နန်ယန်စစ်သူကြီး၏ ပထမဆုံး စစ်ဆင်ရေး
Vol. 104 Ch. 1040
"အာ"
ဝူရှန်းက အရှင်ယန်၏ထွက်ခွာသွားသော ပုံရိပ်ကို မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ ဦးစွာကြည့်ရှုနေခဲ့ပြီးနောက် ခေါင်းကို လှည့်ကာ သူ၏ဘေးရှိ ရှန်းယီကို တစ်ချက်ကြည့်ပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်လေသည်။
သူက မျက်နှာပြောင်တိုက်လေ့ရှိသူဖြစ်ပြီး အကြီးအကဲ၏အကဲဖြတ်မှုကို များစွာသဘောမတူသော်လည်း ငြင်းခုံရန်ရည်ရွယ်ချက်မရှိခဲ့ပေ။
ယခုအချိန်တွင် ပို၍အရေးကြီးသည်မှာ ကိစ္စရပ်များပြီးပြတ်သွားပြီဖြစ်ရာ တာဝန်များကိုကြိုတင်ခွဲဝေထားခြင်းက ပိုကောင်းပေသည်။
အကယ်၍ သူသာ ထိုလူငယ်နှစ်ဦးနှင့် အမှန်တကယ် ရောနှောသွားမည်ဆိုလျှင် သူ၏ဘဝတစ်သက်တာတွင် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်အဖြစ် ရာထူးတိုးရန်ကိစ္စကို မေ့ထားလိုက်၍ ရပေပြီ။
"မင်းက သူမနဲ့မတူဘူး၊ အမည်ခံစစ်သူကြီးအဖြစ် အခုလေးတင် ခန့်အပ်ခံထားရတာဆိုတော့လေ။ ငါ့နောက်လိုက်ခဲ့၊ငါ မင်းကို အသေးစိတ် ရှင်းပြပေးမယ်"
ဝူရှန်းက သူ၏လက်ကို ယမ်းလိုက်ပြီး ထိုနှစ်ဦးကို အစိုးရရုံးရှိ အခြားခန်းမတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
ဝါရင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် သူက ဟန်လုပ်မနေခဲ့ဘဲ သူတို့နှစ်ဦးစလုံးအတွက် ရေနွေးကြမ်းကို ကိုယ်တိုင်ငှဲ့ပေးလိုက်၏။
"ထိုင်ကြ"
"ငါတို့အလုပ်မှာ သီးသန့်လုပ်ရမယ့် တာဝန်ဆိုတာ မရှိဘူး။ မဟာတောင်ပိုင်းတိုက်ကြီးမှာ ဘယ်လိုပြဿနာပဲပေါ်လာပေါ်လာ ငါတို့ကဖြေရှင်းပေးရတာပဲ။ အများအားဖြင့်တော့ တခြားလူတွေလုပ်ထားတဲ့အရှုပ်အရှင်းတွေကို လိုက်ရှင်းပေးရတာလို့ ခေါ်တာပေါ့။ ယဲ့လန်နဲ့ ပိုရင်းနှီးနေတဲ့အတွက် မင်းလည်းတချို့တလေ သိထားသင့်ပါတယ်"
"မင်းရဲ့လက်အောက်ငယ်သားတွေ ပြဿနာရှာတိုင်း မင်းက လိုက်ရှင်းပေးရတယ်။ သူတို့က ခက်ခဲတဲ့ရန်သူတွေနဲ့ ကြုံတွေ့ရတဲ့အခါ မင်းက ကူညီပေးရတယ်။ ပင်ပန်းပေမယ့် အထက်ကရတဲ့ ဆုလာဘ်တွေကလည်း အထူးတန်ဖိုးရှိပါတယ်"
"အတိုချုပ်ပြောရရင် မင်း ဘာပဲလုပ်လုပ် ပြဿနာတော့ မရှာနဲ့"
ဝူရှန်းက လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ရှန်းယီ၏ဘေးတွင် ထိုင်လိုက်ကာ သူ၏အပြုံးကို တိတ်ဆိတ်စွာ ဖုံးကွယ်ထားလိုက်သည်။
"ဒါပေမယ့် နားထောင်ရဆိုးမယ့်စကားကို ငါ ကြိုပြောထားမယ်။ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီး ချုပ်သုံးဦးက သူတို့ရဲ့နယ်မြေတွေကို ခွဲဝေလိုက်ပြီဆိုတော့ ငါတို့လည်းရှင်းရှင်းလင်းလင်းခွဲဝေလိုက်တာ အကောင်းဆုံးပဲ"
"မင်းက နတ်ဆိုးသုတ်သင်ရေးဌာနကို အခုမှရောက်လာတာဆိုတော့ မဟာတောင်ပိုင်းတိုက်ကြီးနဲ့ သိပ်မရင်းနှီးသေးဘူးလေ။ အဲဒီတော့ အနီးဆုံး စီရင်စုကြီးသုံးခုဖြစ်တဲ့ ကျန်းယန်၊ အနောက်တောင် နဲ့ လင်ဟယ်ကို မင်း ယူလိုက်ရင်ကော။ ဘယ်လိုသဘောရလဲ"
ထိုစကားများကို ကြားသောအခါ ရှန်းယီ စကားမပြောရသေးမီမှာပင် ယဲ့လန်က မျက်မှောင်ကြုတ်လိုက်လေ၏။
"ဒါက ဘယ်လိုဟာသမျိုးလဲ။ အဲဒီ စီရင်စု တွေထဲက နှစ်ခုက နတ်ဆိုးကပ်ဘေးတွေကို အခုလေးတင် ခံစားထားရတာလေ။ အတွေ့အကြုံရှိတဲ့ နတ်ဆိုးသုတ်သင်သူတွေအမြောက်အမြား သေတာက သေ၊ ဒဏ်ရာရတာကရဖြစ်ပြီး အများစုက အသစ်ရောက်လာတဲ့သူတွေနဲ့ အစားထိုးထားရတာကို"
"ဘာတွေ လောနေတာလဲ"
ဝူရှန်းက ရှက်ကိုးရှက်ကန်းပြုံးပြကာ ရှင်းပြလိုက်သည်။
"ငါလည်း ဒီဘက်နဲ့ သိပ်မရင်းနှီးသေးလို့ပါ။ ဒါ့အပြင် ညီလေးကလည်း ဘာမှမပြောရသေးဘူးလေ"
"ရပါတယ်"
ရှန်းယီက ခေါင်းကို အသာအယာညိတ်ပြလိုက်ပြီး သူတို့၏စကားဝိုင်းကို ဖြတ်တောက်လိုက်လေ၏။
သူက စစ်သူကြီးဝူရှန်း၏သဘောသဘာဝကို ရှင်းလင်းစွာသိမြင်လိုက်ရသည်။ အခြားသူများနှင့် လူဆိုးတစ်ယောက်ဟုတ်မဟုတ်ငြင်းခုံကောင်း ငြင်းခုံကြမည်ဖြစ်သော်လည်း သူက သေချာပေါက် ပါးနပ်ပြီးလည်ဝယ်သူတစ်ဦးဖြစ်ပေသည်။
သို့သော် တကယ်တမ်းတွင် ၎င်းက ရှန်းယီ၏ အတွေးများနှင့် တော်တော်လေးကိုက်ညီနေခဲ့၏။
မြေစောင့်မသေမျိုးက ဟုန်ကျယ်မှ လူများကို ထွက်ပေါက်ရှာရန်ကူညီပေးခဲ့စဉ်က ထိုလမ်းကြောင်းအများစုက ကျန်းယန်အနီးတွင် ရှိနေခဲ့၏။ ဤနယ်မြေကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားခြင်းက သူ့ကို ပိုမို စိတ်သက်သာရာရစေပေလိမ့်မည်။
"ပွင့်လင်းတာကောင်းတယ်။ အကြီးအကဲယန်က မင်းကို ဒီလောက်တောင် အထင်ကြီးနေတာ အံ့ဩစရာမရှိတော့ဘူး။နန်ယန်စစ်သူကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကို အလားအလာရှိတဲ့သူပဲ"
ဝူရှန်း၏မျက်နှာက ဝမ်းမြောက်မှုဖြင့် ဖူးပွင့်သွားကာ သူကိုယ်တိုင်ပင်မယုံကြည်သော မြှောက်ပင့်စကားများကို ပြောဆိုလိုက်၏။
သေချာသည်မှာ ၎င်းမှာ သူတို့ခွဲဝေလိုက်ကြသော်လည်း အကယ်၍ ထိုစီရင်စုများတွင် အစစ်အမှန်ပြဿနာတစ်ရပ် ပေါ်ပေါက်လာပါက သူက ၎င်းကိုလျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးတော့ သူက မည်သည့်အရာကိုမျှမသိရှိသော နတ်ဆိုးသုတ်သင်သူအုပ်စုတစ်စုနှင့်အတူ အသေးအဖွဲ ကိစ္စရပ်များကိုကိုယ်တိုင် ဖြေရှင်းရန် မလိုအပ်တော့သဖြင့် သူ့အတွက်များစွာသက်သာသွားစေသည်။
"ငါတို့နှစ်ယောက်အတွက်ကတော့ ကိစ္စမရှိပါဘူး၊ အဆင်ပြေသလို လုပ်ကြတာပေါ့"
ဝူရှန်းက စကားပြောနေစဉ်မှာပင် နတ်ဆိုးကပ်ဘေးကြောင့်ထိခိုက်ထားသော ကျန်ရှိသည့် စီရင်စုကို ယဲ့လန်ထံသို့ ပေါ့ပေါ့ပါးပါးခွဲဝေပေးလိုက်ပြီးနောက် သူတို့စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့်အလား အလျင်အမြန် နှုတ်ဆက်လိုက်လေ၏။
"စီရင်စုသုံးခုက နတ်ဆိုးသုတ်သင်ရေးအရာရှိတွေအတွက်ဆက်သွယ်ရေးကျောက်စိမ်းပြားတွေကို နောက်မှမင်းဆီလာပို့ဖို့ လူတစ်ယောက် လွှတ်လိုက်မယ်။ ငါ အလုပ်လေးနည်းနည်း ရှိသေးလို့ မင်းတို့ကို ဆက်ပြီး အဖော်မလုပ်ပေးနိုင်တော့ဘူး။ဂရုစိုက်ကြပါဦး"
သူ၏စကားသံ မဆုံးမီမှာပင် တောင့်တင်းခိုင်မာပြီး ဝဖြိုးသော ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေပြီ။
"..."
ယဲ့လန်က မကျေနပ်သော အမူအရာကို ထုတ်ဖော်နေခဲ့သည်။ သူမက ဤလူ၏ရှေ့တွင် အသာစီးမရခဲ့သည်မှာ တစ်ကြိမ်ထက်မကတော့ကြောင်း ထင်ရှားလှပေသည်။
သူမက အသက်ကို ပေါ့ပေါ့ပါးပါးရှူသွင်းလိုက်ပြီးနောက် တောင်းပန်လိုသော အမူအရာဖြင့် ရှန်းယီဆီသို့ ကြည့်လိုက်၏။
"သူက အဲဒီလိုလူမျိုးပဲ။ သူရဲ့ခွန်အားက တကယ်ကို ကြောက်စရာကောင်းတဲ့အတွက် စစ်သူကြီးယန်က သူ့ကိုရွေးချယ်ခဲ့တာပါ။ သူ့ကို နည်းနည်း သည်းခံပေးလိုက်ပါ။သူပြောတဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ဂရုမစိုက်ပါနဲ့။ တစ်ခုခုဖြစ်ရင် ငါ့ကို လာရှာလို့ရပါတယ်"
"အဆင်ပြေပါတယ်"
ရှန်းယီက သူ၏လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးထွက်သွားရန်အလျင်မလိုဘဲ ထိုက်ရွှီတာအိုကျင့်စဉ်အကြောင်း စတင်မေးမြန်းလေသည်။
ချီသန့်စင်သူတစ်ဦး၏တာအိုအနှစ်သာရနည်းစနစ်ကို အမှန်တကယ်ကျင့်ကြံပြီးမှသာလျှင် အဓိကအဆင့် မဟာကျမ်းစာ နှင့် ကွာခြားချက်ကို လူတစ်ဦး နားလည်နိုင်ပေသည်။
လေ့ကျင့်မှုတွင်အခက်အခဲများကို ခံနိုင်ရည်ရှိသော လောကခရီးသည်ကျင့်ကြံသူတစ်ဦးအတွက်မူ သူတို့၏နတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်သရွေ့ ကပ်ဘေးတစ်ခု၏စွမ်းအားကို ထည့်သွင်းလိုက်တိုင်း ၎င်းသည် နယ်ပယ်၏အစစ်အမှန် တိုးတက်မှုအဖြစ်ပြောင်းလဲသွားနိုင်ပြီး ၎င်းမှာ ကွဲပြားခြားနားပေသည်။
ရှန်းယီက ကပ်ဘေးရှစ်ဆယ်ခန့်နှင့် ညီမျှသော နတ်ဆိုးသက်တမ်းကို သူ၏ထိုက်ရွှီတာအိုကျင့်စဉ် အတွင်းသို့ သွန်းလောင်းခဲ့သော်လည်း နယ်ပယ် တိုးတက်မှုအဖြစ်ပြောင်းလဲသွားသည်မှာ ကပ်ဘေးခြောက်ဆယ်ပင် မပြည့်ခဲ့ပေ။
ထိုမိုးပြာရောင်သစ်သားပေါ်တွင် သုံးပုံတစ်ပုံပင်မပြည့်သေးသော တာအိုအနှစ်သာရသာစုစည်းနေခဲ့ကြသည်။
၎င်းမှာ ယဲ့လန်၏ရှင်းပြပေးမှုအောက်တွင် ရှိနေဆဲပင်ဖြစ်သည်။
သေချာသည်မှာ အားသာချက်များနှင့် အားနည်းချက်များ ရှိနေခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ဗောဓိဂိုဏ်းက ခန္ဓာကိုယ်ကပ်ဘေးဖြစ်စေ နှလုံးသားကပ်ဘေးဖြစ်စေ ကပ်ဘေးဖြတ်ကျော်ခြင်းကိုခံယူရန် ရွေးချယ်နိုင်ပြီး မသေမျိုးသုံးပါးဂိုဏ်းကမူ မိုးမြေရတနာများကို စားသုံးနိုင်ပြီးကျင့်ကြံခြင်းကို အထောက်အကူပြုရန် ဆေးလုံးများကို သန့်စင်ဖန်တီးနိုင်ပေသည်။
သူတို့နှစ်ဦးက တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြ၏။
ရှန်းယီက မေးခွန်းများ ဆက်လက်မေးမြန်းနေစဉ် ယဲ့လန်ကစိတ်အားထက်သန်စွာ ပြန်လည်ဖြေကြားပေးခဲ့သော်လည်း သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများက တဖြည်းဖြည်း ထင်ဟပ်လာခဲ့၏။
လူငယ်လေး၏ပါရမီမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိထားပြီး ထိုသို့မဟုတ်ပါက သူက မထင်မရှားဘဝမှတက်လှမ်းလာသူအနေဖြင့် ဤမျှအတိုင်းအတာအထိဖြစ်နေလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မတွေးမိခဲ့ပေ။
ယဲ့လန်က ရှန်းယီ တရားထိုင်ကာကျင့်ကြံနေသည်ကိုပင် မမြင်ဖူးခဲ့သော်လည်း ထိုက်ရွှီတာအိုကျင့်စဉ် အပေါ် သူ၏ကျွမ်းကျင်ပိုင်နိုင်မှုမှာ ၎င်း၏လမ်းကြောင်းပေါ်တွင် ကောင်းစွာလျှောက်လှမ်းနေပြီဟု လုံးဝ ဆိုနိုင်ပေသည်။
ညဉ့်နက်ပြီးတိတ်ဆိတ်သွားသည်အထိ အချိန်ကြာမြင့်ပြီးနောက် ရှန်းယီက နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်၏။
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ ငါလည်း ဆက်သင်ပေးစရာ သိပ်မရှိတော့ပါဘူး"
ယဲ့လန်က ကူကယ်ရာမဲ့စွာဖြင့် မတ်တပ်ရပ်ကာ ပြန်လည်ဖြေကြားလိုက်၏။ အကယ်၍ သူမ ဆက်လက်သင်ကြားပေးမည်ဆိုလျှင် စတုတ္ထအဆင့် တာအိုအနှစ်သာရ နှင့်ပတ်သက်သော သူမ၏နားလည်သဘောပေါက်မှုများပါဝင်လာမည်ဖြစ်သည်။
သူမ လိုက်နာကျင့်သုံးသော လမ်းကြောင်းဖြစ်သည့် ထိုက်ရွှီမသေမျိုးဓား၏လမ်းကြောင်းက ရှန်းယီနှင့် သင့်တော်မည်မဟုတ်ဘဲ ၎င်းအစား သူ့ကို လမ်းမှားသို့ ရောက်သွားစေနိုင်ပေသည်။
"ကျွန်တော် သွားလိုက်ပါဦးမယ်"
သူတို့နှစ်ဦးက အချင်းချင်းနှုတ်ဆက်လိုက်ကြ၏။
ရှန်းယီက သူ၏နေအိမ်သို့ ပြန်လျှောက်လာရင်း စောစောက ရရှိခဲ့သောအကျိုးအမြတ်များကို ပြန်လည်တွေးတောနေခဲ့သည်။
နတ်ဆိုးအသက်တမ်းမှာ နည်းပါးလာခဲ့လေပြီ။
သူက လက်စွပ်အတွင်းမှ ရွှေရောင်အလုံးတစ်ခုကို ထုတ်ယူကာဆော့ကစားနေခဲ့သည်။
ဤပစ္စည်းမှာ ဧကရာဇ်ချီမှ စုစည်းဖန်တီးထားခြင်းဖြစ်ပြီး ဤသေးငယ်သောအပိုင်းအစလေးတစ်ခုတွင် ကပ်ဘေးတစ်ရာ၏စွမ်းအား ပါဝင်နေလေ၏။
ဤကဲ့သို့သော ပစ္စည်းမျိုးက စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ဆွဲဆောင်နိုင်ဖွယ်ရှိပေသည်။