အခန်း (၂၉၃-၂၉၄)
Vol. 30 Ch. 293-294
အခန်း (၂၉၃) - လွယ်လွယ်ကူကူသတ်ဖြတ်ခြင်း
“သခင်လေးရွှီ ခင်ဗျား ဘာလုပ်တာလဲ”
ကုံးဝေယိက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ကောင်းကျန့်ကို မသိစိတ်အရ ကာကွယ်လိုက်လေသည်။
သူက ရွှီနင်ကို မကျေမနပ် ကြည့်လိုက်သော်လည်း သူ၏ဆင်ခြင်တုံတရားက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် စွမ်းဆောင်ပေးခဲ့လေသည်။
“ရွှီနင် ဘာဖြစ်လို့လဲ”
ကျန်းဟယ်သည်လည်း အနည်းငယ် လေးနက်သွားသည်။
သူသည် ရွှီနင်၏အကြောင်းကို ကောင်းကောင်းသိထားရာ ရွှီနင်သည် အခြားသူများကို အနိုင်ကျင့်မည့်သူမျိုး မဟုတ်ကြောင်း နားလည်ထားပေသည်။
“သူ့ကိုသာ မေးကြည့်လိုက်”
ရွှီနင်က ကောင်းကျန့်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“မင်းက တကယ်တော့ ဘယ်သူလဲ”
“သခင်လေးရွှီ ဒါက ကျွန်တော့်ရဲ့ တပည့် ကောင်းကျန့်လေ...”
ကုံးဝေယိတစ်ယောက် ဇဝေဇဝါ ဖြစ်နေချေပြီ။
သို့သော် သူသည် ကောင်းကျန့်ဘက်မှ ကာကွယ်ပြောဆိုပေးနေစဉ်မှာပင် ကောင်းကျန့်၏မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။
ထို့နောက် ကောင်းကျန့်က ရယ်မောလိုက်သည်။
“အံ့ဩစရာပဲ”
ကောင်းကျန့်က ရွှီနင်ကို ချီးကျူးလိုက်ပြီးနောက် သူ၏စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားကာ မောက်မာကြွားဝါမှုတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။
“မင်းက အမြုတေပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိသေးတာကို ငါ့ရဲ့အစစ်အမှန်အဆင့်ကို အာရုံခံမိနေတယ်ပေါ့ တကယ့်ကို အံ့ဩစရာပဲ”
ကောင်းကျန့်၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာလေတော့သည်။
“ကောင်းကျန့် မဟုတ်ဘူး မင်းက ကောင်းကျန့်မဟုတ်ဘူး”
ကုံးဝေယိလည်း ထူးခြားမှုကို သတိထားမိသွားလေသည်။
သူ့တပည့်ထံမှ ထွက်ပေါ်နေသော ချီအငွေ့အသက်များ မြင့်တက်လာပြီး ရုပ်သွင်မှာလည်း ပြောင်းလဲသွားချေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကျန့်၏ ချောမောသော မျက်နှာသည် မိန်းမဆန်သော အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချီအငွေ့အသက်များသည် ကြယ်တာရာချီနယ်ပယ်တွင် မရှိတော့ဘဲ ကုံးဝေယိနှင့် ကျန်းဟယ်တို့ကိုပင် ဖိအားများ ခံစားရစေလေသည်။
‘တာအိုနယ်ပယ် သတ္တမအဆင့် မူလအစနယ်ပယ်ပါလား’
ကုံးဝေယိနှင့် ကျန်းဟယ်တို့မှာ တုန်လှုပ်သွားကြသည်။
“မင်းက ဘယ်သူလဲ ပြီးတော့ ဒီကို ဘာလာလုပ်တာလဲ ငါ့တပည့် ကောင်းကျန့်ရော ဘယ်မှာလဲ”
ကုံးဝေယိသည် ကြက်သေ သေနေသော တပည့်ဖြစ်သူ ချူရှန်းကို ဆွဲယူကာ မိန်းမဆန်သော အမျိုးသားကို မေးလိုက်သည်။
သူ၏စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေဆဲပင်။
“ငါက မင်းတို့အသက်ကို ချမ်းသာပေးမလို့ပါပဲ ဒါပေမဲ့ အခု ငါ့အကြောင်းကို သိသွားကြပြီဆိုတော့လည်း ငါက ရက်စက်ရတော့မှာပေါ့”
မိန်းမဆန်သော အမျိုးသား၏ ခန္ဓာကိုယ်မှ လေပြင်းတစ်ရပ် ထွက်ပေါ်လာပြီး ရထားလှည်းတစ်ခုလုံးအား လွင့်ထွက်သွားစေလေသည်။
ကုံးဝေယိနှင့် ကျန်းဟယ်တို့သည်လည်း ပါးစပ်မှ သွေးများပန်းထွက်ကာ လွင့်စဉ်သွားကြတော့သည်။
အထူးသဖြင့် ကုံးဝေယိသည် တပည့်ဖြစ်သူ ချူရှန်းအား ကာကွယ်ရန်အတွက် သူ၏အတွင်းကလီစာများမှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် ဤလေပြင်းသည် ပတ်ဝန်းကျင်ရှိ ရထားလှည်းများနှင့် အိမ်တော်၏ တပ်သားများကိုပါ လန်ကျသွားစေခဲ့သည်။
ခဏအကြာတွင် မြို့တော်သို့ ပြန်လာသော အဖွဲ့တစ်ခုလုံးမှာ ကသောင်းကနင်း ဖြစ်သွားလေတော့သည်။
“ဟင်”
မိမိ၏အစစ်အမှန်ကို ဦးစွာရိပ်မိခဲ့သော ရွှီနင်မှာ မလှမ်းမကမ်းတွင် ရပ်ကာ သူ့အား စိုက်ကြည့်နေသည်ကို ထိုမိန်းမဆန်သော အမျိုးသားက သတိပြုမိသွားသည်။
သူ၏မျက်လုံးများထဲတွင် စိတ်အားထက်သန်နေသော အရိပ်အယောင်များ ရှိနေပုံရသည်။
သူက ရန်စနေသည့်ပုံ ပေါက်နေလေသည်။
ဤအပြုအမူက မိန်းမဆန်သော အမျိုးသားအား ဒေါသထွက်စေခဲ့သည်။
ဤသည်မှာ အမြုတေပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးက မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ရန်စလိုက်ခြင်းပင် ဖြစ်ပေသည်။
“မင်းက မူလရင်းမြစ်စွမ်းအားကို နားလည်သဘောပေါက်ထားတဲ့ မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ အစွမ်းကို မသိသေးပုံရတယ်”
မိန်းမဆန်သော အမျိုးသားက သူ၏လက်ဝါးကို မြှောက်လိုက်လေသည်။
ထို့နောက် လူတိုင်း၏ ခေါင်းပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားသည်။
ဖြူစင်တောက်ပနေသော ဓားပုံရိပ်တစ်ခုသည် ရွှီနင်၏ ခေါင်းဆီသို့ ရုတ်တရက် ပြေးဆင်းလာလေတော့သည်။
“ရွှီနင် သတိထား”
ဖြူစင်တောက်ပနေသော ဓားပုံရိပ်၏ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက်ကို အာရုံခံမိပြီးနောက် ကျန်းဟယ်သည် အလျင်အမြန် သတိပေးလိုက်သည်။
ကျန်းဟယ်က ထိုအဖြူရောင်ဓား၏ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင် သူ သေဆုံးသွားနိုင်သည်ဟု ခံစားမိလိုက်သည်။
သို့သော် ရွှီနင်မှာမူ တည်ငြိမ်နေဆဲပင်။
ဖြူစင်တောက်ပနေသော ဓားပုံရိပ်က ရွှီနင်၏ ဦးခေါင်းခွံကို ဖောက်ထွင်းလုနီးပါးအချိန်တွင် ရွှီနင်၏အနောက်၌ ပုံရိပ်ယောင်သားရဲအရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ဟိန်းဟောက်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီနင်၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်မှာ လိမ်ကောက်သွားပြီး ဖြူစင်တောက်ပနေသော ဓားပုံရိပ်မှာ ချက်ချင်း ကြေမွသွားလေတော့သည်။
‘ဘယ်လောက်တောင် အစွမ်းထက်တဲ့ မူလအစနည်းစနစ်လဲ’
မိန်းမဆန်သော အမျိုးသား မျက်မှောင်ကြုံ့လိုက်မိသည်။
သူ၏ မူလအစနည်းစနစ်အား ပြိုင်ဘက်၏ မူလအစနည်းစနစ်မှ တားဆီးလိုက်လေပြီ။
ဤသည်ကို မြင်သောအခါ ထိုအမျိုးသားသည် သူ၏အထင်အမြင်သေးမှုများကို ချက်ချင်းဖယ်ရှားလိုက်ပြီး ကြီးမားသောရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ပြောင်းလဲသွားလေသည်။
“ပုံရိပ်ယောင်သားရဲအရိပ် ညအမှောင်ဖန်ဆင်းသူ”
ထို့နောက် ချက်ချင်းပင် ရွှီနင်၏အနောက်၌ နောက်ထပ် မိစ္ဆာသားရဲအရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ ၎င်းသည် ညသားရဲ ဖြစ်လေသည်။
မိန်းမဆန်သော အမျိုးသားသည် သူ၏အမြင်အာရုံများ ရုတ်တရက် မှောင်မိုက်သွားသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာ အမြင်အာရုံ မှောင်မိုက်ခြင်းမျိုး မဟုတ်ဘဲ အာရုံခံစားမှုအားလုံးကို စုပ်ယူသွားသော မှောင်မိုက်ခြင်းမျိုး ဖြစ်ပေသည်။
‘ဒုက္ခပဲ’
မိန်းမဆန်သော အမျိုးသားမှာ ထိတ်လန့်သွားပြီး ဤအခြေအနေမှ ရုန်းထွက်နိုင်ရန် သူ၏ တစ်ခုတည်းသော မူလအစစွမ်းအားကို အလျင်အမြန် အသက်သွင်းလိုက်လေသည်။
သို့သော် သူသည် အဆုံးမဲ့အမှောင်ထုထဲမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေစဉ်မှာပင် လျိုယွင်စစ်သည် သူ၏ရှေ့သို့ ရောက်ရှိနေခဲ့ချေပြီ။
ဖောင်း…
လျိုယွင်စစ်သည် မိန်းမဆန်သော အမျိုးသား၏ ခေါင်းကို ဖောက်ထွင်းသွားလေသည်။
ဘုန်း…
လျိုယွင်စစ်ထဲတွင် သိမ်းဆည်းထားသော စွမ်းအားများ ပေါက်ကွဲထွက်သွားလေသည်။
မိန်းမဆန်သော အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးသွားတော့သည်။
‘ဒါက ငါ့ရဲ့ လက်ရှိစွမ်းအားလား’
ရွှီနင်သည် သူ့ရှေ့ရှိ မူလအစနယ်ပယ် သိုင်းပညာရှင်အား စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤသို့ဖြစ်လာမည်ကို သူ မထင်မှတ်ထားခဲ့ပေ။
ရွှီနင်သည် မိမိထက် အဆင့်မြင့်သော ရန်သူများအား သတ်ဖြတ်နိုင်စွမ်း ရှိကြောင်း သိထားသော်လည်း ယခုအဖြစ်အပျက်မှာ လက်တွေ့မဆန်သလို ခံစားနေရဆဲပင်။
ပြိုင်ဘက်မှ သူ့အား အထင်သေးခြင်း၊ ဟင်းလင်းပြင်သားရဲ၊ ညသားရဲတို့၏ သွေးမျိုးဆက်စွမ်းအားကြောင့် အံ့အားသင့်သွားခြင်းတို့ ပါဝင်နေသော်လည်း ဤအချက်များမှာ ရွှီနင်၏ အမှန်တကယ် မြင့်မားလှသော တိုက်ခိုက်ရေးစွမ်းအားကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
“ရွှီနင်...”
ကျန်းဟယ်က မိန်းမဆန်သော အမျိုးသား၏ ခေါင်းပေါက်ကွဲသွားသည်ကို သူ့ရှေ့တွင် မြင်လိုက်ရသည်။
ဤမြင်ကွင်းကို ကြည့်ရင်း သူသည် ကြီးမားလှသော တုန်လှုပ်မှုကြီးထဲမှ ပြန်လည်သက်သာမလာသေးချေ။
ကုံးဝေယိတစ်ယောက် ဦးနှောက်များ ထူပူသွားသလို ခံစားလိုက်ရသည်။ ဤသည်က သူ၏ သိုင်းပညာဗဟုသုတအား ကျော်လွန်သွားခဲ့လေပြီ။
သူ၏နောက်ရှိ အမျိုးသမီးတပည့်ဖြစ်သူ ချူရှန်းမှာမူ ရွှီနင်အား လေးစားအားကျမှု အပြည့်ဖြင့် ကြည့်နေလေသည်။
‘ဟိုလူက မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ယောက်လေ’
‘သူက အမြုတေပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ လက်ချက်နဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အသတ်ခံလိုက်ရတယ်ပေါ့’
ဤအချိန်တွင် အချို့လူများမှာ မည်သည့်အရာများ ဖြစ်ပျက်သွားမှန်းပင် မသိလိုက်ကြချေ။
ရွှီနင်သည် မိန်းမဆန်သော အမျိုးသား၏အနားသို့ လျှောက်သွားကာ သူ၏ခန္ဓာကိုယ်ကို ရှာဖွေလိုက်လေသည်။
‘ချီဖုံးကွယ်လက်စွပ်ပါလား’
မကြာမီမှာပင် ရွှီနင်သည် ထိုအမျိုးသား၏ လက်ချောင်းပေါ်မှ လက်စွပ်တစ်ကွင်းကို တွေ့ရှိလိုက်သည်။
ဤချီဖုံးကွယ်လက်စွပ်၏ ပုံစံသည် ရွှီနင်၏ လက်စွပ်နှင့် ကွာခြားနေသော်လည်း စစ်ဆေးကြည့်ပြီးနောက် ၎င်း၏ အသက်သွင်းသည့် လုပ်ငန်းစဉ်မှာ သူ့လက်စွပ်နှင့် တစ်ပုံစံတည်း ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
‘ဒီ မူလအစနယ်ပယ် သိုင်းပညာရှင်က စန့်ယင်ဂိုဏ်းကပဲ’
ရွှီနင်သည် ထိုသူ၏ သရုပ်မှန်ကို ချက်ချင်း အတည်ပြုလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှီနင်၏ လက်ထဲရှိ ချီဖုံးကွယ်လက်စွပ်သည်လည်း စန့်ယင်ဂိုဏ်း၏ လက်ထဲမှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
“ရွှီနင်”
ခဏအကြာတွင် ကျန်းဟယ်သည် ထိတ်လန့်နေရာမှ သတိဝင်လာလေသည်။
သူသည် အလျင်အမြန် ထရပ်လိုက်ပြီး ရွှီနင်၏အနားသို့ လျှောက်လာခဲ့သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ကျန်းဟယ်က အလျင်အမြန် မေးလိုက်သည်။
“ဒီလူက စန့်ယင်ဂိုဏ်းကပဲ”
ရွှီနင်က ပြောလိုက်သည်။
“သူက ဟန့်ရှင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ရုပ်ဖျက်ထားတာ”
“ဒါဆိုရင်...”
ကျန်းဟယ်သည် ကိစ္စကြီးဖြစ်ကြောင်း ချက်ချင်း နားလည်သွားတော့သည်။
ယခုလိုအချိန်မျိုးတွင် စန့်ယင်ဂိုဏ်းမှ ဟန့်ရှင်ဂိုဏ်းထဲသို့ စိမ့်ဝင်ကာ မြို့တော်ထဲ ဝင်ရောက်လာခြင်း၏ ရည်ရွယ်ချက်မှာ ထင်ရှားလွန်းလှပေသည်။
ဤသည်မှာ သွမ့်ချောင်ဖုန်းအား ဒုက္ခပေးရန် အကြံအစည်တစ်ခု ဖြစ်မည်မှာ အသေအချာပင်။
“ဘာပြောလိုက်တယ်”
ဤအချိန်တွင် ကုံးဝေယိလည်း လျှောက်လာလေသည်။
ရွှီနင်၏စကားကို ကြားသောအခါ သူ အလွန်တုန်လှုပ်သွားလေသည်။
ကုံးဝေယိသည် သူ၏ တပည့်အစစ် ကောင်းကျန့်တစ်ယောက် မည်သည့်နေရာသို့ ရောက်သွားသည်ဆိုတာကိုပင် တွေးတောရန် အချိန်မရှိတော့ပေ။
အကယ်၍ ရွှီနင်သာ ဤသူအား ရှာဖွေတွေ့ရှိကာ မသတ်ဖြတ်ခဲ့ပါက အကျိုးဆက်များသည် အလွန်ဆိုးရွားသွားနိုင်လေသည်။
ဤသူမှ သွမ့်ချောင်ဖုန်းအား ဒုက္ခပေးလိုက်သည်နှင့် သူသည် ဟန့်ရှင်ဂိုဏ်းမှ မဟုတ်ကြောင်း သိသွားကြလျှင်ပင် ဟန့်ရှင်ဂိုဏ်းသည် သူ၏အမှားများကြောင့် ပြင်းထန်သော အကျိုးဆက်များကို ခံစားရမည်သာ ဖြစ်သည်။
သူတို့၏ အသက်ကိုပင် မဆိုထားနှင့် ဂိုဏ်းကြီးတစ်ခုလုံးပင် ဤအမှားကြောင့် ရှင်သန်ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
သွမ့်တော်ဝင်မိသားစု၏ ဒေါသသည် သူ့ကိုရော ဟန့်ရှင်ဂိုဏ်းကိုပါ သေချာပေါက် ဒုက္ခရောက်စေပေလိမ့်မည်။
“ငါ ဒီကိစ္စကို အမြန်ဆုံး သတင်းပို့မှ ဖြစ်မယ်”
ကျန်းဟယ်က ပြောလိုက်သည်။
ရွှီနင်က ခေါင်းညိတ်လိုက်သည်။
‘နှမြောစရာပဲ...’
အကယ်၍ ရွှီနင်သာ သူ ဤမျှအထိ အစွမ်းထက်နေကြောင်း သိထားခဲ့ပါက ဤသူ၏အသက်ကို ချမ်းသာပေးခဲ့မိပေမည်။
ထိုသို့ဆိုလျှင် သူသည် အသုံးဝင်သော အချက်အလက်အချို့ကို စစ်ဆေးမေးမြန်းနိုင်မည် ဖြစ်သည်။
ရွှီနင်သည် မိန်းမဆန်သော အမျိုးသား၏ ခန္ဓာကိုယ်ကို ရှာဖွေရာ သိုလှောင်ရေးလက်စွပ်တစ်ကွင်းကို တွေ့ရှိခဲ့လေသည်။
ရွှီနင် စစ်ဆေးကြည့်ရာ အတွင်း၌ သိမ်းဆည်းထားသော အရင်းအမြစ်အချို့ရှိပြီး ၎င်းတို့မှာ စွမ်းအင်ယူနစ် ငါးသန်းအောက်သာ တန်ဖိုးရှိကြောင်း တွေ့ရသည်။
သိုလှောင်ရေးလက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက် သံသယဖြစ်ဖွယ် ပစ္စည်းများ မရှိပါက ရွှီနင်သည် ၎င်းတို့အား သူ၏အိတ်ထဲသို့ ထည့်သွင်းနိုင်ပေသည်။
“ဂိုဏ်းချုပ်ကုံး ခင်ဗျားက အရမ်းပေါ့ဆလွန်းတယ်”
ကျန်းဟယ်က ခေါင်းလှည့်ကာ ပြောလိုက်သည်။
ကုံးဝေယိအပေါ်ထားရှိသော သူ၏သဘောထားမှာ ပြောင်းလဲသွားခဲ့လေပြီ။
“ဟုတ်ပါတယ်...”
ကုံးဝေယိက ခါးသီးစွာ ပြုံးလိုက်သည်။
“မင်းသားကိုသွားတွေ့ဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ ဟန့်ရှင်ဂိုဏ်းက လူတွေအနေနဲ့ကတော့ မြို့ထဲကို မဝင်ကြနဲ့ဦး”
ကျန်းဟယ်က ပြောလိုက်သည်။
ထို့နောက် ရွှီနင် ကျန်းဟယ်နှင့် ကုံးဝေယိတို့သည် မြို့တော်ထဲရှိ ယဲ့ဘုရင်ခံအိမ်တော်သို့ အလျင်အမြန် ထွက်ခွာသွားကြလေသည်။
…
“ဒီလိုကိစ္စမျိုး ရှိတယ်ပေါ့”
စာကြည့်ခန်းထဲတွင် သွမ့်ချောင်ဖုန်းသည် ရွှီနင်နှင့် အခြားနှစ်ယောက်အား မှုန်ကုပ်နေသော မျက်နှာဖြင့် ကြည့်နေလေသည်။
ရွှီနင်နှင့် အခြားနှစ်ယောက်သည် သွမ့်ချောင်ဖုန်းအား အခြေအနေများကို ရှင်းပြပြီးဖြစ်လေသည်။
ယဲ့ဘုရင်ခံရာထူးအား ဆက်ခံတော့မည့် သွမ့်ချောင်ဖုန်းသည် မကြာသေးမီက စိတ်အားထက်သန်နေခဲ့သော်လည်း စန့်ယင်ဂိုဏ်းမှ သူ့အား တိတ်တဆိတ် လုပ်ကြံရန် ကြံစည်နေကြောင်း ကြားလိုက်ရသောအခါ သွမ့်ချောင်ဖုန်း၏ စိတ်အခြေအနေမှာ လုံးဝ ပျက်စီးသွားတော့သည်။
“မင်းသား စန့်ယင်ဂိုဏ်းက လူတွေက ဝမ်ရှန့်ပြည်နယ်မှာ ပိုပိုပြီး မကြာခဏ ပေါ်လာနေတာကြောင့် နေ့တိုင်း မကောင်းမှုတွေ အများကြီး ကျူးလွန်ခံနေရပါတယ် သူတို့ ဒီမှာပေါ်လာတာ တစ်ခုခု ကြံစည်နေတာ သေချာပါတယ်”
“လူတစ်ယောက်က ဂိုဏ်းထဲကို စိမ့်ဝင်ပြီး တက်ရောက်မယ့် အခမ်းအနားကတစ်ဆင့် မင်းသားဆီ ချဉ်းကပ်နိုင်တယ်ဆိုတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ တခြားလူတွေလည်း ရှိနိုင်ပါသေးတယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့ထဲကိုလာခဲ့တဲ့ တခြားဧည့်သည်တွေထဲမှာလည်း စန့်ယင်ဂိုဏ်းက တခြားသူလျှိုတွေ ရှိနေနိုင်ပါတယ် တကယ်လို့ သူတို့သာ အခမ်းအနားထဲကို ခိုးဝင်လာရင် မင်းသားရဲ့ လုံခြုံရေးကိစ္စကို အာမခံဖို့ ခက်ခဲသွားပါလိမ့်မယ်”
ကျန်းဟယ်က သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို အသေအချာ စဉ်းစားကာ ရှင်းပြလိုက်သည်။
“မှန်တယ်”
သွမ့်ချောင်ဖုန်းက သဘောတူလိုက်သည်။
“ငါတို့ စုံစမ်းစစ်ဆေးပြီး ဖုံးကွယ်နေတဲ့ အန္တရာယ်တွေကို ဖယ်ရှားပစ်ရမယ်”
“မင်းသား ကျွန်တော်တို့ ဒီကိစ္စကို အမြန်ဖြေရှင်းချင်တယ်ဆိုရင် အိမ်တော်ရဲ့အင်အားကိုသာမက နန်းတော်ရဲ့အင်အားကိုပါ ငှားရမ်းဖို့ လိုအပ်ပါတယ် ကျွန်တော်တို့ ဒီသတင်းကို ပြည်နယ်အုပ်ချုပ်ရေးမှူးကြီးဆီ ပို့ပြီး စန့်ယင်ဂိုဏ်းက လူတွေကို စုံစမ်းဖို့ နန်းတော်ရဲ့အင်အားကို အသုံးပြုခိုင်းသင့်ပါတယ်”
ကျန်းဟယ်က ဖြည့်စွက်ပြောကြားလိုက်သည်။
“အင်း ဒီလိုလုပ်မှပဲ ဖြစ်မယ်”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“နန်းတော်ရဲ့ အဖွဲ့အစည်းအသီးသီးကလည်း စန့်ယင်ဂိုဏ်းကို မြန်မြန်ချေမှုန်းဖို့ လုပ်ဆောင်နေကြတာပဲ”
“ကျန်းဟယ် ဒီကိစ္စကို မင်းဆီပဲ လွှဲထားလိုက်မယ်”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ထို့နောက် ကျန်းဟယ်သည် လှည့်ထွက်သွားလေတော့သည်။
“မင်းသား ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် မင်းသား အန္တရာယ်ကြုံရလုနီးပါး ဖြစ်ခဲ့ရပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ”
ဤအချိန်တွင် ကုံးဝေယိက ပြောလိုက်သည်။
“ဒါ မင်းရဲ့အမှား မဟုတ်ပါဘူး”
သွမ့်ချောင်ဖုန်းက သူ့ကို အပြစ်မတင်ပေ။
“မင်းအနေနဲ့ မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို မကာကွယ်နိုင်တာက ပုံမှန်ပါပဲ အရမ်းကြီး ရှက်ရွံ့နေစရာ မလိုပါဘူး”
“ကျေးဇူးတင်ပါတယ် မင်းသား”
ကုံးဝေယိ စိတ်သက်သာရာ ရသွားတော့သည်။ သူသည် ဤဘေးဆိုးကြီးမှ ကင်းလွတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
“ဒါပေမဲ့ မင်းကတော့ ရွှီနင်...”
သွမ့်ချောင်ဖုန်းသည် ရွှီနင်ကို ကြည့်လိုက်ပြီး သူ၏စကားများမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။
သူ့အား ချီးကျူးရန် မလိုအပ်တော့သည့်ပုံပေ။ ဤသည်က ရွှီနင်တစ်ယောက် ဤသို့ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်မူ ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေသော်လည်း အမြုတေပြောင်းလဲခြင်းနယ်ပယ်မှ မူလအစနယ်ပယ်အား သတ်ဖြတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။
အခန်း (၂၉၄) - ညသန်းခေါင်တွင် ဝင်ရောက်တိုက်ခိုက်ခြင်း
မြို့ထဲ၌…
သာမန်ပုံစံရှိသော အိမ်တစ်လုံး၏ မြေအောက်၌ လျှို့ဝှက်ပိတ်လှောင်ထားသော အခန်းတစ်ခန်း ရှိနေသည်။
ထိုအခန်းထဲတွင် မီးခိုးရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေလေသည်။
ဒုန်း... ဒုန်း...
လျှို့ဝှက်အခန်းတံခါး ပွင့်သွားပြီး လူတစ်ယောက် ဝင်ရောက်လာသည်။
ထိုသူကား အခြားသူမဟုတ်ဘဲ စန့်ယင်ဂိုဏ်းသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရသော ကျောချန်ယွင်ပင် ဖြစ်ချေသည်။
“အပြင်မှာ ပြဿနာတစ်ခုခု ဖြစ်သွားပြီ”
ကျောချန်ယွင်က မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ ဘေးတွင်ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။
ကျောချန်ယွင်၏ အမူအရာကို ကြည့်ရသည်မှာ သူ၏ရှေ့မှ လူအား မနှစ်မြို့ကြောင်း သိသာနေသည်။
အမှန်တကယ်တွင်မူ စန့်ယင်ဂိုဏ်းသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရသဖြင့် ကျောချန်ယွင်သည် ထိုဂိုဏ်းသားများအပေါ် အမြင်မကြည်ပေ။
သို့သော် သူ၏ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားများက သူတို့လက်ထဲတွင် ရှိနေသောကြောင့် ကျောချန်ယွင်အနေဖြင့် သူတို့ခိုင်းသမျှကိုသာ လုပ်ဆောင်နေရလေသည်။
စန့်ယင်ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ကျောချန်ယွင်သည် ကုချင်းစီရင်စုရှိ သွမ့်ချောင်ဖုန်းနှင့် အခြားအင်အားစုများမှ အထက်လူကြီးများအား လုပ်ကြံရန် စန့်ယင်ဂိုဏ်းသားများနှင့် ပူးပေါင်းနေခဲ့ရသည်။
သူသည် ယဲ့ဘုရင်ခံအိမ်တော်၏ အရည်အချင်းပြည့်ဝသော ဧည့်သည်တော်တစ်ဦး ဖြစ်သောကြောင့် အတွင်းပိုင်းမှနေ၍ အစီအစဉ်များကို ညှိနှိုင်းပေးရန် တာဝန်ယူထားရပြီး ယင်းက စန့်ယင်ဂိုဏ်း၏ လုပ်ငန်းစဉ်အောင်မြင်နိုင်စွမ်းကို များစွာ မြင့်တက်သွားစေခဲ့သည်။
ကျောချန်ယွင်၏ အိမ်တော်နှင့်ပတ်သက်သော ကိုယ်ပိုင်အသိပညာနှင့် သတင်းအချက်အလက်များသည် သူ၏ သိုင်းပညာစွမ်းရည်ထက် ပိုမိုတန်ဖိုးရှိနေလေသည်။
ကျောချန်ယွင်၏ စီစဉ်မှုအရ သွမ့်ချောင်ဖုန်း လုပ်ကြံခံရပြီး ကုချင်းစီရင်စုရှိ အင်အားစုအသီးသီးမှ ထိပ်တန်းပညာရှင်များ တိုက်ခိုက်ခံရသည်နှင့် တစ်ပြိုင်နက်၊ ကျောချန်ယွင်သည် သွမ့်ချောင်ယွီအား ကူညီပြီး ယဲ့ဘုရင်ခံအိမ်တော်၏ အကာအကွယ်ကို အသုံးပြုကာ စန့်ယင်ဂိုဏ်းအား ကုချင်းစီရင်စုအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ရန် ပြင်ဆင်ပေးမည် ဖြစ်သည်။
“ဘာဖြစ်လို့လဲ”
မီးခိုးရောင်ဝတ်ရုံနှင့်လူက မျက်လုံးဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အကြည့်များ ရှိနေသည်။
ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူ၏ အမည်မှာ လျိုယိဖြစ်ပြီး ဤလုပ်ကြံရေးတာဝန်၏ ခေါင်းဆောင်ပင် ဖြစ်လေသည်။
သူသည် မူလအစနယ်ပယ်၏ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။
“ဂိုဏ်းတစ်ခုမှာ ငါတို့ထားထားတဲ့ သူလျှိုတစ်ယောက် ပေါ်သွားပြီ”
ကျောချန်ယွင်က ပြောလိုက်သည်။
“ပေါ်သွားပြီ ဟုတ်လား”
လျိုယိ၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
“သူ ဘယ်လိုလုပ် ပေါ်သွားရတာလဲ။ အဲဒီ မူလအစနယ်ပယ် ပညာရှင်တွေက သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်တတ်ရုံတင်မကဘူး၊ အရှိန်အဝါဖုံးကွယ်တဲ့ လက်စွပ်တွေကိုပါ ဝတ်ဆင်ထားကြတာလေ။ သူတို့ကိုယ်တိုင် မထုတ်ဖော်ရင် ပေါ်စရာအကြောင်းမရှိဘူး။ ပိုသန်မာတဲ့ တာအိုနယ်ပယ် အဆင့်ရှစ် ပညာရှင်တစ်ယောက်နဲ့ တွေ့ရင်တွေ့၊ မတွေ့ရင်တောင် ထိပ်တန်းအာရုံခံ ရတနာပစ္စည်းတွေရှိတဲ့ အဆင့်တူ ပညာရှင်တစ်ယောက်နဲ့ တွေ့မှသာ ပေါ်နိုင်မှာပေါ့”
“ဒါပေမဲ့ ယခင် ယဲ့ဘုရင်ခံ သွမ့်ယွင်ယိက ကုချင်းစီရင်စုကနေ ထွက်သွားပြီး ဧကရာဇ်မြို့တော်ကို သွားကတည်းက ယဲ့ဘုရင်ခံအိမ်တော်မှာ အဲဒီလိုလူမျိုး မရှိသင့်တော့ဘူး...”
“ပေါ်သွားတာက ဟန့်ရှင်ဂိုဏ်းထဲ ခိုးဝင်သွားတဲ့ သူလျှိုပဲ။ အသေးစိတ် အချက်အလက်တွေကို ငါ စုံစမ်းလို့မရသေးတော့ သေချာတော့ မသိရသေးဘူး...”
ကျောချန်ယွင်သည် အနည်းငယ် လေးနက်နေပြီး စိုးရိမ်နေသည့်ပုံ ပေါက်နေလေသည်။
သူသည် စန့်ယင်ဂိုဏ်းမှ လူများအား မနှစ်မြို့သော်လည်း ယခုအခါတွင် သူတို့သည် လှေတစ်စင်းတည်း စီးနေကြသူများ ဖြစ်ပေသည်။
တစ်ခုခု လွဲချော်သွားပါက ကျောချန်ယွင်မှာ သေချာပေါက် ပါဝင်ပတ်သက်သွားမည် ဖြစ်သည်။
“ဒါကို ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ”
လျိုယိက ကျောချန်ယွင်၏ အမြင်ကို မေးမြန်းလိုက်သည်။
“ငါလည်း မသိဘူး”
ကျောချန်ယွင်က ပြန်ဖြေသည်။
“ငါထင်တာ မမှားဘူးဆိုရင် ယဲ့ဘုရင်ခံအိမ်တော်ကလူတွေ ဧကရာဇ်တရားရုံးရဲ့ ဒေသခံအင်အားစုတွေနဲ့ ပူးပေါင်းပြီး ရှာဖွေဖမ်းဆီးမှုတွေ သေချာပေါက် လုပ်ကြလိမ့်မယ်။ စန့်ယင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဧကရာဇ်တရားရုံးက ဘယ်လောက်အထိ ဆန္ဒပြင်းပြနေလဲဆိုတာ မင်းလည်း သိမှာပါ။ သူတို့သာ အင်အားအပြည့်သုံးလိုက်ရင် ငါတို့လည်း ဖော်ထုတ်ခံရဖို့ အချိန်ပိုင်းပဲ လိုတော့မှာ”
“အင်း...”
လျိုယိက မတ်တတ်ရပ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
ကျောချန်ယွင်မှာ သူ့ကိုသာ တိတ်တိတ်ကလေး ကြည့်နေလေသည်။
အချိန်အတော်ကြာပြီးနောက် လျိုယိ ရပ်တန့်သွားသည်။
“အစီအစဉ် ပြောင်းမယ်”
လျိုယိမှာ ခေါင်းမော့ကာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
“ယဲ့ဘုရင်ခံ အရိုက်အရာ ဆက်ခံပွဲကျင်းပချိန်မှာ လုပ်ကြံမယ့်ကိစ္စကို လက်လျှော့လိုက်တော့”
လျိုယိက ပြောလိုက်သည်။
“လက်လျှော့လိုက်ရမယ် ဟုတ်လား”
ကျောချန်ယွင် အံ့သြသွားရသည်။
“လက်လျှော့မှ ရလိမ့်မယ်”
လျိုယိက ဆက်ပြောလိုက်သည်။
“မင်းပြောသလိုဆိုရင် ပိုအားကောင်းတဲ့ ရှာဖွေရေးအဖွဲ့တွေ မကြာခင် ရောက်လာနိုင်တယ်။ ဧကရာဇ်မြို့တော်က ထိပ်တန်းပညာရှင်တွေတောင် မကြာခင် ရောက်လာနိုင်တယ်လေ”
“ငါတို့ ကုချင်းစီရင်စုကနေ ဒီတိုင်းထွက်သွားလိုက်ရင် အရင်က စီစဉ်ထားသမျှတွေ အလကားဖြစ်သွားမှာပေါ့”
ကျောချန်ယွင်၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ စန့်ယင်ဂိုဏ်းသို့ အတင်းအကျပ် ဝင်ရောက်ခဲ့ရသည်မှာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။
သွမ့်ချောင်ဖုန်း လုပ်ကြံမခံရပါက သွမ့်ချောင်ယွီသည် ယဲ့ဘုရင်ခံနေရာအား ဆက်ခံနိုင်မည် မဟုတ်ပေ။
ထိုသို့သာဆိုလျှင် သူသည်လည်း အိမ်တော်၏ အရေးပါသော အရာရှိတစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ချေ။
“ငါတို့ ထွက်သွားမယ်လို့ ဘယ်သူပြောလို့လဲ”
လျိုယိ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“ငါတို့က ယဲ့ဘုရင်ခံ အရိုက်အရာဆက်ခံပွဲမှာ အုပ်စုလိုက် လုပ်ကြံမယ့်ကိစ္စကိုပဲ လက်လျှော့လိုက်တာ။ သွမ့်ချောင်ဖုန်းကို လုပ်ကြံမယ့်ကိစ္စကတော့ ဆက်ရှိနေဦးမှာပဲ”
“သွမ့်ချောင်ဖုန်း သေဆုံးပြီး သွမ့်ချောင်ယွီ ယဲ့ဘုရင်ခံ ဖြစ်လာမှသာ ကုချင်းစီရင်စုကို ထိုးဖောက်ဝင်ရောက်မယ့် ငါတို့ရဲ့ အစီအစဉ်ကို ဆက်လုပ်နိုင်မှာလေ”
လျိုယိ၏ စကားကြောင့် ကျောချန်ယွင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
“သွမ့်ချောင်ဖုန်းကို ဘယ်တော့ စပြီးလုပ်ကြံမှာလဲ”
ကျောချန်ယွင်က မေးလိုက်သည်။
“မြန်နိုင်သမျှ မြန်မြန်ပေါ့”
လျိုယိက ပြန်ဖြေသည်။
“အချိန်ဆွဲလေလေ ငါတို့ ဖော်ထုတ်ခံရနိုင်ချေ များလေလေပဲ”
“သူ့ကို ဘယ်လိုလုပ်ကြံပြီး အိမ်တော်ထဲကို ဘယ်လိုဖောက်ဝင်မှာလဲ”
ကျောချန်ယွင်က ဆက်ပြောသည်။
“သွမ့်ချောင်ဖုန်းက သူ့ပတ်ဝန်းကျင်မှာ အန္တရာယ်တွေ ရှိနေမှန်း သိသွားပြီဆိုတော့ အခုနောက်ပိုင်း ယဲ့ဘုရင်ခံအိမ်တော်ကနေ သေချာပေါက် ထွက်လာမှာ မဟုတ်တော့ဘူး။ ပြီးတော့ ယဲ့ဘုရင်ခံအိမ်တော်မှာ အစွမ်းထက်တဲ့ တာအိုနယ်ပယ် အဆင့်ရှစ် ပညာရှင်တွေ မရှိဘူးဆိုပေမဲ့ တာအိုနယ်ပယ် အဆင့်ခုနစ် ပညာရှင် တော်တော်များများတော့ ရှိသေးတယ်။ ငါတို့သာ အတင်းအကျပ် ဝင်တိုက်ရင် အသေအပျောက် များနိုင်ရုံတင်မကဘူး၊ စစ်ဆင်ရေးလည်း အောင်မြင်ချင်မှ အောင်မြင်မှာ။ တိုက်ခိုက်နေတုန်းမှာ ဧကရာဇ်တရားရုံးကနေ စစ်တပ်လွှတ်ပြီး ကူညီတာမျိုးလည်း ဖြစ်နိုင်သေးတယ်”
“ဒါဆိုလည်း တောင်ပေါ်က ကျားကို မြှူခေါ်ပြီး အာရုံလွှဲကြတာပေါ့”
လျိုယိက ရှင်းပြလေသည်။
“ငါတို့လူတွေကို အရင်လွှတ်ပြီး တမင်သက်သက် လူလုံးထွက်ပြခိုင်းလိုက်မယ်။ ပြီးရင် အိမ်တော်အပြင်ဘက်ကနေ ဝင်တိုက်သယောင် ဟန်ဆောင်မယ်။ အိမ်တော်ထဲက တာအိုနယ်ပယ် အဆင့်မြင့်ပညာရှင်တွေကို အာရုံလွှဲနိုင်သွားပြီဆိုရင် ကျန်တဲ့ငါတို့လူတွေကို အိမ်တော်ထဲ ခိုးဝင်ခိုင်းပြီး သွမ့်ချောင်ဖုန်းကို သတ်ခိုင်းမယ်”
“ဒါလည်း ဖြစ်နိုင်တာပဲ...”
ကျောချန်ယွင်က လျိုယိ၏ အစီအစဉ်ကို သဘောတူလိုက်သည်။
“စစ်ဆင်ရေးမစခင် နောက်ဆုံးအစီအစဉ်တွေကို သွားလုပ်ချေ။ အိမ်တော်မြေပုံကို ဆွဲပြီး ထွက်ပြေးမယ့်လမ်းကြောင်းတွေကို မှတ်သားထား။ ပြီးရင် မင်း မြို့ထဲကနေ ထွက်သွားလိုက်တော့”
လျိုယိက ဆက်ပြောသည်။
“အခု မင်း မိသွားလို့ မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် အနာဂတ်ကျရင် မင်းက ကုချင်းစီရင်စုမှာ ငါတို့ကို ကိုယ်စားပြုရမယ့်သူလေ”
“ကောင်းပြီလေ”
ကျောချန်ယွင်က ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ငါ တတိယသခင်လေးကို သွားရှာလိုက်ဦးမယ်”
ထိုအချိန်တွင် သွမ့်ချောင်ယွီသည် သွမ့်ယွင်ယိ၏ အမိန့်အရ သူ၏ ပိုင်နက်နယ်မြေသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သူသည် လက်ရှိတွင် လျိုယိထံမှ သတင်းကို စောင့်ဆိုင်းနေလေသည်။ ကိစ္စပြီးစီးသွားသည်နှင့် ချက်ချင်းပြန်လာရန် အသင့်ရှိနေသည်။
“မင်း သွမ့်ချောင်ယွီကို သွားရှာလို့ရပါတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ဖော်ထုတ်မမိစေနဲ့ဆိုတာတော့ မှတ်ထား”
လျိုယိက ထပ်မံသတိပေးလိုက်သည်။
…
ညနက်ချိန်၌…
ဝုန်း...
ယဲ့ဘုရင်ခံအိမ်တော်၏ ဘေးဘက်မှ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ဘာသံကြီးလဲ”
တရားထိုင်နေသော ရွှီနင်တစ်ယောက် ရုတ်တရက် အနှောင့်အယှက် ဖြစ်သွားရသည်။
‘ဒါက မူလအစနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ ရောင်ဝါပဲ။ တစ်ယောက်ယောက် အိမ်တော်ကို ဝင်တိုက်နေပြီ’
ရွှီနင်သည် အခြေအနေကို လျင်မြန်စွာ အာရုံခံမိလိုက်ပြီး သူ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
‘စန့်ယင်ဂိုဏ်းက လူတွေက ယဲ့ဘုရင်ခံအိမ်တော်ကို အတင်းအကျပ် ဝင်တိုက်ချင်နေကြတာများလား’
ရွှီနင်၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားနေလေသည်။
ရွှီနင်မှ စန့်ယင်ဂိုဏ်း၏ စီစဉ်မှုများကို သတင်းပို့ပြီးနောက်၊ ယဲ့ဘုရင်ခံအိမ်တော်နှင့် ဧကရာဇ်တရားရုံး၏ ဒေသခံအင်အားစုများသည် မြို့ထဲရှိ စန့်ယင်ဂိုဏ်း၏ လျှို့ဝှက်အင်အားစုများကို ပူးပေါင်းစုံစမ်းရန် စတင်ခဲ့ကြသည်။
သို့သော် အချိန်သိပ်မကြာသေးသဖြင့် သူတို့အနေဖြင့် မည်သည့်တိုးတက်မှုမျှ မရှိသေးချေ။
‘စန့်ယင်ဂိုဏ်းက သူတို့ ဖော်ထုတ်ခံရတော့မယ်ဆိုတာကို သိသွားလို့ ရှိသမျှအကုန်ပုံအောပြီး အိမ်တော်ကိုဝင်တိုက်ကာ အရှင်မင်းသားကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား’
ရွှီနင်သည် ဤအဖြစ်အပျက်၏ အမှန်တရားကို အကြမ်းဖျင်း ကောက်ချက်ချလိုက်မိသည်။
“အရှင်မင်းသားကို အရင်သွားရှာမှပဲ”
ရွှီနင် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။
လက်ရှိတွင် ယဲ့ဘုရင်ခံအိမ်တော်၌ အိမ်တော်လုံခြုံရေးအတွက် တာဝန်ယူထားသော မူလအစနယ်ပယ် ပညာရှင် ငါးဦး ရှိနေဆဲ ဖြစ်သည်။
သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရွှီနင်၏ ဘက်စုံတိုက်ခိုက်နိုင်စွမ်းမှာ သူတို့ထက် များစွာ သာလွန်နေသဖြင့် အန္တရာယ်ရှိချိန်တွင် သွမ့်ချောင်ဖုန်းအား အကောင်းဆုံး ကာကွယ်ပေးနိုင်သူမှာ သူသာလျှင် ဖြစ်ပေသည်။
“အရှင်မင်းသား”
ရွှီနင် ရောက်သွားချိန်တွင် သွမ့်ချောင်ဖုန်းသည် ခြံဝင်းထဲ၌ မတ်တတ်ရပ်နေလေပြီ။
သူ့ဘေးတွင် မူလအစနယ်ပယ် ပညာရှင်နှစ်ဦးမှာ အစောင့်အရှောက်အဖြစ် ရှိနေကြသည်။
ခြံဝင်းအား ဝိုင်းရံထားသော တာအိုနယ်ပယ် အဆင့်မြင့် အစောင့်အရှောက် အမြောက်အမြားပင် ရှိနေသေးသည်။
ဤအိမ်တော်စောင့်များသည် ယဲ့ဘုရင်ခံအိမ်တော်အပေါ် အလွန်သစ္စာရှိကြပြီး သွမ့်ချောင်ဖုန်း ထိခိုက်မှုမရှိစေရန် သူတို့၏ အသက်ကိုပင် ပေးဝံ့ကြလေသည်။
“ရွှီနင်”
ရွှီနင် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သွမ့်ချောင်ဖုန်းမှာ စိတ်သက်သာရာ ရသွားလေသည်။
ရွှီနင်၏ အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းမှာ မူလအစနယ်ပယ် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
“တစ်ယောက်ယောက်က အိမ်တော်ကို အတင်းအကျပ် ဝင်တိုက်နေတယ်”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“မူလအစနယ်ပယ် ပညာရှင် သုံးယောက်က သူတို့ကို တားဖို့ သွားနှင့်ကြပြီ”
“အရှင်မင်းသားက အိမ်တော်ကနေ အရင်ထွက်ခွာမလား ဒါမှမဟုတ် အခြေအနေကို စောင့်ကြည့်ပြီးမှ လှုပ်ရှားမလား”
ရွှီနင်က မေးမြန်းလိုက်သည်။
အကယ်၍ သွမ့်ချောင်ဖုန်းသာ ဤအန္တရာယ်ရှိသော နေရာမှ အရင်ထွက်ခွာလိုပါက ရွှီနင်မှာ အစောင့်အရှောက်အဖြစ် လိုက်ပါပေးနိုင်လေသည်။
“အရင် စောင့်ကြည့်ကြတာပေါ့”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“ရှေ့တန်းက သတင်းတွေ ရောက်လာမှပဲ ဆက်နေမလား၊ ထွက်သွားမလားဆိုတာ ငါ ဆုံးဖြတ်မယ်”
ဝုန်း... ဝုန်း... ဝုန်း...
ထိုအခိုက်တွင် ရွှီနင်၊ သွမ့်ချောင်ဖုန်းနှင့် အခြားသူများသည် အိမ်တော်၏ အစွန်အဖျားမှ တိုက်ခိုက်သံများကို ကြားနေကြရသည်။
၁၅ မိနစ်ခန့် အကြာတွင် တိုက်ခိုက်သံများက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ရင်းနှီးမှုမရှိသော မူလအစနယ်ပယ် ပညာရှင်များ၏ အရှိန်အဝါများမှာလည်း တဖြည်းဖြည်း ဝေးကွာသွားလေသည်။
“ဝင်တိုက်တဲ့သူတွေ ထွက်ပြေးသွားကြတာလား”
ရွှီနင် မျက်မှောင်ကြုံ့လိုက်မိသည်။
မကြာမီ ကျန်းဟယ် ရောက်လာလေသည်။
“အရှင်မင်းသား”
ကျန်းဟယ်သည် အပြေးရောက်လာပြီး ရွှီနင်ကို ခေါင်းညိတ်ပြလိုက်သည်။
အစောပိုင်းတွင် ကျန်းဟယ်သည် အန္တရာယ်ကို မမှုဘဲ တိုက်ပွဲမြေပြင်ဆီသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
“စောစောက အိမ်တော်ထဲကို ဖောက်ဝင်လာတဲ့သူတွေက မူလအစနယ်ပယ် ပညာရှင် နှစ်ယောက်ပါ၊ သူတို့က စန့်ယင်ဂိုဏ်းက ဖြစ်ရမယ်။ အိမ်တော်ရဲ့ အကြီးအကဲ သုံးယောက်က သူတို့ကို တားဆီးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ အခုတော့ စန့်ယင်ဂိုဏ်းက မူလအစနယ်ပယ် ပညာရှင် နှစ်ယောက် ထွက်ပြေးသွားကြပြီး အိမ်တော်ရဲ့ အကြီးအကဲ သုံးယောက်က သူတို့နောက်ကို လိုက်နေကြပါတယ်”
ကျန်းဟယ်က တစ်ထိုင်တည်းနှင့် အားလုံးကို ပြောချလိုက်သည်။
“ကောင်းတယ်”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
“စန့်ယင်ဂိုဏ်းက လူတွေက သူတို့ ဖော်ထုတ်ခံရပြီဆိုတာ သိလို့ ညသန်းခေါင်ကြီးမှာ မျက်စိစုံမှိတ်ပြီး ဝင်တိုက်ကြတာပဲ။ သူတို့ တော်တော်လေး ကမောက်ကမ ဖြစ်နေတာ သိသာတယ်။ အဲဒီနှစ်ယောက်ကိုသာ ဖမ်းမိရင် ဧကရာဇ်တရားရုံးအတွက် ကြီးမားတဲ့ အကျိုးဆောင်မှု ဖြစ်လာလိမ့်မယ်”
“ကောင်းပြီ၊ အားလုံး လူစုခွဲလိုက်ကြတော့”
သွမ့်ချောင်ဖုန်းသည် လက်ကာပြကာ သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်လေသည်။
သို့သော် ရွှီနင်က သွမ့်ချောင်ဖုန်း၏ အနောက်တွင် ရပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“အရှင်မင်းသား”
ရွှီနင်က သွမ့်ချောင်ဖုန်း၏ ဘေးသို့ လျှောက်သွားလိုက်သည်။
“အစောင့်တွေကို လူစုမခွဲခင် ခဏလောက် စောင့်ကြည့်ပါဦး။ ဒုတိယအသုတ် ဝင်တိုက်တာမျိုး ရှိလာနိုင်သေးတယ်”
“ဟင်”
သွမ့်ချောင်ဖုန်း မျက်ခုံးပင့်သွားသည်။
“ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”
သွမ့်ချောင်ဖုန်း၌ ထိုကဲ့သို့သော အန္တရာယ်ကို သတိပြုမိသည့် အသိစိတ် မရှိခြင်းတော့ မဟုတ်ပေ။
သို့သော် ရွှီနင် သတ်ဖြတ်ခဲ့သော မူလအစနယ်ပယ် ပညာရှင်အပါအဝင် စန့်ယင်ဂိုဏ်းမှ ပညာရှင် သုံးဦး ဖော်ထုတ်ခံရပြီးပြီဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။
သွမ့်ချောင်ဖုန်း၏ အမြင်တွင် စန့်ယင်ဂိုဏ်းသည် လူပိုလွှတ်ရန် မဖြစ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ယခင် စန့်ယင်ဂိုဏ်း၏ လုပ်ထုံးလုပ်နည်းများအရ တာအိုနယ်ပယ် အဆင့်မြင့်ပညာရှင် သုံးဦးထက်ပို၍ စေလွှတ်လေ့မရှိသောကြောင့် ပင်။
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားသည်။
“သခင်လေးရွှီက အတွေးလွန်နေတာ နေမှာပါ”
သွမ့်ချောင်ဖုန်းဘေးရှိ အခြေခံ မူလနယ်ပယ် ပညာရှင်တစ်ဦးက ပြောလိုက်သည်။
“ဒီလောက်ကြာနေပြီဆိုမှတော့ နောက်ထပ် ဝင်တိုက်မယ့်သူ ရှိမှာ မဟုတ်တော့ပါဘူး”
ထို မူလအစနယ်ပယ် ပညာရှင်သည် အိမ်တော်၏ ဝါရင့် ဧည့်သည်တော်တစ်ဦး ဖြစ်ပြီး အိမ်တော်၏ လုံခြုံရေးကို ပုံမှန်အားဖြင့် တာဝန်ယူရသူ ဖြစ်သည်။
“အစောင့်တွေကို အရင် လူစုခွဲလိုက်ပါမယ်။ အဲဒီနောက်တော့ ကျွန်တော် အရှင်မင်းသားနောက်ကို အနီးကပ် လိုက်ပါစောင့်ရှောက်ပေးပါ့မယ်”
ထိုဝါရင့် ဧည့်သည်တော်က ပြောလိုက်လေသည်။
သို့သော် သူ စကားပြော၍ မဆုံးမီမှာပင် အဝေးရှိ ညကောင်းကင်ယံဆီမှ စူးရှသော အသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာလေသည်။
မည်းနက်နေသော မြားတစ်စင်းသည် သွမ့်ချောင်ဖုန်းဆီသို့ တည့်မတ်စွာ ပျံသန်းလာသည်ကိုသာ မြင်လိုက်ရတော့သည်။