← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁) - ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာ

ယဲ့ဘုရင်ခံအိမ်တော်…

ယဲ့ဘုရင်ခံ၏ စာကြည့်ဆောင်အတွင်း၌…

ယဲ့ဘုရင်ခံ သွမ့်ယွင်ယိသည် သွမ့်ချောင်ဖုန်းနှင့် သွမ့်ချောင်ယွီတို့အပါအဝင် သခင်လေးငါးဦးကို စုရုံးစေခဲ့သည်။

“ခမည်းတော်”

ယဲ့ဘုရင်ခံ၏ စာကြည့်ဆောင်သို့ ရောက်ရှိပြီးနောက် သူတို့သည် သွမ့်ယွင်ယိအား တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။

သွမ့်ယွင်ယိသည် အဖြူရောင်ဝတ်ရုံအား ဆင်မြန်းထားကာ အသက်လတ်ပိုင်းအရွယ်ခန့်ရှိပြီး လေးထောင့်ကျကျ မျက်နှာပေါက်ရှိကာ ကြီးကျယ်မြင့်မြတ်သော ခံစားချက်အား ပေးစွမ်းလေသည်။

သူသည် သူ၏သားတော်ငါးပါးကို ဝေ့ဝဲကာ ကြည့်ရှုနေခဲ့ပေသည်။

ထိုအထဲတွင် သူ၏အကြည့်မှာ သွမ့်ချောင်ဖုန်းနှင့် သွမ့်ချောင်ယွီတို့အပေါ်၌ ကြာကြာရပ်တန့်နေခဲ့လေသည်။

“မင်းတို့အားလုံး မကြာသေးခင်က သတင်းတချို့ ကြားထားကြမှာပေါ့။ မင်းတို့ကို ငါ ဘာလို့ ဒီကိုခေါ်လိုက်လဲဆိုတာ ခန့်မှန်းလို့ရလောက်တယ်မလား...”

သွမ့်ယွင်ယိ၏ အသံမှာ ဩဇာပါလှသည်။

သွမ့်ချောင်ဖုန်း၊ သွမ့်ချောင်ယွီနှင့် အခြားသူများမှာ ထိုစကားအား ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသော်လည်း မည်သူကမျှ ပြန်လည်မဖြေကြားခဲ့ချေ။

သွမ့်ယွင်ယိ ပြောနေသည့်ကိစ္စမှာ ယဲ့ဘုရင်ခံရာထူးမှ အနားယူတော့မည့်အကြောင်းဖြစ်သည်ကို သူတို့အားလုံး ရိပ်မိပေသည်။

သွမ့်ယွင်ယိ ကိုယ်တိုင် အသိပေးခြင်းခံရသော သွမ့်ချောင်ဖုန်းမှလွဲ၍ ကျန်သူများမှာ ဤကိစ္စကို ပြင်ပသတင်းရင်းမြစ်များမှတစ်ဆင့် သိရှိထားကြခြင်း ဖြစ်သည်။

မည်သူမျှ စကားမပြောသော်လည်း သွမ့်ယွင်ယိမှာ ဒေါသမထွက်ခဲ့ပေ။ သူ၏ မျက်ဝန်းများက တည်ငြိမ်နေလေသည်။

“အခု ငါက တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့် အကန့်အသတ်ကို ရောက်နေပြီဆိုတော့ နဝမအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ငါလိုအပ်တဲ့ နောက်ဆုံးအကူအညီကိုရဖို့ အင်ပါယာမြို့တော်မှာရှိတဲ့ သွမ့်တော်ဝင်မိသားစုရဲ့ တားမြစ်နယ်မြေကို သွားဖို့လိုတယ်”

“တစ်နည်းအားဖြင့် ပြောရရင် ဒီကိစ္စပြီးတာနဲ့ ငါက သိုင်းပညာကျင့်ကြံခြင်းကိုပဲ အပြည့်အဝ အာရုံစိုက်တော့မယ်။ ယဲ့ဘုရင်ခံရာထူးကို သွမ့်ချောင်ဖုန်းက ဆက်ခံလိမ့်မယ်”

သွမ့်ယွင်ယိက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏စကားများ အဆုံးတွင် အောက်ဘက်ရှိ လူငါးဦးလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သူတို့မှာ ဤကိစ္စအား သိထားကြသော်လည်း သွမ့်ယွင်ယိ ကိုယ်တိုင် ဤသို့ပြောလာသောအခါ တုန်လှုပ်သွားကြဆဲပင်။

“အိမ်တော်ရဲ့ စည်းကမ်းတွေအရ ယဲ့ဘုရင်ခံအသစ် တက်လာတဲ့အခါ မင်းတို့သခင်လေးတွေက အိမ်တော်ထဲကနေ ထွက်ခွာဖို့ ပြင်ဆင်ရလိမ့်မယ်”

သွမ့်ယွင်ယိမှ သူ၏ ရည်ရွယ်အား ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

ယဲ့ဘုရင်ခံအိမ်တော်မှ ဤသခင်လေးများသည် အိမ်တော်၌ နေထိုင်ဆဲဖြစ်သော်လည်း ကုချင်းစီရင်စုတွင် သူတို့ကိုယ်ပိုင် ပိုင်ဆိုင်ထားသော နယ်မြေငယ်လေးများ ရှိထားကြပြီး ဖြစ်လေသည်။

“မင်းတို့မှာ ဆယ်ရက်အချိန်ရမယ်။ ဆယ်ရက်အတွင်း ကိုယ့်ပိုင်နက်နယ်မြေဆီ ကိုယ်ပြန်ကြတော့”

သွမ့်ယွင်ယိက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ခမည်းတော်”

သွမ့်ချောင်ယွီနှင့် အခြားသူများက ရိုသေစွာ တုံ့ပြန်လိုက်ကြသည်။

သွမ့်ချောင်ဖုန်းကမူ တိတ်ဆိတ်နေလေသည်။

“ငါ အင်ပါယာမြို့တော်ကို သွားပြီးတဲ့နောက် ဆက်ခံသူက ယဲ့ဘုရင်ခံရာထူးကို ရယူတဲ့အခါ မင်းတို့တွေ ညီအစ်ကိုသံယောဇဉ်ကို ထောက်ထားပြီး အချင်းချင်း ကူညီဖေးမကြဖို့ ငါမျှော်လင့်တယ်”

“အထူးသဖြင့် ဆက်ခံသူ... မင်းက ညီတော်တွေကို သေချာစောင့်ရှောက်ရမယ်။ ကိုယ့်ရဲ့ ရာထူးအဆင့်အတန်းကြောင့် ညီအစ်ကိုသံယောဇဉ်ကို မေ့မပစ်လိုက်နဲ့”

သွမ့်ယွင်ယိသည် သွမ့်ချောင်ဖုန်းကို ကြည့်လိုက်သည်။

“ဟုတ်ကဲ့ပါ ခမည်းတော်”

သွမ့်ချောင်ဖုန်းက နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် သွမ့်ချောင်ယွီ၏ မျက်ခမ်းများ လှုပ်ခတ်သွားလေသည်။

ညီအစ်ကိုသံယောဇဉ်အကြောင်း သွမ့်ယွင်ယိ ပြောသည်ကို ကြားသောအခါ သွမ့်ချောင်ယွီတစ်ယောက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

အကြောင်းမူကား သူ၏ အနာဂတ်အစီအစဉ်များထဲတွင် အစ်ကိုဖြစ်သူကို သတ်ဖြတ်ရန် ပါဝင်နေသောကြောင့်ပင်။

“ချောင်ယွီ”

သွမ့်ချောင်ယွီ တွေးတောနေစဉ်မှာပင် သွမ့်ယွင်ယိမှ သွမ့်ချောင်ယွီ၏ နာမည်ကို ရုတ်တရက် ခေါ်လိုက်လေသည်။

ထို့ကြောင့် သွမ့်ချောင်ယွီ၏ ရင်ထဲ တင်းကျပ်သွားရသည်။

သူသည် အလွန်ယုတ်မာသော အကြံအစည်များ ရှိနေသော်လည်း ဖခင်ဖြစ်သူနှင့် ရင်ဆိုင်ရချိန်တွင်မူ နှလုံးသားအောက်ခြေမှ ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်သည်။

“ခမည်းတော်”

သွမ့်ချောင်ယွီက အလျင်အမြန်တုံ့ပြန်လိုက်သည်။

“မင်းရဲ့ သိုင်းပညာပါရမီက သူတို့အားလုံးထဲမှာ အကောင်းဆုံးပဲ။ ကိုယ့်ပိုင်နက်ဆီ ပြန်ရောက်သွားပြီးရင် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး သိုင်းပညာလမ်းစဉ်ပေါ်မှာပဲ အာရုံစိုက်ဖို့ ငါမျှော်လင့်တယ်။ မင်းရဲ့ သိုင်းပညာအလားအလာတွေကို အလဟဿ မဖြစ်စေနဲ့”

“သိုင်းပညာကျင့်ကြံတဲ့အချိန်မှာ တစ်ခုခု လိုအပ်လာရင် မင်းရဲ့ ဒုတိယအစ်ကိုကို တောင်းဆိုလို့ရတယ်။ သူက မင်းကို သေချာပေါက် ကူညီပေးလိမ့်မယ်”

သွမ့်ယွင်ယိက သွမ့်ချောင်ယွီကို တည့်တည့်စိုက်ကြည့်နေသဖြင့် သွမ့်ချောင်ယွီတစ်ယောက် အနည်းငယ် ကြောက်လန့်သွားရသည်။

“နားလည်ပါပြီ ခမည်းတော်”

သွမ့်ချောင်ယွီက အမြန်ပြောကာ ခေါင်းငုံ့ထားလိုက်သည်။

သွမ့်ယွင်ယိမှာ ခေါင်းညိတ်လိုက်သော်လည်း သူ၏အကြည့်များသည် သွမ့်ချောင်ယွီထံမှ ချက်ချင်း ဖယ်ခွာမသွားခဲ့ပေ။

ထို့အပြင် သူ၏ မျက်ဝန်းများထဲတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ရှိနေလေသည်။

သို့သော် သွမ့်ချောင်ယွီသည် သွမ့်ယွင်ယိမှာ သူ့အား ကြည့်နေဆဲဖြစ်ကြောင်း သိထားသဖြင့် ခေါင်းမော့မကြည့်ရဲပေ။

ထို့ကြောင့် သွမ့်ယွင်ယိ၏ ထူးခြားသောအကြည့်ကို သတိမပြုမိခဲ့ချေ။

“ဒီကိစ္စကို မနက်ဖြန်ကျရင် အများသိအောင် ကြေညာမယ်”

သွမ့်ယွင်ယိသည် သွမ့်ချောင်ယွီထံမှ အကြည့်လွှဲလိုက်သည်။

“မင်းတို့အားလုံးလည်း ကိုယ့်ဘာသာ ကြိုတင်ပြင်ဆင်ထားကြတော့”

ထို့နောက် သွမ့်ယွင်ယိသည် သားတော်များကို ထွက်ခွာသွားရန် မိန့်ကြားလိုက်လေသည်။

သို့သော် မထွက်ခွာမီ သွမ့်ယွင်ယိသည် သွမ့်ချောင်ဖုန်းအား တားလိုက်သည်။

စာကြည့်ဆောင်ထဲတွင် သွမ့်ယွင်ယိနှင့် သွမ့်ချောင်ဖုန်းတို့သာ ကျန်ရစ်တော့သည်။

“ချောင်ဖုန်း”

သွမ့်ယွင်ယိက ပြောလိုက်သည်။

“ယဲ့ဘုရင်ခံရာထူးဆိုတာ လူတိုင်းရဲ့ လေးစားမှုကို ခံရရုံသက်သက် မဟုတ်ဘူး... မင်း နားလည်လား”

“နားလည်ပါတယ် ခမည်းတော်”

သွမ့်ချောင်ဖုန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ယဲ့ဘုရင်ခံရာထူးအား ဆက်ခံပြီးနောက် ပိုမိုကြီးမားသော တာဝန်များမှာ သူ့အား စောင့်ကြိုနေလေသည်။

ရာထူးအဆင့်အတန်း မြင့်မားလာလေ၊ အရင်းအမြစ်များကို ပိုမိုထိန်းချုပ်လာနိုင်လေဖြစ်ပြီး သွမ့်တော်ဝင်မိသားစုအတွက် အရင်းအမြစ်များ ပိုမိုပံ့ပိုးပေးရလေ ဖြစ်သည်။

အနာဂတ်တွင် သူသည် ကုချင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းကာ ကုချင်းစီရင်စု၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရမည်သာမက၊ သွမ့်တော်ဝင်မိသားစု၏ အမိန့်များကို နာခံလျက် တော်ဝင်မိသားစုကို ဆန့်ကျင်နေသော ရန်သူ့အင်အားစုများကိုလည်း တိုက်ခိုက်ရပေလိမ့်မည်။

“ချောင်ဖုန်း... ယဲ့ဘုရင်ခံ ဖြစ်လာပြီးတဲ့နောက် မင်းရဲ့ ညီအစ်ကိုတွေနဲ့ ရန်ငြိုးဖွဲ့မိရင် မင်း ဘယ်လိုလုပ်မလဲ”

သွမ့်ယွင်ယိက ရုတ်တရက် မေးလိုက်သည်။

သွမ့်ချောင်ဖုန်းမှာ အံ့အားသင့်သွားရသည်။

အစကတည်းက သွမ့်ယွင်ယိသည် သူနှင့် သူ၏ ညီအစ်ကိုများကြားရှိ ဆက်ဆံရေးအကြောင်းကိုသာ ပြောနေခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ညီတော်တွေကို အလျှော့ပေးသင့်ပါတယ်”

သွမ့်ချောင်ဖုန်း၏ အဖြေမှာ ကျိုးကြောင်းဆီလျော်သော်လည်း ဤမေးခွန်းနှင့်ပတ်သက်၍ သူ အပြင်းအထန် တွေးတောနေမိသည်။

သွမ့်ချောင်ဖုန်း၏ အဖြေကို ကြားပြီးနောက် သွမ့်ယွင်ယိက ပြုံးလိုက်ပြီး ဆက်မမေးတော့ပေ။

“ဒါနဲ့ မင်းပြောဖူးတဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့လေးက အခု အိမ်တော်ထဲမှာ ရှိနေလား”

သွမ့်ယွင်ယိမှ ရွှီနင်အကြောင်း အစပျိုးကာ မေးမြန်းလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က သွမ့်ချောင်ဖုန်းသည် သွမ့်ယွင်ယိနှင့် စကားပြောဆိုစဉ် ရွှီနင်အကြောင်းကို ထည့်သွင်းပြောကြားခဲ့လေသည်။

သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ အံ့ဖွယ်အရည်အချင်းများအကြောင်းကိုလည်း သွမ့်ယွင်ယိအား ပြောပြခဲ့လေသည်။

တာအိုနယ်ပယ် အဋ္ဌမအဆင့်တွင်ရှိသော ယဲ့ဘုရင်ခံပင်လျှင် သူ၏ ထူးချွန်သော စွမ်းဆောင်ရည်များကို ကြားပြီးနောက် ရွှီနင်ကို ချီးကျူးခဲ့ရလေသည်။

ယနေ့တွင်တော့ သွမ့်ယွင်ယိက သူ့အကြောင်းကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လာခဲ့သည်။

“သူ အိမ်တော်ထဲမှာ ရှိလောက်ပါတယ်”

သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“သူ့ရဲ့ မူလနည်းစနစ်ဖြစ်တဲ့ ပုံရိပ်ယောင်သားရဲအရိပ်ကို လေ့ကျင့်ဖို့ အာရုံစိုက်နေလောက်တယ်”

“ကောင်းပြီ၊ သူ့ကို ငါ့ဆီလာတွေ့ခိုင်းလိုက်”

သွမ့်ယွင်ယိက ပြောလိုက်သည်။

“ဒီလူက မင်းရဲ့ အရေးပါတဲ့ မဟာမိတ်တစ်ယောက် ဖြစ်လာနိုင်တယ်။ သူ အပြည့်အဝ မရင့်ကျက်လာခင် ငါကိုယ်တိုင် သူ့ကို စောင့်ကြည့်လေ့လာရမယ်”

“ဟုတ်ကဲ့ပါ”

သွမ့်ယွင်ယိမှ ရွှီနင်အား ကိုယ်တိုင်တွေ့ချင်နေသည်ဟု ကြားသောအခါ သွမ့်ချောင်ဖုန်းမှာ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပေ။

သူသည် ယဲ့ဘုရင်ခံ၏ စာကြည့်ဆောင်မှ ထွက်ခွာလာပြီးနောက် ရွှီနင်အား ကိုယ်တိုင်ကိုယ်ကျ သွားရှာလေတော့သည်။

ထိုအချိန်တွင် ရွှီနင်တစ်ယောက် တောင်ပေါ်မှ ပြန်ရောက်လာသည်မှာ နေ့ဝက်ခန့်သာ ရှိသေးပြီး သွမ့်ချောင်ဖုန်းမှ သူ့အား ရုတ်တရက် လာရှာခြင်း ဖြစ်သည်။

“ရွှီနင်... ငါ့ခမည်းတော်က မင်းကို ကိုယ်တိုင် တွေ့ချင်နေတယ်”

သွမ့်ချောင်ဖုန်းသည် ရွှီနင်အား မြင်လိုက်သည်နှင့် သူ၏ ရည်ရွယ်ချက်ကို အလျင်အမြန် ရှင်းပြလိုက်သည်။

“ဘုရင်ခံကြီးက ကျွန်တော့်ကို တွေ့ချင်တယ် ဟုတ်လား”

ရွှီနင်မှာ ထိုအရာအား မျှော်လင့်မထားခဲ့ပေ။

“ငါ့ခမည်းတော်က အခု စာကြည့်ဆောင်ထဲမှာ ရှိတယ်။ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်”

သွမ့်ချောင်ဖုန်းမှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေသည်။

“ကောင်းပြီလေ”

ဤသည်ကို မြင်သောအခါ ရွှီနင်မှာ တုံဆိုင်းမနေခဲ့ပေ။

သူသည် ကုချင်းစီရင်စုတွင် အင်အားအကြီးဆုံး တည်ရှိမှုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း အတော်လေး တည်ငြိမ်နေခဲ့လေသည်။

“ဝင်သွားလိုက်လေ”

စာကြည့်ဆောင်တံခါးဝတွင် သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ ပခုံးကို ပုတ်လိုက်သည်။

“ငါ့ခမည်းတော်က မင်းကို သဘောကျပါတယ်။ မင်း အရမ်းကြီး သတိထားနေစရာ မလိုပါဘူး”

ရွှီနင်က စာကြည့်ဆောင်ထဲသို့ ကိုယ်တိုင် ဦးဆောင် ဝင်ရောက်သွားလေသည်။

“ဘုရင်ခံမင်းမြတ်”

ရွှီနင်သည် စာရေးစားပွဲတွင် ထိုင်နေသော သွမ့်ယွင်ယိအား မြင်လိုက်ရသည်။

သူ၏ စိတ်နေသဘောထားမှာ ရွှီနင် မျှော်လင့်ထားသည်နှင့် ဆင်တူနေလေသည်။

“လာထိုင်ပါ”

သွမ့်ယွင်ယိက ဖျော့တော့စွာ ပြုံးလိုက်သည်။ ရွှီနင်အပေါ် သူ၏ ဆက်ဆံရေးမှာ သားတော်များအပေါ် ပြသသည်ထက် ပိုမိုကြင်နာပုံရလေသည်။

“ကျေးဇူးတင်ပါတယ် ဘုရင်ခံမင်းမြတ်”

ရွှီနင်က နှိမ့်ချကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဆက်ခံသူက မင်းရဲ့ အတွေ့အကြုံတွေအကြောင်း ငါ့ကို ပြောပြထားတယ်။ မင်းက ချောက်နက်ကြီးမြောက်ပိုင်းလို နေရာမျိုးကနေ အခုနေရာအထိ တစ်လှမ်းချင်း တက်လှမ်းလာခဲ့တာပဲ။ မင်းရဲ့ ပါရမီနဲ့ စိတ်နေသဘောထားက တကယ်ကို ရှားရှားပါးပါးပဲ”

သွမ့်ယွင်ယိသည် ရွှီနင်အား ချီးမွမ်းရန် တွန့်တိုမနေခဲ့ပေ။

“အခု ဆက်ခံသူက ယဲ့ဘုရင်ခံရာထူးကို ဆက်ခံတော့မှာဆိုတော့ မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တစ်ယောက် ဖြစ်လာပြီးတဲ့နောက် သူ့ကို ကူညီပေးနိုင်ဖို့ ငါမျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့။ ဆက်ခံသူနဲ့ ကျွန်တော်က မိတ်ဆွေတွေပါ။ သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာဆိုတော့ နောင်တစ်ချိန်ကျရင် သူ့ကို သေချာပေါက် ကျေးဇူးဆပ်မှာပါ”

ရွှီနင်သည် ရိုးသားစွာ ပြောဆိုလိုက်သည်။ ဤသည်မှာ သူ၏ စစ်မှန်သော အတွေးများပင် ဖြစ်သည်။

ရွှီနင်၏ ပြတ်သားမှုကို မြင်သောအခါ သွမ့်ယွင်ယိက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

“ရွှီနင်... မင်းက ပုံရိပ်ယောင်သားရဲအရိပ်ကို လေ့ကျင့်နေတယ်လို့ ကြားတယ်။ မကြာသေးခင်က တစ်ခုခု တိုးတက်မှုရခဲ့သေးလား”

သွမ့်ယွင်ယိက မေးလိုက်သည်။

“ကျွန်တော် အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပါပြီ”

ရွှီနင်က တုံ့ပြန်လိုက်သည်။

“အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ ဟုတ်လား... မင်းက ပုံရိပ်ယောင်သားရဲအရိပ်ကို ကျွမ်းကျင်သွားပြီလို့ ပြောချင်တာလား”

သွမ့်ယွင်ယိက မယုံကြည်နိုင်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။

“ကျွန်တော် ကံကောင်းသွားလို့ပါ”

ရွှီနင်က ပြောလိုက်သည်။

သွမ့်ယွင်ယိ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အကြည့်များ ပေါ်လာလေသည်။

ရွှီနင် လိမ်ပြောနေခြင်း မဟုတ်သည်မှာ သေချာလှသည်။

‘ပုံရိပ်ယောင်သားရဲအရိပ်ကို တစ်လအတွင်း ကျွမ်းကျင်သွားတယ်တဲ့လား... ကြည့်ရတာ သွမ့်တော်ဝင်မိသားစုရဲ့ အကြီးအကဲကြီးတောင် ဒီလိုကျင့်ကြံမှုအမြန်နှုန်းမျိုး မရှိခဲ့လောက်ဘူး...’

သွမ့်ယွင်ယိ နှုတ်ခမ်းကို စေ့လိုက်မိသည်။

“မင်းရဲ့ လက်ရှိ သိုင်းပညာလမ်းစဉ်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ တစ်ခုခု ရှိသေးလား”

သွမ့်ယွင်ယိက ထပ်မေးလိုက်သည်။

ရွှီနင် ခေတ္တရပ်သွားသည်။

“လောလောဆယ်တော့ မရှိသေးပါဘူး”

“ဒါဆိုရင် အခု မင်း တစ်ခုခု လိုအပ်နေတာမျိုးရောရှိလား”

သွမ့်ယွင်ယိက ဆက်မေးလိုက်သည်။

“ကျွန်တော် ထိပ်တန်းအဆင့် ရတနာတစ်ပါး လိုအပ်နေပါတယ်”

ရွှီနင်က ပွင့်ပွင့်လင်းလင်းပင် ဖြေကြားလိုက်သည်။

ဤယဲ့ဘုရင်ခံသည် သူ၏အပေါ် အလွန်ဖော်ရွေပုံရကြောင်းကို သူ ပြောနိုင်လေသည်။

အဖြေကို ကြားပြီးနောက် သွမ့်ယွင်ယိက ရယ်မောလိုက်သည်။

“ဒီထိပ်တန်းအဆင့်ရတနာကို ကြည့်လိုက်ဦး၊ မင်း သုံးလို့ရနိုင်မလား”

ရွှီနင်၏ မျက်စိရှေ့တွင် ငွေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူ၏ရှေ့တွင် လက်နက်တိုတစ်ခု ပေါ်လာလေသည်။

ရွှီနင်က လက်လှမ်းလိုက်ရာ လက်နက်တိုသည် ရွှီနင်၏ လက်ဖဝါးထဲသို့ ကျဆင်းလာသည်။

“ဒါက...”

ရွှီနင်သည် ဓားမြှောင်အရွယ်အစားရှိသော လက်နက်တိုတစ်ခုကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။

၎င်း၏ တစ်ကိုယ်လုံးမှာ ငွေဖြူရောင်ဖြစ်ပြီး လက်ကိုင်ရိုးတွင် ခရုပတ်ပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ ထိပ်ပိုင်းမှာ လှံသွားနှင့် ဆင်တူပြီး ပိုမိုပါးလွှာလေသည်။

“ဒါက ထိပ်တန်းအဆင့် ရတနာဖြစ်တဲ့ လျိုယွင်စစ်ပဲ”

သွမ့်ယွင်ယိက ပြောလိုက်သည်။

“ဒီလျိုယွင်စစ်က အရမ်းစွမ်းအားကြီးတဲ့ ထိပ်တန်းအဆင့် အနီးကပ်တိုက်ခိုက်ရေး ရတနာတစ်ခုပဲ။ မင်း ဒါကို သုံးသင့်တယ်လို့ ထင်တယ်။ အကယ်လို့ သင့်တော်မယ်ဆိုရင် ဒါကို မင်းဆီ ပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် ဘုရင်ခံမင်းမြတ်”

ရွှီနင်တစ်ယောက် စိတ်ဝင်စားသွားရသည်။

ထိပ်တန်းအဆင့် ရတနာတစ်ခုအား ရှာတွေ့ရန် အချိန်အနည်းငယ် ကြာဦးမည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယဲ့ဘုရင်ခံထံမှ ဆုလာဘ်ကို ဤမျှမြန်မြန် ရရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ယခုတစ်ကြိမ် ယဲ့ဘုရင်ခံ၏ ဆုလာဘ်မှာ အမှန်တကယ်ပင် အလွန်တန်ဖိုးကြီးမားလှသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဘုရင်ခံအသစ် ဖြစ်လာတော့မည့် လက်ရှိဆက်ခံသူ သွမ့်ချောင်ဖုန်း၌ပင် ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာ မရှိသောကြောင့် ဖြစ်သည်။

ယဲ့ဘုရင်ခံမှ သူ့အား ဤထိပ်တန်းအဆင့် ရတနာ ပေးရခြင်း၏ အကြောင်းရင်းမှာ အမှန်တကယ်တွင် သွမ့်ချောင်ဖုန်းနှင့် သူ၏ ဆက်ဆံရေးကို တည်ငြိမ်စေရန် ညှိနှိုင်းမှုတစ်ခုအနေဖြင့် ထုတ်ပေးခြင်းဖြစ်ပေသည်။

“လျိုယွင်စစ်ရဲ့ စွမ်းအားကို မင်းဘာသာမင်း လေ့လာကြည့်လိုက်ဦး”

သွမ့်ယွင်ယိက ပြောလိုက်သည်။

“ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့ပြိုင်ပွဲမှာ မင်း ထင်ပေါ်ကျော်ကြားနိုင်ဖို့ ငါမျှော်လင့်တယ်”

“ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ”

ရွှီနင် ခေါင်းညိတ်လိုက်လေသည်။

အခန်း (၂၉၂) - ထူးဆန်းသောဧည့်သည်

နောက်တစ်နေ့၌…

ယဲ့ဘုရင်ခံသွမ့်ယွင်ယိတစ်ယောက် ရာထူးမှအနားယူတော့မည့်သတင်းမှာ လူအများကြားသို့ ထွက်ပေါ်လာခဲ့လေသည်။

ယင်းသတင်းမှာ ရုတ်တရက်ဆန်လှသဖြင့် လူအများကြား၌ အတော်လေး ဂယက်ရိုက်သွားစေခဲ့ပေသည်။

သွမ့်ချောင်ဖုန်းအပြင် အိမ်တော်ရှိ အခြားသောသခင်လေးလေးပါးသည်လည်း သွမ့်ယွင်ယိ၏ ညွှန်ကြားချက်အတိုင်း အိမ်တော်မှထွက်ခွာကာ ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်နယ်မြေများဆီသို့ ပြန်ရန် ပြင်ဆင်နေကြသည်။

အရာအားလုံးမှာ အစီအစဉ်အတိုင်း ဖြစ်နေသော်လည်း မျှော်လင့်မထားသည်မှာ သွမ့်ချောင်ဖုန်းတစ်ယောက် တရားဝင်ရာထူးမဆက်ခံမီ၌ပင် ယဲ့ဘုရင်ခံဟောင်း သွမ့်ယွင်ယိသည် ဧကရာဇ်မြို့တော်ဆီသို့ အလျင်အမြန် ထွက်ခွာသွားခြင်းပင်။

ဤသည်က ရာထူးဆက်ခံတော့မည့် သွမ့်ချောင်ဖုန်းအား အတော်လေး ဇဝေဇဝါဖြစ်သွားစေသော်လည်း ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကိုမူ သူဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိခဲ့ချေ။

ထိုနေ့၌ ရွှီနင်သည် သူ၏ အိမ်တော်ထဲတွင် လျိုယွင်စစ်ကို ကိုင်ဆောင်ထားလေသည်။

ရွှီနင်တစ်ယောက် လျိုယွင်စစ်အား ရရှိထားခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ ယခုအခါ ၎င်း၏ စွမ်းအင်ကို အပြည့်အဝ နားလည်သဘောပေါက်နေပြီ ဖြစ်ပေသည်။

သွမ့်ယွင်ယိ၏အဆိုအရ ဤလျိုယွင်စစ်သည် ပထမတန်းစား အနီးကပ်တိုက်ခိုက်ရေး လျှို့ဝှက်ရတနာတစ်ခု ဖြစ်လေသည်။

လျိုယွင်စစ်အား ကိုင်ဆောင်ကာ တာအိုနယ်ပယ်၏ စွမ်းအင်များကို လှုံ့ဆော်လိုက်သည့်အချိန်တွင် လျိုယွင်စစ်၏ ထိခိုက်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာကြောင်းကိုလည်း ရွှီနင် ရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်တွင် ဤသည်မှာ လျိုယွင်စစ်၏ အစွမ်းအထက်ဆုံးတိုက်ခိုက်မှု မဟုတ်ကြောင်းကို ရွှီနင် သိရှိသွားလေသည်။

ထိုအရာများအပြင် လျိုယွင်စစ်၌ အခြားသော အထူးစွမ်းရည်နှစ်ခုလည်း ရှိနေသေးသည်။

ပထမအချက်မှာ ဤလျိုယွင်စစ်သည် ဟင်းလင်းပြင်စွမ်းအင်အား ပိုင်ဆိုင်ထားခြင်းပင်။

ဟင်းလင်းပြင်စွမ်းအင်အား

လှုံ့ဆော်ပြီးနောက် လျိုယွင်စစ်ကို ပစ်ပေါက်လိုက်ပါက လျိုယွင်စစ်သည် ဟင်းလင်းပြင်ကြားထဲတွင် ခေတ္တမျှပုန်းကွယ်သွားနိုင်သည်။

ထို့နောက် ရန်သူ့အနားသို့ ရောက်ရှိသွားသည်နှင့် လျိုယွင်စစ်သည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက်ထွက်ပေါ်လာကာ ရန်သူကိုတိုက်ခိုက်မည် ဖြစ်သည်။ ရွှီနင်သည် ဤစွမ်းရည်အား အတော်လေး သဘောကျမိလေသည်။

ဤစွမ်းရည်ဖြင့် သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ပေမည်။

ဟင်းလင်းပြင်လှိုင်းဂယက်များအား အလွန်အမင်း အာရုံခံနိုင်စွမ်းရှိသည့် ရန်သူမျိုးမဟုတ်ပါက လျိုယွင်စစ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည် မဟုတ်ပါချေ။

ဒုတိယအချက်မှာ လျိုယွင်စစ်သည် စွမ်းအင်များကို သိုလှောင်ထားနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်စေနိုင်ခြင်း ဖြစ်လေသည်။

လျိုယွင်စစ်သည် သူ၏ တာအိုနယ်ပယ်စွမ်းအင်များအား စုပ်ယူကာ အတွင်း၌ သိုလှောင်ထားနိုင်ကြောင်းကို ရွှီနင် တွေ့ရှိခဲ့လေသည်။

ထို့နောက် ရန်သူနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲမှုအရှိန်ကိုပါ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ဤစွမ်းရည်နှင့် ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နိုင်သော စွမ်းရည်တို့ပေါင်းစပ်လိုက်ပါက ပြိုင်ဘက်ကင်းသော လုပ်ကြံသူတစ်ဦး၏ သေစေနိုင်သောတိုက်ခိုက်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပြီး အထူးသဖြင့် ရွှီနင်တစ်ယောက် ယခင်က ရရှိခဲ့ဖူးသော ကိုယ်ယောင်ဖျောက်နိုင်သော လျှို့ဝှက်ရတနာလက်စွပ်နှင့် ပေါင်းစပ်လိုက်ပါက ပို၍ပင် အစွမ်းထက်လာမည်ဖြစ်သည်။

ဤအရာအားလုံးမှာ သူ့အား ပထမတန်းစား လုပ်ကြံသူတစ်ဦးအဖြစ် ပြီးပြည့်စုံစွာ ပြောင်းလဲသွားစေနိုင်ပေသည်။

ရွှီနင်သည် သူ့လက်ထဲရှိ လျိုယွင်စစ်ကို ပွတ်သပ်လိုက်သည်။

‘လျိုယွင်စစ်က ယဲ့ဘုရင်ခံဟောင်းရဲ့ လက်ထဲမှာဆိုရင် သေချာပေါက် အရမ်း အသုံးဝင်မှာပဲ။ သူက ဒီလျိုယွင်စစ်ကို ငါ့ကိုပေးခဲ့သေးတယ်ဆိုတော့ သူ့အပေါ်အကြွေးတင်သွားပြီ’

သွမ့်ယွင်ယိ၏ လျိုယွင်စစ်လက်ဆောင်သည်

စေတနာသက်သက်မဟုတ်ဘဲ

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်းကို ရွှီနင်သိထားလေသည်။

ယဲ့ဘုရင်ခံသည် ရွှီနင်အနေဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အခိုင်အမာခြေကုပ်ယူနိုင်ပြီး ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်မည်ဟု လောင်းကြေးထပ်ထားခြင်းဖြစ်ကာ ထိုသို့ဖြစ်လာပါက သွမ့်ချောင်ဖုန်းအတွက်လည်း သေချာပေါက် အကျိုးကျေးဇူးများ ရရှိလာမည်သာဖြစ်သည်။

“ရွှီနင်”

ထိုအချိန်တွင် ကျန်းဟယ်သည် အပြင်ဘက်မှ အလျင်စလို ပြေးဝင်လာလေသည်။

“အစ်ကိုကျန်း”

ရွှီနင်သည် လျိုယွင်စစ်ကို သိမ်းဆည်းလိုက်ပြီး သူ့အား ကြိုဆိုရန် အပြင်သို့ ထွက်သွားလိုက်သည်။

“ဘာလဲ... အကြွေးလာတောင်းတာလား”

ကျန်းဟယ်၏ အလျင်စလိုခြေလှမ်းများကို မြင်သော် ရွှီနင်က နောက်ပြောင်လိုက်သည်။ ကျန်းဟယ်ထံမှ ငှားရမ်းထားခဲ့သော စွမ်းအင်ယူနစ်သုံးသန်းအား ပြန်မဆပ်ရသေးချေ။

“မဟုတ်ပါဘူးကွာ”

ကျန်းဟယ်က လက်ကာပြကာ ပြောလိုက်သည်။

“မြို့ပြင်ကိုသွားပြီး လူတစ်ယောက်ကို သွားကြိုရအောင်”

“လူသွားကြိုရမယ်”

ရွှီနင်မျက်ခုံးပင့်သွားသည်။

“ဘယ်သူ့ကိုလဲ”

“အရှင်မင်းသားရဲ့ ဧည့်သည်တွေကို သွားကြိုရမှာလေ”

ကျန်းဟယ်က ရှင်းပြလေသည်။

“အရှင်မင်းသား ယဲ့ဘုရင်ခံရာထူးကို ဆက်ခံမယ့် အခမ်းအနားက မနက်ဖြန်လေကွာ။ အခု ကုချင်းစီရင်စုထဲကလူတိုင်းက မင်းသားကိုဂုဏ်ပြုဖို့ သူတို့ရဲ့ကိုယ်စားလှယ်တွေကို စေလွှတ်နေကြပြီ”

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မြို့ထဲကို လူတွေအများကြီး ရောက်နေကြပြီ၊ သူတို့အားလုံးကိုလည်း နေရာချထားပေးပြီးပြီ”

“ခုလေးတင် မြို့ပြင်ကနေ သတင်းရလိုက်တယ်၊ ဟန့်ရှင်ဂိုဏ်းချုပ်နဲ့ သူတို့အဖွဲ့ မြို့ပြင်ကိုရောက်နေပြီတဲ့၊ ငါတို့ သွားကြိုဖို့ လိုတယ်”

‘ဟန့်ရှင်ဂိုဏ်းက ဧည့်သည်တွေ...’

ရွှီနင်ခေတ္တမျှတွေးတောလိုက်ပြီးနောက် ဟုပြောလိုက်သည်။

“သွားကြတာပေါ့”

ဟန့်ရှင်ဂိုဏ်းသည် ကုချင်းစီရင်စုရှိ ရှေးဟောင်းဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။

ဤဂိုဏ်းသည် လွန်ခဲ့သောနှစ်ပေါင်းရာချီမှစ၍ အလွန်ကြီးပွားတိုးတက်ခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ယဲ့ဘုရင်ခံအိမ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး နှစ်ဦးနှစ်ဖက်သည် လက်ထပ်ထိမ်းမြားခြင်းဖြင့်ပါ ဆွေမျိုးတော်စပ်ထားကြလေသည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဟန့်ရှင်ဂိုဏ်းမှ သိုင်းပညာရှင်များသည် စတင်ဆုတ်ယုတ်လာခဲ့ပြီး လူငယ်မျိုးဆက်သစ်များထဲတွင် ဂိုဏ်း၏ အခြေအနေအရပ်ရပ်အား ထိန်းချုပ်နိုင်စွမ်းရှိသော ပါရမီရှင်များမရှိတော့သဖြင့် ဂိုဏ်းတွင် အဆင့်မြင့်တာအိုနယ်ပယ်သိုင်းပညာရှင်များ ပေါ်ထွက်လာခြင်း မရှိတော့ချေ။

သို့သော်လည်း ဟန့်ရှင်ဂိုဏ်းနှင့် ယဲ့ဘုရင်ခံအိမ်တော်၏ ဆက်ဆံရေးမှာ ရင်းနှီးနေဆဲပင်။ ယဲ့ဘုရင်ခံအိမ်တော်၏ အရေးကြီးသော မိတ်ဆွေတစ်ဦး ဖြစ်နေဆဲဖြစ်သည်။

ထို့ကြောင့် ဟန့်ရှင်ဂိုဏ်းမှ ကိုယ်စားလှယ်များ ရောက်ရှိလာသောအခါ သွမ့်ချောင်ဖုန်းအား အများဆုံး ကိုယ်စားပြုနိုင်သော ရွှီနင်နှင့် ကျန်းဟယ်တို့နှစ်ဦးက သွမ့်ချောင်ဖုန်း၏ကိုယ်စား သွားရောက်ကြိုဆိုရခြင်း ဖြစ်ပေသည်။

မကြာမီ ရွှီနင်နှင့် ကျန်းဟယ်တို့သည် မြို့ပြင် ဆယ်မိုင်ကျော်ခန့်အကွာသို့ ရောက်ရှိလာကြပြီး စောင့်ဆိုင်းနေလိုက်ကြသည်။

သူတို့နှင့်အတူ အိမ်တော်မှ စစ်သည်တစ်ဖွဲ့လည်း လိုက်ပါလာခဲ့သည်။

ထိုအိမ်တော်စစ်သည်များသည် သံချပ်ကာများကို ဝတ်ဆင်ထားပြီး တာအိုလှံများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ အသွင်အပြင်မှာ ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ဤအိမ်တော်စစ်သည်များကို ခေါ်ဆောင်လာခြင်းမှာ ဟန့်ရှင်ဂိုဏ်း၏ ကိုယ်စားလှယ်များအပေါ် လေးစားမှု ပြသခြင်းတစ်မျိုးလည်း ဖြစ်လေသည်။

ကျွီ…

မကြာမီမှာပင် အဝေးရှိကောင်းကင်ယံ၌ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အော်ဟစ်သံတစ်ခုလည်း ထွက်ပေါ်လာလေသည်။

“သူတို့လာနေကြပြီ”

ရွှီနင်နှင့် ကျန်းဟယ်တို့ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

ဧရာမငှက်ကြီး တစ်ဒါဇင်ကျော်ခန့်သည် ကျောပေါ်၌ လူများကို တင်ဆောင်ကာ ပျံသန်းလာကြသည်။

မြေပြင်ပေါ်ရှိ ရွှီနင်နှင့် ကျန်းဟယ်တို့အဖွဲ့ကို မြင်လိုက်ရပြီးနောက် သူတို့သည်လည်း ဆင်းသက်လာကြသည်။

ငှက်ကြီးများပေါ်မှ လူတစ်ဒါဇင်ကျော်ခန့် ဆင်းလာကြလေသည်။

သူတို့အားလုံးသည် အပြာနုရောင်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ အမြုတေပြောင်းလဲခြင်းနယ်ပယ်မှ လူလတ်ပိုင်းအရွယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

လူအချို့သည်လည်း သူ့အနောက်မှကပ်၍ လိုက်ပါလာကြသည်။

“ဂိုဏ်းချုပ်ကုံး”

ကျန်းဟယ်မှ ခေါင်းဆောင်ဖြစ်သူအား မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ် မဟုတ်သည်မှာ သိသာလှသဖြင့် သူက ဦးဆောင်ကာ ကြိုဆိုနှုတ်ဆက်လိုက်သည်။

“သခင်လေးကျန်း”

အမြုတေပြောင်းလဲခြင်းနယ်ပယ်တွင်ရှိနေသော ဂိုဏ်းချုပ်ကုံးသည်လည်း အပြုံးတစ်ခုကို ဖန်တီးကာ ကျန်းဟယ်အား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

ကျန်းဟယ်သည် ဆက်ခံသူမင်းသား၏ ယုံကြည်ရသော လက်အောက်ငယ်သားတစ်ဦး ဖြစ်ပြီး ယခုအခါ အနာဂတ်ယဲ့ဘုရင်ခံ၏ ယုံကြည်ရသူတစ်ဦး ဖြစ်လာပြီဖြစ်ရာ ဂိုဏ်းချုပ်ကုံးမှ ကျန်းဟယ်အပေါ် အလွန်ပျူငှာနေခြင်းမှာ သဘာဝကျလှပေသည်။

ဂိုဏ်းချုပ်ကုံး၏ အမည်အပြည့်အစုံမှာ ကုံးဝေယိဖြစ်လေသည်။ သူသည် ဟန့်ရှင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုချင်းစီရင်စုတွင် အတော်လေး နာမည်ကြီးသူတစ်ဦး ဖြစ်လေသည်။

“ကျုပ်တို့က ဟန့်ရှင်ဂိုဏ်းကလူတွေကို ကြိုဆိုဖို့ အရှင်မင်းသားဆီက အမိန့်ရထားလို့ပါ”

ကျန်းဟယ်ကပြောလိုက်သည်။

“အခုလို ဒုက္ခခံပြီး လာကြိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကုံးဝေယိက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ဒါက...”

ထိုအချိန်တွင် ကုံးဝေယိသည် သူ့ဘေးရှိ ရွှီနင်ကို သတိထားမိသွားလေသည်။

ရွှီနင်သည် ကျန်းဟယ်၏ဘေးတွင် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်ကို သူ သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ သူ၏ အဆင့်အတန်းသည် ကျန်းဟယ်ထက် မနိမ့်ကျသည်မှာ သိသာလှပေသည်။

“ဒါက ကျုပ်တို့အိမ်တော်ရဲ့ ဧည့်သည်တော် ရွှီနင်ပါ”

ကျန်းဟယ်က မိတ်ဆက်ပေးလိုက်သည်။

“ရွှီနင်...”

ရွှီနင်၏ နာမည်ကိုကြားပြီးနောက် ကုံးဝေယိ၏ မျက်လုံးများမှာ အရောင်တောက်သွားလေသည်။

“သခင်လေးရွှီ... ကျုပ် ခင်ဗျားအကြောင်းတွေ ကြားဖူးနေတာကြာပြီ”

ကုံးဝေယိက ရွှီနင်အား လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

မကြာသေးမီက ရွှီနင်၏ နာမည်ကျော်ကြားမှုများအကြောင်းကို ကုံးဝေယိတစ်ယောက် ကြားသိထားပြီး ဖြစ်လေသည်။

“ဂိုဏ်းချုပ်ကုံး”

ရွှီနင်က ပြန်လည် နှုတ်ဆက်လိုက်သည်။

“ခရီးပန်းလာလောက်ပြီ၊ မြို့ထဲဝင်ပြီး အနားယူဖို့ ကျုပ်တို့နောက်ကနေ လိုက်ခဲ့ကြပါ”

ကျန်းဟယ်က ဖိတ်ခေါ်သည့် ဟန်အမူအရာကို ပြုလုပ်လိုက်သည်။

ထိုအချိန်တွင် အိမ်တော်မှစစ်သည်များသည် ရထားလုံးတစ်စီးကို ဆွဲယူလာခဲ့ပြီ ဖြစ်သည်။

ရောက်ရှိနေသူအားလုံးသည် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း သူတို့သည် မြို့နှင့် ဆယ်မိုင်ကျော်ခန့် ကွာဝေးနေသေးသဖြင့် လမ်းလျှောက်သွားခိုင်းရန် မသင့်လျော်ပေ။

“ကြွပါခင်ဗျာ”

ထို့နောက်ရွှီနင်၊ ကျန်းဟယ်၊ ကုံးဝေယိနှင့် သူ့အနောက်မှ လူငယ်လေးနှင့် မိန်းကလေးတို့သည် ရထားလုံးပေါ်သို့ တက်လိုက်ကြလေသည်။

ဤရထားလုံးအား မျိုးရိုးတူမိစ္ဆာသားရဲ မြင်းရှစ်ကောင်မှ ဆွဲယူလာကာ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းပြီး စားပွဲများနှင့် ကုလားထိုင်များကိုပါ ထည့်သွင်း စီစဉ်ထားလေသည်။

မကြာမီ ရထားလုံးမှာ စတင်ရွေ့လျားသွားပြီး ထိုလူစုသည် မြို့ဆီသို့ ဦးတည်သွားကြတော့သည်။

“ဂိုဏ်းချုပ်ကုံး... သူတို့နှစ်ယောက်က ခင်ဗျားရဲ့ တပည့်ရင်းတွေလား”

ရထားလုံးပေါ်တွင် ကျန်းဟယ်က ကုံးဝေယိဘေးရှိ လူငယ်လေးနှင့် မိန်းကလေးကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကျန်းဟယ်၏ အမေးကိုကြားသောအခါ ကုံးဝေယိ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ပေါ်လာလေသည်။

“ဟုတ်တာပေါ့... သူတို့နှစ်ယောက်က ကျုပ်ရဲ့ ကိုယ်ပိုင်တပည့်တွေလေ”

ကုံးဝေယိက ဆက်ပြောသည်။

“သူတို့နှစ်ယောက်က ဟန့်ရှင်ဂိုဏ်းရဲ့ မျှော်လင့်ချက်တွေပဲ။ ကျုပ်နဲ့ယှဉ်ရင် သူတို့နှစ်ယောက်က မူလအစနယ်ပယ်ကိုရောက်ဖို့ အလားအလာပိုများပြီး ဟန့်ရှင်ဂိုဏ်းကို အထွတ်အထိပ်ရောက်အောင် ပြန်လည်ဦးဆောင်နိုင်လိမ့်မယ်”

“ဪ”

ရွှီနင်နှင့် ကျန်းဟယ်တို့သည် ထိုနှစ်ဦးကို လှမ်းကြည့်လိုက်ကြသည်။

ရွှီနင်နှင့် ကျန်းဟယ်တို့ စိုက်ကြည့်နေသောအခါ ကုံးဝေယိ၏ တပည့်နှစ်ဦးမှာ အနည်းငယ် သတိထားနေပုံ ရလေသည်။

‘သူတို့နှစ်ယောက်လုံးက တာအိုနယ်ပယ် ဒုတိယအဆင့်မှာရှိနေတာပဲ။ သူတို့ရဲ့အဆင့်က နိမ့်ပေမဲ့ အသက်မကြီးသေးဘူး၊ နှစ်ယောက်လုံးက အသက်သုံးဆယ်ဝန်းကျင်တွေပဲ’

ရွှီနင် အကြမ်းဖျင်း ခန့်မှန်းပြီးနောက် စိတ်ထဲမှတွေးလိုက်မိသည်။ အသက်သုံးဆယ်အရွယ် တာအိုနယ်ပယ် သိုင်းပညာရှင်ဆိုသည်မှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။

နယ်ပယ်များအား ဖြတ်ကျော်တက်လှမ်းရာတွင် လူတိုင်းက ရွှီနင်ကဲ့သို့ ပေါ့ပေါ့ပါးပါး လုပ်နိုင်ကြသည်မဟုတ်ပေ။

“ကောင်းကျန့်... ချူရှန်း... သခင်လေးနှစ်ယောက်ကို လာနှုတ်ဆက်ကြလေ”

ကုံးဝေယိက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သခင်လေးတို့ကို ဂါရဝပြုပါတယ်”

ကောင်းကျန့်ဟုခေါ်သော အမျိုးသားတပည့်နှင့် ချူရှန်းဟုခေါ်သော အမျိုးသမီးတပည့်တို့သည် အလျင်အမြန် မတ်တတ်ရပ်ကာ သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်ကြလေသည်။

သူတို့သည် အစောပိုင်းကတည်းက ကုံးဝေယိနောက်မှ လိုက်ပါလာခဲ့ကြသဖြင့် စကားဖြတ်ပြောရန် အခွင့်အရေးမရှိခဲ့ကြပေ။

“ထိုင်ကြပါ”

ကျန်းဟယ်က လက်ကာပြလိုက်သည်။

“ဟင်”

ရွှီနင် ရုတ်တရက် ကောင်းကျန့်အား စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်လေသည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူခံစားလိုက်ရသည်။

ကောင်းကျန့်တစ်ယောက် နှုတ်ဆက်လိုက်ပြီး သူတို့နှစ်ဦး မျက်လုံးချင်းဆုံလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီနင်သည် အလိုအလျောက် သက်တောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။

‘ဘာဖြစ်နေတာလဲ’

ရွှီနင်သည် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ရင်ထဲ၌မူ စတင်တွေးတောနေလေပြီ။

အမြုတေပြောင်းလဲခြင်းနယ်ပယ်သို့ တက်လှမ်းပြီးနောက် ရွှီနင်၏ အာရုံခံနိုင်စွမ်းမှာ အခြားတစ်ဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ့တွင် ခိုင်မာသောအခြေခံရှိပြီး အာရုံခံနိုင်စွမ်းလည်း ထက်မြက်လှသည်။

ယခုလေးတင် ခံစားလိုက်ရသော ထူးဆန်းသည့်ခံစားချက်မှာ တစ်ခုခုမှားယွင်းနေသောကြောင့် ဖြစ်ရမည်။

“ကောင်းကျန့်...”

ရွှီနင်က ဦးဆောင်၍ စကားစလိုက်သည်။

“ဗျာ”

ရွှီနင်မှ သူ့နာမည်အား ခေါ်လိုက်သောအခါ ကောင်းကျန့်တစ်ယောက် သိသိသာသာ အံ့အားသင့်သွားလေသည်။

“ကောင်းကျန့်... သခင်လေးရွှီက မင်းကိုခေါ်နေတယ်လေ ဘာရပ်စောင့်နေတာလဲ”

ယင်းကိုမြင်လိုက်ရသောအခါ ကုံးဝေယိမှာ မပျော်ရွှင်သော အမူအရာဖြစ်သွားလေသည်။

သူ့အချစ်တော်တပည့်များ ရွှီနင်နှင့် ကျန်းဟယ်တို့နှင့် ပိုမိုရင်းနှီးသွားစေရန် သူမျှော်လင့်ထားသည်။

အကယ်၍ ထိုသို့သာဖြစ်လာခဲ့ပါက ဤတပည့်နှစ်ဦး၏ အနာဂတ်မှာ ပိုမိုလွယ်ကူချောမွေ့သွားနိုင်ပေမည်။

“သခင်လေးရွှီ”

ကောင်းကျန့်မှာ သတိပေးခံရပြီးမှသာ တုံ့ပြန်လာပုံရလေသည်။

“မင်းရဲ့ အငွေ့အသက်က ကတည်ငြိမ်နေတာကို ငါ သတိထားမိတယ်။ ဟင်းလင်းပြင်နယ်ပယ်မှာတုန်းက မင်းရဲ့ သိုင်းပညာအခြေခံက တော်တော်လေး ကောင်းမွန်ခဲ့မှာပ”

ရွှီနင်က ပြုံးကာ ချီးကျူးလိုက်သည်။

ရွှီနင်၏ ချီးကျူးခြင်းကို ခံရပြီးနောက် ကောင်းကျန့်မှာ အနည်းငယ် ကြောက်လန့်သွားပုံရသည်။

“ဒါတွေအားလုံးက ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ”

“အင်း...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

မည်သည့်သတိပေးချက်မှမရှိဘဲ ရွှီနင်သည် တာအိုနယ်ပယ်၏ စွမ်းအင်များကို ကောင်းကျန့်၏ ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းလိုက်လေသည်။

ကုံးဝေယိနှင့် ကျန်းဟယ်တို့မှာ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

‘ထင်တဲ့အတိုင်းပဲ၊ ပြဿနာတစ်ခုခုရှိနေတာပဲ’

နောက်တစ်စက္ကန့်တွင် ရွှီနင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေတော့သည်။

All Chapters