ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ် ၂
Vol. 104 Ch. 1033
ဝိညာဉ်စွမ်းအင်ဖြင့်လှုံ့ဆော်လိုက်သော ဆေးမီးဖိုအတွင်းမှမီးတောက်များသည် ရုတ်တရက် ပြင်းထန်လာပြီးခြံဝင်းတစ်ခုလုံးကို နွေးထွေးမှု အငွေ့အသက်တစ်ခု ထပ်လောင်းပေးလိုက်လေ၏။
ဆေးလုံးတောင်ထွတ်၏တောင်ထွတ်သခင်အနေဖြင့် သူ ထွက်ခွာလာစဉ်က သူကိုယ်ပိုင် မိုးမြေရတနာများစွာကို ယူဆောင်လာခဲ့ခြင်းမှာ အမှန်ပင်။
ဤကဲ့သို့သော ကုသပေးနိုင်သည့် ဆေးလုံးများသက ကပ်ဘေးစွမ်းအားနှင့် မသက်ဆိုင်သဖြင့် ၎င်းတို့ကို ကျမ်းစာတိုက်အဆောက်အအုံတွင် ထိပ်တန်းအဆင့်အတန်းဝင် ပစ္စည်းများအဖြစ်ပင် မသတ်မှတ်ထားချေ။
ဆေးကျမ်းကို သေချာစွာ ဖတ်ရှုလေ့လာထားသော ရှန်းယီအတွက်မူ ၎င်းမှာ လုံးဝ အားစိုက်စရာမလိုဘဲ လွယ်ကူသောကိစ္စတစ်ခုသာဖြစ်လေ၏။
"အာ"
ရှန်းယီက ဆေးမီးဖိုတစ်လုံးကို ထုတ်ယူနိုင်ခြင်းအပေါ် မုန့်ရှို့ဝမ် မအံ့ဩခဲ့ချေ။
ထိုမသေမျိုးဂိုဏ်းမှ တပည့်များနှင့် နှိုင်းယှဉ်ပါက အပြင်လောကတွင်လှည့်လှယ်သွားလာနေပြီး ပညာရပ်ပေါင်းစုံကိုကျင့်ကြံနေသော လေလွင့်ကျင့်ကြံသူတစ်ဦးက ပညာရပ် အနည်းငယ်၊ အထူးသဖြင့် ဆေးဖော်စပ်ခြင်းနှင့် မှော်လက်နက် ဖန်တီးခြင်းတို့ကို ရွေးချယ်ပြီး လေ့လာစမ်းသပ်လေ့ရှိကြလေသည်။
သို့သော် လေ့လာစမ်းသပ်ခြင်းဆိုသည်မှာ ထိုမျှသာဖြစ်ပြီး နည်းလမ်းများမှာ အများအားဖြင့် ကြမ်းတမ်းပြီး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရန်သာ မမှီတမှီသာအသုံးဝင်လေ့ရှိလေသည်။
သို့သော် ကျွမ်းကျင်သူတစ်ဦး၏လုပ်ရပ်များမှာမူ ထင်ရှားပေါ်လွင်နေပြီး သာမန်လူများနှင့် ချက်ချင်းကွဲပြားခြားနားကြောင်း သိမြင်နိုင်၏။
မရေမတွက်နိုင်သော ဆေးဖက်ဝင်အပင်များ ဆေးမီးဖိုအတွင်း၌သန့်စင်သော ဆေးရည်အဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားသည်ကို ကြည့်နေရင်း လုပ်ငန်းစဉ် တစ်ခုလုံးမှာ ချောမွေ့စွာ စီးဆင်းနေပြီးအနည်းငယ်မျှပင် အဆင်မပြေမှု မရှိသည်ကို မြင်တွေ့လိုက်ရလေသည်။
ဆေးစွမ်းအင်များမှာ မည်သည့် ယိုစိမ့်မှုမျှမရှိဘဲ ဆေးမီးဖိုအတွင်း၌ လုံးဝထိန်းသိမ်းထားနိုင်လေသည်။
မုန့်ရှို့ဝမ်၏ မျက်လုံးများ တဖြည်းဖြည်းပြူးကျယ်လာခဲ့၏။
ဤသည်မှာ သာမန် ကျင့်ကြံသူတစ်ဦး၏ ဆေးဖော်စပ်သည့် ပုံမှန်ဟန်ပန်မျိုး မဟုတ်ချေ။ မသေမျိုးဂိုဏ်းများ အတွင်းရှိ အထူးပြု ဆေးပညာရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် ၎င်းမှာ အနည်းငယ်မျှပင် မလျော့ကျလှပေ။
အရေးအကြီးဆုံးမှာ ရှန်းယီက ဆေးဖော်စပ်နေစဉ်မှာပင် သူ၏ ဇာတ်လမ်းကို နားထောင်နေခြင်းဖြစ်ရာ ၎င်းက သူ၏ အစွမ်းအစ အပြည့်အဝကိုပင် အသုံးမပြုနေကြောင်း ညွှန်ပြနေလေသည်။
"အခုတော့ မင်းက ယဲ့လန်ထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်လို့ ငါ ခံစားနေရတယ်"
မုန့်ရှို့ဝမ်က ညင်သာစွာ ညည်းညူလိုက်လေသည်။ ဘာဆေးလုံး ဖော်စပ်နေမှန်း သူ မသိလျှင်တောင်မှ ဤဟန်ပန်တစ်ခုတည်းဖြင့်ပင် သူ၏ နှလုံးသားထဲရှိ ကျောက်တုံးတစ်တုံး ပြုတ်ကျသွားသကဲ့သို့ ရှင်းပြ၍မရနိုင်အောင် ခံစားလိုက်ရလေသည်။
များစွာ ပိုမို သက်သောင့်သက်သာ ဖြစ်သွားသဖြင့် သူသည် လူငယ်လေး၏ အနောက်တွင် ရပ်နေရင်း အစောပိုင်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက် ပြန်ပြောင်းပြောပြနေလေသည်။
ရှန်းယီ တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ အကြည့်များက ဆေးဖိုမှ တစ်ချက်မျှ မခွာခဲ့ချေ။ ထိုနတ်ဆိုးက တည်းခိုခန်းကိုခြေတစ်ဖက်တည်းဖြင့် ပြားပြားဝပ်သွားအောင် နင်းချေလုနီးပါး ဖြစ်ခဲ့သည် ဟူသော စကားကို ကြားသောအခါမှသာ မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။
ထိုတည်းခိုခန်းထဲတွင် တောင်ပိုင်း နဂါးဘုရင်နှင့် ကျစ်ရှန်းတို့သာမက တောင်ပိုင်းဟုန်ကျယ်မှ ဂိုဏ်းချုပ် အနည်းငယ်၊ ထို့ပြင် စီနီယာ ရွှမ်ချင်းနှင့် အခြားသူများလည်း ရှိနေခဲ့ကြလေသည်။
"သေလိုက်ပါတော့၊ မသေမျိုးတွေက သူတို့ကိုယ်သူတို့ အရမ်းကြီးမြတ်တယ်လို့ထင်နေကြတာ။ စီးတော်ယာဉ်တစ်ကောင်တည်းနဲ့တင် ငါ့ရဲ့ စီရင်စုသုံးခုက မတရားသေဆုံးသွားရတဲ့ သာမန်ပြည်သူတွေ အားလုံးကို အဲဒီ လျော်ကြေး နည်းနည်းလေးနဲ့ ပြန်ဝယ်လို့ ရမယ်ထင်နေလား"
"အဲဒီ အဘိုးကြီးနှစ်ယောက်က လုံးဝကို မိုက်မဲလွန်းတယ်။ ငါတို့ နတ်ဘုရားမင်းဆက်ရဲ့အခြေခံအုတ်မြစ်က ဒီပြန့်နှံ့နေတဲ့ ဧကရာဇ်ချီပဲလေ။နတ်ဆိုးတွေက လူ့လောကကို ဒုက္ခပေးပြီး သာမန် ပြည်သူတွေကို ခြောက်လှန့်တဲ့အခါ သူတို့ရဲ့ စိတ်ဓာတ်တွေဂနာမငြိမ်ဖြစ်လာပြီး ဧကရာဇ်ချီကို တိုက်ရိုက် ထိခိုက်စေတယ်။ အကယ်လို့ နတ်ဆိုးကို သေဒဏ်မပေးဘဲ အဲဒီအစားဘေးကင်းလုံခြုံစွာနဲ့ ပြန်ပို့လိုက်မယ်ဆိုရင်..."
"မဟာတံတိုင်းရှည်ကြီးတစ်ခုက ပုရွက်ဆိတ်တွင်း တစ်ခုကြောင့် ပြိုကျသွားနိုင်တယ်။ ဗောဓိဂိုဏ်းနဲ့ မသေမျိုးသုံးပါးဂိုဏ်းတို့ရဲ့ မကြာသေးခင်က လှုပ်ရှားမှုတွေက ပုံမှန်မဟုတ်ဘူး ဆိုတာ သိသာနေတယ်လေ"
မုန့်ရှို့ဝမ်က ပါးစပ်ခြောက်လာသည်အထိ ပြောဆိုနေခဲ့သော်လည်း ရှန်းယီက တည်ငြိမ်သော ဟန်ပန်ကိုသာ ဆက်လက်ထိန်းသိမ်းထားသည်ကို မြင်သောအခါ ၎င်းက သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့လေသည်။
ယခင်က ၎င်းတို့ အတူတကွလှုပ်ရှားခဲ့သော အကြိမ်အနည်းငယ်အရ ရှန်းယီက လောကီရေးရာများကို လျစ်လျူရှုထားတတ်သူ တစ်ဦး မဟုတ်ချေ။
"ထားလိုက်ပါတော့၊ ငါတို့က တကယ်ပဲ အဆင့်အတန်းနဲ့ ခွန်အား နိမ့်ကျတော့ ကျိန်ဆဲတာလောက်ပဲ လုပ်နိုင်တာပေါ့"
သူက စိတ်မဝင်စားသကဲ့သို့ လက်ဝှေ့ယမ်းပြလိုက်လေသည်။
လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ညီအစ်ကိုမောင်နှမ နှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။
နတ်ဘုရားနယ်မြေက ဟုန်ကျယ်နှင့် မတူချေ။ ကိုယ်ပိုင် စွမ်းအားတစ်ခုတည်းဖြင့် စိတ်ကူးပေါက်တိုင်းလုပ်ဆောင်၍ ရနိုင်သော နေရာတစ်ခု မဟုတ်ပေ။ အစ်ကိုရှန်းက ဟုန်ကျယ်ကိုများစွာ ကူညီပေးခဲ့ပြီးဖြစ်ရာ မိမိတို့ကြောင့် သူ့ထံသို့ မည်သည့် ပြဿနာမျှ လုံးဝ မယူဆောင်လာသင့်ဟု တွေးမိကြလေသည်။
မုန့်ရှို့ဝမ်နှင့် နှိုင်းယှဉ်ပါက ထိုနှစ်ဦးက ရှန်းယီ၏စရိုက်ကို ပိုမို ကောင်းစွာ သိရှိထားကြ၏။
ဆေးဖော်စပ်ခြင်းသည် အလွန်အမင်း ဂရုတစိုက် အားထုတ်မှုကို လိုအပ်လေသည်။
ရှန်းယီ ဆေးစွမ်းအင်များကို သန့်စင်နေစဉ် အချိန်အတွင်းပုံရိပ်နှစ်ခုက အိမ်တော်အတွင်းသို့ ဝင်ရောက်လာလေသည်။
ယဲ့လန်သည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် အရှေ့မှ လျှောက်လာပြီး သူမ၏အနောက်တွင်မူ အစိမ်းရင့်ရောင်ဝတ်ရုံကြီးဖြင့် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော အမျိုးသားတစ်ဦး ပါလာလေသည်။
သူ၏မျက်နှာအရေပြားမှာ ခြောက်သွေ့ပြီး မည်းမှောင်နေကာ မျောက်တစ်ကောင်နှင့် တူနေပြီး နဖူးပေါ်တွင် မျက်လုံး သုံးလုံးပွင့်နေလေသည်။
သူ၏ မျက်နှာပေါ်တွင် နောက်ပြောင်နေသော အပြုံးတစ်ခုဖြင့် လူတိုင်းကို မထီမဲ့မြင်ဟန်ဖြင့် ဘေးတိုက် ကြည့်နေလေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် မည်သည့် သံကြိုးမျှ ချည်နှောင်ထားခြင်း မရှိဘဲ လည်ပင်းတွင် ရွှေရောင် ကွင်းတစ်ခုသာ စွပ်ထားလေသည်။
"ဟေး၊ ငါ ပြောမယ်... ဒီအရာကို ငါ့အတွက် ဘယ်တော့လောက် ဖြုတ်ပေးနိုင်မလဲ"
သူသည် လက်ညှိုးကို ဆန့်ထုတ်ကာ ရွှေရောင်ကွင်းကို ညင်သာစွာ ချိတ်ဆွဲလိုက်လေသည်။
ရှန်းယီက တိတ်ဆိတ်စွာ ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်နေပြီး နောက်သို့ လှည့်မကြည့်ခဲ့ချေ။ မုန့်ရှို့ဝမ်မှာမူ အသားမည်းမျောက်နတ်ဆိုးထံသို့ အထင်အရှားစိုးရိမ်ပူပန်မှုများဖြင့် လှမ်းကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ မည်းမှောင်ကာ မသေချာမရေရာ ဖြစ်နေပြီး လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ထားလိုက်လေသည်။
ကျစ်ရှန်းက ကြောက်ရွံ့မှုဖြင့် ခေါင်းကို ငုံ့ထားလိုက်ပြီး သူမ၏အစ်ကိုနှင့်အတူ နတ်ဆိုးအနီးမှ တိတ်တဆိတ် ဝေးရာသို့ ရွှေ့သွားလေသည်။
မည်သူမျှ သူ့ကို တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ အစိမ်းရောင်ဝတ်ရုံနှင့် မျောက်နတ်ဆိုးက ပျင်းရိစွာသမ်းဝေလိုက်ပြီး အရှေ့သို့ စိတ်ဝင်တစား လှမ်းကြည့်လိုက်လေသည်။
"အိုး၊ စွမ်းရည် မဆိုးဘူးပဲ။ ဒါပေမဲ့ ဒီလောက် အဖိုးတန်တဲ့ဆေးတွေကို အဲဒီ တောရိုင်းနဂါးဆီ ကျွေးလိုက်တာက နည်းနည်း နှမြောစရာ ကောင်းနေသလိုပဲ"
"ငါသာ ကြိုသိခဲ့ရင် မင်းအတွက် အလုပ်ရှုပ် သက်သာအောင် အဲဒီတုန်းက ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ခဲ့မိမှာပဲ၊ ဟားဟား"
"ပါးစပ်ပိတ်ထားစမ်း"
ယဲ့လန်က လှမ်းကြည့်လိုက်လေသည်။
ကျန်းယန်စီရင်စုကဲ့သို့သော နေရာမျိုးတွင် နတ်ဆိုးသုတ်သင်ရေးဌာနမှ ကျင့်ကြံသူများမှလွဲ၍ ကျန်ရှိသော သက်ရှိအားလုံးသည် ဧကရာဇ်ချီကြောင့် ဖိနှိပ်ခံရမည်ဖြစ်ပြီး ၎င်းတို့၏စွမ်းအား ဆယ်ပုံတစ်ပုံသာ ကျန်ရှိပါလိမ့်မည်။
ထို့ပြင် ယဲ့လန်က ထိုက်ရွှီတာအိုအနှစ်သာရကို ကျင့်ကြံနေပြီး ကပ်ဘေးခြောက်ရာကျော်ကို ဖြတ်သန်းထားပြီးဖြစ်ကာ စတုတ္ထအဆင့်၏အနိမ့်ဆုံး သတ်မှတ်ချက်သို့ ရောက်ရှိနေပြီဖြစ်လေသည်။
ဤနတ်ဆိုးက အဆင့်ငါး ထိုက်ယီမသေမျိုး ဖြစ်လျှင်ပင် ကျန်းယန်တွင် သူမကို ရင်ဆိုင်ရချိန်၌ သုံးကွက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။
သို့သော် မျောက်နတ်ဆိုးက ကြောက်ရွံ့မှု အနည်းငယ်မျှပင် မပြသဘဲ ၎င်း၏ မောက်မာမှုမှာ ပိုမို တိုးလာလေသည်။
"ငါ မပိတ်ရင်ရော၊ မင်း ဘာလုပ်မလဲ။ ငါ့ကို သတ်မလို့လား။ လက်တစ်ချောင်းလောက် လှုပ်ကြည့်ပါလား"
၎င်းက လှောင်ပြောင် ရယ်မောလိုက်လေသည်။
၎င်းတို့၏တာဝန်မှာ ကံကြမ္မာကိုယ်တိုင်က ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဤကျင့်ကြံသူများ လုံးဝ မသိကြချေ။ မည်သူကများ လှုပ်ရှားရဲမည်နည်း၊ မည်သူကများ အာခံရဲမည်နည်းဟု တွေးတောနေလေသည်။
"..."
ယဲ့လန်က ဤမျှ ယအရှက်ရစရာမျိုးကို တစ်ခါမျှ မခံစားခဲ့ရဖူးသော်လည်း ရန်မင်လီ၏မျက်နှာက သူမ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။
သူမသည် ရှန်းယီ၏ပုံရိပ်ဆီသို့ အကြည့်ကို ရွှေ့လိုက်၏။
ပြီးနောက် သူမ၏နှလုံးသားထဲတွင် ပို၍ပင် တောင်းပန်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။
မုန့်ရှို့ဝမ်က ဒေါသထွက်လွန်းသဖြင့် သူ၏ သွားဖုံးများပင် ယားယံလာလေ၏။ သူက အင်ပါယာခုံရုံးအတွက်အလုပ်လုပ်ပေးခဲ့ပြီး နတ်ဆိုးတစ်ကောင်ကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့ကာ သူ၏ဒဏ်ရာမှာ ယခုတိုင် မပျောက်ကင်းသေးသော်လည်း ထိုနတ်ဆိုးက သူ့ကို ဗြောင်ကျကျပင် ခြေဖဝါးအောက်တွင် နင်းချေနေပြီဖြစ်လေသည်။
သေလိုက်ပါတော့၊ ဒီလို သောက်ကျိုးကျေးဇူးတစ်စက်မှမရှိတဲ့ အလုပ်ကို ကြိုက်တဲ့လူ လုပ်၊ ငါ ဆက်မလုပ်တော့ဘူး ဟု တွေးလိုက်မိလေသည်။
ကျစ်ရှန်းက ထောင့်တစ်နေရာတွင် သတိထား၍ ရပ်နေပြီး လူတိုင်းကိုဝေ့ကြည့်လိုက်ရာ အရာရှိ မုန့်၏နှလုံးသားထဲရှိ စိတ်ပျက်မှုကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဤမျှစွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ဦးပင်လျှင် နာကြည်းချက်များကို ခံစားနေရသည်ဆိုလျှင် အောက်ခြေလူတန်းစား သာမန်ပြည်သူများကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
သူတို့က နောက်ကွယ်အရာကို မမြင်နိုင်ကြချေ။ ၎င်းတို့၏ချစ်ရသူများ အဓိပ္ပာယ်မဲ့စွာ အသတ်ခံနေရသည်ကိုသာ သိရှိကြပြီး အင်ပါယာခုံရုံးက ၎င်းတို့၏ဝမ်းနည်းကြေကွဲမှုကို ဖြေဖျောက်ပေးနိုင်မည့် အဖြေတစ်ခုကိုပင် မထုတ်ပေးနိုင်သည်ကိုသာ သိရှိကြလေသည်။
ထိုအချိန်မှာပင် ဆေးမီးဖိုက နောက်ဆုံးတွင် ငြိမ်းသွားလေသည်။
ရှန်းယီက လက်ဆန့်ထုတ်ကာ လွင့်ထွက်လာသော ဆေးလုံးများကို ဖမ်းယူလိုက်ပြီး ကျစ်ရှန်း ဘက်သို့ လှည့်ကာလက်ဆန့်ထုတ်ပြီး ကျစ်ယန်၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ခွံ့ပေးလိုက်၏။
ထို့နောက် ဆေးလုံး၏စွမ်းအင်များ ပျံ့နှံ့သွားစေရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသက်သွင်းပေးလိုက်လေသည်။
"သေချာအနားယူပြီး ဂရုစိုက်ပါ၊ ခုနစ်ရက်လောက်ဆိုရင် သက်သာလာမှာပါ"
ရှန်းယီက တိုးညှင်းစွာ ညွှန်ကြားလိုက်လေသည်။ ဆေးလုံး အစာအိမ်ထဲသို့ ရောက်သွားသည့် အခိုက်အတန့်မှာပင် ကျစ်ယန်၏ အသက်ဓာတ်မှာ မျက်မြင်ကိုယ်တွေ့ပင် ပြန်လည်ပြည့်ဝလာပြီး အဖြူရောင် အကြေးခွံများကအရေပြားအတွင်းသို့ ဖြည်းညှင်းစွာ ပြန်လည် ပေါင်းစပ်သွားသဖြင့် သူ ဤသို့ ပြောနေရန်ပင် မလိုအပ်တော့ချေ။
ဤဆန်းကြယ်သော အစွမ်းအာနိသင်က မုန့်ရှို့ဝမ်ကိုပင် သူ၏နာကြည်းချက်များကို ယာယီ မေ့ပျောက်သွားစေပြီး အနည်းငယ် လောဘတက်လာစေခဲ့လေသည်။
"အရာရှိ ရှန်း၊ ကျွန်တော့်ကိုလည်း တစ်လုံးလောက် ပေးလို့ရမလား"
သူက တမင်တကာထုတ်မပြောပြခဲ့သော်လည်း ရှန်းယီက အရူးတစ်ယောက်မဟုတ်သဖြင့် ကျစ်ယန်၏စွမ်းအားဖြင့် နတ်ဆိုးကိုတစ်ခဏလေးမျှပင် တားဆီးထားနိုင်စွမ်းမရှိကြောင်းနှင့် မုန့်ရှို့ဝမ်က အသေအလဲတိုက်ခိုက်ခဲ့ရမည်ကို သဘာဝကျကျပင် သိရှိထားလေသည်။
သူသည် လက်ဖဝါးကို ဖွင့်ကာ နောက်ထပ် ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
"ကျွတ်၊ ငါ့ကို အားနာနေသေးတယ်"
မုန့်ရှို့ဝမ်သည် လွတ်လပ်စွာ ရယ်မောလိုက်လေ၏။
"ငါ့ဘဝမှာ ဒီလိုကောင်းမွန်တဲ့ အရာမျိုး တစ်ခါမှ မရဖူးသေးဘူး"
"အပြစ်အနာအဆာကင်းတဲ့ ရတနာဆေးလုံး၊ ကောင်လေး၊ ကျောက်စိမ်းရေကန် မသေမျိုးဂိုဏ်းကို ငါနဲ့အတူပြန်လိုက်လာဖို့ စိတ်ဝင်စားလား။ မင်းအတွက် အကန့်အသတ်မရှိတဲ့ အနာဂတ်တစ်ခုကို ငါ အာမခံတယ်"
အစိမ်းရောင် ဝတ်ရုံနှင့် မျောက်နတ်ဆိုးက နှုတ်ခမ်းသပ်လိုက်၏။ လူငယ်လေး ထုတ်ဖော်ပြသလိုက်သော ကျင့်ကြံခြင်းမှာ သိပ်မမြင့်မားဘဲ ကောင်းကင်ဘုံမသေမျိုးအဆင့်အတွင်း၌သာ ရှိနေသေးသော်လည်း သူ၏ဆေးဖော်စပ်ခြင်း စွမ်းရည်မှာမူ အတော်လေးဆွဲဆောင်မှုရှိလှပေသည်။
"အကန့်အသတ်မရှိတဲ့အနာဂတ်ဟုတ်လား။ မင်းလိုမျိုး စီးတော်ယာဉ် လုပ်ဖို့လား"
မုန့်ရှို့ဝမ်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လှောင်ပြောင်တုံ့ပြန်လိုက်လေသည်။
"ချင်းမိန်ကလည်း တော်တော် ယထူးဆန်းတဲ့ အကြိုက်ရှိတာပဲ၊မျောက်ကိုပဲ အတင်းစီးချင်နေတယ်၊ ဘယ်ခရီးကိုများ ဆိုက်ချင်လို့လဲမသိဘူး"
"..."
အစိမ်းရောင်ဝတ်ရုံနှင့် မျောက်နတ်ဆိုး၏မျက်နှာပေါ်မှ အပြုံးများတဖြည်းဖြည်းမှေးမှိန်သွားပြီး မုန့်ရှို့ဝမ်ထံသို့ ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်း၏မျက်လုံးများမှာ ပိုမို ကြမ်းကြုတ်လာပြီး လည်ပင်းရှိရွှေရောင်ကွင်းက ရုတ်တရက် တုန်ရီလာလေသည်။
၎င်းသည် ဖြည်းညှင်းစွာ လှည့်လာပြီး မျက်လုံးချင်းဆုံလိုက်ကာ အချိန်အတော်ကြာပြီးနောက် လှောင်ပြောင်လိုက်လေသည်။
"အပြောတော့ တော်တော် စူးရှတာပဲ၊ မင်းကို ငါ မှတ်ထားလိုက်မယ်"
ယဲ့လန်က ထိုနှစ်ဦး၏ငြင်းခုံမှုကို ဖြတ်တောက်လိုက်ပြီး ရှန်းယီ၏အနီးသို့ လျှောက်သွားကာ နှုတ်ခမ်းကို စေ့ထားပြီး သူမ၏အကြည့်များမှာ အနည်းငယ် ရှောင်လွှဲနေလေသည်။
"လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်"
ရှန်းယီက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်လေ၏။
"ဟူး၊ သူတို့က ရှန်းရွှီတောင်ရဲ့တောင်ထွတ်သခင် ဖြစ်တဲ့ နင့်ကိုကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းဆီ သွားပြီး ဒီသားရဲကို ပြန်ခေါ်သွားပေးစေချင်နေတာ..."
ယဲ့လန် စကားကို သေချာ မစီစဉ်ရသေးမီမှာပင် မျောက်နတ်ဆိုးက ဝင်ဖြတ်ပြောလိုက်လေသည်။
"ပြန်ပို့ပေးဖို့ လို့ ပြောရမှာပေါ့"
သူမ၏နှလုံးသားထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ ဖြူစင်သော ညာဘက်လက်ဖဝါးသည် ရုတ်တရက် ဆန့်ထွက်သွားပြီး မျောက်နတ်ဆိုး၏လည်ပင်းကို ဆုပ်ကိုင်လိုက်ကာ သူမ၏လက်ချောင်းများက ဓားများအလား ၎င်း၏လည်ချောင်းအတွင်းသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်သွားရာ ထူပျစ်သော သွေးရည်ကြည်များက သူမ၏လက်ဖျံကို နီရဲသွားစေခဲ့လေသည်။
နာကျင်နေသော်လည်း မျောက်နတ်ဆိုးမှာ ထိတ်လန့်သွားခြင်း မရှိဘဲ ၎င်း၏ရယ်မောသံမှာ ပိုမို၍ပင် စူးရှလာလေသည်။
"လာစမ်း၊ လာစမ်း။ ရှက်မနေနဲ့"
စိတ်ပျက်နေပြီးမည်သို့ စတင်ရမည်ကို မသိဖြစ်နေသော ယဲ့လန်က ယခုအခါ လှုံ့ဆော်ခံလိုက်ရသဖြင့် သူမ၏မျက်လုံးများသည် တဖြည်းဖြည်း ခံစားချက်ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိသွားပြီး ၎င်းမှာ ထိုက်ရွှီတာအိုအနှစ်သာရကို အသက်သွင်းလိုက်ခြင်း၏လက္ခဏာ တစ်ရပ်ပင် ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် ရင်းနှီးသော လက်တစ်ဖက်က သူမ၏လက်ကောက်ဝတ်ပေါ်သို့ ဖိချလိုက်လေ၏။
"ကောင်းပြီလေ"
ရှန်းယီ၏ပြတ်သားသော တုံ့ပြန်မှုက ယဲ့လန်ကို အံ့အားသင့်သွားစေခဲ့ပြီး သူမက သူ့ကို မျက်တောင်တခတ်ခတ်ဖြင့် ပြန်လည်ကြည့်နေမိလေသည်။
"ဒီလူကို ကြည့်စမ်း၊ မင်းတို့ အားလုံး သူဆီကနေ နည်းနည်းလောက် သင်ယူသင့်တယ်"
မျောက်နတ်ဆိုးက ၎င်း၏လည်ပင်းမှ သွေးများကို ခါချရင်း လှောင်ပြောင်လိုက်လေသည်။
"ငါ နင်နဲ့ အတူ လိုက်ခဲ့မယ်"
ယဲ့လန်၏အသံမှာ အနည်းငယ် အားနည်းနေပြီး သူမ၏ အပြစ်ရှိသလို ခံစားရမှုမှာ ပိုမိုနက်ရှိုင်းလာလေသည်။
ရှန်းယီက နောက်ဆုံးတွင် မျောက်နတ်ဆိုးကို တည့်တည့် စိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ကာ ညင်သာစွာပြောလိုက်လေသည်။
"မလိုပါဘူး"
အကြောင်းပြချက် တစ်ခုခုကြောင့် သူ ကြည့်လိုက်သော အခိုက်အတန့်တွင် မျောက်နတ်ဆိုးက ရှင်းပြ၍မရနိုင်အောင် ကျောချမ်းသွားသည်ကို ခံစားလိုက်ရပြီး ၎င်း၏ရယ်မောသံများ တဖြည်းဖြည်း ရပ်တန့်သွားလေတော့သည်။