← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅)

ထင်းထောင်မြို့ရိုးအောက်ခြေ၌ မဟာစစ်ပွဲကြီးမှာ မိုးလင်းပေါက်သည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့လေ၏။

သို့ရာတွင် ယမန်ညက ပြင်းထန်လှသော တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် တိုက်ပွဲမှာ အဆုံးသတ်လုနီးပါး ဖြစ်နေချေပြီ။

ဝေ့တိုင်းပြည်၏ ထင်းထောင်မြို့မှ စစ်သည်တော်များမှာ အမှန်တကယ်ပင် ရဲရင့်ကြပေသည်။

သို့သော် ချင်တိုင်းပြည်၏ လက်ရွေးစင် တပ်မတော်သား သုံးသိန်းနှင့် ယှဉ်လိုက်သောအခါ သူတို့မှာ မှေးမှိန်သွားရဆဲပင်တည်း။

သို့ပေမဲ့လည်း ထင်းထောင်မြို့၏ မြို့သခင်မှာ လူမိုက်တစ်ယောက် မဟုတ်ခဲ့ချေ။

ရှေ့တန်းစစ်မျက်နှာပြင်သည် မြို့ရိုးများဆီသို့ အစဉ်တစိုက် တွန်းပို့ခံနေရကြောင်းကို သူ သဘောပေါက်လိုက်သောအခါ စိတ်ဓာတ်များ လုံးဝမပြိုကွဲသွားမီ ဆုတ်ခွာရန် အမိန့်ပေးလိုက်လေတော့သည်။

ထင်းထောင်မြို့မှ စစ်သည်များသည် သေချာစွာ လေ့ကျင့်သင်ကြားထားသည့်အတိုင်း စည်းကမ်းတကျဖြင့် မြို့တွင်းသို့ ဆုတ်ခွာသွားကြ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ထင်းထောင်မြို့၏ ကာကွယ်ရေးဝင်္ကပါကို ဖွင့်လှစ်လိုက်ပြီး အသေခံခုခံရန် ရည်ရွယ်လိုက်ကြသည်။

သို့သော် ချင်ဟော်က တစ်ဖက်လူကို ဤသို့သော အခွင့်အရေးမျိုး မည်သို့လုပ် ပေးမည်နည်း။

"ချီတက်ကြစမ်း။ မြို့ကို ဖြိုခွဲကြ"

ချင်ဟော်၏ အမိန့်အောက်တွင် မြို့ရိုးတက်လှေကားများကို မြို့ရိုးများအပေါ်သို့ တစ်ခုပြီးတစ်ခု တင်လိုက်ကြလေ၏။

ကျောက်တုံးပစ်စက်များကိုလည်း တစ်ခုပြီးတစ်ခု ဆွဲယူလာကြသည်။

ဝင်္ကပါဖြိုခွဲရေး မန္တန်အက္ခရာများ ထွင်းထုထားသော ဧရာမ ကျောက်တုံးကြီးများကို ရန်သူ့မြို့တော်ဆီသို့ ပစ်လွှတ်လိုက်ကြပေ၏။

ချင်တိုင်းပြည်မှ စစ်သည်တော်များသည် မိုးသီးများပမာ ရွာကျလာသော မြားမိုးများကို အန်တုကာ ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြလေသည်။

ဝင်္ကပါဖြိုခွဲရေး မန္တန်များ ထွင်းထုထားသော သစ်လုံးတုံးကြီးများက မြို့တံခါးကို တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်တိုက်နေခဲ့ကြသည်။

တစ်ညလုံးလုံး တိုက်ခိုက်ခဲ့ရသော်ငြား လူတိုင်းသည် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွနေသော အခြေအနေတွင် ရှိနေကြဆဲပင်။

ချင်တိုင်းပြည် စစ်သည်များက အသက်ကိုပင် ပဓာနမထားဘဲ မြို့တော်ကို တိုက်ခိုက်နေကြသည်ကို ကြည့်ကာ ထင်းထောင်မြို့၏ မြို့သခင်မှာ ချွေးများထွက်လာသည်အထိ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေတော့သည်။

သူသည် ချင်တိုင်းပြည်၏ တပ်မတော်နှင့် ယခင်က တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးသည်တော့ မဟုတ်ပေ။

သို့ရာတွင် ယခုအချိန်၌ ချင်တိုင်းပြည်၏ အနေအထားကို ကြည့်ရသည်မှာ သူတို့က မြို့ကိုဖြိုခွဲပြီး တိုင်းပြည်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံပေါ်နေချေပြီ။

"ဝုန်း..."

နားကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးနှင့်အတူ ထင်းထောင်မြို့၏ မြို့ပြကာကွယ်ရေးဝင်္ကပါကြီးမှာ ပွင့်ထွက်သွားခဲ့လေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် လျှပ်စီးကြောင်းတစ်ခုက လက်ခနဲ ဖြတ်ပြေးသွားပြီး ထင်းထောင်မြို့၏ မြို့သခင်သည် သွေးများစွန်းပေနေသော လူငယ်တစ်ဦး မြို့ရိုးပေါ်သို့ ပြေးတက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ လှံရှည်ဖြင့် ထိုးနှက်ချက်တိုင်းက ရှင်းလင်းပြတ်သားပြီး ထိရောက်လှကာ အလဟဿဖြစ်သွားသော လှုပ်ရှားမှုဟူ၍ တစ်ခုမျှ မရှိခဲ့ချေ။ ဟန်ပန်တိုင်းက သတ်ဖြတ်ခြင်း ထိုးနှက်ချက်များသာ ဖြစ်နေပေ၏။

သူက ချင်တိုင်းပြည်၏ အလံတော်ကို မြို့ရိုးပေါ်တွင် စိုက်ထူလိုက်လေသည်။

ထိုအလံတော်ကြီးကား ညအချိန်တွင် မီးအိမ်ပေါင်း တစ်သောင်းဖြင့် ထွန်းညှိထားသော မျှော်စင်မြင့်ကြီးတစ်ခုပမာ ဖြစ်နေလေရာ ချင်တိုင်းပြည် စစ်သည်များ၏ စိတ်ဓာတ်များမှာ တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့ပြီး မြို့ရိုးပေါ်သို့ ရေလှိုင်းကြီးများအလား ဝင်ရောက်လာကြလေတော့သည်။

"ဆုတ်ခွာကြ"

ထင်းထောင်မြို့၏ မြို့သခင်မှာ မြို့တော်ကို ဆက်လက်ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားသဖြင့် မြို့ကိုစွန့်ခွာကာ ချက်ချင်းပင် ထွက်ပြေးလေတော့၏။

သူ၏အမြင်တွင် စစ်ရှုံးပြီးနောက် နန်းတော်သို့ပြန်သွားပါက ပြင်းထန်သော အပြစ်ပေးခံရမည်မှာ သေချာသော်ငြား ဝေ့မင်းဆက် ဒါမှမဟုတ် ချီတိုင်းပြည်ဆီကို ထွက်ပြေးသွားပါက တည်ငြိမ်သော ဘဝတစ်ခုကို ရှင်သန်နေထိုင်နိုင်ဦးမည်သာ ဖြစ်ချေသည်။

နာရီဝက်ခန့်အကြာတွင် ထင်းထောင်မြို့၏ မြို့သခင်က စပါးကျီများကို မီးရှို့လိုက်ပြီး သူ၏ ပင်မတပ်မတော်ကြီးကို ဦးဆောင်ကာ ထင်းထောင်မြို့၏ အနောက်ပေါက်မှ ဖောက်ထွက်သွားလေ၏။

မြို့တွင်းရှိ ကျန်ရစ်သော တပ်စောင့်စစ်သည်များမှာ အလုံးစုံ လက်နက်ချအညံ့ခံလိုက်ကြပြီး ထင်းထောင်မြို့နှင့်တကွ ၎င်း၏ပတ်လည်ရှိ လက်အောက်ခံမြို့နှစ်မြို့စလုံးမှာ ချင်တိုင်းပြည်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့လေတော့သည်။

ချင်တိုင်းပြည် တပ်မတော်ကြီးက မြို့တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ချင်ဟော်က သာမန်ပြည်သူများကို အနှောင့်အယှက်မပေးရန်၊ သုံ့ပန်းများကို ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရန်နှင့် မီးများကို ချက်ချင်းငြိမ်းသတ်ရန် အမိန့်ပေးလိုက်ပေသည်။

ချင်ဟော်၏ အမြင်တွင် လူဦးရေဆိုသည်မှာ စစ်ရေးအင်အားပင်ဖြစ်သည်။ ဤသုံ့ပန်းများကို နောက်တန်းသို့ ခေါ်ဆောင်သွား၍ လေ့ကျင့်သင်ကြားပေးနိုင်ပြီးနောက် တပ်မတော်အတွင်းသို့ ပေါင်းစည်းကာ တပ်အင်အား ဖြည့်တင်းနိုင်ပေသည်။

နောက်ထပ် နှစ်ရက်တာကာလအတွင်း တပ်မတော်တစ်ရပ်လုံး အနားယူခဲ့ကြပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ ဆုလာဘ်များ ခွဲဝေချီးမြှင့်ခဲ့လေ၏။

ရှောင်မိုသည် စစ်မြေပြင်တွင် အထူးတလည် စွမ်းဆောင်နိုင်ခဲ့ပြီး ထင်းထောင်မြို့ရိုးပေါ်သို့ ပထမဆုံး တက်ရောက်နိုင်သူဖြစ်သောကြောင့် ချင်ဟော် ကိုယ်တိုင် သူ့ကို သဘာဝကျကျပင် ခေါ်ယူတွေ့ဆုံခဲ့လေသည်။

"စစ်သူကြီးမင်းကို ရှောင်မို အရိုအသေပေးပါတယ်"

စစ်တဲအတွင်းသို့ ဝင်ရောက်လာရင်း ရှောင်မိုက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်၏။

"အင်း"

စစ်တဲအတွင်း၌ ချင်ဟော်က သူ၏ရှေ့ရှိ လူငယ်လေးကို ကြည့်လေလေ ပို၍ ကျေနပ်လာလေလေ ဖြစ်နေခဲ့ပေသည်။

"ရှောင်အိမ်တော်က ရှောင်မို... မင်းမလာခင်က မင်းရဲ့ ကိုယ်ရေးမှတ်တမ်းကို ကိုယ်တော် ဖတ်ကြည့်ပြီးပြီ။ မင်းက ကျန်းပေမင်းသား ရှောင်ရှီရဲ့ တတိယသားတော်ဆို" ချင်ဟော်က မေးလိုက်သည်။

"မှန်ပါတယ် စစ်သူကြီးမင်း" ရှောင်မိုက ပြန်လည်ဖြေကြားလိုက်၏။

"မဆိုးဘူး မဆိုးဘူး။ ရှောင်ရှီက တကယ်ပဲ သားကောင်းတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တာပဲ" ချင်ဟော်က ပြုံးလျက် ပြောလိုက်သည်။ "မင်းရဲ့ တပ်ဖွဲ့က သံမဏိကျားတပ်မတော်မှာပဲ ရှိနေသေးတာမို့လို့ ငါတို့ တပ်မတော်မှာ တရားဝင် ရာထူးတစ်ခု ပေးလို့မရသေးဘူး။ ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်တွေကို လူတစ်ရာအုပ် စစ်သူကြီးတစ်ယောက်အနေနဲ့ လောလောဆယ် မှတ်တမ်းတင်ထားပေးမယ်။ မဟာစစ်ပွဲကြီး ပြီးသွားတဲ့အခါ အားလုံးကို တစ်ပေါင်းတည်း ဆုချီးမြှင့်ပေးမယ်။ မင်း ဘယ်လိုထင်လဲ"

"ကျေးဇူးတင်ပါတယ် စစ်သူကြီးမင်း" ရှောင်မိုမှာ သဘာဝကျကျပင် ကန့်ကွက်ရန် အကြောင်းမရှိခဲ့ပေ။

"သွားတော့ ကောင်းကောင်း နားလိုက်ဦး" ချင်ဟော်က ရှောင်မို၏ ပခုံးကို ပုတ်လျက် ပြောလိုက်၏။ "ဒီမဟာစစ်ပွဲကြီးက ဝေ့တိုင်းပြည် ပျက်သုဉ်းသွားတဲ့အထိ ဆက်လက်ဖြစ်ပွားနေမှာပဲ။ တိုင်းပြည်တစ်ပြည်ကို ဖျက်ဆီးပစ်ရတဲ့ စစ်ပွဲမျိုးဆိုတာ လူတိုင်း ကြုံတွေ့ခွင့်ရတဲ့အရာ မဟုတ်ဘူး။ သေချာတိုက်ခိုက်စမ်းပါ။ မင်းက ကိုယ်လုပ်တော်ရဲ့ သားတစ်ယောက် ဖြစ်နေရင်တောင်မှ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက မင်းအဖေထက် ဘယ်တော့မှ နိမ့်ကျနေမှာ မဟုတ်ဘူးလို့ ကိုယ်တော် အာမခံရဲတယ်"

"ဟုတ်ကဲ့ပါ ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"

ရှောင်မိုက လက်နှစ်ဖက်ကိုယှက်ကာ ထပ်မံ၍ အရိုအသေပေးလိုက်ပြီးနောက် နောက်ဆုတ်ထွက်ခွာသွားလေတော့သည်။

ရှောင်မို ထွက်ခွာသွားပြီးနောက် ဒုတိယစစ်သူကြီး ချန်ကျင်းက ပြုံးလျက် ချင်ဟော်အား ပြောလိုက်၏။ "ဒီရှောင်မိုက စစ်မြေပြင်မှာဆိုရင် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးလို ယုံကြည်နိုင်စရာမရှိလောက်အောင်ကို ရဲရင့်ပြတ်သားပေမဲ့ စစ်မြေပြင်အပြင်ဘက်မှာကျတော့ စာပေပညာရှင်တစ်ယောက်လိုပဲ။ သူက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတယ်နော်"

"အမှန်ပဲ သူက အတော်လေး ကောင်းမွန်ပါတယ်" ချင်ဟော်က ခေါင်းညိတ်လိုက်သည်။

"သူ အသက်ရှင်နိုင်မရှင်နိုင် ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။ အသက်ရှင်နေတဲ့သူတွေကမှ နာမည်ကျော် စစ်သူကြီးတွေ ဖြစ်လာနိုင်တာလေ။ သေသွားတဲ့သူတွေကတော့ ခြောက်သွေ့နေတဲ့ အရိုးစုတွေပါပဲ"

နှစ်ရက်ကြာပြီးနောက် ချင်တိုင်းပြည် တပ်မတော်ကြီးက တစ်ဖန် ပြန်လည် ချီတက်ခဲ့ကြပြန်သည်။

ရှောင်မို၏ လူဆယ်ယောက်ထဲတွင် ဟုန်ပေါ်မှာ ခြေထောက်ကြေမွသွားခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရန် လိုအပ်နေသောကြောင့် ထင်းထောင်မြို့တွင်သာ ကျန်ရစ်ခဲ့ရလေ၏။

ရှောင်မိုနှင့် အခြားသူများ ထွက်ခွာသွားသောအခါ ဟုန်ပေါ်မှာ အထိန်းအကွပ်မဲ့စွာ ငိုကြွေးနေခဲ့ပြီး သူတို့နှင့်အတူ လိုက်ပါသွားချင်ခဲ့ပေသည်။

ကျောက်ဝေ့နှင့် အခြားသူများက သူ့ကို "ဟန်ဆောင်ပန်ဆောင် လုပ်နေတယ်" ဟု လှောင်ပြောင်ခဲ့ကြပြီး "မင်းက စစ်မြေပြင်ကို သွားစရာမလိုတော့လို့ တိတ်တိတ်လေး ပျော်နေမှာ သေချာတယ်။ ဒါကြောင့် ဟန်ဆောင်မနေစမ်းပါနဲ့" ဟု ပြောဆိုခဲ့ကြ၏။

ဟုန်ပေါ်မှာ အလွန်ဒေါသထွက်သွားသဖြင့် မျက်နှာကြီးနီရဲလာပြီး စစ်ချီရာတွင် မဖြစ်မနေ လိုက်ပါမည်ဟု တင်းခံနေခဲ့သော်လည်း ရှောင်မိုက သူ့ကို ကျန်ရစ်ခဲ့ရန် ဖျောင်းဖျနိုင်ခဲ့ပြီး ကျောက်ဝေ့နှင့် အခြားသူများကိုလည်း ဆုံးမစကား ပြောကြားခဲ့ရလေသည်။

တစ်လကြာပြီးနောက်တွင် ချင်တိုင်းပြည် တပ်မတော်ကြီးသည် ဝေ့တိုင်းပြည်၏ ကျူးလုမြို့သို့ ရောက်ရှိလာခဲ့ကြချေပြီ။

ထိုအချိန်တွင် ဝေ့တိုင်းပြည်မှာ သတိကြီးစွာထားနေရပြီဖြစ်ပြီး ဝေ့မင်းဆက်ကလည်း စစ်ကူများ စေလွှတ်ပေးမည်ဖြစ်ကြောင်း ကင်းထောက်များထံမှ သတင်းရရှိခဲ့လေ၏။

သို့သော် ချင်ဟော်က ထိုအရာကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

တပ်မတော်၏ မြင့်မားနေသော စိတ်ဓာတ်ခွန်အားကို အခွင့်ကောင်းယူကာ ချင်တိုင်းပြည် တပ်မတော်ကြီးသည် ဝေ့တိုင်းပြည်၏ လော့ယွီမြို့၊ ချီမြို့နှင့် မုန်ကျန်းမြို့တို့အပါအဝင် မြို့ပေါင်း တစ်ဆယ့်ငါးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေသည်။

မဟာတိုက်ပွဲတိုင်းတွင် သံမဏိကျားတပ်မတော်သည် မြင်းသည်တော်များမှလွဲ၍ အမြဲတမ်း ရှေ့ဆုံးမှ ပြေးဝင်တိုက်ခိုက်ရသော တပ်ဖွဲ့ဖြစ်နေခဲ့ပြီး ရှောင်မိုကလည်း သံမဏိကျားတပ်မတော်၏ အရှေ့ဆုံးတွင် အမြဲတမ်း ရှိနေသူဖြစ်လေ၏။

ရှောင်မိုသည် သူ၏ လှံရှည်ကို ဆုပ်ကိုင်ကာ စစ်မြေပြင်ပေါ်သို့ ခြေချလိုက်တိုင်း စစ်နတ်ဘုရားတစ်ပါးပမာ ဖြစ်နေခဲ့ပေသည်။

ဝေ့တိုင်းပြည်ကလည်း ရှောင်မိုကဲ့သို့သော လူငယ်ပါရမီရှင်တစ်ဦးကို သဘာဝကျကျပင် သတိပြုမိသွားခဲ့ပြီး အနာဂတ်ပြဿနာများကို ကာကွယ်ရန် ရွှေအမြူတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အသုံးပြုကာ သူ့ကို ဖယ်ရှားပစ်ရန် စဉ်းစားလာခဲ့ကြ၏။

သို့သော် ချင်တိုင်းပြည်ကလည်း မိုက်မဲသူများ မဟုတ်ကြချေ။

စစ်မြေပြင်ပေါ်ရှိ အလားအလာရှိသော ပါရမီရှင်တိုင်းကို အကာအကွယ်ပေးထားခဲ့ပြီး အကယ်၍ ရှောင်မိုထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်ကျော် မြင့်မားသော ကျင့်ကြံသူတစ်ဦးက တိုက်ခိုက်လာပါက ချင်တိုင်းပြည်မှ မလွဲမသွေ တားဆီးပေးမည်သာ ဖြစ်လေသည်။

မသိလိုက်မသိဘာပင် တစ်နှစ်ခွဲ အချိန်ကုန်လွန်သွားခဲ့လေပြီ။

ထိုကာလအတွင်းရှိ တိုက်ပွဲတစ်ခုတွင် ရှောင်မိုက နဂါးတံခါးအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားခဲ့ပေသည်။

ထိုတစ်နှစ်ခွဲတာ ကာလအတွင်းမှာပင် ရှောင်မိုသည် နတ်ဘုရားသတ်လှံသိုင်း၏ ဟန်ပန်လှုပ်ရှားမှု ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်ကို မေ့ပျောက်သွားခဲ့လေ၏။

ရှေ့ဆက်သွားလေလေ ရှောင်မို မေ့ပျောက်နိုင်မှုက ပိုမို နှေးကွေးလာလေလေ ဖြစ်သော်ငြား သူက လောလောဆယ်တွင် အလျင်စလို မဖြစ်နေဘဲ ဤသည်မှာ အချိန်ကာလတစ်ခုသာ လိုအပ်ကြောင်း ခံစားနေခဲ့ပေသည်။

ရှောင်မို၏ စစ်ရေးစွမ်းဆောင်မှု မှတ်တမ်းများနှင့် ပတ်သက်၍မူ သူကိုယ်တိုင် တစ်ခါမှ သေချာ မှတ်သားထားခြင်း မရှိခဲ့ချေ။

သူ နဂါးတံခါးအဆင့်၌ ရှိနေစဉ် စစ်မြေပြင်ပေါ်တွင် ရန်သူ့တပ်မှ ရွှေအမြူတေအဆင့် စစ်သူကြီးတစ်ဦးကို အဆင့်ကျော်လွန်ကာ သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ပင်မစစ်တဲကြီးအတွင်းသို့ ဝင်ရောက်တိုင်ပင်ဆွေးနွေးခွင့် အရည်အချင်းများ ရရှိသွားခဲ့ကြောင်းကိုသာ သူ သိရှိထားလေ၏။

သို့သော်လည်း ရှောင်မိုသည် စစ်သူကြီးများနှင့်အတူ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးနိုင်သော်ငြား စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ဖူးချေ။

စစ်မြေပြင် အခင်းအကျင်းနှင့် အစီအစဉ်ဆွဲခြင်းတို့နှင့် ပတ်သက်၍ ရှောင်မိုသည် စာအုပ်များမှတစ်ဆင့်သာ သင်ယူထားခဲ့ဖူးပေသည်။ သူသည် ဤဝါရင့်စစ်သူကြီးများ၏ ဆွေးနွေးမှုများကို ဂရုတစိုက် နားထောင်ပြီးနောက် သူလေ့လာသင်ယူထားခဲ့သမျှ၊ တွေးတောထားခဲ့သမျှနှင့် ပေါင်းစပ်ကာ သူ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုကို အတည်ပြုရသည်ကို ပို၍ သဘောကျလေ၏။

ရှောင်မိုကို ခေါင်းကိုက်စေသော တစ်ခုတည်းသောအရာမှာ ဤစစ်သူကြီးများသည် မကြာခဏ သဘောထားကွဲလွဲကာ ရန်ဖြစ်တတ်ကြပြီး သူက ကြားဝင်ဖျန်ဖြေပေးရခြင်းပင် ဖြစ်ပေသည်။

နောက်ပိုင်းတွင် ချင်ဟော်သည် ရှောင်မိုကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုစုပျိုးထောင်ပေးနေပုံရလေ၏။ အချိန်ရတိုင်း စစ်မြေပြင်နှင့် ပတ်သက်၍ သူ၏ ထင်မြင်ယူဆချက်များကို မေးမြန်းလေ့ရှိပြီး ရန်သူ့စစ်သူကြီးများ၏ အတွေးအခေါ်များကို ခွဲခြမ်းစိတ်ဖြာခိုင်းလေ့ရှိသည်။

ရှောင်မိုကလည်း သူ၏ စိတ်ထဲရှိသည့်အတိုင်း မှန်ကန်စွာ ပြောဆိုခဲ့လေ၏။

ရှောင်မို၏ မဟာဗျူဟာများကို ကြားနာပြီးနောက် အစွန်းရောက်သော စစ်သူကြီးအချို့က သူတို့ကိုယ်သူတို့ အလွန်အမင်း ရှေးရိုးဆန်လွန်းနေကြောင်း ခံစားလိုက်ကြရပေသည်။

သို့သော် ရှောင်မို၏ စိတ်ကူးများစွာမှာ အမှန်တကယ်ပင် ပါးနပ်ပြီး ထိုးထွင်းသိမြင်မှုရှိလှရာ စစ်တဲအတွင်းရှိ စစ်သူကြီးများကို နက်နက်နဲနဲ တွေးတောသွားစေခဲ့သည်က များလေ၏။

ထိုအချိန်၌ပင် ချင်ဟော်က ဦးစွာလုပ်ဆောင်ပြီးမှ နောက်ပိုင်းတွင် သတင်းပို့သော နည်းလမ်းကို အသုံးပြုခဲ့လေသည်။ သူက ရှောင်မိုအား သံမဏိကျားတပ်မတော်၌ သူ၏ရာထူးကို ထိန်းသိမ်းထားခွင့်ပြုရင်း တပ်မတော်သား တစ်သောင်းကို ယာယီဦးဆောင်စေကာ ပင်မတပ်မတော်ကြီး၏ ညာဘက်ခြမ်းကို ကာကွယ်ရန်အတွက် ဝေ့တိုင်းပြည်၏ ရူစီမြို့ကို တစ်ကိုယ်တော် ဖြိုခွဲရန် စေလွှတ်လိုက်လေတော့သည်။

စစ်သူကြီးတစ်ဦးသည် စစ်မြေပြင်တွင် ရန်သူများကို သတ်ဖြတ်နိုင်ရုံသာမက ပို၍အရေးကြီးသည်မှာ တပ်မတော်ကြီးတစ်ရပ်ကို ဦးဆောင်နိုင်စွမ်းရှိရပေမည်။

ချင်ဟော်က ရှောင်မို မည်မျှအထိ စွမ်းဆောင်နိုင်စွမ်းရှိသလဲ ဆိုသည်ကို အတိအကျ မြင်တွေ့ချင်ခဲ့ခြင်း ဖြစ်ချေသည်။

ရှောင်မိုကလည်း ချင်ဟော်ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ရှောင်မို ဦးဆောင်သော တပ်မတော်သား တစ်သောင်းသည် ရူစီမြို့အပြင်ဘက်တွင် စခန်းချလိုက်ကြလေ၏။

အစပိုင်းတွင် သူတို့က တိုက်ခိုက်ခြင်းမရှိဘဲ မြို့တွင်းသို့ နေ့စဉ် "လက်ကမ်းစာစောင်များ" ကြဲချခဲ့ကြပြီး အဓိကအားဖြင့် အောက်ပါအတိုင်း ကြေညာထားလေသည်။

"ချင်တိုင်းပြည် တပ်မတော်ကြီး မြို့တွင်းသို့ ဝင်ရောက်လာပြီးနောက် သာမန်ပြည်သူများထံမှ အပ်တစ်ချောင်း၊ ချည်တစ်မျှင်ကိုမျှ ယူဆောင်မည် မဟုတ်ပါ"

"ဝေ့တိုင်းပြည်၏ တစ်ဝက်မှာ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်"

"အကယ်၍ စစ်သူကြီးများအနေဖြင့် လက်နက်ချအညံ့ခံပါက ရာထူးများနှင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရမည် ဖြစ်သည်"

"ရူစီမြို့သခင်၏ ဦးခေါင်းကို ယူဆောင်လာနိုင်သူ မည်သူမဆို ရူစီမြို့၏ နောက်ထပ် မြို့သခင်အဖြစ် တိုက်ရိုက် ခန့်အပ်ခံရမည် ဖြစ်သည်"

အခန်း (၃၅၆)

ရှောင်မို၏နည်းလမ်းက ရူစီမြို့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေ၏။ ၎င်းအပြင် ရူစီမြို့သခင်သည် လက်အောက်ငယ်သားများကို ရိုက်နှက်ဆဲဆိုလေ့ရှိပြီး သူတို့၏ဇနီးမယားများကိုပင် သူ၏အိပ်ရာထက်သို့ အတင်းအဓမ္မ ပို့ဆောင်ခိုင်းလေ့ရှိရာ လက်အောက်ငယ်သားများစွာ၏ နာကြည်းမုန်းတီးမှုများကို ကြာမြင့်စွာကတည်းက လှုံ့ဆော်ထားပြီးဖြစ်ပေသည်။

နောက်ဆုံးတွင် ရူစီမြို့သခင်၏ဦးခေါင်းမှာ ခုတ်ဖြတ်ခံလိုက်ရပြီး မြို့တံခါးကြီးများ ပွင့်ဟသွားကာ ရှောင်မိုထံသို့ လက်နက်ချအညံ့ခံလိုက်ကြလေတော့သည်။

ရှောင်မိုက တပ်မတော်ကိုဦးဆောင်၍ မြို့တွင်းသို့ဝင်ရောက်လာပြီးနောက် လက်ကမ်းစာစောင်များ တွင် ဖော်ပြထားခဲ့သည့်အတိုင်း စည်းကမ်းကို တင်းကျပ်စွာ ထိန်းသိမ်းထားခဲ့ပြီး မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ချေ။ ရှောင်မိုသည် ဒေသခံမှတ်တမ်းတိုက်များကိုပါ ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူလွှဲပြောင်းခဲ့ပြီး လေးရက်တာ နားနေစဉ်အတွင်း အားကောင်းလှသော အုပ်ချုပ်ရေးစွမ်းရည်များကို ပြသကာ မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်ခံရမှုများကို ရှင်းလင်းပေးခဲ့သဖြင့် ဒေသခံများထံမှ ကြီးမားသော ထောက်ခံမှုများကို ရရှိခဲ့ပေ၏။

ရူစီမြို့မှ ထွက်ခွာလာပြီးနောက် ရှောင်မိုသည် ပင်မတပ်မတော်ကြီးထံသို့ ချက်ချင်း ပြန်မသွားခဲ့ဘဲ တပ်တောင်ပံဆီသို့ ဆက်လက်ချီတက်ရန် အမိန့်ရရှိခဲ့လေသည်။

မည်သည့်မြို့ကိုမဆို မတိုက်ခိုက်မီ ရှောင်မိုသည် မြို့စောင့်မြို့သခင်၏ စရိုက်လက္ခဏာနှင့် ဘဝဖြတ်သန်းမှုအတွေ့အကြုံများကို လေ့လာလေ့ရှိ၏။ မဟာဗျူဟာဖြင့် သိမ်းယူနိုင်လျှင် မဟာဗျူဟာကို အသုံးပြုပေမည်။ အကယ်၍ မရနိုင်ပါက သေဆုံးဒဏ်ရာရမှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းကို ရှာဖွေမည်သာ ဖြစ်ချေသည်။

"အားကောင်းသည့်နေရာကိုရှောင်၍ အားနည်းချက်ကိုတိုက်ခိုက်ပါ" ဟူသော စကားစုလေးမှာ ရိုးရှင်းပုံပေါ်သော်ငြား လက်တွေ့တွင်မူ စစ်သူကြီးများစွာသည် ၎င်းကို အမှန်တကယ် မစွမ်းဆောင်နိုင်ဘဲ ဘဝတစ်သက်တာ ကုန်ဆုံးသွားခဲ့ကြရသည်။ သို့သော် တိုက်ပွဲများတွင် ရှောင်မို၏ ဦးဆောင်နိုင်စွမ်း၊ အထူးသဖြင့် စစ်မြေပြင်ပေါ်ရှိ အပြောင်းအလဲများအပေါ် အလွန်အမင်း အကဲဆတ်လွန်းမှုက သူ့အား အားနည်းချက်များကို မကြာခဏ မြင်တွေ့နိုင်စေပြီး တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်စွမ်း ရှိစေခဲ့ပေသည်။

ထို့အပြင် ရှောင်မို အနှစ်သက်ဆုံးအရာမှာ မြင်းသည်တော် တစ်ဒါဇင်ခန့်ကို ကိုယ်တိုင်ဦးဆောင်ကာ ရန်သူ့တပ်ဖွဲ့များကြားသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး ကင်းထောက်တစ်ဦးအဖြစ် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရခြင်းပင်တည်း။

ရှောင်မိုကို လူမိသွားခဲ့သော အကြိမ်များစွာရှိခဲ့ပြီး ရန်သူများ၏ လိုက်လံတိုက်ခိုက်မှုများကို လှုံ့ဆော်ပေးခဲ့သော်လည်း လမ်းတစ်ဝက်တွင် သူတို့က ဆက်လက်၍ မလိုက်ရဲတော့ချေ။

မည်သို့ပင်ဖြစ်စေ ရန်သူ့စစ်သူကြီးတစ်ဦးက အခြေအနေကို စုံစမ်းရန် ရန်သူ့တပ်ဖွဲ့များကြားသို့ ကိုယ်တိုင်ကိုယ်ကျ စွန့်စားဝင်ရောက်လာမည်ဆိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

ဤသည်မှာ အဓိပ္ပာယ်မဲ့လွန်းလှပေသည်။

ချုံခိုတိုက်ခိုက်ခံရမည်ကို သူတို့ သံသယဝင်သွားခဲ့ကြ၏။

သို့သော် မကြာမီမှာပင် ရှောင်မိုအမည်ရှိ ဤ စစ်သူကြီးပေါက်စမှာ အမှန်တကယ်ပင် ထိုသို့ အဓိပ္ပာယ်မဲ့လွန်းသူဖြစ်ကြောင်း သူတို့ ရှာဖွေတွေ့ရှိသွားခဲ့ကြလေ၏။

ထို့ကြောင့် ရန်သူများက ချင်တိုင်းပြည်၏ ကင်းထောက်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုကင်းထောက်များကြားတွင် ရှောင်မို ပါဝင်နေရန် အလွန်ဖြစ်နိုင်ချေရှိသဖြင့် သူတို့က သေသည်အထိ လိုက်လံတိုက်ခိုက်ကြတော့သည်။

ထိုသို့ လူမိသွားပြီးနောက်တွင်လည်း ရှောင်မိုသည် လက်အောက်ငယ်သားများကို နောက်ချန်ကာကွယ်ခိုင်းမည်မဟုတ်ဘဲ ရှောင်မိုကိုယ်တိုင်သာ အနောက်မှနေ၍ ကာကွယ်ပေးလေ့ရှိ၏။ မြားတစ်စင်းလျှင် လူတစ်ယောက်ကျစေလျက် မြင်းစီးရင်း ပစ်ခတ်ရာတွင် တစ်ခါမျှ မလွဲချော်ခဲ့ဖူးသည့်အပြင် အချိန်ရတိုင်း သူ၏ လှံရှည်ကို ဆွဲထုတ်ကာ ပြေးဝင်သတ်ဖြတ်လေ့ရှိပေသည်။

သတ်ဖြတ်မှုပြီးဆုံးသွားသောအခါ ရှောင်မိုက "မင်းတို့အဖေ ပြန်တော့မယ်ကွ" ဟု အော်ဟစ်ကာ မြင်းကိုဒုန်းစိုင်းနှင်၍ ထွက်ခွာသွားလေ့ရှိသည်။

တစ်ခါကဆိုလျှင် မြို့သခင်အိုကြီးတစ်ဦးမှာ ရှောင်မို၏ အရှက်ခွဲမှုကြောင့် သွေးဟောင်းတစ်ပွက် အန်ချလိုက်ရပြီး ထိုနေရာ၌ပင် ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်ခဲ့ရဖူးလေ၏။

အစပိုင်းတွင် ရှောင်မိုဦးဆောင်သော တပ်မတော်သား တစ်သောင်းမှာ သူ့ကို သိပ်၍ အထင်မကြီးခဲ့ကြဘဲ ဤရုပ်ဖြောင့်ဖြောင့် ကောင်လေးသည် မင်းသားကြီး၏ မျက်နှာသာပေးမှုကို ရရှိရန် မသမာသောနည်းလမ်းများကို အသုံးပြုခဲ့သည်ဟုပင် သံသယဝင်ခဲ့ကြသည်။

သို့သော် ရှောင်မိုသည် တိုက်ပွဲဝင်တိုင်း အမြဲတမ်း ရှေ့ဆုံးမှနေ၍ ဦးဆောင်ခဲ့ပြီး ရန်သူ့အခြေအနေကို စုံစမ်းရန် သူ၏အသက်ကို မကြာခဏ စွန့်လေ့ရှိပေ၏။

လူမိသွားပြီးနောက် ပင်မစစ်သူကြီးဖြစ်သော ရှောင်မိုသည် သူ၏ လက်အောက်ငယ်သားများကို ကာကွယ်ပေးရုံသာမက ရေကူးနေသော နဂါးတစ်ကောင်ပမာ ဝင်ထွက်ပြေးလွှား တိုက်ခိုက်လေ့ရှိသည်။

အထူးသဖြင့် တိုက်ပွဲစတင်ပြီးနောက်တွင် ရှောင်မို၏ တပ်မတော်သား တစ်သောင်းအပေါ် ကွပ်ကဲညွှန်ကြားမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများမှာ တိကျသေချာပြီး အလွန်အမင်း ကျွမ်းကျင်လှပေသည်။

စစ်သည်များ၏ နှလုံးသားထဲတွင် ဤစစ်သူကြီးလူငယ်လေး၏ အလေးချိန်မှာ ပို၍ပို၍ ကြီးမားလာခဲ့လေတော့သည်။

နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့ပြန်သည်။

မူလက ရှောင်မိုသည် မြို့တစ်မြို့တည်းကိုသာ ဖြိုခွဲရန် တပ်မတော်သား တစ်သောင်းကို ဦးဆောင်ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း သူ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်လွန်းသောကြောင့် ပင်မတပ်မတော်ကြီးထံသို့ ပြန်မသွားဖြစ်တော့ချေ။

ရှောင်မိုမှာ မူလ တပ်အင်အား တစ်သောင်းမှ ငါးသောင်းရှိသော တပ်မတော်ကြီးတစ်ခုအဖြစ် တာဝန်ပေးအပ်ခြင်းခံလိုက်ရပြီး ဘယ်ဘက်နှင့် အလယ်ဗဟို ပင်မတပ်မတော်ကြီးများနှင့်အတူ လမ်းကြောင်းသုံးသွယ်ခွဲ၍ ချီတက်ခဲ့ကြလေ၏။

ဤနှစ်ဝက်တာကာလအတွင်းမှာပင် ရှောင်မိုသည် မြို့ပေါင်းဆယ်မြို့ကို တောက်လျှောက် သိမ်းပိုက်နိုင်ခဲ့ပေသည်။

"ရှောင်မို"

မည်သူမျှ သတိထားမိမည်မဟုတ်သော ဤကဲ့သို့သောအမည်နာမတစ်ခုသည် ဝေ့တိုင်းပြည်ရှိ စစ်သည်တိုင်း၏ နားထဲသို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့ချေပြီ။

အကယ်၍ ချင်တိုင်းပြည်၏ ဘယ်ဘက်နှင့် အလယ်ဗဟို ပင်မတပ်မတော်ကြီးများသည် ဝေ့တိုင်းပြည်၏ နှလုံးသားထဲသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်လာသော သံမဏိဓားသွားတစ်လက်ဟု ဆိုနိုင်လျှင် ရှောင်မိုသည် လက်တစ်ဖက်တွင် လှံရှည်ကိုကိုင်ဆောင်ပြီး အခြားလက်တစ်ဖက်တွင် ဓားပျော့တစ်လက်ကို ကိုင်ဆောင်ထားသူပမာ ဖြစ်နေရာ သူ့ကို ကာကွယ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

သို့ရာတွင် ရှောင်မိုသည် အလွန်အမင်း ရုပ်ရည်ချောမောပြီး စာပေပညာရှင်တစ်ဦးနှင့် တူလွန်းသောကြောင့် စစ်မြေပြင်ပေါ်တွင် သတ်ဖြတ်လိုစိတ် ကင်းမဲ့နေသယောင်ဖြစ်နေပြီး ရန်သူ့တပ်ဖွဲ့များ၏ ရုပ်ဖြောင့်ဖြောင့် အခြောက်ကောင်လေးဟူသော ကဲ့ရဲ့လှောင်ပြောင်မှုများကို မကြာခဏ ခံခဲ့ရလေ၏။

ထို့ကြောင့် သေချာစဉ်းစားပြီးနောက် ရှောင်မိုသည် တပ်မတော်အတွင်းရှိ ပန်းဘဲဆရာများကို သူ့အတွက် ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာဖုံးတစ်ခုကို သွန်းလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

စစ်မြေပြင်သို့ ထွက်ခွာတိုင်း ရှောင်မိုက ဤမျက်နှာဖုံးကို ဝတ်ဆင်ကာ ပြေးဝင်သတ်ဖြတ်လေ့ရှိပေတော့သည်။

တစ်နေ့တွင် လဲ့မိသားစုမှ ကျင့်ကြံသူ ကျူးကျန့်သည် ဆီးနှင်းကြက်သွေးမြို့တော်အထက်သို့ ပျံသန်းသွားစဉ် ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရလေသည်။

သူမ အနီးသို့ ချဉ်းကပ်သွားသောအခါ မျက်နှာဖုံးစွပ်ထားသော စစ်သူကြီးတစ်ဦးက တပ်မတော်ကြီးကို ဦးဆောင်ကာ ဆီးနှင်းကြက်သွေးမြို့တော် တပ်မတော်နှင့် အပြင်းအထန် တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရ၏။

မျက်နှာဖုံးစွပ်စစ်သူကြီးသည် ကိုယ်ရံတော် သုံးရာကို ဦးဆောင်ကာ ရန်သူများ၏ ဗိုက်ကြောထဲသို့ ဝင်ထွက်ပြေးလွှားရင်း ယုံကြည်နိုင်စရာမရှိလောက်အောင် ရဲရင့်စွာ တိုက်ခိုက်နေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ထိုသို့ ပြေးဝင်တိုက်ခိုက်နေစဉ်မှာပင် သူက တစ်ခုလုံးသော စစ်မြေပြင်၏ အခြေအနေကို ဆုပ်ကိုင်ထားနိုင်စွမ်းရှိပြီး ကွပ်ကဲညွှန်ကြားမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကိုပါ လုပ်ဆောင်နေခဲ့ပေသည်။

နေ့တစ်ဝက်အကြာတွင် ဆီးနှင်းကြက်သွေးမြို့တော် တပ်မတော်သည် မျက်နှာဖုံးစွပ်အမျိုးသား ဦးဆောင်သော တပ်မတော်၏ ထိုးဖောက်ချေမှုန်းခြင်းကို ခံလိုက်ရလေ၏။

ဆီးနှင်းကြက်သွေးမြို့တော်မှ စစ်သည်များ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြချိန်တွင်ပင် ထိုအမျိုးသားက သူ၏ လှံရှည်ကို ဆုပ်ကိုင်ကာ မြင်းကိုဇက်ဆွဲ၍ ငြိမ်သက်စွာ ရပ်တန့်လိုက်သည်။ နေဝင်ဆည်းဆာ၏ ရောင်နီအောက်တွင် သူက လက်ကိုဆန့်တန်း၍ မျက်နှာဖုံးကို ချွတ်လိုက်ရာ သူ၏ မျက်နှာပေါ်လွင်လာပြီး တစ်စုံတစ်ခုကို ခံစားမိသွားသည့်အလား ကောင်းကင်ယံသို့ မော့ကြည့်လိုက်လေတော့သည်။

ထိုသူနှစ်ဦး အချင်းချင်း မျက်လုံးချင်း ဆုံသွားကြ၏။

ရှောင်မို၏ သားရဲဆိုးကြီးတစ်ကောင်ပမာ ရဲရင့်မှုနှင့် မျက်နှာဖုံးအောက်ရှိ ချောမောခန့်ညားမှုတို့၏ ခြားနားချက်က လဲ့မိသားစုမှ ကျင့်ကြံသူ ကျူးကျန့်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

ရှောင်မို ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်ငြား ကျူးကျန့်မှာ လေထဲတွင် ရပ်နေဆဲဖြစ်ပြီး ထိုအမျိုးသား၏ သွင်ပြင်လက္ခဏာကို သူမ၏ စိတ်ထဲမှ ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိခဲ့ချေ။

သုံးလကြာပြီးနောက် ကျူးကျန့်သည် ထိုမျက်နှာဖုံးစွပ်စစ်သူကြီးအတွက် စစ်မြေပြင်ကို အဓိကအကြောင်းအရာအဖြစ်ထားကာ "နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်း" ကို ရေးစပ်ခဲ့ပြီး လောကတစ်ခွင်လုံးသို့ တီးခတ်လွှင့်ပျံစေခဲ့လေ၏။

ရှောင်မိုကမူ ဤအကြောင်းကို လုံးဝ မသိရှိခဲ့ပေ။

ရှောင်မိုသည် နောက်ထပ် မြို့များစွာကို ဆက်လက်ဖြိုခွဲခဲ့ပြီး တစ်နှစ်အကြာတွင် ဝေ့တိုင်းပြည်၏ မြို့တော်၌ ပင်မတပ်မတော်ကြီးနှင့် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့ကာ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြသည်။

အဆုံးအဖြတ်တိုက်ပွဲမတိုင်မီ ညနေခင်းတွင်ဖြစ်ပေသည်။

ချင်ဟော်က ရှောင်မိုနှင့် အခြားစစ်သူကြီးများကို ခေါ်ယူ၍ မြို့သိမ်းတိုက်ပွဲ၏ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေစဉ် ကင်းထောက်တစ်ဦးက စစ်တဲအတွင်းသို့ ပြေးဝင်လာပြီး စာတစ်စောင်ကို ပေးအပ်ခဲ့လေ၏။

ချင်ဟော်က စာအိတ်ကိုဖောက်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲကိုပုတ်ကာ ဒေါသတကြီး ရယ်မောလိုက်လေသည်။ "ဒီရှောင်ယီရှဲက တကယ့်ကို သတ္တိကြီးပါလား"

ရှောင်ယီရှဲဟူသောအမည်ကို ကြားလိုက်ရသောအခါ လူတိုင်းက ရှောင်မိုကို ကြည့်လိုက်ကြ၏။

ရှောင်ယီရှဲသည် ရှောင်အိမ်တော်၏ ဒုတိယသခင်လေးဖြစ်ပြီး ရှောင်မို၏ ဒုတိယအစ်ကိုဖြစ်ကြောင်း လူတိုင်း သိရှိထားကြပေသည်။

ရှောင်မိုက စာအိတ်ကိုယူ၍ ဖတ်ကြည့်လိုက်သည်။ စာ၏အကြောင်းအရာမှာ အကြမ်းဖျင်းအားဖြင့် ဤသို့ဖြစ်၏။

ရှောင်ယီရှဲသည် မူလက ဝေ့တိုင်းပြည်ကို စောင့်ကြည့်ရန်သာ ဧကရာဇ်၏ အမိန့်တော်ရရှိထားခဲ့ခြင်းဖြစ်သော်လည်း ဝေ့တိုင်းပြည်မှာ ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီဖြစ်သောကြောင့် သူက နှင်းနင်းနဂါးမြင်းသည်တော် ၅,၀၀၀ ကို ဦးဆောင်လာခဲ့ပြီး တိုင်းပြည်ဖျက်ဆီးခြင်း အောင်ပွဲမှတ်တမ်းတွင် အစုရှယ်ယာတစ်ခု လိုချင်နေခြင်းပင်တည်း။

"စစ်သူကြီးရှောင်... ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဘယ်လိုမြင်လဲ" ချင်ဟော်က ရှောင်မိုကို ကြည့်လိုက်သည်။

ဤအချိန်တွင် ရှောင်မိုသည် အမည်ခံစစ်သူကြီးတစ်ဦးသာ ဖြစ်နေသေးသော်ငြား နှစ်များတစ်လျှောက် သူတည်ဆောက်ထားခဲ့သော ဂုဏ်သတင်းအရှိန်အဝါက တပ်မတော်အတွင်းရှိ လူတိုင်းကို သူ့အပေါ် ရင်ထဲအသည်းထဲမှ အပြည့်အဝ လေးစားအားကျသွားစေခဲ့လေပြီ။

ရှောင်မိုက ရှေ့သို့တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေးလိုက်၏။ "ကျွန်တော်မျိုး သံမဏိမြင်းသည်တော် ၅၀၀ ပဲ လိုအပ်ပါတယ်။ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ ဝေ့တိုင်းပြည်မြို့တော်ရဲ့ မိုင်တစ်ရာအတွင်း ခြေမချရဲအောင် ကျွန်တော်မျိုး သေချာပေါက် လုပ်ပြပါ့မယ်"

"ကောင်းပြီ"

ချင်ဟော်က ရှောင်မိုကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"သူက ကျန်းပေမင်းသားရဲ့ အမွေဆက်ခံသူဖြစ်နေရင်ရော ဘာဖြစ်သေးလဲ။

ရှောင်မို...

သွားပြီး တိုက်ခိုက်ချေစမ်း"

All Chapters