ။ ထိုလက်နက်များနှင့် ရောက်လာသောအခါ ယဲ့ဖန်က ရှေ့သို့တက်၍ လက်သီးဆုပ်ကာ တိုက်ခိုက်လေသည်။
*ဒါက …*
လူတိုင်း ထိတ်လန့်ကာ စကားမပြောနိုင်တော့ချေ။
*ယဲ့ဖန်က ဒီမှော်လက်နက်တွေကို တကယ်ကြီး လက်သီးနဲ့ပဲ ပြန်တိုက်မလို့လား*
ယဲ့ဖန်သည် ဘာကိုမှ ဂရုမစိုက်ဘဲ လက်သီးဖြင့်သာ မှော်လက်နက်များကို သည်းကြီးမည်းကြီး ပြန်တိုက် လေသည်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ခိုးဝှက်၍ လှုပ်ရှားလာပြီး ယဲ့ဖန်၏ ကျောနောက်သို့ ချဉ်းကပ်ကာ ယဲ့ဖန်၏ ကျောအား လက်ဝါးဖြင့် ရိုက်ချလာသည်။
အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းပင်။ မြင့်မြတ်ပါသည်ဆိုသော အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက နိုင်ရန်အတွက်နှင့် ခိုးဝှက် အငိုက်ဖမ်း၍ တိုက်ခိုက်နေ၏။
သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု တွဲခိုနေလေသည်။
“ယဲ့ဖန် ဒီတစ်ခါ ငါ နိုင်ပြီကွ”
သို့သော် အေးတိအေးစက် အသံတစ်သံကို ပြန်ကြားလိုက်ရသည်။
“ခင်ဗျား သေချာပြီလား”