အခန်း (၂၉၉-၃၀၀)
Vol. 30 Ch. 299-300
အခန်း (၂၉၉) - အားလုံးကို အံ့အားသင့်စေခြင်း
‘ဒီရုပ်သေးရုပ်က တာအိုနယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာ ရှိနေပုံရတယ်’
ရွှီနင် ခန့်မှန်းလိုက်သည်။
ရုပ်သေးရုပ်တွင် အခြား မည်သည့်လျှို့ဝှက်ချက်များ ရှိနေသည်ကို သူ မသိသော်လည်း ၎င်းကို အလွယ်တကူ ရင်ဆိုင်နိုင်သည်ဖြစ်ရာ နောက်ကွယ်တွင် အခြားအကြံအစည်များ ရှိနေလျှင်ပင် သိပ်ပြီး အစွမ်းထက်မည်တော့ မဟုတ်ချေ။
ရွှီး...
ရွှီနင်၏ ခုတ်ပိုင်းခြင်းခံလိုက်ရသော ရုပ်သေးရုပ်သည် မှေးမှိန်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားလေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် လွတ်လပ်နေသော ကြမ်းပြင်ပေါ်၌ နောက်တစ်ထပ်သို့ တက်ရန် လှေကားတစ်စင်း ပေါ်လာခဲ့လေသည်။
ရွှီနင်သည် တုံဆိုင်းမနေဘဲ ဒုတိယအထပ်သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။
ဝုန်း...
ဒုတိယအထပ်သို့ ရောက်ရှိသွားပြီးနောက်တွင်လည်း ပတ်ဝန်းကျင်မှာ ယခင်အတိုင်းပင် ဖြစ်ပေသည်။
ရွှီနင် ရှေ့သို့ လှမ်းသွားသည်နှင့် တစ်ပြိုင်နက် ယခင်ရုပ်သေးရုပ်မျိုးပင် သူ့ရှေ့၌ ထပ်မံပေါ်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ရုပ်သေးရုပ် ခြောက်ရုပ် ဖြစ်နေချေပြီ။
ရုပ်သေးရုပ်တို့သည် ရုပ်လုံးပေါ်လာပြီးနောက် ရွှီနင်အား တုံဆိုင်းခြင်းအလျဉ်းမရှိဘဲ ထပ်မံ တိုက်ခိုက်လာကြလေသည်။
ရွှီနင်မှာ ချက်ချင်း မသတ်ပစ်သေးဘဲ ၎င်းတို့၏ အစစ်အမှန်စွမ်းအားကို ကြည့်ရှုလိုနေသည်။
ရွှီး...
ရုပ်သေးရုပ်ခြောက်ရုပ်သည် ရွှီနင်အား ဝိုင်းရံထားပြီး ၎င်းတို့၏ ဓားများထဲမှ ဓားချီများ ပျံသန်းထွက်ပေါ်လာသည်။
‘ဒီဓားချီရဲ့ ထိခိုက်နိုင်စွမ်းက တာအိုနယ်ပယ် စတုတ္ထအဆင့်က ကြယ်တာရာချီနဲ့ အတူတူပဲ’
ရုပ်သေးရုပ်ခြောက်ရုပ်၏ ဝိုင်းရံခြင်းကို ခံထားရသော်လည်း ရွှီနင်မှာ သက်သောင့်သက်သာ ရှိနေဆဲပင်။
ခေတ္တမျှ တိုက်ခိုက်ပြီးနောက် ဤရုပ်သေးရုပ်တို့၌ အခြားဝှက်ဖဲများ မရှိတော့ကြောင်း ရွှီနင် မြင်တွေ့လိုက်ရသဖြင့် ကြယ်တာရာချီ နှစ်ချက်အား ထပ်မံထုတ်ဖော်ကာ ရုပ်သေးရုပ်ခြောက်ရုပ်လုံးအား သတ်ပစ်လိုက်လေသည်။
ယခင်နည်းတူပင် ရုပ်သေးရုပ်တို့ ပျောက်ကွယ်သွားပြီး လှေကားတစ်စင်း ပေါ်လာပြန်သည်။
‘ဒီတတိယအထပ်မှာလည်း ရုပ်သေးရုပ်တွေချည်းပဲတော့ မဖြစ်နိုင်ဘူးမလား’
ရွှီနင်သည် စိတ်ထဲမှ တွေးလိုက်ပြီး လှေကားပေါ်သို့ ဆက်လက် တက်သွားလေသည်။
ထင်ထားသည့်အတိုင်းပင် တတိယအထပ်၌လည်း ရုပ်သေးရုပ်တို့ ပေါ်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ပေါ်လာသော ရုပ်သေးရုပ်မှာ ငွေရောင်ရုပ်သေးရုပ် ဖြစ်လေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ယခင်ရုပ်သေးရုပ်တို့ထက် ပိုမိုကြီးမားပြီး လက်ထဲရှိ လက်နက်မှာလည်း ဓားရှည်အစား လှံရှည်အဖြစ် ပြောင်းလဲသွားချေပြီ။
ငွေရောင်ရုပ်သေးရုပ် တစ်ရုပ်တည်းသာ ရှိသည်။ ၎င်းသည် ငွေရောင်လှံအား ကိုင်ဆောင်ကာ ရွှီနင်ထံသို့ ထိုးစိုက်လိုက်လေသည်။
လှံထိပ်ဖျား၌ စွမ်းအင်အငွေ့အသက်များ စုစည်းနေလေသည်။
‘ဒီငွေရောင်ရုပ်သေးရုပ်ရဲ့ စွမ်းအားက တာအိုနယ်ပယ် ပဉ္စမအဆင့်မှာ ရှိနေတာပဲ’
စမ်းသပ်ကြည့်ပြီးနောက် ရွှီနင်သည် ငွေရောင်ရုပ်သေးရုပ်၏ စွမ်းအားကို နောက်တစ်ကြိမ် နားလည်သွားခဲ့သည်။
လက်ရှိအချက်အလက်များအပေါ် အခြေခံ၍ ရွှီနင်သည် တန်းဟိုင်မျှော်စင်အတွင်းရှိ ရုပ်သေးရုပ်တို့၏ စွမ်းအား ပြောင်းလဲမှုပုံစံကို သဘောပေါက်သွားချေပြီ။
‘ပထမအထပ်က တာအိုနယ်ပယ် စတုတ္ထအဆင့် ရုပ်သေးရုပ် တစ်ရုပ်၊ ဒုတိယအထပ်က တာအိုနယ်ပယ် စတုတ္ထအဆင့် ရုပ်သေးရုပ် ခြောက်ရုပ်၊ တတိယအထပ်ကျတော့ တာအိုနယ်ပယ် ပဉ္စမအဆင့် ရုပ်သေးရုပ် တစ်ရုပ်ပဲ။ ဒီပုံစံအရဆိုရင် မဂဏန်းကျတဲ့ အထပ်တိုင်းမှာ ရုပ်သေးရုပ်တွေရဲ့ စွမ်းအားက တစ်ဆင့် မြင့်သွားမယ်။ စုံဂဏန်းအထပ်တွေက ရုပ်သေးရုပ်တွေရဲ့ စွမ်းအားက အရင် မဂဏန်းအထပ်က ရုပ်သေးရုပ်တွေနဲ့ အတူတူပဲ ဖြစ်ပေမယ့် အရေအတွက် ပိုများလာမယ်’
ရွှီး...
နောက်ထပ် ကြယ်တာရာချီ လေပြင်းတစ်ချက် ထွက်ပေါ်လာလေသည်။
လှံကိုင်ဆောင်ထားသော ငွေရောင်ရုပ်သေးရုပ်အား အဆုံးသတ်လိုက်လေသည်။
ရွှီနင်အတွက်မူ ဤသည်မှာ ယခင်အထပ်ရှိ အခက်အခဲနှင့် ဘာမှ မကွာခြားလှပေ။
ရွှီနင် စတုတ္ထအထပ်သို့ တက်သွားလေသည်။
ရွှီနင် ခန့်မှန်းထားသကဲ့သို့ပင် စတုတ္ထအထပ်၌ ငွေရောင်ရုပ်သေးရုပ် ခြောက်ရုပ် ပေါ်လာခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေရောင်ရုပ်သေးရုပ် ခြောက်ရုပ်မှာ ရွှီနင်၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြန်သည်။
ဤသို့ဖြင့် ရွှီနင်သည် ပဉ္စမအထပ်သို့ ဆက်တက်သွားသည်... ဆဋ္ဌမအထပ်သို့...
ဆဋ္ဌမအထပ်တွင် နက်ရွှေရောင်ရုပ်သေးရုပ် ခြောက်ရုပ်ကို ရှင်းလင်းလိုက်လေသည်။
ဤနက်ရွှေရောင်ရုပ်သေးရုပ် ခြောက်ရုပ်၏ စွမ်းအားမှာ တာအိုနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိလေသည်။
သာမန် တာအိုနယ်ပယ် ဆဋ္ဌမအဆင့် သိုင်းပညာရှင်များအတွက် တူညီသော အဆင့်ရှိ ရန်သူခြောက်ယောက်အား ရင်ဆိုင်တိုက်ခိုက်ရခြင်းမှာ အလွန် ခက်ခဲပေလိမ့်မည်။
သို့သော် ရွှီနင်အတွက်မူ စိန်ခေါ်မှုတစ်ရပ် မဟုတ်ခဲ့ချေ။
‘ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် ဆဋ္ဌမအထပ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အနက်ရောင်ငှက်က ပြောခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ငါ့ရဲ့ နယ်ပယ်ကိုကြည့်ပြီး ခန့်မှန်းထားတာ သက်သက်ပဲ။ သတ္တမအထပ်ကို ကျော်ဖြတ်နိုင်ဖို့ကတော့ သိပ်ယုံကြည်မှု မရှိပုံပဲ။ ဘာလို့လဲဆိုတော့ သတ္တမအထပ်က ရုပ်သေးရုပ်က တာအိုနယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလို့ပဲ’
ပုံစံကို သဘောပေါက်သွားပြီးနောက် ရွှီနင်သည် ယုံကြည်မှု ပိုရှိလာခဲ့သည်။
သူသည် သတ္တမအထပ်၏ လှေကားဆီသို့ လျှောက်သွားလိုက်သည်။
တန်းဟိုင်မျှော်စင်၏ အပြင်ဘက်တွင်မူ အနက်ရောင်ငှက်နှင့် ကျွန်းအပြင်ဘက်ရှိ လူများအားလုံးမှာ တန်းဟိုင်မျှော်စင်ကိုသာ အာရုံစိုက်နေကြလေသည်။
သူ အထပ်တစ်ထပ်ကို တက်သွားတိုင်း ထိုအထပ်မှ အလင်းရောင်များ ဖြာထွက်လာတတ်သည်ကို ရွှီနင် မသိခဲ့ပေ။
ထို့ကြောင့် အပြင်ဘက်ရှိ လူတိုင်းမှာ ရွှီနင်တစ်ယောက် မည်သည့်အထပ်သို့ ရောက်ရှိနေကြောင်းကို အတိအကျ သိနေကြခြင်း ဖြစ်သည်။
“သူက ဆဋ္ဌမအထပ်ကို ဒီလောက်မြန်မြန် ကျော်ဖြတ်သွားတာလား”
“ဒီမျိုးစေ့အသစ်က တာအိုနယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းကို မရောက်သေးဘူးလို့ ခုနက တစ်ယောက်ယောက် ပြောလိုက်တယ် မဟုတ်လား”
အပြင်ဘက်ရှိ လူများမှာ ဆွေးနွေးနေကြသည်။
အနက်ရောင်ငှက်သည်လည်း ခေါင်းကို မော့လိုက်သည်။
‘ဒီကောင်လေး ဆဋ္ဌမအထပ်မှာ နေသွားတဲ့ အချိန်က အရင်တုန်းကနဲ့ အတူတူပဲလား’
အနက်ရောင်ငှက်၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
‘ဒါဆို သူက သူ့နယ်ပယ်ထက် မြင့်တဲ့ ရန်သူတွေကို သတ်နိုင်တဲ့ သိုင်းပညာရှင်တစ်ယောက်ပေါ့။ သူ့ရဲ့ အခြေခံက လုံလောက်အောင် နက်ရှိုင်းတာပဲ။ ရွှီနင်က သတ္တမအထပ်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေး အရမ်းများနေပုံရတယ်။ ဒါပေမဲ့ အဋ္ဌမအထပ်ကိုတော့...’
အနက်ရောင်ငှက်က စိတ်ထဲမှ ရေရွတ်နေစဉ်မှာပင် တန်းဟိုင်မျှော်စင်၏ အဋ္ဌမအထပ်ရှိ အလင်းကွင်းသည် ထပ်မံ ဖြာထွက်လာပြန်သည်။
ယင်းက ရွှီနင်သည် သတ္တမအထပ်အား အလွန်တိုတောင်းသော အချိန်အတွင်း ကျော်ဖြတ်ကာ အဋ္ဌမအထပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြနေလေသည်။
အနက်ရောင်ငှက်က ၎င်း၏ တောင်ပံများဖြင့် ခေါင်းကို ကုတ်လိုက်သည်။
‘သူက သတ္တမအထပ်မှာ အရင်ကထက် အနည်းငယ် ပိုကြာကြာ နေခဲ့ပုံရတယ်။ ဒါပေမဲ့ ဒါကလည်း အရမ်းမြန်လွန်းနေသေးတယ်... အဋ္ဌမအထပ်က သူ့အတွက် ခက်ခဲမှာမဟုတ်ပေမယ့် နဝမအထပ်က ရုပ်သေးရုပ်တွေက တာအိုနယ်ပယ် အဋ္ဌမအဆင့်နဲ့ ညီမျှတယ်။ သူ့ဆီမှာ ထိပ်တန်းအဆင့် ရတနာ ရှိနေရင်တောင် နယ်ပယ်နှစ်ခုလုံးကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးမလား’
“ဒါပေမဲ့ သူ နဝမအထပ်ကို မကျော်ဖြတ်နိုင်ခဲ့ရင်တောင် ရွှီနင်ရဲ့ အလားအလာ အဆင့်သတ်မှတ်ချက်က ‘အဆင့်မြင့်’ ဖြစ်မှာ သေချာတယ်။ ရွှီနင်မတိုင်ခင်က မျိုးစေ့ တစ်ရာ့သုံးဆယ့်တစ်ယောက်ထဲမှာ ‘အဆင့်မြင့်’ သတ်မှတ်ချက် ရခဲ့တဲ့သူက ဆယ်ယောက်ပဲ ရှိတယ်။ မျိုးစေ့တွေက တစ်သန်းမှာ တစ်ယောက် ထွက်ပေါ်လာဖို့ ခက်ခဲပြီး ‘အဆင့်မြင့်’ သတ်မှတ်ချက် ရနိုင်တဲ့သူတွေက ပိုလို့တောင် ရှားပါးသေးတယ်”
အနက်ရောင်ငှက်မှာ ချဲ့ကားပြောဆိုနေပုံရသော်လည်း အမှန်တကယ်တွင်မူ ၎င်း၏ မျိုးစေ့များအပေါ် အကဲဖြတ်မှုမှာ အလွန် တင်းကျပ်လှပေသည်။
အနက်ရောင်ငှက်သည် တန်းဟိုင်မျှော်စင်ကို ဆက်လက် စောင့်ကြည့်နေလေသည်။
တန်းဟိုင်မျှော်စင်၏ အဋ္ဌမအထပ်၌…
ရွှီနင်၏ ရှေ့တွင် လှံကိုင်ဆောင်ထားသော နက်ရွှေရောင်ရုပ်သေးရုပ် ခြောက်ရုပ် ရှိနေလေသည်။
သို့သော် ၎င်းတို့၏ ရင်ဘတ်ထဲတွင် နီလာရောင် ပုံဆောင်ခဲ တစ်ခုစီ မြှုပ်နှံထားလေသည်။
နီလာရောင် ပုံဆောင်ခဲများသည် ဤနက်ရွှေရောင်ရုပ်သေးရုပ်တို့အား ပုံစံတူ မူလစွမ်းအင်များကို ထောက်ပံ့ပေးနိုင်ပြီး တာအိုနယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်စေလေသည်။
‘ဒီတစ်ခါတော့ အားပိုစိုက်မှ ရတော့မယ်’
ရွှီနင်က လျိုယွင်စစ်ကို ထုတ်ယူလိုက်သည်။
တန်းဟိုင်မျှော်စင်တွင် ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာများကို အသုံးပြုခြင်းအား တားမြစ်ထားခြင်း မရှိပေ။
ဒိုင်း... ဒိုင်း... ဒိုင်း...
ရွှီနင်သည် လျိုယွင်စစ်အား ကိုင်ဆောင်ကာ နက်ရွှေရောင်ရုပ်သေးရုပ်တို့ထံသို့ ပြေးဝင်သွားလေသည်။
၎င်းတို့၏ ရင်ဘတ်ပေါ်ရှိ နီလာရောင် ပုံဆောင်ခဲများသည် ရွှီနင်၏ ပစ်မှတ်ပင် ဖြစ်သည်။
ထိုနက်ရွှေရောင်ရုပ်သေးရုပ်တို့၌ ကိုယ်ပိုင်အသိဉာဏ် မရှိသော်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးအသိမှာ ရင်ဘတ်ပေါ်ရှိ နီလာရောင် ပုံဆောင်ခဲအား အလိုအလျောက် ကာကွယ်စေလေသည်။
“ပုံရိပ်ယောင်သားရဲအရိပ်... ဟင်းလင်းပြင်ပုံပျက်ခြင်း”
ရွှီနင်သည် သူ၏ မူလစွမ်းအင်နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်သည်။
ခေတ္တအကြာတွင် ရွှီနင်သည် ဆယ့်ငါးမိနစ်အတွင်း ရုပ်သေးရုပ်ခြောက်ရုပ်လုံးအား အဆုံးသတ်နိုင်ခဲ့လေသည်။
‘နောက်တစ်ထပ်က ရုပ်သေးရုပ်တွေက တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်မှာ ရှိတယ်’
ကြမ်းပြင်ပေါ်တွင် ပေါ်လာသော လှေကားအား ကြည့်ရင်း နောက်ဆုံးတွင် ရွှီနင်၏ မျက်နှာပေါ်၌ လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။
တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ဖြစ်သော မူလအချိတ်အဆက်နယ်ပယ်သည် မူလစွမ်းအင်များနှင့် ချိတ်ဆက်နိုင်စေပြီး တိုက်ပွဲတစ်လျှောက်လုံးတွင် မူလစွမ်းအင်အား အလွယ်တကူ အသုံးပြုနိုင်စေလေသည်။
ဤသည်မှာ ရွှီနင်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ရွှီနင်သည် နဝမအထပ်သို့ တက်သွားလေသည်။
အပြင်ဘက်၌…
“သူ နဝမအထပ်ကို ရောက်နေပြီ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တာအိုနယ်ပယ် သတ္တမအဆင့် ရုပ်သေးရုပ်တွေ စောင့်ကြပ်နေတဲ့ အဋ္ဌမအထပ်ကို သူ တကယ် ကျော်ဖြတ်သွားတာပဲ”
“ဒီမျိုးစေ့အသစ်ရဲ့ အကဲဖြတ်ချက်က သေချာပေါက် ‘အဆင့်မြင့်’ ပဲ”
“သူသာ နဝမအထပ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် သူ့ရဲ့ အကဲဖြတ်ချက်က ‘အထွတ်အထိပ်’ ဖြစ်သွားလောက်တယ် မဟုတ်လား”
“နဝမအထပ်ကို ကျော်ဖြတ်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လက်ရှိ ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ ‘အထွတ်အထိပ်’ သတ်မှတ်ချက်ကို ရထားတဲ့ မျိုးစေ့ နှစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ အဲဒီနှစ်ယောက်က ခေါင်းဆောင်သစ် ဖြစ်လာဖို့ အလားအလာ အများဆုံးပဲ”
“မှန်တယ်။ နဝမအထပ်က တာအိုနယ်ပယ် အဋ္ဌမအဆင့်မှာ ရှိတဲ့ ရုပ်သေးရုပ် အစောင့်ပဲ။ ဒီမျိုးစေ့အသစ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဆက်တိုက်ဆိုသလို နယ်ပယ်နှစ်ခုကိုတော့ မကျော်ဖြတ်နိုင်ဘူး မဟုတ်လား”
တန်းဟိုင်မျှော်စင်အတွင်း၌…
နဝမအထပ်…
လှံကိုင်ဆောင်ထားသော နက်ရွှေရောင်ရုပ်သေးရုပ်ပင် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် နက်ရွှေရောင်ရုပ်သေးရုပ်၏ ရင်ဘတ်၌ အပြာရောင် ပုံဆောင်ခဲ သုံးခု မြှုပ်နှံထားလေသည်။
အပြာရောင် ပုံဆောင်ခဲ သုံးခုပါသော နက်ရွှေရောင်ရုပ်သေးရုပ်သည် ပုံဆောင်ခဲတစ်ခုသာပါသော ရုပ်သေးရုပ်ထက် သုံးဆမက ပိုမို အစွမ်းထက်လေသည်။
“ဟား”
ဤတစ်ကြိမ်တွင် ရွှီနင်က ဦးဆောင် တိုက်ခိုက်လိုက်သည်။ သူ၏ အပေါ်သို့ ဖိကျလာသော ဧရာမ ဖိအားကြီးကို သူ အမှန်တကယ် ခံစားလိုက်ရသည်။
ဤဖိအားမျိုးသည် လျိုယိနှင့် တိုက်ခိုက်ခဲ့စဉ်ကအတိုင်းပင် ဆင်တူလေသည်။
လျိုယွင်စစ်သည် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။
ထပ်မံ ထွက်ပေါ်လာချိန်တွင် ရွှီနင်သည် ပုံရိပ်ယောင်သားရဲ၏ ဟင်းလင်းပြင်ပုံပျက်ခြင်းကို အသုံးပြုလိုက်ကာ နက်ရွှေရောင်ရုပ်သေးရုပ်အပေါ်သို့ နှစ်ဆသော ထိခိုက်မှုကို ပေးစွမ်းလိုက်လေသည်။
ဤအခိုက်အတန့်တွင် ရွှီနင်၏ အစွမ်းအထက်ဆုံး နည်းစနစ်ဖြစ်သော ညအမှောင်ဖန်ဆင်းသူသည် အသုံးမဝင်ချေ။ အကြောင်းမှာ ဤတိုက်ပွဲဝင် ရုပ်သေးရုပ်တွင် အာရုံခံနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။
ဒိုင်း...
ထင်ထားသည့်အတိုင်းပင် သိုင်းကွက်နှစ်ခုကို ပေါင်းစပ်လိုက်ပြီးနောက် နက်ရွှေရောင်ရုပ်သေးရုပ်၏ ရင်ဘတ်ပေါ်ရှိ အပြာရောင် ပုံဆောင်ခဲ တစ်ခုမှာ ကွဲကြေသွားပြီး အပြာရောင် ပုံဆောင်ခဲ နှစ်ခုသာ အကောင်းပကတိ ကျန်ရစ်တော့သည်။
တစ်ကြိမ် အောင်မြင်သွားပြီးနောက် ရွှီနင်သည် ဆက်တိုက် တိုက်ခိုက်လေတော့သည်။
၎င်းတို့နှစ်ဦး၏ ရိုက်ခတ်မှုများကြားမှ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာသော်လည်း လှိုင်းလုံးများသည် ကြမ်းပြင်နှင့် နံရံများကို ထိတွေ့သွားသောအခါ လုံးဝ စုပ်ယူခြင်း ခံလိုက်ရလေသည်။
မျှော်စင်ပေါ်တွင်မူ ပျက်စီးသွားသည့် အရိပ်အယောင် လုံးဝ မရှိပေ။
‘နည်းနည်းတော့ ခက်ခဲနေပြီ’
ရွှီနင်သည် သူ၏ ကန့်သတ်ချက်သို့ ရောက်နေပြီဟု ခံစားလိုက်ရသည်။
ရွှီနင်သည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ အစစ်အမှန် စွမ်းအားကို လေ့လာလိုက်သည်။
သူသည် တာအိုနယ်ပယ် အဋ္ဌမအဆင့်သို့ ယခုမှ ဝင်ရောက်လာသော သိုင်းပညာရှင်တစ်ဦးကို မတိုးမဆုတ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ပြိုင်ဘက်မှာ ထိုထက်ပို၍ အစွမ်းထက်နေပါက အနိုင်ရရန် ခက်ခဲပေလိမ့်မည်။
သို့သော် ရွှီနင် လက်မလျော့ခဲ့ပေ။
ဒိုင်း...
သူ၏ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများဖြင့် ရွှီနင်သည် နောက်ထပ် ပုံဆောင်ခဲ တစ်ခုကို ထပ်မံခွဲပစ်လိုက်သည်။
ရလဒ်အနေဖြင့် ပုံဆောင်ခဲ တစ်ခုသာ ကျန်ရှိတော့သော ရုပ်သေးရုပ်သည် ရွှီနင်၏ ပြိုင်ဘက် မဟုတ်တော့ချေ။
၎င်းသည် ရွှီနင်၏ လျိုယွင်စစ်ဖြင့် ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရပြီး ခေါင်းဖြတ်ခံလိုက်ရလေသည်။
‘ဒီအထပ်ကို ကျော်ဖြတ်ရတာ တော်တော် ခက်ခဲတာပဲ’
ရွှီနင်သည် ထိုနေရာတွင်ပင် အနားယူလိုက်ပြီး အပေါ်ထပ်သို့ ချက်ချင်း မတက်သေးပေ။
ဒဿမအထပ်အား မည်သို့ပင်ဖြစ်စေ သူ ကျော်ဖြတ်နိုင်မည် မဟုတ်ကြောင်းကို ကောင်းစွာ သိထားလေသည်။
ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေခြင်း မဟုတ်ဘဲ အမှန်တရားက သူ့ရှေ့တွင် ရှိနေခြင်းကြောင့်ပင်။
အပြာရောင် ပုံဆောင်ခဲ သုံးခု မြှုပ်နှံထားသော ရုပ်သေးရုပ်တစ်ရုပ်ကိုပင် အနိုင်ယူရန် ဤမျှခက်ခဲနေသည်ဖြစ်ရာ ခြောက်ရုပ်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။
သို့သော် ရွှီနင်သည် ဒဿမအထပ်သို့ လျှောက်သွားခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ နာရီဝက်ကြာ တောင့်ခံပြီးနောက် ရွှီနင်၏ အသက်အန္တရာယ် ကြုံတွေ့လာရချိန်၌ မမြင်ရသော စွမ်းအားတစ်ခုသည် သူ့အား တန်းဟိုင်မျှော်စင်ထဲမှ ချက်ချင်း တွန်းထုတ်ပစ်လိုက်လေသည်။
“သူ ထွက်လာပြီ”
“ဒဿမအထပ်မှာ သူ တကယ်ကို အကြာကြီး တောင့်ခံနိုင်ခဲ့တာပဲ”
“’အထွတ်အထိပ်’ ဒီလူရဲ့ အကဲဖြတ်ချက်က သေချာပေါက် ‘အထွတ်အထိပ်’ ဖြစ်ရမယ်”
ရွှီနင်အား စောင့်ကြည့်နေခဲ့ကြသော လူတိုင်းတွင် ကွဲပြားသော မျက်နှာအမူအရာများ အသီးသီး ရှိနေကြလေသည်။
လူတိုင်းက ရွှီနင်၏ အလားအလာကို အံ့အားသင့်နေကြသည်။
မည်သို့ပင်ဖြစ်စေ လူတစ်ယောက်မှ အဆင့်ကျော်တိုက်ခိုက်သည့် တိုက်ပွဲများအား ရံဖန်ရံခါ မြင်တွေ့နိုင်သော်လည်း အဆင့်နှစ်ခုအား ကျော်ဖြတ်တိုက်ခိုက်သည့် တိုက်ပွဲမျိုးမှာမူ ရှားပါးလှပေသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အခြားသော ‘အထွတ်အထိပ်’ မျိုးစေ့ နှစ်ယောက်ပင်လျှင် သူတို့၏ ကိုယ်ပိုင်စွမ်းအားထက် တစ်ထပ်သာ ပို၍ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့၏ နယ်ပယ်မှာ ပိုမြင့်မားနေသောကြောင့်သာ ‘အထွတ်အထိပ်’ အဖြစ် အကဲဖြတ်ခံခဲ့ရခြင်း ဖြစ်လေသည်။
သို့သော် ဤမျိုးစေ့အသစ်သည် နယ်ပယ်နှစ်ခုအား အမှန်တကယ် ကျော်ဖြတ်သွားခဲ့ချေပြီ။
ပင်လယ်နီမိစ္ဆာဂိုဏ်းတွင် နောက်ထပ် အစွမ်းထက်သော မျိုးစေ့တစ်ယောက် ထွက်ပေါ်လာတော့မည်ကို လူတိုင်း သိလိုက်ကြသည်။
ထိုသူက မျက်နှာသစ်တစ်ယောက်ပင် ဖြစ်လေသည်။
အခန်း (၃၀၀) - တာအိုနယ်ပယ် သတ္တမအဆင့်၊ မူလအစနယ်ပယ်
“ရွှီနင်... မင်းရဲ့ အမြုတေပြောင်းလဲခြင်းနယ်ပယ် အစွမ်းနဲ့ မူလအချိတ်အဆက်နယ်ပယ် ရုပ်သေးရုပ်ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်ခဲ့တာလဲ”
ရွှီနင်တစ်ယောက် တန်းဟိုင်မျှော်စင်ထဲမှ တွန်းထုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ငှက်ကြီးသည် ခေါင်းငုံ့ကာ လှမ်းမေးလိုက်လေသည်။
ရွှီနင်သည် မသိစိတ်အရ ခေါင်းစောင်းလိုက်မိသည်။
“ကျုပ်ဆီမှာ ပထမတန်းစား လျှို့ဝှက်ရတနာတစ်ခုရှိတယ်လေ။ ပြီးတော့ ပြင်ပစွမ်းအင်တွေရဲ့ အကူအညီကိုလည်း ယူထားရတာပေါ့”
“ပြင်ပစွမ်းအင်ကို အားကိုးတာက ကိစ္စမရှိပါဘူး။ ဘယ်လို အဆင့်မြင့် တာအိုနယ်ပယ်သိုင်းပညာရှင်ကရော လျှို့ဝှက်ရတနာ မရှိဘဲ နေမှာတဲ့လဲ။ ဒါပေမဲ့ နယ်ပယ်နှစ်ခုလောက် ကွာဟနေတာတောင် ယှဉ်တိုက်နိုင်တဲ့သူကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ”
ရွှီနင်၏ စွမ်းဆောင်ရည်က အနက်ရောင်ငှက်ကြီးကို အလွန်အံ့အားသင့်သွားစေခဲ့သည်။
“မင်းရဲ့ ခွန်အားနဲ့ အခြေခံအရဆိုရင် ဒီနှစ်အနည်းငယ်အတွင်းမှာ အမြန်ဆုံး တိုးတက်လာနိုင်မယ်ဆိုရင်တော့ မျိုးစေ့တပည့်တွေကြားထဲမှာ သေချာပေါက် ထင်ပေါ်လာပြီး ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်မှာပဲ”
အနက်ရောင်ငှက်ကြီးသည် ရွှီနင်၏ ကိုယ်ပိုင်တံဆိပ်ပြားကို ပြန်ပေးလိုက်သည်။
ရွှီနင်က လှမ်းယူလိုက်ပြီးနောက် သူ့နာမည်အပြင် ‘အထွတ်အထိပ်’ ဟူသော စာလုံးပါ ပါဝင်လာသည်ကို သတိပြုမိလိုက်လေသည်။
“စီနီယာ... ဒီ ‘အထွတ်အထိပ်’ ဆိုတာက ကျွန်တော့်ရဲ့ အကဲဖြတ်အဆင့်လား”
ရွှီနင်က မေးလိုက်သည်။
“ဟုတ်တယ်”
အနက်ရောင်ငှက်ကြီးက ခေါင်းညိတ်လိုက်သည်။
“’အထွတ်အထိပ်’ ဆိုတာ မျိုးစေ့တပည့်တစ်ယောက်ရဲ့ အလားအလာအတွက် အမြင့်ဆုံး အကဲဖြတ်မှုပဲ။ ဒီတံဆိပ်ပြားကိုယူပြီး အရင်းအမြစ်ခန်းမဆီသွားပြီ အဲဒီက အကြီးအကဲတွေကို သွားရှာလိုက်။ မင်းနဲ့ထိုက်တန်တဲ့ ပထမတန်းစား လျှို့ဝှက်ရတနာတစ်ခု ရမယ့်အပြင် ခြောက်လတစ်ကြိမ် အရင်းအမြစ်ခွဲတမ်းတွေကိုပါ ရရှိလိမ့်မယ်။ ဒါ့အပြင် ‘အထွတ်အထိပ်’အဖြစ် အကဲဖြတ်ခံရတဲ့ တပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ သိုင်းပညာအရင်းအမြစ်တွေကိုလည်း လွတ်လပ်စွာ အသုံးပြုခွင့်ရှိတယ်”
“အဲဒီလိုလား...”
ရွှီနင်သည် အနက်ရောင်ငှက်ကြီးကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ရွှီနင်၏ ယဉ်ကျေးပျူငှာသော အပြုအမူကြောင့် အနက်ရောင်ငှက်ကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
“သွားတော့... အခု မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်သွားပြီ။ ကောင်းကောင်း ကြိုးစားစမ်းပါ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”
အနက်ရောင်ငှက်ကြီးသည် အားပေးစကား အနည်းငယ်ဆိုကာ ဆရာတစ်ဆူ၏ အမူအရာကို အတင်းအဓမ္မ ဖော်ပြနေပေသည်။
“စီနီယာ့ကို ကျွန်တော် ဘယ်လိုခေါ်ရမလဲ”
ရွှီနင်သည် ထွက်မသွားသေးဘဲ အနက်ရောင်ငှက်ကြီးကို မေးလိုက်လေသည်။
ဤအနက်ရောင်ငှက်ကြီးမှာ အနည်းငယ် ထူးဆန်းနေသော်လည်း ၎င်း၏ စွမ်းအားမှာ ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားနေကြောင်း ရွှီနင် အာရုံခံမိနေသည်။
ရွှီနင်၏ လက်ရှိနယ်ပယ်ဖြင့်ဆိုလျှင် ဤအနက်ရောင်ငှက်ကြီး၏ ခွန်အားကို ခန့်မှန်း၍ မရနိုင်ပေ။
ထို့အပြင် ဤအနက်ရောင်ငှက်ကြီးသည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ မျိုးစေ့တပည့်များအပေါ် အကဲဖြတ်နိုင်စွမ်းရှိနေသောကြောင့် ၎င်း၏အဆင့်အတန်းမှာ သေချာပေါက် သာမန်မဟုတ်ကြောင်း ထင်ရှားနေသည်။
“ဒါက...”
အနက်ရောင်ငှက်ကြီးက ချက်ချင်း ပြန်မဖြေချေ။
အနည်းငယ် တုံ့ဆိုင်းနေပုံရသည်။
“ငါ့နာမည်က မော့ယွီပဲ။ ငါ့ကို သခင်ကြီးယွီလို့ ခေါ်နိုင်ပါတယ်”
အနက်ရောင်ငှက်ကြီးက ခေတ္တမျှ တွေဝေနေပြီးမှ စကားဆိုလာသည်။
“ဒီလိုဆိုရင်လည်း သခင်ကြီးယွီ... ကျွန်တော့်ကို အရင်သွားခွင့်ပြုပါဦး”
အနက်ရောင်ငှက်ကြီးမှာ အဘယ့်ကြောင့် စကားထစ်အနေရသည်ကို ရွှီနင် နားမလည်သော်လည်း ဦးညွှတ်အရိုအသေပေးကာ ကျွန်းပေါ်မှ ထွက်ခွာလာခဲ့လေသည်။
မော့ယွီသည် ရွှီနင်၏ ကျောပြင်ကို ကြည့်ရင်း တောင်ပံများကို ခတ်လိုက်သည်။
နာမည်အမေးခံရတိုင်း မော့ယွီသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ပင်လယ်နီမိစ္ဆာသခင် ပေးခဲ့သည့် ပေါ့ပျက်ပျက်နိုင်သော နာမည်တစ်ခုကို အမှတ်ရသွားမိသည်။
“တစ်ကိုယ်လုံးက အမည်းရောင်ကြီးပဲ၊ ပေါက်လာတဲ့ ဥခွံကလည်း အမည်းရောင်ဆိုတော့ မင်းကို ‘ဥမည်း’ လို့ပဲ ခေါ်ကြတာပေါ့”
ပြောပြ၍မကောင်းသော အတိတ်များ စိတ်ထဲသို့ ဝင်ရောက်လာသောအခါ အနက်ရောင်ငှက်ကြီး မော့ယွီသည် ၎င်း၏ မူလနာမည်ကို ပြင်ပလူများအား လုံးဝမသိစေရဟု စိတ်ထဲမှ တွေးလိုက်လေသည်။
အခြားတစ်ဖက်တွင် ရွှီနင်သည် ရေကန်ထဲမှ ထွက်လာသောအခါ ရေကန်ဘေး၌ လူများစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
သူ ထွက်လာသည်ကို မြင်သောအခါ အားလုံးသည် သူ့အား ကွဲပြားခြားနားသော မျက်နှာများဖြင့် ကြည့်လာကြသည်။
သို့သော် အများစုမှာ သူ့အား စိတ်အားထက်သန်သော အကြည့်များဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
‘ငါ တန်းဟိုင်မျှော်စင်ကို တက်သွားတဲ့ဖြစ်စဉ်ကို သူတို့လည်း သိနေကြတာများလား’
သူ အဆင့်တစ်ဆင့် တက်သွားတိုင်း အပြင်ဘက်ရှိ မျှော်စင်ကြီးမှ သက်ဆိုင်ရာ အလင်းရောင်များ ထွက်ပေါ်လာတတ်သည်ကို ရွှီနင် မသိခဲ့ချေ။
ရွှီနင်က ရှေ့သို့ ဆက်လျှောက်သွားရာ လူအုပ်ကြီးမှာ သူ့အတွက် အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
“ဂျူနီယာညီလေးရွှီ”
ရွှီနင် အပြင်သို့ ရောက်ရောက်ချင်းပင် ကုဆုန်းယင့်က သူ့ကို လာရောက်ကြိုဆိုနေသည်ကို တွေ့လိုက်ရသည်။
“မင်း တန်းဟိုင်မျှော်စင်ရဲ့ ကိုးလွှာမြောက်ကို ကျော်ဖြတ်ပြီး ဆယ်လွှာမြောက်ကို ရောက်သွားတယ်ဆိုတာ ကြားလိုက်တယ်။ အဲဒါ တကယ်ပဲလား”
ကုဆုန်းယင့်သည် အစီအစဉ်များအားလုံးကို ချမှတ်ပြီးသည်နှင့် တန်းဟိုင်မျှော်စင်သို့ လာရောက်ကာ ရွှီနင်အား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်”
ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို မင်းရဲ့ အကဲဖြတ်အဆင့်က ‘အထွတ်အထိပ်’ လား”
ကုဆုန်းယင့်က ထပ်မေးလိုက်ပြန်သည်။
ထိုအချိန်တွင် လူအုပ်ကြီးသည်လည်း ရွှီနင်ကို စိုက်ကြည့်နေကြလေသည်။
“ဟုတ်တယ်”
ရွှီနင်က အတည်ပြုပေးလိုက်သည်။
လူအုပ်ကြီးမှာ ဆူညံသွားကြတော့သည်။
ရွှီနင်သည် ‘အထွတ်အထိပ်’ အကဲဖြတ်မှုကို ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း နောက်ထပ် ‘အထွတ်အထိပ်’ တပည့်တစ်ယောက် ပေါ်ထွက်လာသည်ကို မြင်တွေ့ရသောအခါ အားလုံးမှာ အံ့အားသင့်သွားကြဆဲပင်။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အခြား ‘အထွတ်အထိပ်’ တပည့်နှစ်ဦးလုံးမှာ တာအိုနယ်ပယ် အဋ္ဌမအဆင့်တွင် ရှိကြပြီး ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရန် အသန်မာဆုံး ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။
ထိုဖော်ပြပါ နှစ်ဦးမှာ သွမ့်တော်ဝင်မိသားစုမှ တတိယမင်းသား သွမ့်ချောင်မြန်နှင့် အခြား ထိပ်တန်းပါရမီရှင် အမျိုးသမီးတပည့် ယွိချောင့်တို့ပင် ဖြစ်ကြလေသည်။
အဖြေကို ကြားလိုက်ရသောအခါ ကုဆုန်းယင့်သည် ရယ်မောချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။ သူ လောင်းကြေးထပ်ထားသည်မှာ လုံးဝမှန်ကန်သွားခဲ့ချေပြီ။
“လာ... ဂျူနီယာညီလေးရွှီ... မင်းအတွက် နေစရာနေရာတစ်ခု စီစဉ်ထားတယ်။ ငါ လိုက်ပြမယ်”
ကုဆုန်းယင့်သည် ယခုအခါ ရွှီနင်၏ အိမ်တော်ထိန်းတစ်ယောက်နှင့် တူနေလေသည်။
“ကျွန်တော် အရင်းအမြစ်ခန်းမဆီ အရင်သွားရဦးမယ်”
ရွှီနင်က ပြောလိုက်သည်။
“ဟုတ်တာပေါ့... အရင်းအမြစ်ခန်းမဆီ အရင်သွားရမယ်လေ။ ငါ လိုက်ပို့ပေးမယ်”
ကုဆုန်းယင့်သည် ရွှီနင်အတွက် တက်ကြွစွာ လမ်းပြပေးလိုက်သည်။ ရွှီနင် ထွက်သွားပြီးနောက် လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။
သတင်းများ ပြန့်နှံ့သွားသည်နှင့်အမျှ ပင်လယ်နီမိစ္ဆာဂိုဏ်း တည်ရှိရာ ကျွန်းတစ်ခုလုံးတွင် ရွှီနင်၏နာမည်ကို လူများ ပိုမိုသိရှိလာကြတော့သည်။
…
ကျွန်းပေါ်ရှိ မြစ်ကမ်းဘေး အိမ်တော်တစ်ခု၌…
“အရှင်မင်းသား”
အိမ်တော်အတွင်းရှိ အပေါ်ထပ်အခန်းဆီသို့ သက်တော်စောင့်နှင့်တူသော လူတစ်ယောက် ဝင်ရောက်လာသည်။
သူ့ရှေ့တွင် သဘာဝအလျောက် တည်ကြည်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦး ရှိနေသည်။ ထိုသူသည် ရွှေရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး ရှင်းပြ၍မရနိုင်သော ကြီးစိုးမှုအရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။
“အရှင်မင်းသား... ဂိုဏ်းဆီကို နောက်ထပ် မျိုးစေ့တပည့်တစ်ယောက် ရောက်လာပြန်ပြီ။ သူက တန်းဟိုင်မျှော်စင်ကို သွားခဲ့ပြီး ‘အထွတ်အထိပ်’ ဆိုတဲ့ အကဲဖြတ်မှုကို ရသွားပါတယ်”
သက်တော်စောင့်က ပြောလိုက်သည်။
“’အထွတ်အထိပ်’ လား”
တတိယမင်းသား သွမ့်ချောင်မြန်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“အဲဒီလူက တာအိုနယ်ပယ် ဆဋ္ဌမအဆင့်မှာပဲ ရှိသေးတာ။ ဒါပေမဲ့ သူက တန်းဟိုင်မျှော်စင်ရဲ့ ကိုးလွှာမြောက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆယ်လွှာကို ရောက်တဲ့အချိန်မှ အပြင်ကို တွန်းထုတ်ခံလိုက်ရတာတဲ့”
သက်တော်စောင့်က ထပ်ပြောလိုက်သည်။
“အမြုတေပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံမှုအခြေခံနဲ့တင် ဆယ်လွှာမြောက်အထိ ကျော်ဖြတ်သွားတယ် ဟုတ်လား”
သွမ့်ချောင်မြန်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ ပို၍ပင် အံ့အားသင့်သွားရသည်။
“အဲဒီလူက အမြုတေပြောင်းလဲခြင်းနယ်ပယ်မှာတင် မူလအချိတ်အဆက်နယ်ပယ်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားမျိုး ရှိနေတာလား”
“သူက ဘယ်ကလာတာလဲ”
သွမ့်ချောင်မြန်က မေးလိုက်သည်။
“မစုံစမ်းရသေးပါဘူး။ သူ့နာမည်က ရွှီနင်လို့ပဲ သိထားရသေးပါတယ်”
သက်တော်စောင့်က ပြန်ဖြေသည်။
“ရွှီနင်...”
သွမ့်မိသားစု၏ မင်းသားတစ်ပါးအနေဖြင့် သွမ့်ချောင်မြန်သည် ကမ္ဘာပေါ်ရှိ ပါရမီရှင်များအားလုံးကို သိရှိထားသော်လည်း ရွှီနင်ဆိုသည့် နာမည်ကိုမူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
“သွား... သူ့အကြောင်း စုံစမ်းချေ”
သွမ့်ချောင်မြန်က လက်ဝှေ့ယမ်းပြလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းသား”
သက်တော်စောင့်သည် အလျင်အမြန် ထွက်ခွာသွားလေသည်။
‘ဒီလိုလူမျိုးက ဘယ်ကနေ ရောက်လာပါလိမ့်...’
သွမ့်ချောင်မြန်သည် မျက်မှောင်ကြုံ့လိုက်မိသည်။
သွမ့်ချောင်မြန်၏ အမြင်တွင် ယွိချောင့်နှင့် အနည်းငယ် ခြိမ်းခြောက်နိုင်စွမ်းရှိသော မျိုးစေ့တပည့် အနည်းငယ်မှလွဲ၍ ကျန်သည့် မျိုးစေ့တပည့်များကိုမူ ဂရုမစိုက်ခဲ့ပေ။
သူ၏ အဆင့်အတန်းနှင့် ခွန်အားတို့ကြောင့် မျိုးစေ့တပည့်ပြိုင်ပွဲတွင် အနိုင်ရမည်ဟု သွမ့်ချောင်မြန်က ယုံကြည်ချက်ရှိထားပြီး ဖြစ်သည်။
သို့သော် ယခုအခါတွင် နောက်ထပ် မသေချာမရေရာမှုတစ်ခု ထွက်ပေါ်လာခဲ့ရာ သွမ့်ချောင်မြန်အတွက် အနည်းငယ် နေရခက်သွားစေသည်။
‘ငါ့ရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်မှ ရတော့မယ်ထင်တယ်’
သွမ့်ချောင်မြန်က စိတ်ထဲမှ တွေးလိုက်သည်။
‘ငါသာ တာအိုနယ်ပယ်ရဲ့ နဝမအဆင့်ကို ထိုးဖောက်နိုင်မယ်ဆိုရင် တခြားမျိုးစေ့တပည့်တွေကို ရင်ဆိုင်တဲ့အခါမှာ ငါ အားသာချက်ရလိမ့်မယ်’
တွေးတောပြီးနောက် သွမ့်ချောင်မြန်သည် ကျင့်ကြံရေးအခန်းထဲသို့ ဝင်ရောက်ကာ မူလရင်းမြစ်ကို နောက်တစ်ကြိမ် စတင်နားလည်သဘောပေါက်ရန် ကြိုးပမ်းလေတော့သည်။
သူ၏ မူလရင်းမြစ်၊ အမြင့်ဆုံးအသိစိတ်နှင့် စစ်မှန်သောဝိညာဉ်တို့အကြားရှိ ချိတ်ဆက်မှုကို ရရှိမှသာလျှင် တာအိုနယ်ပယ် အဋ္ဌမအဆင့်၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ‘အထွတ်အထိပ်’ အကဲဖြတ်မှုရရှိထားသော နောက်ထပ် မျိုးစေ့တပည့် ယွိချောင့်သည်လည်း ရွှီနင်အကြောင်းကို သိရှိသွားခဲ့လေသည်။
“ရွှီနင်...”
ယွိချောင့်သည် တွေးတောနေသည့် အမူအရာဖြင့် ရွှီနင်၏ နာမည်ကို ရေရွတ်လိုက်သည်။
‘အခု ဂိုဏ်းချုပ်က ရာထူးကနေ အနားယူတော့မယ်ဆိုတော့ မျိုးစေ့တပည့် တော်တော်များများက သူတို့ရဲ့ ပါရမီတွေကို စတင်ထုတ်ဖော်လာကြပြီ။ ပြီးတော့ သူတို့ရဲ့ ခွန်အားတွေကလည်း အများကြီး တိုးတက်လာခဲ့တယ်။ ဒါ့အပြင် ဒီလိုပါရမီရှင်မျိုးပါ ပေါ်လာသေးတယ်ဆိုတော့... သိပ်ကို စိတ်ဝင်စားစရာကောင်းတာပဲ...’
ယွိချောင့်၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာလေသည်။
…
ရွှီနင်သည် လူတိုင်း၏ ဆွေးနွေးခြင်းကို ခံနေရချိန်တွင် သူကိုယ်တိုင်မှာမူ အရင်းအမြစ်ခန်းမမှ ပြန်ရောက်နေပြီ ဖြစ်သည်။
အရင်းအမြစ်ခန်းမရှိ အကြီးအကဲနှစ်ဦးသည် ရွှီနင်အား ‘အထွတ်အထိပ်’ အဆင့်ရှိသည့် မျိုးစေ့တပည့်အသစ် ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ့အား အချိန်အတော်ကြာအောင် အကဲခတ်နေခဲ့ကြသည်။
ထို့နောက် သူတို့သည် ရွှီနင်အတွက် အရင်းအမြစ်အချို့ကို ထုတ်ပေးခဲ့ကြသည်။
ရွှီနင်သည် ခြောက်လစာ အရင်းအမြစ်များကို တစ်ပြိုင်နက်တည်း ရရှိခဲ့လေသည်။
ရွှီနင် ရေတွက်ကြည့်လိုက်သည်။
ဤအရင်းအမြစ်များ၊ ဆေးပြားများနှင့် ဝိညာဉ်ဆေးပင်များတွင် အမှန်တကယ်ပင် စွမ်းအင်ယူနစ် ၁၂ သန်းကျော် ပါဝင်နေလေသည်။
သူသည် ‘အထွတ်အထိပ်’ ဟု အကဲဖြတ်ခံရသော်လည်း ဤပမာဏမှာ များပြားလွန်းလှပေသည်။
အကယ်၍ ဤအရင်းအမြစ်များကိုသာ ပြင်ပကမ္ဘာသို့ ယူဆောင်သွားပါက အလယ်အလတ်အဆင့် ဂိုဏ်းတစ်ဂိုဏ်းကို လေထဲမှပင် တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့အပြင် ဤသည်မှာ ခြောက်လစာ အရင်းအမြစ်သာ ရှိသေးသည်။
ထို့အပြင် ရွှီနင်သည် ပထမတန်းစား လျှို့ဝှက်ရတနာတစ်ခုကိုလည်း ဆုလာဘ်အဖြစ် ရရှိခဲ့သည်။ သို့သော် အရင်းအမြစ်ခန်းမထဲရှိ ပထမတန်းစား လျှို့ဝှက်ရတနာ အနည်းငယ်မှာ တိုက်ခိုက်ရေးသဘာဝများသာ ဖြစ်ကြပြီး လျိုယွင်စစ်နှင့် အလွန်ဆင်တူနေကြသည်။
အကယ်၍ ရွှီနင်သာ အလားတူ ရတနာမျိုးကို ထပ်မံရရှိပါက သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။
ထို့ကြောင့် ရွှီနင်သည် သူ၏ လျှို့ဝှက်ရတနာကို ချက်ချင်း မတောင်းခံခဲ့ချေ။ အရင်းအမြစ်ခန်းမတွင် အခြားသော ပထမတန်းစား ရတနာအမျိုးအစားများ ရရှိလာချိန်အထိ စောင့်ဆိုင်းပြီးမှသာ သူ့အတွက် တစ်ခုတောင်းခံရန် စီစဉ်ထားလိုက်သည်။
အရင်းအမြစ်ခန်းမမှ ပြန်လာပြီးနောက် ကုဆုန်းယင့်သည် ရွှီနင်အား တောင်ခြေရှိ ခြံဝင်းငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။
နေရာမကျယ်ဝန်းသော်လည်း ဤခြံဝင်းငယ်လေး၏ ပုံစံကို ရွှီနင် သဘောကျမိသည်။
သူသည် တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်ပြီး သူရရှိထားသော နောက်ဆုံးရ အရင်းအမြစ်များကို စုပ်ယူလိုက်ရာ စွမ်းအင်ယူနစ် ၁၂ သန်း ရရှိသွားလေသည်။
ဤအရာများအပြီးတွင် ရွှီနင်၏ စွမ်းအင်လက်ကျန်မှာ ယူနစ် ၃၃ သန်းအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ရွှီနင်အတွက် တာအိုနယ်ပယ် သတ္တမအဆင့် မူလအစနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် လုံလောက်နေပေပြီ။
‘အဆင့်တက်ဖို့ ပြင်ဆင်ကြစို့...’
ရွှီနင်မှာ အလွန်မျှော်လင့်နေမိသည်။
သူသည် အမြုတေပြောင်းလဲခြင်းနယ်ပယ်တွင်သာ ရှိသေးသော်လည်း မူလအချိတ်အဆက်နယ်ပယ်သို့ ဝင်ရောက်ကာစဖြစ်သည့် အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။
အကယ်၍ သူသာ တာအိုနယ်ပယ်၏ အကူးအပြောင်းကာလဖြစ်သော မူလအစနယ်ပယ်သို့ တက်လှမ်းနိုင်ပါက မူလအချိတ်အဆက်နယ်ပယ်တွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို ဖွင့်လိုက်သည်။
––
နယ်ပယ်အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် သန်း ၃၀ အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
––
“လုပ်မည်” ကို ရွေးချယ်ပြီးနောက် ကောင်းကင်နှင့် မြေကြီးကြားရှိ နက်နဲသော စွမ်းအားတစ်ခုကို ရွှီနင် ရုတ်တရက် အာရုံခံမိလိုက်သည်။
သူသည် ဤစွမ်းအားနှင့် ချိတ်ဆက်မှုတစ်ခုကို တည်ဆောက်နိုင်သွားသကဲ့သို့ပင်။
‘မူလရင်းမြစ်စွမ်းအား...’
ရွှီနင်သည် စစ်မှန်သော မူလရင်းမြစ်စွမ်းအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ယခင်က မူလရင်းမြစ်နည်းစနစ်ကို သင်ယူခဲ့ဖူးသော ရွှီနင်သည် တာအိုနယ်ပယ်၏ စွမ်းအားကို အသုံးပြု၍ မူလရင်းမြစ်စွမ်းအားကို အတုယူခဲ့ရုံသာ ဖြစ်သည်။
ရွှီနင်မှာ ထူးဆန်းသော ခံစားချက်တစ်ခု ရနေလေသည်။
‘ဒီမူလရင်းမြစ်စွမ်းအားက အရာအားလုံးကို မွေးဖွားပေးနိုင်တဲ့ပုံပဲ...’
ဤသည်မှာ ရွှီနင် အနက်ရှိုင်းဆုံး ခံစားလိုက်ရသည့် အရာပင်။
‘သိုင်းပညာကျင့်ကြံခြင်းဆိုတာ သဘာဝတရားကြီးနဲ့ မူလရင်းမြစ်စွမ်းအားတို့အကြား ဆက်သွယ်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ...’
ရွှီနင်သည် ဤစကားစု၏ စစ်မှန်သော အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
ဤအချိန်၌ ရွှီနင်၏ အမြုတေသည် မူလရင်းမြစ်စွမ်းအား အငွေ့အသက်တစ်ခုကို စုပ်ယူလိုက်ပြီ ဖြစ်သည်။
ရွှီနင်၏ အမြုတေ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့ပြီး မှုန်ဝါးသော အငွေ့အသက်တစ်ခု ပေါ်လာလေသည်။
‘တာအိုနယ်ပယ် သတ္တမအဆင့် မူလအစနယ်ပယ် အောင်မြင်ပြီ’
ရွှီနင်သည် လက်ရှိနေရာတွင် ရပ်နေသော်လည်း ကမ္ဘာလောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။
မူလရင်းမြစ်စွမ်းအား၏ အထောက်အပံ့ကို ရရှိပြီးနောက် ရွှီနင်၏ ခွန်အားသည် အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့ချေပြီ။
‘နောက်ထပ်အနေနဲ့... ပင်လယ်နီဆေးကျမ်းကို အဆင့်မြှင့်တင်ဖို့ ကျန်နေတဲ့ စွမ်းအင်ယူနစ် ၃ သန်းကို သုံးရမယ်’