← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း ၁၀၁- ထျန်းယီနန်းတော်၏ ကျွန်ပြုခြင်းအစီအမံ။

ထိုစကားများကို ကြားလိုက်ရချိန်တွင် လင်းချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။

"ထိုနေရာမှ ထွက်ပြေးလွတ်မြောက်ခြင်း" ဆိုသည့် စကားစုက ထပ်မံထွက်ပေါ်လာပြန်ပြီ။ "ထိုနေရာ" ဆိုသည်မှာ မည်သို့သော နေရာမျိုးမို့လို့ ကစဉ့်ကလျား မဟာဧကရာဇ် ကို ထိုမျှအခြေအနေအထိ စိုးရိမ်ပူပန်စေရသနည်း။

၎င်းမှာ... ကြောက်ရွံ့ခြင်းပင် ဖြစ်နေသည်။

လင်းချန်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားကာ ကစဉ့်ကလျား မဟာဧကရာဇ်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

"မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ တကယ်တော့ ငါ အရမ်းသိသာအောင် လုပ်မိသွားတာပဲ။"

"ဒါပေမဲ့ ငါက ဒီလိုဖြစ်ချင်လို့ မဟုတ်ဘူး၊ အဲ့ဒီနေရာက... တကယ်ကို ကြောက်စရာကောင်းလွန်းလို့ပဲ။"

ဒါကို ကြားတော့ လင်းချန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"စီနီယာ... အဲ့ဒီနေရာက အတိအကျ ဘာလဲဆိုတာ ကျွန်တော် သိပါရစေ။ ဒါကို သိချင်နေတာ ကြာပါပြီ။"

စကားဆုံးသည်နှင့် သူသည် ကစဉ့်ကလျား မဟာဧကရာဇ်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ မဟာဧကရာဇ် အဆင့်ရှိ ပညာရှင်တစ်ဦးကိုပင် ကြောက်ရွံ့ထိတ်လန့်စေနိုင်သော နေရာသည် သူ၏ လက်ရှိစိတ်ကူးစိတ်သန်းထက် ကျော်လွန်သည့် အလွန်အမင်း အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

သူ့အသံ ဆုံးသွားသည်နှင့် ကစဉ့်ကလျား မဟာဧကရာဇ်က ချက်ချင်း အဖြေမပေးဘဲ ခေါင်းငုံ့ကာ ခေတ္တစဉ်းစားနေပြီး သူ၏ မှတ်ဉာဏ်များကို ပြန်လည် စုစည်းနေပုံရသည်။ သူ ဘာတွေ တွေးနေမှန်း မသိသော်လည်း နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်လာလေသည်။

အတိုင်းအဆမဲ့သော လောကကြီးသည် သေလောက်အောင် တိတ်ဆိတ်သွားတော့သည်။ ကစဉ့်ကလျား မဟာဧကရာဇ်က စကားမပြောသဖြင့် လင်းချန်ကလည်း မနှောင့်ယှက်ခဲ့ပေ။ ခေတ္တအကြာတွင် မဟာဧကရာဇ်က လေးနက်သော အမူအရာဖြင့် ခေါင်းမော့လာပြီး လင်းချန် မမျှော်လင့်ထားသော စကားလုံးများကို ပြောလိုက်သည်။

"လေဟာနယ်ကို ဖောက်ထွင်းပြီး ဆင်းသက်ခြင်း ဆိုတာ တကယ်တော့ လိမ်လည်မှုတစ်ခုပဲ။ ကြီးမားတဲ့ လိမ်လည်မှုကြီးပဲ။"

"အဲ့ဒီ ဆင်းသက်ခြင်း လမ်းကြောင်းက ဦးတည်သွားတဲ့ နေရာကို ဆင်းသက်လာသူတွေအတွက် ကြောက်မက်ဖွယ် ငရဲလို့ ခေါ်ရင်တောင် မမှားဘူး။"

"အဲ့ဒီနေရာကို... ထျန်းယီနန်းတော်လို့ ခေါ်တယ်။"

သူ ဤသို့ ပြောလိုက်စဉ် ကစဉ့်ကလျား မဟာဧကရာဇ်၏ မျက်လုံးများထဲတွင် မုန်းတီးမှုဟု ခေါ်သော ခံစားချက်တစ်ခု ပေါ်လာသည်။

ထျန်းယီနန်းတော်။

ဤအမည်ကို ကြားလိုက်ရသည့်အခါ လင်းချန်၏ မျက်မှောင်များ ထပ်မံကြုတ်သွားပြန်သည်။ ဤနေရာသည် ကစဉ့်ကလျား မဟာဧကရာဇ်ကို ထိတ်လန့်မှုနှင့် ပြည့်နှက်စေသော နေရာလော။ ဗလာနယ်ကို ဖောက်ထွင်းပြီးနောက် ရောက်ရှိသွားသော ဟင်းလင်းပြင်လမ်းကြောင်းသည် တကယ်တမ်း ထိုနေရာသို့ ပို့ဆောင်ပေးခြင်းလော။

သို့သော် အမည်ကို ကြည့်ခြင်းအားဖြင့် ထိုနေရာသည် အထူးတလည် ဆိုးယုတ်ခြင်း သို့မဟုတ် ကြောက်စရာကောင်းခြင်း မရှိလှပေ။ ဟုတ်ပါသည်။ ကစဉ့်ကလျား မဟာဧကရာဇ်က ဤသို့ ပြောရခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိရမည်ကို သူသိသည်။ ဤထျန်းယီနန်းတော်မှာ မျက်နှာပြင်ပေါ်တွင် မြင်ရသလောက် ရိုးရှင်းမည် မဟုတ်ပေ။

"စီနီယာ... ဆက်ပြောပါဦး။"

ကစဉ့်ကလျား မဟာဧကရာဇ်က ခေါင်းညိတ်ကာ သူရပ်ခဲ့သည့် နေရာမှ ဆက်ပြောသည်။

"အပေါ်ယံမှာတော့ ထျန်းယီနန်းတော်က အထက်လောကရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်ခုဖြစ်ပြီး တာအိုပြည်နယ်သုံးထောင်က ဆင်းသက်လာသူတွေအတွက် ပန်းတိုင်တစ်ခုပဲ။"

"သီအိုရီအရတော့ ဆင်းသက်လာတဲ့ ပညာရှင်တိုင်းဟာ ထျန်းယီနန်းတော်ကို ရောက်ရှိလာမှာဖြစ်ပြီး ဆက်နေမလား ထွက်သွားမလား ဆိုတာကို သူတို့ဘာသာ ရွေးချယ်နိုင်တယ်။"

"ဒါပေမဲ့ အဲ့ဒါက သီအိုရီသက်သက်ပဲ။ လက်တွေ့အခြေအနေက အဲ့ဒီလို လုံးဝမတူညီဘူး။"

ထိုနေရာတွင် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မဟာဧကရာဇ်က ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"အထက်လောကက အင်အားစုတွေ မသိတာက... အဲ့ဒီ ပါရမီထူးချွန်တဲ့ ဆင်းသက်လာသူတွေကို ဆွဲထားဖို့နဲ့ သူတို့ ထွက်မသွားနိုင်အောင် ထျန်းယီနန်းတော်က ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးဖို့ ရွေးချယ်ခဲ့ကြတယ်။"

"ဆင်းသက်လာတဲ့ ပညာရှင်တွေ အထက်ကိုအမှန်တကယ် မရောက်ရှိခင်မှာပဲ သူတို့ကို ဆင်းသက်ခြင်း လမ်းကြောင်းထဲမှာတင် တိုက်ရိုက် ကြားဖြတ်ဖမ်းဆီးခံရတယ်။ ပြီးရင် ကျွန်ပြုခြင်း အမှတ်အသားခတ်နှိပ်ပြီး ဆင်းသက်လာသူ အားလုံးကို ကျွန်ပြုလိုက်ကြတယ်။"

"ဆင်းသက်လာသူတွေဟာ နောက်ဆုံးမှာ ဆင်းသက်ခြင်း စင်မြင့်ကို ရောက်တဲ့အခါ ကျတော့လည်း ကျွန်ပြုခြင်း အမှတ်အသားကြောင့် သူတို့အားလုံးနီးပါးဟာ ထျန်းယီနန်းတော်မှာပဲ နေဖို့ ရွေးချယ် လိုက်ကြရတယ်။"

"အဲ့ဒီနောက်ပိုင်းမှာတော့ ဆင်းသက်လာသူတွေအတွက် အိပ်မက်ဆိုးတွေ စတင်တော့တာပဲ။"

"ထျန်းယီနန်းတော်မှာ ဆင်းသက်လာသူတစ်ယောက်ရဲ့ အဆင့်အတန်းက ခွေးတစ်ကောင်ထက်တောင် နိမ့်ကျသေးတယ်။ သူတို့ အသက်ရှင်မလား။ သေမလား ဆိုတာက ထျန်းယီနန်းတော် တပည့်တွေရဲ့ စိတ်အလိုပေါ်မှာပဲ လုံးဝမူတည်တယ်။"

"အရေးကြီးဆုံး ငါဆိုလိုတာက အရေးကြီးဆုံးကတော့ အကယ်၍ ဆင်းသက်လာသူတွေထဲမှာ ချောမောလှပတဲ့ အမျိုးသမီး ဧကရာဇ်တစ်ပါး ပါလာခဲ့ရင် သူတို့က ရွံရှာဖွယ် အပြုအမူတွေကို ကျူးလွန်ကြတယ်။ သူတို့က ငြင်းဆန်ခဲ့ရင် သေတာထက် ပိုဆိုးတဲ့ ငရဲကို ခံစားရအောင် လုပ်ကြတယ်။"

သူ၏ အသံမှာ အလွန်အမင်း ဒေါသထွက်နေပြီး ကစဉ့်ကလျား မဟာဧကရာဇ်၏ အဆုံးမရှိသော မုန်းတီးမှုကို ဖွင့်ထုတ်နေသကဲ့သို့ ဖြစ်နေသည်။

အသံမဆုံးမီမှာပင် လင်းချန်၏ သူငယ်အိမ်များသည် ထိတ်လန့်မှုကြောင့် အပ်ဖျားခန့်အထိ ကျုံ့သွားလေသည်။.

ထိတ်လန့်စရာ.. သူ အခု အလွန်အမင်း ထိတ်လန့်နေမိပြီ။

ဆင်းသက်ခြင်း၏ နောက်ဆုံးပန်းတိုင်မှာ မဟာဧကရာဇ် အဆင့်ရှိ ပညာရှင်များကို ကျွန်ပြုသည့် နေရာဖြစ်နေသည်လား။ အမျိုးသား ဧကရာဇ်များပင် အခြေအနေ မကောင်းလှသော်လည်း ဆင်းသက်လာသော အမျိုးသမီး ဧကရာဇ်များမှာ ပို၍ပင် မတရားသော ဆက်ဆံမှုများကို ခံကြရသည်။

၎င်းတို့မှာ မဟာဧကရာဇ်များ ဖြစ်ကြသည်! တာအိုပြည်နယ်သုံးထောင် ၏ ကံကြမ္မာအရှိန်အဝါကို စုစည်းပြီးမှသာ ထိုအဆင့်ကို ရောက်ရှိလာနိုင်သော ပြိုင်ဘက်ကင်း မဟာဧကရာဇ်များ ဖြစ်ကြသည်။ ထိုကဲ့သို့သော မဟာဧကရာဇ် ပညာရှင်များက ဤသို့ ဆက်ဆံခံရသည်လား။

ဤထျန်းယီနန်းတော်မှာ တကယ်ကို ယုတ်ညံ့သည့် အဖွဲ့အစည်းပင် ဖြစ်သည်။

ဤကဲ့သို့သောအင်အားစုမျိုးမှာ... ဖျက်ဆီးပစ်ရန်သာ ထိုက်တန်ပေသည်။

ဤအချိန်တွင် လင်းချန်သည် ကစဉ့်ကလျား မဟာဧကရာဇ်၏ စောစောက ထိတ်လန့်နေသော အကြည့်၏ အရင်းအမြစ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ထိုနေရာသည် ငရဲနှင့် မခြားဟု မဟာဧကရာဇ်က ဘာကြောင့် ပြောရသလဲဆိုသည်ကိုလည်း သူ နားလည်သွားပြီ ဖြစ်သည်။

အောက်လောကတွင် မရေမတွက်နိုင်သော ထူးချွန်သူများကို အနိုင်ယူပြီး အသန်မာဆုံး ဖြစ်လာခဲ့သည့် မဟာဧကရာဇ်များအတွက် ထျန်းယီနန်းတော်မှာ တကယ်ပင် ငရဲခန်းတစ်ခုပင် ဖြစ်သည်။

လင်းချန်က စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒါဆို စီနီယာ... စီနီယာ့ရဲ့ စိတ်ဆန္ဒ အမျှင်တန်းလေးက ဘယ်လိုလုပ် ကျန်ရစ်နေတာလဲ။ ပြီးတော့ စီနီယာတို့ အားလုံးက ထျန်းယီနန်းတော်ကနေ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်သွားကြပြီလား။"

ကစဉ့်ကလျား မဟာဧကရာဇ်က ဇာတ်လမ်းတစ်ခုလုံးကို သိနေသဖြင့် သူပြောပြခဲ့သော အရာများကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရမည်မှာ သေချာသည်။ ကစဉ့်ကလျား မဟာဧကရာဇ်အတွက်မူ ဤသည်မှာ ဘဝတစ်လျှောက်လုံး အရှက်ရစရာ ဘဝတစ်လျှောက်လုံး အမည်းစက်တစ်ခု ဖြစ်နေပေလိမ့်မည်။

ကစဉ့်ကလျား မဟာဧကရာဇ်၏ မျက်လုံးထဲတွင် ထျန်းယီနန်းတော်မှာ သူဖျက်ဆီးပစ်ချင်သော နေရာဖြစ်သလို သူထွက်ပြေး လွတ်မြောက်ချင်ခဲ့သော နေရာလည်း ဖြစ်ပေသည်။

ကစဉ့်ကလျား မဟာဧကရာဇ်က အသက်ကို ဆက်တိုက် ပြင်းပြင်းရှူလိုက်သော်လည်း လှုပ်ရှားနေသော စိတ်ခံစားချက်များကို လုံးဝ ငြိမ်သက်အောင် မလုပ်နိုင်သေးပေ။ သူ ဤအကြောင်းကို မစဉ်းစားဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ယခု ပြန်လည် သတိရမိသောအခါ သူသည် ယခင်ကကဲ့သို့ပင် စိတ်မထိန်းနိုင်ဘဲ ဖြစ်နေရဆဲပင်။

လင်းချန်ကို ပြန်လည် အာရုံစိုက်လိုက်ရင်း ကစဉ့်ကလျား မဟာဧကရာဇ်က အားနာဟန်ဖြင့် အနည်းငယ် ပြုံးပြလိုက်သည်။

"တောင်းပန်ပါတယ် ငါ အခုပဲ စိတ်လွတ်သွားမိတယ်။ တကယ်ကို ထိန်းချုပ်ဖို့ ခက်ခဲလွန်းလို့ပါ။"

လင်းချန်က ခေါင်းခါပြကာ ဂရုမစိုက်ကြောင်း ပြလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံလာလျှင် မည်သူမဆို စိတ်ခံစားမှု ပြင်းထန်သွားမည်သာ ဖြစ်သည်။ ထိုအရာထက် သူက သူ၏ မေးခွန်းအတွက် အဖြေကိုသာ ပို၍ စိတ်ဝင်စားနေသည်။

ကစဉ့်ကလျား မဟာဧကရာဇ်က သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါ့ရဲ့ ဒီစိတ်ဆန္ဒက ရိုးရိုးစိတ်ဆန္ဒ မဟုတ်ဘူး။ ငါ့ရဲ့ မြင့်မြတ်သော ဝိညာဉ်အစိတ်အပိုင်းလေး တစ်ခု ပါဝင်နေတဲ့ စိတ်ဆန္ဒပဲ။ အဲ့ဒါက ငါ့ရဲ့ ပင်မခန္ဓာကိုယ်ဆီကို အချက်အလက်တွေကို ပုံမှန်ပို့ပေးနိုင်တယ်။"

"ပင်မခန္ဓာကိုယ်က ငါ့ကို ဒီမှာ ချန်ထားခဲ့တာက မျိုးဆက်သစ်တွေကို အားပေးဖို့နဲ့ ငါ့ရဲ့ အမွေအနှစ်အတွက် ဆက်ခံသူတစ်ယောက် ရွေးချယ်ဖို့ပဲ။"

"ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုကိစ္စတွေ ဖြစ်လာမယ်လို့ သူ မမျှော်လင့်ခဲ့ဘူး။ ဒီနေရာရဲ့ တည်ရှိမှု ရည်ရွယ်ချက်က အမွေအနှစ် ဆက်ခံသူ ရွေးချယ်ရာကနေ စမ်းသပ်ချက်ကိုပြောင်းလဲပေးနိုင်မယ့်သူ ကို ရွေးချယ်ဖို့အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။"

"မတတ်သာဘဲ ပင်မခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ငါ မပြောင်းလဲနိုင်လို့ အပြင်ကလူတွေက ငါ့ကို တွေ့ဖို့ဆိုရင် စမ်းသပ်မှုအားလုံးကို အောင်မြင်အောင် ဖြေဆိုရမယ်။"

"ပြီးတော့ မင်းကတော့ ဒီနှစ်တွေအားလုံးအတွင်းမှာ ငါတွေ့ရတဲ့ ပထမဆုံးသော စစ်မှန်တဲ့ စိန်ခေါ်သူပဲ။"

ထိုစကားများကို ကြားလိုက်ရချိန်တွင် လင်းချန်၏ အမူအရာမှာ နားလည်သဘောပေါက်သွားသည့် ပုံစံ ဖြစ်သွားသည်။

သြော်... ဒါကြောင့်ကိုး။

သူကအထက်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိနေတာက သူ့ရဲ့ ပင်မခန္ဓာကိုယ်နဲ့ သတင်းအချက်အလက်တွေ အခါအားလျော်စွာ ဖလှယ်နိုင်လို့ကိုး။

ထိုသို့ဆိုလျှင်အထက်လောကရှိ ကစဉ့်ကလျား မဟာဧကရာဇ်၏ ပင်မခန္ဓာကိုယ်သည် သူ၏ တည်ရှိမှုကို သိရှိသွားရန်မှာ မကြာတော့ပေ။

ကစဉ့်ကလျား မဟာဧကရာဇ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လင်းချန်၏ ဒုတိယမြောက် မေးခွန်းကို စတင် ဖြေကြားပေးသည်။

"ငါ ထျန်းယီနန်းတော်ကနေ အောင်အောင်မြင်မြင်နဲ့ ထွက်ပြေးနိုင်ခဲ့တာက အဲ့ဒီကို ရောက်ပြီး တတိယမြောက် နှစ်မှာပဲ။"

"ဒါပေမဲ့ အဲ့ဒီ သုံးနှစ်အတွင်း ငါကြုံတွေ့ခဲ့ရတဲ့ အရာအားလုံးက ငါ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ကျန်နေတုန်းပဲ ငါ လုံးဝမေ့လို့မရဘူး။"

"ငါ့ကို ကယ်တင်ခဲ့တဲ့သူက တခြားသူမဟုတ်ဘူး မင်းတို့ရဲ့ ရှေးဟောင်း လင်းမိသားစရဲ့ ဘိုးဘေး လင်းတုံ နဲ့ တခြား ဆင်းသက်လာသူတွေပဲ။"

"သူတို့တွေက အထက်လောကမှာ သုံးထောင်သော တာအိုပြည်နယ်များ လို့ ခေါ်တဲ့ အင်အားစုတစ်ခုကို ဖွဲ့စည်းခဲ့ကြတယ်။ အဓိကကတော့ ထျန်းယီနန်းတော်ကို ဆန့်ကျင်ဖို့နဲ့ သူတို့ ကျွန်ပြုထားတဲ့ ဆင်းသက်လာသူတွေကို ကယ်တင်ဖို့ပဲ။"

"အဲ့ဒီနောက်ပိုင်းမှာပဲ လင်းတုံနဲ့ ငါက အရင်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတာ။"

စကားသံ ဆုံးသွားသည်နှင့် လင်းချန်၏ သံသယများအားလုံး ပြေပျောက်သွားပြီး ရုတ်တရက် နားလည်သဘောပေါက်သွားသော အမူအရာ ပေါ်လာသည်။

ထို့ကြောင့် သူတို့ တာအိုပြည်နယ်သုံးထောင်မှ စီနီယာများသည် တန်ပြန်တိုက်စစ်ကို စတင်နေပြီ ဖြစ်သည်။

သို့သော်လည်း တာအိုဘိုးဘေး နှင့် မိစ္ဆာဘိုးဘေးတို့သည်လည်း ကျွန်ပြုခံခဲ့ရသလား။သို့မဟုတ် သူတို့ကိုယ်တိုင်ကပင် ဤ တာအိုပြည်နယ်သုံးထောင် အဖွဲ့အစည်းကို တည်ထောင်ခဲ့သူများလား ဆိုသည်ကို သူ သိချင်နေမိသည်။

သူတို့နှစ်ဦးစလုံးသည် ရှေးဟောင်းခေတ် မတိုင်မီကပင် လေဟာနယ်ကို ဖောက်ထွင်းပြီး အထက်လောကသို့ ဆင်းသက်သွားခဲ့ကြသူများ ဖြစ်သည်။ ကစဉ့်ကလျား ဖြစ်နေသော သတ်ဖြတ်ခြင်းခေတ်ပြီးနောက်တွင်ပင် သူတို့၏ ကျင့်စဉ်များမှာ ဆက်လက် လက်ဆင့်ကမ်းလာခဲ့ကြသည်။

ထျန်းယီနန်းတော်၏ ကျွန်ပြုခြင်း အစီအမံမှာ မည်သည့်အချိန်က စတင်ခဲ့သည်ကို သူ မသိပေ။

လင်းချန်၏ အတွေးများကို ခံစားမိသကဲ့သို့ စိတ်တည်ငြိမ်သွားပြီဖြစ်သော ကစဥ့်ကလျား မဟာဧကရာဇ်က ပြုံးလိုက်သည်။

"ငါ ဆင်းသက်သွားတဲ့ အချိန်မှာ တာအိုဘိုးဘေးနဲ့ မိစ္ဆာဘိုးဘေးတို့က အထက်လောကရဲ့ အင်အားကြီး ပညာရှင်တွေ ဖြစ်နေကြပြီ။ တာအိုပြည်နယ်သုံးထောင်ကို သူတို့ တည်ထောင်ခဲ့တာက မှန်ပါတယ်။"

"သူတို့ကပဲ ဆင်းသက်လာသူတွေရဲ့ ကျွန်ပြုခြင်း အမှတ်အသားတွေကို ချိုးဖျက်ပေးခဲ့ပြီး အမှတ်အသားတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ ငါတို့ကို လွတ်မြောက်အောင် လုပ်ပေးခဲ့တာ။"

"သူတို့ဟာ ငါတို့ တာအိုပြည်နယ်သုံးထောင်က ဆင်းသက်လာသူတွေ အားလုံးအတွက် ကလဲ့စားချေဖို့ မျှော်လင့်ချက် ကို ပေးခဲ့သူတွေလို့ ပြောလို့ရတယ်။"

"ကံမကောင်းတာက ထျန်းယီနန်းတော်က အရမ်းအင်အားကြီးလွန်းတယ်။ ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိသလို အခြေခံအုတ်မြစ်ကလည်း အရမ်းနက်ရှိုင်းတယ်။ တာအိုဘိုးဘေးနဲ့ မိစ္ဆာဘိုးဘေးတို့တောင် သူတို့ကို ထိန်းထားနိုင်ရုံပဲ တတ်နိုင်ကြတယ်။ သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို ပြောင်းလဲအောင်တော့ အတင်းအကျပ် မလုပ်နိုင်ကြသေးဘူး။"

ဤနေရာသို့ ရောက်သောအခါ ကစဉ့်ကလျား မဟာဧကရာဇ်၏ စိတ်ခံစားချက်များမှာ ရုတ်တရက် ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။

"ဒါပေမဲ့ လင်းချန်... မင်းဆီမှာတော့ စစ်မှန်တဲ့ ဖောက်ထွက်နိုင်စွမ်းရှိတဲ့ မျှော်လင့်ချက် ထျန်းယီနန်းတော်ကို ဖျက်ဆီးပစ်နိုင်မယ့် စွမ်းအားကို ငါမြင်နေရတယ်။"

ထျန်းယီနန်းတော်ကို ဖျက်ဆီးပစ်ရမည်။

လင်းချန်၏ မျက်လုံးများထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

ထိုစိတ်ကူးမှာ... လုံးဝ မဆိုးလှပေ။

အခန်း ၁၀၂- အစွမ်းထက်သော ကျင့်စဉ်လျှို့ဝှက်နည်းစနစ် စွမ်းအင်သုံးပါးညီညွတ်ခြင်း။

လင်းချန်က ခေတ္တမျှ စဉ်းစားနေပြီးနောက် မျက်လုံးများ လှုပ်ရှားသွားကာ ပြောလိုက်သည်။

“အဲ့ဒါထက် အရင်ဆုံး စီနီယာ ကျွန်တော့်ကို ပြောပြပေးပါဦး။ ဆင်းသက်ခြင်း လမ်းကြောင်းရဲ့ တစ်ဝက်တစ်ပျက်ကနေ ဘယ်လိုထွက်ရမလဲဆိုတာကိုပေါ့။ ဒါမှ ကျွန်တော် ထျန်းယီနန်းတော်ကို မရောက်မှာ။”

“ထျန်းယီနန်းတော်ကို ဖျက်ဆီးဖို့ဆိုရင် ကျွန်တော် အရင်ဆုံး အထက်လောကကို ဆင်းသက်ရမယ်။”

“ဒါပေမဲ့ စီနီယာ့ရဲ့ အတွေ့အကြုံတွေကို ကြားပြီးတဲ့နောက်မှာတော့ အမှန်အတိုင်း ပြောရရင် အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ အရှက်ခွဲမှုတွေကိုတော့ ကျွန်တော် မခံချင်ဘူး။”

လင်းချန်၏ စကားကို ကြားလိုက်ရချိန်တွင် ကစဉ့်ကလျား မဟာဧကရာဇ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားလေသည်။

“ငါလည်း မင်းကို ထျန်းယီနန်းတော်ရဲ့ ကျွန်ပြုတာကို ခံစေချင်လို့ မဟုတ်ပါဘူး။”

“မင်းလို ပါရမီရှင်မျိုးသာ ကျွန်ပြုခံလိုက်ရရင် မင်းကို ကယ်ထုတ်ဖို့က လွယ်မှာမဟုတ်ဘူး။ ငါစိုးရိမ်မိတယ်။”

“ထျန်းယီနန်းတော်က အထက်လောကရဲ့ တာအိုပြည်နယ်သုံးထောင်ကို အနည်းငယ် သတိထားရုံပဲ ရှိတာ။”

ကစဉ့်ကလျား မဟာဧကရာဇ်က ခေါင်းခါရင်း ပြန်ပြောသည်။

“ဒါက ငါနောက်ထပ် ပြောပြမယ့် အရာပဲ။”

“ဆင်းသက်ခြင်း လမ်းကြောင်းရဲ့ တစ်ဝက်ကနေ ဘယ်လိုထွက်ပြီး ပန်းတိုင်အစစ်ဆီကို ဘယ်လိုသွားရမလဲ ဆိုတာပေါ့။”

“တကယ်တော့ တာအိုပြည်နယ်သုံးထောင်က ဆင်းသက်လာသူတွေ အားလုံးရဲ့ ကြိုးစားမှုနဲ့ ငါတို့ဟာ ဆင်းသက်ခြင်း လမ်းကြောင်းရဲ့ ထောင့်တစ်နေရာမှာ လမ်းကြောင်းသစ်တစ်ခုကို ဖောက်ထားနိုင်ခဲ့ပြီ။”

“အချိန်တန်တဲ့အခါ မင်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရုံနဲ့ ထျန်းယီနန်းတော်ကို ကျော်ဖြတ်ပြီး အထက်လောကမှာရှိတဲ့ တာအိုပြည်နယ်သုံးထောင် အင်အားစုတွေဆီကို တိုက်ရိုက် ရောက်သွားနိုင်လိမ့်မယ်။”

ဤစကားကို ကြားရသောအခါ လင်းချန် အံ့အားသင့်သွားသည်။

စီနီယာများ၏ ကြိုးစားမှုက ဤအဆင့်ထိ ရောက်နေပြီလား။ ဆင်းသက်ခြင်း လမ်းကြောင်းထဲတွင် ထွက်ပေါက်သစ်တစ်ခုပင် ဖောက်ထားနိုင်သည်ဆိုတော့ တာအိုပြည်နယ်သုံးထောင်များမှာ တော်တော်လေး ကောင်းကောင်း ဖွံ့ဖြိုးနေပုံရသည်။

သူတို့သည် ထျန်းယီနန်းတော်လောက် မသန်မာရင်တောင် ထျန်းယီနန်းတော်က လျစ်လျူရှုလို့ မရလောက်အောင်တော့ အစွမ်းထက်ကြမည်မှာ သေချာသည်။ သို့မဟုတ်ပါက ထိုကဲ့သို့သော အဖွဲ့အစည်းမျိုး၏ သဘာဝအရ ဆင်းသက်လာသူများကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။ ဤသည်မှာ သုံးထောင်သော တာအိုပြည်နယ်များမှ မျိုးဆက်ပေါင်းများစွာသော စီနီယာများ၏ ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်သည်။

ထိုစဉ် ကစဉ့်ကလျား မဟာဧကရာဇ်က လက်ညှိုးဖြင့် ထိုးလိုက်ရာ အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး လင်းချန်၏ နဖူးအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ လင်းချန်က ရှောင်မတိမ်းခဲ့သလို ရှောင်ရန်လည်း မဖြစ်နိုင်ပေ။ ယခုရှိနေသော ကစဉ့်ကလျား မဟာဧကရာဇ်သည် စောစောက သူ၏ ကျင့်စဉ်အဆင့်ကို နှိမ်ထားခဲ့သော မဟာဧကရာဇ်နှင့် မတူတော့ပေ။ မဟာဧကရာဇ် တစ်ဦး၏ စိတ်ဆန္ဒမျှသာ ဖြစ်သော်လည်း သူ လက်ရှိ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။

ထို့အပြင် ကစဉ့်ကလျား မဟာဧကရာဇ်သည် သူ့ကို အန္တရာယ်ပြုလိမ့်မည်မဟုတ်ဟု သူယုံကြည်သည်။

အလင်းတန်းက လင်းချန်၏ နဖူးထဲသို့ ဝင်သွားသည်နှင့် ကစဉ့်ကလျား မဟာဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။

“ဒါက ငါတို့ ဆင်းသက်ခြင်း လမ်းကြောင်းမှာ ဖောက်ထားတဲ့ လမ်းကြောင်း ဆုံချက်ပဲ။ လမ်းညွှန်မှုအတိုင်း လိုက်နာပြီး အချိန်ကို အမိအရ ဆုပ်ကိုင်မယ်ဆိုရင် ထျန်းယီနန်းတော်ကို အောင်မြင်စွာ ရှောင်ရှားနိုင်လိမ့်မယ်။”

အလင်းတန်းသည် သတင်းအချက်အလက် စီးကြောင်းတစ်ခုအဖြစ် ပြန့်နှံ့သွားပြီး လင်းချန်၏ စိတ်ထဲတွင် ရှုပ်ထွေးသော ဝင်္ကပါတစ်ခုကဲ့သို့ မြေပုံတစ်ခု ပေါ်လာသည်။ ဝင်္ကပါ၏ အစိတ်အပိုင်းတစ်ခုတွင် ရှင်းလင်းသော အမှတ်အသားတစ်ခု ရှိနေသည်။ ၎င်းမှာ ကစဉ့်ကလျား မဟာဧကရာဇ် ပြောခဲ့သော သုံးထောင်သော တာအိုပြည်နယ်မှ စီနီယာများ ဖောက်လုပ်ထားသည့် ဆင်းသက်ခြင်း လမ်းကြောင်း ဆုံချက်အသစ် ဖြစ်ကြောင်း လင်းချန် သိလိုက်ရသည်။

သူ ဆင်းသက်သည့်အခါ ထိုဆုံချက်ကို ဖြတ်ကျော်ရုံဖြင့် အထက်လောကရှိ တာအိုပြည်နယ်သုံးထောင် များဆီသို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။

မြေပုံကို မှတ်သားပြီးနောက် လင်းချန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ကစဉ့်ကလျား မဟာဧကရာဇ်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။

“စီနီယာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။

သူသည် ယခုအခါ တော်တော်လေး ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ကစဉ့်ကလျားမြင့်မြတ်နယ်မြေ သို့ လာခဲ့မိခြင်း ဤစမ်းသပ်မှုနေရာသို့ ရောက်လာပြီး ကစဉ့်ကလျား မဟာဧကရာဇ်၏ စိတ်ဆန္ဒနှင့် တွေ့ဆုံခဲ့ရခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် တစ်နေ့တွင် မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းပြီး ဆင်းသက်သည့်အခါ ကစဉ့်ကလျား မဟာဧကရာဇ် ပြောပြခဲ့သည့် ဆိုးရွားသော အတွေ့အကြုံနှင့် ကြုံတွေ့ရပေလိမ့်မည်။

မဟာဧကရာဇ် ဖြစ်လာပြီးနောက် အခြားသော မဟာဧကရာဇ် အဆင့်ရှိ ပညာရှင်များကို အနိုင်ယူနိုင်မည် သို့မဟုတ် ပိုမြင့်သော အဆင့်ရှိသူများကိုပင် ယှဉ်ပြိုင်နိုင်မည်ဟု သူယုံကြည်ချက် ရှိသော်လည်း အထက်လောကတွင် အထွတ်အထိပ် ရောက်နေသော ထျန်းယီနန်းတော်ကဲ့သို့ အင်အားစုမျိုးကို အသစ်စက်စက် ဆင်းသက်လာသူတစ်ဦးက တိုက်ရိုက်ရင်ဆိုင်ရန်မှာ မလွယ်ကူပေ။ တစ်နည်းအားဖြင့် ကစဉ့်ကလျား မဟာဧကရာဇ်သည် သူ့ကို ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။

ကစဉ့်ကလျား မဟာဧကရာဇ်က ရွှင်ပျစွာ ပြုံးလိုက်ပြီး လက်ကို ခါယမ်းကာ ပြောသည်။

“နောက်တစ်ခါ ငါ့ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ဆက်သွယ်လို့ မင်းရဲ့ တည်ရှိမှုကို သူတို့သိသွားတဲ့အခါ တာအိုပြည်နယ်သုံးထောင်မှာ တော်တော်လေး စည်ကားသွားမှာပဲ။”

“အဲ့ဒီက မိတ်ဆွေတွေက မင်းရောက်လာမယ့်ရက်ကို မျှော်လင့်ရင်း နွေးနွေးထွေးထွေး ကြိုဆိုဖို့ ပြင်ဆင်ထားကြလိမ့်မယ်။”

လင်းချန်က ထိုချီးမွမ်းစကားများကို ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။ သူသည် ယခုအချိန်တွင် အားနည်းနေသေးသဖြင့် ထိုအရာများမှာ နောက်မှ စဉ်းစားရမည့် ကိစ္စများသာ ဖြစ်သည်။ ယခု သူအလေးထားရမည့် အရာမှာ ကျင့်စဉ်အဆင့် တက်လှမ်းရန် မဟာဧကရာဇ် ဖြစ်လာရန်နှင့် သုံးထောင်သော တာအိုပြည်နယ်များ၏ ပျက်စီးနေသော နိယာမတရားများကို ပြန်လည် ပြုပြင်ရန်သာ ဖြစ်သည်။

မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိခြင်းမှာ ယာယီအဆုံးသတ်ဟု သူအရင်က ထင်ခဲ့သော်လည်း မဟာဧကရာဇ် အဆင့်မှာ အစပြုခြင်းမျှသာ ဖြစ်သည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကစဉ့်ကလျား မဟာဧကရာဇ်က လင်းချန်ကို သေချာကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်ကျင့်စဉ် က မင်းရဲ့ ဝိညာဉ်စွမ်းအင်နဲ့ စိတ်ဝိညာဉ်ကျင့်စဉ်တွေထက် အများကြီး သာလွန်နေတာကို ငါတွေ့ရတယ်။”

“ငါ့ရဲ့ ပင်မခန္ဓာကိုယ်က ငါ့ကို ပေးခဲ့ဖူးတဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ရုတ်တရက် သတိရသွားတယ်။”

“ဒီလျှို့ဝှက်နည်းစနစ်က နိမ့်ကျနေတဲ့ ကျင့်စဉ်အဆင့်တွေကို အမြင့်ဆုံးအဆင့်ထိ မြန်မြန်ဆန်ဆန် လိုက်မီအောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒါက မဟာဧကရာဇ် အဆင့်အောက်မှာပဲ အသုံးဝင်တာပါ။”

“ဒါပေမဲ့ ဒီလျှို့ဝှက်နည်းစနစ်က မင်းရဲ့ လက်ရှိအခြေအနေအတွက် အရမ်းကို သင့်တော်လိမ့်မယ်လို့ ငါခံစားရတယ်။”

နိမ့်ကျနေသော ကျင့်စဉ်များကို အမြင့်ဆုံးအဆင့်သို့ မြန်မြန် လိုက်မီစေသည်လား။ လင်းချန်၏ မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။

“ဒီလောကမှာ ဒီလိုလျှို့ဝှက်နည်းစနစ်မျိုး ရှိတာလား။”

အထက်လောကဆိုသည်မှာ အမှန်ပင် ထင်ထားသည့်အတိုင်းပါပဲလား။ အကယ်၍ ဤလျှို့ဝှက်နည်းစနစ်သာ အမှန်တကယ် ရှိခဲ့လျှင် သူသည် တစ်ဆင့်ထက်မက မြင့်နေသော ခန္ဓာကိုယ်ကျင့်စဉ်သို့ သူ၏ ဝိညာဉ်စွမ်းအင်နှင့် စိတ်ဝိညာဉ်ကျင့်စဉ်များကို အမြန်ဆုံး လိုက်မီအောင် လုပ်နိုင်ပေလိမ့်မည်။ သူ သိချင်သည်မှာ ဤ အမြန်ဆုံး ဆိုသည်မှာ မည်မျှအထိ မြန်မည်နည်း ဆိုသည်ကိုပင်။

လင်းချန်က ဤလျှို့ဝှက်ကျင့်စဉ်အပေါ် စိတ်ဝင်စားမှု အလွန်ရှိနေသည်ကို ရိပ်မိလိုက်သကဲ့သို့ ကစဉ့်ကလျား မဟာဧကရာဇ်က အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်ပြီး လက်ညှိုးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည်။

အရင်ကကဲ့သို့ပင် အလင်းတန်းသည် လင်းချန်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီး လင်းချန်၏ စိတ်ထဲတွင် အချက်အလက် အမြောက်အမြား ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်အကြာကြီး စဉ်းစားမနေတော့ဘဲ သူသည် မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး ထိုအချက်အလက်များကို စတင် မှတ်သားလေသည်။

အသက်ရှူ အကြိမ်ပေါင်း ဒါဇင်အနည်းငယ် ကြာပြီးနောက် လင်းချန်သည် ဝမ်းသာအားရ အမူအရာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ မယုံနိုင်စရာပင်။ ကောင်းကင်နှင့် မြေကြီး၏ သဘာဝနိယာမကို ဆုပ်ကိုင်နိုင်သည့် ဤကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်မျိုး တကယ်ရှိနေသည်လား။

ကစဉ့်ကလျား မဟာဧကရာဇ် ပေးခဲ့သော လျှို့ဝှက်ကျင့်စဉ်၏ အမည်မှာ စွမ်းအင်သုံးပါးညီညွတ်ခြင်းဟု ခေါ်သည်။

အမည်အတိုင်းပင် ၎င်းသည် ကျင့်စဉ်အမျိုးအစား တစ်ခုကို အခြေခံအဖြစ် အသုံးပြုပြီး ကျန်နှစ်မျိုးကို ထိုအဆင့်ရောက်သည်အထိ လျင်မြန်စွာ တိုးတက်စေခြင်း ဖြစ်သည်။ လင်းချန် အလေးအနက်ဆုံး ထားသောအရာမှာ တိုးတက်မှု အရှိန်နှုန်းပင် ဖြစ်သည်။ ၎င်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် နိမ့်ကျနေသော ကျင့်စဉ်နှစ်မျိုးသည် မူလကျင့်စဉ် အရှိန်နှုန်းထက် အဆ ၃၀ ပိုမြန်လာမည် ဖြစ်သည်။ မှန်ပါသည်။ ၃ ဆ မဟုတ်ဘဲ အဆ ၃၀ တိတိပင်ဖြစ်သည်။

လင်းချန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရင်ထဲက စိတ်လှုပ်ရှားမှုကို မနည်း ထိန်းလိုက်ရသည်။ ဤ စွမ်းအင်သုံးပါးညီညွတ်ခြင်းလျှို့ဝှက်နည်းစနစ်သည် သူ၏ ယခင် တစ်နာရီကြာ အဆတစ်ရာ ကျင့်စဉ်မြန်နှုန်း မြှင့်တင်မှုလောက် မကောင်းသော်လည်း များစွာ မကွာခြားလှပေ။

အရေးကြီးဆုံးမှာ ဤလျှို့ဝှက်နည်းစနစ်တွင် ဘေးထွက်ဆိုးကျိုး မရှိခြင်း မည်သည့်အချိန်မဆို အသုံးပြုနိုင်ခြင်းနှင့် အချိန်ကန့်သတ်ချက် မရှိခြင်းတို့ ဖြစ်သည်။ ထိုအချက်များကို ကြည့်လျှင် ၎င်းမှာ တစ်နာရီကြာ အဆတစ်ရာ ကျင့်စဉ်မြန်နှုန်း မြှင့်တင်မှုထက် ပို၍ အစွမ်းထက်လှသည်။

ဤလျှို့ဝှက်နည်းစနစ်သည် လက်မှတ်ထိုး စနစ်မှရသော ကျင့်စဉ်များ တန်ခိုးစွမ်းအားများနှင့် မတူပေ။ ၎င်းကို အခြားသူများကိုလည်း သင်ကြားပေးနိုင်ပြီး အတူတကွ ကျင့်ကြံနိုင်သည်။ ဤလျှို့ဝှက်နည်းစနစ်ကို ကစဉ့်ကလျား မြင့်မြတ်နယ်မြေက သူ၏ ရှေးဟောင်း လင်းမိသားစုအတွက် ချန်ထားခဲ့နိုင်မည် ဖြစ်သည်။ ဤလျှို့ဝှက်နည်းစနစ်၏ အကူအညီဖြင့် ထိုအင်အားစု နှစ်ခု၏ စုစုပေါင်း အစွမ်းမှာ တိုတောင်းသော ကာလအတွင်း အကြီးအကျယ် တိုးတက်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

လင်းချန်သည် ကစဉ့်ကလျား မဟာဧကရာဇ်ကို စိုက်ကြည့်ရင်း ကျေးဇူးတင်စွာဖြင့် ဂါရဝပြုလိုက်သည်။

“ဒီလို ပြိုင်ဘက်ကင်းတဲ့ လျှို့ဝှက်နည်းစနစ်ကို သင်ကြားပေးတဲ့အတွက် စီနီယာ့ကို ထပ်ပြီး ကျေးဇူးတင်ပါတယ်။”

ကစဉ့်ကလျား မဟာဧကရာဇ်၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျှော်လင့်ချက် အပြည့်ရှိသော အကြည့်ဖြင့် အစားထိုးဝင်ရောက်လာသည်။

“မင်း ငါ့ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ အထက်လောကရဲ့ ထာဝရ တိုက်ကြီး ကို မြန်မြန် လာခဲ့ပါ။ ပြီးတော့ ငါတို့ကို ထျန်းယီနန်းတော်နဲ့ တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပါ။”

ဒါကို ကြားလိုက်ရချိန်တွင် လင်းချန်၏ မျက်နှာတွင်လည်း မျှော်လင့်ချက်များ ပေါ်လာသည်။

“ထာဝရတိုက်ကြီးအဲ့ဒါက အထက်လောကရဲ့ နာမည်ပေါ့။ စိတ်မပူပါနဲ့ စီနီယာ... အဲ့ဒီနေ့ ရောက်ဖို့... သိပ်မဝေးတော့ပါဘူး။”

စွမ်းအင်သုံးပါးညီညွတ်ခြင်းလျှို့ဝှက်နည်းစနစ်၏ အကူအညီဖြင့် သူ ခန့်မှန်းထားသော အချိန်ကာလမှာ သိသိသာသာ တိုတောင်းသွားတော့မည် ဖြစ်သည်။

All Chapters