← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း။ ၃၆၇

လုံယီသည် မြေကမ္ဘာမီးလျှံတိုင်အတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းများ တောက်ပနေပြီး မည်းနက်သော အမှတ်အသား သို့မဟုတ် အမာရွတ်တစ်စက်မျှပင် မရှိပေ။

သူသည် အဝေးမှ သခင်လေးယွမ်ကို စိုက်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများအတွင်းမှ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာတော့သည်။

“သူ့ကို မြန်မြန်တားကြစို့”

သခင်လေးယွမ်သည် ယခုမှ အမှန်တကယ် ထိတ်လန့်သွားပြီး အနောက်သို့ အလျှင်အမြန် ဆုတ်ခွာလိုက်သည်။

သူ၏အမိန့်ကို ကြားသည်နှင့် နေနီဂိုဏ်းမှ အဖွဲ့သားများသည် အလောင်းထိန်းချုပ်ရေးဂိုဏ်းနှင့် လုံးထွေးနေမှုကို ချက်ချင်းရပ်လိုက်ပြီး သခင်လေးယွမ်၏ ဘေးပတ်ပတ်လည်တွင် စုရုံးလိုက်ကြသည်။

လုံယီက ခေါင်းဆောင်ကို တိုက်ရိုက်သတ်ဖြတ်မည့် ဗျူဟာကို အသုံးပြုလာမည်ကို သူတို့ စိုးရိမ်နေကြခြင်းပင်။

“သခင်လေးယွမ်ကို ဂူပေါက်ဝအထိ ဆုတ်ခွာနိုင်အောင် စောင့်ရှောက်ကြ။ အဲဒီနေရာက မြေမျက်နှာသွင်ပြင်က ပိုပြီး ရှုပ်ထွေးတယ်”

တစ်ဦးက အော်ဟစ်လိုက်သည်။

“သူ့ကို သတ်ပစ်လိုက်ကြစမ်း။ သူက တစ်ယောက်တည်းပဲလေ။ ငါတို့ လူအများကြီးရှိတာကို တကယ်ပဲ ကြောက်နေကြတာလား”

နောက်တစ်ဦးက ဟောက်လိုက်ပြန်သည်။

မကြာမီမှာပင် ဒုတိယမြောက်လူ၏ အကြံဉာဏ်က လွှမ်းမိုးသွားတော့သည်။ ဂူဗိမာန်အတွင်းသို့ စမ်းသပ်ချက်များအတွက် ဝင်ရောက်လာသူများသည် ချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်ရှိ ထူးချွန်သူများ ဖြစ်ကြသည်။

သူတို့ထဲမှ လူအများစု၏ စစ်မှန်သော စွမ်းအားမှာ ချီသန့်စင်ခြင်း အဆင့်မြင့်ပိုင်းသို့ ယခုလေးတင် တက်လှမ်းလာသူများထက် မနိမ့်ကျသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေကြသည်။

ချက်ချင်းပင် အရောင်စုံ အဆောင်စာရွက်များသည် လေထဲတွင် ဝဲပျံလာပြီး တောက်ပသော အလင်းများ ထွက်ပေါ်လာကာ မီးလုံးများ၊ မီးမြှားများ၊ မီးငှက်များ၊ လေဓားများနှင့် အခြားသော မှော်အတတ်များအဖြစ် ပြောင်းလဲကာ လုံယီကို တိုက်ခိုက်ကြတော့သည်။

“မြန်မြန်”

နောက်တစ်ခဏတွင် လုံယီ၏ ခြေထောက်များမှာ ထွားကျိုင်းလာပြီး ခါးနှင့် ကျောပြင်မှာလည်း တင်းမာသွားကာ ဒူးဆစ်များတွင် ကြွက်သားများမှာ ဝဲကဲ့သို့ လိပ်တက်လာသည်။

သူ၏ ပုံရိပ်မှာ ရိပ်ခနဲဖြစ်သွားပြီး မြေအောက်နေရာအတွင်း ဟိုမှသည်မှ ကူးလူးပျံသန်းကာ နေနီဂိုဏ်း ကျင့်ကြံသူများ၏ မှော်အတတ်များကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းလိုက်သည်။

ဝူး

သူ၏စိတ်ထဲတွင် သိမ်းငှက်တစ်ကောင်က ဟစ်ကြွေးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး လုံယီ၏ အာရုံစူးစိုက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏မျက်ဝန်းများတွင် ခရမ်းရောင်အလင်းများ ဝင်းခနဲ ပေါ်လာပြီး သူ၏စိတ်ထဲတွင် ရှေ့မှအရာအားလုံးမှာ သိသိသာသာ နှေးကွေးသွားတော့သည်။

သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသော နေနီဂိုဏ်း ကျင့်ကြံသူများသည် လှုပ်ရှားရုံမျှသာ ရှိသေးသော်လည်း လုံယီမှာမူ သူတို့၏ လမ်းကြောင်းကို တိကျစွာ ခန့်မှန်းနိုင်ပြီး အလွယ်တကူ ရှောင်တိမ်းနိုင်နေသည်။

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျောက်စိုင်များ လွင့်စင်ကာ ဖုန်မှုန့်များ ဝေနေသော်လည်း လုံယီမှာမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ တိုက်ပွဲကွင်းပြင်အတွင်း အေးအေးလူလူ လျှောက်လှမ်းနေသကဲ့သို့ ရှိနေသည်။

ရှုး

ရွှေရောင်အလင်းတန်းတစ်ခု လုံယီထံသို့ ဦးတည်ပျံသန်းလာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် သူ၏ဦးခေါင်းကို ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တော့သည်။

“ပြီးပြီ”

သခင်လေးယွမ်၏ ဘေးမှ ပိန်လှီသော တပည့်တစ်ဦးက မောက်မာစွာ ပြောလိုက်သည်။

“ငါ့ရဲ့ ပျံသန်းဓားက မွေးရာပါ အနှစ်သာရရွှေနဲ့ ထုလုပ်ထားတာ။ သူ့ရဲ့ အရှိန်နဲ့ စွမ်းအားက သာမန်ပျံသန်းဓားတွေထက် အဆပေါင်းများစွာ ပိုသာတယ်။ သူ ဘယ်လိုမှ မရှောင်နိုင်...”

သို့သော် သူ၏စကားမှာ မဆုံးသေးခင်မှာပင် မျက်လုံးများပြူးကျယ်သွားပြီး ထိတ်လန့်သွားခဲ့ရသည်။

လုံယီသည် ကောင်းကင်ယံသို့ လက်တစ်ဖက်ကို ပေါ့ပါးစွာ မြှောက်လိုက်ရာ ကောင်းကင်သို့ ပျံတက်သွားသော နဂါးတစ်ကောင်အလား ထင်မှတ်ရသည်။

ချလွမ်း ဟူသော ကြည်လင်သည့် အသံနှင့်အတူ ပျံသန်းဓားသည် ၎င်း၏တာဝန်ကို မကျေပွန်ခဲ့ရုံသာမက လုံယီ၏လက်ထဲတွင် အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ထိုဓားမှာ ဝူးဝူး ဟူသော အသံဖြင့် အဆက်မပြတ် တုန်ခါနေသော်လည်း ကျားလက်သည်းကြားထဲ ကျရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ပင် လုံးဝ ရုန်းမထွက်နိုင်တော့ချေ။

ထို့နောက် လုံယီသည် ကျန်လက်တစ်ဖက်ဖြင့် ပျံသန်းဓား၏ ဦးခေါင်းပိုင်းကို ဆွဲကိုင်လိုက်သည်။

ဖျောက်

သတ်ဖြတ်နိုင်စွမ်းကြောင့် နာမည်ကျော်လှသော တစ်ပေခန့်ရှည်သည့် ထိုပျံသန်းဓားမှာ လုံယီ၏လက်ထဲတွင် နှစ်ပိုင်းပြတ်သွားတော့သည်။

ပူး

သူ၏ အသက်နှင့်ထပ်တူ အဖိုးတန်လှသော ပျံသန်းဓား ပျက်စီးသွားသည်နှင့်အတူ ဓားအရှင်သခင်မှာ သွေးတစ်လုတ် ထွက်သွားပြီး မျက်နှာမှာ ဖြူလျော်သွားကာ သူ၏ အရှိန်အဝါတစ်ခုလုံးမှာလည်း အောက်ဆုံးသို့ ထိုးဆင်းသွားတော့သည်။

ရှုး

လုံယီသည် ပျံသန်းဓားကို အမှိုက်တစ်ခုကဲ့သို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီးနောက် သူနှင့် အနီးဆုံးတွင်ရှိသော နေနီဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦး၏ ရှေ့သို့ ချက်ချင်း ခုန်ဝင်သွားသည်။

သူမ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ဝင်းခနဲ ဖြစ်သွားသော်လည်း အလွန်အမင်း တုန်လှုပ်ချောက်ချားခြင်းတော့ မရှိပေ။ သူမသည် လက်နှစ်ဖက်ကို အမြန်ပင် အဆောင်ဖွဲ့လိုက်ရာ ရှုပ်ထွေးသော အဆင်တန်ဆာများ ပါရှိသည့် လူသားပုံသဏ္ဌာန် အနီရောင် ချပ်ဝတ်တန်ဆာတစ်ခု သူမ၏ ကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းသည် သူမ၏ အရေပြားတစ်လက်မမျှ မကျန်အောင် လုံခြုံစွာ ကာကွယ်ထားသည်။

“မြန်မြန်... သူ့ကို တိုက်ကြစမ်း”

နေနီဂိုဏ်း အမျိုးသမီးတပည့်က အသည်းအသန် အော်ဟစ်လိုက်သည်။

လုံယီသည် သူမ၏အနားသို့ ကပ်၍ တိုက်ခိုက်လာသော်လည်း သူမမှာ အလွန်အမင်း စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမှာ သူမသည် အလွန်ရှားပါးလှသော အဆင့်မြင့် ခုခံကာကွယ်ရေး မှော်

ကိရိယာကို ဝတ်ဆင်ထားသောကြောင့်ပင်။

ချီသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးပင်လျှင် အစွမ်းကုန် တိုက်ခိုက်ပါက တစ်ချက်၊ နှစ်ချက်နှင့် ဖြိုဖျက်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ဤလူကြမ်းကြီး သူမကို ခဏအတွင်း ဘာမှမလုပ်နိုင်သရွေ့ အခြားတပည့်များ၏ တိုက်ခိုက်မှုကြောင့် သူ ဆုတ်ခွာသွားရလိမ့်မည်။ ထိုအခါ သူမ ဘေးကင်းသွားလိမ့်မည်ဟု တွေးတောနေခြင်းပင်။ အမျိုးသမီးတပည့်သည် စိတ်ထဲတွင် ယုံကြည်ချက် အပြည့်ရှိနေစဉ်မှာပင် လုံယီ၏ မီးခိုးဖြူရောင် ပုဆိန်ကြီး မြှောက်တက်လာသည်ကို မြင်လိုက်ရသည်။

အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အဖြူရောင် ရွှေဓာတ်ချီများမှာ ပုဆိန်သွားမှ ထွက်ပေါ်လာသည်။

ပူး

နောက်တစ်ခဏတွင် နေနီဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူသည် သူမ၏ ချပ်ဝတ်တန်ဆာနှင့်အတူ နှစ်ပိုင်း ပြတ်သွားတော့သည်။ အဆင့်မြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို အချိန်အတော်ကြာ ခံနိုင်ရည်ရှိသော အဆင့်မြင့် ချပ်ဝတ်တန်ဆာမှာ လုံယီ၏လက်ထဲတွင် တစ်သက်သက်မျှပင် မခံလိုက်ရချေ။

ထိုအမျိုးသမီးတပည့်ကို သတ်ဖြတ်ပြီးနောက် လုံယီသည် နေနီဂိုဏ်းတပည့်များ၏ တန်းစီထားမှုအတွင်းသို့ လျှပ်စီးကဲ့သို့ တိုးဝင်သွားသည်။

ပုပုဖားဖား တပည့်တစ်ဦးမှာ အဆောင်စာရွက်ကို ထုတ်ယူရုံရှိသေးသည်။ ဂါထာမရွတ်ရသေးခင်မှာပင် သူ၏မျက်စိရှေ့၌ အနီရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာသည်။

ပူး

ပဲစေ့ခန့်ရှိသော သွေးပေါက်တစ်ခုမှာ သူ၏မျက်ခုံးနှစ်ခုအကြားတွင် ပေါ်လာပြီး သူ၏သူငယ်အိမ်အတွင်းမှ အလင်းရောင်များ ကွယ်ပျောက်ကာ တစ်ကိုယ်လုံး အနောက်သို့ လဲကျသွားတော့သည်။

စစ်မှန်သော စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ဖောက်ထွက်ခြင်း၏ အစွမ်းမှာ ချီသန့်စင်ခြင်း အဆင့်မြင့်ပိုင်းမှ မှော်အတတ်များထက် များစွာ စွမ်းအားကြီးလှသည်။ အထူးသဖြင့် လုံယီသည် သူတို့နှင့် အလွန်နီးကပ်နေပြီး ဤစွမ်းအားအလင်းတန်းကို အသုံးပြုလိုက်သောအခါ သာမန်ကျင့်ကြံသူများမှာ တုံ့ပြန်ရန် အချိန် လုံးဝ မရှိတော့ချေ။

ပူး ပူး ပူး

လုံယီ၏ လက်ညှိုးများမှာ သေမင်း၏ တေးသွားကို တီးခတ်နေသကဲ့သို့ ပေါ့ပါးစွာ လှုပ်ရှားနေသည်။ အနီရောင် စွမ်းအားအလင်းတန်းများ ပစ်လွှတ်လိုက်တိုင်း နေနီဂိုဏ်းတပည့်များ၏ အသက်ကို ရက်ရက်စက်စက် ရိတ်သိမ်းသွားတော့သည်။

ခဏအတွင်းမှာပင် ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ သူ၏ အဝေးတိုက်စစ်အောက်တွင် သေဆုံးသွားခဲ့ရသည်။ ကျန်ရှိနေသော ကျင့်ကြံသူများမှာ သခင်လေးယွမ်ကို စောင့်ရှောက်ရန်ပင် မတွေးနိုင်တော့ဘဲ သူတို့၏ မိဘများက ခြေထောက်ကို ပိုမပေးခဲ့ရလေခြင်းဟု ကျိန်ဆဲရင်း အသက်လုကာ ထွက်ပြေးကြတော့သည်။

“မြန်မြန်ပြေးကြ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးတယ်”

“ဂူအပြင် ရောက်သွားတာနဲ့ စီနီယာအစ်ကိုတွေကို ဒီလူကြမ်းကြီးကို နှိမ်နင်းခိုင်းရမယ်”

“သခင်လေးယွမ်... ကိုယ့်ဘာကိုယ်သာ ကြည့်ကျပ်လုပ်တော့။ ငါ အစွမ်းကုန် ကူညီခဲ့ပြီးပြီ”

ပြေးချင်တယ် ဟုတ်လား

လုံယီ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ဝင်းခနဲ ပေါ်လာပြီး သူ၏လက်ထဲမှ ပုဆိန်ကို လွှဲပစ်လိုက်ရာ လေထုကို ဖြတ်သန်းကာ ထွက်ပြေးနေသော နေနီဂိုဏ်းတပည့်များ နောက်သို့ လိုက်လံပိုင်းဖြတ်တော့သည်။

ဝူး ဝူး ဝူး

ပုဆိန်၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် ဘေးတစ်ဖက်တစ်ချက်ရှိ အဖြူရောင် လေစီးကြောင်းများမှာ လမ်းဖွင့်ပေးရသကဲ့သို့ အသည်းအသန် လွင့်စင်သွားကြသည်။

“ရပ်စမ်း”

သခင်လေးယွမ်သည် ကြက်ဥအနှစ်ခန့်ရှိသော အနက်ရောင်ပုလဲကို ကိုင်မြှောက်လိုက်ရာ ၎င်းမှာ လေထဲသို့ ပျံတက်သွားပြီး ပုဆိန်ကို တားဆီးရန် ကြိုးစားသည်။

ခရမ်းရောင် လျှပ်စီးတန်းများစွာမှာ ပုဆိန်ကို ရစ်ပတ်နှောင်ဖွဲ့ရန် ပြင်လိုက်သော်လည်း မီးခိုးဖြူရောင် ပုဆိန်ကြီးမှာ အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် လုံးဝမပြဘဲ အနက်ရောင်ပုလဲကို ဘေးသို့ ရိုက်ထုတ်ကာ ထွက်ပြေးနေသော လူအုပ်နောက်သို့ ဆက်လက် လိုက်ပါသွားတော့သည်။

“မဖြစ်နိုင်တာ... သူက ဘယ်လိုလုပ်ပြီး ယွမ်သံလိုက်ပုလဲရဲ့ ဒဏ်ကို မခံရတာလဲ”

သခင်လေးယွမ်မှာ ထိတ်လန့်ဒေါသဖြစ်စွာ အော်ဟစ်လိုက်သည်။

လုံယီ၏ ပုဆိန်ကို ထိန်းချုပ်မှုမှာ ပျံသန်းဓားကို အသုံးပြုသည့် နိယာမနှင့် မတူဘဲ စစ်မှန်သော ပုဆိန်ပညာအပေါ်တွင်သာ အခြေခံထားသည်ကို သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ပျံသန်းဓားများကို တားဆီးနိုင်သော ယွမ်သံလိုက်ပုလဲသည် လုံယီ၏ ပုဆိန်အပေါ်တွင်မူ မည်သို့မျှ အကျိုးသက်ရောက်မှု မရှိနိုင်တော့ပေ။

ဖူး

ရွှေရောင်ပုဆိန်သည် လမ်းတစ်လျှောက်ရှိ လူတစ်ဦးကို ဦးစွာ နှစ်ပိုင်းပိုင်းဖြတ်လိုက်ပြီးနောက် လေထဲတွင် လျင်မြန်စွာ ဝဲလှည့်ကာ ဒုတိယမြောက်လူနောက်သို့ ဆက်လက် လိုက်ပါသွားတော့သည်။

အဆင့်မြင့်ပုဆိန်ပညာ အသက်လိုက်လံရိတ်သိမ်းခြင်းပညာရပ်သည် အသုံးပြုသူနှင့် ပုဆိန်ကြားတွင် စိတ်ချင်းဆက်နွှယ်မှု ရှိစေပြီး ပုဆိန်၏ ပျံသန်းမှုလမ်းကြောင်းကို အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်ကာ ရွေးချယ်ထားသော ပစ်မှတ်နောက်သို့ လိုက်လံတိုက်ခိုက်နိုင်စွမ်း ရှိသည်။

ပစ်မှတ်ကို အလိုအလျောက် လိုက်လံတိုက်ခိုက်နိုင်သော ရွှေရောင်ပုဆိန်ကြောင့် နေနီဂိုဏ်းတပည့်များသည် မိဘများကို တိုင်တည်ငိုယိုရင်း တစ်ဦးပြီးတစ်ဦး ပိုင်းဖြတ်ခြင်း ခံလိုက်ကြရသည်။ သွေးများမှာ ကောင်းကင်ယံသို့ ပန်းထွက်ကုန်ကြပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။

နောက်ဆုံးတွင် လုံယီသည် သခင်လေးယွမ်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်သည်။

“မင်း ငါ့ကို သတ်လို့မရဘူး ငါ့အဖေက...”

သခင်လေးယွမ်သည် တုန်လှုပ်ချောက်ချားနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

သူ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ ရှေ့က မောက်မာခဲ့သော အရှိန်အဝါများ လုံးဝမရှိတော့ဘဲ လူတစ်ခြားစီ ဖြစ်သွားသကဲ့သို့ပင်။

ထိုသူ၏စကားကို လုံယီက လက်ညှိုးတစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။

သူသည် သခင်လေးယွမ်၏ မျက်ခုံးအလယ်ကို အသာအယာ တို့လိုက်ရာ အနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

ဖူး

အနီရောင်အလင်းတန်းမှာ ဦးခေါင်းအနောက်ဘက်မှ ဖောက်ထွက်သွားပြီး ဦးနှောက်နှင့် သွေးများမှာလည်း အနောက်ဘက်သို့ ပန်းထွက်ကုန်သည်။ သခင်လေးယွမ်၏ မျက်လုံးများမှာ ပြူးကျနေဆဲဖြစ်ပြီး လုံယီက သူ့ကို ဤမျှလွယ်လွယ်ကူကူ သတ်ပစ်လိမ့်မည်ဟု မယုံကြည်နိုင်ပုံပင်။

လူတစ်ဆယ်ကျော်ကို သတ်ဖြတ်ရန်မှာ ခဏချင်းသာ ကြာမြင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အလောင်းထိန်းချုပ်ရေးဂိုဏ်းနှင့် စစ်မှန်သောသွေးဂိုဏ်းမှ ကျင့်ကြံသူများသည် လုံယီ၏ တစ်ကိုယ်တော် စွမ်းရည်ပြမှုကို ငေးမောကြည့်နေကြသည်။

နဂိုက ဖြစ်ပွားနေသော တိုက်ပွဲမှာ ရပ်တန့်သွားပြီး လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။ ရှေ့မှ မြင်ကွင်းက သူတို့၏ ကမ္ဘာကြီးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

နေနီဂိုဏ်းမှ ထိပ်တန်း အလယ်ပိုင်းအဆင့် ကျင့်ကြံသူများကို သာမန် သွေးသားခန္ဓာကိုယ်ရှိသည့် ကိုယ်ခံပညာရှင်တစ်ဦးက ခွေးသတ်သကဲ့သို့ သတ်ဖြတ်နေသည်ကို မြင်လိုက်ရသဖြင့် သူတို့ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာမှုမှာ ဘာတန်ဖိုးရှိတော့သနည်း။

“ပြေးကြဟေ့”

စစ်မှန်သောသွေးဂိုဏ်း ကျင့်ကြံသူများသည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။

“မင်းတို့ ပြေးနိုင်ပါ့မလား”

လုံယီ၏အသံမှာ အဝေးမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း သူ၏ကိုယ်မှာမူ စစ်မှန်သောသွေးဂိုဏ်းမှ ကျင့်ကြံသူလူငယ်တစ်ဦး၏ ရှေ့သို့ ရောက်ရှိနေပြီး လက်သီးကို မြှောက်လိုက်သည်။

ဖူး…..

လက်သီးတစ်ချက်တည်းနှင့်ပင် ရတနာအလင်းတန်းများ ဝင်းလက်နေပြီး ရှေးဟောင်းသင်္ကေတစာသားများဖြင့် ကာကွယ်ထားသော ရင်ဘတ်ကို ထိုးဖောက်လိုက်တော့သည်။ ဤစစ်မှန်သောသွေးဂိုဏ်း ကျင့်ကြံသူမှာ အလွန်ခိုင်မာသော ခုခံကာကွယ်မှု ရှိသူဖြစ်ပြီး ပျံသန်းဓားများပင် ဖောက်ထွက်ရန် ခက်ခဲလှသည်။

သို့သော် အခြေခံခွန်အား ပေါင်ချိန် ၁၆၀,၀၀၀ ကျော်ရှိသော လုံယီ၏ရှေ့တွင်မူ လက်သီးတစ်ချက်တည်းနှင့် အရာအားလုံး ပြီးဆုံးသွားသည်။ ထိုသူ၏ ခန္ဓာကိုယ်မှာ လုံယီ၏ လက်မောင်းဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီး လူမှာ လက်မောင်းတွင် တန်းလန်းကြီး ချိတ်ပါသွားတော့သည်။

ထို့နောက် လုံယီက သူ၏လက်မောင်းကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။

ထိုသူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး လေထဲတွင်ပင် ပေါက်ကွဲကာ ပျက်စီးသွားတော့သည်။

အခန်း။ ၃၆၈

ထို့နောက် လုံယီသည် ရှေ့သို့ ထပ်မံခုန်ဝင်လိုက်ပြီး အခြားသော စစ်မှန်သောသွေးဂိုဏ်းကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်လိုက်ပြန်သည်။

ကောင်းကင်ယံထက်မှ လက်ဝါးရိုက်ချက်တစ်ခု ကျဆင်းလာသည်။

၎င်းသည် ထိုကျင့်ကြံသူကို မာကျောလှသော ကျောက်သားမြေပြင်အတွင်းသို့ တိုင်တစ်တိုင်စိုက်သကဲ့သို့ ရိုက်သွင်းပစ်လိုက်တော့သည်။ ဦးခေါင်းမှာ မြေကြီးထဲသို့ နစ်ဝင်သွားပြီး အပေါက်ကလေးတစ်ခုသာ ကျန်ရစ်သည်။

ထို့နောက် လုံယီက ခြေထောက်ဖြင့် ထပ်မံနင်းချလိုက်ရာ ထိုအပေါက်လေးအတွင်းမှ သွေးများ ပွက်ပွက်အံထွက်လာတော့သည်။

လုံယီ ချဉ်းကပ်သွားသော တတိယမြောက် စစ်မှန်သောသွေးဂိုဏ်းကျင့်ကြံသူမှာ အရပ်ရှည်ပြီး အသက်လတ်ပိုင်းအရွယ် ရှိသည်။ သူ၏ အရှိန်အဝါမှာ ရှေ့ကလူနှစ်ဦးထက် များစွာသာလွန်ပြီး သူတို့၏ခေါင်းဆောင် ကန့်ယောင် နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။

သူ၏ ရဲဘော်နှစ်ဦး ရက်ရက်စက်စက် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူသည် သွားကို တင်းတင်းကြိတ်လျက် သွေးရောင်လွှမ်းနေသော ကြည်လင်သည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ဆေးလုံးအတွင်း၌ အရိပ်တစ်ခု လှုပ်ရှားနေပြီး သားရဲဟိန်းသံသဲ့သဲ့ကိုလည်း ကြားနေရသည်။

“အသေခံတိုက်ကြတာပေါ့”

ထိုကျင့်ကြံသူသည် ဆေးလုံးကို ပြတ်ပြတ်သားသားပင် မျိုချလိုက်ရာ သူ၏အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားပြီး ချီသန့်စင်ခြင်း အဆင့်မြင့်ပိုင်းသို့ ချက်ချင်းရောက်ရှိသွားကာ သာမန်အဆင့်မြင့်ပိုင်းထက်ပင် ကျော်လွန်သွားတော့သည်။

ဖူး

ဂူအတွင်းရှိ ဖိအားများကြောင့် သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း နေရာလွဲမှားသွားသည်။ သို့သော် သူသည် နာကျင်မှုကို အံတုလျက် လုံယီထံသို့ ပြေးဝင်ကာ တင်းကြပ်စွာ ဖက်တွယ်လိုက်တော့သည်။

သူ၏ခန္ဓာကိုယ်မှာ နီရဲလာပြီး ဖောင်းကားလာကာ လူတိုင်းမျက်စိကျိန်းမတတ် ပြင်းထန်သော အဖြူရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။

ဝုန်း

သူသည် အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ခြင်းပင်။ အဆင့်တက်သွားသည့်တိုင် လုံယီကို မယှဉ်နိုင်မှန်း သိရှိသွားသဖြင့် အတူတူ သေဆုံးမည့်လမ်းကို ရွေးချယ်လိုက်ခြင်းပင်။

ချီသန့်စင်ခြင်း အဆင့်မြင့်ပိုင်း ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး အဆင့်မြင့်ပိုင်းကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦး သို့မဟုတ် ဆယ်ဦးခန့်၏ စုပေါင်းတိုက်ခိုက်မှုနှင့် ညီမျှသည်။

ပေါက်ကွဲမှုကြောင့် မြေကမ္ဘာတုန်ဟိန်းသွားသော အသံကြီး ထွက်ပေါ်လာပြီး မြေအောက်နေရာတစ်ခုလုံး ပြိုကျတော့မည့်အလား တုန်ခါသွားတော့သည်။ ကျောက်မှုန်များမှာ နှင်းပွင့်များကဲ့သို့ ကျဆင်းလာပြီး အဆုံးမဲ့သော လေလှိုင်းဖြူကြီးများမှာ ပေါက်ကွဲမှုမှ ရိုက်ခတ်လာရာ အနီးနားရှိ ကျင့်ကြံသူအချို့မှာ လွင့်ထွက်သွားပြီး သွေးများအန်ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

“မုံယွီ ရူးသွားပြီလား...”

“ဒီလိုမလုပ်ရင် ငါတို့အားလုံး သေမှာလေ။ ပြီးရင် မုံယွီရဲ့ မိသားစုကို ငါတို့အားလုံး အတူတူ စောင့်ရှောက်ပေးကြတာပေါ့”

“အဲဒီလူကြမ်းကြီး သေသွားပြီလား အကယ်၍ သူသာ အသက်ရှင်နေသေးရင်တော့ သူက ကံတရားရဲ့ မျက်နှာသာပေးမှုကို အကြီးအကျယ် ရထားတာပဲ ဖြစ်ရမယ်”

“သူသေတာနဲ့ အလောင်းထိန်းချုပ်ရေးဂိုဏ်းက အကောင်တွေကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”

စစ်မှန်သောသွေးဂိုဏ်း တပည့်များသည် လုံယီ ရှိခဲ့သော နေရာကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်နေကြသည်။ သူ သေဆုံးသွားရန် သို့မဟုတ် အနည်းဆုံးတော့ ပြင်းထန်စွာ ဒဏ်ရာရသွားရန် သူတို့ ဆုတောင်းနေကြသည်။

သို့သော် ထူထပ်သော မီးခိုးများကြားမှ ရွှေရောင်လူရိပ်တစ်ခုမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ လမ်းလျှောက်ထွက်လာခဲ့သည်။

လူတိုင်း၏ စိတ်နှလုံးမှာ အောက်ခြေသို့ ထိုးဆင်းသွားပြီး နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရတော့သည်။

“ဒါကို သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်တာလဲ မဖြစ်နိုင်ဘူး”

“ပြေးကြ...”

ရွှေရောင်ပုံရိပ်မှာ ရိပ်ခနဲဖြစ်သွားပြီး စစ်မှန်သောသွေးဂိုဏ်းတပည့်တစ်ဦး၏ ရှေ့တွင် ပေါ်လာကာ တောက်ပနေသော ခန္ဓာကိုယ်ကို လက်သီးဖြင့် ထိုးဖောက်ကာ ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ရာ အနီးကပ်တိုက်ပွဲတွင် ပြိုင်ဘက်ကင်းသည်ဟု ကျော်ကြားကာ ချီသန့်စင်ခြင်း အဆင့်မြင့်ပိုင်းသို့ ရောက်လုနီးပါး ဖြစ်နေသော ထိုတပည့်၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။

လုံယီက လက်သီးတစ်ချက်ပြီး တစ်ချက်ဆက်ထိုးနေဆဲပင်။

လုံယီ၏ လက်အောက်တွင် မည်သူမျှ ဒုတိယမြောက် လှုပ်ရှားမှုကိုပင် မခံနိုင်ကြချေ။

အလောင်းထိန်းချုပ်ရေးဂိုဏ်းမှ ရဲဘော်များသည် လုံယီ၏ စွမ်းဆောင်ရည်ကို ငေးမောကြည့်နေကြသည်။ ချီကျောက်ရွှယ်နှင့် ရှဲ့ကျိယွီတို့ကဲ့သို့ ထိပ်တန်းတပည့်များမှာလည်း ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာအောင် ပြန်မပိတ်နိုင်ဘဲ ရှိနေကြသည်။

“ဒါ လူအသွင်ဖန်ဆင်းထားတဲ့ မိစ္ဆာအကြီးစား တစ်ကောင်လား”

ချီကျောက်ရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“ငါ့ထက်သာတာ ဂိုဏ်းထဲမှာ ချိုးရှောက်ကျဲ တစ်ယောက်ပဲ ရှိတယ်လို့ ငါထင်ခဲ့မိတာ။ အခုမှ ငါ တကယ် အမြင်ကျဉ်းခဲ့တာပဲလို့ သိလိုက်ရတော့တယ်”

ရှဲ့ကျိယွီက ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

“လုံယီ... မင်း တကယ်တော်တယ်”

ပိယောင်ယောင်သည် ယိုချင်းယီ၏ရှေ့တွင် စိတ်လှုပ်ရှားစွာ ရပ်နေပြီး သူမ၏လက်သီးလေးများကို ဝှေ့ယမ်းပြနေသည်။

သူမသည် လုံယီ၏ ခွန်အားကို သိထားသော်လည်း ယခုအချိန်အထိ သူသည် အစွမ်းကုန်ပင် မထုတ်သုံးရသေးသည်ကို စိုးရိမ်မိသည်။

ပိယောင်ယောင် တွေးထားသည့်အတိုင်းပင်။ ဤချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်ရှိ ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် လုံယီသည် အဆင့်မြင့်ပညာရပ်ဖြစ်သော ဝိညာဉ်ဝါးမြိုခြင်း ကို အသုံးမပြုရသေးချေ။ ပေါင်ချိန် ၁၃ သန်းရှိသော အခြေခံခွန်အားကို အသုံးပြုရုံနှင့်ပင် သူသည် အတားအဆီးမဲ့ သောင်းကျန်းနိုင်နေပြီ ဖြစ်သည်။

ထို့ပြင် သွေးကျွေးဝိညာဉ် အသွင်ပြောင်းခြင်း နည်းစနစ်ဖြင့် ဖန်တီးထားသော သွေးရောင်အရိပ်သည် ကျင့်ကြံသူများထံမှ အနှစ်သာရသွေးများကို အဆက်မပြတ် ဝါးမြိုထားသဖြင့် ယခုအခါ ပေါက်ကွဲထွက်တော့မည့်အလား ပြည့်လျှံနေသည်။ ၎င်း၏ အရွယ်အစားမှာ ဇောက် ၁၀ ပေကျော်အထိ ကြီးမားလာပြီး လွန်ခဲ့သော နှစ်ဝက်အတွင်း စုဆောင်းထားမှုများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။

အကယ်၍ ဝိညာဉ်ဝါးမြိုခြင်းနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် လုံယီ၏ အစွမ်းကုန် တိုက်ခိုက်မှုမှာ မည်မျှအထိ အစွမ်းထက်မည်ကို သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်တော့ချေ။

စစ်မှန်သောသွေးဂိုဏ်း တပည့်အားလုံးကို သုတ်သင်ပြီးနောက် လုံယီသည် အလင်းတန်းများကြားတွင် မျက်စိမှိတ်ထားသော ယိုချင်းယီ၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ၏စိတ်ထဲတွင် ထူးထူးခြားခြား အတွေးမရှိပေ။

ဂိုဏ်းချုပ်၏ အမွေအနှစ်မှာ ဆွဲဆောင်မှုရှိသော်လည်း လုံယီအတွက် အလောင်းထိန်းချုပ်ရေးဂိုဏ်းတွင် ရွှေအနှစ်အဆင့်အထိ သွားနိုင်သော လမ်းမကြီး ရှိပြီးသားဖြစ်သည်။ အမွေအနှစ်တစ်ခု၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ ကျင့်ကြံမှု အတားအဆီးများကို ဖြိုခွဲပေးနိုင်ခြင်းပင်။

သို့သော် လုံယီမှာမူ အခြေအနေပြဘုတ် ရှိနေသဖြင့် အတားအဆီး ဆိုသည်မှာ ဘာလဲဟု တစ်ခါမျှ မသိခဲ့ဖူးချေ။ သူ လိုအပ်နေသည်မှာ အမွေအနှစ်မဟုတ်ဘဲ အရင်းအမြစ်များသာ ဖြစ်သည်။

လုံယီသည် ဘေးတစ်ဖက်တစ်ချက်ရှိ အလင်းတန်းများကို ကြည့်လိုက်ရာ အထူးသဖြင့် ဘယ်ဘက်ခြမ်းရှိ ဆေးလုံးများကို မြင်သောအခါ သူ၏မျက်ဝန်းထဲတွင် စိတ်ဝင်စားရိပ်များ ဝင်းခနဲ ပေါ်လာသည်။

သူသည် ဆေးလုံးများရှိရာသို့ လျှောက်သွားရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ အဖြူရောင် အလင်းတန်းတစ်ခုသည် အမွေအနှစ် လက်ခံနေသော ယိုချင်းယီကို ပြင်းထန်စွာ ထိမှန်သွားသဖြင့် သူမသည် ပိယောင်ယောင်၏ လက်မောင်းအတွင်းသို့ လဲကျသွားကာ မျက်နှာတွင် နာကျင်သောအမူအရာများ ပေါ်လာတော့သည်။

ဘာလဲ။

လုံယီသည် ဦးခေါင်းကို ချက်ချင်းလှည့်၍ ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

ဖြောင်း ဖြောင်း

လက်ခုပ်တီးသံနှင့်အတူ ဆံပင်ငွေရောင်နှင့် ကျင့်ကြံသူလူငယ်တစ်ဦးမှာ လူတိုင်း၏ မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အသက်နှစ်ဆယ်အရွယ်ခန့် ရှိပြီး ချောမောပြေပြစ်ကာ ထူးခြားသောအရှိန်အဝါ ရှိသည်။

အထူးသဖြင့် သူ၏မျက်ဝန်းများမှာ လူငယ်တစ်ဦးထက် ပိုမိုနက်ရှိုင်းလှသဖြင့် သူသည် အရှေ့ပင်လယ်ကျွန်းစုများမှ လီမိသားစုကျင့်ကြံသူဖြစ်ကြောင်း ထင်ရှားလှသည်။

“အံ့ဩစရာပဲ တကယ်ကို အံ့ဩစရာပဲ”

ငွေရောင်ဆံပင်နှင့် လီမိသားစုကျင့်ကြံသူက နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ပေါ်ထွက်လာသည်။

သူသည် လက်ခုပ်တီးလျက် လုံယီကို ချီးကျူးဟန်ဖြင့် “ငါ့ရဲ့ အသက်နှစ်ပေါင်း သုံးရာနီးပါးအတွင်းမှာ ဒီလောက် အရည်အချင်းရှိတဲ့ ကိုယ်ခံပညာရှင်မျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ တကယ်ကို မျက်စိပွင့်သွားရတယ်” ဟု ပြောလိုက်သည်။

“မင်းက တကယ်ကို ထူးခြားတဲ့သူပဲ”

သူက ချီးကျူးစကား ပြောနေသော်လည်း သူ၏မျက်ဝန်းများမှာ အေးစက်နေပြီး အမူအရာမှာလည်း အထက်လူကြီးက အောက်လူကို ချီးမြှောက်နေသကဲ့သို့ မောက်မာမှုများ ပြည့်နှက်နေသည်။

လုံယီ၏ ရှေ့တွင်ပြုလုပ်ခဲ့သော သတ်ဖြတ်မှုများမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ငွေရောင်ဆံပင်နှင့် ကျင့်ကြံသူမှာမူ အရာအားလုံးကို သူ၏လက်ခုပ်ထဲတွင် ထိန်းချုပ်ထားနိုင်သကဲ့သို့ အေးဆေးတည်ငြိမ်နေဆဲပင်။

“ချင်းယီကို ဘာလုပ်လိုက်တာလဲ”

ပိယောင်ယောင်က ဒေါသတကြီး မေးလိုက်သည်။

“သူမကို ခဏလောက် အိပ်စက်ခွင့်ပေးလိုက်တာပါ။ စီနီယာ ဟန်ယွဲ့ရဲ့ အမွေအနှစ်ဆိုတာ လူတိုင်းနဲ့ ထိုက်တန်တာမျိုး မဟုတ်ဘူးလေ”

ငွေရောင်ဆံပင်နှင့် လူငယ်က အေးစက်စွာ ပြောလိုက်သည်။

လုံယီသည် သူ၏မျက်လုံးများကို မှေးလိုက်ရာ မျက်ဝန်းအတွင်း ခရမ်းရောင်အလင်းတန်းများ ဝင်းခနဲ ဖြစ်သွားသည်။ ဤလျှို့ဝှက်ချက်များပြည့်နှက်နေသော လီမိသားစုကျင့်ကြံသူကို သူ လုံးဝခန့်မှန်း၍မရပေ။

တစ်ချိန်တည်းမှာပင် သူ၏အသိစိတ်ထဲရှိ လင်းယုန်ရုပ်မှာလည်း အသည်းအသန် ပျံသန်းနေပြီး ထိုသူမှာ အလွန်အန္တရာယ်များကြောင်း သာမန် ချီသန့်စင်ခြင်း အထွတ်အထိပ်ကျင့်ကြံသူများထက်ပင် များစွာသာလွန်ကြောင်း သတိပေးနေသည်။

“မင်းက ဘယ်သူလဲ”

လုံယီက မေးလိုက်သည်။

“အဲဒါက အရေးကြီးလို့လား”

ငွေရောင်ဆံပင်နှင့် လူငယ်က အပြုံးဖြင့် ပြန်ဖြေသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် လုံယီသည် သူ၏ မီးခိုးဖြူရောင် ပုဆိန်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ရှေ့မှလူမှာ မည်သူဖြစ်စေ သူ၏ ရည်ရွယ်ချက်မှာ ရန်လိုနေသည်မှာ သိသာလှသဖြင့် တိုက်ပွဲဝင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

“မိုက်မဲတဲ့ ကိုယ်ခံပညာရှင်လေး... စစ်မှန်သောသွေးဂိုဏ်းနဲ့ နေနီဂိုဏ်းက အသုံးမကျတဲ့သူတွေကို သတ်နိုင်ရုံနဲ့ မင်းကိုယ်မင်း တကယ်သန်မာလှပြီလို့ ထင်နေတာလား။ သူတို့က တကယ်ကို ညံ့လွန်းလို့ပါ”

ငွေရောင်ဆံပင်နှင့် လူငယ်က လှောင်ပြောင်လိုက်ပြီး “တကယ့် ခွန်အားအစစ်အမှန်နဲ့ တွေ့တဲ့အခါ နှိမ့်ချတတ်ဖို့ လိုတယ်။ မဟုတ်ရင်တော့ မင်းရဲ့အသက်နဲ့ လောင်းကစားလုပ်နေသလို ဖြစ်လိမ့်မယ်”

ပြောပြီးသည်နှင့် ငွေရောင်ဆံပင်နှင့် လူငယ်၏ မျက်ဝန်းများမှာ စိမ်းဖန့်ဖန့် အလင်းတန်းများ တောက်ပလာပြီး မီးလျှံနှစ်ခု တောက်လောင်နေသကဲ့သို့ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် လွှမ်းမိုးထားသော ဖိအားကြီးမှာ ဟိန်းထွက်လာသဖြင့် အနီးနားရှိ ကျင့်ကြံမှုအားနည်းသော သူအချို့မှာ အသက်ရှူရန်ပင် ခက်ခဲသွားကြရသည်။

“ဒီခံစားချက်... ဒီဖိအား... သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပဲ”

ပိယောင်ယောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူမ၏ဖခင်မှာ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော အရှိန်အဝါမျိုးကို သူမ ရင်းနှီးပြီးသား ဖြစ်သည်။

“တောက် ဒီဂူဗိမာန်ထဲကို ချီသန့်စင်ခြင်း အလယ်ပိုင်းအဆင့်တွေပဲ ဝင်လို့ရတာ မဟုတ်ဘူးလား။ အခြေခံတည်ဆောက်ခြင်းအဆင့်က ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ”

အလောင်းထိန်းချုပ်ရေးဂိုဏ်း တပည့်တစ်ဦးက အော်ပြောလိုက်သည်။

“သူက ချီသန့်စင်ခြင်းအဆင့်ရှိတဲ့ ခန္ဓာကိုယ်ကို သုံးထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်နေလို့ ဂူဗိမာန်ရဲ့ အာရုံခံစနစ်ကို လှည့်စားနိုင်ခဲ့တာပဲ”

ရှဲ့ကျိယွီက ရှေ့မှ လျှို့ဝှက်ဆန်းပြားသော လူငယ်ကို အေးစက်စွာ ကြည့်ရင်း “သူက တကယ်ကို ရက်စက်တာပဲ။ သူ့ရဲ့ ကိုယ်ပိုင်ဂိုဏ်းသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ဝင်လာတာ ဖြစ်ရမယ်” ဟု ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရဲ့ အမွေအနှစ်ကိုသာ ရခဲ့ရင် ငါတို့ လီမိသားစုက ဆက်လက် ကြီးပွားတိုးတက်နေမှာပဲ။ လူအများကြီးအတွက် အကျိုးရှိမယ့်အရာအတွက် ဂိုဏ်းသားတစ်ယောက်ရဲ့ အသက်က ဘာတန်ဖိုးရှိမှာလဲ”

ငွေရောင်ဆံပင်နှင့် လူငယ်က အေးစက်စွာ ပြောလိုက်သည်။

သူ၏အသံမှာ ကြမ်းတမ်းပြီး လွင့်မျောနေကာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ခန့်မှန်း၍မရပေ။ ထို့နောက် သူ၏မျက်ဝန်းများမှာ မှိန်ဖျော့သွားပြီး လုံယီကို စိတ်ဝင်တစား ကြည့်လိုက်သည်။

“ငါ ဒီမိန်းကလေးကိုရော မင်းရဲ့ ရဲဘော်တွေကိုရော အသက်ချမ်းသာပေးနိုင်ပါတယ်”

“ဘာကို လိုချင်လို့လဲ”

အလကားရသည့် အရာမရှိမှန်း လုံယီ နားလည်ထားသည်။

“ငါ အမွေအနှစ်ကို ရပြီးတာနဲ့ မင်း ငါနဲ့အတူ လီမိသားစုဆီကို လိုက်ခဲ့ရမယ်”

ငွေရောင်ဆံပင်နှင့် လူငယ်၏ မောက်မာသောအသံက ဟိန်းထွက်လာပြီး “ပြီးတော့ မင်းရဲ့ သစ္စာရှိမှုကို သေချာစေဖို့အတွက် မင်း ငါနဲ့ သခင်နဲ့ကျွန် ကတိစာချုပ်ချုပ်ဆိုရမယ်”

ဤစကားကြောင့် ရှိနေသော လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

All Chapters