အခန်း (၃၅၇-၃၅၈)
Vol. 36 Ch. 357-358
အခန်း (၃၅၇)
ဝေ့တိုင်းပြည်၏ ထန်ဝမ်တောင်ကြားတံခါးမှ မိုင်နှစ်ဆယ်အကွာ၌ ဖြစ်ပေသည်။
အမျိုးသားတစ်ဦးက နှင်းဖြူရောင်မြင်းတစ်ကောင်ကို စီးနင်းကာ ငွေဖြူရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ဤမြင်းသည်တော် ငါးထောင်၏ ရှေ့ဆုံးမှနေ၍ ဦးဆောင်လာခဲ့လေ၏။
ထိုအမျိုးသား၏ နောက်ကွယ်တွင်မူ နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် တည်ကြည်ခန့်ညားကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြပြီး လရောင်က သူတို့အပေါ်သို့ ဖြာကျနေသောအခါ ငွေရောင်စစ်နတ်ဘုရားများ သို့မဟုတ် ကောင်းကင်စစ်သည်တော်များအလား ထင်မှတ်ရပေသည်။
သို့သော် ဤစစ်မြေပြင်တွင် ရင့်ကျက်နေသော စစ်သည်တော်များ၏ မျက်လုံးများထဲ၌ကား အထင်အမြင်သေးမှုနှင့် မကျေနပ်မှုအရိပ်အယောင်အချို့ ကိန်းဝပ်နေခဲ့လေ၏။
အထူးသဖြင့် ထိုအမျိုးသား၏ ဘေးတွင် လိုက်ပါလာသော ဒုတိယစစ်သူကြီးတစ်ဦးဖြစ်ပေသည်။ သူက မင်းသားကြီး၏ ဤဒုတိယသခင်လေးကို ကြည့်ကာ သူ၏ မြင်းဇက်ကြိုးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိခြင်းကို မတားဆီးနိုင်ခဲ့ချေ။
အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် သူက ထပ်မံ၍ စကားစလိုက်သည်။ "စစ်သူကြီးမင်း... ကျွန်တော်တို့ လုပ်သင့်တာက လရောင်မြို့ကို ကာကွယ်ပြီး ဝေ့မင်းဆက်ရဲ့ စစ်ကူတွေကို စောင့်ကြည့်နေဖို့ပါ။ အခု ဝေ့တိုင်းပြည်ရဲ့ အသည်းနှလုံးဆီကို ဦးတည်သွားနေတာက ကျွန်တော်တို့အတွက် မသင့်တော်ဘူးလို့ မထင်ဘူးလား"
"စစ်သူကြီးလီ... ခင်ဗျားက စိုးရိမ်လွန်းနေတာပါ"
ရှောင်အိမ်တော်၏ ဒုတိယသခင်လေးဖြစ်သူ ရှောင်ယီရှဲက ပြုံးလျက် ပြောလိုက်လေ၏။
"အခုဆို ဝေ့တိုင်းပြည်ရဲ့ အလုံးစုံအခြေအနေက တည်ငြိမ်သွားပြီလေ။ ပြီးတော့ ခမည်းတော်ကလည်း ဝေ့မင်းဆက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ နှင်းနင်းနဂါးမြင်းသည်တော် တစ်သိန်းကို ဦးဆောင်ပြီးသွားပြီပဲ။ ဝေ့မင်းဆက်က သူတို့ကိုယ်သူတို့တောင် မနည်းကာကွယ်နေရတာကို ဒီကို ဘယ်လိုလုပ် လာနိုင်မှာလဲ။ နှိုင်းယှဉ်ကြည့်ရရင် ဝေ့တိုင်းပြည်ရဲ့ မြို့တော်မှာလုပ်မယ့် နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲမှာ ရန်သူတွေက သေချာပေါက် သေမလိုရှင်မလို တိုက်ခိုက်ကြမှာပဲ။ ကျွန်တော်တို့ ယန်မင်းသားကြီးကို သွားကူညီတာက အမြင်ကျယ်ကျယ် ကြည့်ပြီး လုပ်တာပါ"
"..."
လီကျင်းအမည်ရသော ဒုတိယစစ်သူကြီး၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့လေသည်။
ရှောင်ယီရှဲက အလှပဆုံး စကားလုံးများကို သုံးကာ ပြောဆိုနေခဲ့၏။
အမှန်တကယ်တွင်မူ လီကျင်းက မည်သို့မသိဘဲ နေမည်နည်း။ ရှောင်ယီရှဲသည် အမှန်တကယ်အားဖြင့် ယန်မင်းသားကြီး၏ တိုင်းပြည်ဖျက်ဆီးခြင်း အောင်ပွဲမှတ်တမ်းထဲမှ အစုရှယ်ယာတစ်ခုကို လုယူချင်နေခြင်းပင်။ ဤသည်က လီကျင်းအား အလွန်အမင်း ရွံရှာသွားစေခဲ့ပေသည်။
မည်သို့ပင်ဆိုစေ သူ၏ နှင်းနင်းနဂါးမြင်းသည်တော်များသည် အမြဲတမ်း အခက်ခဲဆုံး တိုက်ပွဲများကိုသာ ဆင်နွှဲခဲ့ကြပြီး အခြားသူတစ်ယောက်၏ အောင်ပွဲများကို လုယူရန် သို့မဟုတ် အခြားသူတစ်ယောက်၏ ဟင်းရည်ကို ခိုးသောက်ရန် မည်သည့်အချိန်ကများ လိုအပ်ခဲ့ဖူးပါသနည်း။
သို့ရာတွင် လီကျင်းမှာ နောက်ထပ် တစ်စုံတစ်ရာ ပြောဆိုရန် ခက်ခဲနေခဲ့လေ၏။
မင်းသားကြီးက ဤနှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်၏ အလုံးစုံအာဏာကို ဤဒုတိယသခင်လေးထံသို့ အပ်နှင်းခဲ့ပြီး သူ၏ အမိန့်ကိုနာခံရန် အမိန့်ပေးထားခဲ့ရာ သူအနေဖြင့် နာခံရုံမှတစ်ပါး အခြားမရှိခဲ့ပေ။
မူလက မင်းသားကြီး၏ ရည်ရွယ်ချက်မှာ သူ့ကို လရောင်မြို့၌ တပ်စွဲထားရန် ဖြစ်သည်။ ဤတာဝန်မှာ အလွန်ရိုးရှင်းလှပြီး အမှားအယွင်းမရှိပါက အောင်ပွဲရရှိမည်သာတည်း။ သို့သော် ဤဒုတိယသခင်လေးက ကြီးကျယ်ခမ်းနားမှုနှင့် အောင်မြင်မှုများကို ရည်မှန်းနေခဲ့ရာ တကယ်ကိုပင် အရှက်ရဖွယ် ကောင်းလှချေပြီ။
သို့သော် လီကျင်း၏ နှလုံးသားထဲတွင် ခံစားချက်အချို့ ဖြစ်ပေါ်နေခဲ့သည်။
မင်းသားကြီးနှင့် ယခင် ကျန်းပေမင်းသားတို့ မည်မျှပင် ရဲရင့်ပြီး ဉာဏ်ပညာကြီးမားခဲ့ကြောင်းကို တွေးတောမိလိုက်သောအခါ ရှောင်မင်းသားအိမ်တော်က ဤမျိုးဆက်တွင် မည်သို့များ ဤသို့ အဆုံးသတ်သွားရသနည်း။
ဘယ်လိုမျိုးနွယ်စုပဲဖြစ်ဖြစ် ၎င်း၏ ကံကြမ္မာမှာ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချက်ရှိနေသည်ဟုသာ ပြောရပေတော့မည်။
ရှောင်ယီရှဲက နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်ကို ဦးဆောင်ကာ ထန်ဝမ်တောင်ကြားတံခါးအောက်သို့ ရောက်ရှိလာချိန်တွင် ဖြစ်ပေသည်။
လီကျင်းက မော့ကြည့်လိုက်ရာ မြို့တံခါးရှေ့၌ လှံရှည်တစ်လက်ကို ကိုင်ဆောင်လျက် မတ်မတ်ရပ်နေသော မျက်နှာဖုံးစွပ်အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေ၏။
ထိုအမျိုးသား၏ နောက်ကွယ်တွင်မူ မြင်းသည်တော် ငါးရာက အစီအရင်ဖြင့် တန်းစီနေကြပြီး စစ်သည်နှင့် မြင်းတိုင်းမှာ ရုပ်တုများပမာ မလှုပ်မယှက် ရှိနေကြလေသည်။
တစ်ဖက်လူ၏ စစ်ဝတ်စုံနှင့် အလံတော်ကို ကြည့်လိုက်သောအခါ ရှောင်ယီရှဲက ၎င်းမှာ ချင်ဟော်၏ တပ်ဖွဲ့ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားပြီး ဤမြင်းသည်တော် ငါးရာက ချင်ဟော်၏ ကိုယ်ပိုင်တပ်မတော်ဖြစ်ကြောင်း သိရှိသွားခဲ့သည်။
"ငါက ကျန်းပေမင်းသားအိမ်တော်ရဲ့ ဒုတိယသခင်လေး ရှောင်ယီရှဲပဲ။ ယန်မင်းသားကြီးကို ကူညီဖို့ နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်ကို ဦးဆောင်လာတာ"
ရှောင်ယီရှဲက အာသုရာမျက်နှာဖုံးစွပ်ထားသော အမျိုးသားကို အော်ဟစ်ပြောဆိုလိုက်လေ၏။
ရှောင်မိုက သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်။
လရောင်အောက်တွင် ရှောင်မို ထုတ်ဖော်ပြသလိုက်သော ချောမောခန့်ညားသည့် မျက်နှာလေးကြောင့် နှင်းနင်းနဂါးမြင်းသည်တော် အများအပြားမှာ အနည်းငယ် မှင်တက်သွားခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရုပ်ရည်သွင်ပြင်မှာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့်ပင်။
သို့သော် လူအများစုမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်ကြလေ၏။
လောကတစ်ခွင်လုံးကို မဆိုထားနှင့် ဝေ့တိုင်းပြည်အတွင်း၌ပင် ချင်တိုင်းပြည်တွင် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးလို မျက်နှာဖုံးဝတ်ဆင်ထားပြီး ချွတ်လိုက်တဲ့အခါ သန့်စင်တဲ့ စာပေပညာရှင်တစ်ယောက်လို ဖြစ်နေသော စစ်သူကြီးတစ်ဦးရှိကြောင်း မည်သူကများ မသိဘဲ နေမည်နည်း။
ရှောင်မိုက ရှောင်ယီရှဲကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ "ဝေ့တိုင်းပြည်ရဲ့ မြို့တော်က အရှင်မင်းရဲ့ အကူအညီကို မလိုအပ်ပါဘူး။ အရှင်မင်းအနေနဲ့ လရောင်မြို့ကို ပြန်သွားပြီး ဝေ့မင်းဆက်ကို သေချာ စောင့်ကြည့်နေတာ ပိုကောင်းပါလိမ့်မယ်။ ရှေ့ကို နောက်ထပ် တစ်လှမ်းမှ တိုးဖို့ မလိုအပ်ပါဘူး"
ရှောင်ယီရှဲ၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့သည်။ "ငါက ရှေ့ကို ဆက်တိုးမယ်လို့ တင်းခံနေရင်ရော"
ရှောင်ယီရှဲ၏ အသံက မြို့ရိုးအောက်တွင် ပဲ့တင်ထပ်သွားလေ၏။ ရှောင်မိုက ပြန်လည်မဖြေကြားဘဲ သူ၏ မျက်နှာဖုံးကို ဖြည်းညင်းစွာ ပြန်လည် ဝတ်ဆင်လိုက်သည်။
ရှောင်မို၏ မျက်နှာဖုံးက မျက်နှာကို ဖုံးအုပ်သွားသည့် အခိုက်အတန့်မှာပင် မြင်းသည်တော် ငါးရာစလုံးက သူတို့၏ လှံရှည်များကို မြှောက်တင်ကာ တစ်ဖက်လူဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်ကြလေပြီ။ သူတို့၏ လှုပ်ရှားမှုများက အပြည့်အဝ ညီညာနေပြီး လှံထိပ်ဖျားတိုင်းက အမြင့်တူညီစွာဖြင့် ရှိနေကြပေသည်။
"ရှောင်မို... မင်းက ကိုယ်လုပ်တော်က မွေးလာတဲ့ မျိုးမစစ်သားတစ်ယောက်ပဲ။ ငါ့ကို တားဆီးရဲတဲ့ သတ္တိမျိုးတောင် ရှိနေတာလား"
ရှောင်ယီရှဲက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
မကြာသေးမီက နာမည်ကြီးနေသော နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်းထဲတွင် ဖော်ပြထားသည့် မျက်နှာဖုံးစွပ်စစ်သူကြီးမှာ သူ၏ တတိယညီဖြစ်သူ၊ သူတစ်ခါမျှ အရေးတယူမလုပ်ခဲ့ဖူးသော ကိုယ်လုပ်တော်၏သား ဖြစ်ကြောင်းကို သဘာဝကျကျပင် သူ သိရှိထားခဲ့ပေသည်။
ထိုအချက်ကြောင့်ပင် ရှောင်ယီရှဲမှာ ပို၍ ဒေါသထွက်နေခဲ့ရခြင်း ဖြစ်ချေသည်။
သူ၏ အစ်ကိုကြီးက သူတို့၏ ခမည်းတော်ထံမှ ပိုမို အလေးပေးခံရခြင်းမှာ ကိစ္စမရှိသော်ငြား ကိုယ်လုပ်တော်၏သားက သူ့ထက် ပိုနာမည်ကြီးနေရခြင်းမှာ အဘယ်ကြောင့်နည်း။ သူ့ထက် ပို၍ အောင်မြင်မှုများ ရရှိနေရခြင်းမှာ အဘယ်ကြောင့်နည်း။
အိမ်ကိုပြန်ရောက်သောအခါ သူ့ကိုယ်သူ ဘယ်လိုမျက်နှာမျိုးနှင့် ရင်ဆိုင်ရမည်နည်း။
"ဒါက စစ်မိန့်ပဲ"
ရှောင်မိုက မည်သည့် ကိုယ်ရေးကိုယ်တာ ခံစားချက်မျှ မပါဝင်ဘဲ အေးစက်စွာ ပြောလိုက်လေ၏။
"ငါ နောက်ဆုံးအကြိမ် ထပ်ပြောမယ်။ ကျေးဇူးပြုပြီး ပြန်သွားပါ"
သူ၏ ဒုတိယအစ်ကိုဆိုသူမှာ သိပ်ပြီး ဉာဏ်ကောင်းပုံမရကြောင်း ရှောင်မို တွေ့ရှိလိုက်ရပြီး အလိုလိုက်ခံထားရသော ကလေးဆိုးတစ်ယောက်လိုပင် ခံစားလိုက်ရသည်။
"နှင်းနင်းနဂါးမြင်းသည်တော်တွေ... တိုက်ခိုက်ကြစမ်း" ရှောင်ယီရှဲက ထိန်းချုပ်မှုမဲ့စွာဖြင့် ဟိန်းဟောက်လိုက်လေ၏။
သို့သော် သူ အော်ဟစ်ပြီးသွားသောအခါ နှင်းနင်းနဂါးမြင်းသည်တော်များမှာ သူ၏ အမိန့်ကို လုံးဝ မကြားလိုက်ရသည့်အလား မလှုပ်မယှက် ရှိနေခဲ့ကြပေသည်။
လီကျင်းက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။ "စစ်သူကြီးမင်း... ချင်တိုင်းပြည်ရဲ့ တပ်မတော်သုံးရပ် ဥပဒေတွေအရ ရဲဘော်ရဲဘက်တွေ အချင်းချင်း သတ်ဖြတ်ခွင့် မရှိပါဘူး။ မကျေနပ်မှုတွေ ရှိနေရင်တော့ တပ်မှူးတွေ ကိုယ်တိုင် ဖြေရှင်းနိုင်ပါတယ်"
"ကောင်းပြီလေ ငါ ဒီကိုယ်လုပ်တော်ရဲ့သားကို သတ်ပြီး မျိုးနွယ်စုကို ရှင်းလင်းပေးရတာပေါ့" ရှောင်ယီရှဲက သူ၏ စစ်မြင်းကို ခြေထောက်ဖြင့်ညှပ်ကာ ရှေ့သို့ ပြေးဝင်လာပြီး သူ၏ ဓားရှည်ကြီးဖြင့် ရှောင်မိုထံသို့ ခုတ်ချလိုက်လေသည်။
ရှောင်မိုကလည်း သဘာဝကျကျပင် ရင်ဆိုင်တိုက်ခိုက်လိုက်၏။
နှစ်ဖက်စလုံးက အဆင့်တူညီနေကြသော်ငြား ရှောင်ယီရှဲမှာ ရှောင်မိုနှင့် လုံးဝ ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
အချီနှစ်ဆယ်အတွင်းမှာပင် ရှောင်မိုက သူ၏ လှံရှည်ကို ဝှေ့ယမ်းကာ တစ်ဖက်လူကို စစ်မြင်းပေါ်မှ တိုက်ရိုက် ရိုက်ချလိုက်လေတော့သည်။
ရှောင်ယီရှဲက ထပ်မံထရန် ကြိုးစားလိုက်ချိန်တွင် ရှောင်မို၏ သံဖိနပ်က သူ၏ ရင်ဘတ်ပေါ်သို့ နင်းထားလိုက်ပြီး လှံရှည်ကလည်း သူ၏ လည်ချောင်းဆီသို့ ချိန်ရွယ်ထားပြီး ဖြစ်နေခဲ့ချေပြီ။
အကယ်၍ ရှောင်မိုသာ နောက်ထပ် လက်မဝက်ခန့် ရှေ့သို့တိုးလိုက်ပါက သွေးများ နေရာအနှံ့သို့ ပန်းထွက်သွားမည်သာ။
"ရှောင်မို... မင်း ငါ့ကို သတ်ရဲရင် သတ်ကြည့်လိုက်စမ်း" ရှောင်ယီရှဲက အရှက်ရမှုမှ ဒေါသအဖြစ်ပြောင်းသွားကာ ဟိန်းဟောက်လိုက်လေ၏။
"ငါ မသတ်ရဲဘူးလို့ ထင်နေတာလား" မျက်နှာဖုံးအောက်ရှိ ရှောင်မို၏ မျက်လုံးများက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ရှောင်ယီရှဲမှာ တစ်ကိုယ်လုံး အေးစက်တုန်ယင်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူ နောက်ထပ် စကားတစ်ခွန်းမျှ ထပ်ပြောလိုက်ပါက ရှောင်မိုက သူ့ကို တကယ်ပင် သတ်ပစ်လိမ့်မည်ဟု ခံစားလိုက်ရသောကြောင့်ပင်။
"ထွက်သွားစမ်း။ ထန်ဝမ်တောင်ကြားတံခါးကို နောက်တစ်လှမ်း ထပ်တိုးရဲရင် မင်းကို ငါ သတ်ပစ်မယ်"
ရှောင်မိုက ကန်ကျောက်လိုက်ရာ ရှောင်ယီရှဲ၏ အရိုးများ ကျိုးကြေသွားသံများကို ကြားလိုက်ရလေ၏။ ထို့နောက် သူသည် နှင်းနင်းနဂါးမြင်းသည်တော်များ၏ အစီအရင်အတွင်းသို့ အမြောက်ဆံတစ်လုံးပမာ လွင့်စင်သွားတော့သည်။
သို့သော် မည်သည့် စစ်သည်တော်တစ်ဦးကမျှ ရှောင်ယီရှဲကို ငုံ့၍ပင် မကြည့်ခဲ့ကြချေ။
နောက်ဆုံးတွင် လီကျင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး သတိလစ်နေသော ရှောင်ယီရှဲကို ကောက်ယူကာ မြင်းကျောပေါ်သို့ တင်ခိုင်းလိုက်လေ၏။
လီကျင်းက မနီးမဝေးရှိ ရှောင်မိုနှင့် မြင်းသည်တော် ငါးရာကို ကြည့်ကာ မေးလိုက်သည်။ "အကယ်၍ ငါက ထန်ဝမ်တောင်ကြားတံခါးကို အတင်းအဓမ္မ ဖြတ်သန်းသွားမယ်ဆိုရင် ဒီမြင်းသည်တော် ငါးရာက ငါ့ရဲ့ မြင်းသည်တော် ငါးထောင်ကို တားဆီးနိုင်မယ်လို့ စစ်သူကြီးရှောင်က ထင်သလား"
ရှောင်မိုက ပြုံးလိုက်၏။ "စစ်သူကြီးလီ ကိုယ်တိုင် ဦးဆောင်လာမယ်ဆိုရင်တော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ အဲဒီ အသုံးမကျတဲ့ ရှောင်ယီရှဲ ဆိုရင်တော့ လူငါးယောက်တောင် များနေပါသေးတယ်"
"ဟားဟားဟား"
လီကျင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် လက်ကို ကြီးမားစွာ ဝှေ့ယမ်းလိုက်လေသည်။
"ဆုတ်ခွာကြ။ လရောင်မြို့ကို ပြန်မယ်"
"ဟုတ်ကဲ့ပါ"
နှင်းနင်းနဂါးမြင်းသည်တော် ငါးထောင်က တစ်သံတည်း ဟစ်ကြွေးလိုက်ကြပြီး နောက်လှည့်သွားကြလေ၏။ သူတို့၏ စည်းကမ်းမှာ လုံးဝကို တင်းကျပ်လှပြီး အပိုလှုပ်ရှားမှုဟူ၍ တစ်ခုမျှ မရှိခဲ့ချေ။
"လူတိုင်းက ဒီနှင်းနင်းနဂါးမြင်းသည်တော်တွေကို လိုချင်နေကြတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။ အကြောင်းပြချက်မရှိဘဲ ဖြစ်လာတာမှ မဟုတ်တာ"
ရှောင်မိုက မြင်းကို ဇက်ဆွဲလိုက်ပြီး သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ ပြန်လည်ထွက်ခွာသွားလေတော့သည်။
လီကျင်းက မြင်းကျောပေါ်တွင် သတိလစ်နေသော ရှောင်ယီရှဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်မို၏ မြင့်မားဖြောင့်မတ်လှသော ကျောပြင်ကို ပြန်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားလေ၏။
မင်းသားကြီး မွေးဖွားခဲ့တဲ့ သားတော်တွေထဲမှာ အရည်အချင်းရှိတဲ့သူ တစ်ယောက်တော့ ရှိနေသေးပုံရပါတယ်။
အခန်း (၃၅၈)
ရှောင်မိုက တပ်မတော်ကြီးကို ဦးဆောင်ကာ ဝေ့တိုင်းပြည် မြို့တော်၏ မြို့ရိုးများအောက်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြို့ရံတိုက်ပွဲမှာ စတင်နေပြီဖြစ်သည်။
ချင်ဟော်သည် ဝေ့တိုင်းပြည်၏ မြို့တော်ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ယခုအချိန်၌မူ အချိန်က ချင်ဟော်၏ဘက်တွင် ရှိနေခဲ့လေ၏။
သူသည် မြို့တော်အတွင်းရှိ စစ်သည်များ၏ စိတ်ဓာတ်ခွန်အားကို ဖြည်းဖြည်းချင်း လျှော့ချပစ်ကာ သူတို့၏ ရိက္ခာများကို ကုန်ခန်းသွားစေချင်ခဲ့သည်။ ထိုအရာက အသားကို ဖြည်းဖြည်းချင်း လှီးဖြတ်နေသော ဓားတစ်လက်ပမာ ပြိုင်ဘက်ကို တဖြည်းဖြည်းချင်း သတ်ဖြတ်နေခြင်းပင် ဖြစ်ပေ၏။
ထို့အပြင် မဟာစစ်ပွဲကြီး စတင်ကတည်းက ချင်ဟော်သည် သာမန်ပြည်သူများကို တစ်ခါမျှ အနှောင့်အယှက် မပေးခဲ့သည့်အပြင် စစ်သုံ့ပန်းများကိုပင် ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့် သူ၏ ဂုဏ်သတင်းမှာ အတော်လေး ကောင်းမွန်နေခဲ့လေသည်။
ထို့ကြောင့်ပင် မြို့တွင်းရှိ သာမန်ပြည်သူများနှင့် စစ်သည်တော် အများစုကြားရှိ ခုခံလိုစိတ်မှာ ထိုမျှလောက် ခိုင်မာနေခြင်း မရှိခဲ့ပေ။
တစ်လ ကုန်လွန်သွားခဲ့၏။
ဝေ့တိုင်းပြည် မြို့တော်၏ တံခါးကြီးများ ပွင့်ဟသွားပြီး ဝေ့တိုင်းပြည်ရဲ့ဘုရင်က အင်ပါယာတံဆိပ်တုံးကို ကိုင်ဆောင်လျက် နန်းတွင်းအမတ်များနှင့် စစ်သူကြီးများကို ဦးဆောင်ကာ လက်နက်ချအညံ့ခံရန် မြို့အပြင်သို့ ထွက်လာခဲ့လေတော့သည်။
ချင်ဟော်က ရှောင်မိုနှင့် အခြားစစ်သူကြီးများနှင့်အတူ လက်နက်ချမှုကို လက်ခံခဲ့လေ၏။
ထိုအချိန်မှစ၍ ဝေ့တိုင်းပြည်မှာ ပျက်သုဉ်းသွားခဲ့ချေပြီ။
ဝေ့တိုင်းပြည်သည် ချင်တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ဝေ့တိုင်းပြည်ရဲ့ဘုရင်နှင့် အမတ်များ၊ စစ်သူကြီးများကိုမူ ချင်တိုင်းပြည် နန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ဘာမှမမျှော်လင့်ထားတာ မဖြစ်လာခဲ့ဘူးဆိုရင်...
ဝေ့တိုင်းပြည်မှ အရည်အချင်းရှိသော အမတ်များသည် အစိုးရအဖွဲ့အတွင်းသို့ ပေါင်းစည်းခံရမည် ဖြစ်သည်။
ဝေ့တိုင်းပြည်ရဲ့ဘုရင်ကိုမူ တာဝန်မဲ့မင်းသားတစ်ပါးအဖြစ် ဘွဲ့တံဆိပ်တစ်ခု ချီးမြှင့်မည်ဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦး၏ ဘဝမျိုးဖြင့် နေထိုင်ခွင့်ပြုမည် ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေ ဝေ့တိုင်းပြည်ရဲ့ဘုရင်ကို ယခုအချိန်တွင် သတ်ဖြတ်လိုက်ခြင်းက မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိ ဝေ့တိုင်းပြည်ရဲ့ဘုရင်သည် ကောင်းမွန်သော စံနမူနာတစ်ခုအဖြစ် တည်ရှိနေနိုင်ပြီး အနာဂတ်တွင် ခုခံလိုသော အခြားတိုင်းပြည်များမှ အုပ်စိုးရှင်များကို တွေဝေသွားစေနိုင်ပေသည်။
အောင်ပွဲခံစားသောက်ပွဲ ပြီးဆုံးပြီးနောက် ချင်ဟော်သည် ဝေ့တိုင်းပြည်၏ မြို့တော်ကို စောင့်ကြပ်ရန် တပ်မတော်သား ငါးသောင်းကို ချန်ထားရစ်ခဲ့ပြီး ရှောင်မိုကို ဦးဆောင်ကာ နန်းတော်သို့ ပြန်လည် ထွက်ခွာလာခဲ့လေ၏။
ယခုအချိန်၌ မဟာစစ်ပွဲကြီး စတင်ခဲ့သည်မှာ လေးနှစ်တိတိ ပြည့်မြောက်သွားခဲ့ချေပြီ။
ရှောင်မိုသည်လည်း အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်မှ စစ်မှန်သော အမျိုးသားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပေသည်။
ချင်တိုင်းပြည် နန်းတော်၊ တော်ဝင်စာကြည့်ဆောင်။
ရှောင်မိုနှင့် အခြားသူများသည် မြို့တော်သို့ ပြန်လည်မရောက်ရှိသေးသော်ငြား တိုက်ပွဲအစီရင်ခံစာမှာ ချင်တိုင်းပြည်ရဲ့ဘုရင်၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
လက်ထဲရှိ တိုက်ပွဲအစီရင်ခံစာကို ကြည့်ကာ ချင်တိုင်းပြည်ရဲ့ဘုရင်မှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပေသည်။
သူက "ကောင်းတယ်" ဟူသော စကားလုံးကို သုံးခါဆက်တိုက် ရေရွတ်လိုက်လေ၏။
"အရင်တုန်းက ရှုံတိုင်းပြည် ပျက်သုဉ်းသွားတုန်းကတောင် အရှင်မင်းကြီး ဒီလောက် မပျော်ရွှင်ခဲ့ပါဘူး"
အနီးအနားတွင် ခစားနေသော မိဖုရားကြီးရှီက ပြုံးလျက် ချင်တိုင်းပြည်ရဲ့ဘုရင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"ဟားဟားဟား ငါကိုယ်တော်ကို အပျော်ရွှင်ဆုံးဖြစ်စေတာက ဝေ့တိုင်းပြည် ပျက်သုဉ်းသွားတာတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီရှောင်မိုဆိုတဲ့ ကောင်လေးကြောင့်ပဲ"
ချင်တိုင်းပြည်ရဲ့ဘုရင်က ပြုံးလိုက်ပြီး တိုက်ပွဲအစီရင်ခံစာကို လှမ်းပေးလိုက်လေ၏။
"ဒီလေးနှစ်အတွင်းမှာ ဒီကောင်လေးက မြို့ပေါင်း နှစ်ဆယ့်တစ်မြို့ကို ဖြိုခွဲနိုင်ခဲ့တယ်။ ပြီးတော့ သူက အရမ်းချောမောလွန်းလို့ ယွဲ့မျိုးနွယ်စုက ကျင့်ကြံသူတစ်ယောက်က သူ့ကို သတိထားမိသွားပြီး နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်း ကို ရေးစပ်ခဲ့တယ်။ အခုဆို အဲဒီသီချင်းက လောကတစ်ခွင်လုံးကို တဖြည်းဖြည်း ပျံ့နှံ့နေပြီလေ။
တိုင်းပြည်တစ်ခုကို ဖျက်ဆီးပစ်ရတဲ့ စစ်ပွဲက ဒီကောင်လေးကို လူတိုင်းရဲ့ အာရုံစိုက်မှုအားလုံး ရရှိသွားစေခဲ့တာ အမှန်ပဲ။
မိဖုရားကြီး ပြောပါဦး... ငါကိုယ်တော်က သူ့ကို ဘယ်လို ဆုချီးမြှင့်သင့်လဲ"
အရှင်မင်းကြီး၏ ဂုဏ်ယူနေသော အမူအရာကို မြင်လိုက်ရသောအခါ မိဖုရားကြီးရှီက သူ တကယ်ကို ပျော်ရွှင်နေကြောင်း သိလိုက်လေ၏။ "အရှင်မင်းကြီးက သူ့ကို ဘယ်လိုဆုချီးမြှင့်မလဲဆိုတာ ကျွန်မက ဘယ်လိုလုပ် ဝင်ပြောရဲပါ့မလဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ရှောင်မိုကို မြို့စားတစ်ယောက်အဖြစ် ဘွဲ့ပေးလိုက်တာက သိပ်ပြီးတော့ လွန်ကျူးရာ မရောက်ပါဘူး"
"အမှန်ပဲ" ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းညိတ်လိုက်သည်။ "အသက်နှစ်ဆယ်အရွယ် မြို့စားတစ်ယောက်လေ။ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် လောကက လူတိုင်း မေးရိုးတွေ ပြုတ်ကျသွားလိမ့်မယ်"
"ဒါပေမဲ့" ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏လေသံကို ပြောင်းလိုက်၏။ "ငါကိုယ်တော်တို့မှာ ဒီထက်ပိုကောင်းတဲ့ ဆုလာဘ်တစ်ခု ရှိနေတယ်"
ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းလှည့်ကာ မိဖုရားကြီးရှီကို မေးလိုက်လေသည်။ "ရွှေအာ... ရှောင်မိုက ရှောင်အိမ်တော်က တရားဝင်ဇနီးရဲ့ သားနှစ်ယောက်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲလို့ မင်းထင်သလဲ"
"..."
"..."
ချင်တိုင်းပြည်ရဲ့ဘုရင် စကားပြောအပြီးတွင် မိဖုရားကြီးရှီမှာ လန့်ဖျပ်သွားပြီး အရှင်မင်းကြီး၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့ပေသည်။
ကျန်းပေမင်းသား၏ အိမ်တော်သည် ရာထူးအမွေဆက်ခံခွင့်ကို ပိုင်ဆိုင်ထားပြီး နှင်းနင်းနဂါးမြင်းသည်တော်များကို ထိန်းချုပ်ထားခဲ့သည်မှာ ယခုဆိုလျှင် စတုတ္ထမျိုးဆက်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေ၏။
ချင်တိုင်းပြည်အတွင်း၌ နှင်းနင်းနဂါးမြင်းသည်တော်များသည် ကျန်းပေမင်းသားအိမ်တော်၏ ကိုယ်ပိုင်တပ်မတော်ဖြစ်လာပြီဟုပင် ကောလာဟလများ ထွက်ပေါ်နေခဲ့ပေသည်။
ကျန်းပေမင်းသားမှာ ပုန်ကန်လိုစိတ် မရှိခဲ့ဘဲ စစ်ရေးအောင်မြင်မှုများစွာကိုပင် ရရှိခဲ့သော်ငြား အရှင်မင်းကြီးအနေဖြင့် မည်သို့များ အလုံးစုံ စိတ်ချလက်ချ ရှိနိုင်ပါမည်နည်း။
သို့ရာတွင် အကယ်၍သာ... မူလက မည်သည့် အရည်အချင်းမျှမရှိခဲ့သော ရှောင်မိုက နှင်းနင်းနဂါးမြင်းသည်တော်များကို ထိန်းချုပ်လိုက်မည်ဆိုပါက...
ပထမအချက်အနေဖြင့် ရှောင်မိုသည် ကျန်းပေမင်းသား၏သား၊ ရှောင်အိမ်တော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျန်းပေမင်းသား၏ သွေးဆက်နွယ်မှုကို သယ်ဆောင်ထားသူ ဖြစ်ပေသည်။
ဒုတိယအချက်အနေဖြင့် ရှောင်မိုကို အရှင်မင်းကြီး ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်၏။ အရှင်မင်းကြီး၏ ကျေးဇူးတော်က ရှောင်မိုအတွက် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာခြင်းနှင့် တူညီနေပေသည်။
ထိုသို့ဆိုလျှင် ပထမအချက်အနေဖြင့် ရှောင်မိုကဲ့သို့သော ထူးချွန်ပြောင်မြောက်သည့် စစ်သူကြီးတစ်ဦး၏ သစ္စာခံမှုကို ရရှိမည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် နှင်းနင်းနဂါးမြင်းသည်တော်များကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်လိုက်သည်နှင့် တူညီသွားပေမည်။
၎င်းသည် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချလိုက်ခြင်းပင်တည်း။
"အရှင်မင်းကြီးကို ဖြေကြားပါရစေ။ ရှောင်မင်းသားအိမ်တော်က တရားဝင်ဇနီးရဲ့ သားနှစ်ယောက်နဲ့ ယှဉ်လိုက်ရင် ရှောင်မိုက သဘာဝကျကျပင် ပိုသာပါတယ်" ဟု မိဖုရားကြီးရှီက ပြန်လည်ဖြေကြားလိုက်လေ၏။
"အင်း"
ချင်တိုင်းပြည်ရဲ့ဘုရင်က ခေါင်းညိတ်ကာ သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။
"ငါကိုယ်တော် ဒါကို သေချာစဉ်းစားရဦးမယ်။ ချင်ဟော်နဲ့ ရှောင်မိုတို့ နန်းတော်ကို ပြန်ရောက်လာတဲ့အထိ စောင့်ကြတာပေါ့"
"ဆီးနှင်းကြက်သွေးမြို့ရိုးအောက်မှာ တပ်မတော်နှစ်ရပ်က ရင်ဆိုင်တိုက်ခိုက်ကြပြီး စစ်ဗုံသံတွေက ကောင်းကင်ယံအထိ တုန်လှုပ်သွားစေတယ်လို့ ဆိုကြတယ်"
"အဲဒီအချိန်လေးမှာပဲ စစ်သူကြီးလူငယ်လေးတစ်ယောက်က စစ်မြင်းတစ်ကောင်ကို စီးနင်းပြီး လှံရှည်တစ်လက်ကို ကိုင်ဆောင်လျက် ရန်သူ့တပ်ဖွဲ့တွေကြားထဲကို ပြေးဝင်လာခဲ့တယ်"
"စစ်သူကြီးလူငယ်လေးက ဝင်ထွက်ပြေးလွှား တိုက်ခိုက်နေတာများ စစ်နတ်ဘုရားတစ်ပါးလိုပဲ။ အာသုရာမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး စစ်မြေပြင်ပေါ်က ရန်သူတွေရဲ့ အသက်တွေကို ရိတ်သိမ်းပစ်နေတော့တာပေါ့"
"ဆီးနှင်းကြက်သွေးမြို့တော် တပ်မတော်က တစ်စမှမကျန်အောင် အသတ်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်သွားကြတယ်။ အဲဒီနောက်မှာ စစ်သူကြီးလူငယ်လေးက မြင်းကို ဇက်ဆွဲလိုက်ပြီး လှံကိုကိုင်ကာ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ ပြိုင်ဘက်ကင်းလောက်အောင် ချောမောခန့်ညားတဲ့ မျက်နှာလေးတစ်ခု ပေါ်လွင်လာခဲ့တယ်"
"စကားပုံတစ်ခုရှိသလိုပေါ့..."
"သံချပ်ကာရဲ့ အေးစက်တဲ့အလင်းရောင်က လမင်းရဲ့ ဝိုင်းစက်တဲ့ရောင်ခြည်ကို ရောင်ပြန်ဟပ်နေပြီး လှံကိုကိုင်ကာ ခုန်ပေါက်နေတဲ့ မြင်းနဲ့အတူ စစ်ပွဲရဲ့ ဖုန်မှုန့်တွေကြားထဲကို ဖြတ်သန်းသွားလိမ့်မယ်"
"တပ်မတော်သား တစ်ထောင်ဟာ လေနဲ့မိုးကြိုးတွေ တိုက်ခတ်လာသလို ကွဲထွက်သွားပြီး လှံတစ်ချက်တည်းက တောင်တွေနဲ့ ပင်လယ်တွေရဲ့ နွေဦးကို ဒီနေ့မှာ ပြားချပ်သွားစေတယ်"
"ညတစ်ညလုံး သွေးထွက်သံယို တိုက်ခိုက်ပြီးနောက်မှာတော့ နောက်ဆုံးမှာ ရန်သူ့ခံစစ်မျဉ်းကို ဖြိုခွဲနိုင်ခဲ့တယ်။ သံခမောက်ကို တစ်ဝက်လောက် ချွတ်လိုက်တဲ့အခါ နတ်ဘုရားတစ်ပါးလို မျက်နှာလေးကို မြင်တွေ့လိုက်ရတယ်"
"ရန်သူ့ခေါင်းဆောင်က ဒီလိုမျိုး အလှတရားရဲ့ ကျက်သရေရှိမှုကို မျှော်လင့်မထားခဲ့ဘူး။ အခုတော့ သရဲတစ္ဆေတစ်သောင်း မျက်နှာမဲ့နေတဲ့ မရဏကမ္ဘာကို ပို့ဆောင်ခံလိုက်ရပြီလေ"
"ကောင်းတယ်"
"ဆုချလိုက်စမ်း"
"နောက်တစ်ခေါက် ပြန်ပြောပြပါဦး။ အဘိုးကြီး ခင်ဗျားတစ်ယောက်တည်းကမှ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းအောင် ပြောပြနိုင်တာ"
လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ ပုံပြင်ပြောသူတစ်ဦးက ရှောင်မို၏ ဆီးနှင်းကြက်သွေးမြို့တော် တိုက်ပွဲအကြောင်းကို ပြန်လည်ပြောပြနေခဲ့ရာ နားထောင်သူများထံမှ အားပေးသံများကို ရရှိနေခဲ့လေ၏။
လက်ဖက်ရည်ဆိုင်၏ ထောင့်တစ်နေရာတွင်မူ မရေမတွက်နိုင်အောင် နားထောင်ခဲ့ဖူးပြီဖြစ်သော မိန်းမပျိုလေးတစ်ဦးမှာ မျက်လုံးများထဲ၌ ပျော်ရွှင်မှုများ ကိန်းဝပ်နေပြီး မျက်နှာဖုံးအောက်ရှိ ပြိုင်ဘက်ကင်းသော မျက်နှာလေးမှာ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေပေသည်။
အစေခံမလေး ဟွာရှန်းကို ပုံပြင်ပြောသူအား ငွေစအချို့ ဆုချစေပြီးနောက် မိန်းမပျိုလေးသည် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာပြီး လမ်းမပေါ်တွင် ပျော်ရွှင်စွာ လမ်းလျှောက်သွားလေ၏။
ဤအချိန်၌ မြို့တော်ရှိ ဆိုင်ငယ်အသီးသီးတွင် ကြမ်းတမ်းထိတ်လန့်ဖွယ်ကောင်းသော အာသုရာမျက်နှာဖုံးများကို ပြသထားကြပေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ပိုင်ရှင် ဝတ်ဆင်ထားခဲ့သော မျက်နှာဖုံးက အတိအကျ မည်သို့ပုံစံရှိသနည်းဆိုသည်ကို မည်သူကမျှ မသိရှိကြသောကြောင့်ပင်။
ဤမျက်နှာဖုံးများသည် ပုံစံအမျိုးမျိုးဖြင့် ထွက်ပေါ်လာခဲ့ကြလေ၏။
သို့ရာတွင် ဤသည်က မြို့တွင်းရှိ သာမန်ပြည်သူများ မျက်နှာဖုံးများကို နှစ်သက်သဘောကျနေခြင်းကို မတားဆီးနိုင်ခဲ့ချေ။
အထူးသဖြင့် အမျိုးသမီးများ ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ချောမောခန့်ညားသော ရုပ်ရည်၊ သာမန်ထက် ထူးကဲသော သိုင်းပညာစွမ်းရည်နှင့် ကြီးမြတ်သော စစ်သူကြီးတစ်ဦး၏ ပါရမီများကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦး၏ နှလုံးသားကို မည်သို့လုပ် မဆွဲဆောင်နိုင်ဘဲ နေမည်နည်း။
မြို့တွင်းရှိ အမျိုးသမီးတိုင်းလိုလိုတွင် မျက်နှာဖုံးတစ်ခုစီ ရှိကြပြီး "ရှောင်မို" ဟု အမည်ရသော အမျိုးသား၏ ရုပ်ရည်သွင်ပြင်ကို စိတ်ကူးယဉ်နေကြလေတော့သည်။
ထို့ပြင် အချို့သော စားသောက်ဆိုင်များနှင့် ပြည့်တန်ဆာအိမ်များတွင် ဂီတပညာရှင်အသီးသီးက နှင်းခဲကြက်သွေးရောင် ဝင်္ကပါဖြိုခွဲခြင်း သီချင်း ကို တီးခတ်နေခဲ့ကြပေ၏။
ယခုအချိန်၌ ရှောင်မို၏ ဂုဏ်သတင်းသည် စစ်သူကြီးများစွာကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဤအရာအားလုံးကို မြင်တွေ့လိုက်ရသောအခါ မိန်းမပျိုလေးမှာ သူမ၏ ကလေးဘဝ ကစားဖော်အတွက် အမှန်တကယ်ပင် ဝမ်းသာပျော်ရွှင်နေခဲ့လေ၏။
"ရှောင်မို ဘယ်တော့လောက် ပြန်လာမလဲ မသိဘူးနော်" အစေခံမလေး ဟွာရှန်းက မျက်နှာဖုံးကို ဆော့ကစားနေသော မင်းသမီးလေးကို ကြည့်ကာ အတော်လေး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "မင်းသမီးလေးက သူ့ကို စောင့်နေခဲ့တာ လေးနှစ်တောင် ရှိနေပြီလေ"
"မကြာခင်ပါပဲ" ချင်စီယောင်က မျက်နှာဖုံးကို ဟွာရှန်း၏ မျက်နှာပေါ်သို့ တင်ပေးလိုက်၏။ "ရှောင်မို မကြာခင် ပြန်လာတော့မှာပါ"
"မင်းသမီးလေးက ဘယ်လိုလုပ် သိတာလဲ" ဟွာရှန်းက မေးလိုက်သည်။
မိန်းမပျိုလေး၏ မျက်လုံးများက လခြမ်းများပမာ ကွေးညွတ်သွားပြီး အပြုံးလေးက ပန်းပွင့်လေးတစ်ပွင့်အလား လှပနေပေ၏။ "ငါ သိတယ်လေ"
ထိုအချိန်တွင် မြို့တော်မှ မိုင်ငါးရာအောက်သာ ဝေးကွာတော့သော ဒေသတစ်ခု၌ ပြန်လည်ရောက်ရှိလာသော တပ်မတော်ကြီးမှာ ကြီးကျယ်ခမ်းနားပြီး ထည်ဝါလွန်းလှရာ မနက်ဖြန်တွင် မြို့တော်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပေသည်။
ရှောင်မိုက လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ရွှံ့ရုပ်လေးတစ်ခုကို ကိုင်ဆောင်ထားလေ၏။
"အစ်ကိုရှောင်... ဒီရွှံ့ရုပ်လေးက ဘယ်သူလဲ"
ကျောက်ဝေ့က သူ၏မြင်းကို ရှောင်မို၏ဘေးသို့ စီးနှင်လာပြီး စပ်စုစွာ မေးလိုက်သည်။
အစ်ကိုရှောင်သည် ဤရုပ်ဆိုးဆိုး ရွှံ့ရုပ်လေးကို နေ့စဉ်ထုတ်ယူကာ လက်ဝါးပေါ်တွင် တင်၍ ကြည့်ရှုလေ့ရှိကြောင်း သူ သတိပြုမိခဲ့ပေ၏။
"ဒီရွှံ့ရုပ်လေးကို အရူးမလေးတစ်ယောက် လုပ်ပေးထားတာပါ" ရှောင်မိုက ပြုံးလိုက်သည်။ "ငါ ပြန်လာပြီလို့ သူ့ကို ပြောပြနေတာလေ"
"ဟင်။ ဒီရွှံ့ရုပ်လေးမှာ မှော်ဝင်္ကပါများ ရှိနေလို့လား။ အသံလွှင့်ပေးနိုင်တာလား" ကျောက်ဝေ့မှာ နားမလည်နိုင်ဖြစ်သွားခဲ့ရသည်။
ရှောင်မိုက ခေါင်းယမ်းလိုက်၏။ "မရှိပါဘူး"
ကျောက်ဝေ့မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားလေသည်။ "ဒါဆို အစ်ကိုရှောင် ပြန်လာနေပြီဆိုတာ သူက ဘယ်လိုလုပ် သိနိုင်မှာလဲ"
"သူလား"
ရှောင်မိုက မြို့တော်ရှိရာဘက်သို့ မော့ကြည့်လိုက်လေ၏။
"သူ သေချာပေါက် သိပါတယ်"