အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း ၁၀၅ - တာအိုပြည်နယ်သုံးထောင်၏ အနာဂတ်အတွက် ကူညီရန် ကျွန်ုပ်တို့ အသင့်ရှိပါသည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြ၊စည်းဝေးခန်းမဆောင်။
ပုံမှန်အားဖြင့် တိတ်ဆိတ်ခြောက်ကပ်နေတတ်သော ခန်းမကြီးအတွင်း ယခုအခါ ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များအားလုံးဖြင့် ပြည့်နှက်နေသည်။
မြင့်မြတ်အရှင်သခင်ကိုယ်တိုင် ရောက်ရှိနေသည့်အပြင် ရှေးဟောင်းကန္တာရ လင်းမျိုးနွယ်စုမှ အကြီးအကဲ လင်းခိုင်ရှန်း နှင့် အခြားမျိုးနွယ်စု အကြီးအကဲများပါ စုံစုံလင်လင် ရှိနေကြသည်။ သူတို့အားလုံးသည် သူတို့ရင်ထဲ၌ တောက်လောင်နေသော သိလိုစိတ်များကို ဖြေရှင်းပေးမည့် လင်းချန် နှင့် ရှောင်ဖန် တို့ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။
ဤအချိန်တွင် လင်းခိုင်ရှန်းနှင့် လင်းမျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာပေါ်တွင်ပင် အံ့သြမှုအရိပ်အယောင်များ ယှက်သန်းနေသည်။ သူတို့၏ နတ်ဘုရားသားတော်သည် ကမ္ဘာလှုပ်မည့် ကိစ္စရပ်ကြီးတစ်ခုကို ပြောပြတော့မည်ဟု ကြားထားရသောကြောင့် ဖြစ်သည်။ ၎င်းမှာ ပျက်စီးနေသော တာအိုပြည်နယ်သုံးထောင်၏ နိယာမစည်းမျဉ်းများကို မည်သို့ ပြုပြင်ရမည်ဆိုသည့် ကိစ္စပင်။
နတ်ဘုရားသားတော် လင်းချန်သည် နတ်ဘုရားမျှော်စင် အတွင်းရှိ ကောင်းကင်ဘုံတာအို ထံမှ ထိုပြုပြင်နည်းလမ်းကို သိရှိခဲ့ရသည်ဟု ဆိုသည်။ ဤကိစ္စနှင့် ပတ်သက်၍ သူတို့တစ်ခါမျှ မကြားဖူးခဲ့ပေ။ လင်းချန်အနေဖြင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ လာရောက်ပြီးနောက် ဤလျှို့ဝှက်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောပြလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပါ။
အခိုက်အတန့်တစ်ခုတွင် ခန်းမထဲရှိ ပညာရှင်အားလုံး တစ်စုံတစ်ခုကို တစ်ပြိုင်နက် အာရုံရလိုက်ကြပြီး လေဟာနယ်ရှိ နေရာတစ်ခုသို့ ကြည့်လိုက်ကြသည်။ သူတို့ အာရုံစိုက်လိုက်သည်နှင့် ထိုဟင်းလင်းပြင်သည် အနည်းငယ် တွန့်လိမ်သွားပြီးနောက် လင်းချန်နှင့် ရှောင်ဖန်တို့ ထွက်ပေါ်လာကြသည်။
လင်းချန်က ခန်းမတစ်ခုလုံးရှိ အကြည့်များကို အာရုံရလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“အားလုံးပဲ စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။”
သူ့အသံ ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ လူအားလုံး မတ်တပ်ရပ်ကာ လင်းချန်ကို လေးစားစွာ ဂါရဝပြုလိုက်ကြသည်။
“နတ်ဘုရားသားတော်ကို အရိုအသေ ပေးပါတယ်။”
နှုတ်ဆက်ပြီးနောက် လူတိုင်း၏ အကြည့်များမှာ လင်းချန်ထံသို့သာ စိတ်အားထက်သန်စွာ ရောက်ရှိနေကြသည်။တာအိုပြည်နယ်တစ်ခုလုံး၏ အလှည့်အပြောင်း။လူတိုင်း၏ ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်နေသော ကိစ္စဖြစ်သဖြင့် သူတို့ မည်သို့ စိတ်မလောဘဲ နေနိုင်မည်နည်း။
လင်းချန်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး လွတ်နေသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ရှောင်ဖန်ကလည်း ပခုံးတွန့်ပြကာ သင့်တော်ရာနေရာတွင် ဝင်ထိုင်လိုက်သည်။
စည်းဝေးခန်းမအတွင်း အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်း လင်းချန်ကိုသာ စောင့်ကြည့်နေကြသည်။ ကောင်းကင်ဘုံတာအိုမှ ပြောပြလိုက်သော ပျက်စီးနေသည့် နိယာမစည်းမျဉ်းများ ပြုပြင်နည်းကို သူတို့ နားထောင်ရန် အသင့်ဖြစ်နေပြီဖြစ်၏။
လင်းချန်က သူ၏ အတွေးများကို စုစည်းပြီးနောက် လေးနက်သော အသံဖြင့် စတင်ပြောကြားလိုက်သည်။
“ကျွန်တော် ဘာပြောမလဲဆိုတာ အားလုံး သိကြမှာပါ။ ဒါပေမဲ့ အဲဒါမတိုင်ခင် အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားချင်ပါတယ်။ ကျွန်တော် ပြောနေတဲ့အချိန်မှာ ဘယ်သူမှ ကြားဖြတ်မမေးပါနဲ့။ ကျွန်တော် ပြောလို့ပြီးမှသာ မေးစရာရှိတာ မေးကြပါ။ အားလုံး သဘောတူနိုင်မလား။”
လူတိုင်း ငြိမ်သက်စွာ ခေါင်းငြိမ့်လိုက်ကြသည်။ လင်းချန်က ဆက်လက်၍ ကောင်းကင်ဘုံတာအိုမှ ပြောပြလိုက်သော နိယာမစည်းမျဉ်းများ ပြုပြင်နည်းကို တစ်လုံးချင်းစီ ရှင်းပြလေတော့သည်။
သူပြောနေသည့် အချက်များမှာ ပညာရှင်အားလုံးကို မှင်သက်သွားစေသည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ နိယာမစွမ်းအားကို အသုံးပြု၍ ကမ္ဘာကြီး၏ နိယာမများကို ပြုပြင်မည်ဟူသော အချက်မှာ မယုံနိုင်စရာပင်။ လင်းချန်၏ ဆိုလိုရင်းမှာ ပျက်စီးနေသော နိယာမများကို ပြန်လည် ပြည့်စုံစေရန်အတွက် သူကိုယ်တိုင် အရင်ဆုံး မဟာဧကရာဇ် အဆင့်သို့ တက်လှမ်းရမည် ဖြစ်ပြီး သူ၏ မဟာဧကရာဇ် နိယာမများကို အသုံးပြုကာ ပြုပြင်ရမည် ဖြစ်သည်။
ခဏအကြာတွင် လင်းချန်က အားလုံးကို ပြောပြပြီးသွားသည်။ ခန်းမအတွင်း တိတ်ဆိတ်မှုက ပို၍ပင် လေးလံလာသည်။ အင်အားကြီး အဖွဲ့အစည်း နှစ်ခုလုံးမှ ပညာရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်ရင်း အံ့သြတုန်လှုပ်နေကြသည်။
အချိန်အတန်ကြာသော် ရှောင်ဖန်က ခေါင်းမော့ကာ လေးနက်စွာ မေးလိုက်သည်။
“တာအိုမိတ်ဆွေ လင်းချန်... မင်းပြောချင်တာက မင်းကို မဟာဧကရာဇ် ဖြစ်လာအောင် ငါတို့က ကူညီပေးရမယ်လို့ ဆိုလိုတာလား။”
ခန်းမထဲရှိ လူအားလုံး၏ အကြည့်များမှာ ပို၍ တင်းမာသွားသည်။ လင်းချန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
“ဒီကိစ္စကို ပြောပြရတဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကို မဟာဧကရာဇ် ဖြစ်အောင် ကူညီခိုင်းဖို့ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော် မဟာဧကရာဇ် ဖြစ်ချင်တယ်ဆိုရင် သာမန်အတိုင်း မျှမျှတတ ယှဉ်ပြိုင်ပြီးတော့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို ပြောပြရတာက တာအိုပြည်နယ်တွေရဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကို ပိုကောင်းအောင် လုပ်နိုင်မယ့် မျှော်လင့်ချက် ရှိနေပြီဆိုတာ သိစေချင်လို့ပါ။ ကျွန်တော်တို့ ဒါကို ကြိုးစားရမယ်။”
လင်းချန်၏ ရိုးရှင်းသော စကားများနောက်တွင် ခန်းမအတွင်းရှိ ပညာရှင်များအားလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။ လင်းချန်ကဲ့သို့သော ပါရမီရှင်မျိုးသည် ဤကဲ့သို့ ကိစ္စရပ်တွင် လိမ်ပြောစရာ အကြောင်းမရှိပေ။
ခဏအကြာတွင် မြင့်မြတ်အရှင်သခင် က မတ်တပ်ရပ်လိုက်ပြီး သူ၏ ခန့်ညားသော အသံဖြင့် ကြေညာလိုက်သည်။
“ငါ... ကစဉ့်ကလျား မြင့်မြတ်နယ်မြေဟာ သုံးထောင်သော တာအိုပြည်နယ်တွေရဲ့ အနာဂတ်အတွက် ကူညီပေးဖို့ အသင့်ရှိပါတယ်။”
မြင့်မြတ်နယ်မြေ အရှင်သခင်က သူ၏ သဘောထားကို ထုတ်ဖော်လိုက်သည်နှင့် အခြားပညာရှင်များအားလုံးလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြသည်။
“ကျွန်ုပ်တို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေဟာ သုံးထောင်သော တာအိုပြည်နယ်တွေရဲ့ အနာဂတ်အတွက် ကူညီဖို့ အသင့်ရှိပါတယ်။”
ထိုအခါ လင်းမျိုးနွယ်စုမှ အကြီးအကဲများလည်း ပြုံးရွှင်စွာဖြင့် ကြေညာကြသည်။
“ကျွန်ုပ်တို့ ရှေးဟောင်းကန္တာရ လင်းမျိုးနွယ်စုဟာလည်း နတ်ဘုရားသားတော်ကို ကာကွယ်ပြီး သုံးထောင်သော တာအိုပြည်နယ်တွေရဲ့ ပျက်စီးနေတဲ့ နိယာမစည်းမျဉ်းတွေကို ပြုပြင်ဖို့အတွက် သူ မဟာဧကရာဇ် ဖြစ်လာရေးကို ဝိုင်းဝန်း ကူညီပေးသွားပါမယ်။”
ရှောင်ဖန်က လင်းချန်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူသည်လည်း လင်းချန်၏ နောက်လိုက်တစ်ဦးအဖြစ် ဤခရီးကို အတူလျှောက်လှမ်းရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
လူတိုင်း၏ တခဲနက် ထောက်ခံသံများကို ကြားရသောအခါ လင်းချန်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူ၏ ပန်းတိုင်ဆီသို့ ကြီးမားသော ခြေလှမ်းတစ်လှမ်း ထပ်မံ လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အခန်း ၁၀၆ - စွမ်းအင်သုံးပါးညီညွတ်ခြင်းအတတ်ကို လက်ဆင့်ကမ်းခြင်း။ နတ်ဘုရားမျှော်စင် အခွင့်အရေး ကွယ်ပျောက်ပြီး အခွင့်အရေးသစ်တစ်ခု ပေါ်ထွက်လာခြင်း။
သုံးထောင်သော တာအိုပြည်နယ်များ၏ ပျက်စီးနေသော နိယာမစည်းမျဉ်းများကို ပြုပြင်ရန်အတွက် ကစဉ့်ကလျားမြင့်မြတ်နယ်မြေက ပူးပေါင်းပါဝင်လာခြင်းကြောင့် လင်းချန် ရှေ့ရှိ အတားအဆီးများသည် သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။
အနည်းဆုံးတော့ သူ၌ ပြိုင်ဘက်နှင့် ရန်သူ နည်းပါးသွားမည်ဖြစ်ပြီး သူ့အတွက် လမ်းခင်းပေးနိုင်မည့် စစ်မှန်သော မဟာမိတ်တစ်ဦး ထပ်တိုးလာခြင်းပင်။ သူ ဤအရာအားလုံးကို လုပ်ဆောင်ရခြင်းမှာ သူကိုယ်တိုင် မဟာဧကရာဇ် ဖြစ်လာရန်အတွက်သာမက သုံးထောင်သော တာအိုပြည်နယ်များ၏ အနာဂတ်အတွက်လည်း ဖြစ်သည်။ မဟာဧကရာဇ် ဖြစ်ရေးသည် သူ၏ ပထမဆုံး ပန်းတိုင်သာ ဖြစ်ပြီး သူ၏ လက်ရှိ မျှော်မှန်းချက်မှာ ထိုထက်မက အဆပေါင်းများစွာ ကျော်လွန်နေပြီဖြစ်သည်။
လင်းချန်က ခဏမျှ စဉ်းစားပြီးနောက် တိုးညှင်းစွာ ပြောလိုက်သည်။
“ဒီကိစ္စအပြင် ခင်ဗျားတို့ရဲ့ မြင့်မြတ်နယ်မြေကို ကျွန်တော် ပေးစရာ တစ်ခုရှိသေးတယ်။”
“ဒီအရာက ခွန်အားတွေ အလျင်အမြန် တိုးတက်ဖို့အတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒါကို... ကစဉ့်ကလျား မဟာဧကရာဇ် စီနီယာက ကျွန်တော့်ကို သင်ကြားပေးခဲ့တာပါ။”
လင်းချန်၏ စကားကို ကြားသောအခါ ရှောင်ဖန် နှင့် အခြားသော ပညာရှင်များစွာမှာ အလွန်ပင် စပ်စုချင်စိတ် ဖြစ်သွားကြသည်။ ပညာရှင်များသာမက လင်းခိုင်ရှန်းနှင့် ရှေးဟောင်းကန္တာရ လင်းမျိုးနွယ်စုမှ အကြီးအကဲများပါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။
ကစဉ့်ကလျား မဟာဧကရာဇ်လား။
မဟာဧကရာဇ်က နတ်ဘုံကို တက်လှမ်းသွားတာ ကြာပြီမဟုတ်လား။
နတ်ဘုရားသားတော်က မဟာဧကရာဇ် ကိုယ်တိုင် သင်ပေးခဲ့တယ်လို့ ပြောတယ်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
မြင့်မြတ်အရှင်သခင် ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“မေးပါရစေ နတ်ဘုရားသားတော်... မင်းက စမ်းသပ်မှုနယ်မြေရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး ငါတို့ရဲ့ ဘိုးဘေးနဲ့ တွေ့ဆုံခဲ့တာလား။”
ဤစကားကို ကြားသောအခါ အခြားသော ပညာရှင်များအားလုံး ရင်တထိတ်ထိတ်ဖြင့် လင်းချန်ကို ကြည့်လိုက်ကြသည်။ သူတို့၏ ဘိုးဘေးကို ဖူးတွေ့နိုင်ရန်မှာ စမ်းသပ်မှုနယ်မြေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှသာ တစ်ခုတည်းသော အခွင့်အရေး ရှိတော့သည်။ လင်းချန်၏ စကားများက သူသည် ထိုစမ်းသပ်မှုကို အောင်မြင်ပြီး မဟာဧကရာဇ်နှင့် တွေ့ဆုံခဲ့ကြောင်း သွယ်ဝိုက်၍ အတည်ပြုလိုက်ခြင်းပင်။
ရှောင်ဖန်က ခေါင်းကို ကုတ်ရင်း အနည်းငယ် စိတ်ပျက်သွားသည်။
ဒီလောက်ကောင်းတဲ့အရာမျိုးကို ဘာလို့ စောစောက မပြောတာလဲ။
ဘိုးဘေးကိုယ်တိုင်လက်ဆင့်ကမ်းပေးခဲ့သည့် အရာမှာ သာမန်ဖြစ်နိုင်စရာ မရှိပေ။
လင်းချန်က ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မပြောဘဲ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဗလာဖြစ်နေသော ကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်အင်အားကို အသုံးပြုကာ ထိုပေလွှာပေါ်တွင် လျှို့ဝှက်အတတ်တစ်ခုကို စတင်ထွင်းထုလိုက်သည်။ ထိုအရာမှာ အခြားမဟုတ်... စွမ်းအင်သုံးပါးညီညွတ်ခြင်း အတတ်ပင် ဖြစ်သည်။
လင်းချန် စာသားများ ထွင်းထုနေစဉ် ခန်းမထဲရှိ ပညာရှင်အားလုံးမှာ စိတ်ကိုစုစည်းကာ အာရုံစိုက် ကြည့်ရှုနေကြသည်။ မိမိ၏ အမြင့်ဆုံး ကျင့်စဉ်အဆင့်ကို စံနှုန်းအဖြစ် ထားရှိပြီး ကျန်ရှိသော ကျင့်စဉ်အဆင့် နှစ်ခုကို လှုံ့ဆော်ပေးကာ မူလကျင့်ကြံမှုနှုန်းထက် အဆ (၃၀) ပိုမိုမြန်ဆန်စွာ တိုးတက်စေခြင်း ဖြစ်သည်။ တစ်ဖက်ဖက်တွင် ကျင့်စဉ် အလွန်မြင့်မားနေသူများအတွက်မူ ဤသည်မှာ နတ်ဘုရားတို့၏ အတတ်ပညာသဖွယ်ပင်။ အဆ ၃၀ သော ကျင့်ကြံမှုနှုန်း။၃ ဆ မဟုတ်ဘဲ အဆ ၃၀ ဖြစ်သည်။
လင်းခိုင်ရှန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး မျက်ရည်များပင် ဝဲနေသည်။ သူသည် ကွာစီဧကရာဇ် အဆင့်သို့ တက်လှမ်းရန် နီးစပ်နေသော်လည်း အချို့သော ချို့ယွင်းချက်များကြောင့် အဆင့်တက်ရန် အခက်တွေ့နေသူဖြစ်သည်။ ယခု ဤအတတ်ပညာက သူ့ကို မျှော်လင့်ချက်အသစ် ပေးလိုက်ပြီဖြစ်သည်။
နောက်ဆုံးစာလုံးကို ထွင်းထုပြီးသောအခါ လင်းချန်က ကျောက်စိမ်းပေလွှာကို မြင့်မြတ်အရှင်သခင် ထံသို့ ညင်သာစွာ တွန်းပို့ပေးလိုက်သည်။
“မြင့်မြတ်အရှင်သခင်... ခက်ခဲတဲ့ ကာလတွေ ရောက်လာတော့မယ်။ တားမြစ်နယ်မြေက အထွတ်အထိပ် ပုဂ္ဂိုလ်တွေရဲ့ အန္တရာယ်ကလည်း ငါတို့ခေါင်းပေါ်မှာ ဝဲနေတယ်။ ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့ ပိုပြီး အစွမ်းထက်တဲ့ ခွန်အားတွေ လိုအပ်တယ်။”
“ဒီလျှို့ဝှက်အတတ်နဲ့ဆိုရင် မြင့်မြတ်နယ်မြေရဲ့ စုစုပေါင်းအင်အားဟာ အချိန်တိုအတွင်းမှာ ပေါက်ကွဲထွက်မတတ် တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
မြင့်မြတ်အရှင်သခင်သည် ကျောက်စိမ်းပေလွှာကို လက်နှစ်ဖက်ဖြင့် ဂရုတစိုက် ကိုင်ထားပြီး တစ်ကိုယ်လုံး တုန်ရင်ကာ စိတ်လှုပ်ရှားနေရှာသည်။
“ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်။”
လင်းချန်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“ဒါက စီနီယာ ကစဉ့်ကလျား မဟာဧကရာဇ်က ကျွန်တော့်ကို သင်ပေးခဲ့တာပါ။ မြင့်မြတ်နယ်မြေအတွက် မိတ္တူတစ်ခု ချန်ထားပေးတာက သဘာဝကျပါတယ်။”
လင်းချန် စကားကို ဆက်ပြောရန် ပြင်နေစဉ်မှာပင် အပြင်လောကမှ အလွန်တရာ ခန့်ညားထည်ဝါသော အသံကြီးတစ်ခု ရုတ်တရက် ဟိန်းထွက်လာသည်။
“နတ်ဘုရားမျှော်စင် အခွင့်အရေးအတွက် အချိန်ပြည့်ပြီ။ နောက် ၁၅ မိနစ်အတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်။ မနက်ဖြန်မှာတော့ အခွင့်အရေးသစ်တစ်ခု သုံးထောင်သော တာအိုပြည်နယ်တွေဆီ ဆင်းသက်လာလိမ့်မယ်။”
“အခွင့်အရေးအသစ်ကတော့... သမိုင်းမတင်မီ ရှေးဟောင်းစစ်မြေပြင်ပဲ ဖြစ်တယ်။”